ခရီးသည်များ (စဆုံး)

  ခရီးသည်များ (စဆုံး) (ဖြစ်ရပ်မှန်) “ဆွဲထားဆရာရေ” ကားစပါယ်ယာ ကိုမင်း၏ အော်သံကိုကြားလိုက်သည့်အခါ ဦးလှသိန်းတစ်ယောက် ကားလီဗာကို ဆောင့်နင်းချလို... thumbnail 1 summary

 ခရီးသည်များ (စဆုံး)

(ဖြစ်ရပ်မှန်)

“ဆွဲထားဆရာရေ”

ကားစပါယ်ယာ ကိုမင်း၏ အော်သံကိုကြားလိုက်သည့်အခါ ဦးလှသိန်းတစ်ယောက် ကားလီဗာကို ဆောင့်နင်းချလိုက်သည်။ ထိုအခါ သူတို့ဒိုင်နာလိုင်းကားကြီးမှာ အသံစုံအော်မြည်လျှက် ရွေ့လျားမောင်းနှင်သွားလေသည်။ အချိန်က ညနေစောင်းနေပြီဖြစ်ရာ ဦးလှသိန်းက ကားမီးကိုဖွင့်လိုက်သည်။ သို့သော် ညာဖက်ကားမီးကြီးမှာ မလင်းဘဲ မှိတ်တုတ်၊ မှိတ်တုတ်ဖြစ်နေလေသည်။ သို့နှင့် ကားစပယ်ယာ ကိုမင်းကို ကားရှေ့ခန်းရှိစကားပြောခွက်မှတဆင့် လှမ်းအော်လိုက်သည်။

“ဒညင်းကုန်းလမ်းဆုံအထိပဲ လူခေါ်တော့ကွာ၊ ကားမီးမကောင်းဘူး၊ ငါတို့ကားသွားပြင်မယ်”

“ဟုတ်ကဲ့ဆရာ”

ဦးလှသိန်းမောင်းနှင့်သည့် မြောက်ပိုင်းခရိုင် (၁၂၆) ယာဉ်လိုင်း ဒိုင်နာကားအိုကြီးမှာ မင်္ဂလာဒုံဈေးကားဝင်းမှ စတင်ထွက်ခွာလာခဲ့သည်။ ညနေပိုင်းဖြစ်သဖြင့် ခရီးသွားများက များပြားလှပြီး ကားပေါ်တွင် မိန်းမသားများနှင့် ကလေးများကို ဦးစားပေးကာတင်ဆောင်လာခဲ့ရသလို ကားအနောက်ဘက်ပိုင်းတွင်တော့ ယောက်ျားသားများက သံတန်းများကိုတွဲခိုကာ စီးနင်းလာကြလေသည်။ သို့နှင့် ဒညင်းကုန်းလမ်းဆုံရောက်သည့်အခါ ကားကိုဆက်မသွားတော့ဘဲ ခရီးသည်များအားလုံးကို ချပေးလိုက်တော့သည်။ စပယ်ယာ ကိုမင်းက ကားရှေ့ခန်းသို့တက်လာပြီး

“ဘာဖြစ်တာလဲ အာစရိ”

“ကားညာဖက်မီးက မှိတ်တုတ်မှိတ်တုတ်နဲ့ကွ၊ ဒီအတိုင်းဆိုရင် ညဘက်မောင်းလို့မကောင်းဘူး၊ လမ်းမီးတွေဘာတွေကလည်းမရှိဘူးလေကွာ၊ နောက်ပြီးငါကလည်း ညမှောင်လာရင် သိပ်မမြင်ချင်တော့ဘူးကွ”

“ဒါဆိုဘယ်သွားပြင်မလဲ အာစရိ”

“ရွှေပြည်သာ မြင်းလှည်းဂိတ်က ကိုကျော်တို့ဆိုင်သွားပြင်မယ်ကွာ၊ ပြီးရင် မင်းနေတဲ့ အလယ်ရွာကိုလိုက်ပို့ပေးမယ်၊ ငါက နောက်တော့မှ အင်းစိန်ကမ်းနားပြန်ပြီး ကားဂိတ်ထိုးမယ်ကွာ”

သို့နှင့် ဒရိုင်ဘာ ဦးလှသိန်းက သူတို့ကားကို ရွှေပြည်သာဘက်သို့ ကွေ့ချကာမောင်းနှင်လိုက်တော့သည်။

(၂)

အချိန်အားဖြင့် (၂၀၀၂) ခုနှစ်ခန့်ကဖြစ်သည်။ ဒီဇင်ဘာလမို့ ညနေစောင်းသည်နှင့် လေအေးများက တရကြမ်းတိုက်ခတ်နေသည်။ ရွှေပြည်သာ မြင်းလှည်းဂိတ်ရှိ ဦးကျော်တို့ ကားဝပ်ရှော့တွင် ကားရှေ့မီးကိုပြင်ဆင်ပြီးသောအခါ ညနေခြောက်နာရီပင် ကျော်နေခဲ့ပြီဖြစ်သည်။ ဦးလှသိန်းက လှိုင်သာယာအလယ်ရွာတွင်နေထိုင်သည့် ကားစပယ်ယာ ကိုမင်းအား လိုက်ပို့ပြီး ကားပြန်သိမ်းမည်ဖြစ်သည်။

ရွှေပြည်သာတံတားကြီးမှာ ဖွင့်ကာစအချိန်ဖြစ်သဖြင့် မီးလုံးများနှင့်ထိန်လင်းနေလေသည်။ ထိုခေတ်က ထိုလမ်းမတွင် ညနေဘက်အချိန် လိုင်းကားမသွားလာသေးပေ၊ ကားလမ်းကြီးတစ်ခုလုံးကလည်း ရှင်းလင်းနေလေသည်။ ရွှေပြည်သာတံတားအားတက်လာပြီး တံတားအဆင်း မိုင်နှစ်ဆယ်မှတ်တိုင်အနီးတွင် ဦးဇင်းတစ်ပါးနှင့် ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်တို့မှာ စကားပြောရင်း လမ်းလျှောက်နေသည်ကို ကားမီးရောင်တွင်မြင်လိုက်ရသဖြင့် ဦးလှသိန်းက တွေးမိလိုက်သည်။

“ညည့်လည်းနက်တော့မယ်၊ ကားကလည်းမရှိဘူးဆိုတော့ သူတို့လမ်းလျှောက်သွားရင် တော်တော်ဝေးမှာပဲ၊ မထူးပါဘူး၊ ငါလည်းကားက ခါလီ(မည်သည့်ဝန်မှမပါ) ဖြစ်နေတာဆိုတော့၊ သူတို့ကိုတင်သွားရင်ကောင်းမယ်”

ဦးလှသိန်းစဉ်းစားနေစဉ်မှာပင် သူတို့ကားက ထိုလူများနှင့်အတော်လှမ်းလှမ်းသို့ရောက်သွားခဲ့ပြီဖြစ်သည်၊ ဦးလှသိန်းလည်း ကားကိုလမ်းဘေးချရပ်လိုက်ပြီး နံဘေးတွင် ငိုက်လျှက် လိုက်ပါလာသော တပည့်ဖြစ်သူ စပယ်ယာ ကိုမင်းကို လှုပ်နှိုးလိုက်ပြီး

“ဟေ့ကောင်၊ ထအုံးကွ၊ ဟိုမှာ ခရီးသွားတွေနဲ့တူတယ်၊ မင်းဆင်းခေါ်ကွာ၊ အလယ်ရွာအထိတော့ လမ်းကြုံမယ်”

ကိုမင်းလည်း အိပ်ငိုက်နေရာမှ အိပ်မှုန်စုံမွှားဖြင့် ထလိုက်ပြီးနောက် ကားခေါင်းခန်းမှပြေးဆင်းခဲ့သည်။ ထို့နောက် ကားအနောက်ခန်းသို့တက်လိုက်ရင်း ကားအနောက်ဘက် ခပ်လှမ်းလှမ်းတွင် လမ်းလျှောက်နေသည့် ဦးဇင်းနှင့် လူနှစ်ယောက်ထံသို့ကြည့်လိုက်ပြီး

“ဟေ့၊ လိုက်ကြမလား၊ လိုက်မယ်ဆိုရင်တက်ကြနော်၊ အလယ်ရွာအထိရောက်မယ်”

ကိုမင်းက အသံကျယ်ကျယ်နှင့်အော်လိုက်သည့်အခါ ထိုဦးဇင်းနှင့် လူနှစ်ယောက်တို့မှာ ကားထံသို့ပြေးလာကြသည်။ လူသုံးယောက်သာ ပြေးလာသော်လည်း ခြေသံများမှာ လူအယောက်ငါးဆယ်ခန့်ပြေးလာသည့် ခြေသံများဖြစ်နေလေရာ စပယ်ယာကိုမင်းတစ်ယောက် အလွန်ထိတ်လန့်သွားရတော့သည်။

မကြာခင် ကားပေါ်သို့ ဦးဇင်းကတက်လိုက်ပြီး အနောက်မှလူနှစ်ယောက်လည်း လိုက်တက်ကြသည်။ သို့သော်လည်း ကားအနောက်တွင်တော့ လူအများပြေးလာသည့်ခြေသံ တဖုန်းဖုန်းကိုကြားရသည်၊ အကောင်အထည်ကား မတွေ့ရပေ။

“ဟေး . . . . နေအုံး၊ ငါတို့လည်း လိုက်အုံးမယ်”

အကောင်အထည်မမြင်ရသော်လည်း အသံနက်ကြီးများဖြင့်အော်ဟစ်နေသလို ခြေသံကြီးများကလည်း နီးကပ်လာသဖြင့် ကိုမင်းက

“ဆွဲထားဆရာရေ၊ မောင်းထား”

ဦးလှသိန်းက အနောက်သို့လှမ်းကြည့်လိုက်ရင်း

“လူတွေလိုက်အုံးမယ်မဟုတ်လားကွ”

“ဘယ်သူမှမလိုက်တော့ဘူး၊ မောင်းတော့၊ မောင်းတော့ဆရာ”

ဦးဇင်းကလည်း

“ဟုတ်တယ်ဒကာကြီး၊ မောင်းတော့၊ မြန်မြန်သာမောင်းတော့”

ဦးဇင်းကပါဝိုင်းပြောနေသဖြင့် ဦးလှသိန်းလည်း လီဗာကိုနင်းချပြီး အမြန်မောင်းထွက်ခဲ့သည်။ သူ့စိတ်ထဲတွင်လည် ;တစ်ခုခုထူးဆန်းနေလေသည်။ သို့နှင့် အလယ်ရွာရောက်သည့်အခါ ကားပေါ်မှဦးဇင်းနှင့် ခရီးသည်များက ဆင်းသွားကြသည်။ ဦးလှသိန်းလည်း ကားခေါင်းခန်းမှ ဆင်းလာရင်း

“ဘာဖြစ်တာလဲ ကိုမင်း”

“ဟိုလေ၊ ကျုပ်က လူခေါ်ဆိုလို့ခေါ်လိုက်တာ အဲဒါ လူအကောင်အထည်မမြင်ရဘဲနဲ့ ခြေသံတွေ အော်သံတွေပဲ ကြားရတယ်ဗျာ”

“နေပါအုံး မင်းကဘယ်လိုခေါ်လို့လဲ”

ကိုမင်းကလည်း သူပြောခဲ့သည့်အတိုင်း တစ်သွေမတိမ်းပြောပြလိုက်လေရာ ဦးလှသိန်းက ကိုမင်းပုခုံးကို ရိုက်ထည့်လိုက်လေသည်။

“မင်းကွာ၊ တော်တော်တုံးတဲ့ကောင်ပဲ၊ ညနေမှောင်ရီတရောမှာ အဲဒီလိုခေါ်စရာလားကွ၊ တော်သေးတာပေါ့ကွာ၊ ငါတို့မောင်းတာမြန်သွားလို့”

ကိုမင်းလည်း ခေါင်းကုပ်ရင်း

“ဟီး၊ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ဆိုတော့ ပြောမိပြောရာ ပြောလိုက်မိလို့ပါ အာစရိ”

သို့နှင့် ဦးလှသိန်းမှာ ကိုမင်းကိုချခဲ့ပြီး တစ်ဦးတည်း ထိုလမ်းအတိုင်း ပြန်မောင်းလာခဲ့ရသည်။ အပြန်လမ်းတွင်တော့ ကိုမင်းခေါ်ခဲ့သည့် ရွှေပြည်သာတံတားအတက်အရောက်တွင် လူအုပ်ကြီးတစ်အုပ်က လမ်းဘေးတွင် ရပ်စောင့်နေသည်ကိုတွေ့ရသည်။ လူအုပ်ကြီးမှာ ကားမီးရောင်တွင်ပင် မည်သူမည်ဝါမှန်း မမြင်ရဘဲ မဲမဲသဏ္ဍာန်ကြီးများကိုသာ မြင်တွေ့ရသည်။ မျက်လုံးများကတော့ ဝင်းလက်နေကြလေသည်။

“အဲဒီကားပဲဟေ့ . . . ကားလာပြီဟေ့”

လူတစ်ချို့မှာ ကားကိုတားကြသည်။ ဦးလှသိန်းလည်း ထိုလူများက လူမဟုတ်မှန်းသိလိုက်ပြီမို့ လီဗာကို အားကုန်နင်းချလိုက်ကာ ထိုနေရာမှ ခပ်သွက်သွက်မောင်းထွက်လာခဲ့ရတော့သည်။

(၃)

မြောက်ပိုင်းခရိုင် (၁၂၆) ယာဉ်လိုင်းမှာ မင်္ဂလာဒုံဈေးတွင် ဂိတ်စတင်ပြီး အင်းစိန်ကိုဖြတ်သန်းကာ အင်းစိန်ပန်းခြံမှတစ်ဆင့် လှိုင်သာယာဘက်သို့ ဆက်လက်မောင်းနှင်သည့် လိုင်းကားဖြစ်သည်။ ထိုရက်ကလည်း မိုးတွင်းကြီးဖြစ်သည်။ ကားဒရိုင်ဘာ ဦးလှသိန်းနှင့် စပယ်ယာကိုမင်းတို့မှာ ထုံးစံအတိုင်း ကားဆွဲလာခဲ့ရာ လှိုင်သာယာတွင် ဂိတ်ဆုံးသွားပြီဖြစ်သည်။ ဦးလှသိန်းက ကားပေါ်မှ ဂတ်စ်အခြေအနေကိုကြည့်လိုက်ရင်း

“ကားသိမ်းလို့မရသေးဘူးဟ၊ ဂတ်စ်နည်းနေတယ်၊ မနက်မှထဖြည့်မယ်ဆိုရင်လည်း ဂတ်စ်တန်းစီရတာနဲ့ ဘာနဲ့ဆိုတော့ အချိန်ကုန်တယ်ကွာ၊ ဒီတော့ ငါတို့ လှိုင်သာယာကနေ အင်းစိန်ပန်းခြံကို တစ်ကြောင်းထပ်ဆွဲမယ်၊ အင်းစိန်ပန်းခြံရောက်ရင် ဘီအိုစီကွေ့က ဂတ်စ်ဆိုင်မှာ ဂတ်စ်ဖြည့်ပြီးတော့ ကားပြန်သိမ်းမယ်၊ မင်းအဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်ဆရာ၊ ကျုပ်လည်း ဒီညအိမ်မပြန်တော့ဘူး၊ အုံနာအိမ်မှာပဲ တစ်ညကွေးလိုက်မယ်၊၊ ဘောပွဲကလည်း ကောင်းနေပြီကိုး”

ကိုမင်းပြောသည့်အခါ ဦးလှသိန်းက ကိုမင်းအားကြည့်လျှက်

“အေးကွာ၊ အပျော်အပါးတွေဘာတွေလျော့ကွ၊ ညဆိုလည်း ညည့်နက်သန်းခေါင်ကြီး ဘောပွဲထကြည့်တာယ်၊ မနက်ဆိုရင်လည်း အစောကြီးထပြီး လိုင်းကားဆွဲတာ အခုအချိန်အထိမဟုတ်လား၊ ကြာရင် မင်းကျန်းမာရေးထိခိုက်နိုင်တယ် ကိုမင်းရ”

“ဟုတ်ကဲ့ပါ အာစရိရာ၊ ဒီနေ့က မန်ယူပွဲကောင်းလို့ပါဗျ”

သို့နှင့် လှိုင်သာယာဂိတ်စမှ ဆရာတပည့်နှစ်ယောက် ကားပြန်မောင်းနှင်လာကြသည်။ ကားဂိတ်မှထွက်လာသည့်အချိန်မှာပင် ညခုနစ်နာရီကျော်နေပြီဖြစ်သည်။ မိုးတွင်းမို့ ကောင်းကင်ကြီးက အုံ့ဆိုင်းနေလေသည်။ မိုးသားတိမ်လိမ်များဖုံးအုပ်နေသဖြင့် ပတ်ဝန်းကျင်က ပိုမိုမှောင်မိုက်နေသည်။ မိုးကလည်း တဖွဲဖွဲရွာကျနေသည်။

ထိုစဉ်က ညခုနစ်နာရီ၊ ရှစ်နာရီခန့်ဆိုလျှင် ခရီးသွားများမရှိတော့ပေ၊ လှိုင်သာယာဂိတ်စမှ ကားစထွက်လာသော်လည်း ယခုအထိ ကားပေါ်တွင် ခရီးသွား လေးငါးဦးသာရှိသည်။ မကြာခင် ရုံးရှေ့မှတ်တိုင်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ထိုစဉ်က ရုံးရှေ့မှတ်တိုင်မှာ ယခုကဲ့သို့ စည်ကားခြင်းမရှိသေးပေ၊ နှစ်ချို့ကုတ်ကိုပင်ကြီးများဖြင့် အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေသည်။ ရုံးရှေ့မှတ်တိုင်တွင် ခရီးသည်များ ရှိတတ်သဖြင့် မှတ်တိုင်သို့ထိုးလိုက်သော်လည်း ကားဂိတ်တွင် လူမရှိပေ၊ မိမိတို့ကား၏ အရှေ့မှ လိုင်းကားတစ်စီးက ထွက်သွားသည်မှာမကြာသေးသဖြင့် ခရီးသည်များအကုန်ကောက်သွားခြင်းဖြစ်မည်ဟု ဦးလှသိန်းက တွေးလိုက်ကာ ကားကိုစက်သတ်လိုက်သည်။

“သုံးမိနစ်လောက်တော့ စောင့်အုံးမှပဲ”

ထိုစဉ် ကုတ်ကိုပင်အကြားမှ ရှပ်အင်္ကျီလက်ရှည်၊ ပုဆိုးအပြာကွက်ဝတ်ထားသည့် လူငယ်တစ်ဦးက ထွက်လာခဲ့သည်။ လူငယ်မှာအသက်နှစ်ဆယ်ခန့်ပင် ရှိလောက်သည်။ ဦးလှသိန်းထိုင်နေသည့် ကားခေါင်းခန်းအနီးသို့ လမ်းလျှောက်လာပြီး

“ကားဆရာ၊ ကျွန်တော် ငါးထိပ်မှတ်တိုင်ကိုသွားချင်လို့ပါ၊ ကျွန်တော့်မှာ ပိုက်ဆံလည်းမပါလို့ပါ”

လူငယ်က တောင်းပန်တိုးလျိုးနေသဖြင့် ဦးလှသိန်းက ခေါင်းညိတ်ပြလိုက်သည်။ ခရီးသွားများ သွားရင်းလာရင်း ပိုက်ဆံလမ်းစရိတ်ပြတ်တတ်သည်ဖြစ်ရာ ကားဆရာများက နားလည်မှုရှိစွာဖြင့် ခေါ်ဆောင်ပေးလေ့ရှိသည်။ ဦးလှသိန်းက ထိုလူငယ်ကို ကားနောက်ခန်းတွင်တက်ရန်အတွက် လက်ဖြင့်ပြလိုက်သည့်အခါ ထိုလူငယ်က ကားနောက်ခန်းသို့ လျှောက်သွားလေသည်။ ဦးလှသိန်းကလည်း စကားပြောခွက်မှ

“ကိုမင်းရေ၊ အခုတက်မယ့်တစ်ယောက်က ငါ့အသိနော်”

ထိုသို့ပြောလိုက်လေသည်။ လိုင်းကားမောင်းသည့် လောကတွင်ကားဒရိုင်ဘာနှင့် အသိဟုပြောလိုက်လျှင် ကားစပယာ်ယာက ကားခမကောက်ရပေ၊ ထိုသည်က ကားဆရာများအကြား လက်ခံလိုက်နာသည့် ဓလေ့တစ်ခုဖြစ်သည်။

ဦးလှသိန်းအော်လိုက်သဖြင့် ကိုမင်းက ကားပေါ်တွင်စောင့်နေသော်လည်း လူတစ်ဦးတစ်ယောက်မှ မတက်ပေ၊ ကားပေါ်တွင်လည်း ခရီးသည်ခြောက်ဦးခန့်သာရှိသလို မှတ်တိုင်တွင်လည်း လူတစ်ဦးတစ်ယောက်မှမရှိပေ၊ ကားလမ်းကြီးတစ်လျှောက်လုံးတွင်လည်း မိုးရွာသဖြင့် လူရိပ်လူခြေပင်မရှိ။

“အာစရိ၊ ဘယ်တစ်ယောက်လဲဗျ”

“ခုနက တက်သွားတဲ့ကောင်လေးလေကွာ၊ ရှပ်အင်္ကျီအဖြူလက်ရှည်နဲ့”

“မတက်ပါဘူးအာစရိရဲ့”

ဦးလှသိန်းလည်း စိတ်ထဲ စနိုးစနောင့်ဖြစ်သွားပြီး ကားခေါင်းခန်းမှဆင်းလိုက်ကာ ကားနောက်ခန်းသို့လာကြည့်သည်။ ထိုအခါ စပယ်ယာကိုမင်းပြောသည့်အတိုင်း ကားပေါ်တွင်ထိုကောင်လေးကို မတွေ့ရပေ၊ ဦးလှသိန်းလည်း မယုံသဖြင့် ကားကိုကွေ့ပတ်ကြည့်သော်လည် လူရိပ်လူခြေပင်မတွေ့ရပေ၊ ထိုလူငယ်မှာ လူမဖြစ်နိုင်မှန်း ဦးလှသိန်းတစ်ယောက် သိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဘာမှမပြောတော့ဘဲ ကားခေါင်းခန်းသို့တက်လကာ ကားကိုမောင်းနှင်လိုက်တော့သည်။

သို့နှင့် မကြာမီ ငါးထိပ်မှတ်တိုင်သို့ရောက်လာလေသည်။ ဦးလှသိန်းလည်း မှတ်တိုင်တွင်ကားကိုရပ်လိုက်ပြီး ကားပေါ်မှဆင်းလာခဲ့သည်။ ကားနောက်ခန်းကိုတစ်ချက်ကြည့်ရင်း

“ညီလေးရေ၊ ညီလေးသွားချင်တဲ့ ငါးထိပ်မှတ်တိုင်ရောက်ပြီကွ၊ ဆင်းတော့နော် . . .”

ထိုသို့ပြောလိုက်သည့်အခါ ကားနောက်ခန်းတွင် မတ်တပ်ရပ်နေသည့် ကိုမင်း၏ နံဘေးမှ လေတစ်ချက်ဝေ့တိုက်သွားသကဲ့သို့ ဖြတ်ခနဲထွက်သွားသည့် ခံစားမှုမျိုးကိုခံစားလိုက်ရပြီးနောက် ကားနောက်ခြေနင်းခုံကိုလည်း တစ်စုံတစ်ယောက်က နင်းသွားသကဲ့သို့ ဝုန်းခနဲအသံမြည်သွားလေသည်။ သို့နှင့် ဦးလှသိန်းက ကားရှေ့ခန်းသို့ပြန်လာပြီး ကားဆက်မောင်းခဲ့သည်။

အင်းစိန်ပန်းခြံမှတ်တိုင်တွင် ကားကဂိတ်ဆုံးပြီဖြစ်သဖြင့် ခရီးသည်များအားလုံး ဆင်းသွားကြလေသည်။ ထိုတော့မှ စပယ်ယာကိုမင်းက ကားရှေ့ခေါင်းခန်းသို့တက်လာသည်။

“အာစရိ ခုနက ဘာဖြစ်တာလဲဗျ”

အချိန်က ညရှစ်နာရီကျော်နေပြီမို့ ဂတ်စ်ဆိုင်တွင် လူရှင်းနေလေသည်။

“မင်းကိုခုနကပြောလိုက်ရင် မင်းကြောက်သွားမှာစိုးလို့ မပြောတာကွ၊ ရုံးရှေ့မှတ်တိုင်မှာ ကောင်လေးတစ်ယောက်က ငါ့ကိုလာပြောတယ်၊ သူ့မှာပိုက်ဆံမပါလို့ပါတဲ့၊ ငါးထိပ်မှတ်တိုင်ကို လိုက်ပါရစေတဲ့ကွာ၊ ငါလည်းသူ့ကိုပေးစီးလိုက်တာပေါ့၊ နောက်တော့ မင်းပြောတော့မှ ငါလည်းဆင်းကြည့်တော့ သူ့ကိုမတွေ့တော့ဘူးကွ၊ ဒါနဲ့ငါလည်း ငါးထိပ်ရောက်တော့ သူ့ကိုဆင်းတော့ဆိုပြီးပြောလိုက်ရတာ”

ကိုမင်းက ထိုတော့မှ ကြောက်လန့်သွားလေသည်။ ဂတ်စ်ဆိုင်တွင် ဂတ်စ်ဖြည့်ပြီး အင်းစိန်ကမ်းနားရှိ အုံနာထံတွင် ကားကိုအပ်ကာသိမ်းခဲ့ရသည်။ အုံနာဖြစ်သူနှင့် စကားစမြည်ပြောဖြစ်တော့မှ

“နေ့လည်က ရုံးရှေ့မှတ်တိုင်မှာ ကောင်လေးတစ်ယောက်ကို ကားကြိတ်တယ်ပြောတယ်၊ ကိုလှသိန်းတို့မသိဘူးလား”

အုံနာပြောတော့မှ ဦးလှသိန်းနှင့် ကိုမင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထူးဆန်းသွားကြလေသည်။

“ကျုပ်တို့နဲ့ မကြုံလိုက်လို့ မသိလိုက်ဘူးဗျ”

“ကောင်လေးက ငယ်ငယ်လေးပါဗျာ။ အသက်က နှစ်ဆယ်စွန်းစွန်းလောက်ရှိမှာပေါ့၊ ကားက ကားဂိတ်ကနေအထွက်၊ သူကလည်း လမ်းလျှောက်လာရင်း ချော်အလဲနဲ့ ကားနောက်ဘီးအောက်ကို ခေါင်းဝင်သွားတာပဲဗျာ”

“ဪ၊ သနားပါတယ်ဗျာ”

“ဟုတ်ပ၊ အင်္ကျီကလည်း လက်ရှည်အဖြူရောင်လေးနဲ့ ပုဆိုးကလည်း အပြာကွက်ကလေးဗျ”

အုံနာပြောသည့်စကားကို ကြားလိုက်ရသည့်အခါမှ ဦးလှသိန်းတွေ့ခဲ့သည့် ကောင်လေးမှာ ထိုကောင်လေးနှင့် တစ်ထေရာတည်းတူနေသည်ကို သိလိုက်ရတော့သည်။ ထိုသည်ကတော့ ဦးလှသိန်းနှင့် စပယ်ယာကိုမင်းတို့၏ ဘ၀တစ်ကွေ့တွင် တွေ့ကြုံခဲ့ရဖူးသော ကိုယ်တွေ့နာနာဘာ၀ဖြစ်ရပ်များပင် ဖြစ်ပါသည်။ ဖြစ်ရပ်မှန်အတိုင်း အမည်၊ နေရာများ မပြောင်းလဲဘဲ တင်ပြရေးဖွဲ့လိုက်ရပါသည်။

(ဇတ်လမ်းပြောပြသည့် ကိုဆံရှည်ကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ” စာရေးသူ)

ပြီးပါပြီ
#အဂ္ဂဇော် #သရဲ #horror #ဖြစ်ရပ်မှန်
#credit

No comments

Post a Comment