မောင့်သက်လယ်(စ/ဆုံး)

———————– ခမ်းနားလှသော စားသောက်ဆိုင်ကြီးတစ်ဆိုင်ထဲသို့ သားသား နားနား ဝတ်စားထားသော လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုသူသည် တံခါးပေါက်အနီးရှိ စားပွဲအလ... thumbnail 1 summary


———————–

ခမ်းနားလှသော စားသောက်ဆိုင်ကြီးတစ်ဆိုင်ထဲသို့ သားသား
နားနား ဝတ်စားထားသော လူတစ်ယောက် ဝင်လာခဲ့သည်။

ထိုသူသည် တံခါးပေါက်အနီးရှိ စားပွဲအလွတ်တစ်ဝိုင်းတွင်
ဝင်ထိုင်ကာ ခုံပေါ်သို့ နောက်ဆုံးပေါ်ကားကြီး၏ ကားသော့
ကို လှမ်းတင်လိုက်လေသည်။

waiter တစ်ယောက်က menu စာအုပ်အနက်ရောင်လေးကို
ထိုသူရှေ့သို့ တရိုတသေလာချပေး၏။ ပြီးနောက် Note
book အသေးလေးအား အိတ်ကပ်ထဲမှထုတ်ယူလိုက်ကာ ဘောလ်ပင်ကိုင်ရင်း ရပ်စောင့်နေသည်။

” ခဏမှ မှာမယ် … ရေပဲအရင်လာချပေးကွာ ”

waiter ကလည်း ခေါင်းလေးညိမ့်ပြပြီး ပြန်လှည့်ထွက်သွား
ခဲ့သည်။ ထိုသူမှာမူ အဝင်တံခါးဘက်ဆီသာ တမျှော်မျှော်နှင့် ကြည့်နေ၏။

မကြာခင် waiter က လင်ဗန်းလေးပေါ် ရေဖန်ခွက်တစ်ခွက်
တင်ကာ လာချပေးသွားသည်။ ရေကို တစ်ငုံမော့သောက်
လိုက်ပြီး တံခါးဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ကြည့်နေပြန်သည်။

ဆယ်မိနစ်ခန့်ကြာပြီးသည့်အခါ ထိုဆိုင်ထဲသို့ အလွန်ပင်
ချောမောလှသော အမျိုးသမီးတစ်ယောက် ဝင်လာလေ
တော့သည်။

ထိုအမျိုးသမီးကလည်း ဆိုင်ထဲသို့ ဟိုဟိုဒီဒီဝေ့ဝဲကြည့်ရင်း ခုနကလူရှိရာဆီသို့ ပြုံးတုံ့တုံ့အမူအရာနှင့် လျှောက်လှမ်း
လာခဲ့လေသည်။

သူမက ခါးသေးရင်ချီ ငါးရံ့ကိုယ်လုံးလေးပေါ်လွင်စေရန်
ဆွဲသားဝတ်စုံ အပြာလွင်လွင်လေးကို ဝတ်ဆင်ထားသည်။

ဆံနွယ်များ၏ အောက်အဖျားပိုင်းကို လှိုင်းကြီးလိတ်ထား
ပြီး ‌ေရွှအိုရောင်ဆေးဆိုးထားသဖြင့် ကြည့်၍ ပသာဒကျ
လှ၏။

မနိမ့်မမြင့်ဒေါက်ဖိနပ်ဆီမှ ကြွေပြားပေါ်နင်းချလိုက်တိုင်း
” ဒက် … ဒက် ” ဟုမြည်နေသံမှာ သူမ၏လျှောက်လှမ်းလာ
ပုံနှင့် လိုက်ဖက်ညီလွန်းနေသည်။

ထိုသူမှာ အမျိုးသမီးကို ကြည့်မဝချေ။ မျက်လုံးအရောင်
တလက်လက်နှင့် မျက်တောင်မခတ်တမ်း ရွှန်းရွှန်းစားစား
ကြည့်နေမိလေသည်။

” နည်းနည်းနောက်ကျသွားတယ် ”

ထိုအမျိုးသမီးက ထိုင်ခုံကိုဆွဲယူလိုက်ကာ ဝင်ထိုင်ရင်းပြော
လိုက်၏။

” ဆယ်မိနစ်နောက်ကျတာ ကိုကြီးအတွက်တော့ ဆယ်ကမ္ဘာ
ဝေးရသလိုပဲ ”

ထိုသူ၏စကားကြောင့် သူမထံမှ သဘောကျစွာ ‘ ဟက်ခနဲ ‘ ရယ်သံထွက်ပေါ်လာသည်။

” ပိုကိုပိုတယ်နော် ”

မျက်စောင်းလှလှလေးထိုးရင်း ငြူတူတူ ပြောလိုက်ဟန်ကို
ထိုသူက ကြည့်မဝနိုင်နေချေ။

၎င်းတို့နှစ်ယောက်မှာ သမီးရည်းစားဟုဆိုသော်လည်း လူ
ငယ်စုံတွဲများတော့မဟုတ်ကြ။

ထိုလူ၏အသက်မှာ ( ၄၈ ) နှစ်ခန့်အရွယ်ဖြစ်ပြီး အမျိုးသမီး
မှာမူ အသက် ( ၃၅ ) နှစ်ခန့် ရှိလောက်ပြီဖြစ်သည်။

စားကောင်းသောက်ဖွယ်များမှာလိုက်ပြီး‌ေနာက် ဆယ့်ခြောက်နှစ်အရွယ်သမီးရည်းစားစုံတွဲများကဲ့သို့ တွတ်ထိုးနေကြတော့သည်။

” ကိုကြီးတော့ တစ်စက္ကန့်လေးတောင်မခွဲချင်တော့ဘူး …
လက်ထပ်ကြရအောင်နော် … ဟန်နီ ”

” ဘာလို့လောနေတာလဲကိုကြီးရဲ့ … ဖြည်းဖြည်းပေါ့ ”

” ဟာ … မဖြည်းချင်ဘူးကွာ … ဟန်နီ့ကိုမှ လက်မထပ်
ရရင် ကိုကြီးသေမှာ ”

” ကိုကြီးကတော့လေ … ဟင်း … ဟင်း ”

ဟန်နီဆိုသောအမျိုးသမီးက သဘောကျစွာနှင့် ခပ်တိုးတိုး
ရယ်လိုက်၏။

” ဟန်နီရယ် … ကိုကြီးကို သနားပါကွာ … ဒီမှာအရူးတစ်ပိုင်း
ဖြစ်နေပြီ ”

ကိုကြီးဟု သူ့ကိုယ်သူသုံးနှုန်းနေသော ဦးကောင်းမြင့်သည်
ဟန်နီကိုကြည့်ကာ အားမလိုအားမရ ဖြစ်နေမိနေသည်။

စင်စစ် သူ့ထက်အသက်အများကြီးငယ်နေသေးသော သူမ
ကို လက်လွတ်မခံနိုင်တော့ပေ။ ဟန်နီက အသားဖြူဖြူ၊ အ
ရပ်မနိမ့်မမြင့်နှင့် မိန်းမတစ်ယောက်ရှိသင့်သော ကောက်
ကြောင်းအလှများ ပေါ်လွင်လှသည်။

ရုပ်ရည်သွင်ပြင်မှာလည်း မင်းသမီးတစ်ယောက်ကဲ့သို့ချော
မောလှသည့်အပြင် ချိုသာသော အသံရှတတလည်းပိုင်ဆိုင်
ထားသေးသည်။

နေပုံထိုင်ပုံမှာ အထက်လွှာဆန်လှပြီး သူမ၏ အပြောအဆို
အနေအထိုင်တို့က ပုရိသတို့၏ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ခတ်နိုင်စွမ်းရှိသည်။

လူငယ်များကဲ့သို့ တက်အားမဟုတ်ဘဲ အကျဘက်ရောက်
လာနေသော ဦးကောင်းမြင့်ကဲ့သို့လူအတွက် ဟန်နီလိုမိန်းမ
ချောမျိုးရခြင်းမှာ နတ်ဖုရားတစ်ပါးကို ရလိုက်ခြင်းနှင့်ပင်
အလားသဏ္ဍာန်ဆင်တူနေတော့သည်။

ဦးကောင်းမြင့်မှာ အသက် ၅၀ နားကပ်နေသော်လည်းငွေ
ကြေးချမ်းသာကြွယ်ဝသဖြင့် ကောင်းကောင်းမွန်မွန်နေထိုင်
စားသောက်ရသည့်အခါ အရွယ်တင်ပြီး သန်မာဆဲပုံ ပေါ်နေသည်။

‌လူကုံထန်တစ်ယောက်ဖြစ်နေ၍လည်း ကြည့်ကောင်းနေခြင်းဖြစ်၏။ စင်စစ်တွင် ရုပ်ရည်မှာ သာမာန်ရုပ်ရည်အဆင့်သာ။

” နော် လို့ … လက်ထပ်ကြမယ်နော် ”

ဦးကောင်းမြင့်သည် ဟန်နီ၏ လက်လေးကို ဆုပ်ကိုင်ရင်း
ကလေးငယ်တစ်ယောက်လို ဂျီတိုက်နေရရှာသည်။

ဟန်နီမှာ မျက်နှာပေါ်၌ အစွမ်းကုန်ပြုံးထားသော်လည်း သူမ
မျက်လုံးထဲ၌မူ နာကျည်းမုန်းတီးရွံရှာခြင်းများကတစ်ချက်
တစ်ချက် ပေါ်ထွက်လာခဲ့သည်။

” ဟန်နီစဉ်းစားပေးမယ် … ခုတော့ခဏလေးစောင့်ပါအုံး…
ကိုကြီးရဲ့ … ”

” ထပ်စောင့်ရအုံးမှာလားဟန်နီရာ … စောင့်နေတာဖြင့်
ကြာလှနေပြီ … ”

ဲီဦးကောင်းမြင့်က မျက်နှာစူပုပ်ပုပ်လုပ်ရင်း အလိုမကျ
ဟန်ဖြင့် ပြောနေ၏။

” သိပ်မကြာတော့ပါဘူး … ”

ဟန်နီကထိုစကားကို ပြောလိုက်စဉ် ကျေနပ်မှုများပြည့်နေ
သည်က အထင်အရှားပင်။

” ဘယ်လောက်ကြာမှာလဲ ပြော ”

” အင်း … သေချာတော့မသိဘူးလေ … ဒါပေမယ့် မကြာ
စေရပါဘူးကိုကြီးရဲ့ ”

ဦးကောင်းမြင့်မှာ သက်ပြင်းချရင်း ဟန်နီ့ကိုသာ ငေးကြည့်
နေလေတော့၏။

ဟန်နီကလည်း ဦးကောင်းမြင့်ကို မျက်လုံးရွှဲကြီးများဖြင့် ပြန်ကြည့်နေသည်။ သူမ၏လက်တစ်ဘက်က ပိုက်ဆံအိတ်တွင်း
မှ တစ်စုံတစ်ခုကို နှိုက်ယူလျက်ရှိ၏။

ထို့နောက်သူမရှေ့ချထားသောရေခွက်ကို ကျော်ပြီးဦးကောင်းမြင့်သောက်လက်စရေခွက်အား လှမ်းယူသောက်လိုက်သည်။

” ကိုကြီးနဲ့ တူတူသောက်ချင်လို့ ”

ထိုသို့ညုတုတု အပြောလေးများကို ဦးကောင်းမြင့်မှာသာယာသည်ထက်သာယာ၍နေလေတော့သည်။

ဟန်နီမှာ ရေတစ်ငုံသာသောက်ရင်း ဖန်ခွက်ကို အောက်
အနည်းငယ်ဆွဲချလိုက်၏။ သူမ၏မျက်လုံးများကမူ
ဦးကောင်းမြင့်ထံမှ အကြည့်မလွှဲချေ။

ပြီးနောက် ဖန်ခွက်တွင်းသို့ အမှုန့်အချို့ကို ထည့်လိုက်
လေ‌သည်။

” ရော့ … ကိုကြီးလည်းသောက်ရမယ် ”

ဦးကောင်းမြင့်မှာမူ မည်သည်မျှမမြင်နိုင်တော့ပေ။ ချစ်ရသူ
ထံမှကမ်းပေးလာသော ရေဖန်ခွက်ကို တစ်ကျိုက်တည်း
မော့ချပစ်တော့သည်။

ဟန်နီထံမှ ကျေနပ်အားရသောအကြည့်များသည် ဦးကောင်းမြင့်အတွက် အားပြည့်သွားသလိုပင်။

ဦးကောင်းမြင့်၏အိပ်ခန်းနံဘေးရှိပြူတင်းပေါက်နားတွင်
စာကလေးငှက်များမှာ ဆူဆူညံညံမြည်တွန်လျက်ရှိကြ
သည်။

မျက်လုံးကိုအားယူဖွင့်လိုက်ရင်း ခေါင်းအုံးဘေးမှ ဖုန်းကို
ကောက်ယူကြည့်လိုက်၏။ မနက် ( ၁၀ ) နာရီပင်ထိုးနေ
ချေပြီ။

လူကထမရ၊ ခြေထောက်ကြွက်သားများကလည်း နာကျင်
လွန်းနေသည်။ ခေါင်းထဲလည်းမူးနောက်နောက်ဖြစ်နေ
သဖြင့်ပြန်လှဲနေရ၏။

ဦးကောင်းမြင့်သည် အသက် ၂၁ နှစ်အရွယ်တွင် အိမ်
ထောင်ပြုခဲ့ပြီး ထိုအိမ်ထောင်နှင့် သားတစ်ယောက် ထွန်း
ကားခဲ့သည်။

အိမ်ထောင်သက် ( ၃ ) နှစ်အကြာတွင် ကွာရှင်းခဲ့ကာ နောက်
အိမ်ထောင်ထပ်ထူထောင်သည်။ ဦးကောင်းမြင့်မှာ အိမ်
ထောင်ပြုလိုက်တိုင်း ကြာကြာမမြဲခဲ့။

ယခုလက်ရှိအချိန်အထိ အိမ်ထောင်ဆက် ( ၇ ) ဆက်ရှိခဲ့ပြီ
လည်းဖြစ်၏။ သူ၏ပင်ကိုယ်စရိုက်က မိန်းမတစ်ယောက်ကို ကြာရှည်မတွဲလိုဘဲ ငြီးငွေ့သွားတတ်သည်။

အလွန်ဆုံး ( ၁ ) နှစ်ခန့်သာ စိတ်ပါလက်ပါရှိလှသည်။
အချိန်ကြာလာလျှင် ပြဿနာအမျိုးမျိုးရှာပြီး ရန်စောင်
တော့သည်။

အသားနာအောင် ရိုက်တတ်သလို အသည်းနာအောင်လည်းပြောတတ်သူ၊ စကားကြွယ်ပြီး စိတ်ကိုအမျိုးမျိုးလှည့်စားတတ်သူလည်းဖြစ်သည်။

သူစိတ်ပါလျှင် မိဖုရားတစ်ပါးအလား ဖူးဖူးမှုတ်ထားတတ်ပြီး
စိတ်မပါတော့ပါက ပဒေသရာဇ်‌ေခတ်ကျွန်ဇာတ်သွင်းသလို ရက်စက်လွန်းသူဖြစ်သည်။

အမျိုးကောင်းသမီးလေးများမှာ လွတ်လပ်သူဟူ‌ေသာအချက်
နှင့် ငွေကြေးချမ်းသာသူ၊ ချစ်တတ်လွန်းသူ ဟုထင်မှတ်ပြီး
ဦးကောင်းမြင့်၏ မာယာတွင်းသို့ ကျဆင်းခဲ့ကြသည်။

တရားဝင်လက်ထပ်ယူသည် ဆိုကာ ပျော်တပြုံးပြုံး မော်
မဆုံးနိုင် ဖြစ်ကြသည်။ လက်ထပ်ပြီး အချိန်ကြာလာမှ ဘီလူးခေါင်းကို မြင်ကြရခြင်းဖြစ်သည်။

ထိုအခါတွင်တော့ အသည်းတနုံ့နုံ့ နာကျင်ကြရပြီး ငိုကြ
ယိုကြ ခွာပြဲကြတော့သည်။ ဦးကောင်းမြင့်မှာမူ တစ်
ယောက်ထွက်သွားပြီး သိပ်မကြာခင် နောက်တစ်ယောက်
ရောက်လာစမြဲ။

တရားဝင်အိမ်ထောင်ပြုဖူးသည်က ( ၇ ) ဆက်ဆိုသော်ငြား
ကြားထဲတွင် မယူဖြစ်ဘဲ တွဲခဲ့သော မိန်းကလေးများလည်း အများအပြားပင်။

ဦးကောင်းမြင့်က အတော်လည်သောသူဖြစ်သည်။ သူ့ဩဇာ
သက်ရောက်နိုင်ပြီး လှည့်စားရလွယ်သူကိုသာတရားဝင်ယူသည်။

အမှန်တကယ်က စာချုပ်ပေါ် လက်မှတ်ထိုးပြီး ယူချင်၍
မဟုတ်ချေ။ မိန်းကလေးအများစုက အတည်အတံ့ လက်
ထပ်မည်ဆိုပါမှ သူလိုချင်သောအရာများ လိုက်လျောပေး
တတ်ကြသဖြင့်သာ မလွှဲသာဘဲ လက်ထပ်လိုက်ရခြင်းဖြစ်
သည်။

ထိုသို့ မိန်းကလေးများကို သူ့စိတ်တိုင်းကျအရုပ်များနှယ်
လှည့်ဖြားကစားတတ်သော ဦးကောင်းမြင့်မှာ ဟန်နီနှင့်
ကြမှ ရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။

ယခုအသက်အရွယ်ရောက်မှ ချစ်ခြင်းမေတ္တာအကြောင်း
ကို ကြုံတွေ့ခံစားရသလိုဖြစ်လာသည်။ ဟန်နီနှင့်ဆုံတိုင်း
မခုန်စဖူး ရင်ခုန်ခဲ့မိ၏။

ဟန်နီ၏စကားသံတို့၌ စီးမျောသွားသဖြင့် သူ့ကိုယ်၌ပင်
အံ့ဩနေရသည်။ သူကသာ ဟန်နီ့အပေါ် အရူးအမူးဖြစ်
နေရ၏၊ ဟန်နီမှာမူ သမီးရည်းစားအဆင့်ထက် မည်သို့မှ
ပိုမလာ။

ထိုထက်ပို ရင်းနှီးကျွမ်းဝင်ကာအဆင့်ကျော်ချင်သော
ဦးကောင်းမြင့်မှာ အားမလိုအားမရ ဖြစ်နေရသည်။ ဟန်
နီသည်လည်း အခြားမိန်းမများကဲ့သို့ အတည်တကျလက်
ထပ်မှသာ လိုက်လျောမည့်ပုံရသည်ဟု တွေးမိသည့်အခါ
လက်ထပ်ရန် နားပူနားဆာ တိုက်ရတော့သည်။

သို့သော် ဦးကောင်းမြင့်ကသာ နေ့နေ့ညည ဂျီတိုက်နေရ
ပြီး ဟန်နီမှာမူ အချိန်သာဆွဲနေခဲ့သည်။

ဟန်နီ၏ ဖုန်းမြည်လာသဖြင့် ဇန်ထူးနိုင်က ယူလာပြီး
ကမ်းပေးလိုက်သည်။ ဟန်နီက တစ်ချက်ကြည့်လိုက်ကာ
မဲ့ပြုံးတစ်ချက်ပြုံးလိုက်၏။ ဖုန်းကိုမကိုင်ဘဲ မျက်နှာ
လွှဲလိုက်လေသည်။

” မကိုင်ဘူးလား … ”

” အင်း ”

ဟန်နီက ပြောလိုက်ရင်း ရေချိုးဇလုံတွင်းမှထွက်လိုက်
ကာ တဘက်ပတ်လိုက်သည်။ ဇန်ထူးက ဖုန်းကို စင်ပေါ်
တင်လိုက်ပြီး ဟန်နီ့ခါးကို စွေ့ခနဲ ပွေ့လိုက်၏။ ဟန်နီက ဇန်ထူးကို ရွှန်းရွှန်းစားစားပြန်ကြည့်နေလေသည်။

ထိုစဉ် ဖုန်းကထပ်မြည်လာခဲ့သည်။ ဟန်နီနှင့် ဇန်ထူးတို့
မှာ ပွေ့ဖက်ထားရာမှ ခွာလိုက်ပြီး တစ်ယောက်ကိုတစ်
ယောက် ကြည့်လိုက်ကြ၏။

” မကိုင်ရင်ထပ်ဆက်နေမှာ … ကိုင်ပေးလိုက်ပါ ”

ဟန်နီက စိတ်လက်မကြည်စွာဖြင့် ဖုန်းကိုင်လိုက်တော့
သည်။

” ဟုတ်… ကိုကြီး ”

” ဟန်နီ … ကိုကြီးဆီလာပေးပါလား … ”

” ဘာဖြစ်လို့လဲကိုကြီးရဲ့ … ”

” ကိုကြီးနေလို့မကောင်းဘူး … ဆေးရုံသွားချင်တယ် …
ဟန်နီလိုက်ပို့နော် … ”

ဟန်နီကငြင်းမည်ပြုပြီးမှ မျက်လုံးအရောင်လက်သွား
၏။

” ဟုတ် လာခဲ့မယ်ကိုကြီး ”

ဖုန်းချလိုက်ပြီး ရေချိုးခန့်နံရံကို နာနာကျည်းကျည်းစိုက်
ကြည့်နေခဲ့သည်။

” သွားမှာလား ”

” အင်း ”

ဟန်နီက ရင်ထဲနာကျည်းသည်ဆိုသော်လည်း မျက်ရည်
က ဝဲတက်လာနေ၏။ ဇန်ထူးမမြင်စေရန် မျက်နှာလွှဲ
လိုက်ပြီး ထွက်လာခဲ့သည်။

မှန်တင်ခုံရှေ့တွင် ဝင်ထိုင်လိုက်ရင်း မိမိမျက်နှာကို သေ
ချာစွာ စေ့စေ့စပ်စပ်ကြည့်လိုက်မိ၏။ ယခုသွင်ပြင်ကို
သူမ နှစ်သက်လှသည်မဟုတ်ချေ။

မိခင်ဖြစ်သူမွေးဖွားပေးခဲ့သည့် စင်ရော်တောင်လိုမျက်ခုံး
အား အဆုံးခံခဲ့ရသည်။ ဖခင်နှင့်တူလှသော နှာခေါင်းကို
ဆီလီကွန် ထည့်ပြီး ချွန်ထားခဲ့သည်။

သူမ၏နှုတ်ခမ်းပါးပါးလေးကို ခပ်ထူထူဖြစ်စေရန် ခွဲစိပ်
ခဲ့ရသည်။ မျက်ရစ်ခွဲခဲ့သည်။ မွေးကတည်းက သိပ်မသန်
လှသောဆံပင်ကို ထပ်စိုက်ခဲ့သည်။

နောက်ဆုံးကုန်ကုန်ပြောရလျှင် သူမ၏ အသံပြောင်း
သွားစေရန် surgery ပါပြုလုပ်ထားသည်။ ခန္ဓာကိုယ်
အချိုးအဆစ်လှပစေရန်လည်း ရင်သားဆီလီကွန်ထည့်
လိုက်ရပြီး gym ကိုအချိန် ၁ နှစ်ကျော်ခန့် ဆော့ခဲ့ရသေး
သည်။

ထိုသို့ ငွေကုန်ကြေးကျခံ၊ အသားအနာခံပြီး သူမ၏ ဘဝ
အသစ်တစ်ခုကဲ့သို့ ပြောင်းလဲပစ်ရသည့် အကြောင်းအ
ရင်းမှာ ဦးကောင်းမြင့်ကြောင့်သာဖြစ်လေသည်။

ဟန်နီ၏ အမည်အရင်းက ဖူးငုံဝင်း။ ဦးကောင်းမြင့်နှင့်သူမ
သည် dinner ပွဲတစ်ခု၌ ဆုံတွေ့ခဲ့သည်။ ထိုစဉ်ကဦးကောင်းမြင့်မှာ အိမ်ထောင် ၄ ဆက်ကွဲသွားပြီလည်းဖြစ်သည်။

သူမနှင့်အသက် ( ၁၂ ) နှစ်လောက်ကွာနေသော ဦးကောင်းမြင့်၏ မာယာကျော့ကွင်းထဲသို့ ဖူးငုံဝင်းကျဆင်းသွားခဲ့ရသည်။

ဖူးငုံဝင်းအတွက် ဦးကောင်းမြင့်က ဘဝဖြစ်ခဲ့လေသည်။ လွတ်လပ်သူဖြစ်သည့်အတွက် ဖူးငုံဝင်းက လက်ထပ်ဖို့သဘောတူခဲ့သည်။

ဦးကောင်းမြင့်နှင့်လက်ထပ်ပြီးခါစတွင်မူ အရာအားလုံး
ပြည့်စုံနေသဖြင့် ပျော်စရာအကောင်းဆုံးအချိန်များဟု
ပင် ဆို၍ရသည်။

သို့သော်လည်း ဗီဇမကောင်းလှသော ဦးကောင်းမြင့်မှာ
အချိန်ကြာလာသည့်အခါ ငြီးငွေ့လာခဲ့တော့သည်။

အကြောင်းပြချက်မရှိဘဲကွာရှင်းလျှင် ပိုင်ဆိုင်မှုများ
ခွဲပေးရမည်စိုးသဖြင့် အနုနည်းနှင့် စတင်နှိပ်စက်တော့
သည်။

ဖူးငုံဝင်း ဘာလုပ်လုပ် အပြစ်မရှိအပြစ်ရှာလာသည်။
ညအိပ်နေချိန် အိပ်မက်ယောင်သလိုလိုနှင့် ဖူးငုံဝင်းကို
ကုတင်ပေါ်မှကန်ချသည်။

ဖူးငုံဝင်းမှာ ကုတင်အောက်ပြုတ်ကျပြီး ငိုရသည်က
အခါခါ။ အကောင်းလုပ်ပေးသော်လည်း အကောင်း
မမြင်၊ ဟင်းမျိုးစုံကိုချက်ခိုင်း‌ပြီး ပေါ့သည် ငန်သည်
ရန်လုပ်တတ်သေးသည်။

အဆိုးဆုံးမှာ အတူအိပ်ချိန်မျိုး၌ ဖူးငုံဝင်း၏ ကိုယ်
ခန္ဓာကို အပြစ်ဆိုတတ်ခြင်းပင်။

” ဗိုက်ကဘာလို့ အဲ့လောက်ထွက်လာတာလဲ … မိန်းမနဲ့တောင်
မတူတော့ဘူး … ဝက်ခေါက်ကြီးကျနေတာပဲ …ရွံစရာကြီး ”

” ဂျိုင်းကလည်း ချေးအထပ်လိုက် မည်းလိုက်တာ …
စိတ်တောင်ပျက်တယ် ”

” ပေါင်ကြောတွေကလည်းကွာ … အပြတ်ပြတ်နဲ့ ….
အမဲသားအရွတ်ကျနေတာပဲ ”

” ကျောမှာလည်း ဝက်ခြံတွေချည်းပဲကွ … ဖီလင်တောင်
မရှိတော့ဘူး ”

ဖူးငုံဝင်းသည် အပြောခံရတိုင်း ကိုယ်ခန္ဓာကို ပိုမိုလှပ
ကျော့ရှင်းစေရန် ဆိုင်ကြီးဆိုင်ကောင်းများသို့သွားပြီး
ပြင်ဆင်ခဲ့သည်။

သို့သော် တစ်ခုပြင်ပြီးတိုင်း နောက်တစ်မျိုးကထပ်တိုး
လာပြီး အပြောအဆိုကမလွတ်ပေ။ ကြာလာသည့်အခါ
မိမိကိုယ်ကိုယ် ယုံကြည်ချက်ပင်ပျောက်လာပြီး သိမ်ငယ်
လာရတော့သည်။

” ဒီကောင်မလေးတွေဆို မင်းနဲ့ဘယ်လောက်ကွာလဲ …
မင်းကတော့ ကျွန်ရုပ်ကိုပေါက်နေပြီ ”

ကိုယ်အယုံကြည်ရဆုံး၊ ချစ်ရသူထံမှ ထွက်လာသည့်
စကားများမှာ ဖူးငုံဝင်းအတွက် သံရည်ပူလောင်းချလိုက်
သကဲ့သို့ပင် ပူလောင်လွန်းလှသည်။

ဦးကောင်းမြင့်၏ သတင်းသဲ့သဲ့ကိုလည်း ကြားခဲ့၏။
အခြားမိန်းကလေးများနှင့် ပရောပရီနေသည်ဟု အသံ
ထွက်နေသည်။ လက်ပူးလက်ကြပ်တော့ မတွေ့ရ မမြင်ရပေ။

ပြဿနာတစ်ခုဖြစ်လာလျှင် မိန်းမတို့၏စိတ်သည် ထို
ပြဿနာပေါ် မူတည်ပြီး ယခင်နာကျည်းမှုများပါ အလျှို
လျှို ထပ်လာပေါင်းစမြဲဖြစ်သည်။

ရန်ဖြစ်ရသည့်အချင်းအရာက တစ်ခုတည်း။ မိန်းမတို့
စိတ်ထဲရင်ထဲမှာမူ မြိုချပစ်ခဲ့သော ကိစ္စများက ထုထည်
ကြီးမားနေခဲ့ပြီ။

ထိုအခါ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သော ဗုံးတစ်
လုံးပမာ ဖြစ်ပေါ်လာသည်။ ဦးကောင်းမြင့်က ထိုအချက်
ကို ကောင်းကောင်းသဘောပေါက်သူဖြစ်သည်။

ဖူးငုံဝင်းပေါက်ကွဲထွက်လာမည့်နေ့ကိုသာ စိတ်ရှည်ရှည်
နှင့် စောင့်ဆိုင်းနေခဲ့သည်။

ဦးကောင်းမြင့်မှာ ဖူးငုံဝင်းကို ရွံသည်ဟုဆိုပြီး အခန်းသပ်
သပ်ခွဲအိပ်လာသည်။ နေ့စာ ညစာ အတူမစားတော့ပေ။
ဖူးငုံဝင်းကို ပဒေသရာဇ်ခေတ်ကကျွန်တစ်ယောက်လို
ဆက်ဆံလာသည်။

ထိုနေ့ကို ဖူးငုံဝင်းမမေ့နိုင်ပေ။ ည ၁ နာရီမှ အိမ်ပြန်လာ
သော ဦးကောင်းမြင့်ကို စိတ်ဆိုးပြီး ရန်တွေ့မိသဖြင့်
ဦးကောင်းမြင့်မှာ ဖူးငုံဝင်းကို ထိုးကြိတ်တော့သည်။

” ငါအလုပ်လုပ်နေတာကွ … ထိုင်ဖြုန်းနေလို့ပဲရမလား …
မင်းအသုံးစရိတ်ကိုလည်းပြန်ကြည့်အုံး … တနေ့တနေ့
ပြင်လိုက်တဲ့ဆိုင်တွေ … ခြေထောက်ဆေးရတာနဲ့… ခေါင်း
လျှော်ရတာနဲ့ … ဝယ်လိုက်တဲ့ မိတ်ကပ်တွေ အဝတ်အစား
တွေ … ငါ့ပိုက်ဆံကို ဒီလိုထိုင်ဖြုန်းနေတာ ငါအလုပ်ပို
မလုပ်လို့ ထိုင်နေရမှာလား … ဟမ် ”

” အဲ့ဒါက ရှင်ပြောလို့ဖြစ်ရတာလေ … ဟိုဟာမလှဘူး …
ရွံတယ် စိတ်ကုန်တယ်တွေ ပြောနေတော့ ကျွန်မကမပြင်
လို့ ဘာလုပ်ရမှာလဲ ”

” ပြင်တိုင်းလှလို့လား … မင်းရုပ်မင်းမှန်ထဲပြန်ကြည့်
အုံး … တနေ့တခြား စုန်းမအိုကြီးနဲ့ ပိုတောင်တူလာ
သေးတယ် ”

” ရှင် တမင်သက်သက် ကျွန်မကိုနှိပ်စက်နေတာမှန်း
ကျွန်မသိတယ် … အပြစ်မရှိအပြစ်ရှာနေတာ … ဘာလဲ
ဖောက်ပြန်ချင်နေတာလား … ဟုတ်လား ”

ထိုအခါတွင်တော့ ဦးကောင်းမြင့်သည် ဖူးငုံဝင်းမျက်နှာ
ကို လက်သီးနှင့် ထိုးလိုက်တော့သည်။ ထိုမှတဖန်အား
မရသေး ခြေထောက်နှင့်ပါကန်ကျောက်သည်။

” ခွေးမ … နင့်ကျေးဇူးရှင်ကို ဒီလိုပဲစော်ကားရလား …
ဟမ် ”

” ရှင် လူယုတ်မာ … ရှင်နဲ့မပေါင်းနိုင်ဘူး … ကွဲမယ် ”

အမှန်စင်စင်တွင် ဦးကောင်းမြင့်ကထိုစကားကိုကြား
ချင်သူဖြစ်သည်။ သို့သော်သူလိုချင်သော စံနှုန်းအထိ
မရောက်လာသေးသဖြင့် …

” မကွဲပေးနိုင်ဘူးကွာ … ငါဘယ်တော့မှကွဲပေးလိမ့်မယ်
လို့မထင်နဲ့ ”

ထိုသို့ပြောတတ်စမြဲဖြစ်သည်။ ဤကဲ့သို့နေ့စဉ်ရက်ဆက်
ပြုမူခံရသည့်အခါ ခံရသူက မခံစားနိုင်တော့ပေ။ လွတ်
ရာကျွတ်ရာဆီသာ ပြေးထွက်သွားချင်လာတော့သည်။

” ကျွန်မကို မယားစရိတ်တစ်ပြားမှမပေးပါနဲ့ရှင် …
ကွာရှင်းစာချုပ်မှာသာ လက်မှတ်ထိုးပေးပါ ”

ထိုအခါ ဦးကောင်းမြင့်သည် ဖူးငုံဝင်း စိတ်ထိခိုက်နေ
သည်ကို မတွေ့လိုတော့သဖြင့် မတတ်သာ၍ လက်မှတ်
ထိုးပေးရဟန် ပြုခဲ့သည်။

ဖူးငုံဝင်းမှာ မိမိအပေါ်အနုနည်းနှင့် နှိပ်စက်နေမှုများကို
စိတ်နာလှသော်လည်း သံယောဇဉ်ကမကုန်နေပေ။ ကွာ
ရှင်းပြီး ဦးကောင်းမြင့်ကို လွမ်းဆွတ်သဖြင့် ထပ်မံဆက်
သွယ်သေးသည်။

သို့သော်ဦးကောင်းမြင့်က အခြားတစ်ယောက်ကို အိမ်
ပေါ်ခေါ်တင်ထားပြီးဖြစ်ကြောင်း သိရှိသွားသဖြင့် နာ
ကျည်းခံပြင်းသွားရတော့သည်။

အကြောင်းအရာများကို စေ့စပ်သေချာစွာတွေးမိသည့်
အခါ သဘောပေါက်လာသည်။ ပိုင်ဆိုင်မှုများမပေးလို
၍ ထိုသို့ပြုမူကြောင်းလည်း ရိပ်မိလိုက်၏။

” ရှင့်ကို ကျွန်မ ကိုယ်တိုင် ကလဲ့စားပြန်ချေမယ် ”

ဦးကောင်းမြင့်အိမ်ရှေ့မှလှည့်ထွက်လိုက်စဉ် သူမသည်
အောက်နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားမိသည်။

ထိုနေ့မှစပြီး ဖူးငုံဝင်းအတွေးထဲတွင် ဦးကောင်းမြင့်ကို
ကလဲ့စားချေနိုင်ဖို့သာ တွေးနေမိတော့သည်။ မိဘများ
ထံမှ အမွေအနည်းအကျဉ်းတောင်းယူပြီး ထိုင်းနိုင်ငံ
သို့ ထွက်ခွာသွားခဲ့သည်။

ထိုင်းနိုင်ငံတွင်နေထိုင်စဉ် ဇန်ထူးနှင့်သိကျွမ်းခဲ့ပြီး သူမ
ဘဝကို ရင်ဖွင့်ပြောပြဖြစ်သည်။ ဇန်ထူးက သူမနှင့်
သက်တူရွယ်တူလည်းဖြစ်သည်။

သူမကိုနားချ၍ မရသည့်အဆုံး ကလဲ့စားချေရာတွင်
ကူညီပေးမည်ဟု ကတိပေးလိုက်‌ေတာ့သည်။ ထို့
နောက် အသည်းကွဲပြီး နာကျင်နေသော ဖူးငုံဝင်းကို
ထွေးပွေ့ပေးရင်း ချစ်ကျွမ်းဝင်သွားကြကာ လက်ထပ်
လိုက်ကြခြင်းလည်းဖြစ်လေသည်။

ဖူးငုံဝင်းမှာ တစ်ကိုယ်လုံးခွဲစိပ်ပြုပြင်ပြီး ဟန်နီဆိုသော
အမည်ဖြင့် ပြန်ရောက်ရှိလာ၏။ သူမရောက်လာသည့်
အခါ ဦးကောင်းမြင့်က နောက်ထပ်မိန်းမနှစ်ယောက်ကို
ပင် ကွာရှင်းပြီး ဖြစ်နေချေပြီ။

ဦးကောင်းမြင့်ထံ ချဉ်းကပ်စဉ် သူမကို ဖူးငုံဝင်းမှန်း
မသိခဲ့ဘဲ ချောမောလှသော မိန်းမပျိုတစ်ယောက်ဟု
သာ ထင်မြင်နေခဲ့သည်။

သူမကမူ ဦးကောင်းမြင့်မည်သည့်အရာကြိုက်တတ်
သည်ကို ကောင်းကောင်းကြီးသိနေသဖြင့် လွယ်လွယ်
ကူကူလှည့်စား၍ ရနေသည်။

မိတ်ကပ်များလိမ်းပြီး ဈေးကြီးသောဝတ်စုံကိုဝတ်ဆင်
လိုက်သည့်အခါ သူမကိုယ်သူမပင် ‌ပြန်ငေးကြည့်မိ
လောက်အောင် ‌တောက်ပနေသည်ဟု တွေးမိပြီး ကျေ
နပ်သွားခဲ့သည်။

” သူ့ကိုတိုက်ထားတာ တော်တော်များနေပြီမဟုတ်လား ”

ဇန်ထူးက ဟန်နီ၏ နဖူးကိုခပ်ဖွဖွနမ်းရင်း မေးလိုက်၏။

” များပြီပေါ့ … ခုဆို လက္ခဏာပြနေပြီလေ … မကြာတော့
ပါဘူး ”

ဟန်နီက မဲ့ပြုံးပြုံးလိုက်ပြီး အိမ်မှထွက်လာခဲ့သည်။

” ကိုကြီး ”

ခြံစောင့်ကတံခါးဖွင့်ပေးသည်နှင့် စိုးရိမ်နေသောအသံ
ဖြင့် ခေါ်ရင်း အိမ်ထဲပြေးဝင်သွားသည်။ အိမ်အပေါ်ထပ်
ရှိ ဦးကောင်းမြင့်အခန်းဆီသို့ တန်းတန်းမတ်မတ် ဝင်
သွားလေသည်။

” ဟန်နီ ”

ဦးကောင်းမြင့်မှာ လူကမထနိုင်တော့။ စကားတောင်
အားယူပြီးပြောနေရသည်။

” နေမကောင်းဘူးဆို … ဘယ်လိုဖြစ်လို့လဲကိုကြီးရဲ့ … ”

ငိုမဲ့မဲ့အသံကို အတင်းလုပ်ယူကာဆိုလိုက်သည်။

” ဘာဖြစ်မှန်းမသိပါဘူးဟန်နီရယ် … ကိုကြီးတော့ တော်
တော်လေးမောနေတယ် … မတ်တပ်တောင်ရပ်မရတော့
ဘူး … ”

” ဒီမနက်မှ ဖြစ်တာလား ”

” အရင်ရက်တွေကလည်းဖြစ်ပါတယ် … အားနည်းနေ
တယ်ထင်လို့ ညတိုင်း ကြက်ဥအစိမ်းတွေဖောက်သောက်
နေတာကြာပြီ ”

” ဖြစ်ရလေ ကိုကြီးရယ် … ဆရာဝန်မပင့်ဘူးလားဟင် ”

” မိသားစုဆရာဝန်ရှိတယ် … သူလည်း အဖြေရှာမရလို့
ဆေးရုံမှာ စစ်ကြည့်ဖို့ပဲ အကြံပေးလာတယ် … ဟန်နီ
ကိုကြီးကို လိုက်ပို့မယ်မဟုတ်လားဟင် … ”

” ဟင်း … ”

ဟန်နီက သက်ပြင်းပူကြီးကို မှုတ်ထုတ်လိုက်လေသည်။

” ပို့ရမှာပေါ့ ကိုကြီးရဲ့ … ဒါပေမယ့် ခုဟန်နီရောက်နေပြီ
ပဲ … ဟန်နီပြုစုပေးမယ် … ဒီနေ့တော့ အခြေအနေစောင့်
ကြည့်လိုက်ပါအုံး … မသက်သာမှ သွားကြတာပေါ့ …
နော် … ”

” ကိုကြီးကတော့ ဆေးစစ်ကြည့်ချင်တယ် ”

” စစ်ရမှာပေါ့ကိုကြီးကလဲ … ခုဘာစားပြီးပြီလဲ ”

” ဘာမှစားမဝင်ပါဘူးကွာ … ဟန်နီ့ကိုတွေ့ရတာနဲ့ ဗိုက်
ပြည့်နေပါပြီ ”

” ကိုကြီးကတော့လေ … ခုထိပိုတုန်း ”

ဟန်နီမှာ စကားကိုဟိုလှည့်ဒီလှည့်နှင့် ဆေးရုံသို့ ဆေးစစ်
ဖို့လိုက်မပို့ပေးချေ။

ဦးကောင်းမြင့်မှာ စိတ်ဆောင်နေ၍လားမဆိုသာ ဟန်နီ
ရောက်လာမှ အနည်းငယ်သက်သာလာသလို ရှိလာသည်။
သို့သော်လည်း ကြာရှည်တော့မဟုတ်ခဲ့။

တစ်ပတ်လောက်နေသည့်အခါ ရောဂါကပြင်းထန်လာ
ပြန်သည်။

” ကြွက်သားတွေ နာနေတာဆိုတော့ ဓာတ်ဆားရည်သောက်ရမယ် … ဟန်နီဖျော်ပေးမယ်နော် ”

ဤသို့ဖြင့်ဟန်နီသည် ဦးကောင်းမြင့်ထံ မြူကာချော့ကာ
နှင့် အတူအိပ်ပေးခဲ့သည်။ ပြီးနောက် ပိုင်ဆိုင်မှုများကို
မာယာပေါင်းများစွာထုတ်သုံးပြီး အရယူခဲ့သည်။

ဦးကောင်းမြင့်မှာမူ လုံးဝမထနိုင်တော့သော အခြေအနေ
သို့ရောက်ရှိနေခဲ့ပြီဖြစ်၏။

” ဟန်နီ ”

သူ၏လေသံမှာ အလွန်တိုးညင်းနေသည်။ နာမည်ခေါ်ဖို့
ပင် အတော်အားယူနေရသည်။

” နိုးလာပြီလား ဦးကောင်းမြင့် ”

ခပ်စိမ်းစိမ်းအသံကြောင့် ဦးကောင်းမြင့် မှင်သက်သွား
တော့၏။

” ကျွန်မဘယ်သူလဲဆိုတာ တကယ်ပဲမသိဘူးလား … ”

ဦးကောင်းမြင့်မှာ နားလည်ရခက်သလို ကြည့်နေပြန်
သည်။

” ဟင်း ဟင်း ”

ဟန်နီက ခပ်တိုးတိုးရယ်သွမ်းလိုက်သဖြင့် နားမလည်နိုင်
စွာ ကြည့်မြဲကြည့်နေလေသည်။

” ဖူးငုံဝင်းဆိုတာ ဘယ်လိုမိန်းမစားလဲသိလား … ”

ထိုအခါ ဦးကောင်းမြင့်မျက်လုံးများပြူးကျယ်လာခဲ့၏။

” သူ့ကို ဘယ်လို သိ … သိ … တာလဲ ”

” ဘယ်လိုသိလဲဆိုတော့ ဖူးငုံဝင်းဆိုတာ ကျွန်မမလို့ပဲ ”

ဦးကောင်းမြင့်မှာ အသံပင်ပြန်မထွက်နိုင်တော့ချေ။

” သိပ်အံ့ဩသွားလား … ရှင့်ရဲ့ ရက်စက်ယုတ်မာမှုတွေ
ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နာကျင်ခဲ့ရတဲ့ ရှင့်ရဲ့
ဇနီးဟောင်း ဖူးငုံဝင်းဆိုတာ ကျွန်မပဲ … ”

” မဖြစ်နိုင်တာ ”

” ဘယ်ဖြစ်နိုင်မှာလဲ … အကုန်ခွဲစိပ်ထားတာကိုး ”

” မင်း … မင်း… တ … တကယ် … လား ”

” တကယ်ပေါ့ရှင် … ရှင်နဲ့စတွေ့ကတည်းက ခဲမှုန့်ကို
တနေ့နည်းနည်းချင်း ကျွေးခဲ့တာ … ခုရှင် ခဲဆိပ်သင့်
နေပြီလေ … အချိန်လွန်နေပြီဆိုတော့ ကုလို့ရမရ ကျွန်မ
လည်းမသိဘူး … ဒီပုံအတိုင်းဆို သိပ် မကြာခင်အချိန်မှာ
ရှင်လူ့လောက ကနေ ထွက်ရမှာတော့ သေချာသလောက်
ပဲ ”

” အယုတ်တမာမ ”

” ဟက် ”

ဟန်နီက သဘောကျစွာ ရယ်လိုက်၏။

” ကျွန်မက အဆိပ်ပြင်းတယ်ဆိုတာ သိစေချင်လို့ လာ
ဖွင့်ပြောပြတာ … ကျန်တာရှင့်အပိုင်း … ရသင့်ရထိုက်
တာအပြင် ကလဲ့စားပါချေနိုင်ခဲ့လို့ ကျွန်မအတွက် ဒီနေ့
ဟာ အပျော်ဆုံးနေ့ပဲ ”

ဦးကောင်းမြင့်မှာ ဒေါသတကြီးဖြင့် ကုတင်ကို ထုနေ၏။

” အမှုဖွင့်ပြီး ဖမ်းချင်ဖမ်းနော် … သက်သေမရှိ … ဘာမရှိ
ဆိုတော့ … ကျွန်မက ပြန်လွတ်လာမှာ … ကဲ ကျွန်မသွား
ပြီ … ”

ကျော့ကျော့မော့မော့ထွက်သွားသော ဟန်နီ၏ ကျောပြင်
ကိုကြည့်ပြီး ဦးကောင်းမြင့်မှာ သွေးတက်လာခဲ့သည်။
တစ်ချိန်ကသူ၏ ဇနီးဟောင်း၊ တစ်ချိန်ကသူ၏သက်လယ် ၊ တစ်ချိန်က ချစ်ရသူ အတွေးများတွင် ကြီးစိုး
လာပြီး မူးနောက်လာခဲ့လေသည်။

ဦးကောင်းမြင့်၏ နောက်ဆုံးအချိန်သည် ပုဂ္ဂလိဂ ဆေးရုံ
ကြီး၌ဖြစ်သည်။ သေဆုံးသွားမှ အမျိုးများအလျှိုလျှိုပေါ်
လာကြပြီး ငိုကြွေးနေကြသည်။

ဟန်နီမှာမူ သူမ၏အိမ်၌ အောင်ပွဲခံလျက်ရှိနေသည်။

” ခုကျေနပ်သွားပြီပေါ့ ”

” ဒါပေါ့ မောင်ရဲ့ … ခုမှစိတ်လွတ်လပ်ပေါ့ပါးသွားသလို
ပဲ ”

ဟန်နီမှာ ဇန်ထူးနှင့်အပျော်ကြီးပျော်ပြီး ဘဝသစ်ကို
ပေါ်ပေါ်ထင်ထင် စတင်လိုက်ချေပြီ။

တစ်နှစ်ခန့်ကြာသည့်အခါ ဟန်နီမှာ ကျန်းမာရေးချို့ယွင်း
လာခဲ့၏။ အားမရှိသကဲ့သို့ ဖြစ်နေရပြီး ခြေထောက်ပင်
မတ်မတ်မရပ်နိုင်ချေ။

” မောင့်မိန်းမလေး နေမကောင်းဖြစ်နေတာ မောင် နေလို့
ကိုမရဘူးကွာ ”

ဇန်ထူးက ဟန်နီ့နဖူးကို ခပ်ဖွဖွနမ်းကာ ဝမ်းနည်းစကား
ဆိုနေသည်။ ဟန်နီမှာ ဇန်ထူးကို ပြုံးရင်းကြည့်နေရှာ၏။

” မောင် ”

” ဟင် …ပြောလေ မိန်းမရဲ့ ”

” မောင် … ဟန်နီ့ကို ဘယ်လောက် တိုက်ပြီးပြီလဲဟင် ”

ဇန်ထူးမှာ ဟန်နီ့ကိုတွန်းထုတ်ပြီး အလန့်တကြားထရပ်
လိုက်လေသည်။ ဟန်နီကပြုံးရင်းဆက်ပြောလာသည်။

” ဟန်နီ့ရဲ့ နောက်ဆုံးအချိန်လေးကိုတော့ တစ်ယောက်
ထဲနေပါရစေ … ”

ဇန်ထူးမှာ ခေါင်းငိုက်စိုက်ကျလျက် ထိုအိမ်မှ ထွက်လာခဲ့
တော့၏။

ဟန်နီသည် ကုတင်ထက်တွင်လဲလျောင်းရင်း မျက်နှာကျတ်
ကို ငေးကြည့်နေခဲ့သည်။ သူမနာကျင်ချိန်က ထွေးပွေ့ဖူး
သော လက်တစ်စုံကို တန်ဖိုးထားခဲ့သည်။ ထိုလက်ကပင်
သူမကို သေစေခဲ့ချေပြီ။

” မောင့်ရဲ့မိန်းမဟာ ခပ်တုံးတုံး မိန်းမပါမောင်ရယ် ”

ဟန်နီ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလျက် ….

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

No comments

Post a Comment