"ရွာသူ "

" ဥုံ ... မြေထဲမနေ မြေပေါ်နေ ဒွေးချေမယ်လျ မြေဘုတ်ဖို နဲ့ မြေဘုတ်မ ။ စားသည့်ထမင်း ကြက်သားဟင်းနှင့် မြေမင်း စားတော်ခေါ်၏။ " " စ... thumbnail 1 summary



" ဥုံ ... မြေထဲမနေ မြေပေါ်နေ ဒွေးချေမယ်လျ မြေဘုတ်ဖို နဲ့ မြေဘုတ်မ ။ စားသည့်ထမင်း ကြက်သားဟင်းနှင့် မြေမင်း စားတော်ခေါ်၏။ "

" စားဟဲ့ဆိုလျင် မစားလျင် ... နင့်အူထုံးကို ဓားမတုံးနှင့် ခုတ်လိမ့်မည်။ စားဟဲ့ဆိုလျင် မစားလျင် ... နင့်ဆံထုံးကို ဓားမတုံးနဲ့ ခုတ်လိမ့်မည်။ "

" ဧဟိဘတ္တံ ဘောဇနံ ဘုဉ္ဇဟိ ဘုဉ္ဇဟိ ။ "

အိုအေ! ... အဲ့သလို ၃ခေါက်လည်း ရွတ်ပြီးရော ဘာပြောကောင်းမတုန်း ၊ ကြည့်နေတဲ့သူ အကုန် ကြက်သီးဖြန်းကုန်ကြတာပေါ့ ၊ သက်ပန်ရဲ့ အသံကလည်း ဟိန်းထချက် ။ ငတိုး ကိုယ်ထဲ ဝင်ပူးနေတဲ့ မြေဘုတ်ဆိုတာ နောက်ကို ပက်လက်လန်ကျရောပေါ့အေ။

ငတိုး ပက်လက်လန်လဲကျတဲ့အခါ ၊ မအိမ်ကောင်းက ပြေးပွေ့တယ် ။ သက်ပန်က လဲကျနေတဲ့ ငတိုး ခြေလက်ကို တောက်ပေးတယ် ။ ချက်ချင်း ငတိုး သတိလည်လာရောအေရယ် ။ စွမ်းချက် စွမ်းချက် လက်ဖျားခါတယ် ။

" သက်ပန်က ပြန်ခါနီး မအိမ်ကောင်းကို အသေအချာ မှာသွားတယ် ။ မြေဘုတ်ဘီလူးက အစာလိုလို့ ဝင်ပူးတာပါတဲ့ ။ သူ ကျေနပ်အောင် စကောတစ်ချပ်မှာ ထမင်းဖြူ တစ်ပန်းကန်ပြား၊ ကြက်ခေါင်း ၊ ကြက်အူ၊ ကြက်တောင်ပံ နှစ်ဘက်၊ ကြက်ခြေနှစ်ချောင်းတို့ကို အစိမ်းထည့် လှေကားရင်းမှာ ခေါစာချကျွေးလိုက်ပါတဲ့ ။ အဲ့ဒါဆို အဆင်ပြေသွားပါလိမ့်မယ်လို့ ပြောပြီး ပြန်သွားလေရဲ့ "

ထိုမိန်းမသည် အားရပါးရ ပြောအပြီး ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကို ကောက်ဖွာ အမောဖြေလေ၏။

အားရပါးရ ဖွာအပြီး ဆက်ပြောပြန်၏။

" သက်ပန်လည်း ပြန်သွားရော ငတိုး ငေါက်ခနဲ့ ထဆော့ပါလေရောလား ၊ မအိမ်ကောင်းခမျာ ကျေးဇူးတင်စကားကို အိမ်လိုက်ပြောရသတဲ့ "

တစ်ယောက်သောသူက ...

" ဒါဆို သက်ပန်က ရွာက ပြောနေကြသလို ရွာသူပဲပေါ့နော် "

" ဖွ ... ဖွ ... အဲ့တာတော့ ငါလည်း မပြောရဲဘူးအေရဲ့ ၊ ကြမ်းကြား လေကြား အေရယ်။ ကောင်မ ... ညီးမို့ ယိုးရဲတယ် ။ ငါတို့တော့ ပြောရဲပေါင် "

မေးသောသူသည် ရှိုးတို့ရှန့်တန့်ဖြင့် နုတ်ဆိတ်သွား၏။

သို့ပေမယ့် တစ်ရွာလုံး၏ စိတ်ဝယ် မသက်ပန်သည် ဘာလဲဆိုတာ သို့လော သို့လောဖြစ်ကာ မတင်မကျ ဖြစ်နေကြလေတော့၏။ ဤသတင်းသည် သေချာပေါက် သတို့သားလောင်း ကိုအောင်မင်း၏ နားသို့ မနှေးအမြန် ရောက်လိမ့်မည်။ ထိုအခါ ကိုအောင်မင်းသည် မည်သို့ ဆုံးဖြတ်မည်နည်း။

မနက်ဖြန်ဆိုလျင် ကိုအောင်မင်းနဲ့ မသက်ပန်၏ မင်္ဂလာပွဲ မဟုတ်လား။

____________

၅။

ရေနံဆီ မီးအိမ်သည် ကိုအောင်မင်း၏ အပေါ်ထပ်၌ ထွန်းလင်း နေပါ၏။ အောက်ဘက် ခြံထဲတွင် ကာလသား လူငယ်အချို့ ချက်ပြုပ်နေကြဆဲ ဖြစ်သည်။ မိန်းမသူများတော့ မရှိကြတော့ပေ။

မီးရောင်အောက်တွင် မသက်ပန်သည် ကြမ်းပြင်၌ ကျုံ့ကျုံ့လေး ထိုင်နေရှာသည်။ ကိုအောင်မင်းကား မသက်ပန်ကို မချိတင်ကဲ ကြည့်ရင်း ...

" မသက်ပန် မင်း ဘယ်လို လုပ်လိုက်တာလဲကွယ် ၊ မနက်ဖြန်ဆိုရင် မင်းနဲ့ ကျုပ်ရဲ့ မင်္ဂလာပွဲတောင် ကျင်းပတော့မှာ ..."

ကိုအောင်မင်း၏ အမေးစကားကို မသက်ပန် မဖြေ။ ခေါင်းကို တွင်တွင်ကြီး ငုံ့ထားလေ၏။

ကိုအောင်မင်းက ဒေါမနသဖြစ်ကာ ဆက်ပြောသည်။

" အခု တစ်ရွာလုံးမှာ မင်းသတင်းက ပျံ့နေသကွဲ့ ။လူတွေကလေ မင်းကို မရဲတရဲ ဆိုကုန်ကြပြီ။ မသက်ပန်က ...."

ကိုအောင်မင်း စကားတို့သည် ထိုနေရာ၌ ရပ်သွား၏။ ဆက်ပြီး မဆိုရဲချေ။ မဆိုရက်ချေ။

မသက်ပန် ခေါင်းမော်လာ၏။ နုတ်ဆွံ့သွားသောကိုအောင်မင်းကို မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်ပြီး ...၊

" ဆက်ပြောပါ အစ်ကို ၊ သက်ပန်က ရွာသူလို့ "

မသက်ပန်ကား ပကတိ တည်ငြိမ်လှသည်။ စိတ်ဆိုး ဒေါသထွက်ဟန် အလျင်းမရှိချေ။

"ဟူး ..."

ကိုအောင်မင်း ဟူးခနဲ့ သက်ပြင်းချ၏။မသက်ပန်၏ အကြည့်ကို တည့်တည့်မကြည့်ပဲ လွှဲလိုက်ပြီး၊ မျက်နှာကို ပြတင်းပေါက်ဆီသို့ လှည့်ကာ၊

" ပြောလည်း ပြောစရာ ဖြစ်ကုန်ပြီပေါ့ မသက်ပန်ရယ် ။ မသက်ပန်က အရီးမအိမ်ကောင်းရဲ့သား ငတိုး၊ သရဲပူးတာ သွားထုတ်ပေးတာကိုး "

ချက်ချင်း မသက်ပန်ထံက အသံထွက်လာ၏။

" အဲ့တာ ... ကျမ မှားသလား အစ်ကို ၊ ကျမ စေတနာနဲ့ ကူညီလိုက်တာပါ။ ကျမ အချိန်မှီ မရောက်ရင် ငတိုး ဘာဖြစ်မယ်ထင်လဲ ..."

ကိုအောင်မင်း မသက်ပန်ဘက်သို့ လှည့်လာသည်။ မသက်ပန်က တည်ကြည်စွာ ...

" မြေဘုတ် စားရင် ၊ ငတိုး အော့အန်သေလိမ့်မယ် အစ်ကို ။ ဒါကြောင့် ကျမ လူ့အသက်တစ်ချောင်းကို ကယ်လိုက်မိတာပါ ။ ကျမ ဘယ်သူ့ကိုမှ ဒုက္ခ မပေးခဲ့ပါဘူး "

ကိုအောင်မင်း မသက်ပန်ကို တည့်တည့်ကြည့်သည်။ သူ့အကြည့်က ခုနလို မဟုတ်တော့ နူးညံ့လာသည်။

" ဒါတွေကို မင်း ဘယ်လို သိနေတာလဲ မသက်ပန် ၊ မင်းမှာ တကယ်ပဲ ပညာစက် ရှိနေတာလားဟင် "

မသက်ပန် ပထမတော့ ငြိမ်နေသေး၏။ တအောင့်လောက်ကြာမှ ...။

" ကျမ အစ်ကို့ကို ပြောပြနိုင်တာ တစ်ခုပဲ ရှိတယ် ။ အစ်ကို ယုံချင်လည်း ယုံပါ ။ မယုံဘူးဆိုလည်း အစ်ကို့ ဆုံးဖြတ်ချက်ကို ကျမ နာခံပါ့မယ် ။
ကျမ ဖြေနိုင်တာ ဖြေပါ့မယ်အစ်ကို ။ ကျမ ဘယ်သော်အခါမှ လူကောင်းသူကောင်းတွေအပေါ် ဒုက္ခပေးလို့ မရအောင် ၊ အမေကိုယ်တိုင် မြစင်္ကြာစေတီမှာ သစ္စာဆိုခိုင်းထားခံခဲ့ရသူပါ ။ ကျမကြောင့် ဘယ်သူမှ ဒုက္ခ မရောက်စေရပါဘူးလို့ ကတိပေးပါတယ် ။
ပညာစက်ဆိုတာက ကျမ ငယ်စဉ် ၁၃နှစ်သမီးကတည်းက စွန့်ခဲ့ပြီးပါပြီ ။ ကျမမှာ ဘာပညာစက်မှ မရှိပါဘူး ။ ကျမမှာ ရှိတာဆိုလို့ အမေ့ အမွေပဲ ကျန်ပါတော့တယ် ။ အဲ့ဒါကတော့ ကျမ သေသည်အထိ ကျန်ရှိနေမှာပါ "

ပြောရင်း မသက်ပန်၏ အသံမှာ တုန်ရင် လှိုက်ခုန်လာ၏။ ဝမ်နည်းမှုကြောင့် ငိုသံပါလာသည်။

" အစ်ကို သိအောင် ကျမ ပြောပြမယ် ။
ရွာသူဆိုတာက ... အင့် "

မသက်ပန် စကား မဆက်နိုင်။

မသက်ပန်၏ နုတ်ခမ်းကို ကိုအောင်မင်းက လက်ဖဝါးဖြင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ငိုသံပါလာသည့် မသက်ပန်အပေါ် သနားလာသောကြောင့် ဖြစ်သည်။ မသက်ပန်၏ စကားတို့သည် ကြားခုလပ်၌ ရပ်တန့်သွားလေ၏။ဆက်မပြောသာတော့ပေ။

မသက်ပန်သည် ရွာသူဟုလည်း ဝန်မခံ။ ပညာစက် အထူး မရှိပါဟုလည်းဆို၏။ သို့သော် မသက်ပန်သည် သူမ၏ အမေ ဒေါ်သူဇာ၏ ပညာအမွေကိုတော့ ဆက်ခံနေရပါသည်တဲ့လေ။ဆက်စပ်တွေးပြီး အဖြေရှာမရ။

သို့ပေမယ့် ကိုအောင်မင်းအတွက် ဝမ်းသာစရာ အချက်တစ်ခုကို မသက်ပန် ဖြေခဲ့လေပြီ။ သူမကြောင့် တစ်ပါးသောသူ ဒုက္ခ မရောက်စေရပါဟူသော ကတိ ပေးလာပြီမဟုတ်လား ။

ဤကတိသည်ပင် ကိုအောင်မင်း၏ ကြောက်လန့်နေသော သံသယမြူမှုန်တွေ ကင်းစင်သွားစေပါ၏။

ထို့ကြောင့် မသက်ပန်၏ လက်ချောင်းလေးများကို ကိုအောင်မင်း အသာအယာ ဆွဲယူ ကိုင်လိုက်ရင်း ...၊

" အစ်ကိုကတော့ မသက်ပန် ဘာကြီး ဖြစ်နေ ဖြစ်နေ ၊ မသက်ပန်အပေါ် ထားတဲ့ မေတ္တာ တစ်ရွေးသားမှ လျော့ပါးမသွားပါဘူးကွယ် ။ မသက်ပန်အပေါ် ရွာကလူတွေ အထင်မြင် လွဲမှားကြမှာကို ကြားထဲကနေ စိုးရိမ်မိလို့ပါ "

ထိုသို့ ပြောအပြီး ကိုအောင်မင်းသည် ဇနီးလောင်း မသက်ပန်၏ ကိုယ်လုံးလေးကို ပိုင်ပိုင်နိုင်နိုင် ထွေးပွေ့လိုက်သည်။

မသက်ပန်ခမျာ အင့်ခနဲ့ အာမေဋိတ်သံ ထွက်ကာ ကိုအောင်မင်း ရင်ခွင်ထဲ ပြိုဆင်းသွားလေ၏။ မသက်ပန် အလန့်တကြား ကိုအောင်မင်း၏ မျက်နှာကို မော့ကြည့်လိုက်သည်။

မိုးကောင်းကင်၌ တိမ်မည်းများ ကင်းစင်သွားသောအခါ လရောင်သည် ပြည့်ဝစွာ ထွန်းလင်းတောက်ပလာ၏။

ပြတင်းပေါက်မှ ဝင်လာသော လရောင်ကြောင့် မသက်ပန်၏ အရှက်သည်းနေသော မျက်နှာကို မြင်တွေ့နိုင်ပါသည်။

အချစ်စ်ိတ်တို့ နိုးကြားလာပြီး မသက်ပန်အပေါ် မချင့်မရဲ ဖြစ်လာသော ကိုအောင်မင်း၏ မျက်နှာသည်လည်း မသက်ပန်မျက်နှာအနီးသို့ တိုးကပ်သွားသည်။

" အို ... "

အသံနဲ့အတူ မသက်ပန်၏ မျက်တောင်များ မှေးစင်းသွားကုန်၏။ အားအင်ကုန်ခမ်းသူတစ်ယောက်လို မသက်ပန်ခမျာ ကိုအောင်မင်း၏ ဖက်ပွေ့နမ်းရှုံခြင်းကို မရုန်းဖယ်နိုင်ရှာခဲ့ပေ။

အောက်ထပ်က ချက်ပြုတ်နေကြသူများထံမှ ဟားကနဲ ရယ်မောသံ ထွက်ပေါ်လာသည်။ လူငယ်များသည် အချင်းချင်း ရယ်မောစရာပြောပြီး ရယ်မောကြခြင်းသာ ။

အပေါ်ထပ်က ရေနံဆီ မီးအိမ်သည် ဆီကုန်သွားသည်လား ၊ လေတိုး၍ ငြိမ်းသွားသည်လား တမင်ငြိမ်းလိုက်သည်လား မသိရ။ မှောင်မည်းသွားလေ၏။

သို့သော် လမင်းကြီးကတော့ သူ့အလင်းကို အစွမ်းကုန် လွှတ်တင်ပေးလိုက်သလိုပင် ။ မီးကုန်ယမ်းကုန် ထွန်းလင်းတောက်ပနေပါ၏။

ခုနတုန်းက ကိုအောင်မင်း တားမြစ်၍ မသက်ပန် မပြောလိုက်ရသည့် စကားစုများ၌ ...။

" ရွာသူဆိုတာ သူ့ပညာကို စွန့်ချင်တိုင်း စွန့်လို့ ရတာမျိုးမှ မဟုတ်ဘူး အစ်ကို ၊ဒီပညာက ကျမ လိုချင်လို့ ယူထား ရထားတဲ့ ပညာမှ မဟုတ်ပဲ။ ကျမက ဘာတတ်နိုင်မှာမို့လဲ အစ်ကိုရယ် "

မင်္ဂလာဆွမ်းအတွက် ထမင်းဟင်း ချက်ပြုပ်နေသူများက သတိမထားမိလိုက်။ ကိုအောင်မင်း၏ နေအိမ်အထက်မှ ညသန်းခေါင်ယံ အ,ကာလအချိန်၌ မသက်ပန်အား ပညာစမ်းလိုသော စုန်းမီးတောက်အချို့ ဝေ့ဝဲသွားကြလေ၏။

ပညာထက်သော စုန်းမျိုးရှိသည့် နေအိမ်ခေါင်မိုးသည် တခါတရံ၌ စောက်ထိုးမိုးမျှော် ယိမ်းယိုင်နေတတ်၏။

အကယ်၍သာ ထမင်းဟင်းချက်လာသူများ အိပ်ပျော် မနေပါက ကိုအောင်မင်း၏ ပျဉ်ထောင်အိမ်၏ ခေါင်သည် တစောင်းကြီး ဖြစ်နေတာကို မြင်တွေ့သွားကြမည် ဖြစ်လေ၏။

ပြီးပါပြီ။

ပီပီ(မန္တလေး)

No comments

Post a Comment