အောင်မြတ်သာနှင့်အစိမ်းပြင်ရွာမှဖြစ်ရပ်ဆန်း

" ခေါ်လာမယ့်သူတွေကိုထားမယ့်နေရာကိုပြပေးပါ " " လာကြ လာကြ သိပ်မဝေးဘူး " သူကြီးလဲ လူငယ်နှစ်ယောက်အရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွာ... thumbnail 1 summary


" ခေါ်လာမယ့်သူတွေကိုထားမယ့်နေရာကိုပြပေးပါ "


" လာကြ လာကြ သိပ်မဝေးဘူး "


သူကြီးလဲ လူငယ်နှစ်ယောက်အရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတာကိုမြင်တော့လူငယ်နှစ်ယောက်လဲ အနောက်ကနေလိုက်လာခဲ့လိုက်တယ်။


" ဒီနေရာက အကျယ်ဆုံးပဲ အဆင်ပြေရဲ့လား"


"ဒီလောက်ဆိုရပြီ သက်ခိုင် ဒီကွင်းပြင်ပတ်လည်စည်းထားထားလိုက် အဝင်ဝနေရာကိုလွှတ်ထားပေး အားလုံးအထဲရောက်တော့မှ အဝင်ကိုပိတ်လိုက်"


လွယ်အိတ်လွယ်ထားတဲ့ သက်ခိုင်ဆိုတဲ့လူငယ်က တလင်းပြင်နေရာကို လက်ညိုးထိပ်နဲ့ စည်းဝိုင်းလိုက်ပြီး


" သူကြီး အခုခေါ်လာတဲ့သူတွေကို လွှတ်ထားတဲ့နေရာကနေအထဲကိုသွင်းပေးပါ "


" ကျုပ်လုပ်ပေးမယ် နောက်ဘာထပ်လုပ်ရမလဲ"


" ရေသန့်သန့်တစ်ဖလား ယူခဲ့ပေးပါ နောက်ပြီး ဆန်အနည်းငယ်နဲ့ဆနွင်းအနည်းငယ်ကိုရောယူခဲ့‌ပေးပါ"


ဘယ်သူစကားမှ နားမထောင်ခဲ့တဲ့သူကြီးကပိတ်ဖြူဝတ်လူငယ်လေးရဲ့စကားအတိုင်းလုပ်ပေးနေတာမြင်တော့ ဘေးကကြည့်နေတဲ့သူတွေအားလုံး အံ့အားသင့်သွားခဲ့တယ်။


" သူကြီး ကယောင်ကတမ်းဖြစ်နေတဲ့သူတွေပါလာပြီ"


" အားလုံးကို စည်းထဲထည့်ထားလိုက် မလိုအပ်တဲ့သူတွေစည်းထဲမဝင်စေနဲ့ "


ရွာသားတွေလဲ တငိုငိုတရီရီဖြစ်နေသူတွေကို စည်းထဲထည့်ပြီးတဲ့အချိန် သက်ခိုင်က စည်းထိပ်ကိုပိတ်ချလိုက်တယ်။


အားလုံးကိုစစ်ကြည့်တဲ့အခါမှာတော့ ကလေးလူကြီးပေါင်း ကိုးယောက်တိတိရှိနေခဲ့တယ်။


ပိတ်ဖြူဝတ်လူငယ်က စည်းဝိုင်းထဲမှာရှိနေတဲ့ သူတွေကိုကြည့်ပြီး


" အားလုံး ဒေါသတွေမာန်မာနတွေကို ဖြေလျော့ထားပေးကြပါ တစ်ဖက်နဲ့တစ်ဖက် ညှိညှိနှိုင်းနှိုင်းလုပ်ရင် ဘယ်ကိစ္စမဆို အဆင်ပြေမယ်လို့ယုံကြည်ပါတယ် အခုစည်းဝိုင်းထဲမှာရှိနေတဲ့သူတွေ ဘာများပြောချင်လဲ "


ပိတ်ဖြူဝတ်လူငယ်လေးရဲ့စကားကြောင့် စည်းဝိုင်းထဲရောက်နေတဲ့သူတွေထဲက တစ်ယောက်က မြေကြီးပေါ်လူးလိမ့်ပြီး


" ငါတို့နေရာကိုဖျက်စီးတယ် ငါတို့အမျိုးအနွယ်တွေနေစရာမရှိတော့ဘူး ဒါကြောင့် သူတို့ကိုပြန်ပြုစားတာ ငါတို့အကုန်လုံးစိတ်ဆိုး‌နေကြတယ် ကျေနပ်အောင်မလုပ်ပေးရင် တစ်ရွာလုံးကိုသတ်မယ်"


" သင်တို့အမျိုးအနွယ်နာမည်ကဘယ်လိုခေါ်လဲ"


" ငါတို့က နတ်နဂါးမျိုးနွယ်တွေပဲ ဘယ်သူ့ကိုမှဒုက္ခမပေးပဲ ဒီနေရာမှာနေလာခဲ့တာ ကြာပြီ အခုငါတို့နေစရာမရှိတော့ဘူး "


" ကောင်ပြီ ဒါဆိုသင်တို့နေစရာရရင် ဒီလူတွေကို လူကောင်းပကတိဖြစ်အောင်ပြန်လုပ်ပေးမလား"


" ငါတို့နေရာပြန်ရရင် ဘယ်သူမှမထိခိုက်စေရဘူး ဒါပေမယ့် ဒီရွာအကြီးအကဲကိုမကျေနပ်ဘူး သူ့ကိုဆုံးမရမယ်"


" စိတ်လျော့ကြပါ ဒေါသမောဟတရားတွေနဲ့ သံသရာကိုမဆက်ချင်ကြပါနဲ့ ကျုပ်လဲရွာသူကြီးကိုဖျောင်းဖျပေးပါ့မယ် ကဲ သူကြီး သူတို့ကိုပြန်တောင်းပန်လိုက်ပါ နောက်ပြီး သူကြီးရဲ့အမိန့်နဲ့နေစရာတစ်ခုပြန်ပေးလိုက်ပါ တစ်ဖက်နဲ့တစ်ဖက် မေတ္တာရှေ့ထားပြီး ဆောင်ရွက်ရင် အရာရာအောင်မြင်ပါလိမ့်မယ်"


ပိတ်ဖြူဝတ်လူငယ်ရဲ့စကားကိုကြားတော့ သူကြီးက


" အစောင့်အရှောက်တွေအားလုံးကို ကျုပ်မောင်ထိန်တောင်းပန်ပါတယ် ကျုပ်ရဲ့အတ္တမာနတွေကြောင့် မဖြစ်သင့်တာတွေဖြစ်ခဲ့ရပြီ ဒီရေသွင်းမြောင်းကြီး လုပ်တယ်ဆိုတာကလဲ ရွာသူရွာသားတွေအကျိုးအတွက်လုပ်တာပါ ဒီလုပ်ငန်းကြောင့် သင်တို့ရဲ့နေရာပျက်စီးခဲ့တဲ့အတွက် ရေသွင်းမြောင်းပြီးတာနဲ့ ဒီမြောင်းတစ်လျောက် သင်တို့ကြိုက်တဲ့နေရာနေပါ အပိုင်စားပေးပါတယ် နောက်ပြီးနှစ်စဉ်နှစ်တိုင်း သင်တို့ကို ပူဇော်ပသမှုတွေလုပ်ပေးပါမယ် သင်တို့ကျေနပ်ကြပါတော့"


သူကြီးစကားအဆုံးမှာ ဝင်ပူးနေတဲ့သူတွေအကုန်လုံး မြေကြီးပေါ်မှာ လူးလိမ့်ပါလေရော။


ပိတ်ဖြူဝတ်လူငယ်က မြေကြီးပေါ်လူးလိမ့်နေတဲ့သူတွေကိုကြည့်ပြီး


" သူတို့ကိုရေဖြန်းပေးလိုက်ပါ သူတို့သဘောတူတဲ့အတွက် ပျော်နေကြတာပါ "


ရွာသားတွေလဲ နီးစပ်ရာအိမ်တွေမှာရှိတဲ့ ရေတွေခပ်ပြီး စည်းထဲကလူတွေရှိရာလောင်းချပေးလိုက်တယ်။ အတန်ကြာတော့ စည်းဝိုင်းထဲမှာ ဝင်ပူးနေတဲ့သူတွေက အရုပ်ကြိုးပြတ်သလို ပစ်လဲကျသွားတယ်။


ပိတ်ဖြူဝတ်လူငယ်လဲ စည်းဝိုင်းထဲမှာ လဲကျနေတဲ့ရွာသူရွာသားတွေကိုချက်ချင်းမထုတ်ခိုင်းပဲ ရေမန်း၊ဆန်မန်း၊ဆနွင်းမန်းတွေနဲ့ပက်ဖြန်းပေးပြီးတော့မှ စည်းဝိုင်းအပြင်ဘက်ကိုထုတ်စေခဲ့တယ်။


ကျန်တဲ့ ရေမန်း၊ဆန်မန်း၊ဆနွင်းမန်းတွေကို သူကြီးဆီအပ်ပြီး


" မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေဆိုတာ မယုံလို့လဲမရဘူး ဒါကြောင့် သူတို့ကိုမထီမဲ့မြင် မလုပ်ပါနဲ့ ကျုပ်တို့က ဒီတစ်ကြိမ်မှာ ရေစက်ရှိလို့ ရောက်လာတာဆိုပေမယ့် နောက်တစ်ကြိမ်ထပ်ရောက်ဖို့ကမလွယ်ဘူး ဒါကြောင့်ကတိကိုတည်ပါ ‌သူတို့ကိုနေရာပေးပါ တစ်နှစ်တစ်ကြိမ် နွားနို့ ပေါက်ပေါက်ဆုပ်တွေနဲ့ ပူဇော်ပေးပါ ဒီရွာကိုသူတို့စောင့်ရှောက်ပါလိမ့်မယ် "လို့ပြောပြီး ရွာပြင်ကိုပြန်အထွက်မှာ သူကြီးက


" လူငယ်ပေမယ့် ပညာကြီးမားလိုက်တာ ဆုံခွင့်ရရင်နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ် ကျုပ်ရဲ့အတ္တတွေကိုလဲတတ်နိုင်သလောက်လျော့ချပါ့မယ်"


သူကြီးရဲ့စကားအဆုံးမှာ နောက်ကျောပေးပြီး ထွက်သွားတဲ့လူငယ်နှစ်ယောက်ဆီကနေ သာဓုသုံးကြိမ်ခေါ်တဲ့အသံကိုကြားလိုက်ရတယ်။

++++++++++

ဒီအဖြစ်အပျက်တွေဖြစ်ပြီးအစိမ်းပြင်ရွာမှာနှစ်စဉ် ရေသွင်းခါနီးတိုင်း ရေသွင်းမြောင်းထိပ်က နတ်ကွန်းလေးမှာကန်တော့ပွဲပေးတဲ့ရိုးရာဓလေ့တစ်ခုပေါ်ပေါက်လာခဲ့တယ်။


ဒါကတော့ အောင်မြတ်သာတို့ဆရာတပည့်တွေခရီးသွားဟန်လွှဲကူညီပေးခဲ့တဲ့ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။ နောက်ဖြစ်စဉ်တစ်ခုကတော့ အတတ်ဆန်းရင်း လိပ်ပြာကြိုးပြတ်တောက်သွားခဲ့တဲ့ လူငယ်လေးတစ်ယောက်ကို အောင်မြတ်သာတို့ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်လေလွင့်လိပ်ပြာဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။


လေးစားစွာဖြင့်

ဇေယန(ရာမည)

No comments

Post a Comment