အောင်မြတ်သာနှင့်သိုက်ဖြတ်ကြိုး

“ဟဲ့ကောင်တွေ ငါ့ကိုလွှတ်စမ်း ငါ့အသားကိုထိရအောင် နင်တို့ကဘာတွေလဲ” “ ထိန်းပါဦးဟ ဒီကောင်ရုန်းချက်က ငါ့အိမ်က နွားထီးဂွေးသင်းတုန်းကလောက်ရှိတယ်” အ... thumbnail 1 summary



“ဟဲ့ကောင်တွေ ငါ့ကိုလွှတ်စမ်း ငါ့အသားကိုထိရအောင် နင်တို့ကဘာတွေလဲ”

“ ထိန်းပါဦးဟ ဒီကောင်ရုန်းချက်က ငါ့အိမ်က နွားထီးဂွေးသင်းတုန်းကလောက်ရှိတယ်”

အပေါ်ပိုင်းအင်္ကျီချွတ်ထားပြီး ပုဆိုးခါးထောင်ကြိုက်ထားတဲ့ လူသုံးယောက်က ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်ကိုချုပ်ထိန်းရင်း စိတ်ညစ်စွာညဉ်းညူလိုက်တယ်။ အားကောင်းမောင်သန်လူသုံးယောက်ချုပ်ထားတဲ့ကြားထဲမှာ ရှိနေတဲ့လူငယ်က တစ်ချက်တစ်ချက် မျက်စောင်းထိုးလိုက် တောက်ခတ်လိုက်နဲ့ရုန်းကန်နေရင်းကနေ မောသွားဟန်နဲ့ တစ်ချက်ငြိမ်သွား တဲ့အချိန် ခြံဝင်းထဲကို မိခင်ဖြစ်သူနဲ့အောင်မြတ်သာတို့ဝင်လာခဲ့တယ်။

“ မခင်နုရေ နင့်သားကို နင်လာထိန်းပါဦးဟ ငါတို့သုံးယောက်ချုပ်ထားတာတောင် မနိုင်ဘူး”

အိမ်ပေါ်မှာရှိနေတဲ့လူတွေရဲ့စကားကြောင့် မခင်နုက စိုးရိမ်ပူပန်စွာနဲ့အိမ်ပေါ်တက်လာပြီး

“သားရယ် အဲလိုမကြံကောင်းမစည်ရာတွေမလုပ်ရဘူးလေ အမေ့မှာဒီသားတစ်ယောက်ထဲ ရှိတာ လိမ်မာတယ်နော်”လို့ပြောတော့ ဆယ်ကျော်သက်လူငယ်လေးက မျက်ဖြူလန်နေရာကနေ ရုတ်တရုတ်ဆိုသလိုမျက်လုံးပြုးလာပြီး

“နင်ဘယ်သူ့တွေကိုခေါ်လာတာလဲ သူတို့ကိုချက်ချင်းပြန်မောင်းထုတ်လိုက် သွား ငါ့အိမ် ကနေပြန်သွားကြ”လို့ပြောကာ ရုန်းကန်ပါလေရော။

မခင်နုကတော့ မျက်စိပျက်မျက်နှာပျက်နဲ့ အိမ်ပေါ်ကိုတက်ဖို့ပြင်နေတဲ့လူသုံးယောက်ကို ကြည့်ပြီး

“ဆရာလေးတို့ စိတ်မရှိပါနဲ့နော် သားလေးက ပုံမှန်စိတ်မဟုတ်လို့ခုလိုပြောမိတာပါ”

“ ရပါတယ် အရီး ကျွန်တော်တို့ လူမမာကိုတစ်ချက်ကြည့်ပါရစေ”

“ကြည့်ပါ ကြည့်ပါ မြင့်ဦးရေ ဒီကဆရာလေးတို့ကို နေရာလုပ်ပေးပါဦး”

မခင်နုစကားကြောင့် ပုဆိုးခါးထောင်းကြိုက်ထားတဲ့လူက ဘုရားကျောင်းဆောင်အရှေ့မှာ ထိုင်ဖို့နေရာလုပ်ပေးနေတဲ့အချိန် လူငယ်က မိခင်လက်ထဲကနေ ရုန်းပြီးထပြေးဖို့အလုပ် ‌အောင်မြတ်သာက စူးစိုက်ကြည့်လိုက်ရာ ရုန်းကန်နေတဲ့လူငယ်က ချက်ချင်းဆိုသလို မျက်နှာ လွှဲပြီး ငြိမ်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ဘုရားကျောင်းဆောင်အရှေ့မှာနေရာယူပြီး လူငယ်ကိုကြည့်လိုက်ရာ အတိတ်ဘဝကပါလာတဲ့ အစွဲတစ်ခုကိုမြင်မိတဲ့အတွက် သန့်ရှင်းတဲ့သောက်ရေတစ်ခွက်ကို တောင်းကာ မန်းမှုတ်ပြီးတိုက်ခိုင်းခဲ့တယ်။

လူငယ်ပါးစပ်ထဲ ရေမန်းအနည်းငယ်ဝင်တော့ မူလအသိစိတ်အနည်းငယ်ပြန်ရလာပြီး ရင်ဘတ်အစုံက ဖားဖိုဆွဲသလိုဖြစ်ကာ မောပန်းနေခဲ့တယ်။ ခဏနေတော့ လူကောင်းပကတိအသွင်း ပြန်ဖြစ်သွားပြီး အောင်မြတ်သာနဲ့ မိခင်ဖြစ်သူကို အံ့သြတဲ့ဟန်နဲ့ကြည့်နေခဲ့တယ်။

