အောင်မြတ်သာနှင့်လေလွင့်လိပ်ပြာ

မိုးအကုန်ဆောင်းအကူးရာသီဖြစ်လို့ အေးမြလတ်ဆတ်တဲ့လေအေးတွေက နေရာပေါင်းစုံကနေ တိုက်ခတ်နေတဲ့ တောလမ်းလေးတစ်ခုပေါ်မှာ မနှေးလွန်း မမြန်လွန်းတဲ့ ခြေလှ... thumbnail 1 summary



မိုးအကုန်ဆောင်းအကူးရာသီဖြစ်လို့ အေးမြလတ်ဆတ်တဲ့လေအေးတွေက နေရာပေါင်းစုံကနေ တိုက်ခတ်နေတဲ့ တောလမ်းလေးတစ်ခုပေါ်မှာ မနှေးလွန်း မမြန်လွန်းတဲ့ ခြေလှမ်းတွေနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေ လျောက်လှမ်းလာခဲ့တယ်။

မြေနီတွေဖုံးလွှမ်းနေတဲ့ တောလမ်းလေးက ကျစ်လစ်မာကြောနေတာကိုကြည့်ပြီး လူသွားလူလာများတဲ့လမ်းတစ်ခုဖြစ်လိမ့်မယ်ဆိုတာကို အောင်မြတ်သာတို့သဘောပေါက်ခဲ့ကြတယ်။

ဖြောင့်ဖြူးနေတဲ့မြေနီလမ်းအတိုင်းလျောက်လာခဲ့တာ ထမင်းအိုးတစ်လုံးကျက်ခန့်ကြာတော့ မီးခိုးတွေတလူလူထွက်နေတဲ့ လူနေရွာလေးတစ်ရွာကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။

အောင်မြတ်သာက ရွာလေးကိုမြင်တာနဲ့
" သက်ခိုင် မင်းနဲ့ငါ့အတွက် အလုပ်တစ်ခုကစောင့်ကြိုနေပြီ"

ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်တဲ့အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်ထားတဲ့လွယ်အိတ်ကြိုးကို ပခုံးပေါ်ဆွဲတင်လိုက်ပြီး

" အကောင်းလား အဆိုးလားဆရာ "

" အကောင်းရော အဆိုးရော ဒွန်တွဲနေတယ် ကံကောင်းရင် လူတစ်ယောက်ပြန်ရှင်လာလိမ့်မယ် ကံမကောင်းရင် လူတစ်ယောက်သေတာနဲ့မခြားဖြစ်လိမ့်မယ်"

အောင်မြတ်သာစကားကြောင့် သက်ခိုင်ဘာမှဆက်မပြောတော့ပဲ ကြုံလာနိုင်တဲ့ အခြေအနေတွေကိုတွေးရင်း မီးခိုးတလူလူထွက်နေတဲ့ ရွာရှိရာကို လျှောက်လာခဲ့လိုက်တယ်။

ရွာအဝင်ဝကိုရောက်တော့ ရွာထဲကနေ လွယ်အိတ်တစ်လုံးကိုလွယ်ကာထွက်လာတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဲဒီလူက အောင်မြတ်သာတို့ကိုမြင်တော့

" ညီနောင်တို့ သင်တို့ကလဲ ပယောဂကုတဲ့ဆရာတွေပဲလား"

အောင်မြတ်သာက ဘာမှမပြောပဲ ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြလိုက်တယ်။

" ဒါဆိုရင် ဒီလူနာသတိပြန်ရအောင်ကြိုးစားကြည့်ကြပေါ့ကွာ ကျုပ်တောင်လက်လျော့ပြီးပြန်လာရတယ် လူနာသတိပြန်ရအောင်လုပ်ပေးရင် ပေးမယ့်ငွေကြေးကလဲမနည်းဘူးဆိုတော့ အနယ်နယ်အရပ်ရပ်က ပယောဂကုဆရာတွေလာကြတာတော့မဆန်းပါဘူး "

ပယောဂဆရာက တစ်ယောက်ထဲပြောပြီး ခပ်သုတ်သုတ်ပြန်ထွက်သွားတယ်။

သက်ခိုင်က ကျောပေးထွက်သွားတဲ့ ပယောဂဆရာကိုသမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး

" ပညာကိုရောင်းစားကြတဲ့သူတွေပါလား"လို့ရေရွတ်လိုက်တယ်။

အောင်မြတ်သာကတော့ဘာမှမပြောပဲ လက်ကလေးနောက်ပစ်ကာ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ ရွာလမ်းတစ်လျောက်မှာ ရှိနေတဲ့လူတွေက အောင်မြတ်သာတို့ကိုကြည့်ပြီး

" ဒီတစ်ခါ ဆေးလာကုတဲ့ ဆရာတွေက ငယ်ငယ်လေးတွေ ပညာကရောစွမ်းပါ့မလား"

" ပညာဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးဟဲ့ အရှေ့ကဆရာတွေကိုပဲကြည့် ဘယ်သူမှကုနိုင်သေးတာမဟုတ်ဘူး ဒီဆရာလေးတွေ ဘယ်လိုကုမလဲကြည့်ချင်သေးတယ်"

အောင်မြတ်သာနဲ့သက်ခိုင်က ရွာထဲကလူတွေပြောတာကိုမကြားချင်ယောင်ဆောင်ပြီး ဆက်လျောက်ခဲ့ရာ သိပ်မကြာခင် လူတွေစုံပြုံနေတဲ့ ခြံဝင်းကျယ်ကျယ်နဲ့အိမ်တစ်အိမ်ကိုတွေ့လိုက်ရတယ်။

စုပြုံတိုးဝှေ့ကြည့်နေတဲ့လူတွေက အောင်မြတ်သာတို့ကိုမြင်တော့ ဘေးကိုဖယ်ပေးလိုက်ကြပြီး

" ဆရာလေးတို့က လူနာလာကြည့်ပေးတာလား "

အောင်မြတ်သာက ခေါင်းလေးဆတ်ပြရုံပြလိုက်တော့

" ဒါဆို ဒီမှာခဏထိုင်ပါဦး အပေါ်မှာ ဆရာတစ်ယောက်ကုနေသေးတယ်"

ခြံဝိုင်းထဲကလူက ပြောပြောဆိုဆိုနဲ့ ထန်းလျက်နဲ့လုပ်ထားတဲ့ထိုင်ခုံနှစ်လုံးကိုလာချပေးတယ်။ အောင်မြတ်သာတို့လဲ ခုံကိုခြံဝင်းထဲက သရက်ပင်ရိပ်အောက်မှာနေရာချလိုက်ပြီး

" လူနာက ဘယ်လိုဖြစ်တာလဲပြောပါဦး"

အောင်မြတ်သာစကားကြောင့် ခုံယူလာပေးတဲ့လူက သရက်ပင်ဘေးမှာရှိတဲ့ သစ်ငုတ်တိုပေါ်ထိုင်လိုက်ပြီး

" လူနာက အသက်၂၀လောက်ပဲရှိသေးတယ် ကျုပ်ရဲ့တူပေါ့ဗျာ ဒီကောင်လေးက ဂမ္ဘီရလိုင်းတွေလိုက်စားတယ် အသက်၁၆နှစ်လောက်မှာ တော်ရုံတန်ရုံပယောဂလောက်ကို ကုတတ်နေပြီ သူ့ကိုသင်ပေးတဲ့ဆရာက အရင်ကဒီရွာကပဲ သူ့အသက်၁၇နှစ်လောက်မှာ ဆရာကြီးက ဆုံးသွားတယ် အဲဒီမှာသူ့ပညာလဲတစ်ဝက်တစ်ပျက်နဲ့ ဖြစ်နေခဲ့တယ် မိဘတွေကပိုက်ဆံချမ်းသာတော့ သားဖြစ်သူလုပ်သမျှကို အနောက်ကနေအကုန်ပံ့ပိုးပေးခဲ့တယ် တစ်ရက်မှာတော့ ဒီကောင်ရွာကနေပျောက်သွားတာ နှစ်နှစ်လောက်နေမှ ပြန်ရောက်လာတယ် ဘယ်သွားတာလဲမေးတော့ ပညာလိုက်ရှာတယ်လို့ပြောတယ် ပြန်ရောက်တဲ့အချိန်ကစပြီး ထမင်းစားချိန်၊အိပ်ချိန် နဲ့ အပေါ့အပါးသွားချိန်လောက်သာထပြီး ကျန်တဲ့အချိန်တွေဆိုရင် ဖယောင်တိုင်ကိုမီးထွန်းပြီး ထိုင်ကြည့်နေတာ သူအိပ်ရင်လဲ ခဏပဲ သူ့ကိုမေးတော့ ကျင့်စဉ်တစ်ခုကိုကျင့်နေတာလို့ပြောတယ် ဒီကျင့်စဉ်အောင်မြင်ရင် သူ့ရည်မှန်းချက်ပြည့်ပြီလို့လဲပြောတယ် တစ်ညမှာတော့ အိပ်ပျော်သွားရာကနေ ပြန်မနိုးတော့တာအခုထိပဲ"

" ဘယ်လိုပြန်မနိုးတာလဲ ရောဂါတစ်ခုခုကြောင့် သတိမေ့သွားတာလား"

"အဲလိုလဲမဟုတ်ဘူး ဆေးပညာတတ်ကျွမ်းတဲ့သူတွေကိုလဲခေါ်ပြပြီးပြီ သူ့မှာဘာချို့ယွင်းချက်မှမရှိဘူးလို့ပြောတယ် ဒီတိုင်းသတိကိုပြန်မလည်တော့တာ မိဘတွေကတစ်ဦးတည်းသောသားဆိုတော့ ကုနိုင်တဲ့သူကို ရွှေတစ်ဆယ်သားပေးမယ်လို့ကြေညာခဲ့တယ် အဲဒီအချိန်ကနေစပြီး အိမ်မှာပယောဂဆရာတွေမပြတ်တာအခုထိပဲ ဒါပေမယ့်တစ်ယောက်မှမကုနိုင်သေးဘူး"

" ဒါဖြင့်ကျုပ်တို့ကြည့်ပါရစေ အခကြေးငွေလဲမယူပါဘူး လူနာက နည်းနည်းထူးဆန်းနေတော့ ပညာရတာပေါ့ဗျာ"

အောင်မြတ်သာစကားအဆုံးမှာ အိမ်ပေါ်ကနေ လွယ်အိတ်တစ်လုံးပိုက်ကာဆင်းလာတဲ့ ဆရာတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အိမ်ပေါ်ကဆင်းလာတဲ့ဆရာက အောင်မြတ်သာကိုမြင်တော့ အနားလာကပ်ပြီး

" အခုလူနာက ပယောဂမဟုတ်ဘူး ကျင့်စဉ်တစ်ခုကိုကျင့်ရင်း စည်းပျက်သွားတာလို့ထင်တယ် "

" ဘာကြောင့်အခုလိုအတပ်ပြောနိုင်ရတာလဲဆရာ"

" ကျုပ်ကုတဲ့လူနာကပယောဂမှန်ရင် ရေစင်တစ်ချက်တောက်လိုက်ရုံနဲ့ ရှောင်ပုန်းမရဘူး အခုက အတတ်ဆန်းရင်းဖြစ်သွားတာ အဲဒီအပိုင်းကျတော့ကျုပ်လဲမကုနိုင်ဘူး ဒါကြောင့်လူငယ်တို့ ကြိုတင်သုံးသပ်လို့ရအောင် အကြံပေးတာပါ ကျုပ်ကိုခွင့်ပြုပါဦး"

အောင်မြတ်သာကလွယ်အိတ်ကိုပိုက်ပြီး ထွက်သွားတဲ့ လူရဲ့နောက်ကျောကိုကြည့်ပြီး

" တည်ကြည်ဖြောင့်မတ်ပါပေတယ် ဒါကြောင့်လဲ ရေစင်တစ်စက် ဆရာသက်ဆိုပြီး နာမည်ရနေတာကိုး"လို့ရေရွတ်တာကိုကြားတော့ သက်ခိုင်က

" ဆရာသူ့ကိုသိလို့လား"

" အင်း သိတယ်ပဲဆိုပါတော့ သူက ဘာဂိုဏ်းဝင်မှမဟုတ်ဘူး သူ့ရဲ့သစ္စာသမာဓိသိက္ခာနဲ့ပဲကုတာ"

" ဘယ်လိုလဲဆရာ ကျွန်တော်နားမလည်ဘူး"

" ဆရာသက်ရဲ့ကုထုံးကလွယ်တယ် ဒါပေမယ့် တော်ရုံလူကုမရဘူး သူလူနာစကုတော့မယ်ဆိုရင် သူကျင့်ကြံခဲ့တဲ့သီလသမာဓိသစ္စာကို အရင်ဆုံးတိုင်တည်တယ် ပြီးရင် သူ့ကိုရုက္ခစိုးတစ်ပါးပေးထားတဲ့ သစ်ကနက်ခွက်ထဲကို ရေထည့်တယ် အဲဒီရေထဲကိုလက်ညိုးနှစ်ပြီးတာနဲ့ သစ္စာဆိုတယ် သူဆိုတဲ့သစ္စာအစွမ်းကြောင့် မကောင်းမှုပြုတဲ့သူဘယ်သူမဆိုမနေရဲပဲ သူ့အရှေ့ရောက်လာရတယ် သူမေးလို့ အမှန်မဖြေရင်လဲ ခွက်ထဲကရေနဲ့ပဲတောက်တယ် ဒါပေမယ့် သူ့ရေစင်ထိတဲ့သူက မဟာအဝီစိငရဲကမီးနဲ့ထိသလို ခံစားရတယ် သူ့လိုလူတောင် မကုနိုင်ဘူးဆိုတော့ ပယောဂမဟုတ်တာတော့သေချာတယ် တက်ကြည့်ကြရအောင်"

(စကားချပ် ရေစင်တစ်စက်ဆရာသက်အကြောင်းကို ဝတ္တုအနေနဲ့ရေးသွားဖို့ရှိပါတယ် ဆက်လက်စောင့်မျှော်ပေးပါ)

အောင်မြတ်သာတို့ အိပ်ပေါ်တက်ကြည့်တော့ ဘုရားကျောင်းဆောင်ရှေ့မှာ ရင်ဘတ်ပေါ်လက်တင်ပြီး သတိမေ့နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။ ဘေးမှာတော့ မိဘနှစ်ပါးဖြစ်ဟန်တူတဲ့ လူနှစ်ယောက်က ညိုးငယ်တဲ့မျက်နှာနဲ့ထိုင်နေကြတယ်။

" ဆရာလေးတို့ သားလေးကိုကယ်ပါဦး ဆရာတွေအကုန်လုံးက လက်လျော့ကုန်ပြီ ကျွန်မသားလေးကကို တတ်နိုင်သလောက်ကယ်တင်ပေးပါ"

" စိတ်ကိုလျော့ထားပါ ဒေါ်လေး ကျုပ်တို့အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ် ဖြစ်နိုင်ရင် အောက်ခဏဆင်းပေးပါလား ကျုပ်တို့ခေါ်မှပြန်တက်လာပေးပါ"

အောင်မြတ်သာစကားကြောင့် အိမ်ပေါ်မှာရှိနေတဲ့သူတွေအားလုံး အိမ်အောက်ကိုဆင်းသွားကြတယ်။

လူတွေအားလုံးဆင်းသွားတော့ အောင်မြတ်သာကဘုရားရှိခိုးလိုက်ပြီး

" သက်ခိုင် အိမ်တံခါးကိုပိတ်လိုက် ငါတို့လုပ်ရပ်တွေကိုအပြင်လူတွေမြင်လို့မရဘူး"

အခြေအနေအရပ်ရပ်ကိုသဘောပေါက်နေတဲ့သက်ခိုင်က အိမ်တံခါးကိုထပိတ်လိုက်ပြီး

" ဆရာ ဒီလူငယ်က အိပ်ပျော်နေသလိုပဲနော်"

" ဟုတ်တယ် သူ့မှာဘာပြဿနာမှမရှိဘူး မူလခန္ဓာကိုယ်ထဲကိုပြန်ဝင်တဲ့ကြိုးပြတ်တောက်သွားတာပဲရှိတာ"

" ဘယ်လိုလဲဆရာ လိပ်ပြာလွှင့်တဲ့ကြိုးပြတ်သွားတယ်ပြောတာလား"

" ဟုတ်တယ် လူတွေအိမ်မက်မက်တယ်ဆိုတာကလဲ လိပ်ပြာထုတ်လွှင့်ခြင်းတစ်မျိုးပဲ အိမ်မက်ဆိုတာက သဘာဝအရဖြစ်တဲ့အရာရယ် ဖန်တီးယူတဲ့အရာရယ်ဆိုပြီး နှစ်မျိုးရှိတယ် အခုဒီလူငယ်ဖြစ်တာက ကိုယ့်ဘာသာဖန်တီးယူတဲ့ လိပ်ပြာလွှင့်ခြင်းပဲ နိုင်ငံရပ်ခြားမှာတော့ တယ်လီပသီလို့ခေါ်တယ် စိတ်ဝိဉာဉ်ကို ကိုယ်ထဲကနေ ခဏတာထုတ်လွှင့်တဲ့အခါ မူလခန္ဓာကိုယ်နဲ့ ဝိဉာဉ်ကို သေးငယ်တဲ့နန်းကြိုးမျှင်လေးတစ်မျှင်က ချိတ်ဆက်ပေးထားတယ် သူကနူးညံ့တယ် ပါးလွှာတယ် အထိခိုက်မခံဘူး ဒါပေမယ့် ဝိဉာဉ် ထုတ်လွှင့်သူ ဘယ်လောက်အဝေးထိသွားသွား သူလိုက်တယ် အခုဖြစ်တဲ့ပုံက ဆက်သွယ်ထားတဲ့နန်းကြိုးမျှင် ပြတ်တောက်သွားပြီနဲ့တူတယ် သက်ခိုင် သူ့ဝိဉာဉ်ကို ခေါ်ကြည့်ရအောင် မင်းက စိတ်ကိုစုစည်းထားပါ "

အောင်မြတ်သာစကားကြောင့် သက်ခိုင်လွယ်အိတ်ကိုချွတ်လိုက်ပြီး မျက်လုံးကိုစုံမှိတ်ကာ အာရုံကိုစုစည်းလိုက်တယ်။

သက်ခိုင်ငြိမ်သက်သွားတာနဲ့ အောင်မြတ်သာက
အိပ်ပျော်နေတဲ့လူငယ်လေးရဲ့ နဖူးအလယ်တည့်တည့်ကို လက်ညိုးနဲ့ထောက်ပြီး

" ကိုယ်တွင်းမှာကျန်ခဲ့တဲ့ ဝိဉာဉ်ဆက်ကြိုး ကျုပ်၏လက်အတွင်းကပ်ပါလာစေ "လို့ပြောပြီး လက်ညိုးကိုနဖူးအလယ်တည့်တည့်ကနေအပေါ်ကိုမြှောက်တင်လိုက်တာ အောင်မြတ်သာရဲ့ လက်ညိုးထိပ်မှာငွေမျှင်ရောင် ပိုးချည်မျှင်လိုလို အရာတစ်ခုကပ်ပါလာခဲ့တယ်။

အောင်မြတ်သာက ဝိဉာဉ်ဆက်ကြိုး ဘယ်လောက်ကျန်လဲဆိုတာသိရဖို့ မတ်တပ်ရပ်လိုက်တဲ့အချိန် လက်ညိုးမှာကပ်နေတဲ့ ငွေမျှင်တန်းက တစ်လံလောက်အကွာမှာ ဆက်မထွက်တော့ပဲ အိပ်ပျော်နေတဲ့လူငယ်ရဲ့ကိုယ်သာမြောက်တက်လာခဲ့တယ်။

အောင်မြတ်သာကြိုးစားဆွဲတင်ပေမယ့် ထပ်မထွက်လာတဲ့နောက်ဆုံး လက်ညိုးကိုနဖူးနဲ့ပြန်ထိလိုက်ပြီး

" သက်ခိုင် အာရုံဖျက်လိုက်တော့ "

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်မျက်လုံးတွေပွင့်လာပြီး

" ဆရာ ခုနက ကျွန်တော်ရွာထိပ်ကိုရောက်သွားတယ် အဲဒီအချိန် ရွာပြင်ကနေ လူတစ်ယောက်လမ်းလျောက်လာလို့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့လူငယ်ဖြစ်နေတယ် သူကကျွန်တော်ကိုမြင်တော့ ရွာထဲကိုဝင်မရဘူးလို့ပြောတယ် စကားပြောပြီးတာနဲ့ သူ့ကိုပြန်ခေါ်နေပြီဆိုပြီး လီည့်ထွက်သွားတယ်"

အောင်မြတ်သာက သက်ခိုင်ပြောတာကိုနားထောင်ပြီး
" အင်း ရွာစောင့်နတ်ကိုခေါ်ပြီး သေချာအောင်မေးမှရတော့မယ် ... ကဲ ဤရွာကိုစောင့်ရှောက်နေတဲ့ ရွာစောင့်နတ်အကြီးအကဲကျုပ်တို့ရှေ့ကိုမြန်မကြာလာရောက်ခဲ့ပါ"လို့ပြောလိုက်တဲ့အချိန် ပိတ်ထားတဲ့အိမ်တံခါးဝကနေ တောင်ရှည်ပုဆိုးဆင်စွယ်ရောင်ဝတ်ထားပြီး ရွှေရောင်ခါးစည်းကိုကျနစွာစည်းထားတဲ့ အသက်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ပေါ်လာခဲ့တယ်။

" ကဲ ရွာစောင့်နတ်ကြီး ကျုပ်တို့ခေါ်လိုက်ရတဲ့အတွက် စိတ်မဆိုးပါနဲ့ နည်းနည်းမေးမြန်းပီးရင် ပြန်လွှတ်မှာပါ"

" အပန်းမကြီးပါဘူး ဆရာလေး သိလိုတာရှိရင်မေးပါ"

" ကောင်းပြီ ခုနက ရွာထိပ်ကို‌ရောက်လာတဲ့ လူငယ်လေးကို ဘာကြောင့်ရွာထဲပေးမဝင်တာလဲ"

