အောင်မြတ်သာနှင့်အကဲစမ်းသောပညာရှင်များ

  အောင်မြတ်သာနှင့်အကဲစမ်းသောပညာရှင်များ #စာရေးဆရာ-ဇေယန(ရာမည) လောင်စာအားကောင်းတဲ့ ထင်းရှူးသားကိုထည့်ထားတာကြောင့် မီးပုံကြီးက အရှိန်အဟုန်ကောင်... thumbnail 1 summary

 အောင်မြတ်သာနှင့်အကဲစမ်းသောပညာရှင်များ

#စာရေးဆရာ-ဇေယန(ရာမည)

လောင်စာအားကောင်းတဲ့ ထင်းရှူးသားကိုထည့်ထားတာကြောင့် မီးပုံကြီးက အရှိန်အဟုန်ကောင်းစွာ တောက်လောင်နေခဲ့တယ်။ မီးပုံရဲ့ဘေးပတ်ပတ်လည်မှာတော့ အညာစောင်ကြမ်းတွေကို ခြုံပီးထိုင်နေကြတဲ့ လူလေးယောက်ရှိနေခဲ့တယ်။

” မယ်စံက အခုထိမလာသေးဘူးလား… အချိန်လဲကြည့်ဦး”

” သေချာပြောထားရဲ့သားနဲ့ ဘာလို့နောက်ကျနေလဲမသိပါဘူး”

မီးပုံဘေးမှာထိုင်နေကြတဲ့သူတွေရဲ့ ကြွက်စိကြွက်စိစကားကြောင့် အညာချည်စောင်အနက်ကိုခေါင်းမြှီးခြုံထားတဲ့ မိန်းမအိုကြီးက ညာဘက်လက်ကိုထုတ်ကာ ဝှေ့ယမ်းလိုက်ချိန် သေလုဆဲဆဲဖြစ်နေတဲ့ မီးပုံကနေ
လူတစ်ရပ်ခန့်ရှိတဲ့ မီးတောက်တစ်ခု ဟုန်းခနဲထတောက်လာခဲ့တယ်။

” မယ်စံ… မယ်စံ… ဒင်းက ငါ့ကိုတောင်လှည့်ဖျားသွားခဲ့တာကိုး”

” အမေကြီး… မယ်စံ ဘာဖြစ်လို့လဲ”

” နင်တို့သိချင်ရင် ဒီမှာကြည့်”

မိန်းမအိုကြီးက အရေပြားတွေတွန့်လိပ်နေတဲ့ လက်ညိုးနဲ့ မီးတောက်ကိုကွင်းပြလိုက်ရာ အဟုန်ညီးညီးတောက်လောင်နေတဲ့ မီးပုံထဲမှာ မယ်စံရဲ့ပုံရိပ်ထွက်ပေါ်လာခဲ့တယ်။ သူ့ဘေးမှာတော့ သာမန်အရပ်သားတစ်ယောက်က ရယ်မောရွှင်မြူးနေတဲ့ဟန်နဲ့ စကားတွေပြောနေတာကိုလဲမြင်တွေ့လိုက်ရတယ်။

” ဒင်း ဒင်းက လူစိမ်းယောင်္ကျားတစ်ယောက်နဲ့ ပျော်မွေ့နေပါလား…. အမေကြီးရဲ့ အခွင့်ရေးပေးမှုကို အသုံးချသွားတာ”

” သေချာတာပေါ့ … မယ်ဘွားရယ်… ငါတို့အားလုံးကို ပမာမခန့်လုပ်သွားတာ”

” အားလုံးတိတ်စမ်း…. ဒီည နယ်မြေခွဲဝေပေးဖို့ကိစ္စကို ငါဆုံးဖြတ်ပေးမယ်.. မယ်ဘွားက ဖုန်းဆိုးကုန်းနဲ့ လေသာကုန်းနှစ်နယ်ကိုတာ၀န်ယူလိုက်… ငဆောင်းက ထန်ခြောက်ကုန်းနယ်ကိုယူ… မယ်လွန်းက ဘုရားငုတ်တိုနယ်ကိုယူ… … ဒီနယ်တွေထဲမှာဖြစ်တဲ့ကိစ္စတွေအကုန် နေ့စဉ်ငါ့ဆီကိုအကြောင်းပြန်ရမယ် ကြားလား”

မိန်းမအိုကြီးရဲ့စကားကြောင့် မီးပုံဘေးမှာထိုင်နေကြတဲ့သူတွေဆီကနေ ” ဟုတ်ကဲ့အမေကြီး”ဆိုတဲ့ အသံတွေသံပြိုင်ထွက်ပေါ်လာခဲ့တယ်။

” အမေကြီး…. မယ်စံကိစ္စ ဘယ်လိုလုပ်မလဲ…”

” နင်တို့စိတ်ပူစရာမလိုဘူး… ငါဆိုတဲ့မိန်းမက သစ္စာဖောက်သွားတဲ့ သူကို အရှင်ထားတာမြင်ဖူးလို့လား… မယ်စံကိစ္စ ငါလုပ်လိုက်မယ်… နင်တို့လဲ ကိုယ့်‌ေနရာကိုယ် ပြန်ကြတော့”

မိန်းမအိုကြီးရဲ့စကားအဆုံးမှာ ထိုင်နေတဲ့လူလေးယောက်က မတ်တပ်ထရပ်ပြီး အရိုအသေပေးကာ သက်ဆိုင်ရာအရပ်အသီးသီးကိုထွက်ခွာသွားခဲ့ကြတယ်။

” မယ်စံ… မယ်စံ… နင်ငါ့လက်ကလွတ်ရိုးလား ဟားဟားဟား”

ခြောက်ကပ်ကပ်ရယ်သံကြောင့် အနီးနားမှာအိပ်တန်းတက်နေကြတဲ့ ကျီးတစ်အုပ်လန့်နိုးလာပြီး တအာအာ အော်မြည်နေခဲ့ကြတယ်။

ကျီးပြိုသံကြောင့် မီးပုံဘေးမှာထိုင်နေတဲ့ မိန်းမအိုကြီးက ပိန်လှီနေတဲ့ခန္ဓာကိုယ်ကိုအားယူကာ ထရပ်လိုက်ပြီး တအာ‌အာအော်ကာ ပျံသန်းနေတဲ့ ကျီးအုပ်ကိုလက်ညိုးထိုးပြီး ခြေထောက်ကိုဆောင့်ချလိုက်ရာ ပျံနေတဲ့ကျီးတွေအကုန် မြေပေါ်ကိုပြုတ်ကျပြီး သေဆုံးကုန်တယ်။

မိန်းမအိုကြီးက ဒီအဖြစ်ကိုမြင်တော့ ပါးရည်တွေတွ့န်အောင်ပြုံးလိုက်ပြီး

” ငါအိုပေမယ့် ငါပညာတွေက ထက်မြက်နေသေးပါလား” လို့ရေရွတ်ကာ မှောင်မဲနေတဲ့ လမ်းထဲကို တရွေ့ရွေ့တိုး၀င်ကာထွက်သွားခဲ့တယ်။
+++++++

မီးရောင်မှိန်ပြပြထွက်နေတဲ့ လယ်စောင့်တဲတစ်ခုတွင်းမှာတော့ မိန်းမတစ်ယောက်ရဲ့ ရယ်သံက ခပ်ညှင်းညှင်းထွက်ပေါ်နေခဲ့တယ်။

” ကိုမင်းမောင်က မယ်စံကို ဘာလို့ချစ်ခဲ့တာလဲ”

” မယ်စံကိုဘာလို့ချစ်လဲမေးရင် ကို့မှာအဖြေမရှိဘူး… ကိုက မယ်စံဖြစ်နေလို့ကိုချစ်တာ”

” ခစ်ခစ်… ဒီလိုစကားတွေနဲ့ မယ်စံအသည်းကိုခြွေချခဲ့တာမဟုတ်လား”

” ဟား မဟုတ်ရပါဘူးမယ်စံရယ်… ကိုက မယ်စံအနားမှာရှိရင် ဘယ်လိုနေရနေရ နေမယ့်သူပါ”

မယ်စံက တိုး၀င်ထားတဲ့ရင်ခွင်ပိုင်ရှင်ရဲ့ မျက်နှာကိုမော့ကြည့်ပြီး သဘောကျစွာပြုံးနေလိုက်တယ်။

” ဖလပ် ဖလပ် ဖလပ်…. ”

လယ်စောင့်တဲရဲ့ တံဆက်မြိတ်ခေါင်မိုးကို လာရိုက်ခတ်တဲ့လေကြောင့် ရင်ခွင်ထဲမှာခေါင်းလေးမှီထားတဲ့ မယ်သံက ဆတ်ခနဲထလိုက်ပြီး ကျူထရံပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တယ်။

” မယ်စံ… ဘာဖြစ်လို့လဲ… ”

” ကို … ဒီမှာခဏနေဦး…. ဘာသံပဲကြားကြား အပြင်ကိုလုံး၀မထွက်လာနဲ့နော်… မယ်စံပြောတာကြားလား”

” အင်း အင်းပါ မယ်စံရယ်… ကို မထွက်ကြည့်ပါဘူး”

” ခဏလေးစောင့်နော် မယ်စံပြန်လာခဲ့မယ်”

ပြေကျနေတဲ့ဆံပင်ကို တစ်ပတ်လျှိုထုံးပြီး တဲအပြင်ထွက်သွားတဲ့မယ်စံက တံဆက်မြိတ်အောက်ရောက်တော့ ကျန်ခဲ့တဲ့ချစ်ရသူကို သမင်လည်ပြန်လှည့်ကြည့်ပာ ပြုံးပြပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ ကုက္ကိုပင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

” သူတို့လိုက်လာကြတာများလား…. ငါသူတို့နယ်မြေကနေလွတ်အောင်ထွက်လာပြီးပြီလေ… မဖြစ်နိုင်ပါဘူး”

မယ်စံက တစ်ယောက်ထဲ ခေါင်းညိမ့်ခေါင်းခါလုပ်ကာပြောရင်း အမျိုးအမည်မသိတဲ့ စက်တစ်ခုလာတဲ့ဘက်ကို ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ ကုက္ကိုပင်ရဲ့မလှမ်းမကမ်းကိုရောက်လို့ကြည့်လိုက်တော့ ထင်းမီးဖိုတစ်ခုရဲ့ဘေးမှာ စကားထိုင်ပြောနေကြတဲ့ လူသုံးယောက်ကိုမြင်တွေ့လိုက်ရတယ်။

” ငါခံစားမိတဲ့အရာက ဒီလူတွေဆီကနေ ထွက်လာတာများလား…. သူတို့ကဘယ်သူတွေပါလိမ့်”

မယ်စံက အမှောင်ထုကိုအားယူပြီး အနားကိုတိုးကပ်လာတဲ့အချိန် မမြင်နိုင်တဲ့တွန်းကန်အားတစ်ခုက ရင်၀ကိုလာရိုက်နေတာခံစားမိခဲ့တယ်။

” ဒီလူတွေဆီကနေ ဘာလို့အားကောင်းတဲ့ စက်တွေထွက်နေရတာလဲ… သူတို့က ဘယ်ကနေ ရောက်လာကြပါလိမ့်”

မယ်စံက ဝိုင်းစက်နေတဲ့ မျက်လုံးအိမ်ကိုမှေးပြီးစဉ်းစားနေတဲ့အချိန်

” ဟိတ် ကုက္ကိုပင်အောက်မှာ ဘယ်သူလဲ… ထွက်လာစမ်း” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

မယ်စံလဲအသံကြားတာနဲ့ လှည့်ပြန်ဖို့အလုပ်…

” သင့်ကိုကျုပ်တို့ကရန်မူမယ့်သူတွေမဟုတ်တာမို့ စိတ်ချလက်ချသာလာခဲ့ပါ… ” ဆိုတဲ့လေသံခပ်အေးအေးကိုကြားလိုက်ရတယ်။

အဲဒီတော့မှ မယ်စံလဲ ပုန်းနေရာကနေ ထွက်လာပြီး မီးဖိုထားတဲ့နေရာကို မျက်နှာထားတင်းတင်းနဲ့ လျောက်လာခဲ့လိုက်တယ်။

” ညကြီးသန်းခေါင် မိန်းကလေးတစ်ယောက်ထဲ ဘာလို့ပုန်းလျှိူးကွယ်လျှိုးလုပ်နေတာလဲ”

ယောဂီ၀တ်စုံခပ်နွမ်းနွမ်း၀တ်ထားတဲ့ လူရဲ့စကားကြောင့် မျက်နှာကိုအသေချာကြည့်လိုက်ရာ အသက်ရွယ်မတိမ်းမယိမ်းလောက်ပဲရှိမယ်လို့ တွေးထင်မိခဲ့တယ်။

” ငါ့ဘာသာ ဘာလုပ်လုပ်ပေါ့… နင်တို့နဲ့ဘာဆိုင်လဲ”

” ဒီမယ် အမိ… ကျုပ်တို့ကို ဘာလို့ရန်လိုနေတာလဲ… သင် ဒီအနီးနားကိုလာတဲ့ချိန်ထဲက ကျုပ်တို့ကိုလာသတိပေးတဲ့သူတွေရှိတယ်… သင်ဘယ်လိုလူလဲဆိုတာ ကျုပ်တို့သိနေတာမို့ ပုံမှန်အတိုင်းပဲပြောစေချင်တယ်”

” နင်တို့သိနေမှတော့ ငါလဲဖုံးကွယ်မထားချင်ပါဘူး… ငါဒီကိုလာတာက ရန်ပြုမယ့်သူဆိုရင် သူတင်ကိုယ်တင် ယှဉ်မလို့ထွက်လာတာ…”

” ဒါဖြင့် ကျုပ်တို့က ရန်လိုတဲ့သူတွေမဟုတ်လို့ အမိ ကိုယ့်နေရာကိုယ်ပြန်လို့ရပါပြီ…”

” မဟုတ်ရင်လဲပြီးတာပဲ … ”

မယ်စံက ဘောက်ဆတ်ဆတ်ပြောပြီး လယ်ကွင်းတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

” မောင်ကောင်း”

” ဗျာ ဆရာ”

” ဒီကလေးမကိုကြည့်ရတာ စိုးရိမ်စိတ်တွေများနေပုံပဲ.”

” ဟုတ်တယ်ဆရာ… ကျွန်တော်လဲ အဲလိုပဲထင်မိတယ်… ဒါနဲ့လေ ဆရာကျခံထားရတဲ့အပြစ်ဒဏ်ကို ဘယ်လိုပြန်လုပ်ဖို့ တွေးထားလဲ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ထူထဲလှတဲ့မျက်ခုံးနှစ်ဖက်ကို ပင့်တင်ပြီး
” ဒီအရာတွေက အဓိကမှမဟုတ်တာ… အပြစ်ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ကိုယ့်စိတ်ကိုဖြူစင်အောင်ထားဖို့ပဲအရေးကြီးတယ်၊ ပညာအခံမရှိတဲ့လူတစ်ယောက်တောင် သီလလုံရင် အထက်နတ်တွေကိုတောင် ခိုင်းစေနိုင်တယ်လေ”

” ဒါတော့ ဒါပေါ့ဆရာရယ်… ဒါပေမယ့် ဘာမဟုတ်တဲ့ကိစ္စနဲ့ ဒီလိုအပြစ်ခံရတာတော့ ဆရာအတွက် စိတ်မကောင်းဖြစ်မိတယ်”

မောင်ကောင်းစကားကို ခွန်းလှက ထောက်ခံတဲ့အနေနဲ့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်ကာ ခေါင်းညိမ့်ပြလိုက်တယ်။

” မင်းတို့နှစ်ယောက်လုံးသိရမှာက အထက်ဆရာတွေက ဘယ်အရာမဆို မစိစစ်ပဲမလုပ်ကြဘူး… အခုလိုလုပ်တယ်ဆိုတာက ငါ့အတွက် တာ၀န်တစ်ခုရှိလို့လုပ်တယ်လို့ပဲမြင်မိတယ်”

” ဆရာကိုတော့ အကြွင်းမဲ့ယုံပါတယ်… ကျွန်တော်အသက်ပေးရမယ်ဆိုရင်တောင် မျက်တောင်တစ်ခဖက်မခတ်ပဲ ပေးလိုက်မှာ…”

” ဟုတ်တယ်ဆရာ… အကိုပြောတာ ကျွန်တော်လဲလက်ခံတယ်… ဆရာက ဘယ်လိုအခြေအနေရောက်နေပါစေ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရတဲ့ဆရာတစ်ယောက်ပါပဲ”

မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့စကားကြောင့် အောင်မြတ်သာက ကကြီးပုံနှုတ်ခမ်းပါးလေးကို တွန့်သွားအောင်ပြုံးလိုက်ပြီး နှစ်ယောက်လုံးရဲ့ပခုံးတွေကို ပုတ်ကာ

” မင်းတို့က ငါ့အတွက် စိတ်ပူနေကြတာကိုး… ငါ့မှာအရင်က မင်းတို့လို တပည့်နှစ်ယောက်ရှိခဲ့ဖူးတယ်… အဲဒီထဲကတစ်ယောက်ကိုတော့ မောင်ကောင်း သိမယ်လို့ထင်တယ်”

” ဟင်… ကျွန်တော်သိတယ်ဟုတ်လား”

” မင်းကို ပညာနှုတ်အင်းနဲ့ ဆုံးမခဲ့တဲ့သူ… မြွေတွေကိုလိုသလိုစေခိုင်းနိုင်တဲ့သူလေ”

” ဗျာ… အဲဒီလူကြီးက ဆရာ တပည့်ဟုတ်လား”

” သူလဲ မင်းတို့လိုပဲ ငါ့အနောက်ကနေ လိုက်ပြီး လူတွေကိုကူညီခဲ့ကြတယ်…”

” သူ့နာမည်က ဘယ်သူလဲဆရာ… ကျွန်တော် အဲဒီဆရာကြီးကြောင့် မာနတွေချိုးနှိမ်ပြီးနေဖြစ်ခဲ့တာ”

” သူ့နာမည်က တောက်ရလို့ခေါ်တယ်…”

(မောင်ကောင်းကြုံခဲ့တဲ့အကြောင်းပြန်ပြောပြထားတဲ့၀တ္တုနာမည်က တတိယလက်ရုံး၀တ္တုဖြစ်ပါတယ်)

” အကိုက ကံကောင်းတာပဲ… ဆရာရဲ့လက်ရင်းတပည့်တွေနဲ့ကြုံခဲ့ရတာပေါ့”

” အဲဒီတုန်းက ငါ့ကိုငါစွမ်းလှပီထင်တာ… တောက်ရဆိုတဲ့ဆရာနဲ့တွေ့မှ ငါကကလေးဖြစ်သွားတာ ဟားဟား”

မောင်ကောင်းက သူ့အဖြစ်ကိုပြန်ပြောပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်တဲ့ချိန် နားထဲမှာလေတိုးသံလိုလို လေချွန်သံလိုလို စူးရှတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

” ဆရာ… ကြားလိုက်လား…”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ငြိမ်ငြိမ်နေရန်လက်ကာပြပြီး ဘေးဘီကို လှည့်ပတ်ကြည့်ကာ အကဲခတ်နေခဲ့တယ်။

” ဆရာလေးတို့ မီးမြန်မြန်ငြိမ်းကြတော့… ကုန်းလေးကုန်းရဲ့ပညာသည်အဖွားကြီး ဒီထဲကို၀င်လာနေပြီ”

ကုက္ကိုပင်ပေါ်ကနေ ထွက်လာတဲ့အသံကြောင့် ခွန်းလှက မီးပုံကိုအနားမှာရှိတဲ့ မြေကြီးတွေနဲ့ဖုံးအုပ်ပြီး ငြိမ်းသက်လိုက်တယ်။

မကြာခင် စကောဝိုင်းသာသာရှိတဲ့ မီးလုံးနှစ်လုံးက လေဟာပြင်ကနေ ဖြတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။

” ဆရာ…. ဒီကိစ္စက ဟိုကောင်မလေးနဲ့များသက်‌ဆိုင်နေမလား”

” ဆက်စပ်တွေးကြည့်မယ်ဆိုရင် မောင်ကောင်းပြောတာ ဖြစ်နိုင်တယ်… အခြေအနေသိရအောင် လိုက်ကြည့်ကြစို့”

အောင်မြတ်သာတို့လဲ မတ်တပ်ထရပ်ပြီး မီးလုံးနှစ်လုံး သွားတဲ့ဘက်ကို လိုက်ခဲ့ကြတယ်။ အတန်ကြာသွားပြီးတဲ့အချိန်မှာတော့ လယ်စောင့်တဲတစ်ခုရဲ့ရှေ့မှာ စက်ရောင်အချို့ ပြိုးခနဲပျက်ခနဲ ထွက်နေခဲ့တယ်။

” မယ်စံ… မယ်စံ ညဉ်းက ငါ့ထက် လင်ကိုပိုချစ်နေတာကိုး ဟီးဟီး”

ချည်စောင်ကြမ်းကို ခေါင်းမြှီးခြုံထားတဲ့ မိန်းမအိုကြီးက သူ့ရှေ့မှာ ဒူးထောက်နေတဲ့ မယ်စံကို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြိမ်းမောင်းနေခဲ့တယ်။

” အမေကြီး မယ်စံကိုသတ်မယ်ဆိုလဲ သေရဲတယ်… ဒါပေမယ့် ကိုမင်းနောင်ကိုတော့ လွှတ်ပေးပါလို့ တောင်းဆိုပါတယ်”

” သေရတော့မယ်အချိန်တောင် လင်ကိုစိတ်ပူနေသေးတဲ့ ကောင်မပါလား… ငါ့ကိုသစ္စာဖောက်တဲ့ နင့်ကိုရော နင့်လင်ကိုပါ ဒီတိုင်းမထားဘူးဟေ့”

မိန်းမအိုကြီးက မာန်ပါပါနဲ့ ရေရွတ်ပြီး ပိန်လှီနေတဲ့ လက်ကိုမြောက်တင်ကာ ဦးခေါင်းကိုရိုက်ချဖို့လုပ်တဲ့အချိန်

” ကိုယ်တွင်းကိုယ်ပမှာရှိတဲ့ စက်တွေအကုန်ပြတ်စမ်း” ဆိုတဲ့အသံနဲ့အတူ အမှောင်ထုထဲကနေ လူသုံးယောက် ထွက်လာတာမြင်လိုက်ရတယ်။

” ငညွန့် … ဒီလူတွေက ဘယ်ကနေရောက်လာတာလဲ”

” ကျုပ်လဲမသိဘူး… သူတို့ပညာကြည့်ရတာတော့ အဆင့်နိမ့်ထဲကမဟုတ်ဘူး… နောက်ပြီး ဒီနယ်က အခြားသူရဲ့ပိုင်နက်ဆိုတော့ ပြဿနာအရှည်မဖြစ်အောင်နေတာကောင်းမယ်ထင်တယ်”

မိန်းမအိုကြီးက ငညွန့်ရဲ့စကားကြောင့် ဒူးထောက်ထိုင်နေတဲ့ မယ်စံရဲ့မျက်နှာကို မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး စုန်းတောက်စားကာ ပျံထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ပါးစပ်ထဲကနေ သွေးတွေစီးကျနေတဲ့ မယ်စံကို လယ်စောင့်တဲထဲကို ခေါ်သွားတဲ့အချိန် တဲထဲမှာ လူတစ်ယောက် သတိလစ်မေ့မျောနေတာကိုမြင်လိုက်ရတယ်။

” ကျွန်မကိုကူညီလို့ ကျေးဇူးတင်ပါတယ်… ဒါပေမယ့် ရှင်တို့အတွက်ကတော့ အန္တရာယ်ရှိနေတာမို့ ဒီနယ်ကနေ အမြန်ဆုံးထွက်သွားကြပါ”

” အဲဒီကိစ္စတွေအသာထားပါ… ခုနက မိန်းမအိုကြီးက ဘယ်သူလဲ… မင်းကိုဘာကြောင့် သတ်ချင်နေရတာလဲ”

” မယ်စံက သူ့ရဲ့တပည့်မတစ်ဦးပါ… သူရဲ့ တပည့်ရင်းတွေထက် ပို‌အရေးပေးခဲ့သလို နယ်မြေအပိုင်းတွေကိုပါ ခွဲဝေပေးဖို့ လျာထားပေးခြင်းခံခဲ့ရတယ်။ ဒါပေမယ့် အမေကြီးက ကိုမင်းနောင်နဲ့ ရည်ငံနေတာကို သဘောမကျဘူး… မယ်စံအနေနဲ့ သူ့ကိုရွေးချယ်ရင် ကိုမင်းနောင်ကို လက်လွှတ်ရမှာမို့ ကိုယ်ချစ်တဲ့သူကိုရွေးချယ်ပြီး ဒီကိုထွက်ပြေးလာခဲ့တာပါ”

” ဒီကိစ္စတွေကို သူသိနေတာလား”

” ကိုမင်းနောင်က မယ်စံကို သာမန်မိန်းကလေးတစ်ယောက်လို့ပဲ ထင်နေတာ… အခုလဲ အမေကြီးတို့လာတာသိတာနဲ့ အိပ်မွေ့ချပြီး ထွက်ရင်ဆိုင်ခဲ့ပေမယ့် မယ်စံ ပညာနဲ့အမေကြီးကို မယှဉ်နိုင်ခဲ့ဘူး”

မယ်စံက နှုတ်ခမ်းဖျားမှာ စီးကျနေတဲ့ သွေးစတွေကို လက်ခုံနဲ့သုတ်လိုက်ပြီး ‌အိပ်ပျော်နေတဲ့သူကို ငေးကြည့်နေခဲ့တယ်။

” ဒါဆို သူက ဘာလို့ထွက်ပြေးသွားတာလဲ”

” မယ်စံတို့လောကမှာလဲ သူ့နယ်နဲ့သူရှိတယ်… ဒီနယ်မြေက အမေကြီးပိုင်တဲ့နယ်မြေမဟုတ်တဲ့အတွက် ပြဿနာမကြီးအောင် ရှောင်ထွက်သွားတဲ့ သဘောပဲ… ဒါပေမယ့် အမေကြီးက မယ်စံကို ရေဆုံးမြေဆုံးလိုက်ရှာပြီး သတ်မယ်ဆိုတာတော့သိတယ်”

” ဒီလိုဆို ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်တော့မှာလဲ.. ဟင်း”

အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီးတဲ့နောက်မှာတော့

” မင်းအနေနဲ့ ရွေးချယ်စရာ တစ်ခုတော့ရှိတယ်…”

” ဘာကိုရွေးချယ်ရမှာလဲ ပြောပါဦး”

” မင်းတတ်မြောက်ထားတဲ့ ပညာတွေနဲ့ အခြားသူတွေကို ဒုက္ခမပေးပါဘူးဆိုတဲ့ ကတိပေးရင် မင်းတို့နှစ်ယောက်ကို ဘယ်သူမှ မနှောက်ယှက်နိုင်အောင် ကူညီပေးမယ်”

” အဲလိုကတိပေးရင် ယခင်က လုပ်ခဲ့ဖူးတဲ့အရာတွေ အကုန်ပျက်ပြယ်မှာလား”

” ဟုတ်တယ်… အရင်ကကိစ္စတွေအကုန်ပျောက်ကွယ်သွားလိမ့်မယ်”

အောင်မြတ်သာစကားကိုကြားတော့ မယ်စံက အဖြေမပေးပဲ အိပ်ပျော်နေတဲ့ ကိုမင်းနောင်ရဲ့ မျက်နှာကို အတန်ကြာစိုက်ကြည့်နေခဲ့ပြီးမှ

” မယ်စံ စဉ်းစားပါရစေဦး… ”

” ဒါကတော့ မင်းရဲ့သဘောပါ… ကျုပ်တို့လဲ မျက်စိရှေ့မြင်တွေ့နေရတာကို မရှောင်ဖယ်နိုင်တာနဲ့ ဒီအရှုပ်ထဲ၀င်ပါမိကုန်ပြီ”

အောင်မြတ်သာက ‌မယ်စံမျက်လုံးကိုစိုက်ကြည့်ပြီးပြောလိုက်ရာ ချက်ချင်းမျက်နှာလွှဲသွားတာကိုမြင်လိုက်ရတယ်။

” ကျုပ်တို့လဲ ကူညီနိုင်တာ ကူညီပေးပြီးပြီမို့ ပြန်လိုက်ပါဦးမယ်… မနက်အရုဏ်မတက်ခင်အချိန်ထိ မင်းစဉ်းစားဖို့အချိန်ရပါတယ်” လို့ပြောပြီး ကုက္ကိုပင်အောက်ကိုပြန်လာခဲ့ကြတယ်။
+++++++

မီးစာနည်းနေတဲ့ မီးဖိုထဲကို ထင်းချောင်းတွေထည့်နေတဲ့ ခွန်းလှက ငြိမ်သက်စွာထိုင်နေတဲ့ အောင်မြတ်သာကို လှမ်းကြည့်လိုက်တယ်။

” မအိပ်သေးဘူးလား ခွန်းလှ”

” မအိပ်သေးပါဘူးဆရာ… အိပ်လို့လဲမပျော်တာနဲ့ ဟိုဟိုဒီဒီလျောက်လုပ်နေတာ”

ခွန်းလှအသံကြောင့် သစ်ရွက်တွေခင်းကာ ကျောဆန့်နေတဲ့ မောင်ကောင်းပါ ထထိုင်လိုက်ပြီး

” ဆရာ့ကိုမေးစရာလေးရှိသေးတယ်”

” ဘာမေးချင်လို့လဲ ပြောပါဦး”

” ဆရာက ပညာလျော့အပြစ်ဒဏ်ခံရတယ်လို့သာပြောတာ… ကျွန်တော်အမြင်တော့ ခုထိ ပညာကမလျော့သေးသလိုပဲ”

” ဘာကြောင့် မင်းကအဲလိုထင်ရတာလဲ”

” မိန်းမအိုကြီးကို ဆရာဟန့်တားလိုက်တုန်းက သုံးတဲ့အာဏာစက်ကိုကြည့်ပြီးပြောတာပါ…”

” ပြစ်ဒဏ်ခံရတယ်ဆိုတာ ပညာအားလုံးပျောက်ဆုံးတာမှမဟုတ်တာ… အချို့အချို့သော ပညာရပ်တွေကိုမမှတ်မိအောင် မှတ်ဉာဏ်ထဲကနေ ထုတ်ပစ်လိုက်တာပဲရှိတာ”

” ဘယ်လိုပဲဖြစ်ဖြစ် ဆရာပညာတွေက တုနှိုင်းလို့မရပါဘူးလေ… ဟုတ်တယ်မလား ခွန်းလှ”

” သိပ်ဟုတ်တာပေါ့… ဆရာရဲ့ အကြည့်နဲ့တင် သာမန်ပညာသည်တွေ ဒူးတုန်အောင်ကြောက်လန့်နေရတယ်လေ… ခုနက မယ်စံဆိုတဲ့ မိန်းကလေးကိုပဲကြည့်… ဆရာအကြည့်တွေကိုမခံနိုင်လို့ မျက်နှာလွှဲလွှဲပစ်တာ သတိထားမိတယ်”

” ဒီကိစ္စတွေထက် မယ်စံဆိုတဲ့ကောင်မလေးကိုပဲ စိတ်ပူတာ… မိန်းမအိုကြီးက ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး”

” ဒါကတော့ သူ့ကံပေါ့ဆရာရယ်… ကျွန်တော်တို့လဲ လုပ်ပေးနိုင်သလောက် လုပ်ပေးမယ်ပြောခဲ့တာပဲ…သူလက်မခံမှတော့ သူ့ရွေးချယ်မှုအတိုင်းဆက်လျောက်ပါစေ”

မောင်ကောင်းက အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုကို မီးဖိုထဲပစ်ထည့်လိုက်ရာ သစ်ကိုင်းခြောက်က မီးပုံထဲမကျပဲ လေပေါ်မှာ ဝှေ့ယမ်းနေတာကိုမြင်လိုက်ရတယ်။

” ဟင်… ဘာတုန်းဟ… ”

ခွန်းလှရော မောင်ကောင်းပါ မီးပုံအလယ်တည့်တည့်မှာ လှုပ်ရှားနေတဲ့ သစ်ကိုင်းခြောက်ကို အံ့ဩစွာကြည့်နေတဲ့အချိန်

” ဟိုကောင်မလေး စနောက်မနေနဲ့… ထွက်လာခဲ့တော့” ဆိုတဲ့ အောင်မြတ်သာရဲ့အသံကိုကြားလိုက်ရတယ်။

” မယ်စံက စလိုက်တာပါရှင်… “ဆိုတဲ့အသံနဲ့အတူ အမှောင်ထုထဲကနေ ထွက်လာတဲ့ မယ်စံကိုမြင်တွေ့လိုက်ရတယ်။

” တစ်ယောက်ထဲလား… မင်းနောင်ဆိုတဲ့ကောင်လေးရော မပါလာဘူးလား”

” မယ်စံသူ့ကို လယ်စောင့်တဲထဲမှာပဲ ထားခဲ့လိုက်တယ်…”

” အင်း… မင်းရော ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ထားလဲ”

” မယ်စံက မွေးရာပါပညာတတ်တဲ့သူမို့ ဒီပညာတွေကို စွန့်လွှတ်ရမှာ နှမျောနေမိတယ်… ဒါပေမယ့် မယ်စံကတိပေးနိုင်တာက ဒီပညာရပ်တွေနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတာပဲ… ပညာကိုတော့ ဆုံးခန်းတိုင် မစွန့်လွှတ်ချင်ဘူး”

” ဟူး… မင်းက ကျုပ်တို့ကို အရှုပ်ထဲဆွဲထည့်တော့မယ့်ပုံပဲ”

” ဆရာထင်သလိုမဟုတ်ပါဘူး… မယ်စံက အမေကြီးအပေါ် ထိခိုက်အောင်လဲမလုပ်ချင်သလို ကိုမင်းနောင်ကိုလဲမစွန့်လွှတ်ချင်ဘူး… ဆရာတို့ကို အကူညီတောင်းချင်တာက အမေကြီးကို နားချပေးဖို့ပါပဲ”

” ကျုပ်တို့ကလဲ ၀င်ပါပြီးပြီမို့ အဆုံးထိလျောက်ရတော့မှာပေါ့… အဲဒီမိန်းမအိုကြီးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေမပြောခင် မင်းအနေနဲ့ သစ္စာရေသောက်ရလိမ့်မယ်”

” အခုသောက်ဆိုသောက်ပါ့မယ်ဆရာရယ်… ဆရာတို့ကိုလဲ တကယ်ကျေးဇူးတင်မိပါတယ်”

အောင်မြတ်သာတို့လဲ မယ်စံကို မည်သူကိုမှ တတ်မြောက်ထားတဲ့ပညာရပ်နဲ့ ဒုက္ခမပေးပါဘူးဆိုတဲ့ကတိကိုတောင်းခံကာ သစ္စာရေတိုက်ခဲ့ကြတယ်။ သစ္စာရေတိုက်ပြီးတာနဲ့ နှစ်ယောက်လုံးရဲ့ အသက်နဲ့ခန္ဓာကိုအပ်နှင်းခိုင်းပြီး အခြားသူတွေ နှောက်ယှက်လို့မရအောင် အဆောင်လက်ဖွဲ့တစ်ခုစီပေးအပ်ခဲ့တယ်။

“မင်းတို့အနေနဲ့ ဒီအဆောင်လက်ဖွဲ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့တော့လိုမယ်”

” စိတ်ချပါဆရာ… မယ်စံတို့ သေချာဆောင်ထားပါ့မယ်.. ဒါနဲ့ ဆရာတို့ကဘယ်ကိုခရီးဆက်ကြမလို့လဲ”

” ရွှေဘုံမြင့်ရွာဘက်ကိုသွားကြမှာပါ”

” ဟင် ဒါဆို ကုန်းလေးကုန်းဘက်ကနေ ဖြတ်ရမှာပေါ့”

” ကုန်းလေးကုန်းဆိုတာက….ဘာကိုပြောတာလဲ”

” ဆရာတို့ ရွှေဘုံမြင့်ရွာကိုသွားတဲ့လမ်းမှာ ကုန်းလေးကုန်းနဲ့ထိစပ်နေတဲ့ ခလောက်ရွာဆိုတာရှိတယ်။ အဲဒီနယ်မြေက အမေကြီးရဲ့ပိုင်နက်ပဲ… ဆရာတို့ သူတို့နယ်ထဲကိုခြေချတာနဲ့ သူကသိနေမှာ”

မယ်စံစကားကြောင့် အောင်မြတ်သာက ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး

” ဒီလိုဆိုတော့လဲ ၀င်ပြီးနှုတ်ဆက်လိုက်တာပေါ့ဗျာ… အရမ်းကြီးလဲစိတ်ပူမနေပါနဲ့”

” ဆရာတို့အနေနဲ့ သူ့နယ်ထဲရောက်ပီဆိုရင် အစစအရာရာသတိရှိဖို့လိုမယ်… အမေကြီးမှာ တပည့်တပန်းအများကြီးရှိပေမယ့် မယ်ဘွား၊ မယ်လွန်းနဲ့ ငဆောင်းဆိုတဲ့တပည့်သုံးယောက်ကိုပိုသတိထားပါ… အဲဒီထဲက မယ်ဘွားဆိုတဲ့မိန်းမက ဉာဏ်နီဉာဏ်နက် အရမ်းများတယ်ဆရာ”

” ခုလိုသိရတော့ ပိုပြီးသတိထားလို့ရတာပေါ့… ကဲ… အချိန်လဲလင့်နေပြီမို့ ကျုပ်တို့လဲနားလိုက်ဦးမယ်…”

” စကားကောင်းနေတာနဲ့ အချိန်ကိုတောင်သတိမထားမိဘူး… ဒါဖြင့် ကျွန်မကိုခွင့်ပြုပါဦး”

မယ်စံက အောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီး လယ်စောင့်တဲဘက်ကို ပြန်ထွက်သွားခဲ့တယ်။
++++++++

” အကြော်စုံပူပူလေးတွေရမယ်နော်… ဘူးသီးကြော်.. ပဲကပ်ကြော်.. ကြက်သွန်ကြော်တွေရမယ်… ၀ယ်ကြဦးမလားရှင့်”

အကြော်ဗန်းကိုခေါင်းပေါ်တင်ပြီး အသံဆာဆာနဲ့အော်ဟစ်နေတဲ့ ဈေးသည်က လမ်းလျောက်လာတဲ့ အောင်မြတ်သာတို့ကိုမြင်တော့ ချိုသာတဲ့မျက်နှာထားနဲ့ကြည့်ပြီး

” အကိုလေးတို့ အကြော်အားပေးပါဦး…”

” တစ်ခုဘယ်လောက်လဲအစ်မ”

” တစ်ခုမှ ၂၀ပဲကျပါတယ်ရှင့်… ”

” ဒါဆို ငါးခုပေးဗျာ… ”

မောင်ကောင်းက အကြော်ငါးခုအတွက် ငွေ၁၀၀ကိုအိတ်ကပ်ထဲကနေ နှိုက်ယူပြီးကမ်းပေးလိုက်တဲ့အချိန် အောင်မြတ်သာက မသိမသာလေးပြုံးနေခဲ့တယ်။ ဒါကိုမြင်တဲ့ခွန်းလှက အကြော်သည်ထွက်သွားတာနဲ့

” ဆရာ ပြုံးနေတဲ့ပုံထောက်ရင်တော့ ကိစ္စတစ်ခုခုရှိမယ်ထင်တယ်”

” ခွန်းလှက ငါ့ကိုအမြဲတမ်းသတိထားနေတာလား”

” ဟား မဟုတ်ရပါဘူးဆရာရယ်.. အမှတ်မထင် ကြည့်မိသွားတာပါဗျာ”

မောင်ကောင်းက အကြော်ထုပ်ထဲကန ကြွပ်ရွနေတဲ့ကြက်သွန်ကြော်တစ်ခုကိုထုတ်ယူလိုက်ပြီး အောင်မြတ်သာကိုကမ်းပေးလိုက်တယ်။

” ဒီရွာကတော့ ၀င်တာနဲ့ အကဲစမ်းပြီထင်ပါတယ်”

” သူလမ်းလျောက်လာထဲက ကျွန်တော်ရိပ်မိတယ်… ဒါကြောင့် သေချာအောင် အကြော်၀ယ်တဲ့ဟန်လုပ်လိုက်တာပဲ”

” ဒီမိန်းမက ဘယ်သူဖြစ်လဲ မယ်ဘွားလား… မယ်လွန်းလား”

” ဘယ်သူဖြစ်ဖြစ်ပါကွာ… မကြာခင်အကုန်လုံးနဲ့ ဆုံရမှာမို့ တွေ့တဲ့ခါ နာမည်မေးကြည့်ရတာပေါ့”

မောင်ကောင်းက ခွန်းလှကို စနောက်လိုက်ပြီး အကြော်ကိုလက်နဲ့သပ်ကာ ‌နှစ်ခြမ်းဆွဲဖြဲလိုက်တဲ့ချိန် အထဲကနေ ဇီးသီးလုံးခန့်ရှိတဲ့ ဆံပင်ချည်ထွေးတစ်ခုထွက်လာခဲ့တယ်။

” ကျန်တဲ့အကြော်တွေထဲလဲကြည့်ဦး”

မောင်ကောင်းလဲ ကျန်တဲ့အကြော်တွေကိုထပ်ကြည့်လိုက်ရာ အလားတူ ဆံပင်ချည်ထွေးတွေထွက်လာခဲ့တယ်။

” မယ်စံပြောတဲ့အတိုင်း သူတို့က ငါတို့ကို စောင့်ကြည့်နေကြတာပဲ”

” ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…ဆရာ”

” မသိချင်‌ယောင်ဆောင်ပြီး သွားကြတာပေါ့… ”

အောင်မြတ်သာတို့လဲ ရွာလမ်းမအတိုင်း ထွက်လာခဲ့ရာ ဝါးခြမ်းတွေနဲ့ကာရံထားတဲ့ခြံရှေ့ကိုရောက်တဲ့အချိန် မြေကြီးပေါ်မှာလူတစ်ယောက် လူးလိမ့်အော်ဟစ်နေတာကိုမြင်လိုက်ရတယ်။

” အမလေး… ငါ့ဗိုက်ထဲ ဆူးနဲ့ထိုးသလို ဖြစ်နေပါလား… လုပ်ကြပါဦး”

” မောင်လှ …. မောင်လှ သတိထားဦးလေ… ဘာဖြစ်တာလဲ”

အနီးနားကလူတွေက လူးလိမ့်နေတဲ့သူကိုတွဲထူဖို့လုပ်တဲ့အချိန်

” ငါလှုပ်လို့မရဘူး… လှုပ်တာနဲ့ ‌ပိုအောင့်တယ်… အား ကျွတ် ကျွတ်”

မျက်စိရှေ့မှာမြင်နေရတာကြောင့် အောင်မြတ်သာတို့ ရှေ့ကိုမဆက်သွားနိုင်တော့ပဲ လူနာအနားကိုသွားကာ ဗိုက်ကိုလက်နဲ့အုပ်လိုက်တဲ့ချိန်မှာတော့ နာကျင်နေတဲ့သူက လူကောင်းပကတိပြန်ဖြစ်သွားခဲ့တယ်။

” ချက်ချင်းပြန်ကောင်းသွားပါလား…. ထူးဆန်းလိုက်တာ…”

” မိတ်ဆွေ မလှုပ်နဲ့ဦး… ဒီတိုင်းငြိမ်ငြိမ်လေးနေ…”

အောင်မြတ်သာက အုပ်ထားတဲ့လက်ကို ပြန်ရုတ်လိုက်ရာ ခုနကလို ပြန်အောင့်တက်လာခဲ့တယ်။

” ဟင်း… ဒီမိန်းမတွေတော့ ငါတို့ကို ထွက်သွားလို့မရအောင်လုပ်နေပီ” လို့ရေရွတ်ကာ ဝေဒနာခံစားနေရတဲ့ လူရဲ့၀မ်းဗိုက်ကို လက်နဲ့ဖိကိုင်ပြီး အနားမှာရှိတဲ့ခြံ၀င်းထဲက ကွပ်ပြစ်ပေါ်မှာလဲလျောင်းစေခဲ့တယ်။

” သူ ဘာဖြစ်တာလဲဆရာ… ”

” ဗိုက်ထဲမှာရှိတဲ့လေကြောင့်ဖြစ်တာပါ… သိပ်လဲစိတ်ပူမနေပါနဲ့…”

အောင်မြတ်သာက ဖိထားတဲ့လက်ကို မဖယ်သေးပဲ ၀မ်းဗိုက်ထဲမှာရှိတဲ့ အရာကို ဖြေးဖြေးချင်းသပ်ချနေခဲ့တယ်။

” ဆရာ… ဗိုက်ထဲမှာ အလုံးတစ်လုံး ရွေ့နေသလိုပဲ… ဆရာလက်သွားတဲ့နောက်ကိုလိုက်နေတာ ခံစားမိနေတယ်”

” စိတ်အေးအေးထားပါ…. မကြာခင်သက်သာသွားပါလိမ့်မယ်”

အောင်မြတ်သာလဲ ဗိုက်တစ်ပြင်လုံးကို လက်ဝါးနဲ့ သပ်ချပြီး ရွေ့လျားနေတဲ့အရာတွေကို ‌ချက်နားမှာ စုစေခဲ့တယ်။ အားလုံးတစ်နေရာထဲမှာ စုပြီဆိုတာနဲ့ ဖတ်ခနဲဆွဲယူပြီး လေထဲကိုပစ်ထုတ်လိုက်တယ်။

အဲဒီလိုသုံးခါ‌တိတိပြုလုပ်ပြီးချိန်မှာတော့ ဝေဒနာခံစားနေရတဲ့သူက နဂိုအတိုင်းပြန်ဖြစ်သွားတာကြောင့် သူ့ကိုယ်သူမယုံနိုင်ဖြစ်ပြီး ဗိုက်ကိုလက်နဲ့ထိုးကာစမ်းသပ်နေခဲ့တယ်။

” ဆရာတို့ကအတော်စွမ်းတာပဲ…. ကျုပ်ဒီလိုဖြစ်နေတာ သုံးလလောက်ရှိပြီ… ဆေးတွေလဲစုံအောင်သောက်ပေမယ့် အရှင်းမပျောက်ခဲ့ဘူး.. အခုကျမှ ဘာဆေးမှ မသောက်ပဲပျောက်သွားတာဗျာ..”

” ဒီလိုဝေဒနာက အမြဲတမ်းဖြစ်နေတာလား”

” ဟုတ်တယ်ဆရာ… ဒီမှာကရွာဆိုတော့ နည်းနည်းဖြစ်တာနဲ့ ဆရာဆောင်းဆီပဲပြေးရတာ”

” ဆရာဆောင်း ဟုတ်လား”

” ဟုတ်တယ်လေဆရာ… သူက ဆေးပညာနည်းနည်းတတ်တော့ သာမန်ဖျားတာနာတာလောက်‌ဆို သူ့ဆီပဲ သွားကြတာ… သူ့ဆေးကလဲ ကောင်းတယ်ဆရာရဲ့… တစ်ခွက်‌သောက်တာနဲ့သက်သာသွားရော…ဒါမယ့် နည်းနည်းကြာလာရင် ခုလိုထပ်ဖြစ်တာပဲ”

” ဆရာဆောင်းဆိုတဲ့သူက ဘယ်မှာနေလဲဆိုတာပြောပါလား”

” သူက အရှေ့လမ်းချိုးထိပ်မှာနေတာ… အိမ်ရှေ့မှာ တိုင်းရင်းဆေးမျိုးစုံရသည်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်”

” ဒါဖြင့် ကျုပ်တို့ ဆရာဆောင်းဆီသွားပြီး နှုတ်ဆက်လိုက်ပါ့မယ်… အော် အစားအသောက်လဲသတိထားဦး ထပ်ဖြစ်နေဦးမယ်”

” ဟုတ်ကဲ့ပါဗျ… လေစာတွေမစားမိအောင် သတိထားပါ့မယ်”

အောင်မြတ်သာတို့လဲ မောင်လှ လမ်းညွှန်တဲ့အတိုင်း လျောက်လာခဲ့ရာ တိုင်းရင်းဆေးရောင်းတဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

” ကိုယ့်ဆရာတွေရောက်လာကြပီကိုး… လာကြ လာကြ” ဆိုတဲ့အသံနဲ့အတူ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။

” ကျုပ်တို့ရောက်လာမယ်ဆိုတာ ကြိုသိနေတာများလား”

” ဟက်ဟက်… ကြိုသိလို့ ခုလိုပြင်ဆင်ထားတာပေါ့… ဒီအချိန်က လူသွားလူလာများတာကြောင့် အိမ်ထဲကို၀င်တာပိုကောင်းမယ်ထင်တယ်”

လေသံက ချက်ချင်းပြောင်းလဲသွားတာကြောင့် အောင်မြတ်သာတို့လဲ အလိုက်သင့်စွာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ကိုရောက်တဲ့ချိန်မှာတော့ အသက်၈၀အရွယ် မိန်းမကြီးတစ်ယောက်နဲ့အတူ အခြားမိန်းမနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” အကြော်ရောင်းတဲ့မိန်းမပါလား”

မောင်ကောင်းစကားသံကြောင့် ထိုင်နေတဲ့သူတွေအကုန် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး အကြော်သည်မိန်းမကြီးက

” ဧည့်သည်တွေက ကိုယ်နဲ့မဆိုင်တာဆို အရမ်းကူညီချင်ကြတာပဲနော်” လို့ခနဲ့တဲ့တဲ့ပြောကာ ဗြီတီတီလုပ်နေခဲ့တယ်။

” ဟဲ့ မယ်ဘွား… ဧည့်သည်တွေထိုင်ပါစေဦး… မတ်တပ်ရပ်ကြီးသေရင် ကြည့်မကောင်းဘူးလေ”

” ဟဲ့ ငဆောင်း … ဧည့်သည်တွေကို ဖျာခင်းပေးလိုက်”

အောင်မြတ်သာတို့လဲ ငဆောင်းဆိုတဲ့သူ ခင်းပေးတဲ့ ဖျာပေါ်မှာထိုင်လိုက်ပြီး မိန်းမအိုကြီးကိုကြည့်နေလိုက်တယ်။

” နင်တို့ငါ့ကိုကြည့်လို့ အကြည့်လွှဲသွားမယ်ထင်နေတာလား ကောင်စုတ်လေးတွေရဲ့ အဟီးအဟီး”

” အမေကြီးရဲ့ ပညာစွမ်းကို သိရှိထားပီးပီမို့ ဒီလိုပြန်ကြည့်ရဲတာကို အထူးဆန်းလို့မမြင်မိပါဘူး”

” ဟားဟား…. မင်းက ဥပဓိရုပ်ကောင်းသလောက် စကားအရာလဲလိမ်မာတာကိုး… ဒါနဲ့ မင်းတို့က သေမှာမကြောက်ကြဘူးလား”

အမယ်အိုကြီးစကားကြောင့် အောင်မြတ်သာက နှုတ်ခမ်းစွမ်းလေးကော့တက်အောင်ပြုံးလိုက်ပြီး

” လူဆိုတာသေမျိုးကြီးပဲမဟုတ်လား…အမေကြီးရာ”

” သေမျိုးဆိုတာတော့ဟုတ်ပေမယ့် မသေခင် နာကျင်ခံစားရတာကိုတော့ ဘယ်သူမှမကြိုက်ကြဘူးလေ… အဲ… နာကျင်မှုတွေထဲမှာလဲ အများကြီးရှိနေသေးတာမို့ ဘယ်လိုပုံစံမျိုးသဘောကျလဲ ဟီးဟီး”

” အမေကြီးက ကျုပ်တို့ကို သေအောင်သတ်ဖို့ထိ တွေးနေတာက ညက ကိစ္စကြောင့်လား”

” နင်တို့က ကိုယ့်အလုပ်မှကိုယ်မလုပ်ကြပဲကိုး… ငါဆိုတဲ့အဖွားကြီးကလဲ အဲလိုလူမျိုးဆိုသိပ်မုန်းတာ..”

” ဟင်း… ကျုပ်တို့ကလဲ ဒီထိရောက်လာပြီဆိုတော့ နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူးလေ…. ဒီတော့ အမေကြီး ဘယ်လိုဖြစ်ချင်လဲဆိုတာ ပြောပါ”

” မင်းတပည့်တွေနဲ့ ငါ့တပည့်တွေ ပညာချင်းပြိုင်စေချင်တယ်… ငါတို့ရှုံးရင် နင်တို့စိတ်ကြိုက်လုပ်… နင်တို့ရှုံးရင်တော့ ငါတို့စိတ်ကြိုက်လုပ်မယ်”

” အမေကြီးက ဒီလိုဖြစ်ချင်တယ်ဆိုလဲ လုပ်ပေါ့ဗျာ… ”

အောင်မြတ်သာရဲ့ ခွင့်ပြုချက်ရတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှက ရှေ့ထွက်ပြီး တပလ္လင်ခွေထိုင်ကာ မိမိကိုယ်ကိုစည်းချပြီး မေတ္တာကိုသာပွားများနေခဲ့တယ်။

မယ်ဘွားနဲ့ မယ်လွန်းကလဲ စိတ်အစွမ်းကိုအသုံးချကာ ပြိုးခနဲပျက်ခနဲအရောင်ရှိတဲ့စက်တွေထုတ်ကာ ပစ်လွှတ်လိုက်တယ်။ ဒါပေမယ့် စက်တွေက စည်းချထားတဲ့နေရာကိုရောက်တာနဲ့ မှန်နဲ့ထိတဲ့ နေရောင်လိုပြန်ကန်ထွက်ပြီး ဘေးကိုလွင့်စင်ကုန်တယ်။

ဒါကိုမြင်တဲ့ အမယ်အိုကြီးက အနားမှာရှိတဲ့ ထွေးခံနဲ့ကောက်ပေါက်ပြီး
” နင်တို့အစွမ်းစက ဒီလောက်ပဲရှိတာလား ကောင်မတွေရဲ့… ပြောတော့ဖြင့် လေကြီးမိုးကြီး ခုကျတော့ ယိုင်အောင်တောင်မလုပ်နိုင်ကြဘူး”

” အမေကြီးကစိတ်‌လောပြန်ပီ… မယ်ဘွားတို့က အခုမှစမှာပါ”

မယ်ဘွားနဲ့မယ်လွန်းက လက်နှစ်ဖက်ကို ပွတ်လိုက်ရာ အထဲကနေ နီညိုရောင်စက်တွေ တလက်လက်နဲ့ထွက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ စက်အားကပိုပြင်းလာတဲ့အတွက် ကာထားတဲ့စည်းကိုကျော်လွန်ဖို့လက်တစ်ကမ်းလိုထိဖြစ်လာခဲ့တယ်။

အဲဒီအချိန် ငဆောင်းက အနောက်ကနေ မောင်ကောင်းရဲ့ ငယ်ထိပ်ကို လက်ဝါးနဲ့ရိုက်ချဖို့ဟန်ပြင်လိုက်ရာ

” ဟိတ် .. ဒါဘာလုပ်တာလဲ” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ ညာလက်ဝါးက လေထဲမှာဆတ်ခနဲရွေ့လျားသွားခဲ့တယ်။

” ဖြောင်း….”

” အင့်..”

” ဒုန်း”

ငဆောင်းက အောင်မြတ်သာရဲ့ ရိုက်ချက်ကြောင့် အိမ်တံခါး၀ထိလွင့်ထွက်သွားသလို မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ ငြိမ်နေရာကနေ ကြမ်းပြင်ကိုလက်ဝါးနဲ့ရိုက်ပြီး

” အင်းစောင့်၊ ဂိုဏ်းစောင့်တွေ အယုတ်တမာမတွေရဲ့ ဦးခေါင်းကို ကြိုးနဲ့ရစ်ပတ်ထားကြစမ်း” လို့ခပ်ကြမ်းကြမ်းအမိန့်ပေးလိုက်ရာ မယ်ဘွားနဲ့ မယ်လွန်းတို့နှစ်ဦး လျှာတန်းလန်းထွက်ပြီး လေပေါ်ကို မြောက်တက်သွားခဲ့တယ်။

တစ်ဖက်မှာလဲ အောင်မြတ်သာက ကလိမ်ကကျစ်ကျတဲ့ မိန်းမအိုကြီးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ ဦးခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်တယ်။

” သင်အမှားကြီးလုပ်မိပြီ … ကျုပ်တို့က သင်တို့ပညာကိုလေးစားလို့ယှဉ်ပြိုင်ခွင့်ပေးတာကို ကလိမ်ကကျစ်ကျတယ်ဆိုတော့ ကျုပ်တို့လဲ ငဲ့ညှာစရာမလိုတော့ဘူးပေါ့… ကဲ … အဖဆရာ‌တော်ကြီးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းကိုစော်ကားခဲ့တဲ့အပြင် သမာသမတ်ကျကျမယှဉ်ပြိုင်ခဲ့တဲ့ ဒီငမိုက်သားတွေကို ကြမ်းပေ့ရမ်းပေ့ အင်းစောင့်တွေက အပြစ်ကို၀န်ခံလာတဲ့ထိ ဆုံးမစေ… ပညာသည်တွေရဲ့အချုပ် ရေယဉ်အမေကြီးလဲ သိစေမြင်စေကြားစေပြီး ပညာရပ်တွေကိုအသုံးပြုမရအောင် သိမ်းယူပေးပါ” လို့အမိန့်ပြန်လိုက်ရာ မိန်းမအိုကြီးအပါအ၀င်အခြားသူတွေပါ ငယ်သံပါအောင်အော်ပြီး လူးလိမ့်နေတာကိုမြင်လိုက်ရတယ်။

ထူးဆန်းတာက ကြောက်မက်ဖွယ်အသံတွေနဲ့အော်ဟစ်ရင်း လူးလိမ့်နေတဲ့အသံတွေက အိမ်တံဆက်မြိတ်အပြင်ကိုလုံး၀ထွက်မလာတာပဲ။

” ရေယဉ်အမေကြီးရဲ့ တပည့်သားသမီးဖြစ်တဲ့အတွက် အမေကြီးစိတ်တိုင်းကျ‌တဲ့အချိန်ထိ ဆုံးမအပြစ်ပေးပါ…ဂိုဏ်းစောင့်တွေအနေနဲ့ ရေယဉ်အမေကြီးငယ်သားတွေရောက်တာနဲ့ကိုယ့်ဌာနီအသီးသီးကိုပြန်ကြွကြပါ” လို့ပြောပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

လတ်ဆတ်အေးမြတဲ့ လေနုအေးက အရှေ့ရပ်ကနေတိုက်ခတ်လာနေသလို နာကျင်စွာအော်ဟစ်သံသဲ့သဲ့က အိမ်ထဲကနေထွက်ပေါ်နေခဲ့တယ်။
++++

” ဆရာ… မယ်စံကို သစ္စာရေတိုက်တုန်းက သူ့ပညာတွေကို မစွန့်လွှတ်ပဲ နောက်နောင်မလုပ်တော့ပါဘူးဆိုတဲ့ ကတိပဲပေးခဲ့တာနော်”

လမ်းလျောက်နေရင်း အမှတ်မထင်မေးလိုက်တဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာက ခြေလှမ်းတွေကိုရပ်လိုက်ပြီး

” ဘာဖြစ်လို့လဲခွန်းလှ”

” ကျွန်တော်စဉ်းစားမိတာတစ်ခုရှိနေလို့ပါ.. ”

” ဘာစဉ်းစားမိလို့လဲပြောစမ်းပါဦး”

” မယ်စံက ကိုမင်းနောင်ကို တကယ်ချစ်တာကိုတော့ယုံပါတယ်… ကိုမင်းနောင်ကရော မယ်စံကို တကယ်ချစ်ပါ့မလား”

” မင်းကဘာလို့ အဲလိုတွေးတာလဲ…”

” ဆရာ စဉ်းစားကြည့်လေ… သူမေးတဲ့စကားထဲမှာ ပညာစွန့်ရင် အရင်လုပ်ထားတဲ့အရာတွေပျက်လားဆိုတဲ့စကားပါနေတယ်… ဆရာက ပျက်တယ်လို့ပြောတော့ သူကပညာမစွန့်ပဲ အခြားကတိကိုပဲပေးသွားတယ်လေ…. ကဲပါ ဆရာရယ် ကျွန်တော်ကပဲအတွေးများနေတာဖြစ်မှာပါ… ကျွန်တော်မပြောမိခဲ့ဖူးလို့သာ ထားလိုက်ပါတော့”လို့ပြောပြီး ခေါင်းကိုကုတ်ကာ ရှေ့ကနေ ခပ်သုတ်သုတ်လျောက်သွားခဲ့တယ်။

အောင်မြတ်သာတို့ရွှေဘုံမြင့်ရွာကိုလာရတဲ့ရည်ရွယ်ချက်ကိုတော့

” အောင်မြတ်သာနှင့် နတ်ဖွက်ပုရပိုက်”ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

No comments

Post a Comment