အောင်မြတ်သာနှင့်စိတ်ညို့ဝိဇ္ဇာမောင်ထွန်းမြှာ

  အောင်မြတ်သာနှင့်စိတ်ညို့ဝိဇ္ဇာမောင်ထွန်းမြှာ စာရေးဆရာ -ဇေယန(ရာမည) “ဒူ……..ဝေ……..ဝေ” ကျယ်လောင်စွာထွက်ပေါ်လာတဲ့ မောင်းသံကြောင့် အောင်မြတ်သာတိ... thumbnail 1 summary

 အောင်မြတ်သာနှင့်စိတ်ညို့ဝိဇ္ဇာမောင်ထွန်းမြှာ


စာရေးဆရာ -ဇေယန(ရာမည)

“ဒူ……..ဝေ……..ဝေ”

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ မောင်းသံကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ တရားဖြုတ်လိုက်ပြီး ကိုယ်လက်အညောင်းဖြေဖို့အတွက်ဇရပ်အောက်ကိုဆင်းလာခဲ့ကြတယ်။

အဲဒီအချိန် ဇရပ်ထုပ်တန်းပေါ်မှာထိုင်နေတဲ့ ကြောင်နက်ကြီးက ကြမ်းပေါ်ကိုလွှားခနဲခုန်ချပြီး အောင်မြတ်သာတို့အနောက်ကနေ ထပ်ချပ်မကွာလိုက်လာခဲ့တယ်။

“ ညောင်….”

“ ဘယ်လိုလဲလမ်းပြကြီး… သင်ပြောတဲ့ပုဂ္ဂိုလ်ရဲ့သတင်း ဘာမှမရသေးဘူးလား”

အောင်မြတ်သာစကားကြောင့် ကြောင်နက်ကြီးက လက်နှစ်ဖက်ကိုမြောက်တင်လိုက်တဲ့အချိန် ကြောင်အသွင်ပျောက်ပြီး အသက်သုံးဆယ်အရွယ်လူငယ်တစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။

“ ဒီကောင်က အရမ်းပါးနပ်တဲ့အတွက် သူ့သတင်းအစကိုရဖို့အဖွဲ့ဝင်တွေကြိုးစားနေကြပါတယ်… မကြာခင် ဆရာတို့အတွက် သတင်းကောင်းပါလာမယ်လို့တော့ ထင်မိတယ်ဗျ”

ရှည်လျားနက်မှောင်တဲ့ဆံပင်ကို ကျော့နေအောင် ဖီးပြီးထုံးထားတဲ့ လမ်းပြရဲ့စကားကြောင့် အောင်မြတ်သာက ကောင်းကင်မှာရှိတဲ့ ကြယ်တွေကိုမော့ကြည့်ပြီး

“ နက္ခတ်တွေရဲ့ အနေအထားအရဆိုရင် လာမယ့် သုံးရက်အတွင်း မဟာမြိုင်တောထဲကို မဖိတ်ထားတဲ့ လူတစ်ယောက် ရောက်လာမယ်လို့ဖော်ပြနေတယ်။ ဒါကြောင့် ကျုပ်တို့တွေအချိန်ကိုတန်ဖိုးထားရမယ်လို့ထင်တယ်”

“ ခဏလောက်စောင့်ပေးပါဦး ဆရာ… မကြာခင် သတင်းတစ်ခုရလာတော့မှာပါ”

စွန်ရဲတစ်ကောင်လိုစူးရှတဲ့မျက်လုံးကို အမှောင်ထုထဲစိုက်ကြည့်ပြီးပြောလိုက်တဲ့လမ်းပြရဲ့စကားအဆုံးမှာပဲ တအာအာအော်ပြီး ပျံလာတဲ့ ကျီးကန်းတစ်ကောင်ကိုမြင်လိုက်ရတယ်။

လမ်းပြက ကျီးကန်းကိုမြင်တော့ ရုတ်ချည်းဆိုသလို ကြောင်နက်အသွင်ပြောင်းကာ ဘေးမှာရှိတဲ့အပင်ပေါ်ခုန်တက်သွားခဲ့တယ်။ ပျံလာတဲ့ကျီးကန်းကလဲ ကြောင်နက်ခုန်တက်သွားတဲ့ အပင်ပေါ်က နတ်နေကိုင်းတစ်ခုမှာ နားပြီး တအာအာနဲ့ အချိန်အတော်ကြာတဲ့ထိအော်နေခဲ့တယ်။

မကြာခင် ကြောင်နက်က သစ်ပင်ပေါ်ကနေ လူအသွင်ပြောင်းကာခုန်ချလာပြီး

“ သတင်းတော့ရပြီဆရာ… သူက လူသူအရောက်ပေါက်နည်းတဲ့ ရွာတွေကိုပစ်မှတ်ထားပြီး လှည့်ပတ်သွားလာနေတယ်လို့ပြောတယ်၊ ဆရာတို့အနေနဲ့ သူ့ကိုရင်ဆိုင်တဲ့အခါ အကြည့်ချင်းမဆုံဖို့သတိထားကြပါ”

“ ဘာအကြောင်းကြောင့် အခုလိုပြောရတာလဲ”

“ သူရဲ့အစွမ်းက မျက်လုံးပါ… ပညာစဉ်နိမ့်တဲ့သူတွေကစလို့ ပညာစဉ်ရင့်ကျက်တဲ့သူတွေပါ သူ့ရဲ့ စိတ်ညို့ဒဏ်ကိုမခံနိုင်ကြတာများတယ်။ ဒါကြောင့် ဆရာသခင်တွေက ဒီပုဂ္ဂိုလ်ကို ဆုံးမဖို့ဆရာကိုရွေးချယ်ပြီး ကျုပ်ကိုသတိပေးခိုင်းလိုက်တာပါ။ ဒီမနက်အရုဏ်တက်တာနဲ့ ကျွန်တော်တပည့်တွေ ဆရာတို့ကိုလာခေါ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ မဟာမြိုင်တောရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို စောင့်ကြည့်ဖို့ ခဏပြန်ရမှာမို့ ဆရာတို့နဲ့အတူမရှိနေနိုင်တာ နားလည်ပေးပါ”

“ သင့်တာဝန်တွေမလစ်ဟင်းအောင်ဂရုစိုက်ပါ.. ကျုပ်တို့ကတော့ မြင့်မြတ်တဲ့နေရာကို မသမာသူတွေမရောက်ဖို့ အစွမ်းကုန်ကြိုးစားပေးပါ့မယ်”

“ ဒါဖြင့် ကျုပ်ကိုခွင့်ပြုပါဦး…”

လမ်းပြဖြစ်သူက အောင်မြတ်သာတို့ကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်ပြီး ရုပ်သွင်ပြောင်းကာ အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ… ခုနက လမ်းပြရဲ့ပညာကလဲ မခေပါလားနော်”

“ မင်းက သူ့ကိုအားကျနေလို့လား”

အောင်မြတ်သာစကားကြောင့် တောက်ရက ရယ်ကျဲကျဲလုပ်ပြီး

“ အားကျတယ်လို့တော့ မဟုတ်ပါဘူး… မဟာမြိုင်တောတစ်ခုလုံးရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို ထိန်းသိမ်းရတဲ့သူဖြစ်လို့ နည်းနည်းအထင်ကြီးမိတာပါ”

“ အင်း … မင်းတို့ အနေနဲ့ သူ့လိုဖြစ်ချင်ရင် ရုပ်သွင်ပြောင်းကျင့်စဉ်ကို ကျင့်ရလိမ့်မယ်၊ ကျင့်စဉ်အောင်ရင်တော့ မဟာမြိုင်တောရဲ့ ဒရဝမ်ဖြစ်ဖို့ ရာခိုင်နှုန်းများသွားပြီ”

“ ဗျာ… ကျင့်စဉ်အောင်ရင်တောင် မဟာမြိုင်တောထဲဝင်လို့မရသေးဘူးပေါ့”

“ ဟုတ်တယ်… ဒီလောကမှာ ရုပ်သွင်ပြောင်းကျင့်စဉ်အောင်ထားတဲ့သူတွေဒုနဲ့ဒေးရှိကြတယ်။ သူတို့ထဲကမှ သင့်လျော်တဲ့သူကို ဆရာသခင်တွေက စမ်းသပ်နည်းပေါင်းများစွာနဲ့စစ်ဆေးပြီးမှ တာဝန်ပေးကြတာ”

“ ဒါဆိုရင် ဒီပုဂ္ဂိုလ်က ထွက်ရပ်ပေါက်မဟုတ်ဘူးပေါ့”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက ပါးလွှာတဲ့နှုတ်ခမ်းလေးအောက်မှာ ပုန်းကွယ်နေတဲ့ သွားတက်ဖြူဖြူလေးပေါ်အောင် ရယ်လိုက်ပြီး

“ အမှန်တိုင်းပြောရရင် သူက မင်းတို့ရောက်ဖူးတဲ့ မဟာမြိုင်တောရဲ့အတွင်းပိုင်းကိုတောင် သွားခွင့်မရှိဘူး၊ ဘယ်လိုလဲ ဒရဝမ်လုပ်မလား… ကိုယ်နေမယ့်အပင်နှစ်ပင်(သက်ခိုင်အတွက် ညောင်ပင်၊ တောက်ရအတွက် သပြေပင် မဟာမြိုင်တောမှာပေါက်နေတဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)ကြီးထွားသန်မာအောင် ကျင့်ကြံမလား”လို့ပြောတော့ သက်ခိုင်နဲ့တောက်ရက

“ ဒရဝမ်တော့မလုပ်ပါဘူး ကျွန်တော်တို့က ဆရာလိုဖြစ်အောင်ပဲကြိုးစားမှာ… “လို့ပြောကာ ရယ်မောလိုက်ကြတယ်။
+++++++++

“ အ… အ… အ….အ”

ဇရပ်ဘေးမှာပေါက်နေတဲ့ အပင်ပေါ်ကနေ မနားတမ်းအော်နေတဲ့ ကျီးသံကြောင့် မှေးခနဲအိပ်ပျော်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ နိုးလာခဲ့တယ်။

“ နိုးလာရင် ကိုယ်လက်သန့်စင်ကြဦး. ပြီးတာနဲ့စထွက်ကြမယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်တို့ ကပျာကယာထလိုက်ကြပြီး ကိုယ်လက်သန့်စင်ကာ လွယ်အိတ်ကောက်လွယ်တဲ့အချိန် ဇရပ်ဘေးမှာအော်နေတဲ့ ကျီးကန်းက အရှေ့ဘက်စူးစူးကို ထပျံသွားခဲ့တယ်။

“ လမ်းပြကတော့ အရှေ့ဘက်ကို ညွှန်ပြနေပြီဆိုတော့ ငါတို့လဲသွားကြရအောင်”

အောင်မြတ်သာတို့ဆရာတပည့်လဲ ကျီးကန်းထပျံသွားတဲ့ အရှေ့ဘက်စူးစူးကိုထွက်လာခဲ့ကြတာ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်ရတဲ့ အချိန်ကိုရောက်လာခဲ့တယ်။ လယ်ကွင်းတွေ၊ ဖုန်းဆိုးမြေတွေကို ကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ လမ်းလေးခွဆုံတစ်ခုကိုရောက်လာခဲ့တယ်။

“ အ…အ…အ…အ”

“ ဆရာ… ဒီတစ်ခါတော့ အရှေ့မှာမှိန်ပြပြမြင်နေတဲ့ရွာဘက်ကို ကြည့်ပြီး အော်နေပါလား”

“ ဒီပုံစံအတိုင်းဆိုရင် အခုမြင်ရတဲ့ရွာမှာ ငါတို့ရှာနေတဲ့ပုဂ္ဂိုလ်ကိုတွေ့နိုင်ချေရှိတယ်… သွားကြရအောင်”

အောင်မြတ်သာတို့ထွက်သွားတော့ သစ်ပင်ပေါ်မှာ နားနေတဲ့ကျီးကန်းက လာရာလမ်းအတိုင်းကိုပျံလှည့်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ရွာထဲမဝင်ခင်မှာပဲ အဝတ်အစားတွေကိုလဲလှယ်လိုက်တော့ စပါးပွဲစားတွေလို ခရီးသွားတွေလိုဖြစ်သွားခဲ့တယ်။
++++++

“ စပါးဝယ်ဖို့ ရှာနေတာလား…. ကျုပ်နေရာလိုက်ပြပေးမယ်လေ … အလုပ်ဖြစ်မှ ပွဲခပေးလို့ရပါတယ်”

ရွာထဲစဝင်တာနဲ့ အနောက်ကနေလိုက်ပြီး တတွတ်တွတ်ပြောနေတဲ့ လူကိုမြင်တော့ အောင်မြတ်သာက

“ လောလောဆယ်တော့ ကျုပ်တို့ခရီးပန်းလာလို့ တည်းလို့ရမယ့်နေရာရှာပေးလို့ရမလား”

“ ရတာပေါ့ ရတာပေါ့… ကျုပ်လိုက်ရှာပေးမယ် ခဏစောင့်”

အပေါ်ပိုင်းဗလာကျင်းထားပြီး ဟောင်းနွမ်းနေတဲ့လုံချည်ကို ခပ်တိုတိုဝတ်ထားတဲ့လူက အောင်မြတ်သာတို့ကို ရွာထိပ်က သစ်ပင်အောက်မှာ စောင့်ခိုင်းပြီး ခပ်သွက်သွက်ထွက်သွားခဲ့တယ်။

“ ဆရာ ဒီလူကိုကြည့်ရတာ ဟိုစပ်စပ်ဒီစပ်စပ် ပါမယ့်ပုံပဲ … ကျွန်တော်တို့အတွက် အသုံးဝင်မယ်ထင်တယ်နော်”

“ ငါတို့ရှာနေတဲ့လူကိုမတွေ့ခင်အချိန်ထိ အနေအထိုင်၊ အပြောအဆို၊ ကိုယ်အမူအယာတွေကအစ သတိထားပါ။ ငါတို့ရင်ဆိုင်ရမယ့်သူက ပေါ့သေးသေးမဟုတ်ဘူးနော်”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့သတိထားပါ့မယ်”

ရွာအဝင်ဝသစ်ပင်အောက်မှာ နာရီဝက်လောက်ထိုင်စောင့်ပြီးတဲ့အချိန်မှာတော့ ရွာထဲဝင်သွားတဲ့လူပြန်ရောက်လာပြီး

“ အဆင်ပြေတယ်ဗျို့…. တည်းမယ့်အိမ်အပြင် စားရေးသောက်ရေးပါ အဆင်ပြေအောင် ညှိခဲ့ပေးတယ်။ အိမ်ရှင်ကလဲ ယောင်္ကျားလေးဆိုတော့ မိတ်ဆွေတို့အတွက် ပိုအဆင်ပြေတာပေါ့ဗျာ”

“ ဒါဖြင့် ကျုပ်တို့ သွားလို့ရပီလား”

“ ရပါပြီ ရပါပြီ ကျုပ်လိုက်ပို့ပေးပါမယ်”

အရှေ့ကနေ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ထွက်သွားတဲ့ လူက လမ်းတစ်ဝက်ရောက်တော့

“ ဆရာတို့အတွက် ကျုပ်အဆင်ပြေအောင် စီစဉ်ထားပေးတာဆိုတော့ မုန့်ဖိုးပဲဖိုးလေး မစဦးနော့”

“ ဒါတော့ လုပ်ပေးရမှာပေါ့… ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”

“ ကျုပ်နာမည်က စိုးဝင်းလို့ခေါ်တယ်၊ ရွာထဲကကိစ္စမှန်သမျှ စိုးဝင်းမသိတာမရှိဘူး၊ ဆရာတို့လိုအပ်တာရှိလဲ အချိန်မရွေးခေါ်ခိုင်းလို့ရတယ်နော်”

အောင်မြတ်သာက ရေပက်မဝင်အောင်ပြောနေတဲ့သူရဲ့ လက်ထဲကို ငွေစက္ကူအချို့ထည့်ပေးလိုက်ပြီး

“ စိတ်မပူပါနဲ့ ကျုပ်တို့လိုအပ်ရင်ခေါ်မှာပါ…အော် ဒါနဲ့ တည်းရမယ့်အိမ်မှာနေတဲ့သူဘယ်နှစ်ယောက်ရှိလဲ”

“ လောလောဆယ် အသက်၆၀အရွယ် အဖိုးကြီးတစ်ယောက်ပဲရှိတာ၊ သူ့သားသမီးတွေကတော့ နှစ်လသုံးလလောက်မှ လာကြည့်ကြတာဆိုတော့ ဆရာတို့အတွက်အဆင်ပြေမှာပါ”

စကားတစ်ပြောပြောနဲ့လမ်းလျောက်လာရင်း တည်းမယ့်အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

“ ဦးဘဇော်… ဗျို့ဦးဘဇော် ဒီမှာ တည်းမယ့်သူတွေရောက်နေပြီဗျ”

စိုးဝင်းအသံကြောင့် အိမ်ပေါ်ကနေ လူကြီးတစ်ယောက်ဆင်းလာပြီး
“ ဧည့်သည်တွေတောင်ရောက်နေပြီကိုး… အိမ်ပေါ်တက်ပြီး လွတ်လွတ်လပ်လပ်သာနေ… အဘက တစ်ယောက်ထဲနေတာဆိုပြီး အားမနာကြနဲ့”

“ ဟုတ်ကဲ့ပါအဘ ကျေးဇူးတင်ပါတယ်”

အောင်မြတ်သာတို့အိမ်ပေါ်ရောက်တော့ စိုးဝင်းက မယောင်မလည်နဲ့တက်လာပြီး

“ ဆရာသမားတို့ ခွက်ပုန်းတွေဘာတွေလိုချင်လဲပြောနော်… “

“ လိုရင်ပြောပါ့မယ် လောလောဆယ် ကျုပ်တို့မလိုသေးပါဘူး”

“ အော် ပြောဖို့မေ့နေတာဗျာ.. ဆရာတို့ထမင်းစားဖို့အတွက် ဘယ်လိုစီစဉ်ကြမလဲ… ချက်ပို့ပေးရမယ်ဆိုလဲပြောနော်… ကျုပ်လိုက်ချိတ်ပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဗျာ နေ့လည်စာအတွက်ကိုတော့ သက်သက်လွတ်တစ်ခုခုစီစဉ်ခဲ့ပေးဗျာ…ဒီမှာ ပိုက်ဆံယူသွားဦး”

“ ဆရာ ပေးတဲ့ပိုက်ဆံက များလိုက်တာ သက်သက်လွတ်ကအဲလောက်မလိုပါဘူး”

“ ဒါဖြင့်လဲ ညနေအတွက်ပါတစ်ခါထဲယူထားလိုက်တော့ … ကျုပ်တို့လဲခရီးပန်းလာလို့ နားလိုက်ဦးမယ်”

အောင်မြတ်သာက စကားစကိုဖြတ်လိုက်တော့မှ စိုးဝင်းတစ်ယောက်အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။
+++++

“ ဆရာ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”

လွယ်အိတ်ကိုချွတ်ရင်းမေးလိုက်တဲ့ သက်ခိုင်စကားကြောင့် အောင်မြတ်သာက အိမ်အောက်မှာ ထင်းခွေနေတဲ့ အိမ်ပိုင်ရှင်ကို မျက်စပစ်ပြပြီး

“ လောလောဆယ် စပါးပေါက်စျေးတွေကိုစုံစမ်းဖို့လုပ်ပါ… ညနေစောင်းရင်တော့ စိုးဝင်းကိုခေါိပြီး အနီးနားရွာတွေပတ်ကြည့်ကြတာပေါ့”လို့ပြောလိုက်တော့ သက်ခိုင်က အလိုက်သိစွာ ခေါင်းညိမ့်ပြလိုက်တယ်။

မွန်းတည့်ချိန်ရောက်တော့ စိုးဝင်းတစ်ယောက် ထမင်းချိုင့်ကိုဆွဲပြီးရောက်ချလာခဲ့တယ်။ အောင်မြတ်သာတို့ ထမင်းစားနေတုန်း အိမ်ပိုင်ရှင်လူကြီး မယောင်မလည်နဲ့ရောက်လာပြီး

“ ဧည့်သည်တွေတောင် ထမင်းစားနေပါရောလား… ကျုပ်အိမ်မှာ ကြက်သားနဲ့ဘူးသီးချက်ထားတာ ယူစားပါလား”

“ မစားတော့ပါဘူး အဘ၊ ကျွန်တော်တို့က အလုပ်လုပ်ချိန်ဆို သက်သက်လွတ်ပဲစားလို့ပါ”

“ ဟေ ဟုတ်လား… အဘရဲ့ သားအငယ်ဆုံးလဲ မင်းတို့လို သက်သက်လွတ်ပဲစားတာဆိုတော့ သူရှိရင်အဖော်ရဦးမှာ”

အိမ်ပိုင်ရှင်လူကြီးစကားကိုကြားတော့ စိုးဝင်းက

“ အငယ်ကောင်ဆိုတော့ ထွန်းမြှာကိုပြောတာပေါ့ ဟုတ်လားအဘ”

“ အေးလေ ငါ့သားသမီးတွေထဲမှာ သူ့လောက်သိတတ်တဲ့သူရှိမှမရှိတာ”

“ အဘပြောမှ သတိထားမိတယ်… ထွန်းမြှာကိုမတွေ့တာကြာနေပြီနော်”

“ မတွေ့ဆို မြို့တက်ပြီးအလုပ်လုပ်နေတာကိုး… သူပြန်လာရင် ဒီကဧည့်သည်တွေနဲ့မိတ်ဆက်ပေးရမယ်”

အောင်မြတ်သာတို့လဲ စကားစပြတ်အောင် ထမင်းစားနေတာကိုလက်စသတ်လိုက်ကြတယ်။

စိုးဝင်းက စားသောက်ပြီးတဲ့ ချိုင့်တွေကို ဆွဲခြင်းထဲထည့်ပြီးပြန်ဖို့အလုပ်မှာ သက်ခိုင်က

“ ညနေကျရင် အခြားရွာတွေသွားချင်လို့ လိုက်ပို့ပေးပါဦး”

“ ရတာပေါ့ ကျုပ်ကအလုပ်မရှိလို့ပျင်းနေတာနဲ့အတော်ပဲဗျာ၊ ညနေကျရင် ကျုပ်လာခေါ်မယ်”လို့ပြောကာ ပြန်သွားခဲ့တယ်။
++++++

တလင်းပြင်ပေါ်မှာ စပါးလွှေ့နေကြတဲ့ လူတွေက စိုးဝင်းနဲ့အတူပါလာတဲ့ အောင်မြတ်သာတို့ကိုမြင်တော့ စပါးပွဲစားတွေလာတယ်အထင်နဲ့ ရေနွေးကြမ်း၊ ထန်းလျက်ခဲတွေနဲ့ဧည့်ခံခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ သဏ္ဍာန်လုပ်သရုပ်တူအောင် စပါးစျေးတွေမေးမြန်းပြီး အခြားရွာဘက်ကိုဆက်ထွက်လာခဲ့ကြတယ်။ လမ်းမှာရောက်တတ်ရာရာစကားတွေပြောနေရင်းကနေ အောင်မြတ်သာက

“ အိမ်ရှင်အဘမှာ သားသမီးဘယ်နှစ်ယောက်ရှိလဲဗျ”

“ ကျုပ်သိရသလောက် သုံးယောက်ရှိတာ၊ အကြီးဆုံးသားနဲ့ အလတ်မကတော့ မြို့မှာအိမ်ထောင်ကျနေတယ်ပြောတာပဲ။ အငယ်ကောင်ကတော့ အိမ်ကိုဆယ်ခါတစ်ခါလောက်ပဲပြန်လာတာ”

“ အဘက သူ့သားအငယ်ကိုအတော်ချစ်ပုံပဲနော်”

“ ထွန်းမြှာကိုပြောတာလား…. “

“အင်း ဟုတ်တယ် “

“ ထွန်းမြှာက လူတစ်မျိုးပဲဗျ… ငယ်ငယ်ထဲက လူတွေနဲ့သိပ်မရောပဲ တစ်ကိုယ်ထဲနေတာ။ တစ်ခါတစ်လေ ရွာကနေပျောက်ပျောက်သွားပြီး ပြန်လာရင်လဲ တစ်ရက်နှစ်ရက်လောက်ပဲနေတာ၊ ရွာထဲကလူတွေပြောတာကတော့ ထွန်းမြှာက ဘိုးတော်ရူးရူးနေတာတဲ့”

“ ဘယ်လို ဘိုးတော်ရူး ဟုတ်လား”

“ ဟုတ်တယ် ဒီအကြောင်း အဘကိုပြန်မပြောနဲ့ဦး”

“ ပြောစရာလားဗျာ… ကျုပ်တို့ကအဲလောက်တော့ နားလည်ပါတယ်”

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထွန်းမြှာရွာကို တစ်ခေါက်ပြန်လာခဲ့သေးတယ်။ သူက ညသန်းခေါင်အချိန်ဆိုရင် ဝတ်ဖြူစင်ကျယ်ဝတ်ပြီး ခေါင်မိုးပေါ်တက်ထိုင်တာဗျ”

“ ဟင် ဘာလို့ခေါင်မိုးပေါ်တက်ထိုင်တာလဲ”

“ ကျုပ်လဲဘယ်သိမလဲဗျ… ရွာထဲမှာပြောတာကတော့ လရောင်ခံတယ်ဆိုလားပဲ… ထွန်းမြှာကိုတော့အထင်မသေးနဲ့နော်… သူများအောက်လမ်းနဲ့လုပ်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အသက်ကိုတောင် သူကယ်ပေးခဲ့သေးတာ”

“ ပြောစမ်းပါဦး ဘယ်လိုကယ်ခဲ့တာလဲ”

“ဆရာတို့ ရွာထဲရောက်တဲ့အခါ ရေနံချေးတွေသုတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးတွေ့လိမ့်မယ်…အဲဒီအိမ်ပိုင်ရှင်သမီးကို အခြားတစ်ယောက်က အောက်လမ်းနဲ့လုပ်တာ၊အဲဒီအချိန် ထွန်းမြှာကလဲရှိနေတော့ ကောင်မလေးကို သူ့ရှေ့ခေါ်ပြီး မျက်တောင်မခတ်ပဲစိုက်ကြည့်တာ ဟိုကောင်မလေးကိုလုပ်ထားတဲ့သူက သူ့အကြည့်ကိုမခံနိုင်ပဲ ဝင်ပူးပါလေရော၊ ထွန်းမြှာက ဝင်ပူးနေတဲ့ကောင်မလေးကိုစိုက်ကြည့်ပြီး ဘယ်နေရာမှာ ဘာမြုပ်ထားလဲဆိုတာ မေးတော့တာပဲ၊ အခြားဆရာတွေပယောဂကုရင် ဝင်ပူးတဲ့သူက အနည်းနဲ့အများတော့ အာခံကြတာပဲမဟုတ်လား”

“ ဒါပေါ့ ဘယ်သူက ချက်ချင်းဝန်ခံမှာလဲ”

“ ဟဲဟဲ ထွန်းမြှာ ကုတာကိုဆရာတို့မြင်ရင်အံ့ဩသွားမှာ… သူကဝင်ပူးတဲ့ကောင်မလေးကိုစိုက်ကြည့်ပြီး မေးတာ.. ဟိုက တစ်ခွန်းတောင်အာမခံပဲ အကုန်ဖော်တာဗျ”

စိုးဝင်းစကားကြောင့် သက်ခိုင်က အောင်မြတ်သာကို လှမ်းကြည့်ပြီး အဓိပ္ပါယ်ရှိစွာခေါင်းငြိမ့်ပြလိုက်တယ်။

အိမ်ပြန်ရောက်တော့ အောင်မြတ်သာက အိမ်ရှေ့ကွပ်ပြစ်မှာထိုင်ကာ ရေနွေးကြမ်းသောက်နေတုန်း အိမ်ပိုင်ရှင်အဘရောက်လာပြီး

“ ဧည့်သည်တွေပျင်းနေကြပြီထင်တယ်…”

“ ပျင်းတယ်လို့လဲမဟုတ်ပါဘူးအဘရာ… ဒီလိုပါပဲ”

“ ဒီလိုပါပဲတွေ ဘာတွေလုပ်မနေနဲ့ … ဧည်သည်တို့စာဖတ်ရတာဝါသနာပါရင် ထွန်းမြှာအခန်းထဲမှာ သူဖတ်နေကျစာအုပ်တွေရှိတယ်… ယူဖတ်ကြလေ”

အိမ်ပိုင်ရှင်စကားကြောင့် သက်ခိုင်နဲ့တောက်ရတို့က အလိုက်သင့်စွာနဲ့

“ ရေနွေးကြမ်းလေးသောက်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ အဆင်သင့်လိုက်တာဗျာ” လို့ပြောလိုက်တော့ အိမ်ရှင်အဘက ထုပ်တန်းပေါ်မှာတင်ထားတဲ့ သော့တစ်ချောင်းကိုယူကာအခန်းတံခါးကိုဖွင့်ပေးခဲ့တယ်။

သက်ခိုင်တို့လဲ ဖယောင်းတိုင်မီးကိုယူပြီး အခန်းထဲဝင်သွားတော့ သပ်ရပ်စွာပြုလုပ်ထားတဲ့ စာအုပ်စင်ပေါ်မှာ ဖုန်အနည်းငယ်တက်နေတဲ့ စာအုပ်အချို့ကိုမြင်လိုက်ရတယ်။

“ ဧည့်သည်တို့အဆင်ပြေတဲ့စာအုပ်ယူဖတ်ပြီးရင် သူ့နေရာသူပြန်ထားပေးနော်… အဘ သားက သူ့စာအုပ်တွေကို နေရာတကျမထားရင် အရမ်းစိတ်ဆိုးတာ”

“ ဟုတ်ကဲ့ပါအဘ… ကျွန်တော်တို့ သေချာပြန်ထားပေးပါ့မယ်”

သက်ခိုင်တို့လဲ စာအုပ်စင်ပေါ်မှာရှိတဲ့ စာအုပ်တွေကိုလှန်လှောရှာဖွေကြည့်ရာ စိတ်ညို့ပညာရပ်နဲ့ဆိုင်တဲ့စာအုပ်ပေါင်းများစွာကိုတွေ့ရှိခဲ့တယ်။

အဒီအချိန် စာအုပ်စင်ပေါ်မှာတင်ထားတဲ့ အစီအရင်ငန်းရုပ်တစ်ခုရဲ့ မျက်လုံးတွေက မီးခဲလိုနီရဲလာတာမြင်တော့ သက်ခိုင်က ကိုင်ထားတဲ့ စာအုပ်ကိုအသာပြန်ချပြီး ဂမ္ဘီရစာစောင်တစ်စောင်ကိုသာယူလာခဲ့လိုက်တယ်။

အိမ်အောက်ကွပ်ပြစ်ရောက်တော့ သက်ခိုင်က ဘေးဘီကိုကြည့်ပြီး
“ ဆရာ ..ထွန်းမြှာဆိုတဲ့လူက ကျွန်တော်တို့ရှာနေတဲ့သူဖြစ်နိုင်တယ်၊ အခုဆို ကျွန်တော်တို့သူ့အခန်းထဲဝင်တာကို အစီအရင်ငန်းရုပ်ကတစ်ဆင့် သိနေလောက်ပြီထင်တယ်”

“ ငါထင်တဲ့အတိုင်းပါပဲလား… ဒါပေမယ့် ထွန်းမြှာဆိုတဲ့လူအကြောင်းသိရသလောက်တော့ သူတစ်ပါးမပေါ်ယုတ်မာတာမမြင်မိသေးဘူး..ငါ့စိတ်ထင် သူက တပသီအကျင့်ကိုကျင့်နေတဲ့ ပုဂ္ဂိုလ်ထင်တယ်”

“ တပသီအကျင့်ဆိုတာက ဘယ်လိုမျိုးလဲဆရာ”

“ တပသီဆိုတာက ကျောထောက်နောက်ခံ ဂိုဏ်းတွေမရှိပဲ မိမိရဲ့စိတ်ကူး၊ မိမိရဲ့ဥာဏ်နဲ့တစ်ဦးထဲ ကျင့်ကြံတဲ့သူတွေကိုခေါ်တာ.. မင်းတို့ဆိုရင် ငါတို့ဂိုဏ်းကိုအမှီပြုထားတဲ့အတွက် အနှောက်အယှက်တွေဝင်လာရင်လဲ ဂိုဏ်းမှာရှိတဲ့အစောင့်တွေက သတိပေးတာမျိုး၊ ကြားခံဝင်ပေးတာမျိုးရှိပေမယ့် တပသီအကျင့်ကျင့်တဲ့သူတွေကတော့ ဝင်လာတဲ့အဖျက်စွမ်းအားတွေကို သူတို့ရဲ့ဥာဏ်ပညာနဲ့ပဲဖြေရှင်းကြရတယ်။ အချို့တွေဆိုရင် အဖျက်စွမ်းအားကို ရင်မဆိုင်နိုင်ပဲ ရူးသွပ်သွားကြတာ”

“ ဒါဆိုရင် ထွန်းမြှာဆိုတဲ့လူက သူဖတ်မှတ်ထားတဲ့အကြောင်းအရာတွေကိုအခြေခံပြီး ကျင့်ကြံနေတဲ့သူပေါ့”

“ ဒီပုဂ္ဂိုလ်က မဟာမြိုင်တောထဲကိုဝင်နိုင်ဖို့အရည်အချင်းမပြည့်မှီသေးပေမယ့် သူ့ပညာရပ်က သာမန်ထက်ပိုနေတာကိုတော့ငြင်းလို့မရဘူး”

“ သူ့ကိုစောင့်လို့တော့မဖြစ်တော့ဘူးထင်တယ်နော်ဆရာ.. ကျွန်တော်တို့တစ်ခုခုလုပ်သင့်နေပြီမဟုတ်လား”

“ ဒီညသန်းခေါင်အချိန်ရောက်တာနဲ့ သူဘယ်မှာရှိတယ်ဆိုတာသိရမှာပါ… လောလောဆယ် ယူလာတဲ့စာစောင်ကို အခြားဘယ်သူမှမထိမကိုင်အောင်သတိထားပါ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က ကိုင်ထားတဲ့စာစောင်ကို မဖတ်တော့ပဲ ခုံအလွတ်တစ်ခုပေါ်မှာတင်ထားလိုက်တယ်။ ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက ခုံပေါ်တင်ထားတဲ့ စာစောင်ကို အရှေ့မှာချပြီး ဂါထာတစ်ပုဒ်ကို မနားတမ်းရွတ်ပါလေရော။

“ တောက်…. ရှပ် ရှပ် ရှပ်… ဟင်းးး”

ထွန်းမြှာရဲ့အခန်းထဲကနေ တောက်ခတ်သံတွေအပြင် မကျေမနပ်တဲ့ပုံစံနဲ့လမ်းလျောက်နေတဲ့ ခြေသံတွေကိုကြားတော့ အောင်မြတ်သာက ရွတ်ဖတ်နေတာကိုရပ်လိုက်ပြီး

“ ငန်းအစောင့်က ထွန်းမြှာဘယ်မှာရှိတယ်ဆိုတာ သိနေတယ်”

“ ကျွန်တော်တို့ ငန်းစောင့်ကိုခေါ်ပြီး မေးရင်တော့ အဖြေတစ်ခုရမယ်ထင်တယ်နော်”

“ လောလောဆယ် အိမ်ရှင်အဘကို အိပ်မွေ့ချရလိမ့်မယ်… ဒီကိစ္စကိုတောက်ရက တာဝန်ယူပေးပါ”

အောင်မြတ်သာစကားအဆုံးမှာ တောက်ရက အိမ်နောက်ဘက်ကိုဝင်သွားပြီး အိပ်မွေ့ချရာမှာသုံးတဲ့အင်းကို နနွင်းတက်မှာပတ်ကာ မီးရှို့လိုက်တယ်။ မကြာခင် အင်းစာရွက်နဲ့ပတ်ထားတဲ့ နနွင်းတက်ထဲကနေ အခိုးငွေ့တွေထွက်လာပြီး အိမ်ထဲမှာဝေ့ဝဲနေခဲ့တယ်။

“ ဆရာ … ငန်းစောင့်ကို ခေါ်လို့ရပါပြီ”

တောက်ရစကားကြောင့် အောင်မြတ်သာက ကွပ်ပြစ်ခြေရှင်းမှာရှိတဲ့ မြေကြီးကို ပြောင်နေအောင်လှဲလိုက်ပြီး ကြယ်ပုံစံစမကွက်ကိုရေးဆွဲလိုက်တယ်။ ပြီးတော့မှ စာစောင်ကို လွတ်နေတဲ့အကွက်မှာချလိုက်ပြီး

“ ဒီစာစောင်ပေါ်မှာတည်ရှိနေတဲ့ လက်ဗွေပိုင်ရှင်ရဲ့ အခိုင်းစေငန်းစောင့်ပုဂ္ဂိုလ်အား ကျွန်ုပ်အောင်မြတ်သာမှ လေးစားစွာပင့်ဖိတ်အပ်ပါတယ်။ သင်ဟာမကောင်းတဲ့ ငန်းစောင့်မဟုတ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ သင့်ကိုရိုင်းပြစွာမဆက်ဆံဘူးဆိုတာ ကတိပေးပါတယ်။ သင့်အနေနဲ့ ကျုပ်တို့ပင့်ဖိတ်တာကို ကြားတယ်ဆိုတယ်ရင် ဒီစာစောင်ရဲ့ ပထမစာရွက်ကို လှန်ပြပါ” လို့ပြောလိုက်တော့ အင်းကွက်အလယ်မှာရှိတဲ့ စာစောင်ရဲ့ပထအစာရွက်က လေမတိုက်ပဲ သူ့အလိုလိုလှန်သွားတာကိုမြင်လိုက်ရတယ်။

“ သင်ရောက်လာပြီဆိုရင် ကျုပ်တို့မေးတာ အမှန်တိုင်းဖြေပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်တို့ကသင်ရဲ့ သခင်ကို ဒုက္ခရောက်အောင်လုပ်မယ့်သူတွေမဟုတ်ပဲ နည်းမှန်လမ်းမှန်ဖြစ်အောင် ကူညီပေးမယ့်သူတွေဆိုတာ သိမယ်ထင်ပါတယ်။ ဒါကြောင့် သင့်သခင် ယခု ဘယ်အရပ်ဒေသမှာရှိနေတယ်ဆိုတာ ကျုပ်တို့ကိုပြောပြပေးပါ”

အောင်မြတ်သာစကားအဆုံး စာစောင်မှာရှိတဲ့စာရွက်တွေ အရှေ့အနောက်လှုပ်ရမ်းပြီးတဖျတ်ဖျတ်နဲ့ ထောင်လာပါလေရော။ ဆယ်စက္ကန့်လောက် လှုပ်ခါပြီးတဲ့အချိန်မှာတော့ ထုံးသင်္ကန်းသုတ်ထားတဲ့စေတီတစ်ဆူရဲ့ပုံတော်မှာ ရပ်သွားခဲ့တယ်။

သက်ခိုင်လဲ စာစောင်မှာပါတဲ့စေတီဘွဲ့နာမည်ကို ကြည့်လိုက်တော့ “ လောကချမ်းသာလိုတရစေတီ”ဆိုတဲ့ဘွဲ့တော်အပြင် စေတီရဲ့တည်နေရာကိုပါမြင်တွေ့ခဲ့တယ်။

အောင်မြတ်သာလဲ ထွန်းမြှာရှိတဲ့နေရာကိုသိရပြီမို့ ခေါ်ထားတဲ့ငန်းစောင့်ကိုပြန်လွှတ်ပေးပြီး အိမ်ပိုင်ရှင်အဘရဲ့အိပ်ယာဘေးမှာ ငွေအချို့ကိုချပေးကာ စေတီရှိတဲ့အရပ်ကို ညတွင်းချင်းထွက်လာခဲ့လိုက်တယ်။
++++++++

လဆန်းရက်ဖြစ်တဲ့အတွက် အလင်းရောင်က လမ်းခရီးကို ဖြောင့်ဖြူးစေဖို့အကူအညီပေးခဲ့သလို လိုရာခရီးကိုရောက်ဖို့အတွက် အားထည့်နေကြတဲ့ အောင်မြတ်သာတို့ရဲ့ခြေလှမ်းတွေက လျင်မြန်သွက်လက်နေခဲ့တယ်။

အောင်မြတ်သာတို့လဲ ညသန်းခေါင်အချိန်ကနေစထွက်လာခဲ့တာ မနက်လင်းအားကြီးချိန်ရောက်တော့ ထုံးသင်္ကန်းအဖြူရောင်သုတ်ထားတဲ့ စေတီတစ်ဆူကို အဝေးကနေ ဖူးမြင်လိုက်ရတယ်။

လူသူအရောက်ပေါက်နည်းတဲ့အရပ်ဒေသဖြစ်ပေမယ့် စေတီရဲ့ ဂြိုလ်တိုင်တွေမှာတော့ လတ်ဆတ်မွှေးကြိုင်တဲ့ စံပယ်ပန်းတွေကို နှီးနဲ့သီပြီး ပူဇော်ထားတာကို ကြည်နူးစွာဖူးမြင်လိုက်ရတယ်။

အောင်မြတ်သာတို့ စေတီပေါ်ကိုခြေချတာနဲ့ တစ်ပြိုင်နက်စနေထောင့်ဘက်ကနေ ခပ်အုပ်အုပ်ရယ်သံတစ်ခုနဲ့အတူ မျက်နှာမှာကျောက်ပေါက်မာအနည်းငယ်ပေါက်နေတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။

“ ခင်ဗျားက ထွန်းမြှာ ဖြစ်မယ်ထင်တယ်”

“ ဟုတ်ပါတယ် ကျုပ်ကထွန်းမြှာပါ… ဒီက ပုဂ္ဂိုလ်တွေကိုကြည့်ရတာ ကျုပ်ကိုအရမ်းတွေ့ချင်နေတဲ့ပုံပဲ”

ထွန်းမြှာရဲ့စကားကိုအောင်မြတ်သာက ဘာမှမပြောပဲ ဆည်းလည်းသံတွေတချွင်ချွင်မြည်နေတဲ့ ထီးတော်ကို မော့ကြည့်နေခဲ့တယ်။

“ ကျုပ်အသိအရပြောရမယ်ဆိုရင် ခင်ဗျားတို့က ကျုပ်ရဲ့အလုပ်ကိုတားဆီးဖို့လာတဲ့သူတွေပဲဖြစ်ရမယ်… ဟုတ်တယ်မလား”

ထွန်းမြှာရဲ့အသံကရုတ်တရက် မာထန်သွားပြီး နှုတ်ခမ်းကနေ မဲ့ပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။

“ ခင်ဗျားပြောတာမှန်ပါတယ်… ကျုပ်တို့က မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စရပ်ကိုတားဆီးဖို့တာဝန်ပေးချက်အရ ခင်ဗျားဆီကိုရောက်လာရတာပဲ… ဒါကြောင့် ခင်ဗျားအခုကြံစည်နေတဲ့ ကိစ္စကိုလက်လျော့ပြီး ခရီးကိုရောက်အောင်သွားဖို့အကြံပြုချင်ပါတယ်”

“ ကျုပ်လုပ်ရမယ့်ကိစ္စကို ခင်ဗျားတို့ဝင်စွက်ဖက်စရာမလိုပါဘူး… ထွန်းမြှာက ဆုံးဖြတ်ပြီးသားကိစ္စကိုပြန်ပြင်ရိုး ထုံးစံမရှိဘူး… ခင်ဗျားတို့မှာ အစွမ်းအစရှိတယ်ဆိုရင်တော့ ကျုပ်ကိုရအောင်တားကြလေ”

ထွန်းမြှာရဲ့ခနဲ့တဲ့တဲ့စကားသံအဆုံးမှာ စေတီဘေးမှာရှိနေတဲ့ တောအုပ်ထဲကနေ ကျားဟိန်းသံတွေနဲ့အတူ အခြားတောကောင်တွေရဲ့ မာန်ဖီသံအချို့ကိုပါကြားလိုက်ရတယ်။

“ ဆရာ ဒီလူ ကျွန်တော်ကို စိတ်ညို့နေပြီထင်တယ်…”

သက်ခိုင်က မျက်နှာကို ဘေးတစ်ဖက်လွှဲပြီးပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာက တောက်ရလက်မောင်းကိုဆွဲကာ အနောက်ကိုပို့လိုက်ပြီး

“ သူနဲ့မျက်လုံးချင်းမဆုံအောင် သတိထားကြ… မင်းတို့စိတ်တွေထွေပြားတာနဲ့ သူ့အမိန့်ကိုနာခံရလိမ့်မယ်”

“ ဟက်ဟက်ဟက် … ဘယ်လိုလဲဗျ ကျုပ်ကိုစေ့စေ့ကြည့်ပြီးတောင်စကားမပြောကြေတော့ဘူးဆိုတော့ ကျုပ်ကပဲ သတင်းပါးလိုက်ပါမယ်… လာမယ့် နှစ်ရက်အတွင်း မဟာမြိုင်တောထဲကိုဝင်ပြီး ကျုပ်အရည်အချင်းပြည့်မှီကြောင်းသက်သေပြပါမယ်… ခုတော့ ကျုပ်တပည့်လေးတွေက ခင်ဗျားတို့ကို ကောင်းမွန်စွာဧည့်ခံကြပါလိမ့်မယ်”

ထွန်းမြှာစကားအဆုံးမှာ တောထဲကနေ လွှားခနဲ ခုန်ထွက်လာတဲ့ ကျားရိုင်းအချို့ကိုမြင်လိုက်ရတယ်။

" ဝေါင်း …..”

အစွယ်တွေဖွေးနေအောင်မာန်ဖီရင်း ထွက်မရအောင် ပိတ်ဆို့ထားတဲ့ ကျားငါးကောင်ကိုမြင်တော့ အောင်မြတ်သာက
“ ကျားရိုင်းတွေကိုစိတ်ညို့ပြီး ခိုင်းထားတာပဲ… ဘယ်သူမှရင်ပြင်အောက်ကိုမဆင်းကြနဲ့” လို့ပြောလိုက်တဲ့အချိန် ထွန်းမြှာက စနေထောင့်မှာချွတ်ထားတဲ့ ဖိနပ်ကိုကောက်ကိုင်ကာ အိန္ဒြေရရ ဆင်းသွားခဲ့တယ်။

“ ဆရာ ဟိုလူပြေးပြီထင်တယ် … ဘယ်လိုလုပ်ရမလဲ”

“ မင်းတို့နှစ်ယောက် ငါပြန်မရောက်မချင်း ရင်ပြင်ပေါ်ကနေမဆင်းမိစေနဲ့”လို့ပြောကာ တင်ပလ္လင်ခွေထိုင်ချပြီး မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာရှုမှတ်တဲ့အတိုင်း စိတ်ကိုငြိမ်သက်အောင်ထားပြီး စေတီကိုသာအာရုံပြုနေခဲ့တယ်။

မကြာခင် အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ထဲကနေ ကိုယ်ပွါးရုပ်သွင်တစ်ခုထွက်လာပြီး မာန်ဖီနေတဲ့ကျားရိုင်းကောင်တွေကြားထဲကနေ အပြင်ကိုထွက်သွားခဲ့တယ်။

“ အ..အ..အ”

အောင်မြတ်သာလဲ အဆက်မပြတ်အော်မြည်နေတဲ့ ကျီးအာသံကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ကျီးဖြူတစ်ကောင်ကိုမြင်လိုက်ရတယ်။ ကျီးဖြူကအောင်မြတ်သာကိုလဲမြင်ရော သစ်ကိုင်းပေါ်ကနေ အောက်ကိုထိုးဆင်းလာရာ လမ်းတစ်ဝက်မှာတင် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ယောင်္ကျားတစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။

“ ဆရာလိုက်ရှာနေတဲ့သူက တောစောင့်နတ်အကူအညီနဲ့ မြေကြောရှုံပြီး အခြားနေရာတစ်ခုကိုထွက်ပြေးသွားတာတွေ့လိုက်တယ်”

“ သင်ကဘယ်သူပါလဲ… ဘယ်လိုကြောင့် ကျုပ်ကိုမြင်တွေ့နေရတယ်ဆိုတာ ပြောပါဦး”

အောင်မြတ်သာစကားအဆုံးမှာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့လူရဲ့မျက်လုံးတွေဂနာမငြိမ်ဖြစ်လာပြီး ဘာမှဆက်မပြောပဲနေတာမြင်တော့

“ သင်က ကျုပ်ကိုလမ်းလွဲအောင် လုပ်ဆောင်ဖို့ တာဝန်ပေးခံထားရတဲ့သူမဟုတ်ပါလား…”

“ မဟုတ်ပါဘူး… ကျွန်တော်က မဟာမြိုင်တောရဲ့…”

အရှေ့မှာရှိနေတဲ့သူရဲ့စကားမဆုံးခင်မှာပဲ အောင်မြတ်သာက အင်းပေါက်ထားတဲ့လက်ညိုးနဲ့ ထိုးပြီး မူလပြန်စေလို့အမိန့်ပေးလိုက်ရာ ရှည်လျားတဲ့ဆံပင်ကို အနီရောင်ဘောင်းတော်ကြိုးနဲ့ပတ်ထားတဲ့သူအဖြစ်ကိုပြောင်းသွားခဲ့တယ်။

“ အသင်ဘယ်သူလဲ… ဘာကြောင့်ကျုပ်ကိုသတင်းအမှားတွေပေးရတာလဲဆိုတာပြောပါ”

“ သတင်းအမှားမဟုတ်ပါဘူး ဆရာရှာနေတဲ့သူက တောစောင့်နတ်အကူအညီနဲ့ မြေကြောရှုံပြီး အခြားနေရာကိုထွက်ပြေးသွားပါတယ်”

ဒီတစ်ခါမှာတော့ အောင်မြတ်သာ သဘောပေါက်သွားပြီး မျက်လုံးတည့်တည့်ကို အင်းပေါက်ထားတဲ့ ညာလက်ညိုးနဲ့ထိုးကာ

“ စိတ်ကိုထိန်းချုပ်ထားတဲ့အရာမှန်သမျှ ပယ်ပျောက်စေ” လို့အမိန့်ပြန်လိုက်တော့မှ ရီဝေဝေဖြစ်နေတဲ့မျက်လုံးတွေပုံမှန်အတိုင်းပြန်ဖြစ်သွားတာကိုမြင်လိုက်ရတယ်။

“ အသင် သတိပြန်ရလာပြီလား…”

“ ကျုပ် ကျုပ် …ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ”

“ သင့်ကို စိတ်ညို့ဝိဇ္ဇာလို့ ခေါ်တဲ့သူက ထိန်းချုပ်သွားတာပါ…အခုတော့ သင်ပုံမှန်အတိုင်းပြန်ဖြစ်ပါပြီ”

“ ကျေးဇူးတင်ပါတယ်ဆရာ… ကျွန်တော်က ဒီတောကို စောင့်ရှောက်ရတဲ့ တောစောင့်နတ်ပါ… လွန်ခဲ့တဲ့သုံးလလောက်က လောကချမ်းသာစေတီကို လူတစ်ယောက်ရောက်လာပြီး အနီးတစ်ဝိုက်မှာရှိတဲ့ နတ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီထဲကစပြီး သူ့အမိန့်ပေးတာကို ကျုပ်တို့ဘယ်လိုမှလွန်ဆန်မရတော့ဘူး။ သူက ကျုပ်တို့ပိုင်တဲ့ စီးတော်ကျားတွေကိုလဲ လိုအပ်ရင်သုံးဖို့ဆိုပြီး ဖမ်းဆီးထားပါသေးတယ်”

“ ဒါဆိုရင် စေတီပတ်ပတ်လည်မှာ မာန်ဖီနေတဲ့ ကျားရိုင်းတွေက တောမှာရှိတဲ့ နတ်ကြီးတွေရဲ့စီးတော်ကျားတွေပေါ့”

“ ဟုတ်ပါတယ်ဆရာ… နတ်ကျားတွေကို ယဉ်ပါးအောင်ထိန်းချုပ်ထားတဲ့ ခါးစည်းကိုဖြုတ်ပြီး စိတ်ရိုင်းဝင်အောင်ပြုစားထားတာပါ… “

“ သူအခု မဟာမြိုင်တောကို အခွင့်မရှိပဲဝင်ဖို့ကြိုးစားနေတာမို့ သင့်အနေနဲ့ကျုပ်ကို သူရှိနိုင်မယ့်နေရာသိရင်ပြောပြဖို့ မေတ္တာရပ်ခံပါတယ်”

“ သူကဒီတောမှာရှိတဲ့ စေတီနှစ်ဆူမှာ အလှည့်ကျနေထိုင်ပါတယ်။ ကျုပ်အထင်ပြောရရင် သူအခု လောကကျန်းမာစေတီမှာရှိမယ်လို့ထင်တယ်”

“ လောကကျန်းမာစေတီ ဟုတ်လား”

“ ဟုတ်ပါတယ်ဆရာ…. ဒီတောထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျင့်ကြံအားထုတ်ပြီး ပေါက်ရောက်ခဲ့တဲ့ စိတ်ညို့ဝိဇ္ဇာဆရာတစ်ပါးရှိခဲ့ဖူးတယ်။ သူနုစဉ်အခါ ကျင့်ကြံခဲ့တဲ့နေရာမှာ လောကချမ်းသာစေတီကိုတည်ခဲ့ပြီး ပညာစဉ်မြင့်မားလို့ထွက်ရပ်ပေါက်ချိန်မှာတော့ လောကကျန်းမာစေတီကိုတည်ထားခဲ့တယ်။ လောကကျန်းမာစေတီရဲ့အတွင်းပိုင်းဌာပနာတိုက်ထဲမှာတော့ သူ့ဘဝတစ်လျောက်ကျင့်ကြံခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ကျင့်ကြံရမယ့်နည်းလမ်းတွေရေးထားတဲ့ ပရပိုက်တစ်ထုပ်ကိုထည့်သွင်းဌာပနာခဲ့တဲ့အတွက် တောမှာစောင့်တဲ့နတ်ကြီးတွေက ​ လော က ကျန်းမာစေတီကို မသမာသူတွေမတွေ့ရအောင် ဖွက်ထားပေးခဲ့ကြတယ်။ အခုဆရာရှာနေတဲ့သူက တောမှာရှိတဲ့ နတ်ကြီးတွေရဲ့စိတ်ကိုညို့ပြီး စေတီရဲ့လျှို့ဝှက်ချက်တွေကိုသိရှိခဲ့တယ်။ သူ့အကြောင်းကိုဘယ်သူမှပြန်ပြောလို့မရအောင်လဲ မှတ်ဥာဏ်တွေကိုဖျောက်ပစ်ခဲ့သေးတာ။ ကျုပ်တောင်ဆရာရဲ့ကျေးဇူးကြောင့် ဖြစ်ပျက်ခဲ့တာတွေ ပြန်မှိတ်မိခဲ့တာပါ”

“ ကျင့်စဉ်အသေးစိတ်ရေးထားတဲ့ ပရပိုက်ကိုရတာတောင် သူဘာလို့ မဟာမြိုင်တောကိုဝင်မယ့်နံပါတ်စဉ်မရသေးပါလိမ့်”

“ အဲဒါတော့ ကျုပ်တို့ဥာဏ်မမှီလို့ မသိပါဘူးဆရာ… “

“ သင့်အနေနဲ့ ကျုပ်ကို လောကကျန်းမာစေတီတည်ထားတဲ့နေရာကိုလိုက်ပို့ပေးနိုင်မလား”

“ ဆရာ ဆန္ဒရှိရင် ကျုပ်လိုက်ပို့ပေးပါ့မယ်… ဒါပေမယ့် ဆရာ့ကို ကျုပ်လိုက်ပို့တာကိုတော့ သူမသိအောင် ထိန်းသိမ်းပေးပါလို့ တောင်းဆိုပါတယ်”

“ ကျုပ်ရဲ့ကျင့်ကြံခဲ့တဲ့သီလတွေကို တိုင်တည်ပြီးကတိပေးပါတယ်… “

အောင်မြတ်သာစကားအဆုံးမှာ တောစောင့်နတ်က သူ့ခါးမှာပတ်ထားတဲ့ ခါးစည်းအစကို ကမ်းပေးတဲ့အတွက် လှမ်းကိုင်လိုက်တဲ့မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်တဝင်းဝင်းတောက်နေတဲ့စေတီတစ်ဆူရဲ့ ပရဝဏ်နားကိုချက်ချင်းရောက်ရှိသွားခဲ့တယ်။

စေတီရဲ့အပေါ်မှာတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဆွမ်းတွေအပြင် မွှေးကြိုင်လှတဲ့ပန်းတွေကို ပူဇော်နေတဲ့ ယောင်္ကျားမိန်းမအချို့ကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလဲ စေတီပေါ်ကိုချက်ချင်းမတက်သေးပဲ မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်အကွယ်ကနေ ကြည့်နေခဲ့တယ်။ မကြာခင် ဆွမ်းနဲ့ပန်းလာကပ်သူတွေရှိရာကို ရေခွက်တစ်ခွက်ကိုင်ပြီးရောက်လာတဲ့ ထွန်းမြှာကိုမြင်လိုက်ရတယ်။

ဆွမ်းလာလှူတဲ့သူတွေက ထွန်းမြှာကိုမြင်တော့ ဦးခေါင်းတွေငုံ့ပေးပြီး တစ်ခုခုကိုတောင်းခံနေတဲ့ပုံစံကိုမြင်တွေ့ခဲ့တယ်။ ထွန်းမြှာကတော့ ကိုင်ထားတဲ့ရေခွက်ထဲက ရေတွေကိုလက်နဲ့ဆွတ်ယူပြီး ဦးခေါင်းတွေကိုပုတ်ပေးလိုက်တော့မှ ဆွမ်းလာကပ်တဲ့သူတွေပျောက်ကွယ်သွားခဲ့ကြတယ်။

