အမေရေယဉ်

  အမေရေယဉ် *************** ဓားပိုင် ကျားပိုင် မြွေပိုင် မီးပိုင် ဟုကျော်ကြားသော အနောက်အမေကြီးခေါ် အမေရေယဉ်သည် အပြင် ၃၇ မင်းစာရင်းမ၀င်သော်လည်... thumbnail 1 summary

 အမေရေယဉ်

***************
ဓားပိုင် ကျားပိုင် မြွေပိုင် မီးပိုင် ဟုကျော်ကြားသော အနောက်အမေကြီးခေါ် အမေရေယဉ်သည် အပြင် ၃၇ မင်းစာရင်းမ၀င်သော်လည်း နတ်လောကတွင် ထင်ရှားသော နတ်တစ်ပါးဖြစ်သည်။ ရေတို့၏ အရှင်သခင် ဖြစ်သောကြောင့် မူလအမည် စောနန်းမွန်ဟု မခေါ်ဘဲ အမေရေယဉ်ဟု ခေါ်ဝေါ်ကြသည်။ နတ်နန်းတည်နေရာမှာ အထက်အညာဒေသ မုံရွာခရိုင် ယင်းမာပင်မြို့အနိ်းရှိ မောင်းတုံရွာဖြစ်သည်။ ပွဲတော်ရက်မှာ တပေါင်းလပြည့်ကျော် ၄ ရက်နေ့မှ ၈ ရက်နေ့အထိဖြစ်သည်။ သက်ဆိုင်ရာ အနီးအနားရွာများမှ လှည်းများစွာဖြင့် လာရောက်ကြသောကြောင့် လှည်းဦးချပွဲဟုလည်းခေါ်သည်။ ပွဲတော်ကွင်းကြီးတစ်ခုလုံး လှည်းများဖြင့် ပတ်လည်ဝိုင်းထားသည်။ အင်းအိုင်ခလှည့် လက်ဖွဲ့ ပယောဂ အောက်လမ်းဖြင့် ပြုစားခြင်းများသည် အမေကြီး၏ ခြေရင်းတွင် အားလုံးပျောက်ပျက်ရတော့သည်။ ပညာရှင်များ၏ အရှင်သခင် ဖြစ်သောကြောင့် ပညာသည်များအားလုံး လာရောက်ဂါရဝြပုရသည်။ ရှေးယခင်က ပညာသည်များသည် နေ့ခင်းတွင် သာမာန်လူများနည်းတူ လာရောက်ကြသည်။ ယောက်ျားလေးလူငယ်များ၏ လူငယ်ဘာ၀စနောက်ပြောင်လှောင်ခြင်းကို သည်းမခံနိုင်သော ပညာသည်မိန်းကလေးသည် ၀မ်းတွင်းပညာဖြင့် ကျိန်ဆဲပါက ပွဲတော်လာရောက်သူများ ဒုက္ခမရောက်စေရန် အမေကြီးက အမိန့်ထုတ်လိုက်သည်။ ပညာသည်များအားလုံး နေ့ခင်းမလာရ။ ညလူခြေတိတ်ချိန် လူအများနှင့် မရောနှောစေဘဲ လာရောက်ရမည်ဟု အမိန့်ထုတ်သည်။ ထို့ကြောင့် ပညာသည်များသည် ပွဲတော်လာရောက်သူများ အိပ်မောကျနေချိန် ညသန်းခေါင်ယံမှသာ ကောင်းကင်ပြင်မှ လာရောက်ကြသည်ဟု ဆိုသည်။ အမေကြီးသည် စွမ်းအားကြီးမားသလို စိတ်လည်း အရမ်းပြင်းထန်သည်။ ပုဂံပြည်ကြီးကိုပင် ဖျက်စီးပစ်မည်ဟု ကြုံးဝါးသောကြောင့် သိကြားမင်းသိ၍ အမေကြီးထံ သာသနာထွန်းကားသော ပုဂံပြည်ကို မဖျက်စီးရန်မေတ္တာရပ်ခံရသည်။ အမေကြီး၏ ပညာများကိုလည်း အလှူခံရာ မပေးချင်သောကြောင့် မြွေတစ်ကောင်ဖန်ဆင်း၍ ၄င်းမြွေအတွင်းသို့ ပညာများထည့်လိုက်သည်။ သိကြားမင်းသိ၍ မြွေကိုဖျက်ဆီးရာ မြွေမှာ သုံးပိုင်းပြတ်လေ၏။ အမေကြီးသည် စိတ်တို၍ မြွေသုံးပိုင်းကို လွှတ်ပစ်ရာ ခေါင်းပိုင်းသည် ယင်းမာပင်မြို့ပေါ်သို့ကျရောက်၍ ၄င်းမြို့သည် ရေမြွေပင်ဖြစ်ပါစေ အဆိပ်ပြင်း၏။ အမြီးပိုင်းသည် မုံရွာအနီးကျရောက်ရာ ၄င်းမြို့တွင် အဆိပ်ရှိသောမြွေ အလွန်နည်း၏။ ၀မ်းဗိုက်ပိုင်းသည် ယောနယ်တဝိုက်သို့ ကျရောက်ရာ ယောမြို့ ဆောမြို့မှ လူများသည် ၀မ်းတွင်းပညာ အလိုလိုတတ်၏။ ထို့ကြောင့် ၄င်းတို့သည် ပညာသည်များဖြစ်၍ သီးသန့်နေထိုင်ကာ ပွဲတော်ရက်တွင် ခေါင်းမြီးခြုံ၍ လာရောက်ဂါရဝြပု၏။ အလောင်းစည်သူဘုရင်၏ မိဖုရားမှ အကောက်ကြံမှုဖြင့် မင်းဒဏ်သင့်ရာ အသက်အန္တရာယ်ကင်းဝေးစေရန် ကဝေသာရဘိုးဘိုးက အမေကြီး၏ အသက်ကို ဗူးသီးခြောက်အတွင်းထည့်၍ ထားလေ၏။ ထို့ကြောင့် သက်ဆိုင်သူများက တပေါင်းလတွင် ဗူးသီးမစားကြ။ ဗူးသီးကို ဓားဖြင်းခွဲလိုက်လျှင် အမေကြီး၏ အသက်ကို ဖော်ထုတ်သလိုဖြစ်သောကြောင့် ရှောင်ကြဉ်ကြသည်ဟု ဆိုသည်။ သို့သော်လည်း အလောင်းစည်သူဘုရင်သည် အမေကြီး၏ ပညာနှင့်စွမ်းအားကို သိရှိသောကြောင့် လောကအကျိုးပြုစေရန် ညီအမလေးယောက်အား နေရားများအသီးသီး အပိုင်စားပေး၍ ဖောင်တော်ဖြင့် ပုဂံပြည်သို့ စုန်တော်မူ၏။ ဤတွင် နေရာအပိုင်စားပေးရာတွင် အမေကြီး၏ အကိုတော်သူ တောင်ဦးမြို့စားမရှိသောကြောင့် မရလိုက်ပေ။ တောင်ဦးမြို့စားရောက်လာချိန်တွင် အလောင်းစည်သူမင်းကြီးသည် ပုဂံသို့စုန်ဆင်းသွားပြီဖြစ်၏။ မောင်နှမငါးယောက် လိုက်လာရာ ဘုရင်ကမေးသောကြောင့် အကြောင်းစုံသိသော် တောင်ဦးမြို့စားအား ကြက်လောင်း၍ နိုင်မှသာ နေရာရမည်ဟုဆို၏။ ကြက်သုံးကြိမ်လောင်းရာ နှစ်ကြိမ်တိုင်တိုင် တောင်ဦးမြို့စား ရှူံး၏။ ထို့ကြောင့် နောက်ဆုံးအကြိမ်တွင် အမေကြီးက တောင်ဦးမြို့စားအား မလောင်းစေဘဲ သူ၀င်လောင်း၏။ တစ်ကြိမ်တည်းနှင့် အပြတ်အသတ်နိုင်၍ ဘုရင်က တောင်ဦးနယ်ကို အပိုင်စားပေးရ၏။ ထို့ကြောင့် တောင်ဦးနတ်ပွဲတွင် တောင်ဦးမြို့စားသည် နှစ်ကြိမ်သာကြက်လောင်း၍ သုံးကြိမ်မြောက်တွင် အမေကြီးက ၀င်လောင်းရ၏။ စိတ်တန်ခိုးရှင်ဖြစ်သောကြောင့်သာ ပုဂံပြည်၏ ဘုန်းတန်ခိုးအကြီးမားဆုံးဘုရင်ကို အနိုင်ရခြင်းဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် တည်ရှိသော်လည်း စိမ့်ရေ စမ်းရေ မြေအောက်ရေများပေါများလှ၍ အေးချမ်းစိမ်းစိုနေလေ၏။ သို့ဖြစ်ပါ၍ ရန်အပေါင်းကို ဖယ်ရှားနိုင်သော စွမ်းအင်တန်ခိုးကြီးမားလှသော ရေတို့၏အရှင်သခင်ဖြစ်သော မန္တလေးမြို့၏ အနောက်ဘက်တွင်တည်ရှိ၍ အနောက်အမေကြီးဟု ခေါ်တွင်သော ရေယဉ်ကတော်ကြီးအား နဖူးရှေ့ချ ဦးတိုက်ပါ၏ဘုရား......

"""အမေရေယာဉ်ကတော်ကြီး စောနန်းမွန်
နတ်သမိုင်း.....(အကျဉ်းချုပ်)"""
************************************

သူစိတ်ဆိုးလို့ ခြေဆောင့်လိုက်တဲ့နေရာ
မြေကြီးအတွင်းမှ ရေတွေစိမ့်ထွက်သတဲ့။
ဆင်တွေကျားတွေကိုတောင်နပမ်းဖက်လုံးလို့
အရှင်လတ်လတ် အသဲတွေထုတ်စားသတဲ။့
လပြည့်ညတွေမှာညီအမတတွေ
တိမ်တွေပေါ်ကစားကြ
တိမ်ညွှန့်တွေစားကြသတဲ့။
ထဘီစွန်တောင်ဆွဲ ပုခုံးပေါ်ဓါးကိုထမ်းလို့
ပုံတော်ဖိနပ်စီး ရေပေါ်လမ်းလျှောက်ကာ
လက်ညှိုးညွှန်ရာရေဖြစ်တဲ့
မဏိစည်သူမင်းကြီးရဲ့ဖောင်ကိုတောင်တားနိုင်သတဲ့။
ချောက်ကမ္ဘားတွေကျော်လို့
တတောင်နဲ့ တတောင်ကိုတောင်
အသာလေးခုန်ကူးနိုင်သတဲ့။
သူလာရာလမ်းတလျှောက်
မြွေဆိုးမြွေဟောက်တွေတောင်
ကြောက်လွန်းအားကြီးလို့
ငန်းတော်ရှင်မြွေမကြီးကိုယ်တိုင် တားရသတဲ့။
နှုတ်ကနေပြောလိုက်တိုင်းမြွေတွေဟေ့ဆိုရင်
ဆီအိုးတွေထဲ ဆီအစား မြွေတွေကအပြည့်တဲ့။
မိုးကောင်းကင်ယံမှာ ညီအမတသိုက်
ကစားကြ တိမ်ညွှန့်တွေခူးစားကြတဲ့အချိန်
နေရာလုစိန်ခေါ်ရန်လုပ်တဲ့ နာကစိန်စုန်းမကို
ညီအမတွေထဲ အငယ်ဆုံး
အပျိုစင်ဖြစ်ပြီး အလှဆုံးနဲ့စိတ်အထက်ဆုံး
အမေကြီး စောနန်းမွန်က
စက်ကြိုးကိုဖြတ်ချလိုက်လို့ မိုးကောင်းကင်ယံက
ပြုတ်ကျအီစိမ့်သွားတဲ့ အတွက်
အမေကြီးကို နာကစိန်စုန်းမဟာ
အညှိုးထားလေသတဲ့။

ယုတ်မာပက်စက်တဲ့စုန်းမ
နာဂသိန်မိဘုရားကြီးဟာ
အမေကြီးတို့မောင်နှမကိုစုန်းတွေဆိုပြီး
ဘုရင်ကြီးကိုဂုံးချောလို့ရန်တိုက်သတဲ့။
သူမိဖုရားဟာစုန်းမဆိုတာကို
ဘုရင်ကြီးကမသိရှာဘူးလေ။
သူဟာသူပျော်နေကြတဲ့မောင်နှမတွေပါ
ဘယ်သူ့ကိုမှဒုက္ခမပေးကြပါဘူး
ရန်ညှိုးထားတဲ့စုန်းမကြောင့်
အမေကြီးတို့မောင်နှမငါးဦးကို
သတ်ဖို့ ဖမ်းဖို့ ညာခေါ်သတဲ့။
အမျိုးတော်တဲ့ဘုရင်ကြီးဟာ
မိဘုရားစုန်းမအယုတ်တမာရဲ့
စကားနားယောင်လို့
ဒင်းတို့မောင်နှမငါးယောက်လုံး
စုန်းပညာတွေနဲ့ငါ့ထီးနန်းလုမယ်ထင်ပြီး
ငါကိုယ်တော်ထံအခစားဝင်စေတဲ့။

ဦးရီးတော်ဘုရင်ကြီး ကခေါ်တော့ ဝမ်းသာအားရပေါ့
မိမိတို့နယ်ထွက်လက်ဆောင်ပဏ္ဍာတွေ
တယောက်တမျိုး ယူကြတယ်
အကိုတော်ဖြစ်တဲ့ တောင်ဦးနယ်စားလေးဟာ
ညီမတော်ရဲ့ ဒေါသနဲ့စိတ်ကို သိတဲ့အတွက်
အကြိမ်ကြိမ် စိတ်ထိမ်းဖို့ ကတိတွေ
အတန်တန်တောင်းပြီးမှ
လိုက်ပါခဲ့စေတဲ့အတွက်
အမေကြီးက
ရာဝင်အိုးကြီးတွေမှာ နှမ်းဆီစစ်စစ်တွေ
မိမိကိုယ်တိုင်ကြိတ်လို့
မနိုင်မနင်းသယ်လာသပေါ့။
သူများတွကတော့ ပေါ့ပေါ့ပါးပါးလေ
အမေကြီးကစေတနာကြီးလွန်းတာကိုး။
ကမ်းရောက်လို့အမတ်ကြီးက ဟဲ့အငယ်မ
နင့်အိုးကြီးတွေက ဘာတွေလဲလို့မေးသတဲ့
လူကောစိတ်ကော ပင်ပန်းလာတဲ့အမေကြီးက
စိတ်ကပေါက်တော့ ကောင်းကောင်းမဖြေမိဘူး
ဟဲ့လျှာရှည်တဲ့အမတ်
အဲဒီအိုးကြီးတွေထဲမြွေတွေဟေ့လို့
ဒေါသရှေ့ထားနှုတ်က လွှတ်ကနဲပြောလိုက်မိသတဲ့။
လျှာရှည်ရုံမက လက်ပါယားတဲ့အမတ်ကြီးက
အိုးကြီးဖွင့်ကြည်တော့
ဟာ အမလေး ဟုတ်ပ
မြွေကြီးတွေ မြွေကြီးတွေ မြွေကြီးတွေဆိုပြီး
မြွေကိုက်လို့တုန်းကနဲလဲသေတော်မူသတဲ့။
ရာဝင်အိုးထဲဆီတွေအစား
အမေကြီးစိတ်ဆိုးလ ို့နှုတ်ကပြောတဲ့အတိုင်း
မြွေတွေက ကြောက်ခမန်းလိလိအပြည့်နော်။
ဖမ်းကြဝိုင်းကြ စုန်းမဟေ့ဆိုတော့အမေကြီးပြေးတာ
ခြေနဲ့မြေကြီးနဲ့လုံးဝမထိဘူးလေ။ အဲဒီမှာ၀မ်းတွင်းပညာဟာဗူးပေါ်သလိုပေါ်လို့
အမေကြီးဒေါသကြောင့်
မောင်နှမတွေဖမ်းဆီးထားပြီး
အကိုလုပ်သူနဲ့အမေကြီးကို
ဆင်ကြီးနဲ့နင်းသတ်စေသတဲ့။

လာစမ်းဟဲ့ နင်ကဆင်ဆို ငါကဂဠုန်
ဟိတ် နင့်အစွယ်ငါတခါချိုးလိုက်မယ်
တုံးကနဲလဲစေဟဲ့ဆိုပြီး
အမေကြီးအစွမ်းနဲ့ဆင်ကိုအစွယ်ချိုး
ကျားကိုနပမ်းလုံးသတ်ပုတ်ကာ
အူတွေအသဲတွေ ထုတ်စားတော့တာဘဲ။
ဘယ်သူမှမမြင်ဒေါသကြီးလို့
နင်တို့အသား ငါအစိမ်းလိုက်စားမဟ ဲ့လို့ကြုံးဝါးပြီး
အုတ်တံတိုင်းကြီး လွှားကနဲ့ခုန်ကာ ထွက်ပြေးတယ်ပေါ့
လူသတ်ကွင်းထဲ ကျန်တဲ့အကိုကို
အမတ်တွေက မင်းနှမဦးခေါင်း
မင်းကိုယ်တိုင်ဖြတ်ခဲ့ မလုပ်ရင်
ကျန်တဲ့ ညီမသုံးယောက်ကို
သတ်ပစ်မဟဲ့ဆိုပြီး စေလွှတ်ခဲ့သလေ။

အမေကြီးလဲ ပြေးရင်းလွှားရင်းနဲ့
ပုံတောင် ပုံညာ တောင်တွေဆီရောက်လာတယ်
ငါအကိုတွေငါ့အမတွေဆိုပြီး
ဝမ်းနဲပူဆွေးဒေါသကြောင့်ခြေဆောင့်လိုက်ရင်
ပုံတောင် ပုံညာက
မြွေတွေအထွေးလိုက်သေကုန်သတဲ့။
မြွေတွေလဲ ငန်းတော်ရှင်မြွေဘုရင်မကြီးထံ
အပြေးအကူအညီတောင်းတော့
မြွေမကြီးကလူယောင်ဖန်ဆင်းပြီး
အမေကြီးကိုတားသတဲ့။
ငန်းတော်ရှင်မြွေဘုရင်မကြီးဟာ
အမေရေယဉ်ကတော်ဖြစ်လာမယ့်
အမေကြီးစောနန်းမွန်ကို
မြွေတို့တပ်အပ်ပညာရပ်တွေ
အကုန်သင်ကြားပေးတယ်
မြွေတွေကိုနိုင်နင်းတဲ့
အနောက်မယ်တော်ကြီးပေါ့။

ဘုရင်ကြီးကသတ်စေဆိုတော့
အကိုဟာ နွမလို
တောင်တွေမကျော်နိုင်တာကြောင့်
ညီမလေးကိုတားရင်း
ချော့ရင်းလိုက်ရင်းနဲ့ချောက်ထဲပြုတ်ကျပြီး
နတ်စိမ်းဖြစ်ရတယ်လေ။
မောင်နှမတွေတကွဲတပြားပြေးလွားရင်း
နတ်စိမ်းတွေဖြစ်ကြပေါ့။
အမေကြီးတယောက်ထဲလွှတ်မြောက်လို့
အမျက်ဒေါသအငြိုးကြီးစွာ
ပုဂံပြည်ကြီးဖျက်ဆီးမဟဲ့ဆိုပြီး
အပြေး ဝုန်းဒိုင်းကြဲ လာတဲ့အခါ
ဘိုးတော်သိကြားမင်းကဆင်းလို့
အမေကြီးဆီကဝမ်းတွင်းအတတ်တွေ အလှုခံပြီး
လူတပိုင်းနတ်တပိုင်းအဖြစ်
ဖန်ဆင်းပေးသနားတယ်လေ။

သိကြားမင်းနဲ့တွေ့ဆုံပြီး
ပညာတွေကင်းမဲ့သွားတဲ့ အမေကြီးကို
ကဝေမယ်တော်ကြီးက
ခေါ်ယူစောင့်ရှောက်ရင်း
ကဝေသာရဘိုးဘိုးကြီးထံခွှင့်ပန်လို့
ကဝေပညာအတိပြီးတဲ့
ကဝေမယ်တော်ကြီးရဲ့ တံတွေးကို
မြိုချစေတယ် ပညာတွေပြန်ရသွားတဲ့
အမေကြီးဟာ အချုပ်ခန်းထဲက
အမတော်တွေကို ကိုယ်ယောင်ဖျောက်
ကယ်တင်ခဲ့တယ် ဒါပေမယ့်
ခဏသာလျှင်ဆုံရပြီးတကွဲဆီပြန်ဖြစ်လို့
တယောက်တမျိုး အယူတိမ်းကာ
နတ်စိမ်းတွေဖြစ်ကြပေါ့။

တနေ့ မဏိစည်သူမင်းကြီးဟာ
သူ့ဖောင်တော်နဲ့ လက်ညှိုးညွှန်ရာ
ရေဖြစ်စေပြီး မူးကြီးမတ်ရာတွေနဲ့
တိုင်းခန်းလှည့်လည်လာတဲ့အချိန်
အမေကြီးကဖောင်တော်ကိုတားလိုက်တယ်လေ။
ဟဲ့ အမတ်တို့
ငါ့ဖောင်တော်ဘာကြောင့်ရပ်တန့်သွားရသလဲ
အလို ဖောင်ရှေ့ရေမျက်နှာပြင်ပေါ်
ပုံတော်ဖိနပ်စီး ထဘီစွန်တောင်ဆွဲပြီး
ထဘီရင်လျှား ဆံပင်ဖါးလာချလို့
ဓါးထမ်းရပ်နေတာ ဘယ်သူတုန်း
ဟဲ့ကလေးမ သင်ဘာကြောင့်
ငါ့ဖောင်အားတားသနည်းဆိုတော့

ဟား ဟား ဟား ဟား
မမှတ်မိတော့ဘူးလား အရှင်မင်းကြီးကိုယ်တိုင်
သတ်စေလို့အမိန့်ထုတ်ခဲ့တဲ့ နန်းမွန်လေ
စောနန်းမွန်ပါ အခုဘဝမှာ
လူတပိုင်းနတ်တပိုင်းဖြစ်နေရပြီ
အရှင်မင်းကြီးရဲ့ ကျေနပ်တော်မူပါဆိုတော့
မိဘုရားစုန်းမ နာဂသိန်ဂုံးတိုက်လို့
တူတွေတူမတွေ ဘဝဆိုးကိုသံဝေဂရတဲ့
မင်းကြီးဟာ နာဂသိန်မိဘုရားကိုကွပ်မျက်
အမေကြီးကိုလဲနေရာအပိုင်စားတွေ
ပေးတော်မူလို့ သမိုင်းတွင်မယ့်
အမေရေယဉ်ကတော်အဖြစ်
လူတို့ကိုကိုးကွယ်စေခဲ့တယ်

ဒီနေ့ထက်ထိအမေကြီးဟာရှိနေပါသတဲ့။
တခါတလေသူ့ရဲ့ပွဲတော်ကြီးမှာ လူတွေအမေကြီးကိုမြင်ကြတွေ့ကြသတဲ့။
အမေကြီးဟာဖြူစင်ရိုးသား မြင့်မြတ်သူပါ
အမေကြီးတားလို့မဏိစည်သူမင်းကြီး
ဖောင်တော်ရပ်တန့်ရာ ဇီးတောအရပ်
အမေရေယဉ်ကတော်ကြီးတည်ထားရာ
ဖောင်တော်ဦးစေတီလို့ထင်ရှားတဲ့
သာသနာပြုမယ်တော်ကြီးပါ
အမေကြီးခြေဆောင့်လို့
ရေထွက်ရာစိမ့်စမ်းတွေက ဆေးဘက်ဝင်သတဲ့။
အမေကြီးကိုပူဇော်ကိုးကွယ်ရင်လဲ
အတိုက်အခိုက်ကင်းသတဲ့။
ကျားပိုင် ဓါးပိုင် အနောက်မယ်တော်ကြီး
အမေရေယဉ်ကတော် စောနန်းမွန်။

No comments

Post a Comment