အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ်

  အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ် စာရေးဆရာ -ဇေယန(ရာမည) " မြပန်း တစ်ယောက် ရေလာခပ်တာလဲမတွေ့ဘူးနော်" အတန်သင့်ကျယ်ဝန်းတဲ့လက်တူးတွင်း... thumbnail 1 summary

 အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ်

စာရေးဆရာ -ဇေယန(ရာမည)
" မြပန်း တစ်ယောက် ရေလာခပ်တာလဲမတွေ့ဘူးနော်"
အတန်သင့်ကျယ်ဝန်းတဲ့လက်တူးတွင်းထဲက ရေကိုငင်ရင်းပြောလိုက်တဲ့ အေးကြွယ်ရဲ့စကားကြောင့် လုံချည်စုတ်ကိုခေါင်းခုလုပ်နေတဲ့ မိရင်က
" မြပန်း နေမကောင်းဘူးလို့ သူ့အမေ​ပြောတာ ကြားတာပဲ.. တစ်ကိုယ်လုံးအားမရှိသလို ဖြစ်နေလို့ ကြက်စွပ်ပြုတ်လုပ်ပေးနေရတယ်တဲ့"
" သူများအမေတွေများ အားကျပါဘိတော်... ကျုပ်တို့အမေတွေနဲ့များကွာပ"
မျက်နှာထိမျက်နှာထားနဲ့ပြောလိုက်တဲ့ အေးကြွယ်စကားကြောင့် မိရင်အပါအဝင်ရေလာခပ်ကြတဲ့ အပျိုလေးတွေအားလုံး တခစ်ခစ်နဲ့ရယ်လိုက်ကြတယ်။
ဒါကတော့ ရွှေတဆုပ်ရွာရဲ့ ညနေခင်းအလှတရားတစ်ခု။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ မိရင်တစ်ယောက် ဖျားပါလေရော။
" အမေ..."
" ဟေ ... အဖျားတက်လို့လား"
" မဟုတ်ပါဘူး... ဒါပေမယ့် တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေတယ်"
" ဖျားနေတာဆိုတော့ ဒီလိုပါပဲ.. တစ်ရက်နှစ်ရက်လောက်နားလိုက်ရင် သက်သာသွားမှာပါ"
မိရင်က ပြေကျနေတဲ့ဆံပင်တွေကို တစ်ပတ်လျှိုထုံးလိုက်ပြီး
" အမေသတိထားမိလား... ခုတစ်လော ရွာထဲက အပျိုတွေအားလုံးနေမကောင်း ခဏခဏဖြစ်ကြတယ်နော်။ သမီးတို့ သုံးအိမ်ကျော်က ခင်ယုလဲ ဖျားနေတယ်မလား"
" တိုက်ဆိုင်တာဖြစ်မှာပါအေ.. ဂယောက်ဂယက်တွေ သိပ်မတွေးနေနဲ့"
မိရင်လဲ သူအတွေးလွန်တာဖြစ်မှာပါဆိုပြီး အိမ်နံရံကိုမှီကာ မှိန်းနေလိုက်တယ်။
++++++
ရွှေတဆုပ်ရွာရဲ့အနောက်ဘက်မှာတော့ ထုံးကျောက်တောင်ကြောတစ်ခုရှိပြီး အဲဒီတောင်ကအလွန်မတ်ဆောက်တဲ့အတွက် ရွာသားတွေအနေနဲ့ သွားလာတာမရှိသလောက်ကို နည်းပါးခဲ့တယ်။
ဒါပေမယ့် ထုံးကျောက်တောင်အလယ်က ကမ်းပါးလေးတစ်ခုမှာတော့ ယောင်္ကျားပီသတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ခြေထောက်ကိုတွဲလောင်းချပြီး ရွှေတဆုပ်ရွာဘက်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ဘေးမှာတော့ ဒေါင်းတောင်နဲ့လုပ်ထားတဲ့ယပ်တောင်နဲ့ ဆင်စွယ်ရိုးတပ်ထားတဲ့ ဓါးမြှောင်တစ်လက်ရှိနေခဲ့တယ်။
နေဝင်ရီတရောမှောင်စပျိုးချိန်ရောက်တော့ ကမ်းပါးယံမှာထိုင်နေတဲ့လူက ဒေါင်းမြှီးယပ်တောင်နဲ့ ဓါးမြှောင်ကိုကောက်ကိုင်ကာ အောက်ကြမ်းပြင်ကို ဖနောင့်နဲ့ဆတ်ခနဲပေါက်လိုက်တဲ့အချိန် သူ့ခန္ဓာကိုယ်က အမြှောက်ဆံလို စွေ့ခနဲမိုးပေါ်ထောင်တက်သွားခဲ့တယ်။
အချိန်ကတစ်ဖြေးဖြေး ကုန်လာတာနဲ့အမျှ ရွှေတဆုပ်ရွာလေးကလဲ တိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။ အဲဒီအချိန် လူတစ်ယောက် ရွာထဲကို အေးအေးလူလူဝင်လာခဲ့တယ်။ အိမ်ရှေ့မှာစကားထိုင်ပြောနေကြတဲ့ သက်ကြီးပိုင်းလူတွေက သူတို့အရှေ့ကနေ ဖြတ်လျောက်သွားတဲ့ လူကိုမတွေ့မြင်တဲ့ပုံစံနဲ့ ပြောလက်စစကားကို ဆက်ပြောနေကြသလို.. အိမ်တွေမှာမွေးထားတဲ့ ခွေးတွေကလဲ အသံမထွက်ပဲ တအီအီနဲ့ငြိမ်ကုပ်နေခဲ့ကြတယ်။
အန္ဒြေရရလမ်းလျောက်လာတဲ့သူက အိမ်တစ်အိမ်ရှေ့ကို​ရောက်တော့ အိပ်ကပ်ထဲမှာပါတဲ့ ပုလင်းတစ်လုံးကိုထုတ်လိုက်ပြီး အထဲမှာပါတဲ့အရည်တွေကို အိမ်ဝိုင်းထဲကိုပက်ဖြန်းချလိုက်တယ်။
ဆေးရည်တွေက အိမ်ဝိုင်းထဲကိုရောက်တာနဲ့ အငွေ့ပျံသွားပြီး ဇီဇဝါရနံ့လိုမွှေးကြိုင်တဲ့ ရနံ့တွေထွက်ပေါ်လာခဲ့တယ်။ ခဏနေတော့ ရပ်ကြည့်နေတဲ့လူက ခြံထဲကိုအသာဝင်လာပြီး လော့ချထားတဲ့ အိမ်တံခါးပေါက်ကိုစူးစိုက်ကြည့်ကာ နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုဌာန်ကရိုင်းကျကျရွတ်လိုက်တဲ့အချိန်
" ချောက်" ဆိုတဲ့အသံနဲ့အတူ တံခါးဂျက်ကသူ့အလိုလိုပွင့်ထွက်သွားခဲ့တယ်။
တံခါးပွင့်သွားတော့ အိမ်ပေါက်ဝမှာရပ်နေတဲ့လူက အိမ်ပေါ်ကိုတက်လာပြီး အခန်းထဲမှာအိပ်ပျော်နေတဲ့ မိန်းကလေးဘေးမှာ ပဆစ်တုပ်ထိုင်ချလိုက်တယ်။
ဘာဆိုဘာမှမသိပဲ အိပ်မောကျနေတဲ့ မိန်းကလေးရဲ့ မျက်နှာပေါ်က ဆံစတွေကို လက်နဲ့အသာဖယ်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ ကိုယ်သင်းနံ့တွေကို အားရပါးရရှုပစ်လိုက်တယ်။ အတန်ကြာရှုရှိုက်ပြီးတဲ့အချိန်မှာတော့ ဒေါင်းမြှီးယပ်တောင်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဝှေ့ယမ်းလိုက်ရာ အိပ်ပျော်နေတဲ့မိန်းကလေးရဲ့ကိုယ်ထဲကနေ အဖြူရောင်အခိုးငွေ့တွေ ထွက်ပေါ်လာခဲ့တယ်။
အခိုးငွေ့တွေထွက်လာတာမြင်တော့ ပတ်ဝန်းကျင်ကိုမပျံ့လွင့်အောင် ဒေါင်းမြှီးယပ်ကို ကျွမ်းကျင်စွာခတ်ကစားလိုက်ရာ အခိုးငွေ့တွေက ယပ်တောင်ထဲကို စိမ့်ဝင်ကာပျောက်ကွယ်သွားခဲ့တယ်။ အခိုးငွေ့တွေပျောက်တာနဲ့ ဆင်စွယ်ရိုးတပ်ထားတဲ့ ဓါးမြှောင်ကို ထုတ်ကာ အိပ်ပျော်နေတဲ့မိန်းကလေးရဲ့ လက်မောင်းထဲကို သွေးစို့ရုံထိုးစိုက်လိုက်တယ်။
ဓါးမြောင်ထိပ်နဲ့ သွေးစတွေစထိတဲ့အချိန် ဆင်စွယ်ရိုးလက်ကိုင်က​ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ လက်ကိုင်ရိုးတစ်ခုလုံး အနီရောင်အဖြစ်ပြောင်းသွားပြီဆိုမှ အသာယာပြန်နှုတ်ပြီး အိပ်ပေါ်ကနေ ဆင်းကာ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
​နောက်တစ်နေ့ မနက်ရောက်တော့ ရွှေတဆုပ်ရွာရဲ့ ကွမ်းတောင်ကိုင်မလေးဖြစ်တဲ့ မုဒြွာပျိုတစ်ယောက် အိပ်ယာထဲကမထနိုင်လောက်တဲ့ထိ ဖျားပါလေရော။
အရင်ကဆို မိန်းကလေးတွေ တစ်ပတ်တစ်ယောက်ဖျားနာကြပေမယ့် အခုနောက်ပိုင်းကျတော့ နှစ်ရက်ခြားလောက်ဆို နောက်တစ်ယောက်ဖျားနာလာတဲ့အတွက် ရှေ့မှီနောက်မှီလူကြီးတွေက ဒါသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကို ရိပ်မိလာခဲ့ကြတယ်။
လူကြီးတွေလဲ ရွာနီးချုပ်စပ်မှာရှိတဲ့ သံဃာတော်တွေကို ပင့်ဖတ်ပြီး ရွာလုံးကျွတ်အန္တရာယ်ကင်းပရိတ်တွေရွတ်၊ ကမ္မဝါတွေဖတ်နေတာကို လူတစ်ယောက်က တောင်စောင်းပေါ်ကနေ ကြည့်ပြီး သဘောကျစွာ ရယ်မောနေလေရဲ့။
+++++++
" ဒီရွာကနေဖြတ်ထွက်ရင် ကားလမ်းမပေါက်မယ်ထင်တယ်နော်ဆရာ"
" မဟုတ်တော့လဲ ဆက်မေးပြီးထပ်သွားကြတာပေါ့"
ဆရာတပည့်နှစ်ယောက် စကားတစ်ပြောပြောနဲ့ လျောက်လာရင်း ရွာလမ်းမကိုရောက်တော့ အင်္ကျီစကို တစ်ယောက်ယောက်က လှမ်းဆွဲထားသလို ဖြစ်နေတာသတိထားမိခဲ့ကြတယ်။
အနောက်ကိုလှည့်ကြည့်တော့လဲ ဘယ်သူကိုမှမတွေ့တဲ့အတွက် သာမန်​တော့မဟုတ်လောက်ဘူးလို့တွေးကာ အာရုံတွေကိုစုစည်းပြီးကြည့်လိုက်တော့ သျှောင်ပေးစူးလေးနဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
" ဆရာတို့ကအခုမှလာတယ်ဂျာ တားက မနက်ထဲကစောင့်နေရတာ" ဆိုပြီးမပီကလာပီကလာနဲ့ပြောတော့ အောင်မြတ်သာက
" သားကို ဘယ်သူကစောင့်ခိုင်းထားလို့လဲ"
" အဖိုးက သူအဓိဌာန်ဝင်သွားလို့ တားကို စောင့်ခိုင်းပြီး အမှာစကားပြောခိုင်းလိုက်တယ်"
" ဟေ ဘယ်လိုအမှာစကားလဲကွ"
" အဖိုးက ပြောတယ်... ရွာအနောက် တောင်တန်းမှာ မကောင်းတဲ့သူတစ်ယောက်ရောက်နေတယ်တဲ့။ အဲဒီလူက ရွာထဲက မမတွေဆီကို ဒုက္ခပေးမလို့ လုပ်နေတယ်လို့ ပြောခိုင်းထားတာ"
သျောင်ပေစူးလေးနဲ့ကလေးရဲ့ စကားကြောင့် အောင်မြတ်သာတို့ အခြေအနေကိုရိပ်မိဟန်နဲ့ နေလိုက်ပြီး
" ဒီလောက်ဆို သား တာဝန်ကျေပါတယ်... သွားကစားတော့နော်" လို့ပြောကာ ခေါင်းကိုပုတ်လိုက်တော့ သျောင်ပေစူးနဲ့ကလေးက အနီးနားက သစ်ပင်နောက်ကွယ်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ အခြေအနေကို အကဲခတ်ဖို့အတွက် ခရီးသွားဟန်လွဲလုပ်ကာ ရွာလယ်ဇရပ်မှာ တည်းခဲ့ကြတယ်။ ညနေစောင်းရောက်တော့ နှုတ်ခမ်းတွေဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို လှည်းပေါ်တင်လာတာမြင်တော့ အောင်မြတ်သာက လှည်းနားကိုမယောင်မလည်သွားပြီး
" ဒီမိန်းကလေးပုံစံကြည့်ရတာ အားအင်ချိနဲ့နေသလိုပဲဗျ... ဘာများဖြစ်တာပါလိမ့်"
" အလုပ်ပင်ပန်းပြီးဖျားတာဖြစ်မှာပါဗျာ... ဒါနဲ့ ခင်ဗျားတို့ကို ရွာမှာမတွေ့ဖူးပါဘူး"
လှည်းသမားရဲ့စကားကိုကြားတော့ အောင်မြတ်သာက လွယ်အိတ်ကိုမြင်သာအောင်ပြလိုက်ပြီး
" ကျုပ်တို့က နယ်လှည့်ဆေးကုပေးနေတဲ့သူတွေပါ... ဒီမိန်းကလေးဖြစ်တဲ့ရောဂါမျိုးကို ပျောက်အောင်ကုနိုင်ပါတယ်"
" ဒါဖြင့်အိမ်ကိုကြွခဲ့ပေးပါလား... ခြေကြွခပေးပါ့မယ်ဗျာ"
" ရပါတယ်... မိတ်ဆွေတို့ပဲရှေ့ကလမ်းပြပါ ကျုပ်လိုက်ခဲ့ပါမယ်"
အောင်မြတ်သာလဲအိမ်ကိုရောက်တော့ နာမကျန်းဖြစ်နေတဲ့မိန်းကလေးကို အဖြစ်သဘောအနေနဲ့ ကြည့် လိုက်ပြီး
" စိတ်ပူစရာမရှိပါဘူး... ဒီဆေးကို သုံးခွက်တစ်ခွက်တင်ကြိုတိုက်ရင်သက်သာပါပြီ" လို့ပြောကာ မိုင်းကိုင်စက္ကူနဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကိုပေးလိုက်တယ်။
အောင်မြတ်သာလဲအိမ်ရှင်တွေပေးတဲ့ ခြေကြွခကို လူမမာအတွက်ပြန်ပေးခဲ့ပြီး အိမ်ပေါ်ကဆင်းလာတဲ့အချိန် တံခါးဘောင်မှာ မသိမသာလေး စမရိုက်ထားခဲ့လိုက်တယ်။
နောက်တစ်နေ့ရောက်တော့ မနေ့ကကြည့်​ပေးခဲ့တဲ့ လူနာက ချက်ချင်းဆိုသလို ထူထူထောင်ထောင်ဖြစ်လာတဲ့အတွက် တစ်ရွာလုံးမှာရှိတဲ့ လူနာတွေအကုန်လုံး အောင်မြတ်သာတို့ဆီရောက်လာခဲ့တယ်။
အောင်မြတ်သာလဲ နှာ​စေးချောင်းဆိုတာတွေက လက်ခံကုသပေးပြီး မိုင်းကိုင်စက္ကူနဲ့ထုပ်ထားတဲ့ဆေးတစ်မျိုးထဲကိုသာပေးခဲ့တယ်။ လူနာတွေကိုလဲ ဆေးတွေမကုန်မချင်း စက္ကူကိုမပစ်ထုတ်ဖို့သေချာမှာရင်း စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့တယ်။
ဒီလိုနဲ့ သုံးရက်မြောက်ညမှာတော့ ဇရပ်နားကို သျောင်ပေစူးနဲ့ကလေးပြန်ရောက်လာပြီး
" ဒီည ဟိုလူကြီး လာမယ်တဲ့... အဖိုးလာရင် အဲလူကြီးသိမှာစိုးလို့ သားကို ပြောခိုင်းလိုက်တာ" ဆိုပြီးသတင်းလာပို့ပါလေရော။
အောင်မြတ်သာတို့လဲ အခြေအနေကို သိထားပြီမို့ အနားမှာအမြဲတမ်းစောင့်ကြပ်နေတဲ့ အစောင့်တွေကို ခေတ္တဖယ်ခိုင်းပြီး သာမန်လူတွေအနေအထားနဲ့ အမှောင်ထုထဲကနေ စောင့်ကြည့်နေခဲ့တယ်။
ညသန်းခေါင်အချိန်ရောက်တော့ ဒေါင်းမြှီးယပ်တောင်ကို တစ်ဖျတ်ဖျတ်ခတ်ပြီး တစ်လှမ်းချင်းလျောက်လာတဲ့ လူတစ်ယောက်ကို လရောင်အောက်မှာမြင်လိုက်ရတယ်။
ငွေမှင်ရောင်သိုရင်းအင်္ကျီကို ကျနစွာဝတ်ထားပြီး ရွှေမှင်ရောင်ချိတ်လုံချည်ကို ခေါက်ရိုးကျစွာဝတ်ထားတဲ့လူရဲ့ဟန်ပန်က ရုပ်ရှင်မင်းသားတစ်ယောက်လို စမတ်ကျနေခဲ့တယ်။ အဲဒီလူက ဟန်ပါပါနဲ့လျောက်လာရင်း အိမ်တစ်အိမ်ရှေ့ကိုရောက်တော့ အိတ်ထဲက ဘူးတစ်ခုကိုထုတ်ကာ ပက်ဖြန်းလိုက်ပြီး ခြံထဲကိုဝင်ဖို့လုပ်နေရာကနေ ချက်ချင်းဆိုသလို အနောက်ကိုဆုတ်လိုက်ပြီး ဖနောင့်တစ်ချက်ပေါက်လိုက်ရာ မျက်စိရှေ့ကနေ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။
" ဟာ ဒီကောင်က ဘာလဲ...ဘယ်လိုလုပ်ရိပ်မိသွားတာလဲဆရာ"
မောင်ကောင်းက မကျေမချမ်းရေရွတ်လိုက်တော့ အောင်မြတ်သာက
" အစောင့်တွေကိုဖယ်ခိုင်းထားတာတောင်မှ ငါတို့ရှိနေတာကိုသိတယ်ဆိုတော့ သူ့အစွမ်းကိုအထင်သေးလို့မရဘူး"
" ဒီကောင်ကို ဘယ်လိုလုပ်မလဲဆရာ... ရွာထဲကို နောက်တစ်ခေါက်ထပ်ဝင်လာဖို့က မလွယ်တော့ဘူးလို့ထင်တယ်"
" သူမလာလဲ ငါတို့သူ့ဆီသွားကြရတာပေါ့.. ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရွာထဲကလူတွေဘယ်သူမှမသိပါစေနဲ့"
အောင်မြတ်သာလဲ မောင်ကောင်းကို သတိပေးပြီး လွယ်အိတ်ထဲကနေ မိုင်းကိုင်စက္ကူအချို့ထုတ်ကာ အင်းစမတွေရေးဆွဲနေလိုက်တယ်။
++++++
ညလူခြေတိတ်တဲ့အချိန် အောင်မြတ်သာတို့အနေနဲ့ ရွာအနောက်ဘက် တောင်ကုန်းတွေဆီ ကို ထွက်လာခဲ့ကြတယ်။
သူတို့မှာတော့ နီညိုရောင်လွယ်အိတ်တစ်လုံးကလွဲပြီး ဘာမှမပါပေမယ့် ဟန်ပန်တွေကတော့ ခေါဘဏီတပ်ကြီးကိုဦးဆောင်ထားတဲ့ စစ်သူကြီးတွေလို ရဲရင့်တဲ့အသွင်ကိုဆောင်နေခဲ့တယ်။
တောင်ကုန်းအောက်ခြေကိုရောက်တော့ အသင့်ပါလာတဲ့ အင်းစမတွေကို သန့်ရှင်းတဲ့နေရာမှာ နေရာချပြီး ဖယောင်းတိုင်ငါးတိုင်ထွန်းကာ အထက်ဆရာကြီးတွေနဲ့တကွ လောကပါလနတ်မင်းတွေကို တိုင်တည်ပင့်ဖိတ်လိုက်တယ်။ ပြီးတာနဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ခေတ္တဖယ်ခိုင်းပြီး တောင်ခြေရင်းကို လက်ညိုးထိုးကာ
" ဒီတောင်ကြောမှာခိုအောင်းနေထိုင်ပြီး သားပျိုသမီးပျိုတွေကို ထိခိုက်နစ်နာအောင် လုပ်ဆောင်နေတဲ့ အကျင့်ပျက်ဝိဇ္ဇာကောင် အခုချက်ချင်း ကျုပ်အရှေ့ရောက်စေ၊ အမိန့်အာဏာကိုလွန်ဆန်ပါက မခံမရပ်နိုင်အောင်ပူလောင်ပါစေသား" လို့အမိန့်ပေးလိုက်ရာ အလွန်မြင့်တဲ့တောင်ကုန်းပေါ်ကနေ လူတစ်ယောက်လွှားခနဲခုန်ဆင်းလာခဲ့တယ်။
မျက်နှာသွယ်သွယ် အရပ်မြင့်မြင့်နဲ့လူကအောင်မြတ်သာတို့ကိုမြင်တော့ မထီတဲ့မျက်နှာထားနဲ့ကြည့်လိုက်ပြီး
" မင်းတို့ကောင်တွေက အတော်ကိုအနှောက်ယှက်ပေးတာပဲ... ကိုယ့်လမ်းကိုယ်သွားစမ်းပါကွာ" လို့ပြောပြီး ဒေါင်းမြှီးယပ်တောင်ကို ဟန်ပါပါခပ်နေခဲ့တယ်။
" သင်လုပ်ရပ်တွေကို ရပ်တန်းကရပ်မယ်ဆိုပြီးကတိပေးရင်တော့ ကျုပ်တို့ထွက်သွားပေးပါ့မယ်"
" နေစမ်းပါဦး... ကျုပ်က ဘယ်သူကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူး။ ကျုပ်ကျင့်စဉ်အတွက်လိုအပ်တဲ့ အပျိုစင်ရဲ့ကိုယ်ငွေ့ကိုယူတာပဲရှိတယ်။ ဒါကိုဘာကြောင့် နှောက်ယှက်ချင်နေရတာလဲ"
" သင့်အနေနဲ့ ကျင့်စဉ်အဆင့်တက်နေချိန်မို့ ကိုယ်ထိကာယမကျူးလွန်တာမဟုတ်လား၊ သင်ကျင့်စဉ်​အောင်​မြင်ခဲ့ရင် အပြစ်ကင်းတဲ့မိန်းကလေး တွေ ဘယ်လောက် ဒုက္ခရောက်မယ်ဆိုတာ သိလို့ လာရောက်ဟန့်တားတာပဲ"
အောင်မြတ်သာစကားကြောင့် မလှမ်းမကမ်းမှာရပ်နေတဲ့သူက ဒေါသထွက်သွားတဲ့ဟန်နဲ့ မြေကြီးကိုဖနောင့်နဲ့ပေါက်လိုက်ရာ အောက်မှာရှိတဲ့မြေကြီးတွေ ဘေးကိုဖွားခနဲလွှင့်ထွက်သွားခဲ့တယ်။
" ငါဆိုတဲ့ကောင်ကလဲ နင်တို့အမိန့်ပေးတိုင်းလိုက်နာစရာလား.. အစွမ်းရှိရင် ငါ့ပါးစမ်းက အရှုံးပေးတဲ့ထိ တိုက်စမ်း၊ ငါနိုင်ရင်တော့ နင်တို့နှစ်ယောက်လုံးကို သင်းကွပ်ပြီး ထဘီပေးဝတ်ထားမှာ ဟားဟားဟား"
ရင့်သီးမောက်မာတဲ့စကားကြောင့် မောင်ကောင်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံတကြိတ်ကြိတ်နဲ့ဖြစ်နေပေမယ့် အောင်မြတ်သာကတော့ အပြုံးတောင်မပျက်ပဲ စိုက်ကြည့်နေခဲ့တယ်။
"ဘယ်လိုလဲ နင်တို့မတိုက်ရင် ငါဘက်ကစတိုက်မှာနော်၊ အဲဒီတော့မှ ငယ်သံပါအောင်အော်ပြီးမပြေးနဲ့"
"ကဲ ဟုတ်ပါပြီ...:သင်ပညာတွေဘယ်လောက်စွမ်းတယ်ဆိုတာ ကြည့်ပါရစေ၊ သင်ဘက်က စတိုက်ပါ"
အောင်မြတ်သာက ထိုင်ရာကနေထလိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဒီတိုင်းရပ်ကြည့်နေခဲ့တယ်။
အဲဒီအချိန် အရှိန်ပြင်းတဲ့ လေနီကြမ်းတစ်ခုရုတ်ချည်းတိုက်ခတ်လာတဲ့အတွက် အောင်မြတ်သာတို့ဆရာတပည့်တွေ မျက်လုံးကိုလက်နဲ့ကာလိုက်တဲ့အချိန် ကျယ်လောင်တဲ့ရယ်သံတစ်ခုထွက်ပေါ်လာခဲ့တယ်။
" ဆရာ ဟိုကောင် မရှိတော့ဘူး"
မောင်ကောင်းရဲ့စကားကြောင့် အောင်မြတ်သာက လေပြင်းတိုက်ခတ်တဲ့ဘက်ကိုကြည့်ကာ တစ်စုံတစ်ခုကိုတွေးနေတဲ့အချိန် တောင်နံရံထဲကနေ အနည်းငယ်မှိန်ပြတဲ့အဆင်တန်ဆာကိုဝတ်ထားတဲ့ နတ်တစ်ပါးထွက်ပေါ်လာခဲ့တယ်။
" သင်က ဘယ်သူပါလဲ"
" ကျုပ်က ဒီတောင်ကိုစောင့်တဲ့ တောင်စောင့်နတ်ပါ... ဆရာတို့စလာထဲက ကျုပ်သတိပေးဖို့လုပ်ပေမယ့် အခွင့်မသာလို့ပြောမရခဲ့ပါဘူး"
" သင်က ကျုပ်တို့ကို ဘာများပြောချင်တာလဲ"
" ဆရာတို့နဲ့ရင်ဆိုင်နေတဲ့သူက မဟူရာတောနက်ထဲမှာနေပါတယ်။ သူ့မှာ အရမ်းအစွမ်းထက်တဲ့ဆရာတစ်ဆူလဲရှိနေပါသေးတယ်။ ခုနက တိုက်ခတ်လာတဲ့ လေနီကြမ်းက သူ့ဆရာဖန်တီးလိုက်တဲ့အရာပါ"
" ဒါဆို သူတို့က ဘာသဘောနဲ့ရှောင်ထွက်သွားကြတာလဲ"
" သူတို့ကျင့်စဉ်မပြီးဆုံးသေးလို့ ရင်မဆိုင်တာပါ၊ မနက်ဖြန်ညသန်းခေါင်အချိန် အပျိုစင်တစ်ယောက်ရဲ့ကိုယ်ငွေ့ကိုရတာနဲ့ ကျင့်စဉ်အောင်မြင်တော့မှာဖြစ်လို့ မဖြစ်သင့်တာတွေမဖြစ်အောင် ဆရာတို့ ကူညီပေးဖို့တောင်းဆိုပါတယ်"
" ကျင့်စဉ်အောင်မြင်ရင်ကော ဘာတွေဖြစ်လာမလဲ"
" သူတို့ကျင့်စဉ်အောင်တာနဲ့ အမျိုးကောင်းသမီးတွေရဲ့ဘဝကို နည်းအမျိုးမျိုးသုံးပြီးဖျက်ဆီးဖြစ်ကြမှာပါဆရာ"
" ဒါဖြင့် သူတို့နေတဲ့ မဟူရာတောကို ဘယ်လိုသွားရမလဲ လမ်းညွှန်ပေးပါဦး"
" ဆရာတို့သွားဖို့အတွက် အထက်နတ်ကြီးတွေကခွင့်ပြုထားပါတယ်၊ ဒါကြောင့် ဟောဒီသစ်တုံးပေါ်မှာ သင့်တော်သလိုထိုင်ပေးပါ"
ရေညှိအထပ်ထပ်တက်နေတဲ့ လေးပေသာသာရှိတဲ့သစ်တုံးကိုလက်ညိုးထိုးပြလိုက်တော့ မောင်ကောင်းက " ဒီနတ်ငါတို့ကိုနောက်နေတာလား" ဆိုပြီး ဘုကန့်လန့်ကြည့်နေတဲ့အတွက် တောင်စောင့်နတ်က
" ဆရာတို့ကို နောက်ပြောင်ပြောဆိုတာမဟုတ်ပါဘူး.. " လို့ပြောကာ သစ်တုံးကိုလက်နဲ့သပ်လိုက်ရာ ရေညဖတ်တွေအလွှာလိုက်ကွာကျပြီး ရွှေအတိပြီးတဲ့ သစ်တုံးဖြစ်သွားခဲ့တယ်။
အဲဒီတော့မှ အောင်မြတ်သာတို့လဲ ရွှေသစ်တုံးပေါ်မှာ တင်ပလွှဲထိုင်လိုက်ကာ မဟူရာတောကိုသွားဖို့စောင့်နေလိုက်တယ်။
တောင်စောင့်နတ်လဲ အောင်မြတ်သာတို့နေရာယူပြီးတာနဲ့ ရွှေသစ်တုံးကိုလွှတ်လိုက်ရာ လေတိုးသံတစ်ချက်နဲ့အတူ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရိပ်ခနဲ ရိပ်ခနဲပဲမြင်လိုက်ရတယ်။ စက္ကန့်နှစ်ဆယ်လောက်ကြာပြီးတဲ့အချိန်မှာတော့ ရွှေသစ်သားတုံးက သစ်ပင်တွေထူထပ်စွာပေါက်နေတဲ့ တောစပ်တစ်ခုနားမှာ ရပ်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ ဒါက မဟူရာတောဖြစ်မယ်လို့တွေးပြီးဆင်းလိုက်တဲ့အချိန် သစ်သားတုံးက လာရာလမ်းအတိုင်းပြန်ထွက်သွားတာကိုမြင်လိုက်ရတယ်။
" ဆရာ တောကဒီလောက်ကျယ်တာ အထဲထိဝင်မလို့လား"
" လော​လောဆယ် အဆင်သင့်တဲ့နေရာကနေ ဝင်ရမှာပဲ၊ ငါတို့ရောက်နေတာသိရင် သူတို့ဘက်က စပြီးလှုပ်ရှားလိမ့်မယ်"
အောင်မြတ်သာစကားကြောင့် မောင်​ကောင်းလဲ ခြုံမရှိတဲ့ဘက်ကိုရွေးကာ တောထဲကို ဝင်လာခဲ့လိုက်တယ်။ အတန်ကြာသွားပြီးချိန်မှာတော့ မျောက်အော်သံ၊ ချေဟောက်သံတွေအပြင် တောကောင်ငယ်လေးတွေရဲ့ အော်မြည်သံတွေကိုစတင်ကြားလိုက်ရတယ်။ အဲဒီအချိန်
" ဆရာ ... အသံ​တွေရုတ်တရက် တိတ်ဆိတ်သွားပါလား၊ ဒါကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူးထင်တယ်"
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက သွားလက်စခြေလှမ်းတွေကို ရပ်လိုက်ပြီး အကြားအာရုံကိုစူးစိုက်ကာနားထောင်လိုက်ရာ ကျောအနောက်ဘက်ကနေ အမြှီးပုတ်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။
" မောင်ကောင်း သတိထား"
အောင်မြတ်သာစကားသံမဆုံးခင်မှာပဲ ကိုးတောင်ကျားတစ်ကောင်က " ဝေါင်း" ခနဲအော်မြည်ကာ မောင်ကောင်းရဲ့ပခုံးကို ပုတ်ချလိုက်တယ်။
" အား......"
မောင်ကောင်း​က အော်သံကြောင့် ခုန်ထွက်လာတဲ့ ကိုးတောင်ကျားက အောင်မြတ်သာဘက်ကို စိတ်မလည်တော့ပဲ သစ်ရွက်ခြောက်််တွေ ကြားထဲမှာ လူးလိမ့်နေတဲ့မောင်ကောင်းကိုသာ ချောင်းနေခဲ့တယ်။
" ဟင်... ဒီကျားရဲ့အမြှီးမှာ အနီရောင်ကြိုးစ ချည်ထားပါလား... ဒါဆို ဒီကောင်ကိုယ်ထဲ နတ်ကျားဝင်ပူးအောင် လုပ်ထားတာပဲ" လို့ရေရွတ်ကာ အနားမှာကျနေတဲ့ သစ်ကိုင်းခြောက်တစ်ခုကိုကောက်ယူပြီး ထိပ်မှာ အင်းတစ်ရွက်ကိုလိပ်ချည်ကာ မြင်သာအောင် လှမ်းပြလိုက်တယ်။
ဒေါသတစ်ကြီးမာန်ဖီနေတဲ့ ကိုးတောင်ကျားက အင်းစာရွက်ချည်ထားတဲ့သစ်ကိုင်းခြောက်ကိုလဲမြင်ကော ရုတ်ချည်းအမြှီးကုပ်ကာ တောနက်ထဲကို ထွက်ပြေးသွားခဲ့တယ်။ အဲဒီတော့မှ အောင််််မြတ်သာလဲ လဲကျနေတဲ့ မောင်းကောင်းကို ပွေ့ထူပြီး နှစ်လက်မလောက်ပြဲသွားတဲ့လက်​မောင်းနေရာကို ဆေးပြာအနည်းငယ်ထည့်ပြီး မန်းပေးလိုက်ရာ ကွဲနေတဲ့အနာက ချက်ချင်းဆိုသလို မူလအတိုင်းဖြစ်သွားခဲ့တယ်။
" ခုနက ကိုးတောင်ကျားက ဘယ်ကနေ ပေါ်လာတာလဲ... ဒီလိုတောစပ်မှာ တောကောင်ကြီးတွေနေတာ မကြုံဖူးပါဘူးဗျာ"
" ခုနက ကျားရဲ့ကိုယ်ထဲကို နတ်ကျားဝင်စီးအောင် လုပ်ထားတာ၊ ဒီကောင်တွေ ငါတို့ရောက်တာသိနေကြပြီ"
အောင်မြတ်သာကပြောပြီးတာနဲ့ လက်ထဲကိုင်ထားတဲ့ သစ်ကိုင်းခြောက်နဲ့ မြေပြင်ကို ကျီးခြေသဏ္ဌာန်ဆွဲလိုက်ပြီး
" သင်တို့က အကြမ်းနည်းနဲ့နှုတ်ဆက်တော့လဲ ကျုပ်ကတန်ပြန်နှုတ်ဆက်ရမှာပေါ့" လို့ပြောကာ မြေကြီးကို သစ်ကိုင်းခြောက်နဲ့ခပ်ဆတ်ဆတ်ရိုက်ချလိုက်တယ်။
ရိုက်ချက်တွေကမြန်လာလေလေ တောတစ်ခုလုံး လေပြင်းတွေတိုက်သလို လှုပ်ရမ်းလာပြီး တော်လဲသံတွေလို အသံတွေဆက်တိုက်ထွက်ပေါ်လာခဲ့တယ်။
" ဆရာ... ဟိုကောင်တွေ ရောက်လာပြီ"
မောင်ကောင်းရဲ့အသံကြောင့် မျက်လုံးကိုမော့ကြည့်လိုက်ရာ ကြောင်လျာပင်ထိပ်ဖျားမှာရပ်နေတဲ့လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
" ကျုပ်တို့နေတဲ့ တောထဲထိလိုက်လာနိုင်တယ်ဆိုတော့ သင်တို့အစွမ်းကပေါ့သေးသေးမဟုတ်ဘူးနော်"
နီညိုရောင်သိုရင်းအင်္ကျီကိုဝတ်ထားတဲ့ လူရဲ့စကားကြောင့်အောင်မြတ်သာက သစ်ကိုင်းခြောက်ကို မြေကြီးပေါ်ထောက်လိုက်ပြီး
" ဟုတ်တာပေါ့ဗျာ...သင်တို့အမူအကျင့်တွေကိုဆုံးမရမယ့်အချိန်တန်လာတာမို့ ဒီကိုမရောက်ရောက်အောင်လာခဲ့တာ၊ ခုချိန်ကစပြီး သင်တို့ရဲ့အသုံးချမှုကိုဘယ်မိန်းကလေးမှ မခံစေရဘူး"လို့ပြောလိုက်တော့ ဒေါင်းမြှီးယပ်တောင်ကိုင်ထားတဲ့လူက ဘေးမှာရပ်နေတဲ့သူကို တီးတိုးပြောဆိုနေတာကိုမြင်လိုက်ရတယ်။
" ကဲကဲ ကျုပ်တပည့်သင်တို့အပေါ်ရိုင်းပြမိသလို့ဖြစ်သွားတယ်လို့ပြောတယ်။ ဒါတွေကို ကျုပ်ကပဲ တောင်းပန်ပါတယ်။ သင်တို့အနေနဲ့ ကျုပ်တောင်းပန်တာကိုလက်ခံပြီး လာရာလမ်းအတိုင်းပြန်ကြပါ"
" ကောင်းပြီလေ သင်တို့ဆရာတပည့်နှစ်ယောက် ကျုပ်ပေးတဲ့သစ္စာကိုလိုက်နာရင် ချက်ချင်းလှည့်ပြန်သွားမယ်"
" ဟက်ဟက် သက္ကဆိုတဲ့ ကျုပ်က လူမသတ်ချင်လို့ တောင်းပန်တာကို ရောင့်တက်တာလား.. ဒီလိုဆိုတော့လဲ ကျင့်စဉ်ပြီးမှ အပြစ်တွေကို ပြန်ဆပ်ရမှာပေါ့"
ဦးသက္ကဆိုတဲ့လူက ကြောင်လျာပင်ပေါ်ကနေ အောက်ကို လမ်းလျောက်ဆင်းလာပြီး မြေပြင်ကိုရောက်တာနဲ့ ပါးစပ်ကနေ ကျားတစ်ကောင်လို ဟိန်းလိုက်ရာ အောငမြတ်သာတို့ရဲ့​လေးဘက်လေးတန်ကနေ အရောင်သွေးစုံလင်လှတဲ့ ကိုးတောင်ကျားလေးကောင်လွှားခနဲခုန်ထွက်ကာ လည်ကုတ်ကိုခဲဖို့ ပြေးဝင်လာခဲ့တယ်။
အဲဒီအချိန် ကျီးခြေထောက်သဏ္ဌာန်ရေးဆွဲထားတဲ့ အင်းကွက်ထဲကနေ သျောင်တစ်စောင်းထုံးထားတဲ့ လူသန်ကြီးလေးယောက် လက်ခမောင်းကို တစ်ဖျောင်းဖျောင်းမြည်အောင်ခတ်ကာ ခုန်ထွက်လာပြီး ကျားတွေရဲ့ပါးစပ်ကို သန်မာတဲ့လက်တွေနဲ့ ဖိကိုင်ကာ ဖမ်းချုပ်ထားလိုက်ကြတယ်။
ကိုးတောင်ကျားတွေကလဲ ချုပ်နှောင်ထားတာကို အားကုန်ရုန်းကန်နေကြပေမယ့် လူသန်ကြီးတွေရဲ့ အားကိုမယှဉ်နိုင်ပဲ တစ်ကောင်းချင်းစီမြေပေါ်ကို ဗိုင်းခနဲလဲကျကာ ငြိမ်သက်သွားခဲ့တယ်။
" ဘယ်လိုအတိုက်တွေ ထုတ်ဦးမလဲ... ကျုပ်တို့ဘက်ကတော့ သင်တို့မတိုက်နိုင်ဘူးဆိုမှ တိုက်မှာနော်"
အောင်မြတ်သာက ရပ်နေရင်း ဟန်ပါပါပြောလိုက်တော့ ဦးသက္ကဆိုတဲ့သူက ဦးခေါင်းမှာထိုးထားတဲ့ နဂါးဆံထိုးကို ဖြုတ်ကာ ဘယ်ညာလက်ဝါးနဲ့ရိုက်ပြီး ကောင်းကင်ပေါ်ပစ်တင်လိုက်ရာ လေထဲမှာပဲ ဆံထိုးကနေ မဲနက်နေတဲ့ နဂါးအသွင်းပြောင်းသွားခဲ့တယ်။
ထန်းပင်လုံးလောက်ကြီးမားတဲ့မြွေနဂါးကြီးက ဒေါသတကြီးနှာမှုတ်ပြီး အောင်မြတ်သာတို့ကို ရန်ပြုဖို့ဝင်လာခဲ့ချိန် ကောင်းကင်ပေါ်ကနေ ထန်းလက်သုံးလက်စာလောက်ကြီးမားတဲ့တောင်ပံကို တစ်ဖျတ်ဖျတ်ခတ်ကာ တစ်ဟုန်ထိုးဆင်းလာတဲ့ ဂဠုန်ငှက်တစ်ကောင်ကိုမြင်လိုက်ရတယ်။
မြွေနဂါးလဲ ဂဠုန်ငှက်ကိုမြင်တော့ ကြောက်လန့်တစ်ကြား တောထဲဝင်ပြေးဟန်ပြင်ပေမယ့် မမှီတော့ပဲ ချွန်ထက်တဲ့လက်သည်းတွေနဲ့ ကုတ်ချီထိုးဆိတ်တာကို ခံလိုက်ရတယ်။
ခါးလည်ကနေ ညှပ်ထားတဲ့ လက်သည်းဒဏ်ကြောင့် မြွေနဂါးကြီးမရုန်းနိုင်ပဲ မြင်မြင်သမျှကို အမြှီးနဲ့ရိုက်ချနေတဲ့အတွက် အနီးနားမှာရှိတဲ့ သစ်ပင်ငယ်​တွေ တစ်ဖြောင်းဖြောင်းနဲ့ကျိုးပဲ့လွင့်စင်ကုန်တယ်။
မောင်ကောင်းကတော့ ရုပ်ရှင်မကြည့်ဘူးတဲ့ ကလေးတစ်ယောက်လို ပါးစပ်အ​ဟောင်းသားနဲ့ငေးကြည့်နေတဲ့ချိန် ကြောင်လျာပင်​အောက်မှာရပ်နေတဲ့ သူက ခါးကြားထဲမှာထိုးထားတဲ့ ဆင်စွယ်ရိုးတပ်ဓါးမြှောင်ကိုထုတ်ယူပြီး မန်းမှုတ်လိုက်ရာ လက်ကိုင်ရိုးမှာထုထားတဲ့ ဘီလူးရုပ်တွေအသက်ဝင်လာကာ တစ်ဖြေးဖြေးကြီးလာခဲ့တယ်။
တင်းပုတ်၊ သန်လျက်၊ ပုဆိန် အစရှိတဲ့လက်နက်တွေကိုင်ဆောင်ထားတဲ့ ဘီလူးတွေက ဂဠုန်ငှက်ရှိရာဘက်ကို တိုးဝင်ကာ အတင်းခုတ်ထစ်ပါလေရော။ အဲဒီအချိန် ကျီးခြေထောက်အင်းအလယ်မှာရှိနေတဲ့ စမတစ်ခုထဲကနေ ဝယမပ စမအက္ခရာတွေကို နဖူးမှာထိုးထားတဲ့ လေးသမားအင်းစောင့်တွေထွက်ပေါ်လာခဲ့တယ်။ ခါးမှာဓါးလွတ်၊ လက်မှာလေး၊ ကျောမှာမြှားဘူးလွယ်ထားတဲ့ အစောင့်တွေက ဘီလူးတွေရဲ့ မျက်လုံးကို ရွှေရောင်ထိပ်ဖူးပါတဲ့မြှားနဲ့ပစ်ခတ်ပြီး အထဲကိုအတင်းတိုးဝင်လာခဲ့ကြတယ်။
အဲလိုနဲ့ ဓါးတစ်ကမ်းအလိုကိုရောက်တော့ ခါးမှာချိတ်ဆွဲထားတဲ့ ဓါးလွတ်တွေကိုထုတ်ကာ ဘီလူးတွေကို ရင်ဆိုင်တိုက်ခိုက်ကာ ဂဠုန်ငှက်ကို ကာကွယ်ခဲ့ကြတယ်။
အင်းစောင့်တွေရဲ့ ဓါးတွေက အထက်ဆရာတွေရဲ့အမိန့်နဲ့အထူးအာဏာအပ်နှင်းခံထားရတဲ့အတွက် နည်းနည်းလေးထိတာနဲ့ တိကနဲပြတ်ကျလောက်အောင် ထက်မြက်နေခဲ့တယ်။
မိနစ်အနည်းငယ်အကြာမှာတော့ ဘီလူးတွေက အင်းစောင့်တွေကို ရင်မဆိုင်နိုင်တော့ပဲ သူတို့လာရာဇစ်မြစ်ဖြစ်တဲ့ ဓါးမြောင်အရိုးထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်။
ဦးသက္ကတို့ဆရာတပည့်လဲ အခြေအနေမဟန်တာကိုသိတဲ့အတွက် လေပြင်းတစ်ခုဖြစ်ပေါ်အောင်ဖန်တီးပြီး ထွက်ပြေးဖို့အလုပ် အောင်မြတ်သာက ဘယ်လက်ပညာစက်တွေအားလုံးကိုဖြတ်တောက်ပစ်ခဲ့တယ်။
ပညာစက်််တွေ ပြတ်တာနဲ့ လေချွန်သံလိုအသံနဲ့အတူ သေးမျှင်တဲ့ငွေနန်းကြိုးမျှင် လေးပင်က လေကိုခွင်းကာရောက်ရှိလာပြီး ဦးသက္ကတို့ဆရာတပည့်တွေရဲ့ ခြေတွေလက်တွေကို လှုပ်မရအောင် ချုပ်​နှောင်ထားတာကိုမြင်လိုက်ရတယ်။
ဦးသက္ကတို့လဲ အားကုန်သုံးကာလွတ်မြောက်အောင်ကြိုးစားပေမယ့် ရုန်းလေတင်းလေဖြစ်နေတဲ့ အချုပ်အနှောင်ကို အံတုနိုင်ခြင်းမရှိတဲ့အတွက် မာန်ကိုချကာ အရှုံးပေးခဲ့ကြတယ်။
အောင်မြတ်သာလဲ ဦးသက္ကတို့ဆရာတပည့်တွေကို ရှေ့ဆက်ဒီလိုနည်းလမ်းမျိုးကိုအသုံးမပြုဖို့နဲ့ ရောက်လက်စအဆင့်မှာသာ ကျေနပ်ရောင့်ရဲစွာနေဖို့ ကတိတောင်းခံကာ သစ္စာရေတိုက်ခဲ့တယ်။
ဦးသက္ကတို့ဆရာတပည့်နှစ်ယောက် သစ္စာရေသောက်ပြီးတာနဲ့ ​မြွေနဂါးက ဆံထိုးအသွင်းပြောင်းသွားပြီး ဂဠုန်ငှက်ကြီးကလဲ တစ်ဖြေးဖြေးမှုန်ဝါးကာပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ သစ္စာရေတိုက်ပြီးပြီမို့ အချုပ်အနှောင်တွေကိုဖြေပေးပြီး အင်းစောင့်တွေကို ပြန်ပို့နေတဲ့အချိန် ဦးသက္ကရဲ့တပည့်က ဓါးမြှောင်ကိုဆုပ်ကိုင်ကာ ရုတ်ချည်းပြေးဝင်လာခဲ့တယ်။
" မလုပ်နဲ့....."
ဦးသက္ကရဲ့အသံအဆုံး ဓါးမြှောင်ကိုင်ပြီးပြေးဝင်လာသူရဲ့ ကိုယ်ကနေ အရှိန်ဟုန်ပြင်းတဲ့ မီးတောက်တွေထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပြာမှုန်တွေအဖြစ်ပြောင်းသွားခဲ့တယ်။
" ဟာ... ဒီကောင် သစ္စာကို မထီမဲ့မြင်ပြုတာပဲ"
မောင်ကောင်းက စုတ်တသတ်သတ်နဲ့ရေရွတ်နေချိန်မှာတော့ ဦးသက္ကကတော့ ခေါင်းငိုက်စိုက်ချကာ မြေကြီးကိုစိုက်ကြည့်နေခဲ့တယ်။
အောင်မြတ်သာတို့လဲ ဦးသက္ကတို့ကျင့်ကြံနေတဲ့ ကာမကျင့်စဉ်ကို ရှေ့ဆက်မတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး တောစပ်ကိုပြန်ထွက်လာခဲ့လိုက်တယ်။ တောစပ်ကိုရောက်တော့ တောင်စောင့်နတ်လွှတ်လိုက်တဲ့ ရွှေသစ်တုံးက အသင့်စောင့်ကြိုနေခဲ့တယ်။
ရွှေတဆုပ်ရွာကနေ ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ ရွှေညောင်ပင်ဆိုတဲ့မြို့ကိုရောက်ရှိခဲ့တယ်။ ရွှေညောင်ပင်မြို့မှာ ခေတ္တနားရင်း ကူးမာရ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ရာကနေ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တည်လာခဲ့တယ်။
အဲဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ပျောက်ကွယ်နေသောဘုရားကျောင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏
🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

No comments

Post a Comment