စာရေးဆရာ -ဇေယန(ရာမည)
အရုဏ်တက်ချိန်ဖြစ်လင့်ကစား အိပ်တန်းကနိုးလာကြတဲ့ ကျေးငှက်သရကာတို့ရဲ့ အော်သံ၊ မွေးမြူထားတဲ့ လင်းကြက်တို့ရဲ့အသံက ကဒုံကတိုက်ရွာကို အသက်ဝင်လှုပ်ရှားလာစေခဲ့တယ်။
“ မအေးကြည်ကတော့ အကြွေးတောင်းမရလို့ ဘုရားရှိခိုးပြန်ပြီနဲ့တူပါတယ်ကွာ”
မျက်နှာသစ်ဖို့ ခြင်ထောင်ထဲက ထွက်ဖို့လုပ်ရင်း ပြောလိုက်တဲ့ ကိုဟန်ငြိမ်းစကားကြောင့် ဖရိုဖရဲဖြစ်နေတဲ့ဆံပင်တွေကို တစ်ပတ်လျှိုထုံးနေတဲ့ မခင်သန်းတစ်ယောက် ခစ်ခနဲအသံထွက်အောင်ရယ်လိုက်မိတယ်။
“ သူ့ဘာသာ ဘယ်လိုဖြစ်ဖြစ် တော်နဲ့ ဘာဆိုင်လို့တုန်း… မနက်စောစောစီးစီး အကုသိုလ်ယူနေပြန်ပါပြီ”
“ အကုသိုလ်ယူတာမဟုတ်ပါဘူး … မိန်းမရာ၊ မအေးကြည်အကြောင်းလဲ မင်းသိသားနဲ့”
“ ကဲကဲ ကိုယ်တော်ချော သူများအကြောင်းမပြောနေနဲ့ …ညကခြစ်ထားတဲ့ ရော်ဘာတွေ ပြန်စုဖို့ ခြံထဲသွားရဦးမယ်။ လုပ်စရာရှိတာလုပ်ဦး”
ကိုဟန်ငြိမ်းတို့လင်မယားနှစ်ယောက်က မိဘအမွေပေးခဲ့တဲ့ ရာဘာခြံကို ဦးစီးလုပ်ကိုင်ရင်း ဘဝကိုအပူအပင်မဲ့စွာဖြတ်သန်းခဲ့ကြသလို မအေးကြည်ကလဲ ယောင်္ကျားဖြစ်သူထားခဲ့တဲ့ ငွေတွေကို အတိုးချေးစားရင်း ဘဝကိုဖြတ်သန်းခဲ့တယ်။
မအေးကြည်က ပါးစပ်ကြမ်းသယောင်ရှိပြီး စိတ်ရင်းကောင်းတာမို့ ရွာမှာရှိတဲ့သူအတော်များများက သူဘယ်လိုပြောပြောစိတ်မဆိုးပဲ ရယ်ကျဲကျဲဖြင့်သာ ပြန်ပြောတတ်ကြတယ်။ မအေးကြည်ကတော့ ရစရာရှိတဲ့ အကြွေးတွေမရဘူးဆိုရင် မနက်အရုဏ်တက်ချိန် သူ့အသံဩဩနဲ့ ဘုရားရှိခိုးတတ်တာကို အိမ်နီးချင်းဖြစ်တဲ့ ကိုဟန်ငြိမ်းတို့လင်မယားက ကောင်းကောင်းကြီး သိထားခဲ့ကြတယ်။
“ ဟန်ငြိမ်းနဲ့ခင်သန်းတို့ ခြံထဲသွားပြီလား”
ရာဘာအစေးခြစ်ဓါးကို လွယ်အိတ်ထဲထည့်ရင်း ထွက်လာတဲ့ ဟန်ငြိမ်းကို မအေးကြည်က ရေနွေးကြမ်းသောက်ရင်း လှမ်းနှုတ်ဆက်လိုက်တယ်။
“ ဟုတ်တယ် အစ်မရေ… ညက အလုပ်သမားတွေ အစေးခြစ်ထားတာ အဆင်ပြေမပြေ သွားကြည့်မလို့။ ဒါနဲ့ ဒီနေ့ ရစရာရှိတဲ့အကြွေးတွေ အကုန်ရဖို့ ဆုတောင်းပေးနေတယ်နော် ဟဲဟဲ”
ဟန်ငြိမ်းစကားကြောင့် ဘေးမှာရှိတဲ့ ခင်သန်းက လက်မောင်းကိုဆွဲဆိတ်လိုက်ပြီး
“ ကိုဟန်ငြိမ်းကတော့ မအေးကြည်ကို မစရရင် မနေနိုင်ဘူးထင်တယ်…”
“ ညဉ်းတို့လင်မယားနော် … ဟင်းဟင်း…”
ရယ်ကျဲကျဲလုပ်ရင်း လှမ်းပြောလိုက်တဲ့ မအေးကြည်စကားကြောင့် ဟန်ငြိမ်းတို့လင်မယားမတိုင်ပင်ထားပဲ ပြုံးရယ်ကာ ခြံရှိရာဘက်ကိုထွက်သွားခဲ့လိုက်တယ်။
++++++
“ မိထုံ … နင့်မလဲ ငါ့ကို ဟိုရက်ချိန်း ဒီရက်ချိန်းနဲ့ လျာအရိုးမရှိတိုင်းလျောက်ပြောနေတာလား”
ထဘီတိုတိုဝတ်ထားပြီး သနပ်ခါးအဖွေးသားလူးထားတဲ့ မအေးကြည်စကားကြောင့် အိမ်ပေါ်ကဆင်းဖို့ဟန်ပြင်နေတဲ့ မိထုံက
“ မဟုတ်ပါဘူး အစ်မရယ်… မနေ့က အငယ်ကောင် ဖျားလို့ဆေးခန်းပြလိုက်ရတာကြောင့်ပါ”
“ နင့်ကိုပြောလိုက်ရင် တစ်ခုမဟုတ်တစ်ခု အကြောင်းကရှိနေတာပဲ… ရော့ နင့်ကလေးအတွက် တစ်ခုခုဝယ်ကျွေးလိုက်”
မအေးကြည်က ဂျိုင်းကြားထဲညှပ်ထားတဲ့ ပိုက်ဆံအိတ်ထဲက ငွေအချို့ကို လှမ်းပေးပြီး မိထုံအိမ်ရှေ့ကနေ ထွက်လာခဲ့လိုက်တယ်။
“ မအေးကြည်…. မအေးကြည်…”
ဟင်းရွက်သည်လှရင်အသံကြောင့် ပိုက်ဆံအိတ်ကို ချိုင်းကြားထဲကနေဆွဲထုတ်ပြီး
“ ဟေ ဘာတုန်း.. ပိုက်ဆံချေးဦးမလို့လား”
“ အာ… မဟုတ်ပါဘူး မအေးကြည်ရာ၊ ခုနက မိထုံနဲ့ မအေးကြည်ပြောနေတာ ကြားလိုက်လို့”
“ ညဉ်းက ဘာကြားလို့လဲ”
“ မိထုံ ကလေးဖျားလို့ အကြွေးမပေးနိုင်ဘူးပြောတယ်မဟုတ်လား”
“ အေး ဟုတ်တယ်လေ… ငါတောင် သူ့သားအတွက် မုန့်ဖိုးပြန်ပေးခဲ့သေးတယ်”
“ ဘယ်ကလာ ဖျားရမှာလဲ မအေးကြည်ရယ်။ ညကတောင် ဟိုဘက်အပိုင်းမှာ ဖဲရိုက်နေသေးတာကို”
“ နင့်စကားက သေချာလား လှရင်”
“ မအေးကြည်ကို လိမ်ရမလား… ဒါပေမယ့် ကျွန်မပြောတယ်လို့တော့မပြောနဲ့ပေါ့”
“ မိထုံမ ညဉ်းနဲ့ငါနဲ့တွေ့ကြသေးတာပေါ့”
မအေးကြည်က ဗျစ်တောက်ဗျစ်တောက် ပြောရင်း မိထုံမတို့အိမ်ဘက်ကိုပြန်လှည့်လာခဲ့လိုက်တယ်။
“ မိထုံမ ထွက်လာစမ်း… ညဉ်းက ငါ့ကို ဘယ်လိုကောင်မမျိုးထင်နေလဲ”
မအေးကြည်ရဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်နေတဲ့ အသံကြောင့် မိထုံတစ်ယောက် အိမ်ထဲကနေ ထွက်လာပြီး
“ မအေးကြည် ဘာဖြစ်လို့လဲ…”
“ ဘာဖြစ်ရမလဲ… နင့်ရဲ့ဖျားနေတဲ့ ကလေး အခုဘယ်မှာလဲ…ငါ့ပြစမ်း”
“ အိမ်ထဲမှာရှိပါတယ်… နေသိပ်မကောင်းလို့ ပေးအိပ်ထားတာ”
“ နေမကောင်းတာကို ငါ့မျက်စိနဲ့သေချာအောင်ကြည့်ရမယ်..ဖယ်စမ်း”
မအေးကြည်က အရှေ့မှာပိတ်နေတဲ့ မိထုံကိုတွန်းထုတ်ကာ အိမ်ပေါ်ကိုတက်သွားခဲ့တယ်။ အပေါ်ရောက်တော့ နဖူးပေါ်ရေပတ်ဝတ်တင်ထားပြီး အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ မအေးကြည်ရယ် ကျွန်မပြောသားပဲ ကလေးကဖျားနေပါတယ်လို့၊ ကျွန်မက ကိုယ့်သားသမီးနဲ့ပတ်သတ်ပြီး လိမ်မယ့်သူမဟုတ်ပါဘူး”
“ အေးပါ အေးပါ… နင်လဲယူထားတဲ့အကြွေးတွေများနေပြီဆိုတာ ခေါင်းထဲထည့်ထား”
မကျေမချမ်းဟန်နဲ့ဆင်းသွားတဲ့ မအေးကြည်ရဲ့နောက်ကျောကိုကြည့်ပြီး မိထုံတစ်ယောက် မဲ့ပြုံးတစ်ချက်ပြုံးချလိုက်တယ်။
++++++++
“ ကိုဟန်ငြိမ်း နေမကောင်းဘူးဆို…ဘယ်လိုဖြစ်တာလဲ”
ရွာစျေးမှာဆုံရင်း မေးလိုက်တဲ့ မအေးကြည်စကားကြောင့် ခင်သန်းက
“ မနေ့ ခြံထဲကပြန်လာတော့ ဗိုက်အောင့်တယ်ဆိုပြီး အိပ်နေတာ..အစာလဲမဝင်ဘူး ။ရွာက ကျန်းမာရေးမှူးပြောတာကတော့ အစာအိမ်ယောင်တာဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် ငါးဆန်ပြုတ်လေးပြုတ်ကျွေးမလို့ စျေးလာခဲ့တာ”
“ အေး အေး အစာအိမ်ဆိုတာပေါ့လို့မရဘူး… ငါတောင် မနက်အိပ်ယာထခါနီးဆို ခြေတွေလက်တွေ ထုံကျင်နေတာ။ လူကလဲဝတော့ လေဖြတ်မှာတောင် စိတ်ပူနေတယ် ခင်သန်းရေ”
“ အစ်မလဲ ဂရုစိုက်ဦး… သားသမီးတွေကလဲ အဝေးမှာဆိုတော့ ကိုယ်ဖြစ်ရင် ဘယ်သူမှလုပ်ပေးမှာမဟုတ်ဘူး”
“ ရွာကလူတွေကတော့ ငါသေရင်အတော်ပျော်ကြမှာနော့်…ဘာလို့ဆိုတော့ ယူထားတဲ့အကြွေးတွေမပေးရတော့ဘူးလေ ဟက်ဟက်”
ဟာသနှောပြီးပြောလိုက်တဲ့ မအေးကြည်စကားကြောင့် ခင်သန်းက
“ အစ်မကတော့ ပေါက်ကရတွေ ပြောပြန်ပီ…ဒါဖြင့် နောက်မှအေးဆေးစကားပြောကြတာပေါ့”
“ ကောင်းပြီ ကောင်းပြီ ဟန်ငြိမ်းကိုလဲ ငါလာကြည့်မယ်လို့ပြောပေးဦး”
“ ဟုတ်ကဲ့အစ်မ ကျွန်မပြောလိုက်ပါမယ်”
ဒီလိုနဲ့ ကိုဟန်ငြိမ်းရောဂါက သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတာကြောင့် ရွာမှာရှိတဲ့ကျန်းမာရေးမှူးက မြို့တက်ပြီး ဆေးကုဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့မြို့တက်ပြီး ကုပြန်တော့လဲ ဘာမှမတွေ့။ မခင်သန်းလဲ စုဆောင်းထားတဲ့ ငွေတွေနဲ့ ဟိုဆရာကောင်းနိုး ဒီဆရာကောင်းနိုး လိုက်ပြရတဲ့အတွက် အချိန်ကုန် လူပင်ပန်းဖြစ်လာခဲ့တယ်။
တစ်နေ့မှာတော့ မြို့ပေါ်ကနေ ဆေးခန်းပြပြီးအပြန် ရွာချင်းဆက်လမ်းပေါ်မှာ လူတွေစုရုံးစုရုံးဖြစ်နေလို့ ကြည့်လိုက်ရာ သတိလစ်နေတဲ့ မအေးကြည်ကိုမြင်လိုက်ရတယ်။
“ မအေးကြည်ပါလား…. ဘယ်လိုဖြစ်ကြတာလဲ”
“ ရုတ်တရက်လမ်းလျောက်နေရင်း အကြောဆွဲသလိုဖြစ်ပြီး လဲကျသွားတာပဲ… ကျုပ်တို့လဲ ရုတ်တရက်ဆိုတော့ ဘာမှမလုပ်တတ်ဘူး”
“ နင်တို့မှာ စက်ဘီးပါတယ်မဟုတ်လား… ကဒုံကတိုက်က ကျန်းမာရေးမှူးကို အမြန်သွားခေါ်ပေး”
မခင်သန်းစကားကြောင့် သံချေးအထပ်ထပ်တက်နေတဲ့ စက်ဘီးပိုင်ရှင်က ဂျုတ်ဂျက်ဂျုတ်ဂျက်မြည်အောင် နင်းရင်းရွာဘက်ကိုထွက်သွားခဲ့တယ်။
ခဏကြာတော့ ဆေးသေတ္တာကို ဆွဲကာပြေးလာတဲ့ ကျန်းမာရေးမှူးကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ ဘီးပေါက်လို့ တွန်းလာတဲ့ စက်ဘီးက ဂလုပ်ဂလုပ်နဲ့ ပါလာခဲ့တယ်။
“ မအေးကြည်မှာ အရင်က အတက်ရောဂါများရှိလား”
ကျန်းမာရေးမှူးက မအေးကြည်ကို စမ်းသပ်ရင်း မေးလိုက်တဲ့စကားကြောင့် ခင်သန်းက
“ အဲလိုတော့ မကြားမိပါဘူး…သူက ဝတယ်ဆိုပေမယ့် ဖျားတာနာတာမရှိသလောက်ပါပဲ”
“ အခုစမ်းကြည့်တာ သွေးခုန်နှုန်းရော… နှလုံးခုန်သံရော ပုံမှန်ပါပဲ”
“ ဒါဆို ဘာလို့ သတိမရသေးတာလဲဆရာ”
“ လူနာကို ဆေးခန်းကို အရင်ခေါ်သွားမှရမယ်။ အခုက လမ်းမှာဆိုတော့ စမ်းသပ်ဖို့က အဆင်မပြေဘူး”
ကျန်းမာရေးမှူးစကားကြောင့် ရပ်ကြည့်နေတဲ့လူတွေက မအေးကြည်ခန္ဓာကိုယ်ကို လှည်းပေါ်မတင်လိုက်ကြတယ်။ ဒီလိုနဲ့ဆေးခန်းရောက်လို့ သွေးကြောပြန်စမ်းနေတဲ့အချိန်မှာပဲ မအေးကြည် သတိပြန်ရလာခဲ့တယ်။
“ ဟင် ခင်သန်း… ငါကဘယ်လိုဖြစ်ပြီး ဆေးခန်းရောက်နေတာလဲ”
“ အစ်မက လမ်းပေါ်မှာ သတိလစ်နေလို့ လှည်းပေါ်တင်လာခဲ့တာ”
“ ဟုတ်လား ငါအရင်က ဒီလိုမဖြစ်ဘူးပါဘူး… ဆရာလေး ကျွန်မကဘာဖြစ်တာလဲ”
“ ကျွန်တော်စမ်းသပ်ကြည့်တော့လဲ အားလုံးကပုံမှန်ပဲ… အိပ်ရေးပျက်တာတို့ အားနည်းတာတို့ကြောင့် ဖြစ်တာနေမှာပါ။ လောလောဆယ် အားဆေးတစ်လုံး ထိုးပေးလိုက်ပါမယ်။ သက်သာရင်တော့ မလာပါနဲ့… မသက်သာရင်တော့ နက်ဖြန်ပြန်လာခဲ့ပေါ့”
“ ကျေးဇူးတင်ပါတယ် ဆရာလေးရယ်.. ဒါနဲ့ ဆေးဖိုးဘယ်လောက်ပေးရမလဲဟင်”
“ မလိုပါဘူး အဒေါ်ရယ်… ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်ပါ။ ဒါနဲ့ ကိုဟန်ငြိမ်းရောဂါက ဘယ်လိုနေလဲ”
“ ဆရာလေး ပြောသလို အကုန်စစ်ကြည့်တာပဲ… ထူးခြားတာဘာမှမတွေ့ဘူးပြောတယ်”
မခင်သန်းစကားကြောင့် ကျန်းမာရေးမှူးဆရာလေး ခေါင်းကိုကုတ်လိုက်ပြီး
“ သိပ္ပံနည်းအရစစ်ဆေးလို့ ဘာမှမတွေ့ဘူးဆိုရင် ဝိဇ္ဇာနည်းအတိုင်းစစ်ဆေးကြည့်ပါလားအစ်မ”
“ ဆရာလေး ပြောတာ ကျွန်မနားမလည်လို့ သေချာရှင်းပြပေးပါဦး”
“ ကျွန်တော်ကခေတ်လူငယ်ဆိုပေမယ့် ရှေးရိုးပညာတွေကိုလဲ ယုံကြည်တဲ့သူပါ… အခု ကိုဟန်ငြိမ်းဖြစ်နေတဲ့ပုံကို ကြည့်ရတာ ပယောဂတစ်ခုခုကြောင့်လားဆိုပြီး တွေးမိတယ်”
ကျန်းမာရေးမှူးစကားကြောင့် မခင်သန်း လက်ခုပ်ကိုဖြောင်းခနဲမြည်အောင်တီးလိုက်ပြီး
“ ဟုတ်ပါရဲ့ ကျွန်မတို့လဲ သတိလွတ်သွားတာ… ဆရာလေးပြောမှပဲ သိတော့တယ်။ မနက်ဖြန် ဆရာပင့်ပြီး ပြကြည့်လိုက်ပါမယ်”
မခင်သန်းနဲ့ ကျန်းမာရေးမှူးတို့ပြောနေတာကိုကြားတဲ့ မအေးကြည်ကလဲ
“ ခင်သန်း… နင်တို့ဆရာခေါ်လာရင် ငါလဲပြကြည့်ပါဦးမယ်။ အကြောင်းကြားပေးဦးနော်”ဆိုပြီးပြောခဲ့တယ်။
+++++++
နောက်တစ်နေ့ရောက်တော့ မခင်သန်းရဲ့ မိဘတွေနေတဲ့ ရွာကနေ ပယောဂကုပေးတဲ့ဆရာတစ်ယောက်ရောက်လာကာ ကိုဟန်ငြိမ်းရဲ့ ခန္ဓာကိုယ်ကို သူ့နည်းသူ့ဟန်အတိုင်း စစ်ဆေးပြီး
“ ခင်သန်း နင့်ယောင်္ကျားဖြစ်နေတဲ့ရောဂါက သူများလုပ်ထားတာဟ”
ပယောဂဆရာရဲ့စကားကြောင့် သဘက်လေးပခုံးပေါ်တင်ပြီးနားထောင်နေတဲ့ မခင်သန်းက
“ အဲဒါဆိုဘယ်လိုလုပ်ရမလဲ …ပြောပါဦးဆရာ”
“ အခုတော့ သူ့ကိုယ်မှာစွဲကပ်နေတဲ့ ရောဂါတွေပျောက်ကင်းအောင် ရေမန်းနဲ့ ဆေးဖယောင်းတိုင်ပေးခဲ့မယ်။ ညနေ နေဝင်ရီတရောရောက်တာနဲ့ ဆေးဖယောင်းတိုင်ကိုမီးမငြိမ်းအောင်ထွန်းထားရမယ်။ ဆေးဖယောင်းတိုင်မကုန်မချင်း နင်လဲ ဘယ်မှသွားလို့မရဘူးနော်”
“ ဘာဖြစ်လို့ သွားမရတာလဲဆရာ”
“ ပညာသည်တွေက ငါ့ရဲ့ဆေးဖယောင်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့လာပြီး ငြိမ်းသတ်ဖို့ကြိုးစားကြလိမ့်မယ်။ နင်က ဆေးဖယောင်းတိုင်အနားကပ်လာတဲ့ ဘာကောင်ကိုမဆို အခုပေးထားတဲ့ ရေမန်းနဲ့ရဲရဲသာပက်။ ပညာသည်မှန်ရင် အသံနက်နဲ့အော်ပြီး ထွက်ပြေးသွားလိမ့်မယ်”
“ အဲဒါတော့ မဖြစ်ဘူးထင်တယ်ဆရာ။ ကျွန်မက ကြောက်တတ်တော့ ဒါမျိုးလုပ်ရဲဖို့မလွယ်ဘူး။ အပန်းမကြီးရင် ဆရာပဲ ဒီညစောင့်အိပ်ပြီး ကယ်တင်ပေးပါရှင်”
မခင်သန်းစကားကြောင့် ပယောဂဆရာက သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ကာ
“ ဒါဖြင့်လဲ အိမ်တံခါးကို အသေပိတ်ထားမှရမယ်… လူများရင်အနှောက်အယှက်များတယ်”
“ ဆရာ အဆင်ပြေသလို လုပ်လို့ရပါတယ်။ ကျွန်မက မအေးကြည်အိမ်မှာ ဒီညသွားအိပ်လိုက်ပါမယ်”
ကိုဟန်ငြိမ်းကတော့ မိန်းမဖြစ်သူလုပ်သမျှကို ဘာမှဝင်မပြောပဲ အိမ်နံရံကိုမှီပြီး စိုက်ကြည့်နေခဲ့တယ်။ မခင်သန်း အိမ်ပေါ်ကဆင်းသွားတော့ ပယောဂဆရာက ဟန်ငြိမ်းကို စောင်းငဲ့ကြည့်ပြီး
“ မင်းရောဂါတွေ မနက်ဖြန်ရောက်တာနဲ့ ပျောက်ကင်းအောင် ငါကုသပေးမယ်…”လို့ တိုးတိုးလေးပြောကာ ဟန်ငြိမ်းရဲ့ဆံပင်တစ်ချောင်းကို ဆွဲနှုတ်လိုက်တယ်။
++++++++
ပူလောင်လှတဲ့ နေ့လည်ခင်းအချိန်ဆိုပေမယ့် ရွာလမ်းရိုးတစ်လျောက်ပေါက်နေတဲ့ သစ်ပင်ကြီးငယ်တွေရဲ့ အရိပ်က အပူချိန်ကို နိုင်သလောက်လျော့ချပေးနေခဲ့တယ်။ အဲဒီအချိန်မှာတော့ လူနှစ်ယောက်ရဲ့ သွက်လက်တဲ့ခြေလှမ်းတွေက ကဒုံကတိုက်ရွာဆီကို ဦးတည်လာခဲ့ကြတယ်။
“ မောင်ကောင်း….”
“ဗျာ… ဆရာ ဘာပြောစရာရှိလို့လဲ”
“ ဘယ်လိုရည်ရွယ်ချက်ကြောင့် အခုလိုရွာစဉ်လှည့်သွားနေရတယ်ဆိုတာ မင်း သိလား”
“ အဓိကအကြောင်းအရင်းကတော့ ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ဖို့ပဲမဟုတ်လားဆရာ”
“ ဟုတ်ပီ ဒါဆို မကောင်းတာလုပ်တဲ့သူတွေကရော ခုနှစ်ရက်သားသမီးတွေမဟုတ်ဘူးလား”
“ အဲဒါကတော့…. အဲ… သူတို့လဲ ခုနှစ်ရက်သားသမီးတွေပါပဲ”
“ မကြာမီမှာ မင်းအနေနဲ့ သူတစ်ပါးကိုဒုက္ခပေးထားတဲ့ ပညာသည်တွေနဲ့ရင်ဆိုင်လာရပြီဆိုပါတော့၊ သူတို့ဘက်ကလဲ အလျော့မပေးဘူး မင်းကလဲ လူနာကိုကယ်ရမယ်ဆိုရင် ဘယ်သူ့အသက်ကိုရွေးမလဲ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်း အတန်ကြာစဉ်းစားလိုက်ပြီး
“ နှစ်ယောက်လုံးဒုက္ခမရောက်အောင် ကြိုးစားချင်တယ်ဆရာ… ဘယ်သူ့ကိုမှဆုံးရှုံးတာ မဖြစ်ချင်ဘူး”
“ မင်းကဘယ်လို နည်းလမ်းနဲ့ နားဝင်အောင်ဖျောင်းဖျမလဲ သိချင်သေးတယ်”
“ ကျွန်တော်တို့ဂိုဏ်းပညာရဲ့ အမိန့်နဲ့ အလိုရှိရာကို ဆင့်ခေါ်နိုင်တယ်လို့ဆရာပြောခဲ့ဖူးတယ်နော်”
“ အင်း… ဟုတ်တယ် “
“ ဒါဆိုရင် ကျွန်တော်အဖြေကို လူနာကုဖြစ်တဲ့အခါ သက်သေပြပါ့မယ်”
အောင်မြတ်သာလဲ မောင်ကောင်းစကားကိုကြားတော့ စိတ်ထဲကနေကြိတ်ကာ ပြုံးလိုက်ပြီး ရွာထဲဘက်ကို လျောက်လာခဲ့လိုက်တယ်။
ရွာထဲကိုရောက်လာတော့ အိမ်တစ်အိမ်ရှေ့မှာ လူတွေစုရုံးစုရုံးဖြစ်နေလို့ အကဲခတ်ကြည့်လိုက်ရာ အိမ်ပေါ်မှာ မျက်ဖြူလန်ပြီး တက်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ကျန်းမာရေးမှူးသွားပင့်ကြပါဟ..”
“ ဆရာလေးက မြို့တက်သွားတယ်လေ … ဘယ်လိုသွားခေါ်ရမတုန်း”
တစ်ယောက်တစ်ပေါက်နဲ့ အော်ဟစ်နေကြတဲ့သူတွေကိုမြင်တော့ အောင်မြတ်သာက
“ လူနာက ပယောဂမိနေတယ်ထင်တယ်… အရင်ကရော ဒီလိုဖြစ်ဖူးလား”လို့မေးလိုက်တော့ ဘေးမှာရှိနေတဲ့ လူတွေက
“ အရင်ကလဲဖြစ်ဖူးတယ် … ဒါပေမယ့် မဖြစ်တာအတော်ကြာပီဗျ။ အခုမှ ဘယ်လိုထဖြစ်တာလဲမပြောတတ်ပါဘူး”
“ ကျုပ်တို့လဲ ပယောဂအနည်းငယ်ကုတတ်တော့ ကြည့်ပေးခွင့်ရရင် ကြည့်ပေးပါမယ်”
“ ရတာပေါ့ ဆရာ … ရတာပေါ့… ဟေ့ ဖယ်ကြစမ်း ဆရာတို့အတွက်နေရာလုပ်ပေးလိုက်ကြ”
ကတုံးဆံတောက်ဆံပင်နဲ့လူရဲ့စကားကြောင့် အိမ်ပေါ်မှာရှိနေတဲ့လူတွေအားလုံး အနောက်ကိုဆုတ်သွားခဲ့ကြတယ်။
အောင်မြတ်သာနဲ့ မောင်ကောင်းလဲ ဘုရားကျောင်းဆောင်ရှေ့မှာ နေရာယူလိုက်ပြီး
“ လူနာနာမည်က ဘယ်လိုခေါ်လဲ”
“ မအေးကြည်ပါဆရာ”
“ တနင်္ဂနွေ သမီးပေါ့”
“ ဟုတ်ပါတယ်ဆရာ”
“ ရေသန့်သန့်တစ်ခွက်လောက် ရနိုင်မလား”
“ရပါတယ် ဆရာ ရပါတယ်”
ခဏကြာတော့ အောင်မြတ်သာရှေ့ကို ရေတစ်ခွက်ရောက်လာခဲ့တယ်။
“ လူနာကို ကျုပ်ခွင့်ပြုချက်မရပဲ ဘယ်သူမှထိတွေ့ကိုင်တွယ်တာလုပ်ပါနဲ့”လို့ပြောပြီး ဘုရားကျောင်းဆောင်မှာ မီးထွန်းကာ ဘုရားငါးဆူနဲ့ အထက်ဆရာကြီးများကို တိုင်တည်ကန်တော့လိုက်တယ်။ ပြီးတာနဲ့ လူနာရဲ့ခေါင်းပေါ်ကိုလက်ဝါးနဲ့ရွယ်ပြီး
“ တနင်္ဂနွေသမီး မအေးကြည် အခုဖြစ်နေတဲ့ဝေဒနာတွေဟာ ပယောဂကြောင့်ဖြစ်တယ်ဆိုရင် မူလပြန်စမ်း” လို့အမိန့်ပေးလိုက်ရာ သတိလစ်နေတဲ့လူနာက စက္ကန့်ပိုင်းအတွင်းချက်ချင်းသတိပြန်ရလာခဲ့တယ်။
“ ဟာ… ထူးဆန်းလိုက်တာ၊ ဒီဆရာ အတော်စွမ်းတာပဲ” ဆိုတဲ့အသံတွေက လူအုပ်ကြားထဲကနေ ကြွက်စိကြွက်စိထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာကတော့ ပရိတ်သတ်တွေရဲ့ စကားကိုလစ်လျှူရှုပြီး လူနာကိုစိုက်ကြည့်ကာ
“ သတိရလာပြီးလား … “
“ ကျွန်မ ဘာဖြစ်သွားတာလဲဟင်”
“ မကောင်းတဲ့ပယောဂအချို့ကြောင့် သတိလစ်သွားရတာပါ”
“ ဟင် … အရင်ကလဲ ပယောဂရှိတယ်ဆိုလို့ ဆရာတစ်ယောက်နဲ့ကုဖူးတယ်… အဲဒီထဲက မဖြစ်တော့တာ အခုဘယ်လိုကြောင့်ထပ်ဖြစ်တာလဲ”
“ ကုတယ်ဆိုတာက ကိုယ်ထဲမှာရှိတဲ့အရာတွေ မကုန်စင်ရင်လဲ ထပ်ဖြစ်တတ်ပါတယ်။ အခု ကာယကံရှင်အနေနဲ့ ရောဂါရှိမရှိထပ်ပြီး စစ်ကြည့်ချင်ပါလား”
“ ဟအင်း မစစ်ကြည့်ချင်တော့ပါဘူး… “
ကာယကံရှင်ဆီကနေ ထွက်လာတဲ့စကားကြောင့် အောင်မြတ်သာကလွဲပြီး ကျန်တဲ့သူတွေပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။
“ မအေးကြည် ဘာတွေလျောက်ပြောနေတာလဲ… အဲလိုမပြောရဘူးလေ”
ကြည့်နေတဲ့လူတွေရဲ့စကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး
“ ဒါက ပယောဂရဲ့လှည့်စားမှုလဲဖြစ်နိုင်တယ်.. ဒါကြောင့် အခုကျုပ်ထပ်မေးကြည့်ပါဦးမယ်”လို့ပြောကာ မအေးကြည်ရဲ့ မျက်နှာကိုလက်ညိုးနဲ့ထိုးပြီး
“ နှုတ်ခံတွင်းမှာ မကောင်းတဲ့ပယောဂတစ်ခုခု စွဲကပ်နေရင် အကုန်လွင့်ထွက်စေ”လို့စိတ်ထဲကနေ အမိန့်ပေးပြီးမှ
“ ကာယကံရှင်အနေနဲ့ ရောဂါရှိမရှိ စစ်ကြည့်ချင်ပါလား” လို့မေးလိုက်ရာ
“ ဘယ်လိုပြောလိုက်တာလဲဆရာရယ်… စစ်ကြည့်ချင်တာပေါ့၊ အဲလိုစစ်ကြည့်မှ စိတ်ရှင်းသွားမှာမဟုတ်လား”
“ ဒါဖြင့် တနင်္ဂနွေသမီး မအေးကြည်ရဲ့ အသက်နဲ့ခန္ဓာကိုယ် ကျုပ်ကိုအပ်နိုင်မလား”
“ အပ်နိုင်ပါတယ်ဆရာ…”
အောင်မြတ်သာလဲ မအေးကြည်ရဲ့ အသက်နဲ့ခန္ဓာကိုယ်ကို အပ်ခိုင်းပြီးတာနဲ့ ဘုရားငါးဆူနဲ့အထက်ဆရာကြီးတို့ကိုတိုင်တည်ကာ ရေခွက်ထဲမှာပဲ အင်းစမတစ်ကွက်ကိုဆွဲကာ မျက်နှာပေါ်ကိုတောက်ချလိုက်တယ်။
“ ရေစက်နဲ့ထိတော့ ဘယ်လိုခံစားရလဲ”
“ ဓါတ်လိုက်သလို တစ်ကိုယ်လုံးကျဉ်တက်သွားပါတယ်ဆရာ”
“ ဒါဖြင့် မအေးကြည်ရဲ့ကိုယ်ထဲမှာ ပယောဂရှိနေတယ်ဆိုတာသေချာပြီ… သူတစ်ပါးကို ထိခိုက်အောင်လုပ်ထားတဲ့ကောင်အခုချက်ချင်း ရောက်လာစမ်း”
ကြမ်းပြင်ကိုလက်ဝါးနဲ့ရိုက်ပြီး အာဏာသံအပြည့်နဲ့ပြောလိုက်တဲ့စကားကြောင့် မအေးကြည် တစ်ကိုယ်လုံးတုန်တက်သွားတာကိုမြင်လိုက်ရတယ်။
“ ရွာစောင့်နတ် လမ်းစောင့်နတ် အိမ်စောင့်နတ်တွေ အားလုံးဖယ်ပေးလိုက်ကြ… ကာယကံရှင်တနင်္ဂနွေသမီးကို နာကျင်ခံစားရအောင်လုပ်ထားတဲ့သူ အခုချက်ချင်းရောက်စေ”
“ အဟင်း အဟင်း…. “
“ ရောက်လာပြီလား…ရောက်လာရင် ဘုရားကိုဦးတိုက်”
အောင်မြတ်သာစကားကြောင့် မအေးကြည်က တစ်ဆတ်ဆတ်တုန်နေတဲ့ လက်အစုံနဲ့ဘုရားကိုဦးတိုက်လိုက်ပြီးမှ
“ ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ…”
“ နင်ဘာလို့ သူ့ကိုဒီလိုဖြစ်အောင် လုပ်ထားတာလဲ”
“ ငါ့ကိုလုပ်ခိုင်းလို့ လုပ်ထားတာ…”
“ နင်လုပ်ထားတာတွေ ပြန်ယူသွား… နောက်တစ်ခါထပ်မလုပ်နဲ့တော့”
“ ပညာကိုမလွန်ဆန်နိုင်လို့ လာရပေမယ့် ငါတို့က ဒီအလုပ်လုပ်မှ စားဝတ်နေရေးအဆင်ပြေလည်တာကြောင့် ပညာကိုတော့လှူဖို့မပြောပါနဲ့ဆရာ”
“ ဟင်းးး ခက်တော့ခက်နေပြီ…နင့်ကိုခိုင်းတဲ့သူကိုလဲ ပြန်ပြောလိုက် ဒီအမျိုးသမီးကိုနောက်ထပ်ဒုက္ခမပေးနဲ့တော့လို့ ။ နင်လဲ လုပ်ထားတဲ့ပညာတွေအကုန် ပြန်ယူသွား ကြားလား”
“ ကြားပါတယ် ဆရာ ပြောတဲ့အတိုင်းပြန်ယူသွားလိုက်ပါမယ်”
“ နေဦး နေဦး ဒီတိုင်းထွက်သွားရင် ငါတို့မရှိတဲ့အခါ ဒုက္ခပြန်ပေးမှာစိုးလို့ သစ္စာရေတော့သောက်သွား”
အောင်မြတ်သာလဲ ဝင်ပူးနေတဲ့အစွဲကို သစ္စာရေတိုက်ပြီး ပြန်ထွက်ခွါစေခဲ့တယ်။ အစွဲထွက်သွားတာနဲ့ မအေးကြည်သတိပြန်လည်လာပြီး
“ မိန်းမတစ်ယောက် သူ့မျက်နှာကိုလက်နဲ့အုပ်ပြီး ကျွန်မအိမ်ပေါ်တက်လာတာမြင်လိုက်ရတယ်ဆရာ.. ပြီးတော့ သူက တစ်ကိုယ်လုံးကိုလက်နဲ့သပ်ချပြီး ပြန်ဆင်းသွားတယ်”
“ အခုကစပြီး မအေးကြည်ရဲ့ ကိုယ်မှာဘာပယောဂမှမရှိတော့ဘူး… ဒါပေမယ့် စိတ်သန့်အောင် ရေမန်းတော့သောက်လိုက်ဦး”
မအေးကြည်လဲ အောင်မြတ်သာကမ်းပေးတဲ့ ရေမန်းကိုသောက်ပြီးတဲ့အချိန် ခေါင်းရင်းအိမ်မှာနေတဲ့ မခင်သန်းက အရှေ့ကိုတိုးလာပြီး
“ ဆရာတို့အနေနဲ့ အချိန်ရမယ်ဆိုရင် အိမ်ကအမျိုးသားကိုလဲ ကြည့်ပေးပါလို့ တောင်းဆိုပါတယ်”
“ အမျိုးသားက ဘာများဖြစ်နေလို့လဲ”
“ လွန်ခဲ့တဲ့လလောက်ကနေစပြီး ဗိုက်အောင့်ရောဂါဖြစ်လာပါတယ်။ မြို့ပေါ်တက်ကုတော့လဲ ရောဂါရှာမတွေ့ဘူးပဲပြောတယ်ဆရာ။ ဒါနဲ့ အမေတို့ရွာက ဆရာတစ်ယောက်နဲ့ပြကြည့်တော့ သူဖော်တဲ့ဆေးကိုစွဲသောက်ရမယ်လို့ပြောပါတယ်ဆရာ။ သူ့ဆေးကိုသောက်တော့ သက်သာပေမယ့် ဆေးကုန်တာနဲ့ ပြန်ဖြစ်တာပဲဆရာ။ အဲဒါ ပယောဂများဖြစ်နေသလားလို့ လာပြောပြကြည့်တာပါ”
“ ဒါဆိုလဲ ကျုပ်တို့လာကြည့်ပေးပါမယ်.. ဒီတစ်ခါတော့ ကျုပ်တပည့်က ခင်ဗျားအမျိုးသားကို ကုပေးပါလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်း မျက်လုံးတွေပြူးကျယ်သွားပြီးမှ ဟန်မပျက်နေကာ သက်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်တယ်။
မအေးကြည်ကတော့ သူ့ကိုကုပေးတဲ့ဆရာတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေအချို့ကိုကန်တော့ခဲ့တယ်။ အောင်မြတ်သာတို့လဲ မအေးကြည်ကန်တော့တဲ့ငွေကိုယူပြီး ခေါင်းရင်းအိမ်ကိုသွားတဲ့အချိန်
“ ဆရာ… ကျွန်တော်ကုလို့ဖြစ်ပါ့မလား”
“ ဖြစ်ပါတယ်ကွာ… မင်းစိတ်ထဲဖြစ်ချင်တဲ့အတိုင်းသာ ကုပေးလိုက်… ငါလဲ မင်းရဲ့ကုနည်းကုဟန်ကို မြင်ချင်တယ်”
မောင်ကောင်းလဲ ခွင့်ပြုချက်ရပြီမို့ အိမ်ပေါ်ရောက်တာနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းအစီအစဉ်တကျပြုလုပ်နေတုန်းရှိသေး လူနာရှင်က အံတွေကြိတ် အသားတွေတုန်ပြီး ကြမ်းကိုနဖူးနဲ့ဆောင့်ပါလေရော။
“ ဘယ်သူမှ မထိနဲ့… လွှတ်ထားပေးလိုက်”
မောင်ကောင်းလဲ လူနာကိုယ်ထဲဝင်စီးနေတဲ့ အစွဲကို စိတ်ထဲကနေချုပ်ထားပြီး ထိုင်ကြည့်နေခဲ့တယ်။
“ ငါက ဘာမှတောင် မပြောရသေးဘူး… မင်းက ဝင်စီးပြီး ကြမ်းပြနေတာ ဘာသဘောလဲကွ… ဟမ်”
“ ဟင်းးး ဟင်းးး “
လူနာက မောင်ကောင်းမေးတာကို ပြန်မဖြေပဲ အံကိုကြိတ်ပြီး မျက်ထောင့်နီနဲ့စိုက်ကြည့်နေခဲ့တယ်။
“ဘုရားဦးတိုက်စမ်း… ငါ့ရှေ့မှာ ဟိုလှုပ်ဒီလှုပ် လုပ်မနေနဲ့ ခေါင်းမူးတယ်”
မောင်ကောင်းစကားကြောင့် ဝင်စီးနေတဲ့အစွဲက ဘုရားဦးတိုက်ကာ တဟင်းဟင်းနဲ့ဖြစ်နေတာမြင်တော့
“ မင်းဘာကောင်လဲ ပြောစမ်း…”
“ မပြောဘူး…. ငါဘယ်သူလဲဆိုတာ လာမမေးနဲ့”
“ မပြောဘူးဆိုရင် ပြောအောင်လုပ်ရမှာပေါ့… လှံပိုင်တွေက ဒီကောင်ပါးစပ်ကို မပြောမချင်းလှံနဲ့ဆွပေးလိုက်… “
“ အဟင်း အဟင်း…. အထက်လမ်းဆရာတွေပြောပြီးတော့ ငါ့ကိုနှိပ်စက်နေတာမရှက်ကြဘူးလား”
“ သူတစ်ပါးထိခိုက်အောင်လုပ်ထားတဲ့ မင်းလိုကောင်ကများ ပြန်ပြောနေသေးတယ်… ဓါးပိုင်တွေက လည်မြိုကိုဓါးနဲ့ထောက်ထား မပြောသေးဘူးဆိုရင် ထုတ်ချင်းပေါက်အောင်ထိုးချလိုက်… သေတော့မသေစေနဲ့”
“ ငါက သူများခိုင်းလို့လုပ်ရတာ…. ငါနာမည်ကိုလဲထုတ်မပြောဖို့ခြိမ်းချောက်ထားတယ်”
“ ဒါဖြင့် သင့်ကို ခြိမ်းချောက်ထားတဲ့အရာမှန်သမျှ အကုန်ပယ်ပျောက်စေ…. ပြောစမ်း သင်ဘယ်သူလဲ”
“ ငါကဒီရွာရဲ့ ရွာတော်ရှင်ပဲ… ကာယကံရှင်ကို စိတ်နောက်ပြီး စီးပွါးပျက်အောင် ငါ့ကိုခိုင်းထားလို့လုပ်ရတာပါ”
“ သင့်ကိုခိုင်းတဲ့သူက ဘယ်သူလဲ အမှန်တိုင်းပြော”
“ သူ့နာမည်ကိုတော့ မသိပါဘူး… ငါ့ကိုခိုင်းလို့သာ မတတ်နိုင်တဲ့အဆုံးလုပ်ပေးရတာ”
“ ဒါဖြင့် သင်ခဏထွက်ပြီး လုပ်ခိုင်းတဲ့ ဆရာဆိုတဲ့ကောင် ဝင်လာခဲ့…. “
မောင်ကောင်းက ဟန်ပါပါနဲ့ပြောပြီး ကြမ်းကိုလက်နဲ့ရိုက်ချလိုက်ရာ ကာယကံရှင်က ဗုန်းခနဲလဲကျသွားခဲ့တယ်။ ခဏကြာတော့ ဆတ်ခနဲငုတ်တုတ်ထထိုင်ပြီး
“ ဘယ်သူလဲကွ ငါ့ကိုခေါ်တာ..”
“ မင်းရှေ့မှာထိုင်နေတဲ့ ငါကခေါ်လိုက်တာ … ပြောစမ်း သင်ကဘာလို့ ကာယကံရှင် ဒီလိုဖြစ်အောင် ရွာတော်ရှင်ကိုလုပ်ခိုင်းရတာလဲ”
“ သူ့ကို အကြွေးပေးစရာရှိတဲ့သူက မပေးချင်လို့ သေအောင်သတ်ခိုင်းခဲ့တာ”
“ ဒါဆို မင်းက သူ့ကိုအသေသတ်ဖို့ထိလုပ်နေတာပေါ့”
“ ဟုတ်တယ် နင်တို့ရောက်လာလို့သာ သက်သာသွားတယ်မှတ်…”
“ ဟိုဘက်အိမ်က မိန်းမကိုလဲ နင်ပဲလုပ်တာမဟုတ်လား”
“ မဟုတ်ဘူး သူ့ကိုအခြားတစ်ယောက်လုပ်တာ… ငါက ဒီကောင်ကိုပဲသတ်ရမှာ”
“ မင်းအတော် ယုတ်မာတဲ့ကောင်ပါလား…. အခုချက်ချင်းပညာတွေပြန်နှုတ်သွား”
“ ငါမလုပ်နိုင်ဘူး… မင်းတို့ကိုလဲ မကြောက်ဘူးကွ”
“ ကောင်းကောင်းမွန်မွန်ပြောမရရင် မောင်ကောင်း ဘာလဲဆိုတာပြရသေးတာပေါ့… ကြိုးပိုင်တွေက လက်ကိုနောက်ပြန်ကြိုးတုပ်ထားလိုက်”
မောင်ကောင်းစကားအဆုံးမှာ ဝင်စီးနေတဲ့အစွဲရဲ့လက်တွေက အနောက်ကိုရောက်သွားပြီး ပူးကပ်သွားခဲ့တယ်။
“ မီးပိုင်တွေက ဒီကောင်ကိုမီးနဲ့မြိုက်စမ်း… တစ်ကိုယ်လုံးနေရာလပ်မရှိအောင် လောင်မြိုက်ပါစေ။ အသက်တော့မသေစေနဲ့”
“ အားးး ပူ ပူတယ် ဟင်းးဟင်းးး ငါ့ကိုလွှတ်ပေး… ပူတယ် မရတော့ဘူး ပူတယ်”
“ ခေါင်းမာပြီး ဝေဒနာခံစားမှာလား…. လုပ်ထားတာတွေ ပြန်ယူသွားမှာလား”
“ သူမသေရင် ငါယူထားတဲ့ပိုက်ဆံတွေ ပြန်ပေးရမှာ … ဒါကြောင့် ပညာတွေပြန်နှုတ်လို့မရဘူး”
“ အခုလိုလုပ်နေတာတွေကြောင့် သေရင် ဘယ်ကိုရောက်မလဲမသိချင်ဘူးလား”
“ သိတယ်…ဒါပေမယ့် မကြောက်ဘူး”
“ မကြောက်ဘူးဆိုတာ မမြင်ရသေးလို့ မင်းပြောနေတာပါ… ဒါဖြင့် မင်းသေရင် ဘယ်ကိုရောက်မယ်ဆိုတာ ငါပြမယ်”
မောင်ကောင်းက ပြောပြီးတာနဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်ရာ ဟိုက ဆက်လုပ်ဆိုတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။
မောင်ကောင်းလဲ စိတ်ထဲပေါ်လာတဲ့အတိုင်း ကြမ်းပေါ်မှာရေခွက်ထဲကရေနဲ့ အင်းကွက်ဆွဲပြီး လက်နဲ့ပုတ်ပြကာ
“ ဒီကိုကြည့်စမ်း… ဒါကမင်းသွားရမယ့် နေရာပဲ”
“ အမလေး…. ဒါ ဒါ ငါသွားရမယ့်နေရာလား….”
