စုန်းထီးကြီး ဦးဘသာနှင့် မြိုင်သာရှာပုံတော်

  စုန်းထီးကြီး ဦးဘသာနှင့် မြိုင်သာရှာပုံတော် အပိုင်း(၅)ဇာတ်သိမ်း (၁၄) ရုံးတော်ထဲကနေ ကျုပ်တို့ကိုလျှောက်လမ်းကြီးတစ်ခုအတိုင်းခေါ်သွားကြတယ်၊ ရု... thumbnail 1 summary

 စုန်းထီးကြီး ဦးဘသာနှင့် မြိုင်သာရှာပုံတော်

အပိုင်း(၅)ဇာတ်သိမ်း

(၁၄)

ရုံးတော်ထဲကနေ ကျုပ်တို့ကိုလျှောက်လမ်းကြီးတစ်ခုအတိုင်းခေါ်သွားကြတယ်၊ ရုံးခန်းတွေကိုဖြတ်လို့အပြီးမှာတော့ လျှောက်လမ်းအဆုံးက တံခါးတစ်ချပ်ရှေ့မှာရပ်လိုက်ကြတယ်ဗျ၊ တံခါးက ကျွန်းတံခါးကြီးဗျာ၊ အဲဒီတံခါးရဲ့အရှေ့မှာလည်း သံပန်းသံတိုင်တွေနဲ့ နောက်ထပ်တံခါးတစ်ထပ်ရှိသေးတယ်ဗျ၊ အရှေ့ကသွားတဲ့လူတွေက တံခါးကိုဖွင့်လိုက်ပြီးတော့ ဆင်းသွားကြသဗျာ၊ တံခါးအနောက်မှာတော့ အောက်ဘက်ကိုဆင်းတဲ့ လှေကားထစ်တစ်ခုရှိတယ်၊ လှေကားထစ်အတိုင်းဆင်းသွားပြီး မှောင်မဲနေတဲ့လျှောက်လမ်းကြီးအတိုင်း ဆက်လျှောက်ရတယ်ဗျ၊ လျှောက်လမ်းထဲမှာတော့ ကြွက်တွေတွေ့ရသလို၊ လျှောက်လမ်းအမိုးပေါ်မှာ တွဲလောင်းဆွဲနေတဲ့ လင်းနို့တွေကိုလည်းတွေ့ရသေးတယ်၊ ကျုပ်တို့ဝင်လာတော့ ဒီအကောင်တွေက အသံပေးပြီး ပျံသန်းနေကြပါရောဗျာ။

လျှောက်လမ်းအဆုံးကိုရောက်သွားတဲ့အခါမှ တံခါးကြီးတစ်ချပ်ကိုတွေ့လိုက်ရတယ်ဗျ၊ တံခါးကြီးက ဖုန်တွေတက်၊ ပင့်ကူမျှင်တွေတက်နေလို့ပေါ့ဗျာ၊ ကြီးကြပ်သူတစ်ယောက်က တံခါးမှာတပ်နေတဲ့ ပင့်ကူမျှင်တွေကို ဖယ်ရှားလိုက်တယ်၊ ထောင်ထောင်မောင်းမောင်းနဲ့လူက တံခါးအရှေ့ကိုရပ်လိုက်ပြီးတော့ သော့တွဲတစ်ခုကိုထုတ်လိုက်သဗျ၊ အဲဒီသော့တွဲထဲကနေ တစ်ထွာလောက်ရှိမယ့် အကြီးဆုံးသော့ကြီးတစ်ချောင်းကို ယူလိုက်ပြီးတော့ တံခါးက သော့ပေါက်ထဲကိုထိုးထည့်ပြီး လှည့်ဖွင့်လိုက်တယ်။

ဂျိန်းခနဲအသံကြီးနဲ့အတူ တံခါးကြီးပွင့်ထွက်သွားပြီးတော့ အထဲကနေလေတွေထွက်လာတော့တာပဲဗျာ၊ ထောင်ထောင်မောင်းမောင်းနဲ့လူအပြင် နောက်ထပ်လူနှစ်ယောက်လောက်က တံခါးကြီးကိုခြေကန်ပြီး အားကုန်ဆွဲရသဗျ၊ ဒီတော့မှ တံခါးကြီးက ဖြည်းဖြည်းချင်းပွင့်တော့တာ၊ တံခါးအထူက လက်ငါးလုံးစာလောက်တောင်ရှိတယ်ဗျ၊ တံခါးကိုလည်းသံနဲ့မဟုတ်ဘဲ ကြေးဝါနဲ့လုပ်ထားတာဗျ၊ အခန်းထဲမှာတော့ ရွှေရောင်လိုအလင်းရောင်တွေဝင်းလက်နေတယ်။ အားလုံးဝင်သွားတော့ ကျုပ်လည်းလိုက်ဝင်ရတယ်ဗျ။

"ကြေးတိုက်ဆိုတာ ဒါကြီးလားဟင်"

ကျုပ်မေးလိုက်တော့ ဘေးနားက ဗေဒါရီက ခေါင်းညိတ်ပြီးတော့

"ဒါပေါ့ရှင်၊ ကြေးတိုက်ဆိုတာ ဘယ်လိုစုန်းကဝေမျိုးမှ အဝင်အထွက်လုပ်လို့မရအောင် စီရင်ထားတဲ့နေရာပေါ့ရှင်"

ကျုပ်လည်း တအံ့တသြနဲ့လိုက်ကြည့်နေမိတယ်ဗျ၊ အမိုးမျက်နှာကျက်ကလည်း ပေနှစ်ဆယ်လောက်နီးနိးကိုမြင့်တာဗျာ၊ အမိုးအလယ်လောက်မှာတော့ အလင်းလုံးကြီးတစ်ခုကထိန်လင်းနေသဗျ၊ ကြေးတိုက်က ပေငါးဆယ်ပတ်လယ်လောက် ကျယ်မယ်ထင်တာပါပဲ၊ လေးဖက်လေးတန်စလုံးရော၊ ကြမ်းပြင်နဲ့ မျက်နှာကျက်တွေမှာရော ကြေးပြားတွေနဲ့ကာထားတာဗျ၊ ကြေးပြားတွေက ချောမွတ်ပြီးတော့ မှန်တွေလိုဝင်းလက်နေတယ်၊ ဘယ်လောက်တောင်ချောသလဲဆိုရင်ကျုပ်တို့ကိုယ်ကျုပ်တို့ ပြန်မြင်နေရတယ်ဗျာ။

အဲဒီကြေးတိုက်ကြီးရဲ့အလယ်တည့််တည့်မှာတော့ ကြေးနဲ့လုပ်ထားတဲ့ ခေါင်းတလားကြီးတစ်လုံးရှိသဗျ၊ ခေါင်းတလားကြီးက လူတစ်ယောက်ပုံစံလိုပဲ ပြုလုပ်ထားတယ်၊ ဦးဘသာကို သယ်မပြီးတော့ အဲဒီခေါင်းတလားထဲကို သွားပြီးထည့်လိုက်ကြတယ်ဗျာ။ ခေါင်းတလားဆိုပေမယ့်လည်း ပုံစံကတော့ သေတ္တာတစ်လုံးနဲ့တူတယ်၊ ဦးဘသာကိုထည့်ပြီးတာနဲ့ ပတ္တာတပ်ထားတဲ့ ခေါင်းတလားအဖုံးကြီးကို ပြန်ပိတ်တယ်၊ ကြေးသော့ကိုအထက်အောက်သုံးချက်တိတိခတ်ပြီးတော့ ပိတ်လိုက်တယ်ဗျ၊ အဲဒီခေါင်းတလားကြီးရဲ့ မျက်နှာနေရာလောက်မှာတော့ အပေါက်ဖောက်ထားသဗျာ၊ အဲဒီနေရာကနေ ဦးဘသာကိုမျက်နှာကိုမြင်နေရတယ်ဗျ၊ ခေါင်းတလားထဲကို ထည့်ပြီးတာနဲ့ ခေါင်းတလားကြီးကိုမတ်တပ်ဖြစ်အောင်ထောင်ထားလိုက်တယ်။ ကြေးခေါင်းတလားကြီးရဲ့ ရင်ညွန့်နေရာလောက်မှာတော့ ကျပ်ပြားဝိုင်းလောက် အပေါက်တစ်ခုရှိသဗျ။

"ဦးဘသာ အဆင်ပြေရဲ့လားဗျာ"

ကျုပ်ကပြေးပြီးမေးလိုက်တယ်၊ ဦးဘသာက

"အေးပြေပါတယ်ကွာ"

ဗေဒါရီကလည်း

"နေရထိုင်ရ အဆင်မပြေဖြစ်ရင်ပြောနော်ဦးလေး"

"ကြေးတိုက်ဆိုတော့လည်း အပြင်နဲ့တော့ ဘယ်တူမှာလဲတူမကြီးရာ၊ ဒီလိုပဲပေါ့"

"ဒါနဲ့ ဒီရင်ဘတ်က အပေါက်ကလေးက ဘာလုပ်တာလဲဗျ"

"အဲဒါက စုန်းတွေကိုသတ်တဲ့အပေါက်ပေါ့၊ ကြေးခေါင်းတလားထဲချုပ်ထားရင်း စုန်းတွေကိုသတ်မယ်ဆိုရင် အဲဒီအပေါက်ကနေပြီးတော့ စို့သွင်းထိုးစိုက်ပြီးတော့ သတ်ရတယ်"

ဗေဒါရီပြောတော့ ကျုပ်တောင်မှကြောက်သွားတယ်ဗျာ။

ဒီအချိန်မှာပဲ အခန်းထဲကို ပုပုကွကွနဲ့လူက ဝင်လာသဗျ၊ သူကခေါင်းညိတ်ပြလိုက်တော့ ကြီးကြပ်သူတွေအကုန်လုံးပြန်ထွက်သွားကြတယ်၊ အခန်းထဲမှာ ကျုပ်ရယ်၊ ဗေဒါရီရယ်၊ ထောင်ထောင်မောင်းမောင်းနဲ့လူရယ်၊ ခုနကမှဝင်လာတဲ့ ကြီးကြပ်ရေးမှူးလို့ခေါ်တဲ့ မောင်ကောင်းဆိုတာရယ်ပဲကျန်ခဲ့တယ်၊ ဦးဘသာကြီးကတော့ ခေါင်းတလားကြီးထဲ ချုပ်ထားလျှက်သားပေါ့ဗျာ။

ကြေးတိုက်တံခါးကြီးက ဂျိန်းခနဲပိတ်သွားတော့ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ပတ်ပတ်လည်အလုံပိတ်ထားတဲ့အခန်းကြီးထဲ ရောက်နေတယ်ဆိုတဲ့အသိကပဲ ကျုပ်ကိုခြောက်လှန့်နေတယ်ဗျ၊ ကျုပ်လည်း ဗေဒါရီကိုကြည့်လိုက်ရင်း

"ကျုပ်တို့ပါအထဲမှာနေရမှာလားဗျာ၊ ဒါနဲ့ခုနက ပြောတော့ ဦးဘသာအဆင်ပြေတယ်ဆိုရင် ကျုပ်တို့ကထွက်ရမှာဆို"

ဗေဒါရီက ကျုပ်ကိုလှည့်ကြည့်ရင်း

"ရှင်တို့နှစ်ယောက်က ဒီထဲမှာမနေရပါဘူး၊ ဒီထဲမှာသေရမှာ"

ဗေဒါရီက ကျုပ်ကိုပြောပြီးတာနဲ့ ကျုပ်ရင်ဘတ်ကို သူ့လက်နဲ့တွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားပြီးတော့ ခပ်လှမ်းလှမ်းကိုဖင်ထိုင်ကျသွားတော့တာပေါ့ဗျာ၊ ဦးဘသာက အော်တယ်ဗျ။

"ဟေ့၊ မင်းတို့ဘာလုပ်ကြတာလဲ၊ အလတ်ကောင်ကိုမထိနဲ့"

ဗေဒါရီက ဦးဘသာကိုလှည့်ကြည့်ပြီးတော့

"ထိရုံတင်မကဘူး၊ ဒီလိုလူရှုပ်လူပွေကို သတ်မလို့ရှင့်"

ဗေဒါရီက လက်ဝါးကိုဖြန့်လိုက်တော့ သူ့လက်ညှိုးနဲ့လက်သူကြွယ်ကြားထဲမှာ ငွေအပ်ကလေးတစ်စင်းက ဝင်းလက်နေသဗျာ၊ အဲဒီငွေအပ်ကိုင်ထားတဲ့ သူ့အနောက်မှာကြောင်အမ်းအမ်းနဲ့ရပ်နေတဲ့ ထောင်ထောင်မောင်းမောင်းနဲ့လူရဲ့ နဖူးကိုလှည့်ပြီးရိုက်ထည့်လိုက်တာပဲဗျာ၊ ဖြောင်းခနဲအသံကြီးမြည်သွားပြီးတော့ ထောင်ထောင်မောင်းမောင်းနဲ့လူက အနောက်ကိုပက်လက်လန်ပြီးတော့ ဆန့်ဆန့်ကြီးလဲကျသွားသဗျာ။ ကျုပ်လည်း ဗေဒါရီကိုလက်ညှိုးထိုးပြီးတော့

"မင်း၊ လတ်စသတ်တော့ မင်းက လူသတ်သမားပဲ၊ ဒီလူတွေကို မင်းကလိုက်သတ်နေခဲ့တာပဲ ဗေဒါရီ"

ဗေဒါရီက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးတော့

"ကျွန်မနာမည်ကလည်း ဗေဒါရီမဟုတ်ပါဘူးရှင်၊ ကျွန်မနာမည် ခင်ရီပါ"

"ဘာတွေလဲဗျာ၊ ဘာတွေဖြစ်ကုန်တာလဲ"

ဒီအခါ ပုပုကွကွနဲ့ မောင်ကောင်းက ရယ်မောရင်း

"ခင်ဗျားတို့ ကျုပ်တို့ရဲ့လှည့်ကွက်ထဲကို ဝင်ခဲ့ကြတာပဲဗျာ"

ဒီလူက စကားကိုမပီမသနဲ့ပြောတယ်ဗျ၊ ကျုပ်လည်းထူးဆန်းသွားပြီးတော့

"ကိုဂျပု ခင်ဗျားပါးစပ်ကဘာဖြစ်တာလဲ"

ကျုပ်ပြောလိုက်တော့ မောင်ကောင်းက သူ့ပါးစပ်ကိုဟပြတယ်ဗျ၊ သူ့သွားတွေကျိုးနေတာ မြင်မကောင်းဘူးဗျာ၊ အရှေ့သွားတွေရော၊ သွားစွယ်တွေရော ကျိုးနေပါလားဗျ။

"ငါ့ကိုမင်းလုပ်တာ"

ဗေဒါရီက

"ရှင်ပြောမနေပါနဲ့ ကိုကောင်းရယ်၊ ပါးစပ်ထိထားတော့ ပင်ပန်းနေပါအုံးမယ်"

ကျုပ်လည်း ဒီတော့မှစဉ်းစားမိတယ်ဗျ၊ သွားထိတာဆိုတော့ ဒီလူက ကျုပ်ကျောက်ခဲနဲ့ပစ်ထည့်လိုက်တဲ့လူများလား၊ ဦးဘသာဆီကနေ အစွမ်းတွေစုပ်ယူနေတဲ့အချိန် ကျုပ်ကျောက်ခဲနဲ့ပါးစပ်ကိုတည့်တည့်ပစ်ထည့်လိုက်တာလေဗျာ။

"ဟာ၊ ဒါဆို ခင်ဗျားက ကုန်းသာရပ်ကွက်မှာ ကျုပ်နဲ့ဦးဘသာနဲ့ကို တိုက်ခိုက်ခဲ့တဲ့လူပေါ့"

ဒီလူက ပြုံးရင်းကြည့်တယ်ဗျ၊ နောက်တော့မှ သွားနာသွားလို့ထင်တယ်၊ သူ့ပါးစပ်ကိုလက်နဲ့အုပ်ထားတယ်။ ဦးဘသာက ဒေါသတကြီးနဲ့မျက်မှောင်ကြုတ်ပြီးတော့

