*ငရဲမီးထက် ပိုသော*

  *ငရဲမီးထက် ပိုသော* ________________ အခန်း၁။ ညနေစောင်းချိန် ၊ မှောင်စပျိုးပြီ ဖြစ်လေ၏။၆နာရီ ခွဲခန့်ရှိမည်။ ဘက်ထရီ မီးသီးပင် ထွန်းထားရလေပြီ။... thumbnail 1 summary

 *ငရဲမီးထက် ပိုသော*

________________
အခန်း၁။

ညနေစောင်းချိန် ၊ မှောင်စပျိုးပြီ ဖြစ်လေ၏။၆နာရီ ခွဲခန့်ရှိမည်။ ဘက်ထရီ မီးသီးပင် ထွန်းထားရလေပြီ။

အသက် ၆၀အရွယ် ဒေါ်မြတင်သည် လှေကားဦးမှနေ၍ လှမ်းအော်ပြောလိုက်သည်။

" ဟဲ့ ဖိုးသား ... လှေကားတက်မှာ ဘာလို့ ငုတ်တုတ်ထိုင်နေတာလဲ!
အိမ်ပေါ်တက်ခဲ့လေဟယ်။ အကြမ်းရေလေး လာသောက်အုံး ၊ လ္ဘက်လဲ ဆီရွှဲရွှဲလေး ဆမ်းထားတယ် နှစ်ပြန်ကြော်လေးနဲ့ ၊ တက်ခဲ့ပါဟဲ့ ကောင်ကလေးရဲ့"

(ရေးသည့်အခါ လှေကားတက်ဟု ရေးပြီး၊ ဖတ်သည့်အခါ လှေကတတ်ဟု အသံထွက်၏။၊ လှေကား အတက်စကို ခေါ်ဆိုသည့် ဒေသိယစကား။)

အမေ့အသံကြားရ၍ ကိုမြင့်အောင် စာဖတ်နေရာမှ လှေကားတက်ကို လှမ်းကြည့်လိုက်သည်။

အမေက ထိုသို့ပြောပြီး လ္ဘက်ထဲ ပဲကြော်စုံ ဖြည့်ထည့်ရန် သွားယူဟန်တူ၏။

အိမ်အနောက်က ရေခံပြင်သို့ ထွက်သွား၏။

ရေခံပြင်ဆိုတာက အိမ်မကြီးမှ နောက်သို့ သွပ်မိုး အဖီဆွဲထားသော အခင်းပျဥ်ပါ မီးဖိုချောင် ဖြစ်၏။

အိုးခွက်ပန်းကန်များကို ထိုနေရာ၌ ဆေးကြောရလေ၏။

ဖိုးသားဆိုတာက ကိုမြင့်အောင်၏ တူတဝမ်းကွဲ ဖြစ်၏။

အစ်မတဝမ်းကွဲက မွေးသော သားဖြစ်သည်။

အသက် ၁၇နှစ်ခန့် အရွယ်ရှိပြီး ၊ မကြာခဏ သူတို့အိမ်ကို အလည်လာတတ်သူ ကိုမျိုးချစ်ကလေး ဖြစ်သည်။

အမေကလည်း သူ့မြေးဝမ်းကွဲကို ချစ်ရှာ၏။ ဖိုးသားက ဗလွတ်ရွှတ်တတွေ ပြောတတ်သည်။

ဖိုးသားသည် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ရှိ၏။

လှေကားနဲ့ ကိုမြင့်အောင်ထိုင်နေတဲ့ နေရာနဲ့က သိပ်မဝေး။ သူတို့ အိမ်ကလေးက ခြေတံရှည် အိမ်ကလေးဖြစ်၏။

လှေကားမှ တက်လာလျင် ဖိုးသားကို သူ အရင်မြင်ရမည် ဖြစ်သည်။

သို့ပေမဲ့ လှေကားမှ တက်လာသည့် ခြေသံကို မကြားရ။

လှေကားမှာ အုတ်ခုံခံ သစ်သားလှေကား ဖြစ်၏။

၎င်းတို့နေသော အာလောင်ရွာမှာ ဝါဆိုဝါခေါင် ဧရာဝတီမြစ် ရေကြီးချိန်၌ ရေဝင်သောအရပ်မို့ အိမ်တိုင်းက ခြေတံရှည်အိမ်များ ဖြစ်ကြသည်။

မန္တလေးမြို့ ဧရာဝတီမြစ် တာပေါင်၏ အနောက်ဘက်က ရွာများဖြစ်ကြသည့် သရက်တပင်၊ ပုဂံတပ်၊ ပေါက်ဝဲ၊ သမင်ခြံ၊ အာလောင်၊ စွန်းလွန်း၊ နန်းတော်ကျွန်း စသော ရွာစဥ်တလျောက်က အိမ်များမှာ ခြေတံရှည် အိမ်များ ဖြစ်ကြသည်။

၎င်းရွာများသည် နွေနှင့်ဆောင်း အခါဆို
ကားလမ်းပေါက်ပြီး ၊ ဧရာဝတီ မြစ်ရေကြီးချိန်၌ လှေ၊ သမ္မာန်၊ မော်တော်ဘုတ်တို့ဖြင့် သွားလာရ၏။

များသောအားဖြင့် အောက်ထပ်မှာ အကာအရံမဲ့ပြီး၊ လယ်ယာသုံး ပစ္စည်းများ၊ တိုလီမိုလီများ ထားတတ်ကြ၏။

ငွေကြေးတတ်နိုင်သူများကတော့ အုတ်လှေကား၊ အုတ်တိုင်များဖြင့် ဆောက်လုပ်တတ်ကြ၏။

တက်လာနိုး တက်လာနိုးနဲ့ ကိုမြင့်အောင်က လှေကားကို ကြည့်နေပေမယ့် ဖိုးသားက တက်မလာ။

ဒါနဲ့ စာအုပ်ကို ချပြီး မတ်တတ် ထရပ်လိုက်သည်။
ထိုအခါ လှေကားတက်၌ မည်သူ့ကိုမျှ မတွေ့ရ၍

" ဟင်! ဘယ်မှာလဲ ဖိုးသားက။ လှေကားတက်မှာ ဘယ်သူမှလဲ မရှိပါလား ။ အမေ အမြင်မှားတာနဲ့ တူပါရဲ့ "

ဟုသာ ကြောင်စီစီ တွေးလိုက်မိသည်။

အမေက ပဲလှော်ကြော်ဖန်ဘူး ယူလာပြီး ထွက်လာ၏။

လ္ဘက်ခွက်ထဲ ပဲလှော်ကြော် လက်တဆုပ် ပစ်ထည့်လိုက်ပြီး ၊

" ဟဲ့ ... နင့်တူ ဖိုးသား ဘယ်ရောက်သွားတုန်း ၊ ပြန်သွားတာလား မြင့်အောင် "

" အမေ့အသံကြားလို့ ကျနော် ထကြည့်တာ ၊ ဘယ်သူမှ မတွေ့ပါဘူး အမေရယ် ၊ ဖိုးသားဖြင့် ရောက်မှ မလာပဲနဲ့ အမေရာ "

ထိုအခါ ဒေါ်မြတင်က ဘောက်ဆတ်ဆတ်လေသံဖြင့် ...

" ဟဲ့ အော် ... ။ ငါက အဲ့သလောက် မျက်စိ မမှုန်ပါဘူး မြင့်အောင်ရဲ့ ။

ခုနလေးတင် ဖိုးသားကို လှေကားတက်မှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတာ ငါ အတွေ့သား ။

နင်က စာအုပ်ဖတ်နေလို့ အသေအချာ မမြင်လိုက်တာပဲ နေလိမ့်မယ် ၊

ကောင်ကလေးတော့ သူ့အိမ်နဲ့ ရန်ဖြစ်လာတယ်ထင်တယ် ၊ စိတ်လက်မကြည်သာလို့များ တနေရာရာကို ထွက်သွားတာလား "

ကိုမြင့်အောင်က သူ့ခေါင်းကို အသာဖွရင်း ၊

" ဘယ့်နှယ် အမေရယ်။ ဘာဖြစ်လို့ ကျနော်က အသေအချာ မကြည့်ရမှာလဲ၊ ကျနော် အမေ ရေခံပြင်ဘက် ထွက်သွားတော့ ချက်ချင်း ထကြည့်တာပဲ။

လှေကားတက်မှာ ဘယ်သူမှ ရှိမနေဘူး။ ပြန်သွားတယ်ဆိုရင်တောင် ကျနော် မြင်လိုက်ရမှာပေါ့ အမေရ။

အခုထိ ခြံထဲကနေ ဘယ်သူမှ ထွက်မသွားသေးတာ အသေအချာပဲ ။ အမေသာ အမြင်မှားတာ နေမှာ"

ဒေါ်မြတင်က ဇဝေဇဝါ ဖြစ်သွားပြီး

" ဟေ! ဟုတ်သလား ။ အမေတော့ ခုနက အသေအချာ မြင်လိုက်သလားလို့ ၊ ဒီကလေး ဒီနေ့ တနေ့လုံး ပေါ်မလာဘူး ။
နေများ မကောင်းဖြစ်ရော့လားကွယ် ၊ ငါ သူ့အိမ် သွားမေးဦးမှနဲ့တူတယ် "

" ဟာ အမေကလဲ ၊ မှောင်နေပြီဗျ။ အမေက မျက်လုံးလဲ ကောင်းတာမဟုတ်ဘူး ။ မနက်မှပဲ သွားပါ "

" ဟဲ့ ကိုယ်ရွာထဲ လမ်းတွေ၊ မျက်စိမှိတ်သွားတောင်ရတယ် ။ ငါ ငါ့မြေး တခုခု ဖြစ်တယ်ထင်လို့ စိုးရိမ်ပြီး သွားမေးမလို့ပါ ။ ဒီနေ့ တညနေလုံး ညာဘက် မျက်စက တလှုပ်လှုပ်နဲ့ ၊ စိတ်ကလဲ လေးနေသကွယ် ။ မဖြစ်ဘူး မဖြစ်ဘူး ငါ သွားမေးလိုက်ပါအုံးမယ် "

ဒေါ် မြတင်က အသက်ကသာ၆၀ကျော်။ လူက လူငယ်တွေလိုပဲ။ စိတ်မြန်လက်မြန်ရယ်။ အခုဆို အခုမှ။

အဲ့ဒီတော့ ကိုမြင့်အောင်လည်း ဘယ်ထိုင်နေနိုင်တော့မှာတုန်း။

သူ့အမေနဲ့အတူ ထလိုက်ခဲ့ရတော့တာပေါ့။

အမေတခု သားတခု ။ လူပျိုကြီး ကိုမြင့်အောင်ကား အသက်၄၀ကျော်ပြီ ဖြစ်သည်။

ရွာလမ်းဆိုတာ မြို့ပေါ်လို ကတ္တရာလမ်းတို့ ကွန်ကရစ်လမ်းတို့ မဟုတ်ဘူး။ မြေသားလမ်း။

ညီညာပြန့်ပြူးတဲ့နေရာရှိသလို၊ ချိုင့်တွေကမူတွေ ပေါတဲ့နေရာလည်းရှိသည်။

အဓိကက ကိုယ့်အိမ်ရှေ့က လမ်းကိုတောင် မပြင်ချင်တဲ့ တဘို့တည်းသမား အတ္တကြီးတဲ့သူရဲ့ အိမ်ရှေ့ဆိုရင် အဝီဇိထိအောင် နက်တဲ့ ချိုင့် ဖြစ်ပလေ့စေ။ ပြုတ်ကျချင်သူ ပြုတ်ကျပလေ့စေ၊ ပေလျာကန် ပစ်ထားလေ့ရှိ၏။

ရွာလူကြီး အဆက်ဆက်ဆိုတာကလည်း ဘယ်တော့မှ လမ်းပေါ်ချိန်ဆို လမ်းကို မပြင်။ မြို့ကလာတဲ့ အုပ်ချုပ်ရေးအာဏာပိုင်ကိုသာ မျှော်နေတတ်ကြ၏။

ထားတော့ ရွာလူကြီးအကြောင်းတော့ ပြောကို မပြောချင်။

ယခုလည်း ဒေါ်မြတင်နှင့် မြင့်အောင်တို့ သားအမိသည် ဗွက်ထူ ချိုင့်ထူသည့် ရွာလယ်လမ်းကို ရှောင်၍ စာသင်ကျောင်းလမ်းဘက်က လျှောက်လာခဲ့ကြသည်။

စာသင်ကျောင်းဘက်လမ်းက လူပြတ်၏။ပို၍လည်း ခရီးဝေး၏။

ဒီလိုနဲ့ စာသင်ကျောင်းကို မရောက်မီ ရေတွင်းကုန်းဟောင်း အရောက်မှာ မြင့်အောင် စိတ်ထဲ မသင်္ကာ၍ အနောက်သို့ မကြာခဏ လည်ပြန် စောင်းငဲ့ကြည့်မိသည်။

သူတို့သားအမိ အနောက်ကနေ လူတယောက်ယောက် လိုက်လာသည်ဟု ခံစားနေရ၍ ထိုသို့ လှည့်ကြည့်နေမိခြင်း ဖြစ်၏။

ဒေါ်မြတင်က သူ့သား မကြာခဏ လည်ပြန်ငဲ့စောင်းကြည့်နေသည့်အတွက် ...

" မြင့်အောင် နင်ဟာ ရှေ့ သေချာမကြည့်ပဲ ။ အနောက်ကို ဘာလို့ ခဏခဏ ကြည့်နေရတာလဲ ၊ ရှေ့ကြည့်လျှောက်စမ်း "

ဒေါ်မြတင်၏ ခပ်ငေါက်ငေါက်လေသံကြောင့် ...

မြင့်အောင်က သူ့အမေကို ခပ်တိုးတိုး ပြောလိုက်သည်။

" အမေ ... အမေ့နားထဲ ကျနော်တို့ အနောက်ကနေ ကပ်လျှောက်လာတဲ့ ခြေသံများ မကြားမိဘူးလား "

မြင့်အောင် စကားကြောင့်၊ ဒေါ်မြတင်ရဲ့ ခြေလှမ်းတွေက တုန့်သွား၏။

အမှန်တော့ သူကိုယ်တိုင်လည်း လာခဲ့သော လမ်းကို ပြန်လှည့်ကြည့်မိသည်။

သားအမိနှစ်ယောက် ရှေ့မဆက်ကြသေးပဲ ...

" အေး ငါလည်း အဲ့ဒါ ပြောမလို့ မြင့်အောင်။ တချက်တချက် ဖိနပ်ရှပ်တိုက်သံလိုလို သစ်ရွက် လေလွင့်သံလိုလို ကြားနေရတယ်။ နို့ပေမဲ့ ဒီဘက်လမ်းကို ဒီအချိန် ဘယ်သူလာမှာမို့လဲဆိုပြီး အမေက လှည့်မကြည့်တာ ... "

မြင့်အောင်က သူ့လက်ထဲက ဓာတ်မီးနဲ့ ဟိုဟိုဒီဒီ ထိုးကြည့်သည်။ လမ်းမှာ မည်သူမျှ မရှိ။ ပကတိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

" ဟူး ... အိမ်က အထွက်ကတည်းက ကျနော် စိတ်ထင့်နေတာ အမေ။ ဟိုကောင်လေး ဖိုးသား တခုခုများ ဖြစ်နေသလားလို့ "

သားအမိနှစ်ယောက် စကားပြောရင်း ဆက်လျှောက်လာခဲ့ကြသည်။

ဒေါ်မြတင်က ဘာကိုတွေးလိုက်မိသည်မသိ။

သူ့ရင်ဘတ်ကို ဖိ၍ ...

" ဘုရား ဘုရား အမေ ထင်တာ လွဲပါစေကွယ်။ ငါ့မြေးဖိုးသားကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ကြပါစေ "

" အမေက ဘာထင်တာတုန်း "

ဒေါ်မြတင်က ခေါင်းကိုခါ၏။
ဖွင့်ပြောလိုဟန် မရှိ။

သို့ပေမဲ့ အရိပ်အမြွက် စကားကိုတော့ ပြောလိုက်သည်။

" မင်း ခုနက ကြားရတဲ့ ခြေသံက ဖိုးသား လမ်းလျှောက်တဲ့ အသံနဲ့များ မတူဘူးလား မြင့်အောင် "

" ဗျာ ... အော် ... အင်း ခပ်ဆင်ဆင်ပဲ အမေ ။ ဒီကောင်လေး လမ်းလျှောက်ရင် သိပ်ရှပ်တိုက်တာကလား ။ ဟင်! ဒါဖြင့် ... ဖိုးသား .... "

ကိုမြင့်အောင် ချက်ချင်းပဲ ကြက်သီး တဖျန်းဖျန်း ထသွားလေ၏။

ဒေါ်မြတင်က သူ့သားလက်ကို ဆွဲ၍ ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် ရွာတောင်ဖျားရှိ ဖိုးသားမိဘများ ဖြစ်သော ကိုတင်ဌေး ၊ မမြသွယ်တို့အိမ်ကို အမြန်လျှောက်လာခဲ့ကြတော့သည်။

ကိုမြင့်အောင်က သူ့လက်ကို လာကိုင်သည့် အမေ့လက်တွေက ဒီတခါ အေးစက်နေပါလားဟု တွေးလိုက်မိသည်။

ပြီးတော့ ကိုမြင့်အောင်ခမျာ အနောက်က ကပ်လိုက်လာသော ခြေသံကို ဆက်တိုက်ဆိုသလို ကြားနေရပေမယ့် လှည့်မကြည့်ရဲတော့ချေ။

_________

အခန်း၃။

ဖိုးသားလေးတို့ အိမ်ခြံဝင်းအတွင်းမှာ မီးချောင်းတွေက လင်းထိန်နေ၏။

ဒီဇယ်ဖြင့် မောင်းရသော မီးစက်ကြီးအသံကလည်း တဒုန်းဒုန်းဖြင့် ဆူညံနေသည်။

လူကြီးလူငယ် လူရွယ်အချို့လည်း စုရုံးရောက်ရှိနေကြသည်။

တချက်တချက် စီခနဲ အော်ဟစ်ငိုလိုက်သည့် အသံကြောင့် သူတို့သားအမိနှစ်ယောက် ခြေလှမ်းများက ​ထိုနေရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားမိလိုက်ကြသည်။

ကုတင်တလုံးပေါ်တွင် အဝတ်လွှမ်းထားသော မသာ အလောင်း တလောင်းကို မြင်တွေ့လိုက်ကြသည်။

အလောင်းမှာ မျက်နှာဖေါ်ထား၍ မြင်သာထင်သာ ရှိပါ၏။ ထို့ကြောင့် သူတို့သားအမိ အံဩမှင်သက်သွားကြလေသည်။

" အံမယ်လေး ငါ့မြေး ဖိုးသားလေး ၊ ဘယ်လို ဖြစ်ရတာလဲ ငါ့မြေးရယ် ဟစ်အစ်အီး "

ဒေါ်မြတင် တင်းထားသမျှ စိတ်ကို ဖြေလျော့လိုက်ဟန်တူ၏။ ဖိုးသားအလောင်းကို တွေ့သည်နှင့် ဟန်မဆောင်နိုင်တော့ချေ။ ချုံးပွဲချ ငိုကြွေးတော့လေ၏။

နောက်တော့ ဖိုးသား သေရသည့်အကြောင်းကို သူ့အမေ မမြသွယ်က ဤသို့ ဇာတ်စုံခင်းလေ၏။

" သားဆိုလို့ ဒီတယောက်ပါတာ အရီးလည်းအသိပဲ။ ကျမတို့ လင်မယားမှာ ချစ်လွန်းလို့ လယ်ထဲလည်း မဆင်းခိုင်းရက်၊ အလုပ်ကြမ်းဆိုလည်း ဘာတခုမှ မလုပ်ခိုင်းပဲ အလိုလိုက်ထားမိတယ်။ သူ့ အစ်မနှစ်ယောက်ကဆို သူတို့စားမယ့် ဝတ်မယ့် လုပ်အားခပိုက်ဆံကို မစားရက် မဝတ်ရက် ဖိုးသားကိုပဲ ပေးကမ်းကြတယ်။ ဒီလောက် အလိုလိုက်ထားတဲ့ကြားကနေ ဒင်းက ကျမတို့နဲ့ မပျော်ပိုက်တော့လို့ အဝေးဆုံးကို ထွက်သွားတာလား မသိပါဘူး အရီးလေးရယ်။ဟစ်အင်အီး "

မမြသွယ်က ပြောရင်း ငို၏။ ဖိုးသားကို ညနေစာ ထမင်းစားရအောင် အော်ခေါ်တော့ ၊ အခန်းထဲက ထွက်မလာပါတဲ့။ ဒါနဲ့ အစ်မဖြစ်သူ စန္ဒာဝင်းက အပေါ်တက်၍ အခန်းတံခါးကို ဖွင့်ခေါ်သည့်အချိန် ၊ ဖိုးသားက ကြမ်းပေါ်မှာ ပက်လက်ကြီး လဲကျနေတာ တွေ့ရပါသည်တဲ့။ ပါးစပ်က အမြုပ်တစီစီ ထွက်ကျနေပြီး ၊ ကြမ်းပြင်ပေါ်မှာ ပိုးသတ်ဆေးပုလင်းက အဖုံးပွင့်လျက်သား တွေ့ရသတဲ့။

စန္ဒာဝင်းက အလန့်တကြား အော်တော့ တအိမ်သားလုံး အပြေးရောက်လာကြသည်။

အဲ့ဒီအချိန် ဖိုးသားတကိုယ်လုံးက ပြာနှမ်းနေပြီ။ အသက်လည်း မရှုတော့ဟု ဆိုကြ၏။

" ဘယ်အချိန်က ဆုံးတာလဲ၊ မြသွယ်။ ညည်းအေ ငါတို့ကိုတော့ အကြောင်းကြားသင့်တာပေါ့ "

ဒေါ်မြတင်က ပြစ်တင်ကဲသည့်လေသံနှင့်ဆိုတော့ ကိုမြင့်အောင်က ဝင်ဖါထေးရ၏။

" အမေကလည်း အစ်မမြသွယ်တို့လည်း သားဇောကပ်နေချိန်လေ။ သူ့အပူနဲ့သူ ၊ ဘယ်လို အကြောင်းကြားနိုင်မှာလဲ ။ စဥ်းစဥ်းစားစားလေးလည်း ပြောပါအုံး "

မမြသွယ်က ငိုရှိုက်နေသဖြင့် ဒေါ်မြတင် အမေးကို မဖြေနိုင်။ စန္ဒာဝင်းကပဲ ဝင်ဖြေ၏။

" ကျမ အိမ်ပေါ်တက်ခေါ်တော့ နာရီကို သတိထားမိတယ် ဖွားလေး ။ ၆နာရီ ၁၀မနစ် ရှိနေပြီ။ အငယ်ကောင်ကို နေစောင်းမှ အိပ်နေသလားလို့တောင် စိတ်ထဲက အပြစ်တင်နေမိသေးတယ်။ ခါတိုင်း သူက ဒီအချိန် အိမ်ကပ်တာမဟုတ်ဘူး ။ ရွာထဲ လည်ကောင်းတုန်းလေ ။ ဒီကနေ့တော့ နေ့လယ် ၃နာရီလောက်ကတည်းက အပေါ်တက်သွားတာ။ ပြန်ဆင်းမလာဘူး။ ကျမက ခါတိုင်းလို ဖုန်းဂိမ်း ကစားနေတယ်ပဲ အောက်မေ့တာ "

ဒေါ်မြတင်ရော ကိုမြင့်ဆောင်ပါ မျက်လုံးပြူးသွားကြသည်။ သားအမိနှစ်ယောက်စလုံး ကြက်သီး ဖျန်းဖျန်းထသွားကြသည်။

ဒီလိုဆိုရင် သူတို့အိမ်ကို ညနေ ၆နာရီခွဲမှ လာသွားသော ဖိုးသားမှာ သေဆုံးပြီးသော လူတယောက်၏ ဝိဉာဥ် ဖြစ်နေသည်ပေါ့။

ပြီးတော့ သူတို့နောက်က တရှပ်ရှပ်ဟူသော ခြေသံပိုင်ရှင်သည်လည်း ဖိုးသား၏ဝိဉာဥ် ဖြစ်လိမ့်မည်သာ။

ဒေါ်မြတင်သည် သက်ပြင်းချရင်း ...

" သူ့မှာ ဘာအပူများ ရှိနေလို့လဲအေ ၊ ညည်းတို့ကလည်း ကလေးအရိပ်အခြေကို အကဲမခတ်မိကြဘူးလား "

သေသူဖိုးသားအထက်က အစ်မဖြစ်တဲ့ သန္တာဝင်းက ဝင်ဖြေ၏။

" မောင်လေး က ဘာအပူရှိမှာလဲ ဖွားလေးရဲ့ ၊ တအိမ်လုံးက သူ့ကို ရွှေပေါ်မြတင် ထားကြတာလည်း ဖွားလေး အသိသား။ သူလိုတာရှိရင် အဖေတို့ အမေတို့က ဝယ်ပေးနေကြ။ ကျမတို့ကလည်း သူ့အတွက်ဆို ကိုယ်ကမတတ်နိုင်ရင်တောင် အဖေတို့အမေတို့ကို ကူပြီး ပူဆာပေးခဲ့တယ်။ ကိုယ့်မောင်လေး စိတ်ချမ်းသာရင် ပြီးရော မဟုတ်လား "

ဒါလည်း ဟုတ်သည်။ အစ်မမြသွယ်တို့က အရမ်းချမ်းသာတာ မဟုတ်ပေမယ့် ၊ သောင်သာ၏။ လယ်နဲ့ယာနဲ့ ၊ ခိုင်းနွား တရှဥ်းနဲ့ ။ ပြီးတော့ စန္ဒာဝင်းနဲ့ သန္တာဝင်းတို့ ညီအစ်မနှစ်ယောက်ကလည်း စက်ချုပ်တော့ ကိုယ်ပိုင်ဝင်ငွေ ကိုယ်စီရှိကြသည်။

ကိုမြင့်အောင်က သူ့တူမ သန္တာဝင်း အဖြေကို ခေါင်းငြိမ့် ထောက်ခံရင်း ...

" ညည်းတို့ ညီအစ်မနှစ်ယောက် ဖိုးသားကို ချစ်တာ ဦးလေး သိပြီးသားပါ။ အခု ဖိုးသားက ပိုးသတ်ဆေး သောက်သေတယ်ဆိုတော့ သူ့မှာ အတော်ကို စိတ်ဆင်းရဲစရာ ကိစ္စတခုခု ကြုံနေရလို့ ဖြစ်မှာမဟုတ်လား ။ ငါ့စိတ်အထင် ... ဖိုးသား လောင်းကစားတွေ ဘာတွေများ လုပ်သလားလို့ပါ "

ကိုမြင့်အောင်က ဤသို့ တွေးဆပြောခြင်းမှာ အကြောင်းရှိ၏။ တလောလေးကပင် ရွာတောင်ပိုင်းက မနှင်းမြိုင်တယောက် နှလုံးထီကြွေး နစ်နေ၍ ကိုယ့်ကိုယ်ကို သတ်သေသွားသည်မဟုတ်လား။ လောင်းကစားသည် မည်သည့် ထိုးသားကိုမျှ အကျိုးမပေး။ ဒိုင်သာ ချမ်းသာပြီးရင်း ချမ်းသာနေတော့၏။

ဒီတခါ အကြီးမ စန္ဒာဝင်းက ဝင်ဖြေ၏။

" သူ ဘောလုံးပွဲတော့ လောင်းတယ် ဦးလေး၊ ဒါပေမဲ့ အများကြီးမဟုတ်ပါဘူး ။ တထောင်စ နှစ်ထောင်စပါပဲ ။ မောင်းရိုက်တယ်လို့ ပြောတာပဲ။ အလွန်ရှုံး တသောင်းမျိုး နှစ်သောင်းမျိုးပေါ့။ အဲ့သလောက်ငွေအတွက်နဲ့တော့ ကိုယ့်ကိုယ်ကို သတ်သေမယ် မထင်ပါဘူး ဦးလေးရယ် "

ဒါလည်း ဟုတ်နေတာပဲ။ ဖိုးသားက အဲ့သလောက်တော့ မိုက်မည်မထင်။ ဖိုးသားမှာ အကျင့်တခု ရှိသည်။ ဘာမဆို သူ့အစ်မ အကြီးမ စန္ဒာဝင်းကို ဖွင့်ပြောတိုင်ပင်လေ့ရှိခြင်းပင်။

အခုလည်း အခက်အခဲ တစုံတရာ ရှိနေပါက သူ့အစ်မစန္ဒာဝင်းအား တိုင်ပင်လိမ့်မည်ဟု ကိုမြင့်အောင် တွေးလိုက်မိပြီး ...

" နင့်ကိုရော ဖိုးသားက ဒီရက်ပိုင်းမှာ ဘာမှ ဖွင့်ပြောတိုင်ပင်တာမျိုး မလုပ်ဘူးလား စန္ဒာဝင်း "

စန္ဒာဝင်းက မျက်နှာပျက်သွားသည်။ ပြီးတော့ ညှိုးငယ်သော မျက်နှာဖြင့် ခေါင်းကို ငုံ့လျိုးသွားရှာ၏။ တခဏအကြာ တအိအိနှင့် ရှိုက်ငိုနေရှာ၏။

ကိုမြင့်အောင်က နားမလည်။ ဒါလေး မေးတာနဲ့ ဘာဖြစ်တာလဲပေါ့။

အဲ့ဒီမှာ အငယ်မ သန္တာဝင်းက သူ့အစ်မကိုယ်စား ဝင်ဖြေလိုက်သည်။

" မမက ဟိုရက်ပိုင်းက ဖိုးသားကို နည်းနည်း ဆူလိုက်မိတယ် ဦးလေးရေ။ အဲ့ဒါ ဖိုးသားက မမအပေါ် စိတ်ကွက်ပြီး ဒီကနေ့အထိ စကားမပြောဘူး ။ ဒီကနေ့တော့ မမက သူ့မောင်လေးကို စိတ်ပြေအောင်ချော့မယ်ဆိုပြီး သူ့အကြိုက် ဝက်ကလီစာဆီပြန်ဟင်း ချက်ပေးထားတယ်။ ပြီးတော့ ဖိုးသားသုံးဖို့ဆိုပြီး သူ့လုပ်အားခ ၅သောင်းကို အကုန်ပေးမယ်လို့ ကျမကို ပြောထားတာ။ အခုတော့ ... ဦးလေးရယ် အဟင့်ဟင့်ဟီး "

အကြီးမ စန္ဒာဝင်းရော၊ အငယ်မ သန္တာဝင်းပါ ရွာလယ်က ဦးဖြိုးစက်ချုပ်ဆိုင်မှာ စက်ချုပ်ကြသည်။

ဈေးထည်များ ချုပ်ကြခြင်း ဖြစ်ပြီး ၊ အထည်စား ရကြ၏။

တထည်ပြီးလျင် တထည်ချုပ်ခရ၍ တနေ့ကို ညီအစ်မနှစ်ယောက်ဆိုလျင် အထည် ၂၀အထိ ပြီးကြ၏။

ဦးဖြိုးက အဖိတ်နေ့တိုင်း လုပ်အားခ ရှင်းပေး၏။

ဥပုသ်တပတ်ကို ညီအစ်မနှစ်ယောက်ပေါင်း လုပ်အားခ တသိန်းလောက်အထိ ရကြသည်။

ကိုမြင့်အောင်ခမျာ တူမ နှစ်ယောက်က ငိုနေတော့ ဘာဆက်ပြောရမည်မသိ။

နုတ်ဆိတ်သွားလေ၏။

စန္ဒာဝင်းသည် သူ့မောင် ဖိုးသားကို အရမ်းချစ်ရှာ၏။

ဖိုးသားသည် ယခုအချိန်အထိ သူဝတ်သည့် အဝတ်အစားကို မလျော်ရချေ။

စန္ဒာဝင်းကသာ ဒိုင်ခံ လျှော်ဖွတ် မီးပူတိုက်ပေး၏။ စန္ဒာဝင်းသည် အသက် ၂၃နှစ်ခန့် ရှိမည်ဖြစ်ပြီး၊ အပျိုဖြစ်တဲ့ သူမအတွက်ထက် သူ့မောင်လေးအတွက်သာ အမြဲဦးစားပေးတတ်သူ ဖြစ်သည်။

ဒီလို အရမ်းကောင်းတဲ့ အစ်မက ဆူရုံလောက်နဲ့တော့ ဖိုးသားက သတ်သေသည်မှာလည်း မဖြစ်နိုင်။

ဒီကောင်လေး ဘာကြောင့်သတ်သေရတာလဲဆိုတာ ကိုမြင့်အောင်အတွက် ခေါင်းစားစရာ ပဟေဠိဖြစ်လို့နေတော့သည်။

ငိုရှိုက်နေဆဲ ဖြစ်တဲ့ တူမ စန္ဒာဝင်းကို ဖြေသိမ့်စကားပြောပေးလိုက်ရတော့သည်။

" အေးလေ ... သူ့ကုသိုလ်ကံက ဒီလောက်ပဲ ပါလာတော့ ကံကုန်လို့သာ မှတ်ကြရုံပေါ့။ နင်တို့လည်း တတ်နိုင်သမျှ ချစ်ခဲ့ အလိုလိုက်ခဲ့ကြပြီးပြီပဲ။ နင်တို့ မောင်တယောက်အပေါ် အစ်မတာဝန်ထက်မက အမေတယောက်လိုတောင် ကျေကြပါတယ်ကွယ်။ဒီတော့ ဦးလေး ပြောချင်တာက ငိုစရာရှိတာ ငို။ မငိုနဲ့လို့ ဦးလေး မတားပါဘူး။ ဒါပေမဲ့ သေသူရဲ့ ဝိဉာဥ် စိတ်ဆင်းရဲအောင်အထိတော့ မနေကြနဲ့ပေါ့ ။ သူ့ခမျာ နင်တို့ကို ကြည့်ပြီး ၊ အယူလွဲသွားရင် အခက် "

စန္ဒာဝင်းသည် ကိုမြင့်အောင် စကားဆုံးသွားသည့်အခါ ခေါင်းမော့လာ၏။

ငိုရလွန်း၍ မျက်လုံးများက နီရဲပြီး၊ မျက်ခွံတွေက မို့အစ်နေကြ၏။

စန္ဒာဝင်းက အံကိုကြိတ်၍ ဖြေလိုက်သည်။

" ကျမကြောင့် မောင်လေး ... အယူမလွဲစေရပါဘူး ဦးလေးရယ်။ ကျမ ဝမ်းနည်းလို့ ဟစ်အော်ပြီး ငိုချင်တောင် မြိုသိပ်ထားပါ့မယ်ရှင် "

စန္ဒာဝင်းသည် ထိုသို့ပြောပြီး၊ သူ့မောင် ဖိုးသား၏ အလောင်း ပြင်ထားရာသို့ တရွေ့ရွေ့ ထွက်သွားရှာ၏။

အပူသည်မလေး တူမချော စန္ဒာဝင်းကို လိုက်ကြည့်နေမိရာမှ အလောင်းစင်အနီးက ပုဆိုးကို ခေါင်းမြီးခြုံထားသော အမျိုးသမီးတဦးကို ကိုမြင့်အောင် သတိထားမိသွားသည်။

ထိုအမျိုးသမီးနှင့်အဖေါ်ပါလာသော မိန်းမတဦးက စန္ဒာဝင်း အလောင်းစင်အနီး လှမ်းလာသည်ကို မြင်လိုက်သည်နှင့် ပုဆိုးခြုံထားသူအား တီးတိုးစကား ကပ်ပြောလိုက်သည်။

ထိုအခါ ပုဆိုးခြုံထားသောမိန်းမသည် လူကြားထဲတိုးဝင်၍ ခြံဝိုင်းအပြင်သို့ ထွက်သွားလေ၏။

ကိုမြင့်အောင် စိတ်ထဲ ဘဝင်မကျချင်လှပေ။

ထို့ကြောင့် ဘယ်သူ့မှ မပြောပဲ ထိုမိန်းမနောက်သို့ နောက်ယောင်ခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။

အမေ့ကိုတော့ တယောက်ယောက်က အိမ်ပြန်လိုက်ပို့မှာပဲဟုတွေးကာ သူလည်း ခြံအပြင်သို့ ထွက်လာခဲ့လေ၏။

__________

အခန်း၄။

ပုဆိုးကို ခေါင်းမြီးခြုံထားသော မိန်းမသည် ရွာလယ်လမ်းအတိုင်း သွားနေ၏။

ကိုမြင့်အောင်သည် ထိုမိန်းမနောက်ကနေ မယောင်မလည် လိုက်လာခဲ့သည်။

ရွာလယ် ဓမ္မာရုံရောက်ခါနီးတွင် ၊ အနှီမိန်းမသည် နောက်သို့ လည်ပြန်ကြည့်လေ၏။ မှောင်က မှောင်၊ ခေါင်းကို ပုဆိုးခြုံထားသည် ဖြစ်ရာ ၊ တရွာတည်းသား ဖြစ်ပေမယ့် ထိုမိန်းမကို ကိုမြင့်အောင် မသိနိုင် ဖြစ်နေ၏။

အနှီမိန်းမသည် ကိုမြင့်အောင်ကို မြင်သည်နှင့် ခြေလှမ်းတို့ကို နှေးချပစ်လိုက်သည်။

သဘောက ကိုမြင့်အောင်အား ကျော်သွားစေချင်၍ ဖြစ်မည်။ ထိုမိန်းမ၏ သဘောကို စောကြောမိလေတဲ့ ကိုမြင့်အောင်က သူ၏ခြေလှမ်းကိုပါ နှေးပစ်လိုက်၏။

ဤသို့ဖြင့် ထိုမိန်းမရော ကိုမြင်အောင်ပါ ရွာလယ် ဓမ္မာရုံအနီးသို့ ရောက်လာကြ၏။

ထိုအခါမှ ကိုမြင့်အောင်၏ ခြေလှမ်းတို့သည် သွက်လက်စွာ လှမ်းလိုက်လေတော့သည်။

အဘယ်ကြောင့်ဆိုသော် ရွာလယ်ဓမ္မာရုံရှေ့က မီးတိုင်က လင်းနေသည်မို့ပင်။ မနက်ဖြန် ဥပုသ်နေ့ဆိုတော့ သီလပွဲ ရှိဟန်တူ၏။ ဓမ္မာရုံထဲတွင် ရွာသား ၃ယောက်ခန့် သန့်ရှင်းရေး လုပ်နေကြသည်။

ကိုမြင့်အောင် အကြံက ၊ ထိုမီးအလင်းရောင်နှင့်ဆိုလျင် မိန်းကလေး၏ မျက်နှာကို ကောင်းစွာ မြင်ရမည်ဟု သဘောပိုက်မိသောကြောင့်ဖြစ်သည်။

သို့သော် ဓမ္မာရုံ ရောက်ခါနီးမှ ကိုမြင့်အောင် ရုတ်တရက်ကြီး အနောက်ကနေ ဆောင့်တွန်းခံရသလို ခံစားလိုက်ရပြီး ၊ ရှေ့သို့ ဟပ်ထိုး လဲကျသွားလေ၏။

" ဒုတ် ! အွန့် "

" အံမယ်လေးဗျ ... "

ကိုမြင့်အောင်ထံမှ အော်သံဖြစ်သည်။ ရုတ်တရက်ဆိုတော့ ကိုမြင့်အောင်၏ ထိတ်လန့်ပြီး အော်သံက ကျယ်သွားဟန်တူ၏။

အော်သံကြောင့် မိန်းကလေးသည် နောက်သို့ လှည့်ကြည့်သလို ၊ ဓမ္မာရုံထဲက လူငယ်တယောက်ကလည်း အပြင်သို့ ထွက်ကြည့်လေ၏။

" ဟ ဦးလေးမြင့်အောင်ကြီး ၊ ဘာတွေ့လို့ အတင်း မြေကြီးပေါ် လှဲချ ကောက်နေတာတုန်း။ ၅ထောင်တန် တွေ့လို့လားဗျ ဟီးဟီး "

ကိုမြင့်အောင် အတော်နဲ့ မထနိုင်။ သူ့ကျောမပေါ်ကို တစုံတယောက်က ဖိထားသလို ဖြစ်နေ၏။

ထိုအခါမှ ဓမ္မာရုံရှေ့က လူငယ်သည် ကိုမြင့်အောင်ထံ အပြေး လာထူမ ပေးလေ၏။

" အော် မကြီးမငယ်နဲ့ ၊ တယ်လည်း ဆော့သကိုး။ ထ ထ ကျုပ်ကို အားပြုပြီးထ "

လူငယ်မှာ ကိုမြင့်အောင်နှင့် ရင်းနီးသူ ဖြစ်၏။ ကိုကံမြင့် လ္ဘက်ရည်ဆိုင်မှာ ကိုမြင့်အောင်နဲ့ ချက်အတူ ထိုးဘက် ဝင်းဆောင် ဆိုသူ ဖြစ်၏။

ထို့ကြောင့် အသက်အရွယ်ချင်းကွာပေမယ့် ပြောမနာဆိုမနာတွေ ၊ နောက်ပြောင်ဘက်တွေ ဖြစ်ကြသည်။

ဒူးအနည်းငယ်နာသွား၍ ကိုမြင့်အောင် ငြီးငြူလိုက်မိသည်။

" အား ကျွတ် ကျွတ် ၊ နာတာကွာ ။ ငါ အရှိန်နဲ့ကို လဲကျသွားတာဟ ။ လူကို နောက်ကနေ ဆောင့်တွန်းခံလိုက်ရတဲ့အတိုင်းပဲ ဝင်းဆောင်ရေ "

ဝင်းဆောင်က ကိုမြင့်အောင်အား ကူတွဲပေးရင်း ဓမ္မာရုံထဲ ခေါ်လာပေးသည်။

ကိုမြင့်အောင် ပုဆိုးခြုံမိန်းကလေးအား ရှာကြည့်ပေမယ့် မတွေ့တော့ပေ။

တိုက်ဆိုင်သည်လား မဆိုတတ်။ ကိုမြင့်အောင် ဓမ္မာရုံထဲ အရောက်၊ ရွာလယ်လမ်းက ခွေးများက ထိုးအူကြလေသည်။

" ဝူ အု အူး ... "

" အု အူး အူး ... "

ဝင်းဆောင်တော့မသိ။

ကိုမြင့်အောင်က ခုနက အဖြစ်အပျက်​နှင့် ဆက်စပ်တွေးမိကာ ကြက်သီးဖျန်းဖျန်း ထသွားလေ၏။

ခွေးအူသံ အရှည်ကြီးက ဆွဲဆွဲငင်ငင်ရှိလှသည်။

" ဦးလေး ... ဖိုးသားနာရေးက ပြန်လာတာလား ။ ဒီကောင် မိုက်တာဗျာနော်။ အသက်ကလေးဖြင့် ငယ်ငယ်ရှိသေး ။ နှမြောစရာပါဗျာ "

" အေး ဟုတ်တယ် ... ဝင်းဆောင်။ ငါ နာရေးအိမ်က ပြန်လာတာကွ ။ ဘယ့်နှယ် ဖြစ်တယ် မသိပါဘူးကွာ ။ ဒီအနား ရောက်မှ ငါ့ကို တယောက်ယောက်က ဆောင့်တွန်းလိုက်သလို ဖြစ်သွားပြီး ဟပ်ထိုး လဲကျသွားတာကွ ။ ဒါနဲ့ နေပါအုံး ။ မင်း ခုနက ငါ့ရှေ့က သွားနေတဲ့ မိန်းကလေးကို မြင်လိုက်လား ဝင်းဆောင် "

ဝင်းဆောင်က ခေါင်းကို ငြိမ့်ပြပြီး ...

" မမြင်ဘဲလား ၊ မြင်တာပေါ့ ဦးလေးရ ။ အစ်မ ကြင်ကြင်ထွေးပဲဟာ ။ အင်း သူလည်း ဖိုးသားနာရေးက ပြန်လာပုံရတယ်။ မျက်လုံးတွေလည်း မို့အစ်လို့ ... ငိုထားတယ်နဲ့ တူပါရဲ့ ။ သူ့ခမျာလည်း သနားစရာ "

" ကြင်ကြင်ထွေး ၊ ဟို ကိုဖိုးထွေး မဝင်းမာတို့ရဲ့ သမီး ကြင်ကြင်ထွေးလား "

" ဟုတ်တယ်လေ ။ ဦးလေး တူမတွေနဲ့ စက်အတူတူ ချုပ်ကြတဲ့ အစ်မကြင်ကြင်ထွေး"

" နေပါအုံး ... ခုနက မင်းပြောတာ ငါ နားမရှင်းဘူး ဝင်းဆောင်ရ ။ ကြင်ကြင်ထွေးက ငါတူ သေတာကို ဘာလို့ ငိုရတာလဲ ၊ မင်ကရော ဘာကို သနားတာလဲ "

" ဟာ ငိုပါတယ်ဆိုမှတော့ အစ်မကြင်ကြင်ထွေးက ဖိုးသားကို ချစ်လို့ပေါ့ ဦးလေးရ။ သူတို့က ချစ်သူတွေလေဗျာ"

" ဟေ ဟုတ်ရဲ့လားကွာ။ ကြင်ကြင်ထွေးက ဖိုးသားထက် အပုံကြီး ကြီးတယ်မို့လား ။ စန္ဒာဝင်းနဲ့မှ ရွယ်တူ ထင်တယ် "

" အဲ့တာပြောတာပေါ့ ။ ဦးလေးတို့ လူပျိုကြီးတွေက နေရာတကာ တသမတ်တည်း အောက်မေ့နေကြတယ်။ အသက်ကြီးတော့ရော မချစ်ရဘူးတဲ့လား ။ ခင်များတူ ဖိုးသားကိုက မမကြင် မမကြင်နဲ့ တကြင်တည်း ကြင်နေတာ။
အချစ်ဦးဆိုတော့ အရူးအမူး ဖြစ်ဟန်တူရဲ့ "

" အေးပါကွာ ၊ ငါ မှားပါတယ်။ ကဲပါ ဒါနဲ့ ဖိုးသားနဲ့ ကြင်ကြင်ထွေးတို့ ချစ်သူဖြစ်တာ စန္ဒာဝင်းတို့က မသိကြဘူးလား။ ဘာမှ မပြောကြဘူးလား။ သူတို့က သဘောတူပါ့မလားကွ "

" ကျုပ်လည်း ဂဃနဏတော့ တယ်မသိလှဘူး ဦးလေးရေ။ကျုပ် သိသလောက် ပြောရမယ်ဆိုရင် ... ဖိုးသားက သူ့အစ်မတွေ စက်ချုပ်ဆိုင်ကို မကြာခဏ သွားပြီး မုန့်ဘိုးတောင်းတတ်တယ်လေ။

အဲ့ဒီမှာ အစ်မကြင်ကြင်ထွေးကို တွေ့ပြီး ၊ ကြိုက်ရော ဆိုပါစို့ ။ အစ်မ ကြင်ကြင်ထွေးကလည်း ဖိုးသားကို ပြန်ကြိုက်တယ်ဆိုလားပဲ ။

ဒါပေမဲ့ ဦးလေးသိတဲ့အတိုင်းပဲ ဖိုးသားအစ်မ အပျိုကြီး၂ယောက်က သူတို့မောင် ဖိုးသားနဲ့ ပတ်သက်လာရင် ကဲကဲဆတ်တွေ ။

သူ့မောင်က ကလေးပဲ ရှိသေးတာကို အစ်မကြင်ကြင်ထွေးက မြူဆွယ်ပြီး ဖျက်ဆီးတယ်လို့ စွပ်စွဲကြတယ်ဆိုလား ။

အရင်က အစ်မ ကြင်ကြင်ထွေးနဲ့ အစ်မ စန္ဒာဝင်းတို့ အစ်မသန္တာဝင်းတို့က သူငယ်ချင်းတွေဗျ ။

အဲ့ဒီကိစ္စနဲ့ သူတို့အချင်းချင်း ပြသနာတက်ကြပြီး ၊ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်ကြတာလေ။

အစ်မစန္ဒာဝင်းက စကားနဲ့ ရန်တွေ့ရုံမကဘူး လက်တောင်ပါတယ်လို့ ပြောကြတယ်။

ဦးလေးတူ ဖိုးသားက ချစ်သူနဲ့ အစ်မကြား အတော်လေး စိတ်ရှုပ်နေရှာတာ။

အစ်မ ကြင်ကြင်ထွေးက မစန္ဒာဝင်းတို့ကြောင့် အဆက်ဖြတ်ကြရအောင်လို့ ပြောသတဲ့။

ကျုပ်နဲ့ တွေ့တုန်းကဆို ဖိုးသားက ' ငါ သေသာသေလိုက်ချင်တယ် ဝင်းဆောင်ရာ ' လို့တောင် ငြီးငြူနေသေးတယ်။

ကျုပ်က ဒီကောင် အခုလို တကယ် လုပ်မယ် ထင်ကို မထားခဲ့တာ။

တဖြည်းဖြည်းတော့ ပြေလည်သွားလိမ့်မယ်ပဲ ထင်ထားခဲ့တာ။

အခုတော့ ကျုပ်သူငယ်ချင်းခမျာ တကယ် သနားစရာပါဗျာ ... "

ကိုမြင့်အောင် အားလုံးကို ဇာတ်ရည်လည်သွားပြီ။

အခု ဖိုးသား သူ့ကိုယ်သူ သတ်သေရသည့် အကြောင်းတရားမှာ အစ်မကြီးစန္ဒာဝင်းနှင့် ချစ်သူ ကြင်ကြင်ထွေးတို့ အကြားက ပဋိပက္ခကြောင့် ဖြစ်လိမ့်မည်။

စန္ဒာဝင်းသည် သူမေးစဥ်က မျက်နှာပျက်သွားသည်မှာ ဒါကြောင့် ဖြစ်မည်။

နောက်တခုက စန္ဒာဝင်းသည် တခုခုကို ထိန်ချန်ထားတာ ရှိလိမ့်မည်။

ဖိုးသားနှင့် ကြင်ကြင်ထွေးအကြားတွင် စန္ဒာဝင်းသည် မည်သို့ ခလောက်ဆန်ထားသည် မသိ။

ကြင်ကြင်ထွေးကို ပါးရိုက်သည်အထိ ရန်တွေ့ခဲ့သည်ဆိုတော့ စန္ဒာဝင်းသည်
ဖိုးသားကိုရော မည်သို့မည်ပုံ ဆူပူမာန်မဲခဲ့သနည်း။

အချစ်ကြီးတော့ အမျက်ကြီးရှာသည်လားမသိ။

စန္ဒာဝင်းအကြောင်းတွေးမိတော့ ၊ သူ့အား ခုနက နောက်ကျောကို ဆောင့်တွန်းခဲ့သူမှာ ဖိုးသား၏ဝိဉာဥ်သာ ဖြစ်မည်ဟု တထစ်ချ တွေးနိုင်လေ၏။

ဘာကြောင့်လဲဆိုတော့ ဖိုးသားသည် ဝိဉာဥ်ဘဝနဲ့တောင် သူ့ချစ်သူကို ကာကွယ်လိုခြင်းကြောင့် ဖြစ်လိမ့်မည်။

ကိုမြင့်အောင်သည်ဝင်းဆောင်ကို နုတ်ဆက်၍ ဓမ္မာရုံမှ ထွက်လာခဲ့သည်။

အိမ်အပြန် လမ်း၌ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။

" ဦးလေးက မင်းချစ်သူကို ဆူမလို့ငေါက်မလို့ လိုက်သွားတာ မဟုတ်ပါဘူးကွာ ။ မင်းတို့ကို ကူညီချင်လို့ပါ ငါ့တူရာ ..."

လေတိုးသံလား ၊ သစ်ရွက်ခြောက် ကြွေသံလားမသိ။

သို့တည်းမဟုတ် ရှပ်တိုက်နေသော ဖိနပ်သံလိုလို ဘာလိုလို အသံလေးကတော့ သူ့နောက်ကနေ ကပ်ပါနေဆဲပင်။

________

အခန်း၅။

ဖိုးသားအလောင်း မြေကျသည့် ညနေစောင်း၌ အစ်မငယ်ဖြစ်သူ သန္တာဝင်းအား ဖိုးသားရဲ့ ဝိဉာဥ်က ဝင်ပူးကပ်သည်။

နေ့တနာရီက ဖိုးသားကိုဟသင်္ဂြိုလ်သည်။

ညနေ ၄နာခွဲလောက်တွင် အိမ်ရှေ့က ခုံတန်းမှာ သန္တာဝင်းသည် အစ်မစန္ဒာဝင်းနဲ့အတူ ထိုင်နေစဥ် ရုတ်တရက် ဇက်ကြိုးကျသလို ခေါင်းက ငုံ့ကျသွား၏။

တခဏနေ ခေါင်းကို ပြန်မော့လာပြီး တဟင်းဟင်းနှင့် ငှက်ဖျားတက်သူပမာ ငြီးငြူလေ၏။

သန္တာဝင်း၏ တကိုယ်လုံးကလည်း တုန်ခါနေ၏။ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး သူ့ပေါင်ကို သူ တဖတ်ဖတ်နဲ့ ထုနေ၏။

အတူထိုင်နေသော စန္ဒာဝင်းခမျာ ထိတ်လန့်လာသည်ဖြစ်ရာ ၊ မိဘနှစ်ပါးကို ဟစ်အော် အကူအညီတောင်းရလေ၏။

" အမေ! အမေ! လာပါအုံး။ ဒီမှာ သန္တာဝင်း ဘာဖြစ်တယ် မသိဘူး "

နာရေး လာကူသူအချ်ု့လည်း ရှိနေရာ ၊ စန္ဒာဝင်း၏ အော်သံကြောင့် စုပြုံရောက်လာကြ၏။

ဒေါ်မြသွယ်က သူ့သမီး အနီးတိုးကပ်ထိုင်လိုက်ပြီး ...

" ဟဲ့ သမီး သန္တာဝင်း ၊ သတိကပ်အုံးလေ ။ ငါ့သမီး ဘာဖြစ်တာလဲ ။ အမေ့ကို ပြော အမေ့ကိုပြော ... "

သန္တာဝင်း၏ ထုရိုက်နေတဲ့ လက်ကို ဒေါ်မြသွယ်က အသာဖမ်းဆုပ်လိုက်၏။ ဒါပေမဲ့ သန္တာဝင်းက လက်ကို အကိုင်မခံဘူး။ ရုန်းထွက်လိုက်ပြီး သူထိုင်နေတဲ့ ခုံတန်းအရှေ့က လေးထောင့်စားပွဲခုံကို တဒုန်းဒုန်းနဲ့ ထုရိုက်ရင်း ၊ စန္ဒာဝင်းအား စူးစူးစားစားကြီး ကြည့်ပြီးသကာလ ၊

" အမေ့ သမီးကို ပြောထား၊ ဒီတခါ ကျုပ်ချစ်သူကို ထပ်စော်ကားရင် ... ကျုပ် သည်းမခံတော့ဘူးလို့ "

အံမယ်လေး ! ဖိုးသား

ဒေါ်မြသွယ် ပါးစပ်ကနေ အံမယ်လေး တလိုက်မိသည်။ မတပဲလား။ သန္တာဝင်းပါးစပ်က ထွက်လာတဲ့ လေသံက သေသွားတဲ့ ဖိုးသားအသံကြီးလေ။

ဘေးနားက စန္ဒာဝင်းဆို ၊ သန္တာဝင်းကို ကြည့်ပြီး အံဩထိတ်လန့်သွားပုံပဲ။ မျက်လုံး ပြူးလို့။ လူကလည်း ကတုန်ကရင် ဖြစ်လို့ ။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ။ သူ့အမေကို အကူအညီတောင်းသလို လှမ်းကြည့်နေသည်။

" အမေ့သမီးက ကျုပ်ကို သေစေချင်တယ်ဆိုလို့ ကျုပ် သေပေးပြီးပြီး ၊ ဒါတောင် မကျေနပ်နိုင်သေးဘူးလား ၊ မေးကြည့်စမ်းပါ "

ဒေါ်မြသွယ် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ဘုရားရေဟု အာမေဋိတ်သံ ပြုလိုက်မိသည်။ ဒေါ်မြသွယ်က စန္ဒာဝင်းအား လှမ်းကြည့်တော့ ၊ စန္ဒာဝင်းက ခေါင်းတခါခါနဲ့

" မဟုတ်ဘူး ... မဟုတ်ဘူး အမေ။ သမီး ပြောတာ အဲ့သလို မဟုတ်ပါဘူး အမေရယ် "

ထိုအခါ ဖိုးသားဝင်ပူးနေတဲ့ သန္တာဝင်းက ...

" ဘာမဟုတ်တာလဲ ၊ မမကြီးပဲ အဲ့ဒီတုန်းက ကျနော့်ကို ဒီမိန်းမနဲ့ နင် မပြတ်နိုင်ရင် ၊ ငါပဲ အသေခံရမလား ၊ နင်ပဲ အသေခံမလားဆို ။ ကျနော် သောက်တဲ့ ပိုးသတ်ဆေးက မမကြီး ... မမကြီး ...ဝယ်လာခဲ့တာလေ ..."

" အောင်မယ်လေး ညည်း မိုက်လှချေလား မိစန္ဒာရဲ့ ။ နင် နင် ငါ့သားကို သတ်လိုက်တာပါလား ။ နင့်မှာ ဘယ်လို နှလုံးသားမျိုးရှိလို့ ငါ့သားအပေါ် ရက်စက်ရတာလဲ မိန်းမရဲ့ ။ အဲ့ဒါ နင့်မောင်အရင်း မဟုတ်လို့လား ကောင်မရဲ့ "

စန္ဒာဝင်းသည် ခေါင်းတခါခါ လက်တခါခါနှင့် ငြင်းလေသည်။

" မဟုတ်ဘူး အမေ ။ ကျမ အဲ့သလို မရည်ရွယ်ခဲ့ပါဘူး။
ပိုးသတ်ဆေးဘူး ဝယ်တာက သူ့အတွက် မဟုတ်ဘူး ၊ ကျမအတွက် အမေရဲ့ ။ ကျမ အတွက်ပါရှင် ။ ဘုရားစူးပါစေရဲ့ ကျမက ကျမရဲ့အသည်းပေါက်မတတ်ချစ်ရတဲ့ ဒီမောင်လေးကို ပိုးသတ်ဆေးကျွေး တိုက်ပါ့မလား ။ စဥ်းစားပါအုံး ဟီးဟင့်ဟင့် "

စန္ဒာဝင်းက ဖြစ်ကြောင်းကုန်စင်ကို လူအများရှေ့မှာပဲ ရှင်းပြတော့လေ၏။

စန္ဒာဝင်းနဲ့ ကြင်ကြင်ထွေးက သူငယ်ချင်းတွေ ဖြစ်ကြ၏။ အလုပ်လုပ်တော့လည်း ဦးဖြိုးစက်ချုပ်ဆိုင်မှာ အတူတူ လုပ်ကြသည်။

ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတော့ စစနောက်နောက်လည်း ရှိကြသည်ပေါ့။

ကြင်ကြင်ထွေးက စန္ဒာဝင်းကို ယောင်းမဟု ခေါ်တတ်သည်။ ကြင်ကြင်ထွေးမှာ အစ်ကိုနှစ်ယောက်ရှိ၏။ အစကတော့ ကြင်ကြင်ထွေး ခေါ်သည့် ယောင်းမဆိုသည့်အဓိပ္ပါယ်က အစ်ကို့မယားဟူ၏။

ကြင်ကြင်ထွေး စန္ဒာဝင်းတို့ အိမ် လိုက်လည်စဥ်က ဖိုးသားမှာ ၁၃နှစ် ၁၄နှစ်သားအရွယ်။ ၇တန်း ၈တန်း ကျောင်းသားအရွယ် ဖြစ်၏။
ထိုစဥ်က ကြင်ကြင်ထွေးသည် ဖိုးသားအပေါ် မောင်ငယ်တယောက်လိုသာ သဘောထားခဲ့သည်။

နောက် ဖိုးသားက သက်၁၇နှစ်။ ဆယ်တန်းကို တနှစ်ကျပြီး ၊ ယောင်လည်လည် ဖြစ်နေစဥ်
ကာလများတွင် အစ်မဖြစ်သူ အလုပ်လုပ်သည့် စက်ချုပ်ဆိုင်သို့ မကြာခဏ မုန့်ဘိုးတောင်းရင်း အလည်ရောက်လာတတ်၏။

တခါတရံ ဖိုးသား ၏ အစ်မနှစ်ယောက်စလုံးက ဆိုင်ရှင် ဦးဖြိုးနဲ့အတူ ၊ မန္တလေး ဈေးချိုသို့ အထည်အပ် လိုက်ပါသွားသည့်အခါ ၊မုန့်ဘိုးလာတောင်းသော ဖိုးသားအား မကြင်ကြင်ထွေးက ဧည့်ခံစကားစမြည် ပြောပေးလေ့ရှိသည်။

မကြင်ကြင်ထွေးသည် တောအလှ တောသဘာဝအတိုင်း၊ ကျစ်လျစ်သော ကိုယ်လုံးနှင့် မပြုမပြင်ပဲ ချောမောလှပ လေ၏။ လူပျိုဖော်ဝင်ကာစ ဖိုးသားသည် ထိုအလှ၌ နစ်မြောတော့လေ၏။

မကြင်ကြင်ထွေးကတော့ မောင်နှမလို စိတ်ထဲ ထားပေမယ့်၊ ဖိုးသားစိတ်ကတော့ ဆန်းပြားချင်နေပြီ။

ဖိုးသားက ၁၇နှစ်။ မကြင်ကြင်ထွေးက ၂၃နှစ် ။ အသက်အားဖြင့် ၆နှစ် ကွာခြားလေ၏။

မကြင်ကြင်ထွေးသည် ဖိုးသားဘက်က အရောင်ပြောင်းလာသော ခင်မင်မှုကို သတိထားမိလာတဲ့အခါ ၊ ခပ်ရှောင်ရှောင် နေခဲ့ပါသေး၏။

ဒါပေမဲ့ ရှောင်သူက ရှောင်ပေမယ့် ၊ လူငယ်ဖြစ်သည့် ဖိုးသားက အတင်းတိုးဝင် တွယ်ကပ်လာသည့်အခါ ... မကြင်ကြင်ထွေးအနေဖြင့် ဖိုးသားအပေါ် ဂရုဏာသက်လာမိတော့သည်။

ချစ်ခြင်းအစ သနားခြင်းက စသည်မဟုတ်လား။

အဲ့ဒီတော့ ပြီးသွားတဲ့ သင်္ကြန် အကြတ်နေ့မှာ မကြင်ကြင်ထွေးနဲ့ ဖိုးသားတို့ အတိအလင်း ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။

ကြင်ကြင်ထွေးခမျာ ရေလည်း အလောင်းခံရသေး၊ အဖြေလည်း ပေးရသေးသည့်အပြင်၊ ဖိုးသား၏ အတင်းဖက်ရမ်းနမ်းရှုံ့ခြင်းကိုပါ ရင်ခုန်စွာ ခံခဲ့ရလေ၏။

ကြင်ကြင်ထွေးအနေနဲ့ ဖိုးသားကို တိုးတိုးတိတ်တိတ်သာ ချစ်ကြဖို့ ပြောပေမယ့်၊ ဇွတ်တရွတ်မင်းသားလေးက စက်ချုပ်ဆိုင်ကိုလည်း မကြာခဏ လာလည်သလို၊ ညနေစောင်းလျင်လည်း အိမ်ကို အလည်လာတတ်၏။

ကြာတော့ အစ်မဖြစ်သူ စန္ဒာဝင်းက ရိပ်မိသွားသည်။

စန္ဒာဝင်းဆိုတာက သူ့မောင် ဖိုးသားကို အခုထိ ကလေးတယောက်လို ချစ်လို့ မဝသေးတဲ့သူလေ။

ကြားကြားချင်းပဲ ကြင်ကြင်ထွေးအား သွားမေးပြီး ရန်ထောင်၏။

ကြင်ကြင်ထွေးက ပထမတော့ သူငယ်ချင်းတွေပဲဆိုပြီး အလျော့ပေးပါ၏။

ဒါပေမဲ့ စန္ဒာဝင်းရော သန္တာဝင်းကပါ သူမ၏ မိဘတွေပါ စော်ကားလာသဖြင့် ပြန်ပြောမိသည်။

ထိုအခါ တဖက်နဲ့တဖက် တင်းမာလာပြီး ၊ ရန်ပွဲအသွင်ဆောင်လာ၏။

စန္ဒာဝင်းက ကြင်ကြင်ထွေးကို ဒေါသဖြင့် ပါးရိုက်သည်။ မကြင်ကြင်ထွေးက ပြန်မလုပ်ပါ။

ဒါကို စန္ဒာဝင်းတို့ ညီအစ်မက ရောင့်တက်လာပြီး ထပ်ရိုက်ရန် ကြိုးစားလာသည့်အခါ ကြင်ကြင်ထွေးက စက်ခုံပေါ်က ကတ်ကြေးကို ယူ၍ ရိုက်ရဲ ရိုက်ကြည့် အသက်ချင်းလဲပစ်မယ်ဟု ဆိုလေ၏။

ကျန်သော စက်ချုပ်လုပ်သားတွေက ဝိုင်းဆွဲလို့သာ တော်တော့သည်။

နောက်တော့ မကြင်ကြင်ထွေးက ဦးဖြိုးစက်ချုပ်ဆိုင်မှ ထွက်လိုက်သည်။

ဆိုင်မှာ မချုပ်တော့။

အထည်ကို ညဘက် ဆိုင်မှာလာယူလာပို့ လုပ်ပြီး ၊ အိမ်မှာပဲ ချုပ်တော့၏။

မျက်နှာချင်းဆိုင်တွေ့နေရင် ရန် ထပ်ဖြစ်နေရဦးမည်လေ။ အဲ့ဒီတော့ သူကသာ အလျော့ပေး ရှောင်နေလိုက်ခြင်း ဖြစ်လေ၏။

စန္ဒာဝင်းက ဖိုးသားကိုလည်း အလွတ်မပေး။ ဆူလေ၏။

" နင် အခု အဲ့ကောင်မကို အဆက်ဖြတ် ဖိုးသား။ နင် အဲ့ကောင်မကို မဖြတ်နိုင်ရင် ကိုယ့်ဖာသာ သတ်သေလိုက်တော့။ နင်ကြိုက်နေတဲ့ ကောင်မက မျိုးရိုး မသန့်ဘူးဟဲ့ ။ အနူမျိုး အနူမျိုး သိရဲ့လား"

" ဟာ ဘာဆိုင်လို့လဲဗျ။ ဒီခေတ်ကြီးမှာ ဒါတွေက ရှိသေးလို့လား "

" ဟဲ့ ရှိတာပေါ့။ နင် တခြားသူကို ကြိုက်ပါတော့လား ။ ဒီလောက် မိန်းမ ရှားသလား ။ ကြင်ကြင်ထွေးက မျိုးရိုးသန့်တာ မဟုတ်ဘူး။
သူ့အဖေဘက်က အနူမျိုးဟဲ့ အနူမျိုး ။ နင်နဲ့ ကြင်ကြင်ထွေး ညားပြီး ကလေးရလာရင် အဲ့ဒီ အနာကြီးရောဂါက နင့်သားသမီးမှာ ပေါ်လာရင် ဘယ့်နှယ်လုပ်မလဲ ။ ဒါမျိုးက သမီးမှာ မပေါ်ရင် မြေးမှာ ပေါ်တတ်တာဟဲ့ ။
အေး ... ဟောဒီမှာကြည့်၊ ဒါ ပိုးသတ်ဆေးဘူး။ ငါ တမင်သက်သက် ဝယ်လာတာ။ နင်သာ အဲ့ဒီကောင်မကို ယူလို့ကတော့ ငါ ဒီပိုးသတ်ဆေးဘူး အကုန်သောက် သေပစ်မယ် ။ မလုပ်ရဲဘူး မထင်နဲနော် ဖိုးသား။ ငါက တကယ်လုပ်မှာ "

အဲ့သလို စန္ဒာဝင်းက ဆူပူပြီး ၃ရက်အကြာမှာ အခုလို ဖြစ်သွားတာပါတဲ့။ သူမက ဖိုးသားကို သေစေရန် မရည်ရွယ်ခဲ့ပါဘူးတဲ့။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်မိတာပါတဲ့။

ဇာတ်စုံကြားရတော့ ဖိုးသားဝိဉာဥ် ဝင်ပူးကပ်နေတဲ့ သန္တာဝင်းက ထပ်မေး၏။

" ဒါဆိုရင် မမကြီးက ကျနော့်ချစ်သူကို ငရဲမီးနဲ့ ပက်မယ်လို့ ဘာလို့ ကြိမ်းဝါးတာလဲ ။ လုပ်ရဲ လုပ်ကြည့် ။ ဒီတခါ မမကြီးကို ကျနော် လည်ဂုတ်ချိုး သတ်မှာ "

အဲ့ဒါက ဒီလို ။ ဒီမနက်မှာ ၊ သန္တာဝင်းက သူ့အစ်မကို သတင်းပေး၏။ မနေ့ညက သူတို့အိမ်ကို ကြင်ကြင်ထွေး ပုဆိုး ခေါင်းမြီးခြုံ၍ ဖိုးသားအလောင်းကို လာခိုးကြည့်သွားသည်ဆိုတော့ စန္ဒာဝင်းက ချက်ချင်း ဒေါသူပုန်ထပြီး ...

" ဟင်! ဟုတ်လား ၊ အဲ့တုန်းက ဘာလို့ ငါ့လာမပြောတာလဲ "

" မမက ဦးလေး မြင့်အောင်နဲ့ စကားပြောရင်း ငိုနေတာလေ၊ ဒါကြောင့် မပြောဖြစ်တာ "

" တွေ့မယ် ... ဒီကောင်မ ကြောင့် ငါ့မောင် သေရတာ။ ဒင်းကို ငါ လက်စားချေရမှ ကျေနပ်နိုင်မယ်။ သနားကမား မျက်နှာလေး ဗန်းပြပြီး ငါ့မောင်ကို မြူဆွယ်ခဲ့တဲ့ ကောင်မ။ သူ့မျက်နှာကို ငရဲမီး(အက်ဆစ်)နဲ့ ပက်ပစ်မယ် ။ သိကြသေးတာပေါ့ မိကြင်ကြင်ထွေးရယ် ၊ နင် တသက်လုံး ခေါင်းမဖေါ်ဝန့်အောင် ငါလုပ်ပြမယ် "

ထိုသို့ ကြိမ်းဝါးတာကို ဖိုးသားရဲ့ ဝိဉာဥ်က ကြားသွားပြီး မကျေမနပ် ဖြစ်နေတာ။ ဒါကြောင့် ညနေစောင်းတော့ သူအစ်မလတ် သန္တာဝင်း ကိုယ်မှာ ပူးဝင်ပြီး ပြောနေတာဖြစ်သည်။

အဲ့ဒီအချိန် ဦးလေးဦးမြင့်အောင်လည်း ရောက်နေပြီ။ ဦးမြင့်အောင်က သူ့တူကို မေးသည်။

" ဒါဖြင့် ငါ့တူက ဘယ်လို လုပ်ပေးမှ ကျေနပ်နိုင်မှာလဲ။ ရက်လည် ဆွမ်းကပ်ရင် ငါ့တူ ကုသိုလ် အမျှရမှ ၊ ကောင်းတဲ့ ဘုံဘဝကို ရောက်နိုင်မှာကွဲ့။ ဒီလိုမျိုး အငြိုးအတေးတွေ ၊ ဒေါသတွေ ကြီးနေမယ်ဆိုရင် မင်း ဝိဉာဥ်က မကျွတ်မလွတ်တဲ့အပြင် အဝီဇိ ငရဲကို သွားရလိမ့်မယ် ။ အဲ့ဒီတော့ မင်း ဖြစ်ချင်တာကို ပြောပြီး သန္တာဝင်းကိုယ်ပေါ်ကနေ ထွက်သွားလိုက်ပါ ငါ့တူ "

သန္တာဝင်းကိုယ်ပေါ်က ဖိုးသားဝိဉာဥ်က ခေတ္တ ငြိမ်သက်သွား၏။ တအောင့်လောက်နေတော့ သူ့အမေ ဒေါ်မြသွယ်ဘက်ကို လက်အုပ်ချီပြီး ...

" အမေ ကျနော့်ကို ခွင့်လွှတ်ပါနော် ။ ကျနော် စိတ်အလိုကို လိုက်ပြီး မိုက်ခဲ့မိပါတယ်။
အခု ကျနော်က ဝိဉာဥ်ဘဝမှာ တယောက်တည်းရယ်။ နေရတာကလည်း မှောင်မှောင်ကြီး ၊ ပြီးတော့ အေးစက်လို့ ။ ဘယ်သူမှလဲ လာမခေါ်ကြဘူး ။ ကြောက်လိုက်တာ အမေရယ် "

" သားလေး အမေ့သားလေး ဖြစ်ရလေတယ်ကွယ်။ ပြောလေ သားလေး ၊ အမေ ဘာလုပ်ပေးရမလဲဟင် "

" အမေ လုပ်ပေးနိုင်တာ တခုပဲ ရှိတယ် အမေ။ အဲ့ဒါက ကျနော့် ရက်လည်ဆွမ်းကျွေးကျရင်
မကြင်ကြင်ကို ဖိတ်ပေးပါနော်။ ကျနော် သူကိုယ်တိုင် အမျှဝေမှ သာဓုခေါ်ပါရစေ အမေ ။ ဒါလေး တခုတော့ ခွင့်ပြုပေးပါနော် "

အဲ့ဒီ နောက်ဆုံးစကားဖြစ်တဲ့ ,
ဒါလေးတခုတော့ ခွင့်ပြုပေးပါနော်ဆိုတဲ့ စကားကို ပြောတဲ့အခါ သန္တာဝင်းက စန္ဒာဝင်း ဘက်ကို လက်အုပ်ချီလိုက်တာ လူတိုင်း မြင်လိုက်ရသည်။

စန္ဒာဝင်းခမျာ ရင်ကျိုးလုမတတ် ခံစားနေရရှာသည်။ သူ့ညီမ လက်အုပ်ချီတာကို အသာအယာ ဆုပ်ကိုင်ပေးရင်းနဲ့ ...

" ခွင့်ပြုပါတယ် မောင်လေးရယ်။ မမကြီး ခွင့်ပြုပါတယ်ကွယ်။ ကြင်ကြင်ထွေးကိုလည်း မမကြီးကိုယ်တိုင် သွားပြီး ဖိတ်ခေါ်ပေးပါ့နော်။ မမကြီး အတ္တကြီးခဲ့သမျှကိုလည်း မောင်လေးက တမလွန်ဘဝကနေ ခွင့်လွှတ်ပေးပါတော့ကွယ် ဟင့်ဟင့်ဟီးအီး "

မောင်နှမတွေ အကြားက သံယောဇဥ်ကို လာကြည့်နေကြတဲ့ သူတွေ အကုန် သဘောပေါက် နားလည်ကြတဲ့အခါ ကြည့်ရင်း မျက်ရည်ဝဲသူက ဝဲ။ မချိတင်ကဲ နဲ့ တောက်ခေါက်သူက ခေါက်ပေါ့။

နောက်တော့ သန္တာဝင်းကိုယ်ပေါ်က ဖိုးသားလေးဟာ မိဘနှစ်ပါးနဲ့ အစ်မနှစ်ယောက်ကို တရိုတသေ ကန်တော့ပြီး ထွက်သွားရှာ၏။

သြော် မီးတကာ့မီးထဲမှာ အဲ့ဒီသံယောဇဥ်မီးဆိုတာက ငရဲပြည်က သံပူမီးထက်တောင် ပိုပြီး ပူနေရော့သလားလေ။

(ပြီးပါပြီ)

စာ​ရေးသူ -ပီပီ(မန္တလေး)အားလေးစားလျက်

ရွင်လန်းချမ်းမြေ့ကြပါစေ

#ညမဖတ်ရ 

*ငရဲမီးထက္ ပိုေသာ*
________________
အခန္း၁။

ညေနေစာင္းခ်ိန္ ၊ ေမွာင္စပ်ိဳးၿပီ ျဖစ္ေလ၏။၆နာရီ ခြဲခန္႔ရွိမည္။ ဘက္ထရီ မီးသီးပင္ ထြန္းထားရေလၿပီ။

အသက္ ၆၀အ႐ြယ္ ေဒၚျမတင္သည္ ေလွကားဦးမွေန၍ လွမ္းေအာ္ေျပာလိုက္သည္။

" ဟဲ့ ဖိုးသား ... ေလွကားတက္မွာ ဘာလို႔ ငုတ္တုတ္ထိုင္ေနတာလဲ!
အိမ္ေပၚတက္ခဲ့ေလဟယ္။ အၾကမ္းေရေလး လာေသာက္အုံး ၊ လၻက္လဲ ဆီ႐ႊဲ႐ႊဲေလး ဆမ္းထားတယ္ ႏွစ္ျပန္ေၾကာ္ေလးနဲ႔ ၊ တက္ခဲ့ပါဟဲ့ ေကာင္ကေလးရဲ႕"

(ေရးသည့္အခါ ေလွကားတက္ဟု ေရးၿပီး၊ ဖတ္သည့္အခါ ေလွကတတ္ဟု အသံထြက္၏။၊ ေလွကား အတက္စကို ေခၚဆိုသည့္ ေဒသိယစကား။)

အေမ့အသံၾကားရ၍ ကိုျမင့္ေအာင္ စာဖတ္ေနရာမွ ေလွကားတက္ကို လွမ္းၾကည့္လိုက္သည္။

အေမက ထိုသို႔ေျပာၿပီး လၻက္ထဲ ပဲေၾကာ္စုံ ျဖည့္ထည့္ရန္ သြားယူဟန္တူ၏။

အိမ္အေနာက္က ေရခံျပင္သို႔ ထြက္သြား၏။

ေရခံျပင္ဆိုတာက အိမ္မႀကီးမွ ေနာက္သို႔ သြပ္မိုး အဖီဆြဲထားေသာ အခင္းပ်ဥ္ပါ မီးဖိုေခ်ာင္ ျဖစ္၏။

အိုးခြက္ပန္းကန္မ်ားကို ထိုေနရာ၌ ေဆးေၾကာရေလ၏။

ဖိုးသားဆိုတာက ကိုျမင့္ေအာင္၏ တူတဝမ္းကြဲ ျဖစ္၏။

အစ္မတဝမ္းကြဲက ေမြးေသာ သားျဖစ္သည္။

အသက္ ၁၇ႏွစ္ခန္႔ အ႐ြယ္ရွိၿပီး ၊ မၾကာခဏ သူတို႔အိမ္ကို အလည္လာတတ္သူ ကိုမ်ိဳးခ်စ္ကေလး ျဖစ္သည္။

အေမကလည္း သူ႔ေျမးဝမ္းကြဲကို ခ်စ္ရွာ၏။ ဖိုးသားက ဗလြတ္႐ႊတ္တေတြ ေျပာတတ္သည္။

ဖိုးသားသည္ အၿမဲတမ္း ၿပဳံးၿပဳံး႐ႊင္႐ႊင္ ရွိ၏။

ေလွကားနဲ႔ ကိုျမင့္ေအာင္ထိုင္ေနတဲ့ ေနရာနဲ႔က သိပ္မေဝး။ သူတို႔ အိမ္ကေလးက ေျခတံရွည္ အိမ္ကေလးျဖစ္၏။

ေလွကားမွ တက္လာလ်င္ ဖိုးသားကို သူ အရင္ျမင္ရမည္ ျဖစ္သည္။

သို႔ေပမဲ့ ေလွကားမွ တက္လာသည့္ ေျခသံကို မၾကားရ။

ေလွကားမွာ အုတ္ခုံခံ သစ္သားေလွကား ျဖစ္၏။

၎တို႔ေနေသာ အာေလာင္႐ြာမွာ ဝါဆိုဝါေခါင္ ဧရာဝတီျမစ္ ေရႀကီးခ်ိန္၌ ေရဝင္ေသာအရပ္မို႔ အိမ္တိုင္းက ေျခတံရွည္အိမ္မ်ား ျဖစ္ၾကသည္။

မႏၲေလးၿမိဳ႕ ဧရာဝတီျမစ္ တာေပါင္၏ အေနာက္ဘက္က ႐ြာမ်ားျဖစ္ၾကသည့္ သရက္တပင္၊ ပုဂံတပ္၊ ေပါက္ဝဲ၊ သမင္ၿခံ၊ အာေလာင္၊ စြန္းလြန္း၊ နန္းေတာ္ကြၽန္း စေသာ ႐ြာစဥ္တေလ်ာက္က အိမ္မ်ားမွာ ေျခတံရွည္ အိမ္မ်ား ျဖစ္ၾကသည္။

၎႐ြာမ်ားသည္ ေႏြႏွင့္ေဆာင္း အခါဆို
ကားလမ္းေပါက္ၿပီး ၊ ဧရာဝတီ ျမစ္ေရႀကီးခ်ိန္၌ ေလွ၊ သမၼာန္၊ ေမာ္ေတာ္ဘုတ္တို႔ျဖင့္ သြားလာရ၏။

မ်ားေသာအားျဖင့္ ေအာက္ထပ္မွာ အကာအရံမဲ့ၿပီး၊ လယ္ယာသုံး ပစၥည္းမ်ား၊ တိုလီမိုလီမ်ား ထားတတ္ၾက၏။

ေငြေၾကးတတ္ႏိုင္သူမ်ားကေတာ့ အုတ္ေလွကား၊ အုတ္တိုင္မ်ားျဖင့္ ေဆာက္လုပ္တတ္ၾက၏။

တက္လာႏိုး တက္လာႏိုးနဲ႔ ကိုျမင့္ေအာင္က ေလွကားကို ၾကည့္ေနေပမယ့္ ဖိုးသားက တက္မလာ။

ဒါနဲ႔ စာအုပ္ကို ခ်ၿပီး မတ္တတ္ ထရပ္လိုက္သည္။
ထိုအခါ ေလွကားတက္၌ မည္သူ႔ကိုမွ် မေတြ႕ရ၍

" ဟင္! ဘယ္မွာလဲ ဖိုးသားက။ ေလွကားတက္မွာ ဘယ္သူမွလဲ မရွိပါလား ။ အေမ အျမင္မွားတာနဲ႔ တူပါရဲ႕ "

ဟုသာ ေၾကာင္စီစီ ေတြးလိုက္မိသည္။

အေမက ပဲေလွာ္ေၾကာ္ဖန္ဘူး ယူလာၿပီး ထြက္လာ၏။

လၻက္ခြက္ထဲ ပဲေလွာ္ေၾကာ္ လက္တဆုပ္ ပစ္ထည့္လိုက္ၿပီး ၊

" ဟဲ့ ... နင့္တူ ဖိုးသား ဘယ္ေရာက္သြားတုန္း ၊ ျပန္သြားတာလား ျမင့္ေအာင္ "

" အေမ့အသံၾကားလို႔ က်ေနာ္ ထၾကည့္တာ ၊ ဘယ္သူမွ မေတြ႕ပါဘူး အေမရယ္ ၊ ဖိုးသားျဖင့္ ေရာက္မွ မလာပဲနဲ႔ အေမရာ "

ထိုအခါ ေဒၚျမတင္က ေဘာက္ဆတ္ဆတ္ေလသံျဖင့္ ...

" ဟဲ့ ေအာ္ ... ။ ငါက အဲ့သေလာက္ မ်က္စိ မမႈန္ပါဘူး ျမင့္ေအာင္ရဲ႕ ။

ခုနေလးတင္ ဖိုးသားကို ေလွကားတက္မွာ ငူငူငိုင္ငိုင္ႀကီး ထိုင္ေနတာ ငါ အေတြ႕သား ။

နင္က စာအုပ္ဖတ္ေနလို႔ အေသအခ်ာ မျမင္လိုက္တာပဲ ေနလိမ့္မယ္ ၊

ေကာင္ကေလးေတာ့ သူ႔အိမ္နဲ႔ ရန္ျဖစ္လာတယ္ထင္တယ္ ၊ စိတ္လက္မၾကည္သာလို႔မ်ား တေနရာရာကို ထြက္သြားတာလား "

ကိုျမင့္ေအာင္က သူ႔ေခါင္းကို အသာဖြရင္း ၊

" ဘယ့္ႏွယ္ အေမရယ္။ ဘာျဖစ္လို႔ က်ေနာ္က အေသအခ်ာ မၾကည့္ရမွာလဲ၊ က်ေနာ္ အေမ ေရခံျပင္ဘက္ ထြက္သြားေတာ့ ခ်က္ခ်င္း ထၾကည့္တာပဲ။

ေလွကားတက္မွာ ဘယ္သူမွ ရွိမေနဘူး။ ျပန္သြားတယ္ဆိုရင္ေတာင္ က်ေနာ္ ျမင္လိုက္ရမွာေပါ့ အေမရ။

အခုထိ ၿခံထဲကေန ဘယ္သူမွ ထြက္မသြားေသးတာ အေသအခ်ာပဲ ။ အေမသာ အျမင္မွားတာ ေနမွာ"

ေဒၚျမတင္က ဇေဝဇဝါ ျဖစ္သြားၿပီး

" ေဟ! ဟုတ္သလား ။ အေမေတာ့ ခုနက အေသအခ်ာ ျမင္လိုက္သလားလို႔ ၊ ဒီကေလး ဒီေန႔ တေန႔လုံး ေပၚမလာဘူး ။
ေနမ်ား မေကာင္းျဖစ္ေရာ့လားကြယ္ ၊ ငါ သူ႔အိမ္ သြားေမးဦးမွနဲ႔တူတယ္ "

" ဟာ အေမကလဲ ၊ ေမွာင္ေနၿပီဗ်။ အေမက မ်က္လုံးလဲ ေကာင္းတာမဟုတ္ဘူး ။ မနက္မွပဲ သြားပါ "

" ဟဲ့ ကိုယ္႐ြာထဲ လမ္းေတြ၊ မ်က္စိမွိတ္သြားေတာင္ရတယ္ ။ ငါ ငါ့ေျမး တခုခု ျဖစ္တယ္ထင္လို႔ စိုးရိမ္ၿပီး သြားေမးမလို႔ပါ ။ ဒီေန႔ တညေနလုံး ညာဘက္ မ်က္စက တလႈပ္လႈပ္နဲ႔ ၊ စိတ္ကလဲ ေလးေနသကြယ္ ။ မျဖစ္ဘူး မျဖစ္ဘူး ငါ သြားေမးလိုက္ပါအုံးမယ္ "

ေဒၚ ျမတင္က အသက္ကသာ၆၀ေက်ာ္။ လူက လူငယ္ေတြလိုပဲ။ စိတ္ျမန္လက္ျမန္ရယ္။ အခုဆို အခုမွ။

အဲ့ဒီေတာ့ ကိုျမင့္ေအာင္လည္း ဘယ္ထိုင္ေနႏိုင္ေတာ့မွာတုန္း။

သူ႔အေမနဲ႔အတူ ထလိုက္ခဲ့ရေတာ့တာေပါ့။

အေမတခု သားတခု ။ လူပ်ိဳႀကီး ကိုျမင့္ေအာင္ကား အသက္၄၀ေက်ာ္ၿပီ ျဖစ္သည္။

႐ြာလမ္းဆိုတာ ၿမိဳ႕ေပၚလို ကတၱရာလမ္းတို႔ ကြန္ကရစ္လမ္းတို႔ မဟုတ္ဘူး။ ေျမသားလမ္း။

ညီညာျပန္႔ျပဴးတဲ့ေနရာရွိသလို၊ ခ်ိဳင့္ေတြကမူေတြ ေပါတဲ့ေနရာလည္းရွိသည္။

အဓိကက ကိုယ့္အိမ္ေရွ႕က လမ္းကိုေတာင္ မျပင္ခ်င္တဲ့ တဘို႔တည္းသမား အတၱႀကီးတဲ့သူရဲ႕ အိမ္ေရွ႕ဆိုရင္ အဝီဇိထိေအာင္ နက္တဲ့ ခ်ိဳင့္ ျဖစ္ပေလ့ေစ။ ျပဳတ္က်ခ်င္သူ ျပဳတ္က်ပေလ့ေစ၊ ေပလ်ာကန္ ပစ္ထားေလ့ရွိ၏။

႐ြာလူႀကီး အဆက္ဆက္ဆိုတာကလည္း ဘယ္ေတာ့မွ လမ္းေပၚခ်ိန္ဆို လမ္းကို မျပင္။ ၿမိဳ႕ကလာတဲ့ အုပ္ခ်ဳပ္ေရးအာဏာပိုင္ကိုသာ ေမွ်ာ္ေနတတ္ၾက၏။

ထားေတာ့ ႐ြာလူႀကီးအေၾကာင္းေတာ့ ေျပာကို မေျပာခ်င္။

ယခုလည္း ေဒၚျမတင္ႏွင့္ ျမင့္ေအာင္တို႔ သားအမိသည္ ဗြက္ထူ ခ်ိဳင့္ထူသည့္ ႐ြာလယ္လမ္းကို ေရွာင္၍ စာသင္ေက်ာင္းလမ္းဘက္က ေလွ်ာက္လာခဲ့ၾကသည္။

စာသင္ေက်ာင္းဘက္လမ္းက လူျပတ္၏။ပို၍လည္း ခရီးေဝး၏။

ဒီလိုနဲ႔ စာသင္ေက်ာင္းကို မေရာက္မီ ေရတြင္းကုန္းေဟာင္း အေရာက္မွာ ျမင့္ေအာင္ စိတ္ထဲ မသကၤာ၍ အေနာက္သို႔ မၾကာခဏ လည္ျပန္ ေစာင္းငဲ့ၾကည့္မိသည္။

သူတို႔သားအမိ အေနာက္ကေန လူတေယာက္ေယာက္ လိုက္လာသည္ဟု ခံစားေနရ၍ ထိုသို႔ လွည့္ၾကည့္ေနမိျခင္း ျဖစ္၏။

ေဒၚျမတင္က သူ႔သား မၾကာခဏ လည္ျပန္ငဲ့ေစာင္းၾကည့္ေနသည့္အတြက္ ...

" ျမင့္ေအာင္ နင္ဟာ ေရွ႕ ေသခ်ာမၾကည့္ပဲ ။ အေနာက္ကို ဘာလို႔ ခဏခဏ ၾကည့္ေနရတာလဲ ၊ ေရွ႕ၾကည့္ေလွ်ာက္စမ္း "

ေဒၚျမတင္၏ ခပ္ေငါက္ေငါက္ေလသံေၾကာင့္ ...

ျမင့္ေအာင္က သူ႔အေမကို ခပ္တိုးတိုး ေျပာလိုက္သည္။

" အေမ ... အေမ့နားထဲ က်ေနာ္တို႔ အေနာက္ကေန ကပ္ေလွ်ာက္လာတဲ့ ေျခသံမ်ား မၾကားမိဘူးလား "

ျမင့္ေအာင္ စကားေၾကာင့္၊ ေဒၚျမတင္ရဲ႕ ေျခလွမ္းေတြက တုန္႔သြား၏။

အမွန္ေတာ့ သူကိုယ္တိုင္လည္း လာခဲ့ေသာ လမ္းကို ျပန္လွည့္ၾကည့္မိသည္။

သားအမိႏွစ္ေယာက္ ေရွ႕မဆက္ၾကေသးပဲ ...

" ေအး ငါလည္း အဲ့ဒါ ေျပာမလို႔ ျမင့္ေအာင္။ တခ်က္တခ်က္ ဖိနပ္ရွပ္တိုက္သံလိုလို သစ္႐ြက္ ေလလြင့္သံလိုလို ၾကားေနရတယ္။ ႏို႔ေပမဲ့ ဒီဘက္လမ္းကို ဒီအခ်ိန္ ဘယ္သူလာမွာမို႔လဲဆိုၿပီး အေမက လွည့္မၾကည့္တာ ... "

ျမင့္ေအာင္က သူ႔လက္ထဲက ဓာတ္မီးနဲ႔ ဟိုဟိုဒီဒီ ထိုးၾကည့္သည္။ လမ္းမွာ မည္သူမွ် မရွိ။ ပကတိ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိသည္။

" ဟူး ... အိမ္က အထြက္ကတည္းက က်ေနာ္ စိတ္ထင့္ေနတာ အေမ။ ဟိုေကာင္ေလး ဖိုးသား တခုခုမ်ား ျဖစ္ေနသလားလို႔ "

သားအမိႏွစ္ေယာက္ စကားေျပာရင္း ဆက္ေလွ်ာက္လာခဲ့ၾကသည္။

ေဒၚျမတင္က ဘာကိုေတြးလိုက္မိသည္မသိ။

သူ႔ရင္ဘတ္ကို ဖိ၍ ...

" ဘုရား ဘုရား အေမ ထင္တာ လြဲပါေစကြယ္။ ငါ့ေျမးဖိုးသားကို နတ္ေကာင္းနတ္ျမတ္ေတြ ေစာင့္ေရွာက္ၾကပါေစ "

" အေမက ဘာထင္တာတုန္း "

ေဒၚျမတင္က ေခါင္းကိုခါ၏။
ဖြင့္ေျပာလိုဟန္ မရွိ။

သို႔ေပမဲ့ အရိပ္အႁမြက္ စကားကိုေတာ့ ေျပာလိုက္သည္။

" မင္း ခုနက ၾကားရတဲ့ ေျခသံက ဖိုးသား လမ္းေလွ်ာက္တဲ့ အသံနဲ႔မ်ား မတူဘူးလား ျမင့္ေအာင္ "

" ဗ်ာ ... ေအာ္ ... အင္း ခပ္ဆင္ဆင္ပဲ အေမ ။ ဒီေကာင္ေလး လမ္းေလွ်ာက္ရင္ သိပ္ရွပ္တိုက္တာကလား ။ ဟင္! ဒါျဖင့္ ... ဖိုးသား .... "

ကိုျမင့္ေအာင္ ခ်က္ခ်င္းပဲ ၾကက္သီး တဖ်န္းဖ်န္း ထသြားေလ၏။

ေဒၚျမတင္က သူ႔သားလက္ကို ဆြဲ၍ ခပ္သုတ္သုတ္ ေျခလွမ္းမ်ားျဖင့္ ႐ြာေတာင္ဖ်ားရွိ ဖိုးသားမိဘမ်ား ျဖစ္ေသာ ကိုတင္ေဌး ၊ မျမသြယ္တို႔အိမ္ကို အျမန္ေလွ်ာက္လာခဲ့ၾကေတာ့သည္။

ကိုျမင့္ေအာင္က သူ႔လက္ကို လာကိုင္သည့္ အေမ့လက္ေတြက ဒီတခါ ေအးစက္ေနပါလားဟု ေတြးလိုက္မိသည္။

ၿပီးေတာ့ ကိုျမင့္ေအာင္ခမ်ာ အေနာက္က ကပ္လိုက္လာေသာ ေျခသံကို ဆက္တိုက္ဆိုသလို ၾကားေနရေပမယ့္ လွည့္မၾကည့္ရဲေတာ့ေခ်။

_________

အခန္း၃။

ဖိုးသားေလးတို႔ အိမ္ၿခံဝင္းအတြင္းမွာ မီးေခ်ာင္းေတြက လင္းထိန္ေန၏။

ဒီဇယ္ျဖင့္ ေမာင္းရေသာ မီးစက္ႀကီးအသံကလည္း တဒုန္းဒုန္းျဖင့္ ဆူညံေနသည္။

လူႀကီးလူငယ္ လူ႐ြယ္အခ်ိဳ႕လည္း စု႐ုံးေရာက္ရွိေနၾကသည္။

တခ်က္တခ်က္ စီခနဲ ေအာ္ဟစ္ငိုလိုက္သည့္ အသံေၾကာင့္ သူတို႔သားအမိႏွစ္ေယာက္ ေျခလွမ္းမ်ားက ​ထိုေနရာဆီသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္သြားမိလိုက္ၾကသည္။

ကုတင္တလုံးေပၚတြင္ အဝတ္လႊမ္းထားေသာ မသာ အေလာင္း တေလာင္းကို ျမင္ေတြ႕လိုက္ၾကသည္။

အေလာင္းမွာ မ်က္ႏွာေဖၚထား၍ ျမင္သာထင္သာ ရွိပါ၏။ ထို႔ေၾကာင့္ သူတို႔သားအမိ အံဩမွင္သက္သြားၾကေလသည္။

" အံမယ္ေလး ငါ့ေျမး ဖိုးသားေလး ၊ ဘယ္လို ျဖစ္ရတာလဲ ငါ့ေျမးရယ္ ဟစ္အစ္အီး "

ေဒၚျမတင္ တင္းထားသမွ် စိတ္ကို ေျဖေလ်ာ့လိုက္ဟန္တူ၏။ ဖိုးသားအေလာင္းကို ေတြ႕သည္ႏွင့္ ဟန္မေဆာင္ႏိုင္ေတာ့ေခ်။ ခ်ဳံးပြဲခ် ငိုေႂကြးေတာ့ေလ၏။

ေနာက္ေတာ့ ဖိုးသား ေသရသည့္အေၾကာင္းကို သူ႔အေမ မျမသြယ္က ဤသို႔ ဇာတ္စုံခင္းေလ၏။

" သားဆိုလို႔ ဒီတေယာက္ပါတာ အရီးလည္းအသိပဲ။ က်မတို႔ လင္မယားမွာ ခ်စ္လြန္းလို႔ လယ္ထဲလည္း မဆင္းခိုင္းရက္၊ အလုပ္ၾကမ္းဆိုလည္း ဘာတခုမွ မလုပ္ခိုင္းပဲ အလိုလိုက္ထားမိတယ္။ သူ႔ အစ္မႏွစ္ေယာက္ကဆို သူတို႔စားမယ့္ ဝတ္မယ့္ လုပ္အားခပိုက္ဆံကို မစားရက္ မဝတ္ရက္ ဖိုးသားကိုပဲ ေပးကမ္းၾကတယ္။ ဒီေလာက္ အလိုလိုက္ထားတဲ့ၾကားကေန ဒင္းက က်မတို႔နဲ႔ မေပ်ာ္ပိုက္ေတာ့လို႔ အေဝးဆုံးကို ထြက္သြားတာလား မသိပါဘူး အရီးေလးရယ္။ဟစ္အင္အီး "

မျမသြယ္က ေျပာရင္း ငို၏။ ဖိုးသားကို ညေနစာ ထမင္းစားရေအာင္ ေအာ္ေခၚေတာ့ ၊ အခန္းထဲက ထြက္မလာပါတဲ့။ ဒါနဲ႔ အစ္မျဖစ္သူ စႏၵာဝင္းက အေပၚတက္၍ အခန္းတံခါးကို ဖြင့္ေခၚသည့္အခ်ိန္ ၊ ဖိုးသားက ၾကမ္းေပၚမွာ ပက္လက္ႀကီး လဲက်ေနတာ ေတြ႕ရပါသည္တဲ့။ ပါးစပ္က အျမဳပ္တစီစီ ထြက္က်ေနၿပီး ၊ ၾကမ္းျပင္ေပၚမွာ ပိုးသတ္ေဆးပုလင္းက အဖုံးပြင့္လ်က္သား ေတြ႕ရသတဲ့။

စႏၵာဝင္းက အလန္႔တၾကား ေအာ္ေတာ့ တအိမ္သားလုံး အေျပးေရာက္လာၾကသည္။

အဲ့ဒီအခ်ိန္ ဖိုးသားတကိုယ္လုံးက ျပာႏွမ္းေနၿပီ။ အသက္လည္း မရႈေတာ့ဟု ဆိုၾက၏။

" ဘယ္အခ်ိန္က ဆုံးတာလဲ၊ ျမသြယ္။ ညည္းေအ ငါတို႔ကိုေတာ့ အေၾကာင္းၾကားသင့္တာေပါ့ "

ေဒၚျမတင္က ျပစ္တင္ကဲသည့္ေလသံႏွင့္ဆိုေတာ့ ကိုျမင့္ေအာင္က ဝင္ဖါေထးရ၏။

" အေမကလည္း အစ္မျမသြယ္တို႔လည္း သားေဇာကပ္ေနခ်ိန္ေလ။ သူ႔အပူနဲ႔သူ ၊ ဘယ္လို အေၾကာင္းၾကားႏိုင္မွာလဲ ။ စဥ္းစဥ္းစားစားေလးလည္း ေျပာပါအုံး "

မျမသြယ္က ငိုရႈိက္ေနသျဖင့္ ေဒၚျမတင္ အေမးကို မေျဖႏိုင္။ စႏၵာဝင္းကပဲ ဝင္ေျဖ၏။

" က်မ အိမ္ေပၚတက္ေခၚေတာ့ နာရီကို သတိထားမိတယ္ ဖြားေလး ။ ၆နာရီ ၁၀မနစ္ ရွိေနၿပီ။ အငယ္ေကာင္ကို ေနေစာင္းမွ အိပ္ေနသလားလို႔ေတာင္ စိတ္ထဲက အျပစ္တင္ေနမိေသးတယ္။ ခါတိုင္း သူက ဒီအခ်ိန္ အိမ္ကပ္တာမဟုတ္ဘူး ။ ႐ြာထဲ လည္ေကာင္းတုန္းေလ ။ ဒီကေန႔ေတာ့ ေန႔လယ္ ၃နာရီေလာက္ကတည္းက အေပၚတက္သြားတာ။ ျပန္ဆင္းမလာဘူး။ က်မက ခါတိုင္းလို ဖုန္းဂိမ္း ကစားေနတယ္ပဲ ေအာက္ေမ့တာ "

ေဒၚျမတင္ေရာ ကိုျမင့္ေဆာင္ပါ မ်က္လုံးျပဴးသြားၾကသည္။ သားအမိႏွစ္ေယာက္စလုံး ၾကက္သီး ဖ်န္းဖ်န္းထသြားၾကသည္။

ဒီလိုဆိုရင္ သူတို႔အိမ္ကို ညေန ၆နာရီခြဲမွ လာသြားေသာ ဖိုးသားမွာ ေသဆုံးၿပီးေသာ လူတေယာက္၏ ဝိဉာဥ္ ျဖစ္ေနသည္ေပါ့။

ၿပီးေတာ့ သူတို႔ေနာက္က တရွပ္ရွပ္ဟူေသာ ေျခသံပိုင္ရွင္သည္လည္း ဖိုးသား၏ဝိဉာဥ္ ျဖစ္လိမ့္မည္သာ။

ေဒၚျမတင္သည္ သက္ျပင္းခ်ရင္း ...

" သူ႔မွာ ဘာအပူမ်ား ရွိေနလို႔လဲေအ ၊ ညည္းတို႔ကလည္း ကေလးအရိပ္အေျခကို အကဲမခတ္မိၾကဘူးလား "

ေသသူဖိုးသားအထက္က အစ္မျဖစ္တဲ့ သႏၲာဝင္းက ဝင္ေျဖ၏။

" ေမာင္ေလး က ဘာအပူရွိမွာလဲ ဖြားေလးရဲ႕ ၊ တအိမ္လုံးက သူ႔ကို ေ႐ႊေပၚျမတင္ ထားၾကတာလည္း ဖြားေလး အသိသား။ သူလိုတာရွိရင္ အေဖတို႔ အေမတို႔က ဝယ္ေပးေနၾက။ က်မတို႔ကလည္း သူ႔အတြက္ဆို ကိုယ္ကမတတ္ႏိုင္ရင္ေတာင္ အေဖတို႔အေမတို႔ကို ကူၿပီး ပူဆာေပးခဲ့တယ္။ ကိုယ့္ေမာင္ေလး စိတ္ခ်မ္းသာရင္ ၿပီးေရာ မဟုတ္လား "

ဒါလည္း ဟုတ္သည္။ အစ္မျမသြယ္တို႔က အရမ္းခ်မ္းသာတာ မဟုတ္ေပမယ့္ ၊ ေသာင္သာ၏။ လယ္နဲ႔ယာနဲ႔ ၊ ခိုင္းႏြား တရွဥ္းနဲ႔ ။ ၿပီးေတာ့ စႏၵာဝင္းနဲ႔ သႏၲာဝင္းတို႔ ညီအစ္မႏွစ္ေယာက္ကလည္း စက္ခ်ဳပ္ေတာ့ ကိုယ္ပိုင္ဝင္ေငြ ကိုယ္စီရွိၾကသည္။

ကိုျမင့္ေအာင္က သူ႔တူမ သႏၲာဝင္း အေျဖကို ေခါင္းၿငိမ့္ ေထာက္ခံရင္း ...

" ညည္းတို႔ ညီအစ္မႏွစ္ေယာက္ ဖိုးသားကို ခ်စ္တာ ဦးေလး သိၿပီးသားပါ။ အခု ဖိုးသားက ပိုးသတ္ေဆး ေသာက္ေသတယ္ဆိုေတာ့ သူ႔မွာ အေတာ္ကို စိတ္ဆင္းရဲစရာ ကိစၥတခုခု ႀကဳံေနရလို႔ ျဖစ္မွာမဟုတ္လား ။ ငါ့စိတ္အထင္ ... ဖိုးသား ေလာင္းကစားေတြ ဘာေတြမ်ား လုပ္သလားလို႔ပါ "

ကိုျမင့္ေအာင္က ဤသို႔ ေတြးဆေျပာျခင္းမွာ အေၾကာင္းရွိ၏။ တေလာေလးကပင္ ႐ြာေတာင္ပိုင္းက မႏွင္းၿမိဳင္တေယာက္ ႏွလုံးထီေႂကြး နစ္ေန၍ ကိုယ့္ကိုယ္ကို သတ္ေသသြားသည္မဟုတ္လား။ ေလာင္းကစားသည္ မည္သည့္ ထိုးသားကိုမွ် အက်ိဳးမေပး။ ဒိုင္သာ ခ်မ္းသာၿပီးရင္း ခ်မ္းသာေနေတာ့၏။

ဒီတခါ အႀကီးမ စႏၵာဝင္းက ဝင္ေျဖ၏။

" သူ ေဘာလုံးပြဲေတာ့ ေလာင္းတယ္ ဦးေလး၊ ဒါေပမဲ့ အမ်ားႀကီးမဟုတ္ပါဘူး ။ တေထာင္စ ႏွစ္ေထာင္စပါပဲ ။ ေမာင္း႐ိုက္တယ္လို႔ ေျပာတာပဲ။ အလြန္ရႈံး တေသာင္းမ်ိဳး ႏွစ္ေသာင္းမ်ိဳးေပါ့။ အဲ့သေလာက္ေငြအတြက္နဲ႔ေတာ့ ကိုယ့္ကိုယ္ကို သတ္ေသမယ္ မထင္ပါဘူး ဦးေလးရယ္ "

ဒါလည္း ဟုတ္ေနတာပဲ။ ဖိုးသားက အဲ့သေလာက္ေတာ့ မိုက္မည္မထင္။ ဖိုးသားမွာ အက်င့္တခု ရွိသည္။ ဘာမဆို သူ႔အစ္မ အႀကီးမ စႏၵာဝင္းကို ဖြင့္ေျပာတိုင္ပင္ေလ့ရွိျခင္းပင္။

အခုလည္း အခက္အခဲ တစုံတရာ ရွိေနပါက သူ႔အစ္မစႏၵာဝင္းအား တိုင္ပင္လိမ့္မည္ဟု ကိုျမင့္ေအာင္ ေတြးလိုက္မိၿပီး ...

" နင့္ကိုေရာ ဖိုးသားက ဒီရက္ပိုင္းမွာ ဘာမွ ဖြင့္ေျပာတိုင္ပင္တာမ်ိဳး မလုပ္ဘူးလား စႏၵာဝင္း "

စႏၵာဝင္းက မ်က္ႏွာပ်က္သြားသည္။ ၿပီးေတာ့ ညႇိဳးငယ္ေသာ မ်က္ႏွာျဖင့္ ေခါင္းကို ငုံ႔လ်ိဳးသြားရွာ၏။ တခဏအၾကာ တအိအိႏွင့္ ရႈိက္ငိုေနရွာ၏။

ကိုျမင့္ေအာင္က နားမလည္။ ဒါေလး ေမးတာနဲ႔ ဘာျဖစ္တာလဲေပါ့။

အဲ့ဒီမွာ အငယ္မ သႏၲာဝင္းက သူ႔အစ္မကိုယ္စား ဝင္ေျဖလိုက္သည္။

" မမက ဟိုရက္ပိုင္းက ဖိုးသားကို နည္းနည္း ဆူလိုက္မိတယ္ ဦးေလးေရ။ အဲ့ဒါ ဖိုးသားက မမအေပၚ စိတ္ကြက္ၿပီး ဒီကေန႔အထိ စကားမေျပာဘူး ။ ဒီကေန႔ေတာ့ မမက သူ႔ေမာင္ေလးကို စိတ္ေျပေအာင္ေခ်ာ့မယ္ဆိုၿပီး သူ႔အႀကိဳက္ ဝက္ကလီစာဆီျပန္ဟင္း ခ်က္ေပးထားတယ္။ ၿပီးေတာ့ ဖိုးသားသုံးဖို႔ဆိုၿပီး သူ႔လုပ္အားခ ၅ေသာင္းကို အကုန္ေပးမယ္လို႔ က်မကို ေျပာထားတာ။ အခုေတာ့ ... ဦးေလးရယ္ အဟင့္ဟင့္ဟီး "

အႀကီးမ စႏၵာဝင္းေရာ၊ အငယ္မ သႏၲာဝင္းပါ ႐ြာလယ္က ဦးၿဖိဳးစက္ခ်ဳပ္ဆိုင္မွာ စက္ခ်ဳပ္ၾကသည္။

ေဈးထည္မ်ား ခ်ဳပ္ၾကျခင္း ျဖစ္ၿပီး ၊ အထည္စား ရၾက၏။

တထည္ၿပီးလ်င္ တထည္ခ်ဳပ္ခရ၍ တေန႔ကို ညီအစ္မႏွစ္ေယာက္ဆိုလ်င္ အထည္ ၂၀အထိ ၿပီးၾက၏။

ဦးၿဖိဳးက အဖိတ္ေန႔တိုင္း လုပ္အားခ ရွင္းေပး၏။

ဥပုသ္တပတ္ကို ညီအစ္မႏွစ္ေယာက္ေပါင္း လုပ္အားခ တသိန္းေလာက္အထိ ရၾကသည္။

ကိုျမင့္ေအာင္ခမ်ာ တူမ ႏွစ္ေယာက္က ငိုေနေတာ့ ဘာဆက္ေျပာရမည္မသိ။

ႏုတ္ဆိတ္သြားေလ၏။

စႏၵာဝင္းသည္ သူ႔ေမာင္ ဖိုးသားကို အရမ္းခ်စ္ရွာ၏။

ဖိုးသားသည္ ယခုအခ်ိန္အထိ သူဝတ္သည့္ အဝတ္အစားကို မေလ်ာ္ရေခ်။

စႏၵာဝင္းကသာ ဒိုင္ခံ ေလွ်ာ္ဖြတ္ မီးပူတိုက္ေပး၏။ စႏၵာဝင္းသည္ အသက္ ၂၃ႏွစ္ခန္႔ ရွိမည္ျဖစ္ၿပီး၊ အပ်ိဳျဖစ္တဲ့ သူမအတြက္ထက္ သူ႔ေမာင္ေလးအတြက္သာ အၿမဲဦးစားေပးတတ္သူ ျဖစ္သည္။

ဒီလို အရမ္းေကာင္းတဲ့ အစ္မက ဆူ႐ုံေလာက္နဲ႔ေတာ့ ဖိုးသားက သတ္ေသသည္မွာလည္း မျဖစ္ႏိုင္။

ဒီေကာင္ေလး ဘာေၾကာင့္သတ္ေသရတာလဲဆိုတာ ကိုျမင့္ေအာင္အတြက္ ေခါင္းစားစရာ ပေဟဠိျဖစ္လို႔ေနေတာ့သည္။

ငိုရႈိက္ေနဆဲ ျဖစ္တဲ့ တူမ စႏၵာဝင္းကို ေျဖသိမ့္စကားေျပာေပးလိုက္ရေတာ့သည္။

" ေအးေလ ... သူ႔ကုသိုလ္ကံက ဒီေလာက္ပဲ ပါလာေတာ့ ကံကုန္လို႔သာ မွတ္ၾက႐ုံေပါ့။ နင္တို႔လည္း တတ္ႏိုင္သမွ် ခ်စ္ခဲ့ အလိုလိုက္ခဲ့ၾကၿပီးၿပီပဲ။ နင္တို႔ ေမာင္တေယာက္အေပၚ အစ္မတာဝန္ထက္မက အေမတေယာက္လိုေတာင္ ေက်ၾကပါတယ္ကြယ္။ဒီေတာ့ ဦးေလး ေျပာခ်င္တာက ငိုစရာရွိတာ ငို။ မငိုနဲ႔လို႔ ဦးေလး မတားပါဘူး။ ဒါေပမဲ့ ေသသူရဲ႕ ဝိဉာဥ္ စိတ္ဆင္းရဲေအာင္အထိေတာ့ မေနၾကနဲ႔ေပါ့ ။ သူ႔ခမ်ာ နင္တို႔ကို ၾကည့္ၿပီး ၊ အယူလြဲသြားရင္ အခက္ "

စႏၵာဝင္းသည္ ကိုျမင့္ေအာင္ စကားဆုံးသြားသည့္အခါ ေခါင္းေမာ့လာ၏။

ငိုရလြန္း၍ မ်က္လုံးမ်ားက နီရဲၿပီး၊ မ်က္ခြံေတြက မို႔အစ္ေနၾက၏။

စႏၵာဝင္းက အံကိုႀကိတ္၍ ေျဖလိုက္သည္။

" က်မေၾကာင့္ ေမာင္ေလး ... အယူမလြဲေစရပါဘူး ဦးေလးရယ္။ က်မ ဝမ္းနည္းလို႔ ဟစ္ေအာ္ၿပီး ငိုခ်င္ေတာင္ ၿမိဳသိပ္ထားပါ့မယ္ရွင္ "

စႏၵာဝင္းသည္ ထိုသို႔ေျပာၿပီး၊ သူ႔ေမာင္ ဖိုးသား၏ အေလာင္း ျပင္ထားရာသို႔ တေ႐ြ႕ေ႐ြ႕ ထြက္သြားရွာ၏။

အပူသည္မေလး တူမေခ်ာ စႏၵာဝင္းကို လိုက္ၾကည့္ေနမိရာမွ အေလာင္းစင္အနီးက ပုဆိုးကို ေခါင္းၿမီးၿခဳံထားေသာ အမ်ိဳးသမီးတဦးကို ကိုျမင့္ေအာင္ သတိထားမိသြားသည္။

ထိုအမ်ိဳးသမီးႏွင့္အေဖၚပါလာေသာ မိန္းမတဦးက စႏၵာဝင္း အေလာင္းစင္အနီး လွမ္းလာသည္ကို ျမင္လိုက္သည္ႏွင့္ ပုဆိုးၿခဳံထားသူအား တီးတိုးစကား ကပ္ေျပာလိုက္သည္။

ထိုအခါ ပုဆိုးၿခဳံထားေသာမိန္းမသည္ လူၾကားထဲတိုးဝင္၍ ၿခံဝိုင္းအျပင္သို႔ ထြက္သြားေလ၏။

ကိုျမင့္ေအာင္ စိတ္ထဲ ဘဝင္မက်ခ်င္လွေပ။

ထို႔ေၾကာင့္ ဘယ္သူ႔မွ မေျပာပဲ ထိုမိန္းမေနာက္သို႔ ေနာက္ေယာင္ခံလိုက္ရန္ ဆုံးျဖတ္လိုက္သည္။

အေမ့ကိုေတာ့ တေယာက္ေယာက္က အိမ္ျပန္လိုက္ပို႔မွာပဲဟုေတြးကာ သူလည္း ၿခံအျပင္သို႔ ထြက္လာခဲ့ေလ၏။

__________

အခန္း၄။

ပုဆိုးကို ေခါင္းၿမီးၿခဳံထားေသာ မိန္းမသည္ ႐ြာလယ္လမ္းအတိုင္း သြားေန၏။

ကိုျမင့္ေအာင္သည္ ထိုမိန္းမေနာက္ကေန မေယာင္မလည္ လိုက္လာခဲ့သည္။

႐ြာလယ္ ဓမၼာ႐ုံေရာက္ခါနီးတြင္ ၊ အႏွီမိန္းမသည္ ေနာက္သို႔ လည္ျပန္ၾကည့္ေလ၏။ ေမွာင္က ေမွာင္၊ ေခါင္းကို ပုဆိုးၿခဳံထားသည္ ျဖစ္ရာ ၊ တ႐ြာတည္းသား ျဖစ္ေပမယ့္ ထိုမိန္းမကို ကိုျမင့္ေအာင္ မသိႏိုင္ ျဖစ္ေန၏။

အႏွီမိန္းမသည္ ကိုျမင့္ေအာင္ကို ျမင္သည္ႏွင့္ ေျခလွမ္းတို႔ကို ေႏွးခ်ပစ္လိုက္သည္။

သေဘာက ကိုျမင့္ေအာင္အား ေက်ာ္သြားေစခ်င္၍ ျဖစ္မည္။ ထိုမိန္းမ၏ သေဘာကို ေစာေၾကာမိေလတဲ့ ကိုျမင့္ေအာင္က သူ၏ေျခလွမ္းကိုပါ ေႏွးပစ္လိုက္၏။

ဤသို႔ျဖင့္ ထိုမိန္းမေရာ ကိုျမင္ေအာင္ပါ ႐ြာလယ္ ဓမၼာ႐ုံအနီးသို႔ ေရာက္လာၾက၏။

ထိုအခါမွ ကိုျမင့္ေအာင္၏ ေျခလွမ္းတို႔သည္ သြက္လက္စြာ လွမ္းလိုက္ေလေတာ့သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ႐ြာလယ္ဓမၼာ႐ုံေရွ႕က မီးတိုင္က လင္းေနသည္မို႔ပင္။ မနက္ျဖန္ ဥပုသ္ေန႔ဆိုေတာ့ သီလပြဲ ရွိဟန္တူ၏။ ဓမၼာ႐ုံထဲတြင္ ႐ြာသား ၃ေယာက္ခန္႔ သန္႔ရွင္းေရး လုပ္ေနၾကသည္။

ကိုျမင့္ေအာင္ အႀကံက ၊ ထိုမီးအလင္းေရာင္ႏွင့္ဆိုလ်င္ မိန္းကေလး၏ မ်က္ႏွာကို ေကာင္းစြာ ျမင္ရမည္ဟု သေဘာပိုက္မိေသာေၾကာင့္ျဖစ္သည္။

သို႔ေသာ္ ဓမၼာ႐ုံ ေရာက္ခါနီးမွ ကိုျမင့္ေအာင္ ႐ုတ္တရက္ႀကီး အေနာက္ကေန ေဆာင့္တြန္းခံရသလို ခံစားလိုက္ရၿပီး ၊ ေရွ႕သို႔ ဟပ္ထိုး လဲက်သြားေလ၏။

" ဒုတ္ ! အြန္႔ "

" အံမယ္ေလးဗ် ... "

ကိုျမင့္ေအာင္ထံမွ ေအာ္သံျဖစ္သည္။ ႐ုတ္တရက္ဆိုေတာ့ ကိုျမင့္ေအာင္၏ ထိတ္လန္႔ၿပီး ေအာ္သံက က်ယ္သြားဟန္တူ၏။

ေအာ္သံေၾကာင့္ မိန္းကေလးသည္ ေနာက္သို႔ လွည့္ၾကည့္သလို ၊ ဓမၼာ႐ုံထဲက လူငယ္တေယာက္ကလည္း အျပင္သို႔ ထြက္ၾကည့္ေလ၏။

" ဟ ဦးေလးျမင့္ေအာင္ႀကီး ၊ ဘာေတြ႕လို႔ အတင္း ေျမႀကီးေပၚ လွဲခ် ေကာက္ေနတာတုန္း။ ၅ေထာင္တန္ ေတြ႕လို႔လားဗ် ဟီးဟီး "

ကိုျမင့္ေအာင္ အေတာ္နဲ႔ မထႏိုင္။ သူ႔ေက်ာမေပၚကို တစုံတေယာက္က ဖိထားသလို ျဖစ္ေန၏။

ထိုအခါမွ ဓမၼာ႐ုံေရွ႕က လူငယ္သည္ ကိုျမင့္ေအာင္ထံ အေျပး လာထူမ ေပးေလ၏။

" ေအာ္ မႀကီးမငယ္နဲ႔ ၊ တယ္လည္း ေဆာ့သကိုး။ ထ ထ က်ဳပ္ကို အားျပဳၿပီးထ "

လူငယ္မွာ ကိုျမင့္ေအာင္ႏွင့္ ရင္းနီးသူ ျဖစ္၏။ ကိုကံျမင့္ လၻက္ရည္ဆိုင္မွာ ကိုျမင့္ေအာင္နဲ႔ ခ်က္အတူ ထိုးဘက္ ဝင္းေဆာင္ ဆိုသူ ျဖစ္၏။

ထို႔ေၾကာင့္ အသက္အ႐ြယ္ခ်င္းကြာေပမယ့္ ေျပာမနာဆိုမနာေတြ ၊ ေနာက္ေျပာင္ဘက္ေတြ ျဖစ္ၾကသည္။

ဒူးအနည္းငယ္နာသြား၍ ကိုျမင့္ေအာင္ ၿငီးျငဴလိုက္မိသည္။

" အား ကြၽတ္ ကြၽတ္ ၊ နာတာကြာ ။ ငါ အရွိန္နဲ႔ကို လဲက်သြားတာဟ ။ လူကို ေနာက္ကေန ေဆာင့္တြန္းခံလိုက္ရတဲ့အတိုင္းပဲ ဝင္းေဆာင္ေရ "

ဝင္းေဆာင္က ကိုျမင့္ေအာင္အား ကူတြဲေပးရင္း ဓမၼာ႐ုံထဲ ေခၚလာေပးသည္။

ကိုျမင့္ေအာင္ ပုဆိုးၿခဳံမိန္းကေလးအား ရွာၾကည့္ေပမယ့္ မေတြ႕ေတာ့ေပ။

တိုက္ဆိုင္သည္လား မဆိုတတ္။ ကိုျမင့္ေအာင္ ဓမၼာ႐ုံထဲ အေရာက္၊ ႐ြာလယ္လမ္းက ေခြးမ်ားက ထိုးအူၾကေလသည္။

" ဝူ အု အူး ... "

" အု အူး အူး ... "

ဝင္းေဆာင္ေတာ့မသိ။

ကိုျမင့္ေအာင္က ခုနက အျဖစ္အပ်က္​ႏွင့္ ဆက္စပ္ေတြးမိကာ ၾကက္သီးဖ်န္းဖ်န္း ထသြားေလ၏။

ေခြးအူသံ အရွည္ႀကီးက ဆြဲဆြဲငင္ငင္ရွိလွသည္။

" ဦးေလး ... ဖိုးသားနာေရးက ျပန္လာတာလား ။ ဒီေကာင္ မိုက္တာဗ်ာေနာ္။ အသက္ကေလးျဖင့္ ငယ္ငယ္ရွိေသး ။ ႏွေျမာစရာပါဗ်ာ "

" ေအး ဟုတ္တယ္ ... ဝင္းေဆာင္။ ငါ နာေရးအိမ္က ျပန္လာတာကြ ။ ဘယ့္ႏွယ္ ျဖစ္တယ္ မသိပါဘူးကြာ ။ ဒီအနား ေရာက္မွ ငါ့ကို တေယာက္ေယာက္က ေဆာင့္တြန္းလိုက္သလို ျဖစ္သြားၿပီး ဟပ္ထိုး လဲက်သြားတာကြ ။ ဒါနဲ႔ ေနပါအုံး ။ မင္း ခုနက ငါ့ေရွ႕က သြားေနတဲ့ မိန္းကေလးကို ျမင္လိုက္လား ဝင္းေဆာင္ "

ဝင္းေဆာင္က ေခါင္းကို ၿငိမ့္ျပၿပီး ...

" မျမင္ဘဲလား ၊ ျမင္တာေပါ့ ဦးေလးရ ။ အစ္မ ၾကင္ၾကင္ေထြးပဲဟာ ။ အင္း သူလည္း ဖိုးသားနာေရးက ျပန္လာပုံရတယ္။ မ်က္လုံးေတြလည္း မို႔အစ္လို႔ ... ငိုထားတယ္နဲ႔ တူပါရဲ႕ ။ သူ႔ခမ်ာလည္း သနားစရာ "

" ၾကင္ၾကင္ေထြး ၊ ဟို ကိုဖိုးေထြး မဝင္းမာတို႔ရဲ႕ သမီး ၾကင္ၾကင္ေထြးလား "

" ဟုတ္တယ္ေလ ။ ဦးေလး တူမေတြနဲ႔ စက္အတူတူ ခ်ဳပ္ၾကတဲ့ အစ္မၾကင္ၾကင္ေထြး"

" ေနပါအုံး ... ခုနက မင္းေျပာတာ ငါ နားမရွင္းဘူး ဝင္းေဆာင္ရ ။ ၾကင္ၾကင္ေထြးက ငါတူ ေသတာကို ဘာလို႔ ငိုရတာလဲ ၊ မင္ကေရာ ဘာကို သနားတာလဲ "

" ဟာ ငိုပါတယ္ဆိုမွေတာ့ အစ္မၾကင္ၾကင္ေထြးက ဖိုးသားကို ခ်စ္လို႔ေပါ့ ဦးေလးရ။ သူတို႔က ခ်စ္သူေတြေလဗ်ာ"

" ေဟ ဟုတ္ရဲ႕လားကြာ။ ၾကင္ၾကင္ေထြးက ဖိုးသားထက္ အပုံႀကီး ႀကီးတယ္မို႔လား ။ စႏၵာဝင္းနဲ႔မွ ႐ြယ္တူ ထင္တယ္ "

" အဲ့တာေျပာတာေပါ့ ။ ဦးေလးတို႔ လူပ်ိဳႀကီးေတြက ေနရာတကာ တသမတ္တည္း ေအာက္ေမ့ေနၾကတယ္။ အသက္ႀကီးေတာ့ေရာ မခ်စ္ရဘူးတဲ့လား ။ ခင္မ်ားတူ ဖိုးသားကိုက မမၾကင္ မမၾကင္နဲ႔ တၾကင္တည္း ၾကင္ေနတာ။
အခ်စ္ဦးဆိုေတာ့ အ႐ူးအမူး ျဖစ္ဟန္တူရဲ႕ "

" ေအးပါကြာ ၊ ငါ မွားပါတယ္။ ကဲပါ ဒါနဲ႔ ဖိုးသားနဲ႔ ၾကင္ၾကင္ေထြးတို႔ ခ်စ္သူျဖစ္တာ စႏၵာဝင္းတို႔က မသိၾကဘူးလား။ ဘာမွ မေျပာၾကဘူးလား။ သူတို႔က သေဘာတူပါ့မလားကြ "

" က်ဳပ္လည္း ဂဃနဏေတာ့ တယ္မသိလွဘူး ဦးေလးေရ။က်ဳပ္ သိသေလာက္ ေျပာရမယ္ဆိုရင္ ... ဖိုးသားက သူ႔အစ္မေတြ စက္ခ်ဳပ္ဆိုင္ကို မၾကာခဏ သြားၿပီး မုန္႔ဘိုးေတာင္းတတ္တယ္ေလ။

အဲ့ဒီမွာ အစ္မၾကင္ၾကင္ေထြးကို ေတြ႕ၿပီး ၊ ႀကိဳက္ေရာ ဆိုပါစို႔ ။ အစ္မ ၾကင္ၾကင္ေထြးကလည္း ဖိုးသားကို ျပန္ႀကိဳက္တယ္ဆိုလားပဲ ။

ဒါေပမဲ့ ဦးေလးသိတဲ့အတိုင္းပဲ ဖိုးသားအစ္မ အပ်ိဳႀကီး၂ေယာက္က သူတို႔ေမာင္ ဖိုးသားနဲ႔ ပတ္သက္လာရင္ ကဲကဲဆတ္ေတြ ။

သူ႔ေမာင္က ကေလးပဲ ရွိေသးတာကို အစ္မၾကင္ၾကင္ေထြးက ျမဴဆြယ္ၿပီး ဖ်က္ဆီးတယ္လို႔ စြပ္စြဲၾကတယ္ဆိုလား ။

အရင္က အစ္မ ၾကင္ၾကင္ေထြးနဲ႔ အစ္မ စႏၵာဝင္းတို႔ အစ္မသႏၲာဝင္းတို႔က သူငယ္ခ်င္းေတြဗ် ။

အဲ့ဒီကိစၥနဲ႔ သူတို႔အခ်င္းခ်င္း ျပသနာတက္ၾကၿပီး ၊ မေခၚႏိုင္ မေျပာႏိုင္ ျဖစ္ကုန္ၾကတာေလ။

အစ္မစႏၵာဝင္းက စကားနဲ႔ ရန္ေတြ႕႐ုံမကဘူး လက္ေတာင္ပါတယ္လို႔ ေျပာၾကတယ္။

ဦးေလးတူ ဖိုးသားက ခ်စ္သူနဲ႔ အစ္မၾကား အေတာ္ေလး စိတ္ရႈပ္ေနရွာတာ။

အစ္မ ၾကင္ၾကင္ေထြးက မစႏၵာဝင္းတို႔ေၾကာင့္ အဆက္ျဖတ္ၾကရေအာင္လို႔ ေျပာသတဲ့။

က်ဳပ္နဲ႔ ေတြ႕တုန္းကဆို ဖိုးသားက ' ငါ ေသသာေသလိုက္ခ်င္တယ္ ဝင္းေဆာင္ရာ ' လို႔ေတာင္ ၿငီးျငဴေနေသးတယ္။

က်ဳပ္က ဒီေကာင္ အခုလို တကယ္ လုပ္မယ္ ထင္ကို မထားခဲ့တာ။

တျဖည္းျဖည္းေတာ့ ေျပလည္သြားလိမ့္မယ္ပဲ ထင္ထားခဲ့တာ။

အခုေတာ့ က်ဳပ္သူငယ္ခ်င္းခမ်ာ တကယ္ သနားစရာပါဗ်ာ ... "

ကိုျမင့္ေအာင္ အားလုံးကို ဇာတ္ရည္လည္သြားၿပီ။

အခု ဖိုးသား သူ႔ကိုယ္သူ သတ္ေသရသည့္ အေၾကာင္းတရားမွာ အစ္မႀကီးစႏၵာဝင္းႏွင့္ ခ်စ္သူ ၾကင္ၾကင္ေထြးတို႔ အၾကားက ပဋိပကၡေၾကာင့္ ျဖစ္လိမ့္မည္။

စႏၵာဝင္းသည္ သူေမးစဥ္က မ်က္ႏွာပ်က္သြားသည္မွာ ဒါေၾကာင့္ ျဖစ္မည္။

ေနာက္တခုက စႏၵာဝင္းသည္ တခုခုကို ထိန္ခ်န္ထားတာ ရွိလိမ့္မည္။

ဖိုးသားႏွင့္ ၾကင္ၾကင္ေထြးအၾကားတြင္ စႏၵာဝင္းသည္ မည္သို႔ ခေလာက္ဆန္ထားသည္ မသိ။

ၾကင္ၾကင္ေထြးကို ပါး႐ိုက္သည္အထိ ရန္ေတြ႕ခဲ့သည္ဆိုေတာ့ စႏၵာဝင္းသည္
ဖိုးသားကိုေရာ မည္သို႔မည္ပုံ ဆူပူမာန္မဲခဲ့သနည္း။

အခ်စ္ႀကီးေတာ့ အမ်က္ႀကီးရွာသည္လားမသိ။

စႏၵာဝင္းအေၾကာင္းေတြးမိေတာ့ ၊ သူ႔အား ခုနက ေနာက္ေက်ာကို ေဆာင့္တြန္းခဲ့သူမွာ ဖိုးသား၏ဝိဉာဥ္သာ ျဖစ္မည္ဟု တထစ္ခ် ေတြးႏိုင္ေလ၏။

ဘာေၾကာင့္လဲဆိုေတာ့ ဖိုးသားသည္ ဝိဉာဥ္ဘဝနဲ႔ေတာင္ သူ႔ခ်စ္သူကို ကာကြယ္လိုျခင္းေၾကာင့္ ျဖစ္လိမ့္မည္။

ကိုျမင့္ေအာင္သည္ဝင္းေဆာင္ကို ႏုတ္ဆက္၍ ဓမၼာ႐ုံမွ ထြက္လာခဲ့သည္။

အိမ္အျပန္ လမ္း၌ ခပ္တိုးတိုးေလး ေရ႐ြတ္လိုက္မိသည္။

" ဦးေလးက မင္းခ်စ္သူကို ဆူမလို႔ေငါက္မလို႔ လိုက္သြားတာ မဟုတ္ပါဘူးကြာ ။ မင္းတို႔ကို ကူညီခ်င္လို႔ပါ ငါ့တူရာ ..."

ေလတိုးသံလား ၊ သစ္႐ြက္ေျခာက္ ေႂကြသံလားမသိ။

သို႔တည္းမဟုတ္ ရွပ္တိုက္ေနေသာ ဖိနပ္သံလိုလို ဘာလိုလို အသံေလးကေတာ့ သူ႔ေနာက္ကေန ကပ္ပါေနဆဲပင္။

________

အခန္း၅။

ဖိုးသားအေလာင္း ေျမက်သည့္ ညေနေစာင္း၌ အစ္မငယ္ျဖစ္သူ သႏၲာဝင္းအား ဖိုးသားရဲ႕ ဝိဉာဥ္က ဝင္ပူးကပ္သည္။

ေန႔တနာရီက ဖိုးသားကိုဟသၿဂႋဳလ္သည္။

ညေန ၄နာခြဲေလာက္တြင္ အိမ္ေရွ႕က ခုံတန္းမွာ သႏၲာဝင္းသည္ အစ္မစႏၵာဝင္းနဲ႔အတူ ထိုင္ေနစဥ္ ႐ုတ္တရက္ ဇက္ႀကိဳးက်သလို ေခါင္းက ငုံ႔က်သြား၏။

တခဏေန ေခါင္းကို ျပန္ေမာ့လာၿပီး တဟင္းဟင္းႏွင့္ ငွက္ဖ်ားတက္သူပမာ ၿငီးျငဴေလ၏။

သႏၲာဝင္း၏ တကိုယ္လုံးကလည္း တုန္ခါေန၏။ လက္သီးႏွစ္ဘက္ကို က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ထားၿပီး သူ႔ေပါင္ကို သူ တဖတ္ဖတ္နဲ႔ ထုေန၏။

အတူထိုင္ေနေသာ စႏၵာဝင္းခမ်ာ ထိတ္လန္႔လာသည္ျဖစ္ရာ ၊ မိဘႏွစ္ပါးကို ဟစ္ေအာ္ အကူအညီေတာင္းရေလ၏။

" အေမ! အေမ! လာပါအုံး။ ဒီမွာ သႏၲာဝင္း ဘာျဖစ္တယ္ မသိဘူး "

နာေရး လာကူသူအခ်္ု႕လည္း ရွိေနရာ ၊ စႏၵာဝင္း၏ ေအာ္သံေၾကာင့္ စုၿပဳံေရာက္လာၾက၏။

ေဒၚျမသြယ္က သူ႔သမီး အနီးတိုးကပ္ထိုင္လိုက္ၿပီး ...

" ဟဲ့ သမီး သႏၲာဝင္း ၊ သတိကပ္အုံးေလ ။ ငါ့သမီး ဘာျဖစ္တာလဲ ။ အေမ့ကို ေျပာ အေမ့ကိုေျပာ ... "

သႏၲာဝင္း၏ ထု႐ိုက္ေနတဲ့ လက္ကို ေဒၚျမသြယ္က အသာဖမ္းဆုပ္လိုက္၏။ ဒါေပမဲ့ သႏၲာဝင္းက လက္ကို အကိုင္မခံဘူး။ ႐ုန္းထြက္လိုက္ၿပီး သူထိုင္ေနတဲ့ ခုံတန္းအေရွ႕က ေလးေထာင့္စားပြဲခုံကို တဒုန္းဒုန္းနဲ႔ ထု႐ိုက္ရင္း ၊ စႏၵာဝင္းအား စူးစူးစားစားႀကီး ၾကည့္ၿပီးသကာလ ၊

" အေမ့ သမီးကို ေျပာထား၊ ဒီတခါ က်ဳပ္ခ်စ္သူကို ထပ္ေစာ္ကားရင္ ... က်ဳပ္ သည္းမခံေတာ့ဘူးလို႔ "

အံမယ္ေလး ! ဖိုးသား

ေဒၚျမသြယ္ ပါးစပ္ကေန အံမယ္ေလး တလိုက္မိသည္။ မတပဲလား။ သႏၲာဝင္းပါးစပ္က ထြက္လာတဲ့ ေလသံက ေသသြားတဲ့ ဖိုးသားအသံႀကီးေလ။

ေဘးနားက စႏၵာဝင္းဆို ၊ သႏၲာဝင္းကို ၾကည့္ၿပီး အံဩထိတ္လန္႔သြားပုံပဲ။ မ်က္လုံး ျပဴးလို႔။ လူကလည္း ကတုန္ကရင္ ျဖစ္လို႔ ။ ေျခမကိုင္မိ လက္မကိုင္မိနဲ႔ ။ သူ႔အေမကို အကူအညီေတာင္းသလို လွမ္းၾကည့္ေနသည္။

" အေမ့သမီးက က်ဳပ္ကို ေသေစခ်င္တယ္ဆိုလို႔ က်ဳပ္ ေသေပးၿပီးၿပီး ၊ ဒါေတာင္ မေက်နပ္ႏိုင္ေသးဘူးလား ၊ ေမးၾကည့္စမ္းပါ "

ေဒၚျမသြယ္ ရင္ဘတ္ကို လက္ျဖင့္ဖိ၍ ဘုရားေရဟု အာေမဋိတ္သံ ျပဳလိုက္မိသည္။ ေဒၚျမသြယ္က စႏၵာဝင္းအား လွမ္းၾကည့္ေတာ့ ၊ စႏၵာဝင္းက ေခါင္းတခါခါနဲ႔

" မဟုတ္ဘူး ... မဟုတ္ဘူး အေမ။ သမီး ေျပာတာ အဲ့သလို မဟုတ္ပါဘူး အေမရယ္ "

ထိုအခါ ဖိုးသားဝင္ပူးေနတဲ့ သႏၲာဝင္းက ...

" ဘာမဟုတ္တာလဲ ၊ မမႀကီးပဲ အဲ့ဒီတုန္းက က်ေနာ့္ကို ဒီမိန္းမနဲ႔ နင္ မျပတ္ႏိုင္ရင္ ၊ ငါပဲ အေသခံရမလား ၊ နင္ပဲ အေသခံမလားဆို ။ က်ေနာ္ ေသာက္တဲ့ ပိုးသတ္ေဆးက မမႀကီး ... မမႀကီး ...ဝယ္လာခဲ့တာေလ ..."

" ေအာင္မယ္ေလး ညည္း မိုက္လွေခ်လား မိစႏၵာရဲ႕ ။ နင္ နင္ ငါ့သားကို သတ္လိုက္တာပါလား ။ နင့္မွာ ဘယ္လို ႏွလုံးသားမ်ိဳးရွိလို႔ ငါ့သားအေပၚ ရက္စက္ရတာလဲ မိန္းမရဲ႕ ။ အဲ့ဒါ နင့္ေမာင္အရင္း မဟုတ္လို႔လား ေကာင္မရဲ႕ "

စႏၵာဝင္းသည္ ေခါင္းတခါခါ လက္တခါခါႏွင့္ ျငင္းေလသည္။

" မဟုတ္ဘူး အေမ ။ က်မ အဲ့သလို မရည္႐ြယ္ခဲ့ပါဘူး။
ပိုးသတ္ေဆးဘူး ဝယ္တာက သူ႔အတြက္ မဟုတ္ဘူး ၊ က်မအတြက္ အေမရဲ႕ ။ က်မ အတြက္ပါရွင္ ။ ဘုရားစူးပါေစရဲ႕ က်မက က်မရဲ႕အသည္းေပါက္မတတ္ခ်စ္ရတဲ့ ဒီေမာင္ေလးကို ပိုးသတ္ေဆးေကြၽး တိုက္ပါ့မလား ။ စဥ္းစားပါအုံး ဟီးဟင့္ဟင့္ "

စႏၵာဝင္းက ျဖစ္ေၾကာင္းကုန္စင္ကို လူအမ်ားေရွ႕မွာပဲ ရွင္းျပေတာ့ေလ၏။

စႏၵာဝင္းနဲ႔ ၾကင္ၾကင္ေထြးက သူငယ္ခ်င္းေတြ ျဖစ္ၾက၏။ အလုပ္လုပ္ေတာ့လည္း ဦးၿဖိဳးစက္ခ်ဳပ္ဆိုင္မွာ အတူတူ လုပ္ၾကသည္။

ေျပာမနာဆိုမနာ သူငယ္ခ်င္းေတြဆိုေတာ့ စစေနာက္ေနာက္လည္း ရွိၾကသည္ေပါ့။

ၾကင္ၾကင္ေထြးက စႏၵာဝင္းကို ေယာင္းမဟု ေခၚတတ္သည္။ ၾကင္ၾကင္ေထြးမွာ အစ္ကိုႏွစ္ေယာက္ရွိ၏။ အစကေတာ့ ၾကင္ၾကင္ေထြး ေခၚသည့္ ေယာင္းမဆိုသည့္အဓိပၸါယ္က အစ္ကို႔မယားဟူ၏။

ၾကင္ၾကင္ေထြး စႏၵာဝင္းတို႔ အိမ္ လိုက္လည္စဥ္က ဖိုးသားမွာ ၁၃ႏွစ္ ၁၄ႏွစ္သားအ႐ြယ္။ ၇တန္း ၈တန္း ေက်ာင္းသားအ႐ြယ္ ျဖစ္၏။
ထိုစဥ္က ၾကင္ၾကင္ေထြးသည္ ဖိုးသားအေပၚ ေမာင္ငယ္တေယာက္လိုသာ သေဘာထားခဲ့သည္။

ေနာက္ ဖိုးသားက သက္၁၇ႏွစ္။ ဆယ္တန္းကို တႏွစ္က်ၿပီး ၊ ေယာင္လည္လည္ ျဖစ္ေနစဥ္
ကာလမ်ားတြင္ အစ္မျဖစ္သူ အလုပ္လုပ္သည့္ စက္ခ်ဳပ္ဆိုင္သို႔ မၾကာခဏ မုန္႔ဘိုးေတာင္းရင္း အလည္ေရာက္လာတတ္၏။

တခါတရံ ဖိုးသား ၏ အစ္မႏွစ္ေယာက္စလုံးက ဆိုင္ရွင္ ဦးၿဖိဳးနဲ႔အတူ ၊ မႏၲေလး ေဈးခ်ိဳသို႔ အထည္အပ္ လိုက္ပါသြားသည့္အခါ ၊မုန္႔ဘိုးလာေတာင္းေသာ ဖိုးသားအား မၾကင္ၾကင္ေထြးက ဧည့္ခံစကားစျမည္ ေျပာေပးေလ့ရွိသည္။

မၾကင္ၾကင္ေထြးသည္ ေတာအလွ ေတာသဘာဝအတိုင္း၊ က်စ္လ်စ္ေသာ ကိုယ္လုံးႏွင့္ မျပဳမျပင္ပဲ ေခ်ာေမာလွပ ေလ၏။ လူပ်ိဳေဖာ္ဝင္ကာစ ဖိုးသားသည္ ထိုအလွ၌ နစ္ေျမာေတာ့ေလ၏။

မၾကင္ၾကင္ေထြးကေတာ့ ေမာင္ႏွမလို စိတ္ထဲ ထားေပမယ့္၊ ဖိုးသားစိတ္ကေတာ့ ဆန္းျပားခ်င္ေနၿပီ။

ဖိုးသားက ၁၇ႏွစ္။ မၾကင္ၾကင္ေထြးက ၂၃ႏွစ္ ။ အသက္အားျဖင့္ ၆ႏွစ္ ကြာျခားေလ၏။

မၾကင္ၾကင္ေထြးသည္ ဖိုးသားဘက္က အေရာင္ေျပာင္းလာေသာ ခင္မင္မႈကို သတိထားမိလာတဲ့အခါ ၊ ခပ္ေရွာင္ေရွာင္ ေနခဲ့ပါေသး၏။

ဒါေပမဲ့ ေရွာင္သူက ေရွာင္ေပမယ့္ ၊ လူငယ္ျဖစ္သည့္ ဖိုးသားက အတင္းတိုးဝင္ တြယ္ကပ္လာသည့္အခါ ... မၾကင္ၾကင္ေထြးအေနျဖင့္ ဖိုးသားအေပၚ ဂ႐ုဏာသက္လာမိေတာ့သည္။

ခ်စ္ျခင္းအစ သနားျခင္းက စသည္မဟုတ္လား။

အဲ့ဒီေတာ့ ၿပီးသြားတဲ့ သၾကၤန္ အၾကတ္ေန႔မွာ မၾကင္ၾကင္ေထြးနဲ႔ ဖိုးသားတို႔ အတိအလင္း ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကသည္။

ၾကင္ၾကင္ေထြးခမ်ာ ေရလည္း အေလာင္းခံရေသး၊ အေျဖလည္း ေပးရေသးသည့္အျပင္၊ ဖိုးသား၏ အတင္းဖက္ရမ္းနမ္းရႈံ႕ျခင္းကိုပါ ရင္ခုန္စြာ ခံခဲ့ရေလ၏။

ၾကင္ၾကင္ေထြးအေနနဲ႔ ဖိုးသားကို တိုးတိုးတိတ္တိတ္သာ ခ်စ္ၾကဖို႔ ေျပာေပမယ့္၊ ဇြတ္တ႐ြတ္မင္းသားေလးက စက္ခ်ဳပ္ဆိုင္ကိုလည္း မၾကာခဏ လာလည္သလို၊ ညေနေစာင္းလ်င္လည္း အိမ္ကို အလည္လာတတ္၏။

ၾကာေတာ့ အစ္မျဖစ္သူ စႏၵာဝင္းက ရိပ္မိသြားသည္။

စႏၵာဝင္းဆိုတာက သူ႔ေမာင္ ဖိုးသားကို အခုထိ ကေလးတေယာက္လို ခ်စ္လို႔ မဝေသးတဲ့သူေလ။

ၾကားၾကားခ်င္းပဲ ၾကင္ၾကင္ေထြးအား သြားေမးၿပီး ရန္ေထာင္၏။

ၾကင္ၾကင္ေထြးက ပထမေတာ့ သူငယ္ခ်င္းေတြပဲဆိုၿပီး အေလ်ာ့ေပးပါ၏။

ဒါေပမဲ့ စႏၵာဝင္းေရာ သႏၲာဝင္းကပါ သူမ၏ မိဘေတြပါ ေစာ္ကားလာသျဖင့္ ျပန္ေျပာမိသည္။

ထိုအခါ တဖက္နဲ႔တဖက္ တင္းမာလာၿပီး ၊ ရန္ပြဲအသြင္ေဆာင္လာ၏။

စႏၵာဝင္းက ၾကင္ၾကင္ေထြးကို ေဒါသျဖင့္ ပါး႐ိုက္သည္။ မၾကင္ၾကင္ေထြးက ျပန္မလုပ္ပါ။

ဒါကို စႏၵာဝင္းတို႔ ညီအစ္မက ေရာင့္တက္လာၿပီး ထပ္႐ိုက္ရန္ ႀကိဳးစားလာသည့္အခါ ၾကင္ၾကင္ေထြးက စက္ခုံေပၚက ကတ္ေၾကးကို ယူ၍ ႐ိုက္ရဲ ႐ိုက္ၾကည့္ အသက္ခ်င္းလဲပစ္မယ္ဟု ဆိုေလ၏။

က်န္ေသာ စက္ခ်ဳပ္လုပ္သားေတြက ဝိုင္းဆြဲလို႔သာ ေတာ္ေတာ့သည္။

ေနာက္ေတာ့ မၾကင္ၾကင္ေထြးက ဦးၿဖိဳးစက္ခ်ဳပ္ဆိုင္မွ ထြက္လိုက္သည္။

ဆိုင္မွာ မခ်ဳပ္ေတာ့။

အထည္ကို ညဘက္ ဆိုင္မွာလာယူလာပို႔ လုပ္ၿပီး ၊ အိမ္မွာပဲ ခ်ဳပ္ေတာ့၏။

မ်က္ႏွာခ်င္းဆိုင္ေတြ႕ေနရင္ ရန္ ထပ္ျဖစ္ေနရဦးမည္ေလ။ အဲ့ဒီေတာ့ သူကသာ အေလ်ာ့ေပး ေရွာင္ေနလိုက္ျခင္း ျဖစ္ေလ၏။

စႏၵာဝင္းက ဖိုးသားကိုလည္း အလြတ္မေပး။ ဆူေလ၏။

" နင္ အခု အဲ့ေကာင္မကို အဆက္ျဖတ္ ဖိုးသား။ နင္ အဲ့ေကာင္မကို မျဖတ္ႏိုင္ရင္ ကိုယ့္ဖာသာ သတ္ေသလိုက္ေတာ့။ နင္ႀကိဳက္ေနတဲ့ ေကာင္မက မ်ိဳး႐ိုး မသန္႔ဘူးဟဲ့ ။ အႏူမ်ိဳး အႏူမ်ိဳး သိရဲ႕လား"

" ဟာ ဘာဆိုင္လို႔လဲဗ်။ ဒီေခတ္ႀကီးမွာ ဒါေတြက ရွိေသးလို႔လား "

" ဟဲ့ ရွိတာေပါ့။ နင္ တျခားသူကို ႀကိဳက္ပါေတာ့လား ။ ဒီေလာက္ မိန္းမ ရွားသလား ။ ၾကင္ၾကင္ေထြးက မ်ိဳး႐ိုးသန္႔တာ မဟုတ္ဘူး။
သူ႔အေဖဘက္က အႏူမ်ိဳးဟဲ့ အႏူမ်ိဳး ။ နင္နဲ႔ ၾကင္ၾကင္ေထြး ညားၿပီး ကေလးရလာရင္ အဲ့ဒီ အနာႀကီးေရာဂါက နင့္သားသမီးမွာ ေပၚလာရင္ ဘယ့္ႏွယ္လုပ္မလဲ ။ ဒါမ်ိဳးက သမီးမွာ မေပၚရင္ ေျမးမွာ ေပၚတတ္တာဟဲ့ ။
ေအး ... ေဟာဒီမွာၾကည့္၊ ဒါ ပိုးသတ္ေဆးဘူး။ ငါ တမင္သက္သက္ ဝယ္လာတာ။ နင္သာ အဲ့ဒီေကာင္မကို ယူလို႔ကေတာ့ ငါ ဒီပိုးသတ္ေဆးဘူး အကုန္ေသာက္ ေသပစ္မယ္ ။ မလုပ္ရဲဘူး မထင္နဲေနာ္ ဖိုးသား။ ငါက တကယ္လုပ္မွာ "

အဲ့သလို စႏၵာဝင္းက ဆူပူၿပီး ၃ရက္အၾကာမွာ အခုလို ျဖစ္သြားတာပါတဲ့။ သူမက ဖိုးသားကို ေသေစရန္ မရည္႐ြယ္ခဲ့ပါဘူးတဲ့။ ေဒါသျဖစ္လြန္းလို႔ ေျပာလိုက္မိတာပါတဲ့။

ဇာတ္စုံၾကားရေတာ့ ဖိုးသားဝိဉာဥ္ ဝင္ပူးကပ္ေနတဲ့ သႏၲာဝင္းက ထပ္ေမး၏။

" ဒါဆိုရင္ မမႀကီးက က်ေနာ့္ခ်စ္သူကို ငရဲမီးနဲ႔ ပက္မယ္လို႔ ဘာလို႔ ႀကိမ္းဝါးတာလဲ ။ လုပ္ရဲ လုပ္ၾကည့္ ။ ဒီတခါ မမႀကီးကို က်ေနာ္ လည္ဂုတ္ခ်ိဳး သတ္မွာ "

အဲ့ဒါက ဒီလို ။ ဒီမနက္မွာ ၊ သႏၲာဝင္းက သူ႔အစ္မကို သတင္းေပး၏။ မေန႔ညက သူတို႔အိမ္ကို ၾကင္ၾကင္ေထြး ပုဆိုး ေခါင္းၿမီးၿခဳံ၍ ဖိုးသားအေလာင္းကို လာခိုးၾကည့္သြားသည္ဆိုေတာ့ စႏၵာဝင္းက ခ်က္ခ်င္း ေဒါသူပုန္ထၿပီး ...

" ဟင္! ဟုတ္လား ၊ အဲ့တုန္းက ဘာလို႔ ငါ့လာမေျပာတာလဲ "

" မမက ဦးေလး ျမင့္ေအာင္နဲ႔ စကားေျပာရင္း ငိုေနတာေလ၊ ဒါေၾကာင့္ မေျပာျဖစ္တာ "

" ေတြ႕မယ္ ... ဒီေကာင္မ ေၾကာင့္ ငါ့ေမာင္ ေသရတာ။ ဒင္းကို ငါ လက္စားေခ်ရမွ ေက်နပ္ႏိုင္မယ္။ သနားကမား မ်က္ႏွာေလး ဗန္းျပၿပီး ငါ့ေမာင္ကို ျမဴဆြယ္ခဲ့တဲ့ ေကာင္မ။ သူ႔မ်က္ႏွာကို ငရဲမီး(အက္ဆစ္)နဲ႔ ပက္ပစ္မယ္ ။ သိၾကေသးတာေပါ့ မိၾကင္ၾကင္ေထြးရယ္ ၊ နင္ တသက္လုံး ေခါင္းမေဖၚဝန္႔ေအာင္ ငါလုပ္ျပမယ္ "

ထိုသို႔ ႀကိမ္းဝါးတာကို ဖိုးသားရဲ႕ ဝိဉာဥ္က ၾကားသြားၿပီး မေက်မနပ္ ျဖစ္ေနတာ။ ဒါေၾကာင့္ ညေနေစာင္းေတာ့ သူအစ္မလတ္ သႏၲာဝင္း ကိုယ္မွာ ပူးဝင္ၿပီး ေျပာေနတာျဖစ္သည္။

အဲ့ဒီအခ်ိန္ ဦးေလးဦးျမင့္ေအာင္လည္း ေရာက္ေနၿပီ။ ဦးျမင့္ေအာင္က သူ႔တူကို ေမးသည္။

" ဒါျဖင့္ ငါ့တူက ဘယ္လို လုပ္ေပးမွ ေက်နပ္ႏိုင္မွာလဲ။ ရက္လည္ ဆြမ္းကပ္ရင္ ငါ့တူ ကုသိုလ္ အမွ်ရမွ ၊ ေကာင္းတဲ့ ဘုံဘဝကို ေရာက္ႏိုင္မွာကြဲ႕။ ဒီလိုမ်ိဳး အၿငိဳးအေတးေတြ ၊ ေဒါသေတြ ႀကီးေနမယ္ဆိုရင္ မင္း ဝိဉာဥ္က မကြၽတ္မလြတ္တဲ့အျပင္ အဝီဇိ ငရဲကို သြားရလိမ့္မယ္ ။ အဲ့ဒီေတာ့ မင္း ျဖစ္ခ်င္တာကို ေျပာၿပီး သႏၲာဝင္းကိုယ္ေပၚကေန ထြက္သြားလိုက္ပါ ငါ့တူ "

သႏၲာဝင္းကိုယ္ေပၚက ဖိုးသားဝိဉာဥ္က ေခတၱ ၿငိမ္သက္သြား၏။ တေအာင့္ေလာက္ေနေတာ့ သူ႔အေမ ေဒၚျမသြယ္ဘက္ကို လက္အုပ္ခ်ီၿပီး ...

" အေမ က်ေနာ့္ကို ခြင့္လႊတ္ပါေနာ္ ။ က်ေနာ္ စိတ္အလိုကို လိုက္ၿပီး မိုက္ခဲ့မိပါတယ္။
အခု က်ေနာ္က ဝိဉာဥ္ဘဝမွာ တေယာက္တည္းရယ္။ ေနရတာကလည္း ေမွာင္ေမွာင္ႀကီး ၊ ၿပီးေတာ့ ေအးစက္လို႔ ။ ဘယ္သူမွလဲ လာမေခၚၾကဘူး ။ ေၾကာက္လိုက္တာ အေမရယ္ "

" သားေလး အေမ့သားေလး ျဖစ္ရေလတယ္ကြယ္။ ေျပာေလ သားေလး ၊ အေမ ဘာလုပ္ေပးရမလဲဟင္ "

" အေမ လုပ္ေပးႏိုင္တာ တခုပဲ ရွိတယ္ အေမ။ အဲ့ဒါက က်ေနာ့္ ရက္လည္ဆြမ္းေကြၽးက်ရင္
မၾကင္ၾကင္ကို ဖိတ္ေပးပါေနာ္။ က်ေနာ္ သူကိုယ္တိုင္ အမွ်ေဝမွ သာဓုေခၚပါရေစ အေမ ။ ဒါေလး တခုေတာ့ ခြင့္ျပဳေပးပါေနာ္ "

အဲ့ဒီ ေနာက္ဆုံးစကားျဖစ္တဲ့ ,
ဒါေလးတခုေတာ့ ခြင့္ျပဳေပးပါေနာ္ဆိုတဲ့ စကားကို ေျပာတဲ့အခါ သႏၲာဝင္းက စႏၵာဝင္း ဘက္ကို လက္အုပ္ခ်ီလိုက္တာ လူတိုင္း ျမင္လိုက္ရသည္။

စႏၵာဝင္းခမ်ာ ရင္က်ိဳးလုမတတ္ ခံစားေနရရွာသည္။ သူ႔ညီမ လက္အုပ္ခ်ီတာကို အသာအယာ ဆုပ္ကိုင္ေပးရင္းနဲ႔ ...

" ခြင့္ျပဳပါတယ္ ေမာင္ေလးရယ္။ မမႀကီး ခြင့္ျပဳပါတယ္ကြယ္။ ၾကင္ၾကင္ေထြးကိုလည္း မမႀကီးကိုယ္တိုင္ သြားၿပီး ဖိတ္ေခၚေပးပါ့ေနာ္။ မမႀကီး အတၱႀကီးခဲ့သမွ်ကိုလည္း ေမာင္ေလးက တမလြန္ဘဝကေန ခြင့္လႊတ္ေပးပါေတာ့ကြယ္ ဟင့္ဟင့္ဟီးအီး "

ေမာင္ႏွမေတြ အၾကားက သံေယာဇဥ္ကို လာၾကည့္ေနၾကတဲ့ သူေတြ အကုန္ သေဘာေပါက္ နားလည္ၾကတဲ့အခါ ၾကည့္ရင္း မ်က္ရည္ဝဲသူက ဝဲ။ မခ်ိတင္ကဲ နဲ႔ ေတာက္ေခါက္သူက ေခါက္ေပါ့။

ေနာက္ေတာ့ သႏၲာဝင္းကိုယ္ေပၚက ဖိုးသားေလးဟာ မိဘႏွစ္ပါးနဲ႔ အစ္မႏွစ္ေယာက္ကို တ႐ိုတေသ ကန္ေတာ့ၿပီး ထြက္သြားရွာ၏။

ေၾသာ္ မီးတကာ့မီးထဲမွာ အဲ့ဒီသံေယာဇဥ္မီးဆိုတာက ငရဲျပည္က သံပူမီးထက္ေတာင္ ပိုၿပီး ပူေနေရာ့သလားေလ။

(ၿပီးပါၿပီ)

စာ​ေရးသူ -ပီပီ(မႏၲေလး)အားေလးစားလ်က္

႐ြင္လန္းခ်မ္းေျမ့ၾကပါေစ

#ညမဖတ္ရ 

No comments

Post a Comment