+++++++++++++++++++++++++++++++
မိုးဦးကာလက မကြာခင်ရောက်လာတော့မှာဖြစ်လို့ မျိုးစပါးတွေသယ်တဲ့သူကသယ်၊ လယ်ထွန်တဲ့သူက ထွန်နဲ့ ခနောက်အင်းတစ်ရွာလုံး အလုပ်ရှုပ်နေခဲ့ ကြတယ်။
“ ဒီနှစ် ဘယ်သူမှလဲ မခေါ်ကြပါလားနော်၊ ဒီအတိုင်းဆို ငွေပိုငွေလျှံရဖို့ထက် ဝမ်းစာစပါးရဖို့တောင် မနည်းရုန်းကန်ရမှာ”
စိတ်ပျက်စွာပြောလိုက်တဲ့မိန်းမဖြစ်သူရဲ့ စကားကြောင့် ကိုတိုးနိုင်တစ်ယောက် သောက်လက်စဆေးလိပ်ကို ဘေးချကာ အိမ်အပြင်ဘက်ကိုထွက်သွားလိုက်တယ်။
“ အမေ… အဖေကဘယ်သွားတာလဲ”
“ အလုပ်ရလိုရငြား ထွက်ရှာတယ်နေမှာပေါ့သမီးရယ်”
“ အမေသိလား… လုံးတင်တို့က စပါးစိုက်တဲ့အခါ သမီးကိုခေါ်မယ်လို့ပြောတယ်၊ ဒီနှစ်တော့ သမီး ကောက်စိုက်လိုက်ပါရစေ”
“ သမီးက အခုမှ ဆယ်နှစ်ကျော်ရုံလေးပဲရှိသေးတာ၊ ဘယ်လိုလုပ်ကောက်စိုက်လို့ရဦးမှာလဲ”
“ သမီး ကောက်စိုက်တတ်ပါတယ်… အမေမယုံရင် လုံးတင်ကိုမေးကြည့်”
“ အသက်အရွယ်ရလာရင် မလုပ်ချင်တာတောင် လုပ်ရမယ်၊ အခုတော့ အမေစိတ်မချသေးဘူး”
မိခင်ဖြစ်သူရဲ့စကားကြောင့် ကလျာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပေါ်ပြန်တက်သွားခဲ့တယ်။ ခဏနေတော့ ကိုတိုးနိုင်ပြန်ရောက်လာပြီး
“ မိန်းမရေ… ဦးမိုးကြီးက သူ့လယ်မှာလုပ်မယ်ဆို ဝမ်းစာစပါး တင်း(၃၀)ပေးမယ်လို့ပြောတယ်”
“ တကယ်ပြောတာလား…ဒါဆို ကျုပ်တို့ဒီနှစ်အဆင်ပြေပီပေါ့”
“ အဆင်ပြေတာတော့ဟုတ်တယ်၊ ဒါပေမယ့် လုပ်ရမယ့်လယ်က မိုးနဲကွင်းဘက်မှာလို့ပြောတယ်”
“ ဦးမိုးကြီးလယ်တွေက ကျောင်းကြီးကွင်းမှာရှိတာမဟုတ်လား၊ ဘယ်လိုဖြစ်လို့ မိုးနဲဘက်ရောက်သွားတာလဲ”
“ သူမနှစ်ကမှ ထပ်ဝယ်ထားတာတဲ့၊ အဲဒီဘက်က နည်းနည်းလှမ်းတော့ ဘယ်သူမှမလုပ်ချင်ကြ ဘူးလေ”
“ မိုးနဲကွင်းက ဒီကနေ သွားရင် သုံးနာရီလောက်သွားရတာလေ၊ ကျုပ်တို့ ဘယ်လိုသွားကြမလဲ”
“ လယ်ထဲမှာပဲနေကြရင်မကောင်းဘူးလား၊ ဟိုမှာက သီးပင်စားပင်တွေလဲပေါတယ်လို့ပြောတယ်”
“ သမီးကိုရော ခေါ်သွားမှာလား”
“ ခေါ်သွားရမှာပေါ့… ငါ့သမီးကို အခြားသူဆီမှာ မအပ်ထားနိုင်ပါဘူး”
“ ဒါဖြင့် ဘယ်နေ့သွားရမလဲ”
“ ငါတို့လုပ်မယ်ဆိုရင် ဒီတစ်ပတ်အတွင်းသွားရမယ်ပြောတယ်”
“ ဘယ်တတ်နိုင်မလဲ ရတဲ့အလုပ်လုပ်ရတော့မှာပေါ့၊ ဒါနဲ့ လယ်က ဘယ်နှစ်ဧကလုပ်ရမှာလဲ”
“ အများကြီးတော့မဟုတ်ပါဘူး၊ ငါးဧကလောက်ပဲ ရှိမယ်ထင်တယ်”
“ အင်း… ဒါဆို ကျုပ်ပစ္စည်းတွေထုပ်ပိုးထားလိုက်မယ်၊ ရှင့်သမီးကတော့ ကောက်မစိုက်ရလို့ အိမ်ပေါ်မှာ စိတ်ကောက်နေလေရဲ့”
“ ကလျာကတော့လေ အားနေရင် ကောက်နေတော့ပဲ”
ကိုတိုးနိုင်က သမီးဖြစ်သူကိုချော့ဖို့တက်သွားတဲ့အချိန် မစန်းနွယ်က လိုအပ်တဲ့ပစ္စည်းတွေကို ထုပ်ပိုးရန်အတွက် အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။
+++++
“ တိုးနိုင်… မင်း ဘာဖြစ်လို့ မိုးနဲကွင်းမှာလုပ်မယ်ပြောလိုက်တာလဲ”
နွားလှည်းကို ခပ်ဖြေးဖြေးမောင်းနှင်နေတဲ့ ကိုသာပျော့စကားကြောင့် တိုးနိုင်က မျက်ရိပ်မျက်ခြေပြလိုက်ပြီး
“ အလုပ်မှမရှိတာ ကိုသာပျော့ရယ်၊ ဒါကြောင့် လုပ်မယ်လို့ပြောလိုက်တာ”
“ အင်းပါ… ဟိုရောက်ရင် အစစအရာရာသတိထားကြဦး၊ အနီးနားမှာလဲ ဘယ်သူမှရှိတာမဟုတ်ဘူး”
“ ဒါနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ကိုသာပျော့ပဲ လာပေးမှာမဟုတ်လား”
“ ငါပဲလာရမှာပေါ့… အခုလောလောဆယ် မင်းတို့အတွက် တစ်လစာရိက္ခာထည့်ပေး လိုက်တယ်”
“ ကျုပ်လယ်အတွက် နွားတစ်ရှဉ်းတောင်းထားတာ မြန်မြန်လေးပို့ပေးဦး”
“ မိုးမကျခင် မင်းဆီရောက်အောင်ပို့ပေးပါမယ်ကွ၊ ဟိုမှာ မင်းတို့မိသားစုနေလို့ရမယ့် တဲတစ်လုံးတော့ရှိတယ်၊ အရမ်းကြီးမကောင်းပေမယ့် မိုးလုံလေလုံတော့ရှိပါတယ်”
“ ကိုသာပျော့… မိုးနဲကွင်းကလယ်မှာ အရင်ကရော စပါးစိုက်ဖူးလား”
ကိုတိုးနိုင်စကားကြောင့် ကိုသာပျော့က လှည်းကိုရပ်လိုက်ပြီး အပေါ့အပါးသွားဟန်နဲ့ အောက်ကိုခေါ်ဆင်းသွားခဲ့တယ်။
“ ငါလဲမင်းကိုပြောမလို့… မိုးနဲကွင်းဘက်က နတ်ကြီးတယ်နော်၊ မနှစ်က အေးထွန်းတို့လင်မယား သွားလုပ်တာ ကောက်တောင်မစိုက်ရသေးဘူး ပြန်ပြေးလာကြလေ”
“ သူတို့ပြန်လာကြတာတော့သိတယ်၊ အဲဒါ အခုကျုပ်တို့သွားမယ့်လယ်လား”
“ အေး… ဒါကို မင်းက လုပ်မယ်ပြောတော့ ငါအံ့ဩနေတာ”
“ မတတ်နိုင်ဘူးလေ ကိုသာပျော့ရယ်၊ မရှိမှတော့ လုပ်ရတော့မှာပေါ့”
“ လုပ်မယ်ဆိုရင်လဲ စကားအပြောအဆို အနေအထိုင် ဆင်ခြင်နော်၊ ဒီနှစ် မင်းတို့လုပ်လို့
အထွက်နှုန်းကောင်းရင် နောက်နှစ် အခြားလယ်ကွက်ရမှာ”
“ ကျုပ်တို့သေချာကြိုးစားပါ့မယ်၊ ဦးမိုးကြီးကိုလဲ ကျေးဇူးတင်ကြောင်းပြန်ပြောပေးဦး”
“ ငါသေချာပြောလိုက်ပါ့မယ်၊ ကဲ လှည်းပေါ်တက်တော့”
ကိုသာပျော့တို့ မိုးနဲကွင်းရောက်တော့ နေမွန်းတည့်နေပြီမို့ ပစ္စည်းတွေချပေးပြီးတာနဲ့ ရွာကိုပြန်ထွက်လာခဲ့လိုက်တယ်။
“ ကိုတိုးနိုင်… ဒီမှာ ကျုပ်တို့မိသားစုပဲနေရမှာလား”
“ အင်းလေ… ဘာဖြစ်လို့လဲ”
“ ဘာမှမဖြစ်ပါဘူး… ကျွန်မက အခြားလယ်နီးချင်းတွေရှိမယ်ထင်နေတာ”
“ အဖေလယ်ကလဲပျင်းစရာကြီး၊ ဆော့စရာဘယ်သူမှလဲမရှိဘူး”
“ အခုအစမို့လို့ ပျင်းနေတာပါ၊ နောက်ဆို ပျော်သွားလိမ့်မယ်”
“ တော် ဘယ်နေ့စလုပ်မှာလဲ”
“ ဒီနေ့ပဲ စလုပ်မှာ.. စောစောပြီးတော့ စောစော စိုက်လို့ရတာပေါ့၊ ဒီနှစ်က မိုးစောမယ်လို့ ရေဒီယိုက ကြေညာတာနားထောင်ရတယ်”
“ အင်း အင်း… ဒါဖြင့် ကျုပ် ထမင်းအရင်ချက်ထားလိုက်မယ်”
မစန်းနွယ် ထမင်းချက်နေတဲ့အချိန်
ကိုတိုးနိုင်က ဓါးမတစ်ချောင်းယူကာ လယ်ကွင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ လယ်စောင့်တဲရဲ့ အနောက်ဘက်မှာတော့ သဘာဝစမ်းချောင်းလေးတစ်ခုရှိနေပြီး စမ်းချောင်းရဲ့တစ်ဖက်မှာတော့ စားလို့ရတဲ့ အသီးအရွက်ပင်တွေအလေ့ကျပေါက်နေခဲ့တယ်။ ကိုတိုးနိုင်လဲ အသီးအရွက်အချို့ကိုခူးပြီး လှည့်ပတ်ကြည့်နေခဲ့ရာ ရေညှိတွေအထပ်ထပ် တက်နေတဲ့ စေတီပျက်တစ်ဆူကိုဖူးမြင်လိုက် ရတယ်။ စေတီရဲ့ဘေးမှာတော့ အလွန်ညံ့တဲ့လက်ရာနဲ့ထုဆစ်ထားတဲ့ ဆယ်ကျော်သက်ကလေးနှစ်ယောက်ပုံကိုမြင်တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ကိုတိုးနိုင်လဲ အတန်သင့်လေ့လာကြည့်ရှုပြီးတဲ့နောက် လယ်စောင့်တဲရှိရာကိုပြန်ထွက်လာခဲ့လိုက်တယ်။
နောက်တစ်နေ့မနက်ရောက်တော့ လုပ်စရာရှိတာတွေကို လင်မယားနှစ်ယောက် လုပ်နေကြတဲ့အချိန် ကလျာက ဝမ်းသာအားရနဲ့ သူတို့ဆီပြေးလာပြီး
“ အမေ… အမေ… ဒီမှာကြည့်ပါဦး”
“ ဘာတုန်း သမီးရဲ့”
“ သမီး တဲဘေးမှာဆော့နေတုန်း ဒီလက်စွပ်လေး ကောက်ရလို့”
“ ပြစမ်းပါဦး…”
မစန်းနွယ်က ကလျာကိုင်ထားတဲ့ လက်စွပ်ကို ယူကြည့်လိုက်ရာ မြကျောက်တစ်လုံးကို မြုပ်ထားတဲ့လက်စွပ်ဖြစ်နေတာမြင်လိုက်ရတယ်။
“ မြလက်စွပ်လေးပါလား… သမီးဘယ်က ကောက်ရတာလဲ”
“ ကောက်ရတာမဟုတ်ဘူးအမေရဲ့… မြေကြီးထဲကထွက်လာတာ”
“ လက်စွပ်က သေးသေးလေးဆိုတော့ လူကြီးဝတ်တာတော့မဖြစ်နိုင်ဘူး၊ သမီးလက်ပြစမ်း”
မစန်းနွယ်က ကလျာရဲ့လက်ထဲကို ထည့်ကြည့်လိုက်ရာ ကွက်တိဝင်သွားခဲ့တယ်။
“ အ့ အ့ နာတယ်အမေရဲ့၊ အရမ်းမဆွဲနဲ့လေ”
“ လက်စွပ်က ပြန်ဆွဲထုတ်လို့မရပါလား”
“ ဆွဲထုတ်မရရင်လဲ ထားလိုက်တော့ သူနဲ့ထိုက်လို့ရတဲ့ ပစ္စည်းသူပဲဝတ်ထားပါစေ”
ကိုတိုးနိုင်စကားကြောင့် စန်းနွယ်ဘာမှမပြောတော့ပဲ လက်စွပ်မှာကပ်နေတဲ့မြေကြီးတွေကိုရေနဲ့ ဆေးကြောပေးလိုက်တယ်။ ကလျာကတော့ နေရောင်ထဲမှာ လက်ကိုထောင်ကြည့်လိုက် မှောက်ကြည့်လိုက်နဲ့ သဘောကျနေခဲ့တယ်။
ညဘက်ရောက်တော့ မိသားစုသုံးယောက် အိပ်ပျော်နေတဲ့အချိန် အိမ်ပေါ်ကို အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက် တက်လာခဲ့တယ်။ ဆံမြိတ်လေးချထားပြီး ရင်ဖုံးအင်္ကျီဝတ်ထားတဲ့ မိန်းကလေးက ကလျာအိပ်နေတဲ့ဘေးမှာထိုင်လိုက်ပြီး ပခုံးကိုလှုပ်နှိုးလိုက်ရာ
“ နင်ဘယ်သူလဲ…”
“ ရှူး… တိုးတိုးနေ၊ ငါက နင်နဲ့ကစားဖို့လာတာ”
“ ညဘက်ကြီးကစားမယ်ပေါ့လေ.. ဒီလောက်မှောင်နေတာကို ဘယ်လိုကစားမှာလဲ”
“ ငါ့မှာ အလင်းရောင်ထွက်တဲ့အရာပါတယ်၊ နောက်ပြီး ကစားစရာတွေလဲအစုံပါလာတယ်ဟ”
ကစားရမယ်ဆိုတာကြောင့် ကလျာလဲ အိပ်နေရာကနေ အသာထလိုက်ပြီး အိမ်ပြင်ကို ထွက်လာခဲ့လိုက်တယ်။ အပြင်ရောက်တော့ သူနဲ့သက်တူရွယ်တူ ယောင်္ကျားလေးတစ်ယောက် ထပ်ရှိနေတာကြောင့်
“ သူက ဘယ်သူလဲ”
“ ငါ့မောင်လေးလေ… သူလဲပျင်းတယ်ဆိုလို့ ခေါ်လာတာ”
“ ဟင်းး.. နင်တို့ကလဲ မိုးလင်းတုန်းမှာ မကစားပဲ ညဘက်ရောက်မှ ကစားရတယ်လို့”
“ ငါတို့ အုပ်ထိန်းသူတွေက မနက်ဘက်ပေးမဆော့ဘူး၊ အခုတောင် သူတို့အိပ်လို့ ခိုးထွက်လာတာ”
“ ငါလဲ တစ်ယောက်ထဲဆိုတော့ ပျင်းနေတာ၊ အခုနင်တို့ရှိတော့ မပျင်းတော့ဘူး၊ ဒါနဲ့ ဘာတမ်းဆော့ကြမလဲ”
ကလျာမေးလိုက်တော့ မျက်နှာတည်နဲ့ရပ်နေတဲ့ ကောင်လေးက
“ ဝိဉာဉ်နှုတ်တမ်းဆော့မယ်လေ”
“ ဟဲ့.. ဗညား ပေါက်ကရမပြောနဲ့၊ ငါ့မောင်က အဲလိုပဲ လူတွေ့ရင်လိုက်စနေတာ”
“ သူ့ကြည့်ရတာ မပျော်တဲ့ပုံပဲ”
ကလျာစကားကြောင့် မိန်းကလေးက ဗညားဆိုတဲ့ ကောင်လေးကို မျက်စောင်းထိုးလိုက်ရာ
“ ပျော်ပါတယ်ဟ… ဒါကြောင့် နင်နဲ့ကစားဖို့ လိုက်လာတာပေါ့”
“ ကဲကဲ… အချိန်ရတုန်း ကစားကြရအောင်”
“ ခဏနေဦး… နင့်နာမည်လဲငါ့ကိုမပြောတော့ ဘယ်လိုခေါ်ရမလဲ”
“ အော် ငါ့နာမည်က မိမွန်လို့ခေါ်တယ်၊ ငါ့မောင်နာမည်က ဗညား”
“ ငါ့နာမည်က ကလျာလို့ခေါ်တယ်၊ အခု ငါတို့က သူငယ်ချင်းဖြစ်သွားပြီပေါ့”
“ ဒါပေါ့… ငါတို့အခု ဇယ်ခုန်ကြမလား”
“ စိန်လိုက်လေ… ငါက ဇယ်ခုန်တဲ့နေရာမှာ အရမ်းတော်တာနော်”
ကလျာစကားကြောင့် မိမွန်ဆိုတဲ့ကောင်မလေးက အိတ်ကပ်ထဲကနေ ပြောင်လက်နေတဲ့အနီရောင် အလုံးငါးလုံးထုတ်လိုက်ပြီး အိမ်ရှေ့မြေကွက်လပ်မှာ ပစ်ချလိုက်တယ်။
ကလျာတို့လဲ တစ်ညလုံး စိတ်ရှိလက်ရှိ ဆော့ကစားပြီး မနက်အရုဏ်တက်တဲ့အချိန်ရောက်တော့
“ ငါတို့ပြန်ရတော့မယ်.. နောက်နေ့တွေ ငါတို့ပြန်လာခဲ့မယ်နော်” လို့ပြောကာ စမ်းချောင်းရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။
ကလျာလဲ တစ်ညလုံး ဆော့ထားတာကြောင့် ခြေကုန်လက်ပန်းကျပြီးအိပ်လိုက်တာ မွန်းတည့်ချိန်လောက်မှ နိုးလာခဲ့တယ်။
“ သမီး… ဒီနေ့ထတာနောက်ကျတယ်နော်၊ ညကအိပ်မပျော်လို့လား”
“ ဟုတ် ဟုတ်တယ်အမ.. ညက အိပ်မပျော်လို့”
ကလျာက အလိုက်သင့်ပြန်ပြောရင်း မျက်နှာသစ်ရန် တဲအနောက်ကိုထွက်လာတဲ့အချိန် ခြုံပုတ်တွေထူထပ်စွာပေါက်နေတဲ့လမ်းကြားထဲမှာ လူတစ်ယောက် မတ်တပ်ရပ်ပြီး သူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။
ကလျာလဲ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကိုပွတ်ပြီးပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ဘယ်သူမှမရှိတော့ပေ။
ဒီလိုနဲ့ မနက်စာစားပြီးလို့ အိမ်ရှေ့က ဝါးခုံလေးပေါ်မှာထိုင်နေတဲ့အချိန်
“ ကလျာ… နင်ပျင်းနေတယ်မဟုတ်လား” ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်ရာ ညကတွေ့ခဲ့တဲ့ မိမွန်ဖြစ်နေခဲ့တယ်။
“ မိမွန် နင်ပြောတော့ မနက်ဘက်ထွက်မရဘူးဆို”
“ ဒီနေ့က အဘတို့ ဘုရားသွားကြတယ်လေ၊ ဒါကြောင့် ငါတို့ကိုစောင့်ကြည့်မယ့်သူမရှိတာ”
“ နင့်မောင်လေးရော မပါဘူးလား”
“ မပါဘူး… သူက ယောင်္ကျားလေးဆိုတော့ ငါတို့ဆော့သလိုမဆော့ချင်ဘူးလေ”
“ ဒီနေ့ ဘာတမ်းဆော့ကြမလဲ”
“ ဘာတမ်းဆော့ရင်ကောင်းမလဲဆိုတော့…. တူတူပုန်းတမ်းဆော့ကြမလား”
“ အေး… ကောင်းသားပဲ၊ ဒါပေမယ့် နှစ်ယောက်ထဲဆိုတော့ ပျင်းစရာကြီးဟ”
“ နင်က အဖော်တွေနဲ့ဆော့ချင်တာလား”
“ အေးပေါ့… တူတူပုန်းတမ်းဆိုတာ အဖော်တွေပါမှ ဆော့လို့ကောင်းတာ”
“ ဒါဆို ငါတို့နေတဲ့ဆီလိုက်ခဲ့လေ ဟိုမှာ ငါ့အဖော်တွေရှိတယ်”
“ နင်ပြောတော့ ဆော့ဖို့လူမရှိဘူးဆို အခုကဘယ်လိုကြောင့် အဖော်ရှိသွားတာလဲ”
“ နင်နားလည်အောင်ပြောရရင် အဘတို့က အစေခံတွေနဲ့မပေးကစားဘူး၊ ဒါပေမယ့် ဒီနေ့က သူတို့ဘုရားသွားတာဆိုတော့ ကစားလို့ရတယ်လေ”
“ နင်က အစေခံတွေတောင်ရှိတာလား”
“ နင်လိုက်ခဲ့ရင်သိမှာပေါ့…”
“ အရမ်းဝေးရင် ငါမလိုက်ဘူးနော်၊ အမေတို့ ခဏနေရင်ပြန်လာကြတော့မှာ”
“ မဝေးပါဘူး… ရှေ့တစ်ကွေ့ဆိုရောက်ပါပြီ”
မိမွန်က ကလျာလက်ကိုဆွဲပြီး ထွက်သွားတဲ့အချိန် အေးစက်စက်မာတင်းတင်းအထိတွေ့ကို ခံစားလိုက်ရတယ်။ ဟိုရောက်တော့ ဟောင်းနွမ်းတဲ့ အဝတ်အစားတွေဝတ်ထားတဲ့ ကလေးငါးယောက်က ခုတ်လှဲထားတဲ့ သစ်တုံးတွေပေါ်မှာ ထိုင်နေတာမြင်လိုက်ရတယ်။
“ ဟဲ့… ငါ့သူငယ်ချင်းပါလာတာ နင်တို့မမြင်ကြဘူးလား၊ လာနှုတ်ဆက်ကြလေ”
မိမွန်က ခါးထောက်ပြီး ပြောလိုက်တော့ မျက်နှာလေးတွေနွမ်းလျနေတဲ့ကလေးငါးယောက် ကပြာကယာထလာပြီး ကလျာကို နှုတ်ဆက်ကြတယ်။
“ မိမွန် နင်တို့က ဘယ်မှာနေကြတာလဲ၊ ငါတော့ အခုထိ အိမ်နဲ့တူတာဆိုလို့ တဲတစ်လုံးတောင် မတွေ့သေးဘူးနော်”
“ နောက်တော့ နင့်ကိုအိမ်ခေါ်သွားမှာပါ၊ အိမ်မှာဆော့တာထက် ဒီမှာဆော့တာက ပိုကောင်းတယ်လေ”
ကလျာလဲ မိမွန်ရဲ့ အပေါင်းအသင်းတွေနဲ့ ဆော့နေရင်း စိတ်ထဲကနေ ပျော်သလိုလိုဖြစ်လာခဲ့တယ်။
“ ကလျာ နင် ပျော်နေပြီမဟုတ်လား”
“ အေးဟ… နင်တို့နဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်”
“ ဒါဆို အိမ်မပြန်နဲ့တော့လေ ငါတို့နဲ့ပဲ ဆော့တော့”
“ အိမ်မပြန်လို့တော့ မရဘူးလေ၊ အမေတို့က ငါမရှိရင် လိုက်ရှာနေကြမှာ”
ကလျာရဲ့စကားကြောင့် မိမွန် ဆော့နေတာရပ်လိုက်ပြီး မျက်ထောင့်နီနဲ့ တစ်ချက်လှမ်းကြည့်လိုက်တယ်။ မိမွန် ရပ်လိုက်တာနဲ့တစ်ပြိုင်နက် အခြားသူတွေကပါ ဆက်မကစားကြတော့ပေ။
“ မိမွန် ဘာလို့လဲ ငါအိမ်ပြန်မယ်ပြောလို့ စိတ်ဆိုးသွားတာလား”
“ မဟုတ်ပါဘူး…ဘာလို့စိတ်ဆိုးရမှာလဲ”
ခုနက မျက်နှာထားတင်းနေတဲ့မိမွန်က ချက်ချင်းဆိုသလို မျက်နှာချိုလာသွေးခဲ့တယ်။
“ ညနေစောင်းတော့မယ်ဆိုတော့ ငါပြန်မှရမယ်၊ အမတို့ပြန်လာလို့ ငါ့ကိုမတွေ့ရင် စိတ်ပူနေလိမ့်မယ်”
“ အင်းပါ… နင်ကပြန်ချင်တယ်ဆိုတော့လဲ ပြန်ပေါ့၊ ငါလိုက်ပို့ပေးမယ်”
မိမွန်က ကလျာလက်ကိုဆွဲပြီး လယ်စောင့်တဲရှိရာကို ထွက်လာခဲ့လိုက်တယ်။ ကလျာလဲ ခြေလှမ်းဆယ်လှမ်းလောက် လျောက်လာပြီးတဲ့အချိန် အနောက်ကို လှည့်ကြည့် လိုက်ရာ ခုနက ဆော့နေကြတဲ့ ကလေးတွေအားလုံးကို မတွေ့ရတော့ပေ။
“ သူတို့တွေ ရုတ်တရက်ဘယ်ရောက်သွားကြတာလဲ”
“ ပြန်သွားကြပီလေ ကလျာရဲ့…”
“ ပြန်တော့လဲ မြန်လိုက်ကြတာ၊ မသိရင် ဟပ်ချလောင်းဆိုပြီး ကိုယ်ဖျောက်လိုက်သလိုပဲ”
ကလျာက ရယ်မောစရာပြောလိုက်တော့ မိမွန်က တဟက်ဟက်နဲ့ရယ်ပြီး လိုက်ပါလာခဲ့တယ်။
“ မိမွန်… နင့်ကိုငါ့မိဘတွေနဲ့ မိတ်ဆက်ပေးမယ်လေ၊ သူတို့က နင့်ကိုတွေ့ရင် ချစ်ကြမှာ”
“ ရပါတယ် ကလျာရဲ့… အခုတော့ စောပါသေးတယ်၊ နောက်တစ်ခေါက်မှပေါ့”
မိမွန်က ကလျာအိမ်ထိမလိုက်တော့ပဲ မျက်ကွယ်ကွေ့ကနေ လှည့်ပြန်သွားခဲ့တယ်။ အိမ်ရောက်တော့ မိခင်ဖြစ်သူက စိုးရိမ်တကြီးနဲ့
“ ကလျာ… နင်ဘယ်တွေလျောက်သွားနေတာလဲ”
“ ဘယ်မှမသွားပါဘူးအမေရဲ့… ဟိုနားဒီနားလိုက်ကြည့်နေတာ”
“ နင်တော်တော် အတင့်ရဲတာပဲ၊ မတော်လို့ သူခိုးဓါးပြတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ၊ နောက်တစ်ခါ သွားရဲသွားကြည့် ငါနဲ့တွေ့မယ်”
မိခင်ဖြစ်သူရဲ့ကြိမ်းဝါးမှုကြောင့် ကလျာ ငိုမဲ့မဲ့နဲ့ အိမ်ပေါ်တက်သွားခဲ့လိုက်တယ်။ ညရောက်တော့ ကလျာတစ်ယောက်အိပ်မပျော်ပဲ ဟိုတွေးဒီတွေးနဲ့ လှိမ့်နေတဲ့အချိန် အိမ်အပြင်ဘက်ကနေ လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။
“ မိမွန်များလား”
ကလျာလဲ အိပ်နေရာကနေ ထလိုက်ပြီး ထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ ဘယ်သူကိုမှမတွေ့တဲ့အတွက် အနောက်ကိုလှည့်လိုက်တဲ့အချိန် သူ့ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ မိမွန်ကို မြင်လိုက်ရတယ်။
“ အမလေး… လန့်လိုက်တာမိမွန်ရယ်”
“ နင့်မိဘတွေ အိမ်ရှေ့မှာအိပ်နေတာ သိုးနေတာပဲ၊ ငါလဲ သူတို့အိပ်နေတာမြင်တော့ အသာလေးတက်လာတာ”
“ နင်ညဘက်ကြီး တစ်ယောက်ထဲ လာတာလား”
“ ငါ့ဦးလေးတွေပါတယ်… သူတို့က စမ်းချောင်းဘက်မှာ ငါးရှာဖားရှာလုပ်နေကြတယ်”
“ စမ်းချောင်းနဲ့ ငါတို့တဲက ဝါးဆယ်ပြန်စာလောက်သွားရတာလေ၊ နောက်ပြီး မှောင်မဲနေတာကို နင်တစ်ယောက်ထဲ လာရသလား”
“ ဒီနေရာက ငါသွားနေကျပါ… အခုသူတို့ ငါးရှာပြီးတဲ့ထိ ငါတို့ဆော့ဖို့အချိန်ရတယ်၊ ဒီမှာကြည့်စမ်း”
မိမွန်က အိတ်ကပ်ထဲထည့်လာတဲ့ ယွန်းဘူးကို ထုတ်ပြီး သွန်ချလိုက်ရာ အထဲကနေ လုံးချောနေတဲ့ အပြာရောင်ကျောက်တွေထွက်ကျလာခဲ့တယ်။
“ မိမွန်… ဒါက ငါ့လက်စွပ်မှာပါတဲ့ ကျောက်နဲ့ အရောင်တူနေပါလား”
“ ဟုတ်လား… နင့် လက်စွပ်က ဘယ်ကနေရတာလဲ”
“ တဲဘေးမှာဆော့နေတုန်း ကောက်ရတာ”
“ လက်စွပ်က နင်နဲ့လိုက်တယ်နော်…”
“ တကယ်ပြောတာလား”
“ တကယ်ပေါ့… ငါ့မှာလဲ လက်စွပ်တွေ လက်ကောက်တွေအများကြီးရှိတယ်၊ နင် မနက်ဖြန် ငါ့တို့အိမ်လိုက်ခဲ့ပါလား၊ နင့်ကို လက်ကောက်လှလှလေး ပေးမယ်”
“ ငါလိုက်တော့ လိုက်ချင်ပါတယ်၊ ဒါပေမယ့် အမေက နောက်တစ်ခါလျောက်သွားရင် ရိုက်တော့မှာ”
“ အမေတွေက ဒီလိုပြောတာပါပဲ၊ ဘယ်သူက သူတို့သားသမီးကို သေအောင်ရိုက်မှာလဲ၊ ရိုက်လဲ တစ်ချက်နှစ်ချက်ပေါ့”
“ ဒါပေမယ့် ငါမလိုက်ရဲဘူး”
“ ငါက နင့်ကိုခင်လို့ လက်ကောက်လှလှလေးပေးမယ်ဆိုပြီး လာပြောတာ၊ နင်က ငါ့ကိုမခင်တာသိလိုက်ရတာပေါ့”
“ အဲလိုလဲမဟုတ်ပါဘူး… ငါလဲ နင့်ကိုခင်ပါတယ်”
“ တော်ပီ တော်ပီ ငါနောက်ဆို နင့်ဆီမလာတော့ဘူး”
မိမွန်က စိတ်ဆိုးတဲ့ဟန်နဲ့ အိမ်ပေါ်ကနေ ဆင်းသွားတာကြောင့် ကလျာ စိတ်မကောင်းဖြစ်သွားပြီး ခြေကိုအသာဖော့ကာ အနောက်ကနေ လိုက်သွားခဲ့လိုက်တယ်။
“ မိမွန် မိမွန်…”
ကလျာရဲ့ခေါ်သံကြောင့် စမ်းချောင်းဘက်ထွက်သွားတဲ့ မိမွန်က ပြန်လှည့်ကြည့်ပြီး
“ ဘာပြောဖို့လဲ”
“ စိတ်မဆိုးပါနဲ့ဟာ…မနက်ဖြန် နေ့လည် ငါနည်းငါ့ဟန်နဲ့ နင့်ဆီလာခဲ့မယ်လေ”
“ နင်တကယ်ပြောတာလား”
“ တကယ်ပေါ့… ငါသေချာပေါက် လာခဲ့မယ်၊ နင်ဘယ်မှာစောင့်နေမလဲ”
“ မနေ့ကတွေ့တဲ့နေရာမှာပဲ စောင့်နေမယ်လေ၊ နင်မလာလို့ကတော့ ငါ့အကြောင်းသိမယ်နော်”
“ ငါရအောင် ထွက်လာမယ်… စိတ်ချ”
“ ပြီးရော… ဒါဆိုငါပြန်လိုက်ဦးမယ်၊ ဦးလေးတို့လဲ ငါးဖမ်းပြီးပြီထင်တယ်”
မိမွန်ထွက်သွားတော့ ကလျာလဲ တဲပေါ်ကိုပြန်တက် လာခဲ့ရာ
“ သမီး… ခုနက ဘယ်သူနဲ့စကားပြောနေတာလဲ”
“ အဖေ နဲ့အမေ အိပ်သေးဘူးလား”
“ သမီး အိမ်ခန်းထဲမှာ တစ်ယောက်ထဲ စကားပြောနေထဲက နိုးနေတာ”
“ သမီး တစ်ယောက်ထဲ မဟုတ်ပါဘူး၊ မိမွန်လဲရှိပါတယ်”
“ ဘယ်က မိမွန်လဲ… အဖေတို့မြင်တာကတော့ သမီးတစ်ယောက်ထဲ စကားပြောနေတာပဲ”
“ အာ… မိမွန်နဲ့ပြောနေတာပါ၊ သူက သမီးသူငယ်ချင်း အဖေတို့ ဒီစရောက်တဲ့နေထဲက သူနဲ့ခင်တာ”
“ သူကဘယ်မှာနေတယ်ပြောလဲ”
“ ဘယ်မှာနေတယ်လို့တော့မပြောဘူး… သူတို့အိမ်က စမ်းချောင်းဘေးလမ်းကနေ သွားရတယ်လို့ပြောတယ်”
“ စန်းနွယ် နင့်သမီးတော့ လှည့်စားခံနေရပြီ”
“ ဘာဖြစ်လို့လဲအဖေ”
“ ဘာဖြစ်ရမှာလဲ… စမ်းချောင်းဘေးက လမ်းထဲမှာ ရှေးဟောင်းစေတီပျက်တစ်ဆူပဲရှိတယ်၊ ဘာလူနေအိမ်မှမရှိဘူး”
“ အဖေက ဘယ်လိုသိတာလဲ”
“ တဲကိုစရောက်တဲ့နေ့ထဲက အဖေလိုက်ကြည့်ပြီးပြီ၊ ဒီကွင်းအနီးတစ်ဝိုက်မှာ လူနေအိမ်တစ်လုံးမှမရှိဘူး၊ သမီးစဉ်းစားကြည့် ဆယ်ကျော်သက်မိန်းကလေး တစ်ယောက်က ညကြီးအချိန်မတော် အဲဒီကနေ ဒီကို တစ်ယောက်ထဲလာတာ ဖြစ်နိုင်ပါ့မလား”
“ အဖေတို့က သမီးကိုခြောက်နေတာမဟုတ်လား”
“ သမီး… အမေတို့က သမီးကို ခြောက်လှန့်နေတာ မဟုတ်ဘူး၊ ဒီပုံအတိုင်းဆို သမီးကို ရွာပြန်ပို့မှ ဖြစ်တော့မယ်”
“ အာ… အမေကလဲ သမီးရွာတော့မပြန်ချင်ပါဘူး၊ အမေတို့ပြောသလို နေဆိုနေပါ့မယ်၊ ရွာတော့ပြန်မပို့ပါနဲ့”
“ စန်းနွယ် မနက်ဖြန်ကျရင် နင်လဲ ငါ့ကိုထမင်းလာမပို့နဲ့တော့၊ သမီးကိုလဲ ဘယ်မှပေးမသွားနဲ့”
“ စိတ်ချပါ… ကျုပ်စောင့်ကြည့်ထားလိုက်ပါ့မယ်”
ကလျာကတော့ ခြေချုပ်မိသွားတာမို့ စူပုတ်နေတဲ့မျက်နှာနဲ့ မိဘနှစ်ပါးရဲ့ အလယ်ထဲတိုးဝင်ကာ လှဲအိပ်လိုက်တယ်။
++++++
မနက်မိုးလင်းတော့ ကိုတိုးနိုင်တစ်ယောက် အိပ်မောကျနေတဲ့ သမီးဖြစ်သူရဲ့ပါးပြင်ကို တစ်ချက်နမ်းလိုက်ပြီး
“ စန်းနွယ် သမီးကိုသေချာကြည့်ထားနော်၊ မျက်စိအောက်ကအပျောက်မခံနဲ့ ကြားလား”
“ စိတ်ချပါ… တော်သာ ထမင်းစားချိန်ပြန်လာခဲ့”
“ ဒါဖြင့် ငါသွားတော့မယ်”
ကိုတိုးနိုင်လဲ ပေါက်တူးတစ်လက်ကိုယူပြီး လယ်ထဲဆင်းသွားတဲ့အချိန် လှည်းလမ်းအတိုင်း မောင်းနှင်လာတဲ့ နွားလှည်းတစ်စီးကို မြင်လိုက်ရတယ်။
“ ဟေ့ တိုးနိုင်… လယ်ထဲဆင်းတော့မလို့လား”
“ ဟုတ်တယ် ကိုသာပျော့ရေ… နောက်နှစ်ရက်သုံးရက်ဆို မိုးရွာမယ်ဆိုပြီ ကြေညာထားလို့ အလုပ်တွေလက်စသတ်နေတာ၊ ဒါနဲ့ ကျုပ်မှာထားတဲ့ပစ္စည်းတွေပါလား”
“ ပါပါတယ်ဗျာ… ဦးမိုးကြီးက မြေဩဇာတွေရော မျိုးစပါးတွေပါထည့်ပေးလိုက်တယ်”
“ ဒါနဲ့ လှည်းပေါ်ပါလာတဲ့သူတွေက ဘယ်သူတွေလဲ၊ ရွာမှာတော့ တစ်ခါမှမမြင်ဖူးဖူး”
“ အော်… သူတို့က ကျွဲကူးရွာဘက်သွားမယ်ဆိုလို့ လမ်းကြုံခေါ်လာတာ”
“ ကျွဲကူးရွာက မိုးနဲကွင်းကနေဖြတ်သွားရတာမဟုတ်လား”
“ ဟုတ်တယ်လေ ဒါကြောင့် ဒီမှာချပေးမလို့ခေါ်လာတာ”
“ ဒါဆို ဧည့်သည်တွေပေါ့… ဒီကိုရောက်တုန်း ရောက်ခိုက် အိမ်မှာထမင်းစားသွားကြလေ၊ ဟင်းကတော့ မကောင်းပေမယ့် စားလို့မြိန်မှာပါ”
“ ဧည့်သည်တွေမြင်တယ်မလား… ဒီကောင်က သိပ်ကိုစေတနာကောင်းတာ၊ ဒါကြောင့် သူ့လယ်တွေ သူများပိုင်သွားတာလေ ဟဲဟဲ”
“ ကိုသာပျော့ ပြီးခဲ့တာတွေ မပြောပါနဲ့တော့ဗျာ၊ လာ အိမ်ဘက်သွားကြရအောင်”
ဧည့်သည်တွေလဲ ကိုတိုးနိုင် ခေါ်တဲ့နောက်ကို လိုက်လာခဲ့ရာ ဖြစ်သလိုဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။
“ စန်းနွယ်ရေ စန်းနွယ်… ကိုသာပျော့တို့လာတယ်ဟေ့”
ကိုတိုးနိုင်က တဲရှေ့ကနေ အော်ခေါ်နေပေမယ့် ဘာသံမှထွက်မလာတာကြောင့် အိမ်ပေါ်တက်ကြည့်လိုက်ရာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတဲ့ မိန်းမဖြစ်သူကိုမြင်လိုက်ရတယ်။
“ စန်းနွယ် စန်းနွယ် …ဘာဖြစ်နေတာလဲ သတိထားစမ်း”
ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ပြီးမေးလိုက်ပေမယ့် စကားမေးမရတာကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်
“ အသိစိတ်လွတ်အောင် ပြုစားခံရပြီထင်တယ်… ကျုပ်ကိုရေတစ်ခွက်ခပ်ပေးလို့ရလား”
ကိုသာပျော့နဲ့အတူပါလာတဲ့ ဧည်သည်တွေရဲ့စကားကြောင့် ကိုတိုးနိုင်လဲ သောက်ရေအိုးထဲက ရေတစ်ခွက်ခပ်ပြီး ကမ်းပေးလိုက်တယ်။ ဧည့်သည်တွေကလဲ သောက်ရေခွက်ရတာနဲ့ ရေကိုစေ့စေ့ကြည့်ကာ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး မျက်နှာကို တောက်လိုက်တော့မှ မစန်းနွယ် သတိပြန်ရလာခဲ့တယ်။
“ သမီး သမီးလေးမရှိတော့ဘူး… သူတို့ခေါ်သွားကြတယ်”
“ ဘယ်သူခေါ်သွားတာလဲ…”
“ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် လာခေါ်သွားတာ”
“ ဒါကိုနင်က မတားဘူးလား… ဒုက္ခပါပဲ ငါဒီလိုဖြစ်မယ်ဆိုတာသိလို့ သေချာမှာထားခဲ့တာကိုကွာ”
“ ကျုပ်ထမင်းချက်နေတုန်း အိမ်ရှေ့မှာစကားပြောတဲ့အသံကြားလို့ ထွက်ကြည့်တော့ဆံမြိတ်ချထားတဲ့ ကောင်မလေးတစ်ယောက် သမီးလေးလက်ကိုအတင်းဆွဲခေါ်နေတာမြင်လိုက်ရတယ်၊ အဲဒါနဲ့ ကျုပ်လဲ ငါ့သမီးကိုလွှတ်စမ်းလို့ ပြောလိုက်တော့ အဲဒီကလေးမက ကျုပ်ကို မျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်ပြီး နင့်သမီးက ငါတို့ဆီကပစ္စည်းယူထားတာမို့ ငါတို့ခေါ်တဲ့နောက်လိုက်ရမယ်ဆိုပြီးပြောတာ၊ ကျုပ်လဲ ရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန် အဲဒီကလေးမက သူ့ခါးမှာချိတ်ထားတဲ့ ပုဝါစကိုထုတ်ပြီးမွှေ့ယမ်းလိုက်တဲ့အချိန် ချိုအီအီအနံ့တစ်ခုထွက်လာတယ်။ အဲဒီအနံ့ရပြီးတော့ ကျုပ်လဲဘာဖြစ်သွားမှန်းမသိတာ အခု မျက်နှာကိုရေစက်လာစင်မှသတိပြန်ရတာပဲ”
“ ကျုပ်ဟိုနေ့ညထဲက ဒီကောင်မလေး မူမမှန်တာသိနေတယ်၊ လုပ်ကြပါဦးဗျာ ကျုပ်သမီးလေးကို ပြန်ခေါ်ပေးကြပါဦး”
“ ကလေးက ဘယ်အရွယ်ရှိပြီလဲ”
“ ဆယ်နှစ်ကျော်ကျော်လေးပဲရှိပါသေးတယ်”
“ ခုနကပြောတဲ့ထဲမှာ သူတို့ပေးထားတဲ့ပစ္စည်းကိုယူထားပြီးပြီလို့ကြားလိုက်တယ်၊ ဒီရက်ပိုင်းထဲမှာ ပစ္စည်းတစ်ခုခုရထားတာ ရှိလား”
“ လက်စွပ်တစ်ကွင်းကောက်ရထားတာတော့ ရှိတယ်”
“ ဒီပုံစံအတိုင်းဆိုရင် ပစ္စည်းနဲ့မြှားပြီး စိတ်ကိုချုပ်ကိုင်လိုက်တာပဲ”
“ ကျုပ်တို့ဘယ်လိုလုပ်ရမလဲ… ကျုပ်မှာ ဒီသမီးလေး တစ်ယောက်ပဲရှိတာ”
“ ကျုပ်အတွေ့အကြုံအရပြောရရင် ဒီအနီးနားမှာ သိုက်ဆက်တစ်ခုခုရှိလိမ့်မယ်၊ မိတ်ဆွေတို့သိထားတာတစ်ခုခုများရှိသေးလား”
“ သိုက်ဆက်ဆိုလို့ စမ်းချောင်းတစ်ဖက်ခြမ်းမှာ စေတီပျက်တစ်ဆူရှိတယ်၊ သမီးပြောတာကလဲ သူ့ကိုလာခေါ်တဲ့ကောင်မလေးက အဲဒီနားမှာနေတယ်တဲ့”
“ ဒါဆိုသေချာပြီ… အဲဒီနေရာ ကျုပ်တို့ကို လမ်းပြပေးလို့ရမလား”
“ ကျုပ်လိုက်ပို့ပေးပါ့မယ်၊ သမီးလေး ဘာမှတော့မဖြစ်ဘူးမလား”
“ ကလေးက ဘာနေ့သမီးလဲ”
“ တနင်္လာသမီးပါ”
“ နာမည်ကရော”
“ ကလျာနွယ်လို့ခေါ်တယ်”
“ တနင်္လာသမီး မကလျာနွယ်၏ အသက်နဲ့ခန္ဓာအား ကျုပ်တို့ထံအပ်ပါသလား”
“ အပ်ပါတယ်ဗျာ အပ်ပါတယ်…ကျုပ်သမီးလေး ဘာမှမဖြစ်ပါစေနဲ့”
“ ဆရာ… ကလေးကရှိနေသေးလား”
“ ရှိနေသေးတယ်… တော်သေးတာပေါ့ အသက်နဲ့ခန္ဓာအပ်တာမြန်လို့ ဟူး”
“ အသက်ရှင်နေသေးတယ်ဆိုရင် ကျေနပ်ပါပြီ၊ ကျုပ် စေတီရှိတဲ့ဘက် လိုက်ပြပါ့မယ်”
ကိုတိုးနိုင်လဲ ဧည့်သည်တွေကိုခေါ်ကာ စေတီပျက်ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
စေတီပရ၀ဏ်နားကိုရောက်တော့ ဆူညံစွာအော်ဟစ် နေကြတဲ့ ကလေးတွေရဲ့အသံကိုကြားလိုက်ရ တာကြောင့် ကိုတိုးနိုင်လဲ အသံကြားတဲ့ဘက်ကို လိုက်ရှာကြည့်ရာ သက်ရှိတဲ့တူတာဆိုလို့ ဘာမှမတွေ့ခဲ့ပေ။
“ ဒီမှာ ကလေးသိုက်ရှိနေပါလား…”
“ ဟုတ်တယ်ဆရာ… ကလေးတွေ ဆော့ကစားနေတဲ့ အသံတွေကြားနေရပေမယ့် အကောင်အထည်မမြင်ရသေးဘူး”
ဧည့်သည်တွေလဲ အသံကြားတဲ့ဘက်ကို လျောက်လာခဲ့ရာ စေတီပျက်ရှေ့ကိုရောက်တာနဲ့ အော်ဟစ်ဆူညံနေကြတဲ့အသံတွေအကုန် ပျောက်သွားပြီး တရှုံ့ရှုံ့ငိုကြွေးနေတဲ့ မိန်းကလေး တစ်ယောက်ရဲ့ငိုသံကိုကြားလိုက်ရတယ်။
“ ကလျာ ကလျာအသံပဲ… သမီးရေ သမီး ဘယ်မှာလဲ”
“ မိတ်ဆွေခေါ်နေလို့ သူကြားမှာမဟုတ်ဘူး…”
“ ဘာဖြစ်လို့လဲဗျ”
“ ကလေးတွေက မိတ်ဆွေရဲ့သမီးကို ဖွက်ထားကြတာလေ၊ သာမန်မျက်စိနဲ့ကြည့်လို့မမြင်နိုင်သလို ပြင်ပလောကက အသံတွေကိုလဲ ကြားနိုင်မှာ မဟုတ်ဘူး”
“ ဒါဆို သူငိုနေတာကို ဘာလို့ကြားနေရတာလဲ”
“ ဘာလို့ကြားရလဲဆိုတော့ ကျုပ်တို့ဒီကိုစဝင်ထဲက သိုက်ကြိုးတွေအကုန်ဖြတ်လိုက်တာကြောင့်ပါ”
“ ကျုပ်သမီးလေးကိုပြန်ခေါ်ပေးလို့ရတယ် မဟုတ်လား”
“ အခုလောလောဆယ် စိတ်အေးအေးထားပြီး ပရ၀ဏ်အပြင်ဘက်မှာ စောင့်နေပေးပါ၊ ကျုပ်တို့ မိတ်ဆွေရဲ့သမီးကိုပြန်ခေါ်လာပေးပါ့မယ်”
ဧည့်သည်တွေရဲ့ စကားကြောင့် ကိုသာပျော့က တိုးနိုင်ကို အပြင်ဆွဲခေါ်သွားတယ်။ အဲဒီအချိန် စေတီရှေ့မှာကျန်နေခဲ့တဲ့ လူသုံးယောက်က ရေညှိတွေအထပ်ထပ်တက်နေတဲ့ ပန်းပုရုပ်နှစ်ခုရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး
“ ထွက်လာစမ်း… ဟိုကလေးနှစ်ယောက်” လို့အမိန့်ပေးလိုက်ရာ ရုပ်ထုထဲကနေ မိန်းကလေးတစ်ယောက်၊ ယောင်္ကျားလေးတစ်ယောက် ခုန်ထွက်လာခဲ့တယ်။
“ နင်တို့က ဒီဘုရားမှာနေတာလား”
“ ဟုတ်တယ်ရှင့်.. ဘာဖြစ်လို့မေးတာလဲ”
“ နင်တို့ဖွက်ထားတဲ့ကောင်မလေး အခုဘယ်မှာလဲ”
“ ဘယ်သူကိုမှမဖွက်ထားပါဘူး..”
“ ဒီနှစ်ယောက် ပြောင်ပြောင်တင်းတင်းကို လိမ်နေပါလား၊ အခု သိုက်ထဲပိတ်ထားလိုက်ရကွာ”
“ ဟဲဟဲ… သိုက်ကိုတော့မပိတ်ပါနဲ့…သမီးတို့က သူ့ကိုဆော့ဖို့ခေါ်ထားတာပါ”
“ ခေါ်ထားရင်ပြန်ထုတ်ပေးပေါ့… ဒီကိစ္စတွေကိုလဲ မင်းတို့ကိုအုပ်ချုပ်တဲ့အဖိုးဆီမပြောပါဘူး”
“ ဗညား နင်ဖမ်းထားတာ နင်ပြန်လွှတ်ပေးလိုက်တော့”
အစ်မဖြစ်ဟန်တူတဲ့ကလေးမရဲ့စကားကြောင့် ရုပ်ထုနှစ်ထုကြားထဲကို လက်နဲ့သပ်ချလိုက်ရာ ရှိုက်ကြီးတငင်ငိုနေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ မင်းတို့ဘာလို့ အခုလိုလုပ်တာလဲ”
“ သူနဲ့က အရမ်းဆော့လို့ကောင်းတယ်၊ ဒါကြောင့် အမြဲတမ်းဆော့ချင်လို့ ဖွက်ထားမိတာပါ”
“ နောက်ဆို ဒီလိုမလုပ်ကြနဲ့တော့၊ အခုက ကာယကံရှင်လဲ ဘာမှမဖြစ်ဘူးဆိုတော့ ခွင့်လွှတ်ပေးလိုက်မယ်”
“ အဘိုးဆရာကိုတော့ မတိုင်ဘူးမဟုတ်လားဟင်”
“ နောက်တစ်ခေါက်လုပ်ရင်တော့ တိုင်မှာ… အခုတော့ ကိုယ့်လူနဲ့ကိုယ်ဆော့ကြ”လို့ဟိန်းဟောက် လိုက်တော့မှ နှစ်ယောက်သား ပန်းပုရုပ်ထဲကို ခုန်ဝင်သွားခဲ့တယ်။
“ ကလေးတွေ ကလေးတွေ အုပ်ထိန်းသူကို အတော်စိတ်ဆင်းရဲအာင်လုပ်ထားတဲ့ပုံပဲ”
“ ဆရာ… ဒီအဖြစ်အပျက်ကို သူတို့အဖိုးကိုပြောလိုက်ရမလား”
“ သွားမပြောပါနဲ့ ..လောလောတယ် ဒီကလေးမကို သူ့အဖေဆီခေါ်သွားပေးလိုက်”
ကိုတိုးနိုင်လဲ ကလျာကိုမြင်တော့ ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တယ်။
“ တကယ်တော့ သူတို့ကချစ်လို့ခေါ်ထားချင်တာပါ”
“ ဟုတ်တယ် ဟုတ်တယ်… သူတို့နဲ့အမြဲတမ်း ကစားပေးဖို့ပြောတယ်၊ သမီးလဲ ကစားနေရင် အကုန်မေ့သွားတာကြောင့် အမေကိုရော အဖေကိုပါ သတိမရခဲ့မိဘူး၊ နောက်တော့ ရုတ်တရက်သတိရလာတယ်၊ သူတို့ဆီမှာနေရတာ မပျော်တော့ဘူး၊ ဒါကြောင့် အိမ်ပြန်ဖို့ထွက်လာတဲ့အချိန် သူတို့နှစ်ယောက်က ပေးမထွက်ပဲလမ်းပိတ်ထားလို့ ထိုင်ငိုနေတာ”
“ သမီးကိုအခြားထိခိုက်အောင်လုပ်သေးလဲ”
“ ဘာမှမလုပ်ပါဘူး…”
“ ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ သိုက်စောင့်ပုဂ္ဂိုလ်တွေ အစည်းအဝေးတက်ရတယ်လေ၊ ဒါကြောင့် စိတ်ထင်တိုင်းသောင်းကျန်းနေကြတာ”
“ နောက်နောင်အခုလိုမျိုးထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ”
“ မဖြစ်စေချင်ရင် သူတို့ပေးတဲ့ပစ္စည်းမယူပါနဲ့”
ဧည့်သည်တွေရဲ့စကားကြောင့် ကလျာက လက်မှာဝတ်ထားတဲ့ လက်စွပ်ကို အနာခံကာ ဆွဲဖြုတ်ပြီး စေတီရှေ့ကိုပစ်ထုတ်လိုက်တယ်။
မြလက်စွပ်လေးက တချွင်ချွင်နဲ့ရွေ့လျားသွားပြီး မျကိစရှေ့မှာတင်ပျောက်ကွယ်သွားခဲ့တယ်။ ကိုတိုးနိုင်လဲသမီးဖြစ်သူကို စေတီပျက်ကနေ ပြန်ခေါ်လာခဲ့သလို ဧည့်သည်တွေကလဲ ဘယ်သူမှနှောက်ယှက်လို့မရအောင် အဆောင်လက်ဖွဲ့တွေလုပ်ပေးသွားခဲ့တယ်။
ကိုတိုးနိုင်တို့လဲ ဒီအဖြစ်အပျက်ကြောင့် သမီးဖြစ်သူကို တဲမှာမထားတော့ပဲ ရွာမှာရှိတဲ့အမျိုးတွေဆီ ပြန်ပို့ထားခဲ့လိုက်တယ်။
ဒါကြောင့် သိုက်နန်းတွေရှိတဲ့ အရပ်ဒေသကိုသွားမယ်ဆိုရင် ဘာတွေ့တွေ့ ဘာမြင်မြင် မကောက်ယူကြဖို့ သတိပေးချင်ပါတယ်။
ကိုသာပျော့ လှည်းနဲ့လိုက်ပါလာတဲ့ ဧည့်သည်တွေကတော့ ဒီကိစ္စပြီးတာနဲ့ ကျွဲကူးရွာကိုခရီးဆက်သွားကြတယ်။ ကျွဲကူးရွာအရောက်မှာတော့
အမြဲတမ်းရေတွေအန်နေတဲ့ မိန်းမတစ်ယောက်ကို ကုသပေးခဲ့ရပြန်တယ်။
ဒီအကြောင်းကိုတော့ အောင်မြတ်သာနှင့်ရေအပင်း ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
No comments
Post a Comment