“ မင်း ဘာမြင်လဲပြောပြစမ်း”
“ လူတွေ အများကြီး မီးလျှံတွေကြားထဲ ပြေးနေကြတယ်၊ သူတို့နောက်မှာလဲ ဧရာမလောက်ရှိတဲ့ ဘီလူးတွေက တင်းပုတ်တွေကိုင်ပြီး လိုက်နေတာ…. ဒါ ဒါ ငရဲမဟုတ်လား”
“ မင်းပြောတော့ မကြောက်ဘူးဆို … အခုဘယ်လိုဖြစ်တာလဲ”
မောင်ကောင်းစကားကို အစွဲကောင်က ဘာမှပြန်မဖြေပဲ ခေါင်းငိုက်စိုက်ကျကာ ကြောက်လန့်သွားခဲ့တယ်။
“ ဟိုကောင် သိပ်မကြောက်နေနဲ့… မင်းလုပ်ထားတဲ့အပြစ်တွေကိုချေဖျက်လို့ရတဲ့နည်းရှိတယ်”
“ ဟင် ဘယ်လိုချေဖျက်လို့ရတာလဲ… “
“ ဘယ်လိုရမလဲ…. မကောင်းမှုတွေကို ကောင်းမှုနဲ့ချေပေါ့ကွ။ အခုကစပြီး မကောင်းတဲ့အမှုတွေကို ဘုရားမှာရာသက်ပန်လှူပြီး ကောင်းတဲ့အကျင့်တွေကိုကျင့်ကြံမယ်ဆိုရင် အပြစ်ကသေးသွားမှာမဟုတ်လား"
“ အဲလိုဆို ကျုပ်ပညာတွေကို ဘုရားမှာလှူပါ့မယ်… ဒီလိုနေရာမျိုးတော့ မသွားချင်ဘူး”
“ ဒါဖြင့် ရေခွက်ကိုကိုင်ပြီး သစ္စာဆို”
မောင်ကောင်းစကားကြောင့် ဝင်စီးနေတဲ့အစွဲက ရေခွက်ကိုကိုင်ပြီး နောက်နောင်မကောင်းတဲ့အမှုတွေကိုမလုပ်တော့ဘူးဆိုတဲ့အကြောင်းနဲ့ လုပ်ခဲ့ပါက သွေးပွက်ပွက်အန်သေပြီး အဝိဇိငရဲမှာမကျွတ်လွတ်တမ်းခံရပါစေဆိုပြီးကျိန်ဆိုကာ သစ္စာရေသောက်ခဲ့တယ်။
သစ္စာရောက်သောက်ပြီးတာနဲ့ ဝင်စီးနေတဲ့သူက အိမ်ခေါင်းရင်းကိုလက်ညိုးထိုးပြီး
“ အိမ်ခေါင်းရင်းအလယ်တိုင်အောက်မှာ ရွာတော်ရှင်ရဲ့ဘောင်းတော်စနဲ့ကာယကံရှင်ရဲ့ ဆံပင်ကိုပတ်ပြီးမြုပ်ထားတယ်။ ဒါကိုဖယ်ပြီးမီးရှို့လိုက်တာနဲ့ ဝေဒနာတွေသက်သာသွားလိမ့်မယ်” လို့ပြောလို့ ချက်ချင်းတူးကြည့်ရာ ပြောတဲ့အတိုင်းထွက်လာတာကို အံ့ဩစွာမြင်တွေ့လိုက်ရတယ်။
မောင်ကောင်းလဲ အားလုံးကိုရှင်းလိုက်ပြီမို့ ဝင်စီးနေတဲ့အစွဲကိုဘုရားဦးတိုက်ခိုင်းပြီး ထွက်စေခဲ့တယ်။ အစွဲထွက်သွားတာနဲ့ လူနာကို ရေမန်းတိုက်ပြီး အိမ်တွင်းအိမ်ပြင်ကို ဆန်မန်း၊ သဲမန်းတွေနဲ့ဖြန်းကာ ရှင်းလင်းပေးခဲ့တယ်။
အိမ်ရှင်လင်မယားကတော့ အောင်မြတ်သာတို့ဆရာတပည့်တွေကိုကျေးဇူးတင်တဲ့အနေနဲ့ ငွေတစ်ထပ်ကန်တော့ရာ အောင်မြတ်သာက ကြည်ကြည်ဖြူဖြူလက်ခံယူခဲ့တယ်။
ကိစ္စတွေအားလုံးပြီးဆုံးသွားလို့ ရွာပြင်ကိုထွက်လာတဲ့အချိန်မှာတော့ ကွင်းစပ်တစ်နေရာမှာ နဖူးတစ်ခုလုံးဖူးယောင်နေတဲ့လူတစ်ယောက် ရပ်ပြီးစောင့်နေတာကိုမြင်လိုက်ရတယ်။
“ မင်းတောင်ကြိုရောက်နေတာကိုး…. မင်းအနေနဲ့ အခုလိုအသိတရားရတာမြင်တော့ ဝမ်းသာပါတယ်”
“ ကျေးဇူးတင်ပါတယ်ဆရာ…. ဆရာက စိတ်နဲ့အမိန့်ပေးထားတော့ မဖြစ်ဖြစ်အောင်ထွက်လာခဲ့တာပါ။ ဒါနဲ့ ကျုပ်ကိုအလုပ်အပ်တဲ့သူတွေက ဘယ်သူဆိုတာသိရင် ဆရာတို့ အံ့ဩသွားလိမ့်မယ်”
“ ဒါဖြင့် ခုနကလူနာကိုသတ်ခိုင်းတာ ဘယ်သူတွေလဲ”
“ သူ့မိန်းမရဲ့ အမေပါဆရာ… အဖွားကြီးက သမက်ဆီကငွေတွေချေးထားပြီး ပြန်မဆပ်ချင်လို့ အခုလိုလုပ်ခိုင်းခဲ့တာ”
“ ဒါတွေက ဖွင့်ပြောသင့်တဲ့အရာမဟုတ်လို့..မင်းရင်ထဲမှာပဲထားပါ… ဒီငွေတွေက မင်းကိုအလုပ်အပ်တဲ့သူဆီပြန်ပေးဖို့ ပေးတာပါ”
အောင်မြတ်သာက ပညာကြေးရလာတဲ့ငွေတွေအားလုံးကို ရှေ့မှာရှိနေတဲ့သူဆီထိုးအပ်ကာထွက်လာတဲ့အချိန် အနောက်ကနေ ဝမ်းနည်းစွာနဲ့ငိုချလိုက်တဲ့အသံကိုကြားလိုက်ရတယ်။
+++++++
“ မောင်ကောင်း….”
“ ဗျာ ဆရာ”
“ မင်းက အမိန့်အာဏာကို ဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူပဲ… ဒါပေမယ့် မင်းမှာ ကျင့်ကြံစွမ်းတွေလိုနေသေးတယ်နော်”
“ သိပါတယ်ဆရာ… ကျွန်တော်လဲ ကြိုးစားပြီးကျင့်ကြံနေပါတယ်။ လိုအပ်တာရှိလဲ သွန်သင်ပြသပေးပါဆရာ”
မောင်ကောင်းစကားအဆုံးမှာ အောင်မြတ်သာက ခေါင်းကိုအသိအသာလေးငြိမ့်ပြပြီး ရှေ့ကိုထွက်သွားခဲ့တယ်။
+++++++++
နောက်အပိုင်းလေးကတော့ အတိတ်ဘဝမှာရှိခဲ့တဲ့ သံယောဇဉ်က လူဘဝရောက်တဲ့ထိ လိုက်လာပြီးနှောက်ယှက်တာကို ဖြေရှင်းပေးတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ဘဝဟောင်းကသံယောဇဉ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
No comments
Post a Comment