အိုးပုတ်ကုန်းသုသာန်

  လရိပ်ညို အိုးပုတ်ကုန်းသုသာန် အချိန်ကား.. ၁၉၉၅ ခုနှစ်လောက်.. လမ်းပန်းဆက်သွယ်ရေးမတိုးတက်သေးချိန်.. တစ်ရွာနဲ့တစ်ရွာလှည်းလမ်းသာတွင်သေးသောအချိန... thumbnail 1 summary

 

အိုးပုတ်ကုန်းသုသာန်

အချိန်ကား..

၁၉၉၅ ခုနှစ်လောက်..

လမ်းပန်းဆက်သွယ်ရေးမတိုးတက်သေးချိန်..

တစ်ရွာနဲ့တစ်ရွာလှည်းလမ်းသာတွင်သေးသောအချိန်..။

အိုးပုတ်ကုန်းရွာနဲ့ မုဆိုးဘို ရွာကားရွာချင်းဆက်လျှက်ရှိနေသည်။ ရွာချင်းကသိပ်မလှမ်းဆို​ပေမဲ့ ​သွားလာရခက်ခဲကာ လယ်ကန်သင်းဘေးမှကိုင်းတောကြီးများကြားဖြတ်လျှောက်မှ အိုးပုတ်ကုန်း ရွာက်ုရောက်သည်..။

တစ်ခုရှိတာက သူတို့ရွာနှစ်ခုက ချောင်းရိုးဘေးတွင်သာကပ်လျက်ရှိနေတာမို့ ချောင်းအတွင်းမှ လှေနှင့်သွားရင်ရပေမဲ့ ငွေကြေးတတ်နိုင်သူသာ လှေရှိသည့်အချိန်..။

လျှပ်စစ်မီးဆိုတာ မြင်တောင်မမြင်ဖူး သေးသလို ရုပ်ရှင်ကြည့်မယ်ဆိုရင်လဲ..မြို့လည်ထိသွားကာကြည့်ရသည့်အဖြစ်..။

ဘယ်လောက်ပဲသွားလာရခက်ခဲပါစေ..ဖူးစာဆုံလာတော့လဲ မုဆိုးဘိုရွာသား ကိုသန်းရွှေနှင့် အိုးပုတ်ကုန်းရွာသူ မသန်းတို့အိမ်ထောင်ကျကာ သားနှစ်ယောက်သမီးတစ်ယောက်ပင်ရနေပြီ...။သားအကြီးမှမွေးသည့်မြေးဦးလေး ဝေအောင် ပင် လေးနှစ်ဖြစ်နေပြီ..။ရွာချင်းကပ်လျက်မို့ အိုးပုတ်ကုန်းရွာမှ ကိုသန်းရွှေ နှမတွေစီအလည်သွားရင်း မသန်းနဲ့ဖူးစားဆုံခဲ့သည်မို့.. အိုးပုတ်ကုန်းကို တစ်ပတ်တစ်ခါလောက်တော့ သွားတုန်း..။

တစ်နေ့တော့ အိုးပုတ်ကုန်းရွာမှ ကိုသန်းရွှေနှမတွေ အလည်ရောက်လာပြီး တစ်နေကုန်နေသွားကြသည် ။ပြန်ကာနီးကျတော့ ဝေအောင်လေးမှာမနေတော့ အဘွားလေးတို့နှင့်လိုက်ချင်သည်ဟုပြောတာကြောင့် ထည့်ပေးလိုက်ရသည်..။ ကိုသန်းရွှေ နှမ အကြီး မအေးဝင်းက ကလေးကိုချီကာ အိုးပုတ်ကုန်းရွာကိုခေါ်သွားသည်...။

"ညီအတို့ ကလေးခေါ်သွားတော့မယ် အကိုရေ..ညနေမှသာလာပြန်ခေါ်တော့.."

"အေး အေး..ညီမရေ..ဒီမှာကလေးအဝတ်တွေ...ယူသွားအုံး မတော်တဆ သေးပေါက်နေမှာစိုးလို့..."

ကိုသန်းရွှေ တို့က မြေးဦးလဲ ဖြစ် ယောကျာ်းလေးလဲ ဖြစ်တာကြောင့် ဝေအောင် လေးကိုမွေးစားထားကြသည်လေ..။ ဒီလိုနဲ့ ညနေစောင်းလာပေမဲ့ ကလေးကိုသွားမခေါ်ရသေး...။ချောင်းထဲမှာထောင်ထားသည့် မြှုံးတွေကိုဖော်ကာ ငါးများထုတ်ယူရတုန်း.. ။ အကုန်လုံး ပြီးစီးတော့ နေဝင်လုနေပြီ..။ ကိုသန်းရွှေ ရော မသန်းပါထမင်းမစားနိုင်သေး..။မြေးဖြစ်သူသွားခေါ်ဖို့ ရေနံဆီမီးအိမ်ကိုကိုင်ကာ..အိုးပုတ်ကုန်း ရွာကိုပြေးရပြန်သည်..။ရွာချင်းမလှမ်းပေမဲ့..ကိုင်းတောတွေရယ် အိုးပုတ်ကုန်း ရွာထိပ်မှ သုသာန်ရယ်က နာမည်ကြီးသည်လေ..။

အိုးပုတ်ကုန်း ရောက်တော့လဲချက်ချင်းမပြန်ရသေး..နှမတွေနှင့်စကားပြောကာ နှမတွေက အမဲသားချက်တာနှင့် မြေးအဘွားသုံးယောက်သားထမင်းစားပြီးမှပြန်တော့ ကြယ်တောင်ထွက်နေပြီ...။ ရွာထဲကထွက်တော့ ကိုသန်းရွှေ က မြေးဖြစ်သူကို ဇက်ပေါ်ခွတင်ကာ မသန်းက မီးပြရင်းရှေ့မှသွားသည်..။ အိုးပုတ်ကုန်းသုသာန်နားအရောက်မှာတော့...

"အဘ အဘ.."

"ဟေ..လူလေး..."

"ဟိူးနားမှာ ကားမီးလုံးနှစ်လုံးမြင်နေရတယ်..".

မြေးဖြစ်သူက ပြောအပြီး လင်မယားနှစ်ယောက်သားကြက်သီးတွေ ဖြန်းခနဲထကာ မရည်ရွယ်ပါပဲ​ခြေလှမ်းတွေသွက်ကုန်ကြတော့သည်..။

"အေး လူလေး အဲ့ဘက်မကြည့်နဲ့ကွ..."

"ဟာ..အဘကလဲ..ဟိုမှာသားကို မီးလုံးနှစ်လုံးကြားကလျှာထုတ်ပြနေတယ်..."

ထိုအချိန်မှာတော့ လင်မယားနှစ်ယောက်သားမတိုင်ပင်ရပဲသုတ်ခြေတင်တော့သည်..။ အိမ်ရောက်တော့လဲ အမှုမဲ့ အမှတ်မဲ့နှင့်နေလိုက်ကြပေမဲ့ ကလေးက ညဥ့်နက်တော့ ကိုယ်တွေချစ်ချစ်တောက်ပူကာဖျားပါလေရော...။ ထိုအချိန်မှ သတိရသွားတာက ပြန်လာပေမဲ့ ကလေးအတွက် ရေမန်းလဲမတိုက် ဘာမှမလုပ်ပဲအိပ်လိုက်ကြနာပင်..။လေးနှစ်အရွယ်ကလေးငယ်၏ နုနယ်သောလိပ်ပြာက သုသာန်မှသရဲတစ္ဆေကိုမြင်နိုင်စွမ်းရှိသည်ဟု သိလိုက်ကြရသည်..။

နောက်တစ်နေ့မနက်ရောက်တော့ ကလေးအတွက်ခေါစာပစ်ဖို့ စီစဥ်ရသည်..။ ရှေးခေတ်လူကြီးတွေမို့ ဆေးခန်းပြတာတွေနားမလည်တာလဲ ပါမည်..။ ကျန်းမာရေးဗဟုသုတနည်းတာလဲပါမည်။ဒါပေမဲ့ ခေါစာပစ်သည့်ညနေမှာတော့ ကလေးအဖျားကျသွားသလို သူတို့ပစ်ခဲ့သည့်ခေါစာကိုလဲ အရွယ်အစားကြီးမားသည့် ခွေးနက်တစ်ကောင်စားတာကိုလဲ သူတို့မြင်လိုက်ရသည်..။

အချိန်ကာလရွေ့လျားလာတာ ဆယ်စုနှစ်တစ်ခုမကပင်ကြာလာတဲ့အချိန်မှာတော့ အိုးပုတ်ကုန်းရွာမှ သူဌေးဖြစ်သွားသည့် လူတစ်ယောက်က ရွာနှင့်မြို့ကိုချိတ်ဆက်ပေးသည့်လမ်းတစ်ခုဖောက်ပေးရှာသည်..။ အခက်အခဲဖြစ်တာက အိုးပုတ်ကုန်းသုသာန်ပင်..။ လမ်းဘေးမှာသုသာန်ဖြစ်နေတာမို့ ထိုသူဌေးမှ သုသာန်မြေနေရာကို မြို့နယ်စည်ပင်စီမှပြန်ဝယ်ကာ အဲ့နေရာမှာ ဘုရားတည်ဖို့လုပ်တော့သည်..။ အဲ့မှာသင်္ချိုင်းရွှေ့ဖို့လိုအပ်လာတော့ မြို့နယ်လူကြီးများက ဦးဆောင်ကာလုပ်ပေးကြသည်..။ ရွှေ့မဲ့နေ့မနက်မှာ မြို့နယ်လူကြီးများရော ရဲအရာရှိများပါလာကြကာ အမိန့်ပြန်ဖို့လုပ်ကြသည်..။မြေကြီးသယ်သည့်ဖောကားသုံးစီးက သုသာန်ဝမှာကားဖင်လှည့်ကာ စီစီရီရီရပ်ကြသည်..။အဆင်သင့်ဖြစ်တာနှင့် မြို့နယ်ရဲမှုးကြီး ကအမိန့်ပြန်တော့သည်..။

"အိုးပုတ်ကုန်း သုသာန်မှ မကျွတ်မလွတ်သေးသော သရဲ တစ္ဆေ ဖုတ် ပြိတ္တာ သဘက် ဘီလူး အစရှိသော ပရလောကသားအပေါင်းတို့..ဤနေရာသည် သိပ်မကြာခင်အချိန်အတွင်း ဘုရားဖြေဖြစ်တော့မည်ဖြစ်သဖြင့် သင်တို့နေလို့မရတော့ပါ..ထိုကြောင့် သင်တို်နေရမည့်နေရာကိုပြောင်းရွှေ့ပေးမည်ဖြစ်သဖြစင့်ကားပေါ်သို့တက်ကြပါ.."

ထိုအတိုင်းသုံးကြိမ်အော်အပြီးမှာတော့ ကားတွေကသိမ့်ခနဲ သိမ့်ခနဲ လှုပ်သွားကာကားဘီးတွေအိကျသွားရသည်..။ကားတစ်စီးကိုငါးခေါက်စီသယ်အပြီးမှာနော့ဘာမှထူးခြားမှုမရှိတော့..။အဲ့ကျမှ သုသာန်ပြောင်းရွှေ့ခြင်းကိုရပ်လိုက်ကြသည်..။ နောက်နေ့ မှာတော့ သတင်းတစ်ခုကြားရပြန်သည်..။ သရဲ သုံးကောင် ကျန်ခဲ့၍ သူဌေးဖြစ်သူကိုအိပ်မက်ပေးသည်တဲ့..။အဲ့တာကြောင့် ဆိုက်ကားသုံးစီးငှားကာရွှေ့ပေးလိုက်မှ အဆင်ပြေသွားတော့သည်..။ အခုတော့လဲ အိုးပုတ်ကုန်း သုသာန်နေရာဟာ ဘုရားစေတီနှင့်ကြည်နူးဖွယ်နေရာဖြစ်ကာ မြို့ထဲမှလူအများစု ညနေဘက်လမ်းလျှောက်ထွက်ရာနေရာဖြစ်နေပါပြီ..။

ပြီးပါပြီ

No comments

Post a Comment