***အောင်မြတ်သာနှင့်တစ်ဘဝစံ***(စ/ဆုံး)

  ***အောင်မြတ်သာနှင့်တစ်ဘဝစံ***(စ/ဆုံး) ------------------------------------------------------------------ နေကထန်းတစ်ဖျားကျော်လာပြီဖြစ်တဲ့အတ... thumbnail 1 summary

 ***အောင်မြတ်သာနှင့်တစ်ဘဝစံ***(စ/ဆုံး)

------------------------------------------------------------------

နေကထန်းတစ်ဖျားကျော်လာပြီဖြစ်တဲ့အတွက် အပူချိန်က တစ်ဖြေးဖြေးမြင့်တက်လာခဲ့ပေမယ့် သလင်းထဲမှာ ပဲခြွေနေတဲ့ ကိုလွန်းမောင်ကတော့ ပူလို့ပူမှန်းမသိ အလုပ်ကိုသာ သဲကြီးမဲကြီးလုပ်နေခဲ့တယ်။

မလှမ်းမကမ်းလယ်စောင့်တဲလေးထဲမှာတော့ ကလေးငယ်သုံးဦးက ကောက်ရိုးနဲ့လုပ်ထားတဲ့ အရုပ်တွေကိုယ်စီနဲ့ဆော့ကစားနေကြတယ်။

မိုးရိပ်မိုးခြေက သိပ်မကောင်းတာမို့ ညနေမစောင်းခင် ပဲတွေအပြီး‌ခြွေဖို့ ကြိုးစားနေတဲ့အချိန် ပြာလဲ့နေတဲ့ကောင်းကင်ပေါ်ကနေ လင်းတအုပ်ကြီးပျံလာတာကို အမှတ်မထင်မြင်လိုက်ရတယ်။

တစ်ခါမှမတွေ့ဖူးတဲ့အခြေအနေမို့ ကိုလွန်းမောင် တစ်ခဏငြိမ်သက်ကာ မော့ကြည့်နေရင်းမှ သတိဝင်လာပြီး

" ဖိုးညှက်တို့ သာပျော့တို့ ဟိုးမှာ လင်းတတွေအများကြီးပျံလာတာတွေ့လား"

ကိုလွန်းမောင်အော်သံကြောင့် တစ်ဖက်လယ်ထဲမှာ ပဲခြွေနေတဲ့သားအဖနှစ်ယောက် အပေါ်ကြိမော့ကြည့်လိုက်တယ်။

" အေး တွေ့တယ် လွန်းမောင်ရ ဒီလောက်များတဲ့ လင်းတတွေတစ်ခါမှမမြင်ဖူးဖူး ဒီနယ်ထဲမှာ ဘာတွေဖြစ်လာဦးမလဲမသိဘူး လယ်စောစောသိမ်းကြဟေ့"

အဲဒီနေ့က ကိုလွန်းမောင်တို့ ညနေမစောင်းခင် အလုပ်ကိုသိမ်းခဲ့ကြတယ်။ ညဦးပိုင်းရောက်တော့ ရွာသားတွေအပျင်းပြေစကားပြောပြရန် ဆောက်ထားတဲ့ ရွာလယ်ဇရပ်ကို ကိုလွန်းမောင် ထွက်လာခဲ့လိုက်တယ်။

ရွာလယ်ဇရပ်ကိုရောက်တော့ ကြိုရောက်နှင့်နေတဲ့ ဖိုးညှက်ကိုအဝေးကနေလှမ်းတွေ့လိုက်ရတယ်။ ဖိုးညှက်က ကိုလွန်းမောင်ကိုမြင်တော့

" ဟေ့ ငလွန်း လာကွာ ထန်းလျက်ခဲစား ရေနွေးလေးသောက်ပါဦး"

ကိုလွန်းမောင်လဲ ဖိုးညက်ဘေးဝင်ထိုင်လိုက်ပြီး ရေနွေးတစ်ခွက်ကိုငှဲ့ကာ မှုတ်သောက်လိုက်တယ်။

" ဟာ ရေနွေးကြမ်းက ကောင်းလှပါလား"

" ကောင်းဆို ဒီလက်ဖက်ခြောက်က ရှမ်းပြည်ဘက်ကနေဝယ်လာတာလေ ကိုစိန်မြင့်ကို မင်းသိတယ်မလား သူ့သားခရီးကပြန်လာလို့ လက်ဆောင်လာပေးထားတာ လက်ဖက်အနံ့လေးကတော့ မွှေးနေတာပဲဟေ့"

ဖိုးညှက်က ပြောရင်းဆိုရင်း အငွေ့တစ်ထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းခွက်ကို ပါးစပ်နဲ့တော့ပြီး တစ်ချက်စုပ်လိုက်တယ်။

" ဖိုးညှက် နေ့လည်က လင်းတတွေကိစ္စကိုမင်းဘယ်လိုထင်လဲ"

ကိုလွန်းမောင်စကားကြောင့် ဘေးနားမှာထိုင်နေတဲ့ ကာလသားတွေက

" လင်းတတွေ ပျံလာတာတကယ်ကြီးလား ကိုလွန်း"

" တကယ်ပေါ့ဟ မယုံရင် ဖိုးညက်နဲ့ သာပျော့ကိုမေးကြည့်"

ကိုလွန်းမောင်စကားကြောင့် ရေနွေးကြမ်းခွက်ကိုကိုင်ထားတဲ့ ဖိုးညှပ်က

" ဟုတ်တယ် ငါ့သက်တမ်းတစ်လျောက် ဒီလောက်များတဲ့ လင်းတအုပ်ကြီးကိုမမြင်ဖူးဖူး ဘယ်လောက်များလဲဆိုရင် ငလွန်းရဲ့ တလင်းပြင်တစ်ခုလုံး လင်းတတွေရဲ့အရိပ်ကြောင့် နေမထိုးတော့ဘူး "

" ဟားဟား ကိုဖိုးညှက်ကတော့ နောက်ပြီ "

ကာလသားတွေ ဖိုးညှက်စကားကြောင့် ပွဲကျသွားတဲ့အချိန်

" ဟေ့ကောင် ဖိုးညှက် ဒီကိစ္စနောက်စရာမဟုတ်ဘူး ဒီဘက်မှာအရင်က လင်းတဆိုတာ မြင်တောင်မြင်ဖူးခဲ့တာမဟုတ်ဘူး အခုမှ အုပ်လိုက်ကြီးပြောင်းလာတာဆိုတော့ တစ်ခုခုထူးဆန်းနေလို့ပြောနေတာ"

လွန်းမောင်ရဲ့ မာကြောတဲ့စကားသံကြောင့် ဖိုးညှက် မျက်နှာကြောသတ်လိုက်ပြီး

" ငါကစတာပါကွာ မင်းထင်သလိုငါလဲထင်ပါတယ် ရှေးလူကြီးတွေပြောဖူးတာတော့ လင်းတတွေရွာထဲလာနားရင် လူအသေအပျောက်ဖြစ်တတ်တယ်တဲ့ နေ့လည်ကတွေ့တဲ့ လင်းတတွေက ရွာအနောက်တောဘက်ကိုပျံသွားတယ်ဆိုတော့ အဲဒီဘက်ကိုမလိုအပ်ပဲမသွားတာကောင်းမယ်"

" ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိပါဘူး ကာလသားတွေလဲ ညကင်းကိုသေချာစောင့်ကြဦး ဟိုကောင် ကြက်ရိုး ကင်းမစောင့်ပဲ မအိပ်နေနဲ့ "
လွန်းမောင်စကားကြောင့် ပိန်ပိန်ညှက်ညှက်နဲ့လူငယ်က
" မအိပ်ပါဘူး ကိုလွန်းရာ ကြက်ရိုးပါဗျ ချွတ်ခနဲဆို နိုးပြီးသားပဲ "

" အခုထဲက အိပ်မယ်ဆိုတာပြီး စကားသမ်းနေတာ ကိုလွန်းရေ ဒီကောင်ကိုမယုံရဘူးနော် ဟားဟား"

အရွှန်းဖောက်တဲ့ကာလသားတွေရဲ့စကားကြောင့် ဇရပ်တစ်ခုလုံးရယ်မောသံတွေဆူညံသွားကြတယ်။
+++±++++++
လပြည့်ညဖြစ်တဲ့အတွက် ငွေရောင်သမ်းတဲ့အလင်းရောင်တွေက ရွှေတဆုပ်ရွာလေးရဲ့အပေါ်ကိုဖြန့်ကျက်ကျနေခဲ့တယ်။

တစ်ရွာလုံးအပ်ကျသံမကြားအောင် တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် ရွာထိပ်က လင့်စင်ပေါ်မှာ ထိုင်နေတဲ့ လူရိပ်တစ်ခုက ရုတ်တရက်ထလိုက်ပြီး

" ကြက်ရိုး ထစမ်း ဟေ့ကောင် မြန်မြန်ထ"

အသံအုပ်ကာနှိုးလိုက်တဲ့ သာပျော့အသံကြောင့် လင့်စင်ထဲမှာ အိပ်ပျော်နေတဲ့ ကြက်ရိုးအိပ်ချင်မူးတူးထလာခဲ့တယ်။

" ဟေ့ကောင် အချိန်ပြည့်ပီလား ဝါးးး"

" မင်းသမ်းတဲ့အသံမထွက်စေနဲ့ ခုနက လူရိပ်တစ်ခု ရွာခြံစည်းရိုးနားမှာတွေ့လိုက်တယ်"

လူရိပ်ဆိုတဲ့စကားကြောင့် ကြက်ရိုးမျက်လုံးကိုပြူးပြဲကြည့်လိုက်ပြီး ဘေးမှာချထားတဲ့ ဒူးလေးကို ကိုင်လိုက်တယ်။

" သာပျော့ လူရိပ်က ဘယ်နားမှာလဲ"

" ငါလဲရုတ်တရက်တွေ့လိုက်တာ မိန်းကလေးလိုလို ဘာလိုလိုနဲ့ "

" သာပျော့ သရဲခြောက်တာများလား "

" အသာနေစမ်းပါဟာ သရဲမဟုတ်လောက်ဘူး ငါသေချာမြင်ခဲ့ရတာ အောက်ဆင်းပြီး သွားကြည့်ရအောင် "

" ဖြစ်ပါ့မလား"

" အရေးထဲ လာကြောက်နေသေးတယ် ဘာမှမဖြစ်ဘူး လာခဲ့"

သာပျော့က ငှက်ကြီးတောင်ဓါးကိုကိုင်ပြီး လင့်စင်ပေါ်ကဆင်းသွားတဲ့အချိန် ရွာအနောက်ဘက်တောထဲကနေ အကောင်မဲမဲတွေပျံလာတာကိုလရောင်နဲ့သေချာမြင်လိုက်ရတယ်။

" သာပျော့ ဟိုမှာ ဟိုမှာပျံလာနေတာ ဘာကောင်တွေလဲ "

ကြက်ရိုးအော်သံကြောင့် အပေါ်ကိုမော့ကြည့်လိုက်တဲ့အချိန် မျက်နှာတည့်တည့်ကိုအရှိန်နဲ့ဝင်လာတဲ့ အရာတစ်ခုကြောင့် သာပျော့သတိလစ်သွားခဲ့တယ်။
+++++++++++

" ကိုလွန်းမောင် ကိုလွန်းမောင် ထဦး"

မိန်းမဖြစ်သူရဲ့အလောတကြီးခေါ်နှိုးသံကြောင့် ကိုလွန်းမောင်အိပ်နေရာကနေ ထလိုက်ပြီး

" ဘာဖြစ်တာလဲမိန်းမ"

" ကျုပ်တို့ဘုရားကျောင်းဆောင်က ဘုရားဆင်းတုတော်မရှိတော့ဘူး"

" ဟေ ဘယ်လိုဖြစ်တာလဲ"

ကိုလွန်းမောင်လဲ အိပ်ယာထဲကနေ အိမ်ရှေ့ကိုထွက်လာပြီးကြည့်လိုက်တော့ ဘုရားကျောင်းဆောင်မှာပူဇော်ထားတဲ့ ဆင်းတုတော်ပျောက်နေတာတွေ့လိုက်ရတယ်။

" မိန်းမ မင်းဘယ်အချိန်သိတာလဲ"

" စောနက အပေါ့သွားချင်လို့ အိပ်ယာကထတာ အိမ်ရှေ့မှာ ခြေသံကြားလို့ ထွက်ကြည့်လိုက်တော့ မိန်းမတစ်ယောက်ရဲ့နောက်ကျောကိုပဲမြင်လိုက်ရတယ် "

"တံခါးတွေလဲပိတ်ထားရက်သားနဲ့ ဘယ်ကဝင်လာတာလဲ "

"အဲဒါတော့မသိဘူး သူ့လက်ထဲမှာတော့ ဘုရားဆင်းတုတော်ကိုကိုင်ထားတယ် ကျုပ်လဲကြောင်ပြီးကြည့်နေတုန်း ပြူတင်းပေါက်ကနေ ခုန်ချပြီးပျောက်သွားတာ"

" အိမ်ထဲကပစ္စည်းတွေစစ်ကြည့်ဦး ဘာတွေအပျောက်အရှရှိလဲသိရအောင်"

" ဘာမှမပျောက်ဘူး အကုန်စစ်ပြီးပြီ "

" ဟင် "

ကိုလွန်းမောင်တစ်ယောက် အံ့ဩစွာဖြင့် သက်ပြင်းချလိုက်မိတယ်။
+++++++++

"ကိုလွန်းမောင် ဗျို့ ကိုလွန်းမောင်"

အိမ်ရှေ့ကနေ မရပ်မနားအော်ခေါ်နေတဲ့အသံကြောင့် ကိုလွန်းမောင် ထွက်လာခဲ့တယ်။

" ဘယ်သူများလဲလို့ ဖိုးညှက်ပါလား မနက်စောစောစီးစီးဘာကိစ္စရှိလို့လဲ"

" ညက ကင်းကျတဲ့ ငါ့သားနဲ့ ကြက်ရိုး သတိမေ့နေလို့ အခုပဲကင်းတဲကနေထမ်းပြီးခေါ်လာခဲ့တယ် အဲဒါတစ်ချက်ကြည့်ပေးဦး "

" ဟေ ဘယ်လိုဖြစ်ကြတာလဲ ငါအခုလိုက်လာခဲ့မယ်"

တိုင်းရင်းဆေးပညာကိုအနည်းငယ်နားလည်တဲ့လွန်းမောင်က နံရံမှာချိတ်ထားတဲ့ လွယ်အိတ်ကိုကောက်လွယ်ကာ ဖိုးညှက်နောက်ကိုလိုက်လာခဲ့လိုက်တယ်။

ရွာလယ်ဇရပ်ရောက်တော့ သတိလစ်မေ့မျောနေတဲ့ သာပျော့နဲ့ ကြက်ရိုးကိုမြင်လိုက်ရတယ်။

" ဘယ်လိုဖြစ်ကြတာလဲ ဖိုးညှက်"

"ငါလဲမသိဘူး မနက်လင်းတဲ့အချိန် ဒီကောင်အိမ်ပြန်မလာလို့သွားကြည့်တော့ ကင်းတဲအောက်မှာ နှစ်ယောက်သားခွေခွေလေးလဲနေတာတွေ့ရတာပဲ"

လွန်းမောင်က သွေးကြောတွေကိုအနည်းငယ်စမ်းလိုက်ပြီး မျက်လုံးအတွင်းသားတွေကို လှန်ကြည့်လိုက်တယ်။

" ထူးထူးခြားခြားတော့မတွေ့ဘူး တစ်ခုခုကိုမြင်ပြီးသတိလစ်သွားတာများလား"

လွန်းမောင်စဉ်းစားရင်း မနက်က အိမ်မှာဖြစ်သွားတဲ့အကြောင်းအရာက ခေါင်းထဲရောက်လာခဲ့တယ်။

" ဖိုးညှက် မင်းဆီမှာ ပရိတ်ရေရှိသေးလား"

" အေး ရှိတယ်လေ ဘာလုပ်ဖို့လဲ"

" အဲဒါသွားယူလာခဲ့ ဘယ်သူ့အိမ်မှာ သိမ်ဝင်ပုတီးရှိသေးလဲ"

လွန်းမောင်အသံကြောင့် ဘေးနားမှာရပ်ကြည့်နေတဲ့ ဦးကြီးမောင်က

" ငါ့အိမ်မှာရှိတယ် လွန်းမောင် မနှစ်က ငါ့သားတွေဟိုဘက်ရွာမှာပဉ္ဇင်းခံတုန်းက ထည့်ထားတာ"

" အတော်ပဲ ဦးကြီး အဲဒီပုတီးလေးယူပေးပါဦး"

" အေး အေး အခုပဲ သွားယူပေးမယ်"

ဖိုးညှက်နဲ့ ဦးကြီးမောင်ထွက်သွားတော့ လွန်းမောင်က ဘေးမှာရှိတဲ့ လူတွေဘက်လှည့်ပြီး

" ဒီည သူခိုးတွေဘာတွေ ကပ်တာရှိသေးလား"
လို့မေးလိုက်တော့ ပဲပြုတ်တောင်းကိုရွက်ပြီး စပ်စုနေတဲ့ ဒေါ်ငွေတုတ်က

" သူခိုးလား ဘာလားတော့မသိဘူး ငါ့အိမ်က ဘုရားဆင်းတုတော်တစ်ဆူတော့ပျောက်သွားတယ် လွန်းမောင် အခြားပစ္စည်းတွေတော့မယူသွားဘူး"

" ဟုတ်တယ် ကျွန်တော်တို့အိမ်မှာလဲ ပျောက်သွားတယ်"

ရပ်ကြည့်နေကြတဲ့ရွာသားတော်တော်များများထံကနေ ဘုရားဆင်းတုတော်ပျောက်သွားတယ်ဆိုတဲ့စကားကိုကြားလိုက်ရတယ်။

" လွန်းမောင် ပရိတ်ရေနဲ့ သိမ်ဝင်ပုတီးရပြီ"

" ငါ့ကိုပေး "

လွန်းမောင်လဲ သိမ်ဝင်ပုတီးကို သာပျော့လည်ပင်းမှာစွပ်ပေးလိုက်ပြီး မျက်နှာကိုပရိတ်ရည်နဲ့ဖြန်းလိုက်တဲ့အချိန်

" ရေ ရေ ရေပေးပါ ဟောဟဲ ဟောဟဲ"

" သတိ သတိရလာပြီဟ ရေ သွားခပ်ကြပါဦး"

သာပျော့သတိရလာတာနဲ့ ကျန်နေတဲ့ကြက်ရိုးကိုလဲ သိမ်ဝင်ပုတီးကုန်းနဲ့ ပရိတ်ရေဖြန်းပေးလိုက်တော့ သတိပြန်လည်လာတယ်။

" ရေတိုက်လိုက်ဦး အနားမှာလူတွေလဲ သိပ်မစုကြနဲ့"

လွန်းမောင်ကအော်ဟစ်သတိပေးနေတဲ့အချိန် ဝဝဖိုင့်ဖိုင့်လူကြီးတစ်ယောက်က ဇရပ်ထဲကိုဝင်လာတာမြင်လိုက်ရတယ်။

" လွန်းမောင် ညာကဘာဖြစ်ကြတာလဲ"

" မသိဘူး သူကြီး ဒီကောင်တွေကို မေးကြည့်မှသိရမှာ ဒါနဲ့ သူကြီးအိမ်မှာရှိတဲ့ ဘုရားဆင်းတုတော်ခိုးခံထိသေးလား"

" အေး ငါလဲအခုအဲဒီကိစ္စပြောမလို့လာခဲ့တာ ငါ့အိမ်ကဆင်းတုတော်လဲခိုးခံထိသွားတယ်"

" ဟာ "

" ဒီကိစ္စကိုအဖြေရှာမှရမယ် ဒီနေ့လည်ထမင်းစားပြီးတာနဲ့ ငါ့အိမ်ကိုတစ်အိမ်‌တစ်ယောက်လာခဲ့ကြ ဖိုးညှက်ကရွာထဲလိုက်အော်ပြီးအသိပေးလိုက်ဦး "

" ဟုတ်ကဲ့သူကြီး ကျွန်တော်အသိပေးလိုက်မယ်"

" ဟိုနှစ်ကောင်သတိရပြီလား "

သူကြီးအသံကြောင့် ဇက်ပိုးကိုနှိပ်ပြီးထိုင်နေတဲ့ ကြက်ရိုးက

" သတိရပြီသူကြီး"

" အေး မင်းတို့ဘယ်လိုဖြစ်တာလဲ ပြောပြကြဦး"

" ညက သာပျော့ကင်းကျတဲ့အချိန် မနက်အာရုံမတက်ခင်မှာ ကျွန်တော်ကိုလာနှိုးတယ် ရွာနားကိုကပ်လာတဲ့လူရိပ်တွေ့တယ်ဆိုတော့ ကျွန်တော်လဲ ဒူးလေးကိုင်ပြီး ကင်းတဲပေါ်ကဆင်းလာခဲ့တယ် သာပျော့ကလဲအနောက်ကနေ လိုက်ဆင်းလာတယ် ၊ အဲဒီအချိန်မဲမဲအကောင်တွေ ရွာထဲကိုပျံဝင်လာတာမြင်တော့ သာပျော့ကိုလှမ်းပြတဲ့အချိန် အဲဒီအကောင်တွေက ကျွန်တော့်ခေါင်းပေါ်ကဖြတ်သွားပြီး သာပျော့မျက်နှာကိုတောင်ပံနဲ့ရိုက်ချလိုက်တာ ဟိုကောင်တစ်ချက်ထဲမေ့သွားတယ် ကျွန်တော်ဒူးလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် သာပျော့မျက်နှာကို တောင်ပံနဲ့ရိုက်လိုက်တဲ့အကောင်က ပြန်လှည့်လာပြီး ကျွန်တော့်ကိုလာရိုက်တာ ကျွန်တော်လဲကြောက်အားလန့်အားနဲ့ လက်ထဲကဒူးလေးနဲ့လှမ်းပစ်လိုက်တာ တောင်ပံကိုထိသွားပြီး အတောင်အချို့ကျွတ်ကျခဲ့တယ် ကျွန်တော်လဲ ကျွတ်ကျခဲ့တဲ့ အတောင်ကိုကောက်ပြီး ကြည့်လိုက်တော့ အတောင်မဟုတ်တော့ပဲ ပိတ်စအနက်တစ်ခုဖြစ်နေတယ် အဲဒီအချိန် အနောက်ကနေ မိန်းမတစ်ယောက်ရယ်သံကြားလို့လှည့်ကြည့်လိုက်တာ ကြက်ရိုးကိုဆံထိုးလုပ်ပြီး ဆံပင်ကိုထုံးထားတဲ့ အသက်ခပ်ငယ်ငယ်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ် ဒါပေမယ့် ကျွန်တော်လှုပ်လို့မရတော့ဘူး သွေးကြောတွေအကုန်လေးလံလာသလိုခံစားလာရတယ် အဲဒီမိန်းမက ကျွန်တော်ကိုကြည့်ပြီး ကွမ်းဂျိုးတွေတက်နေတဲ့ သူ့သွားတွေပေါ်အောင် အော်ရယ်လိုက်တဲ့အချိန်ထိပဲ မှတ်မိတယ် အဲဒီနောက်ပိုင်းဘာမှမသိတော့ဘူး သတိရလာတော့ ဒီဇရပ်ပေါ်ရောက်နေတာပဲ"

" မင်းတို့ပြောပုံအရဆို အတော်ထူးဆန်းတာပဲ ငါလဲတစ်ခါမှမကြုံဖူးဖူး"

" သူကြီး မနေ့က ကျွန်တော်ရယ် ဖိုးညှက်ရယ် လယ်ထဲရောက်နေတုန်း လင်းတအုပ်ကြီးရွာအနောက်တောထဲကိုပျံသွားတာမြင်လိုက်ရတယ်"

" ဟင် အဲဒီလင်းတတွေနဲ့အခုကိစ္စက ဘယ်လိုပတ်သတ်နေလို့လဲ"

" ဒါတော့ ကျွန်တော်လဲမသိဘူး ကျွန်တော်အဖေမသေခင်ပြောဖူးခဲ့တဲ့စကားရှိတယ် အောက်လမ်းစုန်းကဝေတွေက သူတို့ကိုယ်သူတို့ လင်းတယောင်ဖန်ဆင်းနိုင်တယ်တဲ့ အခုရွာမှာ ဆင်းတုတော်တွေပျောက်တာရယ် ကြက်ရိုးပြောတဲ့အထဲ အတောင်ပံကနေ ပိတ်စအနက်ဖြစ်သွားတာတွေက သံသယဖြစ်စရာပဲ"

" ငါလဲစဉ်းစားလိုက်ပါဦးမယ် ထမင်းစားပြီးရင်သာအကုန်လာခဲ့ကြ"

သူကြီးကပြောပြီးတာနဲ့ သူ့ရဲ့ဝဝဖိုင့်ဖိုင့်ကိုယ်လုံးကြီးကိုမနိုင်တနိုင်သယ်ကာ ဇရပ်ပေါ်ကဆင်းသွားခဲ့တယ်။
++++++++++++

နေ့လည်တစ်နာရီ။

နေအပူချိန်က မြင့်သထက်မြင့်လာတာနဲ့အမျှ မန်ကျီး၊ကုက္ကို၊ တမာပင်တွေရဲ့အရိပ်တွေထဲမှာလဲ လူတွေဟိုတစ်စုဒီတစ်စု စုကာ အရိပ်ခိုနေကြတယ်။

"စုံပြီလားဟေ့"

" စုံပြီသူကြီး စလို့ရပြီ"

" အခုခေါ်ရတဲ့အကြောင်းက ငါတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတွေညကဖြစ်သွားခဲ့တာကို အသိပေးဖို့လဲပါတယ် နောက်တစ်ချက်က ဘုရားဆင်းတုတော်မပျောက်တဲ့အိမ်ရှိလား သိချင်လို့ခေါ်လိုက်တာ မပျောက်တဲ့အိမ်ရှိလား"

" ရှိတယ်သူကြီး ကျွန်မအိမ်မပျောက်ဘူး "

" ကျွန်တော်လဲမပျောက်ဘူး"

မုဆိုးမဒေါ်သန်းနဲ့ ဦးကြီးမောင်တို့ဆီကပဲအသံထွက်လာတယ်။

" သူကြီး ကျွန်တော်တစ်ခုပြောလို့ရလား"

လွန်းမောင်အသံကြောင့် သူကြီးက
" အေး ပြောလေကွာ"

" ဒေါ်သန်းနဲ့ ဦးကြီးမောင်တို့အိမ်ကဆင်းတုတော်တွေက သိမ်ဝင်ထားတဲ့ဆင်းတုတော်တွေလား"

" ဟုတ်တယ် သိမ်ဝင်ဆင်းတုတော်တွေ "

"အခုပျောက်တဲ့သူတွေထဲမှာရော သိမ်ဝင်ထားတဲ့ဆင်းတုတော်တွေပါလား"

" မပါဘူး ကျုပ်တို့က မြို့ကနေဝယ်လာပြီး ဘုရားစင်တင်ပူဇော်လိုက်တာ"

" ကျုပ်လဲတူတူပဲ "

ရွာသားတွေအားလုံး တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတဲ့အချိန်

" ဒီရွာကဆင်းတုတော်တွေပျောက်တယ်ဆိုတာ အနေကဇာမတင်ထားတာလဲပါတယ် ဒီရွာကြီးပဲပျောက်တာလားဆိုတော့မဟုတ်ပြန်ဘူး ရွာနီးချုပ်စပ်တွေမှာလဲ ကနေကဇာမတင်ထားတဲ့ဘုရားဆင်းတုတော်တွေ ညကပဲခိုးခံလိုက်ရတယ်"ဆိုတဲ့ကြည်လင်ပြတ်သားပြီးဩဇာပါတဲ့အသံက တစ်ယောက်တစ်ပေါက်ဆူညံနေတဲ့ ရွာသားတွေရဲ့အသံကိုဖောက်ပြီးထွက်လာခဲ့တယ်။

ရွာသားတွေလဲ အသံကြားရာကိုကြည့်လိုက်တော့ တမာပင်အောက်မှာ လက်ပိုက်ပြီးမတ်တပ်ရပ်နေတဲ့ လူငယ်သုံးယောက်ကိုတွေ့လိုက်ရတယ်။ လူငယ်သုံးယောက်ထဲကမှ အလယ်မှာရပ်နေတဲ့လူငယ်က အရှေ့ကိုတိုးလာပြီး

" အားလုံးရဲ့စကားကိုဖြတ်ပြောလိုက်မိတဲ့အတွက် တောင်းပန်ပါတယ် ကျွန်တော်နာမည်က အောင်မြတ်သာလို့ခေါ်တယ် "

ရုတ်တရက်ဘယ်ကနေပေါ်လာမှန်းမသိတဲ့လူငယ်တစ်ယောက်ကိုမြင်တော့ သူကြီးက

" မင်းတို့က ဘယ်ရွာကလဲ ဒီအကြောင်းတွေဘယ်လိုသိနေရတာလဲ"

" ကျွန်တော်တို့က ခရီးသွားတွေပါ မနက်ကဖြတ်လာတဲ့ရွာတိုင်းမှာလဲ ဒီလိုအဖြစ်အပျက်တွေမြင်ခဲ့ကြားခဲ့ရပြီးပါပြီ ဟိုဘက်ရွာမှာဆိုရင် အနေကဇာတင်ထားတဲ့ဆင်းတုတော်တွေကလွဲပြီးအကုန်ခိုးခံထိတယ် ရွာသားတွေက မြို့တက်ပြီး ဆင်းတုတော်ဝယ်ကြတယ် ရောင်းတဲ့ဆိုင်တွေက အနေကဇာတင်ထားတယ်ဆိုပြီး လိမ်ရောင်းကြတယ် ရိုးသားတဲ့ရွာသားတွေက အိမ်ရောက်တာနဲ့ဘုရားစင်ပေါ်တင်ပြီးကိုးကွယ်ကြတယ် ဒါကမဖြစ်သင့်တဲ့လိမ်ညာမှုပဲ"

" ဒါဆို အနေကဇာတင်ရင် ခိုးမရဘူးပေါ့"

" အနေကဇာတင်ထားတိုင်းလဲ အစွမ်းမထက်ဘူး အနေကဇာတင်တဲ့ဆရာတော်ရဲ့သီလသမာဓိနဲ့လဲဆိုင်တယ် အကောင်းဆုံးကတော့ အနေကဇာတင်ပြီးရင် သိမ်ဝင်ထားတာအကောင်းဆုံးပဲ ဒါဆိုဒီလိုအဖြစ်တွေမဖြစ်တော့ဘူးပေါ့"

" မင်းတို့ကရော ဒီလိုမျိုးကိစ္စဘာကြောင့်ဖြစ်တယ်လို့ထင်လဲ"

" လွန်ခဲ့တဲ့ရက်က ဒီဘက်ကို လင်းတတွေအုပ်စုလိုက်ပျံလာကြတာ သတိထားမိလား"

အောင်မြတ်သာစကားကြောင့် လွန်းမောင်နဲ့ ဖိုးညှက်က

" ဟုတ်တယ် ကျွန်တော်တို့တွေ့လိုက်တယ် လင်းတတွေအများကြီးအနောက်ဘက်တောထဲပျံသွားကြတယ်"

" တကယ်တော့အဲဒါလင်းတတွေမဟုတ်ဘူး အောက်လမ်းကဝေတွေက လင်းတပုံစံပြောင်းပြီးပျံလာတာ"

အောင်မြတ်သာစကားကြောင့် ရွာသူရွာသားတွေ အလန့်တကြားဖြစ်ကုန်ပြီး

" ဒါဆိုအနောက်ဘက်တောထဲမှာ စုန်းတွေရှိနေတာပေါ့"

" ဟုတ်တယ် ဒါပေမယ့်အရမ်းကြီးအထိတ်တလန့်မဖြစ်ကြပါနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ရင် သူတို့ကိုနှိမ်နင်းနိုင်မှာပါ"

" ဘယ်လိုလုပ်ရမလဲ"

" ဒီရွာမှာ ဒူးလေးနဲ့ မြှား ကောင်းကောင်း ပစ်တတ်တဲ့လူတွေရှိလား"

" ဟာ ရှိတာပေါ့ ဒီရွာကဒူးလေးလုပ်တဲ့ရွာပဲ ဆယ်နှစ်သားကလေးတွေတောင် ကောင်းကောင်းပစ်တတ်တယ်"

" ဒါဆိုဟန်ကျတာပဲ ဒီနေ့ ကျွန်တော်တို့ဒူးလေးတွေရသလောက်စုကြမယ် ဒူးလေးမှာထည့်ပစ်မယ့် မြှားတံတွေကိုတော့ ကျွန်တော်ဆီလာပေးထားပါ မနက်ဖြန်ညနေစောင်းရင် အနောက်ဘက်တောထဲကိုဝင်ရမှာဖြစ်လို့ ဒူးလေးကောင်းကောင်းပစ်တတ်တဲ့ လူ‌သုံးယောက်လောက်လိုချင်တယ်"

အောင်မြတ်သာစကားအဆုံးမှာ သူကြီးက

" ဒါဆို လွန်းမောင်ရယ်၊ ဖိုးညှက်ရယ်၊ ဂွတိုရယ် လိုက်သွားပေးလိုက် ဒီလူတွေက ဒူးလေးပစ်တော်ကြတယ် ဒီကောင်တွေငယ်ငယ်ကဆို အသိုက်ထဲကနေ ခေါင်းပဲထွက်နေတဲ့ငှက်ကိုတောင် ဒူးလေးနဲ့မှန်အောင်ပစ်ကြတဲ့ကောင်တွေ"

" ဟာဗျာသူကြီးကလဲ အဲလိုအကုသိုလ်တွေမလုပ်တော့တာကြာပါပြီ"

" အေးပါကွာ ငါကအဖြစ်သဘောပြောတာပါ ကျန်တဲ့သူတွေကလဲ နိုင်သလောက်ကူညီကြ ငါ့အိမ်မှာရှိတဲ့ဒူးလေးလဲလိုအပ်ရင်လာယူ"

" ဟုတ်ကဲ့သူကြီး"

++++++++++
‌ရွှေတစ်ဆုပ်တစ်ရွာလုံး ဒူးလေးတွေလိုက်စုပြီး ရွာလယ်ဇရပ်ကိုယူလာကြတယ်။ ဇရပ်ထဲမှာတော့ အောင်မြတ်သာတို့သုံးယောက်က ယူလာတဲ့မြှားတံတွေပေါ်မှာ သံချွန်နဲ့ အင်းစမတွေကိုရေးဆွဲပေးခဲ့ကြတယ်။

" ကိုလွန်းမောင်ဆိုတာ ဒီကနောင်ကြီးလား"

အောင်မြတ်သာစကားကြောင့် ဒူးလေးကြိုးတပ်နေတဲ့ ကိုလွန်းမောင် က

" ဟုတ်ပါတယ် ကျုပ်ကလွန်းမောင်ပါ"

"ကိုလွန်းမောင်တို့သုံးယောက်က ကျုပ်နဲ့လိုက်မှာဆိုတော့ ဒီထုံးကိုနဖူးကိုကွင်းထားရမယ် "

" ဒီထုံးကဘာလုပ်ဖို့လဲ"

လွန်းမောင်စကားကြောင့် အောင်မြတ်သာအနည်းငယ်ပြုံးလိုက်ပြီး

" ထိခိုက်မှုမရှိအောင်အထောက်အကူပြုပေးမယ့်အရာလေးပါ မနက်ဖြန်နေ့လည်စထွက်ရင် ဒီထုံးကိုနဖူးမှာကွင်းထားပေးပါ "

" ဟုတ်ကဲ့ လုပ်လိုက်ပါမယ်"

အောင်မြတ်သာက လှည့်ထွက်ပြီးမှ နောက်ပြန်လှည့်ပြီး
" လိုက်မယ့်သုံးယောက်လုံးကွင်းရမှာနော်" လို့ပြောကာ မြှားတံလုပ်တဲ့နေရာဆီပြန်လာခဲ့တယ်။အလုပ်တွေအားလုံးပြီးတဲ့အချိန်မှာတော့ ဒူးလေးပစ်တတ်တဲ့ လူတွေအားလုံးကိုခေါ်လိုက်ပြီး

" မနက်ဖြန် ကျွန်တော်တို့ဒီကစထွက်တာနဲ့ ဒူးလေးသမားတွေက သတ်မှတ်နေရာတွေမှာ အသင့်စောင့်ကြပါ အနောက်ဘက်တောထဲကနေ လင်းတတွေပျံလာတာမြင်ရင် ဒူးလေးနဲ့ပစ်ကြ ၊ပစ်လို့ထိပြီးကျလာတဲ့ကောင်တွေမှန်သမျှကို သွားမကောက်ကြနဲ့ ကျွန်တော်တို့ပြန်လာတာကိုစောင့်ပါ မိန်းမနဲ့ကလေးတွေက နေ့လည်ကစပြီး အိမ်ထဲကနေအိမ်ပြင်မထွက်ကြနဲ့ " လို့မှာပြီး နေရာချဖို့ ရွာထိပ်ကိုထွက်လာခဲ့ကြတယ်။

အဲဒီနေ့ညမှာတော့ ထူးခြားမှုဘာမှမရှိခဲ့ဘူး။ နောက်တစ်နေ့နေ့လည်ရောက်တော့ ရွာထဲကလူတွေအားလုံး သတ်မှတ်ထားတဲ့နေရာကိုရောက်လာကြတယ်။ ကိုလွန်းမောင်တို့သုံးယောက် နဖူးမှာ ထုံးကွင်းထားကြတာကိုမြင်ကြတဲ့ ကာလသာတွေက ကြိတ်ပြီးရယ်ကာ " ပုဏ္ဏားကြီးကိုလွန်း"လို့စနောက်ခဲ့ကြတယ်။

အောင်မြတ်သာတို့ရွာကနေစထွက်လာပြီး အနောက်ဘက်တောစပ်ရောက်တဲ့အချိန်မှာ တောတွင်းတစ်နေရာစီကနေ လင်းတငါးကောင်လောက်ပျံတက်လာတာမြင်လိုက်ရတယ်။

" ဖိုးညှက် လင်းတတွေတက်လာတဲ့နေရာက ဆားကျင်းရှိတဲ့ဘက်ထင်တယ်"

" ဟုတ်လောက်တယ် အဲဒီဘက်ကလူတွေသိပ်မသွားကြဘူး တောနက်တယ်"

" ကိုကြီးလွန်းနဲ့ ကိုဖိုးညှက် ဆားကျင်းရှိတဲ့နေရာကို ပေါက်တဲ့တောလမ်းကိုကျွန်တော်သိတယ်"

ဂွတိုစကားကြောင့် ဖိုးညှက်က
" ဟုတ်လား ဘယ်လမ်းကသွားတာလဲ"

" စံပယ်ဂူလမ်းဘက်ကနေပတ်သွားရင် သိပ်မကြာဘူး လမ်းလဲကောင်းတယ် မနှစ်က ချေလိုက်ရင်းအဲဘက်ကိုရောက်ဖူးတာ"

ဂွတိုစကားကြောင့် အောင်မြတ်သာခြေလှမ်းတွေရပ်လိုက်ပြီး

" နယ်မြေကျွမ်းတဲ့သူနောက်ကိုလိုက်ကြတာပေါ့ ခုနကတက်လာတဲ့ကောင်တွေက သူတို့သခင် ကျင့်စဉ်ကျင့်နေတာကို အနှောက်အယှက်မလာအောင် ကင်းစောင့်နေကြတာ ကိုလွန်းမောင်တို့ လုပ်ရမှာက လမ်းခရီးမှာ တွေ့သမျှ လင်းတတွေကို ဒူးလေးနဲ့ပစ်ပေးရမယ် နောက်တစ်ခုက ကျွန်တော်ကမသွားနဲ့ဆိုရင် ကိုယ့်သဘောနဲ့ကိုယ်မသွားရဘူး ဒါကအရမ်းအရေးကြီးတယ် "

" စိတ်ချပါ အဲလိုမဖြစ်စေရဘူး ညီတို့ပြောတဲ့အတိုင်းလိုက်နာပါ့မယ်"

"ဒါဆို စထွက်ကြရအောင်"

အောင်မြတ်သာတို့လဲ ဂွတိုနောက်ကိုလိုက်ရင်း တောတိုးခဲ့တာ တစ်နာရီနီးပါးကြာတော့ လင်းတတွေပျံနေတဲ့နေရာနဲ့ မလှမ်းမကမ်းကိုရောက်လာခဲ့တယ်။ ကျောက်တုံးတွေအများကြီးရှိနေတဲ့နေရာကိုရောက်တော့ အောင်မြတ်သာက ဂွတိုကိုအနောက်ပြန်ခေါ်လိုက်ပြီး

" ခင်ဗျားတို့ထဲမှာ ဘယ်သူကဒူးလေးပစ်အတော်ဆုံးလဲ"

" ဂွတိုကဒူးလေးပစ်ပိုကောင်းတယ် ဘာဖြစ်လို့လဲ"

" ဂွတို ဟိုးအရှေ့မှာမြင်နေရတဲ့ သစ်ခွပင်ကိုတွေ့လား"

အောင်မြတ်သာစကားကြောင့် ဂွတိုက သစ်ခွပင်ကိုကြည့်လိုက်ပြီး

" အစိမ်းရောင်သစ်ခွပန်းပွင့်နေတဲ့အပင်လား"

" ဟုတ်တယ် အဲဒီသစ်ခွပင်အပေါ်က ဂွကြားထဲကို ဒူးလေးနဲ့ပစ်လိုက်"

" ဟင် ဘာမှမရှိတာကို ပစ်ပြီးဘာလုပ်မလို့လဲ"

ဂွတိုကနားမလည်တဲ့လေသံနဲ့မေးတော့ ဖိုးညှက်က
" ဟေ့ကောင် စကားမရှည်နဲ့ ပစ်ဆိုပစ်လိုက်ပေါ့ ငါထလုပ်လိုက်ရ"

ဖိုးညှက်စကားကြောင့် ဂွတိုဇက်လေးပုသွားပြီး

" ထတော့မလုပ်ပါနဲ့ဗျာ ပစ်ဆိုပစ်ပါ့မယ်" လို့ပြောပြီး သစ်ခွပင်အပေါ်ကဂွကြားကို ဒူးလေးနဲ့ချိန်ကာ ပစ်လွှတ်လိုက်တယ်။

" ရွှီး ဖောက်"

ဒူးလေးဆီကနေအရှိန်နဲ့ပြေးထွက်သွားတဲ့ မြှားတံကဂွကြားကိုအရောက်ဆက်မသွားတော့ပဲ တစ်စုံတစ်ခုကိုထိသွားသလို ခေတ္တငြိမ်သွားပြီး အောက်ကိုပြုတ်ကျလာခဲ့တယ်။

" ကိုလွန်း ဘာကြီးလဲဗျ ထူးဆန်းလိုက်တာ"

ကိုလွန်းမောင်လဲ နားမလည်တဲ့အကြည့်နဲ့ အောင်မြတ်သာကိုလှမ်းကြည့်တဲ့အချိန်

" ကိုလွန်း ခင်ဗျားတို့ နဖူးမှာသုတ်ထားတဲ့ ထုံးကိုယူပြီး မျက်လုံးကွင်းလိုက်"

အောင်မြတ်သာစကားအဆုံးမှာ သုံးယောက်သား နဖူးပေါ်ကထုံးကိုယူကာ မျက်လုံးကိုကွင်းလိုက်ပြီး ကြည့်လိုက်တော့ မြေကြီးပေါ်မှာ လူးလိမ့်နေတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

" ဟ ဘာကြီးတုန်း "

ဂွတိုကအလန့်တကြားပြောပြီး ဘေးပတ်လည်ကိုလိုက်ကြည့်လိုက်တယ်။

" ဒီနေရာစပ်ကနေစပြီး သူတို့နယ်မြေအဖြစ်သတ်မှတ်ထားတာ ဒီမိန်းမက ကင်းသမားလေ "

" ဒါဆိုသူ့ကိုမြှားတံထိသွားတော့ သူသေမှာပေါ့ "

" မသေပါဘူး ဒီမြှားတံမှာပါတဲ့ အင်းမစတွေက သူ့ကိုလှုပ်မရအောင်ချုပ်ထားလို့ ရုန်းကန်နေတာ သူ့ဆီသွားကြရအောင်"

အောင်မြတ်သာက သစ်ပင်အောက်မှာ ရုန်းနေတဲ့ မိန်းမအနားရောက်တော့

" ကိုလွန်း သူ့ခြေဖဝါးကိုကြည့်လိုက် ဘာတွေ့လဲ"

ကိုလွန်းမောင်လဲ လဲကျနေတဲ့အမျိုးသမီးရဲ့ခြေဖဝါးကိုကြည့်လိုက်တော့

" ဘုရား ဘုရား ငရဲမကြောက်ကြတဲ့သူတွေပဲ ဘုရားပုံတော်ကိုခြေဖဝါးမှာထိုးထားပါလား"

" ဟုတ်တယ် ဒီကျင့်စဉ်ကျင့်တဲ့သူတိုင်း မြတ်စွာဘုရားကိုဆန့်ကျင်ပြီးကျင့်ကြတယ် အောင်မြင်သွားရင် အသက်ကိုလိုသလိုဆွဲဆန့်လို့ရတယ် သေရင်တော့ အဝိစီကိုရောက်မှာ"

" ဒါဆိုသူတို့က ငရဲကျမှာသိသိကြီးနဲ့လုပ်ကြတာလား"

" ဟုတ်တယ် ဒီကျင့်စဉ်ကိုကျင့်ရင် ငရဲကျမှာသိသိကြီးကျင့်ကြတာ အရမ်းကြောက်ဖို့ကောင်းတဲ့ကျင့်စဉ်ပေါ့ "

" အခုဒီမိန်းမကိုဘယ်လိုလုပ်ကြမလဲ "

ကိုလွန်းရဲ့စကားကိုအောင်မြတ်သာပြန်မဖြေပဲ လဲကျနေတဲ့မိန်းမရဲ့ဇက်ပိုးနေရာကို လေးကွက်အင်းနဲ့ကပ်လိုက်တဲ့အချိန် ပါးစပ်ထဲကနေ ပုတ်ပွနံစော်နေတဲ့ သွေးပုတ်ရည်တွေနဲ့အတူ အသားစိမ်းတုံးတွေထွက်ကျလာခဲ့တယ်။ အသားစိမ်းတုံးကိုးတုံးတိတိထွက်ကျလာတဲ့နောက်မှာတော့ မိန်းမကြီးက လုံးဝမလှုပ်တော့ပဲ ငြိမ်သက်သွားတယ်။

" သေသွားပြီလားမသိဘူး"

ဂွတိုရဲ့စကားကိုကြားတော့ အောင်မြတ်သာက

" မသေပါဘူး သတိမေ့သွားတာ သတိပြန်ရရင် သူ့ပညာတွေရော အတိတ်ကိုပါမှတ်မိတော့မှာမဟုတ်ဘူး "လို့ပြောပြီး ထရပ်လိုက်တယ်။

" အခု ဘယ်ကိုဆက်သွားကြမလဲ"

" သူတို့ရဲ့သခင်မရှိတဲ့နေရာကိုသွားကြမယ် သက်ခိုင်‌၊တောက်ရနဲ့ ဖိုးညှက်က ညာဘက်ခြမ်းကဝင်၊ ဂွတိုနဲ့ ကိုလွန်းမောင်က ကျုပ်နဲ့လိုက်ခဲ့"လို့ပြောပြီး လမ်းခွဲလိုက်တယ်။

အရှေ့ကိုဆက်တက်လာတော့ ချေငယ်လေးတွေ၊ တောကောင်ငယ်လေးတွေ ငုံ့ပြီးယက်နေတဲ့ ကျင်းတစ်ကျင်းကိုတွေ့တော့ ဂွတိုက

" ဆရာလေး ဒါကဆားကျင်းပဲ ခုနက လင်းတတွေက ဒီနားတစ်ဝိုက်မှာပျံနေတာ"

အောင်မြတ်သာလဲဂွတိုစကားကြောင့် ဘေးဘီကိုအကဲခတ်လိုက်ပြီး

" တောက ပုံမှန်ထက် တိတ်ဆိတ်နေတယ် အပေါ်မှာပျံနေတဲ့လင်းတတွေလဲမတွေ့တော့ဘူး ကိုလွန်းမောင်နဲ့ဂွတိုကဒီမှာပဲစောင့်နေ ကျုပ်စည်းတားထားတဲ့နေရာကိုလုံးဝမကျော်လာစေနဲ့ ဒူးလေးကိုလဲအသင့်ပြင်ထားပါ ကျုပ်အခုဝင်သွားတဲ့လမ်းကြောင်းကနေထွက်လာတဲ့ မိန်းမ၊ယောင်္ကျားမှန်သမျှကိုပစ်ပါ"

' ဟုတ်ကဲ့ ကျွန်တော်တို့ လိုက်နာပါ့မယ်"

အောင်မြတ်သာလဲ ကိုလွန်းမောင်တို့ကို နေရာချပေးပြီး တောထဲကိုဝင်သွားခဲ့တယ်။ ခြေလှမ်းနှစ်ဆယ်လောက်ရောက်တော့ သစ်ပင်တွေပေါ်ကနေ ကြောင်တစ်ကောင်လိုခုန်ချလာတဲ့ မိန်းမလေးယောက်ကိုတွေ့လိုက်ရတယ်။မိန်းမလေးယောက်လဲ အောင်မြတ်သာကိုမြင်တာနဲ့ ဘာမှမမေးမမြန်းပဲ မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်တာ မြေကြီးထဲကနေ လက်မောင်းလုံးလောက်ရှိတဲ့ မြွေဟောက်အနက်တွေထွက်လာခဲ့တယ်။

ဒေါသတကြီးမာန်ဖီကာ ပါးပျဉ်းထောင်ပြီး ဝင်လာတဲ့ မြွေဟောက်တွေအနားမရောက်ခင်မှာပဲ အောင်မြတ်သာက လက်ညိုးထိပ်နဲ့မွှေ့ယမ်းလိုက်ရာ မြွေဟောက်တွေအပိုင်းပိုင်း ပြတ်ထွက်ကုန်တယ်။

အပိုင်းပိုင်းပြတ်နေတဲ့မြွေဟောက်တွေရဲ့ အစိတ်အပိုင်းတွေကနေ နောက်တစ်ကောင်ပွားလာခဲ့တယ်။ တစ်ကောင်သေရင်နှစ်ကောင်၊ နှစ်ကောင်သေရင်လေးကောင်ပွားလာခဲ့တာ အောင်မြတ်သာဘေးတစ်ဝိုက်မှာ ခြေချစရာမရှိလောက်အောင် မြွေတွေနဲ့ပြည့်နှက်သွားခဲ့တယ်။

ဒါအချိန်ဆွဲနေတယ်ဆိုတာအောင်မြတ်သာသိလိုက်တယ်။ ဒါပေမယ့်ရှေ့ဆက်တိုးလို့မရဖြစ်နေတာကိုမြင်တဲ့ မိန်းမလေးယောက်က သူတို့ထောင်ချောက်မှာ မိနေတဲ့အောင်မြတ်သာကို ခွက်ထိုးခွက်လန်ရယ်မောကာလှောင်နေကြတြ့အချိန်

" ဒုတ် ဒုတ် ဒုတ် ဒုတ်" ဆိုတဲ့အသံနဲ့အတူ မြှားလေးစင်းက မိန်းမလေးယောက်ပတ်လည်မှာရှိနေတဲ့ သစ်ပင်လေးပင်ပေါ်မှာလာစိုက်ပြီး မြှားတစ်စင်းစီကနေ ကွန်ယက်တစ်ခုလိုအလင်းတန်းတွေထွက်လာပြီး နောက်မြှားတစ်စင်းစီကိုဆက်သွယ်သွားပြီးတဲ့နောက်မှာတော့

မိန်းမလေးယောက်အပေါ်ကိုခြုံထားတဲ့ ပိုက်ကွန်သဖွယ်ကွန်ယက်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်။ မိန်းမလေးယောက်လဲ ပိုက်ကွန်ကိုမြင်တာနဲ့ထဘီကိုပြောင်းပြန်ခြုံပြီး လင်းတအသွင်နဲ့ထွက်ပြေးဖို့ကြိုးစားပေမယ့် အပေါ်မှာကာထားတဲ့ ပိုက်ကွန်နဲ့ထိပြီး အောက်ကိုလူအဖြစ်ပြန်ပြုတ်ကျလာခဲ့တယ်။

အပေါ်မှာရှိနေတဲ့ပိုက်ကွန်က တစ်ဖြေးဖြေးမြေပြင်ပေါ်နိမ့်ကျလာခဲ့ပြီး မြွေတွေရော မိန်းမလေးယောက်ကိုပါ ဖုံးအုပ်လိုက်တဲ့အချိန် အကောင်ပေါင်းများစွာသော မြွေတွေကိုယ်ကနေ မီးလောင်ကွက်တွေထလာပြီး တဟုန်းဟုန်းနဲ့မီးထတောက်လောင်ကျွမ်းသွားခဲ့တယ်။

အခြေအနေကိုရိပ်စားမိတဲ့မိန်းမတွေက ကုန်းရုန်းထဖို့ကြိုးစားပေမယ့် အပေါ်ကနေ တစ်စုံတစ်ခုနဲ့ဖိထားသလိုဖြစ်နေတဲ့အတွက် ရုန်းမထနိုင်ပဲဖြစ်နေတဲ့အချိန် သက်ခိုင်နဲ့တောက်ရအဖွဲ့က အတွင်းပိုင်းကိုဝင်သွားခဲ့တယ်။

မိန်းမလေးယောက်လှုပ်မရတဲ့အခြေအနေကိုမြင်တော့မှအောင်မြတ်သာအရှေ့ကိုဆက်ထွက်လာပြီး သက်ခိုင်တို့နဲ့ပေါင်းမိတဲ့အချိန် တောင်ဝှေးကိုယ်စီကိုင်ထားတဲ့ ယောင်္ကျားရှစ်ယောက်က မလှမ်းမကမ်းက ကျောက်ဂူဝမှာပိတ်ပြီးရပ်နေတာမြင်လိုက်ရတယ်။

" ဒါက သူတို့သခင်မ ကျင့်စဉ်ကျင့်တဲ့ဂူပဲ ကျင့်စဉ်ကျင့်နေတဲ့အချိန် လှုပ်ရှားတာနဲ့ သူသေမှာဆိုတော့ ဒီလူတွေက ငါတို့ကိုအသေအလဲခုခံကြမှာ သက်ခိုင်နဲ့တောက်ရက သူတို့ကိုထိန်းထား ငါကအထဲဝင်မယ် ကိုဖိုးညှက်ကတော့ အနောက်ပြန်ဆုတ်ပြီး ဂွတိုတို့ဆီပြန်သွားပါ"

အောင်မြတ်သာက တာဝန်အသီးသီးခွဲဝေပြီးတဲ့အချိန် ဂူပေါက်ဝမှာရပ်နေတဲ့ လူရှစ်ယောက်က သူတို့ရဲ့တောင်ဝှေးတွေကို လေပေါ်မြောက်ပြီး ပါးစပ်ကနေ ဂါထာတစ်ခုကိုရွတ်လိုက်ရာ ကျောက်ဂူပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်တွေပေါ်ကနေ လင်တအကောင်ပေါင်းများစွာ ရွှေတဆုပ်ရွာဘက်ကိုပျံထွက်သွားကြတယ်။

" ငါတို့ကိုမနိုင်လို့ ဒီကောင်တွေရွာကိုယုတ်မာတော့မယ် သက်ခိုင်နဲ့တောက်ရ သူတို့ကိုဝင်တိုက်တော့ "

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရ အရှေ့ကိုတိုးသွားပြီး အင်းချပ်တွေကို ဂူပေါက်ဝမှာရှိတဲ့လူတွေဆီပစ်ထည့်လိုက်တယ်။

အင်းချပ်တွေဂူပေါက်ဝကိုရောက်တဲ့အချိန် တစ်ဝုန်းဝုန်းနဲ့ မီးတောက်တွေထလာပြီး လူရှစ်ယောက်ကိုဝိုင်းထားသလိုဖြစ်သွားတယ်။

အဲဒီအချိန်အောင်မြတ်သာကရုတ်တရက်ဆိုသလိုပျောက်သွားတယ်။ အောင်မြတ်သာကိုမမြင်တော့တာနဲ့ ဂူပေါက်ဝကလူတွေပြာယာခတ်သွားပြီး ဂူထဲပြေးဝင်ဖို့ ဂူပေါက်ဝကိုခြေချလိုက်တာနဲ့ အနောက်ကိုပြန်ကန်ထွက်ပြီး လွင့်စင်သွားတယ်။

သက်ခိုင်နဲ့တောက်ရ ဂူပေါက်ဝကိုကြည့်လိုက်တော့ အဝင်အပေါက်မှာ ရှစ်ကွက်အင်းစာရွက်တစ်ရွက်ကပ်နေတာတွေ့လိုက်ရတယ်။ အဲဒီအချိန် တောင်ဝှေးကိုယ်စီကိုင်ထားတဲ့လူတွေက သက်ခိုင်နဲ့တောက်ရတို့ရှိရာပြေးဝင်လာတဲ့အချိန် သက်ခိုင်က လက်ညိုးထိပ်နဲ့ မြေကြီးပေါ်မှာ စည်းဝိုင်းကာ ရှစ်ကွက်အင်းကို ဆွဲလိုက်တယ်။

တောင်ဝှေးနဲ့လူတွေက သူတို့ပညာအစွမ်းနဲ့ သက်ခိုင်တို့ကိုတိုက်ပေမယ့် စည်းဝိုင်းအနားရောက်တာနဲ့ ပညာတွေကလွင့်ပြယ်ကုန်တယ်။

အောင်မြတ်သာအထဲကိုရောက်သွားတော့ ကညင်မီးတိုင်တွေထွန်းထားတဲ့ဂူအလယ်မှာ မိန်းမတစ်ယောက်ဆံပင်ဖားလျားချပြီး ဘုရားဆင်းတုတော်နှစ်ဆူကိုခြေထောက်တင်ကာ ဆောင့်ကြောင့်ထိုင်နေတာမြင်လိုက်ရတယ်။

သူထိုင်နေတဲ့အောက်ခြေမှာတော့ ပေါင်းများစွာကိုတစ်စစီထုချေပြီးပလ္လင်လိုလုပ်ပြီး ဆင်းတုတော်တစ်ဆူရဲ့ဦးခေါင်းပေါ်မှာ ပျားဖယောင်းတိုင်အကြီးတစ်တိုင်ကို ထွန်းထားတာမြင်လိုက်ရတယ်။

ပျားဖယောင်းတိုင်က လူကြီးပေါင်လုံးလောက်အရွယ်အစားရှိပြီး လက်နှစ်ဆစ်ခန့်သာကျန်တော့တာမြင်တော့ အောင်မြတ်သာအသံထွက်အောင်ရယ်လိုက်ပြီး

" သင် ကျင့်စဉ်အောင်မြင်ဖို့ လက်နှစ်ဆစ်ပဲလိုတဲ့အချိန် ကျုပ်တို့ရောက်လာတော့ သင်ဘယ်လိုခံစားရလဲ"

အောင်မြတ်သာစကားအဆုံးမှာ ဆောင့်ကြောင့်ထိုင်နေတဲ့မိန်းမကြီးရဲ့မျက်လုံးဖြတ်ခနဲပွင့်လာပြီး အောင်မြတ်သာကိုစူးစိုက်ကြည့်နေခဲ့တယ်။

" အောက်လမ်းကျင့်စ‌ဉ်တွေထဲမှာ အမိုက်ရိုင်းဆုံး အကြမ်းတမ်းဆုံးကျင့်စဉ်အောင်မြင်ခါနီးတော့မယ် ဒါပေမယ့် သင့်လိုမိုက်ရိုင်းယုတ်မာတဲ့ လူမျိုးက ဒီလိုကျင့်စဉ်နဲ့ပဲလိုက်ဖက်ပါတယ် ဒါပေမယ့် သင်အောင်မြင်မှာမဟုတ်ဘူး ဘာလို့ဆိုတော့..."

အောင်မြတ်သာက စကားပြောနေရင်း ရုတ်တရက်ရပ်လိုက်ပြီး အရှေ့မှာထွန်းထားတဲ့ ပျားဖယောင်းတိုင်ကို လက်ပြန်ရိုက်ချလိုက်တယ်။

"ဝုန်း"ဆိုတဲ့အသံနဲ့အတူ ပျားဖယောင်းတိုင်အောက်ကိုကျတဲ့အချိန် ဆောင့်ကြောင့်ထိုင်နေတဲ့မိန်းမကြီးလဲ အနောက်ကိုဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။

အောင်မြတ်သာလဲ လွင့်ထွက်သွားတဲ့ မိန်းမကြီးဆီကိုတစ်လှမ်းချင်းလျောက်လာပြီး

" သင်ပညာတွေအကုန်ထုတ်ပြီး ဒီကျင့်စဉ်ကိုကျင့်နေရတာဆိုတော့ ကျုပ်ကိုပြန်ခုခံဖို့ဘယ်တတ်နိုင်ပါ့မလဲ သင့်ရဲ့အတော်ဆုံးအစွမ်း
ထက်ဆုံးတပည့်တွေလဲ အရှေ့မှာကျရှုံးနေပြီ သင်မြဲမြဲမှတ်ထားရမှာကဘာလဲဆိုတော့ အထက်လမ်းကျင့်စဉ်ကို အောက်လမ်းကျင့်စဉ်တွေက ဘယ်တော့မှ အနိုင်ရမှာမဟုတ်ဘူး ဆိုတာပဲ"

လဲကျနေတဲ့ မိန်းမကြီးက အောင်မြတ်သာစကားကိုကြားတော့ ပါးစပ်ကနေ တစ်ပွက်ပွက်အန်နေတဲ့ သွေးတွေကိုလက်နဲ့သုတ်လိုက်ပြီး

" ငါငရဲကိုမကြောက်လို့ ဒီလိုလုပ်တာ နင့်ကိုကြောက်ရမှာလား ဟားဟား နင့်လက်ထဲတော့ ငါအသေမခံဘူး ငါ့ကိုယ်ငါပဲသတ်သေမယ်" လို့ပြောပြီး ဘေးမှာရှိနေတဲ့ ကျောက်နံရံနဲ့ခေါင်းကို ဆောင့်ချလိုက်တဲ့အချိန် အောင်မြတ်သာဂူပေါက်ဝကိုမျက်နှာမူပြီးသားဖြစ်သွားတယ်။

" ခွပ်"ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ခြေလှမ်းတွေက ဂူပေါက်ဝကိုဦးတည်ခဲ့လိုက်တယ်။ ဂူပေါက်ဝရောက်တော့

" ဆရာ ဒီကောင်တွေ သူတို့သခင်မရှုံးတယ်ဆိုတာသိတာနဲ့ ရင်ဘတ်ထဲက‌နေဆေးလုံးတွေထုတ်ပြီးဝါးစားလိုက်တာ အခုမြင်တဲ့အတိုင်းသေကုန်တာပဲ"

အောင်မြတ်သာလဲသက်ခိုင်စကားကြောင့် မြေပြင်ပေါ်လဲကျနေတဲ့သူတွေကိုကြည့်လိုက်ပြီး
" သစ္စာရှိတာကိုတော့လေးစားသင့်တယ် ဒါပေမယ့် ဆရာတင်မှားတာက သူတို့ရဲ့ကုသိုလ်ကံပဲ တစ်ဘဝစံအချို့တော့ ငရဲကိုသွားကုန်ပြီ ကျန်တဲ့သူတွေကိုတော့ အပြစ်လျော့အောင်ဖျောင်းဖျကြည့်ရမှာပဲ"လို့ပြောကာ ဆားကျင်းရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

ဆားကျင်းဘက်ရောက်တော့ မြေကြီးပေါ်မှာ လူးလိမ့်နေတဲ့ မိန်းမလေးယောက်အပြင် နောက်ထပ်သုံးယောက်ကိုပါမြင်လိုက်ရတယ်။

အောင်မြတ်သာတို့ကိုမြင်တော့ ကိုလွန်းမောင် ထလာပြီး

" ဆရာတို့ဘက်ကနေ လင်းတတွေပျံလာတာ ပစ်ချိန်မရလိုက်ဘူး ဒါပေမယ့် သုံးကောင်တော့ထိသွားတယ်"

" အကုန်ကြိုးတုတ်ပြီးရွာကိုခေါ်လာခဲ့ကြ ရွာမှာလဲ ဘယ်လောက်မိထားလဲမသိဘူး"

အောင်မြတ်သာစကားအဆုံးမှာ ဂွတိုက တောထဲမှာပေါက်နေတဲ့နွယ်အချို့ကိုဖြတ်ယူကာ ဖမ်းမိထားတဲ့ မိန်းမခုနှစ်ယောက်ကို လက်ပြန်ကြိုးတုတ်ကာဆွဲခေါ်လာခဲ့တယ်။

" ဆရာ သူတို့မှာ ပညာမရှိတော့ဘူးလား"

" ကိုလွန်းမောင်တို့မြှားမှာဆွဲထားတဲ့အင်းစမတွေက ပညာဖျက်တဲ့နေရာမှာသုံးတဲ့အင်းတွေပဲ ဒီမြှားနဲ့ထိတဲ့သူမှန်သမျှ ပညာပျက်တာပဲ ဒါပေမယ့် သူတို့ကိုယ်ထဲကျန်နေတဲ့မကောင်းတဲ့အရာတွေကိုတော့ဖယ်ထုတ်ပေးရတာပေါ့"

စကားတစ်ပြောပြောနဲ့လျောက်လာခဲ့တာ ညနေနေဝင်ရီတစ်ရောအချိန်ရောက်တော့ ရွာရဲ့အနောက်တောစပ်ကိုရောက်လာခဲ့တယ်။

ကိုလွန်းမောင်က စိုးရိမ်တကြီးနဲ့ ရွာဘက်ကိုလှမ်းကြည့်လိုက်တော့ ရွာအပြင်စည်းရိုးရှေ့မှာ အတုံးအရုံးလဲကျနေတဲ့ ဝတ်စုံအနက်ရောင်တွေကိုမြင်ရတော့မှ သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။

အောင်မြတ်သာတို့ရွာဘက်ကိုဝင်လာတာမြင်တော့ ရွာသားတွေက လင့်စင်ပေါ်ကနေ "ဟေး"ကနဲအော်ပြီး လက်ပြနှုတ်ဆက်ကြတယ်။ ရွာစည်းရိုးနားရောက်တော့ မြေပြင်ပေါ်မှာလူးလိမ့်နေတဲ့ မိန်းမယောင်္ကျားစုစုပေါင်း ငါးဆယ်လောက်ကိုမြင်လိုက်ရတော့ ကိုလွန်းမောင်အံ့အားသင့်သွားတယ်။

အောင်မြတ်သာလဲနေဝင်တော့မှာမို့ ဖမ်းမိထားတဲ့ သူတွေကိုလိုက်စစ်တော့ ဆယ်ယောက်လောက်က ကိုယ့်ကိုကိုယ်သတ်သေထားတာမြင်လိုက်ရတယ်။ကျန်တဲ့သူတွေကိုတော့ ပညာထုတ်ဖို့ ပြင်ဆင်နေတဲ့အချိန်

" ဆရာ ကျွန်မကိုလူကောင်းဖြစ်အောင်လုပ်ပေးပါ ဒီပညာတွေကိုသိမ်းချင်သိမ်းပါ လူကောင်းတစ်ယောက်ဖြစ်ရင်ကျေနပ်ပါပြီ"ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ အသက်နှစ်ဆယ်အရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဒီလိုယုတ်မာတဲ့အဖွဲ့ထဲကိုဝင်ထားတဲ့ မင်းပြောတဲ့စကားကို ဘယ်လိုယုံရမှာလဲ"

တောက်ရကမိန်းကလေးကိုဖိဟောက်ရင်း ပြောဆိုနေတာကြားတော့ အောင်မြတ်သာအရှေ့ကိုထွက်လာပြီး

" မင်းကဘယ်လိုကြောင့် ဒီအဖွဲ့ထဲရောက်လာတာလဲ"

" ကျွန်မကအတင်းအကြပ်စေခိုင်းခံရသူပါ သူများတွေလို အရုပ်လဲမထိုးရသေးပါဘူး မွေးရာပါပညာတတ်ခဲ့လို့ သူတို့အဖွဲ့ထဲကိုဝင်ဖို့ဖိအားပေးခံခဲ့ရတာပါ မဝင်ရင် အဖေနဲ့အမေကိုသတ်မယ်လို့လဲခြိမ်းခြောက်ထားပါတယ် "

" မင်းစကားတွေကိုဘယ်လိုယုံရမလဲ "

" မယုံရင် ‌ဘူးစင်တစ်ထောင်ရွာမှာ မိငယ်လေးအကြောင်းစုံစမ်းလို့ရပါတယ် ကျွန်မသာမန်လူတစ်ယောက်အဖြစ်နေချင်လို့ပါ ဒီအဖွဲ့ထဲရောက်ထဲက လူလဲမသတ်ခဲ့ပါဘူး သူတစ်ပါးကိုလဲဒုက္ခမပေးခဲ့ဘူး ကျွန်မကိုဘယ်မြှားမှမမှန်တာကိုပဲရြည့်ပါ ကျွန်မသဘောနဲ့ ဆရာတို့ကိုစောင့်နေတာပါ"

မိန်းကလေးရဲ့စကားကြောင့် အောင်မြတ်သာအနည်းငယ်စဉ်းစားလိုက်ပြီး

" ဒီကလေးမကို ခဏဖယ်ထားပြီး ကျန်တဲ့သူတွေရဲ့ဂုတ်ပိုးမှာ ဒီအင်းပြားလေးတွေလိုက်ကပ်ပေးကြ"

အောင်မြတ်သာကအင်းချပ်တွေကိုဝေပြီးတဲ့အချိန် မိန်းကလေးအနားသွားပြီး

" မင်းတော့သစ္စာရေသောက်ရမယ် ပညာအပ်ရမယ် ပြီးရင်မင်းနေတဲ့ရွာကို ငါတို့ကိုယ်တိုင်လိုက်ပို့မယ် လိမ်ပြောတာ ညာပြောတာဆိုရင် မင်းအပြစ်မင်းခံရလိမ့်မယ် သက်ခိုင် သူ့ကိုအင်းစမမီးရှို့ပြီး ရေဖျောက်တိုက်သစ္စာဆိုခိုင်းလိုက်ပါ"

အောင်မြတ်သာတို့ပညာထုတ်အပြီး သတိလစ်နေတဲ့သူတွေကို ရွာသားတွေနဲ့စောင့်ကြည့်ခိုင်းလိုက်ပြီး သတိရတာနဲ့ခြေဦးတည့်ရာလွှတ်ပေးဖို့မှာခဲ့တယ်။

အောင်မြတ်သာတို့လဲ ရွှေတဆုပ်ရွာမှာ သုံးရက်လောက်နေခဲ့ပြီး ရွာလုံခြုံရေးကိုအကောင်းဆုံးစီမံပေးခဲ့တယ်။

အခုဆိုရင် ရွှေတဆုပ်ရွာရဲ့အဝင်မှာ အောင်မြတ်သာရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ လေးကွက်အင်းကို ပန်းပုထုကာ အမှတ်တရချိတ်ဆွဲခဲ့ကြတယ်။

စုန်းဖမ်းတဲ့အကြောင်းအရာတွေက ရွှေတဆုပ်ရွာမှာကြီးပြင်းလာတဲ့ကလေးတွေရဲ့ညအိပ်ယာဝင်ဇာတ်လမ်းလေးတစ်ခုဖြစ်လာခဲ့တယ်။

အောင်မြတ်သာတို့ဆရာတပည့်တွေ ရွှေတဆုပ်ရွာကနေ မိန်းကလေးရဲ့ရွာဖြစ်တဲ့ ဘူးစင်တစ်ထောင်ဆိုတဲ့ရွာကိုအရောက်မှာ ကြုံတွေ့ရမယ့်ထူးခြားဆန်းကျယ်ဖြစ်ရပ်တွေ၊ တစ်ရွာလုံးနီးပါး ပညာသည်တွေဖြစ်နေကြတဲ့ ဖြစ်ရပ်တွေ၊ တစ်ရွာလုံးကို မည်သို့မည်ပုံဆုံးမချေချွတ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ဘူးစင်တစ်ထောင်ရွာဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment