အောင်မြတ်သာနှင့်ရေစင်တစ်စက်ဆရာသက်

  အောင်မြတ်သာနှင့်ရေစင်တစ်စက်ဆရာသက် အောင်မြတ်သာတို့ဆရာတပည့်တွေ မန္တလေးမဟာမြတ်မုနိဘုရားမှာ အဓိဌာန်ဝင်တဲ့လုပ်ငန်းစဉ်တွေပြီးဆုံးတော့ ပုဂံဘက်သို... thumbnail 1 summary

 အောင်မြတ်သာနှင့်ရေစင်တစ်စက်ဆရာသက်


အောင်မြတ်သာတို့ဆရာတပည့်တွေ မန္တလေးမဟာမြတ်မုနိဘုရားမှာ အဓိဌာန်ဝင်တဲ့လုပ်ငန်းစဉ်တွေပြီးဆုံးတော့ ပုဂံဘက်သို့ခရီးဆက်ရန် တောင်ဘက်မုဒ်ကနေထွက်လာခဲ့ကြတယ်။

တောင်ဘက်မုဒ်ဝနားရောက်တော့ ဖျင်ကြမ်းတိုက်ပုံကိုဝတ်ပြီး အညာစောင်နွမ်းလေးကို ခေါင်းမှာပတ်ထားတဲ့ လူကြီးတစ်ယောက်က အောင်မြတ်သာတို့ကို လှမ်းပြတာကိုမြင်တော့ သက်ခိုင်က

" ဆရာ ဟိုလူကိုတွေ့ဖူးသလိုပဲ "

သက်ခိုင်စကားကြောင့် အောင်မြတ်သာက မလှမ်းမကမ်းမှာရပ်နေတဲ့လူကြီးကိုလှမ်းကြည့်လိုက်ပြီး

" ဟိုတစ်ခါက ကန္နားစီးအိမ်မှာတွေ့ခဲ့ရတဲ့သူမဟုတ်လား"

" ဟုတ်ပါ့ဗျာ ခင်ဗျားက ကျုပ်ကိုမှတ်မိတာပဲ "

" ဘယ်လိုကြောင့် ဒီကိုရောက်နေတာတုန်း"

" အရင်တစ်ခါ ကန္နားစီးအိမ်မှာ ကျုပ်မျက်နှာမပြရဲအောင် ရှုံးနိမ့်ခဲ့ဖူးတာ ခင်ဗျားတို့လဲအသိပဲလေ "

" တောင်သခင်မကိုရင်ဆိုင်ရတဲ့အချိန်တုန်းမဟုတ်လား ကျုပ်ကောင်းကောင်းမှတ်မိပါတယ်"

(အောင်မြတ်သာနှင့်ဆရာသက်တို့တွေ့ ဆုံတွေ့ခဲ့သည့်အကြောင်းကို အောင်မြတ်သာနှင့်တောင်သခင်မဆိုတဲ့ဝတ္တုတွင်ဖတ်ရှုနိုင်ပါသည်)

" အဲဒီအချိန်တုန်းက ကျုပ်တော်တော်အရှက်ရခဲ့တာ ကျုပ်ရဲ့ပညာတွေကိုပိုစွမ်းအောင်မကျင့်ကြံခဲ့လို့ဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ်ကိုလဲစိတ်တိုမိတယ် ဒါကြောင့်အဲဒီဖြစ်စဉ်ပြီးထဲက ဒီနေ့အထိ မနားပဲ ပြန်လုပ်နေတာပဲ"

" အခုရော အခြေအနေတိုးတက်မှုရှိလား "

" ဒါကတော့ လက်တွေ့စမ်းကြည့်ရင် သိမှာပေါ့ အခုတိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားတို့ပါရောက်လာတော့ နှစ်ယောက်ပေါင်းပြီး ကိစ္စတစ်ခုလုပ်မကြည့်ချင်ဘူးလား"

ဆရာသက်စကားကြောင့် အောင်မြတ်သာက မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး နှုတ်ခမ်းထောင့်လေးကနေ မဲ့ပြုံးလေးတစ်ခုပေါ်လာခဲ့တာကိုဘယ်သူမှမသိမထားမိခဲ့ဘူး။

" ဘယ်လိုကိစ္စမျိုးလဲဆိုတာတော့ ကျုပ်သိသင့်တယ်ထင်တာပဲ"

"ဟားဟား သိရမှာပေါ့ဗျာ အခုတော့ ကျုပ်ငှားထားတဲ့အိမ်ကိုလိုက်ခဲ့ကြပါဦး ညရောက်မှ အေးဆေးတိုင်ပင်ကြတာပေါ့ဗျာ"

အောင်မြတ်သာလဲ ဆရာသက်ရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီး မဟာမြတ်မုနိဘုရားကနေ ထွက်လာခဲ့ကြတယ်။

သာမန်လူတန်းစားတွေနေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုရောက်တော့

" ဒါကကျုပ်ငှားနေတဲ့ရပ်ကွက်ပဲ ဒီနေရာကလူတော့မသန့်ဘူး ညဘက်တွေဆိုလဲ တစ်ချက်ထိုးလောက်ထိ လူမပြတ်ဘူး "

ဆရာသက်စကားကိုကြားတော့ သက်ခိုင်က

" ဒီလောက်ဆူညံတဲ့ရပ်ကွက်မှာနေဖို့ ရွေးချယ်ခဲ့တာ အကြောင်းတစ်ခုခုတော့ရှိရမယ်ထင်တယ်"

" သေချာတာပေါ့ လာဗျာ အိမ်ပေါ်အရင်တက်ကြပါဦး"

ဆရာသက်က ပြောလက်စကားကိုဖြတ်လိုက်ပြီး အိမ်တံခါးကိုဖွင့်ကာအထဲဝင်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ ဆရာသက်နေတဲ့အိမ်ပေါ်တက်လာပြီး ဟိုဟိုဒီဒီကြည့်လိုက်တော့ သပ်ရပ်သေသပ်စွာ ပူဇော်ထားတဲ့ ကျွန်းနက်ဘုရားတစ်ဆူကလွဲလို့ ဘယ်ပုဂ္ဂိုလ်ရဲ့ပုံတွေ၊ရုပ်ထုတွေကိုမှမတွေ့ရဘူး။

" ကဲ ခင်ဗျားတို့လဲ ပင်ပန်းနေကြပီဆိုတော့ အိမ်နောက်က စဉ့်အိုးထဲမှာ ရေအပြည့်ရှိတယ် ရေချိုးချင်ချိုးကြ ကျုပ်ကတော့ ညစာချက်ပြုတ်လိုက်ဦးမယ်"

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ရေချိုးကိုယ်လက်သန့်စင်ပြီးတဲ့အချိန်ရောက်တော့ ဆရာသက်က မီးဖိုချောင်ထဲကနေထွက်လာခဲ့တယ်။

" ရေချိုးပြီးကြပြီထင်တယ် ခဏနေ ကျုပ်‌ရေချိုးပြီးတဲ့အခါညစာစားကြတာပေါ့ " လို့ပြောပြီး အိမ်နောက်ဘက်ကိုထွက်သွားခဲ့တယ်။

ညဘက်ရောက်တော့ ဆရာသက် တည်ခင်းကျွေးမွေးတဲ့ထမင်းနဲ့ဟင်းကိုစားသောက်ပြီး အိမ်ရှေ့ကွပ်ပြစ်မှာထိုင်တုန်းရှိသေးတယ်

" ဆရာကြီး ဆရာကြီး ကျွန်တော်သမီးဘာဖြစ်တာလဲမသိဘူး မျက်ဖြူလန်ပြီး လက်တွေကောက်ကွေးကုန်လို့"

ခြံဝကနေ အော်လိုက်တဲ့အသံကြောင့် ဆရာသက် ထိုင်ရာကနေထလိုက်ပြီး

" ကလေးမပါလာလား အိမ်ပေါ်ခေါ်တင်ခဲ့ကွာ "

ဆရာသက်အိမ်ပေါ်ကိုရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်လဲအခြေအနေကိုအကဲခတ်ဖို့ ဘုရားကျောင်းဆောင်နဲ့မလှမ်းမကမ်းမှာထိုင်ချလိုက်တယ်။

" ကျော်ထွန်း စိတ်အေးအေးထား အနှောက်ပယောဂမှန်ရင် ပျောက်စေရမယ် "

" စိတ်ပူလို့ပါဆရာကြီးရယ် ကျွန်တော်မှာဒီသမီးလေးတစ်ယောက်ပဲရှိတာ အီးဟီးဟီး"

" တယ် ငါလုပ်လိုက်ရ မင့်အရွယ်နဲ့မျက်ရည်ကျရတယ်လို့ "

ဆရာသက်က အနည်းငယ်မာန်မဲလိုက်ပြီး ကလေးမကိုကြည့်ကာ

" သမီး အဘခေါ်တာကိုကြားလား "

ဆရာသက်စကားကိုကြားတော့ မျက်ဖြူလန်နေတဲ့ကလေးမက ဇာက်ကြီးလိမ်ပြီး မော့ကြည့်ကာ

" ဘယ်က အဘလဲ ငါ့ညီမကို သမီးလို့ခေါ်စရာအကြောင်းမရှိဘူး ငါတို့မှာ အဘလဲမရှိဘူး နင်ကအသက်ကြီးပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သေချင်လို့လား"ဆိုပြီး အသံနက်ကြီးနဲ့အော်ပြောလိုက်တယ်။

ဇက်လိမ်ပြီး အော်ဟစ်နေတဲ့ မိန်းကလေးကိုကြည့်ပြီး အောင်မြတ်သာက သက်ခိုင်ဘက်ကိုလှည့်ကာ

" ဆရာသက် ဘာလုပ်မလဲကြည့်ရအောင်"

အောင်မြတ်သာကသက်ခိုင်ကိုပြောပြီးတဲ့အချိန် ဆရာသက်ဘက်ကိုလှည့်ပြီး

" ဆရာ ကျုပ်တို့ကိုအားမနာပါနဲ့ လုပ်စရာရှိတာလုပ်ပါ"

ဆရာသက်လဲ အောင်မြတ်သာကို ခေါင်းညိမ့်ပြလိုက်ပြီး ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ကာ ရှိခိုးပူဇော်လိုက်တယ်။ ဘုရားရှိခိုးပြီးတဲ့နောက်မှာတော့

" ကျော်ထွန်း မင်း သမီးကို သူရဲ့ဘဝဟောင်းက ဆွေမျိုးတွေကပြန်ခေါ်ချင်နေကြတယ် မင်းပြန်ခွင့်ပြုလား"

" မပြု မပြုပါဘူးဆရာကြီး ကျွန်တော်သမီးက ကျွန်တော်အနားမှာပဲရှိစေချင်ပါတယ်"

ဆရာသက်က ကလေးမလေးရဲ့အဖေကို ခွင့်ပြုမပြုဆိုတဲ့စကားကိုသုံးကြိမ်မေးပြီး အဖေဖြစ်သူဆီက ခွင့်မပြုကြောင်း သုံးကြိမ်ကြားရတဲ့အခါမှာတော့

" ကဲ ကျုပ်စကုပြီ ကာယကံရှင်ရဲ့ဖခင်က သင်တို့အခုလိုနှောက်ယှက်တာကိုခွင့်မပြုဘူးဆိုတဲ့အတွက် ကလေးမဘက်က ကျုပ်ရပ်တည်ရတော့မယ် " လို့ပြောပြီး ဘုရားကျောင်းဆောင်ပေါ်မှာ တင်ထားတဲ့ ဖန်ပုလင်းထဲက ရေကို ဘေးမှာရှိတဲ့ ကြေးခွက်ထဲထည့်လိုက်ပြီး

" ကျုပ်မေးတာကိုအမှန်တိုင်းဖြေပြီး လာရာလမ်းအတိုင်းပြန်မယ်ဆိုရင် သင်တို့မနာကျင်စေရဘူး အေး ဒါပေမယ့် သင်တို့ခေါင်းမာမယ်ဆိုရင်တော့ ကျုပ်အဆိုးမဆိုနဲ့"

ဆရာသက်က ယတိပြတ်ပြောပြီးတဲ့နောက်မှာတော့ ရေစင်ထည့်ထားတဲ့ကြေးခွက်ကို ကိုင်ပြီး

" ဒီကလေးမကိုယ်ထဲဝင်ရောက်နေသူက ဘယ်သူလဲ မှန်တာပြောရင် ဒီရေစက်သည်အေးမြနေရမည် လိမ်ညာပြောရင် ဤရေစက်သည် မဟာအဝီစိငရဲမီးထက်အဆတစ်ရာပိုပူလောင်စေရမည်" လို့ပြောပြီး ကြေးခွက်ထဲကရေနဲ့လှမ်းတောက်လိုက်တယ်။

" ကဲ ပြောလို့ရပြီ သင်ဘယ်သူလဲ"

ဆရာသက်စကားအဆုံးမှာ အရှေ့မှာထိုင်နေတဲ့ကလေးမက မျက်ထောင့်နီနဲ့ကြည့်ပြီး

" ငါကသူ့အစ်မ သူ့ကိုလာပြန်ခေါ်တာ "

" ဟုတ်ပြီ သင်ပြောတဲ့စကားမှန်တယ်ဆိုတာ ကျုပ်ယုံတယ် ဘာကြောင့်ပြန်ခေါ်ရတာလဲဆိုတာကိုပါတစ်ခါထဲရှင်း"

" အဟင်းဟင်း သူလူ့ဘဝကိုသွားတာအချိန်စေ့ပြီ ဟိုမှာရှိတဲ့သူတွေကလဲသူ့ကိုသတိရနေကြတယ် ဒါကြောင့်လာပြန်ခေါ်တာ "

" တယ် မင်းတို့အခုလိုလွှတ်ချင်တိုင်းလွှတ် ခေါ်ချင်တိုင်းခေါ်လို့ရရိုးလား သူ့အခုဘဝမှာ အုပ်ထိန်းသူဆိုတာရှိတယ် သူ့ခွင့်ပြုချက်မရရင် သင်တို့ခေါ်ခွင့်မရှိဘူး "

" အဲဒါ ငါတို့မသိဘူး ငါတို့ညီမကိုပြန်ခေါ်မယ် ဒါပဲသိတယ်"

" ခေါင်းမာလှပါလား နင်တို့က ဘယ်သိုက်နန်းကလဲ ငါ့ကိုပြောစမ်း"

ဆရာသက်က မေးခွန်းတစ်ခုမေးတိုင်း ရေတစ်စက်ကိုပေါက်ပြီး မေးခဲ့တယ်။

" နန်းတွင်းရတနာသိုက်နန်းကလာတာ"

ဝင်ပူးနေတဲ့ ကလေးမက စကားအဆုံးမှာ ရုတ်တရက်ကြမ်းပြင်ကိုရိုက်ပြီး လူးလိမ့်ပါလေရော။

" ရော် နင်တို့ကတယ်ခက်သကိုး ငါကနင်တို့သိုက်ကိုဖောက်ဖို့မေးတာမဟုတ်ဘူး အမှန်တိုင်းဖြေလိုက်ရင် နင်အခုလိုမပူလောင်တော့ဘူး အမှန်တိုင်းဖြေစမ်း"

" ရှမ်းမောင်နှစ်မသိုက်ကလာတာပါ အမလေး ပူလှချည်ရဲ့ သေတော့မယ် ဟင်းဟင်း"

" အေး နင်အမှန်တိုင်းဖြေလိုက်တော့ မပူတော့ဘူးမလား"

ဆရာသက်စကားကိုကြားတော့ ဝင်ပူးနေတဲ့ ကလေးမက ခေါင်းကိုကြမ်းပြင်နဲ့ ဆောင့်ပြီး ဟုတ်မှန်ကြောင်းပြောခဲ့တယ်။

" နင်တို့သူ့ကိုပြန်ခေါ်လို့မရသေးဘူး သူလူ့ဘဝမှာသက်တမ်းစေ့နေပါစေဦး နင်တို့ကာလနဲ့တွက်ရင် ခဏလေးပါ သည်းခံလိုက်ကြ ဒီကလေးမ သူ့သက်တမ်းကုန်ရင် နင်တို့ဆီပြန်လာလိမ့်မယ် နောက်နောင်မနှောက်ယှက်ကြနဲ့ ကြားလား"

" ငါတို့နှောက်ယှက်ရင် ဘာဖြစ်မလဲ"

" သိချင်ရင်စမ်းကြည့်လိုက်လေ ငါ့ရေစင်တစ်စက်တောင်နင်တို့ဘယ်လောက်ပူလောင်ရလဲ သိတယ်မလား ဒီရေစင် ကလေးမလေး ကိုယ်ထဲရှိနေတဲ့အချိန် နင်တို့အနားကပ်ဖို့ပဲ အရင်ကြိုးစားကြည့် "

ဆရာသက်က ရေစင်ခွက်ကိုကိုင်ပြီး တစ်ခွန်းချင်းပြောလိုက်တဲ့အခါကျမှ ဝင်ပူးနေတဲ့မိန်းကလေးက

" သူတို့သတိလွတ်တဲ့အချိန်ကိုစောင့်နေမယ် သတိလွတ်လို့ကတော့ ငါ့ညီမကိုပြန်ခေါ်မယ်"

" တယ်လဲခေါင်းမာတဲ့သူတွေပဲ နင်တို့ခေါ်လို့ရရင် ပြန်ခေါ်သွားကြ သွားကြတော့ ငါလဲဧည့်သည်တွေရှိသေးတယ် "လို့ပြောပြီး အရှေ့မှာဝင်ပူးနေတဲ့ ကလေးမရဲ့ခေါင်းပေါ်ကို ရေစက်တွေနဲ့ တောက်လိုက်ချိန်မှာတော့ မျက်ဖြူလန်သတိမေ့နေတဲ့ ကလေးမက သတိပြန်လည်လာခဲ့တယ်။

" ကျော်ထွန်း အခုမင်းသမီးကို ဒီရေတိုက်လိုက်"လို့ပြောပြီး လက်ထဲကခွက်ကိုပေးလိုက်တယ်။

ကလေးမလေးလဲ ဆရာသက်ပေးတဲ့ရေကိုသောက်ပြီးတဲ့အချိန်

" သမီးခုနကဘာဖြစ်သွားလဲသိလား"

" သေချာတော့မမှတ်မိဘူး အဝတ်မဲဝတ်ထားတဲ့ လူတစ်ယောက် သမီးကိုလိုက်ခဲ့ဖို့ပြောတယ် သမီးရုန်းတယ် သူ့လက်တွေက အရမ်းသန်တယ် သမီးလှုပ်မရဘူး အဲဒါပြီးတော့သတိမရတော့ဘူး"

" နောက်အဲလိုမဖြစ်ဖို့ အဘပေးတဲ့ ရေမန်းကိုနေ့တိုင်းသောက်ရမယ် ဒါဆိုမဖြစ်တော့ဘူး ကျော်ထွန်း မင်းကိုငါရေမန်းတစ်ဘူးပေးလိုက်မယ် ‌အိမ်ရောက်ရင် ရေမန်းကို သောက်ရေအိုးထဲထည့်ထား မပြတ်စေနဲ့ ကုန်ခါနီးဆို ရေထပ်ထည့်ပြီး ပွားသုံး ငါကဒီမှာအမြဲရှိနေမှာမဟုတ်ဘူး ကြားလား"

" ဟုတ်ကဲ့ဆရာကြီး ကျေးဇူးတင်ပါတယ် သမီး အဘကိုကန်တော့လိုက်ဦး"

ကျော်ထွန်းတို့သားအဖလဲ ဆရာသက်ကိုကန်တော့ပြီး ပြန်သွားတော့ အောင်မြတ်သာက

" ဆရာသက်ရဲ့ ရေစင်အစွမ်းက အံ့မခမ်းပါလား "

" ဟားဟား ဆရာတို့ကတော့ ကျုပ်ကိုပင့်ပြီထင်တယ် "

" ခုနက ဆရာသက်တောက်လိုက်တဲ့ရေစက်ကိုထိပြီး ဝင်ပူးနေတဲ့သူ လူးလိမ့်နေတာ မြင်တော့ ကျုပ်ဖြင့်အံ့ဩမိတယ်"

" ကျုပ်ပညာက တကယ်တော့ သီလသမာဓိကိုပဲအခြေခံထားတာပါ ကျုပ်ကဘယ်ဂိုဏ်းဝင်မှမဟုတ်ဘူး အဲလိုပြောရင် ခင်ဗျားတို့ယုံကြည်ကြမလား"

" ဒါကဖြစ်နိုင်ပါတယ် စာဆိုတောင်ရှိသေးတာပဲ ကတိသစ္စာတည်သေယအခါဝယ် နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏တဲ့ ကလေးမလေးကို စကုတဲ့အချိန် ဘုရားရှေ့မှာထိုင်ပြီး သစ္စာဆိုလိုက်တာမဟုတ်လား"

" ဟုတ်တယ် ကျုပ်ရဲ့ရေစင်အစွမ်းကလဲ သစ္စာပဲလေ ကျင့်ကြံစွမ်းအားနဲ့ သစ္စာတရားနဲ့ပေါင်းလိုက်ရင် ဘယ်အရာမဆိုအစွမ်းထက်လာတယ် အခုကျုပ်က ရေကိုသုံးလို့ ရေနဲ့ပဲရတယ်လို့ ထင်နေကြတာ တကယ်တော့ ဆီနဲ့လဲသုံးလို့ရတယ် ခဲနဲ့လဲသုံးလို့ရတယ် အဓိကက ပြုလုပ်သူအပေါ်ပဲမူတည်တာ"

" ဆရာသက်ရဲ့ကျင့်ကြံစွမ်းအားတွေက တကယ်ကိုပြောင်မြောက်ပါပေတယ် ဒီထက်ပိုပြီး အစွမ်းထက်တာကိုလဲ မြင်တွေ့ချင်ပါသေးတယ် ဒါနဲ့ ဘုရားမှာပြောတဲ့ကိစ္စဆိုတာလေး သိလို့ရမလား"

" ဟုတ်သားပဲ ကျုပ်ဖြင့်မေ့နေလိုက်တာ ကျုပ်အသိတစ်ယောက်က သူ့မိဘတွေအမွေပေးခဲ့တဲ့ အိမ်ကိုရောင်းပြီး အလှူတစ်ခုလုပ်ချင်တယ် ဒါပေမယ့် ပြဿနာက အဲဒီအိမ်ကိုဘယ်သူမှမဝယ်ရဲတာပဲ"

" အနှောင့်အယှက်တွေရှိနေလို့များလား"

" ဟုတ်တယ် သူပြောပုံအရ သူ့ရဲ့အဘေးဖြစ်တဲ့သူက အိမ်မှာမကျွတ်သေးပဲရှိနေတယ်လို့ပြောတယ် အိမ်နဲ့ခြံက နှစ်ဧကလောက်တော့ကျယ်တယ် အပြင်လူတွေဝင်မရဲလောက်အောင် အခြောက်အလှန့်ကလဲကြမ်းတယ်လို့ပြောတယ်"

" ဒါဖြင့် ကျုပ်တို့ဘာများကူညီပေးရမလဲ"

" ကျုပ်သဘောအရ သူ့အလှူကိုအကောင်အထည်ဖော်စေချင်တယ် ဒါကြောင့် မေတ္တာနဲ့ကူညီဖို့ဆုံးဖြတ်ထားတာ အခုခင်ဗျားတို့နဲ့တွေ့တယ်ဆိုတော့ ကူညီနိုင်ရင် ကူညီလို့ရအောင် ဆော်ဩပေးတာပါ ဘယ်လိုသဘောရလဲ"

" အလှူအတွက်ဆိုတော့လုပ်ပေးရမှာပေါ့ ဒါနဲ့အိမ်ကဘယ်မှာရှိတာလဲ"

" သိပ်တော့မဝေးပါဘူး မေမြို့မှာပဲရှိတာပါ"

" ဒါဖြင့် ဆရာသက်အဆင်ပြေတဲ့အချိန် သွားကြတာပေါ့"

ဒီလိုနဲ့‌နောက်တစ်နေ့မနက်မှာတော့အောင်မြတ်သာတို့ဆရာတပည့်တွေနဲ့ ဆရာသက်တို့ မေမြို့ကိုတက်ခဲ့ကြတယ်။

လမ်းကြုံကုန်ကားတစ်စီးနဲ့ လိုက်လာခဲ့တဲ့နောက်မှာတော့ ချမ်းအေးလှတဲ့မေမြို့ကို ညနေခင်းအချိန်လောက်မှာရောက်ရှိခဲ့ကြတယ်။

" ဆရာသက်ပြောတဲ့ အိမ်က ဘယ်နားမှာလဲသိလို့လား"

" မေမြို့မှာ အိမ်နီကြီးလို့မေးလိုက်ရင် မသိသူမရှိဘူးလို့ပြောတယ် အိမ်သော့ကိုတော့ အိမ်နီကြီးဘေးကခြံထဲမှာရှိတဲ့ အိမ်မှာဝင်ယူလို့ရတယ်"

" ဒါဖြင့် အချိန်လဲ သိပ်မရှိတော့ဘူး မကြာခင်မှောင်တော့မှာဆိုတော့ ခပ်သွက်သွက်လေးသွားကြရအောင်"

အောင်မြတ်သာတို့လဲ အိမ်နီကြီးကို လိုက်ရှာရင်း ခရီးဆက်ခဲ့ရာ ညနေမှောင်လုဆဲဆဲအချိန်မှာတော့ အိမ်နီကြီးရှိရာကိုရောက်လာခဲ့တယ်။

အိမ်နီကြီးကရှေးခေတ်အင်္ဂလိပ်အရာရှိကြီးတွေနေထိုင်ခဲ့တဲ့ ဘိုတဲပုံစံဆောက်ထားပြီး ခြံဝင်းထဲမှာတော့ ခြုံနွယ်တွေ သစ်ရွက်ခြောက်တွေက အတိုင်းအဆမရှိပွထနေတာကိုက ကျောချမ်းစရာကောင်းနေခဲ့တယ်။

ဆရာသက်က အိမ်နီကြီးဘေးမှာရှိတဲ့ ခြံဝင်းသေးသေးလေးထဲဝင်လိုက်ပြီး

" ကျုပ်က ဦးကောင်းမြင့် လွှတ်လိုက်တဲ့သူပါ အိမ်သော့ကိုဘေးခြံကလင်မယားဆီမှာယူလိုက်ပါဆိုလို့လာယူတာပါ"

ဆရာသက်စကားကိုကြားတော့ အိမ်ရှင်လင်မယားက

" ဦးကောင်းမြင့်က ကြေးနန်းကြိုပြီးပို့ထားပါတယ် ဒီမှာအိမ်သော့နဲ့ခြံသော့တွဲထားပါတယ်" လို့ပြောပြီး သစ်သားပြားသော့တွဲတစ်ခုကိုထုတ်ပေးလိုက်တယ်။

ဆရာသက်လဲ သော့ရပြီးတော့ ခြံထဲကနေပြန်လှည့်အထွက်မှာ

" သတိထားကြနော် ဒီအိမ်ကဘယ်သူမှမဝင်ရဲဘူး အထဲမှာလဲခိုချေးတွေ အမှိုက်တွေနဲ့ညစ်ပတ်နေတာပဲ ဒီကြားထဲ အိမ်ကြီးရှင်က မထင်ရင်မထင်သလိုခြောက်လှန့်တတ်တယ် "

အိမ်ရှင်လင်မယားနှစ်ယောက်ထဲက ယောင်္ကျားဖြစ်သူရဲ့စကားက အိမ်ရှေ့ကနေ ထွက်လာခဲ့တယ်။

အိမ်ရှင်ယောင်္ကျားရဲ့စကားကိုကြားတော့ ဆရာသက်က လက်ပြပြီး

" ကျေးဇူးပါ ကျုပ်တို့သတိထားပါ့မယ်" လို့ပြောကာ ထွက်လာခဲ့လိုက်တယ်။

အိမ်နီကြီးရှေ့ရောက်တော့ ခြံသော့ကိုခဲရာခဲဆစ်ဖွင့်ပြီး အထဲကိုဝင်လာခဲ့ကြတယ်။ လူမနေတာကြာပြီဖြစ်တဲ့အတွက် ဟောင်းနွမ်းပြိုပျက်နေတဲ့ အိမ်နီကြီးရဲ့အသွင်က မှောင်စပျိုးအချိန်မှာ သွေးပျက်စရာကောင်းလောက်အောင် တည်ရှိနေခဲ့တယ်။

အိမ်တံခါးရှေ့ရောက်တော့ သက်ခိုင်က ဆရာသက်ဆီကနေသော့ကိုယူပြီး အိမ်တံခါး‌ကိုဖွင့်ဖို့ကြိုးစားပေမယ့် နှစ်အတန်ကြာမဖွင့်ပဲထားထားတဲ့အတွက် သံချေးတွေအထပ်လိုက်ဖြစ်နေတဲ့ သော့ခလောက်ကိုမဖွင့်နိုင်ပဲဖြစ်နေတဲ့အချိန် တောက်ရက အနားမှာရှိတဲ့ အုတ်ကျိုးကိုယူပြီး သော့ခလောက်ကို သုံးလေးချက်လောက် ဆောင့်ချလိုက်တယ်။

အုတ်ကျိုးခဲနဲ့ လေးချက်လောက် ဆောင့်ပြီးတဲ့အချိန်မှာတော့ သံချေးကိုက်နေတဲ့သော့ခလောက်အတံက ပွင့်ထွက်လာခဲ့တယ်။

အိမ်တံခါးမကြီးပွင့်သွားတာနဲ့ တစ်ပြိုက်နက် အိမ်ထဲကနေ အော်ကလီဆန်စရာကောင်းတဲ့ အနံ့အသက်တွေက အပြင်ကိုအလုအယက်တိုးထွက်လာခဲ့ကြတယ်။

" အနံ့အသက်ကတော်တော်ဆိုးတာပဲ အသက်တောင်ရှုမရဘူး"

တောက်ရရဲ့စကားအဆုံးမှာ အိမ်ထဲမှာရှိနေတဲ့ အခန်းတံခါးတစ်ချပ်က လေမတိုက်ပဲ ပွင့်ထွက်လာတာကို အောင်မြတ်သာတို့ရော ဆရာသက်ပါမြင်လိုက်ရတယ်။

အဲဒီအချိန် သက်ခိုင်က အောင်မြတ်သာအနားကပ်ပြီး

" ဆရာ ခုနက အခန်းထဲကနေ လူတစ်ယောက်ထွက်လာတာ မြင်လိုက်ရတယ် "

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာက ဘာမှ‌မပြောပဲ အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။

အိမ်ထဲကိုရောက်တော့ အိမ်အပေါ်ထပ်မှာ လူတစ်ယောက်လမ်းလျောက်နေတဲ့ခြေသံကို အတိုင်းသားကြားနေရပြီး တစ်ခါတစ်လေဆဲဆိုတဲ့စကားသံအချို့ကိုပါကြားလိုက်ရတယ်။

" ဆရာသက် ဒီအိမ်ပိုင်ရှင်ပြောတာ အပေါ်ကကောင်ပဲဖြစ်မယ်ထင်တယ် အခုဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ ကျုပ်တို့က ဆရာသက်အစွမ်းနဲ့တင် ဒီကောင်ကို ဆုံးမနိုင်မယ်လို့ထင်တယ်"

" ဆရာတို့ အစွမ်းကလဲ မသေးပါဘူး အခုအားလုံးရောက်လာကြပြီဆိုတော့ အတူတကွရင်ဆိုင်ကြတာပေါ့ ဆရာက ကျုပ်နဲ့အပေါ်လိုက်ခဲ့ပါ ဟိုကောင်လေးနှစ်ယောက်က အောက်ထပ်မှာပဲအခြေအနေကို စောင့်ကြည့်ပေးပါ"

သက်ခိုင်နဲ့တောက်ရက ဆရာသက်စကားကိုကြားတော့ တစ်ခုခုပြောဖို့ပြင်လိုက်တဲ့အချိန် အောင်မြတ်သာက

" ဆရာသက်ပြောတဲ့အတိုင်းလုပ်ပါ မင်းတို့နှစ်ယောက်က အောက်ထပ်မှာပဲနေခဲ့ ဘာအသံကြားကြားအပေါ်မတက်လာပါနဲ့ " လို့မှာပြီး ဆရာသက်နဲ့အတူအိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ရောက်တော့ ဆရာသက်က လွယ်အိတ်ထဲက ရေမန်းဘူးကိုထုတ်ပြီး ကြေးခွက်ထဲထည့်လိုက်ပြီး

" ဒီကောင်က နှစ်ချို့နေပြီဖြစ်တဲ့အတွက် ဉာဏ်အရမ်းများတယ် ကျုပ်က ဟိုဘက်အခန်းထဲသွားကြည့်မယ် ခင်ဗျားက ဒီဘက်အခန်းထဲဝင်ကြည့်ပါ "

ဆရာသက်စကားမဆုံးခင်မှာပဲ အိမ်ပေါ်ထပ်မှာရှိတဲ့ တံခါးချပ်တွေက လေမတိုက်ပဲ လှုပ်ရမ်းလာတာကိုတွေ့လိုက်ရတယ်။

နေဝင်သွားပေမယ့် ကျန်ရှိနေတဲ့ အလင်းရောင်ကြောင့် အရာဝတ္တုတွေကိုကောင်းစွာမြင်နေရတဲ့အချိန်မို့ ဆရာသက်ဝင်သွားတဲ့ အခန်းရဲ့ထုပ်တန်းအပေါ်ကနေ လူတစ်ယောက် တွယ်ဆင်းလာတာကို အောင်မြတ်သာအခန်းထဲကနေမြင်လိုက်ရတယ်။

အောင်မြတ်သာက အခန်းထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်နေတဲ့အချိန် ဆရာသက်အခန်းဘက်ကနေ စူးစူးဝါးဝါးအော်ဟစ်သံနဲ့အတူ တံခါးကိုကိုယ်လုံးနဲ့တိုက်ကာ ပြေးထွက်သွားတဲ့ လူတစ်ယောက်ကိုလဲ မြင်လိုက်ရတယ်။

" ဆရာသက် အဆင်ပြေလား"

" ပြေတယ် ပြေတယ် ခုနက ကောင်က ထုပ်တန်းအပေါ်ကနေဆင်းလာပြီး ကျုပ်လည်ပင်းကိုညှစ်မလို့လုပ်တာ ရေမန်းနဲ့တောက်ထုတ်လိုက်တော့မှ အော်ပြီးထွက်ပြေးသွားတာ"

" သူပြေးသွားတဲ့ဘက်မှာ အခန်းတွေရှိသေးလို့လား"

" ရှိဦးမယ်ထင်တာပဲ ဒီကောင်နောက်တစ်ခါထပ်လာနိုင်သေးတယ် ခင်ဗျားကရော ဘာမှမမြင်ဘူးလား"

ဆရာသက်စကားကြောင့် အောင်မြတ်သာက ဖြူဖွေးနေတဲ့သွားတက်လေးပေါ်အောင် ပြုံးလိုက်ပြီး

" အခုထိတော့ ကျုပ်ဆီကိုဘာမှမလာသေးဘူး ဆရာသက်အခန်းထဲကထွက်ပြေးသွားတဲ့ကောင်ကိုပဲတွေ့ရသေးတယ်"

" ကျုပ်စိတ်ထင် ဒီအိမ်ထဲမှာ မကျွတ်မလွတ်သေးတဲ့သူတွေထပ်ရှိနိုင်သေးတယ် လာဗျာ အိမ်အနောက်ဘက်ခြမ်းသွားကြည့်ရအောင်"

ဆရာသက်က ရေမန်းခွက်ကိုကိုင်ပြီး ဝင်သွားတာမြင်တော့ အောင်မြတ်သာ အနောက်ကနေ လိုက်သွားခဲ့တယ်။

အိမ်အနောက်ဘက် မီးဖိုခန်းနားရောက်တော့ ဆရာသက်က

" ဒီအခန်းထဲမှာ ခုနကကောင်ရှိနေတယ် ဒီမှာကြည့်" လို့ပြောပြီး တံခါးပေါက်ကို ရေမန်းနဲ့ တောက်လိုက်တာ အထဲကနေ အသံနက်ကြီးနဲ့ ‌ေအာ်တဲ့အသံကိုကြားလိုက်ရပြီး မရှေးမနှောင်းမှာပဲ မီးဖိုခန်းဘေးက သံပြားကာထားတဲ့အခန်းထဲကနေ တစ်ဒုန်းဒုန်းထုရိုက်သံကိုကြားလိုက်ရတယ်။

" ကျုပ်ပြောသားပဲ ဒီကောင်တွေတစ်ကောင်ထဲမဟုတ်ပါဘူးလို့ ခင်ဗျားက ဒီအခန်းထဲက ကောင်ကိုတာဝန်ယူလိုက် ကျုပ်က ဟိုဘက်အခန်းကိုသွားမယ် အဆင်ပြေလား"

ဆရာသက်စကားကိုအောင်မြတ်သာက ခေါင်းညိမ့်ပြကာ သဘောတူကြောင်းပြောလိုက်ပြီး အခန်းတံခါးကိုဖွင့်ကာအထဲကိုဝင်လာခဲ့လိုက်တယ်။ အထဲရောက်တော့ အပြင်ကနေ " ဂျောက်"ဆိုတဲ့အသံနဲ့အတူ အခန်းတံခါးလော့ကျသွားခဲ့တယ်။

အောင်မြတ်သာ အလင်းရောင်မရှိတဲ့ အခန်းထဲကိုရောက်တာနဲ့ ကိုယ်ထဲကနေ အဖြူရောင်အလင်းတန်းအချို့ ထွက်လာခဲ့ပြီး အခန်းတစ်ခုလုံးလင်းထိန်သွားခဲ့တယ်။ ကိုယ်ထဲကထွက်တဲ့အလင်းရောင်ကြောင့် အခန်းတစ်ခုလုံးကိုကောင်းစွာမြင်နေရတဲ့အချိန် အခန်းထဲက ကုတင်အဟောင်းဆီကနေ ရုတ်တရက်ထလာတဲ့ အရိုးခြောက်တစ်ခုကိုမြင်လိုက်ရတယ်။

အရိုးခြောက်ကအောင်မြတ်သာအရှေ့လဲရောက်ရော တစ်ဖြေးဖြေးအသားတွေပြည့်လာပြီး ဖောင်းပွလာခဲ့တာ ပေါက်ကွဲလုနီးနီးလေထိုးအိတ်တစ်လုံးလိုဖြစ်လာခဲ့တယ်။

အောင်မြတ်သာလဲ ရုပ်ပျက်ဆင်းပျက်ဖြစ်လာတဲ့ အတ္တဘောရုပ်ကိုကြည့်ပြီး

" သင်ခြောက်လှန့်လို့ ကျုပ်ကြောက်မှာမဟုတ်ဘူး သင်ဒီဘဝကနေ လွတ်ချင်ရင် ဖြစ်ကြောင်းကုန်စင် ကျုပ်ကိုပြောပြပါ သင်ကိုယ်တိုင်အချုပ်နှောင်ခံထားရတယ်ဆိုတာ ကျုပ်သိတယ် သင်မူလပုံပြန်ပြောင်းပြီး ကျုပ်ကိုပြောပြပါ"

အောင်မြတ်သာစကားအဆုံးမှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အကောင်က မျက်နှာကိုလက်နဲ့အုပ်ကာ ဒူးထောက်ထိုင်ချလိုက်တယ်။

အောက်ထပ်မှာတော့ တောက်ရနဲ့ သက်ခိုင်က အပေါ်ထပ်မှာ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့သောင်းကျန်းနေတဲ့အသံတွေကိုကြားတော့

" ဆရာ ကျွန်တော်တို့ တက်သွားကြမလား ဆရာ့ဆီကနေဘာသံမှမကြားရဘူး ဆရာသက်ကလဲပျောက်နေတယ် "

" ဆရာက မတက်လာနဲ့လို့ပြောထားတယ်မဟုတ်လား ဆရာစကားနားထောင်ပါ တောက်ရ"

သက်ခိုင်က အောင်မြတ်သာပြောသွားတဲ့အတိုင်း အောက်ထပ်မှာစောင့်နေတဲ့အချိန် အိမ်ပေါ်ထပ်လှေကားကနေ ဒလိမ့်ခေါက်ခွေးလိမ့်ဆင်းလာတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

လှေကားအောက်ရောက်လို့ကြည့်လိုက်တော့ ဆရာသက်ဖြစ်နေတယ်။

" ဆရာသက် ဆရာသက် ဘယ်လိုဖြစ်တာလဲ ဟာ ခေါင်းမှာလဲ သွေးတွေနဲ့"

သက်ခိုင်နဲ့ တောက်ရ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့အားသင့်နေတဲ့အချိန် လှေကားထိပ်ကနေ တင်းပုတ်ကြီးကိုင်ကာဆင်းလာတဲ့ ဘီလူးနှစ်ကောင်ကိုတွေ့လိုက်ရတယ်။

တောက်ရက ဘီလူးနှစ်ကောင်ကိုမြင်တော့ လွယ်အိတ်ကိုယူဖို့ဟန်ပြင်လိုက်တဲ့အချိန် သက်ခိုင်က တားလိုက်ပြီး

" ဘီလူးနှစ်ကောင်ရဲ့ နဖူးကိုကြည့်စမ်း"

တောက်ရလဲသက်ခိုင် စကားကြောင့် ဘီလူးနှစ်ကောင်ရဲ့နဖူးကိုကြည့်လိုက်ရာ

" ဟာ ဘယ်လိုဖြစ်တာလဲ ဒါဆို ဆရာသက်က "

တောက်ရစကားမဆုံးခင်မှာပဲ သက်ခိုင် အိမ်ပေါ်ထပ်ကိုပြေးတက်သွားပြီး အောင်မြတ်သာကိုလိုက်ရှာပေမယ့် အစအနပင်မတွေ့ရပဲ မီးဖိုခန်းထဲမှာ လူငါးယောက်သတိမေ့နေတာကိုမြင်လိုက်ရတယ်။

သက်ခိုင် ရုတ်တရက် ဘာမှနားမလည်နိုင်အောင်ဖြစ်သွားပြီး လှေကားပေါ်ကနေ ပြန်ဆင်းလာတဲ့အချိန် အိမ်တံခါးဝကနေ လမ်း‌လျောက်ဝင်လာတဲ့ အောင်မြတ်သာကိုတွေ့လိုက်ရတယ်။

"ဆရာ ဆရာ ဘာဖြစ်သွားသေးလဲ"

သက်ခိုင်ရဲ့စိုးရိမ်တကြီးမေးလိုက်တဲ့စကားကို အောင်မြတ်သာ ပြန်မဖြေပဲ လှေကားအောက်မှာသတိမေ့နေတဲ့ ဆရာသက်ကိုကြည့်ပြီး

" တလက်လက်တဖိတ်ဖိတ် တောက်ပနေတဲ့ စိန်စီလမ်းကိုမရွေးပဲ မှောင်မဲပိတ်ဖုံးနေတဲ့ ခရောင်းလမ်းကို သင်ရွေးချယ်ခဲ့ပါလား" လို့ပြောပြီး အိမ်အပြင်ဘက်ကိုထွက်သွားခဲ့တယ်။

သက်ခိုင်နဲ့တောက်ရလဲ သတိမေ့နေတဲ့ ဆရာသက်ကို လှေကားရင်းမှာထားပြီး အောင်မြတ်သာအနောက်ကိုပြေးလိုက်သွားခဲ့တယ်။

အိမ်နီကြီးဆီကနေ ထွက်လာခဲ့ပြီး အတန်ကြာတော့ အောင်မြတ်သာက

" မင်းတို့စိတ်ထဲသိချင်တာရှိနေကြတယ်မဟုတ်လား" လို့ပြောတော့ သက်ခိုင်နဲ့ တောက်ရက ပြိုင်တူခေါင်းညိမ့်လိုက်ကြတယ်။

" အင်း တကယ်တော့ ဆရာသက်က ငါ့ကိုအကောက်ကြံဖို့ ဒီကိုခေါ်လာခဲ့တာ"

" ဟင် "

" ဘယ်လိုကြောင့်လဲဆရာ သူနဲ့ဆရာကရန်ငြိုးမှမရှိတာ"

" တောင်သခင်မဖြစ်ရပ်ကိုမင်းတို့မှတ်မိတယ်မဟုတ်လား အဲဒီဖြစ်ရပ်မှာ သူအရှက်တကွဲဖြစ်ခဲ့ရတယ် အဲဒါကိုမကျေမနပ်ဖြစ်ပြီး လက်စားချေတာ တကယ်တော့ သူက ငါတို့အဓိဌာန်ဝင်နေတာကိုမြင်ပြီး အကွက်ကျကျစီစဉ်ခဲ့တာ"

" ဒါဆို သူ့အိမ်မှာ ပယောဂကုတာကရော"

" အားလုံးက သူ့ရဲ့ကြံရာပါတွေကြီးပဲ ကောင်မလေးကိုဝင်ပူးတာကလဲ သူမွေးထားတဲ့နာနာဘာဝတွေကဟန်ဆောင်ဝင်ပူးတာ"

" အော် ဒါကြောင့် ဝင်လာတော့ မျက်နှာကိုမမြင်ရဘူးလို့စိတ်ထဲထင်နေတာ"

" အခုအိမ်နီကြီးနဲ့မကျွတ်မလွတ်တဲ့သူဆိုတာကရော "

" တကယ်တော့ ဒီအိမ်က သူ့ရဲ့အပေါင်းအပါ လူကြီးပိုင်တဲ့အိမ်ပဲ သူက တတ်တဲ့ပညာအနည်းငယ်နဲ့ အစိမ်းသရဲတွေကိုအိမ်ထဲမှာမွေးထားတယ် မသိနားမလည်သူတွေက ဝယ်တဲ့အခါ မွေးထားတဲ့ကောင်တွေနဲ့ ခြောက်လှန့်ခိုင်းတယ် ဝယ်ထားတဲ့သူတွေက မနေရဲလို့ပြန်ရောင်းတဲ့အခါ သူပြောတဲ့လူကပဲ ဈေးပေါပေါနဲ့ပြန်ဝယ်တယ် ဘေးအိမ်ကလင်မယားဆိုတာကလဲ အကြံတူလောဘသားတွေပဲ"

" ဒါနဲ့ဆရာက ဘယ်လိုအောက်ကိုရောက်လာတာလဲ"

" ဆရာသက်က ငါ့ကိုအခန်းထဲပိတ်ပြီး အသေသတ်ဖို့ကြိုးစားခဲ့ပေမယ့် သူမွေးထားတဲ့ နာနာဘာဝကို ငါပြန်လွတ်ပေးခဲ့တယ် မင်းတို့မြင်လိုက်ရတဲ့ လူတွေကလဲ ဆရာသက်ရဲ့အပေါင်းအပါတွေပဲ ငါကတော့ အပေါ်မတက်ခင်ထဲက အပြင်ဘက်မှာ ယက္ခညီနောင်ကိုအစောင့်ချခဲ့တာ"

" ဒါဆို ဆရာသက်နဲ့သူ့အပေါင်းအပါတွေကို အခုလိုဖြစ်အောင်လုပ်တာက "

" ယက္ခညီနောင်လေ ဒါကြောင့် နဖူးမှာ လေးကွက်အင်းမြင်ရတာပေါ့"

" အခုဆရာသက်နဲ့ သူ့အပေါင်းအပါတွေကရော ဘယ်လိုလုပ်မှာလဲ ဆရာ"

" အချိန်တန်ရင် သတိရလာလိမ့်မယ် ဒါပေမယ့် ပုံမှန်လူတော့မဖြစ်တော့ဘူးပေါ့ ဆရာသက်က ပညာစွမ်းရှိပေမယ့် ပညာကိုအကျိုးရှိတဲ့နေရာအသုံးမချတတ်လို့ လောဘနောက်လိုက်လို့ အခုလိုဖြစ်ရတာပဲ"

" လောဘနောက်လိုက်ရင် ဘယ်လောက်တော်တဲ့သူဖြစ်ပစေ လမ်းမှားရောက်ကြတာပဲနော်"

အောင်မြတ်သာတို့ဆရာတပည့်တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း ခရီးဆက်လာခဲ့ကြတာ အိမ်နီကြီးရဲ့အဝေးကိုတစ်ဖြေးဖြေးရောက်ရှိလာခဲ့တယ်။

ညနက်လာလေလေ အမှောင်ထုကလဲ တစ်ဖြေးဖြေးကြီးစိုးလာသလို အအေးဓါတ်ကလဲ ပိုလာခဲ့တယ်။ အောင်မြတ်သာတို့လဲ လမ်းမှာတွေ့တဲ့ ဇရပ်လေးပေါ်မှာခဏနားရင်း မေမြို့ရဲ့ညကိုကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။

သက်ခိုင်ကအနီးနားမှာရှိတဲ့ သစ်ကိုင်းခြောက်တွေကို မီးဖိုနေတဲ့အချိန် အောင်မြတ်သာကတော့ မီးဖိုရဲ့မလှမ်းမကမ်းမှာ တရားထိုင်နေခဲ့တယ်။

မီးကအရှိန်ကောင်းလာတာနဲ့အမျှ မီးတောက်မီးလျှံတွေက တစ်ဖျောက်ဖျောက်တောက်ပနေတဲ့အချိန် မီးလျှံတွေထဲကနေ မျက်နှာတစ်ခုရုတ်တရက်ပေါ်လာတာကို အောင်မြတ်သာမြင်လိုက်ရတယ်။

ထိုမီးတောက်ထဲကနေပေါ်လာတဲ့မျက်နှာက ဘယ်သူ့မျက်နှာဖြစ်မလဲ၊ ဘာကြောင့်ရုတ်တရက်ပေါ်လာခဲ့တာလဲ ၊ အောင်မြတ်သာတို့နဲ့ရော ဘယ်လိုပတ်သတ်နေလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် မီးဖိုစောင့်နတ်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment