အောင်မြတ်သာနှင့်အူစုံစားကဝေ

  အောင်မြတ်သာနှင့်အူစုံစားကဝေ ~~~~~~~~~~~~~~~~~~ #စာရေးဆရာ -ဇေယန(ရာမည) နေပူရှိန်မြင့်မားနေတဲ့ နေ့လည်ဘက်မှာတော့ သခွပ်ပင်ရွာမှာရှိတဲ့လူတွေအားလ... thumbnail 1 summary

 အောင်မြတ်သာနှင့်အူစုံစားကဝေ

~~~~~~~~~~~~~~~~~~

#စာရေးဆရာ -ဇေယန(ရာမည)

နေပူရှိန်မြင့်မားနေတဲ့ နေ့လည်ဘက်မှာတော့ သခွပ်ပင်ရွာမှာရှိတဲ့လူတွေအားလုံး နီးစပ်ရာမှာရှိကြတဲ့ အရိပ်ရအပင်အောက်မှာ စုဖွဲ့ပြီးစကားစမြည်ပြောဆိုနေခဲ့ကြတယ်။ အဲဒီထဲကမှ ကိုလှကျော်အိမ်ရှေ့မှာပေါက်နေတဲ့ သရက်ပင်အောက်မှာတော့ လူငယ်လူရွယ်တွေအပြင် ကလေးသူငယ်တွေပါစုံပြုံနေပြီး အလယ်မှာတော့ အာပေါင်အာရင်းသန်သန်နဲ့ ပြောဆိုနေတဲ့ ကိုလှကျော်ကိုမြင်တွေ့ရမှာပဲဖြစ်တယ်။

ကိုလှကျော်က နယ်တကာလှည့်ပြီး အထည်ရောင်းသူဖြစ်တာနဲ့အညီ သွားလာခဲ့ဖူးတဲ့ နယ်မြေအတွေ့အကြုံတွေကလဲ ရွာမှာရှိတဲ့သူတွေထက်ကို ပိုပြီးစုံလငခဲ့တယ်။ ကိုလှကျော်ကတော့ သူသွားလာခဲ့ဖူးတဲ့နေရာတွေထဲမှာမှ အခြောက်အလှန့်ကြမ်းတမ်းတဲ့နေရာတွေအကြောင်းကို ဇာတ်လမ်းသဖွယ် စီကာပတ်ကုံးပြောပြတတ်တာကြောင့် နားထောင်ရသူတွေအဖို့ ရုပ်ရှင်ဇာတ်ကားကြည့်နေရသလို အသက်တောင်မရှူရဲပဲ နားထောင်ခဲ့ကြရတယ်။

အခုလဲ လက်ဖက်သုတ်လေးစားလိုက်၊ ဂျင်းသုတ်လေးစားလိုက်၊ ရေနွေးကြမ်းလေးသောက်လိုက်နဲ့ စကားစမြည်ပြောနေတဲ့အချိန်
” ဦးလှကျော် … ဒီနေ့က ဘာအကြောင်းပြောပြမှာလဲ.. ပြောစရာရှိမြန်မြန်ပြောပါဗျာ… ခဏနေရင် အမေနဲ့ထင်းရှာသွားရဦးမှာ”

” အေးပါကွ… မောင်ဆိုးပေရ.. ငါလဲ ဘာအကြောင်းပြောပြရင်ကောင်းမလဲစဉ်းစားနေတာ၊ မင်းတို့ကလဲ ငါကြုံခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို သိသင့်သလောက်သိထားပြီးပြီဆိုတော့ ဒီတစ်ခါ ငါနဲ့အလုပ်တူတူလုပ်တဲ့ ကိုချမ်းသာဆိုတဲ့သူကြုံခဲ့ရတာကိုပြောပြမယ်”

” သူကဘယ်လိုမျိုးကြုံခဲ့ရလို့လဲ”

နားထောင်သူပရိတ်သတ်တွေရဲ့မေးသံကြောင့် ကိုလှကျော်က လက်ဖက်သုတ်တစ်ဇွန်းကိုခပ်စားလိုက်ပြီး

” သူကြုံခဲ့ရတာက လူအသွေးအသားကို စားတဲ့ စုန်းမကြီးပဲ… ငါတို့က လူစည်ကားတဲ့အရပ်တွေမှာလှည့်ပြီး ဈေးလိုက်ရောင်းတာဆိုတော့ လူပေါင်းစုံနဲ့ ပြောဆိုဆက်ဆံရတာပေါ့၊ အခုပြောမယ့် ကိုချမ်းသာဆိုတဲ့သူက သနပ်ခါးတုံးတွေရောင်းတာကွာ၊ တစ်နေ့ သူ့ဆီကိုမိန်းမတစ်ယောက် ဒေါသတစ်ကြီးရောက်ချလာတာ… အဒီမိန်းမက ထဘီကိုဒူးဆစ်လောက်ထိဝတ်ပြီး သနပ်ခါးတုံးကိုလက်တစ်ဖက်မှာကိုင် နောက်လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာ၊ ငါကလဲ အထည်တွေရောင်းပြီးလို့ ကျန်တဲ့ပိတ်စတွေကို ခေါက်သိမ်းနေတာပေါ့.. အဲမှာပဲ မိန်းမကြီးက ကိုချမ်းသာကို လက်ညိုးငေါက်ငေါက်ထိုးပြီး သနပ်ခါးဖိုးအလျော်ပြန်တောင်းတာ”

ကိုလှကျော်က စကားပြောနေရင်း မောသွားတဲ့ဟန်နဲ့ အအေးခံထားတဲ့ ရေနွေးခွက်ကို ဂွက်ခနဲမော့ချလိုက်ပြီး ပါးစပ်ထဲကျန်နေတဲ့ လက်ဖက်ခြောက်ဖတ်ကို ထွီခနဲဘေးကိုထွေးထုတ်လိုက်တယ်။

” အဲဒီမှာ ကိုချမ်းသာကလဲ သူ့သနပ်ခါးက စစ်တယ်ပေါ့… လူကြားထဲသူ့ကိုအရှက်ခွဲတယ်ဆိုပြီး တစ်ယောက်တစ်ခွန်း စကားများကြပါလေရော။ ငါကလဲ ကြားလူဆိုတော့ ဘာမှဝင်မပြောပဲ ဒီတိုင်းကြည့်နေတဲ့အချိန် ထဘီတိုတိုဝတ်ထားတဲ့မိန်းမရဲ့ မျက်လုံးအိမ်တွေက တစ်ဖြေးဖြေးနီရဲလာပြီး အသားတွေတဆတ်ဆတ်တုန်လာတာ… ကိုချမ်းသာကတော့ ဝယ်ပီးသားပစ္စည်း ငွေပြန်မအမ်းဘူး ဘာညာဆိုပြီး ပြောတာပေါ့၊ အဲဒီအချိန် မိန်းမကြီးက အံကြိတ်ပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်လိုက်တာကွ.. ပြီးတာနဲ့ ဘာမှဆက်မပြောတော့ပဲ ပြန်ချသွားရော၊ ငါလဲ ညဘက်သောက်စားတဲ့ချိန်ရောက်တော့ ကိုချမ်းသာကို အနားကပ်ပီးတိုးတိုးလေးမေးကြည့်တာ… သနပ်ခါးတုံးက အစစ်လားပေါ့”

” အဲတော့ သူကဘာပြန်ပြောလဲဗျ”

” သူပြောတာကတော့ အစစ်တဲ့… ငါလဲ အစစ်ဆိုတော့ ထပ်မမေးတော့ပဲ ရေလိုက်ငါးလိုက်နေခဲ့လိုက်တယ်။ အဲလိုနဲ့ တစ်ပတ်လောက်ကြာတော့ ကိုချမ်းသာတစ်ယောက် မျက်တွင်းတွေကျလာပြီး တစ်ဖြေးဖြေးပိန်ချုံးလာခဲ့တယ်။ ရောဂါအခြေအနေမေးတော့လဲ တိတိပပ မသိရဘူး။ ဒီလိုနဲ့တစ်ဖြေးဖြေးလူကပိန်လာလိုက်တာ တစ်လလောက်ကြာတော့ အရိုးပေါ်အရေတင်ဖြစ်လာပြီး ဈေးတောင်ဆက်မရောင်းနိုင်တဲ့ထိဖြစ်လာခဲ့တယ်။ အဲဒီမှာ ငါလဲ ကြားထဲကနေမနေနိုင်တော့ပဲ သေချာမေးကြည့်တော့မှ ညဘက်အိပ်ပျော်ခါနီးဆိုရင် နီရဲနေတဲ့မျက်လုံးနှစ်လုံးက အမှောင်ထဲကနေ စိုက်ကြည့်နေတာတဲ့ကွာ၊ မှေးခနဲအိပ်ပျော်သွားရင်လဲ အိမ်မက်ဆိုးတွေ မက်တာလို့ပြောတယ်”

” နောက်တော့ ကိုချမ်းသာဆိုတဲ့သူဘယ်လိုဖြစ်သွားလဲ”

” ဘယ်လိုဖြစ်ရမှာလဲ … သူက ရှင်မတောင်သနပ်ခါးတုံးအတုတွေကို ရောင်းနေတာလေ၊ သူရောင်းလိုက်တဲ့မိန်းမက ပညာသည်ဖြစ်နေတော့ သူ့ကိုအသေပြန်လုပ်တာကွ၊ အဲဒီမှာ ကိုချမ်းသာကိုယ်တိုင် အဲဒီမိန်းမအိမ်ကိုသွားပြီး တောင်းပန်မှ ညဘက်တွေပြန်အိပ်လို့ရသွားတာ”

” ဒါဖြင့် ပညာသည်မိန်းမက ခွင့်လွှတ်လိုက်တာပေါ့”

” အေးပေါ့ကွ သူသာခွင့်မလွှတ်ရင် ကိုချမ်းသာတစ်ယောက် အဲဒီရွာမှာပဲသေမှာ”

” ဒီလိုကျတော့လဲ လုပ်သင့်တယ်လေ… ဘယ်နှယ့်ဗျာ ကိုယ်ကတန်ရာတန်ကြေးပေးဝယ်ပြီးကာမှ အတုဖြစ်နေတာဆိုတော့ ကျွန်တော်ဆိုလဲ လက်မခံနိုင်ဘူး”

မောင်ဆိုးပေက အာပေါင်အာရင်းသန်သန်နဲ့ထပြောတော့ ကျန်တဲ့သူတွေအားလုံး သဘောကျပြီး ဝိုင်းရယ်လိုက်ကြတယ်။

ဒီလိုနဲ့ ဆိုပေးတစ်ယောက် စကားဝိုင်းပြီးတာနဲ့ အိမ်ကိုပြန်လာခဲ့ပြီး ညနေထမင်းဟင်းချက်ဖို့အတွက် ထင်းခြောက်တွေကောက်ရန် ရွာအပြင်ဘက်ကို ထွက်လာခဲ့လိုက်တယ်။

ဆိုးပေလဲ လေတိုက်လို့ကျိုးကျနေတဲ့သစ်ကိုင်းခြောက်တွေထဲက သင့်တော်တဲ့အကိုင်းအခက်တွေကို ဓါးမနဲ့ခုတ်ထွင်ပြီး အနေတော်အစည်းလေးတွေစည်းကာ ကုက္ကိုပင်အောက်မှာ စုပုံကာ နောက်ထပ် ထင်းတွေရလိုရငြား မလှမ်းမကမ်းမှာရှိတဲ့ တောစပ်နားကို ရောက်သွားခဲ့တယ်။

ထင်းခြောက်တွေကောက်နေတုန်း သစ်ပင်ပေါ်ကနေ ဖုတ်ခနဲကျလာတဲ့အသံကြောင့် ကြည့်လိုက်ရာ သွေးရဲရဲသံရဲရဲဖြစ်နေတဲ့ အသည်းအူစုံကလီစာတွဲကြီးဖြစ်နေခဲ့တယ်။

ဆိုးပေလဲ ရုတ်တရက်မို့ ကျီးတွေများချီလာတာလားဆိုပြီး လိုက်ကြည့်ပေမယ့် ဘာမှမတွေ့တဲ့အပြင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညှင်းတွေပါထလာတာကြောင့် ထင်းခြောက်တွေဆက်မကောက်တော့ပဲ တောစပ်ကနေ ထွက်ပြေးလာခဲ့လိုက်တယ်။

အဲဒီအချိန် တောစပ်အဝကနေ ညစ်ပတ်ပေရေနေတဲ့ နီညိုရောင်ထဘီကိုရင်လျားထားတဲ့ အသက်ခြောက်ဆယ်အရွယ်မိန်းမတစ်ယောက်ဘွားခနဲပေါ်လာပြီး ဆိုးပေကို အနားလာဖို့လက်ယပ်ခေါ်နေတာကိုမြင်လိုက်ရတယ်။

” ဟိုကလေး ဒီနားကိုလာစမ်း…. ငါခေါ်တုန်းလာရင်လာနော် မလာရင် နင့်ရင်ဘတ်ကိုခွဲပြီး အထဲက ကလီစာတွေကို အစိမ်းလိုက်စားပစ်မယ်”

အမယ်အိုကြီးက ပါးစပ်မလှုပ်ပဲဒီတိုင်းရပ်နေပေမယ့် အသံက အလိုလိုထွက်နေတာကြာင့် ဆိုးပေခဗျာ ခြေတွေလက်တွေတုန်လာပြီး ကြောက်စိတ်က ငယ်ထိပ်ထိကိုတက်ဆောင့်လာခဲ့တယ်။ နေ့လည်က ကိုကျော်လှပြောတဲ့ထဲက ပညာသည်မိန်းမကြီးများဖြစ်နေမလား.. ဒါမှမဟုတ် ခုနကမြင်လိုက်ရသလို ငါ့ရဲ့အူတွေအသည်းတွေကိုအစုံလိုက်ထုတ်ပြီးစားပစ်လေမလားဆိုပြီးတွေးကာ ငယ်သံပါအောင်အော်ပြီးတောထဲကိုဝင်ပြေးဖို့ကြိုးစားပေမယ့် ထဘီရင်လျားထားတဲ့မိန်းမကြီးက ဆိုးပေအကြံကိုသိနေတဲ့အလား ပြေးလမ်းရှေ့ကနေ ဘွားခနဲပေါ်လာခဲ့တယ်။

” နင်ကထွက်ပြေးမယ်ပေါ့လေ ဟက်ဟက်ဟက်…”

ပါးစပ်မလှုပ်ပဲ ဟိန်းခနဲထွက်လာတဲ့အသံကြောင့် ဆိုးပေတစ်ယောက် ကြောက်သေးတွေပါထွက်လာပြီး ဒူးပါခွေကျသွားခဲ့တယ်။

အမယ်အိုကြီးကလဲ သွေးပျက်နေတဲ့ ဆိုးပေးအနားကို ချွန်မြနေတဲ့လက်သည်းတွေကိုပွတ်သပ်ရင်း တစ်ဖြေးဖြေးကပ်လာခဲ့တယ်။

” အား အမေ .. အမေရေ … မလာနဲ့ မလာနဲ့…”
ဆိုးပေက နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီး အသားကုန်အော်ဟစ်လိုက်တဲ့အချိန်

” ဟိုကောင်လေး… သတိထားဦး… ဟေ့”ဆိုပြီး ပခုံးကိုလာပုတ်နှိုးတာကြောင့် ဖျတ်ခနဲလန့်နိုးသွားခဲ့တယ်။

” ဟင် ခုနက စုန်းမကြီးကော…. ကျွန်တော် ကျွန်တော်က ဘယ်လိုဖြစ်ပြီး ကုက္ကိုပင်အောက်ပြန်ရောက်နေတာလဲ”

” မင်း အိမ်မက်မက်နေတာဖြစ်မယ်… ငါတို့လမ်းသွားနေရင်း ကယောင်ကတမ်းအော်နေတာတွေ့လို့ လာနှိုးလိုက်တာ”

ခပ်နွမ်းနွမ်းယောဂီဝတ်စုံကို သေသပ်စွာဝတ်ထားတဲ့ လူနှစ်ယောက်စကားကြောင့် ဆိုးပေတစ်ယောက် ဟင်းခနဲသက်ပြင်းချလိုက်ပြီး
” အိမ်မက်ထဲမှာ နီညိုရောင်ထဘီကို ရင်လျားထားတဲ့အမယ်အိုတစ်ယောက် ကျွန်တော်ကိုသတ်ပြီး ကလီစာတွေကိုစားမယ်လုပ်နေလို့ ထွက်ပြေးနေတာ၊ အတော်ကိုကြောက်ဖို့ကောင်းတဲ့အိမ်မက်ပဲဗျာ”

ဆိုးပေစကားကြောင့် ယောဂီဝတ်လူနှစ်ယောက်က အဓိပ်ပါယျပါတဲ့မကြျလုံးတှနေဲ့ အချင်းချင်းကြည့်လိုက်ပြီး
” အိမ်မက်ဆိုတာ သွေးလေချောက်ချားလို့မက်တာလဲဖြစ်တတ်ပါတယ်၊ မင်းကြည့်ရတာ ထင်းတွေလိုက်ကောက်ပြီး မှေးခနဲအိပ်ပျော်သွားတာထင်တယ်”

” ဟုတ်မယ်ထင်တယ် ဒါနဲ့ ဦးလေးတို့က ဘယ်ရွာကလဲ ”

” ဘယ်ရွာကမှမဟုတ်ပါဘူး… လမ်းသွားရင်း မင်းယောင်ပြီးအော်နေတာတွေ့လို့ လာနှိုးလိုက်တာ”

” အော် ဟုတ်ကဲ့.. ဒါဖြင့် ကျွန်တော် ပြန်လိုက်ဦးမယ်နော်၊ နေလဲစောင်းနေပီမို့ အမေစောင့်နေလိမ့်မယ်”

ဆိုးပေက မျက်နှာစိမ်းလူနှစ်ယောက်ကိုနှုတ်ဆက်ကာ ထင်းစီးကိုမနိုင်တနိုင်ထမ်းပြီး ရွာထဲကိုဝင်သွားခဲ့တယ်။
+++++++++
အလင်းရောင်ပျောက်ဆုံးနေပြီဖြစ်တဲ့ ညအချိန်မှာတော့ လမ်းသွားလမ်းလာတွေနားနေလို့ရအောင် ဆောက်ထားပေးတဲ့ ဇရပ်တစ်ခုမှာ ဖယောင်းတိုင်မီးအလင်းရောင်မှိန်ပြပြ ထွက်ပေါ်နေခဲ့တယ်။

ဇရပ်အတွင်းမှာတော့ မိုင်းကိုင်စက္ကူပေါ်မှာ အင်းစမတွေကို စိတ်နှစ်ပြီးရေးဆွဲနေတဲ့ လူနှစ်ယောက်ရှိနေပြီး သူတို့နောက်မှာတော့ ဆံပင်ကိုကျောလယ်လောက်ချထားပြီး အပေါ်ပိုင်းဗလာကျင်းထားတဲ့ လူတစ်ယောက် ရပ်နေခဲ့တယ်။

မကြာခင် အင်းဆွဲနေတဲ့လူနှစ်ယောက်က မိုင်းကိုင်စက္ကူတွေကို သိမ်းလိုက်ပြီး ရေးဆွဲထားတဲ့အင်းစမတွေကို မီးရှို့ပြာချကာ ရေနဲ့ရောပြီးသောက်ချလိုက်တယ်။ သောက်ပြီးတာနဲ့ အနောက်ကိုလှည့်မကြည့်ပဲ
” နယ်ပိုင်အချုပ်ကို ပင့်လိုက်တာက … ဒီရွာနားမှာကျက်စားနေတဲ့သူက နယ်ပိုင်ပြောတဲ့ ပုဂ္ဂိုလ်ဟုတ်မဟုတ်အတည်ပြုချင်လို့ပါ”

အောင်မြတ်သာစကားအဆုံးမှာ နယ်ပိုင်အချုပ်ဆိုတဲ့ပုဂ္ဂိုလ်က ခြောက်ကပ်တဲ့အသံနဲ့
” ဆရာတို့ပြောပုံအရ ကဝေမက ဒီအနားတစ်ဝိုက်ကိုလှည့်ပတ်သွားလာနေတာပဲ၊ သူက လူတွေရဲ့စိတ်ကို ကြောက်လန့်အားငယ်အောင်လုပ်ပီးမှ ဖမ်းစားတတ်တာကြောင့် အရင်ဆုံးကြောက်စိတ်ဝင်အောင် လုပ်တတ်တယ်”

” သူရဲ့မူလ နေထိုင်ရာအရပ်က ဘယ်မှာမို့လို့လဲ”

” သူဘယ်ကနေ ရောက်လာတယ်ဆိုတာ ကျုပ်တို့လဲမသိဘူး… စွမ်းတာတော့အတော်စွမ်းတယ်။ ကျုပ်တို့လို နယ်ပိုင်တွေတောင် သူနဲ့ထိပ်တိုက်ရင်မဆိုင်ရဲလို့ ဆရာတို့ကိုအကူညီလာတောင်းရတာပါ”

” ကောင်းပြီလေ ဒီရက်ပိုင်းအတွင်း သင့်နယ်ထဲမှာရှိတဲ့ နာနာဘာဝတွေရော စုန်းကဝေတွေကိုရော ညမှောင်စပျိုးတာနဲ့အပြင်မထွက်ကြဖို့ သတိပေးလိုက်ပါ။ ကျန်တဲ့ကိစ္စ ကျုပ်တို့ကြည့်လုပ်လိုက်ပါမယ်”

အောင်မြတ်သာစကားအဆုံးမှာ နယ်ပိုင်ပုဂ္ဂိုလ်က ခေါင်းကိုတွင်တွင်ညိမ့်ပြပြီး ဇရပ်ပေါ်ကနေ ပြန်ဆင်းသွားခဲ့တယ်။
+++++
” ဆိုးပေရေ… ဒီနေ့ ထင်းကောက်မထွက်ဘူးလား”
အိမရှေ့ကနေ အော်ပြောနေတဲ့ စည်သူအသံကြောင့် မနေ့ကကောက်လာတဲ့ ထင်းစတွေကို နေလှမ်းနေတဲ့ ဆိုးပေတစ်ယောက် ပုဆိုးကိုပြင်ဝတ်လိုက်ပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။

” ခဏနေသွားမယ်လေ ဘာဖြစ်လို့လဲ”

” ငါလဲ နင်နဲ့တူတူလိုက်ချင်လို့… အိမ်မှာ ထင်းတွေသိပ်မရှိတော့ဘူး”

” နင်လိုက်မယ်ဆို ထန်းငုတ်တိုဘက်ကိုသွားမှရမယ်၊ အဲဒီဘက်မှာက ထင်းပိုများတယ်”

” နည်းနည်းတော့ ဝေးတယ်နော်… ဒါမယ့် သွားလို့တော့ရပါတယ်”

” အေးအေး ခဏစောင့်ဦး ငါ ထင်းစည်းဖို့ ကြိုးတွေယူလိုက်ဦးမယ်”

ဆိုးပေက ထင်းတွေကိုစည်းမယ့် လျော်ကြိုးတွေကို လွယ်အိတ်ထဲထည့်လိုက်ပြီး ထန်းငုတ်တိုရှိတဲ့တောဘက်ကိုထွက်လာခဲ့လိုက်တယ်။

ထန်ငုတ်တိုဆိုတာက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ထန်းပင်ကို မိုးကြိုးပစ်ခံထိပြီး ထက်ပိုင်းပြတ်ကျတဲ့နေရာကို ရွာသားတွေက အလွယ်ခေါ်ခဲ့တာဖြစ်တယ်။ ထန်းငုတ်တိုကနေဆက်သွားရင် ဘယ်ခေတ်ကာလထဲက ရှိနေမှန်းမသိတဲ့ အုတ်ဂူနှစ်လုံးရှိတဲ့နေရာကိုရောက်ပြီး အဲဒီထိကိုတော့ တော်ရုံဘယ်သူမှမသွားရဲကြဘူး။ မျက်စိလည်လမ်းမှားပြီးရောက်တဲ့သူတွေပြောတာကတော့ အုတ်ဂူနားမှာ မကျွတ်မလွတ်ပဲစောင့်ကြပ်တဲ့သူတွေရှိတယ်ဆိုပဲ။ ဆိုးပေတို့လဲ အုတ်ဂူနားကို ငယ်ငယ်ကတစ်ခေါက်ပဲရောက်ဖူးပြီး ဒီနောက်ပိုင်းမရောက်ဖြစ်ခဲ့ကြဘူး။ အခုလဲ ထန်းငုတ်တိုဘက်ကိုသာ သွားမယ်ဆိုပြီး ထွက်လာခဲ့ကြတာ ခရီးတော်တော်ပေါက်တဲ့အထိ အဆင်ပြေမယ့်ထင်းကိုမတွေ့ပဲ အသားခပ်ပွပွ ထင်းအချို့ကိုသာရထားခဲ့တယ်။

” စည်သူ… ငါတို့ အုတ်ဂူနှစ်လုံးရှိတဲ့ဘက်သွားကြည့်မလား”

ထင်းကိုင်းကို အချောသပ်ရင်းမေးလိုက်တဲ့ ဆိုးပေစကားကြောင့် အလေ့ကျပေါက်နေတဲ့ ဇီးပင်အောက်မှာထိုင်နေတဲ့ စည်သူက
” ဖြစ်ပါ့မလား အဲဒီဘက်ကို တစ်ခါမှရောက်ဖူးတာမဟုတ်ဘူးနော်၊ တော်ကြာ မျက်စိလည်နေမှဖြင့်”

” မင်းကလဲ ငါငယ်ငယ်က တစ်ခေါက်ရောက်ဖူးပါတယ်၊ လူကြီးတွေက ငါတို့မသွားရဲအောင် ခြောက်ပြောတာပါကွာ အလကား ဘာမှရှိတာမဟုတ်ဘူး၊ ဘာလဲ မင်းကကြောက်လို့လား”

ဆိုးပေစကားကြောင့် စည်သူ ရှူးရှူးရှဲရှဲဖြစ်သွားပြီး
” ငါကဘာလို့ကြောက်ရမှာလဲ… သွားဆိုလဲသွားကြတာပေါ့”

ဒီလိုနဲ့ဆိုးပေတို့နှစ်ယောက် ရထားတဲ့ထင်းအချို့ကို သစ်ပင်အောက်မှာပဲထားခဲ့ပြီး အုတ်ဂူနှစ်လုံးရှိတဲ့ ဘက်ကို ဝင်လာခဲ့လိုက်တယ်။

အဲဒီအချိန် သူတို့နှစ်ယောက်ရဲ့ မလှမ်းမကမ်းမှာရှိတဲ့ခြထဲကနေ နီရဲနေတဲ့မျက်လုံးနှစ်လုံး ပေါ်လာခဲ့တယ်။ ဆိုးပေတို့ကတော့ သတိမထားမိပဲ သီချင်းလေးတကြော်ကြော်ဆိုရင်း လူသွားလမ်းလေးအတိုင်း ရှေ့ကိုဆက်တိုးလာခဲ့ရာ တစ်နေရာအရောက်မှာတော့

” အား ကျွတ် ကျွတ် ကျွတ်… အမလေး ငါ့ခြေထောက်လှုပ်လို့မရတော့ပါလား” ဆိုပြီး ညဉ်းညူနေတဲ့အသံကိုကြားလိုက်ရတယ်။

ဆိုးပေတို့လဲအသံကြားတဲ့ဘက်ကို ကြည့်လိုက်ရာ ပုဆိုးအစုတ်တစ်ထည်ကို ပခုံးပေါ်တင်ပြီး လဲကျနေတဲ့ အသက်၄၀အရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” အား… ကျွတ် ကျွတ်.. ဟိုကလေးတွေ အရီးလေးခြေထောက်အဆစ်လွဲသွားလို့ တစ်ချက်ကူပေးကြပါဦး”

ဆိုးပေတို့လဲ ယောင်ကိုင်းနေတဲ့ခြေထောက်ကိုကိုင်ပြီး ညဉ်းညူနေတဲ့မိန်းမကြီးကို သနားပြီး အနားတိုးကာ ဆွဲထူပေးလိုက်ကြတယ်။

” အရီးလေးက တစ်ယောက်ထဲလာတာလား”

” မဟုတ်ပါဘူးကွယ်… သားနှစ်ယောက်နဲ့အတူလာတာ၊ သူတို့နဲ့ တောထဲမှာလမ်းကွဲပြီး ဒီဘက်ကိုရောက်လာတာပဲ”

” ဒါနဲ့ အရီးလေးက ဘယ်ကိုပြန်ရမှာလဲ… ကျုပ်တို့လိုက်ပို့ပေးမယ်လေ”

” လမ်းတွေကိုတောင် မမှတ်မိတော့ပါဘူးကွယ်… ဒါနဲ့ ဒီနားမှာ ကြက်သွန်ကုန်းရွာသွားတဲ့လမ်းများရှိလား”

” ဗျာ ကြက်သွန်ကုန်း ဟုတ်လား”

” ဟုတ်တယ်လေ ကလေးတို့ရဲ့ ဘာဖြစ်လို့လဲ”

ကြက်သွန်ကုန်းဆိုတဲ့အသံကြောင့် ဆိုးပေနဲ့ စည်သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး

” ကြက်သွန်ကုန်းရွာဆိုတာ ကျုပ်တို့ငယ်ငယ်ထဲက တစ်ရွာလုံးမီးလောင်လို့ ပျက်သွားခဲ့ပီလေ… ခုထိလူနေတယ်လို့မကြားမိပါဘူး”

” မဟုတ်တာကွယ်… အရီးက ကြက်သွန်ကုန်းရွာမှာနေတာ.. ကလေးတို့အထင်မှားနေပါပြီ”

” အာ… မှားစရာလား.. စည်သူရေ ငါတို့ ဒီကနေ သွားကြရအောင် မြန်မြန်”

ဆိုးပေက သူ့အရှေ့မှာရပ်နေတဲ့ မိန်းမကြီးကို ကြည့်ပီး လှည့်ထွက်ဖို့အလုပ်
” ဟိတ် ကလေးတွေ နင်တို့ဘယ်သွားမလို့လဲ ဟီးဟီးဟီး” ဆိုတဲ့အသံနဲ့အတူ အေးစက်တဲ့လက်တစ်ဖက်က စည်သူရဲ့ လက်ကောက်ဝတ်ကို လာရောက်ဆုပ်ကိုင်တာခံလိုက်ရတယ်။
” လွှတ် ကျုပ်လက်ကိုလွှတ်”

” အဟီး အဟီး… နင်တို့ကို ကြက်သွန်ကုန်းကိုခေါ်သွားမယ်.. သားတို့ရေ ဒီကောင်လေးနှစ်ယောက်ရဲ့ ဂုတ်ကိုဆွဲပြီး လိုက်ခဲ့ကြနော်”

ညိုသကျဉ်းတစ်ခုလုံးယောင်ကိုင်းနေတဲ့မိန်းမကြီးက အေးစက်အက်ကွဲတဲ့အသံနဲ့ပြောလိုက်ရာ မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်ပေါ်ကနေ လျာကြီးတွဲလောင်းချပြီး ဇောက်ထိုးဆင်းလာတဲ့ မဲမဲကောင်နှစ်ကောင်ကိုမြင်လိုက်ရတယ်။

” အား ဆိုးပေ ပြေး ပြေး…. တောမှောက်ပီကွ”

စည်သူရဲ့အော်သံကြောင့် ဆိုးပေတစ်ယောက် အနောက်ကိုလှည့်မကြည့်ပဲ သုတ်ခြေတင်ပြေးထွက်နိုင်ခဲ့ပမယ့် စည်သူကတော့ သူ့ကိုဖမ်းချုပ်ထားတဲ့ လက်အောက်မှာ မရုန်းနိုင်ပဲ တောထဲကိုဒရွတ်တိုက်ဆွဲခေါ်သွားတာခံလိုက်ရတယ်။

ဆိုးပေတစ်ယောက် ဘယ်လောက်ကြာတဲ့အထိပြေးနေမိမှန်းမသိဖြစ်နေသလို ဘယ်ကိုရောက်နေမှန်းလဲမသိဖြစ်နေခဲ့တယ်။ အဲဒီအချိန် အနောက်ကနေ အင်္ကျီကော်လံစကို တစ်ယောက်ယောက်က ဆွဲလိုက်သလိုဖြစ်ပြီး အရှေ့ကိုယိုင်ကျသွားခဲ့တယ်။

” လွှတ် မကောင်းဆိုးဝါးတွေ ကျုပ်ကိုလွှတ်စမ်း”

” ဟိုကောင်လေး သတိထားစမ်း… ”

” အား သရဲတွေ သရဲမကြီး ကယ်ကြပါဦး အမလေး ကယ်ကြပါဦး”

ဆိုးပေက အကြောက်လွန်ပြီး သွေးရူးသွေးတန်းအော်နေတာကြောင့် ဇက်ပိုးကို လက်ဝါးစောင်းနဲ့ရိုက်ပြီး သတိလစ်အောင်လုပ်လိုက်ရတယ်။

အတန်ကြာတော့ ဆိုးပေတစ်ယောက် သတိရလာပြီး သူ့ဘေးနားမှာတော့ ငုတ်တုတ်ထိုင်စောင့်နေတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဟင် ဦးလေးတို့က မနေ့ကတွေ့ခဲ့တဲ့လူတွေမဟုတ်လား… ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ”

” မင်းနဲ့ အခြားကောင်လေးတစ်ယောက် တောထဲဝင်သွားတာတွေ့လိုက် အနောက်ကနေလိုက်လာခဲ့တာ၊ ဘယ်လိုဖြစ်လို့ ခါတိုင်းထင်းကောက်နေကျနေရာမှာမကောက်ပဲ ဒီထိဝင်လာခဲ့ကြတာလဲ”

” ဟုတ်သားပဲ စည်သူ စည်သူတစ်ယောက် ဟိုသရဲမကြီးလက်ထဲပါသွားတယ်၊ သူ့ကိုကယ်ကြပါဦး”

” ဟင်း ဒုက္ခတော့များပီထင်တယ်.. မင်းခုချက်ချင်း ရွာထဲကိုပြန်တော့”

” ကျွန်တော် ဘယ်လမ်းကသွားရမလဲ… လူကကြောက်စိတ်ကြောင့် ထူပူပြီး ဘယ်ကိုသွားရမှန်းမသိဖြစ်နေလို့ပါ”

” စိတ်ကိုအေးအေးထားပြီး ခုမြင်နေရတဲ့ တောလမ်းအတိုင်းတည့်တည့်သာထွက်သွားလိုက်၊ ဘယ်လမ်းကိုမှာမချိုးဝင်နဲ့နော် ဒါဆို ရွာအပြင်လမ်းကိုရောက်သွားလိမ့်မယ်။ မင်းသူငယ်ချင်းအတွက်တော့ စိတ်မပူနဲ့ ငါတို့ပြန်ခေါ်လာခဲ့ပေးမယ်”

” ဟုတ်ကဲ့ သေချာခေါ်လာပေးပါဗျာ… ကျွန်တော် ရွာကိုရောက်တာနဲ့ လူကြီးတွေကိုပြောပြီးလိုက်လာခဲ့ပါမယ်”

” မင်းတို့လိုက်လာရင် မလိုအပ်တဲ့ကိစ္စတွေဖြစ်လာနိုင်တာမို့ ဘယ်သူမှမသိအောင်ပဲနေနေလိုက်၊ မင်းသူငယ်ချင်းကိုဒီညတွင်းပြန်ခေါ်လာမယ်လို့ ကတိပေးတယ်”

” ဟုတ် ဟုတ် ဒါဖြင့် ကျွန်တော် သွားပြီနော်”

ဆိုးပေလဲ စုထားတဲ့ထင်းတွေကိုတောင် မကောက်နိုင်တော့ပဲ လူသွားလမ်းအတိုင်းပြေးထွက်သွားခဲ့တယ်။
++++
ဆိုးပေထွက်သွားတော့ အောင်မြတ်သာက ဝင်လုဆဲဆဲဖြစ်နေတဲ့ နေရောင်ကိုမော့ကြည့်လိုက်ပြီး
” နေလဲစောင်းပြီဆိုတော့ အချိန်ခါကောင်းပဲ အဆင်သင့်ရင် ငါတို့ရှာနေတဲ့ ကဝေမကိုပါ တွေ့နိုင်တယ် သွားကြရအောင်” လို့ပြောကာ လူသွားလမ်းရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။

မိနစ်အနည်းငယ်လျောက်လာပြီးချိန်မှာတော့ ရေညှိတွေအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံးနားကိုရောက်လာခဲ့ကြတယ်။ လူသူဝေးကွာတဲ့နေရာမှာ ရှေးခေတ်လက်ရာ ပန်းကနုတ်တွေနဲ့ အသေချာဆောက်လုပ်ထားတဲ့ အုတ်ဂူနှစ်လုံးရဲ့မျက်နှာမှာတော့
” ရဲမြတ်လှ၊ အသက် (၁၉)နှစ်”
” ရဲမြတ်ဗလ၊ အသက်(၁၉)နှစ်” ဆိုတဲ့နာမည်ကို မှိန်ပြပြရေးထားတာကိုမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ အုတ်ဂူကိုမြင်တော့ စူးရှတောက်ပနေတဲ့မျက်လုံးနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မလှမ်းမကမ်းနေရာတစ်ခုကနေ သူတို့ကို စိုက်ကြည့်နေတဲ့ လူငယ်နှစ်ယောက်ကိုမြင်လိုက်ရတယ်။

ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ငွေမှင်ရောင်ပုဆိုးကို ဝတ်ထားတဲ့လူနှစ်ယောက်ရဲ့ အကြည့်တွေထဲမှာ အားကိုးလိုမှု၊ သိမ်ငယ်မှုအရိပ်အယောင်တွေမြင်တွေ့နေရတာကြောင့် မသိဟန်ဆောင်နေကာ ထွက်သွားဖို့အလုပ်
” ဆရာအနေနဲ့ ကျုပ်တို့ကို မြင်နိုင်တယ်ဆိုတာ သိပါတယ်၊ ကြက်သွန်ကုန်းရွာကပြန်လာခဲ့မယ့်အချိန်ကို ကျုပ်တို့စောင့်နေပါ့မယ်” ဆိုတဲ့အသံမျှင်းမျှင်းလေးကြားလိုက်ရတယ်။

အောင်မြတ်သာလဲ ကြားရတဲ့အသံကြောင့် ခေါင်းကို မသိမသာလေးငြိမ့်ပြပြီး ဆက်ထွက်လာခဲ့လိုက်တယ်။ နာရီဝက်လောက် သွားပြီးချိန်မှာတော့ သစ်ပင်ခြုံနွယ်တွေမရှိတဲ့ မြေနီလမ်းတစ်ခုကိုရောက်လာပြီး မလှမ်းမကမ်းမှာတော့ မီးခိုးတလူလူထွက်နေတဲ့ လူနေအိမ်အစုကိုမြင်တွေ့လိုက်ရတယ်။

” ဆရာ ဒီလိုတောအလယ်မှာ လူနေအိမ်တွေရှိနေပါလား… မဟုတ်မှလွဲရော ကြက်သွန်ကုန်းဆိုတဲ့ရွာများလား”

” ခုချိန်က မှောင်စပျိုးချိန်ဆိုတော့ သူတို့ထွက်ကြပြီလေ… ရှေ့က ညောင်ပင်နားရောက်ထိ ငါတို့ဆက်သွားကြတာပေါ့”

အောင်မြတ်သာက ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ညောင်ပင်နားထိရောက်အောင်လျောက်သွားပြီး ရွာတစ်ရွာလုံးကိုလွှမ်းခြုံစေမယ့်သဘောနဲ့ လက်ဝါးနဲ့အုပ်မိုးလိုက်တဲ့အချိန် စကောဝိုင်းလောက်ကြီးမားတဲ့ မီးလုံးကြီးတစ်လုံးက ရွာအတွင်းဘက်တစ်နေရာကနေ တစ်ရှိန်ထိုးထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ထန်းတစ်ပင်အမြင့်ရောက်မှာတော့ အထက်ကိုဆက်မတက်နိုင်တော့ပဲ တစ်ဖြေးဖြေးအောက်ကို နိမ့်ဆင်းကာ ပျောက်ကွယ်သွားခဲ့တယ်။

” မောင်ကောင်းရေ… ဒီရွာထဲမှာ ကဝေမ ခိုအောင်းနေတာသေချာပြီ၊ ဘယ်နေရာမှာရှိလဲဆိုတာသိရဖို့ တစ်ရွာလုံးကို မူလပြန်အောင် လုပ်ရတော့မယ်” လို့ပြောပြီး ရွာလမ်းမပေါ်ကိုခြေချလိုက်ရာ လှုပ်ရှားသွားလာနေတဲ့ လူတွေအားလုံး မတိုင်ပင်ထားကြပဲ ရုတ်ချည်းငြိမ်သက်ကုန်တယ်။

အဲဒီအချိန်မှာပဲ အောင်မြတ်သာက ရွာမြေအစပ်ကို လက်ညိုးနဲ့ထောက်ပြီး ” မူလပြန်စေ” လို့အမိန့်ပြန်လိုက်ရာ အိမ်ကြီးအိမ်ကောင်းတွေအဖြစ်ကနေ မီးလောင်ခံထားရတဲ့အိမ်ပျက်ကြီးတွေအဖြစ်ပြောင်းလဲသွားပြီး ရွာသားတွေကလဲ အညိုမဲစွဲပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ နာနာဘာဝတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်။

” ငါတို့နေရာကိုမလာကြနဲ့… ထွက်သွားကြ… သွားကြ မလာနဲ့” ဆိုတဲ့အသံတွေက နေရာအနှံ့ကနေ ထွက်ပေါ်လာပြီး မီးလောင်ညှော်နံ့တွေနဲ့ရောနေတဲ့ အပုတ်နံ့တွေက မွှန်ထူကာထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် ရွာရဲ့အလယ်နားလောက်မှာရှိတဲ့ နေရာတစ်ခုကနေ ဖျတ်ခနဲ စုန်းတောက်သလို အလင်းတန်းတစ်ခုထွက်ပေါ်လာတာကြောင့် အောင်မြတ်သာက သူ့ရှေ့မှာကာနေတဲ့ နာနာဘာဝတွေကို လက်နဲ့ဖယ်ထုတ်လိုက်ရာ လေမှုတ်စက်နဲ့မှုတ်ခံထိတဲ့ ဂွမ်းစတွေလို ဘေးဘက်ကိုလွင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာနဲ့မောင်ကောင်းလဲ လမ်းရှင်းသွားတာနဲ့ စုန်းမီးတောက်နေတဲ့ဘက်ကို ခပ်မှန်မှန်လျောက်လာခဲ့ချိန် ဝုန်းဆိုတဲ့အသံနဲ့အတူ ရင်ဘတ်တစ်ခုလုံး ဟက်တက်ကွဲနေတဲ့ လူသေလောင်းတစ်ခုရှေ့ကိုကျလာခဲ့တယ်။

” ဟိုလူငယ်လေးများလား”
မောင်ကောင်းက စိုးရိမ်တကြီး ရေရွတ်ပြီး ကြည့်လိုက်ရာ လူသေအလောင်းက အသက်လေးဆယ်အရွယ်လူကြီးတစ်ယောက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။

အဲဒီအချိန်မှာပဲ ပျက်စီးနေတဲ့ပျဉ်ထောင်အိမ်ပျက်တစ်လုံးကနေ မီးတောက်တွေဟုန်းခနဲထတောက်လာခဲ့တယ်။ မီးတောက်ထဲမှာတော့ ကောက်ကွေးနေတဲ့ဆံပင်ကိုဖားလျားချပြီး ငုတ်တုတ်ထိုင်နေတဲ့မိန်းမတစ်ယောက်။

သူ့အနောက်မှာတော့ မဲညစ်ညစ်အဝတ်စားကိုဝတ်ထားပြီး မျက်နှာတစ်ခုလုံး မီးလောင်ခံထားရတဲ့ မိန်းမတစ်ယောက်က ခါးထောက်ကာရပ်ကြည့်နေခဲ့တယ်။

ထူးဆန်းတာက မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အိမ်ထဲမှာ နေနေကြပေမယ့် အဝတ်စားနားမှာထွက်နေတဲ့ချည်စကိုတောင် မလောင်ကျွမ်းတာပဲ။

အောင်မြတ်သာက ငုတ်တုတ်ထိုင်နေတဲ့မိန်းမကိုမြင်တော့ လက်နှစ်ဖက်ကို ဟန်ပါပါပိုက်လိုက်ပြီး
” သင်က ကျတ်ရွာထဲမှာပုန်းအောင်းပြီး ဗိုလ်လုပ်နေတာကိုး” လို့ပြောလိုက်တော့မှ ငုတ်တုတ်ထိုင်နေတဲ့ မိန်းမက မဲနက်နေတဲ့သွားတွေပေါ်အောင်ရယ်ကာ

” ငါက ဒီနယ်မြေကို လာတယ်ဆိုတာ အကြောင်းရှိတယ်၊ နင်တပည့်ရော နင်ရောမသေချင်ရင် ထွက်သွားကြ အဟီး အဟီး ဟက် ဟက်”

” သင်တို့ဖမ်းခေါ်သွားတဲ့ လူငယ်ကိုပြန်ထုတ်ပေးပါ… သူအခုဘယ်မှာရှိနေတာလဲ”

” စပ်စုလိုက်တာလွန်ပါရောလား… ငါအကြောင်းရှိလို့ သူ့ကိုခေါ်လာတာ၊ စိတ်ချ ငါသူ့ကိုမသတ်ဘူး.. စိတ်ကောင်းဝင်နေတုန်း ပြန်ကြ ပြန်ကြ”

အောင်မြတ်သာလဲ မီးတောက်ထဲမှာထိုင်နေတဲ့ ကဝေမကြီးကို စကားကောင်းပြောမရမှန်းသိသွားတာကြောင့် မီးတောက်လောင်နေတဲ့ အိမ်ပတ်ပတ်လည်ကို စည်းချပြီး အင်းချပ်တစ်ချပ်ကို မီးတောက်တွေကြားထဲပစ်ထည့်လိုက်တယ်။

ပါးလွှာတဲ့အင်းချပ်က မီးတောက်နဲ့ထိတဲ့အချိန် အရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ ရွှေမှုန်တွေအဖြစ်ပြောင်းသွားပြီး ကဝေမကြီးရဲ့ကိုယ်ကို သွားရောက်ကပ်ညှိနေခဲ့တယ်။

ကဝေမကြီးကတော့ အင်းပြာမှုန်တွေကပ်နေပေမယ့် ကြောက်လန့်တုန်လှုပ်ခြင်းမရှိပဲ ဟက်ဟက်ပက်ပက်ရယ်မောကာ အောင်မြတ်သာကို တစ်စိုက်မတ်မတ်ကြည့်နေခဲ့တယ်။

” ဆရာ … ဒီကဝေမက ထူးဆန်းလိုက်တာ၊ သူ့ကိုဖမ်းမယ့်အင်းချပ်သုံးတာကိုသိသိကြီး ဘာမှမတုံ့ပြန်ပါလား”

မောင်ကောင်းစကားကို အောင်မြတ်သာက လက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြကာ စဉ်းစားနေတဲ့အချိန် ကဝေမကြီးအနောက်မှာရပ်နေတဲ့ မိန်းမက ကြမ်းပြင်ကိုဖနောင့်နဲ့ပေါက်ကာ အောင်မြတ်သာဆီကို ခုန်ဆင်းလာခဲ့တယ်။

” မလုပ်နဲ့ မိစော… နင် ဒုက္ခရောက်လိမ့်မယ်”
မီးတောက်ထဲမှာ အင်းပြာနဲ့ဖမ်းချုပ်ခံထားရတဲ့ ကဝေမကြီးစကားမဆုံးလိုက်ခင်မှာပဲ ခုန်ဆင်းလာတဲ့မိန်းမကြီးရဲ့ခန္ဓာကိုယ်ထဲကနေ အလွန်ပြင်းထန်တဲ့လှိုင်းတွေထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာကတော့ သူ့ကိုပညာနဲ့တိုက်ပီဆိုတာသိတာနဲ့ ခြေထောက်ကိုရှေ့တစ်လှမ်းတိုးပြီး ညာလက်နဲ့ကာလိုက်ရာ စက်တွေက လာရာလမ်းအတိုင်းပြန်လှည့်သွားပြီး အနားမှာရှိတဲ့ အိမ်ပျက်တွေကိုသွားရောက်ထိမှန်ကုန်တယ်။

အလားတူ စက်အချို့ကလဲ မိစောဆိုတဲ့ ပညာသည်ရဲ့ကိုယ်ကိုထိမှန်ခဲ့ပြီး ပါးစပ်ကနေ သွေးတွေပွက်ခနဲထွက်ကျလာခဲ့တယ်။

” မလုပ်နဲ့လို့ အတန်တန်တားနေတဲ့ကြားကနေကွယ်”
ကဝေမကြီးက မိစောကိုကြည့်ပြီး စိတ်မကောင်းတဲ့လေသံနဲ့ပြောလိုက်တာကြောင့် အောင်မြတ်သာနဲ့မောင်ကောင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တွေဝေသွားခဲ့တယ်။

ဒီလောက်ပညာစွမ်းထက်တဲ့ ကဝေမကြီးက သူတို့ကို မတိုက်တဲ့အပြင် သည်းမခံနိုင်လို့ ပြန်တိုက်တဲ့သူကိုလဲ တားဆီးခဲ့တဲ့အကြောင်းရင်းကို စဉ်းစားနေတဲ့အချိန်

” နင်တို့ဆရာတွေက ငါတို့ကိုဆိုရင် မကောင်းတဲ့သူတွေလို့ပဲမြင်နေကြတာမဟုတ်လား”

” သင်တို့က ဘာကြောင့် ဒီနယ်မြေထဲကို ကျူးကျော်ဝင်နေခဲ့တာလဲ၊ နောက်ပြီး အပြစ်မရှိတဲ့ လူကို ဘာကြောင့်ဖမ်းခေါ်သွားတာလဲ”

” အေး ငါတို့ဘာကြောင့် ဒီနယ်မြေထဲကို လာရလဲဆိုရင်…”

” မိစော တော်စမ်း… မပြောနဲ့တော့”

မီးတောက်တွေထဲထိုင်နေတဲ့ ကဝေမကြီးအသံကြောင့် မိစော ဆိုသာအံကိုကြိတ်ကာ မျက်နှာလွှဲလိုက်တယ်။

” မိစော … နင့်ကိုငါဘာပြောထားလဲ.. ငါအဖမ်းခံရရင်တောင်မှ နင်ပါးစပ်ကနေ ဒီအကြောင်းထွက်လို့မရဘူးပြောခဲ့တယ်မဟုတ်လား”

အောင်မြတ်သာလဲ ထူးဆန်းတဲ့အပြုအမူတွေကြောင့် စိတ်ထဲဘဝင်မကျဖြစ်သွားပြီး ချုပ်နှောင်ထားတဲ့အရာတွေကိုပြန်ဖျက်ပေးလိုက်ကာ
” သင်တို့ရန်မပြုဘူးဆိုရင် ကျုပ်လဲရန်ပြုစရာအကြောင်းမရှိပါဘူး.. ဒါပေမယ့် ဖမ်းခေါ်သွားတဲ့ကောင်လေးကိုတော့ ကျုပ်တို့နဲ့ပြန်ထည့်ပေးလိုက်ပါ” လို့ပြောလိုက်တော့ မီးတောက်တွေကြားထဲ ထိုင်နေတဲ့ ကဝေမကြီးက အိမ်ပေါ်ကနေ တစ်လှမ်းချင်းဆင်းလာခဲ့တယ်။ အိမ်အောက်ရောက်တော့ လက်နှစ်ဖက်ကိုပွတ်သပ်လိုက်ရာ အပြာရောင်မီးတောက်တွေဖွာခနဲ ဖွာခနဲထွက်လာတာကြောင့် ကဝေမကြီးရဲ့ပညာက အတော်အဆင့်မြင့်ပါလားဆိုတာကို မြင်တွေ့ခဲ့ရတယ်။ ကဝေမကြီးကတော့ သူ့ပညာစွမ်းကို မသိမသာထုတ်ပြရင်း

” ဆရာတို့ ပြောတဲ့အတိုင်း ကျွန်မလိုက်မနာနိုင်ဘူး.. ဒီကလေးကိုပြန်မထည့်ပေးနိုင်တာကြောင့် ကျွန်မကိုအပြစ်ပေးမယ်ဆိုလဲခံယူပါမယ်၊ ဒါပေမယ့် မိစောကိုတော့ပြန်လွှတ်ပေးပါ”

” အမေကြီး… ဘာတွေပြောနေတာလဲ”
မိစောက လှမ်းပြောလိုက်ပေမယ့် ကဝေမကြီးက လက်ကာပြပြီး
” ဆရာလေးတို့မှာလဲ မိဘဆိုတာရှိခဲ့ဖူးတယ်မဟုတ်လား… အခု ကျွန်မတို့ခေါ်လာတဲ့ကလေးက မိစောရဲ့ သားပဲ… ”

ကဝေမကြီးစကားကြောင့် အောင်မြတ်သာနဲ့ မောင်ကောင်းတို့ အနည်းငယ်အံ့ဩသွားပြီး

” ဒါဆို ဒီကောင်လေးကို ဘယ်မှာထားထားတာလဲ… သင်တို့ရဲ့ စကားတွေက အလိမ်ညာတွေဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ”

” ဆရာလေးမယုံရင် ကျွန်မကို ချုပ်နှောင်ထားလိုက်လေ၊ မိစောနဲ့သူ့သားကိုတော့ ထွက်သွားခွင့်ပေးလိုက်ပါ”

” ဒါဆို ဒီကောင်လေး အသက်ရှိနေသေးကြောင်း သက်သေပြပါ”

အောင်မြတ်သာစကားအဆုံးမှာ ကဝေမကြီးက လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ရာ အမှောင်ထုထဲကနေ စိတ်ညို့ခံထားရတဲ့ပုံစံဖြစ်နေတဲ့လူငယ်တစ်ယောက်ထွက်လာခဲ့တယ်။
” ကျုပ်တို့အနေနဲ့ ဒီကောင်လေးကိုခေါ်သွားရမှာမို့ သင်တို့နဲ့ထည့်မပေးနိုင်တာ နားလည်ပေးပါ”

အောင်မြတ်သာလဲ စိတ်ညို့ခံထားရတဲ့ လူငယ်ကိုသတိရအောင်လုပ်ဖို့ရှေ့ကိုတက်သွားတဲ့အချိန်ကဝေမကြီးရဲ့ လက်ကနေ ရှည်လျားတဲ့ ကြိုးတွေထွက်လာပြီး အောင်မြတ်သာနဲ့ မောင်ကောင်းတို့ရဲ့ ကိုယ်ကိုရစ်ပတ်ခဲ့တယ်။

” မိစော ဟိုကောင်ကိုခေါ်ပြီး သွားတော့… ငါဒီမှာထိန်းထားပေးမယ်”

ကဝေမကြီးရဲ့ရုပ်သွင်က ချက်ချင်းဆိုသလို ခက်ထန်လာပြီး ရစ်ပတ်ထားတဲ့ကြိုးတွေကို မလွှတ်တမ်းဆွဲတင်းထားခဲ့တယ်။

အောင်မြတ်သာတို့လဲ ရုတ်တရက်အငိုက်မိသွားတာမို့ ကိုယ်မှာပတ်နေတဲ့ကြိုးတွေကိုဖြေဖို့ရုန်းကန်နေတဲ့အချိန် မိစောဆိုတဲ့မိန်းမက လူငယ်ရဲ့ကိုယ်ကိုစွေ့ခနဲထမ်းပြီး ထွက်ပြေးပေမယ့် စည်းအစပ်နားလဲရောက်ရော အနောက်ကိုလန်ကျသွားခဲ့တယ်။

” သင်တို့ဒီစည်းဝိုင်းထဲကနေ ထွက်မရတာကြောင့် အသာတကြည်ပြောတာကို လက်ခံပေးပါ၊ မဟုတ်ရင်တော့ ကျုပ်အနေနဲ့ ထိခိုက်နာကျင်အောင် လုပ်ရလိမ့်မယ်”

” ကျွန်မက ဒီပညာကိုစယူတဲ့အချိန် သဲတစ်ဆုပ် ရေတစ်မှုတ်ကိုင်ပြီး ကျိန်ဆိုခဲ့တာမို့ သေရင်ငရဲကျမယ့်သူ၊ မိသားစုအနှောင်အဖွဲ့ဆိုတာလဲမရှိဘူး၊ ဒါပေမယ့် မိစောမှာတော့ သူ့ရဲ့သွေးသားရှိတယ်။ ဆရာတို့အနေနဲ့တိုက်မယ်ဆိုရင်တောင် ကျွန်မက အသေခံပြီး ကာကွယ်မှာ”

ကဝေမကြီးက အံကိုကြိတ်ပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်လိုက်ရာ အောင်မြတ်သာ တားထားတဲ့စည်းတစ်နေရာက ဝုန်းခနဲမြည်ကာ မီးခိုးလုံးတွေ ထွက်ပေါ်လာခဲ့တယ်။

” ဆရာ ဟိုဘက်က စည်းပေါက်သွားပြီ… ဘယ်လိုလုပ်ကြမလဲ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက စိတ်ကိုတည်ငြိမ်အောင်ထားပြီး မျက်လွှာကိုမှိတ်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ စူးရှတောက်ပတဲ့ ဆင်စွယ်ရောင်အလင်းရောင်တွေဖြာထွက်လာပြီး ကျတ်ရွာဧရိယာတစ်ခုလုံးကို စက်ဝိုင်းသဏ္ဌာန်ဖုံးအုပ်သွားခဲ့တယ်။ ဒါပေမယ့် ကိုယ်မှာရစ်ပတ်ထားတဲ့ ကြိုးတွေကတော့ ရှိမြဲတိုင်းရှိနေဆဲ။

” ဆရာ ဘာလို့ပြန်မတိုက်ပဲ အလျော့ပေးထားတာလဲ…. ပြန်တိုက်ပါ… ”

” ကျုပ် မတိုက်ဘူး အမေကြီး… သင်က မကောင်းတဲ့ပညာကိုယူထားသူဖြစ်ပေမယ့် .. သူတစ်ပါးအပေါ် ကူညီတတ်တဲ့သူဖြစ်နေတာကြောင့် နာကျင်အောင်မလုပ်ချင်ဘူး၊ ဒီကောင်လေးကလဲ သူ့ဘဝနဲ့ သူရှိနေတာကြောင့် ရှိမြဲတိုင်းရှိနေပါစေ၊ ဒီကောင်လေးရဲ့ ပတ်ဝန်းကျင်မှာ သူ့အမေဖြစ်သူ ဝင်ထွက်နိုင်ဖို့တော့ ကူညီပေးနိုင်တယ်၊ အဲဒီအတွက် ကတိတစ်ခုပေးရမှာက ကောင်လေးကို လက်ရှိအုပ်ထိန်းသူတွေဆီကနေ မခေါ်သွားဖို့ပဲ၊ ဒီကတိကိုတည်မယ်ဆိုရင် သားဖြစ်သူကိုလဲ မြင်တွေ့ရမှာဖြစ်သလို ကျုပ်တို့ချင်းလဲ ထိခိုက်အောင်မလုပ်ဖြစ်ကြတော့ဘူးပေါ့”

အောင်မြတ်သာစကားကြောင့် မိစောက ကျုံ့ကျုံ့လေးထိုင်လိုက်ပြီး
” ဆရာပြောတာ သဘာဝကျပါတယ်… အမေကြီးလဲ ကျွန်မကြောင့် ဒုက္ခများခဲ့ရပြီးပြီ၊ ဆရာရဲ့ပညာစွမ်းကိုလဲ ကျွန်မတို့နှစ်ယောက်လုံး မယှဉ်နိုင်တာ သိသိကြီး ရှေ့မတိုးပါရစေနဲ့၊ ကျွန်မ လက်ခံပါတယ်” လို့ပြောလိုက်တော့ ကဝေမကြီးက အောင်မြတ်သာတို့ကိုယ်မှာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုပြန်ဖြေပေးကာ အနောက်ကိုဆုတ်သွားခဲ့တယ်။

” ကဲကဲ ကျုပ်တို့လဲ တားဆီးပိတ်ပင်ထားတဲ့ အကာအရံတွေကိုဖြုတ်သိမ်းပေးမယ်၊ အမေကြီးအနေနဲ့ ကိုယ်နေတဲ့အရပ်ဒေသကို ပြန်ပြီး မကောင်းမှုတွေကို တတ်နိုင်သလောက်မလုပ်ဖြစ်အောင်ဆင်ခြင်ပါ၊ မိစောကတော့ တောင်းရမ်းစားသောက်သူအနေနဲ့ရွာထဲကိုဝင်ထွက်ပါ… ရွာထဲမှာရှိတဲ့အချိန် မိမိရဲ့ပညာကို မြူတစ်မှုန်စာမှ ထုတ်မပြဖို့ သစ္စာဆိုနိုင်ပါသလား”

” ကျွန်မရုပ်ရည်ကို ကလေးအဖိုးအဖွားတွေက မှတ်မိနေတာကြောင့် အဆင်မပြေနိုင်ဘူးထင်တယ်ဆရာ..”လို့ပြောတဲ့အချိန် ကဝေမကြီးက

” ဒါများမိစောရယ် ငါကူညီပေးမယ်”လို့ပြောပြီး မျက်နှာပေါ်ကိုတံတွေးထွေးထည့်လိုက်ရာ မိစောမျက်နှာက တစ်ဖြေးဖြေးပြောင်းသွားပြီး အသက်၃၀အရွယ်အခြားတစ်ယောက်ပုံစံဖြစ်သွားခဲ့တယ်။

” ဒါက ငါငယ်ငယ်က ရုပ်ပုံပဲ… နင့်အနေနဲ့ တစ်ပတ်ကိုတစ်ရက် သားဖြစ်သူနဲ့တွေ့တဲ့အခါ ပေးသုံးမယ်၊ ဆရာတို့အနေနဲ့လဲ ဒီအဖြစ်အပျက်တွေပြီးတဲ့အခါ ကျွန်မနေတဲ့ ညောင်စောင်းအရပ်ကို အလည်လာစေချင်ပါတယ်၊ ဆရာတို့အတွက် အကျိုးမယုတ်စေရပါဘူး…”

” ကောင်းပါပြီ အမေကြီး… ကျုပ်တို့လမ်းကြုံရင် ဝင်လည်ပါမယ်.. ”

” ဒါပေမယ့် ညောင်စောင်းကိုလာတဲ့အခါ သတိထားရမှာက ရေအိုးအနီထဲက ရေကိုသာသောက်ဖို့ပဲ၊ ဘယ်သူဘာမေးမေး စကားမပြောဖို့လဲသတိထားပေးပါ”

” ကောင်းပါပြီ အမေကြီး… ဒါဖြင့် ကျုပ်တို့ကိုသွားခွင့်ပြုဦး”

အောင်မြတ်သာတို့လဲ စိတ်ညို့ခံထားရတဲ့ လူငယ်ကို ဆွဲခေါ်ကာ ပြန်အထွက်မှာတော့ ကဝေမကြီးနဲ့ မိစောက စုန်းတောက်စားပြီး မီးလုံးအဖြစ်ပြောင်းကာ ပျံတက်သွားခဲ့တယ်။

ကျတ်ရွာကတော့ မူလအတိုင်းတိတ်ဆိတ်ငြိမ်သက်ပြီး ချောက်ချားလျက်။
+++++
အောင်မြတ်သာတို့ ဇရပ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ သန်းခေါင်အချိန်ဖြစ်နေပြီမို့ စိတ်ညို့ခံထားရတဲ့လူငယ်ကို ရေမန်း အင်းမန်းတွေနဲ့ သတိပြန်ရအောင်လုပ်ပေးပြီး မနက်မိုးလင်းမှရွာထဲကို ပြန်ပို့ပေးခဲ့လိုက်တယ်။

ညနေစောင်းအချိန်ရောက်တော့ ဇရပ်ပေါ်ကို ငွေမှင်ရောင်ပုဆိုးဝတ်ထားတဲ့ လူငယ်နှစ်ယောက်တက်လာပြီး ညောင်စောင်းအရပ်မှာရှိတဲ့ သူတို့ရဲ့ အလောင်းကိုမီးရှို့သဂြိုလ်ပေးဖို့ လာရောက်အကူညီတောင်းခံခဲ့တယ်။

ညောင်စောင်းဒေသဆိုတာ ဘယ်လိုအရပ်ဒေသလဲ၊ ဒီဒေသမှာ ကြီးစိုးတဲ့သူက ဘယ်သူလဲ၊ ဘာအကြောင်းကြောင့် အုတ်ဂူနှစ်လုံးထဲက အလောင်းတွေကို ခိုးယူထားတာလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ဆေးရည်စိမ်အလောင်းရှာပုံတော်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါအုံးခဗျာ

No comments

Post a Comment