" လိပ်ပြာကြိုးပြတ်နေတဲ့လူငယ်ကိုပြောတာလား ကျုပ်တို့ရွာကိုရှေးယခင်ထဲက စောင့်ရှောက်ခဲ့တဲ့ ဘိုးဘေးဘီဘင်တွေလက်ထက်ထဲက ချမှတ်ခဲ့တဲ့စည်းကမ်းတစ်ခုရှိတယ် လူတစ်ယောက်က ရွာပြင်မှာသေရင် ရွာထဲကိုခေါ်မသွင်းရဘူး ရွာထဲမှာသေရင်လဲ ခုနှစ်ရက်မပြည့်ခင် ရွာထဲကိုပြန်ခေါ်ရတယ် ခုနှစ်ရက်ကျော်လွန်သွားခဲ့ရင် ရွာထဲကိုပေးမဝင်တော့ဘူး ဒီစည်းကမ်းတွေကို ကျုပ်ဖောက်ဖျက်ရင် အပြစ်ပေးခံရလိမ့်မယ်"

" ဒီလူငယ်လေးက သေသွားတာမှမဟုတ်တာ သင်စည်းကမ်းနဲ့မကိုက်ညီဘူးလေ"

" ဆရာလေး သူကမသေဘူးဆိုပေမယ့် သူ့ရဲ့လိပ်ပြာကြိုးကပြတ်တောက်နေခဲ့ပြီ ဒါဟာ သေလူနဲ့မခြားပါဘူး သူ့ကိုပြန်ခေါ်ချင်ရင် လိပ်ပြာကြိုးပြန်ဆက်မှရမယ်"

" လိပ်ပြာကြိုးပြန်ဆက်တဲ့နည်းတော့ ကျုပ်မကြားဖူးဖူး ရွာစောင့်နတ်ကြီးသိရင် ပြောပြပါဦး"

" ဆရာလေးကို ကျုပ်သိတာတစ်ခုတော့ပြောပြမယ် ဒါပေမယ့် ဆရာလေးတို့ကိုယ်တိုင်တော့လုပ်ရမယ် ကျန်တာကျုပ်လဲကူညီပေးလို့မရဘူး"

" ကျုပ်နားလည်ပါတယ် ရွာစောင့်နတ်ကြီးသိသမျှသာပြောပါ"

" တကယ်တော့ ဒီလူငယ်ကအတတ်ဆန်းရင် လိပ်ပြာကြိုးပြတ်ထွက်သွားတာ ဘာကြောင့်ပြတ်လဲဆိုတာတော့ ကျုပ်လဲမသိဘူး ပြန်ဆက်ဖို့နည်းလမ်းကတစ်ခုပဲရှိတယ် အခြားသူရဲ့လိပ်ပြာကြိုးကို ဒီလူငယ်ရဲ့လိပ်ပြာကြိုးနဲ့ဆက်ပြီး ရွာထဲခေါ်လာခဲ့ရမယ် အိမ်ပေါ်ရောက်ရင် ကိုယ်စားခေါ်လာတဲ့ သူရဲ့လိပ်ပြာကြိုးထဲကနေ လူငယ်ရဲ့လိပ်ပြာကြိုးကိုထုတ်ပြီး အိပ်ပျော်နေတဲ့လူငယ်ရဲ့ကိုယ်ထဲကလိပ်ပြာကြိုးနဲ့ပြန်ဆက်ပေးရမယ် အဲဒီနည်းအတိုင်းလုပ်လို့အောင်မြင်ရင် ဒီလူငယ်သတိပြန်ရလာလိမ့်မယ်"

" ကျေးဇူးတင်ပါတယ် ရွာစောင့်နတ်ကြီး နည်းသိပြီမို့ ကျုပ်တို့ဆက်လုပ်လိုက်ပါမယ် သင်ပြန်လိုက ပြန်လို့ရပါပြီ"

အောင်မြတ်သာရဲ့စကားဆုံးတော့ ရွာစောင့်နတ်က မျက်စိရှေ့ကနေဖြတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။

ရွာစောင့်နတ်ကြီးပျောက်သွားတော့ အောင်မြတ်သာက သက်ခိုင်ဘက်လှည့်ပြီး

" ဒီတစ်ခေါက်ကိစ္စ ငါကိုယ်တိုင်လုပ်မှရမယ် နည်းနည်းလေးလွဲတာနဲ့ ဒီလူငယ်လေးဒုက္ခရောက်လိမ့်မယ်"

" ဆရာဖြစ်ပါ့မလား ဆရာတော့ကိုယ်တိုင်မလုပ်ပါနဲ့ ကျွန်တော်ကြိုးစားကြည့်ပါမယ်"

" ခွင့်မပြုနိုင်ဘူးသက်ခိုင် ဒီလူငယ်က နောင်တစ်ချိန်မှာ လူတွေရဲ့အကျိုးကိုကူညီမယ့်အမျိုးသားကောင်းတစ်ယောက်ဖြစ်လို့ အပွန်းပဲ့မခံနိုင်ဘူး ငါလိပ်ပြာထွက်သွားတဲ့အချိန် လူငယ်လေးရဲ့အခြေအနေကိုစောင့်ကြည့်နေပါ အနှောက်အယှက်တစ်ခုခုဝင်လာနိုင်တဲ့အတွက် လူငယ်ရဲ့ပတ်လည်ကိုလဲစည်းချထားပါ "လို့မှာပြီး ဘုရားကျောင်းဆောင်ရှေ့တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးကိုမှတ်လိုက်တယ်။

အောင်မြတ်သာလဲစိတ်ကိုဖြေလျော့လိုက်ပြီး မိနစ်ပိုင်းလောက်အကြာမှာတော့ စိတ်ကငှက်တောင်မွှေးတစ်ခုလိုပေါ့ပါးသွားပြီး ထိုင်နေတဲ့ကိုယ်ခန္ဓာထဲကနေ လွင့်ထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ မိမိခန္ဓာကိုယ်ရဲ့ဘေးမှာ ထိုင်နေတဲ့သက်ခိုင်ကိုတစ်ချက်ကြည့်ပြီး အိမ်တံခါးပေါက်ကိုဖြတ်ကျော်ကာ ရွာထိပ်ကိုထွက်လာခဲ့လိုက်တယ်။

ဝိဉာဉ်ဘဝနဲ့ထွက်လာတာမို့ ရွာထဲမှာရှိတဲ့ နာနာဘာဝ၊ ရုက္ခစိုးတွေက အောင်မြတ်သာကိုမြင်တာနဲ့ ပြေးတဲ့သူကပြေး၊ အရိုအသေပေးတဲ့သူကဆင်းပေးကြတယ်။

အောင်မြတ်သာရွာထိပ်ကိုရောက်တော့ ရွာအဝင်ဝတစ်ဖက်တစ်ချပ်မှာ တင်းပုတ်တွေကိုင်ပြီး ရပ်စောင့်နေကြတဲ့ ရွာစောင့်နတ်တပည့်တွေကိုမြင်လိုက်ရတယ်။

ရွာစောင့်နတ်တပည့်တွေက အောင်မြတ်သာကို မြင်တော့ အရိုအသေပေးပြီးတဲ့အချိန်

" ဆရာလေးကိုယ်တိုင် ထွက်လာပါလား" ဆိုတဲ့ရွာစောင့်နတ်အသံကိုကြားလိုက်ရတယ်။

" ဟုတ်တယ် နည်းနည်းအမှားခံလို့မရတာနဲ့ကိုယ်တိုင်ထွက်လာခဲ့လိုက်တာ ရွာစောင့်နတ်ကြီးလဲ ရွာကိုသေချာစောင့်ကြည့်ထားပါ ကျုပ်ပြန်လာခဲ့မယ်"

အောင်မြတ်သာက ရွာစောင့်နတ်ကိုနှုတ်ဆက်ပြီး ရွာအပြင်ကိုထွက်လာခဲ့လိုက်တယ် ။ အောင်မြတ်သာထွက်လာတဲ့လမ်းတစ်လျောက်မှာတော့ ခန္ဓာကိုယ်နဲ့ဝိဉာဉ်ကိုချိတ်ဆက်ထားတဲ့ ရွှေမျှင်ရောင်ကြိုးက တောက်လျောက်ကပ်ပါလာခဲ့တယ်။

အောင်မြတ်သာလဲ လူငယ်လေးရဲ့ဝိဉာဉ်ကို အာရုံထဲကနေလိုက်ရှာကြည့်လိုက်တာ ရွာရဲ့မလှမ်းမကမ်းမှာရှိတဲ့ တောထဲမှာမြင်လိုက်ရတယ်။

အမြင်အာရုံထဲမှာတွေ့ရတဲ့တောကိုတွေးလိုက်တာနဲ့တစ်ပြိုင်နက် အောင်မြတ်သာရဲ့စိတ်ဝိဉာဉ်က တောထဲကိုရောက်သွားခဲ့တယ်။

တောထဲကိုရောက်တော့ သစ်ပင်အောက်တွေ ခြုံတွေပိတ်ထူနေတဲ့နေရာတွေမှာ မျက်နှာငယ်လေးတွေနဲ့ထိုင်နေတဲ့ ဝိဉာဉ်အချို့ကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးက အောင်မြတ်သာကိုမြင်တော့ အံ့အားသင့်သွားပြီး

" ပုဂ္ဂိုလ်ထူးတစ်ပါးရောက်လာပြီဟေ့ ငါတို့ကိုလွှတ်ပေးတော့မယ် ဆရာ ကျုပ်တို့ကိုလွှတ်ပေးပါ ကျုပ်တို့ဒီမှာအဖမ်းခံထားရတာ နှစ်ပေါင်းရာနဲ့ချီနေပြီ "

" သင်တို့ကဘယ်လိုကြောင့် အဖမ်းခံနေကြရတာလဲ "

" ကျုပ်တို့အားလုံးက သမထဘက်ကိုလိုက်စားကြတဲ့သူတွေပါ သမထဘက်လိုက်ရင်း စိတ်အလိုကိုလိုက်ခဲ့မိလို့ မိန်းမယုတ်ရဲ့ ထောင်ချောက်ထဲသက်ဆင်းခဲ့မိတယ် သူက ကျုပ်တို့ရဲ့ဝိဉာဉ်တွေကြိုးတွေကိုဖြတ်ပြစ်ပြီး သူ့ကျေးကျွန်တွေအဖြစ်ခိုင်းစေပါတယ် သူ့အလိုမကျရင် အခုလိုဒဏ်ပေးပါတယ်"

" သင်တို့ထဲမှာ အသက်ငယ်ငယ် လူငယ်တစ်ယောက်ကိုတွေ့တဲ့သူရှိလား"

" လိပ်ပြာလွှင့်ရင်းတောထဲမတော်တဆရောက်လာတဲ့ လူငယ်ကိုပြောတာလား"

" ဟုတ်တယ် သူဘယ်မှာရှိလဲ"

" သူ့ကို နတ်ဆိုးမက ခေါ်ထားတယ် နတ်ဆိုးမက သူ့ကိုအရမ်းချစ်တယ် အရှေ့ကိုဆက်သွားရင်ညောင်ပင်တစ်ပင်ရှိတယ် အဲဒီညောင်ပင်အောက်လှိုဏ်ခေါင်းထဲမှာ မကောင်းဆိုးဝါးမနေတဲ့နေရာရှိတယ် ကောင်လေးကို အရင်ကတော့လွှတ်ထားတယ် ခုနတုန်းက ထွက်ပြေးလို့ညောင်ပင်ခြေရင်းမှာစည်းတားပြီးချုပ်ထားတယ်"

" အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ် သင်တို့ကိုလဲမကြာခင်လွတ်အောင်ကူညီပေးမယ် အခုတော့ လူငယ်လေးကိုအရင်ခေါ်သွားရမယ်"

" ဆရာလေး သတိတော့ထား ဒီမိန်းမက ဉာဏ်များတယ် သူ့ရဲ့လက်နက်က ထိခြင်းငါးပါးပဲ ကျုပ်တို့ကသူ့ရဲ့အထိအတွေ့တွေမှာနစ်မျောခဲ့လို့ အခုလိုဖြစ်နေရတာ"

" ကောင်းပါပြီ ကျုပ်သတိထားပါမယ်"

အောင်မြတ်သာလဲ ချုပ်နှောင်ခံပုဂ္ဂိုလ်တွေဆီကနေထွက်လာပြီးမကြာခင်မှာ လူငါးဖက်စာလောက်ကြီးတဲ့ညောင်ပင်ကိုတွေ့လိုက်ရတယ်။ ညောင်ပင်အောက်မှာတော့ မျက်နှာသုန်မှုန်စွာနဲ့ထိုင်နေတဲ့ လူငယ်လေးကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ လူငယ်ကိုမြင်တော့ ဆွဲခေါ်ဖို့အလုပ် ညောင်ပင်ပတ်လည်မှာ ချထားတဲ့ စည်းထဲကနေ နွယ်ကြိုးတွေထွက်လာပြီး အောင်မြတ်သာကိုရစ်ပတ်တာခံလိုက်ရတယ်။

အဲဒီတော့မှ လူငယ်က သတိဝင်လာပြီး

" မလှုပ်နဲ့ သူကလှုပ်ရင်ပိုကျပ်တယ် ဒီတိုင်းငြိမ်ငြိမ်လေးနေ"

လူငယ်ရဲ့စိုးရိမ်တစ်ကြီးလှမ်းပြောတဲ့အသံကြောင့် အောင်မြတ်သာရဲ့မျက်နှာပြုံးသွားပြီး

" စိတ်ကောင်းရှိတဲ့ကောင်လေး မင်းမကြာခင်လွတ်တော့မှာပါ"လို့ပြောပြီး ကိုယ်ကိုလှည့်ထုတ်လိုက်တဲ့အချိန် ရစ်ပတ်ထားတဲ့ နွယ်ကြိုးတွေက တစ်မဟုတ်ချင်းပြတ်ထွက်ကုန်တယ်။

အောင်မြတ်သာလဲ ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် သတိလက်လွတ်ဖြစ်နေတဲ့လူငယ်ရဲ့လက်ကို ဆွဲကိုင်ပြီး ညောင်ပင်အောက်ကနေ အထွက်

" စည်းပေါက်ပြီ စည်းပေါက်ပြီ စက္ကဒေဝီကိုသွားပြော" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ အောင်မြတ်သာလဲ အသံကြားတဲ့ဆီကိုလှည့်မကြည့်ပဲ တောထဲကနေအပြင်ကိုတဟုန်ထိုးထွက်လာခဲ့တယ်။

တောအပြင်ဘက်ကိုရောက်တော့ အောင်မြတ်သာက မြေကြီးပေါ်ကိုလက်သုံးချောင်းနဲ့ စည်းတားလိုက်ပြီး ဖနောင့်နဲ့ပေါက်ကာ

" ဤတောအုပ်ထဲကနေ မည်သူမျှ ငါ့အမိန့်မရပဲ အပြင်မထွက်စေရ ဂိုဏ်းစောင့်ပုဂ္ဂိုလ်များ အထပ်ထပ်စောင့်ကြပ်ကြ" လို့ပြောလိုက်တာနဲ့ တောအုပ်ပတ်လည်ကိုဓါးကိုင်လှံကိုင်ပုဂ္ဂိုလ်ပေါင်းများစွာရောက်လာခဲ့တယ်။

အောင်မြတ်သာလဲ လူငယ်ရဲ့နဖူးကိုလက်ညိုးထိပ်နဲ့ဖိပြီးဆွဲထုတ်လိုက်ရာ နဖူးပြင်ထဲကနေ ငွေမျှင်ရောင်ကြိုးလေးတစ်ခုထွက်လာခဲ့တယ်။

ထွက်လာတဲ့ငွေမျှင်ရောင်ကြိုးကို မိမိကိုယ်ကနေထွက်နေတဲ့ လိပ်ပြာကြိုးနဲ့ချည်ပြီးတာနဲ့တစ်ပြိုင်နက် ရွာထဲကိုဆွဲခေါ်လာခဲ့လိုက်တယ်။ အောင်မြတ်သာရဲ့လိပ်ပြာကြိုးနဲ့ဆက်ပြီးပါလာတဲ့လူငယ်ကိုမြင်တော့ ရွာစောင့်ပုဂ္ဂိုလ်နှစ်ယောက်က ရွာထိပ်မှာတားထားတဲ့စည်းကို ဖွင့်ပေးလိုက်တယ်။

အောင်မြတ်သာလဲ လူငယ်ကိုခေါ်ပြီး အိမ်ပေါ်ရောက်တော့ ချည်ထားတဲ့လိပ်ပြာကြိုးကို လူငယ်ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ကြိုးနဲ့ဆက်ပေးလိုက်တဲ့အချိန် ဘေးမှာရှိနေတဲ့လူငယ်ရဲ့ဝိဉာဉ်က အိပ်ပျော်နေတဲ့ကိုယ်ထဲကို လဲကျသွားတယ်။

အောင်မြတ်သာလဲ မိမိကိုယ်ထဲကိုအသာပြန်ဝင်လိုက်တဲ့အချိန် မှိတ်ထားတဲ့မျက်လုံးအစုံက ဖြတ်ခနဲပွင့်လာခဲ့တယ်။

"ဆရာ ဆရာ လူငယ်လေးသတိရလာပြီ"

သက်ခိုင်ရဲ့ဝမ်းသာအားရပြောတဲ့စကားသံကြောင့် တင်ပလ္လင်ခွေထိုင်နေတာကိုဖြုတ်လိုက်ပြီး

" သက်ခိုင် ရေအိုးထဲကရေတစ်ခွက်ယူပြီး လူငယ်က်ုတိုက်လိုက်ပါ သူ့ကိုမေးစရာရှိသေးတယ်"

သက်ခိုင်လဲ ရေအိုးထဲကရေကို ထခပ်လိုက်ပြီး နိုးလာတဲ့လူငယ်ကိုကမ်းပေးလိုက်တယ်။

လူငယ်က ရေခွက်ကိုယူပြီး အငမ်းမရသောက်ပြီးတဲ့အချိန် အောင်မြတ်သာက

" မင်းနာမည်ဘယ်လိုခေါ်လဲ"

" ကျွန်တော်နာမည်က မင်းညိုလို့ခေါ်ပါတယ်"

" မင်းဘယ်လိုကြောင့် တောထဲကိုရောက်သွားတာလဲ လိပ်ပြာကြိုးကရောဘာကြောင့်ပြတ်သွားတာလဲ"

" ကျွန်တော်သမထဘက်ကနေ လိပ်ပြာလွှင့်တဲ့နည်းကိုကျင့်နေတုန်း နတ်သမီးတမျှလှပတဲ့မိန်းကလေးတွေကိုတွေ့ခဲ့ရတယ် ကျွန်တော်ရဲ့နုနယ်တဲ့စိတ်ကြောင့် သူတို့အပေါ်သာယာမိပြီး ခေါ်တဲ့နောက်ကိုလိုက်သွားခဲ့မိတယ် အဲဒီအချိန် ကျွန်တော့်ရဲ့လိပ်ပြာကြိုးပြတ်လို့ပြတ်မှန်းလဲမသိတော့ဘူး သတိရလို့ကြည့်လိုက်တော့မှ လိပ်ပြာကြိုးကပြတ်နေပြီ ပြန်မယ်လုပ်တိုင်း စက္ကဒေဝီလို့ခေါ်တဲ့မိန်းမက ချော့တစ်ခါခြောက်တစ်လှန့်နဲ့ တားတယ် ဆရာမရောက်ခင်မှာတော့ သူတို့အားလုံးကျောက်ရုပ်တစ်ခုလိုဖြစ်သွားတဲ့အချိန် ထွက်ပြေးလာခဲ့တာ ဒီဘေးကဆရာနဲ့ရွာထိပ်မှာတွေ့တယ် ရွာထဲလဲပြန်ဝင်မရတာရယ် စက္ကဒေဝီလုပ်ထားတဲ့အစီအရင်တွေကြောင့် လာရာအရပ်ကိုပြန်သွားခဲ့ရတယ် အခုဆရာလာခေါ်တော့မှ သူ့အစီအရင်တွေအကုန်ပျက်ကုန်တာ"

" မင်းညို မင်းမှာပါရမီရှိတယ် ဒါပေမယ့် မင်းကအဆင့်ကျော်တယ် သမထဆိုတာအဆင့်ကျော်လို့မရဘူး အခုတောထဲမှာဖမ်းထားတဲ့သူတွေကလဲ မင်းလိုအဆင့်ကျော်လို့ဒုက္ခရောက်ကုန်တာ အခုတော့အားလုံးပြီးသွားခဲ့ပြီ စိတ်အေးအေးထားလိုက်တော့ နောက်တစ်ခါအဆင့်မကျော်မိစေနဲ့ လိပ်ပြာလွှင့်တာကိုလဲရပ်ထားပါ ဒီတစ်ခါထပ်ဖြစ်ရင်တော့ ငါလဲမကယ်နိုင်ဘူး အောက်မှာမင်းမိဘတွေစောင့်နေကြတယ် ထွက်တွေ့လိုက်ပါဦး"

အောင်မြတ်သာစကားကြောင့် အိပ်ယာပေါ်ထိုင်နေတဲ့လူငယ်က အိမ်ရှေ့တံခါးကိုဖွင့်ပြီး ဆင်းလာခဲ့လိုက်တယ်။

အခြေအနေကိုစောင့်ကြည့်နေတဲ့ မိဘတွေနဲ့ရွာသူရွာသားတွေက လူကောင်းပကတိအတိုင်းဆင်းလာတဲ့ မင်းညိုကိုမြင်တော့ အံ့ဩသွားကြပြီး မှင်သက်ကုန်တယ်။ နောက်မှသတိပြန်ဝင်လာပြီး ဝမ်းသာအားရပွေ့ဖက်ကာနှုတ်ဆက်ကြတဲ့အချိန် လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

အဲဒီအချိန် အောင်မြတ်သာနဲ့သက်ခိုင်တို့ထွက်သွားတာကိုဘယ်သူမှမသိခဲ့လိုက်ဘူး။ အောင်မြတ်သာနဲ့သက်ခိုင်တို့ရဲ့ခြေလှမ်းတွေက ဘယ်ကိုသွားနေကြလဲဆိုတာကိုတော့ စာဖတ်သူတွေခန့်မှန်းလို့ရမယ်ထင်ပါတယ်။

နောက်ဝတ္တုမှာတော့ သာမန်လူတွေမမြင်ရအောင် လုပ်ထားတဲ့တောအုပ်ထဲက ဖမ်းဆီးခံပုဂ္ဂိုလ်တွေကိုကယ်တင်ရင်း စက္ကဒေဝီဆိုတဲ့ နတ်ဆိုးမကို ဘယ်လိုဆုံးမချေချွတ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် စက္ကဒေဝီဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment