မိဘအတွက်(စ/ဆုံး)

  မိဘအတွက်(စ/ဆုံး) သူ့နာမည်က ဇာဝီ။ ဘယ်လိုအဓိပ္ပါယ်နှင့် သည်နာမည်ပေးခဲ့လေသည်တော့ မသိ။ ဆိုးလိုက် မိုက်လိုက်သည်မှာ တာတေလံ နေသည်။ မူးလာသည်နှင့် ... thumbnail 1 summary

 မိဘအတွက်(စ/ဆုံး)


သူ့နာမည်က ဇာဝီ။ ဘယ်လိုအဓိပ္ပါယ်နှင့်
သည်နာမည်ပေးခဲ့လေသည်တော့ မသိ။
ဆိုးလိုက် မိုက်လိုက်သည်မှာ တာတေလံ
နေသည်။ မူးလာသည်နှင့် ပုဆိုးကွင်းသိုင်း
ကာ ရွာရိုးလျှောက်ဆဲချင်ဆဲ နေတတ်သည်။

ဖဲနိုင်သည့် ရက်မျိုးဆိုရင်တော့ သီချင်းတ
ကြော်ကြော်နှင့်။ နိုင်သည့်ရက်ကတော့
နည်းပါးလှပါသည်။ ဘာကြောင့်လဲဆိုတော့
မကုန်မချင်း ဖဲဝိုင်းက မထ။ ဝိုင်းမသိမ်းမချင်း၊
ဖဲဝိုင်းက မပြန်၊ ဝိုင်းသိမ်းမှနိုင်သည့်လူဆီက
အရက်ဖိုး တောင်းပြန်တတ်သည်။

လူမိုက်နှင့် ငွေ အတူမနေသည့် လူစား
တွေထဲမှာ ဇာဝီထိပ်ဆုံးက ဖြစ်သည်။

အမှန်ဆိုရလျှင် ဇာဝီက မိဘတွေရှိတုန်းက
တင့်တောင့်တင့်တယ် နေခဲ့ရသူပါ။
။ ခြံရှိသည်။ ရွာလယ်မှာ အိမ်ရှိ
သည်။ ဇာဝီအဖေက အလုပ်ကို ကြိုးစား
လုပ်ကိုင်သူ ဖြစ်သည်။ အဲ မိခင်က ဇာဝီကို
အလိုလိုက်သည်။ တောရွာနှင့် မတန်အောင်
အဝတ်အစားဆင်သည်။ မုန့်ဖိုးပေးသည်။
ဆိုဆုံးမမှု မရှိ။

အသက်ကလေးရလာတော့ ဇာဝီပျက်လာ
သည်။ အရက်ကလေးတမြမြ လုပ်လာသည်။
ရွာမှာ လုပ်သည့် ဖဲဝိုင်းသူ ရောက်နေတတ်
သည်။ အိမ်ပြန်ငွေတောင်း၍ မရလျှင် ဆူဆူ
ပူပူလုပ်လာသည်။ ဒီအခါ ဇာဝီအဖေက သူ့
မိန်းမကို အပြစ်တင်သည်။ ဒီကောင် ပျက်စီး
ရတာ နင့်ကြောင့်ပေါ့။

ဒီဒုက္ခသူမခံနိုင်ဟုဆိုကာ လယ်တွေ ရောင်း
ပစ်လိုက်သည်။ ရွာဦးကျောင်းဆရာတော်ကို
လှူသင့်သလောက်လှူပြီး ကျောင်းမှာ ကိုရင်
ကြီး ဝတ်နေလိုက်သည်။ ကျန်တာ သူတို့
သားအမိ ဘာလုပ်လုပ် သဘောထားလိုက်
တော့သည်။ မိခင် ဖြစ်သူမှာလည်း ဇာဝီစိတ်
နှင့် ကွယ်လွန်သွားသည်။

ဖခင်ကိုရင်ကြီးကတော့ ဆရာတော်အကူ
အညီဖြင့် ရွာနှင့်ဝေးရာ ဘုန်းကြီးကျောင်း
တစ်ကျောင်းမှာ သွားရောက်သီတင်းသုံး
နေတော့သည်။ သေသည်ရှင်သည် မသိ
ရတော့၊ မိခင်ကြီး ဆုံးပြီးတော့ မိငုံဆိုသော
မိန်းကလေးနှင့် ဇာဝီ အိမ်ထောင်ကျသည်။