“ သားလေး သတိရလာပြီလား အမေခဗျာစိတ်ပူလိုက်ရတာကွယ်”

“ ကျွန်တော် ကျွန်တော် ဘာဖြစ်သွားတာလဲအမေ ဒီကဧည့်သည်တွေကရော ဘယ်သူတွေလဲ”

တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာစိမ်းတွေကိုကြည့်ပြီးမေးလိုက်တဲ့ လူငယ်ရဲ့စကားကြောင့် အောင်မြတ်သာက နှစ်လိုဖွယ်ပြုံးကာ

“ အစ်ကိုတို့က ငါ့ညီကျန်းမာအောင်ကုသပေးမယ့်လူတွေပါ အခုလောလောဆယ် ငါ့ညီ ပင်ပန်းနေတဲ့အတွက် ခေတ္တနားလိုက်ပါဦး”လို့ပြောလိုက်တော့ မခင်နုက လူငယ်ကိုအိပ်ခန်းထဲ ခေါ်သွားပြီး အနားယူစေခဲ့တယ်။

ခဏကြာတော့ မခင်နု ပြန်ထွက်လာပြီး

“ သားလေးကတော့ မောပြီး အိပ်ပျော်သွားတယ်ဆရာ ကျွန်မလဲ ဒီသားတစ်ယောက်ထဲ ရှိတာဆိုတော့ စိတ်ပူရလွန်းလို့သေတော့မယ်”

“ ကောင်လေးက အခုလိုမကြာမကြာဖြစ်တတ်လား”

“ ဒီလိုဖြစ်တာသိပ်မကြာသေးဘူး သားလေးက အရမ်းကိုအေးတာ နောက်ပြီး ဘာသာရေး ကိုလဲအရမ်းလုပ်တယ် လွန်ခဲ့တဲ့လက သူကိုရင်ရာသက်ပန်ဝတ်ချင်တယ်ဆိုပြီးပြောသေးတယ် ကျွန်မကလဲ တစ်ဦးထဲသောသားဖြစ်တဲ့အတွက် သာသနာ့ဘောင်ထည့်ဖို့ ချီတုံချတုံဖြစ်နေခဲ့တယ် နောက်မှတွေးမိတာက သူစိတ်အရမ်းပါနေတာကိုပေးလုပ်လိုက်မယ်ပေါ့ ဒါမှလဲ ရဟန်းမယ်တော် အဖြစ်ကိုရမှာမဟုတ်လား အဲလိုတွေးပြီးတစ်ပတ်လောက်ကြာတော့ သားလေးက အိပ်နေရင်း တစ်ယောက်ထဲစကားတွေပြောလာခဲ့တယ် တစ်ခါတစ်ခါ အရမ်းကြောက်လန့်နေတဲ့ဟန်နဲ့ ငိုနေတာ တွေကိုတွေ့ခဲ့ရတယ် ကျွန်မကဘာဖြစ်တာလဲလို့မေးရင် ဘာမှမပြောပဲ ခေါင်းပဲခါနေတတ်တာ”

မခင်နုစကားကြောင့် အောင်မြတ်သာက ဖြစ်ကြောင်းကုန်စင်ကိုသဘောပေါက်ဟန်နဲ့

“ သူ့ရဲ့အတိတ်ဘဝက တော်စပ်ခဲ့ဖူးတဲ့သူတစ်ဦးဦးက သာသနာဘောင်မဝင်နိုင်အောင် နှောက်ယှက်နေတာဖြစ်ပါလိမ့်မယ် ဒီတစ်ညတော့ သူ့ကိုစောင့်ကြည့်လိုက်ပါဦး ညဘက်ရောက်လို့ သူ့တစ်ယောက်ထဲစကားတွေပြောနေခဲ့ရင် မသိချင်ယောာင်ဆောင်ပြီးနေပေးပါ “လို့ပြောတော့ မခင်နုက သဘောပေါက်ဟန်နဲ့ ခေါင်းညိမ့်ပြလိုက်တယ်။

အောင်မြတ်သာတို့လဲ မခင်နုအိမ်မှာအခြေပြုရင်း နေ့ခင်းဘက်တရားထိုင်နေချိန် အိမ်နောက်ဘက်ကနေ လှမ်းခေါ်နေတဲ့ မိန်းမတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်။ သိပ်မကြာခင် အိပ်ခန်းထဲကမှာ အိပ်နေတဲ့လူငယ်က အိပ်ယာကနေထပြီး

“ အစ်မတော် ဘာလာပြန်လုပ်တာလဲ ကျွန်တော်အစ်မတော်နဲ့မလိုက်ဘူးနော် “

“ နင်မလိုက်လို့မရဘူးလေ လူ့ဘဝရောက်ရင် ကိုရင်မဝတ်ပါနဲ့လို့ အတန်တန်မှာခဲ့တာကို ဘာလို့နားမထောင်ရတာလဲ”

