အောင်မြတ်သာနှင့်သွေးဆာနေသောနာရီ

အောင်မြတ်သာနှင့်သွေးဆာနေသောနာရီ "ညိုစံရေ ဒီအပင်ဖြတ်ပြီးရင် ထမင်းစားရအောင်ကွာ" ချိန်းဆောကိုဆီဖြည့်ရင်းလှမ်းပြောလိုက်တဲ့ သာအောင်စကား... thumbnail 1 summary
အောင်မြတ်သာနှင့်သွေးဆာနေသောနာရီ
"ညိုစံရေ ဒီအပင်ဖြတ်ပြီးရင် ထမင်းစားရအောင်ကွာ"
ချိန်းဆောကိုဆီဖြည့်ရင်းလှမ်းပြောလိုက်တဲ့ သာအောင်စကားကြောင့် ကျွန်းပင်ထဲကို စို့ရိုက်သွင်းနေတဲ့ ညိုစံက ဗိုက်ကိုလက်နဲ့ပွတ်ပြီး
" အေး မင်းပြောမှပဲ ဗိုက်ကပိုဆာလာသလိုပဲ"
ညိုစံနဲ့ သာအောင်က သစ်ခိုးထုတ်တဲ့အဖွဲ့ကဖြစ်ပြီး သစ်တောဝန်ထောက်တွေကို နှာတစ်ဖျားသာအောင် လှည့်စားတဲ့နေရာမှာ ပြောစမှတ်တွင်လောက်တဲ့အထိ ပါးနပ်ခဲ့ကြတယ်။
အခုလဲ အောက်လက်ငယ်သားအချို့နဲ့ သစ်ခိုးထုတ်ရင်း ပဲခူးရိုးမတောထဲကိုရောက်ရှိနေခဲ့ကြတယ်။ လသူအရောက်ပေါက်နည်းတဲ့ တောနက်ထဲမှာဖြစ်လို့ သစ်ကောင်းဝါးကောင်းတွေက ကြီးချင်တိုင်းကြီး ထွားချင်တိုင်းထွားနေခဲ့ကြတယ်။
နေ့လည်စာစားပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့ ပျဉ်းကတိုးပင်ကို ကြိုးနဲ့ဆွဲချလိုက်တဲ့အချိန်
" ဝုန်း" ဆိုတဲ့အသံနဲ့အတူလူတစ်ဖက်ခန့်ရှိတဲ့ အပင်ကြီးက ခန့်မှန်းထားတဲ့ဘက်ကို မပြိုကျပဲ အခြားတစ်ဖက်ကိုလည်ဆင်းပြီး နွယ်ကြိုးတွေနဲ့ချိတ်ကာ ပုခက်လွှဲနေသလိုဖြစ်နေခဲ့တယ်။
" ဟေ့ကောင်တွေ အားလုံး လွတ်ရာကိုပြေးစမ်း ဒါ သစ်ပုခက်လို့ခေါ်တယ် အကုန်ဒုက္ခရောက်ကုန်မယ်"
ညိုစံက အတွေ့အကြုံရှိသူပီပီ အသံကုန်အော်ဟစ်ပြောလိုက်တော့ သစ်လုံးအောက်မှာရှိနေတဲ့သူတွေအားလုံး လွတ်ရာကိုထွက်ပြေးသွားကြတယ်။ သစ်လုံးကြီးက နွယ်တွေပေါ်မှာ ဆယ်ကြိမ်လောက်ယိမ်းထိုးလှုပ်ရှားပြီးတော့မှ ဘေးတစ်ဖက်မှာရှိတဲ့ ခြုံတွေဘက်ကိုဝုန်းခနဲထိုးကျသွားခဲ့တယ်။
ညိုစံတို့လဲ အားလုံးငြိမ်သက်သွားပြီဆိုမှ သစ်လုံးကျရာဘက်ကိုကြည့်လိုက်ရာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ရထားလမ်းအပိုင်းအစအချို့ကိုတွေ့လိုက်ရတယ်။
" သာအောင် ဒီမှာလာကြည့်စမ်း"
ညိုစံစကားကြောင့် သာအောင်က ခြုံနွယ်တွေကို ဖယ်ရှားပြီးကြည့်လိုက်ရာ မိုးဒဏ်လေဒဏ်ကြောင့် ဆွေးမြေ့နေတဲ့ ရထားဇလီဖာတုံးအချို့နဲ့အတူ အရိုးစုအချို့ကိုပါမြင်လိုက်ရတယ်။
" ညိုစံရေ ဒီနေရာက အရင် ဂျပန်ခေတ်က သေမင်းတမန်ရထားလမ်းလားမသိဘူး"
" အေး ငါလဲကြားဖူးတယ် .. ကျန်တဲ့သူတွေဒီဘက်မလာအောင် လုပ်လိုက်ဦး ..နောက် တစ်ယောက်စကား တစ်ယောက်နဲ့ မလိုအပ်တာတွေ လျောက်ဖွနေလိမ့်မယ်"
ညိုစံ စကားအဆုံးမှာ သာအောင်က အလုပ်သမားတွေကို အခြားအပင်တစ်ပင်ဖြတ်ဖို့လှမ်းပြောလိုက်ရင်း စကားလမ်းကြောင်းလွှဲလိုက်တယ်။
သာအောင် အလုပ်သမားတွေနဲ့ ရှုပ်နေတဲ့အချိန် ညိုစံက ရထားလမ်းဘေးမှာပေါ်နေတဲ့ အရိုးစုတွေကို တုတ်နဲ့ထိုးဆွကြည့်လိုက်ရာ သံချေးအနည်းငယ်တက်နေတဲ့ အိတ်ဆောင်နာရီတစ်လုံးက မြေကြီးထဲကနေ ထွက်လာခဲ့တယ်။
ညိုစံလဲ နာရီကို သာအောင်မတွေ့အောင်‌ ကောက်ယူပြီး ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်တဲ့အချိန်
" ဟေ့ ညိုစံ ဘာတွေတွေ့သေးလဲ"
" ဘာ ဘာမှတော့ မတွေ့ပါဘူး လူအရိုးအနည်းငယ်လောက်ပဲတွေ့တာ "
" အေး အေး ခုနက သစ်ပုခက်ကိုတော့ မယူတော့ဘူးကွ အခြားအပင်တွေလိုက်ရှာကြတာပေါ့"
" မယူနဲ့ကွ ဒီလိုအပင်တွေသုံးမိရင် အဖက်ဆယ်မရအောင် စီးပွားပျက်မှာ"
ညိုစံက သာအောင်ကိုပြောရင်း ဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားတဲ့ နာရီကိုစမ်းကြည့်လိုက်တဲ့အချိန် ဘေးနားမှာရှိတဲ့ ခြုံကရုတ်တရက်လှုပ်ခါသွားတာကိုမြင်လိုက်ရတယ်။
ညိုစံလဲ စိတ်ထဲထင်တာဖြစ်မှာပါဆိုပြီး လှည့်ထွက်သွားတဲ့အချိန် ခြုံထဲကနေ ပုတ်ပွနေတဲ့လက်တစ်ချောင်းထွက်လာပြီး ညိုစံရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်ပေမယ့် မမှီဘူးဖြစ်သွားခဲ့တယ်။
ညိုစံတို့လဲ လုံလောက်တဲ့သစ်တွေရပီမို့ တောထဲမှာ ခိုးထောင်ထားတဲ့ သစ်ခွဲစက်နဲ့ခွဲခြမ်းစိတ်ဖြာရင်း သူ့ဆိုဒ်နဲ့သူ့ဆိုဒ်ပုံထားခဲ့ကြတယ်။
" သာအောင်ရေ ငါတော့ မြို့ပေါ်ခဏပြန်တက်ပြီး ဝယ်လက်ရှာလိုက်ဦးမယ် .. မင်းကတော့ ဒီမှာဆက်နေခဲ့ဦး။ မင်းရောငါရောမရှိရင် ဟိုကောင်တွေက လုပ်ချင်သလိုလုပ်နေကြမှာ"
" အေး အေး မင်းလုပ်စရာရှိတာလုပ်ခဲ့လေ .. ငါရှိနေတာပဲ နောက်ဆံတင်းမနေနဲ့"
ဒီလိုနဲ့ ညိုစံတစ်ယောက် ထွက်သွားခဲ့တာ တစ်လပြည့်တဲ့ထိ ပြန်ပေါ်မလာခဲ့ဘူး။ သာအောင်တို့လဲ ညိုစံကိုစောင့်ရင်း ရသမျှသစ်တွေကို ခုတ်ဖြတ်ခွဲခြမ်းထားတာ တောင်ပုံရာပုံဖြစ်နေခဲ့ပြီ။ နောက်ဆုံး မထူးတော့တာမို့ သာအောင် မြို့ပေါ်ကိုတက်လာခဲ့လိုက်ရတယ်။
" အိမ်အမှတ် ၇၈၊ မဂ္ဂင်လမ်း"ဆိုတဲ့ဆိုင်းဘုတ်အရှေ့ရောက်တော့ ခြံစည်းရိုးမှာချိတ်ထားတဲ့ ခေါင်းလောင်းကိုဆွဲလိုက်ရာ အိမ်ထဲကနေ အသက် ၄၀အရွယ်မိန်းမတစ်ယောက်ထွက်လာခဲ့တယ်။
" ဟယ် ဘယ်သူများလဲလို့ သာအောင်ပါလား ... လာ အိမ်ထဲဝင်လေ"
" ရတယ် မရီး ... ညိုစံ တစ်ယောက်ဘာသတင်းမှ မလာလို့ ငါမြို့ပေါ်တက်လာတာ။ ဒီကောင် ဘယ်တွေသွားနေတာလဲ"
သာအောင်စကားကြောင့် အမျိုးသမီးမျက်နှာညိုးသွားပြီး
" နင့်သူငယ်ချင်း အိမ်ထဲမှာရှိတယ် .. လာဝင်ကြည့်လိုက်ဦး"
သာအောင်လဲ ညိုစံမိန်းမရဲ့ ထူးထူးဆန်းဆန်းအမူအယာကြောင့် အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ အိမ်ထဲကိုရောက်တော့
" ဟိုကောင် အိပ်ယာက မထသေးဘူးလား"
" သာအောင် နင်မလန့်သွားနဲ့နော် "
" ငါကဘာလို့လန့်ရမှာလဲ နေပါဦး နင်တို့အိမ်မှာ ဘာတွေဖြစ်နေတာလဲ"
" ငါလဲမသိဘူး နင့်သူငယ်ချင်းကို ချော့မော့မေးကြည့်ရင်တော့ ‌အဖြေတစ်ခုရမယ်ထင်တာပဲ "
" သူအခုဘယ်မှာလဲ ငါမေးမြန်းပါဦးမယ်"
သာအောင်စကားအဆုံးမှာ ညိုစံမိန်းမက သော့ခတ်ထားတဲ့အခန်းကို မေးငေါ့ပြပြီး
" ဒီမှာ အခန်းသော့ .. အထဲဝင်ရင်လဲသတိထားဦး" လို့ပြောကာ လှည့်ထွက်သွားခဲ့တယ်။
သာအောင်လဲ အရင်ကဆို ကလေးတွေနဲ့ဆူညံနေတဲ့ အိမ်က အပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်နေတာမြင်တော့ အံ့ဩသွားပြီး လက်ထဲကိုင်ထားတဲ့သော့နဲ့ အခန်းကိုဖွင့်လိုက်တဲ့အချိန်
" ဆွေးရိပုတ်ပွကာသေဆုံးနေတဲ့ ညိုစံနဲ့ ကလေးနှစ်ယောက်ရဲ့အလောင်းကိုမြင်လိုက်ရတယ်"
ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သာအောင် တစ်ယောက် ခြေထောက်တောင်မခိုင်တော့ပဲ ခွေလဲကျပြီး ငယ်သံပါအောင် အော်လိုက်တဲ့အချိန်
" အဟစ်အဟစ်... ခစ်ခစ် .. နင် နင်လဲ သေ သေရမယ်" ဆိုတဲ့အသံက ကျော‌အနောက်ဘက်ကနေ ထွက်ပေါ်လာခဲ့တယ်။
" ဟာ မရီး ... စိတ်ထိန်းပါဦး "
ညိုစံမိန်းမက တစ်စုံတစ်ယောက်ဝင်ပူးနေသလို ခေါင်းကြီးစောင်းကာ ကြက်သွန်းလှီးဓါးကိုကိုင်ပြီး သာအောင်ကို သတ်ဖို့ တစ်လှမ်းချင်းလှမ်းလာနေခဲ့တယ်။
သာအောင်လဲ ကြောက်လန့်တစ်ကြားနဲ့ ဘေးမှာရှိနေတဲ့ ခုံကို ကောက်ကိုင်ကာ ရိုက်ချလိုက်ပြီး အိမ်အပြင်ကို သွေးရူးသွေးတန်းအော်ဟစ်ပြေးပါလေရော။
အိမ်ထဲကနေ ပုဆိုးမနိုင်ပဝါမနိုင်ပဲ အော်ပြေးလာတဲ့ သာအောင်ကိုမြင်တော့မှ ပတ်ဝန်းကျင်ကလူတွေ ရောက်ရှိလာပြီး အိမ်ထဲကိုဝင်ကြည့်တဲ့အခါ နံရံကိုမှီပြီး အရူးသဖွယ်‌ရယ်မောနေတဲ့ ညိုစံရဲ့မိန်းမဖြစ်သူကိုတွေ့လိုက်ရတယ်။
တာဝန်ရှိသူတွေပြောတာကတော့
"မိန်းမဖြစ်သူစိတ်ဖောက်ပြန်ပြီး ယောင်္ကျားနဲ့ကလေးတွေကိုသတ်လိုက်တာတဲ့"
ဒီစကားကို သာအောင် ဘယ်လိုမှမယုံနိုင်ခဲ့ဘူး။ သူနဲ့မတွေ့ရတဲ့တစ်လအတွင်း ညိုစံ ဘာပြဿနာတွေဖြစ်ခဲ့လဲဆိုတာသူအဖြေရှာချင်မိခဲ့တယ်။ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ တောထဲကိုပြန်တက်ဖို့အကြောင်းကဖန်လာခဲ့တယ်။
တောထဲရောက်တော့ အရင်က လက်တွဲညီညီလုပ်ခဲ့ဖူးတဲ့ ညိုစံကိုသတိရမိတဲ့အချိန်တိုင်း သူနဲ့အလုပ်တူတူလုပ်ခဲ့ဖူးတဲ့နေရာတွေကို သွားကြည့်ဖြစ်ခဲ့တယ်။ တစ်ရက်မှာတော့ တဲထဲမှာအိပ်ပျော်နေတဲ့အချိန် မျက်နှာတစ်ခုလုံးဖူးယောင်ပြီးရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ညိုစံရောက်လာပြီး
" နာရီကို ဖျက်စီးလိုက် ... အဲဒီနာရီကို ငါ့အိမ်ရဲ့လှေကားတတိယအဆင့်အောက်မှာဖွက်ထားတယ်၊ သူက ငါ့မိသားစုကိုသတ်ခဲ့တာ ငါ့ကိုကျွတ်လွတ်စေချင်ရင် နာရီကိုဖျက်စီးလိုက်" ဆိုပြီးအိမ်မက်လာပေးပါလေရော။
သာအောင်လဲ အိမ်မက်ကလန့်နိုးတဲ့အချိန် တဲအပြင်ဘက်ကနေ လမ်းလျောက်သွားတဲ့ခြေသံနဲ့အတူပြင်းလွန်းတဲ့အပုတ်နံ့ကိုပါရလိုက်တယ်။
သာအောင် မြို့ပေါ်ပြန်ရောက်တော့ ညိုစံနေခဲ့တဲ့အိမ်ကိုမယောင်မလည်နဲ့သွားပြီး အိမ်လှေကားသုံးဆင့်မြောက်မှာရှိတယ်ဆိုတဲ့ နာရီကို လိုက်ရှာခဲ့တယ်။ သွားတဲ့အချိန်က ညနေ နေဝင်ရီတစ်ရောအချိန်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလူတွေ သတိမထားမိခဲ့ကြဘူး။
သုံးဆင့်မြောက်လှေကားကိုရောက်တော့ ဘေးဘီကို အကဲခတ်ရင်း လက်နဲ့လိုက်စမ်းကြည့်ရာ သွေးစွန်းနေတဲ့ပဝါနဲ့ထုပ်ပိုးထားတဲ့ အရာတစ်ခုထွက်လာခဲ့တယ်။ သာအောင်လဲ ပဝါထုပ်ကို ဖွင့်မကြည့်တော့ပဲ အိတ်ကပ်ထဲကောက်ထည့်ကာ လူလစ်တဲ့အချိန် ခြံထဲကနေ ခပ်တည်တည်ထွက်လာခဲ့လိုက်တယ်။
အိမ်ကိုရောက်တော့ အိတ်ကပ်ထဲဖွက်ယူလာတဲ့ အထုပ်ကိုဖွင့်ကြည့်လိုက်ရာ သံချေးအထပ်ထပ်တက်နေတဲ့ အိတ်ဆောင်နာရီလေးတစ်လုံးကို မြင်လိုက်ရတယ်။ နာရီက ဟောင်းနွမ်းဆွေးမြေ့နေပေမယ့် အထဲမှာရှိတဲ့လက်တံက တစ်ချပ်ချပ်နဲ့ ရွှေ့လျားနေတာမြင်တော့ သာအောင် စိတ်ထဲ ထင့်ခနဲဖြစ်သွားခဲ့တယ်။
" ငါ စိတ်စွဲပြီး အိမ်မက်မက်တာလား... မဖြစ်နိုင်ဘူး စိတ်စွဲတယ်ဆိုရင် ဒီနာရီကို ရမှာမဟုတ်ဘူး"
သာအောင်တစ်ယောက် တစ်ကိုယ်ထဲရေရွတ်ရင်း အတွေးပေါင်းများစွာနဲ့ထိုင်နေခဲ့တာ တိုင်ကပ်နာရီရဲ့ ညရှစ်နာရီအချက်ပေးသံကြားမှ တွေးတောနေတာတွေကိုရပ်ပြီး အိပ်ယာထဲကိုဝင်လာခဲ့လိုက်တယ်။
အိပ်ယာပေါ်မှာလဲလျောင်းရင်း အိတ်ဆောင်နာရီ အကြောင်းတွေးကာ မှေးခနဲဖြစ်သွားတဲ့အချိန် စားပွဲပေါ်မှာတင်ထားတဲ့နာရီက သူ့အလိုလို လှုပ်ရှားလာခဲ့တယ်။ နာရီက လှုပ်ရှားနေရင်း ပိတ်ထားတဲ့အဖုံးက ချောက်ခနဲပွင့်ထွက်လာပြီး နာရီဒိုင်ထွက်ထဲကနေ ပုတ်ပွနေတဲ့လက်တစ်ဖက်က တစ်လှုပ်လှုပ်နဲ့ထွက်လာခဲ့တယ်။
လက်တစ်ဖက်ကအပြင်ကိုရောက်တာနဲ့ စားပွဲအစွန်းကိုကိုင်ကာအားယူပြီး လက်ကိုထောက်လိုက်ရာ အထဲကနေ မျက်လုံးတစ်လုံးဟောက်ပက်ဖြစ်နေပြီး နဖူးကနေ မေးစေ့အထိ အသားနီလန်ကာ ပြတ်လုဆဲဆဲဖြစ်နေတဲ့ မျက်နှာတစ်ခုထွက်လာခဲ့တယ်။
ဆံပင်တွေက မီးလောင်ထားသလို ကျိုးတိုးကျဲတဲ မျက်လုံးတစ်လုံးကမရှိတဲ့အပြင် သားရည်တွေကပုတ်ပွရိရွဲနေတဲ့ခေါင်းတစ်လုံးက နာရီထဲကနေ အပြင်ကိုရောက်ချိန်မှာတော့ ဘေးအိမ်က အဖိုးအိုလင်မယားအိမ်ကနေ ကက်ဆက်နဲ့ဖွင့်တဲ့ ပရိတ်တရားသံက ကျယ်လောင်စွာထွက်လာခဲ့တယ်။
ပရိတ်တရားသံလဲကြားရော တစ်ကိုယ်လုံးထွက်လုထွက်ခင်ဖြစ်နေတဲ့ အကောင်ကြီးက တီကိုဆားနဲ့ထိသလို တွန့်လိမ်ပြီး နာရီဒိုင်ခွက်ထဲကိုပြန်ဝင်သွားခဲ့တယ်။
သာအောင်လဲ ရုတ်တရက်ကျယ်လောင်စွာထွက်လာတဲ့ကက်ဆက်သံကြောင့် လန့်နိုးလာတဲ့အချိန်
" အဖိုးကြီး သူများတွေ အိပ်ချိန် တော့် ကက်ဆက်ကို အသံကုန်မဖွင့်ပါနဲ့လို့ပြောထားတာ ဘယ်တော့မှအမှတ်မရှိဘူး" ဆိုတဲ့အသံက ခေါင်းရင်းအိမ်ကနေ ထွက်လာခဲ့တယ်။
သာအောင်လဲ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အဖိုးအိုလင်မယားအိမ်ဘက်ကို စောင်းငဲ့ကြည့်ပြီး စားပွဲပေါ်ကိုအမှတ်မထင်ကြည့်လိုက်ရာ အိတ်ဆောင်နာရီက လေမတိုက်ပဲ အနည်းငယ်လှုပ်ရှားနေတာကို ဖယောင်းတိုင်မီးအလင်းရောင်နဲ့ မြင်လိုက်ရတယ်။
" ဟင် နာရီက ဘာကြောင့် လှုပ်ရှားနေတာလဲ "ဆိုပြီးရေရွတ်ကာ အနားကပ်ကြည့်လိုက်တော့ စားပွဲအစွန်းမှာ ပျစ်ချွဲချွဲအရည်အချို့ကပ်ညိနေတာကိုမြင်လိုက်ရတယ်။
" ဒါ ဘာအရည်တွေလဲ မှန်းစမ်း" ဆိုပြီးအနားကပ်ကြည့်လိုက်ရာ ညှီစို့စို့ပုတ်အဲ့အဲ့ အနံ့က နှာခေါင်းထဲ စူးခနဲဝင်လာခဲ့တယ်။
" ဟာ ဘယ်ကလေက‌ဝ ကြောင်တွေ ငါ့စားပွဲပေါ် လာအန်သွားလဲမသိပါဘူး" လို့ပြောပြီး လုံချည်အစုတ်နဲ့သုတ်ကာ ကုန်ခါနီးဆဲဆဲဖြစ်နေတဲ့ ဖယောင်းတိုင်မီးကိုမှုတ်ပြီး ပြန်အိပ်လိုက်တယ်။
ညသန်းခေါင်အချိန်ရောက်တော့ အိပ်ယာခြေရင်းမှာ လူတစ်ယောက် မတ်တပ်ရပ်နေတဲ့အရိပ်အခြေကို သတိထားမိခဲ့တယ်။ တောထဲမှာ ညပေါင်းများစွာ နေခဲ့တဲ့အတွေ့အကြုံကြောင့် လူတစ်ယောက် အိမ်ထဲရောက်နေပြီဆိုတာကို သိနေခဲ့တယ်။ သာအောင်လဲ အိပ်ယာဘေးမှာ ချထားတဲ့ သုံးထောင့်ထိုးဓါတ်မီးကို အသာယူကာ မတ်တပ်ရပ်နေတဲ့ အရိပ်ရှိတဲ့နေရာကို ဓါတ်မီးနဲ့ထိုးချလိုက်တယ်။
" ဟင်.. ဘယ်သူမှလဲမရှိပါလား၊ ခုနက လူတစ်ယောက်ရပ်နေတာ သေချာပါတယ်"
တစ်ယောက်ထဲ ဇဝေဇဝါရေရွတ်ရင်း ဓါတ်မီးကိုပြန်ပိတ်လိုက်တဲ့အချိန် အိမ်အခန်းထဲလိုက်ကာ အနောက်ကနေ အပုတ်ရည်တွေယိုစီးကျနေတဲ့မျက်နှာတစ်ခု ထွက်လာကာ သာအောင်ကို စူးစိုက်ကြည့်နေခဲ့တယ်။
နောက်တစ်နေ့ မနက်ရောက်တော့ အိမ်ပေါ်မှာ ရွှံ့ဗွက်တွေပေနေတဲ့ခြေရာအချို့ကို ထူးဆန်းစွာမြင်လိုက်ရတယ်။
" သေချာပြီ ညက သူခိုးကပ်တာပဲဖြစ်ရရမယ်... ဟာ နာရီ နာရီမရှိတော့ဘူး"
သာအောင်က ခြေရင်းက စားပွဲကိုကြည့်ကာ အော်ဟစ်ရင်း အံဆွဲတွေကိုဖွင့်ကာ နာရီကိုအသဲအသည်လိုက်ရှာနေခဲ့တယ်။
" ဟာ ... ငါ့နာရီ သူခိုး ခိုးသွားပြီထင်တယ် ... "
တစ်ယောက်ထဲ ခုံအောက်တွေ အံဆွဲတွေထဲမှာလိုက်ရှာရင်းမွှေနှောက်နေခဲ့ပေမယ့် နာရီကိုလုံးဝမတွေ့ရတော့ပေ။ သာအောင်လဲ စိတ်ပျက်လက်ပျက်နဲ့ ညကကျန်တဲ့ ဆေးပေါ့လိပ်ကိုမီးညှိကာ ရှိုက်ဖွာပြီး မီးခိုးငွေ့တွေကို အပေါ်ကိုမှုတ်ထုတ်လိုက်တဲ့အချိန် အိမ်ခေါင်မိုးထုပ်တန်းပေါ်မှာ တွဲလောင်းကျနေတဲ့ အိတ်ဆောင်နာရီကိုမြင်လိုက်ရတယ်။
" ငါ့လခွီးထဲမှပဲ နာရီက ဘယ်လိုဖြစ်လို့ ထုပ်တန်းပေါ်ရောက်နေရတာလဲ ... "
သာအောင်က မကျေမခြမ်းနဲ့ရေရွတ်လိုက်ပြီး ပုဆိုးကိုခါးထောင်းကျိုက်ကာ ထုပ်တန်းပေါ်ကို ကုတ်တွယ်ကာတက်ခဲ့လိုက်တယ်။
သာအောင်တို့အိမ်ရဲ့ထုပ်တန်းက အတော်မြင့်တာမို့ မပြုတ်ကျအောင် သတိထားပြီးတက်ကာ နာရီကို ယူဖို့ကြိုးစားနေတဲ့အချိန် ခေါင်မိုးနဲ့ထုပ်တန်းကြားထဲကနေ ဖြူဖတ်ဖြူရော်နဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာတစ်ခုက ဘွားခနဲပေါ်လာခဲ့တယ်။
" အောင်မလေး ဝုန်း ဒုန်း ခလွမ်း"
အမြင့်ကနေကြောက်လန့်တစ်ကြားပြုတ်ကျတဲ့ ဒဏ်ကြောင့် သာအောင်တစ်ယောက် ကြမ်းပေါ်မှာ လှုပ်မရဖြစ်ပြီး တစ်အင်းအင်းနဲ့ညီးညူနေပါလေရော။
ခြေထောက်တစ်ခုလုံး အရိုးငေါငေါထွက်အောင် ကျိုးသွားတဲ့အတွက် ငယ်သံပါအောင် အော်ဟစ်ရင်း လူးလိမ့်နေတဲ့အချိန် ထုပ်တန်းပေါ်ကနေ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေနဲ့လူတစ်ယောက် ဇောက်ထိုးဆင်းလာခဲ့တယ်။
သာအောင်လဲ သူ့အရှေ့မှာ ဇက်ကြီးလိမ်ကာ အနာရည်တစ်တောက်တောက်ကျပြီးကြည့်နေတဲ့ သရဲလိုလို တစ္ဆေလိုလိုအကောင်ကိုမြင်တော့ ကြောက်စိတ်တွေငယ်ထိပ်ထိတက်ဆောင့်ပြီး အသံတွေပါ ဝင်သွားခဲ့တယ်။
ခန္ဓာကိုယ်တစ်ခုလုံးအဝတ်ဆိုလို့ အရှက်လုံအောင်ဖုံးထားတဲ့နံငယ်ပိုင်းတစ်ခုသာပါတဲ့ကောင်က သူ့ရဲ့ခါးကြားထဲကနေ တစ်ထွာသာသာရှိတဲ့ ဓါးမြောင်တစ်ချောင်းကိုထုတ်ယူကာ သာအောင်ရဲ့ လည်ပင်းထဲကိုထိုးစိုက်ဖို့လုပ်တဲ့အချိန် အိမ်တံခါးကို ထုရိုက်ပြီးဝင်လာတဲ့အသံကိုကြားလိုက်ရတယ်။
အသံလဲကြားရော အရှေ့မှာရပ်နေတဲ့ အကောင်က ထုပ်တန်းပေါ်ကိုပြန်တက်သွားခဲ့တယ်။ ခဏနေတော့ အိမ်ထဲကို လူတွေဝင်လာပြီး သာအောင်ကို မချီထုတ်သွားခဲ့တယ်။
" အား ကျွတ် ကျွတ် ကျွတ်"
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတာကြောင့် စုတ်တသတ်သတ်ညဉ်းညူလိုက်ပြီး ကုန်းထလိုက်တဲ့အချိန်
" သာအောင် နင်ထလို့မရသေးဘူး ပြန်လှဲနေလိုက်" ဆိုတဲ့အသံကိုကြားလို့ကြည့်လိုက်တော့ ကွမ်းတစ်မြုံ့မြုံ့ဝါးနေတဲ့မိခင်ဖြစ်ကိုမြင်လိုက်ရတယ်။
" အ အ အမေ ဘယ်လိုဖြစ်ပြီး အား ကျွတ် ကျွတ်"
" စကားတွေမရှည်နေနဲ့ နင်ခြေထောက်ရိုးက ထက်ပိုင်းကျိုးသွားတာ နောက်ပြီးပြုတ်ကျတဲ့အရှိန်ကြောင့် နံရိုးလဲအက်သွားတယ်ပြောတယ် ရွာကို တစ်ပတ်ဆယ်ရက်လေးပြန်မှ ဖြစ်ရတယ်လို့အေ"
သာအောင်လဲ ကွမ်းတစ်မြုံ့မြုံ့နဲ့ ဆူနေတဲ့ မိခင်ဖြစ်သူကိုဘာမှပြန်မပြောပဲ ဆေးရုံမျက်နှာကျက်ကို မော့ကြည့်လိုက်တဲ့အချိန်
" အ အမေ အိမ်မှာ ဘယ်သူရှိနေသေးလဲ"
" ဘယ်သူရှိရမှာလဲ နင့်ညီပေါ့... သူက ပဉ္ဇင်းဝတ်ကြီးနဲ့ ငါ့ကိုလိုက်ပို့တာ"
" ဟာ မဖြစ်ဘူး မ မဖြစ်ဘူး.. အိမ်မှာက မကောင်းတဲ့နာနာဘာဝရှိနေတယ်"
" ဒီကောင်တော့ ပေါက်ကရတွေပြောပြန်ပြီ .. နင်မရှိတာတောင် ငါတစ်ယောက်ထဲနေခဲ့တဲ့အိမ်ပါ ..."
" အမေ မသိဘူးနော် .. ဉူးဇင်းကိုသတိပေးမှရမယ် .. အား..."
သာအောင်စကားမဆုံးခင်မှာ စိတ်မြန်လက်မြန်ရှိတဲ့အမေက အကောင်းအတိုင်းရှိနေတဲ့ ခြေထောက်တစ်ဖက်ကို လက်ထိပ်နဲ့ဆွဲလိမ်ပြီး
" နင့်ပါးစပ်ကိုပိတ်ပြီး အေးဆေးနေ .. ထပ်ဟရင် ငါရွာပြန်မှာ" လို့ပြောပြီး ကွမ်းယာတစ်ယာကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။
သာအောင်မှာက ညီအစ်ကိုနှစ်ယောက်ထဲရှိတယ်။ ညီဖြစ်သူက လူ့ဘဝမှာ မူးရူးသောက်စားနေလို့ အမေဖြစ်သူက ပဉ္ဇင်းတစ်ဝါဆိုရင် ခြံဝိုင်းတစ်ဝိုင်းပေးမယ်လို့ ဆွယ်ထားရာကနေ ဘုန်းကြီးဝတ်ဖြစ်ခဲ့တာ အခုဆို နှစ်ဝါတောင်ရှိခဲ့ပြီ။
လူ့ဘဝက ဆိုးပေမိုက်ခဲ့ပေမယ့် ဘုန်းကြီးဘဝ‌ ရောက်တော့ သူ့ဘာသာသူပြင်လာခဲ့ပြီး အခုဆိုရင် ကျောင်းထိုင်ဘုန်းကြီးမအားလပ်တဲ့အချိန်တွေမှာ ရွာထဲကိုထွက်ပြီး သီလပေး၊ ပရိတ်ရွတ်တာတွေအထိ လုပ်လာခဲ့တယ်။
အခုလဲ မိခင်ဖြစ်သူရွာရောက်နေတဲ့အချိန် အစ်ကိုဖြစ်သူဆေးရုံတက်ရတယ်ဆိုတာကြောင့် စိတ်မချပဲ ကိုယ်တိုင်လိုက်ပို့ရာကနေ အစ်ကိုဖြစ်သူရဲ့အိမ်ကို တည်းခိုဖို့ရောက်လာခဲ့တယ်။
အစ်ကိုဖြစ်သူဆေးရုံကဆင်းရင်ပြန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ရောက်လာတဲ့အတွက် ပါလာတဲ့သင်္ကန်းသုံးစုံကို အိပ်ယာဘေးမှာ ချထားပြီး နေရာထိုင်ခင်းပြင်ကာ ကျောဆန့်လှဲချလိုက်တယ်။
ရွာကနေ မနက်အစောကြီးတက်လာတာမို့ ကျောချလိုက်တဲ့အချိန် မှေးခနဲအိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့အချိန် ထုပ်တန်းပေါ်ကနေ တောက်ခတ်သံတစ်ချက်ကြားလိုက်ရတယ်။ တောက်ခတ်သံကြားပြီးမကြာခင် အော်ဂလီဆန်ချင်စရာကောင်းတဲ့အပုတ်နံ့က အိပ်လို့မရအောင် နှာခေါင်းထဲဝင်လာခဲ့တယ်။
ဉူးဇင်းလေးလဲ အိပ်နေရာကနေ ထထိုင်လိုက်ပြီး အိမ်ထဲကိုဝေ့ဝိုက်ကြည့်ကာ မလုံမခြုံဖြစ်နေတဲ့ စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်လိုက်တယ်။ ပြီးတာနဲ့ချက်ချင်းဆိုသလို နှုတ်ကနေ ၂၄ပစ္စည်းပဌာန်းအကျဉ်းကိုရွတ်ပါလေရော။
ပဌာန်းအကျဉ်းရွတ်နေရင်း ငါးကြိမ်မြောက်လဲရောက်ရော ထုပ်တန်းပေါ်ကနေ ချလွင်ချလွင်ဆိုတဲ့အသံနဲ့အတူ ပစ္စည်းတစ်ခုပြုတ်ကျလာခဲ့တယ်။
" ဟင် ... ဘာများပါလိမ့်"
ဥူးဇင်းလေးက ရွတ်ဖတ်နေရင်း ကျလာတဲ့ပစ္စည်းကိုကောက်ယူကြည့်လိုက်ရာ အိတ်ဆောင်နာရီတစ်လုံးဖြစ်နေတာမြင်လိုက်ရတယ်။
" ဒီနာရီ ရှေးဟောင်းပစ္စည်းပဲ.. အခုခေတ်တန်ကြေးနဲ့ဆို ဈေးကောင်းရမှာ ။ ဒီပစ္စည်းကဘယ်လိုလုပ်ထုပ်တန်းပေါ်ရောက်နေရတာလဲ"
လူ့ဘဝက နေရာပေါင်းစုံမှာကျင်လည်ခဲ့တဲ့အတွက် နာရီကိုမြင်တာနဲ့ သူ့ရဲ့တန်ကြေးကိုခန့်မှန်းမိတဲ့ ဥူးဇင်းလေးစကားအဆုံးမှာ နာရီဒိုင်ခွက်ထဲကနေ သွေးတွေတစ်စက်စက်ကျလာခဲ့တယ်။
" ဟာ .. ဘာတွေလဲဟ"
ရုတ်တရက်မို့ လက်ထဲကိုင်ထားတဲ့နာရီကို ပစ်ထုတ်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ ဉူးဇင်းလေးပစ်ထုတ်လိုက်တဲ့နာရီက အိမ်နံရံနဲ့ထိပြီး ကြမ်းပြင်ပေါ်ကျသွားတဲ့အချိန်ထိ ဒိုင်ခွက်ထဲကနေ သွေးတွေ တစ်ရစပ်ပန်းထွက်နေတာကိုမြင်လိုက်ရတယ်။
" မဖြစ်ဘူး မဖြစ်ဘူး... ဒီနာရီမှာ တစ်ခုခုရှိနေပြီ" လို့ပြောပြီး သင်္ကန်းကိုအဝတ်ထုပ်ထဲကောက်ထည့်ကာ အိမ်ပေါ်ကနေဆင်းပြေးပါလေရော။
ဥူးဇင်းလေး အိမ်ရှေ့လှေကားအောက်ကိုရောက်တဲ့ အချိန်မှာတော့ အိမ်ခန်းထဲကနေ ခြောက်ကပ်ကပ်နဲ့လှောင်ပြောင်ရယ်မောတဲ့အသံကို ထင်ထင်ရှားရှားကြားလိုက်ရတယ်။
ဝါတော်နှစ်ဝါပဲရှိတဲ့ ဥူးဇင်းလေးအဖို့ အခုလိုအဖြစ်မျိုးကြောင့် အိမ်မှာဆက်မနေရဲတော့ပဲ ရွာမှာသီတင်းသုံးခဲ့ဖူးတဲ့ စာသင်သားဥူးဇင်းပဏ္ဍိနေတဲ့ ဘုန်းကြီးကျောင်းကိုရောက်လာခဲ့တယ်။
ဉူးဇင်းပဏ္ဍိက မနှစ်ကရွာကိုအလည်ပြန်လာရင်း သူနေတဲ့ကျောင်းလိပ်စာကိုပြောထားတဲ့အတွက် ဉူးဇင်းလေးအဖို့ အခက်အခဲမရှိပဲကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။
ကျောင်းပေါ်ရောက်တော့ ဉူးဇင်းပဏ္ဍိနဲ့အတူ ဧည့်သည်သုံးယောက်ကိုမြင်လိုက်ရတယ်။ သုံးယောက်လုံးက ယောဂီဝတ်စုံတွေဝတ်ထားတဲ့အတွက် ကျောင်းမှာတရားလာအားထုတ်တဲ့သူတွေပဲလို့ထင်မှတ်ပြီး
" ပဏ္ဍိရေ ငါတော့ ဒီနေ့အတော်သွေးပျက်ခဲ့တာ"ဆိုပြီးအစချီလိုက်တော့
" ဟော ဉူးဇင်းလေးပါလား ... ဘယ်လိုကြောင့် ကျောင်းကိုရောက်လာတာလဲ ။ နောက်ပြီး ဘာတွေများသွေးပျက်ခဲ့လဲပြောပါဦး"
ဉူးဇင်းပဏ္ဍိစကားအဆုံးမှာ ဉူးဇင်းလေးက အဖြစ်အပျက်တွေအားလုံးကို ပြောပြလိုက်တော့
" ဒါဆို အဆင်သင့်လိုက်တာ အခုရှိနေတဲ့ ဒကာလေးတွေက အခြောက်အလှန့်ကြမ်းတဲ့နေရာတွေ၊ လူတွေကိုဒုက္ခပေးနေတဲ့ပညာသည်တွေကို နှိမ်နှင်းနေတဲ့သူတွေပဲဟ"
ဉူးဇင်းပဏ္ဍိစကားကြောင့် ဘေးမှာထိုင်နေတဲ့ လူငယ်က
" တပည့်တော်နာမည်က အောင်မြတ်သာလို့ခေါ်ပါတယ်.. သူတို့နှစ်ယောက်က သက်ခိုင်နဲ့ တောက်ရပါ ဉူးဇင်းလေးပြောပုံအရဆိုရင် ဒီပုဂ္ဂိုလ်က နာရီနဲ့ပတ်သတ်နေတာဖြစ်လိမ့်မယ်"
" အဲဒါတော့ ဖြစ်နိုင်တယ်၊ ကျုပ်အစ်ကိုလဲ အခု ဆေးရုံတင်ထားရတယ်.. ဘာကြောင့်ဆိုတာတော့ မသိရသေးဘူး"
" ဒါဆိုရင် ဉူးဇင်းလေးနေခဲ့တဲ့ အိမ်လိပ်စာလေး တပည့်တော်တို့ကိုပေးပါလား ဒါဆိုရင်ဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းရင်းတော့ တွေ့မယ်ထင်ပါတယ်"
အောင်မြတ်သာရဲ့စကားအဆုံးမှာ ဉူးဇင်းလေးက စာရွက်တစ်ရွက်ပေါ်မှာ လိပ်စာတစ်ခုရေးပြီး
" အိမ်ကတော့ ဒီထဲကလိပ်စာအတိုင်းပဲ ဒကာလေးတို့အနေနဲ့ အိမ်ထဲရောက်ရင်သတိထားစေချင်တယ် ဒီကောင်က အတော်ကြမ်းတဲ့ထဲပါတယ်" လို့ပြောကာ ကမ်းပေးလိုက်တယ်။
အောင်မြတ်သာတို့လဲ ဉူးဇင်းလေးပေးတဲ့ လိပ်စာစာရွက်ကိုယူပြီး လွယ်အိတ်ထဲထည့်ကာ အခြားရောက်တတ်ရာရာစကားတွေပြောနေခဲ့ကြတယ်။ ညနေစောင်းရောက်တော့ ကျောင်းပေါ်ကနေဆင်းကာ ဉူးဇင်းလေးပေးတဲ့လိပ်စာအတိုင်းထွက်လာခဲ့လိုက်တယ်။
နာရီဝက်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်တစ်လုံးကိုမြင်လိုက်ရတယ်။ အိမ်ရဲ့ခေါင်းရင်းမှာတော့ ခြံထွက်အသီးအနှံတွေရောင်းနေတဲ့ အဖိုးအိုလင်မယားကိုမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ လိပ်စာထဲကအိမ်ဟုတ်မဟုတ် ကြည့်ပြီး သေချာတာနဲ့ ခြံထဲကိုဝင်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ အိမ်တံခါးမကြီးကို စေ့ရုံစေ့ထားတာကိုမြင်လိုက်ရပြီး အိမ်ထဲကနေ ညိုပုတ်ပုတ်အရောင်တွေထွက်နေတာကို ဆဌမအာရုံကနေ မြင်လိုက်ရတယ်။
" သက်ခိုင် ဒီအိမ်ထဲမှာတော့ မကောင်းဆိုးဝါးရှိတာ သေချာပြီ ငါတို့အိမ်ထဲဝင်ဖို့ ပိုင်ရှင်ရဲ့ခွင့်ပြုချက်လိုလိမ့်မယ်"
" ဒါဆိုရင် ကျွန်တော်တို့အခု ဆေးရုံလိုက်သွားကြမလား"
" မင်းတို့ကဒီမှာနေခဲ့ပြီး ငါ့ကိုစောင့်နေ ၊ ခွင့်ပြုချက်ရတာနဲ့ ဒီပြဿနာကိုရှင်းကြတာပေါ့"
အောင်မြတ်သာကပြောပြီးတာနဲ့ အိမ်ကိုတစ်ချက် လှည့်ကြည့်ရင်း ဆေးရုံဘက်ကိုထွက်သွားခဲ့တယ်။
ဧည့်တွေ့လူနာချိန်ကုန်သွားပြီမို့ ဆေးရုံထဲက လူနာတွေအားလုံး စာအုပ်ဖတ်တဲ့သူဖတ် ကုတင်ကိုကျောမှီကာထိုင်တဲ့သူထိုင်နဲ့ပျင်းရိနေကြတယ်။ သာအောင်ကတော့ တစ်ကိုယ်လုံးလှုပ်မရအောင်ပတ်တီးတွေစည်းထားတာမို့ ထလဲမရ ထိုင်လဲမရဖြစ်နေခဲ့တယ်။ ဘေးမှာတော့ လူနာစောင့်မိခင်က သင်ဖြူးဖျာတစ်ချပ်ကိုခင်းကာ တစ်ရေးတစ်မော အိပ်စက်အနားယူနေခဲ့တယ်။
" ဘယ်လိုလဲ .. နေလို့အတော်ခက်နေမှာပေါ့" ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ကုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
" ခင်ဗျားက ဘယ်သူလဲ ဘယ်လိုလုပ်ပြီး ဒီလိုအချိန်ဝင်လာတာလဲ၊ နောက်ပြီး ကျုပ်ကိုရောသိလို့လား"
" ခင်ဗျားအကြောင်းကို ဉူးဇင်းလေးပြောပြလို့ အနည်းငယ်သိထားပါတယ် ကျုပ်အခုလာတာက ခင်ဗျားအိမ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကို ‌ဖယ်ရှားပေးမလို့လာခဲ့တာ။ ဒီတော့ ဘယ်ကနေ စဖြစ်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား"
" အော် လက်စသတ်တော့ ဉူးဇင်းလေးအသိကိုး .. ဝတ်ပုံစားပုံကိုကြည့်ရတာ ကောင်းတဲ့ဘက်တော့ရောက်ပါတယ် ကျုပ်အဖြစ်က ဒီလိုဗျ..."
သာအောင်က ဖြစ်ကြောင်းကုန်စင်ကို အကျိုးအကြောင်းပြောပြလိုက်တော့ လူငယ်က
" ဒါဆို ခင်ဗျားသူငယ်ချင်းတို့မိသားစုကို ဒုက္ခပေးခဲ့တာလဲ ဒီပစ္စည်းပဲပေါ့... စိတ်ချပါ ကျုပ်တို့တတ်နိုင်တဲ့ဘက်ကကူညီပါ့မယ်၊ ဒါပေမယ့် အိမ်ပိုင်ရှင်ဖြစ်တဲ့ ခင်ဗျားကသာ ကျုပ်တို့ကို အိမ်ထဲဝင်ခွင့်ပြုပေး"
" ရပါတယ် ကျုပ်ခွင့်ပြုတယ် အိမ်သော့က kiss me ပန်းအိုးအောက်မှာရှိပါတယ် ။ ခင်ဗျားတို့လဲ သတိထားကြဦး ၊ ဒီကောင်က အတော်နှစ်ချို့နေပြီ"
သာအောင်က ဉူးဇင်းလေးအသိဆိုသူကို သတိပေးနေရင်း နှာချေချင်လာတာကြောင့် မျက်နှာလွှဲပြီး နှာချေလိုက်တယ်။ ပြီးတော့ပြန်လှည့်ကြည့်လိုက်တာ ခုနကလူငယ်ကိုမတွေ့ရတော့
" ဒီကောင်တော့ ဘာမပြောညာမပြောနဲ့ ထွက်သွားတာ မြန်လှချည်လား" ဆိုပြီးရေရွတ်ကာ ခြေထောက်ကိုအသာလေးလှုပ်ကြည့်နေလိုက်တယ်။
++++++++++++
ညက တစ်ဖြေးဖြေး နက်လာတာနဲ့အမျှ အဖိုးအိုလင်မယားအိမ်ကဖွင့်ထားတဲ့ရေဒီယိုရဲ့အသံက ပိုပိုပြီးတိုးလာခဲ့တယ်။ မကြာခင် ရေဒီယိုအသံမကြားရတော့ပဲ ရေနံဆီမီးအိမ်အလင်းရောင်ပါ ပျောက်သွားခဲ့တယ်။
တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်ရောက်မှ ရေနံချေးဝနေတဲ့အိမ်ရှေ့ကို လူသုံးယောက်ရောက်လာခဲ့တယ်။
" သက်ခိုင် ဆေးဖယောင်းတိုင်ထုတ်ပြီး မီးထွန်းကွာ ဒါမှ အိမ်ထဲမှာရှိတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းမြင်ရမှာ"
အောင်မြတ်သာစကားကြောင့် သက်ခိုင်က ရွှေချထားတဲ့ဖယောင်းတိုင်တစ်တိုင်ပေါ်မှာ အင်းစမအချို့ရေးဆွဲလိုက်ပြီး မီးညှိကာ လက်ထဲကိုင်ထားလိုက်တယ်။
ဖယောင်းတိုင်အလင်းရောင်ထွက်တာနဲ့ အောင်မြတ်သာက နှုတ်ကနေ ဉုံ...ခံတဲ့ဂါထာတစ်ပုဒ်ကို တီးတိုးရွတ်ဆိုကာ လက်ညိုးထိပ်နဲ့ အိမ်နယ်နိမိတ်အားလုံးကို စည်းချလိုက်တယ်။
တောက်ရကတော့ ခြံစည်းရိုးအဝမှာ သုံးကွက်အင်းကိုဆွဲပြီး ထွက်ပြေးလာတဲ့ နာနာဘာဝတွေကို ဆူးကြိမ်လုံးနဲ့ရိုက်ဖမ်းရန် နတ်ရေစင်ဆိုတဲ့ ဂိုဏ်းနတ်ကို တာဝန်ပေးအပ်ခဲ့တယ်။
အောင်မြတ်သာတို့လဲ အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ အထက်ဆရာကြီးတွေကိုစိတ်ထဲကနေတိုင်တည်ခွင့်ပြုချက်တောင်းခံပြီး အိမ်တံခါးမကြီးကို တွန်းဖွင့်လိုက်တယ်။
တံခါးပွင့်ထွက်သွားတာနဲ့ ရလာတဲ့အပုတ်နံ့ကြောင့် သက်ခိုင်က နှာခေါင်းကိုလက်နဲ့ပိတ်ပြီး ဆေးဖယောင်းတိုင်ကိုလက်တစ်ဖက်နဲ့အပေါ်ကိုမြှောက်တင်လိုက်တယ်။
ဖယောင်းတိုင်ရဲ့အလင်းက ရုတ်ချည်းဆိုသလို အိမ်အနှံ့လင်းထိန်သွားပြီး အရာဝတ္တုအားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်တဲ့ထိ မြင်တွေ့နိုင်ခဲ့တယ်။
" သင်ရှိနေတာ ကျုပ်သိတယ် ...အခု ထွက်လာခဲ့"
အောင်မြတ်သာစကားအဆုံးမှာ လိုက်ကာအနောက်ကနေ လူတစ်ယောက်ဖြတ်သွားသလို လှုပ်ရှားသွားတာကိုမြင်လိုက်ရတယ်။
" သင်ဘယ်သူလဲ... ဘာကြောင့် လူတွေကိုဒုက္ခပေးနေရတာလဲ "
"ဆရာ ဒီကောင် မထီလေးစားလုပ်နေတာ ကျွန်တော်အမိန့်ပြန်လိုက်ရမလား"
" မလုပ်နဲ့ဦး သက်ခိုင် ... သူမှီတွယ်နေတဲ့ ပစ္စည်းကိုရှာတွေ့မှ ဖမ်းချုပ်ပြီး မေးလို့ရမှာ"
" ဆရာ ... ဟိုထုပ်တန်းပေါ်ကနေ သွေးစက်တွေကျနေတယ်"
တောက်ရစကားကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ ထုပ်တန်းအပေါ်ကနေ တစ်စက်စက်ကျနေတဲ့ သွေးစက်အချို့ကိုမြင်လိုက်ရတယ်။
" အားလုံး နောက်ဆုတ်နေ ... ဒီကောင်က လူတွေအများကြီးသတ်ထားတာပဲ"
အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကိုအနောက်ဆုတ်ခိုင်းပြီး သွေးစက်ကျနေတဲ့ထုပ်တန်းနေရာကို သုံးကွက်အင်းနဲ့ပေါက်လိုက်ရာ မီးပန်း‌ဖောက်သလို ဖျတ်ခနဲ မီးပွင့်ထွက်ပြီး ထုပ်တန်းအပေါ်ကနေ တစ်ဆတ်ဆတ်ခုန်နေတဲ့ အိတ်ဆောင် နာရီတစ်လုံးကျလာခဲ့တယ်။
အောင်မြတ်သာလဲ အသက်ရှိသလို တစ်ဆတ်ဆတ်တုန်နေတဲ့ နာရီကိုမြင်တာနဲ့ ခရုပတ်ခြောက်ကွက်အင်း(အင်းစမတွေ ကိုခရုခွေကဲ့သို့ရေးဆွဲထားသည့်အင်း)ကိုဆွဲပြီး ထွက်မရအောင် ပိတ်ထားလိုက်တယ်။
" သင် ဘယ်သူလဲ အခုချက်ချင်း မှီတွယ်တဲ့အရာဝတ္တုထဲကနေထွက်လာစမ်း" ဆိုတဲ့စကားအဆုံးမှာ နာရီထဲကနေ မဲညစ်နေတဲ့သွေးပုတ်တွေ တရဟောကျဆင်းလာခဲ့တယ်။ ကျဆင်းလာတဲ့သွေးပုတ်တွေက အင်းစမအပြင်ဘက်ကိုမထွက်လာပဲ အထဲမှာဝေ့ဝိုက်ကာလှုပ်ရှားနေရင်း တစ်ဖြေးဖြေး လူတစ်ယောက်ပုံစံဖြစ်လာတာမြင်တော့ အောင်မြတ်သာက
‌" မူလပြန်စမ်း... ပလီပလာတွေလုပ်မနေနဲ့" လို့အမိန့်ပြန်ရင်း လက်ဝါးနဲ့သပ်ချလိုက်ရာ သွေးခဲတွေကနေ တစ်ကိုယ်လုံး မီးလောင်ဖုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။
" သင်နာမည်ဘယ်လိုခေါ်လဲ.."
" ငါ့နာမည် ဘစံ "
" သင်က ဘယ်လိုကြောင့် ဒီပစ္စည်းထဲရောက်ပြီး လူတွေကိုဒုက္ခလိုက်ပေးနေတာလဲ"
" ဒီပစ္စည်းက ငါပိုင်တာ ၊ ငါပိုင်တဲ့ပစ္စည်းကို ယူတဲ့သူ ဘယ်သူကိုမဆို ငါသတ်ရလိမ့်မယ်"
" အခုသင်သတ်ထားတဲ့လူဘယ်နှစ်ယောက်ရှိပြီလဲ အမှန်တိုင်းဖြေစမ်း"
" ငါးယောက်ရှိပြီ ..."
" သင့်စွဲလမ်းစိတ်ကြောင့် ဒီအရာဝတ္တုမှာမှီတွယ်နေတဲ့အတ္တကို ပယ်ဖျက်ဖို့အတွက် နာရီကို ငါဖျက်စီးရလိမ့်မယ်"
" မလုပ်နဲ့ မလုပ်နဲ့ ... ငါပစ္စည်းထိရင် နင်တို့ကိုပါငါသတ်မှာ"
ခြောက်ကပ်ကပ်အသံနက်နဲ့ပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာက
" ဒီလောက်တောင် သတ်ချင်ဖြတ်ချင်နေသပဆိုလဲ ချုပ်ထားတဲ့ဆီကနေ အရင်ရုန်းထွက်လိုက်ဦး" လို့ပြောပြီး စူးစိုက်ကြည့်နေခဲ့တယ်။
" အီး အဲ အားးးးးးး လွှတ် ငါ့ကိုလွှတ်"
ရုန်းလေကျပ်လေဖြစ်နေတဲ့ အချုပ်အနှောင်ထဲမှာ အော်ဟစ်နေတာမြင်တော့ အောင်မြတ်သာက
" သင်စိတ်လျော့လိုက်တော့ ကျုပ်ကိုအမိန့်ဆိုတဲ့အရာသုံးရအောင်မလုပ်ပါနဲ့ "
" ငါ့ကိုလွှတ်ပေး ... ငါ့ကိုလွှတ်ပေးစမ်း"
" ဒီကောင်အတော်ခေါင်းမာတာပဲ သက်ခိုင် ဒီနာရီကို ဖက်တွယ်လို့မရအောင် အင်းဖယောင်းတိုင်နဲ့ မီးမြိုက်စမ်း"
အောင်မြတ်သာစကားကြောင့် သက်ခိုင်က ‌အင်းဖယောင်းတိုင်ကထွက်တဲ့အခိုးငွေ့နဲ့တိုက်ရာ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး အသံနက်ကြီးနဲ့အော်ပါလေရော။
" ကြောက်ပြီ ငါကြောက်ပြီ နင်တို့ဖျက်ဆီးလိုက်တော့ ငါမနေတော့ဘူး အခုအရမ်းပူနေပြီ ငါ့ကိုလွှတ်ပေးပါတော့"
ကြမ်းပေါ်မှာလူးလိမ့်အော်ဟစ်ရင်း တောင်းပန်နေတာမြင်တော့ အောင်မြတ်သာက အင်းဖယောင်းတိုင်ကိုပြန်ဖယ်ခိုင်းလိုက်ပြီး အိတ်ဆောင်နာရီကိုလှမ်းယူလိုက်တယ်။
အဲဒီအချိန် အချုပ်အနှောင်က လွတ်သွားတဲ့ကောင်က အိမ်တံခါးပေါက်ကနေပြေးဆင်းရင်း
" နင်တို့ကို မကျေနပ်ဘူး ငါပြန်လာသတ်မယ် ... ဆေးရုံကကောင်ကိုလဲငါသတ်မယ်" ဆိုပြီးအော်ပါလေရော။
ဒီတစ်ခါမှာတော့ အိမ်ထဲမဝင်ခင် တောက်ရ တာဝန်ပေးထားတဲ့ နတ်ရေစင်(နတ်ရေစင်(ခ)လူပျိုတော်နတ်အကြောင်းကိုတော့ အောင်မြတ်သာနှင့်လူပျိုတော်နတ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)က အောင်မြတ်သာတို့ကိုမောက်မာစွာစော်ကားပြီး ထွက်ပြေးလာတဲ့ ဘစံကို ဆူးကြိမ်လုံးနဲ့ဖြတ်ရိုက်ချလိုက်တယ်။
ဘစံရဲ့ အမလေး အဘလေးအော်သံတွေကြောင့် အောင်မြတ်သာတို့ အပြင်ကိုထွက်လာပြီးကြည့်လိုက်တော့ ကျောကော့နေအောင် အရိုက်ခံနေရတဲ့ ဘစံကိုမြင်လိုက်ရတယ်။
" မောင်ကျော် တော်လောက်ပြီ"
(မောင်ကျော်ဆိုတာက နတ်ရေစင် (ခေါ်) လူပျိုတော်နတ်ရဲ့လူဘဝနာမည်ဖြစ်ပါတယ်)
" ဆရာ ဒီကောင် ဆရာတို့ကိုစော်ကားတာ ကျုပ်ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး"
" ကဲ ဒါဖြင့်လဲ ဒီနာနာဘာဝကောင်ကို မင်းလက်ထဲ အပ်လိုက်မယ် ။ မင်းရဲ့နတ်နန်းမှာ လိမ်မာယဉ်ကျေးအောင်ဆုံးမပြီး ခိုင်းစေပေါ့"
" စိတ်ချပါဆရာ လူတွေကိုပူးကပ်ခြောက်လှန့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဒီကောင်ကို မှတ်လောက်အောင်ပညာပေးလိုက်ပါမယ်"
နတ်ရေစင်က ဘစံရဲ့ လည်မြိုကိုနင်းပြီး အောင်မြတ်သာကိုအရိုအသေပေးကာပျောက်ကွယ်သွားခဲ့တယ်။
နတ်ရေစင်‌နဲ့ဘစံပျောက်သွားတာနဲ့ အောင်မြတ်သာက လေးကွက်အင်းဆွဲထားတဲ့ အင်းစမကိုနာရီပေါ်တင်လိုက်တယ်ဆိုရင်ပဲ အထဲမှာပိတ်မိနေတဲ့ ဝိဉာဉ်တွေအကုန်လုံး အခိုးငွေ့တွေအဖြစ် လွင့်ထွက်ကာ နာရီရဲ့မှန်လဲ အစိတ်စိတ်အမွှာမွှာအက်ကွဲပျက်စီးသွားခဲ့တယ်။
+++++++++
" သာအောင် ထပါဦး ... သာအောင်"
ကုတင်ဘေးကနေခေါ်တဲ့အသံကြောင့် အိပ်ပျော်နေရာကနေ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ညိုစံကိုမြင်လိုက်ရတယ်။
" ငါတို့သွားတော့မယ် သူငယ်ချင်း .. ငါ့မိန်းမကိုလဲ စောင့်ရှောက်ပေးပါ၊ သူရဲ့စိတ်မပါပဲ လုပ်ခဲ့တာတွေကို ငါတို့နားလည်ပါတယ်လို့ပြောပေးပါကွာ"
" ဟေ့ကောင် ညိုစံ ညိုစံ..."
ကျယ်လောင်စွာအော်ဟစ်လိုက်တဲ့အသံကြောင့် ဆေးရုံမှာအိပ်နေတဲ့သူတွေအားလုံးလန့်နိုးလာခဲ့ကြတယ်။အဲဒီတော့မှ သာအောင် တစ်ယောက် အဖြစ်အပျက်တွေကိုဆက်စပ်တွေးတောပြီး
" ငါ့ဆီလာတဲ့လူငယ်က နာရီကိုဖျက်ဆီးလိုက်ပြီပဲ"လို့ရေရွတ်လိုက်ပါတော့တယ်။
အောင်မြတ်သာတို့လဲ မကောင်းတဲ့ဝိဉာဉ်ပူးကပ်နေတဲ့ နာရီကိုဖျက်စီးပြီးတဲ့နောက်မှာ မြစ်သားရွာကိုရောက်ခဲ့ကြတယ်။ မြစ်သားရွာမှာ ငယ်စဉ်ထဲက လိပ်ပြာအရမ်းလှတဲ့အတွက် နတ်တွေကဝင်စီးပြီး သူ့လူဖြစ်အောင် လိပ်ပြာနှုတ်ဖို့ထိလုပ်နေတဲ့ လူငယ်ကို ဘယ်လိုကူညီကြမလဲဆိုတာကိုတော့အောင်မြတ်သာနှင့် နတ်စီးရှင်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်

No comments

Post a Comment