အောင်မြတ်သာနှင့်ဘူးစင်တစ်ထောင်ရွာ

အောင်မြတ်သာနှင့်ဘူးစင်တစ်ထောင်ရွာ ရိတ်သိမ်းပြီးစ လယ်ကွင်းတွေရဲ့ဘေးမှာ ဖောက်လုပ်ထားတဲ့ ကန်သင်းရိုးပေါ်ကနေ မိန်းကလေးတစ်ဦးက မနှေးမမြန်လွန်းတဲ့ခ... thumbnail 1 summary
အောင်မြတ်သာနှင့်ဘူးစင်တစ်ထောင်ရွာ
ရိတ်သိမ်းပြီးစ လယ်ကွင်းတွေရဲ့ဘေးမှာ ဖောက်လုပ်ထားတဲ့ ကန်သင်းရိုးပေါ်ကနေ မိန်းကလေးတစ်ဦးက မနှေးမမြန်လွန်းတဲ့ခြေလှမ်းတွေနဲ့လျောက်လာနေခဲ့တယ်။ သူ့ရဲ့အနောက်မလှမ်းမကမ်းမှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့‌အောင်မြတ်သာတို့ဆရာတပည့်တွေပါလာခဲ့တယ်။
အရှေ့ကနေလျောက်နေတဲ့မိန်းကလေးရဲ့ မျက်ဝန်းအိမ်ထဲမှာတော့ စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်းတွေကြီးစိုးနေတဲ့အရိပ်အယောင်ကိုမြင်တွေ့နေရတယ်။ ကန်သင်းရိုးစပ်အကျော်ကိုရောက်တော့ အရှေ့ကနေသွားနေတဲ့ မိန်းကလေးငယ်က ရုတ်တရက်ရပ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လိုက်ကာ
" အရှေ့ရောက်ရင် ရွာကိုရောက်တော့မယ် တစ်ရွာလုံးနီးပါး ပညာသည်တွေဖြစ်လို့ သတိတော့ထားရမယ်" လို့ပြောလိုက်တော့ အောင်မြတ်သာက
" စိတ်ချပါ သူတို့ပညာတွေကြောင့် ကျုပ်တို့မထိခိုက်ပါဘူး နှမကိုလဲထိခိုက်မှာမဟုတ်ဘူး ဘာကြောင့်ဆိုတော့ ပညာနှုတ်တဲ့အချိန်တိုက်လိုက်တဲ့ သစ္စာရေထဲမှာ အင်းစမပြာတွေပါတယ် ဒါကြောင့် စိတ်မပူပါနဲ့"
အောင်မြတ်သာစကားအဆုံးမှာ မိန်းကလေးက သက်ပြင်းရှည်တစ်ချက်ကိုချကာ အရှေ့ကိုဆက်လျောက်သွားခဲ့တယ်။
" ဘူးစင်တစ်ထောင်ရွာ"
မပြုပြင်တာကြာပြီဖြစ်ပြီဖြစ်တဲ့ ရွာဆိုင်းဘုတ်က မှေးမိန်နေပြီး စာလုံး‌တစ်ချို့တောင်ပျက်လုနီးနီးဖြစ်နေခဲ့တယ်။
ဆိုင်းဘုတ်တင်ထားတဲ့နေရာကနေ ရွာထဲကိုခြေလှမ်းစဝင်လိုက်တာနဲ့ အမျိုးအမည်မသိတဲ့ တွန်းကန်လှိုင်းတစ်ခုက အောင်မြတ်သာရဲ့ မျက်နှာကိုလာရိုက်တာသတိထားမိလိုက်တယ်။
အဲဒီအချိန် အရှေ့ကနေသွားနေတဲ့အမျိုးသမီးငယ်က
" ဆရာ တစ်ခုခုခံစားလိုက်ရတယ်မဟုတ်လား ဒီအရာက ဝမ်းမြောက်ဝမ်းသာကြိုဆိုခြင်းတော့မဟုတ်ဘူးနော်"
" ကျုပ်သိပါတယ် နှမရဲ့အိမ်ကိုသာအရင်သွားပါ "
မိန်းမပျိုကအောင်မြတ်သာစကားကြောင့် ဘာမှဆက်မပြောတော့ပဲ ရွာလမ်းမကြီးအတိုင်းဆက်လျောက်လာခဲ့တယ်။
ရွာထဲကိုစဝင်လာတာနဲ့ ကြုံလိုက်ရတဲ့အဖြစ်ကြောင့် အောင်မြတ်သာရဲ့မျက်လုံးတွေက သားရဲတစ်ကောင်လိုစူးရှလာပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကာ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်တယ်။
ရွာအဝင်ကနေစပြီး ယခုအချိန်ထိ ရွာလမ်းမပေါ်မှာသက်ရှိနဲ့တူတာဆိုလို့ ခွေး‌တစ်ကောင် ကြောင်တစ်မြှီးမှမရှိတာတွေ့တော့ သက်ခိုင်နဲ့ တောက်ရ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အဒိပ္ပါယ်ပါပါ ခေါင်းဆတ်ပြလိုက်တယ်။
ဒီလိုနဲ့ လျောက်လာရင်း ခေါင်ရမ်းပန်းပင်တွေ စိုက်ထားတဲ့ အိမ်ရှေ့ရောက်တော့ အမျိုးသမီးငယ်က
" အမေ အဖေ သမီးပြန်လာပြီ အမေ အဖေ ဘယ်သူမှမရှိကြဘူးလားမသိဘူး"
အားနာစွာနဲ့ပြောလာတဲ့မိန်းကလေးရဲ့စကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး
" ရတယ်နှမ ကျုပ်တို့က ငါ့နှမကိုအိမ်တိုင်ရာရောက်လာပြန်ပို့တာဖြစ်လို့ ကျုပ်တို့အလုပ်ပြီးပါပြီ ခွင့်ပြုပါဦး"
အောင်မြတ်သာတို့လဲ မိန်းကလေးငယ်ကိုနှုတ်ဆက်ပြီး ရွာအပြင်ဘက်ကိုပြန်ထွက်လာတဲ့အချိန် အဝင်တုန်းက လူတစ်ယောက်မှမရှိတဲ့ အိမ်တွေကနေ တစ်ယောက်စီထွက်လာလာမြင်လိုက်ရတယ်။
တစ်အိမ်တစ်ယောက်နှုန်းထွက်လာတဲ့ လူတွေက အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကို အမြင်မကြည်တဲ့မျက်နှာပေးတွေနဲ့ကြည့်နေကြတာမြင်တော့ သက်ခိုင်က
" ဆရာ ခုနက တစ်ယောက်မှမတွေ့တဲ့လူတွေက အခုမှထွက်လာပြီး ဘုကြည့်ကြည့်နေကြတာ စိတ်ထဲတစ်မျိုးပဲ"
" သိပ်လဲစိတ်ပူမနေပါနဲ့ အခုထွက်လာကြတဲ့သူတွေက အဆင့်မြင့်ပညာသည်တွေကြီးပဲ ငါတို့ကို ရွာထဲကပေးထွက်ချင်မှပေးထွက်မှာ"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နားရွက်နီစ်ဖက်လုံးထူပူသွားပြီး
" အခုလိုတစ်ရွာလုံးနီးပါး အဆင့်မြင့်ပညာသည်တွေရှိတဲ့ရွာမျိုးမကြားဖူးခဲ့ဘူး ဘယ်လိုဆက်လုပ်ကြမလဲဆရာ"
" ဘယ်တတ်နိုင်မလဲ မီးစင်ကြည့်ကရတော့မှာပေါ့ ကိုယ့်ဘက်ကသူတို့ကို အန္တရာယ်မပြုရင် သူတို့ဘက်ကလဲ အန္တရာယ်ပြုမယ့်ပုံတော့မမြင်ဘူး"
အောင်မြတ်သာတို့လဲ ဘေးဘီအခြေအနေကိုကြည့်ပြီးထွက်လာခဲ့တာ ရွာထိပ်ကိုရောက်တော့
" ကျုပ်တို့ရွာကို ဒီလိုဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရရိုးလား ဟားဟားဟား" ဆိုတဲ့အသံနဲ့အတူ ရွာအဝင်ဆိုင်းဘုတ်ဘေးမှာရပ်နေတဲ့ လူကြီးတစ်ဦးကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာလဲရွာထိပ်မှာရပ်စောင့်နေတဲ့လူကြီးရဲ့စကားကိုကြားတော့ အနည်းငယ်ပြုံးလိုက်ပြီး
" ကျုပ်တို့ကရွာဓလေ့ကိုမသိလို့ ဝင်လာမိတာပါ အဲဒီအတွက်လဲ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်"
အောင်မြတ်သာစကားကြောင့် ဆိုင်းဘုတ်ကိုမှီပြီးရပ်နေတဲ့လူကြီးက အောင်မြတ်သာတို့ရှိရာ လျောက်လာပြီး
" မင်းတို့က ဒီရွာက ကလေးမကိုလာပြန်ပို့တာထင်တယ် "
" ဟုတ်ပါတယ် သူ့ဇာတိကိုပြန်ချင်တယ်ဆိုလို့ လာပို့ပေးတာပါ"
" သူ့ရဲ့ပညာနဲ့ဆိုရင် လမ်းလျောက်လာစရာမလိုတာ တစ်ရွာလုံးအသိပဲ အခုလိုဖြစ်ပုံကိုကြည့်ရင် သူ့ပညာတွေကို မင်းတို့သိမ်းလိုက်ကြပြီထင်တယ်"
" အဲလိုလဲမဟုတ်သေးပါဘူးဦးကြီး ဒီပညာရပ်တွေက သုံးတတ်ရင် လူ့ဘောင်ကိုအရမ်းအကျိုးပြုစေပါတယ် မသုံးတတ်ရင်တော့ ခုနှစ်ရက်သားသမီးကိုအကျိုးယုတ်စေပါတယ် ဒါကြောင့် သူ့ဘဝရှေ့ရေးကောင်းစေချင်လို့ ပညာသိမ်းလိုက်ရတာပါ"
" အဟက်အဟက် ဒါဆို မင်းတို့သုံးယောက်က ဆရာတွေပေါ့ ငါတို့ရွာကလဲ ဒီလိုလူမျိုးတွေနဲ့ဆုံရတာကိုအရမ်းသဘောကျသကွဲ့ အခုတော့မင်းတို့ရွာပြင်ထွက်လို့မရသေးဘူး ရွာသားတွေရဲ့ စမ်းသပ်မှုကိုခံယူရဦးမယ်"
" ဘယ်လိုစမ်းသပ်မှုလဲဘကြီး"
" စမ်းသပ်မှုကတော့ ရိုးရှင်းပါတယ် ဒီရွာထဲမှာရှိတဲ့ အိမ်အချို့ကိုမင်းတို့အလည်သွားရမယ် ရွာကသေးတော့ အိမ်ခြေကသိပ်များများစားစားမရှိပါဘူး အခုကစပြီး ရွာထဲဝင်သွားတဲ့အခါ အိမ်တံခါးမကြီးဖွင့်ထားတဲ့အိမ်နဲ့ ပိတ်ထားတဲ့အိမ်ဆိုပြီးနှစ်မျိုးတွေ့ရလိမ့်မယ် ဖွင့်ထားတဲ့အိမ်တွေ့ရင် အထဲကိုဝင်ပြီးသူတို့ရဲ့ဧည့်ခံမှုကို အသိအမှတ်ပြုပေးရမယ် ပိတ်ထားရင်တော့ဝင်စရာမလိုဘူးပေါ့ကွာ "
" ဖြစ်လာမယ့်အကျိုးဆက်ကရော ဘာများလဲဗျ"
အောင်မြတ်သာရဲ့စကားကြောင့် တောင်ဝှေးကိုအားယူပြီး ရပ်နေတဲ့လူကြီးက
" မင်းကသဘောပေါက်လွယ်သားပဲ အကျိုးဆက်ကတော့ မင်းတို့ရဲ့အသိအမှတ်ပြုမှုကိုလက်ခံတဲ့အိမ်တွေက တံခါးတွေပြန်ပိတ်သွားလိမ့်မယ် ဒီတော့ တစ်ရွာလုံးကအိမ်တွေ တံခါးပိတ်ထားရင် မင်းတို့ဘေးကင်းကင်းနဲ့လိုရာခရီးကိုဆက်လို့ရပြီ တစ်အိမ်အိမ်ဆီက မကျေနပ်ဘူးဆိုရင်တော့ ပေးဆပ်ရမှာက မင်းတို့ရဲ့အသက်ပဲ"
လေသံအေးအေးနဲ့တစ်လုံးချင်းပြောနေတဲ့လူကြီးရဲ့စကားတွေက ကြောက်မက်ဖွယ်ရာကောင်းခဲ့တယ်။
" ကောင်းပြီလေ သူ့အရပ်သူ့ဇာတ်ဆိုတော့လဲ ရွာခံတွေပြောတဲ့အတိုင်းလုပ်ရမှာပေါ့ အခုကျုပ်တို့ရွာထဲလိုက်လည်လို့ရပြီလား"
" ရပါ့ဗျာ ရပါ့ ပထမဆုံးတွေ့တဲ့အိမ်ကနေစပြီး
ကြည့်သွားကြပေါ့ ရွာခံလူတွေက မင်းတို့ကိုဧည့်ခံဖို့အသင့်စောင့်နေကြပြီ"
တောင်ဝှေးနဲ့လူကြီးစကားအဆုံးမှာ အောင်မြတ်သာက ရွာထဲဘက်ကိုပြန်လှည့်လိုက်ပြီး
" ကဲ ဘူးစင်တစ်ထောင်ကရွာသားတွေဘယ်လိုဧည့်ခံမလဲမြည်းစမ်းကြည့်ရအောင်"လို့ပြောကာ ရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။
" ဆရာ ဘာလို့ဒီလူကြီးကို မတိုက်ပဲ ရွာထဲပြန်ဝင်လာခဲ့တာလဲ"
" သက်ခိုင် ငါတို့သူ့ကိုတိုက်ရင်ရော ရွာထဲကထွက်လို့ရမယ်ထင်လား ငါတို့အတင်းဖောက်ထွက်ပြီပဲထား ကျန်ခဲ့တဲ့ မိန်းကလေးတို့မိသားစုဘေးကင်းမယ်ထင်လား ဒါကြောင့်ဒီလမ်းကိုရွေးခဲ့တာ"
" ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မှာပဲ ဆရာ ဟိုးမှာ"
သက်ခိုင်ကစကားပြောရင်း မေးငေါ့ပြလို့ကြည့်လိုက်တော့ အိမ်တံခါးမကြီးနှစ်ချပ်ကိုဖွင့်ထားတဲ့ အိမ်တစ်အိမ်ကိုမြင်လိုက်ရတယ်။
" ကဲ ငါတို့တော့ ဈေးဦးပေါက်ပြီထင်တယ် ဝင်လိုက်ကြစို့"
အောင်မြတ်သာကပြောရင်းဆိုရင်း တံခါးဖွင့်ထားတဲ့အိမ်ရှေ့ကိုဝင်လိုက်ပြီး
" အိမ်ရှင်တို့ အိမ်ရှင်တို့ အထဲဝင်ခွင့်ပြုပါဦး"လို့ပြောလိုက်တော့ အထဲကနေ
" လာကြ လာကြ မောင်ရင်တို့ရွာထဲစဝင်လာထဲက အိမ်ထဲကနေကြည့်နေတာ လွတ်လွတ်လပ်လပ်ထိုင်ကြ မိနှင်းရေ နင့်အကိုတွေအတွက် ရေနွေးကြမ်းအိုးနဲ့လက်ဖက်သုတ်လေးယူလာပါဦး"ဆိုတဲ့အသံနဲ့အတူ ခါးအနည်းငယ်ကိုင်းနေတဲ့ အမယ်အိုကြီးတစ်ယောက်ထွက်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ အမယ်အိုကြီးခင်းထားပေးတဲ့မြက်ဖျာပေါ်ဝင်ထိုင်လိုက်ပြီး
" နေကောင်းပါရဲ့လား အဖွား"
" အေး ကောင်းပါတယ်ကွယ် တစ်ခါတစ်လေ ထင်းလေးဘာလေးခွဲလို့ ခါးနည်းနည်းကိုက်တာလောက်ပဲရှိတာ"
အမယ်အိုစကားကြောင့် သက်ခိုင်က
" ဒီအသက်အရွယ်နဲ့အဖွားက ထင်းခွဲနိုင်သေးတာလား "
" လှည်းတစ်စီးတိုက်စာလောက်ပဲနိုင်တော့တာ ဒါကြောင့်ဖွယ်ဖွယ်ရာရာဧည့်မခံနိုင်တာသည်းခံပေးပါ"
အမယ်အိုရဲ့စကားကြောင့် သက်ခိုင်နဲ့ တောက်ရ ပါးစပ်အဟောင်းသားဖြစ်သွားတဲ့အချိန်
" ရေနွေးကြမ်းလေးနဲ့ လက်ဖက်လေးသုံးဆောင်ကြပါဦး" ဆိုတဲ့အသံနဲ့အတူ သနပ်ခါးကိုပါးနှစ်ဖက်မှာညီနေအောင်လူးထားတဲ့ အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက မိန်းကလေးကို တစ်ချက်ကြည့်ပြီး မျက်နှာလွှဲလိုက်တာမြင်တော့ အမယ်အိုမျက်နှာပျက်သွားတာကို သက်ခိုင်သတိထားမိလိုက်တယ်။
" ခုနက လာပို့တာ မြေးမလေးလေ အမေလဲမရှိအဖေလဲမရှိဆိုတော့ အဖွားကပဲ ကျွေးမွေးလာခဲ့တာ"
" သူ့မိဘတွေက ဘယ်အရွယ်မှာဆုံးသွားကြတာလဲ"
" သူ့အမေနဲ့သူ့အဖေက တစ်ရက်ပဲခြားပြီးသေတာ "
အမယ်အိုစကားကြောင့်အောင်မြတ်သာက
" ပညာပြိုင်တယ်ဆိုတာတကယ်တော့အတ္တတစ်ခုပဲ ဒီအတွက်ကြောင့်လဲ ရွာကလူတွေဘယ်လောက်တောင်ဆုံးရှုံးခဲ့ရလဲဆိုတာ အဖွားလဲသိမှာပါ"
" ဟင်းဟင်း သိပါ့တော် သိပါ့ စကားကောင်းနေလိုက်တာ ဘာမှတောင်မစားကြဘူး စားကြ စားကြ"ဆိုပြီးအောင်မြတ်သာအရှေ့ကိုလက်ဖက်ပန်းကန်တိုးပေးလိုက်တယ်။
" အဖွား ကျုပ်တို့အပေါ်စေတနာရှိရင် ဆန်ပုံးထဲမှာထည့်ထားတဲ့ ခေါပုတ်ကင်လေးချကျွေးလို့ပါတယ် အခုလို နွားချေးခြောက်တွေကျွေးတာတော့မကောင်းပါဘူးဗျာ"
အောင်မြတ်သာစကားကြောင့် အမယ်အိုမျက်နှာပျက်သွားပြီး
" မဟုတ်တာ ငါ့မြေးတို့ရယ် လက်ဖက်သုတ်တွေပါ"
" အဖွားက အသက်လဲကြီးလှပြီ ဒီပညာကိုဝါသနာပါလို့လိုက်စားခဲ့တာလဲသိပါတယ် အခုချထားပေးတဲ့အရာတွေကိုကြည့်လိုက်ပါဦး"
အောင်မြတ်သာကစကားအဆုံးမှာ အရှေ့မှာချထားတဲ့လက်ဖက်သုတ်နဲ့ရေနွေးကြမ်းတွေကို ညာဘက်လက်ဖဝါးနဲ့သပ်လိုက်တယ်ဆိုရင်ပဲ နွားချေးခြောက်နဲ့ဗွက်ပုတ်ရေတွေ ဖြစ်သွားခဲ့တယ်။
" ဟဲဟဲ မင်းတို့ပညာကလဲမခေဘူးပဲ ဒီလောက်ဆိုငါတို့ကျေနပ်ပါတယ် သမီးရေ တံခါးဖွင့်ပေးလိုက်ပါဦး "
အမယ်အိုစကားအဆုံးမှာ အိမ်နောက်ဖေးမှာထိုင်နေတဲ့ မိန်းကလေးက ဘယ်ဘက်လက်ကိုလွှဲလိုက်တယ်ဆိုရင်ပဲ ပိတ်ထားတဲ့တံခါးနှစ်ချပ်က "ဝုန်း"ဆိုပွင့်ထွက်သွားခဲ့တယ်။
တံခါးပွင့်သွားတာနဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေထရပ်လိုက်တဲ့အချိန် တောက်ရရဲ့ ဖင်မှာ မြက်ဖျာကပ်ပြီးပါလာခဲ့တယ်။
ဖင်မှာဖျာကပ်နတာမြင်တော့ တောက်ရက
" အဖွားတို့ပညာတွေလဲ စွမ်းတယ်ဆိုတာသိရအောင် ဘာမှမလုပ်ပဲထားထားတာ ဒီလောက်ဆိုအဖွားတို့လဲစိတ်ကျေနပ်မယ်ထင်ပါတယ်" လို့ပြောပြီး ကပ်နေတဲ့ဖျာပါ်ကို အင်းတစ်ချပ်ကပ်လိုက်တယ်ဆိုရင်ပဲ ဖင်မှာကပ်နေတဲ့ဖျာက အောက်ကိုပြုတ်ကျသွားခဲ့တယ်။
" တော်ပါပေတယ် တော်ပါပေတယ် အဖွားတို့ကျေနပ်ပါတယ် နောက်ထပ်ခေါ်ထားတဲ့အိမ်တွေဆီသွားကြဦး"လို့ပြောပြီး အိမ်တံခါးကိုပြန်ပိတ်လိုက်တယ်။
အမယ်အိုအိမ်ကနေဆင်းလာတော့ အောင်မြတ်သာက
" မင်းတို့ကို ရေနွေးကြမ်းလာချပေးတဲ့ ကောင်မလေးကိုသတိထားမိလား"
" ရုတ်တရက်ပဲကြည့်လိုက်တာ သိပ်တော့သတိမထားမိဘူး ဘာဖြစ်လို့လဲဆရာ"
" အင်း တကယ်တော့ အဲဒီကောင်မလေးက ကောက်ရိုးနဲ့လုပ်ထားတဲ့အရုပ်တစ်ရုပ်ပဲ"
" ဗျာ ဒါဆိုဘာလို့ ကျွန်တော်တို့သတိမထားမိတာလဲ"
" မင်းတို့ဘယ်သတိထားမိမလဲ အဖွားအိုက သူ့အိမ်အနောက်က ကောက်ရိုးကို ပညာနဲ့စီမံပြီး သူ့မြေးမလေးပုံစံဖန်ဆင်းထားတာ ပညာကအရမ်းအဆင့်မြင့်တော့ မင်းတို့ဘယ်ရိပ်မိပါ့မလဲ လက်ဖက်နဲ့ရေနွေးကြမ်းလောက်က သူတို့လောကမှာကလေးကစားစရာအဆင့်လောက်ပဲရှိတာ ရေနွေးအိုးလာချပေးတဲ့အချိန် အဖွားအိုမျက်နှာပျက်သွားတာမြင်မိလား"
" ကျွန်တော်မြင်လိုက်တယ်ဆရာ အမှုမဲ့အမှတ်မဲ့လို့ပဲထင်နေတာ"
" အဲဒီအချိန် ငါရိပ်မိသွားတယ်ဆိုတာ အဖွားအိုသိသွားခဲ့တာ တကယ်တော့ သူ့မြေးမလေး၊ သူ့သမီး နဲ့သမက်က ပညာပြိုင်ရင်း သေခဲ့ရတာလေ"
" ဒီလိုဆိုတော့လဲသနားဖို့ကောင်းပါတယ်ဗျာ "
" ဒါဆိုလဲ နောက်တစ်အိမ်ဆက်ကြတာပေါ့ ဟိုမှာအသင့်စောင့်နေကြပြီ"
အောင်မြတ်သာကစကားပြောရင်း အရှေ့မှာတံခါးဖွင့်ထားတဲ့အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
" ဧည့်သည်တွေတောင်ရောက်လာပြီပဲ လာဗျာ ထမင်းတူတူဝင်စားသွားကြ "ဆိုပြီးပြောတော့ အောင်မြတ်သာက ထမင်းဝိုင်းထဲဝင်ထိုင်ပြီး ဘေးမှာချထားတဲ့လက်ဆေးရေနဲ့လက်ကိုဆေးလိုက်တယ်။
သက်ခိုင်နဲ့တောက်ရကတော့ အခြေအနေကိုကြည့်ပြီး ဝင်ထိုင်ရကောင်းမလား မထိုင်ရင်ကောင်းမလား တွေဝေနေတဲ့အချိန် အိမ်ရှင်လူကြီးက
" ဟိုကောင်လေးတွေ စားစရာရှိတာစားစမ်းပါ ဒါတွေကအစစ်တွေပါ ဘာလဲ ပညာနဲ့လုပ်မှာစိုးလို့လား"
" မဟုတ် မဟုတ်ပါဘူး "
သက်ခိုင်ကအားနာစွာပြန်ပြောရင်း အောင်မြတ်သာကိုကြည့်လိုက်တော့ ပန်းကန်ထဲကိုထမင်းတွေခူးထည့်နေတာမြင်လိုက်ရတယ်။
" တောက်ရ ဆရာတောင်စားနေပြီဆိုတော့ ငါတို့လဲစားရတော့မယ် မင်းဗိုက်ဆာနေတာမဟုတ်လား အဝ‌စားတော့"
အောင်မြတ်သာတို့ဆရာတပည့်တွေလဲ အိမ်ရှင်တွေဧည့်ခံတဲ့ထမင်းနဲ့ဟင်းကိုစားသောက်ပြီးတဲ့အချိန်
" ကဲ အခုစားလို့လဲပြီးပြီဆိုတော့ မေးစရာမြန်းစရာလေးတွေရှိသေးတယ် "
အိမ်ရှင်လူကြီးစကားကြောင့် ထန်းလျက်ခဲဘူးကိုဖွင့်နေတဲ့ တောက်ရက သက်ခိုင်ကိုလှမ်းကြည့်ပြီး
" ဆရာ ဒီလူကြီးက ဘာတွေမေးဦးမလို့လဲမသိဘူး"
" သူတို့ပုံစံကြည့်ရတာတော့ ရိုင်းတဲ့ထဲတော့မပါဘူး သူတို့လဲအကြောင်းတစ်ခုခုရှိလို့ဖြစ်မှာပါ အသာကြည့်နေလိုက်"
သက်ခိုင်စကားအဆုံးမှာ ရေနွေးကြမ်းသောက်နေတဲ့အောင်မြတ်သာက
" မေးချင်တာရှိရင်မေးပါ ကျုပ်တို့သိရင်လဲ ဖြေရတာပေါ့ "
အောင်မြတ်သာရဲ့အဖွင့်စကားကြောင့် အိမ်ရှင်လူကြီးမျက်နှာမှာဝမ်းသာမှုအရိပ်အယောင်တွေပေါ်လာပြီး
" ဆရာတို့ ဒီရွာထဲကိုဝင်လာတဲ့အချိန် ထူးဆန်းတာတစ်ခုဖြစ်သွားတယ် သတိမထားမိဘူးဟုတ်လား"
" ဘယ်လိုထူးဆန်းတာလဲ ပြောပါဦး"
" ဒီရွာနာမည်က ဘူးစင်တစ်ထောင်ရွာတဲ့ ဘာလို့အဲဒီနာမည်ပေးရလဲဆိုတာကလဲအကြောင်းရှိတယ်"
" စိတ်ဝင်စားစရာပဲ ဆက်ပြောပါဦး"
" ရွာစတည်တဲ့အချိန် အိမ်ခြေခုနှစ်လုံးနဲ့စခဲ့တာ အကုန်လုံးက ပညာသည်တွေကြီးပဲ အဲဒီလိုကနေ မျိုးဆက်တွေပွားလာတာ အခုလိုရွာငယ်လေးဖြစ်လာတာပဲ ဒီရွာမှာကပညာသည်ပဲနေလို့ရတယ် အပြင်လူကောင်းတွေလာနေရင် တစ်ပတ်မကြာဘူး ပြောင်းပြေးရရော"
" ဒါဆို အခုရှိနေကြတဲ့လူတွေက ပညာသည်တွေကြီးပဲပေါ့"
" အကုန်လုံးတော့မဟုတ်ဘူး ဒါပေမယ့် အနည်းနဲ့အများတော့ဒီပညာကိုတတ်ကြတယ် ကျုပ်မိဘတွေကဒီပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်ကြပေမယ့် ကျုပ်လက်ထက်ရောက်တော့ မိဘတွေလောက်မစွမ်းခဲ့ဘူး ဒါကြောင့်ရွာမှာမျက်နှာအတော်ငယ်ရတယ် အခုကျုပ်မေးချင်တာက ဆရာတို့ဒီရွာမှာ ညအိပ်ကြမှာလားဆိုတာပဲ"
" ဖြစ်နိုင်ရင်တော့ ပြန်ထွက်ချင်နေပြီ ဘာကြောင့်အခုလိုမေးတာလဲ"
" ဆရာတို့ ပြန်ထွက်ဖို့ဆိုရင် ရွာလုံးစေ့အောင် ပညာစမ်းခံရမှာ ဒါကလဲရွာဓလေ့ဆိုတော့ ဖျက်လို့မရဘူး ဒါပေမယ့် ကျုပ်မှာအကြံတစ်ခုရှိတယ် အဲဒီအကြံတိုင်းဆိုရင် ဆရာတို့မနက်ဖြန်အာရုဏ်တက်ချိန် ဒီရွာကပြန်ထွက်နိုင်လိမ့်မယ်"
အိမ်ရှင်လူကြီးစကားကြောင့် အောင်မြတ်သာအနည်းငယ်တွေးတောလိုက်ပြီး
" ဘယ်လိုအကြံလဲပြောပါဦး"
" ဆရာတို့အခုကျုပ်အိမ်ရောက်တာမှောင်စပျိုးနေပြီ ဒီလိုအချိန်ရောက်လေလေ ရွာသူပညာသည်တွေအစွမ်းထက်လေပဲ ဒါကြောင့် ကျုပ်အိမ်မှာအချိန်ဖြုန်းပြီးနေလိုက် ညသန်းခေါင်အချိန်ရောက်ရင် ပညာစမ်းပွဲရှိတယ်"
" ဘယ်လို ပညာစမ်းပွဲ ဟုတ်လား"
" ဟုတ်တယ်ဆရာ ကျုပ်တို့ငယ်ငယ်ကဆိုရင် ပညာစမ်းပွဲဆိုတာ လူသတ်ပွဲပဲ မကျေနပ်ချက်တွေ နာကြည်းချက်တွေကို ကျန်တဲ့အချိန်တွေမှာမထုတ်ဖော်ပဲ ပညာစမ်းပွဲကျရင် စိန်ခေါ်ပြီး ပြိုင်လေ့ရှိကြတယ် ဆရာတို့ပထမဆုံးဝင်ခဲ့တဲ့ အိမ်ကအဖွားရဲ့ သမီး၊သမက်နဲ့ မြေးမလေးက အဲဒီပွဲမှာသေခဲ့တာလေ"
" ဒါကတော့ မဖြစ်သင့်တဲ့အရာပဲ "
" သိပ်လဲစိတ်မပူပါနဲ့ဆရာ အခုနောက်ပိုင်းတော့ ရွာရဲ့သက်ကြီးပညာသည်တွေက သူတို့ရှူံးနိုင်တယ်ထင်ရင် ပွဲကိုတစ်ခါထဲရပ်လိုက်ကြတယ် အသက်အသေထိတော့ မပေးလုပ်ကြတော့ဘူး"
" ဒီလိုဆိုတော့တော်သေးတာပေါ့ ဒါနဲ့ကျုပ်ကိုမေးဖို့ဆိုတာအခုထိမမေးရသေးဘူးနော်"
" ဒီည ပညာပြိုင်ရမယ့်အလှည့်ကျတာက ကျုပ်ရဲ့သမီးဖြစ်နေတယ် ဆရာတို့သူ့ကိုအန္တရာယ်ကင်းအောင် ကူညီနိုင်မလားလို့ မေးပါရစေ"
" ဒီပညာပြိုင်ပွဲက အသက်မသေဘူးလို့ခုနကခင်ဗျားပဲပြောတာလေ ဘာကြောင့် အကူညီတောင်းရတာလဲ"
" ဆရာတို့မရောက်ခင်တစ်ရက်မှာ အရင်ကြီးကြပ်ခဲ့တဲ့ အမေကြီးရုတ်တရက်သေသွားတယ် ဒါကလဲ ဘယ်သူ့လက်ချက်ဆိုတာ တစ်ရွာလုံးသိကြတယ်"
" ဟင် ဒါဆို ဒီညပြိုင်ပွဲမှာ ဘယ်သူကြီးကြပ်မှာလဲ"
" ဆရာတို့ရွာထိပ်ကိုပြန်ထွက်တဲ့အချိန် ‌တွေ့ရတဲ့ လူကြီးကကြီးကြပ်မှာ သူက ပြိုင်ပွဲကြီးကြပ်တဲ့နေရာကိုအရမ်းလိုချင်နေတာ အရင်ကအမေကြီးရှိနေတော့ သူကျော်လို့မရဘူး ဒါကြောင့်ပညာပြိုင်ပွဲအမှီ သူအကောက်ကြံတာ"
" နေပါဦး သေသွားတဲ့အမေကြီးဆိုတာ ပညာအထက်မြက်ဆုံးမဟုတ်လား ဘယ်လိုကြောင့်သူသတ်တာခံရတာလဲ"
" ဇရာကလဲစကားပြောလာပြီလေဆရာ ကျုပ်သမီးနဲ့ သူ့သမီးက ရွယ်တူလောက်ပဲရှိလိမ့်မယ် သူက သူ့သမီးကို ရွယ်တူတွေထဲမှာပြိုင်ဘက်မရှိ ပညာသည်ဖြစ်စေချင်တယ် ကျုပ်သမီးကလဲ ခပ်စွာစွာ ခပ်ထက်ထက် ဒါကြောင့် အကောက်ကြံမှာစိတ်ပူလို့ပါ"
" ခင်ဗျားသမီးက အခုဘယ်ရောက်နေလဲ သူ့ကိုလာထဲကမတွေ့မိပါဘူး"
" ဆရာတို့လာမယ်ဆိုလို့ အခန်းထဲမှာနေခိုင်းထားတာပါ"
" ခေါ်လိုက်ပါ ကျုပ်သူ့ပညာအစွမ်းကိုကြည့်ပါ‌ရစေ"
အောင်မြတ်သာစကားကြောင့် အိမ်ရှင်လူကြီးက အိမ်ခန်းထဲမှာရှိနေတဲ့ မိန်းကလေးကိုလှမ်းခေါ်လိုက်တော့ အခန်းထဲကနေ အသက်၁၅နှစ်အရွယ် မိန်းကလေးတစ်ယောက်ထွက်လာတာမြင်လိုက်ရတယ်။
" သမီး လာထိုင် ဆရာ ဒါကျုပ်သမီး မြပုလဲတဲ့"
" တွေ့ရတာဝမ်းသာပါတယ်ကလေးမ"
" ဟုတ် ဟုတ်ကဲ့ ဝမ်းသာပါတယ် "
မြပုလဲက အောင်မြတ်သာကို တည့်မကြည့်ပဲ မျက်လုံးကိုလက်နဲ့ကာပြီးပြောတာမြင်တော့
" ကလေးမ ဘာကြောင့် မျက်လုံးကိုလက်နဲ့ကာထားတာလဲ"
" ဆရာ ကိုယ်ကထွက်နေတဲ့အရောင်တွေက ကြည့်မရအောင်စူးလို့ ကာထားတာပါ"
မိန်းကလေးစကားကြောင့် အောင်မြတ်သာ အနည်းငယ်ပြုံးလိုက်ပြီး
" သင့်ပညာက ငယ်ပေမယ့်မသေးဘူးပဲ ဒီလိုမြင်ရဖို့ဆိုတာ သာမန်ပညာသည်တွေအဖို့မဖြစ်နိုင်တာအသေချာပဲ စိတ်မပူပါနဲ့ ဒီကလေးမက သူ့မွေးရာပါပညာပါပြီးသားပါ လူသားတွေကိုအကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
" ဆရာ ဒါဆို သူဘာမှမဖြစ်နိုင်ဘူးပေါ့ "
အိမ်ရှင်လူကြီးရဲ့စကားကိုအောင်မြတ်သာပြန်မဖြေပဲ ဘေးမှာချထားတဲ့ ကွမ်းအစ်ထဲက ထုံးတစ်တို့ကိုယူပြီး လက်နဲ့လုံးချေကာ မြပုလဲကိုကမ်းပေးလိုက်တယ်။
" ရော့ ဒီထုံးကို ငုံပြီးတော့ ပြိုင် သင်ထိခိုက်နာကျင်မှုမရှိစေရဘူး သင်လဲသူတစ်ပါးကို အန္တရာယ်ဖြစ်လောက်တဲ့ထိ မလုပ်ပါနဲ့ "
" မလုပ်ပါဘူးဆရာ သမီးက ဒီလိုမွေးရာပါပညာတတ်နေပေမယ့် ငါးပါးသီလကိုလုံအောင်ထိန်းပါတယ် အခုထိလဲ သူတစ်ပါးအသက်ကိုမသတ်ခဲ့ပါဘူး"
" အိမ်း ကောင်းပေစွ ကောင်းပေစွ ဒီပညာပြိုင်ပွဲကပြန်ရင် ဆရာတစ်ခုတောင်းဆိုချင်တယ် အခုတော့မဟုတ်သေးပါဘူး အနားယူလိုက်ပါဦး"
အောင်မြတ်သာစကားအဆုံးမှာ မြပုလဲက မျက်လုံးကိုလက်နဲ့ကာပြီး အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။
" ကျုပ်သမီးကို ကူညီပေးတဲ့အတွက် ကျုပ်ကလဲ အကြံတစ်ခုပေးပါရစေ ဒီညသက်ကြီးပိုင်းတွေပညာပြိုင်ပြီးရင် ရွာရဲ့အတော်ဆုံးပညာသည်ကိုရွေးလိမ့်မယ် ဆရာတို့က အဲဒီအချိန် သူတို့ရှေ့မှာ အတော်ဆုံးပညာသည်ကိုအနိုင်ယူလိုက်ရင် ရွာကနေပြန်ထွက်လို့ရပြီ "
အိမ်ရှင်လူကြီးစကားကိုကြားတော့ အောင်မြတ်သာက
" အကြံပေးတာကိုကျေးဇူးတင်ပါတယ် သင်လဲပညာလေ့ကျင့်ဖို့အချိန်ရောက်ပြီထင်တယ် ကျုပ်တို့ကိုအားမနာပါနဲ့ "
" ရပါတယ် ဒီည အိမ်မှာဘယ်သူမှရှိမှာမဟုတ်တဲ့အတွက် စိတ်ချလက်ချနေကြပါ"
အိမ်ရှင်လူကြီးစကားကြောင့် တောက်ရက
" အိမ်မှာမရှိရင် ဘယ်သွားကြမှာလဲ"
" ခုနကပဲပြောတာမေ့နေပြီထင်တယ် ပညာပြိုင်ပွဲကိုသွားကြည့်မှာလေ"
အိမ်ရှင်လူကြီးက တောက်ရကို ပြောပြီး အိမ်နောက်ဘေးပေါက်ဘက်ကိုထွက်သွားခဲ့တယ်။
+++++++
လမိုက်ညဖြစ်တဲ့အတွက် ဘူးစင်တစ်ထောင်ရွာတစ်ရွာလုံး အမှောင်ထုကကြီးစိုးနေခဲ့တယ်။ အိပ်တန်းတက်နေကြတဲ့ ကျေးငှက်တွေရဲ့ အသံက တိတ်ဆိတ်နေတဲ့ညအချိန်ကို တစ်ခါတစ်ရံဖောက်ထွက်လာတတ်ကြတယ်။
" သက်ခိုင်နဲ့ တောက်ရ အချိန်ကျပြီ သွားကြရအောင်"
" ဘယ်ကိုလဲဆရာ "
" ပညာပြိုင်ပွဲကိုသွားကြည့်ရအောင် ဝိုင်းထဲမှာပြဿနာတွေဖြစ်တော့မယ်"
" ဟင် ကျွန်တော်တို့ဒီတိုင်းသွားရင် သူတို့ပေးဝင်ပါ့မလား"
"အဲဒီအတွက်စိတ်မပူပါနဲ့ ရှစ်ကွက်အင်းကိုပြာချပြီးသောက်ထားရင် သူတို့မတွေ့ရဘူး"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ လွယ်အိတ်ထဲက ရှစ်ကွက်အင်းတစ်ရွက်စီထုတ်ပြီး မီးရှို့ကာသောက်လိုက်ကြတယ်။
အောင်မြတ်သာတို့အိမ်အောက်ရောက်တော့ မလှမ်းမကမ်းအိမ်ထဲကနေ အဝတ်မဲကိုခြုံပြီးထွက်လာတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
" ဆရာ ..."
သက်ခိုင်သတိပေးသံကြောင့် အောင်မြတ်သာ ရပ်လိုက်ပြီး
" သူ့နောက်လိုက်သွားရင် ပြိုင်ပွဲလုပ်တဲ့နေရာကိုရောက်မှာအသေချာပဲ "
အဝတ်နက်အုပ်ထားတဲ့လူက အမှောင်ထုထဲ လျင်မြန်စွာတိုးသွားတာမြင်တော့ အောင်မြတ်သာတို့မျက်ခြေမပြတ်အောင် သတိထားပြီး လိုက်လာခဲ့ကြတယ်။
တောလမ်းတစ်ခုနဲ့လယ်ကွင်းငါးကွင်း‌ေလာက်ကိုကိုဖြတ်ပြီးတဲ့နောက်မှာတော့ ရယ်မောသံ၊ အော်ဟစ်သံတွေကို မပီမပြင်ကြားလိုက်ရတယ်။
" ဆရာ အသံတွေတော့ကြားနေရပြီ သိပ်မဝေးလောက်တော့ဘူးထင်တယ် ဟိုလူကိုလဲမတွေ့ရတော့ဘူး"
သက်ခိုင်စကားကြောင့် အောင်မြတ်သာဘေးဘီကိုကြည့်လိုက်ပြီး
" ဟိုလူမပျောက်ဘူး မင်းရဲ့ခေါင်းပေါ်က သစ်ကိုင်းမှာတွဲလောင်းခိုနေတာ"
‌အောင်မြတ်သာစကားကြောင့် သက်ခိုင် အပေါ်ကိုမော့ကြည့်လိုက်တော့ မန်ကျီးပင်အပေါ်ကနေ ကျနေတဲ့သစ်ကိုင်းကို ခိုပြီးပုန်းနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" ဟေ့ အောက်ဆင်းခဲ့စမ်း မင်းကဘာလို့ငါတို့ကိုပုန်းနေတာလဲ "
သက်ခိုင်စကားသံကြောင့် မန်ကျီးကိုင်းပေါ်ပုန်းနေတဲ့လူက အောက်ကိုခုန်ဆင်းလာပြီး
" ခင်ဗျားတို့လဲ ကျုပ်လိုပါပဲလား"
ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် သက်ခိုင်အံ့ဩသွားပြီး
" မင်းဘာကိုဆိုလိုတာလဲ"
" ခင်ဗျားတို့က ဒီလိုပညာတွေကိုလေ့လာနေတဲ့သူလား"
ယောင်္ကျားလေးတစ်ယောက်ရဲ့အသံကိုကြားတော့ အောင်မြတ်သာ အရှေ့တိုးလာပြီး
" မင်းဘယ်လိုထင်လို့လဲ ကောင်လေး"
" အဟက်အဟက် စိတ်မရှိပါနဲ့ဗျာ ကျွန်တော်က ဒီပြိုင်ပွဲကိုလာခိုးကြည့်တဲ့သူပါ ဝါသနာတူတွေဆုံကြပီထင်တယ်"
" မင်းအခုလိုလာကြည့်တော့ ဟိုကလူတွေ မင်းကိုတွေ့ရင်သတ်မှာပေါ့"
" ကျွန်တော်ဒီလိုလာကြည့်တာ ငါးလလောက်ရှိပြီ တကယ်လို့တွေ့မယ်ဆိုရင် အခုချိန်ကျွန်တော်သေနေရောပေါ့ ဒါပေမယ့် ထူးဆန်းတယ်"
" ဘယ်လိုထူးဆန်းတာလဲပြောပါဦး"
" အရင်အခါတွေလာတုန်းက ကျုပ်ကိုတွေ့တဲ့သူဘယ်သူမှမရှိဘူး ဒါပေမယ့်အခုခင်ဗျားတို့ကမြင်တယ်ဆိုလို့ ထူးဆန်းနေတာ"
" ဒါကသိပ်တော့မထူးဆန်းပါဘူး ဘာလို့ဆိုတော့ မင်းနဲ့ငါတို့က ပညာသည်တွေမှမဟုတ်တာ "
" ဟုတ်လောက်တယ် လာကြဗျာ အချိန်တောင်နောက်ကျနေပြီ ဟော ပြောရင်းဆိုရင်း ဟိုဘက်တောထဲကနေ မီးလုံးတွေတောင်တက်လာပြီ ပွဲကြီးပွဲကောင်းမရောက်ခင်မှီဖို့လိုတယ်"
ဝတ်ရုံအနက်ခြုံထားတဲ့လူငယ်က စကားစကိုဖြတ်ရင်း မီးလုံးတွေတက်လာတဲ့ဘက်ကို လျင်မြန်တဲ့အရှိန်နဲ့ပြေးသွားခဲ့တယ်။
အောင်မြတ်သာတို့လဲ လှမ်းမြင်နေရတဲ့ပြိုင်ပွဲရှိရာဘက်ကိုလျောက်လာခဲ့တာ လူတွေအုံခဲနေတဲ့ မြေကွက်လပ်တစ်ခုကိုရောက်လာခဲ့တယ်။
မီးတိုင်တွေလင်းထိန်အောင်ထွန်းထားတဲ့ မြေကွက်လပ်အထဲမှာတော့ အသက်ငယ်ငယ် လူငယ်နှစ်ယောက် ပညာပြိုင်နေကြတယ်။
ဒါပေမယ့်အောင်မြတ်သာက ပညာပြိုင်တာကိုစိတ်မဝင်စားပဲ တစ်စုံတစ်ခုကိုလိုက်ရှာနေသလို မျက်လုံးတွေကလဲ ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်အကဲခတ်နေတာကိုသက်ခိုင်သတိထားမိလိုက်တယ်။
" ဆရာ ဘာဖြစ်လို့လဲ တစ်စုံတစ်ယောက်ကိုရှာနေသလိုပဲ"
" ခုနက လမ်းမှာတွေ့တဲ့ ‌လူကိုလိုက်ရှာနေတာ သူပုံစံက သာမန်လူတစ်ယောက်မဟုတ်ဘူး "
" ဟုတ်တယ် ဆရာ ကျွန်တော်လဲသတိထားမိတယ် "
သက်ခိုင်စကားအဆုံးမှာ ကွင်းထဲမှာပညာပြိုင်နေကြတဲ့လူငယ်နှစ်ယောက်အလှည့်ပြီးသွားခဲ့တယ်။
လူငယ်နှစ်ယောက်အလှည့်ပြီးသွားတော့ ကွင်းရဲ့အရှေ့ဘက်အစပ်မှာထိုင်နေတဲ့လူကြီးတစ်ယောက်ထလာပြီး
" ဘူးစင်တစ်ထောင်ရွာသားတို့ ဒီနေ့ကျင်းပရတဲ့ပွဲဟာ ငါတို့ရွာရဲ့ဓလေ့ထုံးတမ်းတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ် ပညာချင်းယှဉ်တဲ့အခါ ထိခိုက်နာကျင်တာတွေရှိကောင်း ရှိမယ် ဒါပေမယ့် တစ်ဖက်လူအသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ လုပ်တာကိုခွင့်မပြုဘူး အခုပညာသင်အဆင့်တွေယှဉ်ပြိုင်ပြီးတဲ့အချိန်မှာတော့ ရွာရဲ့ကွမ်းတောင်ကိုင်ပညာသယ်ကိုရွေးချယ်တော့မှာဖြစ်တယ် သက်ကြီးပညာရှင်တွေကတော့ မြပုလဲနဲ့ ရွှေနံ့သာကို ပညာချင်းပြိုင်စေပြီး နိုင်တဲ့သူကို ရွာရဲ့မရှိမဖြစ် ကွမ်းတောင်ပန်းတောင်ကိုင်အဖြစ်ရွေးချယ်မှာဖြစ်တယ်"
တောင်ဝှေးကိုင်ထားတဲ့လူကြီးက အာဘောင်အာရင်းသန်သန်နဲ့ပြောနေတာမြင်တော့ အောင်မြတ်သာက
" ဒါငါတို့ရွာထိပ်မှာတွေ့ခဲ့တဲ့လူပဲ ရွှေနံ့သာဆိုတာ သူ့သမီးဖြစ်မယ် ဒီပွဲပြီးရင် အဆင့်မြင့်ပညာရှင်ရွေးပွဲရှိတယ်ဆိုတော့ ဟန်မပျက်ပဲကြည့်နေကြ ငါတို့ကိုဒီကလူတွေမမြင်ရဘူး"
" ဆရာ ဆရာ တောင်ဘက်က ဇီးပင်ပေါ်ကို ကြည့်ဦး"
တောက်ရရဲ့စကားကြောင့် အောင်မြတ်သာ ဇီးပင်ပေါ်ကိုကြည့်လိုက်ပြီး
" ဒီမှာ အခြေအနေတွေ ရှုပ်ထွေး‌တော့မယ် နောက်ဆုံးပွဲမပြီးမချင်း ဘာမှမလုပ်ကြနဲ့ ငါတို့ပတ်လည်ကအပင်တွေမှာ ဝတ်စုံအနက်နဲ့လူတွေအများကြီးဝိုင်းထားတယ်"
" ဟင် ပညာသည်တွေလားဆရာ"
" မဟုတ်ဘူး သူတို့ကပညာသည်တွေကိုဖမ်းတဲ့သူတွေဖြစ်နိုင်တယ် ဒီရွာကပညာသည်တွေက တစ်ချိန်ကျရင်ငါတို့အတွက်အကျိုးပြုမယ့်သူတွေ သူတို့ကိုထိခိုက်မခံနိုင်ဘူး "
" ဆရာ ပြိုင်ပွဲစနေပြီ "
တောက်ရစကားကြောင့် အောင်မြတ်သာ ဝိုင်းထဲကိုကြည့်လိုက်တော့ မိန်းမငယ်နှစ်ဦး သူနိုင်ကိုယ်နိုင်အပြိုင်တိုက်နေတာတွေ့လိုက်ရတယ်။
" ပုလဲ နင့်ပညာအကုန်ပဲလား "
" နံ့သာ နင်စကားမကြီးနဲ့ ဒီမှာကြည့်"
မြပုလဲက အံကိုကြိတ်ပြီး မြေကြီးကိုဆောင့်နင်းလိုက်ရာ ဆံပင်မှာစည်းထားတဲ့ကြိုးပြတ်ထွက်သွားပြီး ခါးလောက်ရှိတဲ့ဆံပင်တွေ အပေါ်ကို ထောင်တက်လာခဲ့တယ်။ အချွန်အတက်တွေလိုထောင်တက်လာတဲ့ ဆံပင်တွေကို လက်နဲ့ သပ်လိုက်ပြီး ပါလာတဲ့ဆံပင်မွှေးတွေကို မျက်နှာချင်းဆိုင်မှာရှိတဲ့မိန်းကလေးဆီ ပစ်ထုတ်လိုက်တဲ့အချိန် ဆံပင်တွေက နွယ်ရှင်တွေလို အသက်ဝင်လာပြီး မြေကြီး‌ပေါ်ကနေ တွန့်လိမ်ကာသွားနေတဲ့အချိန်
တစ်ဖက်ကမိန်းကလေးကလဲ လက်ထဲမှာပါလာတဲ့ ကျွဲရုပ်လေးကို မြေကြီးပေါ်ပစ်ချပြီး
" ငါ့ပညာကိုမြည်းကြည့်ဦး" လို့ပြောကာ လက်ထဲကိုင်ထားတဲ့ တမာခက်နဲ့ရိုက်လိုက်တယ်ဆိုရင်ပဲ ကျွဲရုပ်လေးက အသက်ဝင်လာပြီး မြပုလဲလွှတ်ထုတ်လိုက်တဲ့ ဆံပင်တွေကို စည်းအပြင်ဘက်ရောက်အောင် ဂျိုနဲ့ကော်ထုတ်လိုက်တယ်။
ဆံပင်တွေအပိုင်းပိုင်းအစစပြတ်ထွက်သွားတဲ့အချိန် မြပုလဲခေါင်းက အရှေ့ကိုစိုက်ကျလာတာမြင်တော့ ကွင်းထဲမှာရပ်ကြည့်နေတဲ့ မြပုလဲအဖေက
" သမီး သတိထား ဦးရွှေမောင်း ပွဲရပ်လိုက်တော့ "ဆိုပြီးအော်လိုက်ပေမယ့် ဆူညံပွက်လောရိုက်နေတဲ့အသံတွေထဲမှာပျောက်ကွယ်သွားခဲ့တယ်။
ရွှေနံ့သာကလဲ ရတဲ့အခွင့်အရေးကိုလက်လွှတ်မခံပဲ လက်ထဲကတမာကိုင်းကိုလေထဲဝှေ့လိုက်ရင်ပဲ ကျွတ်ထွက်လာတဲ့တမာရွက်တွေက လင်းယုန်ငှက်တွေဖြစ်သွားပြီး မြပုလဲမျက်လုံးကိုထိုးဖောက်ဖို့ အရှိန်နဲ့ဆင်းလာတဲ့အချိန် မြပုလဲကညာဘက်လက်နဲ့ ပုတ်ထုတ်လိုက်တယ်။
" ဖြောင်း"ဆိုတဲ့အသံနဲ့အတူ လင်းယုန်ငှက်တွေအနောက်ကို လွင့်ထွက်သွားပြီး မူလပုံစံပြန်ဖြစ်သွားတယ်။
လင်းယုန်ငှက်တွေအစွမ်းပြယ်သွားတာမြင်တော့ ရွှေနံ့သာ တောက်တစ်ချက်ခတ်လိုက်ပြီး နှာမှုတ်ပြီးခွာကိုယက်နေတဲ့ တိုက်ကျွဲရဲ့ဂျိုပေါ်ကို သူ့လက်ညိုးတင်ပြီး သွေးထွက်အောင်လုပ်လိုက်တယ်။ဒါကိုအောင်မြတ်သာတို့ကလွဲပြီး ဘယ်သူမှသတိမထားမိလိုက်ဘူး။
ဒေါသထွက်နေတဲ့တိုက်ကျွဲက သွေးနံ့ရတော့ အခြေအနေပိုဆိုးလာပြီး မြပုလဲကို အသေခတ်ရန် ဂျိုတကားကားနဲ့ ပြေးဝင်လာတဲ့အချိန် မြပုလဲ အနောက်ကိုဆုတ်ပြီး လက်ထဲဆုပ်ကိုင်ထားတဲ့အရာတစ်ခုနဲ့ပစ်ပေါက်ဖို့ လုပ်လိုက်ပေမယ့် ညိုသကျဉ်းကိုတစ်ခုခုနဲ့ရိုက်ချလိုက်သလို အရှေ့ကိုပုံလျက်လဲကျသွားတယ်။
တိုက်ကျွဲကလဲ အရှိန်နဲ့ပြေးပြီး ဝှေ့သတ်တော့မယ်ဆိုတာ သိနေကြတဲ့ ပညာသည်တွေက တိုက်ကျွဲကိုပြန်ထိန်းဖို့အတွက် ရွှေနံ့သာကိုအော်ပြောပေမယ့် အချိန်မမှီတော့ဘူး။
တိုက်ကျွဲရဲ့ဂျိုက လဲကျနေတဲ့ မြပုလဲရဲ့ ဗိုက်နားအရောက်မှာ မြပုလဲရဲ့လက်နှစ်ဖက်က ကျွဲရဲ့ဂျိုနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး
" ဟားဟားဟား ငါ့ကိုမှတ်မိကြသေးလား " ဆိုတဲ့အသံနက်ကြီးနဲ့ထအော်ပါလေရော။
မိန်းကလေးနုနုငယ်ငယ်တစ်ယောက်စီကနေ အဖွားအိုတစ်ယောက်အသံထွက်လာတာကြားတော့ ပညာသည်တွေအကုန်အံ့ဩသွားပြီး
" ဖွားလွန်းအိမ်လား ဖွားလွန်းဝင်လာတာလား"
" ဟားဟား ဟိုကောင်မ နင်က ငါ့မြေးကိုသတ်ဖို့အထိလုပ်တယ်ပေါ့ ရွာထဲက ကောင်တွေကောင်မတွေကလဲ ဘယ်သူမှဝင်မထိန်းကြလို့ ငါထွက်လာတာ ငါ့ကိုဘယ်သူမှတ်နေလဲ ဒီနယ်တစ်ဝိုက်မှာ ငါ့ကိုဘယ်သူအံတုရဲသလဲဟေ့"
မြပုလဲမျက်နှာက ရုတ်တရက်အိုမင်းသွားပြီး အသားတွေတဆတ်ဆတ်တုန်နေတာမြင်တော့ အားလုံးကြောက်လန့်သွားကြတယ်။
ဘေးကနေကြည့်နေတဲ့ သက်ခိုင်နဲ့တောက်ရက
" ဆရာ အခုကောင်မလေးရဲ့ကိုယ်ထဲဘယ်သူဝင်နေတာလဲ"
" အင်း သူတို့လိုချင်နေတာ ဒီလိုအချိန်ပဲ ငါကြိုသိလို့ ထုံးမန်းပေးလိုက်တာ ဒီကောင်မလေး မယူလာခဲ့ဘူး"
" ဗျာ ဘယ်လိုလဲဆရာ ကျွန်တော်နားမလည်ဘူး"
" အခုဝင်နေတဲ့သူက ဒီရွာကိုစတည်ရာမှာပါခဲ့တဲ့သူ ဖွားလွန်းအိမ်လို့ခေါ်တယ် ပြိုင်စံရှားပညာသည်ကြီးပေါ့ သူက ဒီကောင်မလေးကိုယ်ထဲ သူ့ပညာတွေထည့်ခဲ့ပေမယ့် ကောင်မလေးက မကောင်းတဲ့ဘက်ကိုစိတ်မပါတော့ ပညာတွေက ထင်သလောက်မစွမ်းဘူးဖြစ်နေတာ "
" အခုသူဝင်နေတာဆိုတော့ သူလဲမကျွတ်ဘူးဆိုတဲ့သဘောလား"
" ဟုတ်တယ် ဖွားလွန်းအိမ်က မကျွတ်ပဲရှိနေတာ သူ့မြေးဒုက္ခရောက်နေလို့သာ ဝင်လာခဲ့တာ အခုသူ့ကိုဖမ်းမယ့်သူတွေအကြိုက်ဖြစ်သွားတာပေါ့"
အောင်မြတ်သာစကားကို သက်ခိုင် နားမလည်ပဲဖြစ်နေတဲ့အချိန် ကွင်းပတ်ပတ်လည်မှာရှိတဲ့ အပင်တွေဆီကနေ အနက်ရောင်ကြိုးတွေထွက်လာခဲ့တယ်။
ရွာသားအားလုံး ရုတ်တရက်ပေါ်လာတဲ့ကြိုးတွေကိုကြည့်ပြီး အံ့အားသင့်နေတဲ့အချိန် ကြိုးစတွေက ကွင်းတစ်ခုလုံးကိုရစ်ပတ်ပြီး အပြင်ထွက်မရအောင်ကာမိသွားတယ်။
" မဟူရာကြိုးနက်ဂိုဏ်း"
အောင်မြတ်သာနှုတ်ကနေလွှတ်ခနဲထွက်သွားတဲ့အသံကြောင့် ဝိုင်းထဲမှာရှိနေတဲ့ မြပုလဲတစ်ဖြစ်လဲ ဖွားလွန်းအိမ်က
" ဟားဟားဟား ငါစောင့်နေတာ သူ့ကိုငါစောင့်နေတာ အခုမှရောက်လာတယ် ရွာသူရွာသားအပေါင်းတို့ မင်းတို့ရွာကို အစွဲချွတ်မယ့် သူရဲကောင်းရောက်နေပြီ ငါမြေးကိုလဲ သူပြုပြင်ပေးလိမ့်မယ် မင်းတို့အားလုံး မကြောက်နဲ့တော့ ငါတို့ကိုကယ်တင်မယ့်သူတွေဒီထဲရောက်နေပြီ "
မြပုလဲအော်သံကြောင့် ထွက်ပြေးဖို့ကြိုးစားနေကြတဲ့ရွာသားတွေ ငြိမ်သက်သွားပြီး
" ဒါဆို တဘောင်ကမှန်နေပီပေါ့ ရွာတည်မိခင်ကြီးခုနှစ်ပါးပြောခဲ့တဲ့တဘောင်မှန်နေပြီ " ဆိုပြီးထအော်ကြပါလေရော။
အဲဒီအချိန် ဝိုင်းထဲကို ပျံလာတဲ့ကြိုးတစ်ချောင်းကို ရွာသားတွေမြင်လိုက်ရတယ်။ မဲနက်နေတဲ့ကြိုးက မြပုလဲအနားရောက်တော့ရပ်သွားပြီး လူငယ်တစ်ယောက်ကြိုးကိုင်လျက်အနေအထားနဲ့ပေါ်လာခဲ့တယ်။
" မဟူရာကြိုးနက်မင်းသား"
မြပုလဲတစ်ဖြစ်လဲ ဖွားလွန်းအိမ်အသံကြောင့် ကြိုးကိုင်ပြီးရပ်နေတဲ့လူငယ်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်စတွေဝေ့လာတာ အောင်မြတ်သာမြင်လိုက်ရတယ်။
" သူ့ကိုဖမ်းခဲ့တော့ အချိန်မရှိဘူး မင်းသား"
ဘေးနားသစ်ပင်ကနေ ရုတ်တရက်ထွက်လာတဲ့အသံကြောင့် ကြိုးကိုင်ထားတဲ့လူငယ် မျက်နှာတင်းသွားပြီး မြပုလဲကို ကြိုးနဲ့ချည်ဖို့အလုပ် စူးရှတဲ့အလင်းတန်းတစ်ခုက ကျောနောက်ဘက်ကနေပေါ်လာခဲ့တယ်။
စူးရှရှအလင်းရောင်ကြောင့် ကြိုးချည်ဖို့ကြိုးစားနေတဲ့လူငယ်က အနောက်လှည့်ကြည့်လိုက်တဲ့အချိန် ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ တစ်လှမ်းချင်းလျောက်လာတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" လတ်စသတ်တော့ လမ်းမှာတွေ့ခဲ့တဲ့လူကိုး ဒီမှာင့ါသား ငါတို့ဂိုဏ်းအလုပ်ကိုရှုပ်ရင် ဘယ်သူ့ကိုမှအရှင်မထားဘူး ကိုယ့်လမ်းကိုယ်သွားပါ"
အောင်မြတ်သာနဲ့ရွယ်တူ‌လောက်ရှိတဲ့လူငယ်က
ငါ့သားလို့ခေါ်လိုက်တဲ့စကားကြောင့် သက်ခိုင် စိတ်တိုသွားပြီး တစ်ခုခုတုံ့ပြန်ဖို့အလုပ်
" စိတ်လျော့ သက်ခိုင် ဒီပုဂ္ဂိုလ်က ဖွားလွန်းအိမ်နဲ့ရွယ်တူပဲ သူ့ရဲ့ပညာကျင့်စဉ်တွေကြောင့်သာ နုနယ်နေတာ "လို့ပြောလိုက်တော့မှ သက်ခိုင် အနောက်ဆုတ်သွားတယ်။
" မင်းကဘယ်ဆိုးလို့တုန်း မင်းတို့အထက်လမ်းပညာနဲ့ ဒီလူဆိုးတွေနဲ့မအပ်စပ်ဘူး ပြန်တော့"
" သူတို့ကိုပြုပြင်လို့ရပါတယ် အတိတ်က နာကြဉ်းချက်တွေကြောင့် အငြိုးထားတာတွေလျော့လိုက်ပါ သင်တို့ဘက်ကထပ်တိုးလာရင် အရင်ကဖွားလွန်းအိမ်အသစ်တစ်ဖန်ပြန်ပေါ်လာလိမ့်မယ် ဒီတစ်ခါပေါ်လာမယ့်သူက ဖွားလွန်းအိမ်ထက် အဆပေါင်းများစွာပိုဆိုးသွားလိမ့်မယ် "
" မင်းကဘာသိလို့ ဒီလိုပြောနေရတာလဲ ဒီထက်ပိုဆိုးလာရင် ငါ့အလွန်မဟုတ်တော့ဘူး"
" ဒါဆိုလဲ ဒီစာသားလေးကို အရင်နားထောင်ကြည့်ပါ
ကြိုးနဲ့ချည်ပေမယ့်မမြဲဘူး
မေတ္တာနဲ့ချည်မှမြဲမယ်"
အောင်မြတ်သာဆီကထွက်လာတဲ့စကားကိုကြားတော့ မြပုလဲကိုကြိုးနဲ့ချည်နေတဲ့ လူငယ်ရဲ့လှုပ်ရှားမှုတွေရပ်သွားပြီး
" အသက်သတ်လို့ အမုန်းမပျောက်ဘူး
ခွင့်လွှတ်မှသာ ပျောက်လိမ့်မယ်" ဆိုတဲ့အသံထွက်လာပြီး မြေကြီးပေါ်ကိုဒူးထောက်ထိုင်ချလိုက်တယ်။
"ဒါဆို သင် သင်က "
" နက္ခတ် ကျုပ်ကိုမှတ်မိပြီလား
လွန်းအိမ် သင်ရော ကျုပ်ကိုမှတ်မိပြီလား"
အောင်မြတ်သာစကားကြောင့် မြပုလဲတစ်ဖြစ်လဲ ဖွားလွန်းအိမ်ရော အဝတ်နက်နဲ့လူငယ်ရော လက်ခုပ်ချီလိုက်ပြီး
" ဆရာပြောခဲ့တဲ့အတိုင်း မလုပ်နိုင်ခဲ့ဘူး အမုန်းတရားတွေကိုမပြေပျောက်နိုင်ခဲ့ဘူး နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အမုန်းတရားတွေကြောင့် လမ်းတစ်ဖက်စီခြားခဲ့ကြတယ် "
" ကျုပ်တို့နှစ်ယောက်ကြားက အမုန်းတရားတွေကြောင့် ဒီအချိန်ထိရန်သူတွေလိုသဘောထားခဲ့တယ် လွန်းအိမ်ရှိတဲ့နေရာကိုခြေရာခံပြီး ဖမ်းဖို့ကြိုးစားခဲ့တယ် ဆရာကတော့ ဘာမှပြောင်းလဲမသွားဘူးနော်"
" အခုအားလုံးအမုန်းစိတ်တွေဖြေလိုက်ပါတော့ နက္ခကလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်စဉ်ပြီးမြောက်အောင်ကျင့်ကြံပါ လွန်းအိမ်ကလဲ ရွာကိုစောင့်ရှောက်ပါ"
အောင်မြတ်သာစကားအဆုံးမှာ အဝတ်နက်ဝတ်ထားတဲ့လူငယ်က ချွတ်ထားတဲ့ခေါင်းစွပ်ကိုပြန်တပ်လိုက်ရင်ပဲ မျက်စိရှေ့ကနေပျောက်ချင်းမလှပျောက်ကွယ်သွားပြီး ရစ်ပတ်ထားတဲ့ကြိုးနက်တွေလဲတစ်ရစ်ချင်းပြန်ဖြေလျော့သွားခဲ့တယ်။
" ရွာသားတွေ ငါကနင်တို့အရမ်းကြောက်ပါတယ်ဆိုတဲ့ လွန်းအိမ်ပဲ အခုငါတို့လမ်းကြောင်းမှန်ကိုရောက်ရမယ့်နေ့သင့်နံသင့်အချိန်ကိုရောက်ပြီ အားလုံးဒီကဆရာရဲ့ဆုံးမစကားကိုနာခံကြ"
ဖွားလွန်းအိမ်ရဲ့စကားအဆုံးမှာ ရွာသူရွာသားတွေအားလုံး ဒူးထောက်ထိုင်ချလိုက်တာမြင်တော့ အောင်မြတ်သာက
" ရွာသူရွာသားတို့ ဒီရွာကိုစတည်တဲ့ ရွာတည်မိခင်ကြီးခုနှစ်ယောက်ထဲက အစွမ်းထက်ဆုံးဖြစ်တဲ့ ဖွားလွန်းအိမ်စကားကိုလိုက်နာကြမယ်လို့ ယုံကြည်ပါတယ် အခုကစပြီး ဒီရွာကလူတွေ ငါးပါးသီလကိုစောင့်ထိန်းကြရမယ် မိမိတို့တတ်မြောက်တဲ့ပညာကို ကောင်းတဲ့ဘက်မှာအသုံးပြုကြပါ သင်တို့ကျူးလွန်ခဲ့သည်ရှိသော် ဖွားလွန်းအိမ်ကအပြစ်ပေးလိမ့်မယ်"
အောင်မြတ်သာစကားအဆုံးမှာ ရွာသားတွေဆီကနေ လက်ခုပ်ဩဘာသံတွေထွက်ပေါ်လာခဲ့တယ်။
နောက်ရက်တွေမှာတော့ ရွာထိပ်မှာ အတန်အသင့်ခိုင်ခံ့တဲ့ ဇရပ်တစ်ဆောင်နဲ့အတူ နတ်ကွန်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။
နတ်ကွန်းမှာတော့
"ရွာတော်ရှင်လွန်းအိမ်"လို့ရေးထားပြီး ဇရပ်မှာတော့ " ဘူးစင်တစ်ထောင်ရွာသူရွာသားများကောင်းမှု"ဆိုတဲ့စာသားရေးထိုးခဲ့ကြတယ်။
ဇရပ်ပေါ်မှာတော့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့သုံးယောက် ငြိမ်သက်စွာထိုင်နေကြတယ်။
" ဆရာ ဟိုတစ်နေ့ကဖြစ်ရပ်ကို ကျွန်တော်ဖြင့် နားကိုမလည်ဘူး ဆရာနဲ့ဖွားလွန်းအိမ် ဘယ်လိုသိသလဲ နောက်ပြီး နက္ခဆိုတဲ့လူကရော ဘယ်ကပေါ်လာတာလဲ "
သက်ခိုင်စကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး ဇရပ်အပြင်ဘက်ကိုငေးကြည့်ကာ
" သိချင်ရင် လွန်ခဲ့တဲ့နှစ်ခုနှစ်ဆယ်ကိုအချိန်လှည့်အင်းသုံးပြီး လိုက်ခဲ့ကြ" လို့ပြောလိုက်တယ်။
+++++++++
နောက်ရက်တွေမှာတော့ ဇရပ်ပေါ်မှာ မလှုပ်မယှက်ပဲ တရားထိုင်နေကြတဲ့ အောင်မြတ်သာတို့ဆရာတပည့်သုံးဦးကို ရွာသားတွေမြင်လိုက်ကြရတယ်။
စာဖတ်သူတွေလဲ ဖွားလွန်းအိမ်၊ နက္ခတ်၊ အောင်မြတ်သာတို့ဘယ်လိုဆုံခဲ့သလဲ?
ဖွားလွန်းအိမ်ကရော ဘယ်လောက်စွမ်းလို့ ရွာတည်မိခင်တွေအားလုံးထဲမှာ ကျန်ခဲ့တာလဲ?
နက္ခတ်ဆိုတဲ့လူငယ်က ဘာကြောင့် အသက်ရှည်နေပြီး ဖွားလွန်းအိမ်ကို မုန်းရတာလဲ?
အောင်မြတ်သာကိုသူတို့ဘယ်လိုသိကြတာလဲ?
အဲဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် မဟူရာကြိုးနက်ဂိုဏ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ဘူးစင္တစ္ေထာင္႐ြာ ရိတ္သိမ္းၿပီးစ လယ္ကြင္းေတြရဲ႕ေဘးမွာ ေဖာက္လုပ္ထားတဲ့ ကန္သင္း႐ိုးေပၚကေန မိန္းကေလးတစ္ဦးက မေႏွးမျမန္လြန္းတဲ့ေျခလွမ္းေတြနဲ႔ေလ်ာက္လာေနခဲ့တယ္။ သူ႔ရဲ႕အေနာက္မလွမ္းမကမ္းမွာေတာ့ ေယာဂီဝတ္စုံဝတ္ထားတဲ့‌ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြပါလာခဲ့တယ္။ အေရွ႕ကေနေလ်ာက္ေနတဲ့မိန္းကေလးရဲ႕ မ်က္ဝန္းအိမ္ထဲမွာေတာ့ စိုးရိမ္ျခင္း၊ ေၾကာက္လန႔္ျခင္းေတြႀကီးစိုးေနတဲ့အရိပ္အေယာင္ကိုျမင္ေတြ႕ေနရတယ္။ ကန္သင္း႐ိုးစပ္အေက်ာ္ကိုေရာက္ေတာ့ အေရွ႕ကေနသြားေနတဲ့ မိန္းကေလးငယ္က ႐ုတ္တရက္ရပ္လိုက္ၿပီး အေနာက္ကိုလွည့္ၾကည့္လိုက္ကာ " အေရွ႕ေရာက္ရင္ ႐ြာကိုေရာက္ေတာ့မယ္ တစ္႐ြာလုံးနီးပါး ပညာသည္ေတြျဖစ္လို႔ သတိေတာ့ထားရမယ္" လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက " စိတ္ခ်ပါ သူတို႔ပညာေတြေၾကာင့္ က်ဳပ္တို႔မထိခိုက္ပါဘူး ႏွမကိုလဲထိခိုက္မွာမဟုတ္ဘူး ဘာေၾကာင့္ဆိုေတာ့ ပညာႏႈတ္တဲ့အခ်ိန္တိုက္လိုက္တဲ့ သစၥာေရထဲမွာ အင္းစမျပာေတြပါတယ္ ဒါေၾကာင့္ စိတ္မပူပါနဲ႔" ေအာင္ျမတ္သာစကားအဆုံးမွာ မိန္းကေလးက သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ အေရွ႕ကိုဆက္ေလ်ာက္သြားခဲ့တယ္။ " ဘူးစင္တစ္ေထာင္႐ြာ" မျပဳျပင္တာၾကာၿပီျဖစ္ၿပီျဖစ္တဲ့ ႐ြာဆိုင္းဘုတ္က ေမွးမိန္ေနၿပီး စာလုံး‌တစ္ခ်ိဳ႕ေတာင္ပ်က္လုနီးနီးျဖစ္ေနခဲ့တယ္။ ဆိုင္းဘုတ္တင္ထားတဲ့ေနရာကေန ႐ြာထဲကိုေျခလွမ္းစဝင္လိုက္တာနဲ႔ အမ်ိဳးအမည္မသိတဲ့ တြန္းကန္လႈိင္းတစ္ခုက ေအာင္ျမတ္သာရဲ႕ မ်က္ႏွာကိုလာ႐ိုက္တာသတိထားမိလိုက္တယ္။ အဲဒီအခ်ိန္ အေရွ႕ကေနသြားေနတဲ့အမ်ိဳးသမီးငယ္က " ဆရာ တစ္ခုခုခံစားလိုက္ရတယ္မဟုတ္လား ဒီအရာက ဝမ္းေျမာက္ဝမ္းသာႀကိဳဆိုျခင္းေတာ့မဟုတ္ဘူးေနာ္" " က်ဳပ္သိပါတယ္ ႏွမရဲ႕အိမ္ကိုသာအရင္သြားပါ " မိန္းမပ်ိဳကေအာင္ျမတ္သာစကားေၾကာင့္ ဘာမွဆက္မေျပာေတာ့ပဲ ႐ြာလမ္းမႀကီးအတိုင္းဆက္ေလ်ာက္လာခဲ့တယ္။ ႐ြာထဲကိုစဝင္လာတာနဲ႔ ႀကဳံလိုက္ရတဲ့အျဖစ္ေၾကာင့္ ေအာင္ျမတ္သာရဲ႕မ်က္လုံးေတြက သားရဲတစ္ေကာင္လိုစူးရွလာၿပီး ပတ္ဝန္းက်င္ကိုအကဲခတ္ကာ မဲ့ၿပဳံးေလးတစ္ခ်က္ၿပဳံးလိုက္တယ္။ ႐ြာအဝင္ကေနစၿပီး ယခုအခ်ိန္ထိ ႐ြာလမ္းမေပၚမွာသက္ရွိနဲ႔တူတာဆိုလို႔ ေခြး‌တစ္ေကာင္ ေၾကာင္တစ္ျမႇီးမွမရွိတာေတြ႕ေတာ့ သက္ခိုင္နဲ႔ ေတာက္ရ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး အဒိပၸါယ္ပါပါ ေခါင္းဆတ္ျပလိုက္တယ္။ ဒီလိုနဲ႔ ေလ်ာက္လာရင္း ေခါင္ရမ္းပန္းပင္ေတြ စိုက္ထားတဲ့ အိမ္ေရွ႕ေရာက္ေတာ့ အမ်ိဳးသမီးငယ္က " အေမ အေဖ သမီးျပန္လာၿပီ အေမ အေဖ ဘယ္သူမွမရွိၾကဘူးလားမသိဘူး" အားနာစြာနဲ႔ေျပာလာတဲ့မိန္းကေလးရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက လက္ကာျပၿပီး " ရတယ္ႏွမ က်ဳပ္တို႔က ငါ့ႏွမကိုအိမ္တိုင္ရာေရာက္လာျပန္ပို႔တာျဖစ္လို႔ က်ဳပ္တို႔အလုပ္ၿပီးပါၿပီ ခြင့္ျပဳပါဦး" ေအာင္ျမတ္သာတို႔လဲ မိန္းကေလးငယ္ကိုႏႈတ္ဆက္ၿပီး ႐ြာအျပင္ဘက္ကိုျပန္ထြက္လာတဲ့အခ်ိန္ အဝင္တုန္းက လူတစ္ေယာက္မွမရွိတဲ့ အိမ္ေတြကေန တစ္ေယာက္စီထြက္လာလာျမင္လိုက္ရတယ္။ တစ္အိမ္တစ္ေယာက္ႏႈန္းထြက္လာတဲ့ လူေတြက ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္ကို အျမင္မၾကည္တဲ့မ်က္ႏွာေပးေတြနဲ႔ၾကည့္ေနၾကတာျမင္ေတာ့ သက္ခိုင္က " ဆရာ ခုနက တစ္ေယာက္မွမေတြ႕တဲ့လူေတြက အခုမွထြက္လာၿပီး ဘုၾကည့္ၾကည့္ေနၾကတာ စိတ္ထဲတစ္မ်ိဳးပဲ" " သိပ္လဲစိတ္ပူမေနပါနဲ႔ အခုထြက္လာၾကတဲ့သူေတြက အဆင့္ျမင့္ပညာသည္ေတြႀကီးပဲ ငါတို႔ကို ႐ြာထဲကေပးထြက္ခ်င္မွေပးထြက္မွာ" ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နား႐ြက္နီစ္ဖက္လုံးထူပူသြားၿပီး " အခုလိုတစ္႐ြာလုံးနီးပါး အဆင့္ျမင့္ပညာသည္ေတြရွိတဲ့႐ြာမ်ိဳးမၾကားဖူးခဲ့ဘူး ဘယ္လိုဆက္လုပ္ၾကမလဲဆရာ" " ဘယ္တတ္ႏိုင္မလဲ မီးစင္ၾကည့္ကရေတာ့မွာေပါ့ ကိုယ့္ဘက္ကသူတို႔ကို အႏၲရာယ္မျပဳရင္ သူတို႔ဘက္ကလဲ အႏၲရာယ္ျပဳမယ့္ပုံေတာ့မျမင္ဘူး" ေအာင္ျမတ္သာတို႔လဲ ေဘးဘီအေျခအေနကိုၾကည့္ၿပီးထြက္လာခဲ့တာ ႐ြာထိပ္ကိုေရာက္ေတာ့ " က်ဳပ္တို႔႐ြာကို ဒီလိုဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္လို႔ရ႐ိုးလား ဟားဟားဟား" ဆိုတဲ့အသံနဲ႔အတူ ႐ြာအဝင္ဆိုင္းဘုတ္ေဘးမွာရပ္ေနတဲ့ လူႀကီးတစ္ဦးကိုေတြ႕လိုက္ရတယ္။ ေအာင္ျမတ္သာလဲ႐ြာထိပ္မွာရပ္ေစာင့္ေနတဲ့လူႀကီးရဲ႕စကားကိုၾကားေတာ့ အနည္းငယ္ၿပဳံးလိုက္ၿပီး " က်ဳပ္တို႔က႐ြာဓေလ့ကိုမသိလို႔ ဝင္လာမိတာပါ အဲဒီအတြက္လဲ ခြင့္လႊတ္ေပးပါလို႔ ေတာင္းဆိုပါတယ္" ေအာင္ျမတ္သာစကားေၾကာင့္ ဆိုင္းဘုတ္ကိုမွီၿပီးရပ္ေနတဲ့လူႀကီးက ေအာင္ျမတ္သာတို႔ရွိရာ ေလ်ာက္လာၿပီး " မင္းတို႔က ဒီ႐ြာက ကေလးမကိုလာျပန္ပို႔တာထင္တယ္ " " ဟုတ္ပါတယ္ သူ႔ဇာတိကိုျပန္ခ်င္တယ္ဆိုလို႔ လာပို႔ေပးတာပါ" " သူ႔ရဲ႕ပညာနဲ႔ဆိုရင္ လမ္းေလ်ာက္လာစရာမလိုတာ တစ္႐ြာလုံးအသိပဲ အခုလိုျဖစ္ပုံကိုၾကည့္ရင္ သူ႔ပညာေတြကို မင္းတို႔သိမ္းလိုက္ၾကၿပီထင္တယ္" " အဲလိုလဲမဟုတ္ေသးပါဘူးဦးႀကီး ဒီပညာရပ္ေတြက သုံးတတ္ရင္ လူ႔ေဘာင္ကိုအရမ္းအက်ိဳးျပဳေစပါတယ္ မသုံးတတ္ရင္ေတာ့ ခုႏွစ္ရက္သားသမီးကိုအက်ိဳးယုတ္ေစပါတယ္ ဒါေၾကာင့္ သူ႔ဘဝေရွ႕ေရးေကာင္းေစခ်င္လို႔ ပညာသိမ္းလိုက္ရတာပါ" " အဟက္အဟက္ ဒါဆို မင္းတို႔သုံးေယာက္က ဆရာေတြေပါ့ ငါတို႔႐ြာကလဲ ဒီလိုလူမ်ိဳးေတြနဲ႔ဆုံရတာကိုအရမ္းသေဘာက်သကြဲ႕ အခုေတာ့မင္းတို႔႐ြာျပင္ထြက္လို႔မရေသးဘူး ႐ြာသားေတြရဲ႕ စမ္းသပ္မႈကိုခံယူရဦးမယ္" " ဘယ္လိုစမ္းသပ္မႈလဲဘႀကီး" " စမ္းသပ္မႈကေတာ့ ႐ိုးရွင္းပါတယ္ ဒီ႐ြာထဲမွာရွိတဲ့ အိမ္အခ်ိဳ႕ကိုမင္းတို႔အလည္သြားရမယ္ ႐ြာကေသးေတာ့ အိမ္ေျခကသိပ္မ်ားမ်ားစားစားမရွိပါဘူး အခုကစၿပီး ႐ြာထဲဝင္သြားတဲ့အခါ အိမ္တံခါးမႀကီးဖြင့္ထားတဲ့အိမ္နဲ႔ ပိတ္ထားတဲ့အိမ္ဆိုၿပီးႏွစ္မ်ိဳးေတြ႕ရလိမ့္မယ္ ဖြင့္ထားတဲ့အိမ္ေတြ႕ရင္ အထဲကိုဝင္ၿပီးသူတို႔ရဲ႕ဧည့္ခံမႈကို အသိအမွတ္ျပဳေပးရမယ္ ပိတ္ထားရင္ေတာ့ဝင္စရာမလိုဘူးေပါ့ကြာ " " ျဖစ္လာမယ့္အက်ိဳးဆက္ကေရာ ဘာမ်ားလဲဗ်" ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ ေတာင္ေဝွးကိုအားယူၿပီး ရပ္ေနတဲ့လူႀကီးက " မင္းကသေဘာေပါက္လြယ္သားပဲ အက်ိဳးဆက္ကေတာ့ မင္းတို႔ရဲ႕အသိအမွတ္ျပဳမႈကိုလက္ခံတဲ့အိမ္ေတြက တံခါးေတြျပန္ပိတ္သြားလိမ့္မယ္ ဒီေတာ့ တစ္႐ြာလုံးကအိမ္ေတြ တံခါးပိတ္ထားရင္ မင္းတို႔ေဘးကင္းကင္းနဲ႔လိုရာခရီးကိုဆက္လို႔ရၿပီ တစ္အိမ္အိမ္ဆီက မေက်နပ္ဘူးဆိုရင္ေတာ့ ေပးဆပ္ရမွာက မင္းတို႔ရဲ႕အသက္ပဲ" ေလသံေအးေအးနဲ႔တစ္လုံးခ်င္းေျပာေနတဲ့လူႀကီးရဲ႕စကားေတြက ေၾကာက္မက္ဖြယ္ရာေကာင္းခဲ့တယ္။ " ေကာင္းၿပီေလ သူ႔အရပ္သူ႔ဇာတ္ဆိုေတာ့လဲ ႐ြာခံေတြေျပာတဲ့အတိုင္းလုပ္ရမွာေပါ့ အခုက်ဳပ္တို႔႐ြာထဲလိုက္လည္လို႔ရၿပီလား" " ရပါ့ဗ်ာ ရပါ့ ပထမဆုံးေတြ႕တဲ့အိမ္ကေနစၿပီး ၾကည့္သြားၾကေပါ့ ႐ြာခံလူေတြက မင္းတို႔ကိုဧည့္ခံဖို႔အသင့္ေစာင့္ေနၾကၿပီ" ေတာင္ေဝွးနဲ႔လူႀကီးစကားအဆုံးမွာ ေအာင္ျမတ္သာက ႐ြာထဲဘက္ကိုျပန္လွည့္လိုက္ၿပီး " ကဲ ဘူးစင္တစ္ေထာင္က႐ြာသားေတြဘယ္လိုဧည့္ခံမလဲျမည္းစမ္းၾကည့္ရေအာင္"လို႔ေျပာကာ ႐ြာထဲကိုျပန္ဝင္လာခဲ့ၾကတယ္။ " ဆရာ ဘာလို႔ဒီလူႀကီးကို မတိုက္ပဲ ႐ြာထဲျပန္ဝင္လာခဲ့တာလဲ" " သက္ခိုင္ ငါတို႔သူ႔ကိုတိုက္ရင္ေရာ ႐ြာထဲကထြက္လို႔ရမယ္ထင္လား ငါတို႔အတင္းေဖာက္ထြက္ၿပီပဲထား က်န္ခဲ့တဲ့ မိန္းကေလးတို႔မိသားစုေဘးကင္းမယ္ထင္လား ဒါေၾကာင့္ဒီလမ္းကိုေ႐ြးခဲ့တာ" " ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္ရေတာ့မွာပဲ ဆရာ ဟိုးမွာ" သက္ခိုင္ကစကားေျပာရင္း ေမးေငါ့ျပလို႔ၾကည့္လိုက္ေတာ့ အိမ္တံခါးမႀကီးႏွစ္ခ်ပ္ကိုဖြင့္ထားတဲ့ အိမ္တစ္အိမ္ကိုျမင္လိုက္ရတယ္။ " ကဲ ငါတို႔ေတာ့ ေဈးဦးေပါက္ၿပီထင္တယ္ ဝင္လိုက္ၾကစို႔" ေအာင္ျမတ္သာကေျပာရင္းဆိုရင္း တံခါးဖြင့္ထားတဲ့အိမ္ေရွ႕ကိုဝင္လိုက္ၿပီး " အိမ္ရွင္တို႔ အိမ္ရွင္တို႔ အထဲဝင္ခြင့္ျပဳပါဦး"လို႔ေျပာလိုက္ေတာ့ အထဲကေန " လာၾက လာၾက ေမာင္ရင္တို႔႐ြာထဲစဝင္လာထဲက အိမ္ထဲကေနၾကည့္ေနတာ လြတ္လြတ္လပ္လပ္ထိုင္ၾက မိႏွင္းေရ နင့္အကိုေတြအတြက္ ေရေႏြးၾကမ္းအိုးနဲ႔လက္ဖက္သုတ္ေလးယူလာပါဦး"ဆိုတဲ့အသံနဲ႔အတူ ခါးအနည္းငယ္ကိုင္းေနတဲ့ အမယ္အိုႀကီးတစ္ေယာက္ထြက္လာခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ အမယ္အိုႀကီးခင္းထားေပးတဲ့ျမက္ဖ်ာေပၚဝင္ထိုင္လိုက္ၿပီး " ေနေကာင္းပါရဲ႕လား အဖြား" " ေအး ေကာင္းပါတယ္ကြယ္ တစ္ခါတစ္ေလ ထင္းေလးဘာေလးခြဲလို႔ ခါးနည္းနည္းကိုက္တာေလာက္ပဲရွိတာ" အမယ္အိုစကားေၾကာင့္ သက္ခိုင္က " ဒီအသက္အ႐ြယ္နဲ႔အဖြားက ထင္းခြဲႏိုင္ေသးတာလား " " လွည္းတစ္စီးတိုက္စာေလာက္ပဲႏိုင္ေတာ့တာ ဒါေၾကာင့္ဖြယ္ဖြယ္ရာရာဧည့္မခံႏိုင္တာသည္းခံေပးပါ" အမယ္အိုရဲ႕စကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရ ပါးစပ္အေဟာင္းသားျဖစ္သြားတဲ့အခ်ိန္ " ေရေႏြးၾကမ္းေလးနဲ႔ လက္ဖက္ေလးသုံးေဆာင္ၾကပါဦး" ဆိုတဲ့အသံနဲ႔အတူ သနပ္ခါးကိုပါးႏွစ္ဖက္မွာညီေနေအာင္လူးထားတဲ့ အသက္ႏွစ္ဆယ္အ႐ြယ္မိန္းကေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာက မိန္းကေလးကို တစ္ခ်က္ၾကည့္ၿပီး မ်က္ႏွာလႊဲလိုက္တာျမင္ေတာ့ အမယ္အိုမ်က္ႏွာပ်က္သြားတာကို သက္ခိုင္သတိထားမိလိုက္တယ္။ " ခုနက လာပို႔တာ ေျမးမေလးေလ အေမလဲမရွိအေဖလဲမရွိဆိုေတာ့ အဖြားကပဲ ေကြၽးေမြးလာခဲ့တာ" " သူ႔မိဘေတြက ဘယ္အ႐ြယ္မွာဆုံးသြားၾကတာလဲ" " သူ႔အေမနဲ႔သူ႔အေဖက တစ္ရက္ပဲျခားၿပီးေသတာ " အမယ္အိုစကားေၾကာင့္ေအာင္ျမတ္သာက " ပညာၿပိဳင္တယ္ဆိုတာတကယ္ေတာ့အတၱတစ္ခုပဲ ဒီအတြက္ေၾကာင့္လဲ ႐ြာကလူေတြဘယ္ေလာက္ေတာင္ဆုံးရႈံးခဲ့ရလဲဆိုတာ အဖြားလဲသိမွာပါ" " ဟင္းဟင္း သိပါ့ေတာ္ သိပါ့ စကားေကာင္းေနလိုက္တာ ဘာမွေတာင္မစားၾကဘူး စားၾက စားၾက"ဆိုၿပီးေအာင္ျမတ္သာအေရွ႕ကိုလက္ဖက္ပန္းကန္တိုးေပးလိုက္တယ္။ " အဖြား က်ဳပ္တို႔အေပၚေစတနာရွိရင္ ဆန္ပုံးထဲမွာထည့္ထားတဲ့ ေခါပုတ္ကင္ေလးခ်ေကြၽးလို႔ပါတယ္ အခုလို ႏြားေခ်းေျခာက္ေတြေကြၽးတာေတာ့မေကာင္းပါဘူးဗ်ာ" ေအာင္ျမတ္သာစကားေၾကာင့္ အမယ္အိုမ်က္ႏွာပ်က္သြားၿပီး " မဟုတ္တာ ငါ့ေျမးတို႔ရယ္ လက္ဖက္သုတ္ေတြပါ" " အဖြားက အသက္လဲႀကီးလွၿပီ ဒီပညာကိုဝါသနာပါလို႔လိုက္စားခဲ့တာလဲသိပါတယ္ အခုခ်ထားေပးတဲ့အရာေတြကိုၾကည့္လိုက္ပါဦး" ေအာင္ျမတ္သာကစကားအဆုံးမွာ အေရွ႕မွာခ်ထားတဲ့လက္ဖက္သုတ္နဲ႔ေရေႏြးၾကမ္းေတြကို ညာဘက္လက္ဖဝါးနဲ႔သပ္လိုက္တယ္ဆိုရင္ပဲ ႏြားေခ်းေျခာက္နဲ႔ဗြက္ပုတ္ေရေတြ ျဖစ္သြားခဲ့တယ္။ " ဟဲဟဲ မင္းတို႔ပညာကလဲမေခဘူးပဲ ဒီေလာက္ဆိုငါတို႔ေက်နပ္ပါတယ္ သမီးေရ တံခါးဖြင့္ေပးလိုက္ပါဦး " အမယ္အိုစကားအဆုံးမွာ အိမ္ေနာက္ေဖးမွာထိုင္ေနတဲ့ မိန္းကေလးက ဘယ္ဘက္လက္ကိုလႊဲလိုက္တယ္ဆိုရင္ပဲ ပိတ္ထားတဲ့တံခါးႏွစ္ခ်ပ္က "ဝုန္း"ဆိုပြင့္ထြက္သြားခဲ့တယ္။ တံခါးပြင့္သြားတာနဲ႔ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြထရပ္လိုက္တဲ့အခ်ိန္ ေတာက္ရရဲ႕ ဖင္မွာ ျမက္ဖ်ာကပ္ၿပီးပါလာခဲ့တယ္။ ဖင္မွာဖ်ာကပ္နတာျမင္ေတာ့ ေတာက္ရက " အဖြားတို႔ပညာေတြလဲ စြမ္းတယ္ဆိုတာသိရေအာင္ ဘာမွမလုပ္ပဲထားထားတာ ဒီေလာက္ဆိုအဖြားတို႔လဲစိတ္ေက်နပ္မယ္ထင္ပါတယ္" လို႔ေျပာၿပီး ကပ္ေနတဲ့ဖ်ာပၚကို အင္းတစ္ခ်ပ္ကပ္လိုက္တယ္ဆိုရင္ပဲ ဖင္မွာကပ္ေနတဲ့ဖ်ာက ေအာက္ကိုျပဳတ္က်သြားခဲ့တယ္။ " ေတာ္ပါေပတယ္ ေတာ္ပါေပတယ္ အဖြားတို႔ေက်နပ္ပါတယ္ ေနာက္ထပ္ေခၚထားတဲ့အိမ္ေတြဆီသြားၾကဦး"လို႔ေျပာၿပီး အိမ္တံခါးကိုျပန္ပိတ္လိုက္တယ္။ အမယ္အိုအိမ္ကေနဆင္းလာေတာ့ ေအာင္ျမတ္သာက " မင္းတို႔ကို ေရေႏြးၾကမ္းလာခ်ေပးတဲ့ ေကာင္မေလးကိုသတိထားမိလား" " ႐ုတ္တရက္ပဲၾကည့္လိုက္တာ သိပ္ေတာ့သတိမထားမိဘူး ဘာျဖစ္လို႔လဲဆရာ" " အင္း တကယ္ေတာ့ အဲဒီေကာင္မေလးက ေကာက္႐ိုးနဲ႔လုပ္ထားတဲ့အ႐ုပ္တစ္႐ုပ္ပဲ" " ဗ်ာ ဒါဆိုဘာလို႔ ကြၽန္ေတာ္တို႔သတိမထားမိတာလဲ" " မင္းတို႔ဘယ္သတိထားမိမလဲ အဖြားအိုက သူ႔အိမ္အေနာက္က ေကာက္႐ိုးကို ပညာနဲ႔စီမံၿပီး သူ႔ေျမးမေလးပုံစံဖန္ဆင္းထားတာ ပညာကအရမ္းအဆင့္ျမင့္ေတာ့ မင္းတို႔ဘယ္ရိပ္မိပါ့မလဲ လက္ဖက္နဲ႔ေရေႏြးၾကမ္းေလာက္က သူတို႔ေလာကမွာကေလးကစားစရာအဆင့္ေလာက္ပဲရွိတာ ေရေႏြးအိုးလာခ်ေပးတဲ့အခ်ိန္ အဖြားအိုမ်က္ႏွာပ်က္သြားတာျမင္မိလား" " ကြၽန္ေတာ္ျမင္လိုက္တယ္ဆရာ အမႈမဲ့အမွတ္မဲ့လို႔ပဲထင္ေနတာ" " အဲဒီအခ်ိန္ ငါရိပ္မိသြားတယ္ဆိုတာ အဖြားအိုသိသြားခဲ့တာ တကယ္ေတာ့ သူ႔ေျမးမေလး၊ သူ႔သမီး နဲ႔သမက္က ပညာၿပိဳင္ရင္း ေသခဲ့ရတာေလ" " ဒီလိုဆိုေတာ့လဲသနားဖို႔ေကာင္းပါတယ္ဗ်ာ " " ဒါဆိုလဲ ေနာက္တစ္အိမ္ဆက္ၾကတာေပါ့ ဟိုမွာအသင့္ေစာင့္ေနၾကၿပီ" ေအာင္ျမတ္သာကစကားေျပာရင္း အေရွ႕မွာတံခါးဖြင့္ထားတဲ့အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။ " ဧည့္သည္ေတြေတာင္ေရာက္လာၿပီပဲ လာဗ်ာ ထမင္းတူတူဝင္စားသြားၾက "ဆိုၿပီးေျပာေတာ့ ေအာင္ျမတ္သာက ထမင္းဝိုင္းထဲဝင္ထိုင္ၿပီး ေဘးမွာခ်ထားတဲ့လက္ေဆးေရနဲ႔လက္ကိုေဆးလိုက္တယ္။ သက္ခိုင္နဲ႔ေတာက္ရကေတာ့ အေျခအေနကိုၾကည့္ၿပီး ဝင္ထိုင္ရေကာင္းမလား မထိုင္ရင္ေကာင္းမလား ေတြေဝေနတဲ့အခ်ိန္ အိမ္ရွင္လူႀကီးက " ဟိုေကာင္ေလးေတြ စားစရာရွိတာစားစမ္းပါ ဒါေတြကအစစ္ေတြပါ ဘာလဲ ပညာနဲ႔လုပ္မွာစိုးလို႔လား" " မဟုတ္ မဟုတ္ပါဘူး " သက္ခိုင္ကအားနာစြာျပန္ေျပာရင္း ေအာင္ျမတ္သာကိုၾကည့္လိုက္ေတာ့ ပန္းကန္ထဲကိုထမင္းေတြခူးထည့္ေနတာျမင္လိုက္ရတယ္။ " ေတာက္ရ ဆရာေတာင္စားေနၿပီဆိုေတာ့ ငါတို႔လဲစားရေတာ့မယ္ မင္းဗိုက္ဆာေနတာမဟုတ္လား အဝ‌စားေတာ့" ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြလဲ အိမ္ရွင္ေတြဧည့္ခံတဲ့ထမင္းနဲ႔ဟင္းကိုစားေသာက္ၿပီးတဲ့အခ်ိန္ " ကဲ အခုစားလို႔လဲၿပီးၿပီဆိုေတာ့ ေမးစရာျမန္းစရာေလးေတြရွိေသးတယ္ " အိမ္ရွင္လူႀကီးစကားေၾကာင့္ ထန္းလ်က္ခဲဘူးကိုဖြင့္ေနတဲ့ ေတာက္ရက သက္ခိုင္ကိုလွမ္းၾကည့္ၿပီး " ဆရာ ဒီလူႀကီးက ဘာေတြေမးဦးမလို႔လဲမသိဘူး" " သူတို႔ပုံစံၾကည့္ရတာေတာ့ ႐ိုင္းတဲ့ထဲေတာ့မပါဘူး သူတို႔လဲအေၾကာင္းတစ္ခုခုရွိလို႔ျဖစ္မွာပါ အသာၾကည့္ေနလိုက္" သက္ခိုင္စကားအဆုံးမွာ ေရေႏြးၾကမ္းေသာက္ေနတဲ့ေအာင္ျမတ္သာက " ေမးခ်င္တာရွိရင္ေမးပါ က်ဳပ္တို႔သိရင္လဲ ေျဖရတာေပါ့ " ေအာင္ျမတ္သာရဲ႕အဖြင့္စကားေၾကာင့္ အိမ္ရွင္လူႀကီးမ်က္ႏွာမွာဝမ္းသာမႈအရိပ္အေယာင္ေတြေပၚလာၿပီး " ဆရာတို႔ ဒီ႐ြာထဲကိုဝင္လာတဲ့အခ်ိန္ ထူးဆန္းတာတစ္ခုျဖစ္သြားတယ္ သတိမထားမိဘူးဟုတ္လား" " ဘယ္လိုထူးဆန္းတာလဲ ေျပာပါဦး" " ဒီ႐ြာနာမည္က ဘူးစင္တစ္ေထာင္႐ြာတဲ့ ဘာလို႔အဲဒီနာမည္ေပးရလဲဆိုတာကလဲအေၾကာင္းရွိတယ္" " စိတ္ဝင္စားစရာပဲ ဆက္ေျပာပါဦး" " ႐ြာစတည္တဲ့အခ်ိန္ အိမ္ေျခခုႏွစ္လုံးနဲ႔စခဲ့တာ အကုန္လုံးက ပညာသည္ေတြႀကီးပဲ အဲဒီလိုကေန မ်ိဳးဆက္ေတြပြားလာတာ အခုလို႐ြာငယ္ေလးျဖစ္လာတာပဲ ဒီ႐ြာမွာကပညာသည္ပဲေနလို႔ရတယ္ အျပင္လူေကာင္းေတြလာေနရင္ တစ္ပတ္မၾကာဘူး ေျပာင္းေျပးရေရာ" " ဒါဆို အခုရွိေနၾကတဲ့လူေတြက ပညာသည္ေတြႀကီးပဲေပါ့" " အကုန္လုံးေတာ့မဟုတ္ဘူး ဒါေပမယ့္ အနည္းနဲ႔အမ်ားေတာ့ဒီပညာကိုတတ္ၾကတယ္ က်ဳပ္မိဘေတြကဒီပညာကိုကြၽမ္းကြၽမ္းက်င္က်င္တတ္ၾကေပမယ့္ က်ဳပ္လက္ထက္ေရာက္ေတာ့ မိဘေတြေလာက္မစြမ္းခဲ့ဘူး ဒါေၾကာင့္႐ြာမွာမ်က္ႏွာအေတာ္ငယ္ရတယ္ အခုက်ဳပ္ေမးခ်င္တာက ဆရာတို႔ဒီ႐ြာမွာ ညအိပ္ၾကမွာလားဆိုတာပဲ" " ျဖစ္ႏိုင္ရင္ေတာ့ ျပန္ထြက္ခ်င္ေနၿပီ ဘာေၾကာင့္အခုလိုေမးတာလဲ" " ဆရာတို႔ ျပန္ထြက္ဖို႔ဆိုရင္ ႐ြာလုံးေစ့ေအာင္ ပညာစမ္းခံရမွာ ဒါကလဲ႐ြာဓေလ့ဆိုေတာ့ ဖ်က္လို႔မရဘူး ဒါေပမယ့္ က်ဳပ္မွာအႀကံတစ္ခုရွိတယ္ အဲဒီအႀကံတိုင္းဆိုရင္ ဆရာတို႔မနက္ျဖန္အာ႐ုဏ္တက္ခ်ိန္ ဒီ႐ြာကျပန္ထြက္ႏိုင္လိမ့္မယ္" အိမ္ရွင္လူႀကီးစကားေၾကာင့္ ေအာင္ျမတ္သာအနည္းငယ္ေတြးေတာလိုက္ၿပီး " ဘယ္လိုအႀကံလဲေျပာပါဦး" " ဆရာတို႔အခုက်ဳပ္အိမ္ေရာက္တာေမွာင္စပ်ိဳးေနၿပီ ဒီလိုအခ်ိန္ေရာက္ေလေလ ႐ြာသူပညာသည္ေတြအစြမ္းထက္ေလပဲ ဒါေၾကာင့္ က်ဳပ္အိမ္မွာအခ်ိန္ျဖဳန္းၿပီးေနလိုက္ ညသန္းေခါင္အခ်ိန္ေရာက္ရင္ ပညာစမ္းပြဲရွိတယ္" " ဘယ္လို ပညာစမ္းပြဲ ဟုတ္လား" " ဟုတ္တယ္ဆရာ က်ဳပ္တို႔ငယ္ငယ္ကဆိုရင္ ပညာစမ္းပြဲဆိုတာ လူသတ္ပြဲပဲ မေက်နပ္ခ်က္ေတြ နာၾကည္းခ်က္ေတြကို က်န္တဲ့အခ်ိန္ေတြမွာမထုတ္ေဖာ္ပဲ ပညာစမ္းပြဲက်ရင္ စိန္ေခၚၿပီး ၿပိဳင္ေလ့ရွိၾကတယ္ ဆရာတို႔ပထမဆုံးဝင္ခဲ့တဲ့ အိမ္ကအဖြားရဲ႕ သမီး၊သမက္နဲ႔ ေျမးမေလးက အဲဒီပြဲမွာေသခဲ့တာေလ" " ဒါကေတာ့ မျဖစ္သင့္တဲ့အရာပဲ " " သိပ္လဲစိတ္မပူပါနဲ႔ဆရာ အခုေနာက္ပိုင္းေတာ့ ႐ြာရဲ႕သက္ႀကီးပညာသည္ေတြက သူတို႔ရႉံးႏိုင္တယ္ထင္ရင္ ပြဲကိုတစ္ခါထဲရပ္လိုက္ၾကတယ္ အသက္အေသထိေတာ့ မေပးလုပ္ၾကေတာ့ဘူး" " ဒီလိုဆိုေတာ့ေတာ္ေသးတာေပါ့ ဒါနဲ႔က်ဳပ္ကိုေမးဖို႔ဆိုတာအခုထိမေမးရေသးဘူးေနာ္" " ဒီည ပညာၿပိဳင္ရမယ့္အလွည့္က်တာက က်ဳပ္ရဲ႕သမီးျဖစ္ေနတယ္ ဆရာတို႔သူ႔ကိုအႏၲရာယ္ကင္းေအာင္ ကူညီႏိုင္မလားလို႔ ေမးပါရေစ" " ဒီပညာၿပိဳင္ပြဲက အသက္မေသဘူးလို႔ခုနကခင္ဗ်ားပဲေျပာတာေလ ဘာေၾကာင့္ အကူညီေတာင္းရတာလဲ" " ဆရာတို႔မေရာက္ခင္တစ္ရက္မွာ အရင္ႀကီးၾကပ္ခဲ့တဲ့ အေမႀကီး႐ုတ္တရက္ေသသြားတယ္ ဒါကလဲ ဘယ္သူ႔လက္ခ်က္ဆိုတာ တစ္႐ြာလုံးသိၾကတယ္" " ဟင္ ဒါဆို ဒီညၿပိဳင္ပြဲမွာ ဘယ္သူႀကီးၾကပ္မွာလဲ" " ဆရာတို႔႐ြာထိပ္ကိုျပန္ထြက္တဲ့အခ်ိန္ ‌ေတြ႕ရတဲ့ လူႀကီးကႀကီးၾကပ္မွာ သူက ၿပိဳင္ပြဲႀကီးၾကပ္တဲ့ေနရာကိုအရမ္းလိုခ်င္ေနတာ အရင္ကအေမႀကီးရွိေနေတာ့ သူေက်ာ္လို႔မရဘူး ဒါေၾကာင့္ပညာၿပိဳင္ပြဲအမွီ သူအေကာက္ႀကံတာ" " ေနပါဦး ေသသြားတဲ့အေမႀကီးဆိုတာ ပညာအထက္ျမက္ဆုံးမဟုတ္လား ဘယ္လိုေၾကာင့္သူသတ္တာခံရတာလဲ" " ဇရာကလဲစကားေျပာလာၿပီေလဆရာ က်ဳပ္သမီးနဲ႔ သူ႔သမီးက ႐ြယ္တူေလာက္ပဲရွိလိမ့္မယ္ သူက သူ႔သမီးကို ႐ြယ္တူေတြထဲမွာၿပိဳင္ဘက္မရွိ ပညာသည္ျဖစ္ေစခ်င္တယ္ က်ဳပ္သမီးကလဲ ခပ္စြာစြာ ခပ္ထက္ထက္ ဒါေၾကာင့္ အေကာက္ႀကံမွာစိတ္ပူလို႔ပါ" " ခင္ဗ်ားသမီးက အခုဘယ္ေရာက္ေနလဲ သူ႔ကိုလာထဲကမေတြ႕မိပါဘူး" " ဆရာတို႔လာမယ္ဆိုလို႔ အခန္းထဲမွာေနခိုင္းထားတာပါ" " ေခၚလိုက္ပါ က်ဳပ္သူ႔ပညာအစြမ္းကိုၾကည့္ပါ‌ရေစ" ေအာင္ျမတ္သာစကားေၾကာင့္ အိမ္ရွင္လူႀကီးက အိမ္ခန္းထဲမွာရွိေနတဲ့ မိန္းကေလးကိုလွမ္းေခၚလိုက္ေတာ့ အခန္းထဲကေန အသက္၁၅ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ထြက္လာတာျမင္လိုက္ရတယ္။ " သမီး လာထိုင္ ဆရာ ဒါက်ဳပ္သမီး ျမပုလဲတဲ့" " ေတြ႕ရတာဝမ္းသာပါတယ္ကေလးမ" " ဟုတ္ ဟုတ္ကဲ့ ဝမ္းသာပါတယ္ " ျမပုလဲက ေအာင္ျမတ္သာကို တည့္မၾကည့္ပဲ မ်က္လုံးကိုလက္နဲ႔ကာၿပီးေျပာတာျမင္ေတာ့ " ကေလးမ ဘာေၾကာင့္ မ်က္လုံးကိုလက္နဲ႔ကာထားတာလဲ" " ဆရာ ကိုယ္ကထြက္ေနတဲ့အေရာင္ေတြက ၾကည့္မရေအာင္စူးလို႔ ကာထားတာပါ" မိန္းကေလးစကားေၾကာင့္ ေအာင္ျမတ္သာ အနည္းငယ္ၿပဳံးလိုက္ၿပီး " သင့္ပညာက ငယ္ေပမယ့္မေသးဘူးပဲ ဒီလိုျမင္ရဖို႔ဆိုတာ သာမန္ပညာသည္ေတြအဖို႔မျဖစ္ႏိုင္တာအေသခ်ာပဲ စိတ္မပူပါနဲ႔ ဒီကေလးမက သူ႔ေမြးရာပါပညာပါၿပီးသားပါ လူသားေတြကိုအက်ိဳးျပဳႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္" " ဆရာ ဒါဆို သူဘာမွမျဖစ္ႏိုင္ဘူးေပါ့ " အိမ္ရွင္လူႀကီးရဲ႕စကားကိုေအာင္ျမတ္သာျပန္မေျဖပဲ ေဘးမွာခ်ထားတဲ့ ကြမ္းအစ္ထဲက ထုံးတစ္တို႔ကိုယူၿပီး လက္နဲ႔လုံးေခ်ကာ ျမပုလဲကိုကမ္းေပးလိုက္တယ္။ " ေရာ့ ဒီထုံးကို ငုံၿပီးေတာ့ ၿပိဳင္ သင္ထိခိုက္နာက်င္မႈမရွိေစရဘူး သင္လဲသူတစ္ပါးကို အႏၲရာယ္ျဖစ္ေလာက္တဲ့ထိ မလုပ္ပါနဲ႔ " " မလုပ္ပါဘူးဆရာ သမီးက ဒီလိုေမြးရာပါပညာတတ္ေနေပမယ့္ ငါးပါးသီလကိုလုံေအာင္ထိန္းပါတယ္ အခုထိလဲ သူတစ္ပါးအသက္ကိုမသတ္ခဲ့ပါဘူး" " အိမ္း ေကာင္းေပစြ ေကာင္းေပစြ ဒီပညာၿပိဳင္ပြဲကျပန္ရင္ ဆရာတစ္ခုေတာင္းဆိုခ်င္တယ္ အခုေတာ့မဟုတ္ေသးပါဘူး အနားယူလိုက္ပါဦး" ေအာင္ျမတ္သာစကားအဆုံးမွာ ျမပုလဲက မ်က္လုံးကိုလက္နဲ႔ကာၿပီး အိမ္ထဲကိုျပန္ဝင္သြားခဲ့တယ္။ " က်ဳပ္သမီးကို ကူညီေပးတဲ့အတြက္ က်ဳပ္ကလဲ အႀကံတစ္ခုေပးပါရေစ ဒီညသက္ႀကီးပိုင္းေတြပညာၿပိဳင္ၿပီးရင္ ႐ြာရဲ႕အေတာ္ဆုံးပညာသည္ကိုေ႐ြးလိမ့္မယ္ ဆရာတို႔က အဲဒီအခ်ိန္ သူတို႔ေရွ႕မွာ အေတာ္ဆုံးပညာသည္ကိုအႏိုင္ယူလိုက္ရင္ ႐ြာကေနျပန္ထြက္လို႔ရၿပီ " အိမ္ရွင္လူႀကီးစကားကိုၾကားေတာ့ ေအာင္ျမတ္သာက " အႀကံေပးတာကိုေက်းဇူးတင္ပါတယ္ သင္လဲပညာေလ့က်င့္ဖို႔အခ်ိန္ေရာက္ၿပီထင္တယ္ က်ဳပ္တို႔ကိုအားမနာပါနဲ႔ " " ရပါတယ္ ဒီည အိမ္မွာဘယ္သူမွရွိမွာမဟုတ္တဲ့အတြက္ စိတ္ခ်လက္ခ်ေနၾကပါ" အိမ္ရွင္လူႀကီးစကားေၾကာင့္ ေတာက္ရက " အိမ္မွာမရွိရင္ ဘယ္သြားၾကမွာလဲ" " ခုနကပဲေျပာတာေမ့ေနၿပီထင္တယ္ ပညာၿပိဳင္ပြဲကိုသြားၾကည့္မွာေလ" အိမ္ရွင္လူႀကီးက ေတာက္ရကို ေျပာၿပီး အိမ္ေနာက္ေဘးေပါက္ဘက္ကိုထြက္သြားခဲ့တယ္။ +++++++ လမိုက္ညျဖစ္တဲ့အတြက္ ဘူးစင္တစ္ေထာင္႐ြာတစ္႐ြာလုံး အေမွာင္ထုကႀကီးစိုးေနခဲ့တယ္။ အိပ္တန္းတက္ေနၾကတဲ့ ေက်းငွက္ေတြရဲ႕ အသံက တိတ္ဆိတ္ေနတဲ့ညအခ်ိန္ကို တစ္ခါတစ္ရံေဖာက္ထြက္လာတတ္ၾကတယ္။ " သက္ခိုင္နဲ႔ ေတာက္ရ အခ်ိန္က်ၿပီ သြားၾကရေအာင္" " ဘယ္ကိုလဲဆရာ " " ပညာၿပိဳင္ပြဲကိုသြားၾကည့္ရေအာင္ ဝိုင္းထဲမွာျပႆနာေတြျဖစ္ေတာ့မယ္" " ဟင္ ကြၽန္ေတာ္တို႔ဒီတိုင္းသြားရင္ သူတို႔ေပးဝင္ပါ့မလား" "အဲဒီအတြက္စိတ္မပူပါနဲ႔ ရွစ္ကြက္အင္းကိုျပာခ်ၿပီးေသာက္ထားရင္ သူတို႔မေတြ႕ရဘူး" ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရလဲ လြယ္အိတ္ထဲက ရွစ္ကြက္အင္းတစ္႐ြက္စီထုတ္ၿပီး မီးရႈိ႕ကာေသာက္လိုက္ၾကတယ္။ ေအာင္ျမတ္သာတို႔အိမ္ေအာက္ေရာက္ေတာ့ မလွမ္းမကမ္းအိမ္ထဲကေန အဝတ္မဲကိုၿခဳံၿပီးထြက္လာတဲ့လူရိပ္တစ္ခုကိုျမင္လိုက္ရတယ္။ " ဆရာ ..." သက္ခိုင္သတိေပးသံေၾကာင့္ ေအာင္ျမတ္သာ ရပ္လိုက္ၿပီး " သူ႔ေနာက္လိုက္သြားရင္ ၿပိဳင္ပြဲလုပ္တဲ့ေနရာကိုေရာက္မွာအေသခ်ာပဲ " အဝတ္နက္အုပ္ထားတဲ့လူက အေမွာင္ထုထဲ လ်င္ျမန္စြာတိုးသြားတာျမင္ေတာ့ ေအာင္ျမတ္သာတို႔မ်က္ေျခမျပတ္ေအာင္ သတိထားၿပီး လိုက္လာခဲ့ၾကတယ္။ ေတာလမ္းတစ္ခုနဲ႔လယ္ကြင္းငါးကြင္း‌ေလာက္ကိုကိုျဖတ္ၿပီးတဲ့ေနာက္မွာေတာ့ ရယ္ေမာသံ၊ ေအာ္ဟစ္သံေတြကို မပီမျပင္ၾကားလိုက္ရတယ္။ " ဆရာ အသံေတြေတာ့ၾကားေနရၿပီ သိပ္မေဝးေလာက္ေတာ့ဘူးထင္တယ္ ဟိုလူကိုလဲမေတြ႕ရေတာ့ဘူး" သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာေဘးဘီကိုၾကည့္လိုက္ၿပီး " ဟိုလူမေပ်ာက္ဘူး မင္းရဲ႕ေခါင္းေပၚက သစ္ကိုင္းမွာတြဲေလာင္းခိုေနတာ" ‌ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္ အေပၚကိုေမာ့ၾကည့္လိုက္ေတာ့ မန္က်ီးပင္အေပၚကေန က်ေနတဲ့သစ္ကိုင္းကို ခိုၿပီးပုန္းေနတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ " ေဟ့ ေအာက္ဆင္းခဲ့စမ္း မင္းကဘာလို႔ငါတို႔ကိုပုန္းေနတာလဲ " သက္ခိုင္စကားသံေၾကာင့္ မန္က်ီးကိုင္းေပၚပုန္းေနတဲ့လူက ေအာက္ကိုခုန္ဆင္းလာၿပီး " ခင္ဗ်ားတို႔လဲ က်ဳပ္လိုပါပဲလား" ႐ုတ္တရက္ေျပာလိုက္တဲ့စကားေၾကာင့္ သက္ခိုင္အံ့ဩသြားၿပီး " မင္းဘာကိုဆိုလိုတာလဲ" " ခင္ဗ်ားတို႔က ဒီလိုပညာေတြကိုေလ့လာေနတဲ့သူလား" ေယာက်ၤားေလးတစ္ေယာက္ရဲ႕အသံကိုၾကားေတာ့ ေအာင္ျမတ္သာ အေရွ႕တိုးလာၿပီး " မင္းဘယ္လိုထင္လို႔လဲ ေကာင္ေလး" " အဟက္အဟက္ စိတ္မရွိပါနဲ႔ဗ်ာ ကြၽန္ေတာ္က ဒီၿပိဳင္ပြဲကိုလာခိုးၾကည့္တဲ့သူပါ ဝါသနာတူေတြဆုံၾကပီထင္တယ္" " မင္းအခုလိုလာၾကည့္ေတာ့ ဟိုကလူေတြ မင္းကိုေတြ႕ရင္သတ္မွာေပါ့" " ကြၽန္ေတာ္ဒီလိုလာၾကည့္တာ ငါးလေလာက္ရွိၿပီ တကယ္လို႔ေတြ႕မယ္ဆိုရင္ အခုခ်ိန္ကြၽန္ေတာ္ေသေနေရာေပါ့ ဒါေပမယ့္ ထူးဆန္းတယ္" " ဘယ္လိုထူးဆန္းတာလဲေျပာပါဦး" " အရင္အခါေတြလာတုန္းက က်ဳပ္ကိုေတြ႕တဲ့သူဘယ္သူမွမရွိဘူး ဒါေပမယ့္အခုခင္ဗ်ားတို႔ကျမင္တယ္ဆိုလို႔ ထူးဆန္းေနတာ" " ဒါကသိပ္ေတာ့မထူးဆန္းပါဘူး ဘာလို႔ဆိုေတာ့ မင္းနဲ႔ငါတို႔က ပညာသည္ေတြမွမဟုတ္တာ " " ဟုတ္ေလာက္တယ္ လာၾကဗ်ာ အခ်ိန္ေတာင္ေနာက္က်ေနၿပီ ေဟာ ေျပာရင္းဆိုရင္း ဟိုဘက္ေတာထဲကေန မီးလုံးေတြေတာင္တက္လာၿပီ ပြဲႀကီးပြဲေကာင္းမေရာက္ခင္မွီဖို႔လိုတယ္" ဝတ္႐ုံအနက္ၿခဳံထားတဲ့လူငယ္က စကားစကိုျဖတ္ရင္း မီးလုံးေတြတက္လာတဲ့ဘက္ကို လ်င္ျမန္တဲ့အရွိန္နဲ႔ေျပးသြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ လွမ္းျမင္ေနရတဲ့ၿပိဳင္ပြဲရွိရာဘက္ကိုေလ်ာက္လာခဲ့တာ လူေတြအုံခဲေနတဲ့ ေျမကြက္လပ္တစ္ခုကိုေရာက္လာခဲ့တယ္။ မီးတိုင္ေတြလင္းထိန္ေအာင္ထြန္းထားတဲ့ ေျမကြက္လပ္အထဲမွာေတာ့ အသက္ငယ္ငယ္ လူငယ္ႏွစ္ေယာက္ ပညာၿပိဳင္ေနၾကတယ္။ ဒါေပမယ့္ေအာင္ျမတ္သာက ပညာၿပိဳင္တာကိုစိတ္မဝင္စားပဲ တစ္စုံတစ္ခုကိုလိုက္ရွာေနသလို မ်က္လုံးေတြကလဲ ပတ္ဝန္းက်င္ကို မ်က္ေျခမျပတ္အကဲခတ္ေနတာကိုသက္ခိုင္သတိထားမိလိုက္တယ္။ " ဆရာ ဘာျဖစ္လို႔လဲ တစ္စုံတစ္ေယာက္ကိုရွာေနသလိုပဲ" " ခုနက လမ္းမွာေတြ႕တဲ့ ‌လူကိုလိုက္ရွာေနတာ သူပုံစံက သာမန္လူတစ္ေယာက္မဟုတ္ဘူး " " ဟုတ္တယ္ ဆရာ ကြၽန္ေတာ္လဲသတိထားမိတယ္ " သက္ခိုင္စကားအဆုံးမွာ ကြင္းထဲမွာပညာၿပိဳင္ေနၾကတဲ့လူငယ္ႏွစ္ေယာက္အလွည့္ၿပီးသြားခဲ့တယ္။ လူငယ္ႏွစ္ေယာက္အလွည့္ၿပီးသြားေတာ့ ကြင္းရဲ႕အေရွ႕ဘက္အစပ္မွာထိုင္ေနတဲ့လူႀကီးတစ္ေယာက္ထလာၿပီး " ဘူးစင္တစ္ေထာင္႐ြာသားတို႔ ဒီေန႔က်င္းပရတဲ့ပြဲဟာ ငါတို႔႐ြာရဲ႕ဓေလ့ထုံးတမ္းတစ္ခုျဖစ္တယ္ဆိုတာ အားလုံးသိၾကၿပီးျဖစ္ပါတယ္ ပညာခ်င္းယွဥ္တဲ့အခါ ထိခိုက္နာက်င္တာေတြရွိေကာင္း ရွိမယ္ ဒါေပမယ့္ တစ္ဖက္လူအသက္အႏၲရာယ္ျဖစ္ေလာက္တဲ့အထိ လုပ္တာကိုခြင့္မျပဳဘူး အခုပညာသင္အဆင့္ေတြယွဥ္ၿပိဳင္ၿပီးတဲ့အခ်ိန္မွာေတာ့ ႐ြာရဲ႕ကြမ္းေတာင္ကိုင္ပညာသယ္ကိုေ႐ြးခ်ယ္ေတာ့မွာျဖစ္တယ္ သက္ႀကီးပညာရွင္ေတြကေတာ့ ျမပုလဲနဲ႔ ေ႐ႊနံ႔သာကို ပညာခ်င္းၿပိဳင္ေစၿပီး ႏိုင္တဲ့သူကို ႐ြာရဲ႕မရွိမျဖစ္ ကြမ္းေတာင္ပန္းေတာင္ကိုင္အျဖစ္ေ႐ြးခ်ယ္မွာျဖစ္တယ္" ေတာင္ေဝွးကိုင္ထားတဲ့လူႀကီးက အာေဘာင္အာရင္းသန္သန္နဲ႔ေျပာေနတာျမင္ေတာ့ ေအာင္ျမတ္သာက " ဒါငါတို႔႐ြာထိပ္မွာေတြ႕ခဲ့တဲ့လူပဲ ေ႐ႊနံ႔သာဆိုတာ သူ႔သမီးျဖစ္မယ္ ဒီပြဲၿပီးရင္ အဆင့္ျမင့္ပညာရွင္ေ႐ြးပြဲရွိတယ္ဆိုေတာ့ ဟန္မပ်က္ပဲၾကည့္ေနၾက ငါတို႔ကိုဒီကလူေတြမျမင္ရဘူး" " ဆရာ ဆရာ ေတာင္ဘက္က ဇီးပင္ေပၚကို ၾကည့္ဦး" ေတာက္ရရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာ ဇီးပင္ေပၚကိုၾကည့္လိုက္ၿပီး " ဒီမွာ အေျခအေနေတြ ရႈပ္ေထြး‌ေတာ့မယ္ ေနာက္ဆုံးပြဲမၿပီးမခ်င္း ဘာမွမလုပ္ၾကနဲ႔ ငါတို႔ပတ္လည္ကအပင္ေတြမွာ ဝတ္စုံအနက္နဲ႔လူေတြအမ်ားႀကီးဝိုင္းထားတယ္" " ဟင္ ပညာသည္ေတြလားဆရာ" " မဟုတ္ဘူး သူတို႔ကပညာသည္ေတြကိုဖမ္းတဲ့သူေတြျဖစ္ႏိုင္တယ္ ဒီ႐ြာကပညာသည္ေတြက တစ္ခ်ိန္က်ရင္ငါတို႔အတြက္အက်ိဳးျပဳမယ့္သူေတြ သူတို႔ကိုထိခိုက္မခံႏိုင္ဘူး " " ဆရာ ၿပိဳင္ပြဲစေနၿပီ " ေတာက္ရစကားေၾကာင့္ ေအာင္ျမတ္သာ ဝိုင္းထဲကိုၾကည့္လိုက္ေတာ့ မိန္းမငယ္ႏွစ္ဦး သူႏိုင္ကိုယ္ႏိုင္အၿပိဳင္တိုက္ေနတာေတြ႕လိုက္ရတယ္။ " ပုလဲ နင့္ပညာအကုန္ပဲလား " " နံ႔သာ နင္စကားမႀကီးနဲ႔ ဒီမွာၾကည့္" ျမပုလဲက အံကိုႀကိတ္ၿပီး ေျမႀကီးကိုေဆာင့္နင္းလိုက္ရာ ဆံပင္မွာစည္းထားတဲ့ႀကိဳးျပတ္ထြက္သြားၿပီး ခါးေလာက္ရွိတဲ့ဆံပင္ေတြ အေပၚကို ေထာင္တက္လာခဲ့တယ္။ အခြၽန္အတက္ေတြလိုေထာင္တက္လာတဲ့ ဆံပင္ေတြကို လက္နဲ႔ သပ္လိုက္ၿပီး ပါလာတဲ့ဆံပင္ေမႊးေတြကို မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့မိန္းကေလးဆီ ပစ္ထုတ္လိုက္တဲ့အခ်ိန္ ဆံပင္ေတြက ႏြယ္ရွင္ေတြလို အသက္ဝင္လာၿပီး ေျမႀကီး‌ေပၚကေန တြန႔္လိမ္ကာသြားေနတဲ့အခ်ိန္ တစ္ဖက္ကမိန္းကေလးကလဲ လက္ထဲမွာပါလာတဲ့ ကြၽဲ႐ုပ္ေလးကို ေျမႀကီးေပၚပစ္ခ်ၿပီး " ငါ့ပညာကိုျမည္းၾကည့္ဦး" လို႔ေျပာကာ လက္ထဲကိုင္ထားတဲ့ တမာခက္နဲ႔႐ိုက္လိုက္တယ္ဆိုရင္ပဲ ကြၽဲ႐ုပ္ေလးက အသက္ဝင္လာၿပီး ျမပုလဲလႊတ္ထုတ္လိုက္တဲ့ ဆံပင္ေတြကို စည္းအျပင္ဘက္ေရာက္ေအာင္ ဂ်ိဳနဲ႔ေကာ္ထုတ္လိုက္တယ္။ ဆံပင္ေတြအပိုင္းပိုင္းအစစျပတ္ထြက္သြားတဲ့အခ်ိန္ ျမပုလဲေခါင္းက အေရွ႕ကိုစိုက္က်လာတာျမင္ေတာ့ ကြင္းထဲမွာရပ္ၾကည့္ေနတဲ့ ျမပုလဲအေဖက " သမီး သတိထား ဦးေ႐ႊေမာင္း ပြဲရပ္လိုက္ေတာ့ "ဆိုၿပီးေအာ္လိုက္ေပမယ့္ ဆူညံပြက္ေလာ႐ိုက္ေနတဲ့အသံေတြထဲမွာေပ်ာက္ကြယ္သြားခဲ့တယ္။ ေ႐ႊနံ႔သာကလဲ ရတဲ့အခြင့္အေရးကိုလက္လႊတ္မခံပဲ လက္ထဲကတမာကိုင္းကိုေလထဲေဝွ႔လိုက္ရင္ပဲ ကြၽတ္ထြက္လာတဲ့တမာ႐ြက္ေတြက လင္းယုန္ငွက္ေတြျဖစ္သြားၿပီး ျမပုလဲမ်က္လုံးကိုထိုးေဖာက္ဖို႔ အရွိန္နဲ႔ဆင္းလာတဲ့အခ်ိန္ ျမပုလဲကညာဘက္လက္နဲ႔ ပုတ္ထုတ္လိုက္တယ္။ " ေျဖာင္း"ဆိုတဲ့အသံနဲ႔အတူ လင္းယုန္ငွက္ေတြအေနာက္ကို လြင့္ထြက္သြားၿပီး မူလပုံစံျပန္ျဖစ္သြားတယ္။ လင္းယုန္ငွက္ေတြအစြမ္းျပယ္သြားတာျမင္ေတာ့ ေ႐ႊနံ႔သာ ေတာက္တစ္ခ်က္ခတ္လိုက္ၿပီး ႏွာမႈတ္ၿပီးခြာကိုယက္ေနတဲ့ တိုက္ကြၽဲရဲ႕ဂ်ိဳေပၚကို သူ႔လက္ညိဳးတင္ၿပီး ေသြးထြက္ေအာင္လုပ္လိုက္တယ္။ဒါကိုေအာင္ျမတ္သာတို႔ကလြဲၿပီး ဘယ္သူမွသတိမထားမိလိုက္ဘူး။ ေဒါသထြက္ေနတဲ့တိုက္ကြၽဲက ေသြးနံ႔ရေတာ့ အေျခအေနပိုဆိုးလာၿပီး ျမပုလဲကို အေသခတ္ရန္ ဂ်ိဳတကားကားနဲ႔ ေျပးဝင္လာတဲ့အခ်ိန္ ျမပုလဲ အေနာက္ကိုဆုတ္ၿပီး လက္ထဲဆုပ္ကိုင္ထားတဲ့အရာတစ္ခုနဲ႔ပစ္ေပါက္ဖို႔ လုပ္လိုက္ေပမယ့္ ညိဳသက်ဥ္းကိုတစ္ခုခုနဲ႔႐ိုက္ခ်လိုက္သလို အေရွ႕ကိုပုံလ်က္လဲက်သြားတယ္။ တိုက္ကြၽဲကလဲ အရွိန္နဲ႔ေျပးၿပီး ေဝွ႔သတ္ေတာ့မယ္ဆိုတာ သိေနၾကတဲ့ ပညာသည္ေတြက တိုက္ကြၽဲကိုျပန္ထိန္းဖို႔အတြက္ ေ႐ႊနံ႔သာကိုေအာ္ေျပာေပမယ့္ အခ်ိန္မမွီေတာ့ဘူး။ တိုက္ကြၽဲရဲ႕ဂ်ိဳက လဲက်ေနတဲ့ ျမပုလဲရဲ႕ ဗိုက္နားအေရာက္မွာ ျမပုလဲရဲ႕လက္ႏွစ္ဖက္က ကြၽဲရဲ႕ဂ်ိဳႏွစ္ဖက္ကိုဆုပ္ကိုင္လိုက္ၿပီး " ဟားဟားဟား ငါ့ကိုမွတ္မိၾကေသးလား " ဆိုတဲ့အသံနက္ႀကီးနဲ႔ထေအာ္ပါေလေရာ။ မိန္းကေလးႏုႏုငယ္ငယ္တစ္ေယာက္စီကေန အဖြားအိုတစ္ေယာက္အသံထြက္လာတာၾကားေတာ့ ပညာသည္ေတြအကုန္အံ့ဩသြားၿပီး " ဖြားလြန္းအိမ္လား ဖြားလြန္းဝင္လာတာလား" " ဟားဟား ဟိုေကာင္မ နင္က ငါ့ေျမးကိုသတ္ဖို႔အထိလုပ္တယ္ေပါ့ ႐ြာထဲက ေကာင္ေတြေကာင္မေတြကလဲ ဘယ္သူမွဝင္မထိန္းၾကလို႔ ငါထြက္လာတာ ငါ့ကိုဘယ္သူမွတ္ေနလဲ ဒီနယ္တစ္ဝိုက္မွာ ငါ့ကိုဘယ္သူအံတုရဲသလဲေဟ့" ျမပုလဲမ်က္ႏွာက ႐ုတ္တရက္အိုမင္းသြားၿပီး အသားေတြတဆတ္ဆတ္တုန္ေနတာျမင္ေတာ့ အားလုံးေၾကာက္လန႔္သြားၾကတယ္။ ေဘးကေနၾကည့္ေနတဲ့ သက္ခိုင္နဲ႔ေတာက္ရက " ဆရာ အခုေကာင္မေလးရဲ႕ကိုယ္ထဲဘယ္သူဝင္ေနတာလဲ" " အင္း သူတို႔လိုခ်င္ေနတာ ဒီလိုအခ်ိန္ပဲ ငါႀကိဳသိလို႔ ထုံးမန္းေပးလိုက္တာ ဒီေကာင္မေလး မယူလာခဲ့ဘူး" " ဗ်ာ ဘယ္လိုလဲဆရာ ကြၽန္ေတာ္နားမလည္ဘူး" " အခုဝင္ေနတဲ့သူက ဒီ႐ြာကိုစတည္ရာမွာပါခဲ့တဲ့သူ ဖြားလြန္းအိမ္လို႔ေခၚတယ္ ၿပိဳင္စံရွားပညာသည္ႀကီးေပါ့ သူက ဒီေကာင္မေလးကိုယ္ထဲ သူ႔ပညာေတြထည့္ခဲ့ေပမယ့္ ေကာင္မေလးက မေကာင္းတဲ့ဘက္ကိုစိတ္မပါေတာ့ ပညာေတြက ထင္သေလာက္မစြမ္းဘူးျဖစ္ေနတာ " " အခုသူဝင္ေနတာဆိုေတာ့ သူလဲမကြၽတ္ဘူးဆိုတဲ့သေဘာလား" " ဟုတ္တယ္ ဖြားလြန္းအိမ္က မကြၽတ္ပဲရွိေနတာ သူ႔ေျမးဒုကၡေရာက္ေနလို႔သာ ဝင္လာခဲ့တာ အခုသူ႔ကိုဖမ္းမယ့္သူေတြအႀကိဳက္ျဖစ္သြားတာေပါ့" ေအာင္ျမတ္သာစကားကို သက္ခိုင္ နားမလည္ပဲျဖစ္ေနတဲ့အခ်ိန္ ကြင္းပတ္ပတ္လည္မွာရွိတဲ့ အပင္ေတြဆီကေန အနက္ေရာင္ႀကိဳးေတြထြက္လာခဲ့တယ္။ ႐ြာသားအားလုံး ႐ုတ္တရက္ေပၚလာတဲ့ႀကိဳးေတြကိုၾကည့္ၿပီး အံ့အားသင့္ေနတဲ့အခ်ိန္ ႀကိဳးစေတြက ကြင္းတစ္ခုလုံးကိုရစ္ပတ္ၿပီး အျပင္ထြက္မရေအာင္ကာမိသြားတယ္။ " မဟူရာႀကိဳးနက္ဂိုဏ္း" ေအာင္ျမတ္သာႏႈတ္ကေနလႊတ္ခနဲထြက္သြားတဲ့အသံေၾကာင့္ ဝိုင္းထဲမွာရွိေနတဲ့ ျမပုလဲတစ္ျဖစ္လဲ ဖြားလြန္းအိမ္က " ဟားဟားဟား ငါေစာင့္ေနတာ သူ႔ကိုငါေစာင့္ေနတာ အခုမွေရာက္လာတယ္ ႐ြာသူ႐ြာသားအေပါင္းတို႔ မင္းတို႔႐ြာကို အစြဲခြၽတ္မယ့္ သူရဲေကာင္းေရာက္ေနၿပီ ငါေျမးကိုလဲ သူျပဳျပင္ေပးလိမ့္မယ္ မင္းတို႔အားလုံး မေၾကာက္နဲ႔ေတာ့ ငါတို႔ကိုကယ္တင္မယ့္သူေတြဒီထဲေရာက္ေနၿပီ " ျမပုလဲေအာ္သံေၾကာင့္ ထြက္ေျပးဖို႔ႀကိဳးစားေနၾကတဲ့႐ြာသားေတြ ၿငိမ္သက္သြားၿပီး " ဒါဆို တေဘာင္ကမွန္ေနပီေပါ့ ႐ြာတည္မိခင္ႀကီးခုႏွစ္ပါးေျပာခဲ့တဲ့တေဘာင္မွန္ေနၿပီ " ဆိုၿပီးထေအာ္ၾကပါေလေရာ။ အဲဒီအခ်ိန္ ဝိုင္းထဲကို ပ်ံလာတဲ့ႀကိဳးတစ္ေခ်ာင္းကို ႐ြာသားေတြျမင္လိုက္ရတယ္။ မဲနက္ေနတဲ့ႀကိဳးက ျမပုလဲအနားေရာက္ေတာ့ရပ္သြားၿပီး လူငယ္တစ္ေယာက္ႀကိဳးကိုင္လ်က္အေနအထားနဲ႔ေပၚလာခဲ့တယ္။ " မဟူရာႀကိဳးနက္မင္းသား" ျမပုလဲတစ္ျဖစ္လဲ ဖြားလြန္းအိမ္အသံေၾကာင့္ ႀကိဳးကိုင္ၿပီးရပ္ေနတဲ့လူငယ္ရဲ႕မ်က္ဝန္းထဲမွာ မ်က္ရည္စေတြေဝ့လာတာ ေအာင္ျမတ္သာျမင္လိုက္ရတယ္။ " သူ႔ကိုဖမ္းခဲ့ေတာ့ အခ်ိန္မရွိဘူး မင္းသား" ေဘးနားသစ္ပင္ကေန ႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ ႀကိဳးကိုင္ထားတဲ့လူငယ္ မ်က္ႏွာတင္းသြားၿပီး ျမပုလဲကို ႀကိဳးနဲ႔ခ်ည္ဖို႔အလုပ္ စူးရွတဲ့အလင္းတန္းတစ္ခုက ေက်ာေနာက္ဘက္ကေနေပၚလာခဲ့တယ္။ စူးရွရွအလင္းေရာင္ေၾကာင့္ ႀကိဳးခ်ည္ဖို႔ႀကိဳးစားေနတဲ့လူငယ္က အေနာက္လွည့္ၾကည့္လိုက္တဲ့အခ်ိန္ ကိုယ္ေရာင္ကိုယ္ဝါေတာက္ပစြာနဲ႔ တစ္လွမ္းခ်င္းေလ်ာက္လာတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ " လတ္စသတ္ေတာ့ လမ္းမွာေတြ႕ခဲ့တဲ့လူကိုး ဒီမွာင့ါသား ငါတို႔ဂိုဏ္းအလုပ္ကိုရႈပ္ရင္ ဘယ္သူ႔ကိုမွအရွင္မထားဘူး ကိုယ့္လမ္းကိုယ္သြားပါ" ေအာင္ျမတ္သာနဲ႔႐ြယ္တူ‌ေလာက္ရွိတဲ့လူငယ္က ငါ့သားလို႔ေခၚလိုက္တဲ့စကားေၾကာင့္ သက္ခိုင္ စိတ္တိုသြားၿပီး တစ္ခုခုတုံ႔ျပန္ဖို႔အလုပ္ " စိတ္ေလ်ာ့ သက္ခိုင္ ဒီပုဂၢိဳလ္က ဖြားလြန္းအိမ္နဲ႔႐ြယ္တူပဲ သူ႔ရဲ႕ပညာက်င့္စဥ္ေတြေၾကာင့္သာ ႏုနယ္ေနတာ "လို႔ေျပာလိုက္ေတာ့မွ သက္ခိုင္ အေနာက္ဆုတ္သြားတယ္။ " မင္းကဘယ္ဆိုးလို႔တုန္း မင္းတို႔အထက္လမ္းပညာနဲ႔ ဒီလူဆိုးေတြနဲ႔မအပ္စပ္ဘူး ျပန္ေတာ့" " သူတို႔ကိုျပဳျပင္လို႔ရပါတယ္ အတိတ္က နာၾကဥ္းခ်က္ေတြေၾကာင့္ အၿငိဳးထားတာေတြေလ်ာ့လိုက္ပါ သင္တို႔ဘက္ကထပ္တိုးလာရင္ အရင္ကဖြားလြန္းအိမ္အသစ္တစ္ဖန္ျပန္ေပၚလာလိမ့္မယ္ ဒီတစ္ခါေပၚလာမယ့္သူက ဖြားလြန္းအိမ္ထက္ အဆေပါင္းမ်ားစြာပိုဆိုးသြားလိမ့္မယ္ " " မင္းကဘာသိလို႔ ဒီလိုေျပာေနရတာလဲ ဒီထက္ပိုဆိုးလာရင္ ငါ့အလြန္မဟုတ္ေတာ့ဘူး" " ဒါဆိုလဲ ဒီစာသားေလးကို အရင္နားေထာင္ၾကည့္ပါ ႀကိဳးနဲ႔ခ်ည္ေပမယ့္မၿမဲဘူး ေမတၱာနဲ႔ခ်ည္မွၿမဲမယ္" ေအာင္ျမတ္သာဆီကထြက္လာတဲ့စကားကိုၾကားေတာ့ ျမပုလဲကိုႀကိဳးနဲ႔ခ်ည္ေနတဲ့ လူငယ္ရဲ႕လႈပ္ရွားမႈေတြရပ္သြားၿပီး " အသက္သတ္လို႔ အမုန္းမေပ်ာက္ဘူး ခြင့္လႊတ္မွသာ ေပ်ာက္လိမ့္မယ္" ဆိုတဲ့အသံထြက္လာၿပီး ေျမႀကီးေပၚကိုဒူးေထာက္ထိုင္ခ်လိုက္တယ္။ "ဒါဆို သင္ သင္က " " နကၡတ္ က်ဳပ္ကိုမွတ္မိၿပီလား လြန္းအိမ္ သင္ေရာ က်ဳပ္ကိုမွတ္မိၿပီလား" ေအာင္ျမတ္သာစကားေၾကာင့္ ျမပုလဲတစ္ျဖစ္လဲ ဖြားလြန္းအိမ္ေရာ အဝတ္နက္နဲ႔လူငယ္ေရာ လက္ခုပ္ခ်ီလိုက္ၿပီး " ဆရာေျပာခဲ့တဲ့အတိုင္း မလုပ္ႏိုင္ခဲ့ဘူး အမုန္းတရားေတြကိုမေျပေပ်ာက္ႏိုင္ခဲ့ဘူး ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေပမယ့္ အမုန္းတရားေတြေၾကာင့္ လမ္းတစ္ဖက္စီျခားခဲ့ၾကတယ္ " " က်ဳပ္တို႔ႏွစ္ေယာက္ၾကားက အမုန္းတရားေတြေၾကာင့္ ဒီအခ်ိန္ထိရန္သူေတြလိုသေဘာထားခဲ့တယ္ လြန္းအိမ္ရွိတဲ့ေနရာကိုေျခရာခံၿပီး ဖမ္းဖို႔ႀကိဳးစားခဲ့တယ္ ဆရာကေတာ့ ဘာမွေျပာင္းလဲမသြားဘူးေနာ္" " အခုအားလုံးအမုန္းစိတ္ေတြေျဖလိုက္ပါေတာ့ နကၡကလဲ ကိုယ့္ေနရာကိုယ္ျပန္ၿပီး က်င့္စဥ္ၿပီးေျမာက္ေအာင္က်င့္ႀကံပါ လြန္းအိမ္ကလဲ ႐ြာကိုေစာင့္ေရွာက္ပါ" ေအာင္ျမတ္သာစကားအဆုံးမွာ အဝတ္နက္ဝတ္ထားတဲ့လူငယ္က ခြၽတ္ထားတဲ့ေခါင္းစြပ္ကိုျပန္တပ္လိုက္ရင္ပဲ မ်က္စိေရွ႕ကေနေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားၿပီး ရစ္ပတ္ထားတဲ့ႀကိဳးနက္ေတြလဲတစ္ရစ္ခ်င္းျပန္ေျဖေလ်ာ့သြားခဲ့တယ္။ " ႐ြာသားေတြ ငါကနင္တို႔အရမ္းေၾကာက္ပါတယ္ဆိုတဲ့ လြန္းအိမ္ပဲ အခုငါတို႔လမ္းေၾကာင္းမွန္ကိုေရာက္ရမယ့္ေန႔သင့္နံသင့္အခ်ိန္ကိုေရာက္ၿပီ အားလုံးဒီကဆရာရဲ႕ဆုံးမစကားကိုနာခံၾက" ဖြားလြန္းအိမ္ရဲ႕စကားအဆုံးမွာ ႐ြာသူ႐ြာသားေတြအားလုံး ဒူးေထာက္ထိုင္ခ်လိုက္တာျမင္ေတာ့ ေအာင္ျမတ္သာက " ႐ြာသူ႐ြာသားတို႔ ဒီ႐ြာကိုစတည္တဲ့ ႐ြာတည္မိခင္ႀကီးခုႏွစ္ေယာက္ထဲက အစြမ္းထက္ဆုံးျဖစ္တဲ့ ဖြားလြန္းအိမ္စကားကိုလိုက္နာၾကမယ္လို႔ ယုံၾကည္ပါတယ္ အခုကစၿပီး ဒီ႐ြာကလူေတြ ငါးပါးသီလကိုေစာင့္ထိန္းၾကရမယ္ မိမိတို႔တတ္ေျမာက္တဲ့ပညာကို ေကာင္းတဲ့ဘက္မွာအသုံးျပဳၾကပါ သင္တို႔က်ဴးလြန္ခဲ့သည္ရွိေသာ္ ဖြားလြန္းအိမ္ကအျပစ္ေပးလိမ့္မယ္" ေအာင္ျမတ္သာစကားအဆုံးမွာ ႐ြာသားေတြဆီကေန လက္ခုပ္ဩဘာသံေတြထြက္ေပၚလာခဲ့တယ္။ ေနာက္ရက္ေတြမွာေတာ့ ႐ြာထိပ္မွာ အတန္အသင့္ခိုင္ခံ့တဲ့ ဇရပ္တစ္ေဆာင္နဲ႔အတူ နတ္ကြန္းတစ္ခုေပၚေပါက္လာခဲ့တယ္။ နတ္ကြန္းမွာေတာ့ "႐ြာေတာ္ရွင္လြန္းအိမ္"လို႔ေရးထားၿပီး ဇရပ္မွာေတာ့ " ဘူးစင္တစ္ေထာင္႐ြာသူ႐ြာသားမ်ားေကာင္းမႈ"ဆိုတဲ့စာသားေရးထိုးခဲ့ၾကတယ္။ ဇရပ္ေပၚမွာေတာ့ ေအာင္ျမတ္သာ၊ သက္ခိုင္နဲ႔ ေတာက္ရတို႔သုံးေယာက္ ၿငိမ္သက္စြာထိုင္ေနၾကတယ္။ " ဆရာ ဟိုတစ္ေန႔ကျဖစ္ရပ္ကို ကြၽန္ေတာ္ျဖင့္ နားကိုမလည္ဘူး ဆရာနဲ႔ဖြားလြန္းအိမ္ ဘယ္လိုသိသလဲ ေနာက္ၿပီး နကၡဆိုတဲ့လူကေရာ ဘယ္ကေပၚလာတာလဲ " သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာ ၿပဳံးလိုက္ၿပီး ဇရပ္အျပင္ဘက္ကိုေငးၾကည့္ကာ " သိခ်င္ရင္ လြန္ခဲ့တဲ့ႏွစ္ခုႏွစ္ဆယ္ကိုအခ်ိန္လွည့္အင္းသုံးၿပီး လိုက္ခဲ့ၾက" လို႔ေျပာလိုက္တယ္။ +++++++++ ေနာက္ရက္ေတြမွာေတာ့ ဇရပ္ေပၚမွာ မလႈပ္မယွက္ပဲ တရားထိုင္ေနၾကတဲ့ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးဦးကို ႐ြာသားေတြျမင္လိုက္ၾကရတယ္။ စာဖတ္သူေတြလဲ ဖြားလြန္းအိမ္၊ နကၡတ္၊ ေအာင္ျမတ္သာတို႔ဘယ္လိုဆုံခဲ့သလဲ? ဖြားလြန္းအိမ္ကေရာ ဘယ္ေလာက္စြမ္းလို႔ ႐ြာတည္မိခင္ေတြအားလုံးထဲမွာ က်န္ခဲ့တာလဲ? နကၡတ္ဆိုတဲ့လူငယ္က ဘာေၾကာင့္ အသက္ရွည္ေနၿပီး ဖြားလြန္းအိမ္ကို မုန္းရတာလဲ? ေအာင္ျမတ္သာကိုသူတို႔ဘယ္လိုသိၾကတာလဲ? အဲဒီအေၾကာင္းအရာေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္ မဟူရာႀကိဳးနက္ဂိုဏ္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။ ေလးစားစြာျဖင့္ ေဇယန(ရာမည)

No comments

Post a Comment