တစ်ရွာတစ်ကျေးမှ ပါလာသောကြောင့်
မျိုးရိုးမသိရ။ မိဘမသိရ။

သူတော်ချင်းချင်း သတင်းလွေ့လွေ့၊ ပေါင်း
ဖော်တွေဟုသာ ပြောရပေမည်။ မိငုံကလည်း
ဇာဝီခြေရာ လိုက်နင်းသည်။ ဖဲဝိုင်းတကာ ဖဲ
ဝိုင်း သူတို့ မရောက်သည်မရှိ၊ ရှိသည့်ခြံလေး
ရောင်းလိုက်တော့ ငွေသားလေးကို ကိုင်မိ
လာသည်။ ထိုအချိန်မှာတော့ ဟိုဝိုင်းက
ဇာဝီခေါ် ဒီဝိုင်းက ဇာဝီခေါ်၊ ကုန်သွားပြန်
တော့ အိမ်နှင့် အိမ်နေရာကို ရောင်းသည်။

ရွာနှင့် သင်္ချိုင်းစပ်ကြားမှာ တဲထိုးပြီး
သွားနေကြသည်။ စားစရာမရှိတော့
ချောင်းစပ်၊ မြောင်းစပ်မှာ ကွန်ပစ်သည်။
အိုင်ပက်သည်။ ဖားနှိုက်၊ ငါးနှိုက်လုပ်
ကြသည်။ ရတာလေးက စားသည့်အထဲ
မပါ၊ အရက်ဖိုးနှင့် လောင်းကစားဖိုးထဲ
ပါသွားသည်က များလေသည်။

တစ်နေ့တွင် လင်မယားနှစ်ယောက် တစ်
ဖက်ရွာက ဝက်သားပေါ်ပေးကြသည်။
အပြန်ကျတော့ ဝက်ရှင်က ကလီစာတစ်
တွဲနှင့် ဝက်ပေါ်ခ ငွေပေးလိုက်သည်။

ပြန်လာကြတော့ ဝေလီဝေလင်းအချိန်ဖြစ်သည်။
ဇာဝီက အတော်ပင် မူးနေလေသည်။ သူတို့အိမ်
ရောက်အောင် သင်္ချိုင်းကို ဖြတ်ပြန်ကြရသည်။
ထိုစဉ် သင်္ချိုင်းအလယ် ညောင်မုတ်ဆိတ်ပင်ကြီး
နောက်က လူအရွယ်ထက်မြင့်သော အကောင်
ကြီးတစ်ကောင် ထွက်လာကာ…

"အဲဒီ ဝက်သားတွဲ ငါ့ကိုပေး"

ဇာဝီက မူးနေသည့် အရှိန်ကြောင့် ကြောက်
ရမှန်းမသိ၊ မိငုံကလည်း ယောက်ျားရှိတော့
မကြောက်။

"ဘာလို့ ပေးရမှာလဲ မင်းက သရဲလား"

"ဟုတ်တယ် ငါ စားချင်လို့ "

"မင်းကျွေးတော့ ငါတို့ဘာအကျိုးရှိမှာလဲ"

"အကျိုးရှိအောင် လုပ်ပေးမယ်၊ မင်းတို့နဲ့
နေရမလား"

"အကျိုးရှိမယ်ဆို နေကွာ"

"ရော့ ဝက်ကလီစာ၊ ငါတို့ တစ်ဝက်ယူ
သွားမယ်"

ဇာဝီသည်လက်ထဲက ကလီစာတွဲကို
တစ်ဝက်ခွဲပေးခဲ့ပြီး ပြန်လာခဲ့ကြလေ
တော့သည်။ ထိုကိစ္စကိုလည်း မေ့မေ့
ပျောက်ပျောက်ပင်ထားလိုက်လေသည်။

တစ်လခန့်ကြာပြီး ညတစ်ညတွင်…

"ကိုဇာဝီ ကျမဗိုက်ထဲက နာနေတယ်"

"နာရင် အိမ်သာသွားပေါ့ဟာ…ငါ့ဘာလို့
လာပြောနေတာလဲ"

"အိမ်သာသွားချင်လို့ နာတာမျိုး မဟုတ်ဘူး
တော်ရဲ့"

"ဒါဆိုလည်း နင်အစာမှားလို့ ဗိုက်ထဲက
အောင့်တာနဲ့ တူတယ်"

"အဲဒီလိုမျိုး မဟုတ်ပါဘူး ဆိုနေ မိန်းမတွေ
ကလေးမွေးခါနီး နာသလိုမျိုးတော့"

"နင်က ဘယ်က ကလေးရှိလို့ နာရတာလဲ။
လာပြီး အရူးထမနေနဲ့၊ မနက် ချိန်းဝိုင်းသွား
ဖို့ ပိုက်ဆံမရှိလို့ စိတ်ညစ်နေရတဲ့အထဲမှာ"

"ဟုတ်တယ် ကိုဇာဝီရဲ့အမလေး နာလှ
ချည်ရဲ့ …လက်သည်ခေါ်ပေးပါ ကိုဇာဝီရဲ့"

"သောက်ဆံမရှိရတဲ့ ကြားထဲ ဒီမိန်းမ
ငါထလုပ်လိုက်ရ"

"အောင်မလေး သေပါပြီတော်"

"ကဲ ဒီလောက်ဖြစ်လှတာ ငါကိုယ်တိုင်
မွေးပေးမယ်"

ဇာဝီသည် မိငုံအနားသွားကာ ဗိုက်ကို အ
သာ ပွတ်ပေးလိုက်သည်။

"ဟောတော် မွေးတော့မယ် အဝရောက်
နေပြီ ကိုဇာဝီ ဆွဲထုတ်လိုက်တော့ "

ဇာဝီလည်း မူးမူးရူးရူးဖြင့် မိန်းမလုံချည်လှန်
ကာ ကြည့်လိုက်တော့ တစ်ထွာသာသာခန့်
ရှည်မျောမျောအရာ တစ်ခု ထွက်ကျလာ
သည်ကို တွေ့ရလေသည်။ ဖယောင်းတိုင်
မီးအောက်တွင် ယူကြည့်လိုက်သောအခါ…

"ဟုတ်တယ် မိငုံရေ…လူလေးဟ…လူလေး…
သူများတွေပြောသလိုမျိုး လူခြောက်ကလေး
ဟ အသက်တော့ ရှိဟန် မထင်ဘူး"

ဇာဝီသည် အညစ်အကြေးများကို သေချာ
သန့်စင်ပြီး ကြည့်ပြန်သည်။

"ဟဲ့မိငုံ …နင့်ဟာက လူခြောက်တော့
လူခြောက်ပဲ။ ဒါပေမဲ့ လူနဲ့မတူဘဲ ဘီလူး
နဲ့ တူနေတယ်။ ဆံပင်တွေကလည်း လည်
ပင်းပေါ်ဝဲကျလို့။ အပေါ်စွယ် အောက်စွယ်
တွေကလည်း အပြင်ထွက်နေတယ်။ နှာ
ခေါင်းက ပိပြားပြီး အပေါက်ပဲတွေ့ရတယ်။
နားရွက်တွေက ချွန်ချွန်တွေ …တော်ပါဟ
သွား လွှင့်ပစ်လိုက်မယ်"

"ထားပါဦး ကိုဇာဝီရယ် လေးငါးရက်စောင့်
ကြည့်ပါဦး"

"ဒါဖြင့်ပြီးရော နင့်ဟာနင်ယူထား ငါတော့
အလုပ်လာမရှုပ်နဲ့ မနက် ဖဲရိုက်ဖို့ ငွေရှာရ
ဦးမယ်"

ပြောပြောဆိုဆို ဇာဝီသည် ဝါးကြမ်းခင်းပေါ်
ဝမ်းလျားမှောက် အိပ်ချလိုက်တော့သည်။
မိငုံလည်း မောမောနှင့်အိပ်လေပြီ။
နံနက်လင်းသည်နှင့်.…

"ကိုဇာဝီထစမ်းပါဦး…ကျမ ပြောစရာရှိလို့ "

ဇာဝီ လူးလဲထာကာ…

"ငါလည်း နင့်ပြောရဦးမယ် နင်မွေးတဲ့လူ
ခြောက်ကလေးပုံစံအတိုင်း ဆယ့်လေးငါး
နှစ်အရွယ် ကောင်လေးက အဖေ ဖဲကစား
ဖို့ အိမ်ရှေ့ထွက်ကြည့်ပါဦး ပြောတယ်"

"ကျမလည်း အဲ့အတိုင်း မက်တယ်တော့"

ဇာဝီသည် ပြောပြောဆိုဆို တဲရှေ့ကို လှမ်း
ကြည့်လိုက်သည်။ ကြည့်စမ်း တထောင်
လောက်ရှိတဲ့ ငါးရံ့ကြီးလေးကောင် နှီးနှင့်
ပါးဟပ်ကို ထိုးကာ တံစက်မြိတ်တွင် ချိတ်
ထားသည်ကို တွေ့လိုက်ရလေသည်။

ဇာဝီလည်း ဒါမှငါ့သား ဟုအော်ကာ ငါးရံ့
တွဲကို ဖြုတ်ကာ ငါးကောက်သော ရွဲ့သို့
ပြေးကာ ရောင်းလေတော့သည်။ မြိုးမြိုး
မြက်မြက် ပိုက်ဆံရလိုက်သည်ဖြစ်၍
မိငုံကို တစ်ဝက်ခွဲပေးကာ ရွာထဲသို့ ထွက်
သွားလေတော့သည်။

မိငုံလည်း အကျိုးပေးမယ့် ကလေးဟု
ဆိုကာ အဝတ်စသန့်သန့်နှင့် ပတ်ပြီး
စက္ကူပုံးအလွတ်ကလေးထဲ ထည့်ထား
လိုက်တော့သည်။

သို့သော်လည်း ညနေစောင်းတော့ ဇာဝီတစ်
ယောက် မူးပြီး ပြန်လာသည်။ ပါသွားသည့်
ငွေမှာ ဖဲရှုံး၍ ကုန်ခဲ့ပြီ။ ထမင်းတောင် မိငုံ
ချက်ထား၍ စားရခြင်း ဖြစ်လေသည်။ ည
ကျတော့ ဇာဝီတို့ကို အိပ်မက်ပေးပြန်သည်။

"ခင်ဗျားတို့ ရက်စက်တယ်ဗျာ၊ ရှာပေးတဲ့
ကျုပ်ကျတော့ ဘာမှ မကျွေးဘဲ သုံးပစ်
ကြတယ်။ ဒီတစ်ခါ ရှိစေတော့ နောက်ကျ
ရင် ကျွေးမှာလား"

"ကျွေးမှာပေါ့ သားရယ်၊ အဖေတို့က မသိလို့ပါ"

မိုးလင်းတော့ အိမ်အပြင်မှာ ဆူဆူညံညံသံ
တွေကြောင့် ဇာဝီနိုးလာသည်။ အသံတွေက
အခြားမဟုတ် ။ ဇာဝီ ငါးဖမ်းသည့် ပိုက်ကွန်
ဖြင့် ကြက်အရှင်သုံးကောင်ကို လုံးထွေး၍
အုပ်ထားခြင်းကြောင့် ဖြစ်လေသည်။

မိငုံလည်း နိုးလာသည်။ အံ့သြဟန်တော့
မပြ။ သူလည်း သိပြီးဖြစ်ပေလိမ့်မည်။

"မိငုံရေ…ထ ကြက်တစ်ကောင်ထားပစ်ခဲ့မယ်။
ချက်ပြုတ်ထားလိုက်၊ နင့်သားကိုလည်း တစ်
ဝက် ခပ်ကျွေးလိုက်၊ ဒီနှစ်ကောင်တော့ ငါ
သွားရောင်းလိုက်ဦးမယ်"

"ကိုဇာဝီခဏ ကျမ ပြောစရာရှိလို့ "

"ဘာလဲ ပြောပြော"

ရှင်ရထားတာလေး ရောင်းလိုက် ဖဲရိုက်ပစ်
လိုက် လုပ်နေလို့ကတော့ ကျမတို့ လူမွေး
သူတောင်ပြောင်မှာ မဟုတ်ဘူး။ ကျမတို့
နှစ်ယောက် စလုံး စိတ်ဓါတ်တွေ ပြောင်းပြီး
စုစုဆောင်းဆောင်း နေကြရအောင်လား"

"အောင်မယ် ခွေးပါးစပ်က ခွေးစကားပဲ
ပြော၊ ချမ်းသာချင် သူ့ဘာသာ ဖြစ်လာ
လိမ့်မယ်။ ငါ့ဆရာလာမလုပ်နဲ့ "

မည်သို့ပင် ဖြစ်စေ သူတို့လင်မယား ပြောင်
ပြောင် ရောင်ရောင် ဖြစ်လာသည်ကတော့
အမှန်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ စျေး
ကောင်းရသော ငါးသလောက်၊ ငါးဘတ်၊
ကက်ကတစ် စသော ငါးကြီးများ လေးငါး
ပိဿာလောက်ပင် ရလေ့ရှိ၏။ တစ်ညတွင်
အိပ်မက်ပေးပြန်သည်။

"အဖေ ဟိုတစ်ခါ ဝက်ကလီစာကျွေးတာ
မဝသေးဘူးဗျာ၊ ဒီတစ်ခါ ဝအောင်ကျွေး
အဖေ့တဲနောက်ဘက်မှာ ဝက်တစ်ကောင်
ချည်ထားတယ် သွားပေါ်ချေ"

"ဟေ့ကောင် ပိုင်ရှင်က တွေ့လို့ ငါ့ကိုခိုးရာ
ပစ္စည်းနဲ့အတူ အဖမ်းခံနေရပါဦးမယ်"

"အဖေစိတ်ချ ဒီပတ်ဝန်းကျင်က အကောင်
တွေ ကျုပ်မလုပ်ဘူး"

မနက်ကျတော့ ဝက်ပေါ်အိမ်ရှိရာ တစ်ဖက်
ရွာသို့ သွားကာ စျေးစကားပြောကာ လူခေါ်
လာပြီး လက်ညှိုးထိုးရောင်းလိုက်သည်။

"အဲဒီဝက် ကျုပ်ပေါ်မယ်ဗျို့ ပေါ်ခ ကလီစာ
ပဲပေး"

ဇာဝီတစ်ယောက် ဝက်ဖိုး မြိုးမြိုးမြက်မြက်
ရလိုက်သည်။ ကလီစာလည်း ဝက်ပေါ်ခ
နှင့် နှိမ်၍ ပေးစရာမလို၊ ထိုနေ့တစ်နေ့လုံး
ဖဲဝိုင်းမှာ ဇာဝီတို့ မျက်နှာပွင့်နေသည်။

ငွေကလည်း ဟောခနဲ ဟောခနဲ သုံးနိုင်
တယ်ကိုး။

နေ့စဉ်ရက်ဆက် ဝင်ငွေ မပြတ်ရနေသော်
လည်း ဇာဝီတို့မှာဒုံရင်း ဒုံရင်းဟုသာ ဆိုရ
ပေမည်။ ကြမ်းခုနှစ်ချောင်း၊ အပေါက်ဗလ
ဝနှင့် တဲလေးကိုပင် မပြင်နိုင်။ မိငုံကတော့
အဝတ်အစားလေး ဝယ်ဝယ်ထားသည်မို့
ပြောင်ပြောင်လက်လက် ရှိနေသည်။

တစ်ညတွင် အိပ်မည်ဟု ဇာဝီမီးမှုတ်လိုက်
သည်။ ထိုစဉ် ကြမ်းခင်းဆီမှ ဂျိုးဂျိုးဂျွတ်
ဂျွတ်နှင့် လမ်းလျှောက်သံ ကြားရတော့
သည်။

"ဟဲ့ မိငုံ မအိပ်သေးဘူးလား"

"ကျုပ်ပါ အဖေရ"

မှောင်ထဲမှာမို့ ဘာမှမမြင်ရ၊ အသံသာကြား
နေရသည်။

"ငါအိပ်မက်မက်နေတာတော့
မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး ကျုပ်ကိုယ်တိုင် လာတာပါ"

" ဒါဆိုငါလည်း မင်းနဲ့ ဒီလို စကားပြောချင်
နေတာ"

"အဖေ ဘာပြောချင်လို့လဲ"

"အဖေတို့ကိုသာ ဒီလို မစို့မပို့ပေးနေလို့
အဖေတို့လည်း ချောင်လည်မှာ မဟုတ်ဘူး။
လုပ်ကိုင်စားလို့ရအောင် အရင်း
အနှီးလုပ်ပေးကွာ"

"ကျုပ်ပေးတော့ကော အဖေတို့ စုစုဆောင်း
ဆောင်းလုပ်လို့လား၊ နေ့တိုင်း သုံးဖြုန်းပစ်
နေပြီတော့ "

"ဒီတစ်ခါတော့ အမေပြောသလို များများလေ
ပေးပါကွာ။ တကယ် အလုပ်လုပ်ပါမယ်"

"ဒီတစ်ခါပဲနော် နောက် မရဘူးမှတ်"

အသံတွေတိတ်သွားသည်။ အိပ်မက် မက်
နေတာ ဟုတ်မဟုတ် သိရအောင်…

"မိငုံ မိငုံ အိပ်ပြီလား"

"မအိပ်သေးပါဘူး၊ ကျမ အားလုံးကြားပါ
တယ်။ မိငုံတို့တော့ သူဋ္ဌေးဖြစ်ပြီပေါ့နော်"

"ဘာခုမှ သူဋ္ဌေးဖြစ်ပြီပေါ့လဲ။ ကိုယ့်သား
သမီးဆီကတောင် မတောင်းတတ်ဘူး။
ကမြင်းမ ငါဆောင့်ကန်လိုက်လို့ "

ဇာဝီတော်တော်နှင့် အိပ်မပျော်တော့ တွေး
လိုက်တိုင်းပျော်နေသည်။ ဒါကြောင့် လူ
ခြောက်ကို လူတွေမွေးချင်တာဟု ကောက်
ချက်ချသည်။ မနက်ဖြန် ဟိုကောင် ဘာတွေ
ပေးမှာပါလိမ့် မလဲဟုတွေးရင်း အိပ်ပျော်
သွားသည်။

"ဟေ့ကောင် ဇာဝီ …ထစမ်း ထစမ်း
ဟေ့ကောင် မြန်မြန်ထ"

ဝါးကြမ်းခင်းကို လက်နှင့် တဖြန်းဖြန်းရိုက်သံ
ကြောင့် ဇာဝီရော မိငုံပါ နိုးလာကြသည်။
မျက်စိကို ပွတ်သပ်ကာ အသံလာရာသို့
ကြည့်ကြသည်။ အိမ်ရှေ့မှာ လူလေးငါး
ယောက်ပါလား။ အုပ်ချုပ်ရေးမှူးပါသည်။
ရဲပါသည်။ ကုလားတွေပါသည်။

"ဟောဒီမှာ မာမွတ်ခေါ် ဦးတင်မောင်
ထွတ်က သူ့နွားတွေ ပျောက်လို့ လာရှာတာ"

"ရှာလေဗျာ ကျုပ်က ဘာလုပ်တာ မှတ်လို့"

"ရှာလေဗျာ လုပ်မနေနဲ့ ခုဆင်းခဲ့"

သူ့မှာ သက်သေမှ မရှိသည်မို့ ဇာဝီ ရဲရဲ
တင်းတင်းပင် ဆင်းသွားလိုက်သည်။

အိမ်အောက်ရောက်သည်နှင့် ရဲတစ်ယောက်
က သူ့ကို လက်ထိပ်ခတ်လိုက်သည်။

"ဟိုမှာကြည့်စမ်း မင်းအိမ်နောက်မှာရော
မင်းအိမ်မှာရော ချည်ထားတဲ့ နွားတွေ"

အောင်မလေး ဟုတ်ပါရဲ့…နွားတွေက
အကောင်နှစ်ဆယ်ကျော်မလားပဲ။ ဇာဝီ
စိတ်ထဲက ပြောလိုက်သည်။ တစ်ဆက်
တည်း မွေးထားသော လူခြောက်ကလေး
ကို လွှဲချလေသည်။

"အဲဒါ ကျနော်သား လုပ်တာဗျ ကျတော်
မသိဘူး"

"မင်းက ဘယ်တုန်းက ကလေးမွေးလို့
သားရှိနေရတာလဲ၊ ခေါ်စမ်း အဲဒီသားကို"

ဇာဝီ ရင်ကိုကော့ကာ…

"မိငုံ သားကိုခေါ်ခဲ့စမ်း"

မိငုံ တဲထဲမှာ ထွက်လာပြီး

"ကျမတို့သား မရှိတော့ဘူး ကိုဇာဝီရဲ့
မရှိတော့ဘူး"

မိငုံတုန်တုန်ရင်ရင်နှင့် ပြောနေသည်ကို
အုပ်ချုပ်ရေးမှူးက ကြားဖြတ်ကာ

"ကဲ နင်တို့ဟာတွေ နောက်မှရှင်း ဟောဒီ
က ဦးတင်မောင်ထွတ်ရဲ့ နွားသတ်ရုံက
နွားနှစ်ဆယ့်နှစ်ကောင် ညက ပျောက်လို့
လာတိုင်တာ ခု မင်းဆီမှာတွေ့တာ မင်း
ခိုးတာပဲ ။ ကဲ သူတို့နဲ့ လိုက်သွားပေတော့"

မူရင်းရေးသူ ဆရာ ချစ်မုန်းငြိမ်း

မနောမယဂျာနယ်မှ ကူးယူဝေမျှထားပါသည်။

#ညမဖတ်ရ

No comments

Post a Comment