လူငယ်နဲ့မိန်းမတစ်ယောက်စကားပြောကို အတိုင်းသားကြားနေရတဲ့ အောင်မြတ်သာက တရားထိုင်နေတာကိုဖြုတ်လိုက်တဲ့အချိန်

“ဟိုလူတွေတရားဖြုတ်နေပြီ ငါပြန်တော့မယ် နင်လဲကြပ်ကြပ်သတိထား ငါ့စကားများများ ထပ်မပြောဘူး” လို့ပြောပြီးတဲ့အချိန် အိပ်ခန်းထဲကိုပြန်ဝင်လာတဲ့ လူငယ်ကိုတွေ့လိုက်ရတယ်။ တရားဖြုတ်ပြီးခါစဖြစ်တဲ့အောင်မြတ်သာက အိမ်ထဲဝင်လာတဲ့လူငယ်ကို လက်ယပ်ခေါ်ပြီး

“ ဒီမှာလာထိုင်ပါဦး ခုနက စကားပြောတဲ့အသံတွေကိုကြားလိုက်ရတယ် ဘယ်သူနဲ့ပြော နေတာလဲ”

“ ဘယ်သူမှမဟုတ်ပါဘူး ကျုပ်ဘာသာ ပျင်းလို့တစ်ယောက်ထဲလျောက်ပြောနေတာ”

မလုံမလဲအမူအယာနဲ့ပြောလိုက်တဲ့လူငယ်စကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး

“ ဒါဆိုလဲ ငါကပဲနားကြားမှားတာဖြစ်မှာပါ ဒါပေမယ့် တစ်ခုတော့ပြောထားဦးမယ် မင်းစိတ်ထဲဖြစ်ချင်နေတဲ့အရာကို ငါတို့ကဖြစ်အောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်နော်”လို့ ပြောကာ ခြံဝင်းထဲကိုဆင်းပြီး စင်္ကြန်လျောက်နေခဲ့တယ်။

အောင်မြတ်သာတို့စင်္ကြန်လျောက်နေတဲ့အချိန် ရွာထဲကနေစားစရာဝယ်ပြီး ပြန်လာတဲ့ မခင်နုကိုမြင်တော့

“ အရီးသားကတော့ အိမ်ပေါ်မှာတစ်ယောက်ထဲစကားတွေပြောနေတယ် သူ့ကိုဂရုစိုက်လိုက် ပါဦး”လို့ပြောတော့ မခင်နုက ခေါင်းညိမ့်ပြကာ အိမ်ပေါ်တက်သွားခဲ့တယ်။

ညနေနေဝင်ရီတစ်ရောအချိန်ရောက်တော့ မခင်နု အိမ်ပေါ်ကနေပြေးဆင်းလာပြီး

“ ဆရာလေးတို့ လုပ်ပါဦး ကျွန်မသားလေး ဘာဖြစ်တာလဲမသိဘူး အံတွေကြိတ်ပြီး ကော့ပျံ နေတာပဲ”လို့ပြောတော့ အောင်မြတ်သာတို့စင်္ကြန်လျောက်နေတာကို ရပ်ပြီး အိမ်ခန်းထဲကို ဝင်ကြည့်လိုက်ရာ နှုတ်ခမ်းကိုလျာနဲ့ကိုက်ပြီး နာကျင်မှုဒဏ်ကို အံကြိတ်ခံနေတဲ့ လူငယ်ကို မြင်လိုက် ရတယ်။

မခင်နုက သူ့သားဖြစ်နေတာကိုမြင်တော့ စိုးရိမ်ပူပန်စွာနဲ့ ဆွဲထူဖို့ဟန်ပြင်လိုက်တဲ့အချိန်

“ အမေ ကျုပ်ကိုမနာကျင်စေချင်ရင် အနားမလာနဲ့ ဒီလူတွေကိုလဲ မောင်းထုတ်လိုက်ပါ သူတို့ရှိနေလို့ ကျုပ်အခုလိုခံစားနေရတာ”လို့ပြောတော့ မခင်နုက မျက်စိမျက်နှာပျက်စွာနဲ့

“ဆရာတို့ရယ် ကျွန်မသားလေး ဘာဖြစ်နေတာလဲကြည့်ပေးကြပါဦး သူခံစားနေရတာမြင်ပြီး ကျွန်မအရင်သေသွားပါလိမ့်မယ်”လို့ပြောတော့ အောင်မြတ်သာက လူငယ်ရဲ့ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်ရာ အခန်းထောင့်တစ်နေရာတွင် ကြာပွတ်ကိုကိုင်ကာ မတ်တပ်ရပ်နေတဲ့ မိန်းမ တစ်ယောက်ကိုမြင်လိုက်ရတယ်။

နက်မှောင်ပြီးခြေမျက်စေ့ထိ ရှည်ကျနေတဲ့ဆံပင်တွေအပြင် တစ်ကိုယ်လုံးကျောက်သံ ပတ္တမြားတွေဝတ်ဆင်ထားပြီး ခက်ထန်မာကျောတဲ့မျက်နှာထားရှိတဲ့မိန်းမက အောင်မြတ်သာကို စူးစိုက်ကြည့်ပြီး အောက်မှာလူးလိမ့်နေတဲ့ လူငယ်ကို တစ်ချက်ပြီးတစ်ချက်ရိုက်နှက်နေခဲ့တယ်။

လူငယ်ကတော့ တစ်ချက်ရိုက်တိုင်း အသဲခိုက်အောင်နာကျင်မှုကို အံကြိတ်ခံရင်းလူးလိမ့် နေတာမြင်တော့ အောင်မြတ်သာမနေနိုင်တော့ပဲ

“ ငါရှိနေတာတောင် ထင်ရာစိုင်းနေပါလား တောက်ရ လူငယ်ကိုတွဲပြီး ဘုရားကျောင်းဆောင် ရှေ့ကို‌ခေါ်လာခဲ့”လို့ပြောလိုက်တော့ တောက်ရက လူငယ်ကိုတွဲထူကာ အိမ်ရှေ့ခန်းကိုခေါ်လာ ခဲ့တယ်။

မခင်နုကတော့ ပျာပျာသလဲလဲနဲ့ တောက်ရနဲ့အတူတွဲထူလာပြီး ဘုရားကျောင်းဆောင်ရှေ့ ရောက်တော့ အောင်မြတ်သာက

“ ဒီလူငယ်ကို နှိပ်စက်နေတဲ့ ပုဂ္ဂိုလ်ကို အခုချက်ချင်းငါ့အရှေ့ကြိုးတုပ်ပြီးခေါ်လာခဲ့” လို့ပြောပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ပဲ အရှေ့မှာရှိနေတဲ့လူငယ်ရဲ့လက်က အနောက်ကိုရောက်သွားပြီး အောင်မြတ်သာကို စူးစိုက်ကြည့်ကာ

“ ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ “

“ ဟဲ့ ဥစ္စာစောင့်မ သင့်ကိုငါတို့က သနားလို့ ငြိမ်သွားမလားဆိုပြီး လွှတ်ထားပေးခဲ့တာ အခုတော့သင်က ကျုပ်အခွင့်ရေးပေးတာကိုအသုံးချပြီး လူငယ်ကိုဘာလို့နှိပ်စက်ရတာတုန်း”

“ ဒီမယ် ငါကသူ့ရဲ့တစ်ဦးထဲသောအမဟဲ့ ငါ့မောင်က လူ့ပြည်ကိုအလည်သွားချင်တယ်ဆိုလို့ ငါကခွင့်ပြုပေးခဲ့တာ မသွားခင်ကလဲ အတန်တန်မှာတယ် လူဘဝရောက်ရင် ကိုရင်မဝတ်ပါနဲ့ဆိုတာ သူကနားထောင်ခဲ့လို့လား ဟိုမိန်းမ နင်လဲအလိုတူအလိုပါပဲ ငါ့မောင်က ဘယ်လောက်ပဲဝတ် ချင်တယ်ပြောပြော နင်ကတားရမှာလေ”

“ သာသနာဘောင်ဝင်တာကို သင်ကဘာလို့ပိတ်ပင်နေရတာလဲ ကိုရင်ဝတ်ရင် သင့်အတွက်လဲ အမျှတန်းဝေပေးမှာပေါ့”

“ ငါအမျှမလိုချင်ဘူး ငါ့မောင်လေး သာသနာဘောင်ထဲဝင်ရင် ငါပြန်ခေါ်လို့မရတော့ဘူး ငါ့မှာဒီမောင်လေးတစ်‌ယောက်ထဲရှိတာပါဟာ နင်တို့ငါ့ကိုသနားပါဦး”

“ ဒီမယ် အမိ သင်နဲ့ လူငယ်က ဘဝချင်းခြားနေပြီ အတိတ်ဘဝက ဘယ်လိုပဲတော်စပ်ခဲ့ဘူး ပါစေ အခုတော့ ဒီကအမျိုးသမီးနဲ့ပဲသက်ဆိုင်တယ် သင်ထပ်ပြီးခေါင်းမာနေဦးမယ်ဆိုရင် ကျုပ်တို့ အဆိုးမဆိုပါနဲ့”

“ အို ငါကခေါင်းမာပြီးသား နင်တို့ငါ့ကိုဘယ်လိုလုပ်လုပ် ငါဂရုမစိုက်ဘူး ငါ့မောင်ကို ရအောင်ပြန်ခေါ်မှာ သိုက်နန်းမှာ ငါ့တစ်ယောက်ထဲ ၁၆နှစ်လောက်နေလာရတာ သူသွားတဲ့ ကာလ ပတ်လုံး တစ်ရက်မှကိုငါမပျော်ပိုက်ဘူး နင်တို့က မောင်နှမသံယောဇဉ်ကို နားလည်ရဲ့လား”

“ ကောင်းပြီ သင်ကဒီလိုဆိုမှတော့ ကာယကံရှင်ရဲ့ဆန္ဒကိုမေးကြည့်မယ် ဒါကြောင့် သင့်ဝင်ပူး နေတဲ့ကိုယ်ထဲကနေ ခေတ္တထွက်ခွာပါ “

အောင်မြတ်သာစကားအဆုံးမှာ ဝင်ပူးနေတဲ့ ပုဂ္ဂိုလ်က လူငယ်ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး ဘေးမှာမတ်တပ်ရပ်နေခဲ့တယ်။ လူငယ်ကတော့ မူးဝေမိန်းမောနေရာကနေ သတိရလာပြီး

“ ဆရာတို့လဲ ပြန်ပါတော့နော် အစ်မတော်က အရမ်းစိတ်ဆိုးနေတာ”လို့ပြောတော့ အောင်မြတ်သာက

“ ညီလေး မင်းရဲ့အစ်မတော်ကို ဘာမှကြောက်ဖို့မလိုဘူး အခုငါတို့မေးတာကို မင်းအမှန်တိုင်း ဖြေပါ မင်းနှုတ်ထွက်စကားက မင်းရဲ့ဘဝကိုအဆုံးဖြတ်ပေးလိမ့်မယ် မင်းအတိတ်ဘဝဟောင်းကို ပြန်သွားချင်လား ဒါမှမဟုတ် သာသနာဘောင်ကိုဝင်ပြီး ကိုရင်ဝတ်ချင်လား” လို့မေးလိုက်တော့ လူငယ်က ဘေးမှာခါးထောက်ကာရပ်နေတဲ့ မိန်းမကိုကြည့်လိုက် အောင်မြတ်သာကိုကြည့်လိုက် လုပ်ပြီး

“ ကျွန်တော် အမှန်တိုင်းပြောရင် အစ်မတော်က ကျွန်တော်ကိုရိုက်မှာလား”

“ မင်းအမှန်တိုင်းသာပြော ဘာမှမဖြစ်စေရဘူးဆိုတာ ငါတို့အာမခံတယ်”

အောင်မြတ်သာစကာား‌ကြောင့် လူငယ်က ခေတ္တစဉ်းစားလိုက်ပြီး

“ ကျွန်တော် ကျွန်တော် ဘဝဟောင်းကိုပြန်မသွားချင်ဘူး ဖန်ရည်စွန်းတဲ့သင်္ကန်းကိုဝတ်ပြီး တရားဘာဝနာအားထုတ်ချင်တယ်”လို့ပြောလိုက်တော့ ‌ဘေးမှာရပ်နေတဲ့ မိန်းမဆီကနေ ကျယ်လောင်တဲ့တောက်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။

‌အောင်မြတ်သာကတော့ လိုချင်တဲ့အဖြေရပီမို့ ကျေနပ်စွာနဲ့

“ သင်ကြားတယ်မဟုတ်ပါလား ဒါကြောင့် ကာယကံရှင်ရဲ့ဆန္ဒကိုဦးစားပေးလိုက်ပါ သင်လက်လျော့ပြီးပြန်သွားပါတော့”လို့ပြောတော့ ဥစ္စာစောင့်မက

“ ငါမပြန်နိုင်ဘူး သူဘယ်လောက်ပဲပြောပါစေ ငါ့မောင်ကို ငါရအောင်ပြန်ခေါ်မှာ”လို့ပြောပြီး လူငယ်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ပူးကပ်ခဲ့တယ်။

အောင်မြတ်သာလဲ အလိမ်မာနည်းနဲ့ပြောမရမှန်းသိတာနဲ့ ဘုရားကျောင်းဆောင်ပေါ်မှာတင် ထားတဲ့ သောက်တော်ရေခွက်ကိုစွန့်လိုက်ပြီး လေးကွက်အင်းတစ်ချပ်ကိုပြာချကာ ရေနဲ့ရော‌ဖျော် လိုက်တယ်။ ပြီးတာနဲ့ ရေခွက်ထဲကရေကို လက်ညိုးနဲ့တို့ပြီး

“ ဒီရေစင်တစ်စက်ထိတာနဲ့ သင်ဘာဖြစ်မယ်ဆိုတာ သိတယ်မဟုတ်လား”

“ အို ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး နင်တို့ကအမြဲတမ်း သူ့အနားမှာရှိနေမှာမှမဟုတ်တာ နင်တို့မရှိတဲ့အချိန် မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါကပြန်ခေါ်မှာ”

“ ဟင်း ဒီလောက်တောင် ပြောမရဆိုမရဖြစ်နေရင် သင့်ထိုက်နဲ့သင့်ကံပဲ”

အောင်မြတ်သာက ပြောရင်းဆိုရင်း ပြာနဲ့ရောဖျော်ထားတဲ့ရေနဲ့ တောက်လိုက်ရာ လူငယ်က အသံနက်ကြီးနဲ့အော်ဟစ်ရင်း လူးလိမ့်ပါလေရော။

“ အမလေး မြတ်အောင်ရေ နင့်ကြောင့် ငါဒီလိုဒုက္ခတွေ ခံစားနေရတာ နင်မြင်လှည့်ပါဦး ငါကတော့နင့်ကိုချစ်လိုက်ရတာ တစ်ဦးထဲသောမောင်လေးမို့ ငုံထားမတတ်အလိုလိုက်ခဲ့ရတာ နင်က အခုငါ့ကိုမရွေးချယ်ပဲ သာသာနာဘောင်ဝင်မယ်တဲ့လား အမလေးလေး ဖခမည်းတော် မယ်တော် တို့ရေ သမီးအဖြစ်ကိုကြည့်ကြပါဦး”

ဥစ္စာစောင့်မက အော်ဟစ်ငိုယိုရင်း လူလိမ့်နေတာမြင်တော့ အောင်မြတ်သာ မျက်နှာလွှဲလိုက် ပြီး

“ လက်လျော့လိုက်ပါတော့ သင့်ကိုဒီထက်ပိုပြီး နာကျင်အောင်မလုပ်ချင်ပါဘူး “

“ မလျော့နိုင်ဘူး ငါသေချင်သေပါစေ ငါ့မောင်ကို ရအောင်ပြန်ခေါ်မှာ နင်တို့င့ါကိုထပ်ပြီး နှိပ်စက်ချင်သပဆိုလဲ နှိပ်စက်ကြပါတော့”

ခေါင်းမာလွန်းတဲ့ဥစ္စာစောင့်မကိုမြင်တော့ အောင်မြတ်သာခေါင်းကိုခါရမ်းလိုက်ပြီး

“ ကဲ သက်ခိုင်ရေ အခုငါလက်မှာကိုင်ထားတဲ့ရေသူ့မျက်လုံးထဲခပ်ထည့်လိုက်ပါ”လို့ ပြောတော့ သက်ခိုင်က ရေမန်းခွက်ကိုကိုင်ပြီး လူငယ်ကိုဖမ်းချုပ်ကာ မျက်လုံးထဲကို ခပ်ထည့်လိုက် တယ်။

“ အမလေးလေး ပူလိုက်တာ စပ်လိုက်တာရှင် တော်ကြပါတော့ ရှစ်ကြီးခိုးပါရဲ့ဆရာတို့ရယ် ငါမနေနိုင်တော့လို့ပါ”

“မနေနိုင်ရင် ငါတို့ပေးတဲ့သစ္စာရေကိုသောက်ပြီး ပြန်ရမယ်”

“ ဟအင်း မသောက်ဘူး မသောက်ဘူး သစ္စာရေလဲမသောက်ဘူး င့ါမောင်ကိုလဲ ပြန်ခေါ်ချင်တယ်”

“ ကဲ ဒီလောက်ခေါင်းမာနေပုံထောက်ရင် ကြိုးပိုင်ကြိမ်ပိုင်တွေခေါ်ပြီး ရိုက်နှက်ခိုင်းရ တော့မယ် ဒါဆို ဒီထက်ပိုနာလိမ့်မယ်နော်”

“ ဆရာတို့ရိုက်လဲ ငါခံရရုံပဲရှိတော့မယ် ကြိုက်သလိုသာလုပ်ကြပါတော့ ငါ့မောင်ကို အဆုံးရှုံး မခံနိင်ဘူး ရိုက်ရင်လဲရိုက်ကြပါတော့”

“ ဒါဖြင့်လဲ ကြိုးပိုင်ကြိမ်ပိုင်တွေ ဒီဥစ္စာစောင့်မကို လက်လျော့တဲ့ထိရိုက်နှက်ကြစေ”

အောင်မြတ်သာစကားအဆုံးမှာ ဥစ္စာစောင့်မက လက်နှစ်ဖက်ကိုအနောက်မှာပူးကပ်ပြီး နာကျင်စွာအော်ဟစ်လူးလိမ့်ပါလေရော။

“ ရှင်တို့လုံးဝမတရားဘူး ပညာအားကိုးနဲ့ အနိုင်ကျင့်နေတာ ဆရာကောင်း သမားကောင်း မဟုတ်ဘူး အမလေးလေး နာလှချည်ရဲ့”

“ စကားတွေတတ်နေပါလား ငါတို့က သင့်ကိုနာကျင်စေချင်တဲ့စိတ်နဲ့လုပ်နေတာမဟုတ်ဘူး ငါတို့အမိန့်ကိုဖီဆန်နေလို့လုပ်နေရတာ မရိုက်နှက်စေချင်ရင် သစ္စာရေသောက်ပြီး ထွက်သွားပါ”

“ မသောက်ဘူး လုံးဝမသောက်ဘူး လူတိုင်းကိုမေတ္တာတရားထားပါတယ်ဆိုတဲ့ ဆရာတွေက အခုလိုနှိပ်စက်နေတာကို သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေမြင်နိုင်ကြားနိုင်ပါစေ”

“ တယ် စကားတတ်တိုင်းလျောက်မပြောနေနဲ့ ဒီထက်ပိုပြီး မနာကျင်ချင်ရင် သစ္စာရေ အခုသောက် မသောက်ရင် တစ်နေ့လုံးတစ်ညလုံး ရိုက်ခိုင်းထားလိုက်မယ်”

အောင်မြတ်သာရဲ့မာန်ပါတဲ့စကားကြောင့် ဥစ္စာစောင့်မအနည်းငယ်ကြောက်လန့်သွားပြီး

“ ငါထွက်တော့မယ် သစ္စာရေတော့ မသောက်နိုင်ဘူး ငါပြန်တော့မယ်”

“ သင်သစ္စာရေမသောက်ပဲ ထွက်ခွင့်မပေးနိုင်ဘူး သင်တို့ဥစ္စာစောင့်တွေရဲ့စကားကို ငါမယုံဘူး ငါယုံကြည်စေချင်ရင် သစ္စာရေသောက်ပြီးထွက်ပါ ဆိုင်ရာပိုင်ရာတွေ ဒီဥစ္စာစောင့်မ မထွက်နိုင်အောင် ချုပ်ထားကြ”

“ ဘယ်လိုဆရာတွေလဲ ငါကထွက်ပါမယ်ပြောတောင် ချုပ်ထားပြီး နှိပ်စက်ကြမလို့လား အမလေး မြတ်အောင်ရေ နင့်အစ်မ ဘယ်လိုဖြစ်နေတယ်ဆိုတာ မြင်အောင်ကြည့်ပါဦး”

ဥစ္စာစောင့်မက ရင်ဘတ်ထုကာ ငိုယိုနေပေမယ့် အောင်မြတ်သာကတော့ လုံးဝအလျော့မပေးပဲ သစ္စာရေသောက်ဖို့ကိုသာ ပြောနေခဲ့တယ်။ ကြိုးပိုင်ကြိမ်ပိုင်တွေရဲ့ ရိုက်နှက်မှု ဒဏ်၊ ရေမန်းနဲ့တောက်တဲ့ဒဏ်တွေကို မခံစားနိုင်တဲ့ ဥစ္စာစောင့်မက နောက်ဆုံးမှာ လက်လျော့ပြီး

“ သောက်ပါ့မယ် သောက်ပါ့မယ် မြတ်အောင်ရေ နင့်အစ်မက နင့်ကိုနောက်တစ်ခါ မနှောက်ယှက်ပါဘူးဆိုတဲ့သစ္စာရေကိုသောက်ရတော့မယ် ငါက နင့်ကိုအရမ်းချစ်တာပါ နင်မရှိတဲ့ အချိန် နင်ကစားခဲ့တဲ့ ရွှေဂေါ်လီလုံးလေးတွေ၊ ရွှေဘော်လုံးလေးတွေကိုကြည့်ပြီး အလွမ်းဖြေခဲ့ရတာ နင်အိပ်ခဲ့တဲ့သလွန်ကိုလဲ ဖုန်တွေမတက်ရအောင် ဆေးကြောသုတ်သင်ထားခဲ့တာ အခုတော့ နင်က ငါ့ကိုဒါနဲ့ကျေးဇူးဆပ်တာပေါ့လေ” လို့ဝမ်းနည်းစွာအော်ဟစ်နေတာမြင်တော့ အောင်မြတ်သာက

“ ကဲ အခုကစပြီး ဒီသားအမိကို လုံးဝမ‌နှောက်ယှက်ပါဘူး ဒုက္ခမပေးပါဘူးဆိုတဲ့သစ္စာကို ဆိုပါ ဖောက်ဖျက်ခဲ့ရင် နောင်ပွင့်မယ့်ဘုရားအဆက်ဆက်ကိုမဖူးမြင်ရပဲ ငရဲမှာကျခံစေရမယ်” ဆိုတဲ့ သစ္စာကိုဆိုခိုင်းကာ သစ္စာရေတိုက်ခဲ့တယ်။

သစ္စာရေတိုက်ပြီးတာနဲ့ လူငယ်လဲ ခေါင်းငိုက်စိုက်ကျကာ သတိလစ်မေ့မျောသွားခဲ့တယ်။ အောင်မြတ်သာကတော့ သတိလစ်နေတဲ့လူငယ်ရဲ့ ငယ်ထိပ်ကို ရေမန်းနဲ့တောက်လိုက်ရာ သတိပြန် လည်လာခဲ့ပြီး ချုံးပွဲချငိုပါလေရော။

မခင်နုကတော့ သားဖြစ်သူကိုထွေးပွေ့ကာ ဖျောင်းဖျနှစ်သိမ့်နေတဲ့အချိန် အိမ်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရမ်းသွားခဲ့တယ်။ အောင်မြတ်သာကတော့ ခေါင်းကိုခါရမ်းပြီး

“ တစ်ခုမရတော့ တစ်ခုကိုလုပ်သွားသေးတယ်”လို့ရေရွတ်ခဲ့တယ်။

အောင်မြတ်သာတို့လဲ မခင်နုတို့မိသားစုကိုလိုအပ်တဲ့အစီအရင်တွေလုပ်ပေးပြီး ခြံဝင်းထဲ ကနေပြန်ထွက်လာတဲ့အချိန် အိမ်အနောက်ဘက်မှာမွေးထားတဲ့ နွားခြံဘက်ကနေ နာကျင်စွာ အော်လိုက်တဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

“ ဆရာလေး ဆရာလေး ခဏနေပါဦး ကျွန်မမွေးထားတဲ့ နွားဘာဖြစ်တာလဲမသိဘူး”

အိပ်ပေါ်ကနေကြောက်လန့်တစ်ကြားအော်ပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာတို့ နောက်ပြန်လှည့်ပြီး နွားခြံကိုသွားကြည့်တော့ ပါးစပ်ထဲကအမြုပ်တစီစီထွက်ကာသေဆုံးနေတဲ့ နွားပြာတစ်ကောင်ကိုတွေ့လိုက်ရတယ်။

“ ဟာကွာ ဒီဥစ္စာစောင့်မကတော့ တစ်ခုမဟုတ်တစ်ခုကို ဒုက္ခပေးသွားပြန်ပြီ”

တောက်ရက အံတကြိတ်ကြိတ်နဲ့ ရေရွတ်ရင်း ဘာဆက်လုပ်ရမလဲဆိုတဲ့ အကြည့်နဲ့ အောင်မြတ်သာကိုကြည့်လိုက်ရာ

“ မင်းတို့ပြောလဲပြောချင်စရာပဲ ဒီတိုင်းလွှတ်ထားရင် အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေ အကုန်သေကုန်ကြလိမ့်မယ် ငါကသနားလို့ပြန်လွှတ်ပေးလိုက်တာ စေတနာကိုစော်ကားခံလိုက် ရတယ်” လို့ပြောပြီး အိမ်ပေါ်ကိုပြန်တက်ကာ ဥစ္စာစောင့်မကိုထပ်မံဆင့်ခေါ်ခဲ့တယ်။

ဒီတစ်ခါတော့ အောင်မြတ်သာရဲ့အမိန့်က တိကျပြီးပြတ်သားလွန်းတဲ့အတွက် စက္ကန့်ပိုင်းပင် မခြားပဲ လူငယ်ကိုဝင်ရောက်ပူးကပ်ကာ ရောက်လာခဲ့တယ်။ ကိုယ့်အပြစ်ကို ကိုယ်သိတဲ့ ဥစ္စာစောင့်မက မျက်နှာချင်းမဆိုင်ရဲပဲ ကျောပေးကာနေတာမြင်တော့ အောင်မြတ်သာက

“ သင့်ကိုကျုပ်ကသနားဂရုနာသက်ပြီးလွှတ်ပေးလိုက်တာကို ဘာကြောင့် အပြစ်မရှိတဲ့ တိရိစ္ဆာန်တွေကိုသတ်သွားရတာလဲ”လို့မေးတော့ ဥစ္စာစောင့်မက မဝံ့မရဲလေသံနဲ့

“ နင်တို့က ငါ့ချစ်ရတဲ့သူနဲ့ ရှင်ကွဲခွဲတော့ ငါလဲ ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာ နင်တို့ငါ့ကိုရိုက်ချင်သပဆိုလဲ ရိုက်ကြ”လို့ပြောကာ တဟီးဟီးနဲ့ငိုပါလေရော။

“သင်တို့ကို ရှင်ခွဲခွဲတာမဟုတ်ပါဘူး အခုသင့်မောင်က သာသနာ့ဘောင်ထဲကို ဝင်ရမယ့် ကိုရင်လောင်းဖြစ်နေပြီ ဒါကိုသင်က ဂုဏ်ယူရမှာ ရှင်ပြုပွဲကျရင်လဲ သင့်နာမည်ကိုခေါ်ပြီး အမျှတန်းပေးဝေဦးမှာလေ စိတ်ကိုလျော့လိုက်ပါတော့ ကျုပ်တို့လဲ သူတစ်ပါးကိုနာကျင်အောင် မလုပ်ချင်ဘူး”

“ငါ့ရင်ဘတ်တစ်ခုလုံးကြေမွနေအောင်ခံစားနေရတာ နင်တို့မှမသိပဲ ငါကိုယ်တိုင်က နင်တို့ကို မလွန်ဆန်နိုင်တော့ ပြုသမျှနုရမယ့်အခြေအနေဖြစ်နေပြီ အခုနင်တို့ဘာဖြစ်ချင်လဲ”

“ သင်အခုချိန်ကစပြီး ဘယ်သူ့ကိုမှရန်မရှာပါဘူးဆိုတဲ့ကတိကိုထပ်ပေးပါ ဒီမိသားစု၊ ဒီကျေးရွာက သက်ရှိမှန်သမျှနဲ့ သင်လုံးဝမပတ်သက်ပါဘူးဆိုတဲ့သစ္စာရေသောက်ပါ”

အောင်မြတ်သာစကားကို ဒီတစ်ခါတော့မလွန်ဆန်တော့ပဲ ကြည်ဖြူစွာလက်ခံကာ သစ္စာရေ သောက်ပြန်ထွက်သွားခဲ့တယ်။ မခင်နုကတော့ သူ့သား ရှင်ပြုပြီးတဲ့အချိန်ထိ နေပေးဖို့မေတ္တာရပ်ခံခဲ့ တဲ့အတွက် အောင်မြတ်သာတို့လဲ ရွာမှာ တစ်ပတ်လောက်သောင်တင်နေခဲ့တယ်။ ရှင်ပြုပွဲပြီးတဲ့ အချိန်မှာတော့ လူငယ်ရဲ့အတိတ်ဘဝက တော်စပ်ခဲ့ဘူးတဲ့ ဆွေမျိုးအပေါင်းကို ပင့်ဖိတ်ကာ အမျှဝေ တဲ့အချိန် ကျောင်းအောက်ကနေဝမ်းနည်းစွာငိုကြွေးနေတဲ့ အသံကို အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ ကြားလိုက်ရတယ်။

ရှင်ပြုပွဲပြီးတာနဲ့ အောင်မြတ်သာတို့သုံးယောက်ရွာကနေထွက်လာခဲ့ပြီး ခရီးဆက်လာခဲ့ရာ အရိပ်အာဝါသကောင်းတဲ့‌ ညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်လာခဲ့တယ်။ အောင်မြတ်သာတို့ အရိပ်ခိုနေတဲ့ ညောင်ပင်က ဒီအရပ်ဒေသမှာနာမည်ကြီးသလို လူအတော်များများ ဖြတ်သွားဖို့ ကြောက်ရွံ့ကြတဲ့အပင်တစ်ပင်လဲဖြစ်ခဲ့တယ်။

ဒီအကြောင်းကိုတော့ အောင်မြတ်သာနှင့်လက်ဝှေ့ဘကျော်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment