အောင်မြတ်သာနှင့်ကြောင်တစ်ရာစေတီ

ကျုပ်ကသူတို့ကိုပြန်စောင့်ကြည့်နေရပီလေ" အောင်မြတ်သာတို့လဲ စကားပြောရင်း လမ်းလျောက်လာခဲ့တာ မြေကြီးထဲကိုကျွံဝင်နေတဲ့ စင်္ကြန်လမ်းတစ်နေရာကိ... thumbnail 1 summary

ကျုပ်ကသူတို့ကိုပြန်စောင့်ကြည့်နေရပီလေ"

အောင်မြတ်သာတို့လဲ စကားပြောရင်း လမ်းလျောက်လာခဲ့တာ မြေကြီးထဲကိုကျွံဝင်နေတဲ့ စင်္ကြန်လမ်းတစ်နေရာကိုရောက်လာခဲ့ကြတယ်။
"ဒီနေရာက ဌာပနာတိုက်ကိုသွားတဲ့လမ်းကြောင်းလေ"
" သင်က သိလှချည်လား "
" သိဆို ကျုပ်တရားထိုင်နေရင်း ဌာပနာတိုက်ထဲ မယောင်မလည်နဲ့ရောက်သွားဖူးတာကိုး၊ အထဲမှာ ဓါးစက်၊ လှံစက်၊ မီးစက်တွေ နေရာလပ်မရှိအောင် စီရင်ထားကြတာ သာမန်လူတွေဝင်မိရင်တော့ မတွေးရဲစရာပဲ"
" အထင်ကရ ဘုရားတွေရဲ့ ဌာပနာတိုက်ထဲမှာ ဒီလိုအစီရင်မျိုးတွေထားရှိတတ်ကြတာ ထုံးစံပါပဲ။ ဒါနဲ့ သင်ကရော အခုဘယ်ကိုဆက်သွားမယ် ဆုံးဖြတ်ထားလဲ"
" ကျုပ်ကတော့ တောထဲပဲပြန်ဝင်တော့မယ်။ ရှုပ်ထွေးပွေလီတဲ့ လောကကြီးကို အတော်စိတ်ကုန်နေပြီ"
" ကျုပ်ကတော့ ဝင်မရသေးဘူးဗျ။ အခုလဲ ဒီစေတီမှာစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမဖို့ လာခဲ့တာ။ ဖြစ်ချင်တော့ တွေ့ချင်တဲ့သူနဲ့မတွေ့ပဲ ခင်ဗျားနဲ့လာတွေ့တာပဲဗျို့"
" ခင်ဗျားပြောတဲ့ပုဂ္ဂိုလ်ဆိုတာ ဟိုအပင်အောက်ကကောင်ကိုပြောတာလား"
မီးခဲရဲ့စကားကြောင့် အောင်မြတ်သာလှမ်းကြည့်လိုက်ရာ ထန်းပင်အောက်ခြေမှာ လက်ညိုးလုံးလောက်ရှိတဲ့ လျှော်ကြိုးနဲ့တုပ်နှောင်ခံထိထားတဲ့ လူလိုလို ဘီလူးလိုလိုအကောင်ကို‌မြင်လိုက်ရတယ်။
" သူက....."
" သူ့ကိုယ်သူတော့ ဒီစေတီအစောင့်လို့တော့ပြောတာပဲ။ ကျုပ်ကို ဆက်ဆံတာအချိုးမပြေလို့ နှစ်ချက်သုံးချက်လောက် ပိတ်ကန်ပြီး ကြိုးနဲ့တုပ်ထားလိုက်တာ"
မီးခဲစကားကြောင့် အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး
" ဒါဖြင့် ကျုပ်သူ့ဆီက ခွင့်ပြုချက်တောင်းစရာလေးရှိလို့ ကြိုး‌ဖြည်ပေးလိုက်စမ်းပါဗျာ"
" ဘာလဲ ကိုးနဝင်းစေတီက သဘက်ကြီး ကိစ္စလား"
" ဟ ခင်ဗျားက သိလှချည်လား"
" သိဆို ခင်ဗျားကို လိုက်ပို့တဲ့ မဲတူးဆိုတဲ့ကောင်က ကျုပ်လက်ချက်ကြောင့် အခုလိုအပိုးကျိုးနေတာလေ၊ သူ့ဆရာ သဘက်ကြီးကလဲ ကျုပ်ကို အကူညီတောင်းထားဖူးတယ်"
" ဟုတ်လား ဒါဖြင့် သင်ကူညီပေးလို့ရနေတာပဲ ဘာကြောင့် ကျုပ်ကို ဒီရောက်အောင် ခေါ်လာခဲ့တာလဲ"
" ဘာကြောင့်ဆိုတော့ ကျုပ်ဘဝနဲပတ်သတ်တဲ့ အကြောင်းအရာတွေကို အခြားတစ်ယောက်စီ ပေးချင်လို့ သင့်ကို ဒီရောက်အောင် ခေါ်လိုက်ရတာပဲ"
" သင်ဘဝအတွက် အရေးကြီးတယ်ဆိုရင် ကျုပ်ကူညီပေးပါမယ် ၊ ကျုပ်ကိုပေးချင်တဲ့အရာက ဘာများလဲ"
အောင်မြတ်သာစကားအဆုံးမှာ မီးခဲက သူလွယ်ထားတဲ့အိတ်ထဲကနေ ဟောင်းနွမ်းလုဆဲဆဲဖြစ်နေတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ကာ ကမ်းပေးလိုက်တယ်။
" ဒီစာအုပ်ထဲက အကြောင်းအရာတွေက ဘာတွေများလဲ'
" အမှန်တိုင်းပြောရရင် ကျုပ်ကိုယ်တိုင်ဖောက်ခဲ့တဲ့ လမ်းစဉ်တွေကို အဆင်ပြေသလိုချရေးထားတဲ့ စာအုပ်ပဲ၊ ဒီထဲပါတဲ့အရာတွေက မသင့်တော်တဲ့လူတွေလက်ထဲရောက်သွားရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်၊ ဒါကြောင့် သင့်ကို ထိန်းသိမ်းဖို့အကူညီတောင်းရတာပါ"
" ကျုပ်က ဒီစာအုပ်ကို ဘယ်သူ့ကိုပေးရမှာလဲ"
" လောလောဆယ် ဒီစာအုပ်ကို သင်ပဲသိမ်းထားပေးပါ ၊ စာအုပ်ပိုင်ရှင်က အခုချိန်မမွေးဖွားသေးတဲ့အတွက် သူမွေးဖွားပြီး အရွယ်ရောက်လာတဲ့ထိ သင်ကစောင့်ဆိုင်းပြီး သူ့လက်ထဲကို အပ်နှံပေးပါ၊ ကျုပ်စိတ်ချမယ်နော်"
အောင်မြတ်သာလဲ သူ့ကိုကမ်းပေးထားတဲ့ စာအုပ်ကိုလှမ်းယူလိုက်တဲ့အချိန် အရှေ့မှာရှိနေတဲ့ မီးခဲဆိုတဲ့သူရဲ့ခန္ဓာကိုယ်က တစ်ဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားခဲ့တယ်။
(မီးခဲဆိုတဲ့သူပေးသွားတဲ့ စာအုပ်ကို ပိုင်ဆိုင်မယ့်သူရဲ့အကြောင်းကိုတော့ သီးခြားထပ်ရေးပေးသွားပါမယ်)
+++++++++++++
" ကျုပ်ကိုလွှတ်ပေးပါ လွှတ်ပေးပါ ကျုပ်မစော်ကားတော့ပါဘူး တောင်းပန်ပါတယ် လွှတ်ပေးကြပါ"
ထန်းပင်အောက်ကနေ အော်ဟစ်တောင်းပန်နေတဲ့အသံကြောင့် အောင်မြတ်သာ တရားဖြုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။
" ဆရာ ဆရာ ကျုပ်ကို လွှတ်ပေးပါ ကျုပ်တကယ် လိမ်မာပါတော့မယ်"
အောင်မြတ်သာလဲ ထပ်ခါတစ်လဲလဲ တောင်းပန်တဲ့အသံကြောင့် စေတီပေါ်ကနေ ထန်းပင်ရှိတဲ့ဘက်ကို ဆင်းလာခဲ့လိုက်တယ်။
" သင့်ကို ချုပ်နှောင်သွားတဲ့သူပြောတာကတော့ မှတ်သားလောက်အောင်ထားရမယ်တဲ့ အခုသင်ကကျုပ်ကို တစ်မျိုးပြောနေပြန်ပီ"
" မဟုတ်ပါဘူးဆရာရယ် ကျုပ်တကယ် လိမ်မာပါတော့မယ် ချည်ထားတဲ့ကြိုးကိုသာဖြုတ်ပေးပါ"
" ကျုပ်သင့်ကိုလွှတ်ပေးတာက လွှတ်ပေးလို့ရတယ် ဒါပေမယ့် ....."
" ဒါပေမယ့် ဘာဖြစ်လဲ "
" မနေ့ညက ကျုပ်တရားထိုင်တဲ့အချိန် တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေတဲ့ လူအချို့ကိုမြင်လိုက်ရတယ်၊ သူတို့ရဲ့မျက်နှာမှာလဲ ထိတ်လန့်ကြောက်ရွံ့မှုတွေကိုအရှင်းသားမြင်တွေ့နေရတယ် ၊ ဒီလူတွေကို သင်တို့ခိုင်းစေဖို့အသုံးပြုနေတာလား"
အောင်မြတ်သာစကားကြောင့် ထန်းပင်အောက်မှာ ချုပ်နှောင်ခံထားရတဲ့သူရဲ့မျက်နှာအနည်းငယ်ပျက်သွားပြီး
" မဟုတ်ပါဘူး မဟုတ်ပါဘူး သူတို့က ဒီနယ်မြေကို ကျူးကျော်ဝင်လာလို့ ကျုပ်လက်အောက်ငယ်သားတွေက အပြစ်ပေးခဲ့ကြတာပါ။ အခြားဘာမှမလုပ်ထားပါဘူး"
" ကောင်ပြီ ဒါဖြင့်လဲ လမ်းမှာတွေ့ခဲ့တဲ့ အရိုးတွေကို ကျုပ်ပြန်ယူသွားပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးမယ် ကျုပ်ဒီကနေပြန်သွားပြီးကာမှ သင့်ကိုချုပ်နှောင်ထားတာ အလိုလိုပျက်ပျက်သွားလိမ့်မယ်"
အောင်မြတ်သာစကားအဆုံးမှာ ထန်းပင်အောက်မှာချုပ်နှောင်ခံထားရတဲ့သူဆီကနေ ဘာသံမှထပ်ထွက်မလာတော့ပဲ ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။
ညသန်းခေါင်အချိန်မှာတော့ ကြောင်တစ်ရာစေတီပေါ်ကို အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမနှစ်ယောက် တက်လာခဲ့တာကို အင်းကွက်ဆွဲနေရင်း လှမ်းမြင်လိုက်ရတယ်။
မိန်းမနှစ်ယောက်က ဘုရားပေါ်ရောက်တာနဲ့ အမွှေးတိုင်၊ဖယောင်းတိုင်တွေ ပူဇော်ပြီး မတ်တပ်ရပ်လျက်နဲ့ပင် ဘုရားရှိခိုးနေခဲ့တယ်။ အားလုံးပြီးစီးသွားတဲ့အချိန်ရောက်တော့ အင်းကွက်ဆွဲနေတဲ့ အောင်မြတ်သာဆီကို တန်းတန်းမတ်မတ်လျောက်လာခဲ့ကြတယ်။
" ဆရာ စေတီမှာ နေထိုင်လို့ သက်တောင့်သက်သာဖြစ်ပါရဲ့လား"
" အင်း အဆင်ပြေပါတယ် သင်တို့ကျုပ်ကို ဘာများပြောစရာရှိလဲ မရှိရင် ကိုယ့်လမ်းကိုယ်သွားကြ"
" ရှိပါတယ်ဆရာ "
" ကဲ ဘာအရေးကိစ္စများရှိပါသလဲ ကျုပ်နိုင်တဲ့ဘက်က ကူညီပေးပါမယ်"
" မကြာခင် ကြောင်တစ်ရာစေတီရှိရာကို သီလသမာဓိပညာနဲ့ပြည့်စုံတဲ့ ဆရာတော်တစ်ပါး သီတင်းသုံးဖို့ကြွလာပါလိမ့်မယ်။ ဆရာတော် ကြွလာတာကို မနှစ်သက်ကြတဲ့ တောစိုးနတ်ကြီးနဲ့အပေါင်းအပါတွေက ဒီဘက်ကို မကြွဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးကြပါလိမ့်မယ်ဆရာ။ ဆရာတော်က ကျင့်ကြံစွမ်းနုသေးတယ်ဆိုပေမယ့် ဒီအရပ်ဒေသက ဆရာတော်ရဲ့အောင်မြေဖြစ်လာပါလိမ့်မယ်။ ဒီတောရဲ့ အနောက်ဘက် ချောင်းရိုးမှာနေထိုင်ကြတဲ့ နဂါးမျိုးနွယ်တွေကလဲ ဆရာတော်ကိုဖူးမျှော်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ ဆရာအနေနဲ့ ဆရာတော်ကို ကူညီပြီး ဒီအရပ်ဒေသမှာ သာသနာထွန်းကားအောင် ကူညီပေးစေချင်ပါတယ်"
" သင်တို့ပြောတဲ့ဆရာတော်က အခုဘယ်မှာ သီတင်းသုံးနေလဲ"
" ဆရာတော်အလောင်းလျာက ဝဋ်ကြွေးတစ်ခုဆပ်ဖို့ကျန်နေသေးတာကြောင့် လူ့ဘဝမှာပဲရှိနေပါသေးတယ်"
" သဘောပေါက်ပြီ သင်တို့နှစ်ယောက်ပြောချင်တာကို ကျုပ်သဘောပေါက်ပြီ မကြာခင် ဒီအရပ်ဒေသမှာ ဘာသာ သာသနာထွန်းကားဖို့အတွက် ကျုပ်တတ်နိုင်သလောက် ပါရမီဖြည့်ဆည်းပေးပါမယ် "
အောင်မြတ်သာစကားအဆုံးမှာ အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမနှစ်ယောက်က လက်အုပ်လေးတွေချီကာ ပြန်ထွက်သွားခဲ့ကြတယ်။
နောက်တစ်နေ့မနက်ရောက်တော့ ကြောင်တစ်ရာစေတီပေါ်မှာ အသင့်ထွန်းညှိထာတဲ့ ဖယောင်းတိုင်းသုံးတိုင်ကလွဲရင် အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိကြတော့ပေ။
နောက်ဝတ္တုမှာတော့ ကြောင်တစ်ရာဆရာတော်အလောင်းလျာကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ၊ ဆရာတော်ရဲ့ဝဋ်ကြွေးကရော ဘယ်လောက်ကြီးမားလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်‌ပါရမီဖြည့်လမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment