အောင်မြတ်သာနှင့်ဘီလူးမွေးတဲ့ရွာ

  အောင်မြတ်သာနှင့်ဘီလူးမွေးတဲ့ရွာ ညငှက်တို့ရဲ့အော်မြည်သံက တိတ်ဆိတ်နေတဲ့ညအချိန်ကို ဖောက်ထွက်လာခဲ့တယ်။ ညငှက်အော်မြည်သံတွေရဲ့အဆုံးမှာတော့ သင်္ဘ... thumbnail 1 summary

 အောင်မြတ်သာနှင့်ဘီလူးမွေးတဲ့ရွာ

ညငှက်တို့ရဲ့အော်မြည်သံက တိတ်ဆိတ်နေတဲ့ညအချိန်ကို ဖောက်ထွက်လာခဲ့တယ်။ ညငှက်အော်မြည်သံတွေရဲ့အဆုံးမှာတော့ သင်္ဘောဆေးအနီရောင်သုတ်ထားတဲ့ ပျဉ်ထောင်အိမ်ကြီးအထဲကနေ ရေနံဆီမီးအိမ်အရောင်မှိန်မှိန်လေးထွက်ပေါ်လာခဲ့တယ်။
" ကိုစည်မြိုင် ထပါဦး ကျုပ်ကိုရေတစ်ခွက်ခပ်ပေးစမ်းပါဦးရှင်"
ရေနံဆီမီးအိမ်အလင်းရောင်အောက်မှာ ငုတ်တုပ်ထထိုင်ပြီးညီးညူနေတဲ့ ဇနီးဖြစ်သူရဲ့အသံကြောင့် အိပ်မောကျနေတဲ့ ဦးစည်မြိုင် လန့်နိုးလာခဲ့တယ်။
" မြပွင့် မြပွင့် ဘာဖြစ်လို့လဲ"
" ရေတစ်ခွက်သာ ခပ်ပေးစမ်းပါတော် ကျုပ်ရင်တွေမောနေတယ်"
ဇနီးဖြစ်သူရဲ့စကားကြောင့် ဦးစည်မြိုင် အိပ်နေရာကနေ ထလိုက်ပြီး သောက်ရေအိုးထဲကနေ ရေတစ်ခွက်ကိုခပ်ကာ ကမ်းပေးလိုက်တယ်။
မြပွင့်လဲ ဦးစည်မြိုင်ပေးတဲ့ရေခွက်ကို အငမ်းမရသောက်ချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်တယ်။
" ကိုစည် ကျွန်မအိမ်မက်တွေမကောင်းဘူး"
" ဘာတွေမက်လို့လဲ ပြောပါဦး"
" ကျွန်မဗိုက်ထဲကို အစွယ်တကားကားနဲ့ ဘီလူးနှစ်ကောင်ဝင်သွားတယ်လို့မက်တာ"
" ရှင်မကလဲ အိမ်မက်ဆိုတာ သွေးလေချောက်ချားလို့မက်တာလဲဖြစ်မှာပါ စိတ်ထဲသိပ်ပြီးမထားပါနဲ့ကွာ"
" အင်းပါ ကျွန်မလဲစိတ်ထဲမထားပါဘူး ဒါပေမယ့်အိမ်မက်ကတကယ်ဖြစ်နေသလိုခံစားနေရတယ်"
" ကဲကဲ အခြားမတွေးနေနဲ့ မနက်ကျရင် သူရင်းငှားတွေကိုလုပ်ခတွေထုတ်ပေးရဦးမယ် စိတ်ကိုအေးအေးထားပြီး ပြန်အိပ်လိုက်နော်"
မမြပွင့်လဲ ဦးစည်မြိုင်စကားကြောင့် ခေါင်းထဲမှာရှိနေတဲ့အတွေးတွေကိုဖယ်ထုတ်ပြီး အိပ်ယာပေါ်ကိုပြန်လှဲချကာ အိပ်လိုက်တယ်။
++++++
" စံဘ လှမြင့် ကြွက်သိုး မင်းတို့လုပ်ခတွေ လာယူဦး "
" လာပြီ သူကြီးရေ လာပြီ "
" ဒီမှာမင်းတို့လုပ်ခငွေ နောက်တစ်သီးကျရင်လဲ ငါ့လယ်မှာလာလုပ်ပေးရမယ်နော် "
"စိတ်ချပါသူကြီးရယ် ကျုပ်တို့က သူကြီးလယ်မှာမလုပ်ရင် ဘယ်မှာသွားလုပ်ရမှာလဲ စပါးတွေချွေပြီးရင်တော့ ကျုပ်တို့ရွာခဏပြန်မယ်နော် "
" အလုပ်ပါးရင်တော့ပြန်ကြပေါ့ကွာ ဒီနှစ်တော့စပါးအထွက်တိုးမယ်ထင်ပါတယ်ကွာ"
ဦးစည်မြိုင်က သူရင်းငှားတွေကို လုပ်ခတွေရှင်းပေးရင်း စားပွဲပေါ်တင်ထားတဲ့ ထန်းလျက်ခဲတစ်ခဲကိုပါးစပ်ထဲပစ်ထည့်လိုက်တယ်။
" သူကြီး သူကြီး အစ်မမြပွင့် မူးလဲလို့တဲ့"
အလောတကြီးလာပြောတဲ့အလုပ်သမားတစ်ယောက်ရဲ့အသံကြောင့် လက်ထဲကိုင်ထားတဲ့ငွေစက္ကူတွေကို ဘေးလွယ်အိတ်ထဲထိုးထည့်ပြီး
"မြပွင့်ဘာဖြစ်သွားသေးလဲ"
" အဲဒါတော့မသိဘူးသူကြီး လယ်ထဲမှာ ကောက်စိုက်သမတွေကို လုပ်ခတွေပေးနေရင်း မူးလဲလို့တဲ့"
" ဟာကွာ လာလာသွားကြရအောင် လုပ်ခမရသေးတဲ့သူတွေ ခဏစောင့်ဦး ငါပြန်လာခဲ့မယ်"
ဦးစည်မြိုင်လဲ သူရင်းငှားတွေကို လှမ်းအော်ပြောရင်း မြပွင့်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။
" သူကြီး လာပြီ ဖယ်ကြဦး"
ကောက်စိုက်သမတွေရဲ့ပျာပျာသလဲလဲ အမူအယာကို ဦးစည်မြိုင်အကဲခတ်လိုက်ပြီး
" မြပွင့်ကဘာဖြစ်တာလဲ"
" သူကြီးတော့ မကြာခင် ရတနာလေးရတော့မယ် ဟိဟိ"
ပြောင်စပ်စပ်နဲ့ပြောနေတဲ့ကောက်စိုက်သမတွေရဲ့စကားကြောင့် ဦးစည်မြိုင် သဘောပေါက်သွားပြီး
" ဟဲ့ မကြူ နင့်စကားက ဘာတုန်း ငါကဘာကိုရမှာလဲ"
" သူကြီးကလဲ မသိချင်ယောင်ဆောင်နေပြန်ပြီ မမမြပွင့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့"
" ဟာ ဟုတ်လို့လား နင်တို့ကိုဘယ်သူကပြောတာလဲ"
" အမလေး ဘယ်သူပြောရမှာလဲ မမမြပွင့်ကို လာကြည့်ပေးတဲ့ ဆေးဆရာကပြောတာ ဘာမှစိတ်ပူစရာမရှိဘူးတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာဒါမျိုးကဖြစ်လေ့ဖြစ်ထရှိတယ်တဲ့ "
" အေးအေး နင်တို့လဲ ခဏစောင့်ကြဦး လုပ်ခမရသေးတဲ့သူတွေ ခဏနေထပ်ရှင်းပေးမယ်"
ဦးစည်မြိုင်က မှိုရတဲ့မျက်နှာနဲ့ပြောလိုက်ရင်း မြပွင့်ကိုဆွဲထူလိုက်တယ်။
" မြပွင့် သက်သာရဲ့လား "
" သက်သာပါတယ် ရုတ်တရက်မူးခနဲမိုက်ခနဲဖြစ်သွားတာပါ "
" သက်သာတယ်ဆိုရင် ရပါပြီ အခုအိမ်ပြန်ပြီး နားလိုက်ဦးနော် ကျန်တဲ့ကိစ္စတွေ ကိုယ်ရှင်းလိုက်မယ်"
ဦးစည်မြိုင်က မြပွင့်ပခုံးလေးကိုဆုပ်ကိုင်ရင်း ပြောလိုက်တယ်။
" အေးမိရေ နင်အစ်မကို တွဲပို့လိုက်ပါဦး ကျန်တဲ့သူတွေ တန်းစီထားကြ လုပ်ခတွေဆက်ရှင်းမယ်ဟေ့"
ဦးစည်မြိုင်က လယ်စောင့်တဲ့အရှေ့မှာ စုရုံးစုရုံးဖြစ်နေတဲ့ကောက်စိုက်သမတွေကို အော်ပြောပြီး လွယ်အိတ်ထဲက ငွေစက္ကူတွေကိုထုတ်လိုက်တယ်။
+++++++++
ဦးစည်မြိုင်ဆိုတာက ကျွဲတဲရွာရဲ့ ၁၀ဆက်မြောက်သူကြီးတစ်ဦးလဲဖြစ်သလို ရွာရဲ့အချမ်းသာဆုံးသူဌေးစာရင်းဝင်တစ်ယောက်လဲဖြစ်တယ်။ မိဘမျိုးရိုးစဉ်ဆက် သူကြီးမျိုးရိုးကနေဆင်းသက်လာခဲ့လို့ အသက်၂၀ကျော်အရွယ်မှာတင် ဦးစည်မြိုင်က ကျွဲတဲရွာရဲ့အသက်အငယ်ဆုံးသူကြီးတစ်ဦးဖြစ်လာခဲ့တယ်။ ငယ်စဉ်ထဲက ဖခင်ဖြစ်သူအနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့သူမို့ ရပ်ရွာကိုဘယ်လိုထိန်းကျောင်းရမယ်ဆိုတာကို နှံ့နှံ့စပ်စပ်သိနေခဲ့တယ်။ ဒါကြောင့်လဲ အသက်နှစ်ကျော်အရွယ်မှာတင် ကျွဲတဲရွာကို နိုင်နင်းအောင်အုပ်ချုပ်ပြီး အဖေရဲ့အမွေကိုဆက်ခံခဲ့တယ်။ အသက်၂၆နှစ်မှာတော့ ငယ်သူငယ်ချင်းဖြစ်သူ မြပွင်နဲ့အကြောင်းပါပြီး လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးတော့ စီးပွားရေးတွေအရင်ကထက်ပိုအဆင်ပြေလာခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်သက် ၅နှစ်လောက်ရောက်တဲ့အထိ ကလေးမရခဲ့ဘူး။ အခုလိုရုတ်တရက် ကိုယ်ဝန်ရနေပြီဆိုတဲ့စကားကြောင့် ဦးစည်မြိုင် မခံစားဖူးတဲ့ ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရတယ်။
++++++
မြပွင့်ကိုယ်ဝန်ရတာသိတဲ့အချိန်ကနေစပြီး လယ်အလုပ်တွေကို ဦးစည်မြိုင်တစ်ယောက်ထဲ ဦးစီးလုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကိုယ်ဝန်လေးလလောက်ရောက်တော့
" ကိုစည်မြိုင် "
မမြပွင့်ခေါ်သံကြောင့် အိမ်ရှေ့မှာရေနွေးကြမ်းထိုင်သောက်နေတဲ့ ဦးစည်မြိုင်က မော့ငေါ့ပြီး
" ဘာပြောစရာရှိလို့လဲမြပွင့် "
" ဟိုလေ ကျွန်မ စိတ်ထဲစားချင်နေတဲ့အရာတစ်ခုရှိတယ် ဒါပေမယ့် "
" ဒါပေမယ့်ဘာဖြစ်လဲ မြပွင့်စားချင်ရင် အကိုလုပ်ပေးမှာပေါ့ ကဲ ဘာစားချင်လဲ ပြော"
" အင်း မြပွင့်လေ အမဲသွေးကို သုပ်စားချင်တယ်"
" ဟားဟား ဒါလေးများ မြပွင့်ရယ် ရွာမှာ အမဲပေါ်ရင် ကိုယ်ရအောင်ဝယ်ထားပေးမှာပေါ့"
" ဟအင်း အဲလိုသေပြီးသားကိုယ်ကထွက်တဲ့သွေးကိုမစားချင်ဘူး အရှင်လတ်လတ်ကိုယ်ပေါ်ကထွက်တဲ့သွေးလတ်ဘတ်ဆတ်ဆတ်ကိုပဲစားချင်တာ"
မြပွင့်ရဲ့ စကားကြောင့် ဦးစည်မြိုင်အကြပ်ရိုက်သွားခဲ့တယ်။ ရွာမှာကလဲ အမဲပေါ်မှ အမဲသွေးရတာဆိုတော့ အရှင်လတ်လတ်ဆီကရတဲ့သွေးကိုယူဖို့ဆိုတာ နည်းနည်းတော့ခက်နေခဲ့တယ်။ ဒ‌ါပေမယ့် မြပွင့်စိတ်ချမ်းသာအောင် မဖြစ်ဖြစ်အောင်ရှာပေးမယ်ဆိုတဲ့ကတိကိုပေးလိုက်ရတယ်။
နောက်ဆုံးမှာ မြပွင့်ရဲ့ ချဉ်ချင်းတပ်တဲ့စိတ်ကိုလိုက်လျောပေးဖို့အတွက် အိမ်မှာမွေးထားတဲ့ နွားကိုအရှင်ရှင်လတ်လတ် လည်ပင်းသွေးဖောက်ပြီး ဒန်အိုးနဲ့ခံကာ အခဲဖြစ်အောင်လုပ်ကာ ချက်ကျွေးတော့မှ ချဉ်ချင်းကပျောက်သွားခဲ့တယ်။
ရွာထဲက လူတွေကတော့ မြပွင့်ချဉ်ချင်းတပ်တာကိုကြည့်ပြီး ဗိုက်ထဲကကလေးကတော့ အတော်ဆိုးမယ်လို့ကင်မွန်းတပ်ခဲ့ကြတယ်။ ဒါပေမယ့် သူကြီးကြားအောင်တော့ ဘယ်သူမှမပြောရဲခဲ့ကြဘူး။ မြပွင့်ကလဲ ကိုယ်ဝန်စရတဲ့အချိန်ကစပြီး အသားငါးတွေကိုပဲစားချင်တဲ့စိတ်ဖြစ်လာခဲ့တယ်။ အရင်က အမဲသားကိုအနံ့တောင်မခံနိုင်တဲ့လူက အခုဆို အမဲသားနဲ့ အခြားအသားတွေမပါရင် ထမင်းမစားချင်လောက်အောင်ဖြစ်လာခဲ့တယ်။ စိတ်ကလဲ အရင်ကထက်ပိုကြမ်းလာသလို နှုတ်ကလဲကြမ်းတမ်းလာခဲ့တယ်။
ရာသီတွေတစ်ခုနဲ့တစ်ခု အကူးအပြောင်းဖြစ်လာတဲ့အချိန် မြပွင့်ရဲ့ကိုယ်ဝန်ကလဲ ရင့်သထက်ရင့်လာခဲ့တယ်။ မွေးခါနီးအချိန်ထိတောင် လက်သီးဆုပ်လောက်ရှိတဲ့ အမဲသားတုံးတွေကို ထမင်းစားတိုင်းစားနေခဲ့တဲ့ မြပွင့်က နတ်တော်လကွယ်နေ့ညမှာ ဗိုက်နာလာခဲ့တယ်။
ဦးစည်မြိုင်ကလဲ ကလေးမွေးတော့မယ်ဆိုတော့ မွေးခန်းအရှေ့မှာ ဟိုဘက်လျောက်လိုက်နဲ့ ပြာယာခတ်နေတဲ့အချိန်
" သူကြီး မြပွင့်မွေးပြီ ယောင်္ကျား‌လေးအမွှာမွှေးတယ် "ဆိုတဲ့အသံကြောင့် ဦးစည်မြိုင်မျက်နှာပြုံးရွှင်သွားပြီး
" အမွှာလေးမွေးတာလား ကလေးတွေက ကျုပ်နဲ့တူလား သူ့အမေနဲ့တူလား" လို့မေးလိုက်တော့ လက်သည်မိန်းမကြီးက
" သူကြီး အိမ်အနောက်ကိုခဏလာခဲ့ဦး အရေးတကြီးပြောစရာရှိသေးတယ်"လို့ပြောကာ အိမ်အနောက်ဘက်ကိုထွက်သွားခဲ့တယ်။
ဦးစည်မြိုင်လဲ လက်သည်မိန်းမကြီးထွက်သွားတဲ့နောက်ကိုလိုက်လာခဲ့ပြီး
" အေးသိန်း နင်ကငါ့ကိုဒီကိုခေါ်ပြီး ဘာပြောမလို့လဲ"
" သူကြီး စိတ်ခိုင်ခိုင်ထားနော်"
" ဟဲ့ ဘာဖြစ်တာလဲ ငါစိတ်ပူနေပြီ မြပွင့်နဲ့ကလေးတွေတစ်ခုခုဖြစ်လို့လား"
" မဟုတ် မဟုတ်ပါဘူး မြပွင့်ရော ကလေးတွေပါကျန်းမာပါတယ် ဒါပေမယ့် ကလေးတွေက မွေးရာပါအစွယ်ကိုယ်စီနဲ့ဖြစ်နေတယ်"
" ဟာ မဖြစ်နိုင်တာ မွေးကာစကလေးတွေမှာ ဘယ်လိုလုပ်အစွယ်တွေပါမှာလဲ"
" သူကြီး စိတ်ကိုအေးအေးထားပါ ဒီကိစ္စမျိုးကိုကျွန်မကလိမ်စရာလား မြပွင့်က ဘီလူးနှစ်ကောင်မွေးတာ သူတို့ကလူမဟုတ်ဘူးသူကြီး"
" ဟိတ် နင့်ပါးစပ်ကိုပိတ်ထားစမ်း ငါ့ကလေးတွေက အခုမှမိခင်ဝမ်းထဲကထွက်လာတာ နင်မဟုတ်တမ်းတရားတွေလျောက်ပြောမနေနဲ့ "
" သူကြီး ကျွန်မကလဲ မဟုတ်ပဲနဲ့ပြောပါ့မလား ဒီကလေးတွေကို အခုထဲကမသတ်ရင် ရွာကိုဒုက္ခပေးလိမ့်မယ် နောက်ဆုံးဘယ်သူမှမနိုင်တဲ့အဆင့်ထိဖြစ်လာပြီး ရွာပါပျက်သွားနိုင်တယ် ဒီစကားတွေက မျိုးရိုးစဉ်ဆက်လက်သည်လုပ်လာတဲ့ ကျွန်မတို့ရဲ့ဘိုးဘေးတွေပြောခဲ့တဲ့စကားတွေပဲ "
လက်သည်မိန်းမကြီးရဲ့စကားကြောင့် ဦးစည်မြိုင်ခေတ္တတွေဝေသွားပြီး
" နင့်ပါးစပ်ကိုအခုပိတ်လိုက်စမ်း ဒီစကားကို နောက်တစ်ခါထွက်ရဲထွက်ကြည့် နင့်ကိုသတ်ပစ်မယ် ငါ့ကလေးတွေက ဘီလူးတွေမဟုတ်ဘူး နင်ဒီကိစ္စကိုဒီမှာတင်ရပ်ပါ နင်ငွေဘယ်လောက်လိုချင်လဲ ငါပေးမယ် အခုမှမွေးလာတဲ့ ကလေးတွေကိုမဟုတ်တဲ့ဖြစ်ရပ်တွေနဲ့မစွပ်စွဲပါနဲ့"ဆိုပြီး ဒေါသတကြီးပြောပါလေရော။
" ကျွန်မကတော့ သူကြီးကိုပြောပြပြီးပြီ ကျန်တာက သူကြီးတို့ကိစ္စပါ ခုနကသူကြီးပြောတဲ့စကားအရ ကျွန်မအတွက် ဘဝတစ်ခုအခြေချနိုင်မယ့် အတိုင်းအတာတစ်ခုရရင် ဒီအဖြစ်တွေက ဒီမှာပဲပြီးသွားလိမ့်မယ် "
လက်သည်မိန်းမကြီးရဲ့စကားကိုကြားတော့ လူရည်လည်တဲ့ ဦးစည်မြိုင်က ချက်ချင်းသဘောပေါက်သွားပြီး
" နင့်ကတိအတိုင်းနင်တည်ပါ မတည်ရင် စည်မြိုင်ဘာကောင်လဲဆိုတာသိသွားစေရမယ် " လို့ပြောပြီး အိမ်ရှေ့ကိုပြန်ထွက်သွားခဲ့တယ်။
ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်နေ့မှာတော့ လက်သည်ဒေါ်အေးသိန်းတစ်ယောက် ကျွဲတဲရွာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ သူကြီးကတော့ ကလေးတွေငယ်သေးတယ် ရောဂါပိုးမွှားတွေကူးစက်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ပေါ်ကိုဘယ်သူ့ကိုမှမပေးတက်ခဲ့ဘူး။
မြပွင့်ကတော့ အစွယ်ငုတ်တိုလေးနှစ်ချောင်းကိုယ်စီပါတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ဒါပေမယ့် မိခင်မေတ္တာကြောင့် မစွန့်ပစ်ရက်ပဲ ဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဦးစည်မြိုင်ကတော့ သားနှစ်ယောက်ကိုအိမ်ပေါ်ကနေအိမ်အောက်မပေးဆင်းပဲ ပေးနေခဲ့တာ လူငုတ်တုတ်သွားငုတ်တုတ်အရွယ်ကိုရောက်လာခဲ့တယ်။ မြပွင့်ကတော့ သူ့သားနှစ်ယောက်ကို ရွှေခဲ ငွေခဲဆိုပြီး နာမည်ပေးခဲ့တယ်။ အိမ်ကိုဧည့်သည်လာရင်လဲ ကလေးတွေအိပ်တဲ့အချိန်မှသာလာရပြီး ကလေးတွေမနိုးခင်ပြန်ကြရတဲ့ စနစ်ကို ဦးစည်မြိုင်ကျင့်သုံးခဲ့တယ်။ ရွှေခဲ ငွေခဲကလဲ အရွယ်ရောက်လာတာနဲ့အမျှ အစွယ်လေးတွေကလဲ တစ်ဖြေးဖြေးကြီးလာခဲ့တယ်။ အသက်တစ်နှစ်လောက်ရလာတော့ အိမ်ပေါ်မှာနေရတာကိုမကြိုက်တော့ပဲ လမ်းပေါ်ကိုထွက်ချင်လာကြတယ်။ ဦးစည်မြိုင်ကလဲ သားနှစ်ယောက်ကို တစ်ခါတစ်လေ ခြံဝင်းအတွင်းခေါ်ချလာပြီး ပေးကစားတတ်တယ်။
တစ်နေ့ကျတော့ ရွှေခဲနဲ့ငွေခဲ ညီအစ်ကိုနှစ်ယောက်ခြံထဲမှာကစားနေတဲ့အချိန်
" မြပွင့်ရေ နင်မှာထားတဲ့ အမဲသားတွေလာယူဦး " ဆိုတဲ့အသံက ခြံစည်းရိုးထိပ်ကနေထွက်လာခဲ့တယ်။
" လာပြီ လာပြီ ကိုတာတီးရေ အိမ်ပေါ်မှာထမင်းအိုးဆူနေလို့ ခဏလေးစောင့်ပါဦး"
ကိုတာတီးလဲ လက်ထဲကိုင်ထားတဲ့ အမဲသားတွဲကိုကလေးတွေဆော့ကစားနေတဲ့ ခုံအနားမှာချိတ်ပြီး အိမ်အောက်ကရေစင်မှာ ရေခပ်သောက်နေခဲ့တယ်။ခဏနေတော့ အိမ်ပေါ်ကနေ မြပွင့်ဆင်းလာပြီး
" အမဲသားဖိုးဘယ်လောက်ပေူရမလဲ ကိုတာတီး"
" ရပါတယ်ဗျာ ခါတိုင်းပေးနေကြအတိုင်းပဲ ပေးပါ "
" ဒါဆိုလဲ တစ်ပိဿာကြေးပဲပေးလိုက်မယ် နောက်လဲအသားတွေရရင် ယူလာပေးပါဦး"
" စိတ်ချပါ အလေးချိန်လဲ ပြည့် အသားလဲကောင်းစေရမယ် ဒါဆို ကျုပ်သွားလိုက်ဦးမယ်နော် အမဲသားက ထိုင်ခုံပေါ်မှာချိတ်ထားတယ်"
ကိုတာတီးက မမြပွင့်ကိုနှုတ်ဆက်ပြီး ခြံအပြင်ကိုပြန်ထွက်သွားခဲ့တယ်။ကိုတာတီးပြန်သွားတော့ မြပွင့်လဲ ခုံမှာချိတ်ထားတဲ့အမဲသားကို ယူလိုက်တဲ့အချိန်
" ဟင် အမဲသား‌က အလေးချိန်လျော့နေပါလား ကိုတာတီးငါ့ကိုအလေးခိုးပြီလားမသိဘူး" လို့ရေရွတ်ရင်း ခုံဘေးမှာဆော့နေတဲ့ ရွှေခဲနဲ့ငွေခဲကို ပွေ့ချီကာအိမ်ပေါ်တက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ရောက်တော့ အမဲသားတွဲကို ဒယ်အိုးထဲထည့်လိုက်ပြီး ‌မြေကြီးထဲမှာဆော့ထားတဲ့ ရွှေခဲနဲ့ငွေခဲကိုရေချိုးပေးဖို့ အင်္ကျီကိုချွတ်လိုက်တဲ့အချိန် ကလေးနှစ်ယောက်ရဲ့ရင်ဘတ်မှာ အမဲသားစတွေကပ်နေတာကိုတွေ့လိုက်ရတယ်။ မမြပွင့်လဲ အမှုမဲ့အမှတ်မဲ့နဲ့ နေလိုက်ပြီး ရေချိုးသန့်စင်ပေးကာ ချော့သိပ်လိုက်တယ်။
ကလေးတွေအိပ်သွားတော့ အမဲသားအနည်းငယ်ကိုလှီးဖြတ်ပြီး ညစာအတွက်ချက်ပြုတ်ကာ ကျန်တဲ့အသားတွေကို ဒန်အိုးထဲထည့်ကာ ဖုံးထားလိုက်တယ်။ ညနေစောင်းတော့ ချက်ထားတဲ့အမဲသားဟင်းနဲ့ကလေးတွေကို နယ်ဖတ်ကျွေးမွေးနေတဲ့အချိန် ဦးစည်မြိုင်ပြန်ရောက်လာခဲ့တယ်။
" ငါ့သား‌တွေတောင် ထမင်းစားနေပြီလား ဖေကြီးကတော့ ရေတောင်မချိုးရသေးဘူးကွယ် ကဲ မြပွင့်ရေ ကလေးတွေကိုထမင်းကျွေးပြီးရင် ထမင်းပြင်ထားလိုက်တော့ ကိုရေချိုးပြီးတာနဲ့ ထမင်းစားတော့မယ် "
ဦးစည်မြိုင်က အဝတ်အစားတွေကိုချွတ်နေရင်း မြပွင့်ကိုလှမ်းပြောလိုက်တယ်။ မြပွင့်လဲ ကလေးတွေကို ထမင်းကျွေးတာအမြန်လက်စသတ်လိုက်ပြီး ဦးစည်မြိုင်စားဖို့အတွက် ထမင်းစားပွဲကိုပြင်ပေးနေတဲ့အချိန်
" မြပွင့်ရေ အကို့ရေလဲပုဆိုးလေး ယူလာပေးပါဦး " ဆိုတဲ့အသံကြောင့် ထမင်းပွဲပြင်နေတာကိုရပ်လိုက်ပြီး အိမ်ခန်းထဲမှာချိတ်ထားတဲ့ရေလဲပုဆိုးကိုယူကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။
ဦးစည်မြိုင်လဲ မြပွင့်ယူလာတဲ့ ပုဆိုးကိုလဲဝတ်ပြီး အိမ်ပေါ်ကိုပြန်တက်လာတဲ့အချိန် ထမင်းစားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အမဲသားဟင်းတွေကိုနှိုက်စားနေတဲ့ ရွှေခဲနဲ့ ငွေခဲကိုတွေ့လိုက်ရတယ်။
ဘယ်သူမှမရှိဘူးဆိုတဲ့အထင်နဲ့ လက်နှစ်ဖက်နဲ့နှိုက်စားနေတာမြင်တော့ မြပွင့်ကလှမ်းအော်မယ်အလုပ် ဦးစည်မြိုင်က စောင့်ကြည့်ပါဦးဆိုတဲ့သဘောနဲ့ မြပွင့်ရဲ့လက်ကိုဆွဲလိုက်တယ်။
ထမင်းဝိုင်းထဲမှာပြင်ထားတဲ့အမဲသားးဟင်းတွေကိုတစ်တုံးပြီးတစ်တုံးပါးစပ်ထဲထည့်ကာ ဝါးစားနေတဲ့ပုံက တစ်နှစ်အရွယ်နဲ့မလိုက်အောင် ကြောက်စရာကောင်းနေခဲ့တယ်။ ဟင်းခွက်ထဲကဟင်းတွေအကုန်နှိုက်စားပြီးတော့မှ စားပွဲအောက်ကိုပြန်ဆင်းကာ မူလနေရာမှာပြန်အိပ်နေခဲ့တယ်။
မထင်ထားတဲ့အဖြစ်အပျက်တွေကိုမျက်ဝါးထင်ထင်မြင်လိုက်တဲ့မြပွင့်က အံ့ဩချောက်ချားသွားခဲ့တယ်။
" ကိုစည်မြိုင် ကလေးတွေကို ဒီတိုင်းလွှတ်ထားပေးလို့မရတော့ဘူးနော် ဒီအရွယ်ထဲက အသားတွေကိုကြိုက်နှစ်သက်နေရင် အသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်မလဲ ရွာထဲကလူတွေက ရှင်နဲ့ကျွန်မတို့ကိုမောင်းထုတ်လိမ့်မယ်"
" မြပွင့်ရယ် ကလေးတွေက ဘာမှသိတာမဟုတ်ပါဘူး အခုလဲသူတို့စားနေကြအစာနဲ့မှားပြီးယူစားတာလဲဖြစ်မှာပေါ့ကွာ အရမ်းကြီးလဲတွေးပူမနေပါနဲ့ ကဲ ထမင်းစားကြရအောင် ဟင်းတွေကျန်သေးတယ်မဟုတ်လား"
" အင်း အိုးထဲမှာနည်းနည်းတော့ကျန်သေးတယ် အဲဒါနဲ့ပဲစားလိုက်ကြတာပေါ့"
လင်မယားနှစ်ယောက်လဲ ဟင်းအကျန်လေးတွေနဲ့ဖြစ်သလိုစားသောက်ပြီး ကလေးနှစ်ယောက်ကိုဆေးကြောသုတ်သင်ပေးကာ အိပ်ယာဝင်ခဲ့ကြတယ်။
နောက်ပိုင်းတွေမှာလဲ အသားဟင်းတွေကို သူတို့ရှေ့မှာမထားရဲတော့ပဲ ဖွက်ထားရတဲ့အဆင့်ထိရောက်လာခဲ့တယ်။ဒီလိုနဲ့ရွှေခဲနဲ့ ငွေခဲလဲ တစ်ဖြေးဖြေးအရွယ်‌ရောက်လာခဲ့တာ ၁၄နှစ်အရွယ်ဖြစ်လာခဲ့တယ်။ အရွယ်ရောက်လာတာနဲ့အမျှ အသားငါးကိုပိုခုံမင်လာခဲ့သလို အိမ်မှာအသားငါးမချက်တဲ့နေ့တွေဆိုရင် အော်ဟစ်သောင်းကျန်းတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ အိမ်မှာအသားဟင်းမချက်တဲ့နေ့တွေဆိုရင် ရွာထဲမှာမွေးထားတဲ့ ကြက်၊ဘဲတွေတစ်ကောင်မဟုတ်တစ်ကောင်ပျောက်နေခဲ့တာကိုလဲ ဦးစည်မြိုင်တို့သတိထားခဲ့မိကြတယ်။ ရွာကလဲ‌ ရွှေခဲတို့ညီအစ်ကိုလက်ချက်မှန်းရိပ်မိပေမယ့် ဦးစည်မြိုင်ရဲ့အရှိန်အဝါကြောင့်သာ ဘာမှမပြောပဲသည်းခံနေခဲ့ကြတယ်။
တစ်နေ့ကျတော့ ကျွဲတဲရွာမှာရှိတဲ့ ကြက်တွေ၊ ဘဲတွေအတော်များများ ကူးစက်ရောဂါကြောင့် သေကုန်ကြတယ်။ မသေပဲကျန်ခဲ့တဲ့ ကြက်၊ဘဲတွေကိုလဲ ရွာမှာမထားတော့ပဲ နီးစပ်ရာ ရွာမှာရှိတဲ့အသိတွေဆီကိုပို့လိုက်ကြတယ်။ ‌ရွာဓလေ့အရ လယ်လုပ်တဲ့အချိန်တွေမှာဆိုရင် အမဲ၊ဝက်ပေါ်တာတွေမလုပ်ကြတဲ့အပြင် ရွာထဲရှိတဲ့ကြက်၊ဘဲတွေကလဲ အခြားရွာကိုပို့ထားတဲ့အတွက် ရွှေခဲနဲ့ငွေခဲတို့ညီအစ်ကိုနှစ်ယောက်စားသောက်ဖို့က အခက်အခဲဖြစ်လာခဲ့တယ်။
မိခင်ဖြစ်တဲ့သူကလဲ ရတဲ့အသားတွေကိုရှာဖွေပြီး ကျွေးခဲ့ပေမယ့် အမဲသားမစားရတဲ့ညီအစ်ကိုနှစ်ယောက်က မီးခဲပေါ်မှာထိုင်ထားရတဲ့သူလို ဂနာမငြိမ်ဖြစ်လာခဲ့တယ်။
" အမေ အမဲသားဒီနေ့ရမယ်ဆို အခုဘယ်မှာလဲ"
အိမ်နံရံကိုမှီပြီး အသံနက်ကြီးနဲ့ အော်ပြောလိုက်တဲ့အသံကြောင့် အိမ်နောက်ဖေးမှာ ထမင်းချက်နေတဲ့ မြပွင့်ပြေးထွက်လာပြီး
" အမေမှာထားပါတယ် သူတို့ကလဲ ရတာနဲ့လာပို့ပေးမယ်ပြောတယ် ခဏသည်းခံထားပါကွယ် ဒီနေ့အမေ ငါးဟင်းလေးချက်ထားတယ် အဲဒါနဲ့ပဲစားလိုက်ကြနော်"
" တောက် တစ်နေ့လာလဲ ငါးဟင်း နောက်တစ်နေ့ကျတော့ ကြက်သား ကျုပ်တို့စားချင်တာအမဲသားဗျ အမေမချက်ကျွေးနိုင်ရင် ကျုပ်တို့ဘာသာရှာစားမယ် အမေချက်တဲ့ဟင်း အမေပဲစားဗျာ ငွေခဲ လာထကွာ သွားကြရအောင်"
ညီအစ်ကိုနှစ်ယောက်လဲ ဒေါ်မြပွင့်ကို အော်ဟစ်သောင်းကျန်းပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။ အဲလိုနဲ့ နောက်နှစ်ရက်လောက်ကြာတော့ ညီအစ်ကိုနှစ်ယောက်ပြန်ရောက်လာခဲ့တယ်။
" အမေ ဒီမှာအမဲသားတွေရလာတယ် ကျုပ်တို့ဗိုက်ဆာနေပြီ မိုးခိုသားတွေကိုဆီပြန်လေးချက်ပေးစမ်းပါဗျာ "
ရွှေခဲက ပြောရင်းဆိုရင်း လက်ထဲကိုင်ထားတဲ့ အမဲသားအတွဲကိုစားပွဲခုံပေါ်ပစ်တင်ပေးလိုက်တယ်။
" ဒီအမဲသားတွေ မင်းတို့ဘယ်ကရလာတာလဲ "
" အမေရာ စကားမများစမ်းပါနဲ့ ချက်မှာသာချက်ပါဗျာ ဘယ်ကရလဲဆိုတာအရေးမကြီးဘူး အခုဗိုက်ဆာတယ် ထမင်းစားဖို့ကပိုအရေးကြီးတယ်"
စကားပြောတာကအစတစ်ဖြေးဖြေးကြမ်းတမ်းလာတဲ့သားနှစ်ယောက်ကိုကြည့်ပြီး မြပွင့်ဘာမှဆက်မပြောတော့ပဲ ခုံပေါ်တင်ထားတဲ့အမဲသားတွဲကိုယူကာ မီးဖိုချောင်ထဲဝင်သွားခဲ့တယ်။
အတန်ကြာတော့ မီးဖိုထဲကနေ မွှေးပျံ့တဲ့ဟင်းအနံ့တွေထွက်လာခဲ့တယ်။
" အမေ ထမင်းစားတော့မယ် ဟင်းကဒီလောက်ဆိုကျက်ပီထင်တယ်"
" ခဏလေးပါကွယ် ဟင်းကမနူးသေးဘူး နူးတာနဲ့လာချပေးမယ် "
" မရတော့ဘူးဗျာ ကျုပ်တို့ဆာနေပြီ မနူးလဲစားလို့ရရင်ပြီးရောဗျာ ငွေလဲ ဟင်းတွေသွားခပ်လာခဲ့ ငါထမင်းထည့်ထားပေးမယ်"
ရွှေခဲစကားကြောင့် ငွေခဲလဲ အိမ်နောက်ဖေးကိုဝင်ပြီး မကျက်တကျက်ဖြစ်နေတဲ့ ဟင်းတွေကိုပန်းကန်ထဲထည့်လာခဲ့တယ်။
အိမ်ရှေ့ရောက်တော့ ပူပူလောင်လောင်ဟင်းတွေကိုထမင်းထဲလောင်းထည့်ပြီး အားပါးတရစားနေတဲ့အချိန်
" ရွှေခဲနဲ့ငွေခဲ မင်းတို့ယူလာတာ ဘာအသားလဲ"
အိမ်နောက်ဖေးကနေ ဒေါသတကြီးထွက်လာပြီး မေးလိုက်တဲ့အသံကြောင့် အသားတုံးကိုလက်နဲ့ဆွဲကာ ကိုက်ဖဲ့နေတဲ့ငွေခဲက
" အမဲသားလေ ဘာဖြစ်လို့လဲ"
" နင်တို့ငါ့ကိုမလိမ်နဲ့ ဒီအသားကအမဲသားမဟုတ်ဘူး နင်တို့မှန်မှန်ဖြေစမ်း နင်တို့ယူလာတာဘာပသားလဲ"
မြပွင့်ရဲ့စကားကို ညီအစ်ကိုနှစ်ယောက် ဘာမှပြန်မဖြေပဲ ထမင်းတစ်လုပ်ကိုအသားတစ်တုံးနှုန်းနဲ့စားနေခဲ့တယ်။
မြပွင့်လဲ သူမေးတာကိုအဖက်မလုပ်ပဲနေတာမြင်တော့ စိတ်ကိုမထိန်းနိုင်တော့ပဲ စားနေတဲ့ ဟင်းပန်းကန်ကိုဆွဲလုလိုက်ပြီး
" နင်တို့ကမပြောဘူးဟုတ်လား ရတယ် ဒီဟင်းတွေအကုန်သွန်ပစ်မယ် နောက်နေ့ဘယ်တော့မှ အသားဟင်းစားရဖို့စိတ်မကူးနဲ့" လို့ပြောလိုက်တော့ ရွှေခဲက ထမင်းပန်းကန်ကို ပစ်ထုတ်လိုက်ပြီး
" ခင်ဗျားကြီး အရမ်းစကားများတာပဲ ကျုပ်တို့ကိုမွေးထားလို့သာသည်းခံနေတာ အခြားသူဆို ဟာကွာ တောက် ထမင်းစားကောင်းချိန်ဆို ဒီလိုပဲ သူတို့ကအမြဲတမ်းကျွေးနေနိုင်တာလဲမဟုတ်ဘူး ကိုယ့်ဘာသာရှာစားပြန်တော့လဲ စစ်လားဆေးလားနဲ့ "
ညီအစ်ကိုနှစ်ယောက်နဲ့ မြပွင့်တို့စကားများနေတဲ့အချိန် ဦးစည်မြိုင်ပြန်ရောက်လာပြီး
" ဒီသားအမိတွေ ဘာဖြစ်နေကြတာလဲ"
" ဘာဖြစ်ရမှာလဲ ရှင့်ရဲ့ကျေးဇူးရှင်လေးတွေပေါ့ မလုပ်သင့်တာကိုလုပ်လာတယ် ကျုပ်ဖြင့်ရွံလိုက်တာ"
" မြပွင့် မင်းဘာတွေပြောနေတာလဲ ကလေးတွေကဘာတွေလုပ်ခဲ့လို့လဲ"
" ရှင်သိချင်ရင် အနောက်က ဟင်းအိုးအဖုံးကိုကြည့်လိုက်"
မြပွင့်စကားကြောင့် ဦးစည်မြိုင် အိမ်အနောက်ဖေးကိုဝင်သွားပြီး ဟင်းအိုးအဖုံးပေါ်ကြည့်လိုက်တော့ " ဟာ ဟေ့ကောင်တွေ မင်း မင်းတို့"
ဦးစည်မြိုင်စကားမဆုံးခင်မှာ ထမင်းစားပွဲဘေးမှာထိုင်နေတဲ့ ညီအစ်ကိုနှစ်ယောက်က ရုတ်တရက်ထလိုက်ပြီး အိမ်တံခါးကိုကျော်ကာ ထွက်ပြေးသွားကြတယ်။
အဲဒီအချိန်ကစပြီး ရွှေခဲနဲ့ ငွေခဲတို့ညီအစ်ကိုနှစ်ယောက်အိမ်ကိုလုံးဝမပြန်လာတော့ပေ။ ဦးစည်မြိုင်နဲ့မြပွင့်တို့လဲ မဖြစ်သင့်တာတွေမဖြစ်ရအောင် လိုက်ရှာခဲ့ပေမယ့် ညီအစ်ကိုနှစ်ယောက်ကအစနပင်မတွေ့လောက်အောင် ပျောက်ချက်သားကောင်းနေခဲ့တယ်။
ဦးစည်မြိုင်တို့လဲ ရွှေခဲနဲ့ငွေခဲ ပျောက်သွားတဲ့အချိန်ကစပြီး အရူးတစ်ပိုင်းလိုဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ငါးနှစ်လောက်ကြာတော့ ကျွဲတဲရွာမှာ ထူးဆန်းတဲ့အဖြစ်တစ်ခုဖြစ်လာခဲ့တယ်။
" ဘကျော် မင်းပြောတာ သေချာလို့လား"
" သေချာတာပေါ့သူကြီးရာ ကျုပ်မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ သူကြီးတို့ခြံနားမှာရစ်သီရစ်သီလုပ်နေလို့ ဓါတ်မီးနဲ့လှမ်းထိုးလိုက်တာ မီးအလင်းရောင်ရတာနဲ့ အမှောင်ထဲကိုလှစ်ခနဲပြေးထွက်သွားတာ "
" သူခိုးတွေဘာတွေများဖြစ်နေမလား"
" သူခိုးလာ ဘာလားတော့မသိဘူး သူ့ပုံစံက ကိုယ်လုံးတီးနဲ့ တစ်ကိုယ်လုံးအမွှေးရှည်တွေဖုံးနေတာ ကျုပ်အထင် ညက ကျုပ်ကိုသရဲခြောက်တယ်ထင်နေတာ "
" ဘာပဲဖြစ်ဖြစ် လုံခြုံရေးကိုသတိထားကြဦး ငါလဲအိမ်တံခါးတွေကိုသေချာပြန်စစ်ထားလိုက်မယ် တစ်ခုခုဆိုရင် သံချောင်းသာခေါက်ကွာ"
ဦးစည်မြိုင်လဲ ဘကျော်ကိုသေချာပြောပြပြီး အိမ်အဝင်ပေါက်တံခါး ဂျက်ပြင်ရန် ပြန်လာခဲ့လိုက်တယ်။ အိမ်နားရောက်တော့ အိမ်ရှေ့ကွင်းပြင်မှာ လူတွေစုရုံးစုရုံးဖြစ်နေတာမြင်လိုက်ရတယ်။
" ဟဲ့ အိမ်ရှေ့မှာဘာတွေဖြစ်နေကြတာလဲ"
" မြက်ဖျာတွေဝယ်နေကြတာ မကြာခင်နွေရာသီရောက်တော့မှာဆိုတော့ အိပ်ရပြုရအဆင်ပြေတာပေါ့"
" မင်းကြိုက်ရင်ပြီးတာပါပဲ ဒါနဲ့ ဟိုကောင်လေး မင်းကဒီမှာရောင်းပြီး ဘယ်ကိုဆက်သွားမလို့လဲ"
" ဘယ်သွားရမှန်းမသိသေးဘူး ဟိုဘက်ခြမ်းမှာရွာတွေရှိသေးရင်တော့ဆက်သွားရမှာပေါ့"
" ဟိတ်ကောင် နယ်မြေမသိပဲ ရမ်းသမ်းပြီးသွားမနေနဲ့ ငါတို့ရွာကျော်ရင်တောပဲရှိတယ် အခုတောင်မိုးမှောင်နေပြီ ဒီညတော့ ဒီမှာအိပ်သွား မနက်ကျမှထပြန်ပေါ့ "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖျာဈေးကိုလဲအတတ်နိုင်ဆုံးလျော့ပေးပါ့မယ်ဗျာ"
" အေးအေး ငါလဲ အိမ်တံခါးတွေပြင်လိုက်ဦးမယ် မင်းရောင်းပြီးရင် အိမ်အောက်က ကွပ်ပြစ်မှာနားလိုက်ဦး အိမ်နောက်မှာ ရေတွင်းနဲ့အိမ်သာရှိတယ်မသိမှာစိုးလို့ပြောပြထားတာ"
ဦးစည်မြိုင်ကဖျာကုန်သည်လူငယ်ကိုပြောရင်း အိမ်ပေါ်ကိုတက်သွားခဲ့တယ်။ ညဘက်ရောက်တော့ ဖျာလာရောင်းတဲ့ကောင်လေးနဲ့ စကားအနည်းငယ်ပြောပြီး အိပ်ငိုက်လာတာနဲ့ ဦးသည်မြိုင်အစောကြီးဝင်အိပ်ခဲ့တယ်။ မနက်လင်းအားကြီးအချိန်ရောက်တော့
" သူကြီး သူကြီးအိမ်အနောက်မှာ လူတစ်ယောက်သေနေတယ် လာကြည့်ဦး" ဆိုတဲ့အသံကြောင့် ဦးစည်မြိုင် အိမ်ပေါ်ကနေကမန်းကတမ်းဆင်း
လာပြီးလာကြည့်တော့ ရုပ်ပျက်ဆင်းပျက်သေနေတဲ့အလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။
" ဒါ ဘယ်သူ့အလောင်းလဲ ရွာထဲကလူတွေထဲမှာ ပျောက်တဲ့လူတွေရှိသေးလား"
" ရွာထဲကလူတွေထဲမှာတော့ ပျောက်တဲ့သူမရှိဘူးသူကြီး သေနေတဲ့လူကလဲ ရုပ်ပျက်ဆင်းပျက်နဲ့ဆိုတော့ ဘယ်သူဘယ်ဝါခန့်မှန်းရခက်နေတယ် သူကြီးအိမ်မှာတည်းနေတဲ့ လူလဲမတွေ့မိပါလား အခုသေတာသူများလား"
" ဖျာရောင်းတဲ့ကောင်လေးကိုပြောတာလား ဒီအဝတ်အစားကသူဝတ်တဲ့အဝတ်မဟုတ်ဘူး ဒါပေမယ့် ဒီကောင်ကလဲအခုပျောက်နေတယ်ဆိုတော့ စဉ်းစားစရာပဲ ရွာထဲမှာတစ်ခုခုတော့ဖြစ်နေပြီထင်တယ် အားလုံးအရင်ကထက်ပိုသတိထားမှရတော့မယ် ညဘက်လှည့်ကင်းတွေကို လူထပ်တိုးကြ အားလုံးကြားလား"
" ဟုတ်ကဲ့သူကြီး ကျွန်တော်တို့သတိထားပါ့မယ်"
ဦးစည်မြိုင်လဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းကို ချက်ချင်းမီးရှို့ခိုင်းပြီး ရွာလုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေခဲ့တာ ညမှောင်စပျိုးချိန်အထိရောက်လာခဲ့တယ်။
"သူကြီး ပြန်တော့မလို့လား"
" အေး ပြန်တော့မယ် တစ်ခုခုထူးခြားရင် ငါ့ကိုအချိန်မရွေးလာပြော အိမ်မှာကလဲ မင်းတို့အစ်မတစ်ယောက်ထဲကွ "
" ဟုတ်ကဲ့သူကြီး သတိထားသွားပါဦး"
ဦးစည်မြိုင်လဲ ရွာခံကာလသားတွေကို နှုတ်ဆက်ပြီးပြန်လာခဲ့တာ အိမ်ပေါ်ရောက်တော့ တစ်ခါမှမမြင်ဖူးတဲ့ လူသုံးယောက်ရောက်နေတာတွေ့လိုက်ရတယ်။
" ကိုစည်မြိုင် ရောက်လာပြီလား "
" အေး သူတို့ကဘယ်သူတွေလဲ"
" အော် သူတို့က မနေ့ကလာတည်းသွားတဲ့ ကောင်လေးကြောင့်ဒီကိုရောက်လာတာလို့ပြောတယ် "
" အဲဒီကောင်က ဘယ်ရောက်သွားတာလဲ"
ဦးစည်မြိုင်စကားကြောင့် ဥပဓိရုပ်ကောင်းကောင်းနဲ့လူငယ်က
" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာမည်က‌အောင်မြတ်သာလို့ခေါ်ပါတယ် ညဒီအိမ်မှာတည်းသွားတဲ့သူက ရုတ်တရက်မြင်လိုက်ရတဲ့ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် အကြောက်လွန်ပြီးထွက်ပြေးသွားတာပါ "
" ဒါဆို သူက အဲဒီဖြစ်စဉ်ကိုမြင်ခဲ့တာပေါ့"
" ဟုတ်ပါတယ် အခုရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်နေတယ်မဟုတ်လား"
" ဟုတ်တယ် မနက်ကလဲ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်သေသွားတယ် ဒါကြောင့်ရွာလုံခြုံရေးကိုနဂိုကထက်ပိုတင်းကြပ်နေရတာ"
" စိတ်မပူပါနဲ့ ဒီကိစ္စကို ကျွန်တော်တို့ဖြေရှင်းပေးပါ့မယ် ဒါနဲ့ ဦးလေးတို့မှာ သားနှစ်ယောက်ရှိခဲ့ဖူးတယ်မဟုတ်လား "
" ဟုတ်တယ် ဒီကိစ္စကို မင်းတို့ဘယ်လိုသိလဲ"
" ဘယ်လိုသိလဲကအရေးမကြီးပါဘူး ဦးလေးတို့ သားနှစ်ယောက်က လူ့စိတ်ပျောက်နေကြတယ်ဆိုတာကိုရောသိကြလား"
အောင်မြတ်သာစကားကြောင့် ဦးစည်မြိုင် အံ့ဩသွားပြီး
" ဘယ်လိုလူ့စိတ်ပျောက်တာလဲ သေချာပြောပြပါဦး"
" ဒါဆို ကျွန်တော် မေးတာအမှန်တိုင်းဖြေပေးပါ ဦးလေးတို့မွေးထားတဲ့သားနှစ်ယောက်မှာ မွေးရာပါအစွယ်လေးချောင်းပါလာခဲ့လား"
" ဟုတ် ဟုတ်ပါတယ် သူတို့ကိုမွေးတဲ့လက်သည်က ဘီလူးတွေမွေးတယ် သတ်ပြစ်ရမယ်လို့ပြောခဲ့ပေမယ့် ဦးလေးတို့က လက်သည်ကို ငွေပုံပေးပြီး အခြားနေရာကိုပြောင်းခိုင်းခဲ့ပါတယ်"
" ဒီကလေးနှစ်ယောက်က အသားစားကျူးတဲ့အပြင် နောက်ဆုံးဇာတ်တူသားကိုပါစားခဲ့ကြတယ်မဟုတ်လား"
" အင်း ဟုတ်ပါတယ် သူတို့အိမ်ကနေပျောက်သွားပြီး နှစ်ရက်ကြာတော့ အသားတွဲတစ်တွဲနဲ့ပြန်ရောက်လာကြတယ် အဲဒီအသားတွေကိုအမဲသားလို့ပဲထင်ခဲ့ကြတာ နောက်တော့မှ အသားစတွေကြားထဲကသားရည်မှာ တက်တူးထိုးထားတဲ့အရည်ပြားစကိုတွေ့တော့မှ ဒီကောင်တွေမဟုတ်တာကိုမှလုပ်ရလားဆိုပြီး ဆူပူခဲ့တယ် အဲဒီနေ့ကစပြီး သူတို့ကိုပြန်မတွေ့ရတော့ဘူး အခုဆို သေလားရှင်လားတောင်မသိတော့ပါဘူးကွယ်"
ဦးစည်မြိုင်စကားကိုကြားတော့ အောင်မြတ်သာက အနည်းငယ်စဉ်းစားလိုက်ပြီး
" အသက်ရှင်ရှိမရှိကို ကျွန်တော်ကြည့်ပေးမယ် သူတို့အရင်ကဝတ်ခဲ့ဖူးတဲ့အဝတ်အစားတစ်စုံစီရနိုင်မလား"
" ရပါတယ် ရပါတယ် မြပွင့်ရေ တွေဝတ်ခဲ့တြဲအင်္ကျီတစ်စုံစီယူလာခဲ့ပေးလိုက်ပါ"
ဦးစည်မြိုင်စကားကြောင့် ဒေါ်မြပွင့်လဲ အိမ်ခန်းထဲကဗီဒိုထဲကနေ အဝတ်အစားနှစ်စုံကိုထုတ်ယူလာခဲ့‌တယ်။
အောင်မြတ်သာက အရှေ့မှာချထားတဲ့ အင်္ကျီနှစ်ထည်အပေါ်ကို လက်ဖဝါးနဲ့အုပ်ပြီးသပ်ချလိုက်တဲ့အချိန် အနီရောင်အကွက်ပါတဲ့အင်္ကျီက အပေါ်ကိုရုတ်တရက်ခုန်တက်လာတာမြင်လိုက်ရတယ်။
" ဒီအင်္ကျီက ဘယ်သူဝတ်ခဲ့တာပါလဲ"
အောင်မြတ်သာစကားကြောင့် ဒေါ်မြပွင့်က အနည်းငယ်စဉ်းစားပြီး
" အနီရောင်အင်္ကျီက အငယ်ကောင်လေးဝတ်ခဲ့တာ အကြီးဆုံးကောင်‌က အနီမကြိုက်ဘူး"
" ဟုတ်ပြီ ဒါဆိုရင် အငယ်ဆုံးကိုပြန်ခေါ်လို့ရသေးတယ် ဒါပေမယ့် ..."
အောင်မြတ်သာကစကားကိုအဆုံးထိမပြောပဲ ရပ်လိုက်တော့ ဦးစည်မြိုင်က
" ဒါပေမယ့်ဘာဖြစ်တာလဲ ဆက်ပြောပါဦး"
" ဟူး ဦးလေးတို့ရဲ့သားအငယ်က လူစစ်စစ်ကနေ နာနာဘာဝအဖြစ်ကို ရောက်နေပြီ"
" ဟင် ဘယ်လို မဖြစ်နိုင်ဘူးထင်တယ်"
" ဦးလေးတို့မယုံရင် ဒီည သူ့ကိုခေါ်ပြပေးပါ့မယ် ဦးလေးတို့ကတိပေးရမှာတစ်ခုက သူ့ကိုဒီတစ်ခါတွေ့ပြီးရင်သံယောဇဉ်ဖြတ်ပေးဖို့ပါပဲ "
အောင်မြတ်သာစကားအဆုံးမှာ ဒေါ်မြပွင့်ဆီကနေ ငိုရှိုက်သံသဲ့သဲ့ထွက်ပေါ်လာခဲ့တယ်။
" သားငယ်ကို ပြန်ခေါ်ထားလို့မရဘူးလားဟင် "
" မရပါဘူး သူကလူတစ်ယောက်မဟုတ်တော့တဲ့အတွက် အိမ်ပေါ်ကိုတောင်တက်လို့မရပါဘူး ဦးလေးတို့ဘယ်လိုသဘောရပါသလဲ"
"ဘယ်တတ်နိုင်ပါ့မလဲကွာ နောက်ဆုံးတစ်ခါလေးမြင်ခွင့်ရရင်ပဲတော်ပါပြီ "
" ဒါဆိုရင် သူ့အဝတ်အစား ကျွန်တော်ကိုပေးပါ "
အောင်မြတ်သာက အနီရောင်အင်္ကျီကိုတောင်းပြီး ခြံဝကိုဆင်းလာခဲ့တယ်။ ခြံဝရောက်တော့ အင်္ကျီကိုမြေကြီးပေါ်ချလိုက်ပြီး ခြံစည်းရိုးအဝင်စမှာဖယောင်းတိုင်နှစ်တိုင်ထွန်းခိုင်းလိုက်တယ်။ ဖယောင်တိုင်ထွန်းပြီးတာနဲ့ အင်္ကျီအပေါ်ကို လေးကွင်အင်းစာရွက်တစ်ရွက်တင်လိုက်ပြီး
" သင်ဘယ်ဘဝရောက်နေပါစေ ကျုပ်ခေါ်ရင် လာရမည် ကျုပ်အမိန့်ပေးလျင် နာခံရမည် ခေါ်ဆိုလို့လာရလျင်လဲ မူရင်းသဏ္ဍာန်ကိုဖျောက်ပြီးမှသာလာပါ သင့်မိဘတွေသင့်ကြောင့်အထိတ်တလန့်မဖြစ်ပါစေနဲ့ သင့်ကိုမွေးဖွားပေးတဲ့မိဘနှစ်ပါးကို နောက်ဆုံးအနေနဲ့ကန်တော့ဖို့ သင်ရောက်ရာအရပ်ကအမြန်ပြန်လာခဲ့ပါ" လို့ပြောကာ အင်္ကျီကိုလက်ဝါးနဲ့သပ်ချလိုက်တယ်။
ခဏကြာတော့ ခြံစည်းရိုးအဝမှာထွန်းထားတဲ့ ဖယောင်းတိုင်နှစ်တိုင်က လေမတိုက်ပဲလှုပ်ရမ်းလာတာကိုမြင်လိုက်ရတယ်။
" သင်နှုတ်ပွင့်စေ ပြောလိုရာ ဆိုလိုရာပြောဆိုနိုင်တယ် သင့်ရုပ်ရည်ကိုမြင်တွေ့ရင် မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ သင့်ကိုမမြင်အောင်ဖုံးကွယ်ထားပေးရခြင်းဖြစ်တယ် သင်ဘာပြောချင်ပါလဲ"
အောင်မြတ်သာက အမိန့်ပြန်ပြီးခွင့်ပြုလိုက်တော့ ခြံစည်းရိုးအပြင်ဘက်ကနေ
" အမေ နဲ့အ‌ဖေကျုပ် ငွေခဲပါ ကျုပ်ပြောတဲ့အသံကြားရလား"
" ကြား ကြားရပါတယ်ကွယ် အခု သားဘယ်မှာနေနေတာလဲဟင်"
" မနေ့ညက အမေတို့ဆီလာခဲ့ပါသေးတယ် အမေတို့အိမ်ပေါ် ကျုပ်တက်လို့မရဘူး အဲဒီအချိန် သူခိုးတစ်ယောက်ကိုတွေ့လို့ ခြောက်လှန့်ခဲ့ပေမယ့် သူကရန်ပြန်ပြုလို့ ကိုက်သတ်ခဲ့ရတယ် အမေတို့ကျုပ်ကိုစိတ်မပူပါနဲ့ ကျုပ်ရဲ့လက်ရှိဘဝမှာကျုပ်ပျော်နေပါပြီ "
" ဘာလို့ အခုလိုတွေလုပ်ခဲ့ကြတာလဲ ဘာကြောင့်အခုလိုဘဝမျိုးရောက်ခဲ့တာလဲဆိုတာ အမေကိုပြောပြပေးပါ အမေမယုံချင်ဘူးကွယ်"
" ကျုပ်တို့နှစ်ယောက်က အသားစားကျူးတဲ့သူတွေဖြစ်တဲ့အတွက် စားရသလောက်ကိုမတင်းတိမ်ခဲ့ဘူး ဒီထက်ပိုကောင်းတဲ့အသားမျိုးကိုရှာခဲ့ကြတယ် မှတ်မှတ်ရရ ဦးမြညိုသေတဲ့နေ့က အသုဘပို့လိုက်သွားရင်းလတ်လတ်ဆတ်ဆတ်မြုပ်ထားတဲ့အလောင်းတစ်ခုကိုတွေ့လိုက်ရတယ် သူ့ကိုယ်ကထွက်တဲ့အသားနံ့က ဘယ်သူနဲ့မှမတူလို့ အသုဘပို့ပြီးတော့နောက်တစ်ခေါက်ထပ်လာပြီး လူသားကိုစားကြည့်ခဲ့တယ် အဲဒီအချိန်ကစပြီး လူသားကိုစွဲလမ်းခဲ့တယ် တစ်ဖြေးဖြေးနဲ့မစားရရင်မနေနိုင်အောင်ဖြစ်လာကြပြီး သင်္ချိုင်းတကာမှာရှိတဲ့လူသေလောင်းတွေကိုတူးဖော်စားသောက်ခဲ့ကြတယ် လူအသားစားတာများလာတော့ လူတွေနေတဲ့နေရာကိုဝင်ရင် ပူလောင်တဲ့အထိဖြစ်လာခဲ့တယ် ဒါကြောင့် လူတွေမရှိတဲ့ညအချိန်မှာပဲ အပြင်ထွက်ရတာ ‌အခုကျုပ်ကိုခေါ်လို့သာ အနီးကပ်နေလို့ရနေတာပါ"
" အဖြစ်ဆိုးလိုက်တာကလေးတို့ရယ် အမေ့သားကြီးရောဟင် သူကဘယ်ရောက်သွားတာလဲ"
" သူက အုတ်နီကန်သင်္ချိုင်းမှာအဖမ်းခံထားရတယ် တစ်ခါတစ်လေ သူကခေါင်းမာတယ် ပိုင်ရာဆိုင်ရာတွေကို ခွင့်မတောင်းပဲ အလောင်းကိုဖော်စားတတ်တယ် ဒါပေမယ့် အုတ်နီကန်သင်္ချိုင်းလဲရောက်ရော ဖော်စားထားတဲ့အလောင်းကောင်ရဲ့အသားစကို မဖဲဝါနန်းဆောင်မှာသွားတင်တဲ့အချိန် မဖဲဝါစီးတဲ့ခွေးနက်ကြီးက သူ့ကိုခါးလည်ကနေ ကိုက်ချီသွားခဲ့တာ အခုထိပြန်မတွေ့ရတော့ဘူး"
" သားကိုအမေတို့ထပ်တွေ့ချင်ရင် ဘယ်လိုခေါ်ရမလဲ "
" အမေတို့သားကိုတွေ့ချင်ရင် ညမှောင်ရီတရောအချိန်ရောက်ရင် လမ်းဆုံလမ်းခွမှာ ငှက်ပျောဖက်ထဲ အသားစိမ်းထည့်ပြီး ကျုပ်နာမည်ကိုခေါ်လိုက်ပါ ရောက်ရာအရပ်ကနေ ကျုပ်လာခဲ့ပါ့မယ် အခုတော့ ကျုပ်သွားရတော့မယ် "
ငွေခဲရဲ့စကားအဆုံးမှာ ခြံစည်းရိုးအဝင်ဝမှာထွန်းထားတဲ့ဖယောင်းတိုင်မီးက ရုတ်တရက်ငြိမ်းသွားခဲ့တယ်။
" မငိုနေပါနဲ့ မြပွင့်ရယ် သူတို့ကံကဒီလိုပါလာတာကိုး ငါတို့လဲသူတို့အတွက် ကုသိုလ်လုပ်ပေးရင် ဒီထက်မြင့်တဲ့ဘဝကိုရောက်သွားကြမှာပါ"
ဦးစည်မြိုင်က ဒေါ်မြသက်ကိုအားပေးစကားပြောပြီးလှည့်ကြည့်လိုက်တော့ စောနက ရှိနေတဲ့လူသုံးယောက်ကိုမတွေ့ရတော့ဘူး။ မျက်စိရှေ့မှာတင်ပျောက်သွားတဲ့လူသုံးယောက်အကြောင်းနဲ့ လူစင်စစ်ကနေ ဘီလူးဖြစ်သွားတဲ့ ရွှေခဲ၊ငွေခဲတို့ညီအစ်ကိုအကြောင်းကတော့ ကျွဲတဲရွာမှာပြောစမှတ်တွင်ခဲ့ကြတယ်။
အောင်မြတ်သာတို့ကျွဲတဲရွာကနေ ပျောက်ကွယ်သွားပြီးတော့ရက်အနည်းငယ်အကြာ" အုတ်နီကန်သင်္ချိုင်း" ထဲမှာပြန်ပေါ်လာခဲ့ပါတယ်။
အောင်မြတ်သာတို့ဘာကြောင့် အုတ်နီကန်သင်္ချိုင်းကိုသွားတာလဲ။
အုတ်နီကန်သင်္ချိုင်းမှာဖမ်းခံထိထားတဲ့ ရွှေခဲက အောင်မြတ်သာတို့အတွက်ဘယ်လိုအသုံးဝင်မလဲ။
အုတ်နီကန်သင်္ချိုင်းသခင်မဖြစ်တဲ့မဖဲဝါက အသာတကြည်ငြိမ်ခံမလား။
စတဲ့အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ဘီလူးေမြးတဲ့႐ြာ ညငွက္တို႔ရဲ႕ေအာ္ျမည္သံက တိတ္ဆိတ္ေနတဲ့ညအခ်ိန္ကို ေဖာက္ထြက္လာခဲ့တယ္။ ညငွက္ေအာ္ျမည္သံေတြရဲ႕အဆုံးမွာေတာ့ သေဘၤာေဆးအနီေရာင္သုတ္ထားတဲ့ ပ်ဥ္ေထာင္အိမ္ႀကီးအထဲကေန ေရနံဆီမီးအိမ္အေရာင္မွိန္မွိန္ေလးထြက္ေပၚလာခဲ့တယ္။ " ကိုစည္ၿမိဳင္ ထပါဦး က်ဳပ္ကိုေရတစ္ခြက္ခပ္ေပးစမ္းပါဦးရွင္" ေရနံဆီမီးအိမ္အလင္းေရာင္ေအာက္မွာ ငုတ္တုပ္ထထိုင္ၿပီးညီးညဴေနတဲ့ ဇနီးျဖစ္သူရဲ႕အသံေၾကာင့္ အိပ္ေမာက်ေနတဲ့ ဦးစည္ၿမိဳင္ လန႔္ႏိုးလာခဲ့တယ္။ " ျမပြင့္ ျမပြင့္ ဘာျဖစ္လို႔လဲ" " ေရတစ္ခြက္သာ ခပ္ေပးစမ္းပါေတာ္ က်ဳပ္ရင္ေတြေမာေနတယ္" ဇနီးျဖစ္သူရဲ႕စကားေၾကာင့္ ဦးစည္ၿမိဳင္ အိပ္ေနရာကေန ထလိုက္ၿပီး ေသာက္ေရအိုးထဲကေန ေရတစ္ခြက္ကိုခပ္ကာ ကမ္းေပးလိုက္တယ္။ ျမပြင့္လဲ ဦးစည္ၿမိဳင္ေပးတဲ့ေရခြက္ကို အငမ္းမရေသာက္ခ်လိုက္ၿပီး သက္ျပင္းရွည္ႀကီးတစ္ခ်က္ကိုခ်လိုက္တယ္။ " ကိုစည္ ကြၽန္မအိမ္မက္ေတြမေကာင္းဘူး" " ဘာေတြမက္လို႔လဲ ေျပာပါဦး" " ကြၽန္မဗိုက္ထဲကို အစြယ္တကားကားနဲ႔ ဘီလူးႏွစ္ေကာင္ဝင္သြားတယ္လို႔မက္တာ" " ရွင္မကလဲ အိမ္မက္ဆိုတာ ေသြးေလေခ်ာက္ခ်ားလို႔မက္တာလဲျဖစ္မွာပါ စိတ္ထဲသိပ္ၿပီးမထားပါနဲ႔ကြာ" " အင္းပါ ကြၽန္မလဲစိတ္ထဲမထားပါဘူး ဒါေပမယ့္အိမ္မက္ကတကယ္ျဖစ္ေနသလိုခံစားေနရတယ္" " ကဲကဲ အျခားမေတြးေနနဲ႔ မနက္က်ရင္ သူရင္းငွားေတြကိုလုပ္ခေတြထုတ္ေပးရဦးမယ္ စိတ္ကိုေအးေအးထားၿပီး ျပန္အိပ္လိုက္ေနာ္" မျမပြင့္လဲ ဦးစည္ၿမိဳင္စကားေၾကာင့္ ေခါင္းထဲမွာရွိေနတဲ့အေတြးေတြကိုဖယ္ထုတ္ၿပီး အိပ္ယာေပၚကိုျပန္လွဲခ်ကာ အိပ္လိုက္တယ္။ ++++++ " စံဘ လွျမင့္ ႂကြက္သိုး မင္းတို႔လုပ္ခေတြ လာယူဦး " " လာၿပီ သူႀကီးေရ လာၿပီ " " ဒီမွာမင္းတို႔လုပ္ခေငြ ေနာက္တစ္သီးက်ရင္လဲ ငါ့လယ္မွာလာလုပ္ေပးရမယ္ေနာ္ " "စိတ္ခ်ပါသူႀကီးရယ္ က်ဳပ္တို႔က သူႀကီးလယ္မွာမလုပ္ရင္ ဘယ္မွာသြားလုပ္ရမွာလဲ စပါးေတြေခြၽၿပီးရင္ေတာ့ က်ဳပ္တို႔႐ြာခဏျပန္မယ္ေနာ္ " " အလုပ္ပါးရင္ေတာ့ျပန္ၾကေပါ့ကြာ ဒီႏွစ္ေတာ့စပါးအထြက္တိုးမယ္ထင္ပါတယ္ကြာ" ဦးစည္ၿမိဳင္က သူရင္းငွားေတြကို လုပ္ခေတြရွင္းေပးရင္း စားပြဲေပၚတင္ထားတဲ့ ထန္းလ်က္ခဲတစ္ခဲကိုပါးစပ္ထဲပစ္ထည့္လိုက္တယ္။ " သူႀကီး သူႀကီး အစ္မျမပြင့္ မူးလဲလို႔တဲ့" အေလာတႀကီးလာေျပာတဲ့အလုပ္သမားတစ္ေယာက္ရဲ႕အသံေၾကာင့္ လက္ထဲကိုင္ထားတဲ့ေငြစကၠဴေတြကို ေဘးလြယ္အိတ္ထဲထိုးထည့္ၿပီး "ျမပြင့္ဘာျဖစ္သြားေသးလဲ" " အဲဒါေတာ့မသိဘူးသူႀကီး လယ္ထဲမွာ ေကာက္စိုက္သမေတြကို လုပ္ခေတြေပးေနရင္း မူးလဲလို႔တဲ့" " ဟာကြာ လာလာသြားၾကရေအာင္ လုပ္ခမရေသးတဲ့သူေတြ ခဏေစာင့္ဦး ငါျပန္လာခဲ့မယ္" ဦးစည္ၿမိဳင္လဲ သူရင္းငွားေတြကို လွမ္းေအာ္ေျပာရင္း ျမပြင့္ရွိရာဘက္ကိုထြက္လာခဲ့လိုက္တယ္။ " သူႀကီး လာၿပီ ဖယ္ၾကဦး" ေကာက္စိုက္သမေတြရဲ႕ပ်ာပ်ာသလဲလဲ အမူအယာကို ဦးစည္ၿမိဳင္အကဲခတ္လိုက္ၿပီး " ျမပြင့္ကဘာျဖစ္တာလဲ" " သူႀကီးေတာ့ မၾကာခင္ ရတနာေလးရေတာ့မယ္ ဟိဟိ" ေျပာင္စပ္စပ္နဲ႔ေျပာေနတဲ့ေကာက္စိုက္သမေတြရဲ႕စကားေၾကာင့္ ဦးစည္ၿမိဳင္ သေဘာေပါက္သြားၿပီး " ဟဲ့ မၾကဴ နင့္စကားက ဘာတုန္း ငါကဘာကိုရမွာလဲ" " သူႀကီးကလဲ မသိခ်င္ေယာင္ေဆာင္ေနျပန္ၿပီ မမျမပြင့္မွာ ကိုယ္ဝန္ရွိေနၿပီတဲ့" " ဟာ ဟုတ္လို႔လား နင္တို႔ကိုဘယ္သူကေျပာတာလဲ" " အမေလး ဘယ္သူေျပာရမွာလဲ မမျမပြင့္ကို လာၾကည့္ေပးတဲ့ ေဆးဆရာကေျပာတာ ဘာမွစိတ္ပူစရာမရွိဘူးတဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာဒါမ်ိဳးကျဖစ္ေလ့ျဖစ္ထရွိတယ္တဲ့ " " ေအးေအး နင္တို႔လဲ ခဏေစာင့္ၾကဦး လုပ္ခမရေသးတဲ့သူေတြ ခဏေနထပ္ရွင္းေပးမယ္" ဦးစည္ၿမိဳင္က မႈိရတဲ့မ်က္ႏွာနဲ႔ေျပာလိုက္ရင္း ျမပြင့္ကိုဆြဲထူလိုက္တယ္။ " ျမပြင့္ သက္သာရဲ႕လား " " သက္သာပါတယ္ ႐ုတ္တရက္မူးခနဲမိုက္ခနဲျဖစ္သြားတာပါ " " သက္သာတယ္ဆိုရင္ ရပါၿပီ အခုအိမ္ျပန္ၿပီး နားလိုက္ဦးေနာ္ က်န္တဲ့ကိစၥေတြ ကိုယ္ရွင္းလိုက္မယ္" ဦးစည္ၿမိဳင္က ျမပြင့္ပခုံးေလးကိုဆုပ္ကိုင္ရင္း ေျပာလိုက္တယ္။ " ေအးမိေရ နင္အစ္မကို တြဲပို႔လိုက္ပါဦး က်န္တဲ့သူေတြ တန္းစီထားၾက လုပ္ခေတြဆက္ရွင္းမယ္ေဟ့" ဦးစည္ၿမိဳင္က လယ္ေစာင့္တဲ့အေရွ႕မွာ စု႐ုံးစု႐ုံးျဖစ္ေနတဲ့ေကာက္စိုက္သမေတြကို ေအာ္ေျပာၿပီး လြယ္အိတ္ထဲက ေငြစကၠဴေတြကိုထုတ္လိုက္တယ္။ +++++++++ ဦးစည္ၿမိဳင္ဆိုတာက ကြၽဲတဲ႐ြာရဲ႕ ၁၀ဆက္ေျမာက္သူႀကီးတစ္ဦးလဲျဖစ္သလို ႐ြာရဲ႕အခ်မ္းသာဆုံးသူေဌးစာရင္းဝင္တစ္ေယာက္လဲျဖစ္တယ္။ မိဘမ်ိဳး႐ိုးစဥ္ဆက္ သူႀကီးမ်ိဳး႐ိုးကေနဆင္းသက္လာခဲ့လို႔ အသက္၂၀ေက်ာ္အ႐ြယ္မွာတင္ ဦးစည္ၿမိဳင္က ကြၽဲတဲ႐ြာရဲ႕အသက္အငယ္ဆုံးသူႀကီးတစ္ဦးျဖစ္လာခဲ့တယ္။ ငယ္စဥ္ထဲက ဖခင္ျဖစ္သူအေနာက္ကေန တစ္ေကာက္ေကာက္လိုက္ခဲ့သူမို႔ ရပ္႐ြာကိုဘယ္လိုထိန္းေက်ာင္းရမယ္ဆိုတာကို ႏွံ႔ႏွံ႔စပ္စပ္သိေနခဲ့တယ္။ ဒါေၾကာင့္လဲ အသက္ႏွစ္ေက်ာ္အ႐ြယ္မွာတင္ ကြၽဲတဲ႐ြာကို ႏိုင္နင္းေအာင္အုပ္ခ်ဳပ္ၿပီး အေဖရဲ႕အေမြကိုဆက္ခံခဲ့တယ္။ အသက္၂၆ႏွစ္မွာေတာ့ ငယ္သူငယ္ခ်င္းျဖစ္သူ ျမပြင္နဲ႔အေၾကာင္းပါၿပီး လက္ထပ္ခဲ့ၾကတယ္။ လက္ထပ္ၿပီးေတာ့ စီးပြားေရးေတြအရင္ကထက္ပိုအဆင္ေျပလာခဲ့တယ္။ ဒါေပမယ့္ အိမ္ေထာင္သက္ ၅ႏွစ္ေလာက္ေရာက္တဲ့အထိ ကေလးမရခဲ့ဘူး။ အခုလို႐ုတ္တရက္ ကိုယ္ဝန္ရေနၿပီဆိုတဲ့စကားေၾကာင့္ ဦးစည္ၿမိဳင္ မခံစားဖူးတဲ့ ေပ်ာ္႐ႊင္မႈတစ္ခုကို ခံစားလိုက္ရတယ္။ ++++++ ျမပြင့္ကိုယ္ဝန္ရတာသိတဲ့အခ်ိန္ကေနစၿပီး လယ္အလုပ္ေတြကို ဦးစည္ၿမိဳင္တစ္ေယာက္ထဲ ဦးစီးလုပ္ကိုင္ခဲ့တယ္။ ဒီလိုနဲ႔ ကိုယ္ဝန္ေလးလေလာက္ေရာက္ေတာ့ " ကိုစည္ၿမိဳင္ " မျမပြင့္ေခၚသံေၾကာင့္ အိမ္ေရွ႕မွာေရေႏြးၾကမ္းထိုင္ေသာက္ေနတဲ့ ဦးစည္ၿမိဳင္က ေမာ့ေငါ့ၿပီး " ဘာေျပာစရာရွိလို႔လဲျမပြင့္ " " ဟိုေလ ကြၽန္မ စိတ္ထဲစားခ်င္ေနတဲ့အရာတစ္ခုရွိတယ္ ဒါေပမယ့္ " " ဒါေပမယ့္ဘာျဖစ္လဲ ျမပြင့္စားခ်င္ရင္ အကိုလုပ္ေပးမွာေပါ့ ကဲ ဘာစားခ်င္လဲ ေျပာ" " အင္း ျမပြင့္ေလ အမဲေသြးကို သုပ္စားခ်င္တယ္" " ဟားဟား ဒါေလးမ်ား ျမပြင့္ရယ္ ႐ြာမွာ အမဲေပၚရင္ ကိုယ္ရေအာင္ဝယ္ထားေပးမွာေပါ့" " ဟအင္း အဲလိုေသၿပီးသားကိုယ္ကထြက္တဲ့ေသြးကိုမစားခ်င္ဘူး အရွင္လတ္လတ္ကိုယ္ေပၚကထြက္တဲ့ေသြးလတ္ဘတ္ဆတ္ဆတ္ကိုပဲစားခ်င္တာ" ျမပြင့္ရဲ႕ စကားေၾကာင့္ ဦးစည္ၿမိဳင္အၾကပ္႐ိုက္သြားခဲ့တယ္။ ႐ြာမွာကလဲ အမဲေပၚမွ အမဲေသြးရတာဆိုေတာ့ အရွင္လတ္လတ္ဆီကရတဲ့ေသြးကိုယူဖို႔ဆိုတာ နည္းနည္းေတာ့ခက္ေနခဲ့တယ္။ ဒ‌ါေပမယ့္ ျမပြင့္စိတ္ခ်မ္းသာေအာင္ မျဖစ္ျဖစ္ေအာင္ရွာေပးမယ္ဆိုတဲ့ကတိကိုေပးလိုက္ရတယ္။ ေနာက္ဆုံးမွာ ျမပြင့္ရဲ႕ ခ်ဥ္ခ်င္းတပ္တဲ့စိတ္ကိုလိုက္ေလ်ာေပးဖို႔အတြက္ အိမ္မွာေမြးထားတဲ့ ႏြားကိုအရွင္ရွင္လတ္လတ္ လည္ပင္းေသြးေဖာက္ၿပီး ဒန္အိုးနဲ႔ခံကာ အခဲျဖစ္ေအာင္လုပ္ကာ ခ်က္ေကြၽးေတာ့မွ ခ်ဥ္ခ်င္းကေပ်ာက္သြားခဲ့တယ္။ ႐ြာထဲက လူေတြကေတာ့ ျမပြင့္ခ်ဥ္ခ်င္းတပ္တာကိုၾကည့္ၿပီး ဗိုက္ထဲကကေလးကေတာ့ အေတာ္ဆိုးမယ္လို႔ကင္မြန္းတပ္ခဲ့ၾကတယ္။ ဒါေပမယ့္ သူႀကီးၾကားေအာင္ေတာ့ ဘယ္သူမွမေျပာရဲခဲ့ၾကဘူး။ ျမပြင့္ကလဲ ကိုယ္ဝန္စရတဲ့အခ်ိန္ကစၿပီး အသားငါးေတြကိုပဲစားခ်င္တဲ့စိတ္ျဖစ္လာခဲ့တယ္။ အရင္က အမဲသားကိုအနံ႔ေတာင္မခံႏိုင္တဲ့လူက အခုဆို အမဲသားနဲ႔ အျခားအသားေတြမပါရင္ ထမင္းမစားခ်င္ေလာက္ေအာင္ျဖစ္လာခဲ့တယ္။ စိတ္ကလဲ အရင္ကထက္ပိုၾကမ္းလာသလို ႏႈတ္ကလဲၾကမ္းတမ္းလာခဲ့တယ္။ ရာသီေတြတစ္ခုနဲ႔တစ္ခု အကူးအေျပာင္းျဖစ္လာတဲ့အခ်ိန္ ျမပြင့္ရဲ႕ကိုယ္ဝန္ကလဲ ရင့္သထက္ရင့္လာခဲ့တယ္။ ေမြးခါနီးအခ်ိန္ထိေတာင္ လက္သီးဆုပ္ေလာက္ရွိတဲ့ အမဲသားတုံးေတြကို ထမင္းစားတိုင္းစားေနခဲ့တဲ့ ျမပြင့္က နတ္ေတာ္လကြယ္ေန႔ညမွာ ဗိုက္နာလာခဲ့တယ္။ ဦးစည္ၿမိဳင္ကလဲ ကေလးေမြးေတာ့မယ္ဆိုေတာ့ ေမြးခန္းအေရွ႕မွာ ဟိုဘက္ေလ်ာက္လိုက္နဲ႔ ျပာယာခတ္ေနတဲ့အခ်ိန္ " သူႀကီး ျမပြင့္ေမြးၿပီ ေယာက်ၤား‌ေလးအမႊာေမႊးတယ္ "ဆိုတဲ့အသံေၾကာင့္ ဦးစည္ၿမိဳင္မ်က္ႏွာၿပဳံး႐ႊင္သြားၿပီး " အမႊာေလးေမြးတာလား ကေလးေတြက က်ဳပ္နဲ႔တူလား သူ႔အေမနဲ႔တူလား" လို႔ေမးလိုက္ေတာ့ လက္သည္မိန္းမႀကီးက " သူႀကီး အိမ္အေနာက္ကိုခဏလာခဲ့ဦး အေရးတႀကီးေျပာစရာရွိေသးတယ္"လို႔ေျပာကာ အိမ္အေနာက္ဘက္ကိုထြက္သြားခဲ့တယ္။ ဦးစည္ၿမိဳင္လဲ လက္သည္မိန္းမႀကီးထြက္သြားတဲ့ေနာက္ကိုလိုက္လာခဲ့ၿပီး " ေအးသိန္း နင္ကငါ့ကိုဒီကိုေခၚၿပီး ဘာေျပာမလို႔လဲ" " သူႀကီး စိတ္ခိုင္ခိုင္ထားေနာ္" " ဟဲ့ ဘာျဖစ္တာလဲ ငါစိတ္ပူေနၿပီ ျမပြင့္နဲ႔ကေလးေတြတစ္ခုခုျဖစ္လို႔လား" " မဟုတ္ မဟုတ္ပါဘူး ျမပြင့္ေရာ ကေလးေတြပါက်န္းမာပါတယ္ ဒါေပမယ့္ ကေလးေတြက ေမြးရာပါအစြယ္ကိုယ္စီနဲ႔ျဖစ္ေနတယ္" " ဟာ မျဖစ္ႏိုင္တာ ေမြးကာစကေလးေတြမွာ ဘယ္လိုလုပ္အစြယ္ေတြပါမွာလဲ" " သူႀကီး စိတ္ကိုေအးေအးထားပါ ဒီကိစၥမ်ိဳးကိုကြၽန္မကလိမ္စရာလား ျမပြင့္က ဘီလူးႏွစ္ေကာင္ေမြးတာ သူတို႔ကလူမဟုတ္ဘူးသူႀကီး" " ဟိတ္ နင့္ပါးစပ္ကိုပိတ္ထားစမ္း ငါ့ကေလးေတြက အခုမွမိခင္ဝမ္းထဲကထြက္လာတာ နင္မဟုတ္တမ္းတရားေတြေလ်ာက္ေျပာမေနနဲ႔ " " သူႀကီး ကြၽန္မကလဲ မဟုတ္ပဲနဲ႔ေျပာပါ့မလား ဒီကေလးေတြကို အခုထဲကမသတ္ရင္ ႐ြာကိုဒုကၡေပးလိမ့္မယ္ ေနာက္ဆုံးဘယ္သူမွမႏိုင္တဲ့အဆင့္ထိျဖစ္လာၿပီး ႐ြာပါပ်က္သြားႏိုင္တယ္ ဒီစကားေတြက မ်ိဳး႐ိုးစဥ္ဆက္လက္သည္လုပ္လာတဲ့ ကြၽန္မတို႔ရဲ႕ဘိုးေဘးေတြေျပာခဲ့တဲ့စကားေတြပဲ " လက္သည္မိန္းမႀကီးရဲ႕စကားေၾကာင့္ ဦးစည္ၿမိဳင္ေခတၱေတြေဝသြားၿပီး " နင့္ပါးစပ္ကိုအခုပိတ္လိုက္စမ္း ဒီစကားကို ေနာက္တစ္ခါထြက္ရဲထြက္ၾကည့္ နင့္ကိုသတ္ပစ္မယ္ ငါ့ကေလးေတြက ဘီလူးေတြမဟုတ္ဘူး နင္ဒီကိစၥကိုဒီမွာတင္ရပ္ပါ နင္ေငြဘယ္ေလာက္လိုခ်င္လဲ ငါေပးမယ္ အခုမွေမြးလာတဲ့ ကေလးေတြကိုမဟုတ္တဲ့ျဖစ္ရပ္ေတြနဲ႔မစြပ္စြဲပါနဲ႔"ဆိုၿပီး ေဒါသတႀကီးေျပာပါေလေရာ။ " ကြၽန္မကေတာ့ သူႀကီးကိုေျပာျပၿပီးၿပီ က်န္တာက သူႀကီးတို႔ကိစၥပါ ခုနကသူႀကီးေျပာတဲ့စကားအရ ကြၽန္မအတြက္ ဘဝတစ္ခုအေျခခ်ႏိုင္မယ့္ အတိုင္းအတာတစ္ခုရရင္ ဒီအျဖစ္ေတြက ဒီမွာပဲၿပီးသြားလိမ့္မယ္ " လက္သည္မိန္းမႀကီးရဲ႕စကားကိုၾကားေတာ့ လူရည္လည္တဲ့ ဦးစည္ၿမိဳင္က ခ်က္ခ်င္းသေဘာေပါက္သြားၿပီး " နင့္ကတိအတိုင္းနင္တည္ပါ မတည္ရင္ စည္ၿမိဳင္ဘာေကာင္လဲဆိုတာသိသြားေစရမယ္ " လို႔ေျပာၿပီး အိမ္ေရွ႕ကိုျပန္ထြက္သြားခဲ့တယ္။ ဒီအျဖစ္အပ်က္ေတြျဖစ္ၿပီးေနာက္ေန႔မွာေတာ့ လက္သည္ေဒၚေအးသိန္းတစ္ေယာက္ ကြၽဲတဲ႐ြာကေန ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္။ သူႀကီးကေတာ့ ကေလးေတြငယ္ေသးတယ္ ေရာဂါပိုးမႊားေတြကူးစက္ႏိုင္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အိမ္ေပၚကိုဘယ္သူ႔ကိုမွမေပးတက္ခဲ့ဘူး။ ျမပြင့္ကေတာ့ အစြယ္ငုတ္တိုေလးႏွစ္ေခ်ာင္းကိုယ္စီပါတဲ့ သားႏွစ္ေယာက္ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ မိခင္ေမတၱာေၾကာင့္ မစြန႔္ပစ္ရက္ပဲ ဂ႐ုတစိုက္ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္။ ဦးစည္ၿမိဳင္ကေတာ့ သားႏွစ္ေယာက္ကိုအိမ္ေပၚကေနအိမ္ေအာက္မေပးဆင္းပဲ ေပးေနခဲ့တာ လူငုတ္တုတ္သြားငုတ္တုတ္အ႐ြယ္ကိုေရာက္လာခဲ့တယ္။ ျမပြင့္ကေတာ့ သူ႔သားႏွစ္ေယာက္ကို ေ႐ႊခဲ ေငြခဲဆိုၿပီး နာမည္ေပးခဲ့တယ္။ အိမ္ကိုဧည့္သည္လာရင္လဲ ကေလးေတြအိပ္တဲ့အခ်ိန္မွသာလာရၿပီး ကေလးေတြမႏိုးခင္ျပန္ၾကရတဲ့ စနစ္ကို ဦးစည္ၿမိဳင္က်င့္သုံးခဲ့တယ္။ ေ႐ႊခဲ ေငြခဲကလဲ အ႐ြယ္ေရာက္လာတာနဲ႔အမွ် အစြယ္ေလးေတြကလဲ တစ္ေျဖးေျဖးႀကီးလာခဲ့တယ္။ အသက္တစ္ႏွစ္ေလာက္ရလာေတာ့ အိမ္ေပၚမွာေနရတာကိုမႀကိဳက္ေတာ့ပဲ လမ္းေပၚကိုထြက္ခ်င္လာၾကတယ္။ ဦးစည္ၿမိဳင္ကလဲ သားႏွစ္ေယာက္ကို တစ္ခါတစ္ေလ ၿခံဝင္းအတြင္းေခၚခ်လာၿပီး ေပးကစားတတ္တယ္။ တစ္ေန႔က်ေတာ့ ေ႐ႊခဲနဲ႔ေငြခဲ ညီအစ္ကိုႏွစ္ေယာက္ၿခံထဲမွာကစားေနတဲ့အခ်ိန္ " ျမပြင့္ေရ နင္မွာထားတဲ့ အမဲသားေတြလာယူဦး " ဆိုတဲ့အသံက ၿခံစည္း႐ိုးထိပ္ကေနထြက္လာခဲ့တယ္။ " လာၿပီ လာၿပီ ကိုတာတီးေရ အိမ္ေပၚမွာထမင္းအိုးဆူေနလို႔ ခဏေလးေစာင့္ပါဦး" ကိုတာတီးလဲ လက္ထဲကိုင္ထားတဲ့ အမဲသားတြဲကိုကေလးေတြေဆာ့ကစားေနတဲ့ ခုံအနားမွာခ်ိတ္ၿပီး အိမ္ေအာက္ကေရစင္မွာ ေရခပ္ေသာက္ေနခဲ့တယ္။ခဏေနေတာ့ အိမ္ေပၚကေန ျမပြင့္ဆင္းလာၿပီး " အမဲသားဖိုးဘယ္ေလာက္ေပူရမလဲ ကိုတာတီး" " ရပါတယ္ဗ်ာ ခါတိုင္းေပးေနၾကအတိုင္းပဲ ေပးပါ " " ဒါဆိုလဲ တစ္ပိႆာေၾကးပဲေပးလိုက္မယ္ ေနာက္လဲအသားေတြရရင္ ယူလာေပးပါဦး" " စိတ္ခ်ပါ အေလးခ်ိန္လဲ ျပည့္ အသားလဲေကာင္းေစရမယ္ ဒါဆို က်ဳပ္သြားလိုက္ဦးမယ္ေနာ္ အမဲသားက ထိုင္ခုံေပၚမွာခ်ိတ္ထားတယ္" ကိုတာတီးက မျမပြင့္ကိုႏႈတ္ဆက္ၿပီး ၿခံအျပင္ကိုျပန္ထြက္သြားခဲ့တယ္။ကိုတာတီးျပန္သြားေတာ့ ျမပြင့္လဲ ခုံမွာခ်ိတ္ထားတဲ့အမဲသားကို ယူလိုက္တဲ့အခ်ိန္ " ဟင္ အမဲသား‌က အေလးခ်ိန္ေလ်ာ့ေနပါလား ကိုတာတီးငါ့ကိုအေလးခိုးၿပီလားမသိဘူး" လို႔ေရ႐ြတ္ရင္း ခုံေဘးမွာေဆာ့ေနတဲ့ ေ႐ႊခဲနဲ႔ေငြခဲကို ေပြ႕ခ်ီကာအိမ္ေပၚတက္လာခဲ့လိုက္တယ္။ အိမ္ေပၚေရာက္ေတာ့ အမဲသားတြဲကို ဒယ္အိုးထဲထည့္လိုက္ၿပီး ‌ေျမႀကီးထဲမွာေဆာ့ထားတဲ့ ေ႐ႊခဲနဲ႔ေငြခဲကိုေရခ်ိဳးေပးဖို႔ အက်ႌကိုခြၽတ္လိုက္တဲ့အခ်ိန္ ကေလးႏွစ္ေယာက္ရဲ႕ရင္ဘတ္မွာ အမဲသားစေတြကပ္ေနတာကိုေတြ႕လိုက္ရတယ္။ မျမပြင့္လဲ အမႈမဲ့အမွတ္မဲ့နဲ႔ ေနလိုက္ၿပီး ေရခ်ိဳးသန႔္စင္ေပးကာ ေခ်ာ့သိပ္လိုက္တယ္။ ကေလးေတြအိပ္သြားေတာ့ အမဲသားအနည္းငယ္ကိုလွီးျဖတ္ၿပီး ညစာအတြက္ခ်က္ျပဳတ္ကာ က်န္တဲ့အသားေတြကို ဒန္အိုးထဲထည့္ကာ ဖုံးထားလိုက္တယ္။ ညေနေစာင္းေတာ့ ခ်က္ထားတဲ့အမဲသားဟင္းနဲ႔ကေလးေတြကို နယ္ဖတ္ေကြၽးေမြးေနတဲ့အခ်ိန္ ဦးစည္ၿမိဳင္ျပန္ေရာက္လာခဲ့တယ္။ " ငါ့သား‌ေတြေတာင္ ထမင္းစားေနၿပီလား ေဖႀကီးကေတာ့ ေရေတာင္မခ်ိဳးရေသးဘူးကြယ္ ကဲ ျမပြင့္ေရ ကေလးေတြကိုထမင္းေကြၽးၿပီးရင္ ထမင္းျပင္ထားလိုက္ေတာ့ ကိုေရခ်ိဳးၿပီးတာနဲ႔ ထမင္းစားေတာ့မယ္ " ဦးစည္ၿမိဳင္က အဝတ္အစားေတြကိုခြၽတ္ေနရင္း ျမပြင့္ကိုလွမ္းေျပာလိုက္တယ္။ ျမပြင့္လဲ ကေလးေတြကို ထမင္းေကြၽးတာအျမန္လက္စသတ္လိုက္ၿပီး ဦးစည္ၿမိဳင္စားဖို႔အတြက္ ထမင္းစားပြဲကိုျပင္ေပးေနတဲ့အခ်ိန္ " ျမပြင့္ေရ အကို႔ေရလဲပုဆိုးေလး ယူလာေပးပါဦး " ဆိုတဲ့အသံေၾကာင့္ ထမင္းပြဲျပင္ေနတာကိုရပ္လိုက္ၿပီး အိမ္ခန္းထဲမွာခ်ိတ္ထားတဲ့ေရလဲပုဆိုးကိုယူကာ အိမ္ေအာက္ကိုဆင္းလာခဲ့လိုက္တယ္။ ဦးစည္ၿမိဳင္လဲ ျမပြင့္ယူလာတဲ့ ပုဆိုးကိုလဲဝတ္ၿပီး အိမ္ေပၚကိုျပန္တက္လာတဲ့အခ်ိန္ ထမင္းစားပြဲေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး အမဲသားဟင္းေတြကိုႏႈိက္စားေနတဲ့ ေ႐ႊခဲနဲ႔ ေငြခဲကိုေတြ႕လိုက္ရတယ္။ ဘယ္သူမွမရွိဘူးဆိုတဲ့အထင္နဲ႔ လက္ႏွစ္ဖက္နဲ႔ႏႈိက္စားေနတာျမင္ေတာ့ ျမပြင့္ကလွမ္းေအာ္မယ္အလုပ္ ဦးစည္ၿမိဳင္က ေစာင့္ၾကည့္ပါဦးဆိုတဲ့သေဘာနဲ႔ ျမပြင့္ရဲ႕လက္ကိုဆြဲလိုက္တယ္။ ထမင္းဝိုင္းထဲမွာျပင္ထားတဲ့အမဲသားးဟင္းေတြကိုတစ္တုံးၿပီးတစ္တုံးပါးစပ္ထဲထည့္ကာ ဝါးစားေနတဲ့ပုံက တစ္ႏွစ္အ႐ြယ္နဲ႔မလိုက္ေအာင္ ေၾကာက္စရာေကာင္းေနခဲ့တယ္။ ဟင္းခြက္ထဲကဟင္းေတြအကုန္ႏႈိက္စားၿပီးေတာ့မွ စားပြဲေအာက္ကိုျပန္ဆင္းကာ မူလေနရာမွာျပန္အိပ္ေနခဲ့တယ္။ မထင္ထားတဲ့အျဖစ္အပ်က္ေတြကိုမ်က္ဝါးထင္ထင္ျမင္လိုက္တဲ့ျမပြင့္က အံ့ဩေခ်ာက္ခ်ားသြားခဲ့တယ္။ " ကိုစည္ၿမိဳင္ ကေလးေတြကို ဒီတိုင္းလႊတ္ထားေပးလို႔မရေတာ့ဘူးေနာ္ ဒီအ႐ြယ္ထဲက အသားေတြကိုႀကိဳက္ႏွစ္သက္ေနရင္ အသက္ႀကီးလာတဲ့အခါ ဘယ္လိုလုပ္မလဲ ႐ြာထဲကလူေတြက ရွင္နဲ႔ကြၽန္မတို႔ကိုေမာင္းထုတ္လိမ့္မယ္" " ျမပြင့္ရယ္ ကေလးေတြက ဘာမွသိတာမဟုတ္ပါဘူး အခုလဲသူတို႔စားေနၾကအစာနဲ႔မွားၿပီးယူစားတာလဲျဖစ္မွာေပါ့ကြာ အရမ္းႀကီးလဲေတြးပူမေနပါနဲ႔ ကဲ ထမင္းစားၾကရေအာင္ ဟင္းေတြက်န္ေသးတယ္မဟုတ္လား" " အင္း အိုးထဲမွာနည္းနည္းေတာ့က်န္ေသးတယ္ အဲဒါနဲ႔ပဲစားလိုက္ၾကတာေပါ့" လင္မယားႏွစ္ေယာက္လဲ ဟင္းအက်န္ေလးေတြနဲ႔ျဖစ္သလိုစားေသာက္ၿပီး ကေလးႏွစ္ေယာက္ကိုေဆးေၾကာသုတ္သင္ေပးကာ အိပ္ယာဝင္ခဲ့ၾကတယ္။ ေနာက္ပိုင္းေတြမွာလဲ အသားဟင္းေတြကို သူတို႔ေရွ႕မွာမထားရဲေတာ့ပဲ ဖြက္ထားရတဲ့အဆင့္ထိေရာက္လာခဲ့တယ္။ဒီလိုနဲ႔ေ႐ႊခဲနဲ႔ ေငြခဲလဲ တစ္ေျဖးေျဖးအ႐ြယ္‌ေရာက္လာခဲ့တာ ၁၄ႏွစ္အ႐ြယ္ျဖစ္လာခဲ့တယ္။ အ႐ြယ္ေရာက္လာတာနဲ႔အမွ် အသားငါးကိုပိုခုံမင္လာခဲ့သလို အိမ္မွာအသားငါးမခ်က္တဲ့ေန႔ေတြဆိုရင္ ေအာ္ဟစ္ေသာင္းက်န္းတဲ့အဆင့္ထိျဖစ္လာခဲ့တယ္။ အိမ္မွာအသားဟင္းမခ်က္တဲ့ေန႔ေတြဆိုရင္ ႐ြာထဲမွာေမြးထားတဲ့ ၾကက္၊ဘဲေတြတစ္ေကာင္မဟုတ္တစ္ေကာင္ေပ်ာက္ေနခဲ့တာကိုလဲ ဦးစည္ၿမိဳင္တို႔သတိထားခဲ့မိၾကတယ္။ ႐ြာကလဲ‌ ေ႐ႊခဲတို႔ညီအစ္ကိုလက္ခ်က္မွန္းရိပ္မိေပမယ့္ ဦးစည္ၿမိဳင္ရဲ႕အရွိန္အဝါေၾကာင့္သာ ဘာမွမေျပာပဲသည္းခံေနခဲ့ၾကတယ္။ တစ္ေန႔က်ေတာ့ ကြၽဲတဲ႐ြာမွာရွိတဲ့ ၾကက္ေတြ၊ ဘဲေတြအေတာ္မ်ားမ်ား ကူးစက္ေရာဂါေၾကာင့္ ေသကုန္ၾကတယ္။ မေသပဲက်န္ခဲ့တဲ့ ၾကက္၊ဘဲေတြကိုလဲ ႐ြာမွာမထားေတာ့ပဲ နီးစပ္ရာ ႐ြာမွာရွိတဲ့အသိေတြဆီကိုပို႔လိုက္ၾကတယ္။ ‌႐ြာဓေလ့အရ လယ္လုပ္တဲ့အခ်ိန္ေတြမွာဆိုရင္ အမဲ၊ဝက္ေပၚတာေတြမလုပ္ၾကတဲ့အျပင္ ႐ြာထဲရွိတဲ့ၾကက္၊ဘဲေတြကလဲ အျခား႐ြာကိုပို႔ထားတဲ့အတြက္ ေ႐ႊခဲနဲ႔ေငြခဲတို႔ညီအစ္ကိုႏွစ္ေယာက္စားေသာက္ဖို႔က အခက္အခဲျဖစ္လာခဲ့တယ္။ မိခင္ျဖစ္တဲ့သူကလဲ ရတဲ့အသားေတြကိုရွာေဖြၿပီး ေကြၽးခဲ့ေပမယ့္ အမဲသားမစားရတဲ့ညီအစ္ကိုႏွစ္ေယာက္က မီးခဲေပၚမွာထိုင္ထားရတဲ့သူလို ဂနာမၿငိမ္ျဖစ္လာခဲ့တယ္။ " အေမ အမဲသားဒီေန႔ရမယ္ဆို အခုဘယ္မွာလဲ" အိမ္နံရံကိုမွီၿပီး အသံနက္ႀကီးနဲ႔ ေအာ္ေျပာလိုက္တဲ့အသံေၾကာင့္ အိမ္ေနာက္ေဖးမွာ ထမင္းခ်က္ေနတဲ့ ျမပြင့္ေျပးထြက္လာၿပီး " အေမမွာထားပါတယ္ သူတို႔ကလဲ ရတာနဲ႔လာပို႔ေပးမယ္ေျပာတယ္ ခဏသည္းခံထားပါကြယ္ ဒီေန႔အေမ ငါးဟင္းေလးခ်က္ထားတယ္ အဲဒါနဲ႔ပဲစားလိုက္ၾကေနာ္" " ေတာက္ တစ္ေန႔လာလဲ ငါးဟင္း ေနာက္တစ္ေန႔က်ေတာ့ ၾကက္သား က်ဳပ္တို႔စားခ်င္တာအမဲသားဗ် အေမမခ်က္ေကြၽးႏိုင္ရင္ က်ဳပ္တို႔ဘာသာရွာစားမယ္ အေမခ်က္တဲ့ဟင္း အေမပဲစားဗ်ာ ေငြခဲ လာထကြာ သြားၾကရေအာင္" ညီအစ္ကိုႏွစ္ေယာက္လဲ ေဒၚျမပြင့္ကို ေအာ္ဟစ္ေသာင္းက်န္းၿပီး အိမ္ေပၚကေနဆင္းသြားခဲ့တယ္။ အဲလိုနဲ႔ ေနာက္ႏွစ္ရက္ေလာက္ၾကာေတာ့ ညီအစ္ကိုႏွစ္ေယာက္ျပန္ေရာက္လာခဲ့တယ္။ " အေမ ဒီမွာအမဲသားေတြရလာတယ္ က်ဳပ္တို႔ဗိုက္ဆာေနၿပီ မိုးခိုသားေတြကိုဆီျပန္ေလးခ်က္ေပးစမ္းပါဗ်ာ " ေ႐ႊခဲက ေျပာရင္းဆိုရင္း လက္ထဲကိုင္ထားတဲ့ အမဲသားအတြဲကိုစားပြဲခုံေပၚပစ္တင္ေပးလိုက္တယ္။ " ဒီအမဲသားေတြ မင္းတို႔ဘယ္ကရလာတာလဲ " " အေမရာ စကားမမ်ားစမ္းပါနဲ႔ ခ်က္မွာသာခ်က္ပါဗ်ာ ဘယ္ကရလဲဆိုတာအေရးမႀကီးဘူး အခုဗိုက္ဆာတယ္ ထမင္းစားဖို႔ကပိုအေရးႀကီးတယ္" စကားေျပာတာကအစတစ္ေျဖးေျဖးၾကမ္းတမ္းလာတဲ့သားႏွစ္ေယာက္ကိုၾကည့္ၿပီး ျမပြင့္ဘာမွဆက္မေျပာေတာ့ပဲ ခုံေပၚတင္ထားတဲ့အမဲသားတြဲကိုယူကာ မီးဖိုေခ်ာင္ထဲဝင္သြားခဲ့တယ္။ အတန္ၾကာေတာ့ မီးဖိုထဲကေန ေမႊးပ်ံ႕တဲ့ဟင္းအနံ႔ေတြထြက္လာခဲ့တယ္။ " အေမ ထမင္းစားေတာ့မယ္ ဟင္းကဒီေလာက္ဆိုက်က္ပီထင္တယ္" " ခဏေလးပါကြယ္ ဟင္းကမႏူးေသးဘူး ႏူးတာနဲ႔လာခ်ေပးမယ္ " " မရေတာ့ဘူးဗ်ာ က်ဳပ္တို႔ဆာေနၿပီ မႏူးလဲစားလို႔ရရင္ၿပီးေရာဗ်ာ ေငြလဲ ဟင္းေတြသြားခပ္လာခဲ့ ငါထမင္းထည့္ထားေပးမယ္" ေ႐ႊခဲစကားေၾကာင့္ ေငြခဲလဲ အိမ္ေနာက္ေဖးကိုဝင္ၿပီး မက်က္တက်က္ျဖစ္ေနတဲ့ ဟင္းေတြကိုပန္းကန္ထဲထည့္လာခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ပူပူေလာင္ေလာင္ဟင္းေတြကိုထမင္းထဲေလာင္းထည့္ၿပီး အားပါးတရစားေနတဲ့အခ်ိန္ " ေ႐ႊခဲနဲ႔ေငြခဲ မင္းတို႔ယူလာတာ ဘာအသားလဲ" အိမ္ေနာက္ေဖးကေန ေဒါသတႀကီးထြက္လာၿပီး ေမးလိုက္တဲ့အသံေၾကာင့္ အသားတုံးကိုလက္နဲ႔ဆြဲကာ ကိုက္ဖဲ့ေနတဲ့ေငြခဲက " အမဲသားေလ ဘာျဖစ္လို႔လဲ" " နင္တို႔ငါ့ကိုမလိမ္နဲ႔ ဒီအသားကအမဲသားမဟုတ္ဘူး နင္တို႔မွန္မွန္ေျဖစမ္း နင္တို႔ယူလာတာဘာပသားလဲ" ျမပြင့္ရဲ႕စကားကို ညီအစ္ကိုႏွစ္ေယာက္ ဘာမွျပန္မေျဖပဲ ထမင္းတစ္လုပ္ကိုအသားတစ္တုံးႏႈန္းနဲ႔စားေနခဲ့တယ္။ ျမပြင့္လဲ သူေမးတာကိုအဖက္မလုပ္ပဲေနတာျမင္ေတာ့ စိတ္ကိုမထိန္းႏိုင္ေတာ့ပဲ စားေနတဲ့ ဟင္းပန္းကန္ကိုဆြဲလုလိုက္ၿပီး " နင္တို႔ကမေျပာဘူးဟုတ္လား ရတယ္ ဒီဟင္းေတြအကုန္သြန္ပစ္မယ္ ေနာက္ေန႔ဘယ္ေတာ့မွ အသားဟင္းစားရဖို႔စိတ္မကူးနဲ႔" လို႔ေျပာလိုက္ေတာ့ ေ႐ႊခဲက ထမင္းပန္းကန္ကို ပစ္ထုတ္လိုက္ၿပီး " ခင္ဗ်ားႀကီး အရမ္းစကားမ်ားတာပဲ က်ဳပ္တို႔ကိုေမြးထားလို႔သာသည္းခံေနတာ အျခားသူဆို ဟာကြာ ေတာက္ ထမင္းစားေကာင္းခ်ိန္ဆို ဒီလိုပဲ သူတို႔ကအၿမဲတမ္းေကြၽးေနႏိုင္တာလဲမဟုတ္ဘူး ကိုယ့္ဘာသာရွာစားျပန္ေတာ့လဲ စစ္လားေဆးလားနဲ႔ " ညီအစ္ကိုႏွစ္ေယာက္နဲ႔ ျမပြင့္တို႔စကားမ်ားေနတဲ့အခ်ိန္ ဦးစည္ၿမိဳင္ျပန္ေရာက္လာၿပီး " ဒီသားအမိေတြ ဘာျဖစ္ေနၾကတာလဲ" " ဘာျဖစ္ရမွာလဲ ရွင့္ရဲ႕ေက်းဇူးရွင္ေလးေတြေပါ့ မလုပ္သင့္တာကိုလုပ္လာတယ္ က်ဳပ္ျဖင့္႐ြံလိုက္တာ" " ျမပြင့္ မင္းဘာေတြေျပာေနတာလဲ ကေလးေတြကဘာေတြလုပ္ခဲ့လို႔လဲ" " ရွင္သိခ်င္ရင္ အေနာက္က ဟင္းအိုးအဖုံးကိုၾကည့္လိုက္" ျမပြင့္စကားေၾကာင့္ ဦးစည္ၿမိဳင္ အိမ္အေနာက္ေဖးကိုဝင္သြားၿပီး ဟင္းအိုးအဖုံးေပၚၾကည့္လိုက္ေတာ့ " ဟာ ေဟ့ေကာင္ေတြ မင္း မင္းတို႔" ဦးစည္ၿမိဳင္စကားမဆုံးခင္မွာ ထမင္းစားပြဲေဘးမွာထိုင္ေနတဲ့ ညီအစ္ကိုႏွစ္ေယာက္က ႐ုတ္တရက္ထလိုက္ၿပီး အိမ္တံခါးကိုေက်ာ္ကာ ထြက္ေျပးသြားၾကတယ္။ အဲဒီအခ်ိန္ကစၿပီး ေ႐ႊခဲနဲ႔ ေငြခဲတို႔ညီအစ္ကိုႏွစ္ေယာက္အိမ္ကိုလုံးဝမျပန္လာေတာ့ေပ။ ဦးစည္ၿမိဳင္နဲ႔ျမပြင့္တို႔လဲ မျဖစ္သင့္တာေတြမျဖစ္ရေအာင္ လိုက္ရွာခဲ့ေပမယ့္ ညီအစ္ကိုႏွစ္ေယာက္ကအစနပင္မေတြ႕ေလာက္ေအာင္ ေပ်ာက္ခ်က္သားေကာင္းေနခဲ့တယ္။ ဦးစည္ၿမိဳင္တို႔လဲ ေ႐ႊခဲနဲ႔ေငြခဲ ေပ်ာက္သြားတဲ့အခ်ိန္ကစၿပီး အ႐ူးတစ္ပိုင္းလိုျဖစ္သြားခဲ့ၾကတယ္။ ဒီလိုနဲ႔ ငါးႏွစ္ေလာက္ၾကာေတာ့ ကြၽဲတဲ႐ြာမွာ ထူးဆန္းတဲ့အျဖစ္တစ္ခုျဖစ္လာခဲ့တယ္။ " ဘေက်ာ္ မင္းေျပာတာ ေသခ်ာလို႔လား" " ေသခ်ာတာေပါ့သူႀကီးရာ က်ဳပ္မ်က္လုံးနဲ႔တပ္အပ္ျမင္ခဲ့တာ သူႀကီးတို႔ၿခံနားမွာရစ္သီရစ္သီလုပ္ေနလို႔ ဓါတ္မီးနဲ႔လွမ္းထိုးလိုက္တာ မီးအလင္းေရာင္ရတာနဲ႔ အေမွာင္ထဲကိုလွစ္ခနဲေျပးထြက္သြားတာ " " သူခိုးေတြဘာေတြမ်ားျဖစ္ေနမလား" " သူခိုးလာ ဘာလားေတာ့မသိဘူး သူ႔ပုံစံက ကိုယ္လုံးတီးနဲ႔ တစ္ကိုယ္လုံးအေမႊးရွည္ေတြဖုံးေနတာ က်ဳပ္အထင္ ညက က်ဳပ္ကိုသရဲေျခာက္တယ္ထင္ေနတာ " " ဘာပဲျဖစ္ျဖစ္ လုံၿခဳံေရးကိုသတိထားၾကဦး ငါလဲအိမ္တံခါးေတြကိုေသခ်ာျပန္စစ္ထားလိုက္မယ္ တစ္ခုခုဆိုရင္ သံေခ်ာင္းသာေခါက္ကြာ" ဦးစည္ၿမိဳင္လဲ ဘေက်ာ္ကိုေသခ်ာေျပာျပၿပီး အိမ္အဝင္ေပါက္တံခါး ဂ်က္ျပင္ရန္ ျပန္လာခဲ့လိုက္တယ္။ အိမ္နားေရာက္ေတာ့ အိမ္ေရွ႕ကြင္းျပင္မွာ လူေတြစု႐ုံးစု႐ုံးျဖစ္ေနတာျမင္လိုက္ရတယ္။ " ဟဲ့ အိမ္ေရွ႕မွာဘာေတြျဖစ္ေနၾကတာလဲ" " ျမက္ဖ်ာေတြဝယ္ေနၾကတာ မၾကာခင္ေႏြရာသီေရာက္ေတာ့မွာဆိုေတာ့ အိပ္ရျပဳရအဆင္ေျပတာေပါ့" " မင္းႀကိဳက္ရင္ၿပီးတာပါပဲ ဒါနဲ႔ ဟိုေကာင္ေလး မင္းကဒီမွာေရာင္းၿပီး ဘယ္ကိုဆက္သြားမလို႔လဲ" " ဘယ္သြားရမွန္းမသိေသးဘူး ဟိုဘက္ျခမ္းမွာ႐ြာေတြရွိေသးရင္ေတာ့ဆက္သြားရမွာေပါ့" " ဟိတ္ေကာင္ နယ္ေျမမသိပဲ ရမ္းသမ္းၿပီးသြားမေနနဲ႔ ငါတို႔႐ြာေက်ာ္ရင္ေတာပဲရွိတယ္ အခုေတာင္မိုးေမွာင္ေနၿပီ ဒီညေတာ့ ဒီမွာအိပ္သြား မနက္က်မွထျပန္ေပါ့ " " ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဖ်ာေဈးကိုလဲအတတ္ႏိုင္ဆုံးေလ်ာ့ေပးပါ့မယ္ဗ်ာ" " ေအးေအး ငါလဲ အိမ္တံခါးေတြျပင္လိုက္ဦးမယ္ မင္းေရာင္းၿပီးရင္ အိမ္ေအာက္က ကြပ္ျပစ္မွာနားလိုက္ဦး အိမ္ေနာက္မွာ ေရတြင္းနဲ႔အိမ္သာရွိတယ္မသိမွာစိုးလို႔ေျပာျပထားတာ" ဦးစည္ၿမိဳင္ကဖ်ာကုန္သည္လူငယ္ကိုေျပာရင္း အိမ္ေပၚကိုတက္သြားခဲ့တယ္။ ညဘက္ေရာက္ေတာ့ ဖ်ာလာေရာင္းတဲ့ေကာင္ေလးနဲ႔ စကားအနည္းငယ္ေျပာၿပီး အိပ္ငိုက္လာတာနဲ႔ ဦးသည္ၿမိဳင္အေစာႀကီးဝင္အိပ္ခဲ့တယ္။ မနက္လင္းအားႀကီးအခ်ိန္ေရာက္ေတာ့ " သူႀကီး သူႀကီးအိမ္အေနာက္မွာ လူတစ္ေယာက္ေသေနတယ္ လာၾကည့္ဦး" ဆိုတဲ့အသံေၾကာင့္ ဦးစည္ၿမိဳင္ အိမ္ေပၚကေနကမန္းကတမ္းဆင္း လာၿပီးလာၾကည့္ေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ေသေနတဲ့အေလာင္းတစ္ေလာင္းကိုေတြ႕လိုက္ရတယ္။ " ဒါ ဘယ္သူ႔အေလာင္းလဲ ႐ြာထဲကလူေတြထဲမွာ ေပ်ာက္တဲ့လူေတြရွိေသးလား" " ႐ြာထဲကလူေတြထဲမွာေတာ့ ေပ်ာက္တဲ့သူမရွိဘူးသူႀကီး ေသေနတဲ့လူကလဲ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ဆိုေတာ့ ဘယ္သူဘယ္ဝါခန႔္မွန္းရခက္ေနတယ္ သူႀကီးအိမ္မွာတည္းေနတဲ့ လူလဲမေတြ႕မိပါလား အခုေသတာသူမ်ားလား" " ဖ်ာေရာင္းတဲ့ေကာင္ေလးကိုေျပာတာလား ဒီအဝတ္အစားကသူဝတ္တဲ့အဝတ္မဟုတ္ဘူး ဒါေပမယ့္ ဒီေကာင္ကလဲအခုေပ်ာက္ေနတယ္ဆိုေတာ့ စဥ္းစားစရာပဲ ႐ြာထဲမွာတစ္ခုခုေတာ့ျဖစ္ေနၿပီထင္တယ္ အားလုံးအရင္ကထက္ပိုသတိထားမွရေတာ့မယ္ ညဘက္လွည့္ကင္းေတြကို လူထပ္တိုးၾက အားလုံးၾကားလား" " ဟုတ္ကဲ့သူႀကီး ကြၽန္ေတာ္တို႔သတိထားပါ့မယ္" ဦးစည္ၿမိဳင္လဲ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ အေလာင္းကို ခ်က္ခ်င္းမီးရႈိ႕ခိုင္းၿပီး ႐ြာလုံၿခဳံေရးကိစၥေတြကို ေဆာင္႐ြက္ေနခဲ့တာ ညေမွာင္စပ်ိဳးခ်ိန္အထိေရာက္လာခဲ့တယ္။ "သူႀကီး ျပန္ေတာ့မလို႔လား" " ေအး ျပန္ေတာ့မယ္ တစ္ခုခုထူးျခားရင္ ငါ့ကိုအခ်ိန္မေ႐ြးလာေျပာ အိမ္မွာကလဲ မင္းတို႔အစ္မတစ္ေယာက္ထဲကြ " " ဟုတ္ကဲ့သူႀကီး သတိထားသြားပါဦး" ဦးစည္ၿမိဳင္လဲ ႐ြာခံကာလသားေတြကို ႏႈတ္ဆက္ၿပီးျပန္လာခဲ့တာ အိမ္ေပၚေရာက္ေတာ့ တစ္ခါမွမျမင္ဖူးတဲ့ လူသုံးေယာက္ေရာက္ေနတာေတြ႕လိုက္ရတယ္။ " ကိုစည္ၿမိဳင္ ေရာက္လာၿပီလား " " ေအး သူတို႔ကဘယ္သူေတြလဲ" " ေအာ္ သူတို႔က မေန႔ကလာတည္းသြားတဲ့ ေကာင္ေလးေၾကာင့္ဒီကိုေရာက္လာတာလို႔ေျပာတယ္ " " အဲဒီေကာင္က ဘယ္ေရာက္သြားတာလဲ" ဦးစည္ၿမိဳင္စကားေၾကာင့္ ဥပဓိ႐ုပ္ေကာင္းေကာင္းနဲ႔လူငယ္က " ေတြ႕ရတာဝမ္းသာပါတယ္ ကြၽန္ေတာ္နာမည္က‌ေအာင္ျမတ္သာလို႔ေခၚပါတယ္ ညဒီအိမ္မွာတည္းသြားတဲ့သူက ႐ုတ္တရက္ျမင္လိုက္ရတဲ့ထိတ္လန္႔ဖြယ္ျမင္ကြင္းေၾကာင့္ အေၾကာက္လြန္ၿပီးထြက္ေျပးသြားတာပါ " " ဒါဆို သူက အဲဒီျဖစ္စဥ္ကိုျမင္ခဲ့တာေပါ့" " ဟုတ္ပါတယ္ အခု႐ြာမွာထူးဆန္းတဲ့ကိစၥေတြျဖစ္ေနတယ္မဟုတ္လား" " ဟုတ္တယ္ မနက္ကလဲ ဘယ္ကမွန္းမသိတဲ့ လူတစ္ေယာက္ေသသြားတယ္ ဒါေၾကာင့္႐ြာလုံၿခဳံေရးကိုနဂိုကထက္ပိုတင္းၾကပ္ေနရတာ" " စိတ္မပူပါနဲ႔ ဒီကိစၥကို ကြၽန္ေတာ္တို႔ေျဖရွင္းေပးပါ့မယ္ ဒါနဲ႔ ဦးေလးတို႔မွာ သားႏွစ္ေယာက္ရွိခဲ့ဖူးတယ္မဟုတ္လား " " ဟုတ္တယ္ ဒီကိစၥကို မင္းတို႔ဘယ္လိုသိလဲ" " ဘယ္လိုသိလဲကအေရးမႀကီးပါဘူး ဦးေလးတို႔ သားႏွစ္ေယာက္က လူ႔စိတ္ေပ်ာက္ေနၾကတယ္ဆိုတာကိုေရာသိၾကလား" ေအာင္ျမတ္သာစကားေၾကာင့္ ဦးစည္ၿမိဳင္ အံ့ဩသြားၿပီး " ဘယ္လိုလူ႔စိတ္ေပ်ာက္တာလဲ ေသခ်ာေျပာျပပါဦး" " ဒါဆို ကြၽန္ေတာ္ ေမးတာအမွန္တိုင္းေျဖေပးပါ ဦးေလးတို႔ေမြးထားတဲ့သားႏွစ္ေယာက္မွာ ေမြးရာပါအစြယ္ေလးေခ်ာင္းပါလာခဲ့လား" " ဟုတ္ ဟုတ္ပါတယ္ သူတို႔ကိုေမြးတဲ့လက္သည္က ဘီလူးေတြေမြးတယ္ သတ္ျပစ္ရမယ္လို႔ေျပာခဲ့ေပမယ့္ ဦးေလးတို႔က လက္သည္ကို ေငြပုံေပးၿပီး အျခားေနရာကိုေျပာင္းခိုင္းခဲ့ပါတယ္" " ဒီကေလးႏွစ္ေယာက္က အသားစားက်ဴးတဲ့အျပင္ ေနာက္ဆုံးဇာတ္တူသားကိုပါစားခဲ့ၾကတယ္မဟုတ္လား" " အင္း ဟုတ္ပါတယ္ သူတို႔အိမ္ကေနေပ်ာက္သြားၿပီး ႏွစ္ရက္ၾကာေတာ့ အသားတြဲတစ္တြဲနဲ႔ျပန္ေရာက္လာၾကတယ္ အဲဒီအသားေတြကိုအမဲသားလို႔ပဲထင္ခဲ့ၾကတာ ေနာက္ေတာ့မွ အသားစေတြၾကားထဲကသားရည္မွာ တက္တူးထိုးထားတဲ့အရည္ျပားစကိုေတြ႕ေတာ့မွ ဒီေကာင္ေတြမဟုတ္တာကိုမွလုပ္ရလားဆိုၿပီး ဆူပူခဲ့တယ္ အဲဒီေန႔ကစၿပီး သူတို႔ကိုျပန္မေတြ႕ရေတာ့ဘူး အခုဆို ေသလားရွင္လားေတာင္မသိေတာ့ပါဘူးကြယ္" ဦးစည္ၿမိဳင္စကားကိုၾကားေတာ့ ေအာင္ျမတ္သာက အနည္းငယ္စဥ္းစားလိုက္ၿပီး " အသက္ရွင္ရွိမရွိကို ကြၽန္ေတာ္ၾကည့္ေပးမယ္ သူတို႔အရင္ကဝတ္ခဲ့ဖူးတဲ့အဝတ္အစားတစ္စုံစီရႏိုင္မလား" " ရပါတယ္ ရပါတယ္ ျမပြင့္ေရ ေတြဝတ္ခဲ့ႀတဲအက်ႌတစ္စုံစီယူလာခဲ့ေပးလိုက္ပါ" ဦးစည္ၿမိဳင္စကားေၾကာင့္ ေဒၚျမပြင့္လဲ အိမ္ခန္းထဲကဗီဒိုထဲကေန အဝတ္အစားႏွစ္စုံကိုထုတ္ယူလာခဲ့‌တယ္။ ေအာင္ျမတ္သာက အေရွ႕မွာခ်ထားတဲ့ အက်ႌႏွစ္ထည္အေပၚကို လက္ဖဝါးနဲ႔အုပ္ၿပီးသပ္ခ်လိုက္တဲ့အခ်ိန္ အနီေရာင္အကြက္ပါတဲ့အက်ႌက အေပၚကို႐ုတ္တရက္ခုန္တက္လာတာျမင္လိုက္ရတယ္။ " ဒီအက်ႌက ဘယ္သူဝတ္ခဲ့တာပါလဲ" ေအာင္ျမတ္သာစကားေၾကာင့္ ေဒၚျမပြင့္က အနည္းငယ္စဥ္းစားၿပီး " အနီေရာင္အက်ႌက အငယ္ေကာင္ေလးဝတ္ခဲ့တာ အႀကီးဆုံးေကာင္‌က အနီမႀကိဳက္ဘူး" " ဟုတ္ၿပီ ဒါဆိုရင္ အငယ္ဆုံးကိုျပန္ေခၚလို႔ရေသးတယ္ ဒါေပမယ့္ ..." ေအာင္ျမတ္သာကစကားကိုအဆုံးထိမေျပာပဲ ရပ္လိုက္ေတာ့ ဦးစည္ၿမိဳင္က " ဒါေပမယ့္ဘာျဖစ္တာလဲ ဆက္ေျပာပါဦး" " ဟူး ဦးေလးတို႔ရဲ႕သားအငယ္က လူစစ္စစ္ကေန နာနာဘာဝအျဖစ္ကို ေရာက္ေနၿပီ" " ဟင္ ဘယ္လို မျဖစ္ႏိုင္ဘူးထင္တယ္" " ဦးေလးတို႔မယုံရင္ ဒီည သူ႔ကိုေခၚျပေပးပါ့မယ္ ဦးေလးတို႔ကတိေပးရမွာတစ္ခုက သူ႔ကိုဒီတစ္ခါေတြ႕ၿပီးရင္သံေယာဇဥ္ျဖတ္ေပးဖို႔ပါပဲ " ေအာင္ျမတ္သာစကားအဆုံးမွာ ေဒၚျမပြင့္ဆီကေန ငိုရႈိက္သံသဲ့သဲ့ထြက္ေပၚလာခဲ့တယ္။ " သားငယ္ကို ျပန္ေခၚထားလို႔မရဘူးလားဟင္ " " မရပါဘူး သူကလူတစ္ေယာက္မဟုတ္ေတာ့တဲ့အတြက္ အိမ္ေပၚကိုေတာင္တက္လို႔မရပါဘူး ဦးေလးတို႔ဘယ္လိုသေဘာရပါသလဲ" "ဘယ္တတ္ႏိုင္ပါ့မလဲကြာ ေနာက္ဆုံးတစ္ခါေလးျမင္ခြင့္ရရင္ပဲေတာ္ပါၿပီ " " ဒါဆိုရင္ သူ႔အဝတ္အစား ကြၽန္ေတာ္ကိုေပးပါ " ေအာင္ျမတ္သာက အနီေရာင္အက်ႌကိုေတာင္းၿပီး ၿခံဝကိုဆင္းလာခဲ့တယ္။ ၿခံဝေရာက္ေတာ့ အက်ႌကိုေျမႀကီးေပၚခ်လိုက္ၿပီး ၿခံစည္း႐ိုးအဝင္စမွာဖေယာင္းတိုင္ႏွစ္တိုင္ထြန္းခိုင္းလိုက္တယ္။ ဖေယာင္တိုင္ထြန္းၿပီးတာနဲ႔ အက်ႌအေပၚကို ေလးကြင္အင္းစာ႐ြက္တစ္႐ြက္တင္လိုက္ၿပီး " သင္ဘယ္ဘဝေရာက္ေနပါေစ က်ဳပ္ေခၚရင္ လာရမည္ က်ဳပ္အမိန႔္ေပးလ်င္ နာခံရမည္ ေခၚဆိုလို႔လာရလ်င္လဲ မူရင္းသ႑ာန္ကိုေဖ်ာက္ၿပီးမွသာလာပါ သင့္မိဘေတြသင့္ေၾကာင့္အထိတ္တလန႔္မျဖစ္ပါေစနဲ႔ သင့္ကိုေမြးဖြားေပးတဲ့မိဘႏွစ္ပါးကို ေနာက္ဆုံးအေနနဲ႔ကန္ေတာ့ဖို႔ သင္ေရာက္ရာအရပ္ကအျမန္ျပန္လာခဲ့ပါ" လို႔ေျပာကာ အက်ႌကိုလက္ဝါးနဲ႔သပ္ခ်လိုက္တယ္။ ခဏၾကာေတာ့ ၿခံစည္း႐ိုးအဝမွာထြန္းထားတဲ့ ဖေယာင္းတိုင္ႏွစ္တိုင္က ေလမတိုက္ပဲလႈပ္ရမ္းလာတာကိုျမင္လိုက္ရတယ္။ " သင္ႏႈတ္ပြင့္ေစ ေျပာလိုရာ ဆိုလိုရာေျပာဆိုႏိုင္တယ္ သင့္႐ုပ္ရည္ကိုျမင္ေတြ႕ရင္ မိဘေတြစိတ္ဆင္းရဲမွာစိုးလို႔ သင့္ကိုမျမင္ေအာင္ဖုံးကြယ္ထားေပးရျခင္းျဖစ္တယ္ သင္ဘာေျပာခ်င္ပါလဲ" ေအာင္ျမတ္သာက အမိန႔္ျပန္ၿပီးခြင့္ျပဳလိုက္ေတာ့ ၿခံစည္း႐ိုးအျပင္ဘက္ကေန " အေမ နဲ႔အ‌ေဖက်ဳပ္ ေငြခဲပါ က်ဳပ္ေျပာတဲ့အသံၾကားရလား" " ၾကား ၾကားရပါတယ္ကြယ္ အခု သားဘယ္မွာေနေနတာလဲဟင္" " မေန႔ညက အေမတို႔ဆီလာခဲ့ပါေသးတယ္ အေမတို႔အိမ္ေပၚ က်ဳပ္တက္လို႔မရဘူး အဲဒီအခ်ိန္ သူခိုးတစ္ေယာက္ကိုေတြ႕လို႔ ေျခာက္လွန႔္ခဲ့ေပမယ့္ သူကရန္ျပန္ျပဳလို႔ ကိုက္သတ္ခဲ့ရတယ္ အေမတို႔က်ဳပ္ကိုစိတ္မပူပါနဲ႔ က်ဳပ္ရဲ႕လက္ရွိဘဝမွာက်ဳပ္ေပ်ာ္ေနပါၿပီ " " ဘာလို႔ အခုလိုေတြလုပ္ခဲ့ၾကတာလဲ ဘာေၾကာင့္အခုလိုဘဝမ်ိဳးေရာက္ခဲ့တာလဲဆိုတာ အေမကိုေျပာျပေပးပါ အေမမယုံခ်င္ဘူးကြယ္" " က်ဳပ္တို႔ႏွစ္ေယာက္က အသားစားက်ဴးတဲ့သူေတြျဖစ္တဲ့အတြက္ စားရသေလာက္ကိုမတင္းတိမ္ခဲ့ဘူး ဒီထက္ပိုေကာင္းတဲ့အသားမ်ိဳးကိုရွာခဲ့ၾကတယ္ မွတ္မွတ္ရရ ဦးျမညိဳေသတဲ့ေန႔က အသုဘပို႔လိုက္သြားရင္းလတ္လတ္ဆတ္ဆတ္ျမဳပ္ထားတဲ့အေလာင္းတစ္ခုကိုေတြ႕လိုက္ရတယ္ သူ႔ကိုယ္ကထြက္တဲ့အသားနံ႔က ဘယ္သူနဲ႔မွမတူလို႔ အသုဘပို႔ၿပီးေတာ့ေနာက္တစ္ေခါက္ထပ္လာၿပီး လူသားကိုစားၾကည့္ခဲ့တယ္ အဲဒီအခ်ိန္ကစၿပီး လူသားကိုစြဲလမ္းခဲ့တယ္ တစ္ေျဖးေျဖးနဲ႔မစားရရင္မေနႏိုင္ေအာင္ျဖစ္လာၾကၿပီး သခ်ႋဳင္းတကာမွာရွိတဲ့လူေသေလာင္းေတြကိုတူးေဖာ္စားေသာက္ခဲ့ၾကတယ္ လူအသားစားတာမ်ားလာေတာ့ လူေတြေနတဲ့ေနရာကိုဝင္ရင္ ပူေလာင္တဲ့အထိျဖစ္လာခဲ့တယ္ ဒါေၾကာင့္ လူေတြမရွိတဲ့ညအခ်ိန္မွာပဲ အျပင္ထြက္ရတာ ‌အခုက်ဳပ္ကိုေခၚလို႔သာ အနီးကပ္ေနလို႔ရေနတာပါ" " အျဖစ္ဆိုးလိုက္တာကေလးတို႔ရယ္ အေမ့သားႀကီးေရာဟင္ သူကဘယ္ေရာက္သြားတာလဲ" " သူက အုတ္နီကန္သခ်ႋဳင္းမွာအဖမ္းခံထားရတယ္ တစ္ခါတစ္ေလ သူကေခါင္းမာတယ္ ပိုင္ရာဆိုင္ရာေတြကို ခြင့္မေတာင္းပဲ အေလာင္းကိုေဖာ္စားတတ္တယ္ ဒါေပမယ့္ အုတ္နီကန္သခ်ႋဳင္းလဲေရာက္ေရာ ေဖာ္စားထားတဲ့အေလာင္းေကာင္ရဲ႕အသားစကို မဖဲဝါနန္းေဆာင္မွာသြားတင္တဲ့အခ်ိန္ မဖဲဝါစီးတဲ့ေခြးနက္ႀကီးက သူ႔ကိုခါးလည္ကေန ကိုက္ခ်ီသြားခဲ့တာ အခုထိျပန္မေတြ႕ရေတာ့ဘူး" " သားကိုအေမတို႔ထပ္ေတြ႕ခ်င္ရင္ ဘယ္လိုေခၚရမလဲ " " အေမတို႔သားကိုေတြ႕ခ်င္ရင္ ညေမွာင္ရီတေရာအခ်ိန္ေရာက္ရင္ လမ္းဆုံလမ္းခြမွာ ငွက္ေပ်ာဖက္ထဲ အသားစိမ္းထည့္ၿပီး က်ဳပ္နာမည္ကိုေခၚလိုက္ပါ ေရာက္ရာအရပ္ကေန က်ဳပ္လာခဲ့ပါ့မယ္ အခုေတာ့ က်ဳပ္သြားရေတာ့မယ္ " ေငြခဲရဲ႕စကားအဆုံးမွာ ၿခံစည္း႐ိုးအဝင္ဝမွာထြန္းထားတဲ့ဖေယာင္းတိုင္မီးက ႐ုတ္တရက္ၿငိမ္းသြားခဲ့တယ္။ " မငိုေနပါနဲ႔ ျမပြင့္ရယ္ သူတို႔ကံကဒီလိုပါလာတာကိုး ငါတို႔လဲသူတို႔အတြက္ ကုသိုလ္လုပ္ေပးရင္ ဒီထက္ျမင့္တဲ့ဘဝကိုေရာက္သြားၾကမွာပါ" ဦးစည္ၿမိဳင္က ေဒၚျမသက္ကိုအားေပးစကားေျပာၿပီးလွည့္ၾကည့္လိုက္ေတာ့ ေစာနက ရွိေနတဲ့လူသုံးေယာက္ကိုမေတြ႕ရေတာ့ဘူး။ မ်က္စိေရွ႕မွာတင္ေပ်ာက္သြားတဲ့လူသုံးေယာက္အေၾကာင္းနဲ႔ လူစင္စစ္ကေန ဘီလူးျဖစ္သြားတဲ့ ေ႐ႊခဲ၊ေငြခဲတို႔ညီအစ္ကိုအေၾကာင္းကေတာ့ ကြၽဲတဲ႐ြာမွာေျပာစမွတ္တြင္ခဲ့ၾကတယ္။ ေအာင္ျမတ္သာတို႔ကြၽဲတဲ႐ြာကေန ေပ်ာက္ကြယ္သြားၿပီးေတာ့ရက္အနည္းငယ္အၾကာ" အုတ္နီကန္သခ်ႋဳင္း" ထဲမွာျပန္ေပၚလာခဲ့ပါတယ္။ ေအာင္ျမတ္သာတို႔ဘာေၾကာင့္ အုတ္နီကန္သခ်ႋဳင္းကိုသြားတာလဲ။ အုတ္နီကန္သခ်ႋဳင္းမွာဖမ္းခံထိထားတဲ့ ေ႐ႊခဲက ေအာင္ျမတ္သာတို႔အတြက္ဘယ္လိုအသုံးဝင္မလဲ။ အုတ္နီကန္သခ်ႋဳင္းသခင္မျဖစ္တဲ့မဖဲဝါက အသာတၾကည္ၿငိမ္ခံမလား။ စတဲ့အေၾကာင္းအရာေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္အုတ္နီကန္သခ်ႋဳင္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။ ေလးစားစြာျဖင့္ ေဇယန(ရာမည) #ညမဖတ္ရ

No comments

Post a Comment