စေတီပေါ်မှာလူရှင်းပြီဆိုမှ ထွန်းမြှာက လွယ်အိတ်ထဲကနေ ကြေးပုရပိုက်တစ်ထုပ်ကိုထုတ်ယူကာ သဲကြီးမဲကြီးဖတ်ပါလေရော။

“ သင်က ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်းအကွာမှာ ဒုက္ခရောက်နေတာပဲ”

ကျောအနောက်ဘက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် ဖတ်လက်စပုရပိုက်ကို ပိတ်ပြီး အံ့ဩတဲ့မျက်လုံးတွေနဲ့ လှည့်ကြည့်ပြီး

“ ဘယ်သူများလဲလို့ …. မိတ်ဆွေဟောင်းကြီးဖြစ်နေပါလား၊ သင့်အနေနဲ့ ဒီအထိလာနိုင်တာကိုမြင်တော့ ချီးကျူးမိပါတယ်ဗျာ”

“ သင် ကျုပ်ကိုစူးစိုက်ကြည့်ပြီး စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားလဲအချည်းနှီးဖြစ်နေမှာ… ဘာကြောင့်ဆိုတော့ သင့်အရှေ့ရှိနေတဲ့ကျုပ်က နာမ်ရုပ်တစ်ခုဖြစ်နေလို့ပဲ”

“ သင်လို လူက နာမ်နဲ့ရုပ်ကို ထပ်တူကျအောင်ခွဲထုတ်နိုင်တယ်ပေါ့လေ… ဟက်ဟက် သင့်ပညာက အဆင့်မြင့်တာကိုလက်ခံပေမယ့် နာမ်ရုပ်ခွဲထွက်နိုင်တာကိုတော့ ကျုပ်မယုံကြည်နိုင်ဘူး”

“ ကျုပ်ကလဲ သင်ယုံကြည်ပါလို့ မတိုက်တွန်းပါဘူး… ဒါပေမယ့် သင်ကျင့်ကြံထားတဲ့ပညာတွေဆုံးရှုံးခံနိုင်ရင်တော့ ဖြတ်လမ်းနည်းကိုဆက်သုံးပါ”

အောင်မြတ်သာစကားကြောင့် ထွန်းမြှာရဲ့မျက်လုံးနှစ်လုံးက အနီရောင်အဖြစ်သွားကာ ပါးစပ်ကနေလဲ တစ်တွတ်တွတ်ရွတ်ပါလေရော။ မကြာခင်မှာပဲ စေတီရဲ့ လေးဘက်လေးတန်ကနေ လက်လေးဘက်မှာ လက်နက်တစ်မျိုးစီကိုင်ဆောင်ထားတဲ့ နတ်ဘီလူးလေးကောင်ထွက်ပေါ်လာပြီး အောင်မြတ်သာကို စားမတတ်ဝါးမတတ်မျက်နှာထားနဲ့စူးစိုက်ကြည့်နေခဲ့တယ်။

“ သင် ကျုပ်ကို ဘယ်လိုပဲရန်ပြုပါစေ …. ကျုပ်ကတော့ ဒီနေရာကနေတစ်းဖဝါးမှမရွေ့ပဲ သင်ပြုသမျှကို သည်းခံပါ့မယ်”

အောင်မြတ်သာစကားကိုကြားတော့ ထွန်းမြှာက

“ ကိုယ့်ကိုကိုယ်အထင်ကြီးလှတဲ့သူရဲ့ခန္ဓာကိုယ်ကို စေတီပေါ်ကနေဆွဲခေါ်ပြီး မှတ်သားလောက်တဲ့အထိ ထုနှိက်စေ” လို့အမိန့်ပေးလိုက်တော့ နတ်ဘီလူးလေးကောင်က စွဲကိုင်ထားတဲ့ လက်နက်တွေကိုဝင့်ကာ အောင်မြတ်သာထံပြေးဝင်လာခဲ့တယ်။ဒါပေမယ့် အနားမရောက်ခင်မှာပဲ ငရဲမီးတစ်မျှ ပူလောင်တဲ့ဒဏ်ကြောင့် အနောက်ကို ပြန်ဆုတ်သွားခဲ့ကြတယ်။

“ မဖြစ်နိုင်ဘူး…. စေတီစောင့်နတ်ဘီလူးတွေရဲ့ အစွမ်းကို တောစောင့်နတ်တွေတောင် မခံနိုင်တာ ဒီလူကဘာကြောင့် ရင်ဆိုင်နိုင်ရတာလဲ…”

ထွန်းမြှာတစ်ယောက် နဖူးကနေချွေးစေးတွေကျလာတဲ့ထိ ကြောက်ရွံ့နေတာကိုမြင်တဲ့ အောင်မြတ်သာက

“ သင်အမြင်မှန်ရသင့်ပြီ… သင့်အနေနဲ့ တစ်ကိုယ်ထဲကျင့်ကြံတဲ့တပသီအကျင့်ကိုတစ်စိုက်မတ်မတ်လုပ်ခဲ့မယ်ဆိုရင် အခုချိန် မဟာမြိုင်တောထဲကိုဝင်လို့ရမယ့် နေရာလွတ်တစ်ခုရမယ်ဆိုတာ ကျုပ်ရဲရဲကြီးအာမခံတယ်။ ဒါပေမယ့် အခုတော့ ဖြတ်လမ်းနည်းကိုလိုက်ပြီး အခြားသူဖောက်ခဲ့တဲ့လမ်းကိုလျောက်နေတဲ့အတွက် သင့်ရဲ့ကိုယ်ထဲမှာ လည်ပတ်နေတဲ့ဓါတ်သဘောတွေ မမျှတပဲ ကျင့်ကြံသမျှအရာမထင်ဖြစ်နေခဲ့တာကို သင်လဲအနည်းငယ်သိမယ်ထင်ပါတယ်”

“ ဒါဆို ကျုပ်က ခက်ခက်ခဲခဲရထားတဲ့ ဒီပုရပိုက်ကို စွန့်လွှတ်မှ မဟာမြိုင်တောထဲဝင်ခွင့်ရမယ်ဆိုတဲ့သဘောလား”

“ သာမန်လူအဖြစ်ကနေ နတ်၊ ဘီလူး၊ ဥစ္စာစောင့်တွေကို စေခိုင်းနိုင်တဲ့အဆင့်ရနေပြီဖြစ်တဲ့ သင်က ဒီထက်တစ်ဆင့်တက်ဖို့ဆိုတာ သိပ်မခက်ခဲတော့ပါဘူး၊ ကျုပ်အနေနဲ့ သင့်လိုပါရမီပါတဲ့လူတစ်ယောက်ရဲ့ဘဝ အမြင့်ကနေ အောက်ကိုထိုးကျမှာမလိုလားလို့ အခုလို ကိုယ်တိုင်ကိုယ်ကျလာရောက်ပြောဆိုနေရတာပဲ”

“ ကျုပ်ကိုဆုံးမနေရအောင် သင်ကရော မဟာမြိုင်တောထဲရောက်ဖူးခဲ့လို့လား”

ထွန်းမြှာစကားအဆုံးမှာ အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကိုချပြီး မျက်လွှာကိုမှိတ်လိုက်တဲ့အချိန် နဖူးပြင်ပေါ်ကနေ အမှတ်စဉ် ၂၅၄ဆိုတဲ့ နံပါတ်တစ်ခုက ရွှေရောင်တဝင်းဝင်းနဲ့ပေါ်လာခဲ့တယ်။

“ သင် … သင်က မဟာမြိုင်တောထဲကို အသက်အငယ်ဆုံးနဲ့ထွက်ရပ်ပေါက်ဝိဇ္ဇာအမှတ်စဉ်၂၅၄ ရခဲ့တဲ့သူပေါ့…. ဟာ… ကျုပ်မှားပြီ … ကျုပ်ရဲ့အတ္တတွေကြောင့် သူတော်ကောင်းကိုစော်ကားမိပြီ… အီးဟီးဟီး”

မျက်နှာကိုလက်နဲ့အုပ်ကာ ငိုကြွေးနေတဲ့ ထွန်းမြှာကိုမြင်တော့ အောင်မြတ်သာက

“ သင်နောက်မကျသေးပါဘူး…. ကျုပ်ပြောတဲ့အတိုင်း သင်ကျင့်ကြံကြည့်ပါ … သင့်အတွက် အကျိုးရှိစေမယ်လို့ ကျုပ်ရဲရဲကြီးပြောရဲပါတယ်”

ဒီတစ်ခါမှာတော့ ထွန်းမြှာ ကျနေတဲ့မျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်ပြီး လွယ်အိတ်ထဲမှာထည့်ထားတဲ့ပုရပိုက်ကိုထုတ်ကာ

“ ကျုပ်ခန္ဓာတည်မြဲနေသရွေ့ သူတစ်ပါးဖောက်ထားတဲ့လမ်းကို မလျောက်တော့ဘူးလို့ကတိပေးပါတယ်… ဒီပုရပိုက်ကိုလဲ မူလနေရာမှာပြန်ထားပေးပါမယ်”လို့ပြောလိုက်တဲ့အချိန် အရပ်လေးမျက်နှာကနေ ဝမ်းသာအားရ လက်ခုပ်တီးသံတွေအပြင် သာဓုခေါ်သံတွေကို ကြားလိုက်ရတယ်။

“ သင့်ဆုံးဖြတ်ချက်ကို သဘောကျနှစ်သက်တဲ့သူတွေရဲ့ ချီးကျူးတဲ့အသံတွေကို ကြားလိုက်တယ်မဟုတ်လား… ဒီအသံတွေကို ခွန်အားအဖြစ်သုံးပြီး ကျန်နေတဲ့တစ်ဆင့်ကို တက်လှမ်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးလိုက်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ထွန်းမြှာက သူရပ်နေတဲ့နေရာမှာတင်ထိုင်ချကာ စိတ်ကိုလိုသလိုစေခိုင်းနိုင်ဖို့အပြင်းအထန်ကြိုးစားခဲ့တယ်။

ဒီမြင်ကွင်းကိုမြင်တဲ့အောင်မြတ်သာက ရင်ထဲကလာတဲ့အသံနဲ့ သာဓုသုံးကြိမ်ခေါ်ဆိုကာ စေတီပေါ်ကဆင်းလာတော့ ပြုံးရွှင်တဲ့မျက်နှာထားတဲ့ အသင့်စောင့်နေတဲ့ တောစောင့်နတ်ကိုမြင်လိုက်ရတယ်။

+++++++++++

ဝိုင်းစက်ပြီး ကြည်လင်နေတဲ့ လမင်းရဲ့ဘေးမှာတော့ ပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့ ကြယ်မှုန်ကြယ်စလေးတွေက ဟိုတစ်စဒီတစ်စနဲ့ အလှဆင်နေခဲ့သလို လောကချမ်းသာစေတီတစ်ခွင်မှာလဲ အောင်မြတ်သာတို့ဆရာတပည့်တွေပူဇော်ထားတဲ့ ဆီမီးအလင်းရောင်တွေက တဖိတ်ဖိတ်တောက်ပနေခဲ့တယ်။

“ ဆရာ…. နက္ခတ်အရဆိုရင် ဒီညဟာ မဟာမြိုင်တောထဲကို လူတစ်ယောက် ခိုးဝင်မယ့်နေ့ပဲနော်”

“ ဟုတ်တယ် … နက္ခတ်တွေက ဘယ်တော့မှ မမှားကြဘူး…”

“ ဗျာ…. ဒါဆို ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့သူက မဟာမြိုင်တောထဲ ခိုးဝင်သွားနိုင်ခဲ့တာလား”

တောက်ရ စကားကြောင့် အောင်မြတ်သာက ကောင်းကင်ယံမှာ မှိန်လုပျောက်ကွယ်ခါနီးဖြစ်နေတဲ့ ကြယ်ကိုလက်ညိုးထိုးပြပြီး

“ အဲဒီကြယ်အစုထဲက အလယ်မှာရှိတဲ့ကြယ်က လွန်ခဲ့တဲ့နှစ်ရက်မှာ အလင်းအားပြင်းပြင်းနဲ့တောက်ပခဲ့တယ်၊ ဒါပေမယ့် အခုတော့ တစ်ဖြေးဖြေးမှိန်လာပြီး အစက်အပျောက်လောက်ပဲကျန်တော့တယ်လေ.. အခုမြင်နေတဲ့ကြယ် ကောင်းကင်ယံကနေပျောက်သွားတာနဲ့ မဟာမြိုင်တောထဲကို လူတစ်ယောက် ရောက်သွားတော့မှာ… “

“ ဟင် …. ကြယ်အစုထဲက အလင်းအားကောင်းတဲ့ ကြယ်ဆိုတာ ခိုးဝင်မယ့်သူကို ကိုယ်စားပြုတာမဟုတ်လား၊ အခုကြယ်အလင်းရောင်မရှိတော့ဘူးလေ…ဒါလဲ ဝင်မယ့်သူရှိနေသေးတာလား”

“ အခုဝင်မယ့်သူက ခိုးဝင်မှာမဟုတ်ဘူး…. တရားဝင်အမှတ်စဉ်နဲ့ ခေါင်းမော့ရင်ကော့ပြီးဝင်မှာ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်တို့လဲ မှိန်လုဆဲဆဲဖြစ်နေတဲ့ကြယ်ကိုပဲစူးစိုက်ကြည့်နေခဲ့ရာ ညသန်းခေါင်အချိန်အရောက် ကြယ်ရောင်လဲအပျောက်မှာ တောထဲကနေ ဝမ်းသာအားရအော်ဟစ်သံတွေနဲ့အတူ သာဓုခေါ်သံတွေက အတိုင်းအဆမဲ့ထွက်လာခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရကတော့ ထူးဆန်းတဲ့အဖြစ်ကို ကြည့်ပြီး အံ့ဩနေတဲ့အချိန် အောင်မြတ်သာဆီကနေ အလွန်ကြည့်ကောင်းတဲ့ အပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။
+++++++++

မနက်အရုဏ်တက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ စေတီကနေပြန်ထွက်လာခဲ့ရာ ဆယ့်နှစ်ရာသီပွဲစျေးသည်တွေနေတဲ့ ရွာတစ်ခုကိုရောက်လာခဲ့တယ်။ ဒါကလဲ ရွာမှာရှိတဲ့သူတွေကြုံတွေ့နေရတဲ့ဘေးကို ဖြေရှင်းပေးနိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလို စာရေးသူအတွက်လဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် ဇာတ်တူသားစားရွာသားများဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

ေအာင္ျမတ္သာႏွင့္စိတ္ညိဳ႕ဝိဇၨာေမာင္ထြန္းျမႇာ

စာေရးဆရာ -ေဇယန(ရာမည)

“ဒူ……..ေဝ……..ေဝ”

က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ ေမာင္းသံေၾကာင့္ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ တရားျဖဳတ္လိုက္ၿပီး ကိုယ္လက္အေညာင္းေျဖဖို႔အတြက္ဇရပ္ေအာက္ကိုဆင္းလာခဲ့ၾကတယ္။

အဲဒီအခ်ိန္ ဇရပ္ထုပ္တန္းေပၚမွာထိုင္ေနတဲ့ ေၾကာင္နက္ႀကီးက ၾကမ္းေပၚကိုလႊားခနဲခုန္ခ်ၿပီး ေအာင္ျမတ္သာတို႔အေနာက္ကေန ထပ္ခ်ပ္မကြာလိုက္လာခဲ့တယ္။

“ ေညာင္….”

“ ဘယ္လိုလဲလမ္းျပႀကီး… သင္ေျပာတဲ့ပုဂၢိဳလ္ရဲ႕သတင္း ဘာမွမရေသးဘူးလား”

ေအာင္ျမတ္သာစကားေၾကာင့္ ေၾကာင္နက္ႀကီးက လက္ႏွစ္ဖက္ကိုေျမာက္တင္လိုက္တဲ့အခ်ိန္ ေၾကာင္အသြင္ေပ်ာက္ၿပီး အသက္သုံးဆယ္အ႐ြယ္လူငယ္တစ္ေယာက္အျဖစ္ေျပာင္းသြားခဲ့တယ္။

“ ဒီေကာင္က အရမ္းပါးနပ္တဲ့အတြက္ သူ႔သတင္းအစကိုရဖို႔အဖြဲ႕ဝင္ေတြႀကိဳးစားေနၾကပါတယ္… မၾကာခင္ ဆရာတို႔အတြက္ သတင္းေကာင္းပါလာမယ္လို႔ေတာ့ ထင္မိတယ္ဗ်”

ရွည္လ်ားနက္ေမွာင္တဲ့ဆံပင္ကို ေက်ာ့ေနေအာင္ ဖီးၿပီးထုံးထားတဲ့ လမ္းျပရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ေကာင္းကင္မွာရွိတဲ့ ၾကယ္ေတြကိုေမာ့ၾကည့္ၿပီး

“ နကၡတ္ေတြရဲ႕ အေနအထားအရဆိုရင္ လာမယ့္ သုံးရက္အတြင္း မဟာၿမိဳင္ေတာထဲကို မဖိတ္ထားတဲ့ လူတစ္ေယာက္ ေရာက္လာမယ္လို႔ေဖာ္ျပေနတယ္။ ဒါေၾကာင့္ က်ဳပ္တို႔ေတြအခ်ိန္ကိုတန္ဖိုးထားရမယ္လို႔ထင္တယ္”

“ ခဏေလာက္ေစာင့္ေပးပါဦး ဆရာ… မၾကာခင္ သတင္းတစ္ခုရလာေတာ့မွာပါ”

စြန္ရဲတစ္ေကာင္လိုစူးရွတဲ့မ်က္လုံးကို အေမွာင္ထုထဲစိုက္ၾကည့္ၿပီးေျပာလိုက္တဲ့လမ္းျပရဲ႕စကားအဆုံးမွာပဲ တအာအာေအာ္ၿပီး ပ်ံလာတဲ့ က်ီးကန္းတစ္ေကာင္ကိုျမင္လိုက္ရတယ္။

လမ္းျပက က်ီးကန္းကိုျမင္ေတာ့ ႐ုတ္ခ်ည္းဆိုသလို ေၾကာင္နက္အသြင္ေျပာင္းကာ ေဘးမွာရွိတဲ့အပင္ေပၚခုန္တက္သြားခဲ့တယ္။ ပ်ံလာတဲ့က်ီးကန္းကလဲ ေၾကာင္နက္ခုန္တက္သြားတဲ့ အပင္ေပၚက နတ္ေနကိုင္းတစ္ခုမွာ နားၿပီး တအာအာနဲ႔ အခ်ိန္အေတာ္ၾကာတဲ့ထိေအာ္ေနခဲ့တယ္။

မၾကာခင္ ေၾကာင္နက္က သစ္ပင္ေပၚကေန လူအသြင္ေျပာင္းကာခုန္ခ်လာၿပီး

“ သတင္းေတာ့ရၿပီဆရာ… သူက လူသူအေရာက္ေပါက္နည္းတဲ့ ႐ြာေတြကိုပစ္မွတ္ထားၿပီး လွည့္ပတ္သြားလာေနတယ္လို႔ေျပာတယ္၊ ဆရာတို႔အေနနဲ႔ သူ႔ကိုရင္ဆိုင္တဲ့အခါ အၾကည့္ခ်င္းမဆုံဖို႔သတိထားၾကပါ”

“ ဘာအေၾကာင္းေၾကာင့္ အခုလိုေျပာရတာလဲ”

“ သူရဲ႕အစြမ္းက မ်က္လုံးပါ… ပညာစဥ္နိမ့္တဲ့သူေတြကစလို႔ ပညာစဥ္ရင့္က်က္တဲ့သူေတြပါ သူ႔ရဲ႕ စိတ္ညိဳ႕ဒဏ္ကိုမခံႏိုင္ၾကတာမ်ားတယ္။ ဒါေၾကာင့္ ဆရာသခင္ေတြက ဒီပုဂၢိဳလ္ကို ဆုံးမဖို႔ဆရာကိုေ႐ြးခ်ယ္ၿပီး က်ဳပ္ကိုသတိေပးခိုင္းလိုက္တာပါ။ ဒီမနက္အ႐ုဏ္တက္တာနဲ႔ ကြၽန္ေတာ္တပည့္ေတြ ဆရာတို႔ကိုလာေခၚပါလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ မဟာၿမိဳင္ေတာရဲ႕ ဝင္ေပါက္ထြက္ေပါက္ေတြကို ေစာင့္ၾကည့္ဖို႔ ခဏျပန္ရမွာမို႔ ဆရာတို႔နဲ႔အတူမရွိေနႏိုင္တာ နားလည္ေပးပါ”

“ သင့္တာဝန္ေတြမလစ္ဟင္းေအာင္ဂ႐ုစိုက္ပါ.. က်ဳပ္တို႔ကေတာ့ ျမင့္ျမတ္တဲ့ေနရာကို မသမာသူေတြမေရာက္ဖို႔ အစြမ္းကုန္ႀကိဳးစားေပးပါ့မယ္”

“ ဒါျဖင့္ က်ဳပ္ကိုခြင့္ျပဳပါဦး…”

လမ္းျပျဖစ္သူက ေအာင္ျမတ္သာတို႔ကို လက္အုပ္ခ်ီကာ ႏႈတ္ဆက္လိုက္ၿပီး ႐ုပ္သြင္ေျပာင္းကာ အေမွာင္ထုထဲကို ဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။

“ ဆရာ… ခုနက လမ္းျပရဲ႕ပညာကလဲ မေခပါလားေနာ္”

“ မင္းက သူ႔ကိုအားက်ေနလို႔လား”

ေအာင္ျမတ္သာစကားေၾကာင့္ ေတာက္ရက ရယ္က်ဲက်ဲလုပ္ၿပီး

“ အားက်တယ္လို႔ေတာ့ မဟုတ္ပါဘူး… မဟာၿမိဳင္ေတာတစ္ခုလုံးရဲ႕ ဝင္ေပါက္ထြက္ေပါက္ေတြကို ထိန္းသိမ္းရတဲ့သူျဖစ္လို႔ နည္းနည္းအထင္ႀကီးမိတာပါ”

“ အင္း … မင္းတို႔ အေနနဲ႔ သူ႔လိုျဖစ္ခ်င္ရင္ ႐ုပ္သြင္ေျပာင္းက်င့္စဥ္ကို က်င့္ရလိမ့္မယ္၊ က်င့္စဥ္ေအာင္ရင္ေတာ့ မဟာၿမိဳင္ေတာရဲ႕ ဒရဝမ္ျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားသြားၿပီ”

“ ဗ်ာ… က်င့္စဥ္ေအာင္ရင္ေတာင္ မဟာၿမိဳင္ေတာထဲဝင္လို႔မရေသးဘူးေပါ့”

“ ဟုတ္တယ္… ဒီေလာကမွာ ႐ုပ္သြင္ေျပာင္းက်င့္စဥ္ေအာင္ထားတဲ့သူေတြဒုနဲ႔ေဒးရွိၾကတယ္။ သူတို႔ထဲကမွ သင့္ေလ်ာ္တဲ့သူကို ဆရာသခင္ေတြက စမ္းသပ္နည္းေပါင္းမ်ားစြာနဲ႔စစ္ေဆးၿပီးမွ တာဝန္ေပးၾကတာ”

“ ဒါဆိုရင္ ဒီပုဂၢိဳလ္က ထြက္ရပ္ေပါက္မဟုတ္ဘူးေပါ့”

သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာက ပါးလႊာတဲ့ႏႈတ္ခမ္းေလးေအာက္မွာ ပုန္းကြယ္ေနတဲ့ သြားတက္ျဖဴျဖဴေလးေပၚေအာင္ ရယ္လိုက္ၿပီး

“ အမွန္တိုင္းေျပာရရင္ သူက မင္းတို႔ေရာက္ဖူးတဲ့ မဟာၿမိဳင္ေတာရဲ႕အတြင္းပိုင္းကိုေတာင္ သြားခြင့္မရွိဘူး၊ ဘယ္လိုလဲ ဒရဝမ္လုပ္မလား… ကိုယ္ေနမယ့္အပင္ႏွစ္ပင္(သက္ခိုင္အတြက္ ေညာင္ပင္၊ ေတာက္ရအတြက္ သေျပပင္ မဟာၿမိဳင္ေတာမွာေပါက္ေနတဲ့အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္နတ္မ်က္စိျမဒင္ဝတၱဳမွာဖတ္ရႈႏိုင္ပါတယ္)ႀကီးထြားသန္မာေအာင္ က်င့္ႀကံမလား”လို႔ေျပာေတာ့ သက္ခိုင္နဲ႔ေတာက္ရက

“ ဒရဝမ္ေတာ့မလုပ္ပါဘူး ကြၽန္ေတာ္တို႔က ဆရာလိုျဖစ္ေအာင္ပဲႀကိဳးစားမွာ… “လို႔ေျပာကာ ရယ္ေမာလိုက္ၾကတယ္။
+++++++++

“ အ… အ… အ….အ”

ဇရပ္ေဘးမွာေပါက္ေနတဲ့ အပင္ေပၚကေန မနားတမ္းေအာ္ေနတဲ့ က်ီးသံေၾကာင့္ ေမွးခနဲအိပ္ေပ်ာ္ေနတဲ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ ႏိုးလာခဲ့တယ္။

“ ႏိုးလာရင္ ကိုယ္လက္သန္႔စင္ၾကဦး. ၿပီးတာနဲ႔စထြက္ၾကမယ္”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္တို႔ ကပ်ာကယာထလိုက္ၾကၿပီး ကိုယ္လက္သန္႔စင္ကာ လြယ္အိတ္ေကာက္လြယ္တဲ့အခ်ိန္ ဇရပ္ေဘးမွာေအာ္ေနတဲ့ က်ီးကန္းက အေရွ႕ဘက္စူးစူးကို ထပ်ံသြားခဲ့တယ္။

“ လမ္းျပကေတာ့ အေရွ႕ဘက္ကို ၫႊန္ျပေနၿပီဆိုေတာ့ ငါတို႔လဲသြားၾကရေအာင္”

ေအာင္ျမတ္သာတို႔ဆရာတပည့္လဲ က်ီးကန္းထပ်ံသြားတဲ့ အေရွ႕ဘက္စူးစူးကိုထြက္လာခဲ့ၾကတာ ပတ္ဝန္းက်င္ကို ရွင္းလင္းစြာျမင္ရတဲ့ အခ်ိန္ကိုေရာက္လာခဲ့တယ္။ လယ္ကြင္းေတြ၊ ဖုန္းဆိုးေျမေတြကို ေက်ာ္ျဖတ္လာၿပီးတဲ့ေနာက္မွာေတာ့ လမ္းေလးခြဆုံတစ္ခုကိုေရာက္လာခဲ့တယ္။

“ အ…အ…အ…အ”

“ ဆရာ… ဒီတစ္ခါေတာ့ အေရွ႕မွာမွိန္ျပျပျမင္ေနတဲ့႐ြာဘက္ကို ၾကည့္ၿပီး ေအာ္ေနပါလား”

“ ဒီပုံစံအတိုင္းဆိုရင္ အခုျမင္ရတဲ့႐ြာမွာ ငါတို႔ရွာေနတဲ့ပုဂၢိဳလ္ကိုေတြ႕ႏိုင္ေခ်ရွိတယ္… သြားၾကရေအာင္”

ေအာင္ျမတ္သာတို႔ထြက္သြားေတာ့ သစ္ပင္ေပၚမွာ နားေနတဲ့က်ီးကန္းက လာရာလမ္းအတိုင္းကိုပ်ံလွည့္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ႐ြာထဲမဝင္ခင္မွာပဲ အဝတ္အစားေတြကိုလဲလွယ္လိုက္ေတာ့ စပါးပြဲစားေတြလို ခရီးသြားေတြလိုျဖစ္သြားခဲ့တယ္။
++++++

“ စပါးဝယ္ဖို႔ ရွာေနတာလား…. က်ဳပ္ေနရာလိုက္ျပေပးမယ္ေလ … အလုပ္ျဖစ္မွ ပြဲခေပးလို႔ရပါတယ္”

႐ြာထဲစဝင္တာနဲ႔ အေနာက္ကေနလိုက္ၿပီး တတြတ္တြတ္ေျပာေနတဲ့ လူကိုျမင္ေတာ့ ေအာင္ျမတ္သာက

“ ေလာေလာဆယ္ေတာ့ က်ဳပ္တို႔ခရီးပန္းလာလို႔ တည္းလို႔ရမယ့္ေနရာရွာေပးလို႔ရမလား”

“ ရတာေပါ့ ရတာေပါ့… က်ဳပ္လိုက္ရွာေပးမယ္ ခဏေစာင့္”

အေပၚပိုင္းဗလာက်င္းထားၿပီး ေဟာင္းႏြမ္းေနတဲ့လုံခ်ည္ကို ခပ္တိုတိုဝတ္ထားတဲ့လူက ေအာင္ျမတ္သာတို႔ကို ႐ြာထိပ္က သစ္ပင္ေအာက္မွာ ေစာင့္ခိုင္းၿပီး ခပ္သြက္သြက္ထြက္သြားခဲ့တယ္။

“ ဆရာ ဒီလူကိုၾကည့္ရတာ ဟိုစပ္စပ္ဒီစပ္စပ္ ပါမယ့္ပုံပဲ … ကြၽန္ေတာ္တို႔အတြက္ အသုံးဝင္မယ္ထင္တယ္ေနာ္”

“ ငါတို႔ရွာေနတဲ့လူကိုမေတြ႕ခင္အခ်ိန္ထိ အေနအထိုင္၊ အေျပာအဆို၊ ကိုယ္အမူအယာေတြကအစ သတိထားပါ။ ငါတို႔ရင္ဆိုင္ရမယ့္သူက ေပါ့ေသးေသးမဟုတ္ဘူးေနာ္”

“ ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္တို႔သတိထားပါ့မယ္”

႐ြာအဝင္ဝသစ္ပင္ေအာက္မွာ နာရီဝက္ေလာက္ထိုင္ေစာင့္ၿပီးတဲ့အခ်ိန္မွာေတာ့ ႐ြာထဲဝင္သြားတဲ့လူျပန္ေရာက္လာၿပီး

“ အဆင္ေျပတယ္ဗ်ိဳ႕…. တည္းမယ့္အိမ္အျပင္ စားေရးေသာက္ေရးပါ အဆင္ေျပေအာင္ ညႇိခဲ့ေပးတယ္။ အိမ္ရွင္ကလဲ ေယာက်ၤားေလးဆိုေတာ့ မိတ္ေဆြတို႔အတြက္ ပိုအဆင္ေျပတာေပါ့ဗ်ာ”

“ ဒါျဖင့္ က်ဳပ္တို႔ သြားလို႔ရပီလား”

“ ရပါၿပီ ရပါၿပီ က်ဳပ္လိုက္ပို႔ေပးပါမယ္”

အေရွ႕ကေန တက္ႂကြတဲ့ေျခလွမ္းေတြနဲ႔ထြက္သြားတဲ့ လူက လမ္းတစ္ဝက္ေရာက္ေတာ့

“ ဆရာတို႔အတြက္ က်ဳပ္အဆင္ေျပေအာင္ စီစဥ္ထားေပးတာဆိုေတာ့ မုန္႔ဖိုးပဲဖိုးေလး မစဦးေနာ့”

“ ဒါေတာ့ လုပ္ေပးရမွာေပါ့… ခင္ဗ်ားနာမည္က ဘယ္လိုေခၚလဲ”

“ က်ဳပ္နာမည္က စိုးဝင္းလို႔ေခၚတယ္၊ ႐ြာထဲကကိစၥမွန္သမွ် စိုးဝင္းမသိတာမရွိဘူး၊ ဆရာတို႔လိုအပ္တာရွိလဲ အခ်ိန္မေ႐ြးေခၚခိုင္းလို႔ရတယ္ေနာ္”

ေအာင္ျမတ္သာက ေရပက္မဝင္ေအာင္ေျပာေနတဲ့သူရဲ႕ လက္ထဲကို ေငြစကၠဴအခ်ိဳ႕ထည့္ေပးလိုက္ၿပီး

“ စိတ္မပူပါနဲ႔ က်ဳပ္တို႔လိုအပ္ရင္ေခၚမွာပါ…ေအာ္ ဒါနဲ႔ တည္းရမယ့္အိမ္မွာေနတဲ့သူဘယ္ႏွစ္ေယာက္ရွိလဲ”

“ ေလာေလာဆယ္ အသက္၆၀အ႐ြယ္ အဖိုးႀကီးတစ္ေယာက္ပဲရွိတာ၊ သူ႔သားသမီးေတြကေတာ့ ႏွစ္လသုံးလေလာက္မွ လာၾကည့္ၾကတာဆိုေတာ့ ဆရာတို႔အတြက္အဆင္ေျပမွာပါ”

စကားတစ္ေျပာေျပာနဲ႔လမ္းေလ်ာက္လာရင္း တည္းမယ့္အိမ္ေရွ႕ကိုေရာက္လာခဲ့တယ္။

“ ဦးဘေဇာ္… ဗ်ိဳ႕ဦးဘေဇာ္ ဒီမွာ တည္းမယ့္သူေတြေရာက္ေနၿပီဗ်”

စိုးဝင္းအသံေၾကာင့္ အိမ္ေပၚကေန လူႀကီးတစ္ေယာက္ဆင္းလာၿပီး
“ ဧည့္သည္ေတြေတာင္ေရာက္ေနၿပီကိုး… အိမ္ေပၚတက္ၿပီး လြတ္လြတ္လပ္လပ္သာေန… အဘက တစ္ေယာက္ထဲေနတာဆိုၿပီး အားမနာၾကနဲ႔”

“ ဟုတ္ကဲ့ပါအဘ ေက်းဇူးတင္ပါတယ္”

ေအာင္ျမတ္သာတို႔အိမ္ေပၚေရာက္ေတာ့ စိုးဝင္းက မေယာင္မလည္နဲ႔တက္လာၿပီး

“ ဆရာသမားတို႔ ခြက္ပုန္းေတြဘာေတြလိုခ်င္လဲေျပာေနာ္… “

“ လိုရင္ေျပာပါ့မယ္ ေလာေလာဆယ္ က်ဳပ္တို႔မလိုေသးပါဘူး”

“ ေအာ္ ေျပာဖို႔ေမ့ေနတာဗ်ာ.. ဆရာတို႔ထမင္းစားဖို႔အတြက္ ဘယ္လိုစီစဥ္ၾကမလဲ… ခ်က္ပို႔ေပးရမယ္ဆိုလဲေျပာေနာ္… က်ဳပ္လိုက္ခ်ိတ္ေပးမယ္”

“ ေက်းဇူးတင္ပါတယ္ဗ်ာ ေန႔လည္စာအတြက္ကိုေတာ့ သက္သက္လြတ္တစ္ခုခုစီစဥ္ခဲ့ေပးဗ်ာ…ဒီမွာ ပိုက္ဆံယူသြားဦး”

“ ဆရာ ေပးတဲ့ပိုက္ဆံက မ်ားလိုက္တာ သက္သက္လြတ္ကအဲေလာက္မလိုပါဘူး”

“ ဒါျဖင့္လဲ ညေနအတြက္ပါတစ္ခါထဲယူထားလိုက္ေတာ့ … က်ဳပ္တို႔လဲခရီးပန္းလာလို႔ နားလိုက္ဦးမယ္”

ေအာင္ျမတ္သာက စကားစကိုျဖတ္လိုက္ေတာ့မွ စိုးဝင္းတစ္ေယာက္အိမ္ေပၚကေနဆင္းသြားခဲ့တယ္။
+++++

“ ဆရာ ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ရမလဲ”

လြယ္အိတ္ကိုခြၽတ္ရင္းေမးလိုက္တဲ့ သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာက အိမ္ေအာက္မွာ ထင္းေခြေနတဲ့ အိမ္ပိုင္ရွင္ကို မ်က္စပစ္ျပၿပီး

“ ေလာေလာဆယ္ စပါးေပါက္ေစ်းေတြကိုစုံစမ္းဖို႔လုပ္ပါ… ညေနေစာင္းရင္ေတာ့ စိုးဝင္းကိုေခါိၿပီး အနီးနား႐ြာေတြပတ္ၾကည့္ၾကတာေပါ့”လို႔ေျပာလိုက္ေတာ့ သက္ခိုင္က အလိုက္သိစြာ ေခါင္းညိမ့္ျပလိုက္တယ္။

မြန္းတည့္ခ်ိန္ေရာက္ေတာ့ စိုးဝင္းတစ္ေယာက္ ထမင္းခ်ိဳင့္ကိုဆြဲၿပီးေရာက္ခ်လာခဲ့တယ္။ ေအာင္ျမတ္သာတို႔ ထမင္းစားေနတုန္း အိမ္ပိုင္ရွင္လူႀကီး မေယာင္မလည္နဲ႔ေရာက္လာၿပီး

“ ဧည့္သည္ေတြေတာင္ ထမင္းစားေနပါေရာလား… က်ဳပ္အိမ္မွာ ၾကက္သားနဲ႔ဘူးသီးခ်က္ထားတာ ယူစားပါလား”

“ မစားေတာ့ပါဘူး အဘ၊ ကြၽန္ေတာ္တို႔က အလုပ္လုပ္ခ်ိန္ဆို သက္သက္လြတ္ပဲစားလို႔ပါ”

“ ေဟ ဟုတ္လား… အဘရဲ႕ သားအငယ္ဆုံးလဲ မင္းတို႔လို သက္သက္လြတ္ပဲစားတာဆိုေတာ့ သူရွိရင္အေဖာ္ရဦးမွာ”

အိမ္ပိုင္ရွင္လူႀကီးစကားကိုၾကားေတာ့ စိုးဝင္းက

“ အငယ္ေကာင္ဆိုေတာ့ ထြန္းျမႇာကိုေျပာတာေပါ့ ဟုတ္လားအဘ”

“ ေအးေလ ငါ့သားသမီးေတြထဲမွာ သူ႔ေလာက္သိတတ္တဲ့သူရွိမွမရွိတာ”

“ အဘေျပာမွ သတိထားမိတယ္… ထြန္းျမႇာကိုမေတြ႕တာၾကာေနၿပီေနာ္”

“ မေတြ႕ဆို ၿမိဳ႕တက္ၿပီးအလုပ္လုပ္ေနတာကိုး… သူျပန္လာရင္ ဒီကဧည့္သည္ေတြနဲ႔မိတ္ဆက္ေပးရမယ္”

ေအာင္ျမတ္သာတို႔လဲ စကားစျပတ္ေအာင္ ထမင္းစားေနတာကိုလက္စသတ္လိုက္ၾကတယ္။

စိုးဝင္းက စားေသာက္ၿပီးတဲ့ ခ်ိဳင့္ေတြကို ဆြဲျခင္းထဲထည့္ၿပီးျပန္ဖို႔အလုပ္မွာ သက္ခိုင္က

“ ညေနက်ရင္ အျခား႐ြာေတြသြားခ်င္လို႔ လိုက္ပို႔ေပးပါဦး”

“ ရတာေပါ့ က်ဳပ္ကအလုပ္မရွိလို႔ပ်င္းေနတာနဲ႔အေတာ္ပဲဗ်ာ၊ ညေနက်ရင္ က်ဳပ္လာေခၚမယ္”လို႔ေျပာကာ ျပန္သြားခဲ့တယ္။
++++++

တလင္းျပင္ေပၚမွာ စပါးေလႊ႕ေနၾကတဲ့ လူေတြက စိုးဝင္းနဲ႔အတူပါလာတဲ့ ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ စပါးပြဲစားေတြလာတယ္အထင္နဲ႔ ေရေႏြးၾကမ္း၊ ထန္းလ်က္ခဲေတြနဲ႔ဧည့္ခံခဲ့ၾကတယ္။

ေအာင္ျမတ္သာတို႔လဲ သ႑ာန္လုပ္သ႐ုပ္တူေအာင္ စပါးေစ်းေတြေမးျမန္းၿပီး အျခား႐ြာဘက္ကိုဆက္ထြက္လာခဲ့ၾကတယ္။ လမ္းမွာေရာက္တတ္ရာရာစကားေတြေျပာေနရင္းကေန ေအာင္ျမတ္သာက

“ အိမ္ရွင္အဘမွာ သားသမီးဘယ္ႏွစ္ေယာက္ရွိလဲဗ်”

“ က်ဳပ္သိရသေလာက္ သုံးေယာက္ရွိတာ၊ အႀကီးဆုံးသားနဲ႔ အလတ္မကေတာ့ ၿမိဳ႕မွာအိမ္ေထာင္က်ေနတယ္ေျပာတာပဲ။ အငယ္ေကာင္ကေတာ့ အိမ္ကိုဆယ္ခါတစ္ခါေလာက္ပဲျပန္လာတာ”

“ အဘက သူ႔သားအငယ္ကိုအေတာ္ခ်စ္ပုံပဲေနာ္”

“ ထြန္းျမႇာကိုေျပာတာလား…. “

“အင္း ဟုတ္တယ္ “

“ ထြန္းျမႇာက လူတစ္မ်ိဳးပဲဗ်… ငယ္ငယ္ထဲက လူေတြနဲ႔သိပ္မေရာပဲ တစ္ကိုယ္ထဲေနတာ။ တစ္ခါတစ္ေလ ႐ြာကေနေပ်ာက္ေပ်ာက္သြားၿပီး ျပန္လာရင္လဲ တစ္ရက္ႏွစ္ရက္ေလာက္ပဲေနတာ၊ ႐ြာထဲကလူေတြေျပာတာကေတာ့ ထြန္းျမႇာက ဘိုးေတာ္႐ူး႐ူးေနတာတဲ့”

“ ဘယ္လို ဘိုးေတာ္႐ူး ဟုတ္လား”

“ ဟုတ္တယ္ ဒီအေၾကာင္း အဘကိုျပန္မေျပာနဲ႔ဦး”

“ ေျပာစရာလားဗ်ာ… က်ဳပ္တို႔ကအဲေလာက္ေတာ့ နားလည္ပါတယ္”

“ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က ထြန္းျမႇာ႐ြာကို တစ္ေခါက္ျပန္လာခဲ့ေသးတယ္။ သူက ညသန္းေခါင္အခ်ိန္ဆိုရင္ ဝတ္ျဖဴစင္က်ယ္ဝတ္ၿပီး ေခါင္မိုးေပၚတက္ထိုင္တာဗ်”

“ ဟင္ ဘာလို႔ေခါင္မိုးေပၚတက္ထိုင္တာလဲ”

“ က်ဳပ္လဲဘယ္သိမလဲဗ်… ႐ြာထဲမွာေျပာတာကေတာ့ လေရာင္ခံတယ္ဆိုလားပဲ… ထြန္းျမႇာကိုေတာ့အထင္မေသးနဲ႔ေနာ္… သူမ်ားေအာက္လမ္းနဲ႔လုပ္ထားတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕အသက္ကိုေတာင္ သူကယ္ေပးခဲ့ေသးတာ”

“ ေျပာစမ္းပါဦး ဘယ္လိုကယ္ခဲ့တာလဲ”

“ဆရာတို႔ ႐ြာထဲေရာက္တဲ့အခါ ေရနံေခ်းေတြသုတ္ထားတဲ့ ပ်ဥ္ေထာင္အိမ္တစ္လုံးေတြ႕လိမ့္မယ္…အဲဒီအိမ္ပိုင္ရွင္သမီးကို အျခားတစ္ေယာက္က ေအာက္လမ္းနဲ႔လုပ္တာ၊အဲဒီအခ်ိန္ ထြန္းျမႇာကလဲရွိေနေတာ့ ေကာင္မေလးကို သူ႔ေရွ႕ေခၚၿပီး မ်က္ေတာင္မခတ္ပဲစိုက္ၾကည့္တာ ဟိုေကာင္မေလးကိုလုပ္ထားတဲ့သူက သူ႔အၾကည့္ကိုမခံႏိုင္ပဲ ဝင္ပူးပါေလေရာ၊ ထြန္းျမႇာက ဝင္ပူးေနတဲ့ေကာင္မေလးကိုစိုက္ၾကည့္ၿပီး ဘယ္ေနရာမွာ ဘာျမဳပ္ထားလဲဆိုတာ ေမးေတာ့တာပဲ၊ အျခားဆရာေတြပေယာဂကုရင္ ဝင္ပူးတဲ့သူက အနည္းနဲ႔အမ်ားေတာ့ အာခံၾကတာပဲမဟုတ္လား”

“ ဒါေပါ့ ဘယ္သူက ခ်က္ခ်င္းဝန္ခံမွာလဲ”

“ ဟဲဟဲ ထြန္းျမႇာ ကုတာကိုဆရာတို႔ျမင္ရင္အံ့ဩသြားမွာ… သူကဝင္ပူးတဲ့ေကာင္မေလးကိုစိုက္ၾကည့္ၿပီး ေမးတာ.. ဟိုက တစ္ခြန္းေတာင္အာမခံပဲ အကုန္ေဖာ္တာဗ်”

စိုးဝင္းစကားေၾကာင့္ သက္ခိုင္က ေအာင္ျမတ္သာကို လွမ္းၾကည့္ၿပီး အဓိပၸါယ္ရွိစြာေခါင္းၿငိမ့္ျပလိုက္တယ္။

အိမ္ျပန္ေရာက္ေတာ့ ေအာင္ျမတ္သာက အိမ္ေရွ႕ကြပ္ျပစ္မွာထိုင္ကာ ေရေႏြးၾကမ္းေသာက္ေနတုန္း အိမ္ပိုင္ရွင္အဘေရာက္လာၿပီး

“ ဧည့္သည္ေတြပ်င္းေနၾကၿပီထင္တယ္…”

“ ပ်င္းတယ္လို႔လဲမဟုတ္ပါဘူးအဘရာ… ဒီလိုပါပဲ”

“ ဒီလိုပါပဲေတြ ဘာေတြလုပ္မေနနဲ႔ … ဧည္သည္တို႔စာဖတ္ရတာဝါသနာပါရင္ ထြန္းျမႇာအခန္းထဲမွာ သူဖတ္ေနက်စာအုပ္ေတြရွိတယ္… ယူဖတ္ၾကေလ”

အိမ္ပိုင္ရွင္စကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရတို႔က အလိုက္သင့္စြာနဲ႔

“ ေရေႏြးၾကမ္းေလးေသာက္လိုက္ စာအုပ္ေလးဖတ္လိုက္နဲ႔ အဆင္သင့္လိုက္တာဗ်ာ” လို႔ေျပာလိုက္ေတာ့ အိမ္ရွင္အဘက ထုပ္တန္းေပၚမွာတင္ထားတဲ့ ေသာ့တစ္ေခ်ာင္းကိုယူကာအခန္းတံခါးကိုဖြင့္ေပးခဲ့တယ္။

သက္ခိုင္တို႔လဲ ဖေယာင္းတိုင္မီးကိုယူၿပီး အခန္းထဲဝင္သြားေတာ့ သပ္ရပ္စြာျပဳလုပ္ထားတဲ့ စာအုပ္စင္ေပၚမွာ ဖုန္အနည္းငယ္တက္ေနတဲ့ စာအုပ္အခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ ဧည့္သည္တို႔အဆင္ေျပတဲ့စာအုပ္ယူဖတ္ၿပီးရင္ သူ႔ေနရာသူျပန္ထားေပးေနာ္… အဘ သားက သူ႔စာအုပ္ေတြကို ေနရာတက်မထားရင္ အရမ္းစိတ္ဆိုးတာ”

“ ဟုတ္ကဲ့ပါအဘ… ကြၽန္ေတာ္တို႔ ေသခ်ာျပန္ထားေပးပါ့မယ္”

သက္ခိုင္တို႔လဲ စာအုပ္စင္ေပၚမွာရွိတဲ့ စာအုပ္ေတြကိုလွန္ေလွာရွာေဖြၾကည့္ရာ စိတ္ညိဳ႕ပညာရပ္နဲ႔ဆိုင္တဲ့စာအုပ္ေပါင္းမ်ားစြာကိုေတြ႕ရွိခဲ့တယ္။

အဒီအခ်ိန္ စာအုပ္စင္ေပၚမွာတင္ထားတဲ့ အစီအရင္ငန္း႐ုပ္တစ္ခုရဲ႕ မ်က္လုံးေတြက မီးခဲလိုနီရဲလာတာျမင္ေတာ့ သက္ခိုင္က ကိုင္ထားတဲ့ စာအုပ္ကိုအသာျပန္ခ်ၿပီး ဂမၻီရစာေစာင္တစ္ေစာင္ကိုသာယူလာခဲ့လိုက္တယ္။

အိမ္ေအာက္ကြပ္ျပစ္ေရာက္ေတာ့ သက္ခိုင္က ေဘးဘီကိုၾကည့္ၿပီး
“ ဆရာ ..ထြန္းျမႇာဆိုတဲ့လူက ကြၽန္ေတာ္တို႔ရွာေနတဲ့သူျဖစ္ႏိုင္တယ္၊ အခုဆို ကြၽန္ေတာ္တို႔သူ႔အခန္းထဲဝင္တာကို အစီအရင္ငန္း႐ုပ္ကတစ္ဆင့္ သိေနေလာက္ၿပီထင္တယ္”

“ ငါထင္တဲ့အတိုင္းပါပဲလား… ဒါေပမယ့္ ထြန္းျမႇာဆိုတဲ့လူအေၾကာင္းသိရသေလာက္ေတာ့ သူတစ္ပါးမေပၚယုတ္မာတာမျမင္မိေသးဘူး..ငါ့စိတ္ထင္ သူက တပသီအက်င့္ကိုက်င့္ေနတဲ့ ပုဂၢိဳလ္ထင္တယ္”

“ တပသီအက်င့္ဆိုတာက ဘယ္လိုမ်ိဳးလဲဆရာ”

“ တပသီဆိုတာက ေက်ာေထာက္ေနာက္ခံ ဂိုဏ္းေတြမရွိပဲ မိမိရဲ႕စိတ္ကူး၊ မိမိရဲ႕ဥာဏ္နဲ႔တစ္ဦးထဲ က်င့္ႀကံတဲ့သူေတြကိုေခၚတာ.. မင္းတို႔ဆိုရင္ ငါတို႔ဂိုဏ္းကိုအမွီျပဳထားတဲ့အတြက္ အေႏွာက္အယွက္ေတြဝင္လာရင္လဲ ဂိုဏ္းမွာရွိတဲ့အေစာင့္ေတြက သတိေပးတာမ်ိဳး၊ ၾကားခံဝင္ေပးတာမ်ိဳးရွိေပမယ့္ တပသီအက်င့္က်င့္တဲ့သူေတြကေတာ့ ဝင္လာတဲ့အဖ်က္စြမ္းအားေတြကို သူတို႔ရဲ႕ဥာဏ္ပညာနဲ႔ပဲေျဖရွင္းၾကရတယ္။ အခ်ိဳ႕ေတြဆိုရင္ အဖ်က္စြမ္းအားကို ရင္မဆိုင္ႏိုင္ပဲ ႐ူးသြပ္သြားၾကတာ”

“ ဒါဆိုရင္ ထြန္းျမႇာဆိုတဲ့လူက သူဖတ္မွတ္ထားတဲ့အေၾကာင္းအရာေတြကိုအေျခခံၿပီး က်င့္ႀကံေနတဲ့သူေပါ့”

“ ဒီပုဂၢိဳလ္က မဟာၿမိဳင္ေတာထဲကိုဝင္ႏိုင္ဖို႔အရည္အခ်င္းမျပည့္မွီေသးေပမယ့္ သူ႔ပညာရပ္က သာမန္ထက္ပိုေနတာကိုေတာ့ျငင္းလို႔မရဘူး”

“ သူ႔ကိုေစာင့္လို႔ေတာ့မျဖစ္ေတာ့ဘူးထင္တယ္ေနာ္ဆရာ.. ကြၽန္ေတာ္တို႔တစ္ခုခုလုပ္သင့္ေနၿပီမဟုတ္လား”

“ ဒီညသန္းေခါင္အခ်ိန္ေရာက္တာနဲ႔ သူဘယ္မွာရွိတယ္ဆိုတာသိရမွာပါ… ေလာေလာဆယ္ ယူလာတဲ့စာေစာင္ကို အျခားဘယ္သူမွမထိမကိုင္ေအာင္သတိထားပါ”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္က ကိုင္ထားတဲ့စာေစာင္ကို မဖတ္ေတာ့ပဲ ခုံအလြတ္တစ္ခုေပၚမွာတင္ထားလိုက္တယ္။ ညသန္းေခါင္အခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာက ခုံေပၚတင္ထားတဲ့ စာေစာင္ကို အေရွ႕မွာခ်ၿပီး ဂါထာတစ္ပုဒ္ကို မနားတမ္း႐ြတ္ပါေလေရာ။

“ ေတာက္…. ရွပ္ ရွပ္ ရွပ္… ဟင္းးး”

ထြန္းျမႇာရဲ႕အခန္းထဲကေန ေတာက္ခတ္သံေတြအျပင္ မေက်မနပ္တဲ့ပုံစံနဲ႔လမ္းေလ်ာက္ေနတဲ့ ေျခသံေတြကိုၾကားေတာ့ ေအာင္ျမတ္သာက ႐ြတ္ဖတ္ေနတာကိုရပ္လိုက္ၿပီး

“ ငန္းအေစာင့္က ထြန္းျမႇာဘယ္မွာရွိတယ္ဆိုတာ သိေနတယ္”

“ ကြၽန္ေတာ္တို႔ ငန္းေစာင့္ကိုေခၚၿပီး ေမးရင္ေတာ့ အေျဖတစ္ခုရမယ္ထင္တယ္ေနာ္”

“ ေလာေလာဆယ္ အိမ္ရွင္အဘကို အိပ္ေမြ႕ခ်ရလိမ့္မယ္… ဒီကိစၥကိုေတာက္ရက တာဝန္ယူေပးပါ”

ေအာင္ျမတ္သာစကားအဆုံးမွာ ေတာက္ရက အိမ္ေနာက္ဘက္ကိုဝင္သြားၿပီး အိပ္ေမြ႕ခ်ရာမွာသုံးတဲ့အင္းကို နႏြင္းတက္မွာပတ္ကာ မီးရႈိ႕လိုက္တယ္။ မၾကာခင္ အင္းစာ႐ြက္နဲ႔ပတ္ထားတဲ့ နႏြင္းတက္ထဲကေန အခိုးေငြ႕ေတြထြက္လာၿပီး အိမ္ထဲမွာေဝ့ဝဲေနခဲ့တယ္။

“ ဆရာ … ငန္းေစာင့္ကို ေခၚလို႔ရပါၿပီ”

ေတာက္ရစကားေၾကာင့္ ေအာင္ျမတ္သာက ကြပ္ျပစ္ေျခရွင္းမွာရွိတဲ့ ေျမႀကီးကို ေျပာင္ေနေအာင္လွဲလိုက္ၿပီး ၾကယ္ပုံစံစမကြက္ကိုေရးဆြဲလိုက္တယ္။ ၿပီးေတာ့မွ စာေစာင္ကို လြတ္ေနတဲ့အကြက္မွာခ်လိုက္ၿပီး

“ ဒီစာေစာင္ေပၚမွာတည္ရွိေနတဲ့ လက္ေဗြပိုင္ရွင္ရဲ႕ အခိုင္းေစငန္းေစာင့္ပုဂၢိဳလ္အား ကြၽႏ္ုပ္ေအာင္ျမတ္သာမွ ေလးစားစြာပင့္ဖိတ္အပ္ပါတယ္။ သင္ဟာမေကာင္းတဲ့ ငန္းေစာင့္မဟုတ္တဲ့အတြက္ ကြၽႏ္ုပ္တို႔အေနနဲ႔ သင့္ကို႐ိုင္းျပစြာမဆက္ဆံဘူးဆိုတာ ကတိေပးပါတယ္။ သင့္အေနနဲ႔ က်ဳပ္တို႔ပင့္ဖိတ္တာကို ၾကားတယ္ဆိုတယ္ရင္ ဒီစာေစာင္ရဲ႕ ပထမစာ႐ြက္ကို လွန္ျပပါ” လို႔ေျပာလိုက္ေတာ့ အင္းကြက္အလယ္မွာရွိတဲ့ စာေစာင္ရဲ႕ပထအစာ႐ြက္က ေလမတိုက္ပဲ သူ႔အလိုလိုလွန္သြားတာကိုျမင္လိုက္ရတယ္။

“ သင္ေရာက္လာၿပီဆိုရင္ က်ဳပ္တို႔ေမးတာ အမွန္တိုင္းေျဖေပးဖို႔ ေတာင္းဆိုပါတယ္။ က်ဳပ္တို႔ကသင္ရဲ႕ သခင္ကို ဒုကၡေရာက္ေအာင္လုပ္မယ့္သူေတြမဟုတ္ပဲ နည္းမွန္လမ္းမွန္ျဖစ္ေအာင္ ကူညီေပးမယ့္သူေတြဆိုတာ သိမယ္ထင္ပါတယ္။ ဒါေၾကာင့္ သင့္သခင္ ယခု ဘယ္အရပ္ေဒသမွာရွိေနတယ္ဆိုတာ က်ဳပ္တို႔ကိုေျပာျပေပးပါ”

ေအာင္ျမတ္သာစကားအဆုံး စာေစာင္မွာရွိတဲ့စာ႐ြက္ေတြ အေရွ႕အေနာက္လႈပ္ရမ္းၿပီးတဖ်တ္ဖ်တ္နဲ႔ ေထာင္လာပါေလေရာ။ ဆယ္စကၠန္႔ေလာက္ လႈပ္ခါၿပီးတဲ့အခ်ိန္မွာေတာ့ ထုံးသကၤန္းသုတ္ထားတဲ့ေစတီတစ္ဆူရဲ႕ပုံေတာ္မွာ ရပ္သြားခဲ့တယ္။

သက္ခိုင္လဲ စာေစာင္မွာပါတဲ့ေစတီဘြဲ႕နာမည္ကို ၾကည့္လိုက္ေတာ့ “ ေလာကခ်မ္းသာလိုတရေစတီ”ဆိုတဲ့ဘြဲ႕ေတာ္အျပင္ ေစတီရဲ႕တည္ေနရာကိုပါျမင္ေတြ႕ခဲ့တယ္။

ေအာင္ျမတ္သာလဲ ထြန္းျမႇာရွိတဲ့ေနရာကိုသိရၿပီမို႔ ေခၚထားတဲ့ငန္းေစာင့္ကိုျပန္လႊတ္ေပးၿပီး အိမ္ပိုင္ရွင္အဘရဲ႕အိပ္ယာေဘးမွာ ေငြအခ်ိဳ႕ကိုခ်ေပးကာ ေစတီရွိတဲ့အရပ္ကို ညတြင္းခ်င္းထြက္လာခဲ့လိုက္တယ္။
++++++++

လဆန္းရက္ျဖစ္တဲ့အတြက္ အလင္းေရာင္က လမ္းခရီးကို ေျဖာင့္ျဖဴးေစဖို႔အကူအညီေပးခဲ့သလို လိုရာခရီးကိုေရာက္ဖို႔အတြက္ အားထည့္ေနၾကတဲ့ ေအာင္ျမတ္သာတို႔ရဲ႕ေျခလွမ္းေတြက လ်င္ျမန္သြက္လက္ေနခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ညသန္းေခါင္အခ်ိန္ကေနစထြက္လာခဲ့တာ မနက္လင္းအားႀကီးခ်ိန္ေရာက္ေတာ့ ထုံးသကၤန္းအျဖဴေရာင္သုတ္ထားတဲ့ ေစတီတစ္ဆူကို အေဝးကေန ဖူးျမင္လိုက္ရတယ္။

လူသူအေရာက္ေပါက္နည္းတဲ့အရပ္ေဒသျဖစ္ေပမယ့္ ေစတီရဲ႕ ၿဂိဳလ္တိုင္ေတြမွာေတာ့ လတ္ဆတ္ေမႊးႀကိဳင္တဲ့ စံပယ္ပန္းေတြကို ႏွီးနဲ႔သီၿပီး ပူေဇာ္ထားတာကို ၾကည္ႏူးစြာဖူးျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔ ေစတီေပၚကိုေျခခ်တာနဲ႔ တစ္ၿပိဳင္နက္စေနေထာင့္ဘက္ကေန ခပ္အုပ္အုပ္ရယ္သံတစ္ခုနဲ႔အတူ မ်က္ႏွာမွာေက်ာက္ေပါက္မာအနည္းငယ္ေပါက္ေနတဲ့ လူတစ္ေယာက္ထြက္လာခဲ့တယ္။

“ ခင္ဗ်ားက ထြန္းျမႇာ ျဖစ္မယ္ထင္တယ္”

“ ဟုတ္ပါတယ္ က်ဳပ္ကထြန္းျမႇာပါ… ဒီက ပုဂၢိဳလ္ေတြကိုၾကည့္ရတာ က်ဳပ္ကိုအရမ္းေတြ႕ခ်င္ေနတဲ့ပုံပဲ”

ထြန္းျမႇာရဲ႕စကားကိုေအာင္ျမတ္သာက ဘာမွမေျပာပဲ ဆည္းလည္းသံေတြတခြၽင္ခြၽင္ျမည္ေနတဲ့ ထီးေတာ္ကို ေမာ့ၾကည့္ေနခဲ့တယ္။

“ က်ဳပ္အသိအရေျပာရမယ္ဆိုရင္ ခင္ဗ်ားတို႔က က်ဳပ္ရဲ႕အလုပ္ကိုတားဆီးဖို႔လာတဲ့သူေတြပဲျဖစ္ရမယ္… ဟုတ္တယ္မလား”

ထြန္းျမႇာရဲ႕အသံက႐ုတ္တရက္ မာထန္သြားၿပီး ႏႈတ္ခမ္းကေန မဲ့ၿပဳံးတစ္ခုထြက္ေပၚလာခဲ့တယ္။

“ ခင္ဗ်ားေျပာတာမွန္ပါတယ္… က်ဳပ္တို႔က မျဖစ္သင့္မျဖစ္ထိုက္တဲ့ကိစၥရပ္ကိုတားဆီးဖို႔တာဝန္ေပးခ်က္အရ ခင္ဗ်ားဆီကိုေရာက္လာရတာပဲ… ဒါေၾကာင့္ ခင္ဗ်ားအခုႀကံစည္ေနတဲ့ ကိစၥကိုလက္ေလ်ာ့ၿပီး ခရီးကိုေရာက္ေအာင္သြားဖို႔အႀကံျပဳခ်င္ပါတယ္”

“ က်ဳပ္လုပ္ရမယ့္ကိစၥကို ခင္ဗ်ားတို႔ဝင္စြက္ဖက္စရာမလိုပါဘူး… ထြန္းျမႇာက ဆုံးျဖတ္ၿပီးသားကိစၥကိုျပန္ျပင္႐ိုး ထုံးစံမရွိဘူး… ခင္ဗ်ားတို႔မွာ အစြမ္းအစရွိတယ္ဆိုရင္ေတာ့ က်ဳပ္ကိုရေအာင္တားၾကေလ”

ထြန္းျမႇာရဲ႕ခနဲ႔တဲ့တဲ့စကားသံအဆုံးမွာ ေစတီေဘးမွာရွိေနတဲ့ ေတာအုပ္ထဲကေန က်ားဟိန္းသံေတြနဲ႔အတူ အျခားေတာေကာင္ေတြရဲ႕ မာန္ဖီသံအခ်ိဳ႕ကိုပါၾကားလိုက္ရတယ္။

“ ဆရာ ဒီလူ ကြၽန္ေတာ္ကို စိတ္ညိဳ႕ေနၿပီထင္တယ္…”

သက္ခိုင္က မ်က္ႏွာကို ေဘးတစ္ဖက္လႊဲၿပီးေျပာလိုက္တဲ့အသံေၾကာင့္ ေအာင္ျမတ္သာက ေတာက္ရလက္ေမာင္းကိုဆြဲကာ အေနာက္ကိုပို႔လိုက္ၿပီး

“ သူနဲ႔မ်က္လုံးခ်င္းမဆုံေအာင္ သတိထားၾက… မင္းတို႔စိတ္ေတြေထြျပားတာနဲ႔ သူ႔အမိန္႔ကိုနာခံရလိမ့္မယ္”

“ ဟက္ဟက္ဟက္ … ဘယ္လိုလဲဗ် က်ဳပ္ကိုေစ့ေစ့ၾကည့္ၿပီးေတာင္စကားမေျပာေၾကေတာ့ဘူးဆိုေတာ့ က်ဳပ္ကပဲ သတင္းပါးလိုက္ပါမယ္… လာမယ့္ ႏွစ္ရက္အတြင္း မဟာၿမိဳင္ေတာထဲကိုဝင္ၿပီး က်ဳပ္အရည္အခ်င္းျပည့္မွီေၾကာင္းသက္ေသျပပါမယ္… ခုေတာ့ က်ဳပ္တပည့္ေလးေတြက ခင္ဗ်ားတို႔ကို ေကာင္းမြန္စြာဧည့္ခံၾကပါလိမ့္မယ္”

ထြန္းျမႇာစကားအဆုံးမွာ ေတာထဲကေန လႊားခနဲ ခုန္ထြက္လာတဲ့ က်ား႐ိုင္းအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

" ေဝါင္း …..”

အစြယ္ေတြေဖြးေနေအာင္မာန္ဖီရင္း ထြက္မရေအာင္ ပိတ္ဆို႔ထားတဲ့ က်ားငါးေကာင္ကိုျမင္ေတာ့ ေအာင္ျမတ္သာက
“ က်ား႐ိုင္းေတြကိုစိတ္ညိဳ႕ၿပီး ခိုင္းထားတာပဲ… ဘယ္သူမွရင္ျပင္ေအာက္ကိုမဆင္းၾကနဲ႔” လို႔ေျပာလိုက္တဲ့အခ်ိန္ ထြန္းျမႇာက စေနေထာင့္မွာခြၽတ္ထားတဲ့ ဖိနပ္ကိုေကာက္ကိုင္ကာ အိေျႏၵရရ ဆင္းသြားခဲ့တယ္။

“ ဆရာ ဟိုလူေျပးၿပီထင္တယ္ … ဘယ္လိုလုပ္ရမလဲ”

“ မင္းတို႔ႏွစ္ေယာက္ ငါျပန္မေရာက္မခ်င္း ရင္ျပင္ေပၚကေနမဆင္းမိေစနဲ႔”လို႔ေျပာကာ တင္ပလႅင္ေခြထိုင္ခ်ၿပီး မ်က္လုံးကိုစုံမွိတ္ထားလိုက္တယ္။

သက္ခိုင္နဲ႔ေတာက္ရလဲ ေအာင္ျမတ္သာရႈမွတ္တဲ့အတိုင္း စိတ္ကိုၿငိမ္သက္ေအာင္ထားၿပီး ေစတီကိုသာအာ႐ုံျပဳေနခဲ့တယ္။

မၾကာခင္ ေအာင္ျမတ္သာရဲ႕ ခႏၶာကိုယ္ထဲကေန ကိုယ္ပြါး႐ုပ္သြင္တစ္ခုထြက္လာၿပီး မာန္ဖီေနတဲ့က်ား႐ိုင္းေကာင္ေတြၾကားထဲကေန အျပင္ကိုထြက္သြားခဲ့တယ္။

“ အ..အ..အ”

ေအာင္ျမတ္သာလဲ အဆက္မျပတ္ေအာ္ျမည္ေနတဲ့ က်ီးအာသံေၾကာင့္ အေပၚကိုေမာ့ၾကည့္လိုက္ရာ တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနတဲ့ က်ီးျဖဴတစ္ေကာင္ကိုျမင္လိုက္ရတယ္။ က်ီးျဖဴကေအာင္ျမတ္သာကိုလဲျမင္ေရာ သစ္ကိုင္းေပၚကေန ေအာက္ကိုထိုးဆင္းလာရာ လမ္းတစ္ဝက္မွာတင္ တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနတဲ့ ေယာက်ၤားတစ္ေယာက္အျဖစ္ေျပာင္းသြားခဲ့တယ္။

“ ဆရာလိုက္ရွာေနတဲ့သူက ေတာေစာင့္နတ္အကူအညီနဲ႔ ေျမေၾကာရႈံၿပီး အျခားေနရာတစ္ခုကိုထြက္ေျပးသြားတာေတြ႕လိုက္တယ္”

“ သင္ကဘယ္သူပါလဲ… ဘယ္လိုေၾကာင့္ က်ဳပ္ကိုျမင္ေတြ႕ေနရတယ္ဆိုတာ ေျပာပါဦး”

ေအာင္ျမတ္သာစကားအဆုံးမွာ တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနတဲ့လူရဲ႕မ်က္လုံးေတြဂနာမၿငိမ္ျဖစ္လာၿပီး ဘာမွဆက္မေျပာပဲေနတာျမင္ေတာ့

“ သင္က က်ဳပ္ကိုလမ္းလြဲေအာင္ လုပ္ေဆာင္ဖို႔ တာဝန္ေပးခံထားရတဲ့သူမဟုတ္ပါလား…”

“ မဟုတ္ပါဘူး… ကြၽန္ေတာ္က မဟာၿမိဳင္ေတာရဲ႕…”

အေရွ႕မွာရွိေနတဲ့သူရဲ႕စကားမဆုံးခင္မွာပဲ ေအာင္ျမတ္သာက အင္းေပါက္ထားတဲ့လက္ညိဳးနဲ႔ ထိုးၿပီး မူလျပန္ေစလို႔အမိန္႔ေပးလိုက္ရာ ရွည္လ်ားတဲ့ဆံပင္ကို အနီေရာင္ေဘာင္းေတာ္ႀကိဳးနဲ႔ပတ္ထားတဲ့သူအျဖစ္ကိုေျပာင္းသြားခဲ့တယ္။

“ အသင္ဘယ္သူလဲ… ဘာေၾကာင့္က်ဳပ္ကိုသတင္းအမွားေတြေပးရတာလဲဆိုတာေျပာပါ”

“ သတင္းအမွားမဟုတ္ပါဘူး ဆရာရွာေနတဲ့သူက ေတာေစာင့္နတ္အကူအညီနဲ႔ ေျမေၾကာရႈံၿပီး အျခားေနရာကိုထြက္ေျပးသြားပါတယ္”

ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာ သေဘာေပါက္သြားၿပီး မ်က္လုံးတည့္တည့္ကို အင္းေပါက္ထားတဲ့ ညာလက္ညိဳးနဲ႔ထိုးကာ

“ စိတ္ကိုထိန္းခ်ဳပ္ထားတဲ့အရာမွန္သမွ် ပယ္ေပ်ာက္ေစ” လို႔အမိန္႔ျပန္လိုက္ေတာ့မွ ရီေဝေဝျဖစ္ေနတဲ့မ်က္လုံးေတြပုံမွန္အတိုင္းျပန္ျဖစ္သြားတာကိုျမင္လိုက္ရတယ္။

“ အသင္ သတိျပန္ရလာၿပီလား…”

“ က်ဳပ္ က်ဳပ္ …ဘယ္လိုျဖစ္လို႔ ဒီကိုေရာက္ေနတာလဲ”

“ သင့္ကို စိတ္ညိဳ႕ဝိဇၨာလို႔ ေခၚတဲ့သူက ထိန္းခ်ဳပ္သြားတာပါ…အခုေတာ့ သင္ပုံမွန္အတိုင္းျပန္ျဖစ္ပါၿပီ”

“ ေက်းဇူးတင္ပါတယ္ဆရာ… ကြၽန္ေတာ္က ဒီေတာကို ေစာင့္ေရွာက္ရတဲ့ ေတာေစာင့္နတ္ပါ… လြန္ခဲ့တဲ့သုံးလေလာက္က ေလာကခ်မ္းသာေစတီကို လူတစ္ေယာက္ေရာက္လာၿပီး အနီးတစ္ဝိုက္မွာရွိတဲ့ နတ္ေတြကို ဆင့္ေခၚခဲ့ပါတယ္။ အဲဒီထဲကစၿပီး သူ႔အမိန္႔ေပးတာကို က်ဳပ္တို႔ဘယ္လိုမွလြန္ဆန္မရေတာ့ဘူး။ သူက က်ဳပ္တို႔ပိုင္တဲ့ စီးေတာ္က်ားေတြကိုလဲ လိုအပ္ရင္သုံးဖို႔ဆိုၿပီး ဖမ္းဆီးထားပါေသးတယ္”

“ ဒါဆိုရင္ ေစတီပတ္ပတ္လည္မွာ မာန္ဖီေနတဲ့ က်ား႐ိုင္းေတြက ေတာမွာရွိတဲ့ နတ္ႀကီးေတြရဲ႕စီးေတာ္က်ားေတြေပါ့”

“ ဟုတ္ပါတယ္ဆရာ… နတ္က်ားေတြကို ယဥ္ပါးေအာင္ထိန္းခ်ဳပ္ထားတဲ့ ခါးစည္းကိုျဖဳတ္ၿပီး စိတ္႐ိုင္းဝင္ေအာင္ျပဳစားထားတာပါ… “

“ သူအခု မဟာၿမိဳင္ေတာကို အခြင့္မရွိပဲဝင္ဖို႔ႀကိဳးစားေနတာမို႔ သင့္အေနနဲ႔က်ဳပ္ကို သူရွိႏိုင္မယ့္ေနရာသိရင္ေျပာျပဖို႔ ေမတၱာရပ္ခံပါတယ္”

“ သူကဒီေတာမွာရွိတဲ့ ေစတီႏွစ္ဆူမွာ အလွည့္က်ေနထိုင္ပါတယ္။ က်ဳပ္အထင္ေျပာရရင္ သူအခု ေလာကက်န္းမာေစတီမွာရွိမယ္လို႔ထင္တယ္”

“ ေလာကက်န္းမာေစတီ ဟုတ္လား”

“ ဟုတ္ပါတယ္ဆရာ…. ဒီေတာထဲမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက က်င့္ႀကံအားထုတ္ၿပီး ေပါက္ေရာက္ခဲ့တဲ့ စိတ္ညိဳ႕ဝိဇၨာဆရာတစ္ပါးရွိခဲ့ဖူးတယ္။ သူႏုစဥ္အခါ က်င့္ႀကံခဲ့တဲ့ေနရာမွာ ေလာကခ်မ္းသာေစတီကိုတည္ခဲ့ၿပီး ပညာစဥ္ျမင့္မားလို႔ထြက္ရပ္ေပါက္ခ်ိန္မွာေတာ့ ေလာကက်န္းမာေစတီကိုတည္ထားခဲ့တယ္။ ေလာကက်န္းမာေစတီရဲ႕အတြင္းပိုင္းဌာပနာတိုက္ထဲမွာေတာ့ သူ႔ဘဝတစ္ေလ်ာက္က်င့္ႀကံခဲ့တဲ့ျဖစ္စဥ္ေတြနဲ႔ က်င့္ႀကံရမယ့္နည္းလမ္းေတြေရးထားတဲ့ ပရပိုက္တစ္ထုပ္ကိုထည့္သြင္းဌာပနာခဲ့တဲ့အတြက္ ေတာမွာေစာင့္တဲ့နတ္ႀကီးေတြက ​ ေလာ က က်န္းမာေစတီကို မသမာသူေတြမေတြ႕ရေအာင္ ဖြက္ထားေပးခဲ့ၾကတယ္။ အခုဆရာရွာေနတဲ့သူက ေတာမွာရွိတဲ့ နတ္ႀကီးေတြရဲ႕စိတ္ကိုညိဳ႕ၿပီး ေစတီရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကိုသိရွိခဲ့တယ္။ သူ႔အေၾကာင္းကိုဘယ္သူမွျပန္ေျပာလို႔မရေအာင္လဲ မွတ္ဥာဏ္ေတြကိုေဖ်ာက္ပစ္ခဲ့ေသးတာ။ က်ဳပ္ေတာင္ဆရာရဲ႕ေက်းဇူးေၾကာင့္ ျဖစ္ပ်က္ခဲ့တာေတြ ျပန္မွိတ္မိခဲ့တာပါ”

“ က်င့္စဥ္အေသးစိတ္ေရးထားတဲ့ ပရပိုက္ကိုရတာေတာင္ သူဘာလို႔ မဟာၿမိဳင္ေတာကိုဝင္မယ့္နံပါတ္စဥ္မရေသးပါလိမ့္”

“ အဲဒါေတာ့ က်ဳပ္တို႔ဥာဏ္မမွီလို႔ မသိပါဘူးဆရာ… “

“ သင့္အေနနဲ႔ က်ဳပ္ကို ေလာကက်န္းမာေစတီတည္ထားတဲ့ေနရာကိုလိုက္ပို႔ေပးႏိုင္မလား”

“ ဆရာ ဆႏၵရွိရင္ က်ဳပ္လိုက္ပို႔ေပးပါ့မယ္… ဒါေပမယ့္ ဆရာ့ကို က်ဳပ္လိုက္ပို႔တာကိုေတာ့ သူမသိေအာင္ ထိန္းသိမ္းေပးပါလို႔ ေတာင္းဆိုပါတယ္”

“ က်ဳပ္ရဲ႕က်င့္ႀကံခဲ့တဲ့သီလေတြကို တိုင္တည္ၿပီးကတိေပးပါတယ္… “

ေအာင္ျမတ္သာစကားအဆုံးမွာ ေတာေစာင့္နတ္က သူ႔ခါးမွာပတ္ထားတဲ့ ခါးစည္းအစကို ကမ္းေပးတဲ့အတြက္ လွမ္းကိုင္လိုက္တဲ့မ်က္စိတစ္မွိတ္အတြင္းမွာ ေ႐ႊေရာင္တဝင္းဝင္းေတာက္ေနတဲ့ေစတီတစ္ဆူရဲ႕ ပရဝဏ္နားကိုခ်က္ခ်င္းေရာက္ရွိသြားခဲ့တယ္။

ေစတီရဲ႕အေပၚမွာေတာ့ အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ ဆြမ္းေတြအျပင္ ေမႊးႀကိဳင္လွတဲ့ပန္းေတြကို ပူေဇာ္ေနတဲ့ ေယာက်ၤားမိန္းမအခ်ိဳ႕ကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာလဲ ေစတီေပၚကိုခ်က္ခ်င္းမတက္ေသးပဲ မလွမ္းမကမ္းမွာရွိတဲ့ သစ္ပင္အကြယ္ကေန ၾကည့္ေနခဲ့တယ္။ မၾကာခင္ ဆြမ္းနဲ႔ပန္းလာကပ္သူေတြရွိရာကို ေရခြက္တစ္ခြက္ကိုင္ၿပီးေရာက္လာတဲ့ ထြန္းျမႇာကိုျမင္လိုက္ရတယ္။

ဆြမ္းလာလႉတဲ့သူေတြက ထြန္းျမႇာကိုျမင္ေတာ့ ဦးေခါင္းေတြငုံ႔ေပးၿပီး တစ္ခုခုကိုေတာင္းခံေနတဲ့ပုံစံကိုျမင္ေတြ႕ခဲ့တယ္။ ထြန္းျမႇာကေတာ့ ကိုင္ထားတဲ့ေရခြက္ထဲက ေရေတြကိုလက္နဲ႔ဆြတ္ယူၿပီး ဦးေခါင္းေတြကိုပုတ္ေပးလိုက္ေတာ့မွ ဆြမ္းလာကပ္တဲ့သူေတြေပ်ာက္ကြယ္သြားခဲ့ၾကတယ္။

ေစတီေပၚမွာလူရွင္းၿပီဆိုမွ ထြန္းျမႇာက လြယ္အိတ္ထဲကေန ေၾကးပုရပိုက္တစ္ထုပ္ကိုထုတ္ယူကာ သဲႀကီးမဲႀကီးဖတ္ပါေလေရာ။

“ သင္က ပန္းတိုင္ေရာက္ဖို႔ လက္တစ္ကမ္းအကြာမွာ ဒုကၡေရာက္ေနတာပဲ”

ေက်ာအေနာက္ဘက္ကေန ၾကားလိုက္ရတဲ့အသံေၾကာင့္ ဖတ္လက္စပုရပိုက္ကို ပိတ္ၿပီး အံ့ဩတဲ့မ်က္လုံးေတြနဲ႔ လွည့္ၾကည့္ၿပီး

“ ဘယ္သူမ်ားလဲလို႔ …. မိတ္ေဆြေဟာင္းႀကီးျဖစ္ေနပါလား၊ သင့္အေနနဲ႔ ဒီအထိလာႏိုင္တာကိုျမင္ေတာ့ ခ်ီးက်ဴးမိပါတယ္ဗ်ာ”

“ သင္ က်ဳပ္ကိုစူးစိုက္ၾကည့္ၿပီး စိတ္ကိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားလဲအခ်ည္းႏွီးျဖစ္ေနမွာ… ဘာေၾကာင့္ဆိုေတာ့ သင့္အေရွ႕ရွိေနတဲ့က်ဳပ္က နာမ္႐ုပ္တစ္ခုျဖစ္ေနလို႔ပဲ”

“ သင္လို လူက နာမ္နဲ႔႐ုပ္ကို ထပ္တူက်ေအာင္ခြဲထုတ္ႏိုင္တယ္ေပါ့ေလ… ဟက္ဟက္ သင့္ပညာက အဆင့္ျမင့္တာကိုလက္ခံေပမယ့္ နာမ္႐ုပ္ခြဲထြက္ႏိုင္တာကိုေတာ့ က်ဳပ္မယုံၾကည္ႏိုင္ဘူး”

“ က်ဳပ္ကလဲ သင္ယုံၾကည္ပါလို႔ မတိုက္တြန္းပါဘူး… ဒါေပမယ့္ သင္က်င့္ႀကံထားတဲ့ပညာေတြဆုံးရႈံးခံႏိုင္ရင္ေတာ့ ျဖတ္လမ္းနည္းကိုဆက္သုံးပါ”

ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းျမႇာရဲ႕မ်က္လုံးႏွစ္လုံးက အနီေရာင္အျဖစ္သြားကာ ပါးစပ္ကေနလဲ တစ္တြတ္တြတ္႐ြတ္ပါေလေရာ။ မၾကာခင္မွာပဲ ေစတီရဲ႕ ေလးဘက္ေလးတန္ကေန လက္ေလးဘက္မွာ လက္နက္တစ္မ်ိဳးစီကိုင္ေဆာင္ထားတဲ့ နတ္ဘီလူးေလးေကာင္ထြက္ေပၚလာၿပီး ေအာင္ျမတ္သာကို စားမတတ္ဝါးမတတ္မ်က္ႏွာထားနဲ႔စူးစိုက္ၾကည့္ေနခဲ့တယ္။

“ သင္ က်ဳပ္ကို ဘယ္လိုပဲရန္ျပဳပါေစ …. က်ဳပ္ကေတာ့ ဒီေနရာကေနတစ္းဖဝါးမွမေ႐ြ႕ပဲ သင္ျပဳသမွ်ကို သည္းခံပါ့မယ္”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ ထြန္းျမႇာက

“ ကိုယ့္ကိုကိုယ္အထင္ႀကီးလွတဲ့သူရဲ႕ခႏၶာကိုယ္ကို ေစတီေပၚကေနဆြဲေခၚၿပီး မွတ္သားေလာက္တဲ့အထိ ထုႏွိက္ေစ” လို႔အမိန္႔ေပးလိုက္ေတာ့ နတ္ဘီလူးေလးေကာင္က စြဲကိုင္ထားတဲ့ လက္နက္ေတြကိုဝင့္ကာ ေအာင္ျမတ္သာထံေျပးဝင္လာခဲ့တယ္။ဒါေပမယ့္ အနားမေရာက္ခင္မွာပဲ ငရဲမီးတစ္မွ် ပူေလာင္တဲ့ဒဏ္ေၾကာင့္ အေနာက္ကို ျပန္ဆုတ္သြားခဲ့ၾကတယ္။

“ မျဖစ္ႏိုင္ဘူး…. ေစတီေစာင့္နတ္ဘီလူးေတြရဲ႕ အစြမ္းကို ေတာေစာင့္နတ္ေတြေတာင္ မခံႏိုင္တာ ဒီလူကဘာေၾကာင့္ ရင္ဆိုင္ႏိုင္ရတာလဲ…”

ထြန္းျမႇာတစ္ေယာက္ နဖူးကေနေခြၽးေစးေတြက်လာတဲ့ထိ ေၾကာက္႐ြံ႕ေနတာကိုျမင္တဲ့ ေအာင္ျမတ္သာက

“ သင္အျမင္မွန္ရသင့္ၿပီ… သင့္အေနနဲ႔ တစ္ကိုယ္ထဲက်င့္ႀကံတဲ့တပသီအက်င့္ကိုတစ္စိုက္မတ္မတ္လုပ္ခဲ့မယ္ဆိုရင္ အခုခ်ိန္ မဟာၿမိဳင္ေတာထဲကိုဝင္လို႔ရမယ့္ ေနရာလြတ္တစ္ခုရမယ္ဆိုတာ က်ဳပ္ရဲရဲႀကီးအာမခံတယ္။ ဒါေပမယ့္ အခုေတာ့ ျဖတ္လမ္းနည္းကိုလိုက္ၿပီး အျခားသူေဖာက္ခဲ့တဲ့လမ္းကိုေလ်ာက္ေနတဲ့အတြက္ သင့္ရဲ႕ကိုယ္ထဲမွာ လည္ပတ္ေနတဲ့ဓါတ္သေဘာေတြ မမွ်တပဲ က်င့္ႀကံသမွ်အရာမထင္ျဖစ္ေနခဲ့တာကို သင္လဲအနည္းငယ္သိမယ္ထင္ပါတယ္”

“ ဒါဆို က်ဳပ္က ခက္ခက္ခဲခဲရထားတဲ့ ဒီပုရပိုက္ကို စြန္႔လႊတ္မွ မဟာၿမိဳင္ေတာထဲဝင္ခြင့္ရမယ္ဆိုတဲ့သေဘာလား”

“ သာမန္လူအျဖစ္ကေန နတ္၊ ဘီလူး၊ ဥစၥာေစာင့္ေတြကို ေစခိုင္းႏိုင္တဲ့အဆင့္ရေနၿပီျဖစ္တဲ့ သင္က ဒီထက္တစ္ဆင့္တက္ဖို႔ဆိုတာ သိပ္မခက္ခဲေတာ့ပါဘူး၊ က်ဳပ္အေနနဲ႔ သင့္လိုပါရမီပါတဲ့လူတစ္ေယာက္ရဲ႕ဘဝ အျမင့္ကေန ေအာက္ကိုထိုးက်မွာမလိုလားလို႔ အခုလို ကိုယ္တိုင္ကိုယ္က်လာေရာက္ေျပာဆိုေနရတာပဲ”

“ က်ဳပ္ကိုဆုံးမေနရေအာင္ သင္ကေရာ မဟာၿမိဳင္ေတာထဲေရာက္ဖူးခဲ့လို႔လား”

ထြန္းျမႇာစကားအဆုံးမွာ ေအာင္ျမတ္သာက သက္ျပင္းရွည္တစ္ခ်က္ကိုခ်ၿပီး မ်က္လႊာကိုမွိတ္လိုက္တဲ့အခ်ိန္ နဖူးျပင္ေပၚကေန အမွတ္စဥ္ ၂၅၄ဆိုတဲ့ နံပါတ္တစ္ခုက ေ႐ႊေရာင္တဝင္းဝင္းနဲ႔ေပၚလာခဲ့တယ္။

“ သင္ … သင္က မဟာၿမိဳင္ေတာထဲကို အသက္အငယ္ဆုံးနဲ႔ထြက္ရပ္ေပါက္ဝိဇၨာအမွတ္စဥ္၂၅၄ ရခဲ့တဲ့သူေပါ့…. ဟာ… က်ဳပ္မွားၿပီ … က်ဳပ္ရဲ႕အတၱေတြေၾကာင့္ သူေတာ္ေကာင္းကိုေစာ္ကားမိၿပီ… အီးဟီးဟီး”

မ်က္ႏွာကိုလက္နဲ႔အုပ္ကာ ငိုေႂကြးေနတဲ့ ထြန္းျမႇာကိုျမင္ေတာ့ ေအာင္ျမတ္သာက

“ သင္ေနာက္မက်ေသးပါဘူး…. က်ဳပ္ေျပာတဲ့အတိုင္း သင္က်င့္ႀကံၾကည့္ပါ … သင့္အတြက္ အက်ိဳးရွိေစမယ္လို႔ က်ဳပ္ရဲရဲႀကီးေျပာရဲပါတယ္”

ဒီတစ္ခါမွာေတာ့ ထြန္းျမႇာ က်ေနတဲ့မ်က္ရည္ေတြကို လက္ခုံနဲ႔သုတ္လိုက္ၿပီး လြယ္အိတ္ထဲမွာထည့္ထားတဲ့ပုရပိုက္ကိုထုတ္ကာ

“ က်ဳပ္ခႏၶာတည္ၿမဲေနသေ႐ြ႕ သူတစ္ပါးေဖာက္ထားတဲ့လမ္းကို မေလ်ာက္ေတာ့ဘူးလို႔ကတိေပးပါတယ္… ဒီပုရပိုက္ကိုလဲ မူလေနရာမွာျပန္ထားေပးပါမယ္”လို႔ေျပာလိုက္တဲ့အခ်ိန္ အရပ္ေလးမ်က္ႏွာကေန ဝမ္းသာအားရ လက္ခုပ္တီးသံေတြအျပင္ သာဓုေခၚသံေတြကို ၾကားလိုက္ရတယ္။

“ သင့္ဆုံးျဖတ္ခ်က္ကို သေဘာက်ႏွစ္သက္တဲ့သူေတြရဲ႕ ခ်ီးက်ဴးတဲ့အသံေတြကို ၾကားလိုက္တယ္မဟုတ္လား… ဒီအသံေတြကို ခြန္အားအျဖစ္သုံးၿပီး က်န္ေနတဲ့တစ္ဆင့္ကို တက္လွမ္းႏိုင္ပါေစလို႔ လႈိက္လႈိက္လွဲလွဲဆုေတာင္းေပးလိုက္ပါတယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ထြန္းျမႇာက သူရပ္ေနတဲ့ေနရာမွာတင္ထိုင္ခ်ကာ စိတ္ကိုလိုသလိုေစခိုင္းႏိုင္ဖို႔အျပင္းအထန္ႀကိဳးစားခဲ့တယ္။

ဒီျမင္ကြင္းကိုျမင္တဲ့ေအာင္ျမတ္သာက ရင္ထဲကလာတဲ့အသံနဲ႔ သာဓုသုံးႀကိမ္ေခၚဆိုကာ ေစတီေပၚကဆင္းလာေတာ့ ၿပဳံး႐ႊင္တဲ့မ်က္ႏွာထားတဲ့ အသင့္ေစာင့္ေနတဲ့ ေတာေစာင့္နတ္ကိုျမင္လိုက္ရတယ္။

+++++++++++

ဝိုင္းစက္ၿပီး ၾကည္လင္ေနတဲ့ လမင္းရဲ႕ေဘးမွာေတာ့ ၿပိဳးၿပိဳးပ်က္ပ်က္လင္းလက္ေနတဲ့ ၾကယ္မႈန္ၾကယ္စေလးေတြက ဟိုတစ္စဒီတစ္စနဲ႔ အလွဆင္ေနခဲ့သလို ေလာကခ်မ္းသာေစတီတစ္ခြင္မွာလဲ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြပူေဇာ္ထားတဲ့ ဆီမီးအလင္းေရာင္ေတြက တဖိတ္ဖိတ္ေတာက္ပေနခဲ့တယ္။

“ ဆရာ…. နကၡတ္အရဆိုရင္ ဒီညဟာ မဟာၿမိဳင္ေတာထဲကို လူတစ္ေယာက္ ခိုးဝင္မယ့္ေန႔ပဲေနာ္”

“ ဟုတ္တယ္ … နကၡတ္ေတြက ဘယ္ေတာ့မွ မမွားၾကဘူး…”

“ ဗ်ာ…. ဒါဆို ကြၽန္ေတာ္တို႔ရွာေတြ႕ခဲ့တဲ့သူက မဟာၿမိဳင္ေတာထဲ ခိုးဝင္သြားႏိုင္ခဲ့တာလား”

ေတာက္ရ စကားေၾကာင့္ ေအာင္ျမတ္သာက ေကာင္းကင္ယံမွာ မွိန္လုေပ်ာက္ကြယ္ခါနီးျဖစ္ေနတဲ့ ၾကယ္ကိုလက္ညိဳးထိုးျပၿပီး

“ အဲဒီၾကယ္အစုထဲက အလယ္မွာရွိတဲ့ၾကယ္က လြန္ခဲ့တဲ့ႏွစ္ရက္မွာ အလင္းအားျပင္းျပင္းနဲ႔ေတာက္ပခဲ့တယ္၊ ဒါေပမယ့္ အခုေတာ့ တစ္ေျဖးေျဖးမွိန္လာၿပီး အစက္အေပ်ာက္ေလာက္ပဲက်န္ေတာ့တယ္ေလ.. အခုျမင္ေနတဲ့ၾကယ္ ေကာင္းကင္ယံကေနေပ်ာက္သြားတာနဲ႔ မဟာၿမိဳင္ေတာထဲကို လူတစ္ေယာက္ ေရာက္သြားေတာ့မွာ… “

“ ဟင္ …. ၾကယ္အစုထဲက အလင္းအားေကာင္းတဲ့ ၾကယ္ဆိုတာ ခိုးဝင္မယ့္သူကို ကိုယ္စားျပဳတာမဟုတ္လား၊ အခုၾကယ္အလင္းေရာင္မရွိေတာ့ဘူးေလ…ဒါလဲ ဝင္မယ့္သူရွိေနေသးတာလား”

“ အခုဝင္မယ့္သူက ခိုးဝင္မွာမဟုတ္ဘူး…. တရားဝင္အမွတ္စဥ္နဲ႔ ေခါင္းေမာ့ရင္ေကာ့ၿပီးဝင္မွာ”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္တို႔လဲ မွိန္လုဆဲဆဲျဖစ္ေနတဲ့ၾကယ္ကိုပဲစူးစိုက္ၾကည့္ေနခဲ့ရာ ညသန္းေခါင္အခ်ိန္အေရာက္ ၾကယ္ေရာင္လဲအေပ်ာက္မွာ ေတာထဲကေန ဝမ္းသာအားရေအာ္ဟစ္သံေတြနဲ႔အတူ သာဓုေခၚသံေတြက အတိုင္းအဆမဲ့ထြက္လာခဲ့တယ္။

သက္ခိုင္နဲ႔ ေတာက္ရကေတာ့ ထူးဆန္းတဲ့အျဖစ္ကို ၾကည့္ၿပီး အံ့ဩေနတဲ့အခ်ိန္ ေအာင္ျမတ္သာဆီကေန အလြန္ၾကည့္ေကာင္းတဲ့ အၿပဳံးတစ္ခုထြက္ေပၚလာခဲ့တယ္။
+++++++++

မနက္အ႐ုဏ္တက္ေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ေစတီကေနျပန္ထြက္လာခဲ့ရာ ဆယ့္ႏွစ္ရာသီပြဲေစ်းသည္ေတြေနတဲ့ ႐ြာတစ္ခုကိုေရာက္လာခဲ့တယ္။ ဒါကလဲ ႐ြာမွာရွိတဲ့သူေတြႀကဳံေတြ႕ေနရတဲ့ေဘးကို ေျဖရွင္းေပးႏိုင္ခဲ့တဲ့ျဖစ္ရပ္တစ္ခုျဖစ္ခဲ့သလို စာေရးသူအတြက္လဲ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

ဒီအေၾကာင္းအရာေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္ ဇာတ္တူသားစား႐ြာသားမ်ားဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

🔰(Like & Share ေလးနဲ႔အား ေပးသြားခဲ့ၾကပါ)🔰

No comments

Post a Comment