"လတ်စသတ်တော့ မင်းတို့ငါ့ကို ချောက်ချတာပဲ၊ ဟေ့ကောင်တွေ မင်းတို့ဘာဖြစ်လို့ ငါ့ကိုလုပ်ရတာလဲကွာ"

ဗေဒါရီက ဦးဘသာအနားကိုတိုးကပ်သွားပြီးတော့

"ပြောပြမယ်၊ ရှင်တို့ငတုံးတွေသိအောင် ပြောပြရအုံးမယ်ရှင့်"

(၁၅)

ဗေဒါရီတစ်ဖြစ်လဲ ခင်ရီက စပြီးပြောပြတယ်ဗျ။

"ဟောဒါကတော့ ကိုကောင်းလို့ခေါ်တယ်၊ ကိုကောင်းရဲ့အဖေက ဦးကောင်းမွန်လို့ခေါ်တယ်၊ ဦးကောင်းမွန်က အဂ္ဂိရတ်လမ်းစဉ်ကနေပြီး ထွက်ရပ်လမ်းစဉ်ကိုလိုက်နေတဲ့ လူတစ်ယောက်ပေါ့၊ တစ်နေ့တော့ ဦးကောင်းက ပြဒါးကိုသတ်ရင်းနဲ့ ပြဒါးကမသေဘဲ အရှင်ဖြစ်သွားခဲ့ရာကနေ ပြဒါးရှင်လုံးတစ်လုံးကိုရရှိခဲ့တယ်၊ သူ့ရဲ့အောင်မြင်မှုကို အစွဲပြုပြီးတော့ ဦးကောင်းကိုလူတွေက ပြဒါးရှင်ဘိုးတော်လို့ပဲခေါ်ကြတော့တယ်"

ကျုပ်နဲ့ဦးဘသာလည်း တစ်ပြိုင်နက်တည်း "ဟေ" ဆိုပြီးရေရွတ်လိုက်မိတယ်ဗျ။

"ဒါဆိုရင် ပြဒါးရှင်ဘိုးတော်ရဲ့သားက အခုကိုကောင်းပေါ့၊ ဒါဆို ခင်ဗျားက ဒေါ်ပျင်းကြီးကိုလက်စားချေဖို့လာတာလား"

မောင်ကောင်းက ခေါင်းညိတ်ပြတယ်ဗျ။

"ဒေါ်ပျင်းကိုလက်စားချေဖို့ကြိုးစားခဲ့ပေမယ့် ဒေါ်ပျင်းက သေသွားပြီမဟုတ်လား၊ ဒါနဲ့ သူ့ရဲ့သားဖြစ်တဲ့ ဦးသာစံကိုပဲ လက်စားချေရမယ်လို့တွေးတယ်၊ ပြီးတော့တစ်ခါတည်း အဖေ့ရဲ့အမွေပစ္စည်းဖြစ်တဲ့ ပြဒါးရှင်လုံးကို ပြန်ရအောင်ယူမယ်ဆိုတဲ့အကြံအစည်နဲ့ပေါ့ရှင်"

ဦးဘသာက

"မင်းအဖေက အထက်လမ်းလိုက်တဲ့လူကောင်းသူကောင်းဆိုပေမယ့် မင်းကတော့ အောက်လမ်းစုန်းကဝေလမ်းမှားကို လိုက်ခဲ့တာပဲ မောင်ကောင်း"

မောင်ကောင်းက ဦးဘသာကိုကြည့်ရင်း

"ကျုပ်အဖေတတ်တဲ့ပညာက ခင်ဗျားအမေတတ်တဲ့ပညာလောက်မစွမ်းဘူးဆိုတာကို ကျုပ်သိပြီးတဲ့နောက်မှာ၊ ကျုပ်က ပိုစွမ်းတဲ့နည်းလမ်းကိုရွေးချယ်ခဲ့တယ်၊ ကျုပ်အဖေပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းကို ကဝေတွေလက်ထဲကနေ ပြန်ယူမယ်၊ နောက်ပြီးတော့ ကျုပ်အဖေကို ရှုံးနိမ့်အောင်လုပ်ခဲ့တယ် ခင်ဗျားအမေရဲ့ကိုယ်စား ခင်ဗျားကိုလည်း ပြန်ပြီးလက်စားချေရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်"

ဦးဘသာက

"ဒါပေမယ့်မောင်ကောင်း၊ မင်းညနေက သုံးခဲ့တဲ့ အတတ်က ကဝေတွေတတ်အပ်တဲ့အတတ်တစ်ခုမဟုတ်ဘူးကွ၊ မင်းအဲဒီအတတ်ကိုဘယ်ကရသလဲ"

"ကျုပ်က ကဝေတွေထက်စွမ်းတဲ့ ကဝေရှင်ဗျ"

မောင်ကောင်းက သူ့ကိုယ်သူလက်ညှိုးထိုးပြီးပြောလိုက်တဲ့အခါမှာ ဦးဘသာက အထူးအဆန်းဖြစ်သွားတယ်ဗျ၊ ကျုပ်လည်း သူ့ကိုကြည့်ပြီး

"ကဝေရှင်ဆိုတာ ဘာလဲဗျ"

ဦးဘသာက ကြားဖြတ်ဝင်ဖြေတယ်။

"ကဝေရှင်ဆိုတာ ကဝေတွေကို လိုက်လံနှိမ်နင်းဖမ်းဆီးတဲ့လူတွေပေါ့ကွာ၊ ဒါပေမယ့် ကဝေရှင်တွေက အခုထိရှိရော ရှိသေးလို့လား"

"ရှိတာပေါ့ ဦးသာစံရာ၊ ရှိလို့ပဲ ခင်ဗျားရှေ့မှာ မတ်တပ်ရပ်နေပြီမဟုတ်လား"

"ဒါပေမယ့် ငါ့ပုံစံလုပ်ပြီး ယောင်ဆောင်တာ မင်းမဟုတ်လောက်ဘူး"

ဒီအခါ ခင်ရီက ပြုံးရယ်ပြီးတော့

"အဲဒါကတော့ ကျွန်မအစွမ်းပေါ့ရှင်"

ခင်ရီက ပြောဆိုရင်း သူ့နဖူးကိုသူလက်နဲ့သုံးလေးချက်ပွတ်လိုက်တယ်ဗျ၊ ဒီအခါ သူ့မျက်နှာကြီးကတဖြည်းဖြည်းပြောင်းလဲလာပြီးတော့ နောက်ဆုံးတော့ ဦးဘသာပုံစံကြီးဖြစ်သွားသဗျာ၊ ဝတ်ထားတဲ့အဝတ်အစားကအစ ဦးဘသာပုံစံနဲ့ချွတ်စွပ်ပဲဗျ။ ကျုပ်လည်းကြည့်ရင်း အတော်အံ့သြနေတာ။

"ဟာ၊ တူလိုက်တာဗျာ၊ ဦးဘသာနဲ့တစ်ပုံစံထဲပဲဗျ"

ဦးဘသာတစ်ဖြစ်လဲ ခင်ရီက ကျုပ်ကိုပြုံးပြပြီးတော့

"ဘယ်လိုလဲအလတ်ကောင်၊ ငါ့ကိုမှတ်မိရဲ့လားကွ"

အသံအနေအထားကအစ ဦးဘသာအသံပဲဗျာ၊ ကျုပ်ဖြင့်အံ့သြနေမိတာ။

"ဘယ်လိုလုပ်ပြီးတော့၊ ခင်ဗျားတို့ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်တတ်တာလဲဗျာ"

ဒီအခါ ကြေးခေါင်းတလားထဲရောက်နေတဲ့ဦးဘသာက

"ဒါကြောင့်ကိုးကွ"

ဆိုပြီးထရေရွတ်တယ်၊ ကျုပ်လည်းသိချင်တာနဲ့

"ဦးဘသာ၊ ဘယ်လိုဖြစ်ရတာလဲဗျာ"

"ဘယ်လိုဖြစ်ရမလဲကွ၊ ငါ့အထင် ဒီကောင်မလေးက သူယောင်စုန်းဖြစ်မယ်ထင်တယ်၊ စုန်းမျိုးကိုးဆယ့်ကိုးမျိုးထဲမှာမှ သူယောင်စုန်းဆိုတာ အရှားပါးဆုံးပဲကွ၊ သူယောင်စုန်းဆိုတာ ကိုယ်အလိုရှိတဲ့လူပုံစံကို အမျိုးမျိုးပြောင်းလဲဖန်တီးနိုင်တယ်ဆိုပဲကွ"

ဒီအခါ ခင်ရီဖန်တီးထားတဲ့ ဦးဘသာက တဟားဟားနဲ့ရယ်မောပြီးတော့

"ဒါပေါ့ရှင်၊ ဦးသာစံကတော့ ကျွန်မတို့ကြားဖူးထားတဲ့အတိုင်း အသိပညာဗဟုသုတနဲ့ ပြည့်စုံပါပေတယ်"

"ဒါပေမယ့် သူယောင်စုန်းတွေက သူတို့ဖန်ဆင်းချင်တဲ့လူရဲ့ပုံကိုရဖို့ အဲဒီလူကိုယ်တိုင်က လိုလိုလားလားပေးလိုက်တဲ့ ပစ္စည်းတစ်ခုခုလိုတယ်မဟုတ်လား"

ဦးဘသာမေးလိုက်တော့ ခင်ရီက ခပ်ပြုံးပြုံးနဲ့

"ဦးသာစံ ဒီကိုလာဖို့ လိုင်းကားစီးတာမှတ်မိသလား"

မှတ်မိတာပေါ့ဗျာ၊ မြိုင်သာမှာ ကားပြင်ဖို့လာတဲ့ကားကြီးနဲ့ ကျုပ်နဲ့ဦးဘသာ ချောင်ချောင်ချိချိစီးခဲ့ရတာလေဗျာ၊ ဦးဘသာက ခင်ရီပြောပြီးတော့ တစ်ချက်စဉ်းစားရင်း

"ဒါကြောင့်ကိုးကွ၊ လတ်စသတ်တော့ ငါ့ဆီက တစ်မတ်စေ့နှစ်စေ့မရမကတောင်းတာ မင်းကိုး၊ အလတ်ကောင် မင်းမှတ်မိလား၊ ကားခကို တစ်မတ်စေ့နှစ်စေ့တောင်းတာလေကွာ၊ မင်းက အကြွေစေ့ရှာနေတုန်း ငါ့ဆီက အကြွေစေ့ကိုပေးလိုက်တာလေ"

"ဟုတ်ပြီဗျို့၊ မှတ်မိပြီ၊ ဒါဆို အဲဒီစပယ်ယာဆိုတာက . . ."

"ကျွန်မပါပဲရှင်၊ ဟင်း၊ ဟင်း"

ကျုပ်လည်း တော်တော်ဒေါသထွက်လာတယ်ဗျ၊ ဦးဘသာကတော့ ဆက်မေးတယ်။

"ဒါဆို မယ်နှင်းကိုသတ်တာမင်းပေါ့"

"ဟုတ်ပါတယ်၊ ဦးသာစံပုံစံလုပ်ပြီး မယ်နှင်းကိုသတ်လိုက်တာ ကျွန်မပါပဲ"

"ဒါကြောင့်ကိုး၊ ဒါကြောင့်အားလုံးက ငါလုပ်တယ်ဆိုပြီးပြောကြတာကိုး"

ကျုပ်လည်းထပြီးတော့

"နေပါအုံး၊ မယ်နှင်းကိုသတ်တာကနောက်နေ့မဟုတ်လား၊ ကျုပ်လက်ဆောင်ဝယ်လာတဲ့ ဆေးလိပ်စည်းထဲကို ပြဒါးရှင်လုံးရောက်နေတာကရောဗျာ"

မောင်ကောင်းက ပြုံးရင်း

"ဒီလောက်လုံခြုံရေးတွေ အထပ်ထပ်ချထားတဲ့ ငွေတိုက်ထဲကို ဝင်နိုင်တာငါပေါ့ကွာ၊ ငါက ပြဒါးရှင်လုံးကိုယူပြီးတော့ မြခြူးဆေးလိပ်အစည်းထဲထည့်ထားလိုက်တာကွ"

ကျုပ်လည်း ခင်ရီကိုကြည့်ပြီးတော့

"ကျုပ်သိပြီ၊ ဆေးလိပ်ခုံက မိန်းကလေးက ခင်ဗျားမဟုတ်လား၊ ကျုပ်ကိုဆေးလိပ်စည်းပေးလိုက်တာလဲ ခင်ဗျားပဲလေဗျာ"

ခင်ရီက ခေါင်းပဲညိတ်ပြတယ်။

"ဒါကြောင့်မို့ပေါ့ဗျာ၊ ဗေဒါရီကိုတွေ့တုန်းက ကျုပ်တွေ့ဖူးပါတယ်လို့ ပြောတယ်မဟုတ်လား၊ ခင်ဗျားက ဗြောင်ငြင်းလွှတ်နေလို့သာပေါ့"

"ဒါကြောင့်ရှင့်ကိုပါ နှုတ်ပိတ်ပစ်ဖို့စဉ်းစားလိုက်တာပေါ့ရှင်"

ခင်ရီစကားကြားတော့ ကျုပ်ကျောချမ်းသွားတယ်ဗျ။

"အစကတော့ ရှင့်ကိုလွှတ်ပေးမလို့ဘဲ၊ ဒါပေမယ့် ရှင့်ကတော်တော်များများကိုမှတ်မိနေတယ်၊ ဘူးပေါက်တစ်ရာကို ပိတ်ဖို့လွယ်ပေမယ့် လူ့ပါးစပ်တစ်ပေါက်ကိုပိတ်ဖို့မလွယ်ဘူးမဟုတ်လား၊ ဒါကြောင့် ရှင့်ကိုပါသတ်ရတော့မှာပဲ"

ဦးဘသာက အံကြိတ်ရင်း

"ဒါဆို ရာဂျတ်ကိုသတ်တာလည်းမင်းပေါ့"

"အမှန်ပေါ့ရှင်၊ ရာဂျတ်ကိုသတ်ပြီးတော့ ရာဂျတ်ကညွှန်လိုက်တဲ့ ရှေ့နေ ဒေါ်ဗေဒါရီကို သတ်လိုက်တာလည်း ကျွန်မပါပဲ"

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

"ငါထင်တော့ထင်ပါတယ်၊ ရာဂျတ်က ဒေါ်ဗေဒါရီလို့ခေါ်ပုံထောက်တော့ ဒီလောက်အသက်အရွယ်နဲ့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပြီးသားပါ"

"ဘာပဲဖြစ်ဖြစ် ရှင်တို့ပေါ့ဆခဲ့တယ်မဟုတ်လား၊ ဒေါ်ဗေဒါရီကို ရှင်းပစ်ပြီးတော့ ရှင်းလင်းနေတဲ့အချိန်မှာ ရှင်တို့ကုန်းသာရပ်ကွက်ထဲရောက်လာလို့ ကိုကောင်းကထွက်ပြီးတိုက်ခိုက်ရင်း ရှင်တို့ကိုအချိန်ဆွဲခဲ့တာပဲ"

"ခင်ဗျားတို့ တော်တော်အကြံပက်စက်တဲ့လူတွေပဲဗျာ"

"ဆက်နားထောင်ပါအုံးရှင်၊ ရာဂျတ်ကိုသတ်ပြီးတော့ ခြေချုပ်ဖြေတဲ့ဆေးကို ပုလင်းချင်းလှယ်ပြီးတော့ ယူလာခဲ့တယ်၊ ကုလားလေးရှေ့မှာ မော့သောက်ပြတာက ဟန်လုပ်တာပါ၊ တကယ့်ဆေးကိုတော့ ရှင်တို့သောက်တဲ့ စံပယ်ပန်းလက်ဖက်ခြောက်ထဲမှာ ခပ်ခဲ့တယ်လေ"

ဦးဘသာက

"ငါထင်တော့ထင်သား၊ အဲဒီရေနွေးသောက်ရမှာ ငါ့စိတ်ကတစ်မျိုးဖြစ်နေပါတယ်လို့၊ လတ်စသတ်တော့ မင်းရဲ့လှည့်ကွက်ကိုးကွ"

"ယုံမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြပါရှင်၊ ရှင်တို့ကလည်း ကျွန်မပြောတဲ့အတိုင်း မယ်နှင်းအလောင်းကို သွားဖော်တယ်မဟုတ်လား၊ ရှင်တို့သုဿန်ထဲကအထွက်မှာ မယ်နှင်းအလောင်းကို လောင်မီးကျအောင်လုပ်လိုက်တာလဲ ကျွန်မပါပဲရှင်"

ကျုပ်လည်း စဉ်းစားရင်း ဦးနှောက်ခြောက်လာတယ်ဗျ။

"နေစမ်းပါအုံး၊ ခင်ဗျားက ကျုပ်တို့ကိုအပြစ်ကြီးအောင်လုပ်တာက ထားပါတော့၊ ဒါပေမယ့် ခုနက ဘာဖြစ်လို့ဦးဘသာကိုမြင်လိုက်တဲ့ မျက်မြင်သက်သေတွေခေါ်လာတာလဲဗျာ၊ ဒီလိုလုပ်တာ ကူညီတာမဟုတ်ဘူးလားဗျ"

ဦးဘသာက သက်ပြင်းချရင်း

"အလတ်ကောင်၊ မင်းကတော့ တော်တော်တုံးတဲ့အကောင်ပဲကွာ၊ သူငါတို့ကိုကူညီသလိုလိုလုပ်တာက ငါ့ကိုချည်ပြီးတုပ်ပြီး ဟောဒီကြေးတိုက်ထဲကိုရောက်အောင်လို့ လုပ်တာပဲဟေ့"

ခင်ရီက ခပ်ယဲ့ယဲ့ပြုံးရင်း

"ရှင့်လူက တော်တော်တုံးတာပဲဦးသာစံ၊ ဟုတ်တယ်၊ ဟောဒီကြေးတိုက်ထဲရောက်တော့မှ ကျွန်မတို့လုပ်ချင်တာတွေ လုပ်လို့ရမယ်မဟုတ်လား"

ခင်ရီက မောင်ကောင်းကို ခေါင်းအသာညိတ်ပြလိုက်တဲ့အချိန် မောင်ကောင်းက သူ့ခါးကြားထိုးထားတဲ့ စို့အချွန်ကြီးကိုထုတ်လိုက်တယ်ဗျ။ ဦးဘသာက အဲဒီအချွန်ကြီးကိုတွေ့တော့ အတော်ကြောက်လန့်သွားတယ်။

"ဟေ့ကောင်၊ မင်းတို့တော်တော်ယုတ်မာတဲ့ကောင်တွေပဲ၊ မင်းတို့သတ္တိရှိရင် ငါ့ကိုလွှတ်ပေးလေကွာ၊ ငါတို့ယောက်ျားချင်း၊ ပညာသည်ချင်း မျှမျှတတယှဉ်ပြိုင်ကြတာပေါ့"

မောင်ကောင်းက ရယ်မောရင်း ဦးဘသာမျက်နှာနားအထိတိုးကပ်လိုက်ပြီးတော့

"ဟား၊ ဟား ခင်ဗျားကြီးနဲ့ မျှမျှတတပြိုင်ချင်တယ်ဆိုမှတော့ ဒီအခြေအနေအထိဖြစ်အောင်လုပ်ယူပါ့မလားဗျာ၊ ခင်ဗျားကြီးမကြောက်စမ်းပါနဲ့ ဦးသာစံရာ၊ ခင်ဗျားကိုကျုပ်မသတ်ပါဘူး၊ ခင်ဗျားဝမ်းထဲမှာရှိနေတဲ့ ဂန္ဒဗ္ဗစုန်းဘူးတွေကို အရင်စုပ်ယူမယ်ဗျာ၊ ပြီးတော့ကျမှ ခင်ဗျားကို လူအရှင်လတ်လတ်ကနေ မကောင်းဆိုးဝါးဖြစ်အောင်ပြောင်းလဲပေးမယ်၊ ပြီးရင်တော့ ခင်ဗျားကိုကျုပ်ကမွေးထားပြီး ကျုပ်ခိုင်းစေချင်တဲ့အတိုင်း ခိုင်းစားမယ်ဗျ"

မောင်ကောင်းက သူ့လက်ထဲက စို့တံအချွန်ကြီးနဲ့ ဦးဘသာကြီးကို ထိုးမယ်ဆိုပြီး ကိုင်မြှောက်လိုက်တော့ ဦးဘသာကြီးက ဟက်ဟက်ပက်ပက်ထရယ်ပါရောဗျာ၊ စို့တံကိုင်ထားတဲ့ မောင်ကောင်းတောင်မှ ကြောင်အမ်းအမ်းနဲ့ဗျ။

"ခင်ဗျားကြီး ဘာဖြစ်တာလဲ၊ ဘာလဲ၊ သေရမှာသိလို့ ဝမ်းသာပြီးရယ်နေတာလား"

ဒီအခါ ကျုပ်လည်းထပြီးရယ်လိုက်မိတယ်ဗျ၊ ခင်ရီနဲ့ မောင်ကောင်းကိုလက်ညှိုးထိုးပြီးတော့ကို ဟက်ဟက်ပက်ပက်နဲ့ရယ်တာ၊ ခင်ရီလည်း ကြောင်တောင်တောင်နဲ့ကျုပ်တို့ကိုကြည့်ရင်း

"ဒီလူတွေ သေခါနီးလို့ စိတ်ဖောက်ပြီး ရူးသွားကြပြီထင်တယ်"

ကျုပ်လည်း ရယ်လိုက်ရတာ အူတွေကိုနာတယ်ဗျာ၊ နောက်တော့မှ ရယ်တာကိုထိန်းရင်း

"မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ နှစ်ယောက်ကိုရယ်ချင်လို့ပါ"

"အောင်မာ၊ ဟဲ့ကောင် ငါတို့လုပ်နေတာ ဘာတွေရယ်စရာတွေပါနေလို့လဲ"

"မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ခံလိုက်ရပြီဆိုတာကို သိပြီးရယ်တယ်ဗျ"

မောင်ကောင်းနဲ့ခင်ရီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတော့ အချင်းချင်းမျက်မှောင်ကြုတ်ပြတယ်ဗျ။

"နေပါအုံး ငါတို့က ဘာကိုခံလိုက်ရတာလဲ"

ဒီအချိန် ကြေးတိုက်ကိုပတ်ပတ်လည်ကာရံထားတဲ့ ကြေးပြားကြီးတွေက ပတ်ပတ်လည်သွားပြီးတော့ လူတွေဝင်လာကြတယ်ဗျ၊ မောင်ကောင်းနဲ့ ခင်ရီတို့လည်း အတော်ထိတ်လန့်သွားကြတာပေါ့ဗျာ၊ ဝင်လာတဲ့လူတွေက ကောင်စီလူကြီးတွေအပါအဝင် မယ်တော်နဲ့ တခြားကြီးကြပ်သူတွေလည်း ပါတယ်ဗျ။

"အဲဒါပေါ့ကွာ၊ လည်လွန်းတဲ့ဘေး ချေးသင့်ဆိုတာပေါ့၊ ဟား၊ ဟား"

ဦးဘသာက အသံပြဲကြီးနဲ့ အော်ရယ်လိုက်ပါတော့တယ်ဗျာ။

(၁၆)

မောင်ကောင်းက ဘေးဘီကိုကြည့်ရင်း

"ဘာတွေဖြစ်ကုန်တာလဲ မင်းတို့ဘယ်လိုလုပ်ပြီးသိကုန်တာလဲကွ"

ကျုပ်လည်း ကိုယ်မှာပေနေတဲ့ဖုန်တွေကိုခါလိုက်ရင်း

"ထင်မထားဘူးမဟုတ်လားဗျာ၊ ကျုပ်တို့စွပ်စွဲခံရပြီးတော့ တစ်ခုခုတော့မဟုတ်တော့ဘူးဆို သိပြီးသားဗျ၊ ပိုပြီးသေချာသွားတာကတော့ ရှေ့နေမကြီး ဒေါ်ဗေဒါရီဆီကိုသွားတဲ့အချိန်ပဲဗျာ၊ အဲဒီအိမ်ကိုရောက်တော့ ခင်ဗျားက ကျုပ်ကိုမမှတ်မိဘူးလို့ပြောတယ်လေဗျ၊ အဲဒါအသာထားပါတော့ဗျာ၊ ခင်ဗျားအိမ်နောက်ဖေးဘက်ကိုဝင်သွားတဲ့အချိန်မှာ ကျုပ်က ဟိုကိုင်ကြည့်ဒီကိုင်ကြည့်နဲ့ ကိုင်ကြည့်တယ်မဟုတ်လား၊ ဒီအခါ နံရံပေါ်က ဓါတ်ပုံအောက်မှာ ရှေ့နေဒေါ်ဗေဒါရီလို့ စာတန်းကလေးသေးသေးထိုးထားသဗျ၊ ပုံကလည်းအဒေါ်ကြီးတစ်ယောက်ရဲ့ပုံစံပဲ၊ သေချာအောင်လို့ ခင်ဗျားကိုမေးတော့ ခင်ဗျားက ခင်ဗျားအမေလို့ပြောတယ်မဟုတ်လား၊ ဒီတော့မှ ကျုပ်က ခင်ဗျားလိမ်နေတယ်ဆိုတာသိလိုက်တာ၊ ခင်ဗျားဒေါ်ဗေဒါရီမဟုတ်မှန်းသိလိုက်တာ"

ခင်ရီက ကျုပ်ကိုမျက်စောင်းထိုးကြည့်တယ်ဗျ၊ ကျုပ်လည်း စုံထောက်မောင်စံရှားစတိုင် မေးစေ့ကိုလက်နဲ့ပွတ်ရင်း

"နောက်တစ်ခုကတော့ စာအုပ်ကျသွားတဲ့ကြမ်းပြင်က ရွံ့ဗွက်တွေ၊ ဖုန်မှုန့်တွေနဲ့ညစ်ပတ်နေသဗျ၊ ကျုပ်စာအုပ်ပြန်ကောက်ရင်းကြည့်တော့ ကြမ်းပြင်မှာလည်း ဆံပင်စတွေတွေ့တယ်၊ နောက်ပြီးတော့ ဖုန်ထူနေတဲ့ကြမ်းပြင်ကြီးမှာ စွတ်ကြောင်းကြီးတစ်ခုကိုလည်းတွေ့လိုက်ရသေးတယ်၊ ဒီအတိုင်းဆိုရင် ဒေါ်ဗေဒါရီတစ်ယောက် တစ်ခုခုဖြစ်နေပြီလို့ ကျုပ်သိလိုက်တယ်၊ ဒါကတစ်ချက်ပေါ့ဗျာ"

"ပိုပြီးသေချာသွားရတာကတော့ နောက်ဆုံးပြန်ခါနီး ခင်ဗျားကိုသန့်ရှင်းရေးလုပ်ဖို့ပြောတဲ့အချိန်ပဲ၊ ခင်ဗျားက ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရလို့ သန့်ရှင်းရေးမလုပ်နိုင်တာလို့ပြောပေမယ့် အိမ်အဝင်ဖိနပ်ချွတ်က ဖိနပ်စင်မှာ ယောက်ျားဖိနပ်တွေတွေ့လိုက်ရတာပဲ၊ ဖိနပ်ကလည်း တစ်ရံနှစ်ရံမကဘူးဗျာ၊ တစ်ယောက်တည်းနေတဲ့ဘယ်မိန်းကလေးကများ ယောက်ျားစီးဖိနပ်တွေကို ဖိနပ်စင်ရှုပ်အောင်တင်ထားမှာလဲဗျာ မဟုတ်ဘူးလား"

"အဲ၊ ကိုဂျပုကို သိသွားရတာကတော့ ဟောဒီရွှေအပဲ့လေးကြောင့်ပဲဗျ"

ကျုပ်လည်းပြောဆိုပြီးတော့ အိတ်ထဲက ရွှေအပိုင်းအစကလေးကိုထုတ်ယူလိုက်တယ်။

"ဦးဘသာကို ချုံခိုတိုက်ခိုက်တဲ့လူကို ကျုပ်က ခဲနဲ့ပေါက်လိုက်တယ်မဟုတ်လားဗျာ၊ ခဲက ပါးစပ်ကိုတည့်တည့်ထိပြီးတော့ အဲဒီလူတော်တော်နာသွားတယ်ဗျ၊ မြေကြီးမှာလည်း သွားအပဲ့လေးတွေအပြင် ရွှေစကလေးတစ်ကိုတွေ့ရသေးတယ်၊ ဒီလူတွေအားလုံးထဲမှာ ရွှေသွားတပ်ထားတဲ့လူက ခင်ဗျားပဲရှိတာမဟုတ်လား"

ကျုပ်က ပြီတီတီနဲ့ပြုံးပြလိုက်တော့ ခင်ရီက ကျုပ်ကိုလက်ညှိုးထိုးပြီး

"လူရှုပ်လူပွေ၊ နင့်ကိုငါသတ်မယ်"

ခင်ရီက ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ပြေးလာတာမှ မြန်လိုက်တာပြောမနေပါနဲ့ဗျာ၊ ဝှစ်ခနဲဆိုပြီးတော့ ကျုပ်အနားကိုရောက်လာပါရော၊ ပြီးတော့ သူ့လက်ဝါးနဲ့ကျုပ်နဖူးကို ပိတ်ရိုက်ထည့်လိုက်တယ်ဗျ၊ ကျုပ်ကလည်း သူ့ထက်လျင်ပါတယ်ဗျာ၊ သူ့လက်ကို လက်ကောက်ဝတ်ကနေဖမ်းဆုပ်ပြီးတော့ ချုပ်ထားလိုက်တယ်၊ ခင်ရီက ချက်ချင်းပဲ ကျန်တဲ့လက်တစ်ဖက်နဲ့ ကျုပ်ရင်ဘတ်ကို တွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်း ရင်ကိုကော့ပြီးခံပေးထည့်လိုက်တော့ ဝုန်းခနဲအသံကြီးနဲ့အတူ ခင်ရီတစ်ယောက်အနောက်ကိုလွင့်ထွက်သွားတယ်။

ခင်ရီက ကျုပ်ကိုမျက်စောင်းကြီးခဲပြီးတော့

"နင့်ပညာကလည်းမသေးဘူးကိုး"

"တကယ်တတ်တဲ့လူက ခင်ဗျားတို့လိုမော်ကြွားမနေဘူးဗျ"

ကျုပ်လည်း ခင်ရီအမြင်ကတ်လောက်အောင်ကို ဆောင့်ကြွားကြွားနဲ့ပြောလိုက်တယ်ဗျ၊ ခင်ရီက ချက်ချင်းပဲ အပ်သုံးစင်းကိုထုတ်ပြီးတော့

"အသက်ခြွေငွေအပ်တဲ့ဟေ့"

အဲဒီအပ်သုံးစင်းကို ကျုပ်ဆီကိုတန်းတန်းမတ်မတ်ပစ်လွှတ်လိုက်တာပါပဲဗျာ၊ ကျုပ်ကလည်း အပ်တွေကို လက်နှစ်ဖက်နဲ့ တစ်ဖက်တစ်ချောင်းစီဖမ်းပြလိုက်တယ်ဗျ၊ ခင်ရီက တအံ့တသြနဲ့ကြည့်ရင်း

"ကျန်တဲ့အပ်တစ်စင်းက ဘယ်ရောက်သွားသလဲ"

ကျုပ်က ပါးစပ်နဲ့ကျန်တဲ့အပ်တစ်စင်းကို ကိုက်ထားတာဗျာ၊ ပြီးတာနဲ့ အဲဒီအပ်တွေကို ခင်ရီဆီကိုလှမ်းပစ်လွှတ်လိုက်တယ်ဗျ၊ ခင်ရီက အပ်သုံးစင်းကို မနည်းရှောင်ရတယ်။ မောင်ကောင်းက ခင်ရီကိုကြည့်ပြီး

"ဒီလိုဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ၊ ခင်ရီ နင်ကျန်တဲ့လူတွေကိုထိန်းထား၊ ငါက ဦးသာစံကိုကြည့်လုပ်မယ်"

မောင်ကောင်းက ပြောဆိုပြီးတော့ ဦးဘသာရင်ဘတ်ကို စို့အချွန်နဲ့ထိုးလိုက်တယ်ဗျ၊ ကြေးခေါင်းတလားကြီးက ရင်ညွန့်နေရာမှာ ကျပ်ပြားဝိုင်းလောက်အပေါက်တစ်ခုရှိတယ်မဟုတ်လားဗျာ။ စို့ထိုးပြီးတော့ ဦးဘသာက ငြိမ်သွားတယ်ဗျ၊ ဒီအချိန်မှာပဲ မောင်ကောင်းက သူ့ပါးစပ်ကိုဖြဲလိုက်ပြီးတော့ ဦးဘသာရဲ့မျက်နှာအနားကိုတိုးကပ်လိုက်တယ်၊ ဦးဘသာရဲ့ကိုယ်ထဲက ဂန္ဒဗ္ဗစုန်းဘူးတွေကို စုပ်ယူပြီးတော့ သူ့ကိုယ်ထဲထည့်ဖို့နေမှာပေါ့ဗျာ။

ဝမ်းတွင်းမှာ သိုက်နန်းဖွဲ့ပြီးနေတတ်တဲ့ ဂန္ဒဗ္ဗတွေက သယ်ဆောင်သူတွေက လွဲပြောင်းပေးလို့ရတယ်၊ မဟုတ်ရင်တော့ အဲဒီသယ်ဆောင်သူတွေ သေလုနီးနီးအချိန်မှာ သူတို့ကိုယ်ထဲကနေ ဆွဲထုတ်လို့ရတယ်ဗျ၊ အဲဒီအချိန်ဆွဲမထုတ်ဘူးဆိုရင်တော့ ဂန္ဒဗ္ဗတွေနေတဲ့ သိုက်နန်းက ပျက်စီးသွားပြီးတော့ ဂန္ဒဗ္ဗတွေက တခြားနေရာမှာ သိုက်နန်းအသစ်ဆောက်ဖို့ ထွက်သွားကြတယ်လို့ ဦးဘသာက ကျုပ်ကိုပြောဖူးတယ်မဟုတ်လားဗျာ။

အခုလည်း မောင်ကောင်းက ဘူးတွေကိုလွှဲပြောင်းယူနေပြီဗျ၊ မယ်တော်က ခင်ရီကိုလက်ညှိုးထိုးပြီးတော့

"နင်တို့ရပ်တန်းကရပ်လိုက်ကြစမ်း"

ခင်ရီက မရပ်တော့ မယ်တော်ကိုယ်တိုင်ခင်ရီကိုပြေးပြီးတိုက်ရတော့တာပဲဗျာ၊ မောင်ကောင်းက တအံ့တသြနဲ့

"ဟင်၊ ခင်ဗျားဆီက ဘာမှထွက်လာပါလားဗျ"

ဦးဘသာက ပြုံးရယ်ရင်း

"မင်းမှားပြီကွ၊ ငါ့ဝမ်းထဲမှာ ဘူးတွေမရှိတော့ဘူး၊ သူများကိုပေးလိုက်ပြီ"

"ဟင်၊ ခင်ဗျားဘယ်သူ့ကိုပေးလိုက်တာလဲ"

ဦးဘသာက ကျုပ်ကိုမျက်စပစ်ပြတယ်ဗျ၊ မောင်ကောင်းက ကျုပ်ကိုတအံ့တသြနဲ့ကြည့်တော့ ကျုပ်လည်းသူ့ကိုပြုံးပြရင်း

"ခင်ဗျားသိပ်အံ့သြသွားတယ်မဟုတ်လား"

"ဘယ်လိုလုပ်ပြီးတော့ . . . ဦးသာစံကဘယ်လိုလုပ်ပြီးတော့ မင်းဆီကိုပေးလိုက်တာလဲ"

"သူကျွေးတဲ့ကွမ်းယာကို သုဿန်အထွက်မှာ စားခဲ့တဲ့အချိန်ကပေါ့ဗျာ"

ကျုပ်လည်း ပြောပြီးတာနဲ့ မောင်ကောင်းဆီကိုပြေးဝင်သွားလိုက်တာပဲဗျ၊ မောင်ကောင်းက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ စက်လက်နက်တွေနဲ့ပစ်ပါရောဗျာ၊ ကျုပ်လည်း ပြေးရင်းလွှားရင်း အဲဒီစက်လက်နက်တွေကို လက်နဲ့ပုတ်ချထည့်လိုက်တာဗျ၊ တရွီးရွီးနဲ့ ပြေးဝင်လာတဲ့ စက်လက်နက်တွေက ကျုပ်လက်နဲ့ပုတ်ချလိုက်တိုင်း ကြမ်းပေါ်ကို တဘုတ်ဘုတ်နဲ့ကျကုန်တော့တာပါပဲ။ ကျုပ်လည်း မောင်ကောင်းအနားကိုရောက်သွားတယ်ဆိုရင်ပဲ မောင်ကောင်းရဲ့မေးရိုးကို ပင့်လက်သီးတစ်လုံးပစ်ကျွေးလိုက်တော့တာပါပဲဗျာ။

လက်သီးက ဘယ်လောက်အားပြင်းသလဲတော့မသိဘူးဗျာ၊ မောင်ကောင်းတစ်ယောက် ဝုန်းခနဲလေပေါ်မြောက်တက်သွားပြီးတော့ ခပ်လှမ်းလှမ်းကိုပြန်ကျသွားတာပါပဲ၊ သူ့သွားတွေလည်း ကျိုးကုန်လို့ဗျ။ မယ်တော်ကလည်း ခင်ရီကိုဖမ်းမိသွားပြီ၊ ခင်ရီက မယ်တော်ရဲ့အရှေ့မှာ ဒူးတုပ်ပြီးထိုင်နေပါရောဗျာ။

"ကဲ ကိုဂျပု၊ ခင်ဗျားအခြေအနေကို ခင်ဗျားသိလောက်ရောပေါ့ဗျာ"

မောင်ကောင်းက လဲကျနေရင်းနဲ့ရယ်တယ်ဗျ၊ သူ့ပါးစပ်ကနေ သွားကျိုးတွေရော၊ သွေးတွေရော စီးကျလာပါရောဗျာ၊

"ဟား၊ ဟား ဒီလောက်နဲ့ရမလားကွ၊ မင်းတို့လူလက်တစ်ဆုပ်စာလောက်နဲ့ ငါ့ကိုနိုင်ပါ့မလားကွ"

မောင်ကောင်းကပြောဆိုပြီးတော့ သူ့အိတ်ကပ်ထဲက ပြဒါးရှင်လုံးကိုထုတ်လိုက်တယ်ဗျ၊ အဲဒီဝင်းလက်နေတဲ့ ပြဒါးရှင်လုံးကို သူ့ပါးစပ်ထဲကိုပစ်ထည့်လိုက်ပါရော။

"မလုပ်နဲ့"

မယ်တော်က အော်ထည့်လိုက်တယ်ဗျ၊ ပြဒါးရှင်လုံးက မောင်ကောင်းပါးစပ်ထဲကိုရောက်သွားတာနဲ့ ဝုန်းခနဲအသံကြီးနဲ့အတူတူ အနီရောင်မီးခိုးငွေ့တွေက အခန်းထဲကိုဖုံးအုပ်သွားတော့တယ်၊ ကျုပ်တို့တွေတစ်ယောက်နဲ့တစ်ယောက်တောင်မှ မမြင်ရတော့ဘူးဗျ၊ အနီရောင်မီးခိုးတွေက ပိန်းပိတ်နေအောင်ကျတာဗျ၊ ဒီအချိန် ကျုပ်ပခုံးကို တစ်ယောက်ယောက်က လာပြီးပုတ်လိုက်တာကိုခံရတယ်၊ ကျုပ်အနောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူးဗျ။

"ဦးဘသာ၊ ဦးဘသာ"

ကျုပ်လည်း ကြေးခေါင်းတလားကြီးရှိတဲ့နေရာကိုမှန်းပြီးတော့ ပြေးသွားလိုက်တယ်ဗျ၊ ကြေးခေါင်းတလားကြီးအနားမှာတော့ မောင်ကောင်းက မတ်တပ်ရပ်နေသဗျာ၊ သူ့တစ်ကိုယ်လုံးကလည်း အသားတွေနီရဲနေပြီးတော့ အနီရောင်အခိုးအငွေ့တွေလည်း လျှံထွက်နေသေးတယ်၊ သူက ဦးဘသာကြီးရဲ့ရင်ဘတ်ကို အနီလုံးကြီးတစ်လုံးနဲ့ပစ်သွင်းဖို့လုပ်နေတာဗျ၊ ကျုပ်လည်း သူ့ကိုပြေးပြီးတွန်းထည့်လိုက်တယ်၊ မောင်ကောင်းရဲ့အသားတွေက မီးခဲကြီးလို ပူခြစ်နေတာပါပဲဗျာ၊ အမှတ်တမဲ့မို့လို့ သူလည်း လဲကျသွားတယ်၊ ပြီးတော့ ကျုပ်ကိုကြည့်ရင်း သူ့လက်ထဲက အလုံးကြီးနဲ့ပစ်ထည့်လိုက်ပါရောဗျာ။

အလုံးကြီးက ကျုပ်ရင်ဘတ်ကိုထိတဲ့အခါ မီးစနဲ့အထိုးခံရသလို နာကျင်ပြီးတော့ ကျုပ်လည်းဟိုးအဝေးကိုလွင့်ထွက်သွားပါရောဗျာ၊ ဒီအချိန်မှာ မယ်တော်ကဆင်းလာသဗျ၊ မောင်ကောင်းနဲ့မယ်တော်နဲ့ တိုက်ခိုက်ကြပါရောဗျာ၊ ကျုပ်လည်းတစ်ကိုယ်လုံးဆန့်ငင်ဆန့်ငင်ဖြစ်နေပြီးတော့ တော်တော်နဲ့မထနိုင်ဘူးဗျ၊ မယ်တော်ရဲ့တိုက်ချက်တွေက မောင်ကောင်းကိုထိပေမယ့် ဘယ်လိုမှကိုမနေဘူးဗျာ၊ မောင်ကောင်းရဲ့ပစ်ချက်တွေကိုတော့ မယ်တော်က အလူးအလဲရှောင်နေရသဗျ၊ ဒီအချိန် ဦးဘသာအသံကိုကျုပ်နားထဲကြားရတယ်။

"အလတ်ကောင်၊ ငါ့ဆီကိုလာခဲ့၊ ငါ့ရဲ့ ဂန္ဒဗ္ဗစုန်းဘူးတွေကိုပြန်ပေး"

ကျုပ်ကျိုးစားပြီးထပေမယ့် လက်တွေခြေတွေက မမြှောက်နိုင်ဘူးဗျာ၊ ဒါနဲ့ အံကိုကြိတ်ပြီးအတင်းထတော့မှ ဒူးတစ်ဖက်ထောင်နိုင်တယ်ဗျ၊ တစ်ကိုယ်လုံးကို လေးလံပြီးတော့ အတော်နေရခက်နေတာ။

"အလတ်ကောင်၊ မြန်မြန်လုပ်တော့၊ ဒီအတိုင်းဆိုရင်မလွယ်ဘူးကွ"

ကျုပ်လည်း အားကုန်ထည့်ပြီးကျုံးထလိုက်တယ်ဗျ၊ ဒါပေမယ့် ဒူးတွေကအားမရှိတော့ မတ်တပ်ရပ်လို့မရဘူးဗျာ၊ မတ်တပ်ရပ်လို့မရလည်း လေးဘက်သွားမယ်ဆိုပြီး ဦးဘသာဆီကိုလေးဖက်ထောက်ပြီးသွားရတော့တာပဲ၊ လေးဖက်ထောက်သွားတယ်ဆိုပေမယ့်လည်း မချောင်ဘူးဗျ၊ လက်တစ်ဖက်၊ ခြေတစ်ဖက်လှမ်းဖို့ကို မနည်းအားယူပြီးတော့ လှမ်းနေရတာ။

ဒီအချိန်မှာ ဝုန်းခနဲမြည်သံကြီးကို ကြားလိုက်ရပြီးတော့ မယ်တော်ကလွင့်ထွက်သွားတယ်ဗျ၊ ကြေးတိုက်နံရံကြီးနဲ့ဆောင့်မိပြီးတော့ မယ်တော်အတော်ထိနာသွားတဲ့ပုံပဲဗျာ၊ ကြေးတိုက်နံရံမှာကာထားတဲ့ ကြေးပြားတွေတောင် ချိုင့်ကုန်တယ်ဗျ၊ မယ်တော်ကျသွားတာနဲ့ ကောင်စီလူကြီးတွေက မောင်ကောင်းကိုတိုက်ခိုက်ကြပါရောဗျာ၊ ဒါ့အပြင်ကြီးကြပ်သူတွေကလည်း ဝိုင်းတိုက်ခိုက်တယ်ဗျ၊ လူအယောက်နှစ်ဆယ်လောက်နဲ့ မောင်ကောင်းတစ်ယောက်နဲ့ ပညာစက်တွေနဲ့အပြန်အလှန်တိုက်ခိုက်နေကြပါရော၊ သူတို့တိုက်ခိုက်နေတဲ့အချိန်မှာ ကျုပ်လည်း ဦးဘသာအနီးအနားကိုကပ်လာခဲ့တယ်ဗျ။

"မြန်မြန်လုပ်ကွ၊ အလတ်ကောင်ရ"

ကျုပ်လည်း ကြေးအခေါင်းကြီးကိုကိုင်ပြီးတော့ လက်အားနဲ့ဆွဲရင်း မတ်တပ်ထယူရတယ်ဗျာ၊ တော်သေးတာက ခြေထောက်တွေက နည်းနည်းပြန်ထောက်လို့ရလာတယ်၊ ဒီအချိန် ကောင်စီလူကြီးတွေနဲ့ ကြီးကြပ်သူတွေက မောင်ကောင်းကိုဖမ်းမိသွားတယ်ဗျ၊ မောင်ကောင်းက သူတို့တွေအလယ်မှာ လေးဖက်ထောက်ရင်းလဲကျနေတယ်၊ ကောင်စီလူကြီးတစ်ယောက်က အရှေ့ကိုတိုးကပ်သွားပြီးတော့

"မောင်ကောင်း၊ မင်းအညံ့ခံလိုက်ပါ၊ ငါတို့တွေအားလုံးကို မင်းမနိုင်ပါဘူးကွ"

မောင်ကောင်းကတော့ ဘာမှမပြောဘဲနဲ့ ခေါင်းကြီးငုံ့ပြီးတော့ လေးဖက်ထောက်နေသဗျ၊ ခဏကြာတော့မှ မောင်ကောင်းက ခေါင်းကြီးပြန်ထောင်လာတယ်၊ သူ့မျက်လုံးတွေထဲက အနီရောင်အလင်းတွေထွက်နေသလို၊ သူ့နှာခေါင်းပေါက်၊ နားရွက်ပေါက်တွေကလည်း အနီရောင်အခိုးအငွေ့တွေ ထွက်လို့ဗျ။

ပြီးတာနဲ့ သူ့ပါးစပ်ကြီးကိုဖြဲလိုက်ပြီးတော့ ဝေါင်းခနဲတစ်ချက်အော်လိုက်တယ်ဗျာ၊ ဒီအခါ ပါးစပ်ထဲကနေ အနီရောင်အလင်းလှိုင်းကြီးတွေတိုးထွက်လာပြီးတော့ ပတ်ပတ်လည်ကိုပြန့်သွားတယ်ဗျ၊ အနားမှာရှိတဲ့လူတွေအားလုံးကိုထိမှန်သွားတော့တာပေါ့ဗျာ၊ ကောင်စီလူကြီးတွေရော ကြီးကြပ်သူတွေရော အကုန်လုံး လဲကျကုန်တော့တယ်ဗျ၊ ကျုပ်တောင်မှ လှိုင်းအရှိန်ကြောင့် လဲတော့မလို့ဗျာ၊ ဒါပေမယ့် ကြေးခေါင်းကြီးကိုလက်နှစ်ဖက်နဲ့အသေဖက်ထားတာဆိုတော့ ဟန်ချက်ပျက်သွားတာလောက်ပဲဖြစ်သွားတယ်။

မောင်ကောင်းကို ဘယ်သူမှ မတိုက်ခိုက်နိုင်တော့ဘူးဗျ၊ မောင်ကောင်းက ဦးဘသာကြီးကို စိုက်ကြည့်ရင်း

"ကျုပ်အဖေအတွက် ခင်ဗျားအကြွေးပြန်ဆပ်ရမယ်ဗျ"

နောက်တော့ မောင်ကောင်းက ကျုပ်တို့ဆီကိုတစ်လှမ်းချင်း လှမ်းလာတာပါပဲဗျာ၊

"အလတ်ကောင် မြန်မြန်လုပ်ကွ"

ကျုပ်မျက်နှာကို ဦးဘသာမျက်နှာနဲ့အမြန်ကပ်လိုက်ပြီးတော့ ပါးစပ်ချင်းတေ့လိုက်တယ်ဗျ၊ စိတ်ထဲကနေလည်း

"ကျုပ်ရဲ့ဝမ်းကြာတိုက်ထဲမှာ နေထိုင်ကြတဲ့ ဂန္ဒဗ္ဗနတ်စုန်းတွေအားလုံးကို ဦးဘသာကြီးဆီကို ပြန်ပေးပါတယ်"

အဲဒီလိုပြောလိုက်တဲ့အခါ ကျုပ်ကိုယ်ထဲကနေ စွမ်းအင်တစ်ခုခုက တိုးထွက်သွားသလိုမျိုးပဲဗျ၊ ကျုပ်တစ်ကိုယ်လုံး ဘယ်လိုကြီးဖြစ်သွားတယ်မသိပါဘူးဗျာ၊ မောင်ကောင်းက ကျုပ်တို့ဆီကို အနီရောင်အလင်းလုံးကြီးနှစ်လုံးနဲ့ လှမ်းပစ်လိုက်တာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရတယ်။

ကျုပ်တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားပြီးတော့ နားတွေကလည်း ဘာကိုမှမကြားရတော့ဘူးဗျ၊ တစီစီနဲ့အသံတွေကိုပဲ ကြားနေရတော့တယ်၊ ပြီးတော့ အမြင့်ကြီးကနေ ဟိုးအောက်ကိုပြန်ကျတယ်ဗျ၊ ကြေးပြားပေါ်ကျတာ ဘယ်လောက်နာသလဲဆိုတာကိုတောင်မသိတော့ပါဘူးဗျာ၊ ကျုပ်တစ်ကိုယ်လုံးက ရှိသမျှအရိုးတွေအကုန် ကျိုးကြေကုန်ပြီထင်တာဗျ၊ နာရတာများတာလည်း ထုံလာတယ်ဆိုတာမျိုးဖြစ်မှာပေါ့ဗျာ။

ကျုပ်ကြမ်းပြင်ပေါ်ကိုဘေးစောင်းကြီးကျပြီးတော့ မလှုပ်ရှားနိုင်တော့ဘူး၊ ဦးဘသာကိုတော့ မမှိတ်မသုန်ကြည့်နေမိတယ်ဗျ၊ ကြေးအခေါင်းကြီးက ဝုန်းခနဲပွင့်ထွက်သွားပြီးတော့ မီးခိုးလုံးတွေနဲ့အတူတူ ဦးဘသာကြီးကထွက်လာသဗျ။

မောင်ကောင်းက ဦးဘသာဆီကို အနီရောင်မီးလုံးကြီးတစ်ခုနဲ့ ပစ်ပြန်ရောဗျာ၊ ဦးဘသာက သူ့ဆီတည့်တည့်ဝင်လာတဲ့ မီးလုံးကြိးကို လက်ဝါးနဲ့ကာပြီးဖမ်းလိုက်သဗျ၊ မီးလုံးကြီးရဲ့အရှိန်က ပြင်းလွန်းလို့ ဦးဘသာတောင် ခြေတစ်ဖက်အနောက်ဆုတ်လိုက်ရတယ်၊ ပြီးတာနဲ့ လက်ကိုအားပြန်ပြုပြီးတော့ အဲဒီမီးလုံးကြီးကို မောင်ကောင်းဆီပြန်ပစ်လွှတ်လိုက်တာပါပဲ၊ မောင်ကောင်းက မီးလုံးကိုလက်ဝါးနဲ့ပုတ်ချလိုက်တော့ မီးလုံးကြီးက ကြမ်းပြင်ပေါ်ကိုကျပြီးပေါက်ကွဲသွားပါရောဗျာ။

"ခင်ဗျားက ကျုပ်ကိုယှဉ်နိုင်မယ်ထင်လို့လား ဦးသာစံ"

"နိုင်မနိုင်တော့ ယှဉ်ကြည့်မှသိမှာပေါ့ကွာ"

ဦးဘသာနဲ့ မောင်ကောင်းတို့အပြန်အလှန်ဆော်ကုန်ကြပါရောဗျာ၊ မောင်ကောင်းကလည်း ပြဒါးရှင်လုံးအစွမ်းနဲ့ ဟုန်းဟုန်းတောက်နေတဲ့လူဆိုတော့ လက်ရည်ချင်းက သိပ်မကွာဘူးဗျ၊ နောက်တော့ ဦးဘသာက လက်အုပ်ချီလိုက်ပြီး မျက်လုံးကိုသေသေချာချာမှိတ်လိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာရဲ့နဖူးပြောင်ပြောင်ကြီးမှာ အမောက်ချွန်ချွန်ကြီးသုံးခုက ထိုးထွက်လာသဗျ၊ အမောက်တွေက တြိဂံပုံစံချွန်ချွန်ကြီးတွေဗျ၊ အလယ်ကအမောက်ကြီးက ရွှေရောင်ဝင်းလက်နေတယ်၊ ဘေးကအမောက်တစ်ခုကတော့ အနီရောင်၊ နောက်ဘေးက အမောက်တစ်ခုကတော့ အစိမ်းရောင်ဗျ၊ ဒါအမောက်တွေက ဦးဘသာရဲ့အမောက်တွေပေါ့ဗျာ၊ ဦးဘသာဝမ်းတွင်းက ဂန္ဒဗ္ဗနတ်မင်းတွေ နေထိုင်ကြတဲ့အမောက်တွေကိုး။

"အနောက်အရပ်မှာအရင်းတည်၊ အနီရောင်အမောက်ကိုးခုနဲ့ နာဂဒေဝီ နဂါးနီကို ကျွန်တော်မျိုးပင့်ဖိတ်ပါသည်၊ ယခုအရပ်သို့ကြွမြန်းတော်မူပါ"

ဒီအခါ အနီရောင်အမောက်ကြီးထဲကနေ ရှည်မျောမျောနဂါးကြီးတစ်ကောင်ထွက်လာသဗျ၊ နဂါးဆိုပေမယ့်လည်း အကောင်အထည်တော့မဟုတ်ဘူးဗျ၊ အရိပ်လိုလို၊ တိမ်ခိုးလိုလိုပါပဲဗျာ၊ တစ်ကိုယ်လုံးတော့ အနီရောင်တောက်နေသဗျ၊ နဂါးကြီးရဲ့ခေါင်းမှာလည်း အမောက်ကိုးခုက ချွန်ထက်နေတာပဲဗျာ၊ ဒီနဂါးကြီးက မောင်ကောင်းဆီကိုပြေးဝင်သွားပြီးတော့ မောင်ကောင်းတစ်ကိုယ်လုံးကို တစ်ရစ်ချင်းစီ ရစ်ပတ်တော့တာပဲဗျာ။

ဦးဘသာက လက်အုပ်ချီရင်း

"တစ်ခါ၊ မြောက်အရပ်ကိုပိုင်စိုးတဲ့ အစိမ်းရောင်ကိုယ်အဆင်းနဲ့ ယက္ခဘီလူးမင်းကြီးကိုဆင့်ခေါ်ပါတယ်၊ ဒီငမိုက်သားကို ဆုံးမအပြစ်ပေးတော်မူပါ"

အစိမ်းရောင်အမောက်ထဲကနေ ဘီလူးအစိမ်းကြီးတစ်ကောင်ခုန်ထွက်လာတယ်ဗျ၊ မောင်ကောင်းက လက်တွေခြေတွေမလှုပ်နိုင်ပေမယ့် ခေါင်းကတော့ လှုပ်နိုင်သေးတယ်မဟုတ်လားဗျာ၊ ဘီလူးကြီးက မောင်ကောင်းရဲ့အနောက်ကိုသွားရပ်ပြီးတော့ ခေါင်းကိုလက်နှစ်ဖက်နဲ့ချုပ်ကိုင်ထားလိုက်တယ်၊ မောင်ကောင်းက ကြိုးစားပြီးရုန်းကန်တယ်ဆိုပေမယ့် ဘယ်လိုမှကို ရုန်းလို့မရဘူးဗျာ။

"နောက်ဆုံးအနေနဲ့ကတော့ ရွှေရောင်အဆင်း၊ ရွှေရောင်အဝင်းဖြင့် ရွှေအမောက်မှာစံပျော်တဲ့ ဂန္ဒဗ္ဗနတ်မင်းကြီးကို ဆင့်ခေါ်ပါတယ်"

ရွှေရောင်အမောက်ထဲကနေ ရွှေရောင်တွေလင်းနေတဲ့ နတ်မင်းကြီးကထွက်လာတယ်ဗျာ၊ သူက မောင်ကောင်းရဲ့အရှေ့မှာ ရပ်လိုက်ပြီးတော့ မောင်ကောင်းရဲ့နဖူးကိုလက်ညှိုးနဲ့ထောက်ထားတယ်။ မကြာပါဘူးဗျာ၊ မောင်ကောင်းတစ်ယောက် တစ်ကိုယ်လုံးတုန်ယင်လာပြီးတော့ သူ့ပါးစပ်ပွင့်သွားပြီး ပြဒါးရှင်လုံးကလေးက ပါးစပ်ထဲကနေထွက်လာသဗျာ၊ ရွှေရောင်နတ်မင်းကြီးက ပြဒါးရှင်လုံးကိုယူပြီးတော့ ဦးဘသာလက်ထဲကိုလှမ်းပေးလိုက်သဗျ၊ ဦးဘသာက တီးတိုးရွတ်လိုက်တာနဲ့ ခုနက နဂါးနီရော၊ ဘီလူးကြီးရော၊ ရွှေရောင်နတ်မင်းကြီးပါ အကုန်လုံးကွယ်ပျောက်သွားကုန်ကြတယ်။

မောင်ကောင်းကတော့ ကြမ်းပြင်ပေါ်ကို ဒူးထောက်လျှက်သားလဲကျသွားတယ်ဗျ၊ ဦးဘသာက ပြဒါးရှင်လုံးကို ကိုင်ပြီးတော့

"ဒီမှာမောင်ကောင်း၊ ဒီပြဒါးရှင်လုံးက ငွေတိုက်ထဲကိုဘာကြောင့် ရောက်နေတာလဲဆိုတာမင်းသိရဲ့လား"

မောင်ကောင်းက ဦးဘသာကိုမော့ကြည့်တယ်ဗျ။

"ဒီပြဒါးရှင်လုံးက ဖျက်ဆီးနိုင်တဲ့အစွမ်းရှိလို့ပဲ မောင်ကောင်း၊ ဒီပြဒါးရှင်လုံးဟာ အမှတ်တမဲ့အောင်သွားတာမို့လို့ မကောင်းတဲ့ကောင်းကင်တာရာနက္ခတ်တွေနဲ့ ကြုံကြိုက်ပြီးတော့ အဖျက်ဓါတ်လုံးဖြစ်ခဲ့တယ်၊ ကောင်းတဲ့လုပ်ငန်းထက် မကောင်းတဲ့လုပ်ငန်းမှာ ပိုပြီးတော့ တန်ခိုးရှိခဲ့လို့ပဲကွ"

(၁၇)

ဦးဘသာက ဆက်ပြောတယ်ဗျ။

"မင်းတို့မသိသေးတဲ့ဖြစ်ရပ်မှန်တစ်ခုကိုပြောပြမယ်၊ မင်းရဲ့အဖေ ပြဒါးရှင်ဘိုးတော်ကြီးက ဒီဓါတ်လုံးကို ငါ့အမေဆီကိုစွန့်သွားတာကွ၊ မကောင်းတဲ့အရာတစ်ခုမှန်းသိလို့ စွန့်သွားတာ၊ ဒါကိုမသိတဲ့လူတွေက ငါ့အမေက ဘိုးတော်ကိုအနိုင်ယူပြီးတော့ ပြဒါးရှင်လုံးရသွားတယ်လို့ထင်ကြတယ်"

မောင်ကောင်းမျက်လုံးတွေ ပြူးကျယ်သွားတယ်။

"ဒါ၊ ဒါတကယ်ပဲလား"

ဦးဘသာက ခေါင်းညိတ်ပြတယ်ဗျ၊ မယ်တော်က အရှေ့တက်လာရင်း

"အဟုတ်ပဲ၊ မယ်တော်တွေသာကြည့်ရတဲ့ စုန်းကဝေမှတ်တမ်းပေါင်းချုပ်ထဲမှာ ဒီအကြောင်းအရာကိုရေးသားထားတယ်"

ဦးဘသာကဆက်ပြီး

"ငါ့အမေက ဒီပြဒါးရှင်လုံးကိုရသွားတဲ့အခါမှာ မကောင်းတဲ့နေရာမှာအသုံးချခဲ့တယ်၊ ပြဒါးရှင်လုံးရဲ့အစွမ်းနဲ့ ပေါင်းစပ်ပြီးတော့ တန်ခိုးထွားခဲ့တယ်၊ နောက်ဆုံး မယ်တော်တွေကိုတောင်မှ တက်ပြီးစော်ကားနိုင်ခဲ့တယ်ကွ၊ မယ်တော်တွေက ဒီပြဒါးရှင်လုံးကြောင့် အကျိုးဆက်တွေမကောင်းနိုင်တာသိလို့ ငါ့အမေကို အကွက်ချစီစဉ်ပြီး ဟောဒီပြဒါးရှင်လုံးကို ခက်ခက်ခဲခဲယူထားရတာကွ"

မောင်ကောင်းက

"ဒါဆို ခင်ဗျားစိတ်မနာဘူးလား၊ ဟောဒီမယ်တော်နဲ့ ဒီကလူတွေအားလုံးက ခင်ဗျားအမေကို အကွက်ချ၊ သစ္စာဖောက်ပြီးတော့ ယုတ်မာခဲ့တာကို ခင်ဗျားသိသိနဲ့ ဒီအတိုင်းနေနိုင်သလားဗျာ"

ဦးဘသာက ခေါင်းညိတ်ရင်း

"အစကတော့ စိတ်နာခဲ့တယ်၊ လူငယ်ပီပီနာကျည်းခဲ့တယ်၊ ဒါကြောင့်လည်း ဒေါ်ဝတုတ်ကို တစ်သက်လုံးမထနိုင်အောင်လုပ်ပစ်ခဲ့တာပေါ့ကွာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့မှ ငါအမြင်မှန်ရလာခဲ့တယ်၊ တကယ်လို့ ငါ့အမေသာ ဒီပြဒါးရှင်လုံး အစွမ်းနဲ့လုပ်ချင်သလိုလုပ်ခဲ့ရင် စုန်းကဝေတွေတင်မက လူ့လောကကြီးတစ်ခုလုံး ရှုပ်ထွေးလာနိုင်တယ်ဆိုတာ ငါသိလာခဲ့တယ်၊ စစသိချင်းတုန်းကတော့ မယ်တော်တွေကိုမုန်းတီးခဲ့ပေမယ့် နောက်တော့ လူသားလောကကြီးတစ်ခုလုံးအတွက် သူတို့လုပ်ကိုင်ခဲ့တာပါလားလို့ တွေးမိပြီး အားလုံးကိုခွင့်လွှတ်နိုင်ခဲ့တယ်၊ ရှင်းရှင်းပြောရရင်တော့ ဟောဒီလူ့ဘောင်လောကကြီးတစ်ခုလုံး ငြိမ်းချမ်းဖို့အတွက် ငါ့အမေကို အဆုံးရှုံးခံလိုက်တာပဲ"

ကျုပ်ဖြင့်ကြည့်နေရင်း ဦးဘသာကိုလေးစားသွားတယ်ဗျာ။ ဦးဘသာရဲ့စိတ်ဓါတ်က ကြောက်ခမန်းလိလိပါပဲဗျာ။ ဦးဘသာက မယ်တော်ဆီကိုလှမ်းလျှောက်သွားပြီးတော့ ပြဒါးရှင်လုံးကို မယ်တော်ကိုပေးလိုက်တယ်ဗျ။

"မယ်တော်၊ ဒီပြဒါးရှင်လုံးက စွမ်းအားအရမ်းကြီးတာမို့လို့ ဖျက်ဆီးသင့်တယ်လို့ ကျုပ်မပြောခဲ့ဘူးလား"

မယ်တော်က ခေါင်းညိတ်ပြီးတော့ ပြဒါးရှင်လုံးကိုယူကြည့်ရင်း

"အစကတော့ ငွေတိုက်ထဲမှာလုံမယ်လို့ထင်ခဲ့တာပဲ သာစံ၊ အခုတော့ ဒီပစ္စည်းကြောင့် မဖြစ်သင့်တာတွေဖြစ်ခဲ့ရပြီမဟုတ်လား၊ ဒီလိုမကောင်းတဲ့ပစ္စည်းမျိုးကို ဖက်တွယ်မနေတော့ဘဲ ဝိဇ္ဇာကြီးတွေရဲ့ လုံကြီးထဲကိုထည့်ပြီး ဖျက်ဆီးပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ"

မယ်တော်က ပြဒါးရှင်လုံးကို လက်တစ်ဖက်က ကိုင်မြှောက်ရင်း

"အို၊ ပြဒါးရှင်လုံး၊ သင်ပြုထားခဲ့သဗျ အစွမ်းလုပ်ရပ်တွေအကုန်လုံးကို သင်ပြန်လည်ရုပ်သိမ်းပေးပါ"

မယ်တော်ပြောလိုက်တဲ့အချိန်မှာပဲ ပြဒါးရှင်လုံးက တဖြည်းဖြည်းတောက်လောင်လာတယ်ဗျ၊ ပြီးတော့ အလင်းတန်းတွေထွက်လာပြီးတော့ အခန်းတစ်ခုလုံးလင်းထိန်သွားတယ်၊ ကျုပ်လည်း လဲကျနေရာကနေ အားယူပြီးပြန်ထလိုက်တော့ တစ်ကိုယ်လုံးအကောင်းပကတိဖြစ်နေသဗျ၊ ခုနကလဲကျသွားတဲ့လူတွေအားလုံးလည်း ပြန်ထလာကြတယ်ဗျာ။ မယ်တော်က မောင်ကောင်းကိုကြည့်ပြီး

"မောင်ကောင်း၊ မင်းရဲ့အပြစ်တွေက ကြီးလေးလွန်းတယ်၊ ဒါကြောင့် မင်းရဲ့အသက်ကို နှုတ်ယူရလိမ့်မယ်"

မောင်ကောင်းက ဘာမှမပြောတော့ဘဲ ခေါင်းငိုက်စိုက်ချလိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာကြီးက မယ်တော်အရှေ့ကိုဝင်လိုက်ပြီး

"ကျုပ်တစ်ခုတောင်းဆိုပါရစေမယ်တော်၊ မောင်ကောင်းက အပြစ်တွေလုပ်ခဲ့မိပေမယ့် သူ့ရဲ့မှားယွင်းတဲ့အတွေးအခေါ်အယူအဆတွေနဲ့ မိဘအတွက်လက်တုန့်ပြန်မယ်ဆိုတဲ့စိတ်ကြောင့် ပြုလုပ်ခဲ့မိတာပါ၊ အသက်နှုတ်မှာကို ပြန်ပြီးစဉ်းစားပေးပါ"

မယ်တော်က ဦးဘသာကိုစူးစိုက်ကြည့်ရင်း

"ဒီမှာသာစံ၊ သူလုပ်ထားတာတွေအတွက် သူဘယ်လိုပြန်ပြီးပေးဆပ်မလဲ၊ သူတို့ကြောင့် မယ်နှင်း၊ ရာဂျတ်နဲ့ ဗေဒါရီတို့ သေဆုံးခဲ့ပြီးပြီမဟုတ်လား"

"ဟုတ်တော့ဟုတ်ပါတယ်မယ်တော်၊ ကျုပ်စာတစ်ခုဖတ်ဖူးတယ်၊ လူတစ်ယောက်ကိုသတ်တဲ့အခါ သေတဲ့လူက ခဏတာခံစားရပြီး သတ်တဲ့လူက တစ်သက်လုံးခံစားရတတ်တယ်တဲ့မယ်တော်၊ အခု မောင်ကောင်းလည်း သူသတ်ခဲ့ရတဲ့လူတွေအတွက် သူခံစားနေရလောက်မှာပါ၊ ကျုပ်ကတော့ မောင်ကောင်းတတ်ထားတဲ့ ပညာတွေကို အကုန်နှုတ်ယူလိုက်ပြီးတော့ သာမန်လူအဖြစ်နဲ့ နှယ်နှင်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ယူဆပါတယ်၊ သူလည်း သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် တစ်သက်လုံးနောင်တရပြီးနေရပါလိမ့်မယ်"

မယ်တော်က တစ်ချက်စဉ်းစားပြီးတော့ ခေါင်းညိတ်တယ်ဗျ။

"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲရှိပါစေတော့"

မယ်တော်က မောင်ကောင်းရဲ့ခေါင်းကိုလက်နဲ့အုပ်ကိုင်လိုက်ပြီးတဲ့နောက် မယ်တော်ရဲ့လက်က တစ်ချက်လင်းခနဲဖြစ်သွားပြီး မောင်ကောင်းက ထပြီးအော်ဟစ်လိုက်တယ်ဗျ။ မယ်တော်က မောင်ကောင်းကိုကြည့်ပြီး

"ကဲ မင်းရဲ့အသက်သခင်ကျေးဇူးရှင်ကို မင်းကျေးဇူးတင်လိုက်စမ်းပါအုံး"

ဒီလိုပြောတဲ့အခါ မောင်ကောင်းက ဦးဘသာကိုမော့ကြည့်ပြီး

"ဦးသာစံကို ကျုပ်ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်တစ်သက်လုံး အယူလွဲပြီးတော့ ဦးသာစံရဲ့အမေက ကျုပ်အဖေဆီကနေ ပြဒါးရှင်လုံးလုယူတယ်လို့ပဲ ကျုပ်ထင်နေခဲ့မိတာပါ၊ ကျုပ်အမှားတွေကို ကျုပ်သိပါပြီဗျာ"

ဦးဘသာက ပြုံးရင်း

"ကောင်းတာပေါ့ကွာ၊ မှားမှန်းသိတာကိုက လူတော်တဲ့ကွ၊ မှားမှန်းသိပြီးအမှန်ကို ပြန်ပြင်ဆင်နိုင်တဲ့လူကျတော့ လူကောင်းလို့ခေါ်သကွ"

မယ်တော်က အားလုံးဖက်ကိုလှည့်လိုက်ပြီးတော့

"ဒီအမှုမှာ စွပ်စွဲချက်တွေအားလုံးကို ပိတ်သိမ်းပါတယ်၊ ပြီးတော့ မြိုင်သာနယ်က စုန်းကဝေတွေအရေးမှာ စွမ်းစွမ်းတမံပါဝင်ထမ်းဆောင်ခဲ့တဲ့ ဦးသာစံကို မြိုင်သာမြို့ရဲ့သူရဲကောင်းအဖြစ် အသိအမှတ်ပြုပါတယ်"

ဒီအခါ ကောင်စီလူကြီးတွေအားလုံးက ခေါင်းညိတ်ပြီးတော့ မယ်တော်ရဲ့စကားကိုထောက်ခံကြတယ်ဗျ၊ ကျုပ်လည်း ဦးဘသာဆီပြေးသွားပြီးတော့

"ဟာ၊ ဦးဘသာကို သူရဲကောင်းတဲ့ဗျ၊ နောက်ဆုံးတော့ ဦးဘသာကြီး သူရဲကောင်းဖြစ်ပြီ"

ဦးဘသာက ပြုံးရင်း

"အေး၊ ငါသူရဲကောင်းဘွဲ့ရတာ မင်းကြောင့်လည်းအများကြီးပါပါတယ်အလတ်ကောင်ရာ၊ မြိုင်သာက မင်းကိုသူရဲကောင်းဘွဲ့ ပေးပေးမပေးပေး မင်းက ငါ့အတွက်တော့ သူရဲကောင်းပါ အလတ်ကောင်ရာ"

ဦးဘသာလည်း ပျော်နေတယ်ဗျ၊ နောက်တော့ ဦးဘသာမျက်နှာကြီးက ရှုံ့မဲ့လာတယ်ဗျ၊ သူ့နှလုံးနေရာကို လက်နဲ့ဖိပြီးတော့ နဖူးမှာချွေးသီးချွေးပေါက်တွေကျလာတယ်။ ကျုပ်ဖြင့် လန့်သွားတာပဲဗျာ။

"ဟာ၊ ဦးဘသာ ဘာဖြစ်လို့လဲ"

ဦးဘသာက အသက်ရှုူတွေမြန်လာပြီး ရှူးရှဲရှူးရှဲနဲ့ဖြစ်နေသဗျာ၊ ကျုပ်လည်း ဦးဘသာက စနောက်နေတယ်အထင်နဲ့

"ဦးဘသာ၊ ဒီလိုမစနောက်ကောင်းပါဘူးဗျာ"

"အ . . . အလတ်ကောင်၊ ငါစနောက်နေတာမဟုတ်ဘူးကွ"

ပြောဆိုပြီးတော့ ဦးဘသာက လဲကျသွားတယ်၊ မယ်တော်က ပြေးလာပြီးတော့ ဦးဘသာရဲ့လည်ပင်းသွေးကြောကိုစမ်းကြည့်ရင်း

"သေတော့မသေသေးဘူး၊ ဒါပေမယ့် သွေးခုန်နှုန်းတအားနှေးနေတယ်"

ဦးဘသာဘာဖြစ်သွားသလဲဆိုတာ ကျုပ်တို့အဖြေရှာမရဘူးဖြစ်နေကြတာပေါ့၊ ဒီအခါ မောင်ကောင်းက မတ်တပ်ထရပ်လိုက်ပြီးတော့

"ဟာ၊ ဟုတ်ပြီ၊ ခင်ရီ . . . ခင်ရီဘယ်ရောက်သွားလဲ"

ကျုပ်တို့လည်းအခုမှ သူယောင်စုန်းခင်ရီကိုသတိရတယ်ဗျ၊ ခင်ရီဆိုတဲ့မိန်းမက အလည်ဗျ၊ ကျုပ်တို့တိုက်ခိုက်နေကြတုန်း ရှုပ်ထွေးနေတဲ့အချိန်မှာ မသိမသာကလေးလစ်ထွက်သွားတာပဲဗျာ။

"ခင်ရီပြေးပြီထင်တယ်"

မောင်ကောင်းက

"ခင်ရီဆီမှာ နောက်ဆုံးအကြံအစည်တစ်ခုရှိသေးတယ်"

ကျုပ်တို့အားလုံးသိချင်ဇောနဲ့ မောင်ကောင်းကိုဝိုင်းပြီးငေးကြည့်နေမိတယ်၊၊ မောင်ကောင်းက

"တကယ်လို့ ကျုပ်တို့အကြံအစည်မအောင်မြင်ခဲ့ဘူးဆိုရင် နောက်ဆုံးအကြံအစည်ကတော့ ဦးသာစံကိုရအောင်သတ်ဖို့ပဲ"

"ဘယ်လိုသတ်မှာလဲ"

"ဦးသာစံဆီက တစ်မတ်စေ့နှစ်စေ့ရထားတယ်မဟုတ်လား၊ အဲဒီတစ်မတ်စေ့နဲ့ ကူးတို့ခလှယ်တဲ့အစီအရင်လုပ်ထားတယ်"

ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့

"ကူးတို့ခလှယ်တယ်ဆိုတာ ဘာလဲဗျ"

ဘေးနားကမယ်တော်က

"အဆင့်မြင့်တဲ့အောက်လမ်းပညာရပ်တစ်ခုပဲ၊ လောလောလတ်လတ်သေဆုံးထားတဲ့ လူသေရဲ့ပါးစပ်ထဲက ကူးတို့ခနဲ့ ကိုယ်သေစေချင်တဲ့လူကိုယ်တိုင် ပေးထားတဲ့ ကူးတို့ခနဲ့ကိုလဲလှယ်လိုက်တာပဲ၊ ဒီလိုဆိုရင် သေမင်းက သေတဲ့လူဆီက အသက်မနှုတ်ဘဲ ကူးတို့ခပေးထားတဲ့လူဆီက အသက်ကိုနှုတ်ယူတဲ့အစီအရင်ပဲ"

ကျုပ်လည်း အတော်ထိတ်လန့်သွားပြီးတော့ မောင်ကောင်းကို လှုပ်ကိုင်ရင်း

"လုပ်ပါအုံးဗျာ၊ အဲဒီအစီအစဉ်ကိုဖျက်ပေးပါ၊ ဦးဘသာကို ကယ်ပေးကြပါ"

မောင်ကောင်းက ခေါင်းကိုလေးလေးကြီးခါပြီးတော့

"တကယ်လို့ ခင်ရီကိုဖမ်းမိမယ်ဆိုရင်တောင်မှ အစီအရင်ကိုဖျက်ဖို့မလွယ်တော့ဘူး၊ ဘာလို့လဲဆိုတော့ သေမင်းက သူ့ဆီကိုလာနေပြီလေ"

ကျုပ်လည်း မယ်တော်တို့ဘက်ကိုလှည့်ကြည့်ပြီး

"လုပ်ကြပါအုံးဗျာ၊ ခင်ဗျားတို့ သူ့အတွက်တစ်ခုခုမလုပ်ပေးတတ်တော့ဘူးလား"

ကောင်စီလူကြီးတွေရော ကြီးကြပ်သူတွေကပါ အားလုံးကခေါင်းခါကြတယ်ဗျ၊ သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူးထင်ပါတယ်ဗျာ၊ ဒီအချိန် ကုလားမကြီး မာယာက အရှေ့ကိုတက်လာပြီးတော့ သူ့လည်ပင်းမှာဆွဲထားတဲ့ ရွှေဆွဲကြိုးကြီးကို ကိုင်လိုက်တယ်ဗျ၊ ရွှေဆွဲကြိုးထိပ်မှာတော့ မြအကြီးကြီးတပ်ထားတဲ့ လော့ကတ်သီးကြီးရှိတယ်၊ မာယာက အဲဒီလော့ကတ်သီးကို ဖြုတ်ကိုင်ရင်း

"ဟောဒီဟာက မြမဟုတ်ပါဘူး၊ ဖန်သားထူထူနဲ့ထွင်းထားတဲ့ ပုလင်းတစ်ခုပါ၊ ဒီအထဲမှာတော့ ရာဂျတ်ခက်ခက်ခဲခဲအားထုတ်ဖော်စပ်ထားရတဲ့ ဆေးရည်တစ်ခုရှိပါတယ်၊ အဲဒါကတော့ သေမင်းကိုလှည့်စားတဲ့ဆေးရည်လို့ခေါ်ပါတယ်"

"ဗျာ၊ အဲဒါဆိုရင်လည်း အဲဒီဆေးရည်ကို တိုက်လိုက်တော့လေဗျာ"

မာယာက ခေါင်းခါပြပြီးတော့

"ခက်တာက ဒီဆေးရည်ကို သူ့ချည်းသောက်လို့မရပါဘူး၊ အရင်ဆုံး ဆေးရည်ကို သူနဲ့သွေးသားတော်စပ်တဲ့လူက သောက်ရပါတယ်၊ သွေးသားတော်စပ်တဲ့လူသောက်ပြီးတော့ အဲဒီလူကျတဲ့မျက်ရည်ကိုခံပြီး မျက်စဉ်းခတ်ပေးမှ ရမှာပါ"

ကျုပ်ဖြင့်ငိုင်ကျသွားတော့တယ်ဗျာ။

"ဦးဘသာက တစ်ကောင်ကြွက်လေဗျာ၊ သူ့မှာအိမ်ထောင်တို့ သားသမီးတို့ဆိုတာလည်းရှိတာမဟုတ်ဘူး၊ သူ့အမေကလည်း သေတာကြာပြီဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သွေးသားတော်စပ်တော့လူကျန်တော့မှာလဲဗျာ"

ကျုပ်လည်း ငိုသံပါကြီးနဲ့ပြောရင်း ဦးဘသာကိုဖက်ပြီးတော့

"အောင်မယ်လေး ဦးဘသာရဲ့၊ အဖြစ်ဆိုးလှချည်လားဗျာ၊ သူများတွေကိုတော့ အမျိုးမျိုးကူညီ၊ သူများအသက်တွေကို ကယ်တင်ပေးခဲ့တဲ့လူကြီး၊ အခု ဦးဘသာကိုကျတော့ ဘယ်သူမှ မကယ်နိုင်ကြတော့ပါလားဗျာ"

ကျုပ်လည်း ကလေးတစ်ယောက်လိုအော်ဟစ်ပြီး ငိုနေမိတော့တယ်၊ အားလုံးကလည်း ဦးဘသာကို စိတ်မကောင်းတဲ့အကြည့်တွေနဲ့ကြည့်ရုံကလွဲပြီးတော့ ဘာမှမတတ်နိုင်ကြတော့ဘူးလေဗျာ၊ ဦးဘသာလက်ဖျားတွေဆိုရင် အေးစက်တောင့်တင်းလာသဗျ၊ ကိုယ်ငွေ့နွေးနွေးကလေးပဲ ကျန်တော့တယ်ဗျာ။။

ဒီအချိန်မယ်တော်က ကျုပ်ပခုံးကိုလာပုတ်ပြီးတော့

"မင်းသောက်လို့ရတယ်"

"ဗျာ၊ ကျုပ်သောက်လို့ရတယ်တဲ့လား၊ ကျုပ်က ဦးဘသာနဲ့ ဘာမှသွေးမတော်သားမစပ်တဲ့လူလေဗျာ"

"ဒီအတိုင်းနေတာထက်စာရင် စမ်းကြည့်တာပိုကောင်းတယ်မဟုတ်ဘူးလား"

်"ဒါပေမယ့် ကျုပ်က သူနဲ့မှဘာမှမတော်တာ"

"ဒီမှာကောင်လေး၊ လောကမှာ ခင်ရာဆွေမျိုးပဲကွ၊ ကိုယ်နဲ့ခင်တဲ့ရပ်ဆွေရပ်မျိုးဆိုတာ သွေးမတော်သားမစပ်ပေမယ့် ခင်မင်မှုကတော့ သွေးသားတော်တဲ့အမျိုးအဆွေတွေထက်တောင်မှ ပိုချင်ပိုသေးတာမဟုတ်လား၊ ဒီတော့ မင်းစမ်းကြည့်တာကောင်းမယ်လို့ ငါယူဆတယ်"

မယ်တော်စကားကလည်း ဟုတ်သလိုလိုပဲဗျ၊ ဒါနဲ့ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ မာယာကိုကြည့်လိုက်တယ်၊ မာယာက မြပုံစံလုပ်ထားတဲ့ လော့ကတ်သီးခေါင်းကိုဖွင့်ပြီး ကျုပ်ကိုလှမ်းပေးတာနဲ့ ကျုပ်လည်းလှမ်းယူပြီးတော့ မော့ချလိုက်တော့တာပါပဲဗျာ။ ဆေးရည်အရသာက ဆိုးတယ်ဗျ၊ ပူစီနံအရွက်တွေကို ကြိတ်ပြီးလုပ်ထားသလိုပဲ၊ ပူပူရှိန်းရှိန်းနဲ့ ခါးခါးကြီးဗျာ။

သောက်လည်းသောက်ပြီးရော ကျုပ်စိတ်ထဲဘယ်လိုဖြစ်လာတယ်မသိပါဘူးဗျာ၊ ရင်ထဲဆို့နင့်ပြီးတော့ ဝမ်းနည်းတတ်လာတယ်ဗျ၊ ငြိမ်သက်နေတဲ့ဦးဘသာရဲ့ မျက်နှာကိုကြည့်ပြီးတော့ ဟိုးငယ်ငယ်ကတည်းက ဦးဘသာနဲ့ခင်မင်ခဲ့တာတွေကို ပြန်တွေးပြီးတော့ ဝမ်းနည်းလာတယ်၊ ကျုပ်မသိလိုက်ခင်မှာပဲ မျက်ရည်တွေက သူ့အလိုလိုကျဆင်းလာတယ်ဗျ၊ မယ်တော်က ကျုပ်ကိုကြည့်ပြီးတော့

"ဟော၊ မျက်ရည်တွေကျလာပြီ"

လို့ပြောရင်း သူ့လက်သည်းရှည်နဲ့ ကျုပ်ပါးပြင်က မျက်ရည်တွေကိုခံတယ်ဗျ၊ လက်သည်းရှည်အခွက်ထဲကို မျက်ရည်သုံးလေးစက်တော့ ဝင်မယ်ထင်ပါတယ်ဗျာ၊ နောက်တော့ ကျုပ်လည်း ဦးဘသာမျက်ခွံတွေကိုဆွဲဖွင့်လိုက်တယ်၊ မယ်တော်က သူ့လက်သည်းထဲက မျက်ရည်စက်ကလေးတစ်စက်ကို မျက်လုံးထဲကိုချလိုက်တယ်၊ နောက်မျက်လုံးတစ်ဖက်ကိုလည်း အဲဒီလိုပဲလုပ်လိုက်တာပေါ့ဗျာ၊ အချိန်တော်တော်ကြာတဲ့အထိ ဘာမှမထူးခြားသေးဘူးဗျ။ ကျုပ်လည်း တော်တော်စိတ်ဓါတ်ကျသွားတယ်။

"မယ်တော်၊ ကျုပ်အထင်တော့ ဘာမှမထူးဘူးထင်ပါတယ်ဗျာ၊ ဆေးရည်က သွေးသားတော်စပ်တဲ့လူတွေ လုပ်မှစွမ်းတယ်လို့ပြောတယ်မဟုတ်လား"

မယ်တော်က ခေါင်းခါရင်း

"ငါထင်တဲ့အတိုင်းဆိုရင်တော့ ဆေးကစွမ်းရမယ်၊ ဘယ်လိုဖြစ်တာပါလိမ့်"

"သွေးသားမတော်စပ်ဘူးလေဗျာ"

ကျုပ်ပြောလိုက်တော့ မယ်တော်က ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်ပြီး

"ဒီသွေးမတော်ဘူးဆိုတာဘဲ အထပ်ထပ်ပြောနေတယ်၊ တကယ်တော့ သူနဲ့မင်းက ဆွေမျိုးတော်တယ်၊ သွေးစပ်တယ်ဟ"

ကျုပ်လည်း အံ့သြသွားမိတယ်ဗျ။

"ဘာပြောတယ်မယ်တော်၊ ကျုပ်နဲ့ဦးဘသာနဲ့က သွေးသားတော်စပ်တယ်တဲ့လား၊ မဖြစ်နိုင်ပါဘူးဗျာ၊ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဗျ၊ သွေးသားတော်တယ်ပြောရအောင် အဖေလူပျိုပေါက်ဖြစ်တော့ ဒေါ်ပျင်းကြီးက သေသွားပြီလေဗျာ၊ ဘယ်လိုလုပ်ပြီးတော့ ကလေးမွေးနိုင်မှာလဲ"

မယ်တော်က သူ့လက်ဝါးနဲ့ သူ့နဖူးကိုသူရိုက်လိုက်တော့တယ်၊ မာယာက ကျုပ်ကိုကြည့်ရင်း

"မင်းအဖေနဲ့မဟုတ်ပေမယ့် မင်းအဘိုးနဲ့ရော မဖြစ်နိုင်ဘူးလား"

ဟုတ်သားဗျ၊ ကျုပ်နဲ့သွေးသားတော်တယ်ဆိုတာနဲ့ ကျုပ်ကလည်း မဟုတ်တဲ့လူတွေနဲ့ တွဲစပ်ပေးနေမိတော့တာ။ ဒါနဲ့ မယ်တော်ကိုကြည့်လိုက်ရင်း

"ဒါဆို ကျုပ်အဘိုး၊ ကျုပ်အဘိုးသူကြီးနဲ့များ ဒေါ်ပျင်းက ညားခဲ့တာလား"

မယ်တော်က ခေါင်းကိုအသာညိတ်ရင်း

"ဒေါ်ပျင်းအပျိုဖြစ်ခါစမှာ မင်းအဘိုးကလည်း လူပျိုပဲရှိသေးတယ်၊ မင်းအဘိုးက ရွာမှာသူကြီးဖြစ်တဲ့အချိန် သူ့ကိုမနာလိုတဲ့သူတွေ၊ မထောက်ခံတဲ့လူတွေအများကြီးရှိတယ်၊ အဲဒီလူတွေကို ခြိမ်းချောက်ဖို့အတွက် ဒေါ်ပျင်းကိုအသုံးချခဲ့တာပဲ၊ ဒေါ်ပျင်းက မင်းတို့အဘိုးနဲ့မတည့်တဲ့လူတွေကို ရှင်းပေးရတယ်၊ မင်းတို့အဘိုးက ဒေါ်ပျင်းကို ငွေကြေးကအစ အရာရာထောက်ပံ့ခဲ့တယ်၊ ဒီလိုနဲ့ အပျိုလူပျိုတွေ့ဆုံကြရင်း တစ်ခါတော့ မင်းရဲ့အဘိုးနဲ့ ဒေါ်ပျင်းနဲ့ ငြိစွန်းခဲ့ကြတာပဲ"

"ဟာ၊ အဲဒါဆို ဦးဘသာက ကျုပ်အဘိုးနဲ့ရတာပေါ့"

"မှန်တယ်၊ မင်းအဘိုးကလည်း ဒေါ်ပျင်းကိုတကယ်ချစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒေါ်ပျင်းက စုန်းတစ်ယောက်မဟုတ်လား၊ လူဆိုတာ အသိုင်းအဝိုင်းကလည်းရှိသေးတော့ နောက်ဆုံးမင်းအဘိုးက ဒေါ်ပျင်းကိုတရားဝင်ဇနီးမယားတစ်ယောက်အဖြစ်နဲ့ မပေါင်းဖက်ခဲ့ဘူး"

"ကျုပ်သိပြီ၊ ကျုပ်သိပြီ၊ ဒါကြောင့်် အဘိုးက အရင်က ဒေါ်ပျင်းကြီးကိုစုန်းမမှန်းသိရက်သားနဲ့ ပြတ်ပြတ်သားသားမလုပ်နိုင်ခဲ့သလို၊ ဒေါ်ပျင်းကြီးကလည်း တစ်ရွာလုံးကို ပြုစားရင်ပြုစားမယ်၊ အဘိုးကိုတော့ ဘာမှမလုပ်ခဲ့တာကိုးဗျာ"

"အချစ်လို့ပဲပြောရမယ်ထင်တာပဲ၊ မင်းအဘိုးသူကြီးနဲ့ ဒေါ်ပျင်းက တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ချစ်ခဲ့ကြပေမယ့် ပေါင်းဖက်ခွင့်မရခဲ့ကြတဲ့သူတွေပါ"

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့

"ဒါနဲ့၊ ဒီအကြောင်းတွေကို ဦးဘသာကြီးရောသိသလားဗျာ"

မယ်တော်က ခေါင်းခါရင်း

"ဒေါ်ပျင်းက သူ့သားကိုအဖေနဲ့ပတ်သက်တာ တစ်ခုမှမပြောခဲ့ဘူး၊ သာစံက အဖေအကြောင်းပြောရင်လည်း မကြိုက်ခဲ့ဘူး၊ ဒါကြောင့် သာစံက ဒီအကြောင်းတွေကိုမသိလောက်ဘူး"

ကျုပ်လည်း ဦးဘသာမျက်နှာကိုသေသေချာချာကြည့်ရင်း

"ဒါဆို ဦးဘသာက အဖေ့ရဲ့အကိုကြီးပေါ့၊ ဒါဆို ကျုပ် . . . ကျုပ်နဲ့ဘကြီးတော်တာပေါ့နော်"

မယ်တော်က

"မင်းတို့ရော သာစံရော ဒီအကြောင်းတွေကိုမသိပေမယ့် သွေးကစကားပြောတယ်လို့ပဲပြောရမလား၊ သာစံက တစ်ရွာလုံးနဲ့မခင်တွယ်လည်း မင်းတို့မိသားစုနဲ့ သူနဲ့ကျတော့ အတော်ခင်တယ်မဟုတ်လား၊ မင်းတို့မိသားစုတစ်ခုခုဖြစ်မှာကို သူမလိုလားဘူးမဟုတ်လား၊ ပြီးတော့ မင်းပေါ့၊ မင်းနဲ့သူနဲ့က တကယ့်တူဝရီးတွေလို ချစ်ခင်ကြတယ်မဟုတ်လား"

"ဟုတ်ပါ့ဗျာ၊ ဟုတ်ပ၊ သွေးကစကားပြောတယ်ဆိုတာ နေမှာ၊ ဦးဘသာက ကျုပ်အတွက်တော့ ကျုပ်ဦးလေးအရင်းတစ်ယောက်လိုခင်ခဲ့ရတဲ့သူပါ၊ အခုမှ ကျုပ်ဘကြီးဖြစ်နေမှန်းသိရတော့တယ်ဗျာ"

မယ်တော်က လူတွေအားလုံးကိုကြည့်လိုက်ပြီးတော့

"ဒီအကြောင်းတွေကို ရှင်တို့ဝမ်းထဲမှာပဲသိုသိပ်ထားကြပါ၊ ဒေါ်ပျင်းကြီးကတောင် သူ့သားရဲ့အဖေဘယ်သူဆိုတာကို မပြောခဲ့မှတော့ ရှင်တို့ကျုပ်တို့ကလည်း ကြားဝင်ပြောစရာဘာအကြောင်းမှမရှိဘူး"

နောက်တော့ မယ်တော်က ကျုပ်ကိုကြည့်ရင်း

"မင်းလည်း ဒီကိစ္စကိုနှုတ်လုံရမယ်"

ကျုပ်လည်းခေါင်းညိတ်ပြီးတော့

"တကယ်တမ်း သွေးကစကားပြောတယ်ဆိုရင် အခုအချိန် ဆေးစွမ်းပြသင့်နေပြီဗျ"

ကျုပ်ဆုပ်ကိုင်ထားတဲ့ ဦးဘသာလက်တွေက ပြန်ပြီးနွေးလာသဗျ၊ နောက်တော့ ဦးဘသာက ချောင်းတစ်ချက်နှစ်ချက်ဆိုးတယ်ဗျာ၊ ပြီးတော့ မျက်လုံးတွေပွင့်လာပါရော။

"ဟာ၊ ဦးဘသာ၊ ဦးဘသာ နိုးပြီလား"

"ဟင်၊ အလတ်ကောင်၊ ငါအိပ်တာ ဘယ်လောက်ကြာသွားလဲကွ"

ကျုပ်လည်း ဦးဘသာကြီးပြန်နိုးလာလို့ ပျော်နေမိတယ်ဗျ၊ ဦးဘသာက ကျုပ်ပေါင်ပေါ်လှဲချနေရာကနေ ထထိုင်လိုက်တဲ့အချိန်မှာ ကျုပ်က ဦးဘသာကို အနောက်ကျောကနေ ဖက်ထားလိုက်မိတယ်ဗျ၊ ဦးဘသာက ရှက်ကိုးရှက်ကန်းနဲ့

"အလတ်ကောင်၊ မင်းဘာဖြစ်နေတာလဲ၊ လူတွေအများကြီးကြားထဲမှာ ဘာဖြစ်လို့ငါ့ကိုထဖက်ရတာလဲကွ၊ ရှက်စရာကြီးကွာ"

"အိုဗျာ၊ ဖက်တာပဲ ဘာဖြစ်လို့ဖက်ရမှာလဲ၊ ချစ်လို့ . . . ချစ်လို့ဖက်တာပေါ့ဗျ"

ဦးဘသာက ကျုပ်ကိုအတင်းဖယ်ထုတ်ရင်း

"ဟာ၊ ဟေ့ကောင် မင်းကြောင်ချင်တယ်ဆိုရင်လည်း နောက်မှကြောင်ကွာ၊ လူကြားထဲတော့မလုပ်ပါနဲ့"

"မသိဘူးဗျာ၊ ချစ်တယ် . . . ချစ်တယ်၊ မွ"

ကျုပ်လည်း ဦးဘသာပါးကို နမ်းလိုက်တော့ ဦးဘသာက ကျုပ်ကိုတအားတွန်းလှဲပြီးတော့ ကြေးတိုက်ထဲကနေထွက်ပြေးသွားပါရောဗျာ၊ ကျုပ်က ပက်လက်လန်ပြီးတော့ ကျန်နေခဲ့တာပေါ့ဗျ၊ ခပ်လှမ်းလှမ်းရောက်သွားတဲ့ ဦးဘသာကိုကြည့်ရင်း

"ဟာ၊ ဦးဘသာ၊ ကျုပ်ကိုစောင့်အုံးလေဗျာ"

ဦးဘသာက ကျုပ်ကိုပြန်လှည့်ကြည့်ပြီး

"ငါ့လခွမ်းကွာ၊ မင်းငါ့ကို အာဘွားပေးဖို့ဆိုရင် ငါ့နောက်လိုက်မလာနဲ့၊ ငါ့နောက်လိုက်မလာနဲ့"

ဦးဘသာက ဆက်ပြေးထွက်သွားတာပဲဗျာ၊ ကောင်စီလူကြီးနဲ့ ကြေးတိုက်ထဲကလူတွေလည်း အားလုံးရယ်ကြတာပေါ့၊ ကျုပ်လည်း ကမန်းကတမ်းထပြီးတော့ ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့ရတာပါပဲ၊ ကောင်စီလူကြီးတွေကိုတောင် မနှုတ်ဆက်လိုက်ရဘူးဗျာ။

အပြင်ရောက်တော့ မိုးလင်းတော့မယ်ဗျ၊ ရောင်နီတွေတောင်လာနေရောပေါ့။ ကြေးတိုက်ထဲမှာဆိုတော့ အချိန်တွေကုန်မှန်းမသိ ကုန်သွားတာဖြစ်မယ်၊ ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့ရင်းနဲ့ နောက်တော့ မြို့အပြင်နားကိုရောက်ခဲ့ပါရောဗျာ။

"ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျာ"

"မင်းငါ့ကို အာဘွားမပေးတော့ဘူးဆိုရင် စောင့်မယ်"

"မပေးတော့ပါဘူးဗျာ၊ နေပါအုံးဗျ"

ကျုပ်လည်းတော်တော်မောနေပြီပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာနဲ့လျှောက်လာကြတာ မြိုင်သာအထွက်နားတောင်ရောက်နေပြီဗျ၊ ဦးဘသာက တစ်နေရာကိုကြည့်ရင်း

"ဟာ၊ ဟောဟိုကုက္ကိုပင်ကြီးအောက်မှာ မင်းအကိုကြီးမဟုတ်လား"

ဦးဘသာညွှန်ပြတဲ့နေရာကို ကျုပ်ကြည့််လိုက်တော့ အကိုကြီးက လှည်းတစ်စီးဘေးနားမှာ မတ်တပ်ရပ်လို့ဗျ၊ ဒါနဲ့ကျုပ်လည်း အကိုကြီးကိုလက်လှမ်းပြပြီးတော့

"အကိုကြီး၊ အကိုကြီး"

ကျုပ်ခေါ်လိုက်တော့ အကိုကြီးက ကျုပ်ကိုလှမ်းကြည့်ပြီး ဘီလူးသရဲတစ်ကောင်ကိုမြင်လိုက်ရသလိုမျိုး အတော်အံ့အားသင့်သွားသဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း အကိုကြီးဆီကိုပြေးလာခဲ့တာပေါ့၊ အကိုကြီးက လှည်းနံရံမှာဆောင်ထားတတ်တဲ့ ဓါးရှည်ကိုဆွဲထုတ်ပြီး

"ဟေ့၊ ငါ့အနားကိုမကပ်နဲ့၊ ငါ့အနားကိုမလာနဲ့နော်"

"ဟာ၊ အကိုကြီး ဘာဖြစ်တာလဲဗျ"

"မင်းတို့သရဲတွေဆိုတာငါသိတယ်၊ ငါ့ညီအယောင်ဆောင်ပြီး ငါ့ကိုခြောက်လှန့်ဖို့တော့ စိတ်မကူးနဲ့၊ ဓါးစာမိသွားမယ်ကွ"

"ဟာဗျာ၊ အကိုကြီးက ဘယ်လိုဖြစ်တာလဲဗျ၊ ကျုပ်လေဗျာ၊ အလတ်ကောင်မှ အလတ်ကောင်အစစ်၊ ဟောဒီမှာ ဦးဘသာကြီးတောင်ပါသေးတယ်ဗျ"

"မဖြစ်နိုင်ဘူး၊ ငါ့ညီအလတ်ကောင်က လှည်းထဲမှာကွ"

ကျုပ်လည်းအတော်အံ့သြသွားတယ်ဗျ၊ ဒါနဲ့လှည်းထဲကိုကြည့်လိုက်တော့ ကျုပ်မှကျုပ်ဗျာ၊ လှည်းကြမ်းခင်းပေါ်မှာ ခွေခွေကလေးအိပ်နေတာဗျ၊ ကျုပ်ဖြင့် ဘယ်လိုဖြစ်သွားမှန်းကိုမတွေးတတ်တော့ပါဘူးဗျာ။

"အကိုကြီး ကျုပ်ပြောတာယုံပါဗျာ၊ ကျုပ်က အလတ်ကောင်ပါ၊ အကိုကြီးရဲ့ညီအစစ်ပါ၊ အခုလှည်းပေါ်ရောက်နေတဲ့လူက အတု၊ အလတ်ကောင်အတုဗျ"

အကိုကြီးက ကြောင်စီစီနဲ့

"ကဲ ဒါဆိုငါမင်းကိုမေးမယ်၊ သုံးငါးလီဘယ်လောက်လဲကွာ"

ကျုပ်လည်းတွက်မလို့လုပ်နေတုန်း

"ဟေ့ကောင်တွက်မနေနဲ့၊ မြန်မြန်ဖြေ"

ဒါနဲ့ကျုပ်လည်း မတွက်တော့ဘဲ စိတ်မှန်းနဲ့

"နှစ်ဆယ်ဗျာ"

ကျုပ်ဖြေလိုက်တော့ အကိုကြီးက ကျုပ်ကိုကြည့်ရင်း လက်ထဲက ဓါးကိုချလိုက်တယ်ဗျ။

"အေးကွ၊ မင်းကအလတ်ကောင်အစစ်ပဲ၊ အလတ်ကောင်အစစ်က သင်္ချာညံ့တယ်ဟ၊ ဘယ်တော့မှ အလီမမှန်ဘူး"

ဦးဘသာက ကျုပ်တို့ညီအကိုနှစ်ယောက်ကိုပြုံးကြည့်နေရင်း

"မင်းတို့ညီအကိုတွေ မှတ်ထားပုံမှတ်ထားနည်းကလည်း အဆန်းပါလားကွာ၊ တစ်ယောက်ကလည်း သုံးငါလီကို နှစ်ဆယ်တဲ့"

ဦးဘသာက ခါးထောက်ပြီးတော့ ရယ်နေတော့တယ်၊ အကိုကြီးက လှည်းပေါ်ကလူကိုကြည့်ရင်း

"ဒါဆို ဒီကောင်ကဘာကောင်လဲကွ"

"နေပါအုံး၊ အကိုကြီးက ဘယ်လိုတွေ့ခဲ့တာလဲ"

"ဒီလိုကွ၊ မင်းမနေ့ညနေက ပြန်မလာလို့ ဘာများဖြစ်သလဲဆိုပြီးတော့ တန်းမြင့်ရွာကနေ လှည်းနဲ့လိုက်လာခဲ့တာ၊ ဒီရောက်တော့ မိုးအတော်ချုပ်ပြီးညည့်နက်နေပြီကွ၊ ဒါနဲ့ ဒီကုက္ကိုပင်ရိပ်မှာ လှည်းဖြုတ်ပြီးတစ်ညနားလိုက်တာပဲကွာ၊ ဒီနေ့မနက် မင်းကိုလိုက်ရှာမယ်လို့တွေးပြီး အိပ်ရာထလိုက်တော့ မင်းကငါ့လှည်းအနားကနေ ခပ်သုတ်သုတ်နဲ့ဖြတ်သွားသကွ၊ ငါလည်း မင်းကိုလိုက်ခေါ်တော့ မင်းက ငါ့ကိုမသိသလိုလိုနဲ့ ငါ့လက်ကိုပုတ်ချသွားသကွာ၊ ဒါနဲ့ငါလည်း ဒေါသထွက်ထွက်နဲ့မင်းရဲ့ဇက်ပိုးကို လှည်းဒေါက်ခွနဲ့အုပ်ထည့်လိုက်တာ မင်းမေ့သွားတယ်လေကွာ"

ဦးဘသာက သေသေချာချာကြည့်ပြီးတော့

"သေချာတယ်ဟေ့၊ ခင်ရီမှ ခင်ရီအစစ်ကွ"

ကျုပ်လည်းပြန်တွေးရင်း

"ဟုတ်မယ်ဗျ၊ ကြေးတိုက်ထဲမှာ အနီရောင်မီးခိုးလုံးတွေထွက်တဲ့အချိန် ကျုပ်ပုခုံးကိုလူတစ်ယောက်လာပုတ်သွားတယ်ဗျ၊ ဧကန္တခင်ရီက ကျုပ်ယောင်ဆောင်ပြီးထွက်ပြေးချင်လို့ ပုတ်သွားတာများလား"

"အစစ်ပေါ့၊ ကဲကွာ လက်စနဲ့လှည်းကိုမြို့ထဲမောင်းခဲ့၊ ခင်ရီကို ကြီးကြပ်သူတွေဆီ အပ်ရအောင်ဟေ့"

ကျုပ်တို့ပြောတာကို အကိုကြီးက ပါးစပ်အဟောင်းသားနဲ့ထိုင်ကြည့်နေသဗျ၊

"နေပါအုံး၊ ခင်ရီကဘယ်သူလဲ၊ ပြီးတော့ ကြီးကြပ်သူဆိုတာကရော"

ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့

"တခြား မဟုတ်ပါဘူးအကိုကြီးရာ၊ ခင်ရီက ရုပ်ပြောင်းရုပ်လွှဲဝိဇ္ဇာဗျ၊ ရုပ်ဖျက်ပြီးတော့ လူတွေကိုလိုက်လိမ်စားနေတာ၊ အခုလူလိမ်ပေါ်ပြီဆိုတော့ ရဲလက်အပ်ရမှာပေါ့ဗျာ။

ကျုပ်တို့လည်း လှည်းနဲ့မြိုင်သာထဲပြန်ဝင်ခဲ့တယ်၊ ကြီးကြပ်သူတွေလာခေါ်သွားတဲ့အထိ ခင်ရီက မနိုးသေးဘူးဗျာ၊ အကိုကြီးလက်ဆတယ်ပြင်းပုံရသဗျ၊ မြို့ထဲကပြန်မယ်လုပ်တော့ အကိုကြီးက

"ဟေ့အလတ်ကောင်၊ ငါမှာတဲ့ မြခြူးဆေးလိပ်ဝယ်ပြီးပြီလား"

"ဟာ၊ ဟုတ်ပဗျာ၊ အခုမှသတိရတယ်"

ဒါနဲ့ မြခြူးဆေးလိပ်ဆိုင်မှာ ဆေးလိပ်ဝင်ဝယ်ကြတာပေါ့ဗျာ၊ ခင်ရီတစ်ဖြစ်လဲ ကျုပ်ငမ်းခဲ့ရတဲ့ ကောင်မလေးကိုတော့ မတွေ့တော့ဘူးဗျ၊ အလိပ်ငါးဆယ်ပါတဲ့ ဆေးလိပ်တစ်စည်းဆွဲပြီးတာနဲ့ ကျုပ်တို့လည်း လှည်းနဲ့ပြန်ခဲ့ကြတာပေါ့ဗျာ။

"မင်းတို့ဘာဖြစ်လို့နောက်ကျနေတာလဲကွ"

"မပြောတတ်တော့ပါဘူး အကိုကြီးရာ"

"အစည်းအဝေးကရောဘယ်လိုလဲ၊ ဘာတွေစည်းဝေးကြတာလဲ၊ အစည်းအဝေးမှာပြောတဲ့ဟာတွေကို အဖေပြောတဲ့အတိုင်း သေသေချာချာရေးမှတ်လာသလားကွ"

ကျုပ်လည်း အကိုကြီးမေးတာတွေကို မဖြေနိုင်တော့တာနဲ့ လှည်းပေါ်အိပ်လှဲချလိုက်ပြီးတော့

"ဝှါး၊ အိပ်ချင်လိုက်တာအကိုကြီးရာ၊ တစ်ညလုံးလည်း မအိပ်ရသေးဘူးဗျ"

"ဟင်၊ တစ်ညလုံးမအိပ်ရအောင် မင်းတို့ကဘာလုပ်နေလို့လဲကွ"

ဦးဘသာက ရယ်ကျဲကျဲနဲ့

"ဘာမှမဟုတ်ပါဘူးကွာ၊ မြိုင်သာမြို့စွန် ချောင်းဝဘက်က အလှူပွဲမှာ ဆိုင်းကလည်းကောင်း၊ မင်းသမီးကလည်း ချောတယ်ဆိုတာနဲ့ ငါနဲ့အလတ်ကောင်နဲ့မိုးလင်းပေါက်ကြည့်မိတယ်ဆိုပါတော့ကွာ"

"ဟာ၊ လုပ်ရက်လိုက်တာကွာ၊ ငါကတော့ မင်းတို့မလာလို့ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်မိလို့ မြိုင်သာအထိ လှည်းနဲ့လိုက်လာခဲ့တာကွ၊ နေအုံး၊ အိမ်ရောက်တော့မှ မင်းနဲ့ငါနဲ့တွေ့မယ်အလတ်ကောင်"

ကျုပ်လည်း အကိုကြီးပြောတာတွေကို နားထောင်နေရင်း မျက်ခွံတွေလေးလာပြီးတော့ အိပ်ချင်လာတယ်။

"ဦးဘသာ၊ လှည်းကဆောင့်တော့ ဒီတိုင်းအိပ်ရတာ ခေါင်းနာတယ်ဗျာ၊ ဦးဘသာရဲ့ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်ချင်တယ် ရမလား"

ဦးဘသာက ရယ်မောရင်း

"ရပါတယ်ကွာ၊ အိပ်စမ်းပါကွ၊ အလတ်ကောင်ကတော့ လှည်းစီးရင်းတောင်မှ ဇိမ်ခံချင်တဲ့ကောင်ပါလားကွ"

ကျုပ်လည်း ဦးဘသာပေါင်ပေါ်ခေါင်းတင်ပြီး အိပ်ရင်းလိုက်လာခဲ့တော့တယ်၊ အရင်ကလည်း ဦးဘသာနဲ့ရင်းနှီးတယ်ဆိုပေမယ့် အခုတော့ ဦးဘသာက ကျုပ်ဘကြီးဆိုတာသိလိုက်ရတဲ့အချိန်မှာ ပိုပြီးနွေးထွေးတဲ့ ခံစားမှုလေးတစ်ခုကို ခံစားလိုက်ရသလိုပဲဗျ။

ပြီးပါပြီ။

No comments

Post a Comment