"ပစ်ချလိုက်ရမလား... ငါပစ်ချလိုက်ရမလား"
ကံမရွာ အနောက်ဘက်မှာရှိတဲ့ ဆန်စက်ခေါင်းတိုင်ပေါ်ကနေ ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံကြောင့် ခေါင်းတိုင်အောက်မှာအိပ်နေတဲ့ ဦးဖီချုး လန့်နိုးလာခဲ့တယ်။
ဦးဖီချုးက တရုတ်မြန်မာကပြားတစ်ယောက်ဖြစ်ပြီး ရွာထဲကိုရောက်နေတာ နှစ်ပေါင်းအတော်ကြာနေခဲ့ပြီ။ သူကစိတ်သိပ်မမှန်တဲ့အတွက် ရွာခံလူတွေက သနားပြီး ထမင်းကျန်ဟင်းကျန်တွေပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ဦးဖီချုးဆိုတာကလဲ သူ့နာမည်အရင်းမဟုတ်ဘူး။ ရွာစရောက်ချိန် ရင်ဘတ်မှာ တရုတ်ခြင်္သေ့ပုံသဏ္ဍာန်ထိုးကွင်းမှင်ကြောင်ထိုးထားတာကိုအစွဲပြုပြီး ဦးဖီချူးလို့ခေါ်ခဲ့ကြတာဖြစ်တယ်။ အခုလဲ အိပ်ပျော်နေရင်း ကျယ်လောင်စွာ ထွက်လာတဲ့အသံကြောင့် လန့်နိုးလာပြီး ခေါင်းတိုင်ထိပ်ကိုမော့ကြည့်ကာ
" ဘယ်ကောင်လဲကွ ညကြီးသန်းခေါင် အသံဆိုးနဲ့အော်ဟစ်နေတာ သတ္တိရှိရင် အောက်ဆင်းလာခဲ့"
ညစ်ပတ်ပေါက်ပြဲနေတဲ့ပုဆိုးအစုတ်ကိုပြင်ဝတ်ကာ လက်သီးလက်မောင်းတန်းအော်ဟစ်နေတဲ့ ဦးဖီးချူးအသံကြောင့် ခေါင်းတိုင်ပေါ်ကနေ အော်နေတဲ့အသံနက်က ရုတ်ချည်းငြိမ်သက်သွားခဲ့တယ်။
" အလကား သောက်ပေါကောင် အေးဆေးကို မအိပ်ရဘူး လာလာအော်နေတယ်"
ဦးဖီချုးက တောက်ခတ်ကာ ကြိမ်းဝါးပြီး ဂုန်နီအိတ်ခင်းထားတဲ့ကြမ်းပြင်ပေါ်လဲချကာ ပြန်အိပ်လိုက်တယ်။ ဦးဖီချူးအိပ်ပျော်လုဆဲဆဲအချိန်ရောက်တော့ ဆန်စက်ခေါင်းတိုင်မှာ ပေါက်နေတဲ့နွယ်ပင်တွေကိုတွဲခိုပြီး ဆင်းလာတဲ့လူအရိပ်တစ်ခုကို သတိထားမိလိုက်တယ်။
ဦးဖီချူးက မျက်လုံးတစ်ဖက်ကို ဖွင့်ပြီးအသာချောင်းကြည့်နေတဲ့အချိန် တစ်ကိုယ်လုံးမဲနက်ပြီး မီးသွေးတုံးလိုဖြစ်နေတဲ့လူတစ်ယောက်က ဦးဖီချူးရဲ့ ဆံပင်ကိုဆွဲပြီး ဆန်စက်အဝကို ပစ်ထုတ်လိုက်တယ်။
" ဝုန်း ဒုန်း ခွမ်း"
ဆွေးမြေ့နေတဲ့ တံခါးချပ်နဲ့ ဦးခေါင်းဆောင့်မိတဲ့အရှိန်ကြောင့် ရီဝေဝေဖြစ်နေတဲ့ ဦးဖီချူးက ခေါင်းကိုပွတ်ပြီး ကုန်းထဖို့အလုပ်
" လာခဲ့ ငါ့အနောက်ကလိုက်ခဲ့ .... "ဆိုပြီး လက်နှစ်ဖက်ဆန့်တန်းကာသူ့ဆီကိုဝင်လာခဲ့တယ်။
အေးစက်စက်လက်နှစ်ဖက်က ပြုတ်တူတစ်ချောင်းလို လည်ပင်းကိုညှစ်ထားတော့ ဦးဖီချုး တစ်ယောက် အသက်ရှုကျပ်ပြီး မျက်လုံးတွေပြာဝေလာကာ ငြိမ်သက်သွားပါလေရော။
----------------------------------------------
ပူပြင်းလွန်းတဲ့နွေရာသီဖြစ်တဲ့အတွက် ကံမရွာမှာရှိသမျှသူတွေအားလုံး အိမ်ပေါ်မှာမနေနိုင်ကြပဲ အိမ်ရှေ့ကွပ်ပြစ်မှာဖြစ်စေ၊ အရိပ်ရအပင်အောက်မှာဖြစ်စေ စုရုံးစုရုံးနဲ့စကားစမြည်ပြောဆိုနေကြတယ်။ ကလေးသူငယ်အချို့ကတော့ လူကြီးတွေပြောပြတာကိုနားထောင်ပြီး ရေနွေးကြမ်းသောက်လိုက် လက်ဖက်သုတ်လေးနှိုက်စားလိုက်နဲ့ အရှိန်ရနေခဲ့တယ်။
" ဦးလေးဖိုးစီက ဒီရွာမှာ လေးခွပစ်အတော်ဆုံးဆိုတာဟုတ်လား"
မြေပဲလှော်နှိုက်ရင်း စကားမရှိစကားရှာမေးလိုက်တဲ့ ဘုတိုရဲ့အမေးကြောင့် အသားညိုညို နှုတ်ခမ်းမွေးရေးရေးနဲ့ ဦးဘစီက
" ဘာလဲ မင်းက မယုံလို့လား"
" မဟုတ်ပါဘူး ဦးလေးရာ .. ဟိုနေ့က နွားကျောင်းနေရင်း ဖိုးသာထူးက ဦးလေးအကြောင်းပြောပြလို့ ဟုတ်မဟုတ်မေးကြည့်တာ"
" ဆိုစမ်းပါဦး ဖိုးသာထူးက မင်းကိုဘာပြောလို့လဲ"
" သူပြောတာက ဦးလေးဘစီ လေးဂွပစ်ရင် ခေါင်းတွေကြီးရွေးပစ်တာတဲ့။ ဆန်စက်အဟောင်းမှာခိုတွေမရှိတော့တာ ဦးလေးဘစီကြောင့်လို့ပြောတယ်"
" အေးကွ အရင်ကဆို အဲဒီဆန်စက်ထဲဝင်ရင် တစ်ပတ်စာလောက် အမြည်းရတယ်။ အခုခေတ်ကလေးတွေကတော့ ဆန်စက်ထဲဘယ်ဝင်ဖူးကြမလဲ"
" ဟုတ်တယ် အိမ်ကလူတွေက ဆန်စက်ထဲမှာ ဦးဖီချူးရှိတယ် နင်တို့မကြောက်ရင်သွားကြဆိုပြီး ခြောက်နေကြတာ"
ဘုတိုစကားကြောင့် ဘေးမှာရှိနေတဲ့ ဖွားငွေတုတ်က
" ဟဲ့ ကောင်လေး နင်တို့ကိုခြောက်တာမဟုတ်ဘူး။ မယုံလို့ညသွားအိပ်တဲ့လူတွေ ပျောက်ပျောက်သွားတာ သုံးယောက်မကတော့ဘူး။ သိပ်ပြီးအတင့်မရဲကြနဲ့ဦး။ အဲဒီဆန်စက်က ဂျပန်ခေတ် တော်လှန်ရေးသမားတွေကို သတ်ဖို့လုပ်ထားတာလို့ ရှေးလူကြီးတွေပြောခဲ့ကြတယ်"
" သိပ်လဲစိတ်မပူပါနဲ့ အဖွားရာ။ ကျွန်တော်တို့လဲ အနားတောင်မကပ်ကြပါဘူး။ အော် ဒါနဲ့ ဦးဖီချူးက ဆန်စက်ထဲမှာသေပြီး မကျွတ်လွတ်ပဲ အခုထိရှိနေတာ တကယ်ကြီးလား"
" တကယ်လို့တော့ မြင်တဲ့သူတွေပြောကြတာပဲ။ တစ်ခါတစ်လေ ဆန်စက်ခေါင်းတိုင်အပေါ်ကနေ အသံနက်နဲ့အော်နေတာ မြင်တဲ့သူတွေမြင်ကြတယ်"
" အမလေး ကြောက်စရာကြီးနော် ဒါကြောင့် ရွာကလူတွေက ဆန်စက်အဟောင်းနားကို ယောင်လို့တောင်မသွားကြတာကိုး"
ဘုတိုက ဇက်ကလေးပုပြီးပြောရင်း လက်ဖက်တစ်ဇွန်းကိုခပ်စားကာ ပြန်ထွက်သွားခဲ့တယ်။
----------------
" ရွှီး.... ဖောက်"
အားပါပြင်းထန်တဲ့ လောက်စာလုံးက ထန်းပင်ကိုထိပြီး ဖွာလန်ကျဲထွက်သွားခဲ့တယ်။
" ဟေ့ရောင် ဘုတို .. ငါ့လက်စကိုမြင်ပီမဟုတ်လား "
လွယ်အိတ်ကိုစလွယ်သိုင်းပြီး ကျွဲဂျိုလေးခွကို လက်ထဲဝှေ့ယမ်းကာပြောနေတဲ့ ဖိုးသာထူးကြောင့် ဘုတိုက အားကျမခံ လွယ်အိတ်ထဲက လေးခွကိုထုတ်ကာ ပြန်ပစ်ပြလိုက်တယ်။
" ရွှီး... ဒေါင်..."
ဘုတိုပစ်လိုက်တဲ့ လောက်စာလုံးက ထန်းပင်ကိုမမှန်ပဲ ဘေးမှာချိတ်ထားတဲ့ ဒန်အိုးကိုမှန်သွားခဲ့တယ်။
" ဟာ .. သွားပြီ အဲဒီအိုးက ထန်းတောပိုင်ရှင် ဦးပွကြီးမိန်းမနေလှမ်းထားတာကွ ... ဘယ်သူမှမသိခင် အမြန်လစ်မှရမယ် လာခဲ့ "
ဖိုးသာထူးက ဘုတိုလက်ကိုဆွဲပြီး စားကျက်မြေရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
" မင်းကတော့ လုပ်လိုက်ရင် သောက်တစ်လွဲတွေကြီးပဲ ... "
ဖိုးသာထူးစကားကြောင့် ဘုတိုက ရယ်ကျဲကျဲလုပ်ပြီး စားကျက်ထဲမှာလွှတ်ထားတဲ့ နွားတွေကို ရေတွက်နေလိုက်တယ်။
" ဟင်... နွားတစ်ကောင်ပျောက်နေတယ်ဟ"
" ဟေ့ကောင် သေချာလို့လား ... ပြန်ရေကြည့်ပါဦး"
" သေချာတယ်ကွ ထိပ်မှာ အဖြူကွက်ပါတဲ့ နွားမပျောက်နေတာ လုပ်ပါဦး အဲနွားမက နောက်အပတ်ထဲဇီးတင်တော့မှာ"
မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေတဲ့ ဘုတိုကိုကြည့်ပြီး ဖိုးသာထူးမနေသာတော့ပဲ
" သိပ်လဲ စိတ်ပူမနေပါနဲ့ အဖွဲ့ထဲကကွဲထွက်ပြီး အခြားစားကျက်ရောက်သွားတာနေမှာပါ " လို့ပြောကာ နှစ်ယောက်သားလိုက်ရှာကြပါလေရော။
" ဘုတို လာကြည့်စမ်း ဒီမှာခြေရာတွေ့တယ်ကွ"
ရွံ့မြေပေါ်မှာအထင်သားမြင်နေရတဲ့ ခြေရာကြောင့် ဂွတိုဝမ်းသာသွားပြီး
" တော်ပါသေးရဲ့ ဒီခြေရာအတိုင်းလိုက်သွားရင် ပြန်တွေ့မှာ"
" ဟေ့ကောင် ဝမ်းသာမစောနဲ့ဦး ဒီဘက်မှာလာကြည့်"
ဖိုးသာထူးစကားကြောင့် ဘုတိုကြည့်လိုက်ရာ လူတစ်ယောက်ရဲ့ခြေရာအချို့ကိုမြင်လိုက်ရတယ်။
" သေချာပြီ ဒါ နွားသူခိုးတွေလက်ချက်ပဲဖြစ်ရမယ် မင်းမှာ လောက်စာလုံးတွေပါသေးလား"
" အေး ပါတယ် မနေ့ကမှ အသစ်ထည့်ထားတာ"
" ဒါဆို ငါ့ဆီနည်းနည်းခွဲပေး .. ဒီကောင် ဝေးဝေးမရောက်လောက်သေးဘူး။ တွေ့တာနဲ့ ငါကခံပစ်ပေးမယ် မင်းကနွားကိုသွားဆွဲ ဟုတ်ပီလား"
နှစ်ယောက်သားတိုင်ပင်ပြီး ခြေရာအနောက်ကိုလိုက်ခဲ့တာ ရွာအနောက်ဘက် ဆန်စက်အဟောင်းနားကိုရောက်လာခဲ့တယ်။
" ဖိုး..ဖိုးသာထူး ... ခြေရာက ဆန်စက်ထဲဝင်သွားတာပဲ"
" အေးလေ ဘာဖြစ်လို့လဲ ..."
" ဆန်စက်ထဲမှာ ဟို ဟို သရဲခြောက်တယ်ဆိုလို့"
" နေ့ခင်းကြီးတော့မခြောက်လောက်ပါဘူး .. သူခိုးတွေက ငါတို့ရွာသားတွေရဲ့ အားနည်းချက်ကိုသိတယ်ထင်တယ် နွားခိုးတာတောင် ဆန်စက်ထဲခိုးသွင်းရတယ်လို့"
ဖိုးသာထူးက ခြေသံလုံလုံနဲ့ ဆန်စက်အဟောင်းထဲဝင်သွားတဲ့အချိန် အထဲကနေ ထိပ်ကွက်မရဲ့ နှာမှုတ်သံကိုကြားလိုက်ရတယ်။
" သေချာပြီ ဒီကောင်တွေ အထဲမှာ ရှိတယ်"
ဖိုးသာထူးက လက်ဟန်ခြေဟန်နဲ့ပြပြီး ကျိုးနေတဲ့နံရံပေါက်ကနေ အသာချောင်းကြည့်လိုက်တော့ ခါးမောက်တစ်လုံးဆောင်းထားပြီး ခြေထောက်မှာ ရွှံ့ဗွက်တွေပေနေတဲ့လူစိမ်းတစ်ယောက်ကိုမြင်လိုက်ရတယ်။
" ရွှီး ဖောက် ဖောက်
အား အမလေး သေပါပြီ"
လောက်စာလုံးအသံနဲ့အတူ ငယ်သံပါအောင် အော်ပြီးပြေးတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ဘုတိုလဲ အချိန်မဆိုင်းနေတော့ပဲ ထိပ်ကွက်မကို ဆွဲနေတဲ့အချိန် ဖိုးသာထူးက ဆန်စက်အတွင်းပိုင်းကို ထွက်ပြေးသွားတဲ့ လူစိမ်းနောက်ကို အတင်းလိုက်ပြီး ဂွနဲ့ပစ်နေခဲ့တယ်။
ဘုတို ဆန်စက်အပြင်ကိုရောက်လို့ အတော်ကြာတဲ့အထိ ဖိုးသာထူး မရောက်လာခဲ့သလို ဆန်စက်ထဲက လဲ လုံးဝငြိမ်သက်တိတ်ဆိတ်သွားခဲ့တယ်။
နဂိုထဲက ကြောက်စိတ်အခံရှိတဲ့ဘုတိုက ထိပ်ကွက်မကိုဆွဲကာ ရွာထဲအပြေးပြောတော့ အသက်ကြီးပိုင်းလူတွေစုပြီး ဖိုးသာထူးကိုလာပြန်ရှာကြခဲ့ကြတယ်။ဒါပေမယ့် ဖိုးသာထူးက အစနပင်မတွေ့တဲ့အထိ ထူးဆန်းစွာပျောက်သွားခဲ့တယ်။ဘုတိုလဲ ဖိုးသာထူးပျောက်သွားတဲ့နေ့ကစပြီး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့ဖြစ်နေခဲ့တာ လေးရက်မြောက်နေ့လဲရောက်တော့ ဆန်စက်ဘက်ကို လက်ညိုးထိုးကာ
" ဖိုးသာထူးက သူ့ဆီကိုလာဖို့ခေါ်နေတယ် ဟိုမှာ လာခေါ်နေတယ် " ဆိုပြီးကယောင်ကတမ်းနဲ့အော်ပါလေရော။
ညနေဝင်ရီတရောအချိန်ရောက်တိုင်း အရူးတစ်ယောက်လိုအော်ဟစ်နေတဲ့ ဘုတိုကို ဆရာပေါင်းစုံနဲ့ခေါ်ပြခဲ့ပေမယ့် မသက်သာခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကံမရွာထဲကို လူစိမ်းသုံးယောက်ရောက်လာခဲ့ကြတယ်။
ရွာခံလူတွေကတော့ လူစိမ်းသုံးယောက်ကိုမြင်တာနဲ့ "ဆရာလေးတို့ ရောက်လာတာအတော်ပဲ ဒီကလေးကို ကယ်ပါဦးရှင်" လို့ပြောတော့ လူစိမ်းသုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
" ဒီက လူတွေက ကျုပ်တို့ကိုသိလို့လား "
" ဟင် ဆရာလေးတို့က ဦးလေးဖိုးစီ သွားပင့်တဲ့ ဆရာမဟုတ်ဘူးလား"
" မဟုတ်ဘူးဗျ လူမှားနေပြီနဲ့တူပါတယ်။ ကျုပ်တို့က ဒီရွာကနေဖြတ်ပြီး ရွှေသာမြို့ကိုသွားမယ့်ခရီးသွားတွေပါ"
" အိုကွယ် အားနာလိုက်တာ .. ကျုပ်တို့လူမှားပြီးပြောမိတာ တောင်းပန်ပါတယ်"
အသက်ငါးဆယ်အရွယ်မိန်းမကြီးက လူစိမ်းတွေကို တောင်းပန်ကာအိမ်ထဲပြန်ဝင်သွားတဲ့အချိန်
" မလာနဲ့ သွားကြ ... ငါမလိုက်ဘူး ဟအင်း ဟအင်း မလိုက်ဘူး" ဆိုတဲ့အသံထွက်လာခဲ့တယ်။
လူစိမ်းသုံးယောက်လဲ အရှေ့ကိုဆက်လျောက်ပြီးမှ အသံကြားလို့လှမ်းကြည့်လိုက်ရာ မျက်လုံးတွေရီဝေဝေနဲ့ ကြောက်လန့်တုန်လှုပ်နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
" မဖြစ်ဘူး ဒီပုံစံအတိုင်းဆို နှလုံးသွေပျက်ပြီး ဒုက္ခရောက်တော့မှာပဲ" လို့ရေရွတ်ကာ အိမ်ဝိုင်းထဲဝင်လာပြီး
" ဒီက လူငယ်ပုံစံကိုကြည့်ရတာ တစ်ခုခုကိုကြောက်လန့်နေသလိုပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ကျုပ်တို့ကိုတစ်ယောက်ယောက်ကရှင်းပြပေးလို့ရမလား"လို့ပြောတော့ အိမ်ထဲဝင်သွားတဲ့ မိန်းမကြီးပြန်ထွက်လာပြီး
" ဒီက ဧည့်သည်တွေလဲ ပယောဂကုတတ်ကြတာလား"
" ကုတတ်တယ်လို့တော့မဟုတ်ပေမယ့် အနည်းအကျဉ်းတော့ကြည့်ပေးလို့ရပါတယ်"
" ဒါဆို အရီးလေးရဲ့ သားကိုကြည့်ပေးပါဦး။ သူက ညနေ နေဝင်ရီတစ်ရောရောက်ရင် အခုလိုကယောင်ကတမ်းတွေဖြစ်နေတာ တစ်ပတ်ကျော်ပြီ။ ဖြစ်ပုံအစအဆုံးကတော့ ဒီလိုပါ"
မိန်းမကြီးက ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့ လူစိမ်းသုံးယောက်က ခေါင်းတစ်ညိမ့်ညိမ့်လုပ်ပြီး
" အစ်မကြီးပြောပုံအရဆိုရင် သူရဲ့လိပ်ပြာလန့်သွားတာဖြစ်မယ် ဒီညတော့ ကျုပ်တို့ပေးတဲ့အဆောင်ကို သူ့အိပ်ယာအောက်မှာထားပြီး သိပ်လိုက်ပါ။ ဒီတစ်ညတော့ ကျုပ်တို့လဲ ရွာမှာတည်းလိုက်ပါမယ်"
" နေဖို့ထိုင်ဖို့အတွက် စိတ်မပူပါနဲ့ အားလုံးအဆင်ပြေအောင်စီစဉ်ပေးပါ့မယ် "
အိမ်ရှင်မိန်းမကြီးစကားအဆုံးမှာ လူစိမ်းသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့သူက
" သက်ခိုင် မြင်းတက်မြင်းဆင်းလေးကွက်အင်းတစ်ကွက်ဆွဲပြီး ပေးလိုက်ပါ" ဆိုပြီးပြောလိုက်တော့ သက်ခိုင်ဆိုတဲ့သူက လွယ်အိတ်ထဲကနေ မိုင်းကိုင်စက္ကူတစ်ရွက်ထုတ်ယူကာ အင်းစမတစ်ရွက်ကိုကျွမ်းကျင်စွာဆွဲပြီးကမ်းပေးခဲ့တယ်။
" ဒီကဆရာလေးတို့နာမည်လေးတွေများ သိခွင့်ရှိမလား ရွာလူကြီးမေးရင်လဲ ဖြေလို့ရအောင်ပါ"
" အော် ဟုတ်ပါရဲ့ ကျုပ်တို့လဲပြောဖို့နေတာ ။ ကျုပ်နာမည်က အောင်မြတ်သာပါ။ သူကတော့သက်ခိုင်။ ဒီဘက်တစ်ယောက်ကတော့ တောက်ရလို့ခေါ်ပါတယ်"
" ဟုတ်ကဲ့ ခဏနေ တည်းရမယ့်နေရာကို ဖွားငွေတုတ်ကလိုက်ပို့ပေးပါမယ်"
အောင်မြတ်သာတို့လဲ ရွာခံလူတွေစီစဉ်ပေးတဲ့အိမ်မှာ တည်းခိုခဲ့ကြတယ်။ ညသန်းခေါင်အချိန်ရောက်တော့
" ပစ်ချလိုက်ရမလား.... ငါအပေါ်ကနေ ပစ်ချလိုက်ရမလား" ဆိုတဲ့အသံတစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
" သက်ခိုင် ... မင်းတို့ရော ကြားရလား"
" ဘာအသံလဲဆရာ ကျွန်တော်တို့တော့ မကြားမိပါဘူး"
" ညဘက်သန်းခေါင် အသံနက်နဲ့အော်နေတဲ့ပုံထောက်ရင် သွေးရိုးသွေးသားမဖြစ်နိုင်ဘူး မင်းတို့နှစ်ယောက်လုံး ငါ့အနောက်လိုက်ခဲ့ကြ"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့ကြတယ်။ အိမ်အောက်ရောက်တော့ ခြေရင်လှေကားမှာအသင့်ထောင်ထားတဲ့ ကညင်တိုင်မီးတုတ်ကို မီးညှိပြီး
" ဆရာ ဘာအသံကြားမိလို့လဲ"
" လူတစ်ယောက်အော်နေတဲ့အသံပဲ.... ငါ့နောက်လိုက်ခဲ့"
အရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတဲ့ အောင်မြတ်သာက တစ်နေရာရောက်တော့ ခေတ္တရပ်လိုက်ပြီး
" အသံက ပိုနီးလာသိလိုပဲ ... ငါထင်တာမမှားဘူးဆိုရင် ဆန်စက်အဟောင်းမှာရှိတဲ့ကောင်က ငါတို့ကို မျှားခေါ်နေပြီ"
" ကျွန်တော်တို့က ဘာလုပ်ရမလဲဆရာ"
" မင်းတို့က ငါ့အနောက်ကနေပဲလိုက်ခဲ့ကြ... ဘာပစ္စည်းပဲမြင်မြင် မထိနဲ့။ ငါမပြောမချင်း အသံမထွက်နဲ့ "
" ဟုတ်ကဲ့ဆရာ ကျွန်တော်တို့သတိထားပါ့မယ်"
အောင်မြတ်သာတို့ဆန်စက်အဟောင်းနားကိုရောက်တော့ အသံက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။
" ဒီဆန်စက်ကိုကြည့်ရတာ မကောင်းတဲ့အငွေ့အသက်တွေဖုံးလွှမ်းနေသလိုပဲ ..မင်းတို့လဲသတိထားပြီးအနောက်ကနေလိုက်ခဲ့ကြ"
အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရတို့ကိုသတိပေးပြီး မီးတုတ်ကို ကိုင်ကာ ဆန်စက်ထဲကို ဝင်လာခဲ့လိုက်တယ်။
ဟောင်းနွမ်းပျက်စီးနေတဲ့ဆန်စက်အတွင်းပိုင်းကိုရောက်တော့ နံရံကို ဒုန်းဒိုင်းနဲ့ထုရိုက်သံကိုစတင်ကြားလိုက်ရတယ်။
" သူတို့ရှိကြောင်းပြပြီနဲ့တူတယ် လှုပ်ရှားမှုတစ်ခုခုတွေ့ရင် လှမ်းပြောကြ"
အောင်မြတ်သာစကားအဆုံးမှာ တောက်ရက ပြိုကျလုဆဲဆဲဖြစ်နေတဲ့အခန်းဝကိုလက်ညိုးထိုးပြီး
" ဆရာ အခန်းထောင့်မှာ လူတစ်ယောက် ရပ်ကြည့်နေသလိုခံစားနေရတယ်"ဆိုပြီးပြောတော့ အောင်မြတ်သာက ကျင့်ကြံခဲ့တဲ့အစွမ်းသတ္တိတွေကိုအာရုံပြုပြီး စူးစိုက်ကြည့်လိုက်ရာ ရှေးသူဌေးသူကြွယ်တွေလိုဝတ်စားထားတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
" သင်ဘယ်သူလဲ... ဘာကြောင့် ကျုပ်တို့လာတာကို အသံပေးပြီး ခြောက်လှန့်ရတာလဲ" ဆိုပြီးလက်ညိုးထိုးမေးလိုက်တဲ့အချိန် အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
"ဆရာ ... ဒီဆန်စက်က နည်းနည်းတော့ထူးဆန်းနေပြီလို့ထင်တယ်။ ရွာထဲကလူတွေပြောတဲ့အတိုင်းများ ဖြစ်နေမလား"
သက်ခိုင်စကားကြောင့် အောင်မြတ်သာက ဆန်စက်အတွင်းကိုလှည့်ပတ်ကြည့်ပြီး
" တစ်ခုခုတော့လွဲနေပြီ သက်ခိုင် ..ဘာကြောင့်လဲဆိုတော့ ဒီဆန်စက်ထဲမှာ သေသွားတဲ့သူတွေကို အခုထိမမြင်ရသေးဘူးဖြစ်နေတယ်"
" ဒါဆို ခုနက မြင်လိုက်ရတဲ့သူကရော.. ဘယ်သူဖြစ်မလဲဆရာ"
" ဒီအကြောင်းအရာတွေကိုသိရဖို့ မနက်ဖြန်ညကျရင် တောက်ရက ဒီမှာလာအိပ်ရလိမ့်မယ်"
" ဗျာ .. ကျွန်တော် အိပ်ရမှာလား"
" ဟုတ်တယ် မင်းက မအိပ်ချင်လို့လား ဒါဆိုလဲ သက်ခိုင်ကိုလာအိပ်ခိုင်းလိုက်မယ်"
" မဟုတ်ပါဘူး ဆရာ တစ်ယောက်လုံးရှိနေတာပဲ ကျွန်တော်အိပ်ရဲပါတယ်"
အောင်မြတ်သာက တောက်ရစကားကိုကြားတော့ ကျေနပ်သွားပြီး ဆန်စက်ထဲကပြန်ထွက်လာခဲ့လိုက်တယ်။ တည်းခိုတဲ့အိမ်ပြန်ရောက်တော့
" လူတွေက ဆန်စက်ထဲမှာ ထူးဆန်းစွာသေဆုံးခဲ့ကြတယ်ဆိုပေမယ့် အလောင်းတော့ပြန်ရခဲ့တာပဲ အခု ပျောက်နေတဲ့ လူငယ်ရဲ့အလောင်းက ဘာလို့မတွေ့ရတာလဲ.. အိမ်းးး ငါ့စိတ်ထင်တဲ့အတိုင်းဆိုရင် ဒီကောင်လေးမသေနိုင်လောက်ဘူး"
" အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးကို ကြိုးကိုင်နေတာ ဆရာမြင်တွေ့ခဲ့တဲ့ကောင်ပဲဖြစ်ရမယ် "
" ငါလဲ မင်းလိုပဲထင်မိတယ် သက်ခိုင်... ဒါကြောင့် တောက်ရကို လွှတ်ဖို့ဆုံးဖြတ်လိုက်တာ"
အောင်မြတ်သာစကားကြောင့် တောက်ရက
" ကျွန်တော်က ဟိုရောက်ရင် ဘာလုပ်ရမလဲဆိုတာ ပြောပြပါဦး"
" မင်းဘာမှ လုပ်စရာမလိုဘူး ..... ဘာလုပ်ရမယ်ဆိုတာ သူကပြောလာလိမ့်မယ်၊ တစ်ခုသတိထားရမှာက သူဘာပဲပေးပေး မထိမကိုင်မိစေဖို့ပဲ"
" ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှတ်ထားပါမယ်"
" ကဲကဲ ညလဲနက်နေပြီဆိုတော့ မင်းတို့လဲ အိပ်ကြဦး"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့နှစ်ဦးလဲ ခေါင်းအုံးကိုယ်စီယူကာ ကျောဆန့်အညောင်းဖြေလိုက်ကြတယ်။
နောက်တစ်နေ့ မနက်ရောက်တော့
" ဆရာလေးတို့ကို ဘစီကတွေ့ချင်လို့တဲ့"
အိမ်အောက်ကနေ ခေါ်နေတဲ့ ဖွားငွေတုတ်အသံကြောင့် အောင်မြတ်သာတို့ ဆင်းလာခဲ့ပြီး
" ဘာအရေးကိစ္စများရှိလို့လဲ အဖွား"
" အဲဒါတော့အဖွားလဲမသိဘူး သူအခု ဘုတိုတို့အိမ်မှာစောင့်နေတယ်"
" ဟုတ်ကဲ့ ကျွန်တော်တို့အခုပဲသွားတွေ့လိုက်ပါမယ်"
အောင်မြတ်သာတို့လဲ ဖွားငွေတုတ်စကားကြောင့် လွယ်အိတ်ကိုကောက်လွယ်ကာ လူမမာရှိတဲ့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ရောက်တော့ သက်ခိုင် ဆွဲထားတဲ့ အင်းစမစာရွက်ကို သေချာကြည့်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
" ဟော ဆရာလေးတို့ရောက်လာပြီ ဦးဘစီ ဒါက ကျုပ်ပြောတဲ့ဆရာတွေလေ"
အိမ်ရှင်မိန်းမကြီးစကားကြောင့် ဘေးမှာထိုင်နေတဲ့ နှုတ်ခမ်းမွှေးစစနဲ့လူကြီးက
" ဆရာလေးတို့ပေးခဲ့တဲ့ အဆောင်ကို ဒီဆရာက အရမ်းစိတ်ဝင်စားနေတာ "
ဦးဘစီ စကားကြောင့် ဘေးမှာထိုင်နေတဲ့ လူက အောင်မြတ်သာကို ပြုံးပြပြီး
" ကျုပ်နာမည်က မင်းအဂ္ဂလို့ခေါ်ပါတယ် .. တွေ့ရတာဝမ်းသာပါတယ်"
" ကျုပ်တို့ကလဲ တွေ့ရတာဝမ်းသာပါတယ်.."
အောင်မြတ်သာက မင်းအဂ္ဂကို နှုတ်ဆက်ပြီး သေချာကြည့်လိုက်ရာ နက်မှောင်ထူထဲနေတဲ့မျက်ခုံးက တစ်ခုနဲ့တစ်ခုထိစပ်နေတဲ့အပြင် မျက်လုံးမျက်ဖန်ကလဲ စူးရှပြီး ယောင်္ကျားပီသတဲ့မျက်နှာသွင်ပြင်ရှိပါလားလို့ စိတ်ထဲကနေ တွေးတောမိလိုက်တယ်။
" ကျုပ်က စကားပြောတာ ပွင့်ပွင့်လင်းလင်းပြောတတ်လို့ စိတ်ထဲတစ်မျိုးမထင်ကြပါနဲ့ ။ မိတ်ဆွေတို့က ဘယ်ဂိုဏ်းဝင်တွေလဲ"
" ကျုပ်တို့ပညာယူထားတာက အင်းတော်ကြီးဂိုဏ်းပါ၊ ဘာများဖြစ်လို့ပါလဲ"
အောင်မြတ်သာစကားအဆုံးမှာ မင်းအဂ္ဂက သူ့လွယ်အိတ်ထဲမှာပါလာတဲ့ အင်းစမတစ်ရွက်ကို ထုတ်ပြပြီး
" ဒီအင်းကို ကြည့်ပေးပါဦး ..."
" လေးကွက်အင်းကို ခရုပိတ်ဆွဲထားတာပဲ "
" ဟုတ်ပါတယ် ကျုပ်တို့ဂိုဏ်းမှာသုံးနေတဲ့ အင်းစမတွေနဲ့ မိတ်ဆွေတို့သုံးနေတဲ့ အင်းစမတွေက ဘာကြောင့်လာတူနေရတာလဲ"
မင်းအဂ္ဂစကားကြောင့် အောင်မြတ်သာက ပါးချိုင့်နှစ်ဖက်ပေါ်အောင်ရယ်လိုက်ပြီး
" သင်တို့ဂိုဏ်းရဲ့အဓိပတိ အမေဒွေးရော နေကောင်းလို့ကျန်းမာပါရဲ့လား" လို့မေးလိုက်ရာ
" သင်က အမေဒွေးကိုသိလို့လား"
" နောက်သင်ကြုံရင် အမေဒွေးကို ကျုပ်အကြောင်းမေးကြည့်နိုင်ပါတယ် သူလဲကျုပ်ကို ကောင်းကောင်းသိတယ်ဗျ...ကဲ အခု သင်လဲကျုပ်တို့အကြောင်းသိပြီဆိုတော့ ဘာများထပ်သိချင်စရာများရှိသေးလဲ"
" ဘာမှမရှိတော့ပါဘူး ဒီလူနာကို သင်တို့ကူညီနေပြီဆိုတော့ ကျုပ်လက်ရှောင်လိုက်ပါ့မယ် "
မင်းအဂ္ဂစကားအဆုံးမှာ အောင်မြတ်သာတို့လဲ နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်တယ်။ အိမ်ပြန်ရောက်တော့
" ဆရာ ခုနက လူက ဘယ်ဂိုဏ်းကလဲ"
" သူတို့ရဲ့အဓိပတိကတော့ အရင်က ငါတို့ဂိုဏ်းသားတစ်ယောက်ပဲ။ အဲဒီကနေမှ တစ်စင်ထောင်ပြီး သီးသန့်ခွဲထွက်ခဲ့တာ၊ ဒါပေမယ့် ဂိုဏ်းရဲ့နည်းစနစ်တွေ၊ အင်းစမတွေကတော့ အတော်များများတူကြတယ်၊ သူတို့ဂိုဏ်းနာမည်က တောင်စဉ်နတ်ဘီလူးဂိုဏ်းလို့ခေါ်တယ်"
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက် လူမမာအိမ်မှာတွေ့ခဲ့တဲ့ သူအကြောင်းကိုတွေးတောရင်း အချိန်တွေကိုကျော်လွန်ခဲ့ကြတယ်။
ညဘက် လူခြေတိတ်ချိန်ရောက်တာနဲ့ တောက်ရက လွယ်အိတ်တစ်လုံးလွယ်ကာ ဆန်စက်အဟောင်းထဲကိုဝင်ရောက်လာခဲ့တယ်။ မှိန်ပြပြကျနေတဲ့ လရောင်အောက်မှာ ဆန်စက်အဟောင်းကြီးက နာနာဘာဝတစ်ကောင်ငုတ်တုပ်ထိုင်နေတဲ့အလား ချောက်ချားဖွယ်ကောင်းနေခဲ့တယ်။
"ချွတ် ချွတ် ချွတ် ရှပ် ရှပ်"
လူတစ်ယောက်လမ်းလျောက်သလိုအသံကြားတဲ့အတွက် အိပ်ဖို့နေရာရှာနေတဲ့ တောက်ရက အနောက်ကိုလှည့်ကြည့်လိုက်ရာ ဆန်စက်အတွင်းပိုင်းထဲမှာ အရိပ်တစ်ခုဖြတ်သွားတဲ့ သဏ္ဍာန်မြင်လိုက်ရတယ်။ တောက်ရလဲ မသိချင်ယောင်ဆောင်ပြီး ခေါင်းတိုင်အောက်မှာ လှဲချကာ ခေါင်မိုးအပေါက်တွေကြားထဲကနေ မြင်နေရတဲ့ ကြယ်တွေကိုငေးကြည့်နေခဲ့တယ်။
ညသန်းခေါင်အချိန်ရောက်တော့ ဆန်စက်ခေါင်းတိုင်ပေါ်ကနေ
" ပစ်ချလိုက်ရတော့မလား.... ပြော... ပစ်ချလိုက်ရမလား" ဆိုတဲ့အသံနက်ကြီးထွက်ပေါ်လာခဲ့တယ်။
ဒီတစ်ခါမှာတော့ တောက်ရက အိပ်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး ပုဆိုးကိုပြင်ဝတ်ကာ
" မပစ်ချနဲ့ဦး ခဏနေဦး ... အောက်မှာ ခင်းဖို့တစ်ခုခုရှာလိုက်ဦးမယ်" လို့ပြောပြီး ဆန်စက်ထဲမှာ ပုံထားတဲ့ဂုန်နီအိတ်အဟောင်းတွေကို ယူကာ ခေါင်းတိုင်အောက်မှာပုံချထားလိုက်တယ်။
" ဟေ့ မင်းပစ်ချချင်သပဆိုလဲ ပစ်ချလိုက်တော့ကွာ ..ငါ့ကိုတော့ထိအောင်မပစ်နဲ့ ကြားလား"
တောက်ရလဲ စိတ်ပေါက်ပေါက်နဲ့ အော်ပြောပြီး စက္ကန့်ပိုင်းအကြာမှာတော့ ခေါင်းတိုင်အပေါ်ကနေ "ဖရော ဖရော ချွင် ချွင်ချလင်" ဆိုတဲ့အသံနဲ့အတူ ရွှေမန်ကျီးတောင့်တွေကျလာခဲ့တယ်။
လရောင်အောက်မှာပြိုးခနဲပျက်ခနဲဖြစ်နေတဲ့ ရွှေတောင့်တွေကိုမြင်တော့ တောက်ရ အံ့အားသင့်သွားခဲ့တယ်။ ဒါပေမယ့် ဆရာဖြစ်သူရဲ့ပြောစကားကြောင့် ရွှေတောင့်တွေကိုမထိမကိုင်ပဲ ရှေ့ဆက်ဖြစ်လာမယ့်အခြေအနေတွေကို အကဲခတ်နေစဉ်
" ဘာလုပ်နေတာလဲ ယူလေ ... ယူလိုက် မြန်မြန်ယူ" ဆိုတဲ့အသံက ခေါင်းတိုင်ထိပ်ကနေ ထွက်ပေါ်လာခဲ့တယ်။
တောက်ရလဲ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်
" ယူလိုက် တောက်ရ .. ဒီကောင်တွေ အတင်းယူစေချင်နေတာ အကြောင်းရှိရမယ်" ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်ရာ ဆရာဖြစ်သူနဲ့ သက်ခိုင်တို့နှစ်ယောက်ကိုမြင်လိုက်ရတယ်။
" ဆရာတို့လိုက်လာကြတာလား ..တော်ပါသေးရဲ့ ကျွန်တော်ဖြင့်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာ"
" ဒီရွှေချောင်းတွေပစ်ချပေးတယ်ဆိုတာ ကောင်းသောပေးခြင်းတော့မဟုတ်လောက်ဘူး .."
အောင်မြတ်သာစကားအဆုံးမှာ တောက်ရ ဝင်းအိနေတဲ့ရွှေချောင်းတွေကို ကောက်ယူလိုက်တဲ့အချိန် ခြောက်ကပ်ကပ်ရယ်သံတစ်ခုက ခေါင်းတိုင်အပေါ်ကနေထွက်လာခဲ့တယ်။
" ဟက်ဟက်ဟက်... ငါပေးတာကိုယူရင် ငါနေတဲ့အိမ်မှာအစေခံလုပ်ရမယ်ဆိုတဲ့ကျိန်စာကို မင်းလက်ခံလိုက်တာနဲ့တူတူပဲ ... မောင်စိန်နဲ့ မောင်ပိန် ဒီကောင်ကို ဂုတ်ချိုးပြီး ဝိဉာဉ်နှုတ်ခဲ့စမ်း"
ဝမ်းခေါင်းသံကြီးနဲ့ပြောလိုက်တဲ့စကားအဆုံးမှာ ဆန်စက်ထုပ်တန်းပေါ်ကနေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သရဲနှစ်ကောင် ခုန်ဆင်းလာပြီး တောက်ရဂုတ်ကိုချိုးရန် အနားကပ်လာခဲ့တယ်။
" ဆရာ ... ကျွန်တော်ဘာလုပ်ရမလဲ"
" မင်းရဲ့ဝိဉာဉ်ကို ကိုယ်ကနေခွာပြီး သူတို့နောက်လိုက်သွားလိုက် ငါတို့အနောက်ကနေလိုက်လာခဲ့မယ်"
အောင်မြတ်သာစကားကြောင့် တောက်ရက ခန္ဓာနဲ့ ဝိဉာဉ်ချိတ်ဆက်ထားတဲ့ကြိုးကို ဆွဲဆန့်လိုက်ပြီး လိပ်ပြာလွှင့်ခြင်းကိုစတင်ခဲ့တယ်။
" လာခဲ့ ငါတို့နောက်လိုက်ခဲ့ "
လျာလုံးပြီးပြောလိုက်တဲ့အသံနဲ့အတူ တောက်ရခြေထောက်တွေက မောင်စိန်နဲ့မောင်ပိန်တို့ခေါ်ရာနောက်ကို လိုက်ပါသွားခဲ့တယ်။
" ဆရာ ကျွန်တော်တို့ လိုက်သွားရင် တောက်ရအတွက် စိတ်ချရပါ့မလား"
" စိတ်မပူနဲ့ သက်ခိုင် .. ဒီနာနာဘာဝတွေ ငါတို့ကိုမမြင်နိုင်ဘူး .. သူတို့ တောက်ရကို ဘယ်ခေါ်သွားမလဲဆိုတာ လိုက်ကြည့်ရအောင်"
အောင်မြတ်သာတို့လဲ ငိုက်စိုက်ငိုက်စိုက်နဲ့သွားနေတဲ့ တောက်ရအနောက်ကို ထပ်ချပ်မကွာလိုက်လာခဲ့ကြတယ်။ ဒိလိုနဲ့ ဆန်စက်အနောက်ဘက် မြေကွက်လပ်ကိုရောက်တော့ တောက်ရရဲ့ဝိဉာဉ်က မျက်စိအရှေ့မှာတင်ပျောက်ကွယ်သွားခဲ့တယ်။
" ဆရာ ဘာဖြစ်တာလဲ ... တောက်ရကို ကျွန်တော်တို့မတွေ့ရတော့ဘူး"
သက်ခိုင်စကားကြောင့် အောင်မြတ်သာက လွယ်အိတ်ထဲမှာအသင့်ဆောင်ထားတဲ့ နတ်မျက်စိအင်းကိုပေးလိုက်ပြီး
" ဒီအင်းစာရွက်နဲ့ မျက်လုံးကိုပွတ်ပြီး ကြည့်လိုက် ထူးဆန်းတာတွေမြင်ရလိမ့်မယ်"
သက်ခိုင်လဲ အောင်မြတ်သာပေးတဲ့ အင်းကိုမျက်လုံးမှာပွတ်ပြီးကြည့်လိုက်ရာ ရှေးဟောင်းအုတ်ချပ်တွေနဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်တစ်လုံးကိုမြင်လိုက်ရတယ်။ ညဘက်ဖြစ်လင့်ကစား အိမ်တစ်ခုလုံး လင်းထိန်အောင် ကညင်တိုင်မီးတွေထွန်းထားပြီး အိမ်ထဲမှာလဲ မျက်နှာသေတွေနဲ့ သွားလာလှုပ်ရှားနေတဲ့သူအချို့ကိုမြင်လိုက်ရတယ်။
တောက်ရကတော့ အိမ်အဝင်ဝတံခါးနားရောက်တဲ့ထိ လျောက်သွားနေပြီး အိမ်ထဲဝင်ဖို့အလုပ်မှာတော့ " ဒိကောင်ကို အိမ်ထဲပေးမဝင်နဲ့" ဆိုပြီး အော်လိုက်တဲ့အသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာတို့လဲ ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် အိမ်နယ်နိမိတ်ထဲကိုမဝင်ပဲကြည့်လိုက်ရာ ဦးခေါင်းတစ်ခုလုံးဟက်တက်ကွဲပြီး သွေးတစ်စက်စက်ကျနေတဲ့ လူတစ်ယောက်က တောက်ရ အနားကိုကပ်ပြီး
" ဒီကောင်က အထက်လမ်းဆရာပဲ .. သူ့ကို ငါတို့အခန်းမှာ ခိုင်းဖို့ခေါ်ထားမယ်လို့ အိမ်ကြီးသခင်ကိုပြောလိုက်" ဆိုပြီးပြောလိုက်တော့ မောင်စိန်နဲ့မောင်ပိန်ဆိုတဲ့ သရဲနှစ်ကောင်က တောက်ရကို အခြားဝင်ပေါက်တစ်ခုဆီကိုခေါ်သွားခဲ့တယ်။
တောက်ရ အခန်းထဲမဝင်ခင်မှာပဲ အိမ်နယ်နိမိတ်အစပ်ကနေ မီးတောက်တွေ တဟုန်းဟုန်းတောက်လောင်ပါလေရော။ ရုတ်တရက် ပေါ်လာတဲ့ မီးတောက်တွေကို စူးစမ်းပြီးတို့ထိကြည့်တဲ့သူတွေအားလုံး အမေရေ အဘရေအော်ကာ မြေပေါ်လူးလိမ့်နေတဲ့အချိန် တောင်ရှည်ပုဆိုးကို ကျနစွာဝတ်ထားတဲ့လူတစ်ယောက် အိမ်ပေါ်ထပ်ကနေ အောက်ကိုဆင်းလာခဲ့တယ်။
" တောက် ငါ့နေရာကို လူစိမ်းတွေဝင်လို့ရအောင် လုပ်လိုက်ပြီနဲ့တူတယ်... ဒီတစ်ခေါက် အစေခံသွားရှာတာဘယ်သူလဲ"
" မောင်ဒေါင်းပါ အိမ်ကြီးရှင် .. သူရဲ့ဖျားယောင်းမှုနဲ့ ကျွန်တော်မျိုးတို့အတွက်အသုံးဝင်တဲ့ အထက်လမ်းဆရာတစ်ယောက်ကို ဝိဉာဉ်နှုတ်လာနိုင်ခဲ့ပါတယ်"
ဦးခေါင်းဟက်တက်ကွဲနေတဲ့သူရဲ့ စကားအဆုံးမှာ တောင်ရှည်ဝတ်လူကြီးက နံရံမှာချိတ်ထားတဲ့ ဓါးကိုဆွဲယူကာ လည်ပင်းကိုဇွပ်ခနဲခုတ်ချလိုက်တယ်။
" ဒုတ် ရွှပ်..."
အားပါတဲ့ဓါးချက်ကြောင့် ဦးခေါင်းတစ်ခုလုံးတိကနဲ ပြတ်ကျပြီး ကြမ်းပေါ်လိမ့်သွားပေမယ့် ခန္ဓာကိုယ်ကတော့ သက်ရှိတစ်ကောင်အလား လှုပ်ရှားနေခဲ့တယ်။
" မင်းက ဒီအိမ်ရဲ့ ဝါအရင့်ဆုံးအစေခံဖြစ်ပြီး ဒီလောက်တောင်ပေါ့ဆရသလား ဟမ်... အခုခေါ်လာတဲ့သူရဲ့နောက်မှာ ပါလာတဲ့အန္တရာယ်တွေကိုမမြင်တော့ ငါတို့အားလုံး ပိတ်လှောင်ခံထိနေပြီကွ"
အံကြိတ်ကာ ဒေါသတစ်ကြီးပြောလိုက်တဲ့စကားအဆုံးမှာ အိမ်ထဲကနေ တောက်ရပြေးထွက်လာတာကိုမြင်လိုက်ရတယ်။
" တောက်ရ မီးတောက်ကိုကျော်ပြီး မူလရုပ်ထဲပြန်ဝင်လိုက်တော့ ပြီးတာနဲ့ ရွာထဲကိုသွား လူစုနိုင်သလောက်စုပြီး သံပုံးတွေယူလာခဲ့ကြ"
အောင်မြတ်သာစကားကြောင့် တောက်ရလဲ မီးတောက်ကိုဖြတ်ကျော်ပြီး ဆန်စက်အဟောင်းရှိတဲ့ဘက်ကိုပြေးထွက်သွားခဲ့တယ်။
" ဟိုမှာပြေးပီ ... မလွတ်စေနဲ့ လိုက်ဖမ်းကြစမ်း"
အိမ်ကြီးရှင်ရဲ့စကားကိုကြားတော့ လက်ရဲဇက်ရဲရျိတဲ့ နာနာဘာဝအချို့က မီးတောက်တွေကိုဖြတ်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမယ့် အနားရောက်တာနဲ့ အပူရှိန်ဟပ်ပြီး အခိုးအငွေ့တွေဖြစ်သွားခဲ့တယ်။
အောင်မြတ်သာကတော့ တောက်ရလွတ်ပြီဆိုတာနဲ့ လက်ထဲမှာအသင့်ကိုင်ထားတဲ့ ဂိုဏ်းစောင့်အင်းကို အိမ်နယ်နိမိတ်အတွင်းဖြစ်လွှင့်လိုက်ရာ အင်းစမထဲကနေ တစ်ကိုယ်လုံးရွှေရောင်အသားရည်တွေနဲ့ လှပကျော့ရှင်းနေတဲ့ ဂိုဏ်းစောင့်တွေပေါ်လာခဲ့တယ်။
ဂိုဏ်းစောင့်တွေကိုမြင်တော့ တောင်ရှည်ပုဆိုးဝတ်ထားတဲ့အိမ်ကြီးရှင်က
" နေရာတကာလိုက်နှောက်ယှက်တဲ့ သူတွေကို ဖယ်ရှားပစ်ကြ" လို့အော်လိုက်ရာ မျက်နှာသေတွေနဲ့ရပ်နေတဲ့သူတွေအားလုံး ဂိုဏ်းစောင့်တွေကို တိုက်ခိုက်ဖို့ပြေးဝင်လာကြတယ်။
" ရွှပ် အား အင့်... "
" ဝှီး ဖောက် အွန့်"
အင်းစောင့်တွေကလဲ လက်ထဲမှာ ကိုင်ထားတဲ့ တုတ် ဓါး လက်နက်တွေနဲ့ ထိန်းချုပ်ခံဝိဉာဉ်တွေကို ရိုက်ပုတ်ထုနှက်ပါလေရော။
အင်းစောင့်တွေလက်ချက်မိသွားတဲ့ ထိန်းချုပ်ခံဝိဉာဉ်တွေက အိမ်နယ်နိမိတ်အတွင်းမှာ အတုန်းအရုန်းလဲကျနေချိန် အောင်မြတ်သာက ပိုက်ကွန်သဖွယ်ရေးဆွဲချိတ်ဆက်ထားတဲ့ အချုပ်အင်းကို အိမ်ကြီးရှင်ရှိတဲ့ဘက်ကိုပစ်လွှတ်လိုက်တယ်။
အချုပ်အင်းက လေပေါ်မြောက်တက်သွားပြီး အိမ်ကြီးရှင်ခေါင်းပေါ်ရောက်တာနဲ့ ကြီးမားတဲ့ပိုက်ကွန်အဖြစ်ပြောင်းသွားကာ ဖမ်းချုပ်ဖို့အောက်ကိုဆင်းလာတဲ့အချိန်
" ဖျောက် ဖျောက် ပတောက်" ဆိုတဲ့အသံနဲ့အတူ ကြိုးတွေအကုန်ပြတ်တောက်ကုန်တယ်။
တစ်ခါမှမကြုံဖူးတဲ့အခြေအနေမို့ အောင်မြတ်သာရော သက်ခိုင်ပါ အံ့ဩသွားစဉ် ထန်းလုံးအရွယ်အစားရှိတဲ့ တံစူးနှစ်ချောင်းက အိမ်ကြီးရှင်ရပ်နေတဲ့ အိမ်အပေါက်ဝမှာ ကန့်လန့်ဖြတ်ပေါ်လာခဲ့တယ်။
" ဆရာ ဘာဖြစ်တာလဲ... ဒီပုဂ္ဂိုလ်က ထူးဆန်းတာတော့အမှန်ပဲ"
သက်ခိုင်စကားကြောင့် အောင်မြတ်သာက အပေါ်ကိုမော့ကြည့်လိုက်ရာ တိမ်တိုက်တွေကြားထဲကနေ အိမ်ပေါ်ကိုခုန်ဆင်းလာတဲ့ ဂုမ္ဘာန်နှစ်ကောင်ကို မြင်လိုက်ရတယ်။
မြစိမ်းရောင်အဆင်ဆန်ဆာကိုဝတ်ဆင်ထားတဲ့ ဂုမ္ဘာန်နှစ်ကောင်က အောင်မြတ်သာကိုမြင်တော့
" ဒီငမိုက်သားကြောင့် ဆရာတို့အလုပ်ပိုသွားရပြီ .. ဟဲ့ ငမိုက်သား သင့်အပြစ်တွေကို လာမယ့်နတ်သဘင်အစည်းအဝေးရောက်ရင် ငါကိုယ်တိုင် တင်ပြမဟဲ့ " လို့ပြောတော့ တောင်ရှည်ဝတ်ပုဂ္ဂိုလ်က သူခိုးလူမိတဲ့မျက်နှာထားနဲ့ ခေါင်းအောက်ငိုက်စိုက်ကာ မလှုပ်မယှက် အနေအထားနဲ့ ငြိမ်နေခဲ့တယ်။
" အသင်တို့ ဒီပုဂ္ဂိုလ်က ဘာကြောင့် ဒီလိုတန်ခိုးအစွမ်းတွေရှိနေရတာလဲ "
" ဒီငမိုက်သားက လူ့ဘဝတုန်းက သူခိုးသူဝှက်တွေကိုမွေးမြူပြီးခိုင်းစားရတာအရမ်းနှစ်သက်ခဲ့သလို သူရခဲ့တဲ့ပစ္စည်းတွေကို ဒီအိမ်ကြီးထဲမှာ မြုပ်နှံထားခဲ့တယ်။ တစ်ရက်မှာ သီလသမာဓိနဲ့ပြည့်စုံတဲ့ရဟန်းတစ်ပါးကို အိမ်ထဲမှာဆွမ်းတစ်နပ်ကပ်လှူခဲ့တာကြောင့် သူသေလွန်တဲ့အခါ ဒီအိမ်ကြီးက အလိုအလျောက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကို ငမိုက်သားက အခွင့်ကောင်းယူပြီး မကောင်းမှုတွေကိုလုပ်နေတာ ဆရာတို့ဝင်တားတာကို နတ်မင်းတွေကသိရှိပြီး အိမ်နဲ့ငမိုက်သားကို တိုက်ပိတ်အပြစ်ပေးဖို့စေခိုင်းခဲ့ပါတယ်။ ဒါကြောင့် အိမ်ရဲ့အပေါက်မှန်သမျှကို နတ်မင်းတွေရဲ့အာဏာစက်နဲ့ပိတ်ပစ်ခဲ့ပြီး မကျွတ်မလွတ်ပဲ ခိုင်းစေခံထားရတဲ့သူတွေအားလုံးကိုလဲ လွှတ်ပေးဖို့အမိန့်ပါလာခဲ့ပါတယ်"
" လက်စသတ်တော့ကုသိုလ်အဟုန်ကြောင့်ပေါ်လာတဲ့ အိမ်တံစက်မြိတ်မှာဖြစ်လို့ ကျုပ်တို့အင်းစမတွေကအသုံးမဝင်တာကိုး"
အောင်မြတ်သာက ခေါင်းတစ်ညိမ့်ညိမ့်နဲ့တီးတိုးရေရွတ်ပြီး အနောက်ကိုလှည့်လိုက်ရာ ဆံရစ်ဝိုင်းနဲ့လူငယ်တစ်ယောက်သတိလစ်မေ့မျောနေတာမြင်လိုက်ရတယ်။
သက်ခိုင်လဲ သတိလစ်မေ့မျောနေတဲ့ လူငယ်ကိုပွေ့ချီပြီး ပြန်လှည့်ကြည့်တော့ ခုနကမြင်ခဲ့တဲ့ အိမ်ကိုမတွေ့ရတော့ပေ။
" ဆရာ ခုနက အိမ်မရှိတော့ဘူး"
" ဆိုင်ရာပိုင်ရာနတ်မင်းတွေက အိမ်ကိုချိတ်ပိတ်ပြီး ထိန်းသိမ်းလိုက်တဲ့အတွက် မမြင်တွေ့ရတော့တာ အခုဒီလူငယ်ကို ရွာထဲပြန်ခေါ်ဖို့လုပ်ရအောင်"
အောင်မြတ်သာစကားကြောင့် သက်ခိုင်က လူငယ်ကိုပွေ့ချီပြီးရွာထဲကိုပြန်ဖို့အလုပ် မီးတုတ်တွေကိုယ်စီနဲ့ လာနေကြတဲ့ ရွာသားတွေကိုမြင်လိုက်ရတယ်။
" ဆရာ ဆရာ ရွာထဲကလူတွေရသလောက်တော့စုလာခဲ့တယ် ဒီမှာ သံပုံးတွေလဲပါတယ်"
" အခု ဒီအနီးတစ်ဝိုက်မှာရှိတဲ့ မကောင်းတဲ့နာနာဘာဝတွေကိုနှင်ထုတ်ဖို့ သံပုံးတွေမှာ မိစ္ဆာနှင်အင်းကို ကပ်ပြီး တစ်ယောက်ကို အချက် ၉၀တိတိ တီးကြပေတော့ "
အောင်မြတ်သာစကားကြောင့် တောက်ရက မိစ္ဆာနှင်အင်းကိုဆွဲကာ သံပုံးတွေမှာကပ်ပြီး တီးစေခဲ့တယ်။ သံပုံးတီးတဲ့အချိန် ဆန်စက်အထဲကနေ ကြောက်လန့်တစ်ကြားထွက်ပြေးကြတဲ့ ခြေသံတွေကို ရွာသားတွေရော တောက်ရတို့ပါကြားလိုက်ရတယ်။
နောက်တစ်နေ့မနက်ရောက်တော့ ကံကောင်းထောက်မစွာနဲ့ ဖွက်ထားခံထိရာကနေ လွတ်လာတဲ့ ဖိုးသာထူးကို ပျောက်ကင်းအောင်ကုသပေးပြီး ရွှေသာမြို့ကိုခရီးဆက်ခဲ့ကြတယ်။
ရွှေသာမြို့ကိုရောက်တော့ ထူးဆန်းစွာခေါင်းကိုက်ကိုက်နေတဲ့ လူတစ်ယောက်ကို ကုသပေးခဲ့ရပြန်တယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ကွမ်တိယအစွဲဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ
အောင်မြတ်သာနှင့်အိမ်ပျောက်ကြီး
Subscribe to:
Posts (Atom)
No comments
Post a Comment