အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ်

  အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ် ဇေယန(ရာမည) ကညင်တိုင်ဆီမီးတွေ ထိန်လင်းအောင်ထွန်းထားတဲ့ နန်းရင်ပြင်ထက်မှာတော့ ဓါးကိုင်လှံကိုင်အစ... thumbnail 1 summary

 အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ်

ဇေယန(ရာမည)

ကညင်တိုင်ဆီမီးတွေ ထိန်လင်းအောင်ထွန်းထားတဲ့ နန်းရင်ပြင်ထက်မှာတော့ ဓါးကိုင်လှံကိုင်အစောင့်ရဲမက်တွေ ခြေကျင်းလိမ်မျှ လှုပ်ရှားသွားလာနေခဲ့ကြတယ်။ ဒီလိုအစောင့်အကြပ်ထူထပ်လှတဲ့ နန်းတော်ဧရိယာထဲမှာတော့ မျက်လုံးနှစ်လုံးကိုသာ ပေါ်အောင်လှပ်ထားတဲ့ လူတစ်ယောက်က လျှင်မြန်တဲ့လှုပ်ရှားမှုမျိုးနဲ့ အမှောင်ထဲကနေ ရွေ့လျားသွားလာနေခဲ့တယ်။

" တုံ တုံ တုံ..."

ကင်းလဲချိန်အချက်ပေးအသံကြောင့် အစောင့်ရဲမက်တွေအချိန်းအပြောင်းလုပ်နေခဲ့ချိန်အတွင်း ၀တ်စုံအနက်ရောင်၀တ်ဆင်ထားတဲ့ လူက ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက်စွာဖြင့် နန်းတော်ခေါင်မိုးပေါ်ကို ကုတ်တွယ်တက်သွားခဲ့တယ်။ သူ့ရဲ့ခြေလှမ်းတွေက ကြောင်တစ်ကောင်လို ညှင်သာပြီး ကိုယ်ခန္ဓာက ဝါဂွမ်းစတစ်စလိုပေါ့ပါးနေခဲ့တယ်။

" ဟေ့ ... မင်းတို့က အထက်ရွှေတိုက်တော်ကို စောင့်မယ့်သူတွေလား"

မျက်နှာမှာ ကြောက်ပေါက်မာအပြည့်နဲ့ တပ်မှူးတစ်ယောက်က မာထန်ထန်အသံနဲ့လှမ်းမေးလိုက်ရာ လှံကိုင်ထားတဲ့အစောင့်နှစ်ယောက်က ပြာပြာသလဲလဲနဲ့ အရိုသေပေးပြီး

" ဟုတ်ပါတယ် တပ်မှူး... ငဗျက်စတို့ တာ၀န်ချိန်ပြီးသွားတာမို့ ကျွန်တော်မျိုးတို့အလှည့်ရောက်လာတာပါ"

" အေး... ရွှေတိုက်တော်ကိုသေချာစောင့်ကြပ်ထား.. သတိမလွတ်စေနဲ့ ကြားလား"

" ဟုတ်ကဲ့ တပ်မှူး... "

အစောင့်ရဲမက်နှစ်ယောက်နဲ့ နန်းတွင်းတပ်မှူးတို့ပြောနေတာကို အမှောင်ထုထဲမှာပုန်းအောင်းနေတဲ့သူက ခိုးနားထောင်ပြီး အရိပ်အခြေကိုစောင့်ကြည့်နေခဲ့ကြတယ်။ ကွမ်းနှစ်ယာညက်လောက်ကြာတော့ အမှောင်ထုထဲရှိနေတဲ့သူက ရွှေတိုက်တော်ရဲ့ခေါင်မိုးအစွန်းရှိတဲ့ဘက်ကို ပေါ့ပါးစွာတက်သွားပြီး အမိုးချပ်တွေကို ကျွမ်းကျင်စွာ တစ်လှပ်ချင်းခွာထုတ်လိုက်တယ်။

ပိရိသေသပ်စွာလုပ်ဆောင်နေတာမို့ အစောင့်ရဲမက်နှစ်ယောက်သတိမထားမိပဲဖြစ်နေခဲ့ရာ အချိန်အနည်းငယ်အတွင်းမှာပင် ခေါင်မိုးပေါ်ကနေ အထုပ်တစ်ထုပ်ကို လွယ်ထားတဲ့ လူတစ်ယောက် ပြန်ထွက်လာခဲ့တယ်။

ထိုသူက ခေါင်မိုးပေါ်ကအဆင်းမှီ အုတ်ကြွပ်ပိုင်းတစ်ခုကို အစောင့်တွေရှိတဲ့ဘက်ကို ခနဲ့တဲ့တဲ့ ဟန်ပန်နဲ့ပစ်ထည့်လိုက်ပြီး အမှောင်ထုထဲကို ဖျတ်ခနဲပြေး၀င်သွားခဲ့တယ်။

မကြာခင် နန်းတော်တစ်ခုလုံး သတိပေးအချက်ပေးသံတွေဆူညံစွာထွက်ပေါ်လာပြီး များပြားလှတဲ့ခြေသံတွေအပြင် အော်ဟစ်အမိန့်ပေးသံတွေ ထွက်ပေါ်လာခဲ့တယ်။
++++
" ချလွင် ချလွင် ချလွင်"

လေပြင်းတစ်ချက်ဝှေ့လိုက်တာမို့ စေတီရဲ့ထီးတော်မှာပူဇော်ထားတဲ့ ဆည်းလည်းသံတွေက နား၀င်ချိုစွာထွက်ပေါ်လာခဲ့သလို အောင်မြတ်သာရဲ့စိတ်က ခန္ဓာကိုယ်ထဲကိုပြန်ရောက်လာခဲ့တယ်။

" ငါအာရုံထဲမြင်လိုက်ရတဲ့သူက ရွှေကိုယ်လေးရုပ်ထုကိုခိုးယူသွားတဲ့သူပဲဖြစ်ရမယ်... သူက ဘာအတွက် ခိုးယူခဲ့တာလဲ"

တစ်ယောက်ထဲအတွေးလွန်နေတဲ့ချိန် ဘုရားကိုရေချမ်းကပ်ပြီးပြန်လာတဲ့ မောင်ကောင်းနဲ့ ခွန်းလှကိုမြင်တွေ့လိုက်ရတယ်။

" ဆရာ တရားထိုင်ပီးပီလား..."

" အင်း... အခုပဲပြီးတာ... မကြာခင် ငါတို့ ဒီနေရာကနေ ထွက်သွားရတော့မယ်၊ ပစ္စည်းတွေသိမ်းထားလိုက်ကြ"

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ခွန်းလှက စောင်းတန်းမှာရှိနေတဲ့ ပစ္စည်းတွေကိုအလျင်အမြန်သိမ်းဆည်းနေခဲ့လိုက်တယ်။ အားလုံးပြီးစီးလို့ စေတီပေါ်ကဆင်းတဲ့အချိန် စုတ်ပြတ်သတ်နေတဲ့အ၀တ်စားကို ဖရိုဖရဲ၀တ်ဆင်ထားပြီး ပိန်လိန်နေတဲ့ ဒန်ခွက်တစ်လုံးကိုကိုင်ထားတဲ့ သူတောင်းစားတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ အဲဒီလူက အောင်မြတ်သာကိုမြင်တော့ ကွမ်းဂျိုးတွေအပြည့်ဖြစ်နေတဲ့ သွားတွေပေါ်အောင်ရယ်လိုက်ပြီး

" ကျုပ်အဖို့ တောင်းစားဖို့ပဲလုပ်ရမလား... လောကီအရှုပ်တွေကိုပဲကူညီရမလား ဝေခွဲမရတော့ဘူးဗျ" လို့ပြောကာ အောင်မြတ်သာရှေ့ကို ဒန်ခွက်ထိုးပေးလိုက်တယ်။

" ရော့ဗျာ.... ကျုပ်လဲ ရှိတာလေး လှူပေးခဲ့ပါမယ်..."

အောင်မြတ်သာက လွယ်အိတ်ထဲက‌နေ ကြေးပြားနဲ့စီရင်ထားတဲ့ အင်းစမတစ်ချပ်ကို ဒန်ခွက်ထဲထည့်ပေးလိုက်ရာ သူတောင်းစားလူကြီးက ကောက်ယူပြီး လက်ဖဝါးပေါ်တင်ကာ ဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်တယ်။

ဂါထာအဆုံးမှာတော့ လက်ဝါးပေါ်တင်ထားတဲ့ အင်းပြားက ဆတ်ခနဲထခုန်ပါလေရော။

" ဟားဟား... တယ်စွမ်းတဲ့အင်းပါလား... အင်းနှိုးဂါထာတစ်ခေါက်ပဲရွတ်ရတယ် ပုဇွန်ဆိတ်လိုထခုန်တယ်ဟေ့ အဟီးအဟီး"

" ကဲကဲ... ဦးသက္က... ကျုပ်ကိုစနောက်နေတာတွေ ရပ်လို့ရပြီ... ခင်ဗျားလဲ ကျုပ်လိုပဲ တာ၀န်ပေးခြင်းခံရတာမဟုတ်လား"

" ကိုယ့်လူက ကြိုသိနေပါလား..."

" ခင်ဗျားရဲ့ ရင်ဘတ်ပေါ်က စာနီကွက်တွေကိုကြည့်တာနဲ့သိတယ်လေ... ဒီလိုအင်းစမတွေက တော်ရုံလူမှာရှိတာမှမဟုတ်တာ... ဒါနဲ့ ပြည်တော်ပြန်၀င်ရတာ အဆင်ရောပြေရဲ့လား"

" ထွီ... ဘယ်လိုပြေမလဲကွ... ငါ့ကိုသူတို့ခွင့်ပြုချက်မပါပဲ ဘာပညာမှမသုံးဖို့ အမိန့်ထုတ်ထားတာ... နောက်ပြီး သူတောင်းစားလိုတောင်းစားခိုင်းသေးတာပဲကြည့်တော့"

" ဒါကလဲ အကြောင်းရင်းရှိလို့နေမှာပါဗျာ... ရွှေကိုယ်လေးရုပ်ထုနဲ့ပတ်သတ်ပြီး ဘာသတင်းကြားသေးလဲ"

" ငါသိထားတာကတော့ မြောက်နန်းသခင်မရုပ်ထုကို သူ့ရဲ့ငယ်ကျွန်တစ်ယောက်က ခိုးယူခဲ့တာဆိုပဲ၊ အဲဒီမိန်းမကြီးက နန်းတွင်းရဲ့ ကဝေအချုပ်လို့လဲ သတင်းသဲ့သဲ့ကြားတယ်"

" ဒီသတင်းတွေကို ဘယ်ကနေ သိလာခဲ့တာလဲ..."

" ဒီမြို့ရဲ့ အရှေ့ဘက်တောင်တန်းပေါ်မှာ ရွှေလှံပျံဆိုတဲ့စေတီတစ်ဆူရှိတယ်... အဲဒီစေတီနားမှာ ကျက်စားနေတဲ့ ငမဲကြီးဆိုတဲ့ကောင်က လူ့ဘ၀တုန်းက နန်းတွင်းထဲမှာ တာ၀န်ကျခဲ့ဖူးတယ်"

" သူက ရွှေကိုယ်လေးရုပ်ထုအကြောင်းသိနေတာလား.."

" သူတို့မှာလဲ အချင်းချင်းအဆက်သွယ်ရှိကြတယ်လေ... ငါစမေးတော့ ဒီကောင်က ထီမထင်သလိုနဲ့ လူပါး၀သေးတာ၊ နရင်းနှစ်ချက်လောက်ပိတ်တီးလိုက်မှ အပိုးကျိုးသွားတယ်"

" အခုရော ဒီရွှေစင်ရုပ်ကို ဘယ်အရပ်ဒေသမှာရှာရမလဲ"

" အေး... ငါလဲ မင်းကို ဒီအကြောင်းပြောဖို့ လာစောင့်နေတာ... မင်းတို့အနေနဲ့ ရွှေကိုယ်လေးအရုပ်ကိုရှာတွေ့ချင်ရင် မုန့်သည်မရွာကိုရောက်အောင်သွားရမယ်"

" မုန့်သည်မရွာဟုတ်လား.... သူကဘယ်အရပ်ဒေသမှာရှိတာလဲ"

" ငမဲကြီးပြောတာတော့ နန်းတည်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတယ်တဲ့... ဒီကောင်က နန်းတော်ထဲကနေ ထွက်မပြေးခင် မုန့်သည်မရွာသူတစ်ယောက်နဲ့ ရည်ငံခဲ့တယ်ဆိုပဲ"

" ဒါဆို မုန့်သည်မရွာကိုအရင်ရှာရတော့မှာပေါ့... ဦးသက္ကကြီးရော မလိုက်တော့ဘူးလား"

" ဟေ့ကောင်... မင်းအမှုထဲငါ့ကိုမဆွဲထည့်နဲ့... ကိုယ့်ဘာသာသွား... ငါ့တာ၀န်က ဒီလောက်ပဲ"

ဦးသက္ကက ဘုဆတ်ဆတ်ပြောကာ ဂုန်နီအတ်တစ်လုံးကိုပခုံးပေါ်တင်ရင်း ဈေးရှိရာဘက်ကို ထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ ဦးသက္ကပြောတဲ့မုန့်သည်မရွာကို ရှာဖို့အတွက် နန်းတည်ခဲ့ရာမြို့ဖြစ်တဲ့ မန္တလေးဘက်ကို ခရီးထွက်ခဲ့ကြတယ်။
+++++

၇ရက်ခန့်အကြာ

မန္တလေးတောင်ခြေရင်းမှာရှိတဲ့ ဇရပ်ထဲမှာ အောင်မြတ်သာတို့ဆရာတပည့်တွေထိုင်ရင်း စကားစမြည်ပြောဆိုနေခဲ့ကြတယ်။

" ရောက်တုန်း ရောက်ခိုက်... မန္တလေးတောင်ပေါ်တက်ကြရအောင်"

အဆက်စပ်မရှိစွာပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ခွန်းလှက ထိုင်ရာကနေထကာ ဇရပ်အပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

" ဆရာ... ဟိုလူကြီးပြောတဲ့ရွာက တကယ်ရောရှိပါ့မလား... ကျွန်တော်တို့ ဖြတ်သွားဖြတ်လာလူတွေကို မေးကြည့်တော့ ဒီရွာနာမည်ကို ဘယ်သူမှမကြားဖူးဖူးလို့ပြောတယ်"

" ခေတ်ကာလတွေကြာလို့ နာမည်တွေပြောင်းသွားတာလဲဖြစ်နိုင်တာပဲ... ဒါကြောင့် တောင်ပေါ်တက်ရအောင်လို့ပြောတာ... တောင်ပေါ်မှာ ဒီနာမည်ကိုသိတဲ့သူတစ်ယောက်တော့ ရှိမှာပါ"

အောင်မြတ်သာက စကားဆုံးတာနဲ့ တောလမ်းအတိုင်း တောင်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
+++++

စိမ်းညို့အုပ်မှိုင်းနေတဲ့ သစ်ပင်တွေနဲ့ဖုံးအုပ်ထားတဲ့တောလမ်းရဲ့အလယ်ကိုရောက်ချိန်မှာတော့ ဝါးနဲ့ယက်ထားတဲ့ခြင်းတောင်းတစ်လုံးကိုပိုက်ထားတဲ့ မိန်းမတစ်ယောက်တောင်ပေါ်ကနေဆင်းလာပြီး အောင်မြတ်သာအနားကိုလဲရောက်ရော

" ဖိုးသက်ရှည်ဆီသွားကြမလို့လား"

" ဟုတ်ပါတယ်.. အဖိုးကိုမေးစရာလေးရှိလို့ တက်လာကြတာပါ"

" ဒါဖြင့် ကျွန်မအနောက်ကလိုက်ခဲ့ကြပါ"

မျက်နှာထားတင်းတင်းနဲ့မိန်းမက အောင်မြတ်သာတို့ကို တောင်ကြောတစ်ခုရှေ့ကိုခေါ်သွားပြီး လူတစ်ကိုယ်၀င်စာအပေါက်ရှေ့ရောက်တော့ အထဲကိုလက်ညိုးထိုးကာ

" ဒီလမ်းအတိုင်းတည့်တည့်၀င်သွားရင် ဖိုးသက်ရှည်ကိုတွေ့လိမ့်မယ်.." လို့ပြောပြီး တောင်အောက်ကိုပြန်ဆင်းသွားခဲ့တယ်။

အောင်မြတ်သာတို့လဲ လူတစ်ကိုယ်၀င်စာအပေါက်ကနေ တိုး၀င်လာခဲ့ရာ အထဲမှာတော့ လှပမွှေးကြိုင်တဲ့ပန်းပေါင်းစုံတွေ ဖူးပွင့်နေပြီး အလွန်သင်းကြိုင်တဲ့ရနံ့တွေပျံ့လွင့်နေတာကို ခံစားမိခဲ့တယ်။ ကျောက်သားလမ်းအတိုင်း ခြေလှမ်း၁၀၀လောက်လျောက်ပြီးချိန် ကျွန်းသားနဲ့လက်ရာမြောက်စွာထုဆစ်ထားတဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ ကျနစွာထိုင်နေတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။

" နေကောင်းကျန်းမာပါရဲ့ဆရာ"

အဖိုးအိုက နှုတ်ဆက်စကားနဲ့ ခရီးဦးကြိုပြုလိုက်တော့ အောင်မြတ်သာက ကိုယ်ကိုကျို့လိုက်ပြီး

" အကုန်လုံးအဆင်ပြေချောမွေ့ပါတယ်အဖိုး..."

" ဆရာတို့ကိုယ်တိုင် ‌ဒီအထိရောက်လာတာဆိုတော့ အကြောင်းထူးကိစ္စရှိပြီထင်တယ်"

" ဟုတ်တယ်အဖိုး... မြောက်နန်း ရွှေကိုယ်လေး ရုပ်ထုနဲ့ပတ်သတ်ပြီး မေးစရာလေးရှိလို့ပါ"

" မြောက်နန်းမိဖုရားရဲ့ပုံတူရွှေစင်ရုပ်ထုကိုပြောတာလား"

" ဟုတ်ပါတယ်အဖိုး... ကျွန်တော်က အဲဒီအရုပ်ကို လိုက်ရှာနေတာပါ.. အခုရထားတဲ့သတင်းက အရုပ်ကိုလိုချင်ရင် မုန့်သည်မရွာကို သွားရမယ်တဲ့"

" မုန့်သည်မရွာ ဟုတ်လား... နေစမ်းပါဦး... မုန့်သည်မရွာဆိုတာ မင်းတရားကြီးလက်ထက်တော်အခါက သရေစာတွေချက်လုပ်ပို့ဆောင်ရတဲ့ ရွာကိုပြောတာထင်တယ်"

" အဖိုး အဲဒီရွာကို သိနေတာလား"

" သိတာပေါ့...အဲဒီ တစ်ရွာလုံးက မုန့်လုပ်ပြီးအသက်မွေးကြတာလေ... သူတို့ပြုလုပ်တဲ့မုန့်တွေက အရသာရှိလွန်းလို့ နန်းတော်ထဲတိုင်အောင် ပို့ဆောင်ကြရတယ်"

" ဒါဆို အဲဒီရွာကအခုဘယ်မှာရှိလဲအဖိုး"

" ဆရာတို့သွားချင်ရင် ညသန်းခေါင်အချိန်မှသွားပါ..."

" ဟင်... ဘာဖြစ်လို့လဲအဖိုး.."

" ဆရာတို့ရောက်ရင်သိပါလိမ့်မယ်... ညသန်းခေါင်ကျရင် ဆရာတို့ကိုလမ်းပြပေးမယ့်သူတစ်ယောက်လွှတ်ပေးလိုက်ပါမယ်"

အောင်မြတ်သာတို့လဲ မုန့်သည်မရွာကိုသွားမယ့် လမ်းစရပြီမို့ ဖိုးသက်ရှည်ကိုနှုတ်ဆက်ပြီး တည်းခိုရာဇရပ်ကိုပြန်လာခဲ့ကြတယ်။
++++

ညသန်းခေါင်အချိန်...

" အူဝူး......... ဝူး........."

လမ်းမတစ်လျောက် စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် လမ်းကြိုလမ်းကြားမှာရှိတဲ့ ခွေးတွေကပါ လိုက်အူကြတဲ့အတွက် တစ်မြို့လုံးဆူညံသွားခဲ့တယ်။ မကြာခင် ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ လမ်းလျောက်လာတဲ့ မဲမဲကောင်တစ်ကောင်ကို ဇရပ်ထဲကနေ လှမ်းမြင်လိုက်ရတယ်။

" ဆရာ... ဖိုးသက်ရှည် လွှတ်လိုက်တဲ့သူက ဒီပုဂ္ဂိုလ်ဖြစ်နေမလား"

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လမ်းမဘက်ကြည့်လိုက်ရာ တစ်ကိုယ်လုံးအမွှေးစုတ်ဖွားနဲ့ ကားယားကြီးလျောက်လာတဲ့ ပုဂ္ဂိုလ်က ဝါးတစ်ပြန်စာအကွာလဲရောက်ရော သူ့အနောက်ကိုလိုက်ခဲ့ဖို့ ခြေဟန်လက်ဟန်နဲ့ပြနေခဲ့တယ်။

" ဒီလိုအမြင်မသင့်တယ်တဲ့ပုံစံမျိုးနဲ့တော့ ကျုပ်တို့မလိုက်နိုင်ဘူး... သင်အနေနဲ့ သာမန်ပုံစံဖန်ဆင်းပေးပါ"

အောင်မြတ်သာစကားအဆုံးမှာ အမွှေးစုတ်ဖွားနဲ့ပုဂ္ဂိုလ်က ကိုယ်ကိုလက်နဲ့သပ်ချလိုက်ရာ မျက်နှာမှာဓါးခုတ်ရာအမာရွတ်ပါတဲ့ လူတစ်ယောက်အသွင်ပြောင်းသွားခဲ့တယ်။

" သင်ကဖိုးသက်ရှည်လွှတ်လိုက်တဲ့သူလား"

" ဟုတ်တယ်... ဖိုးသက်ရှည်လွှတ်လိုက်တာ"

" ကောင်းပါပြီ... ဒါဖြင့်လဲ မုန့်သည်မရွာရှိတဲ့ဘက်ကို လမ်းပြပေးပါဦး"

အောင်မြတ်သာစကားကြောင့် သျောင်တစ်စောင်းထုံးထားတဲ့ ပုဂ္ဂိုလ်က တောင့်တင်းနေတဲ့လမ်းလျောက်ဟန်နဲ့ မြို့ရဲ့အနောက်တောင်ဘက်အမှောင်ထုထဲကို ခေါ်ဆောင်သွားခဲ့တယ်။

လမ်းတစ်လျောက်မှာတော့ လမ်းပြခေါ်သွားတဲ့သူရဲ့ မျက်လုံးတွေက ဘေးဘီကိုကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသလို လမ်းဘေးခွေးအချို့ကလဲ လမ်းပြပေးနေတဲ့သူကိုမြင်တာနဲ့ အမြှီကုပ်ကာ တအီအီနဲ့ ထွက်ပြေးသွားကြတာကိုမြင်တွေ့လိုက်ရတယ်။

လူသူမရှိတဲ့ လမ်းကြိုလမ်းကြားကနေ နာရီ၀က်လောက်သွားပြီးချိန်မှာတော့ အလွန်ပြင်းတဲ့မီးလောင်ညှော်နံ့တစ်ခုကိုရလိုက်တယ်။

မကြာခင် အပုတ်နံ့တွေရော မီးလောင်နံ့တွေပါထနေတဲ့ ဖုန်းဆိုးတောတစ်နေရာကိုရောက်လာခဲ့တယ်။

" ဒီနေရာက မုန်သည်မရွာအစပ်ပဲ..."

" သင့်ကိုလဲကျေးဇူးတင်ပါတယ်... ကျုပ်တို့ပြုသမျှ ကုသိုလ်တွေကိုသင့်နာမည်ခေါ်ပီး မျှဝေပေးမှာမို့ သင့်နာမည်ဘယ်လိုခေါ်တယ်ဆိုတာပြောခဲ့ပါဦ"

သျောင်တစ်စောင်းနဲ့ပုဂ္ဂိုလ်က ဘာမှပြန်မပြောပဲ ကျောခိုင်းလျောက်သွားရာကနေ ဝါးတစ်ပြန်စာအကွာရောက်တော့ အမွှေးစုတ်ဖွားနဲ့မဲမဲကောင်ကြီးအဖြစ်ပြောင်းသွားတဲ့အချိန်

" ငါ့က မြို့စောင့်တစ္ဆေထိပ်တင်ကြီးပဲကွ"လို့အသံနက်ကြီးနဲ့ပြောကာ ဖျတ်လနဲပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ထိပ်တင်ကြီးလိုက်ပြခဲ့တဲ့ ဖုန်းဆိုးမြေနေရာပေါ်ကိုခြေမချခင် ဤအရပ်မှာမှီတင်းနေထိုင်ကြတဲ့ မြင်အပ်မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို မေတ္တာပို့သခဲ့ကြတယ်။

အဲဒီအချိန်တွင်းမှာပဲ အမှောင်ထုထဲကနေ ကုန်းကုန်းကွကွနဲ့ ထွက်လာကြတဲ့ အရွယ်စုံသဏ္ဍာန်စုံ နာနာဘာ၀တွေကိုရိပ်ခနဲ ရိပ်ခနဲမြင်တွေ့ခဲ့ကြတယ်။

" ကျုပ်က သင်တို့အပေါ် ဒုက္ခပေးမယ့်သူမဟုတ်ပါဘူး... ဒါကိုလဲ ကျုပ်ပို့သတဲ့မေတ္တာကိုခံစားကြည့်ရုံနဲ့သိနိုင်ပါတယ်... ကျုပ်အနေနဲ့ မုန့်သည်မရွာအကြီးအကဲနဲ့ဆုံတွေ့လိုတာကြောင့် ဒီနေရာရဲ့အကြီးကဲဖြစ်သူတစ်ယောက်သာ ထွက်လာခဲ့ပေးပါ"

အောင်မြတ်သာရဲ့ ဩဇာကြီးမားလှတဲ့အသံက တိတ်ဆိတ်နေတဲ့ ညအချိန်ခါကိုဖောက်ထွင်းထွက်လာခဲ့တယ်။ အဲဒီအချိန် တစ်ကိုယ်လုံးမီးသွေးခဲလိုမဲမှောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် လမ်းလျောက်လာပြီး မြင်သာတဲ့နေရာတစ်ခုမှာ ကျောပေးရပ်နေတာကို မြင်တွေ့လိုက်ရတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ကနေ မီးခိုးငွေ့တွေနဲ့အတူ မီးလောင်ညှော်နံ့တွေထွက်ပေါ်နေခဲ့တယ်။

" သင်က ဒီရွာရဲ့ အကြီးအကဲလား"

" ဟုတ်တယ်... ငါက မုန့်သည်မရွာရဲ့ အကြီးအကဲပဲ... သင်တို့ဘာကိစ္စကြောင့် ဒီအရပ်ကိုရောက်လာခဲ့တာလဲ"

" ကျုပ်တို့က မြောက်နန်းသခင်မရုပ်ထုနဲ့ပတ်သတ်ပြီး ဒီကိုရောက်လာခဲ့တာပါ... သင့်တို့ရွာက ဒီရုပ်ထုနဲ့ဘယ်လို ပတ်သတ်ခဲ့ကြတာလဲ"

" သခင်မက ငါတို့ရဲ့ကျေးဇူးရှင်... ဒါကြောင့် သူရဲ့ကိုယ်ငွေ့လှုံထားတဲ့ရုပ်ထုကို ငါတို့ပူဇော်ဖို့ပြန်ယူခဲ့တာ၊ ဒီအတွက်ကြောင့် တစ်ရွာလုံး မီးလောင်တိုက်သွင်းခံခဲ့ရတာပဲ"

" ဒါဆို ဒီရုပ်ထုက သင်တို့ဆီမှာရှိနေတာပေါ့"

" ရုပ်ထုက ငါတို့ဆီမှာမရှိဘူး... သခင်မရဲ့ ရုပ်ထုကို သူ့ရဲ့ငယ်ကျွန်ရင်းဖြစ်တဲ့ ဒေါ်ဇာကြိုင်က သူ့ ဦးခေါင်းထက်မှာ ပူဇော်ထားတယ်"

" ဒေါ်ဇာကြိုင်ဟုတ်လား.... သူက အခုဒီအရပ်မှာမရှိဘူးလား"

" သူ့ကိုတွေ့ချင်တိုင်းတွေ့လို့ရမယ်ထင်နေတာလား.... ဒီအရပ်ကိုလာပြီး ရုပ်ထုအကြောင်းမေးတဲ့သူတွေက နင်တစ်ယောက်ထဲမဟုတ်ဘူးလေ ဟီးဟီးအဟက်ဟက်"

ကျောပေးထားတဲ့ ပုဂ္ဂိုလ်က ခြောက်ကပ်ကပ်ရယ်သံနဲ့အတူ ရှေ့ကိုလှည့်လာလို့ကြည့်လိုက်တော့ မျက်လုံးတစ်လုံးက ရှေ့ကိုပြူးထွက်နေပြီး ပါးတစ်ခြမ်း‌က ပြည်ပုတ်ရည်တွေတရွှဲရွှဲဖြစ်နေတာကို စက်ဆုပ်ဖွယ်မြင်တွေ့လိုက်ရတယ်။

" ဆရာ သူ့ပုံစံက မူမမှန်ဘူးနော် .... "

မောင်ကောင်းက ပတ်၀န်းကျင်ကိုအကဲခတ်ရင်း လွယ်အိတ်ထဲမှာပါတဲ့ အင်းစမတွေကို ‌ဆုပ်ကိုင်ထားလိုက်တယ်။ ခွန်းလှကလဲ အကင်းပါးစွာနဲ့ အမှောင်ထုထဲကိုအာရုံစိုက်ရင်း အနားကိုတိုးကပ်လာခဲ့တယ်။

" ကျုပ်ကသင်တို့ကို ဒုက္ခပေးဖို့လာတာမဟုတ်တဲ့အတွက် ဒေါ်ဇာကြိုင်ကိုတွေ့ပြီးတာနဲ့ ပြန်ပါ့မယ်... ကျုပ်ကိုလမ်းဖယ်ပေးပါ"

" နင်တို့ကို ရုပ်ထုအကြောင်းပြောပြပီးပီမို့ ဒီကနေ အသက်ရှင်လျက် ပြန်ထွက်ဖို့အကြောင်းမရှိတော့ဘူး... ဟိုမှာကြည့်စမ်း... နင်တို့လိုဆရာတွေ ငါတို့ရွာသားဖြစ်ကုန်ပြီ ဟီးဟီးဟီး"

မုန့်သည်မရွာအကြီးအကဲရဲ့စကားကြောင့် အမှောင်ထုထဲကိုလှမ်းကြည့်လိုက်ရာ ပုတီးစိပ်ကိုလည်ပင်းမှာဆွဲထားတဲ့သူအချို့အပြင် ယောဂီ၀တ်စုံ၀တ်ထားတဲ့သူအချို့ကိုမြင်လိုက်ရတယ်။

" ဒီကောင်တွေ လူပါး၀လိုက်တာ..."

မောင်ကောင်းက လုံချည်ကိုတင်းနေအောင်၀တ်ပြီး ရှေ့ကိုထွက်လာခဲ့သလို ခွန်းလှကလဲ အနောက်ကနေ လိုက်ထွက်လာခဲ့တယ်။

" ဆရာ ဒီကောင်တွေကို မှတ်သားလောက်အောင်ပညာပေးမှရတော့မယ်... ကျွန်တော်တို့ကို ခွင့်ပြုပေးပါ"

" အိမ်း... နောက်ဆုံးတော့လဲ ဒီလမ်းစဉ်ကိုပဲလုပ်ရတော့မှာပေါ့... အတတ်နိုင်ဆုံး သက်သက်ညှာညှာလုပ်ကြ"

မောင်ကောင်းနဲ့ခွန်းလှလဲ ခွင့်ပြုချက်ရတာနဲ့ ရွာစည်းအစပ်နားထိကပ်သွားပြီး ကွန်ခြာအင်းကို မြေကြီးပေါ်ရိုက်ချလိုက်ရာ မီးပွားတွေဖွာခနဲထွက်လာပြီး အပေါ်ကို ထိုးတက်သွားခဲ့တယ်။

ဖျတ်ခနဲ လက်ခနဲ ထိုးတက်သွားတဲ့ မီးပွားတွေက ကောင်းကင်ပေါ်ရောက်တာနဲ့ တစ်ခုနဲ့တစ်ခု ဆက်သွားပြီး ပိုက်ကွန်သဖွယ်ဖြစ်သွားခဲ့တယ်။

" သင်တို့လက်လျော့ပြီး ဒေါ်ဇာကြိုင်ရှိတဲ့နေရာ ညွှန်ပြပေးမယ်ဆိုရင် ကျုပ်တို့စီရင်ထားတာကိုပြန်ရုတ်သိမ်းပေးမယ်... ကလန်ကဆန်လုပ်မယ်ဆိုရင်တော့ အမိန့်ပြန်ပြီး အပြစ်ပေးရလိမ့်မယ်"

မောင်ကောင်းရဲ့စကားကြောင့် ရွာစည်းထဲမှာရှိနေကြတဲ့ သူတွေအကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဒေါသတစ်ကြီးအော်ဟစ်ကြိမ်းဝါးသံတွေထွက်ပေါ်လာခဲ့တယ်။

" ဆရာ.... သူတို့ပုံစံကြည့်ရတာ လက်လျော့မယ့်ပုံမပေါ်ဘူး... ကျွန်တော်တို့ အားလုံးကိုချုပ်နှောင်ပြီး အတင်းကြပ်မေးမှရတော့မယ်"

" မင်းတို့နှစ်ယောက်ကို အလုံးစုံလွှဲအပ်ထားတာမို့ သင့်တော်သလိုစီရင်ကြပါ... "

" ဟုတ်ကဲ့ဆရာ... ကျွန်တော်တို့ ကြည့်လုပ်လိုက်ပါ့မယ်"

မောင်ကောင်းနဲ့ခွန်းလှလဲ ပခုံးချင်းယှဉ်လျက်ထိုင်ပြီး ဂါထာတစ်ပုဒ်ကို မနားတမ်းရွတ်ဖတ်နေခဲ့တယ်။ ဂါထာစရွတ်တဲ့အချိန် ကွန်ခြာအုပ်ထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေ ပုံမှန်အတိုင်းရှိနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ‌နေမထိထိုင်မသာဖြစ်တဲ့ဟန်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

" ပူလိုက်တာ.... အလိုလေး.... အပူငွေ့တွေ ထွက်နေပါလား... အမလေးလေး ပူလိုက်တာ"

အော်ဟစ်ညဉ်းတွားသံတွေကြားရပေမယ့် မောင်ကောင်းနဲ့ခွန်းလှက ရွတ်နေတာကိုမရပ်ပဲ ပိုမိုအားထည့်ကာ ထန်နဲ့မာန်နဲ့ရွတ်ဖတ်နေခဲ့တယ်။

ဂါထာရဲ့အစွမ်းကြောင့် အထဲမှာရှိတဲ့သူတွေ မခံမရပ်နိုင်ဖြစ်လာပြီး ခြေဦးတည့်ရာပတ်ပြေးနေခဲ့ကြတယ်။

" တော်ပါတော့ ပူလှချည်ရဲ့.... ကျုပ်တို့အာမခံရဲတော့ပါဘူး.... ကလန်ကဆန်လဲမလုပ်တော့ပါဘူး.... ရွတ်နေတာရပ်ပေးပါ "

အသံနက်ကြီးနဲ့အော်ဟစ်တောင်းပန်နေတာကြောင့် အောင်မြတ်သာက ရွတ်နေတာကိုရပ်ခိုင်းလိုက်ပြီး

" ဒေါ်ဇာကြိုင်က အခုဘယ်အရပ်ဒေသမှာရှိနေတာလဲ"

" သူက သူက မဲနယ်တောင်‌မှာရှိပါတယ်.... အဲဒီနေရာမှာ ဒေါ်ဇာကြိုင်နဲ့အတူ ရုပ်ထုပါရှိတယ်... ကျုပ်တို့ဒီလောက်ပဲသိတာမို့ ထပ်မရွ‌တ်ပါနဲ့တော့ "

" မဲနယ်တောင်ဆိုတာက ဘယ်ကနေသွားရတယ်‌ဆိုတာပါပြောခဲ့ပါဦး"

" ရှေ့မှာမြင်နေရတဲ့တောင်ကြောက မဲနယ်တောင်ကြောလို့ခေါ်ပါတယ်..."

" သင်တို့လိမ်ညာရင် ဒီထက်ပိုတဲ့အပြစ်ကိုခံရမှာနော်... ကဲ အချုပ်နှောင်ကိုဖြေပေးလိုက်တော့"

မောင်ကောင်းတို့လဲ အောင်မြတ်သာစကားကြောင့် ခြုံလွှမ်းထားတဲ့ ကွန်ခြာအင်းကိုပြန်နှုတ်ပြီး မဲနယ်တောင်ကြောရှိတဲ့ဘက်ကို ညတွင်းချင်းထွက်လာခဲ့ကြတယ်။

မြေနီလမ်းတစ်ခုကိုဖြတ်လျောက်ပြီးချိန်မှာတော့ မှတ်တိုင်တွေကျိုးတိုးကျဲတဲဖြစ်နေတဲ့ သုဿာန်တစ်ခု‌ဆီကိုရောက်လာခဲ့တယ်။

သုဿာန်အ၀‌ကို၀င်တဲ့အချိန် ကျွဲပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးနက်ကြီးက အုတ်ဂူတစ်လုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။ သူနဲ့မလှမ်းမကမ်းအပင်အောက်မှာတော့ ခေါင်းတလားတစ်လုံးကိုရွက်ထားတဲ့ မိန်းမတစ်ယောက်ရပ်နေခဲ့တယ်။

" ဆရာတို့ဒီလမ်းကနေ ဖြတ်မယ်ဆိုလို့ လာစောင့်နေတာ... ဘာများကူညီပေးရမလဲ"ဆိုတဲ့အသံဩဩက ချောက်ခြားဖွယ်ထွက်ပေါ်လာခဲ့တယ်။

" မဲနယ်တောင်မှာ ဒေါ်ဇာကြိုင်ဆိုတဲ့အမျိုးသမီးရှိတယ်ဆိုလို့ သူ့ဆီသွားမလို့ပါ... အချိန်ကလဲလင့်နေပြီမို့ အမြန်‌ဆုံးရောက်နိုင်မယ့် လမ်းရှိရင်ပြစေချင်ပါတယ်"

အောင်မြတ်သာစကားကြောင့် ခေါင်းတလားထမ်းထားတဲ့မိန်းမက အုတ်ဂူပေါ်မှာထိုင်နေတဲ့ ခွေးနက်ကြီးကို စိုက်ကြည့်လိုက်ပြီး မဲနယ်တောင်ဘက်ကိုလက်ညိုးထိုးပြလိုက်တယ်။

" ဆရာတို့ကို ကျွန်မတပည့်က လမ်းပြပေးပါလိမ့်မယ်... မဲနယ်တောင်ခြေရောက်ရင် မီးလောင်ထားတဲ့သစ်ငုတ်တိုကိုရှာပြီး အင်းနဲ့တိုက်ပါ... မိဇာကြိုင်မနေနိုင်ပဲ ထွက်လာပါလိမ့်မယ်"

" ကောင်းပါပြီ ... ကျုပ်တို့စီရင်လိုက်ပါမယ်"

အောင်မြတ်သာတို့လဲ လမ်းပြခေါ်သွားတဲ့ ခွေးနက်ကြီးနောက်ကိုလိုက်ခဲ့ရာ ထမင်းအိုးတစ်လုံးကျက်ခန့်အကြာမှာတော့ မဲနယ်တောင်ခြေအစပ်ကိုရောက်လာခဲ့တယ်။

ခွေးနက်ကြီးပြန်ထွက်သွားတဲ့အချိန် မောင်ကောင်းနဲ့ ခွန်းလှတို့က အနားမှာရှိတဲ့ ထင်းခြောက်တွေကို စုပုံကာမီးဖိုလိုက်ကြပြီး အလင်းရောင်ရအောင်ဖန်တီးခဲ့ကြတယ်။

အောင်မြတ်သာက မီးတောက်လောင်နေတဲ့ မီးဖိုဘေးမှာ မတ်တပ်ရပ်ပြီး လက်ထဲကိုင်ထားတဲ့ မှိုင်းကိုင်စက္ကူအင်းချုပ်ကိုလွှတ်ချလိုက်ရာ အင်းချပ်က လေမတိုက်ပဲ ဝေ့၀ဲလှုပ်ရှားကာ မလှမ်းမကမ်းမှာရှိနေတဲ့ ခြုံနွယ်ပေါ်မှာကပ်ညှိနေခဲ့တယ်။

မောင်ကောင်းနဲ့ခွန်းလှလဲ အင်းစက္ကူကပ်နေတဲ့ ခြုံနွယ်ကို ဆွဲဖယ်လိုက်ရာ အထဲမှာ မှိုပွင့်တွေပတ်ပတ်လည်ပေါက်နေတဲ့ မီးလောင်သစ်ငုတ်တိုတစ်ခုကိုမြင်တွေ့လိုက်ရတယ်။

" ဆရာ ... ဒါက သုဿာန်မှာတွေ့တဲ့ အမျိုးသမီးပြောတဲ့ဟာထင်တယ်"

" ဟုတ်တယ်မောင်ကောင်း... ဒီသစ်ငုတ်တိုက ဒေါ်ဇာကြိုင်နဲ့ပတ်သတ်မှုတစ်ခုတော့ရှိရမယ်... အနောက်‌ဆုတ်နေ"

အောင်မြတ်သာက မီးလောင်ကျွမ်းထားတဲ့ သစ်ငုတ်တိုပတ်ပတ်လည်ကို စည်းတားလိုက်ပြီး အင်းတစ်ချပ်ကိုမီးထွန်းပြီးတင်လိုက်ရာ တောထဲကနေ ကြောက်မက်ဖွယ် တော်လဲသံနဲ့အတူ ပြေးလွှားနေတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

" ဆရာ... ဒီမိန်းမ ကျွန်တော်တို့ရောက်နေတာ သိလို့ သောင်းကျန်းနေတာထင်တယ်"

" ခဏစောင့်ကြည့်လိုက်ဦး .... ဒေါ်ဇာကြိုင်ဆိုတဲ့မိန်းမက ပညာသည်လား နာနာဘာ၀လားဆိုတာ သေချာမသိသေးဘူး"

အောင်မြတ်သာက ပတ်၀န်းကျင်ကိုအကဲခတ်ရင်း အသံကြားတဲ့ဘက်ကိုလိုက်ကြည့်ရာ မကြာခင်မှာပဲ သစ်ရွက်လှုပ်သံ တရှဲရှဲကို ကြားလိုက်ရတယ်။

" အသံက အပေါ်ကနေ လာတာဆရာ... ခွန်းလှ အပေါ်ကိုသတိထားဦး"

ခွန်းလှလဲ အသံကြားတဲ့ဘက်ကို မော့ကြည့်လိုက်ရာ လူပေါင်လုံးလောက်ရှိတဲ့ ကိုင်းဖျားကြားထဲနေ ချောင်းကြည့်နေတဲ့ မျက်လုံးနှစ်လုံးကိုမြင်တွေ့လိုက်ရတယ်။

" ဆရာ ... ဟိုမှာ ဟိုမှာ... နည်းတဲ့မျက်လုံးကြီးလားဗျာ"

" ဟင်... လှည်းဘီးလောက်ရှိတဲ့ မျက်လုံးပါလား... ဒါဆို ဒေါ်ဇာကြိုင်ဆိုတဲ့မိန်းမက အတော်အကောင်ကြီးတဲ့နာနာဘာ၀ပဲဖြစ်ရမယ်"

မောင်ကောင်းတို့ စကားပြောနေတဲ့အချိန်မှာပဲ ပေါင်လုံးလောက်ရှိတဲ့ သစ်ကိုင်းတစ်ခုက ဝုန်းခနဲကျိုးကျလာခဲ့တယ်။

" မောင်ကောင်း သတိထား.... "

အောင်မြတ်သာက မောင်ကောင်းရဲ့ ဂုတ်ကိုလှမ်းဆွဲလိုက်တာကြောင့် သစ်ကိုင်းက အနားမှာရှိတဲ့ မြေကွက်လပ်ပေါ်သာကျသွားခဲ့တယ်။

" ထွက်သွားကြစမ်း.... ငါနေရာကနေ ထွက်သွားကြ... ငါပြောနေတယ်နော် သွားကြ"

အသံက အရပ်လေးမျက်နှာကနေ ထွက်ပေါ်လာတာကြောင့် အောင်မြတ်သာက ချက်ချင်းဆိုသလို သက်စောင့်စည်းသုံးတန်တားပြီး မီးလောင်သစ်ငုတ်တိုပေါ်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။

" ဟေး..... ငါ့နေရာကိုမထိနဲ့.... "

" ဖြောင်း....."

" ဂျွတ်..."

" ဝုန်း"

အသံနဲ့အတူ သစ်ပင်သစ်ကိုင်းတွေကျိုးပဲ့သံ လှုပ်ခါသံတွေက သွေးပျက်ဖွယ်ကောင်းအောင်ထွက်ပေါ်လာခဲ့တယ်။

" ဒီသစ်ငုတ်တိုက သူရဲ့ဗိမ္ဗာန်ပဲဖြစ်မယ်... မောင်ကောင်း နဲ့ခွန်းလှ ဒီသစ်ငုတ်ပတ်ပတ်လည် လောင်မီးအင်းနဲ့ တိုက်လိုက်"

အောင်မြတ်သာက အသံကြားတဲ့အပေါ်ဘက်ကို လိုက်ကြည့်ရင်း ‌အမိန့်ပေးလိုက်ရာ မောင်ကောင်းတို့က ချက်ချင်းဆိုသလို လောင်မီးအင်းကို ဖိုခနောက်ဆိုင်ထားတဲ့ အင်းဖယောင်းတိုင်ကိုထွန်းညှိလိုက်တယ်။

" ဖောက်.... ဝုန်း..."

အင်းချပ်က သစ်ငုတ်တိုကိုထိတာနဲ့ ဝုန်းခနဲမီးထတောက်ပြီး ကန်ထွက်သွားခဲ့တယ်။

" ဆရာ ... သစ်ငုတ်တိုက လောင်မီးအင်းနဲ့ထိမရဘူး ပြန်ကန်ထွက်နေတယ်"

" တန်ပြန်စမအင်း နဲ့ ဘေးကိုကာပြီး အလယ်မှာ လောင်မီးအင်းထွန်းကြည့်"

မောင်ကောင်းတို့လဲ အောင်မြတ်သာပြောတဲ့အတိုင်း လုပ်ဖို့အနားကပ်သွားတဲ့အချိန် မလှမ်းမကမ်းသစ်ပင်ပေါ်ကနေ အမွှေးကြမ်းတွေပေါက်နေတဲ့ လက်တစ်ဖက်ရှည်ထွက်လာခဲ့တယ်။

" ဒင်း ခုတော့ထွက်လာရပြီလေ..."

အောင်မြတ်သာက ရှည်ထွက်လာတဲ့ လက်ကို သိမ်ကိုးခု၀င်ပရိတ်ကြိုးနဲ့ ‌ဆွဲပတ်လိုက်ပြီး အစကို လက်ညိုးပေါ်မှာတင်းထားလိုက်တယ်။

" အား......"

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အော်သံနဲ့အတူ ပရိတ်ကြိုးပတ်ခံထိထားတဲ့လက်ကနေ မီးလောင်သလို အခိုးငွေ့တွေထွက်ပေါ်လာခဲ့တယ်။

" ဆရာ.... အင်းကိုမီးထွန်းလိုက်ရတော့မလား"

" အသက်အောင့်ပြီး ထွန်း... ပြီးတာနဲ့ စည်းထဲပြန်၀င်နေ"

မောင်ကောင်းလဲ တန်ပြန်အင်းရံထားတဲ့ လောင်မီးအင်း‌ေပါ်ကို အင်းဖယောင်းတိုင်ထွန်းလိုက်တဲ့အချိန် သစ်ငုတ်တိုထဲကနေ မီးတောက်မီးလျှံတွေထတောက်လာခဲ့တယ်။

" ဒင်းကအတော်ခေါင်းမာတာပဲ... အခုထိ ရုပ်လုံးထွက်မပြသေးပါလား"

အောင်မြတ်သာစကားသံအဆုံးမှာ ပရိတ်ကြိုးက ဖောက်ခနဲပြတ်ထွက်ပြီး တောထဲကို၀င်ပြေးတဲ့ခြေသံကိုကြားလိုက်ရတော့ ညာလက်ညိုးကို ဝေ့ရမ်းပြီး

" အရပ်ရှစ်မျက်နှာမှာရှိတဲ့လမ်းတွေအကုန်ပိတ်ပြီး ငရဲမီးတွေပေါ်စေ" လို့ရေရွတ်လိုက်ရာ ပြေးနေတဲ့ခြေသံတွေငြိမ်ကျသွားခဲ့တယ်။

" ငါမပေးနိုင်ဘူး.... သခင်မရုပ်ထုကို ငါမပေးနိုင်ဘူး... နင်တို့ထွက်သွားကြစမ်း" ဆိုတဲ့အသံက ပြန်လည်ထွက်ပေါ်လာခဲ့တယ်။

" ဒေါ်ဇာကြိုင်ဆိုတာ ခင်ဗျားလား.... ကျုပ်ပြောတာကြားတယ်ဆိုရင် ရှေ့ကိုထွက်လာခဲ့ပါ... ကျုပ်စကားကို လွန်ဆန်မယ်‌ဆိုရင် ဆိုင်ရာပုဂ္ဂိုလ်တွေပင့်ဖိတ်ပြီး အတင်းခေါ်ထုတ်ရလိမ့်မယ်"

စကားသံအဆုံးမှာလဲ ထွက်မလာတာကြောင့် ဂိုဏ်းစောင့်တွေကိုပင့်ဖိတ်ပြီး သစ်ငုတ်တိုကိုစိုက်ကြည့်ကာ အမိန့်ပြန်နေလိုက်တယ်။

အမိန့်ပြန်နေစဉ်အစပိုင်းမှာတော့ ကြိမ်းဝါးသံ အော်ဟစ်သံတွေကိုကြားနေရပြီး ကြာတာနဲ့အမျှ အသံတွေတစ်ဖြေးဖြေးလျော့ကျကာ စုတ်သတ်သံ ညဉ်းညူသံတွေထွက်လာခဲ့တယ်။

" မရွတ်နဲ့တော့ .... ငါမနေနိုင်တော့ဘူး.... အဟီးဟီး.... သခင်မကို ဇာကြိုင်မကာကွယ်ပေးနိုင်တော့ဘူး ဟီးဟီး"

" ခေါင်းမာမနေနဲ့ ဒေါ်ဇာကြိုင်... ကျုပ်ကို သင်အာခံလို့ရမှာမဟုတ်ဘူးဆိုတာသိတယ်မလား"

အောင်မြတ်သာစကားအဆုံးမှာ ဝါးတစ်ပြန်စာလောက်မြင့်တဲ့အရပ်ရှိတဲ့မိန်းမတစ်ယောက် အရှေ့မှာပေါ်လာခဲ့တယ်။ သူ့ခေါင်းပေါ်မှာတော့ ရွှေရောင်အ၀တ်နဲ့ပတ်ထားတဲ့ အရာတစ်ခုကို လက်တစ်ဖက်နဲ့မြဲမြံစွာကိုင်ထားဆဲ။

" အမေကြီး... စိတ်ကိုလျော့လိုက်ပါတော့..."

" မလျော့နိုင်ဘူးဟေ့.... ငါ သခင်မကို လက်မလွှတ်ဘူး"

" ကျုပ်တို့က ဒီရုပ်ထုကို သက်ဆိုင်ရာသိုက်နန်းဆီပြန်ပို့ပေးမယ့်သူတွေပါ... "

" ငါ သခင်မရဲ့ ရုပ်ထုကိုရဖို့ ငါ့သွေးရင်းသားရင်းကိုတောင်ဆုံးရှုံးခဲ့ရတာ.... ငါ့သားသုံးယောက်ကိုရင်းပြီး လေးယောက်မြောက်မှာမှ သခင်မရုပ်ထုကို ရခဲ့တာမို့ ငါလက်လွတ်မပေးနိုင်ဘူး"

" ဒါဆို ရုပ်ထုကိုခိုးယူခဲ့တဲ့ မျက်နှာဖုံးနဲ့လူက အမေကြီးရဲ့သားလား"

" နင်က ငါ့သားအကြောင်းဘယ်လိုသိနေတာလဲ... "

" ကျုပ်အာရုံထဲမြင်ခဲ့ဖူးလို့မေးကြည့်တာပါ... အမေကြီးက မုန့်သည်မရွာထဲမှာမနေပဲ ဒီကိုဘယ်လိုရောက်နေရတာလဲ"

အောင်မြတ်သာစကားကြောင့် မတ်တပ်ရပ်နေတဲ့ မိန်းမကြီးက ခါးကိုကိုင်းပြီး ငုံ့ကြည့်ကာ

" နင် ငါ့သားအငယ်နဲ့ဆုံခဲ့ပီးပီကိုး.... မုန့်သည်မရွာမှာ တစ်ကိုယ်လုံးမီးလောင်ထားတဲ့သူကို နင်တွေ့တယ်မဟုတ်လား... အဲဒါ ငါ့ရဲ့သားပဲ"

" သူက ဒီရုပ်ထုကိုခိုးယူခဲ့တာပေါ့..."

" သူရုပ်ထုခိုးတာကို ရိပ်မိတဲ့ နန်းတွင်းရဲမက်တွေက ငါတို့နေတဲ့ ရွာကို လိုက်လာပြီး တစ်ရွာလုံးမီးရှို့သတ်ခဲ့တာ... ဒါကလဲ ရဲမက်တွေကို မထီမဲ့မြင်ပြုရာကနေ ငါတို့တစ်ရွာလုံးသတ်ခံခဲ့ရတာဟဲ့"

" အမေကြီးက ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ"

" သခင်မရှိတုန်းက ဒီနေရာကိုခဏခဏလာတယ်... အခုမင်းတို့အင်းတွေနဲ့စီရင်ထားတဲ့ သစ်ငုတ်က သခင်မကိုယ်တိုင်စိုက်ခဲ့တဲ့ နံ့သာဖြူပင်ပဲ... ငါက သေမယ်ဆိုရင်တောင် သခင်မမြတ်နိုးတဲ့ဒီအပင်အောက်မှာသေမယ်ဆိုပြီး ထွက်ပြေးရာကနေ အပင်အောက်မှာဖမ်းခံထိခဲ့တယ်... ရဲမက်တွေက ငါ့ကိုသာဖမ်းမိတာ ငါဖွက်ထားတဲ့ရုပ်ထုကိုမရခဲ့ဘူး... ဒါကြောင့် ငါ့ကိုဒီမှာအရှင်လတ်လတ်မီးရှို့သတ်ခဲ့တယ်... မီးရှို့နေတုန်း နံ့သာဖြူနံ့တွေလှိုင်လှိုင်ထွက်လာတာကြောင့် တန်ဖိုးရှိမှန်းသိပြီး အပင်ကိုပါခုတ်လှဲသွားကြတာ..."

ဒေါ်ဇာကြိုင်စကားကြောင့် အောင်မြတ်သာက သက်ပြင်းတစ်ချက်ချလိုက်ပြီး

" အမေကြီး ဒီဘ၀မှာပဲနေသွားတော့မလား... ရုပ်ထုကိုစွဲတဲ့အစွဲကြောင့် ကျွတ်လွတ်ချိန်တန်တာတောင် မသွားပဲနေနေခဲ့တာလား"

" ငါဘယ်မှမသွားဘူး... ကျွတ်လဲမကျွတ်ချင်ဘူး... ငါ့သခင်မရုပ်ထုကိုခေါင်းပေါ်ရွက်ပြီး နေမယ်.... နင်တို့ငါ့ကိုသေအောင်နှိပ်စက်လဲ ငါကရုပ်ထုကိုမပေးဘူး.."

အောင်မြတ်သာလဲ အစွဲလမ်းကြီးပြီး အရှင်သခင်ကိုချစ်မြတ်နိုးတဲ့ ဒေါ်ဇာကြိုင်ကိုကြည့်နေရင်းကနေ သစ်ငုတ်တိုပေါ်မှာ စီရင်ထားတဲ့ အင်းတွေကိုဖြုတ်သိမ်းလိုက်တယ်။

" အမေကြီးရဲ့ သစ္စာရှိမှု သံယောဇဉ်ကြီးမှုကို ကျုပ်မတားဆီးနိုင်ခဲ့ဘူး... ဒါကြောင့် ဒီပွဲမှာ ကျုပ်ရှုံးပါတယ်၊ အမေကြီးအနေနဲ့ ကတိပေးရမှာတစ်ခုက ရွာမှာကျန်ခဲ့တဲ့သူတွေကို ‌ဆုံးမပေးဖို့ပါပဲ... သူတို့ကို လူမသတ်ဖို့ ‌ဆုံးမပေးပါ... ကျုပ်အနေနဲ့ ဒီတစ်ချက်တောင်းဆိုချင်တယ်"

" နင်ကစိတ်ထားကောင်းတဲ့ဆရာတစ်ယောက်ပဲ... နင်ပြောတဲ့ကတိကို ငါတည်အောင်လုပ်ပေးမယ်... ငါ့ရွာကလူတွေ ဘယ်တော့မှလူမသတ်စေရဘူး"

အောင်မြတ်သာလဲ ဒေါ်ဇာကြိုင်ပြောတဲ့စကားကို ကြားတော့ သွားတက်နှစ်ဖက်ပေါ်အောင်ပြုံးကာ မဲနယ်တောင်ခြေရင်းကနေ ပြန်ထွက်လာခဲ့လိုက်တယ်။

သူ့အနောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှက နားမလည်သောမျက်လုံးတွေနဲ့ တကောက်ကောက်လိုက်ပါခဲ့ကြတယ်။

သုဿာန်အ၀ကိုပြန်ရောက်တော့ အောင်မြတ်သာရဲ့ ခေါင်းထဲမိုက်ခနဲဖြစ်ပြီး တစ်ကိုယ်လုံးအားအင်တွေမရှိသလိုဖြစ်ကာ ခွေကနဲလဲကျသွားခဲ့တယ်။

" လူလေး... ထစမ်း... ထစမ်း"

" ဟင်... အဖိုးပါလား... ဒီကိုဘယ်လိုရောက်လာတာလဲ"

" မင်းဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ပြုမူခဲ့တာလဲ... ရွှေကိုယ်လေးရုပ်ကိုယူလို့ရရဲ့သားနဲ့ ဘာကြောင့်မယူခဲ့တာလဲ"

" အချို့အရာတွေက ကိုယ်လုပ်လို့ရတယ်ဆိုတိုင်း အတင်းအကြပ်မလုပ်ချင်တော့ဘူးအဘရာ... အရှင်သခင်နဲ့ ငယ်သားတစ်ယောက်ရဲ့ သံယောဇဉ်က တာ၀န်ကိုငြင်းဖို့အထိ ကြီးမားခဲ့တယ်"

" အိမ်း.... မင်းစိတ်ကို ငါကနားလည်ပေမယ့် ... တာ၀န်ပေးသူတွေကနားမလည်ဘူးကွယ့်... ဒါကြောင့် မင်းကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စိတ်စွမ်းအားအဆင့်ကိုလျော့ချလိုက်တယ်... မင်းအနေနဲ့ အခုကစပြီးအချိန်တစ်ခုအတွင်း မဟာမြိုင်ကိုပြန်လာလို့မရတော့သလို တတ်မြောက်ထားတဲ့ပညာရပ်အချို့ကိုလဲ မေ့ပျောက်အောင်ဖျောက်ခံလိုက်ရပြီ ... ဆရာသခင်တွေ မင်းအပေါ်နားလည်ပေးမယ့်နေ့ကို စောင့်စားရင်း အရှုပ်ထုပ်ဘ၀ကြီးထဲဖြတ်သန်းပေတော့လူလေးရေ"

အဖိုးအိုရဲ့စကားကြောင့် အောင်မြတ်သာက သဘောကျစွာဟက်ဟက်ပက်ပက်ရယ်မောလိုက်မိတယ်။ အဲဒီအချိန်

" ဆရာ ဆရာ သတိရလာပြီလား... ဆရာ.."

" အင်း... သတိရပါပြီ... အခုဘယ်ကိုရောက်နေတာလဲ"

" သုဿာန်ထဲက ဇရပ်ပေါ်မှာရောက်နေတာ... ဆရာ မူးလဲသွားတော့ အနားမှာရှိတဲ့ဇရပ်ထဲခေါ်လာလိုက်တာ"

" ငါအခုသက်သာပါပြီ... မနက်မိုးလင်းမှ ခရီးဆက်ကြတာပေါ့... မင်းတို့လဲ ပင်ပန်းထားတာမို့ နားလိုက်ကြဦး"

အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို အနားယူခိုင်းပြီး လွယ်အိတ်ထဲထည့်ထားတဲ့ အင်းစမအချို့ကိုထုတ်ကြည့်လိုက်ရာ အင်းကွက်ထဲရေးဆွဲထားတဲ့ အင်းဆံတွေကပျောက်ချင်းမလှ ပျောက်ကွယ်နေတာကိုမြင်လိုက်ရတာကြောင့် အိမ်မက်ထဲကအကြောင်းကိုပြန်စဉ်းစားပြီး ပါးလွှာတဲ့နှုတ်ခမ်းဖျားလေးထက်မှာ ခပ်ထေ့ထေ့အပြုံးလေးတစ်ပွင့်ပေါ်ပေါက်လာခဲ့တယ်။

ပညာအဆင့်လျော့ချခံလိုက်ရတဲ့နောက်ပိုင်းဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် အကဲစမ်းသောပညာသည်များဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment