အောင်မြတ်သာနှင့်မိတ္တစိတ္တ

  အောင်မြတ်သာနှင့်မိတ္တစိတ္တ “ သူဌေးဦးဘောဂအိမ်က ဒီအိမ်လား” မာထန်ထန်လေသံနဲ့မေးလိုက်တာကြောင့် အိမ်ပေါက်ဝမှာရပ်နေတဲ့ ခပ်နွမ်းနွမ်းလူကြီးက “ ဟုတ... thumbnail 1 summary

 အောင်မြတ်သာနှင့်မိတ္တစိတ္တ


“ သူဌေးဦးဘောဂအိမ်က ဒီအိမ်လား”

မာထန်ထန်လေသံနဲ့မေးလိုက်တာကြောင့် အိမ်ပေါက်ဝမှာရပ်နေတဲ့ ခပ်နွမ်းနွမ်းလူကြီးက

“ ဟုတ်ပါတယ် ဟုတ်ပါတယ် ဘယ်လိုအရေးကိစ္စများရှိလို့ပါလဲ”

“ ဦးဘောဂရဲ့သားနှစ်ယောက်ဖြစ်တဲ့ မိတ္တနဲ့စိတ္တကို မေးမြန်းစရာရှိလို့လာခေါ်တာပါ”

မောက်တိုကိုဆောင်းထားတဲ့ရဲမက်တွေစကားကြောင့် ခြံစောင့်ဖြစ်သူ ဦးသာရဲ့ပါးစပ်တွေအဟောင်းသားဖြစ်သွားခဲ့တယ်။ ခဏနေတော့ အိမ်ထဲကနေ ပိုးချိတ်လုံချည်ကိုကျနစွာဝတ်ဆင်ထားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ လူကြီး တစ်ယောက်ထွက်လာပြီး

“ သင်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေထင်တယ်… “

“ ဟုတ်တယ် ကျုပ်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေပါ”

“ ဒါဆိုရင် ကျုပ်သားနှစ်ယောက်ကို ဘာအရေးကိစ္စနဲ့ မေးမြန်းချင်တယ်ဆိုတာ အရင်ပြောပြနိုင်မလား”

အင်းသာမြို့ရဲ့မျက်နှာဖုံး သူဌေးကြီးဦးဘောဂရဲ့စကားကြောင့် ရဲမက်တွေအချင်းချင်းပြန်ကြည့်လိုက်ပြီး

“ သင်တို့သားနှစ်ယောက်က ပုန်ကန်မှုကိုလှုံဆော်နေတယ်ဆိုပြီးသတင်းအတိအကျရထားလို့ လာခေါ်တာပါ”

ရဲမက်တွေရဲ့စကားကြောင့် ဦးဘောဂ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး

“ သင်တို့ရဲ့စကားက အဓိပ္ပါယ်သိပ်မဲ့လွန်းတယ်… ကျုပ်သားနှစ်ယောက်က ဆတ်ဆတ်ထိမခံတဲ့လူတွေဖြစ်ပေမယ့် ဒီလိုမျိုးကိစ္စတော့လုပ်မှာမဟုတ်ဘူး.. အခုသူတို့အိမ်မှာမရှိဘူး ပြန်လာရင် ရုံးကိုလွှတ်ပေးလိုက်မယ်”

“ သူတို့အိမ်မှာမရှိရင် ဘယ်မှာရှိတာလဲ… ကျုပ်တို့က သူတို့နှစ်ယောက်မပါပဲ မပြန်နိုင်ဘူး”

“ အိမ်း ဒီလိုဆိုတော့လဲ သူတို့ရှိတဲ့နေရာခေါ်သွားပေးရတာပေါ့… ဟဲ့ မောင်သာ ငါ့သားတွေရှိတဲ့နေရာ ခေါ်သွားပေးလိုက်”

အေးအေးလူလူနဲ့စကားပြောနေတဲ့ ဦးဘောဂရဲ့ သွင်ပြင်ကြောင့် ရဲမက်တွေ ဘာမှစောဒကမတက်ရဲတော့ပဲ ခြံစောင့်ဖြစ်သူခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။

+++++++++++++

အတော်အတန်ကျယ်ဝန်းတဲ့ ခြံဝိုင်းတစ်ခုထဲမှာတော့ လေ့ကျင့်ခန်းလုပ်နေတဲ့လူငယ်တွေအပြင် ဗန်တိုဗန်ရှည်သိုင်းပညာရပ်တွေကိုလေ့လာသင်ယူနေတဲ့သူတွေအပြည့်ရှိနေခဲ့တယ်။

“ ဆရာကြီး ရဲမက်တွေ ခြံဝိုင်းထဲဝင်လာနေကြတယ်”

ဓါးသိုင်းလေ့ကျင့်နေတဲ့ငစိန်ရဲ့စကားကြောင့် ကုက္ကိုပင်အောက်မှာ ရေနွေးကြမ်းသောက်နေတဲ့ ပွဲကျောင်းဆရာဦးဝဏ္ဏတစ်ယောက် မျက်မှောင်ကျုတ်လိုက်ပြီး

“ ဘယ်သူတွေများလဲလို့ နန္ဒကျော်သူငယ်သားတွေကိုး… ဘာအရေးကိစ္စရှိလို့လဲ”

ရဲမက်တွေက ဦးဝဏ္ဏကိုမြင်တော့ အလိုလိုရှိန်သွားကြပြီး

“ သူဌေးဦးဘောဂရဲ့သား မိတ္တနဲ့စိတ္တကို လာခေါ်တာပါ”

“ မိတ္တနဲ့စိတ္တဟုတ်လား… ဒီကောင်လေးတွေကို ဘာကိစ္စနဲ့လာခေါ်ရတာလဲ … ငါ့ကိုရှင်းရှင်းပြောစမ်း”

အသံမာမာနဲ့ပြောလိုက်တဲ့အသံကြောင့် ရဲမက်တွေ မျက်လွှာကိုအောက်ချပြီး ငြိမ်သက်သွားခဲ့တယ်။ ဦးဝဏ္ဏဆိုတာကလဲ ရွှေမြို့တော်ရှင်မင်းတရားကြီးနဲ့အတူတူ တိုက်ပွဲတွေကို ရဲရင့်စွာတိုက်ခိုက်ခဲ့သူဖြစ်တဲ့အပြင် မင်းတရားကြီးရဲ့အလေးပေးမှုကိုခံရတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာသိထားတဲ့ ရဲမက်တွေက မဝံ့မရဲနဲ့

“ ဟို ဟို ဦးဘောဂ သားနှစ်ယောက်က ပုန်ကန်မှုတွေမှာပါဝင်တယ်ဆိုတဲ့သတင်းကြောင့် လာခေါ်ရခြင်းဖြစ်ပါတယ်”

“ သယ် … မင်းတို့ကစွပ်စွဲချက်ပြင်းလှချည်လား.. ဟိုနှစ်ကောင် ထွက်လာခဲ့စမ်း”

ဆရာကြီးဦးဝဏ္ဏခေါ်သံကြောင့် လူအုပ်ထဲကနေ ရင်အုပ်ကျယ်ကျယ်မှာ ကြွက်သားတွေအမြောင်းမြောင်းထနေတဲ့ လူငယ်နှစ်ယောက် ထွက်လာခဲ့တယ်။

“ သူတို့က မိတ္တနဲ့ စိတ္တပဲ … မင်းတို့က သူတို့နှစ်ယောက်သူပုန်ထရာမှာကူညီတယ်လို့ပြောရတဲ့သက်သေတစ်ခုပြ… မပြနိုင်လို့ကတော့ မနက်ဖြန်နေပြည်တော်ထိ ငါတက်ပြီး ပြောရလိမ့်မယ်”

ဦးဝဏ္ဏ စကားကြောင့် ရဲမက်တွေ မျက်စိပျက်မျက်နှာပျက်ဖြစ်သွားပြီး

“ သက်သေအတိအကျတော့မရှိပေမယ့်… ကျွန်တော်တို့ရထားတဲ့ သတင်း….”

“ သက်သေတိတိပပ မရှိပဲ အပြစ်မရှိတဲ့လူတွေကို အခုလိုဖမ်းလားစီးလား လုပ်စရာလား ဟမ်”

ရင်ခေါင်းသံနဲ့ဟိန်းဟောက်လိုက်တဲ့ ဦးဝဏ္ဏ စကားကြောင့် ရဲမက်တွေဘာမှစောဒကမတက်ရဲတော့ပဲ

“ ကျွန်တော်တို့လဲ မြို့စားမင်းခိုင်းလို့လုပ်ရတာပါ…”

“ အေး ငါ့တပည့်တွေကိုဖမ်းချင်ရင် သက်သေအခိုင်အမာရအောင်ရှာပြီးမှလာခဲ့လို့ မင်းတို့မြို့စားကိုပြောလိုက်… “

ရဲမက်တွေလဲ ဦးဝဏ္ဏစကားအဆုံးမှာ ကုပ်ချောင်းချောင်းနဲ့ ခြံဝိုင်းအပြင်ကိုထွက်သွားခဲ့ကြတယ်။

ရဲမက်တွေထွက်သွားတော့ ဦးဝဏ္ဏက စိတ္တနဲ့မိတ္တကို စူးစိုက်ကြည့်ပြီး
“ ခုနက လေ့ကျင့်နေတဲ့ နေရာကနေ ပြန်လုပ်ကြ”လို့ပြောကာ ရေနွေးကြမ်းကို မော့ချလိုက်တယ်။

++++++++++

“ နောင် ဝေ ဝေ ဝေ”
ကျောဘက်ကနေထွက်လာတဲ့ ကြေးစည်သံကြောင့် မြင်နေတဲ့မြင်ကွင်းတွေအားလုံးကို မေ့ပစ်ကာ တရားထိုင်တဲ့အမှုကို ရပ်နားလိုက်တယ်။

“ခုနက ကြေးစည်သံတစ်ချက် ကြားလိုက်ရတယ် ဆရာ”

အနောက်မှာထိုင်နေတဲ့ သက်ခိုင်စကားကြောင့် အောင်မြတ်သာက

“ ဒီသစ်ပင်ပေါ်မှာနေတဲ့ ရုက္ခစိုးဘုံနန်းက ထွက်ပေါ်လာတာဖြစ်မယ်…သူက ဒီအချိန်ဆိုရင် မေတ္တာပို့အမျှတန်းဝေနေကြလေ”

“ ကျွန်တော်တို့ ဒီအုတ်ဂူဘေးမှာစောင့်နေတာ သုံးရက်နဲ့သုံးညတိတိရှိပြီနော်… ရွာမှာကျန်ခဲ့တဲ့ လူငယ်တွေလာမယ်ဆိုတာ သေချာပါ့မလားဆရာ”

“ သူတို့သေချာပေါက်ရောက်လာလိမ့်မယ်…သူတို့ရောက်တာနဲ့ ဒီနေရာမှာ ထူးခြားမှုတွေဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်”

“ အဝူးးးးးးးး “
စွဲစွဲငင်ငင်အူလိုက်တဲ့အသံကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ သစ်ပင်အောက်ကနေထပြီး ကြည့်လိုက်ရာ မလှမ်းမကမ်းမှာပေါက်နေတဲ့ ညောင်ညိုပင်အောက်မှာ သင်္ကန်းအစုတ်ကိုဝတ်ထားပြီး ကျောပေးရပ်နေတဲ့ရဟန်းတစ်ပါးကိုမြင်လိုက်ရတယ်။

အဲဒီအချိန် အောင်မြတ်သာရဲ့မျက်လုံးထဲမှာ စိုစွတ်နေတဲ့ မြေကို တူးနေကြတဲ့ စိတ္တနဲ့ မိတ္တတို့နှစ်ယောက်အပြင် သူတို့ရဲ့ဘေးမှာတော့ ဘုန်းကြီးဝတ်ထားတဲ့ ဦးဝဏ္ဏက လက်ပိုက်ပြီးရပ်ကြည့်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။

“ ဟိုလူငယ်နှစ်ယောက် ဒီအနားတစ်ဝိုက်ကိုရောက်နေပြီ… အမြန်လိုက်ရှာမှဖြစ်မယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက

“ ဆရာ ဒီမှာပဲနေခဲ့ပါ… ကျွန်တော်တို့ လိုက်ရှာခဲ့ပါ့မယ်”လို့ပြောပြီး အမှောင်ထုထဲကိုထွက်သွားခဲ့ကြတယ်။

အောင်မြတ်သာလဲ မြင်လိုက်ရတဲ့ မြင်ကွင်းကိုသိချင်နေတာမို့ မဉ္ဇူသကပန်းပင်အောက်မှာပဲ တင်ပလ္လင်ခွေပြန်ထိုင်လိုက်ပြီး အာရုံစုစည်းလိုက်တဲ့အခါ…

“ မြန်မြန်တူးထား မိတ္တ… ငါတို့ဆရာရဲ့အကြံစည်တွေအောင်မြင်ရင် မင်းတရားကြီးလက်ထဲ ထီးနန်းပြန်ရမှာကွ”

တူရွင်းကို မြေကြီးထဲထိုးစိုက်ရင်းပြောလိုက်တဲ့ စိတ္တအသံကြောင့် လက်ပိုက်ပြီးရပ်ကြည့်နေတဲ့ ရဟန်းတစ်ပါးက

“ မင်းတရားကြီးက သူ့မိထွေးတော်ရဲ့အကြံအစည်ကို ကြိုမြင်လို့ သူတစ်ခုခုဖြစ်တဲ့အခါ ကူညီနိုင်အောင် ငါ့ကိုဒီအရပ်ဒေသကိုပို့ပြီး လူသူလက်နက်စုဆောင်းခိုင်းထားတာပဲ.. ဒီဖြစ်ရပ်တွေထဲ မင်းတို့နှစ်ယောက်ကို ဆွဲထည့်မိတာ စိတ်မကောင်းပါဘူး”

“ တပည့်တော်တို့က ဒီဖြစ်ရပ်ထဲကို မိမိရဲ့စိတ်ဆန္ဒနဲ့ဝင်ပါခဲ့ကြတာပါ… အခုဆို တပည့်တော်ရဲ့ဖခင်ဖြစ်သူလဲ မိထွေးတော်ရဲ့လူတွေကြောင့် အသက်ဆုံးခဲ့ရပီးပြီ၊ ဖခင်ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေကိုလဲ မိန်းမယုတ်နဲ့အပေါင်းအပါတွေက လက်ဝါးကြီးအုပ်ထားကြတာ ဆရာတော်အမြင်ပဲ… တပည့်တော်တို့ဘဝက မင်းတရားကြီးထီးနန်းပြန်ရမှပဲ အရာအားလုံးကိုလက်စားပြန်ချေနိုင်မှာ”

မိတ္တက ပြောရင်းဆိုရင်း တူရွင်းကိုမြေကြီးထဲစိုက်ချလိုက်ရာ “ ဒုတ်” ဆိုတဲ့အသံနဲ့အတူ အရာဝတ္တုတစ်ခုကို ထိုးစိုက်မိခဲ့တယ်။

“ ငါအသံကြားလိုက်တယ် အမြန်တူးထုတ်စမ်း”

ရဟန်းတော်က ပခုံးပေါ်ကနေလျောဆင်းသွားတဲ့သင်္ကန်းစကိုဆွဲတင်ရင်း မြေကျင်းထဲကို စူးစိုက်ကြည့်နေခဲ့တယ်။

“ သေတ္တာတစ်လုံးပဲဘုရား… အပေါ်မှာတော့ ဘာမှန်းမသိတဲ့အက္ခရာတွေရေးထားတယ်”

စိတ္တက သေတ္တာကိုမပေါ်မတင်ပြီး ကမ်းပေးလိုက်ရာ

“ ဒါက ငါတို့ရှာနေတဲ့သေတ္တာပဲ… ဒီဟာက ရှေးဟောင်းပွဲကျောင်းဆရာတွေသုံးခဲ့တဲ့လက်စွဲစာအုပ်.. ဒီထဲမှာ စိတ်ကူးနဲ့တောင်မှန်းလို့မရတဲ့ ပညာရပ်တွေပါတယ်”

“ တပည့်တော်တို့ပင်ပန်းရကျိုးနပ်ပီထင်ပါတယ်… အခုစာအုပ်လဲရပီဆိုတော့ စခန်းကိုပဲပြန်တော့မလားအရှင်ဘုရား”

“ စခန်းကိုပြန်လို့မဖြစ်သေးဘူး မင်းတို့နှစ်ယောက်အတွက် သီးသန့်လုပ်စရာရှိသေးတယ်..မနက်ဖြန် ညသန်းခေါင်အချိန်ရောက်တာနဲ့ ဒီအရပ်ဒေသမှာရှိတဲ့ င်္သချိုင်းကိုးခုက အခေါင်းသံတွေကို ရနိုင်သလောက်စုရမယ်…”

“ အရှင်ဘုရား မဟုတ်မှလွဲရော … “

“ အေး ဟုတ်တယ် … လောကီအစီအရင်တွေနဲ့ပြည့်နေတဲ့ ကိုးင်္သချိုင်းသံဓါးလုပ်ဖို့ပဲ.. ဒါကလဲ မင်းတို့နှစ်ယောက်အတွက်သီးသန့်ဖြစ်နေရမယ်… အခေါင်းသံရှာဖွေမှုများတဲ့သူက ထုထည်ကြီးမားတဲ့ဓါးကိုရမှာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ရှာတဲ့နေရာမတူဖို့သတိထားကြပါ”
+++++++++

အောင်မြတ်သာမျက်လုံးထဲမှာမြင်နေတဲ့အရာတွေက တစ်ဖြေးဖြေးမုန်ဝါးပျောက်ကွယ်သွားတဲ့အချိန် တောစပ်တစ်နေရာကနေ တစ်ရှပ်ရှပ်နဲ့လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။

“ ဆရာ ဆရာ ရွာက ကလေးနှစ်ယောက်ကိုရှာတွေ့ပြီ”

သက်ခိုင်ရဲ့အသံနဲ့အတူ လွယ်အိတ်ကိုယ်စီလွယ်ကာ လိုက်ပါလာတဲ့ လူငယ်နှစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒီကောင်လေးတွေ ဆရာပေးခဲ့တဲ့စာကိုရပြီးထဲက ရွာကနေထွက်လာခဲ့ကြတာတဲ့… ဒီနေရာကိုရောက်ဖို့ အတော်လာခဲ့ရတယ်ပြောတယ်”

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာက ပြုံးလိုက်ပြီး
“ မင်းတို့ရောက်လာမယ်ဆိုတာ ကြိုမြင်ပြီးသားပါ… အခုတော့ ဒီအသီးလေးစားပြီး နားလိုက်ကြဦး”

အောာင်မြတ်သာက လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ပန်းသီးနှစ်လုံးကိုထုတ်ပေးလိုက်တဲ့အချိန် နားထဲမှာ စူးရှရှအသံပေါင်းစုံကိုကြားလိုက်ရတယ်။

လူငယ်နှစ်ယောက်ကတော့ ဘာမှသိဟန်မတူပဲ အောင်မြတ်သာပေးတဲ့ပန်းသီးကို စားလိုက်ပြီး သစ်ပင်အောက်က လွတ်နေတဲ့နေရာလေးမှာ ကျောဆန့်လှဲချလိုက်ပါလေရော။

သုံးရက်ဆက်တိုက် ခရီးပန်းလာတဲ့အတွက် ကျောချတာနဲ့ အိပ်ပျော်သွားတဲ့လူငယ်သုံးယောက်ဘေးမှာတော့ အောင်မြတ်သာတို့က ငြိမ်သက်စွာပြီးစောင့်ကြပ်နေခဲ့ကြတယ်။

“ ငါ့တပည့်တွေ ရောက်လာကြပီ … ငါ့တပည့်တွေ အီးဟီးဟီး” ဆိုတဲ့ငိုသံနဲ့အတူ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောထဲကိုဝင်ရောက်ပျောက်ကွယ်သွားတာမြင်လိုက်ရတယ်။

အချိန်အတန်ကြာတော့ အိပ်ပျော်နေတဲ့လူငယ်နှစ်ယောက်နိုးလာပြီး
“ ကျွန်တော်တို့ခဗျာ ဆရာပေးတဲ့စာကိုဖတ်ပြီး စိတ်ဝင်စားတာနဲ့ ဒီနေရာကိုမရမကရှာကြံလာခဲ့ရတာ… ဆရာရေးထားတဲ့ထဲမှာ မဉ္ဇူသကနတ်ပန်းပင်ဆိုတာ ဒီအပင်လား”

“ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”

“ ကျွန်တော်တို့စိတ်ထဲမှာ ဒီနေရာကို အရင်ကရောက်ခဲ့ဖူးသလိုခံစားမိနေလို့”

“ မင်းတို့ငါတို့တွေအားလုံးဟာ သံသရာတစ်ကွေ့ကွေ့မှာ တွေ့ဆုံခဲ့ကြဖူးတဲ့သူတွေဖြစ်လို့ ဒီနေရာကိုအမှတ်ရတာသိပ်တော့မဆန်းပါဘူး… အပင်အောက်မှာရှိနေတဲ့ အုတ်ဂူအထဲကိုမြင်ရင် ဒီထက်ပိုထူးဆန်းတာမြင်တွေ့ရလိမ့်မယ်”

အောင်မြတ်သာစကားကြောင့် လူငယ်နှစ်ယောက်ရဲ့အကြည့်တွေက သစ်ပင်အောက်က အုတ်ဂူနှစ်လုံးဆီကိုရောက်သွားခဲ့တယ်။အဲဒီအချိန် အောင်မြတ်သာရဲ့နားထဲမှာ

“ အုတ်ဂူနှစ်လုံးရဲ့ခေါင်းပိုင်းမှာ နီညိုရောင်အင်းပြားနဲ့ရေးထားတဲ့စမတစ်ခုရှိတယ်…စမကိုအစီအရင်တွေနဲ့အသက်သွင်းထားလို့ ဒီတိုင်းဆွဲခွါရင် ဆရာတို့အတွက်အန္တရာယ်ရှိနိုင်တယ်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

“ ဒီအသံက ခုနက သင်္ကန်းအစုတ်ဝတ်ထားတဲ့ ဘုန်းကြီးရဲ့အသံပဲ … သူက ဒီအုတ်ဂူကိုစောင့်ရှောက်နေတဲ့သူများလား”

အောင်မြတ်သာရဲ့အတွေးအဆုံးမှာ သက်ခိုင်က

“ ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ”

“ သက်ခိုင် မင်းတို့နှစ်ယောက်က အုတ်ဂူရဲ့ခေါင်းပိုင်းကို လိုက်ရှာကြည့် နီညိုရောင်ကြေးပြားစမတစ်ခုတွေ့လိမ့်မယ်… အဲဒီအခါကျရင် ဆက်မရှာပဲ အနောက်ကိုဆုတ်ခဲ့.. ငါကတော့ ဒီနေရာပတ်ပတ်လည်ကိုစည်းချဖို့လုပ်ရမယ်”

အောင်မြတ်သာစကားကိုသက်ခိုင်က နားလည်တဲ့ပုံစံနဲ့ခေါင်းညိမ့်ပြလိုက်ပြီး ရေညှိအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံးရဲ့ခေါင်းပိုင်းဘက်ကိုထွက်သွားခဲ့တယ်။

ဂါထာတစ်ပုဒ်ကို မတိုးမကျယ်ရွတ်ဖတ်ပြီး စည်းချနေတဲ့ အောင်မြတ်သာအသံကိုကြားတော့ မဥ္ဇူသကနတ်ပန်းပင်ပေါ်ကနေ တောင်ဝှေးကိုတစ်ဒေါက်ဒေါက်ထောက်ပြီး လမ်းလျောက်ဆင်းလာတဲ့ အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။

သစ်ပင်ခြေရင်းကိုရောက်တော့အဖိုးအိုက
“ ဒီအုတ်ဂူကို လာလာဖောက်တဲ့သူတွေ အများကြီးထဲကမှဘုန်းကြီးတစ္ဆေ ကူညီတာဆိုလို့ သင်တို့ပဲတွေ့ဖူးတယ်”

“ အဖိုး ပြောတဲ့ဘုန်းကြီးတစ္ဆေဆိုတာ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့ပုဂ္ဂိုလ်ကိုပြောတာလား”

“ ဟုတ်တယ် သူက ဒီအုတ်ဂူနားကိုလူစိမ်းကပ်ရင်တောင် ကြိုက်တာမဟုတ်ဘူး… ဒါပေမယ့် သင်တို့ကိုကျတော့ အုတ်ဂူရဲ့လျှို့ဝှက်ချက်ကိုပါပြောပြလိုက်ပါလား”

လူငယ်နှစ်ယောက်က အောင်မြတ်သာနဲ့ ရုက္ခစိုးအဖိုးအိုတို့အပြန်အလှန်ပြောနေတယ်လို့မထင်ပဲ အောင်မြတ်သာတစ်ယောက်ထဲစကားတွေပြောနေတယ်ထင်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။

“ အဖိုးပြောတဲ့လျှို့ဝှက်ချက်ဆိုတာ နီညိုရောင်အင်းပြားနဲ့ စီရင်ထားတဲ့အစီအရင်ကိုပြောတာလား… “

“ ဟုတ်တယ်လေ အရင်လာဖော်ကြတဲ့သူတွေဆိုရင် အင်းပြားကိုကိုင်လိုက်တာနဲ့ ဂူပေါက်ပွင့်လာပြီး အဆိပ်ပြင်းတဲ့မြွေတွေ အကောင်ပေါင်းများစွာထွက်လာပြီး ပေါက်တော့တာပဲ… အချို့ကျတော့လဲ ဂူထဲကနေ မခံမရပ်နိုင်တဲ့အပုတ်ရေတွေထွက်လာတာကြုံရပြန်ရော”

“ ဒါတွေအားလုံက ဘုန်းကြီးတစ္ဆေလုပ်တယ်လို့ ပြောချင်တာလား”

“ သိပ်ဟုတ်တာပေါ့.. သူက အင်းစီရင်နေချိန် စည်းပေါက်လို့ အခုလိုဘဝရောက်ခဲ့ပေမယ့် သူစီရင်ခဲ့တဲ့အင်းစမတွေက အတော်ကိုစွမ်းတဲ့အထဲပါတယ်… ဒီအုတ်ဂူနှစ်လုံးမတည်ခင်ညကဆိုရင် တစ်ကိုယ်လုံးဓါးဒဏ်ရာတွေနဲ့ သေနေတဲ့ လူနှစ်ယောက်ကိုထမ်းပြီးခေါ်လာခဲ့သေးတယ်.. အခုလဲ ကျုပ်တို့ဆီကို လူငယ်နှစ်ယောက်ရောက်လာတဲ့အပြင် လောကီပညာရပ်ပိုင်းကိုကျွမ်းကျင်တဲ့ဆရာတွေပါရောက်လာပြီဆိုတော့ ဒီအုတ်ဂူနှစ်လုံးရာဇဝင်က တစ်ဖန်အသက်ပြန်ဝင်လာတော့မယ်ထင်ပါတယ်”

“ ဒီအရပ်ဒေသမှာ နှစ်ပေါင်းများစွာနေလာတဲ့ အဖိုးရဲ့အကူအညီတွေလဲလိုအပ်နိုင်ပါတယ်”

အောင်မြတ်သာရဲ့ဖော်ရွေတဲ့စကားကိုကြားတော့ အဖိုးအိုက ဖြူဖွေးပြီးညီညာနေတဲ့သွားတွေပေါ်အောင်ပြုံးလိုက်ပြီး သစ်ပင်ပေါ်ပြန်တက်သွားခဲ့တယ်။အဲဒီအချိန်

“ ဆရာ … ဆရာ အင်းကွက်ကိုတွေ့ပြီ ..”

“ ဘယ််လိုအင်းကွက်မျိုးလဲသက်ခိုင်”

“ ပုံစံကတော့ ယက္ခလေးကောင် အခေါင်းထမ်းနေတဲ့ပုံစံမျိုးရေးထားတာပဲ .. ကျွန်တော်လဲမတွေ့ဖူးလို့ဆရာကိုလာပြောပြတာ”

အောင်မြတ်သာက သက်ခိုင်ပြောပြတာကိုကြားပြီး
“ ဒီအင်းကို ပညာပြိုင်အင်းတလားလို့ခေါ်တယ်… အဲဒီအင်းစီရင်ဖို့ဆိုရင် ကန်တော့ပွဲ၂ပွဲ၊ ဖျင်နီငါးတောင်ခင်း၊ ထမင်းဖြူနီ ၇ပွဲ၊ အမဲစိမ်း ၇တစ်၊ ငါးစိမ်း၇ကောင်ကို လူသေထည့်ထားတဲ့ခေါင်းပျဉ်မှာတင်ပြီးစီရင်ရတယ်၊ ဒီအင်းက အတော်ကိုကြမ်းတဲ့အတွက် သာမန်ဆရာတွေမလုပ်နိုင်တဲ့ကိစ္စပဲ”

“ ဒါဆို ကျွန်တော်တို့က ဒီအင်းကိုဘယ်လိုဖျက်မလဲ”

“ ဒီညတော့ ငါတို့လိုအပ်တဲ့ပစ္စည်းတွေမလုံလောက်တဲ့အတွက် မနက်ဖြန်ညမှဆက်လုပ်ကြမယ်… မင်းနဲ့တောက်ရက မနက်ကျရင် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ အနီးအနားကရွာကိုသွားရလိမ့်မယ်”

“ ဒီလူငယ်နှစ်ယောက်ကိုရောဆရာ..ဘယ်လိုလုပ်ရမလဲ”

“ သူတို့ကို ငါပဲကြည့်ထားပေးမှာဖြစ်လို့ စိတ်မပူပါနဲ့ … မနက်ကျရင်လိုတဲ့ပစ္စည်းတွေကို စာနဲ့ရေးထားပေးမယ်.. ဒီပွဲက မင်းတို့အတွက် အတွေ့အကြုံအသစ်ရမှာအသေအချာပဲ”

အောင်မြတ်သာလဲ အခြေအနေကိုသိရပြီမို့ လူငယ်နှစ်ယောက်ကိုခေါ်ကာ မဉ္ဇူသကနတ်ပန်းပင်အောက်မှာ တစ်ညတာအနားယူစေခဲ့တယ်။

နောက်တစ်နေ့ နေ့လည်လောက်ရောက်တော့ သက်ခိုင်နဲ့ တောက်ရတို့အထုပ်အပိုးတွေနဲ့ပြန်ရောက်လာပြီး

“ ပစ္စည်းတွေအားလုံးရပြီး ကျောက်သင်ပုန်းအကွဲကျမှရှာမရဖြစ်နေတာဆရာ… နောက်ဆုံး ရှာရင်းနဲ့ ဘုန်းကြီးကျောင်းသားတွေသုံးမရလို့ပစ်ထားတဲ့သင်ပုန်းအကွဲတစ်ချပ်ရခဲ့လို့သာပဲ”

သက်ခိုင်က လက်မှာပိုက်ထားတဲ့ပစ္စည်းတွေကို ချပြီး အမောတကောပြောကာ သစ်ပင်အောက်ဝင်ထိုင်လိုက်တယ်။

“ မင်းတို့ရှာခဲ့တဲ့ပစ္စည်းတွေက အတော်စုံတာပဲ… ဒီညက အတော်ကိုခက်ခဲကြမ်းတမ်းမယ့်ပွဲဖြစ်တဲ့အတွက် နားလိုက်ကြဦး”

အောင်မြတ်သာလဲ သက်ခိုင်တို့ယူလာတဲ့ပစ္စည်းတွေကို စိစစ်ရင်း အုတ်ဂူနှစ်ဂူဘက်ကိုကြည့်လိုက်ရာ သင်္ကန်းစတစ်ခု ဖြတ်ခနဲလွင့်သွားတာမြင်လိုက်ရတယ်။

ညဦးပိုင်းအချိန်ရောက်တော့ အောင်မြတ်သာက သင်ဖြူးဖျာအသစ်ပေါ်မှာ ပိတ်ဖြူခင်းပြီး ကန်တော့ပွဲ၅ပွဲ၊ ထမင်း၅ပွဲ၊ သစ်သီးမျိုးစုံ၊ ယိုမျိုးစုံတို့ကိုချကာ ကိုးပါးသီလခဲယူခဲ့တယ်။ သီလယူပြီးတာနဲ့ ကျောက်သင်ပုန်းကွဲပေါ်မှာ စင်္ကြာပျံအင်းကိုရေးဆွဲပါလေရော။
(စာချပ်။ အင်းရဲ့ပုံစံက အလယ်မှာလှံင်္စကြာကိုင်ထားတဲ့လူငယ်ရုပ်ပုံပါရှိပြီး ဘေးပတ်ပတ်လည်မှာ ဂါထာစမတွေပါရှိပါတယ်။ အင်းအသက်သွင်းဂါထာကိုတော့ မသမာသူတွေအသုံးမပြုနိုင်ရန် ဖော်ပြထားခြင်းမရှိတာကို သည်းခံပေးကြပါ)

စင်္ကြာပျံအင်းကိုရေးဆွဲနေတဲ့အချိန် ဘေးပတ်ဝန်းကျင်ကနေ ကြောက်မယ်ဖွယ်အသံနက်တွေနဲ့အော်ဟစ်သံတွေအပြင် အုတ်ဂူထဲကနေ အစွယ်ဖွေးဖွေးနဲ့နာနာဘာဝတွေထွက်ပြီး ချောင်းကြည့်နေတာကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ တည်ငြိမ်စွာစီရင်ပြီးတဲ့နောက်မှာတော့ စင်္ကြာပျံအင်းကို ပညာပြိုင်ခေါင်းတလားအင်းမြုပ်ထားတဲ့ အုတ်ဂူနှစ်လုံးရဲ့အလယ်ကိုပစ်ထည့်လိုက်ရာ တောင်ရှည်ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ချွန်မြနေတဲ့ရွှေရောင်လှံတစ်ချောင်းကိုကိုင်ထားတဲ့ လူငယ်တစ်ယောက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် အုတ်ဂူနှစ်လုံးထဲကနေ တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးလွှမ်းနေပြီး အစွယ်တွေပြူးထွက်နေတဲ့ ဘီလူးလေးကောင်ထွက်ပေါ်လာခဲ့တယ်။

ရွှေရောင်လှံကိုင်ထားတဲ့ စင်္ကြာအင်းစောင့်က ဘီလူးတွေကိုတွေ့တာနဲ့ လက်ထဲမှာကိုင်ထားတဲ့ လှံနဲ့တရစပ်ဝင်ရောက် တိုက်ခိုက်ပါလေရော။

ဘီလူးလေးကောင်ကလဲ ကြောက်မက်ဖွယ်သွင်ပြင်တွေနဲ့ စင်္ကြာအင်းစောင့်ကို ဘတစ်ပြန်ကြားတစ်ပြန်တိုက်ခိုက်ခုခံရင်း နောက်ဆုံးမှာတော့ စင်္ကြာအင်းစောင့်ရဲ့အတိုင်တွေကိုမခံနိုင်တော့ပဲ တစ်စစီကွဲကြေပျက်စီးသွားခဲ့တယ်။

ဘီလူးလေးကောင် တစ်စစီဖြစ်သွားတာနဲ့ အုတ်ဂူနှစ်လုံးပေါ်မှာကပ်ထားတဲ့ အင်းချပ်ပေါ်ကနေ အပြာရောင်မီးတောက်တွေထွက်လာခဲ့တယ်။

အဲဒီတော့မှ အောင်မြတ်သာက
“ အင်းအစီအရင်တော့ပျက်သွားပြီ … စင်္ကြာအင်းစောင့်လဲ တာဝန်ကျေပါတယ်” လို့ပြောပြီး လက်ကိုဆန့်တန်းလိုက်ရာ ရွှေရောင်လှံတံကိုင်ထားတဲ့အင်းစောင့်ပျောက်ကွယ်သွားပြီး စင်္ကြာအင်းပျံက လက်ပေါ်ပြန်ရောက်လာခဲ့တယ်။

အောင်မြတ်သာလဲ စင်္ကြာအင်းပျံကိုလွယ်အိတ်ထဲထည့်ကာ

“ အုတ်ဂူနှစ်လုံးကိုတူးပြီးအထဲမှာရှိတဲ့အရာကိုယူဖို့လုပ်ကြပေတော့”

သက်ခိုင်နဲ့တောက်ရလဲ ဟောင်းနွမ်းနေတဲ့ အုတ်ဂူနှစ်လုံးကို ဖြိုဖျက်လိုက်ကြရာ အထဲမှာ အရိုးကျနေပြီဖြစ်တဲ့ အလောင်းနှစ်လောင်းကို စိတ်မချမ်းမြေ့ဖွယ်ရာတွေ့လိုက်ရတယ်။ အရိုးစုတွေရဲ့လက်ထဲမှာတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ဓါးနှစ်လက်က သံချေးတွေအထပ်ထပ်တက်လျက်ရှိနေခဲ့တယ်။

“ ဆရာ … ဓါးနှစ်လက်က ဖြုတ်လို့မရဘူး အရမ်းကြပ်နေတယ်”

တောက်ရစကားကြောင့်အောင်မြတ်သာက ဘေးမှာရပ်နေတဲ့ လူငယ်နှစ်ယောက်ကိုကြည့်ပြီး

“ မင်းတို့နှစ်ယောက်သွားကူညီလိုက်ကြဦး” လို့ပြောလိုက်တော့

လူငယ်နှစ်ယောက်လဲ မနေသာတော့ပဲ အုတ်ဂူထဲကိုဆင်းကာ ဓါးရိုးကိုကိုင်လိုက်တဲ့အချိန် တင်းရင်းနေတဲ့အရိုးစုတွေရဲ့လက်က ရုတ်တရက်ပြေလျော့သွားခဲ့တယ်။

“ ဝါး… ဓါးကလေးနစ်နေတာပဲ … သဘောကျလိုက်တာ”

ရန်မခနဲ့သူရက ဓါးကိုဆွဲယူပြီး အနီးကပ်ကြည့်လိုက်တဲ့အချိန် ခေါင်းထဲထိန်းခနဲဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး လေထဲလွင့်မျောသွားသလိုဖြစ်ခဲ့ရတယ်။

သူတို့ပြန်သတိရချိန်မှာတော့ ကညင်တိုင်ဆီမီးတွေထွန်းထားတဲ့ နန်းဆောင်တစ်ခုရှေ့မှာ လူပေါင်းများစွာနဲ့တိုက်ခိုက်နေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရတယ်။

“ ခုတ်ဟ သတ်ဟ အရှင့်သားအတွက်အမှုတော်ထမ်းကြ” ဆိုပြီး မာန်သွင်းကြုံးဝါးသံတွေနဲ့အတူ လျင်မြန်တဲ့လှုပ်ရှားမှုအချို့ကြောင့် နာကျင်စွာအော်ညဉ်းသံတွေကိုပါကြားလိုက်ရတယ်။

မျက်လုံးအရှေ့မှာ သူတို့နှစ်ယောက်က ငှက်ကြီးတောင်ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သဲသဲမဲမဲတိုက်ခိုက်နေတဲ့ပုံရိပ်တွေမြင်နေရင်းနဲ့ပဲ အရာရာမှုန်ဝါးလာပြီး နောက်ထပ်မြင်ကွင်းအသစ်တွေဖြစ်ပေါ်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ မင်းဝတ်တန်ဆာတွေဝတ်ဆင်ထားတဲ့ နှုတ်ခမ်းမွှေးရေးရေးနဲ့ပုဂ္ဂိုလ်က သူတို့နှစ်ယောက်ကို ရွှေကြိုးတွေကိုလှပစွာသီကုံးထားတဲ့ စလွယ်နှစ်ခုကိုပေးကာ

“ ငါကိုယ်တော်မြတ်အတွက် အသက်စွန့်ကာအမှုတော်ထမ်းခဲ့တဲ့ မိတ္တ၊ စိတ္တ ညီနောင်အား ရွာပေါင်းလေးဆယ်ကို အပိုင်းစားပေးစေ.. ထိုရွာတွေက ထွက်ရှိတဲ့ အခွန်ပဏ္ဍာတွေရဲ့တစ်ဝက်ကိုလဲခံစားရယူစေ” လို့ပြောတဲ့အသံကိုကြားလိုက်ရတယ်။

ပြီးတာနဲ့ မြင်ကွင်းတွေရွေ့လျားပျောက်ကွယ်သွားပြီး အလွန်ကိုချောမောလှပတဲ့မိန်းမတစ်ယောက်က နူးညံ့ပျော့ပျောင်းစွာကပြနေတာကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေတဲဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတယ်။ မကြာခင် ကပြအသုံးတော်ခံနေတဲ့မိန်းမက အကိုဖြစ်သူနဲ့ ညုတုတုစကားတွေပြောလိုက် ညီဖြစ်သူနဲ့ ပလီပလာလုပ်လိုက် ဖြစ်နေတဲ့မြင်ကွင်းတွေထပ်မံပေါ်ပေါက်လာခဲ့တယ်။

မကြာခင် အဲဒီမြင်ကွင်းတွေပျောက်သွားပြီး ရဟန်းဝတ်နဲ့ဘုန်းကြီးတစ်ပါးက ရွှေဖားရုပ်လေးနှစ်ရုပ်ကို ညီအစ်ကိုနှစ်ယောက်ကိုပေးကာ

“ ဒီရွှေဖားရုပ်တွေကို ကိုယ်နဲ့မကွာဆောင်ထားကြ… မင်းတို့ကို မသမာသူတွေဒုက္ခပေးကြတော့မယ်ဆိုတဲ့နိမိတ်ကို မြင်နေရတယ်”

ရဟန်းတစ်ပါးရဲ့စကားသံအဆုံးမှာ ကောက်ကျစ်စွာပြုံးနေတဲ့ ကချေသည်မိန်းမရဲ့ဘေးမှာ တီးတိုးပြောနေတဲ့ ဖိုးသူတော်တစ်ပါးကိုမြင်လိုက်ရတယ်။

အဲဒီမြင်ကွင်းတွေပျောက်ကွယ်သွားတာနဲ့ ရဲမက်တွေလိုက်လို့ ပြေးလွှားနေတဲ့ သူတို့ကိုယ်သူတို့ပြန်မြင်လိုက်ရတယ်။နောက်ဆုံး ရဲမက်တွေဓါးချက်မိပြီး သွေးသံတရဲရဲဖြစ်နေတဲ့လူနှစ်ယောက်ရဲ့မျက်နှာ၊ ဝမ်းသာအားရပျော်ရွှင်ပြီး ရွှေငွေကျောက်သံပတ္တမြားတွေကိုသိမ်းကျုံးယူငင်နေတဲ့ ကချေသည်မိန်းမတို့ကိုမြင်လိုက်ရတယ်။

“ တောက်”

ခံပြင်းမှု နာကျဉ်းမှုတွေနဲ့ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ တောက်ခတ်သံအဆုံးမှာ ရန်မခနဲ့ သူရတို့မျက်လုံးတွေ နီရဲလာပြီး အသားတွေတစ်ဆတ်ဆတ်တုန်လာခဲ့တယ်။ သူတို့ရဲ့ခေါင်းထဲမှာလဲ အတိတ်ဘဝကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံး တစ်ရေးရေးပေါ်လာတဲ့အချိန် အောင်မြတ်သာက ရန်မခနဲ့ သူရတို့ရဲ့ နဖူးပေါ်ကို ပြာချထားတဲ့ ရန်ပြေငြိမ်းအင်းနဲ့တို့လိုက်တော့မှ ငြိမ်သက်သွားခဲ့တယ်။

အဲဒီအချိန်“ ငါ့ကို စကားပြောခွင့်ပေး…ငါ့ကို စကားပြောခွင့်ပေး”ဆိုတဲ့အသံက တောစပ်ကနေထွက်လာခဲ့တယ်။

“ ဆရာ … အသံကြားရလား..”

“ လက်စသတ်တော့ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့သူက ဒီလူငယ်နှစ်ယောက်ကို​စောင့်နေတာကိုး..”

အောင်မြတ်သာက ခေါင်းတညိမ့်ညိမ့်နဲ့ပြောရင်း တောစပ်ဘက်ကိုလှည့်ကာ
“ သင်တို့ဆရာတပည့်တွေကိုတွေ့ဖို့ခွင့်ပြုပါတယ်”လို့ပြောလိုက်တော့မှ အော်နေတဲ့အသံရပ်သွားခဲ့တယ်။

“ မိတ္တ … စိတ္တ … ငါ့တပည့်တွေ အလာကို စောင့်နေခဲ့တာ နှစ်တွေတောင်မရေတွက်နိုင်တော့ဘူး… အခုတော့ ငါ့ဆီရောက်လာခဲ့ပြီ”

ရန်မခနဲ့ သူရတို့ကြားလိုက်ရတဲ့အသံကြောင့် တောစပ်ဘက်ကို ကြည့်လိုက်ရာ သင်္ကန်းအစုတ်ကိုပတ်ထားတဲ့ ရဟန်းတစ်ပါးရဲ့နောက်ကျောကိုမြင်လိုက်ရတယ်။

ရန်မခနဲ့သူရလဲ အဲဒီမြင်ကွင်းကိုမြင်တော့ သိုင်းပညာသင်ပေးစဉ်ကဖြစ်ရပ်တွေ၊ လိုအပ်တဲ့အကြံဥာဏ်တွေပေးခဲ့ဖူးတဲ့ဖြစ်ရပ်တွေ ခေါင်းထဲပေါ်လာခဲ့တယ်။

“ ဆရာကြီး..ဦးဝဏ္ဏ ဟုတ်ပါတယ်နော်..”

“ ငါ့တပည့်တွေ ဆရာနာမည်မှတ်မိသားပဲ… အခုမင်းတို့ရောက်လာပြီဆိုတော့ အတိတ်ဘဝက မတရားခံခဲ့ရတဲ့ ကိစ္စတွေအပြင် ငါကိုယ်တိုင်မအောင်မြင်ခဲ့တဲ့ကိစ္စအချို့ကိုမင်းတို့ဆက်လုပ်ရမယ်”

“ ကျွန်တော်တို့ဘာလုပ်ရမှာလဲ….နောက်ပြီးဆရာကြီးက ဘယ်လိုဖြစ်လို့ ဒီလိုဘဝမျိုးကိုရောက်နေခဲ့တာလဲ”

“ မင်းတို့အရမ်းကိုနှစ်သက်စွဲလမ်းခဲ့တဲ့ ကချေသည်မက ဆက်သရမယ့် ဘဏ္ဍာအခွန်တွေကို မင်းတို့နာမည်သုံးပြီးလိမ်လည်လှည့်ဖျားခဲ့တဲ့အပြင် မင်းတို့ကိုပါဘုရင်မင်းမြတ်အမျက်တော်ရှအောင် ဖန်တီးခဲ့တယ်လေ… မင်းတို့ကိုယ်ရဲမက်တွေဖမ်းမိပြီးသေလုဆဲဆဲဖြစ်နေတဲ့အချိန် ရဟန်းအယောင်ဆောင်ပြီးဝင်ကယ်ခဲ့တဲ့ ငါ့ကိုလဲ တွေ့ရာင်္သချိုင်းဓါးမဆိုင်းသတ်ဖို့ အမိန့်ချမှတ်ခဲ့တယ်… ငါလဲ မင်းတို့ကိုတတ်နိုင်သလောက် ကယ်ဖို့ကြိုးစားပေမယ့် ရထားတဲ့ဒဏ်ရာတွေပြင်းထန်တာကြောင့် ငါ့လက်ပေါ်မှာပဲဆုံးခဲ့ကြတယ်… မင်းတို့ဆုံးသွားတော့ ငါစီရင်ခဲ့တဲ့ ကိုးင်္သချိုင်းဓါးကို မင်းတို့နဲ့အတူ မြေမြုပ်ပေးခဲ့တယ်… မင်းတို့ရဲ့ ဓါးနှစ်လက်ကို လိုချင်တဲ့သူတွေ တူးဖော်လို့မရအောင်လဲ အုတ်ဂူပေါ်မှာအစီအရင်တွေလုပ်ခဲ့တယ်… ဒီကိစ္စတွေပြီးတော့ မင်းတို့အပေါ်ယုတ်မာခဲ့တဲ့ မိန်းမယုတ်နဲ့အဖွဲ့ကိုလက်စားချေဖို့ ကဝေအတိုက်အင်းကို စီမံနေတဲ့အချိန် စည်းပေါက်ပြီးဒီလိုဘဝကိုရောက်ခဲ့ရတာပဲ… မင်းတို့အနေနဲ့ ငါ့ကိုဒီဘဝက ကျွတ်လွတ်စေချင်ရင် ယခင်ငါနေခဲ့တဲ့အိမ်ဝိုင်းထဲက ကုက္ကိုပင်အောက်မှာမြုပ်ထားတဲ့ ရွှေစလွယ်ကိုထုခွဲရောင်းချပြီး အလှူအတန်းလုပ်ပေးပါ.. ဒီအလှူကိုမင်းတို့လက်နဲ့လုပ်ပြီး ရေစက်ချမှ ငါကျွတ်လွတ်နိုင်မယ်… ဟိုမိန်းမယုတ်နဲ့အဖွဲ့ကိုတော့ လူ့ဘဝပြန်ရောက်မှ လက်စားချေမယ်”လို့ပြောပြီး ပျောက်ကွယ်သွားခဲ့တယ်။

ကျောပေးကာ အံတစ်ကြိတ်ကြိတ်ပြောနေတဲ့ ဆရာဖြစ်သူကိုမြင်တော့ ရန်မခနဲ့သူရတို့ရဲ့ ဒေါသစိတ်တွေပြန်ပြီး ထကြွလာပေမယ့် နဖူးမှာသုတ်ထားတဲ့ ရန်ပြေငြိမ်းအင်းပြာကထိန်းထားတဲ့အတွက် အသိစိတ်ပျောက်တဲ့အထိမဖြစ်ခဲ့ဘူး။

“ ဟိုတောင်ပေါ်မှာတွေ့ခဲ့တဲ့ ဥစ္စာစောင့်မက ငါတို့ကို ဒုက္ခပေးခဲ့တဲ့သူပဲ… ဒါကြောင့် သူတို့ကိုမြင်တုန်းက မြင်ဖူးနေတယ်လို့ခံစားနေရတာ”

ရန်မခရဲ့စကားကို သူရက ထောက်ခံရင်း
“ သူတို့ကြောင့် အကုန်လုံးဒုက္ခရောက်ခဲ့ကြတာ… သူတို့ပိုင်တယ်ဆိုတဲ့ပစ္စည်းတွေကလဲ ငါတို့ပိုင်ခဲ့တဲ့ပစ္စည်းတွေပဲ”

“ ဟုတ်ပါတယ် မင်းတို့ပိုင်တဲ့ပစ္စည်းတွေကို သူတို့ကစောင့်နေရတဲ့သဘောပါ”

“ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာ”

“ မင်းတို့ကိုဒီရောက်အောင်ခေါ်လိုက်ရတာက ခုနကပုဂ္ဂိုလ်ကိုကျွတ်လွတ်အောင်လုပ်ပေးဖို့ပဲ…သူ့ရဲ့ပညာက အဆင့်အတန်းမြင့်ပေမယ့် မင်းတို့အပေါ်ထားတဲ့ မေတ္တာကြောင့် အင်းအပေါ်စိတ်မနှစ်နိုင်ပဲ စည်းပေါက်သွားခဲ့တာ.. သူသေခါနီး အုတ်ဂူထဲမှာမြုပ်ထားတဲ့ ဓါးနှစ်လက်ကို စိတ်စွဲနေတဲ့အတွက် ငါတို့က ပိုင်ရှင်ကိုဖြစ်တဲ့မင်းတို့နှစ်ယောက်လက်ထဲကိုပြန်ထည့်ပေးတဲ့သဘောပါ.. အဲလိုထည့်ပေးလိုက်မှပဲ သူစွဲလမ်းနေတဲ့နေရာကနေ ကျွတ်လွတ်ချင်တဲ့စိတ်ဖြစ်ပေါ်မှာလေ… ဒါကြောင့် ငါတို့အခုလုပ်ရမှာက ရွှေစလွယ်မြုပ်ထားတဲ့ ကုက္ကိုပင်ကိုရှာဖို့ပဲ…”

“ ဆရာ နှစ်ပေါင်းများစွာကြာပြီးမှ ဒီကုက္ကိုပင်ကို ရှာတွေ့ဖို့ဆိုတာဖြစ်နိုင်ပါ့မလား”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက မဉ္ဇူသကနတ်ပန်းပင်ကိုမော့ကြည့်ပြီး

“ ငါတို့မသိနိုင်ပေမယ့် အဖိုးကတော့ သိမယ်ထင်ပါတယ်” လို့ပြောကာ ပင်စည်ကိုလက်နဲ့ပုတ်ပြီး

“ ကျွန်တော်ပြောထားတဲ့အတိုင်း အဖိုးရဲ့အကူအညီလိုအပ်နေပြီ… အောက်ကိုဆင်းလာခဲ့ပါဦး..”လို့ပြောလိုက်ရာ သစ်ပင်မှာစောင့်တဲ့ အဖိုးအိုကလမ်းလျောက်ဆင်းလာပြီး

“ ဆရာလေးတို့ ဘာအကူအညီလိုလဲ ပြောပါ.. ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ်”

“ သင်္ကန်းအစုတ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်က ဒီနယ်တစ်ဝိုက်မှာ ပွဲကျောင်းဝိုင်းတစ်ခုထောင်ခဲ့တယ်ပြောတယ်… အဲဒီဝိုင်းက ဘယ်နားလောက်ဖြစ်မလဲဆိုတာ အဖိုးအနေနဲ့ သိရင်ပြောပြပေးပါဦး”

အောင်မြတ်သာစကားကြောင့် အဖိုးအိုက မျက်မှောင်ကြီးကျုံကာစဉ်းစားလိုက်ပြီး

“ ဆရာလေးတို့ပြောတဲ့ ပွဲကျောင်းဝိုင်းက နတ်ဖိုးကုန်းပိုင်တဲ့နယ်မြေထဲဖြစ်ဖို့များတယ်.. သူက ကျုပ်ထက်ဝါပိုရင့်လို့ သူ့ကိုမေးရင်တော့ သေချာပေါက်သိလိမ့်မယ်”

“ နတ်ဖိုးကုန်း ပိုင်တဲ့နယ်မြေဆိုတာ ဘယ်အပိုင်းလောက်ဖြစ်မလဲ ပြောပေးပါဦး”

“ ဒီတောလမ်းအတိုင်းတည့်တည့်သွားရင် လူကြီးလေးဖက်စာလောက်ရှိတဲ့ကျွန်းနှစ်ပင်ကိုတွေ့လိမ့်မယ်… အဲဒီကျွန်းပင်ရဲ့အလယ်မှာ နတ်ဖိုးကွန်းနေတယ် ဆရာလေး”

“ ကျေးဇူးတင်ပါတယ် အဖိုး … ကျွန်တော်တို့လဲ အခုချက်ချင်းသွားလိုက်ပါ့မယ်”

အောင်မြတ်သာက ရုက္ခစိုးအဖိုးအိုကို နှုတ်ဆက်ပြီး ညတွင်းချင်း တောလမ်းအတိုင်းခရီးဆက်ခဲ့ကြတယ်။ လရောင်ကိုအားကိုးပြီးထွက်လာခဲ့တာ မိုင်ဝက်လောက်ရောက်တော့ လူလေးဖက်စာလောက်ကြီးတဲ့ ကျွန်းပင်နှစ်ပင်ရှိတဲ့နေရာကိုရောက်လာခဲ့တယ်။

“ ဤနေရာကိုအပိုင်စားရထားတဲ့ အဖိုးကုန်းကို ပင့်ဖိတ်ပါတယ်… အခုပြောတာကိုကြားတယ် မြင်တယ်ဆိုရင် ကိုယ်ထင်ပြပါ” လို့ပြောလိုက်တော့ အုန်းတစ်ပင်စာလောက်မြင့်တဲ့ ကျွန်းပင်ပေါ်ကနေ ခါးကြီးကုန်းပြီးဆင်းလာတဲ့ နတ်ဖိုးကုန်းကိုမြင်လိုက်ရတယ်။

အရပ်ကြီးက ပေခြောက်ဆယ်လောက်မြင့်ပေမယ့် ခါးကကုန်းနေတဲ့အတွက် မျက်နှာနဲ့မြေကြီးထိလုမတတ်ဖြစ်နေတဲ့ နတ်ဖိုးကုန်းက

“ ငါ့ကိုခေါ်တာ ဘယ်သူတွေလဲဟေ့ …. “

“ အဖိုးကိုအနှောက်အယှက်ပေးမိသလိုဖြစ်သွားပြီ… ကျွန်တော်နာမည်က အောင်မြတ်သာပါ… အထက်ဆရာကြီးတွေရဲ့အမိန့်အရ မကျွတ်မလွတ်ဖြစ်နေတဲ့သူတစ်ဦးကို ကျွတ်လွတ်အောင်လုပ်ပေးဖို့အတွက်လာခဲ့တာပါ.. “

“ ငါကဘာလုပ်ပေးရမလဲ ပြော…”

“ ဒီလိုပါ အဖိုးက ဒီနယ်မြေမှာနေလာတာ နှစ်ပေါင်းများစွာကြာနေပြီဆိုတော့ ယခင်က နာမည်ကြီးခဲ့တဲ့ ပွဲကျောင်းဆရာဦးဝဏ္ဏရဲ့ခြံဝိုင်းနေရာကိုပြောပြပေးပါဦး”

“ သူ့ကို မကြာခဏ ဒီနယ်ထဲမှာတွေ့ရတယ်… မင်းတို့ကျွတ်လွတ်အောင်လုပ်ပေးမယ်ဆိုတဲ့သူက ပွဲကျောင်းဆရာလား”

“ ဟုတ်ပါတယ် အဖိုး .. သူဝိုင်းထဲက ကုက္ကိုပင်အောက်မှာ မြုပ်ထားတဲ့ပစ္စည်းကိုရမှဖြစ်မှာမို့လို့ပါ”

နတ်ဖိုးကုန်းက အောင်မြတ်သာစကားကို အတန်ကြာစဉ်းစားပြီး

“ နှစ်တွေဒီလောက်ကြာနေတာ မြုပ်ထားတဲ့ပစ္စည်းက မြေကြောတွေပြောင်းပြီး ရှိပါ့ဦးမလားမသိပါဘူး… ကဲကဲ ရှိတာမရှိတာကတော့ သူ့ကံပေါ့ … မင်းတို့ဒီတောလမ်းအတိုင်းတည့်တည့်ဆက်သွားရင် ကုက္ကိုပင်တစ်ပင်တွေ့လိမ့်မယ်.. ဒီတောထဲမှာ သူ့ထက်ကြီးတဲ့အပင်မရှိတော့ဘူး.. အဲဒါက ပွဲကျောင်းဝိုင်းထဲက အပင်ပဲ”

နတ်ဖိုးကွန်းရဲ့စကားကိုကြားတော့ အောင်မြတ်သာက ဝမ်းသာစွာနှုတ်ဆက်ပြီး တောလမ်းအတိုင်းဆက်ထွက်လာခဲ့ရာ အရုဏ်တက်ခါနီးအချိန်ရောက်တော့မှ ကြီးချင်တိုင်းကြီးထွားချင်တိုင်းထွားနေတဲ့ ကုက္ကိုပင်ရှေ့ကိုရောက်လာခဲ့တယ်။

အဲဒီအချိန်မှာပဲ ကုက္ကိုပင်ပေါ်ကနေ ခေါင်းပြတ်လုနီးပါးဖြစ်နေတဲ့ မဲမဲအကောင်တစ်ကောင်ဆင်းလာပြီး လွတ်နေတဲ့မြေကိုလျာနဲ့ယက်ပြခဲ့တယ်။

“ ဒီအကောင်က ဦးဝဏ္ဏ အစောင့်ထားခဲ့တဲ့ကောင်ပဲဖြစ်ရမယ်… “

အောင်မြတ်သာစကားအဆုံးမှာ မဲမဲအကောင်ကြီးက ရန်မခနဲ့ သူရတို့လက်ထဲမှာကိုင်ထားတဲ့ ဓါးကိုစူးစိုက်ကြည့်ပြီး ကုက္ကိုပင်ပေါ်ပြန်တက်သွားခဲ့တယ်။

ဒီအဖြစ်အပျက်တွေကို အောင်မြတ်သာတို့သာမြင်ပြီး ရန်မခနဲ့သူရတို့မမြင်တွေ့ခဲ့ဘူး။

“ မင်းတို့နှစ်ယောက်က ဓါးဦးနဲ့ ဒီနေရာကိုတူးကြည့်… သက်ခိုင်နဲ့တောက်ရတို့ ဝင်မပါကြနဲ့”

အောင်မြတ်သာစကားကြောင့် လူငယ်နှစ်ယောက်လဲ ဓါးဦးနဲ့မြေကြီးကိုတူးထုတ်ရာ တစ်တောင်လောက်ရောက်တော့ ဆွတ်ဆွတ်ဖြူနေတဲ့ကျောက်ပြားတစ်ချပ်ကိုရခဲ့တယ်။ ကျောက်ပြားပေါ်မှာတော့ မြေဘုတ်ဘီလူးတွေကို နိုင်နင်းတဲ့အင်းတွေကိုရေးဆွဲထားတာမြင်လိုက်ရတယ်။

“ ဒီကျောက်ပြားက ပစ္စည်းတွေကိုနေရာရွေ့တတ်တဲ့ မြေဘုတ်ဘီလူးတွေအနားကပ်မရအောင်စီရင်ထားတဲ့အရာပဲ… ဒါဆို စလွယ်က ဒီအောက်မှာပဲရှိရမယ် ဆက်တူးကြည့်ကြ”

ရန်မခတို့လဲ ဇွဲမလျော့ပဲဆက်တူးရာ သုံးတောင်လောက်ရောက်တော့ အဝတ်စတစ်ခုနဲ့ထုပ်ထားတဲ့ သေတ္တာတစ်လုံးထွက်လာခဲ့တယ်။

“ ဓါးနဲ့ကလပ်ထုတ်ပြီးဖွင့်ကြည့်လိုက်”

အောင်မြတ်သာစကားကြောင့် အဝတ်စကိုဖယ်ထုတ်လိုက်ရာ ဓါးရေး၃၇ချင်းကို လက်ရာမြောက်စွာထုဆစ်ထားတဲ့ သေတ္တာပေါ်လာခဲ့တယ်။ ရန်မခနဲ့သူရလဲ လက်ထဲကဓါးဦးနဲ့ဆွေးမြေ့နေတဲ့သေတ္တာကို ကလပ်ထုတ်လိုက်ရာ ရွှေချောင်းတွေကိုအမျှင်လေးတွေဖြစ်အောင်လုပ်ထားပြီး ကျောက်သံပတ္တမြားတွေစီချယ်ထားတဲ့ စလွယ်တစ်ခုထွက်လာခဲ့တယ်။

အဲဒီအချိန် အိပ်တန်းက နိုးလာတဲ့ လင်းကြက်တစ်ကောင်ရဲ့ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။

“ ဒီလောက်တန်ဖိုးကြီးတဲ့စလွယ်ကို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ”

သူရရဲ့စကားကြောင့် အောင်မြတ်သာက
“ ဒီရှေးဟောင်းကစ္စည်းကိုထုခွဲရောင်းချပြီး ဦးဝဏ္ဏအတွက် အလှူအတန်းလုပ်ပေးပါ…မင်းတို့လက်ထဲက ဓါးနှစ်လက်ကိုတော့ ဆရာအလှူခံပါရစေ..”

“ ဒီဓါးနဲ့ တောင်ပေါ်က အမျိုးယုတ်မကို လက်စားချေရဦးမယ်..ပေးလို့မဖြစ်ဘူး”

“ သူတို့က ထိတွေ့သုံးစွဲလို့မရတဲ့ ပစ္စည်းတွေကို မကျွတ်မလွတ်ပဲစောင့်ရှောက်နေရတာကိုက ဝဋ်ကြွေးတစ်မျိုးပဲမဟုတ်လား… မင်းတို့နှစ်ယောက်အနေနဲ့ကုသိုလ်ပြုနိုင်တဲ့ဘုံဘဝရောက်နေတာကို ဘာကြောင့်လက်စားချေလိုမှုတွေပြင်းပြနေတာလဲ…”

အောင်မြတ်သာရဲ့ဆုံးမမှုစကားတွေအောက်မှာ ရန်မခနဲ့ သူရတို့နှစ်ယောက် ခေါင်းငိုက်စိုက်ကာ ငြိမ်သက်သွားပြီး

“ ကျွန်တော်တို့ စလွယ်ကိုရောင်းပြီး ဆရာကြီးအတွက်အလှူအတန်းလုပ်ပေးမယ်… ဓါးကိုတော့ ဆရာတို့ကိုပဲအပ်ခဲ့လိုက်ပါ့မယ်”လို့ပြောကာ ကိုးင်္သချိုင်းဓါးနှစ်လက်ကိုကမ်းပေးခဲ့တယ်။

“ သာဓု သာဓု သာဓု…. မင်းတို့နှစ်ယောက်လှူတဲ့ပစ္စည်းကို မသမာသူတွေအသုံးပြုလို့မရအောင် စီမံထားလိုက်ပါမယ်… ဒါနဲ့ စလွယ်ကိုဘယ်သူ့ကိုမှမပြပါနဲ့… ရွာပြန်ရောက်လို့ နှစ်ရက်မြောက်နေ့ကျရင် စျေးကောင်းပေးဝယ်မယ့်သူ တစ်ယောက် မင်းတို့အိမ်ကိုရောက်လာလိမ့်မယ်.. သူဆီကရတဲ့ငွေနဲ့အလှူအတန်းလုပ်ပြီး အမျှဝေလိုက်ပါ…”

“ ဆရာတို့ရော မလိုက်လာကြဘူးလား”

“ အချိန်ရရင်တော့ မင်းတို့ရဲ့အလှူကို လာခဲ့ပါ့မယ်… မင်းတို့ရွာကိုပြန်မယ်ဆိုရင် အခုမြင်နေရတဲ့လမ်းအတိုင်းတည့်တည့်သာသွား နာရီဝက်လောက်ဆို ရွာထိပ်လမ်းဝကိုရောက်လိမ့်မယ်…”

အောင်မြတ်သာစကားကိုကြားတော့ ရန်မခနဲ့သူရတို့နှစ်ယောက်လုံး လက်ပြနှုတ်ဆက်ကာ ထွက်သွားခဲ့ကြတယ်။

“ ဒီကလေးတွေ တောင်ပေါ်ကိုတက်ပြီး ပြဿနာရှာမှာစိတ်ပူမိတယ်ဆရာ”

“ စိတ်မပူပါနဲ့ ရွာကိုပြန်ရောက်လို့အလှူလုပ်ပြီးတာနဲ့ သူတို့ရဲ့မှတ်ဥာဏ်ထဲမှာ ဒီရတနာပစ္စည်းကိုအမှတ်မထင်တွေ့ခဲ့တယ်လို့ပဲ ထင်နေမှာပါ….”

အောင်မြတ်သာနဲ့ သက်ခိုင်တို့က စကားတစ်ပြောပြောနဲ့ထွက်သွားပေမယ့် တောက်ရကတော့ ဓါးနှစ်လက်ကိုလက်မှာပိုက်ကာ အနှောင့်မှာရေးထိုးထားတဲ့စမတွေကို စူးစမ်းနေခဲ့တယ်။

++++++++

နေခြစ်ခြစ်တောက်ပူနေတဲ့ နေ့လယ်ခင်းအချိန် တလင်းပြင်ဘေးက မန်ကျီးပင်အောက်မှာ လူသုံးယောက်ထိုင်နေပြီး အဝေးကိုမျှော်ကြည့်နေခဲ့တယ်။

“ ဆရာ … ဟိုမှာ လာနေပြီ”

မျက်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ယောက်က မန်ကျီးပင်အောက်ရောက်တော့ လွယ်အိတ်ထဲကနေ ပစ္စည်းတစ်ခုကိုထုတ်ပြီး

“ ဆရာဝယ်ခိုင်းတဲ့ပစ္စည်းကို တန်ရာတန်ကြေးပေးပြီး ဝယ်လာခဲ့တယ်… လူငယ်နှစ်ယောက်ကတော့ အတော်ကိုပျော်နေကြတာပဲဗျာ”

“ ဘယ်လိုလဲ မြဒင် မင်းလဲအလုပ်ရှုပ်သွားရပြီပေါ့..”

“ မဟုတ်တာဆရာရယ်…ကျွန်တော်ဘဝကိုဆရာကပဲ ပြောင်းလဲပြုပြင်ပေးခဲ့လေ ဒီလောက်တော့လုပ်ပေးရမှာပေါ့ဗျာ”

အောင်မြတ်သာက မြဒင် ကမ်းပေးတဲ့ စလွယ်ကိုယူပြီး မတ်တပ်ရပ်ကာ

“ နောက်တစ်ခေါက်မှ ပြန်ဆုံကြတာပေါ့… အခုတော့ မသွားမဖြစ်တဲ့ခရီးတစ်ခုသွားရဦးမယ်”

“ ဆရာတို့ ခရီးလမ်းအဆင်ပြေပါစေဗျာ…ဒါနဲ့ ကျွန်တော်အတွက် တစ်ပွဲထိုးထုံးမန်းလေးလုပ်ပေးဦးနော်”

မြဒင်စကားကိုကြားတော့ အောင်မြတ်သာက ဖြူဖွေးနေတဲ့သွားတက်လေးပေါ်အောင်ပြုံးလိုက်ပြီး

“ တစ်ပွဲထိုး ထုံးမန်းတောင်းပြီး ဓါးပြထပ်တိုက်ဦးမလို့လား” လို့မေးလိုက်တော့ မြဒင်က ဟက်ဟက်ပက်ပက်ရယ်ရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

နောက်ဝတ္တုမှာတော့ မနာလိုမှုကနေ စီးပွါးပျက်အသက်သေဆုံးတဲ့အထိဖြစ်အောင်လုပ်ထားတဲ့အတိုက်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လူသေလက်ညိုးခေါင်မိုးထိုး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Crt:#ညမဖတ်ရ

ေအာင္ျမတ္သာႏွင့္မိတၱစိတၱ “ သူေဌးဦးေဘာဂအိမ္က ဒီအိမ္လား” မာထန္ထန္ေလသံနဲ႔ေမးလိုက္တာေၾကာင့္ အိမ္ေပါက္ဝမွာရပ္ေနတဲ့ ခပ္ႏြမ္းႏြမ္းလူႀကီးက “ ဟုတ္ပါတယ္ ဟုတ္ပါတယ္ ဘယ္လိုအေရးကိစၥမ်ားရွိလို႔ပါလဲ” “ ဦးေဘာဂရဲ႕သားႏွစ္ေယာက္ျဖစ္တဲ့ မိတၱနဲ႔စိတၱကို ေမးျမန္းစရာရွိလို႔လာေခၚတာပါ” ေမာက္တိုကိုေဆာင္းထားတဲ့ရဲမက္ေတြစကားေၾကာင့္ ၿခံေစာင့္ျဖစ္သူ ဦးသာရဲ႕ပါးစပ္ေတြအေဟာင္းသားျဖစ္သြားခဲ့တယ္။ ခဏေနေတာ့ အိမ္ထဲကေန ပိုးခ်ိတ္လုံခ်ည္ကိုက်နစြာဝတ္ဆင္ထားၿပီး ေခါင္းေပါင္းေပါင္းထားတဲ့ လူႀကီး တစ္ေယာက္ထြက္လာၿပီး “ သင္တို႔က ၿမိဳ႕စားနႏၵေက်ာ္သူရဲ႕ ရဲမက္ေတြထင္တယ္… “ “ ဟုတ္တယ္ က်ဳပ္တို႔က ၿမိဳ႕စားနႏၵေက်ာ္သူရဲ႕ ရဲမက္ေတြပါ” “ ဒါဆိုရင္ က်ဳပ္သားႏွစ္ေယာက္ကို ဘာအေရးကိစၥနဲ႔ ေမးျမန္းခ်င္တယ္ဆိုတာ အရင္ေျပာျပႏိုင္မလား” အင္းသာၿမိဳ႕ရဲ႕မ်က္ႏွာဖုံး သူေဌးႀကီးဦးေဘာဂရဲ႕စကားေၾကာင့္ ရဲမက္ေတြအခ်င္းခ်င္းျပန္ၾကည့္လိုက္ၿပီး “ သင္တို႔သားႏွစ္ေယာက္က ပုန္ကန္မႈကိုလႈံေဆာ္ေနတယ္ဆိုၿပီးသတင္းအတိအက်ရထားလို႔ လာေခၚတာပါ” ရဲမက္ေတြရဲ႕စကားေၾကာင့္ ဦးေဘာဂ ဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး “ သင္တို႔ရဲ႕စကားက အဓိပၸါယ္သိပ္မဲ့လြန္းတယ္… က်ဳပ္သားႏွစ္ေယာက္က ဆတ္ဆတ္ထိမခံတဲ့လူေတြျဖစ္ေပမယ့္ ဒီလိုမ်ိဳးကိစၥေတာ့လုပ္မွာမဟုတ္ဘူး.. အခုသူတို႔အိမ္မွာမရွိဘူး ျပန္လာရင္ ႐ုံးကိုလႊတ္ေပးလိုက္မယ္” “ သူတို႔အိမ္မွာမရွိရင္ ဘယ္မွာရွိတာလဲ… က်ဳပ္တို႔က သူတို႔ႏွစ္ေယာက္မပါပဲ မျပန္ႏိုင္ဘူး” “ အိမ္း ဒီလိုဆိုေတာ့လဲ သူတို႔ရွိတဲ့ေနရာေခၚသြားေပးရတာေပါ့… ဟဲ့ ေမာင္သာ ငါ့သားေတြရွိတဲ့ေနရာ ေခၚသြားေပးလိုက္” ေအးေအးလူလူနဲ႔စကားေျပာေနတဲ့ ဦးေဘာဂရဲ႕ သြင္ျပင္ေၾကာင့္ ရဲမက္ေတြ ဘာမွေစာဒကမတက္ရဲေတာ့ပဲ ၿခံေစာင့္ျဖစ္သူေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့ၾကတယ္။ +++++++++++++ အေတာ္အတန္က်ယ္ဝန္းတဲ့ ၿခံဝိုင္းတစ္ခုထဲမွာေတာ့ ေလ့က်င့္ခန္းလုပ္ေနတဲ့လူငယ္ေတြအျပင္ ဗန္တိုဗန္ရွည္သိုင္းပညာရပ္ေတြကိုေလ့လာသင္ယူေနတဲ့သူေတြအျပည့္ရွိေနခဲ့တယ္။ “ ဆရာႀကီး ရဲမက္ေတြ ၿခံဝိုင္းထဲဝင္လာေနၾကတယ္” ဓါးသိုင္းေလ့က်င့္ေနတဲ့ငစိန္ရဲ႕စကားေၾကာင့္ ကုကၠိဳပင္ေအာက္မွာ ေရေႏြးၾကမ္းေသာက္ေနတဲ့ ပြဲေက်ာင္းဆရာဦးဝဏၰတစ္ေယာက္ မ်က္ေမွာင္က်ဳတ္လိုက္ၿပီး “ ဘယ္သူေတြမ်ားလဲလို႔ နႏၵေက်ာ္သူငယ္သားေတြကိုး… ဘာအေရးကိစၥရွိလို႔လဲ” ရဲမက္ေတြက ဦးဝဏၰကိုျမင္ေတာ့ အလိုလိုရွိန္သြားၾကၿပီး “ သူေဌးဦးေဘာဂရဲ႕သား မိတၱနဲ႔စိတၱကို လာေခၚတာပါ” “ မိတၱနဲ႔စိတၱဟုတ္လား… ဒီေကာင္ေလးေတြကို ဘာကိစၥနဲ႔လာေခၚရတာလဲ … ငါ့ကိုရွင္းရွင္းေျပာစမ္း” အသံမာမာနဲ႔ေျပာလိုက္တဲ့အသံေၾကာင့္ ရဲမက္ေတြ မ်က္လႊာကိုေအာက္ခ်ၿပီး ၿငိမ္သက္သြားခဲ့တယ္။ ဦးဝဏၰဆိုတာကလဲ ေ႐ႊၿမိဳ႕ေတာ္ရွင္မင္းတရားႀကီးနဲ႔အတူတူ တိုက္ပြဲေတြကို ရဲရင့္စြာတိုက္ခိုက္ခဲ့သူျဖစ္တဲ့အျပင္ မင္းတရားႀကီးရဲ႕အေလးေပးမႈကိုခံရတဲ့သူတစ္ဦးျဖစ္တယ္ဆိုတာသိထားတဲ့ ရဲမက္ေတြက မဝံ့မရဲနဲ႔ “ ဟို ဟို ဦးေဘာဂ သားႏွစ္ေယာက္က ပုန္ကန္မႈေတြမွာပါဝင္တယ္ဆိုတဲ့သတင္းေၾကာင့္ လာေခၚရျခင္းျဖစ္ပါတယ္” “ သယ္ … မင္းတို႔ကစြပ္စြဲခ်က္ျပင္းလွခ်ည္လား.. ဟိုႏွစ္ေကာင္ ထြက္လာခဲ့စမ္း” ဆရာႀကီးဦးဝဏၰေခၚသံေၾကာင့္ လူအုပ္ထဲကေန ရင္အုပ္က်ယ္က်ယ္မွာ ႂကြက္သားေတြအေျမာင္းေျမာင္းထေနတဲ့ လူငယ္ႏွစ္ေယာက္ ထြက္လာခဲ့တယ္။ “ သူတို႔က မိတၱနဲ႔ စိတၱပဲ … မင္းတို႔က သူတို႔ႏွစ္ေယာက္သူပုန္ထရာမွာကူညီတယ္လို႔ေျပာရတဲ့သက္ေသတစ္ခုျပ… မျပႏိုင္လို႔ကေတာ့ မနက္ျဖန္ေနျပည္ေတာ္ထိ ငါတက္ၿပီး ေျပာရလိမ့္မယ္” ဦးဝဏၰ စကားေၾကာင့္ ရဲမက္ေတြ မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္သြားၿပီး “ သက္ေသအတိအက်ေတာ့မရွိေပမယ့္… ကြၽန္ေတာ္တို႔ရထားတဲ့ သတင္း….” “ သက္ေသတိတိပပ မရွိပဲ အျပစ္မရွိတဲ့လူေတြကို အခုလိုဖမ္းလားစီးလား လုပ္စရာလား ဟမ္” ရင္ေခါင္းသံနဲ႔ဟိန္းေဟာက္လိုက္တဲ့ ဦးဝဏၰ စကားေၾကာင့္ ရဲမက္ေတြဘာမွေစာဒကမတက္ရဲေတာ့ပဲ “ ကြၽန္ေတာ္တို႔လဲ ၿမိဳ႕စားမင္းခိုင္းလို႔လုပ္ရတာပါ…” “ ေအး ငါ့တပည့္ေတြကိုဖမ္းခ်င္ရင္ သက္ေသအခိုင္အမာရေအာင္ရွာၿပီးမွလာခဲ့လို႔ မင္းတို႔ၿမိဳ႕စားကိုေျပာလိုက္… “ ရဲမက္ေတြလဲ ဦးဝဏၰစကားအဆုံးမွာ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ၿခံဝိုင္းအျပင္ကိုထြက္သြားခဲ့ၾကတယ္။ ရဲမက္ေတြထြက္သြားေတာ့ ဦးဝဏၰက စိတၱနဲ႔မိတၱကို စူးစိုက္ၾကည့္ၿပီး “ ခုနက ေလ့က်င့္ေနတဲ့ ေနရာကေန ျပန္လုပ္ၾက”လို႔ေျပာကာ ေရေႏြးၾကမ္းကို ေမာ့ခ်လိုက္တယ္။ ++++++++++ “ ေနာင္ ေဝ ေဝ ေဝ” ေက်ာဘက္ကေနထြက္လာတဲ့ ေၾကးစည္သံေၾကာင့္ ျမင္ေနတဲ့ျမင္ကြင္းေတြအားလုံးကို ေမ့ပစ္ကာ တရားထိုင္တဲ့အမႈကို ရပ္နားလိုက္တယ္။ “ခုနက ေၾကးစည္သံတစ္ခ်က္ ၾကားလိုက္ရတယ္ ဆရာ” အေနာက္မွာထိုင္ေနတဲ့ သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာက “ ဒီသစ္ပင္ေပၚမွာေနတဲ့ ႐ုကၡစိုးဘုံနန္းက ထြက္ေပၚလာတာျဖစ္မယ္…သူက ဒီအခ်ိန္ဆိုရင္ ေမတၱာပို႔အမွ်တန္းေဝေနၾကေလ” “ ကြၽန္ေတာ္တို႔ ဒီအုတ္ဂူေဘးမွာေစာင့္ေနတာ သုံးရက္နဲ႔သုံးညတိတိရွိၿပီေနာ္… ႐ြာမွာက်န္ခဲ့တဲ့ လူငယ္ေတြလာမယ္ဆိုတာ ေသခ်ာပါ့မလားဆရာ” “ သူတို႔ေသခ်ာေပါက္ေရာက္လာလိမ့္မယ္…သူတို႔ေရာက္တာနဲ႔ ဒီေနရာမွာ ထူးျခားမႈေတြဆက္တိုက္ျဖစ္ေပၚလာႏိုင္တယ္” “ အဝူးးးးးးးး “ စြဲစြဲငင္ငင္အူလိုက္တဲ့အသံေၾကာင့္ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ သစ္ပင္ေအာက္ကေနထၿပီး ၾကည့္လိုက္ရာ မလွမ္းမကမ္းမွာေပါက္ေနတဲ့ ေညာင္ညိဳပင္ေအာက္မွာ သကၤန္းအစုတ္ကိုဝတ္ထားၿပီး ေက်ာေပးရပ္ေနတဲ့ရဟန္းတစ္ပါးကိုျမင္လိုက္ရတယ္။ အဲဒီအခ်ိန္ ေအာင္ျမတ္သာရဲ႕မ်က္လုံးထဲမွာ စိုစြတ္ေနတဲ့ ေျမကို တူးေနၾကတဲ့ စိတၱနဲ႔ မိတၱတို႔ႏွစ္ေယာက္အျပင္ သူတို႔ရဲ႕ေဘးမွာေတာ့ ဘုန္းႀကီးဝတ္ထားတဲ့ ဦးဝဏၰက လက္ပိုက္ၿပီးရပ္ၾကည့္ေနတဲ့ျမင္ကြင္းကိုျမင္လိုက္ရတယ္။ “ ဟိုလူငယ္ႏွစ္ေယာက္ ဒီအနားတစ္ဝိုက္ကိုေရာက္ေနၿပီ… အျမန္လိုက္ရွာမွျဖစ္မယ္” ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရက “ ဆရာ ဒီမွာပဲေနခဲ့ပါ… ကြၽန္ေတာ္တို႔ လိုက္ရွာခဲ့ပါ့မယ္”လို႔ေျပာၿပီး အေမွာင္ထုထဲကိုထြက္သြားခဲ့ၾကတယ္။ ေအာင္ျမတ္သာလဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းကိုသိခ်င္ေနတာမို႔ မၪၨဴသကပန္းပင္ေအာက္မွာပဲ တင္ပလႅင္ေခြျပန္ထိုင္လိုက္ၿပီး အာ႐ုံစုစည္းလိုက္တဲ့အခါ… “ ျမန္ျမန္တူးထား မိတၱ… ငါတို႔ဆရာရဲ႕အႀကံစည္ေတြေအာင္ျမင္ရင္ မင္းတရားႀကီးလက္ထဲ ထီးနန္းျပန္ရမွာကြ” တူ႐ြင္းကို ေျမႀကီးထဲထိုးစိုက္ရင္းေျပာလိုက္တဲ့ စိတၱအသံေၾကာင့္ လက္ပိုက္ၿပီးရပ္ၾကည့္ေနတဲ့ ရဟန္းတစ္ပါးက “ မင္းတရားႀကီးက သူ႔မိေထြးေတာ္ရဲ႕အႀကံအစည္ကို ႀကိဳျမင္လို႔ သူတစ္ခုခုျဖစ္တဲ့အခါ ကူညီႏိုင္ေအာင္ ငါ့ကိုဒီအရပ္ေဒသကိုပို႔ၿပီး လူသူလက္နက္စုေဆာင္းခိုင္းထားတာပဲ.. ဒီျဖစ္ရပ္ေတြထဲ မင္းတို႔ႏွစ္ေယာက္ကို ဆြဲထည့္မိတာ စိတ္မေကာင္းပါဘူး” “ တပည့္ေတာ္တို႔က ဒီျဖစ္ရပ္ထဲကို မိမိရဲ႕စိတ္ဆႏၵနဲ႔ဝင္ပါခဲ့ၾကတာပါ… အခုဆို တပည့္ေတာ္ရဲ႕ဖခင္ျဖစ္သူလဲ မိေထြးေတာ္ရဲ႕လူေတြေၾကာင့္ အသက္ဆုံးခဲ့ရပီးၿပီ၊ ဖခင္ပိုင္ဆိုင္ခဲ့တဲ့ပစၥည္းေတြကိုလဲ မိန္းမယုတ္နဲ႔အေပါင္းအပါေတြက လက္ဝါးႀကီးအုပ္ထားၾကတာ ဆရာေတာ္အျမင္ပဲ… တပည့္ေတာ္တို႔ဘဝက မင္းတရားႀကီးထီးနန္းျပန္ရမွပဲ အရာအားလုံးကိုလက္စားျပန္ေခ်ႏိုင္မွာ” မိတၱက ေျပာရင္းဆိုရင္း တူ႐ြင္းကိုေျမႀကီးထဲစိုက္ခ်လိုက္ရာ “ ဒုတ္” ဆိုတဲ့အသံနဲ႔အတူ အရာဝတၱဳတစ္ခုကို ထိုးစိုက္မိခဲ့တယ္။ “ ငါအသံၾကားလိုက္တယ္ အျမန္တူးထုတ္စမ္း” ရဟန္းေတာ္က ပခုံးေပၚကေနေလ်ာဆင္းသြားတဲ့သကၤန္းစကိုဆြဲတင္ရင္း ေျမက်င္းထဲကို စူးစိုက္ၾကည့္ေနခဲ့တယ္။ “ ေသတၱာတစ္လုံးပဲဘုရား… အေပၚမွာေတာ့ ဘာမွန္းမသိတဲ့အကၡရာေတြေရးထားတယ္” စိတၱက ေသတၱာကိုမေပၚမတင္ၿပီး ကမ္းေပးလိုက္ရာ “ ဒါက ငါတို႔ရွာေနတဲ့ေသတၱာပဲ… ဒီဟာက ေရွးေဟာင္းပြဲေက်ာင္းဆရာေတြသုံးခဲ့တဲ့လက္စြဲစာအုပ္.. ဒီထဲမွာ စိတ္ကူးနဲ႔ေတာင္မွန္းလို႔မရတဲ့ ပညာရပ္ေတြပါတယ္” “ တပည့္ေတာ္တို႔ပင္ပန္းရက်ိဳးနပ္ပီထင္ပါတယ္… အခုစာအုပ္လဲရပီဆိုေတာ့ စခန္းကိုပဲျပန္ေတာ့မလားအရွင္ဘုရား” “ စခန္းကိုျပန္လို႔မျဖစ္ေသးဘူး မင္းတို႔ႏွစ္ေယာက္အတြက္ သီးသန္႔လုပ္စရာရွိေသးတယ္..မနက္ျဖန္ ညသန္းေခါင္အခ်ိန္ေရာက္တာနဲ႔ ဒီအရပ္ေဒသမွာရွိတဲ့ သၤခ်ိဳင္းကိုးခုက အေခါင္းသံေတြကို ရႏိုင္သေလာက္စုရမယ္…” “ အရွင္ဘုရား မဟုတ္မွလြဲေရာ … “ “ ေအး ဟုတ္တယ္ … ေလာကီအစီအရင္ေတြနဲ႔ျပည့္ေနတဲ့ ကိုးသၤခ်ိဳင္းသံဓါးလုပ္ဖို႔ပဲ.. ဒါကလဲ မင္းတို႔ႏွစ္ေယာက္အတြက္သီးသန္႔ျဖစ္ေနရမယ္… အေခါင္းသံရွာေဖြမႈမ်ားတဲ့သူက ထုထည္ႀကီးမားတဲ့ဓါးကိုရမွာျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ရွာတဲ့ေနရာမတူဖို႔သတိထားၾကပါ” +++++++++ ေအာင္ျမတ္သာမ်က္လုံးထဲမွာျမင္ေနတဲ့အရာေတြက တစ္ေျဖးေျဖးမုန္ဝါးေပ်ာက္ကြယ္သြားတဲ့အခ်ိန္ ေတာစပ္တစ္ေနရာကေန တစ္ရွပ္ရွပ္နဲ႔လမ္းေလ်ာက္လာတဲ့အသံကိုၾကားလိုက္ရတယ္။ “ ဆရာ ဆရာ ႐ြာက ကေလးႏွစ္ေယာက္ကိုရွာေတြ႕ၿပီ” သက္ခိုင္ရဲ႕အသံနဲ႔အတူ လြယ္အိတ္ကိုယ္စီလြယ္ကာ လိုက္ပါလာတဲ့ လူငယ္ႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။ “ ဒီေကာင္ေလးေတြ ဆရာေပးခဲ့တဲ့စာကိုရၿပီးထဲက ႐ြာကေနထြက္လာခဲ့ၾကတာတဲ့… ဒီေနရာကိုေရာက္ဖို႔ အေတာ္လာခဲ့ရတယ္ေျပာတယ္” သက္ခိုင္စကားကိုၾကားေတာ့ ေအာင္ျမတ္သာက ၿပဳံးလိုက္ၿပီး “ မင္းတို႔ေရာက္လာမယ္ဆိုတာ ႀကိဳျမင္ၿပီးသားပါ… အခုေတာ့ ဒီအသီးေလးစားၿပီး နားလိုက္ၾကဦး” ေအာာင္ျမတ္သာက လြယ္အိတ္ထဲမွာ ထည့္ထားတဲ့ ပန္းသီးႏွစ္လုံးကိုထုတ္ေပးလိုက္တဲ့အခ်ိန္ နားထဲမွာ စူးရွရွအသံေပါင္းစုံကိုၾကားလိုက္ရတယ္။ လူငယ္ႏွစ္ေယာက္ကေတာ့ ဘာမွသိဟန္မတူပဲ ေအာင္ျမတ္သာေပးတဲ့ပန္းသီးကို စားလိုက္ၿပီး သစ္ပင္ေအာက္က လြတ္ေနတဲ့ေနရာေလးမွာ ေက်ာဆန္႔လွဲခ်လိုက္ပါေလေရာ။ သုံးရက္ဆက္တိုက္ ခရီးပန္းလာတဲ့အတြက္ ေက်ာခ်တာနဲ႔ အိပ္ေပ်ာ္သြားတဲ့လူငယ္သုံးေယာက္ေဘးမွာေတာ့ ေအာင္ျမတ္သာတို႔က ၿငိမ္သက္စြာၿပီးေစာင့္ၾကပ္ေနခဲ့ၾကတယ္။ “ ငါ့တပည့္ေတြ ေရာက္လာၾကပီ … ငါ့တပည့္ေတြ အီးဟီးဟီး” ဆိုတဲ့ငိုသံနဲ႔အတူ သကၤန္းအစုတ္ကိုဝတ္ထားတဲ့ ဘုန္းႀကီးတစ္ပါးေတာထဲကိုဝင္ေရာက္ေပ်ာက္ကြယ္သြားတာျမင္လိုက္ရတယ္။ အခ်ိန္အတန္ၾကာေတာ့ အိပ္ေပ်ာ္ေနတဲ့လူငယ္ႏွစ္ေယာက္ႏိုးလာၿပီး “ ကြၽန္ေတာ္တို႔ခဗ်ာ ဆရာေပးတဲ့စာကိုဖတ္ၿပီး စိတ္ဝင္စားတာနဲ႔ ဒီေနရာကိုမရမကရွာႀကံလာခဲ့ရတာ… ဆရာေရးထားတဲ့ထဲမွာ မၪၨဴသကနတ္ပန္းပင္ဆိုတာ ဒီအပင္လား” “ ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ” “ ကြၽန္ေတာ္တို႔စိတ္ထဲမွာ ဒီေနရာကို အရင္ကေရာက္ခဲ့ဖူးသလိုခံစားမိေနလို႔” “ မင္းတို႔ငါတို႔ေတြအားလုံးဟာ သံသရာတစ္ေကြ႕ေကြ႕မွာ ေတြ႕ဆုံခဲ့ၾကဖူးတဲ့သူေတြျဖစ္လို႔ ဒီေနရာကိုအမွတ္ရတာသိပ္ေတာ့မဆန္းပါဘူး… အပင္ေအာက္မွာရွိေနတဲ့ အုတ္ဂူအထဲကိုျမင္ရင္ ဒီထက္ပိုထူးဆန္းတာျမင္ေတြ႕ရလိမ့္မယ္” ေအာင္ျမတ္သာစကားေၾကာင့္ လူငယ္ႏွစ္ေယာက္ရဲ႕အၾကည့္ေတြက သစ္ပင္ေအာက္က အုတ္ဂူႏွစ္လုံးဆီကိုေရာက္သြားခဲ့တယ္။အဲဒီအခ်ိန္ ေအာင္ျမတ္သာရဲ႕နားထဲမွာ “ အုတ္ဂူႏွစ္လုံးရဲ႕ေခါင္းပိုင္းမွာ နီညိဳေရာင္အင္းျပားနဲ႔ေရးထားတဲ့စမတစ္ခုရွိတယ္…စမကိုအစီအရင္ေတြနဲ႔အသက္သြင္းထားလို႔ ဒီတိုင္းဆြဲခြါရင္ ဆရာတို႔အတြက္အႏၲရာယ္ရွိႏိုင္တယ္” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။ “ ဒီအသံက ခုနက သကၤန္းအစုတ္ဝတ္ထားတဲ့ ဘုန္းႀကီးရဲ႕အသံပဲ … သူက ဒီအုတ္ဂူကိုေစာင့္ေရွာက္ေနတဲ့သူမ်ားလား” ေအာင္ျမတ္သာရဲ႕အေတြးအဆုံးမွာ သက္ခိုင္က “ ဆရာ ကြၽန္ေတာ္တို႔ဘာဆက္လုပ္ရမလဲ” “ သက္ခိုင္ မင္းတို႔ႏွစ္ေယာက္က အုတ္ဂူရဲ႕ေခါင္းပိုင္းကို လိုက္ရွာၾကည့္ နီညိဳေရာင္ေၾကးျပားစမတစ္ခုေတြ႕လိမ့္မယ္… အဲဒီအခါက်ရင္ ဆက္မရွာပဲ အေနာက္ကိုဆုတ္ခဲ့.. ငါကေတာ့ ဒီေနရာပတ္ပတ္လည္ကိုစည္းခ်ဖို႔လုပ္ရမယ္” ေအာင္ျမတ္သာစကားကိုသက္ခိုင္က နားလည္တဲ့ပုံစံနဲ႔ေခါင္းညိမ့္ျပလိုက္ၿပီး ေရညႇိအထပ္ထပ္တက္ေနတဲ့ အုတ္ဂူႏွစ္လုံးရဲ႕ေခါင္းပိုင္းဘက္ကိုထြက္သြားခဲ့တယ္။ ဂါထာတစ္ပုဒ္ကို မတိုးမက်ယ္႐ြတ္ဖတ္ၿပီး စည္းခ်ေနတဲ့ ေအာင္ျမတ္သာအသံကိုၾကားေတာ့ မၪၨဴသကနတ္ပန္းပင္ေပၚကေန ေတာင္ေဝွးကိုတစ္ေဒါက္ေဒါက္ေထာက္ၿပီး လမ္းေလ်ာက္ဆင္းလာတဲ့ အဖိုးအိုတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။ သစ္ပင္ေျခရင္းကိုေရာက္ေတာ့အဖိုးအိုက “ ဒီအုတ္ဂူကို လာလာေဖာက္တဲ့သူေတြ အမ်ားႀကီးထဲကမွဘုန္းႀကီးတေစၦ ကူညီတာဆိုလို႔ သင္တို႔ပဲေတြ႕ဖူးတယ္” “ အဖိုး ေျပာတဲ့ဘုန္းႀကီးတေစၦဆိုတာ သကၤန္းအစုတ္ကိုဝတ္ထားတဲ့ပုဂၢိဳလ္ကိုေျပာတာလား” “ ဟုတ္တယ္ သူက ဒီအုတ္ဂူနားကိုလူစိမ္းကပ္ရင္ေတာင္ ႀကိဳက္တာမဟုတ္ဘူး… ဒါေပမယ့္ သင္တို႔ကိုက်ေတာ့ အုတ္ဂူရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုပါေျပာျပလိုက္ပါလား” လူငယ္ႏွစ္ေယာက္က ေအာင္ျမတ္သာနဲ႔ ႐ုကၡစိုးအဖိုးအိုတို႔အျပန္အလွန္ေျပာေနတယ္လို႔မထင္ပဲ ေအာင္ျမတ္သာတစ္ေယာက္ထဲစကားေတြေျပာေနတယ္ထင္ၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကတယ္။ “ အဖိုးေျပာတဲ့လွ်ိဳ႕ဝွက္ခ်က္ဆိုတာ နီညိဳေရာင္အင္းျပားနဲ႔ စီရင္ထားတဲ့အစီအရင္ကိုေျပာတာလား… “ “ ဟုတ္တယ္ေလ အရင္လာေဖာ္ၾကတဲ့သူေတြဆိုရင္ အင္းျပားကိုကိုင္လိုက္တာနဲ႔ ဂူေပါက္ပြင့္လာၿပီး အဆိပ္ျပင္းတဲ့ေႁမြေတြ အေကာင္ေပါင္းမ်ားစြာထြက္လာၿပီး ေပါက္ေတာ့တာပဲ… အခ်ိဳ႕က်ေတာ့လဲ ဂူထဲကေန မခံမရပ္ႏိုင္တဲ့အပုတ္ေရေတြထြက္လာတာႀကဳံရျပန္ေရာ” “ ဒါေတြအားလုံက ဘုန္းႀကီးတေစၦလုပ္တယ္လို႔ ေျပာခ်င္တာလား” “ သိပ္ဟုတ္တာေပါ့.. သူက အင္းစီရင္ေနခ်ိန္ စည္းေပါက္လို႔ အခုလိုဘဝေရာက္ခဲ့ေပမယ့္ သူစီရင္ခဲ့တဲ့အင္းစမေတြက အေတာ္ကိုစြမ္းတဲ့အထဲပါတယ္… ဒီအုတ္ဂူႏွစ္လုံးမတည္ခင္ညကဆိုရင္ တစ္ကိုယ္လုံးဓါးဒဏ္ရာေတြနဲ႔ ေသေနတဲ့ လူႏွစ္ေယာက္ကိုထမ္းၿပီးေခၚလာခဲ့ေသးတယ္.. အခုလဲ က်ဳပ္တို႔ဆီကို လူငယ္ႏွစ္ေယာက္ေရာက္လာတဲ့အျပင္ ေလာကီပညာရပ္ပိုင္းကိုကြၽမ္းက်င္တဲ့ဆရာေတြပါေရာက္လာၿပီဆိုေတာ့ ဒီအုတ္ဂူႏွစ္လုံးရာဇဝင္က တစ္ဖန္အသက္ျပန္ဝင္လာေတာ့မယ္ထင္ပါတယ္” “ ဒီအရပ္ေဒသမွာ ႏွစ္ေပါင္းမ်ားစြာေနလာတဲ့ အဖိုးရဲ႕အကူအညီေတြလဲလိုအပ္ႏိုင္ပါတယ္” ေအာင္ျမတ္သာရဲ႕ေဖာ္ေ႐ြတဲ့စကားကိုၾကားေတာ့ အဖိုးအိုက ျဖဴေဖြးၿပီးညီညာေနတဲ့သြားေတြေပၚေအာင္ၿပဳံးလိုက္ၿပီး သစ္ပင္ေပၚျပန္တက္သြားခဲ့တယ္။အဲဒီအခ်ိန္ “ ဆရာ … ဆရာ အင္းကြက္ကိုေတြ႕ၿပီ ..” “ ဘယ္္လိုအင္းကြက္မ်ိဳးလဲသက္ခိုင္” “ ပုံစံကေတာ့ ယကၡေလးေကာင္ အေခါင္းထမ္းေနတဲ့ပုံစံမ်ိဳးေရးထားတာပဲ .. ကြၽန္ေတာ္လဲမေတြ႕ဖူးလို႔ဆရာကိုလာေျပာျပတာ” ေအာင္ျမတ္သာက သက္ခိုင္ေျပာျပတာကိုၾကားၿပီး “ ဒီအင္းကို ပညာၿပိဳင္အင္းတလားလို႔ေခၚတယ္… အဲဒီအင္းစီရင္ဖို႔ဆိုရင္ ကန္ေတာ့ပြဲ၂ပြဲ၊ ဖ်င္နီငါးေတာင္ခင္း၊ ထမင္းျဖဴနီ ၇ပြဲ၊ အမဲစိမ္း ၇တစ္၊ ငါးစိမ္း၇ေကာင္ကို လူေသထည့္ထားတဲ့ေခါင္းပ်ဥ္မွာတင္ၿပီးစီရင္ရတယ္၊ ဒီအင္းက အေတာ္ကိုၾကမ္းတဲ့အတြက္ သာမန္ဆရာေတြမလုပ္ႏိုင္တဲ့ကိစၥပဲ” “ ဒါဆို ကြၽန္ေတာ္တို႔က ဒီအင္းကိုဘယ္လိုဖ်က္မလဲ” “ ဒီညေတာ့ ငါတို႔လိုအပ္တဲ့ပစၥည္းေတြမလုံေလာက္တဲ့အတြက္ မနက္ျဖန္ညမွဆက္လုပ္ၾကမယ္… မင္းနဲ႔ေတာက္ရက မနက္က်ရင္ လိုအပ္တဲ့ပစၥည္းေတြဝယ္ဖို႔ အနီးအနားက႐ြာကိုသြားရလိမ့္မယ္” “ ဒီလူငယ္ႏွစ္ေယာက္ကိုေရာဆရာ..ဘယ္လိုလုပ္ရမလဲ” “ သူတို႔ကို ငါပဲၾကည့္ထားေပးမွာျဖစ္လို႔ စိတ္မပူပါနဲ႔ … မနက္က်ရင္လိုတဲ့ပစၥည္းေတြကို စာနဲ႔ေရးထားေပးမယ္.. ဒီပြဲက မင္းတို႔အတြက္ အေတြ႕အႀကဳံအသစ္ရမွာအေသအခ်ာပဲ” ေအာင္ျမတ္သာလဲ အေျခအေနကိုသိရၿပီမို႔ လူငယ္ႏွစ္ေယာက္ကိုေခၚကာ မၪၨဴသကနတ္ပန္းပင္ေအာက္မွာ တစ္ညတာအနားယူေစခဲ့တယ္။ ေနာက္တစ္ေန႔ ေန႔လည္ေလာက္ေရာက္ေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔အထုပ္အပိုးေတြနဲ႔ျပန္ေရာက္လာၿပီး “ ပစၥည္းေတြအားလုံးရၿပီး ေက်ာက္သင္ပုန္းအကြဲက်မွရွာမရျဖစ္ေနတာဆရာ… ေနာက္ဆုံး ရွာရင္းနဲ႔ ဘုန္းႀကီးေက်ာင္းသားေတြသုံးမရလို႔ပစ္ထားတဲ့သင္ပုန္းအကြဲတစ္ခ်ပ္ရခဲ့လို႔သာပဲ” သက္ခိုင္က လက္မွာပိုက္ထားတဲ့ပစၥည္းေတြကို ခ်ၿပီး အေမာတေကာေျပာကာ သစ္ပင္ေအာက္ဝင္ထိုင္လိုက္တယ္။ “ မင္းတို႔ရွာခဲ့တဲ့ပစၥည္းေတြက အေတာ္စုံတာပဲ… ဒီညက အေတာ္ကိုခက္ခဲၾကမ္းတမ္းမယ့္ပြဲျဖစ္တဲ့အတြက္ နားလိုက္ၾကဦး” ေအာင္ျမတ္သာလဲ သက္ခိုင္တို႔ယူလာတဲ့ပစၥည္းေတြကို စိစစ္ရင္း အုတ္ဂူႏွစ္ဂူဘက္ကိုၾကည့္လိုက္ရာ သကၤန္းစတစ္ခု ျဖတ္ခနဲလြင့္သြားတာျမင္လိုက္ရတယ္။ ညဦးပိုင္းအခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာက သင္ျဖဴးဖ်ာအသစ္ေပၚမွာ ပိတ္ျဖဴခင္းၿပီး ကန္ေတာ့ပြဲ၅ပြဲ၊ ထမင္း၅ပြဲ၊ သစ္သီးမ်ိဳးစုံ၊ ယိုမ်ိဳးစုံတို႔ကိုခ်ကာ ကိုးပါးသီလခဲယူခဲ့တယ္။ သီလယူၿပီးတာနဲ႔ ေက်ာက္သင္ပုန္းကြဲေပၚမွာ စၾကၤာပ်ံအင္းကိုေရးဆြဲပါေလေရာ။ (စာခ်ပ္။ အင္းရဲ႕ပုံစံက အလယ္မွာလွံစၤၾကာကိုင္ထားတဲ့လူငယ္႐ုပ္ပုံပါရွိၿပီး ေဘးပတ္ပတ္လည္မွာ ဂါထာစမေတြပါရွိပါတယ္။ အင္းအသက္သြင္းဂါထာကိုေတာ့ မသမာသူေတြအသုံးမျပဳႏိုင္ရန္ ေဖာ္ျပထားျခင္းမရွိတာကို သည္းခံေပးၾကပါ) စၾကၤာပ်ံအင္းကိုေရးဆြဲေနတဲ့အခ်ိန္ ေဘးပတ္ဝန္းက်င္ကေန ေၾကာက္မယ္ဖြယ္အသံနက္ေတြနဲ႔ေအာ္ဟစ္သံေတြအျပင္ အုတ္ဂူထဲကေန အစြယ္ေဖြးေဖြးနဲ႔နာနာဘာဝေတြထြက္ၿပီး ေခ်ာင္းၾကည့္ေနတာကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာလဲ တည္ၿငိမ္စြာစီရင္ၿပီးတဲ့ေနာက္မွာေတာ့ စၾကၤာပ်ံအင္းကို ပညာၿပိဳင္ေခါင္းတလားအင္းျမဳပ္ထားတဲ့ အုတ္ဂူႏွစ္လုံးရဲ႕အလယ္ကိုပစ္ထည့္လိုက္ရာ ေတာင္ရွည္ပုဆိုးကိုေျမာက္ေနေအာင္က်ိဳက္ထားၿပီး ခြၽန္ျမေနတဲ့ေ႐ႊေရာင္လွံတစ္ေခ်ာင္းကိုကိုင္ထားတဲ့ လူငယ္တစ္ေယာက္ေပၚလာခဲ့တယ္။ အဲဒီအခ်ိန္ အုတ္ဂူႏွစ္လုံးထဲကေန တစ္ကိုယ္လုံးအေမႊးအမွ်င္ေတြဖုံးလႊမ္းေနၿပီး အစြယ္ေတြျပဴးထြက္ေနတဲ့ ဘီလူးေလးေကာင္ထြက္ေပၚလာခဲ့တယ္။ ေ႐ႊေရာင္လွံကိုင္ထားတဲ့ စၾကၤာအင္းေစာင့္က ဘီလူးေတြကိုေတြ႕တာနဲ႔ လက္ထဲမွာကိုင္ထားတဲ့ လွံနဲ႔တရစပ္ဝင္ေရာက္ တိုက္ခိုက္ပါေလေရာ။ ဘီလူးေလးေကာင္ကလဲ ေၾကာက္မက္ဖြယ္သြင္ျပင္ေတြနဲ႔ စၾကၤာအင္းေစာင့္ကို ဘတစ္ျပန္ၾကားတစ္ျပန္တိုက္ခိုက္ခုခံရင္း ေနာက္ဆုံးမွာေတာ့ စၾကၤာအင္းေစာင့္ရဲ႕အတိုင္ေတြကိုမခံႏိုင္ေတာ့ပဲ တစ္စစီကြဲေၾကပ်က္စီးသြားခဲ့တယ္။ ဘီလူးေလးေကာင္ တစ္စစီျဖစ္သြားတာနဲ႔ အုတ္ဂူႏွစ္လုံးေပၚမွာကပ္ထားတဲ့ အင္းခ်ပ္ေပၚကေန အျပာေရာင္မီးေတာက္ေတြထြက္လာခဲ့တယ္။ အဲဒီေတာ့မွ ေအာင္ျမတ္သာက “ အင္းအစီအရင္ေတာ့ပ်က္သြားၿပီ … စၾကၤာအင္းေစာင့္လဲ တာဝန္ေက်ပါတယ္” လို႔ေျပာၿပီး လက္ကိုဆန္႔တန္းလိုက္ရာ ေ႐ႊေရာင္လွံတံကိုင္ထားတဲ့အင္းေစာင့္ေပ်ာက္ကြယ္သြားၿပီး စၾကၤာအင္းပ်ံက လက္ေပၚျပန္ေရာက္လာခဲ့တယ္။ ေအာင္ျမတ္သာလဲ စၾကၤာအင္းပ်ံကိုလြယ္အိတ္ထဲထည့္ကာ “ အုတ္ဂူႏွစ္လုံးကိုတူးၿပီးအထဲမွာရွိတဲ့အရာကိုယူဖို႔လုပ္ၾကေပေတာ့” သက္ခိုင္နဲ႔ေတာက္ရလဲ ေဟာင္းႏြမ္းေနတဲ့ အုတ္ဂူႏွစ္လုံးကို ၿဖိဳဖ်က္လိုက္ၾကရာ အထဲမွာ အ႐ိုးက်ေနၿပီျဖစ္တဲ့ အေလာင္းႏွစ္ေလာင္းကို စိတ္မခ်မ္းေျမ့ဖြယ္ရာေတြ႕လိုက္ရတယ္။ အ႐ိုးစုေတြရဲ႕လက္ထဲမွာေတာ့ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားတဲ့ ဓါးႏွစ္လက္က သံေခ်းေတြအထပ္ထပ္တက္လ်က္ရွိေနခဲ့တယ္။ “ ဆရာ … ဓါးႏွစ္လက္က ျဖဳတ္လို႔မရဘူး အရမ္းၾကပ္ေနတယ္” ေတာက္ရစကားေၾကာင့္ေအာင္ျမတ္သာက ေဘးမွာရပ္ေနတဲ့ လူငယ္ႏွစ္ေယာက္ကိုၾကည့္ၿပီး “ မင္းတို႔ႏွစ္ေယာက္သြားကူညီလိုက္ၾကဦး” လို႔ေျပာလိုက္ေတာ့ လူငယ္ႏွစ္ေယာက္လဲ မေနသာေတာ့ပဲ အုတ္ဂူထဲကိုဆင္းကာ ဓါး႐ိုးကိုကိုင္လိုက္တဲ့အခ်ိန္ တင္းရင္းေနတဲ့အ႐ိုးစုေတြရဲ႕လက္က ႐ုတ္တရက္ေျပေလ်ာ့သြားခဲ့တယ္။ “ ဝါး… ဓါးကေလးနစ္ေနတာပဲ … သေဘာက်လိုက္တာ” ရန္မခနဲ႔သူရက ဓါးကိုဆြဲယူၿပီး အနီးကပ္ၾကည့္လိုက္တဲ့အခ်ိန္ ေခါင္းထဲထိန္းခနဲျဖစ္သြားၿပီး ခႏၶာကိုယ္တစ္ခုလုံး ေလထဲလြင့္ေမ်ာသြားသလိုျဖစ္ခဲ့ရတယ္။ သူတို႔ျပန္သတိရခ်ိန္မွာေတာ့ ကညင္တိုင္ဆီမီးေတြထြန္းထားတဲ့ နန္းေဆာင္တစ္ခုေရွ႕မွာ လူေပါင္းမ်ားစြာနဲ႔တိုက္ခိုက္ေနတဲ့ပုံရိပ္ေတြကိုျမင္လိုက္ရတယ္။ “ ခုတ္ဟ သတ္ဟ အရွင့္သားအတြက္အမႈေတာ္ထမ္းၾက” ဆိုၿပီး မာန္သြင္းႀကဳံးဝါးသံေတြနဲ႔အတူ လ်င္ျမန္တဲ့လႈပ္ရွားမႈအခ်ိဳ႕ေၾကာင့္ နာက်င္စြာေအာ္ညဥ္းသံေတြကိုပါၾကားလိုက္ရတယ္။ မ်က္လုံးအေရွ႕မွာ သူတို႔ႏွစ္ေယာက္က ငွက္ႀကီးေတာင္ဓါးကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး သဲသဲမဲမဲတိုက္ခိုက္ေနတဲ့ပုံရိပ္ေတြျမင္ေနရင္းနဲ႔ပဲ အရာရာမႈန္ဝါးလာၿပီး ေနာက္ထပ္ျမင္ကြင္းအသစ္ေတြျဖစ္ေပၚလာခဲ့တယ္။ ဒီတစ္ခါမွာေတာ့ မင္းဝတ္တန္ဆာေတြဝတ္ဆင္ထားတဲ့ ႏႈတ္ခမ္းေမႊးေရးေရးနဲ႔ပုဂၢိဳလ္က သူတို႔ႏွစ္ေယာက္ကို ေ႐ႊႀကိဳးေတြကိုလွပစြာသီကုံးထားတဲ့ စလြယ္ႏွစ္ခုကိုေပးကာ “ ငါကိုယ္ေတာ္ျမတ္အတြက္ အသက္စြန္႔ကာအမႈေတာ္ထမ္းခဲ့တဲ့ မိတၱ၊ စိတၱ ညီေနာင္အား ႐ြာေပါင္းေလးဆယ္ကို အပိုင္းစားေပးေစ.. ထို႐ြာေတြက ထြက္ရွိတဲ့ အခြန္ပ႑ာေတြရဲ႕တစ္ဝက္ကိုလဲခံစားရယူေစ” လို႔ေျပာတဲ့အသံကိုၾကားလိုက္ရတယ္။ ၿပီးတာနဲ႔ ျမင္ကြင္းေတြေ႐ြ႕လ်ားေပ်ာက္ကြယ္သြားၿပီး အလြန္ကိုေခ်ာေမာလွပတဲ့မိန္းမတစ္ေယာက္က ႏူးညံ့ေပ်ာ့ေပ်ာင္းစြာကျပေနတာကို လက္ခုပ္လက္ဝါးတီးၿပီး အားေပးေနတဲဲ့ သူတို႔ရဲ႕ခႏၶာကိုယ္ကိုျမင္လိုက္ရတယ္။ မၾကာခင္ ကျပအသုံးေတာ္ခံေနတဲ့မိန္းမက အကိုျဖစ္သူနဲ႔ ညဳတုတုစကားေတြေျပာလိုက္ ညီျဖစ္သူနဲ႔ ပလီပလာလုပ္လိုက္ ျဖစ္ေနတဲ့ျမင္ကြင္းေတြထပ္မံေပၚေပါက္လာခဲ့တယ္။ မၾကာခင္ အဲဒီျမင္ကြင္းေတြေပ်ာက္သြားၿပီး ရဟန္းဝတ္နဲ႔ဘုန္းႀကီးတစ္ပါးက ေ႐ႊဖား႐ုပ္ေလးႏွစ္႐ုပ္ကို ညီအစ္ကိုႏွစ္ေယာက္ကိုေပးကာ “ ဒီေ႐ႊဖား႐ုပ္ေတြကို ကိုယ္နဲ႔မကြာေဆာင္ထားၾက… မင္းတို႔ကို မသမာသူေတြဒုကၡေပးၾကေတာ့မယ္ဆိုတဲ့နိမိတ္ကို ျမင္ေနရတယ္” ရဟန္းတစ္ပါးရဲ႕စကားသံအဆုံးမွာ ေကာက္က်စ္စြာၿပဳံးေနတဲ့ ကေခ်သည္မိန္းမရဲ႕ေဘးမွာ တီးတိုးေျပာေနတဲ့ ဖိုးသူေတာ္တစ္ပါးကိုျမင္လိုက္ရတယ္။ အဲဒီျမင္ကြင္းေတြေပ်ာက္ကြယ္သြားတာနဲ႔ ရဲမက္ေတြလိုက္လို႔ ေျပးလႊားေနတဲ့ သူတို႔ကိုယ္သူတို႔ျပန္ျမင္လိုက္ရတယ္။ေနာက္ဆုံး ရဲမက္ေတြဓါးခ်က္မိၿပီး ေသြးသံတရဲရဲျဖစ္ေနတဲ့လူႏွစ္ေယာက္ရဲ႕မ်က္ႏွာ၊ ဝမ္းသာအားရေပ်ာ္႐ႊင္ၿပီး ေ႐ႊေငြေက်ာက္သံပတၱျမားေတြကိုသိမ္းက်ဳံးယူငင္ေနတဲ့ ကေခ်သည္မိန္းမတို႔ကိုျမင္လိုက္ရတယ္။ “ ေတာက္” ခံျပင္းမႈ နာက်ဥ္းမႈေတြနဲ႔က်ယ္ေလာင္စြာ ထြက္ေပၚလာတဲ့ ေတာက္ခတ္သံအဆုံးမွာ ရန္မခနဲ႔ သူရတို႔မ်က္လုံးေတြ နီရဲလာၿပီး အသားေတြတစ္ဆတ္ဆတ္တုန္လာခဲ့တယ္။ သူတို႔ရဲ႕ေခါင္းထဲမွာလဲ အတိတ္ဘဝကျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြအားလုံး တစ္ေရးေရးေပၚလာတဲ့အခ်ိန္ ေအာင္ျမတ္သာက ရန္မခနဲ႔ သူရတို႔ရဲ႕ နဖူးေပၚကို ျပာခ်ထားတဲ့ ရန္ေျပၿငိမ္းအင္းနဲ႔တို႔လိုက္ေတာ့မွ ၿငိမ္သက္သြားခဲ့တယ္။ အဲဒီအခ်ိန္“ ငါ့ကို စကားေျပာခြင့္ေပး…ငါ့ကို စကားေျပာခြင့္ေပး”ဆိုတဲ့အသံက ေတာစပ္ကေနထြက္လာခဲ့တယ္။ “ ဆရာ … အသံၾကားရလား..” “ လက္စသတ္ေတာ့ သကၤန္းအစုတ္ကိုဝတ္ထားတဲ့သူက ဒီလူငယ္ႏွစ္ေယာက္ကို​ေစာင့္ေနတာကိုး..” ေအာင္ျမတ္သာက ေခါင္းတညိမ့္ညိမ့္နဲ႔ေျပာရင္း ေတာစပ္ဘက္ကိုလွည့္ကာ “ သင္တို႔ဆရာတပည့္ေတြကိုေတြ႕ဖို႔ခြင့္ျပဳပါတယ္”လို႔ေျပာလိုက္ေတာ့မွ ေအာ္ေနတဲ့အသံရပ္သြားခဲ့တယ္။ “ မိတၱ … စိတၱ … ငါ့တပည့္ေတြ အလာကို ေစာင့္ေနခဲ့တာ ႏွစ္ေတြေတာင္မေရတြက္ႏိုင္ေတာ့ဘူး… အခုေတာ့ ငါ့ဆီေရာက္လာခဲ့ၿပီ” ရန္မခနဲ႔ သူရတို႔ၾကားလိုက္ရတဲ့အသံေၾကာင့္ ေတာစပ္ဘက္ကို ၾကည့္လိုက္ရာ သကၤန္းအစုတ္ကိုပတ္ထားတဲ့ ရဟန္းတစ္ပါးရဲ႕ေနာက္ေက်ာကိုျမင္လိုက္ရတယ္။ ရန္မခနဲ႔သူရလဲ အဲဒီျမင္ကြင္းကိုျမင္ေတာ့ သိုင္းပညာသင္ေပးစဥ္ကျဖစ္ရပ္ေတြ၊ လိုအပ္တဲ့အႀကံဥာဏ္ေတြေပးခဲ့ဖူးတဲ့ျဖစ္ရပ္ေတြ ေခါင္းထဲေပၚလာခဲ့တယ္။ “ ဆရာႀကီး..ဦးဝဏၰ ဟုတ္ပါတယ္ေနာ္..” “ ငါ့တပည့္ေတြ ဆရာနာမည္မွတ္မိသားပဲ… အခုမင္းတို႔ေရာက္လာၿပီဆိုေတာ့ အတိတ္ဘဝက မတရားခံခဲ့ရတဲ့ ကိစၥေတြအျပင္ ငါကိုယ္တိုင္မေအာင္ျမင္ခဲ့တဲ့ကိစၥအခ်ိဳ႕ကိုမင္းတို႔ဆက္လုပ္ရမယ္” “ ကြၽန္ေတာ္တို႔ဘာလုပ္ရမွာလဲ….ေနာက္ၿပီးဆရာႀကီးက ဘယ္လိုျဖစ္လို႔ ဒီလိုဘဝမ်ိဳးကိုေရာက္ေနခဲ့တာလဲ” “ မင္းတို႔အရမ္းကိုႏွစ္သက္စြဲလမ္းခဲ့တဲ့ ကေခ်သည္မက ဆက္သရမယ့္ ဘ႑ာအခြန္ေတြကို မင္းတို႔နာမည္သုံးၿပီးလိမ္လည္လွည့္ဖ်ားခဲ့တဲ့အျပင္ မင္းတို႔ကိုပါဘုရင္မင္းျမတ္အမ်က္ေတာ္ရွေအာင္ ဖန္တီးခဲ့တယ္ေလ… မင္းတို႔ကိုယ္ရဲမက္ေတြဖမ္းမိၿပီးေသလုဆဲဆဲျဖစ္ေနတဲ့အခ်ိန္ ရဟန္းအေယာင္ေဆာင္ၿပီးဝင္ကယ္ခဲ့တဲ့ ငါ့ကိုလဲ ေတြ႕ရာသၤခ်ိဳင္းဓါးမဆိုင္းသတ္ဖို႔ အမိန္႔ခ်မွတ္ခဲ့တယ္… ငါလဲ မင္းတို႔ကိုတတ္ႏိုင္သေလာက္ ကယ္ဖို႔ႀကိဳးစားေပမယ့္ ရထားတဲ့ဒဏ္ရာေတြျပင္းထန္တာေၾကာင့္ ငါ့လက္ေပၚမွာပဲဆုံးခဲ့ၾကတယ္… မင္းတို႔ဆုံးသြားေတာ့ ငါစီရင္ခဲ့တဲ့ ကိုးသၤခ်ိဳင္းဓါးကို မင္းတို႔နဲ႔အတူ ေျမျမဳပ္ေပးခဲ့တယ္… မင္းတို႔ရဲ႕ ဓါးႏွစ္လက္ကို လိုခ်င္တဲ့သူေတြ တူးေဖာ္လို႔မရေအာင္လဲ အုတ္ဂူေပၚမွာအစီအရင္ေတြလုပ္ခဲ့တယ္… ဒီကိစၥေတြၿပီးေတာ့ မင္းတို႔အေပၚယုတ္မာခဲ့တဲ့ မိန္းမယုတ္နဲ႔အဖြဲ႕ကိုလက္စားေခ်ဖို႔ ကေဝအတိုက္အင္းကို စီမံေနတဲ့အခ်ိန္ စည္းေပါက္ၿပီးဒီလိုဘဝကိုေရာက္ခဲ့ရတာပဲ… မင္းတို႔အေနနဲ႔ ငါ့ကိုဒီဘဝက ကြၽတ္လြတ္ေစခ်င္ရင္ ယခင္ငါေနခဲ့တဲ့အိမ္ဝိုင္းထဲက ကုကၠိဳပင္ေအာက္မွာျမဳပ္ထားတဲ့ ေ႐ႊစလြယ္ကိုထုခြဲေရာင္းခ်ၿပီး အလႉအတန္းလုပ္ေပးပါ.. ဒီအလႉကိုမင္းတို႔လက္နဲ႔လုပ္ၿပီး ေရစက္ခ်မွ ငါကြၽတ္လြတ္ႏိုင္မယ္… ဟိုမိန္းမယုတ္နဲ႔အဖြဲ႕ကိုေတာ့ လူ႔ဘဝျပန္ေရာက္မွ လက္စားေခ်မယ္”လို႔ေျပာၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။ ေက်ာေပးကာ အံတစ္ႀကိတ္ႀကိတ္ေျပာေနတဲ့ ဆရာျဖစ္သူကိုျမင္ေတာ့ ရန္မခနဲ႔သူရတို႔ရဲ႕ ေဒါသစိတ္ေတြျပန္ၿပီး ထႂကြလာေပမယ့္ နဖူးမွာသုတ္ထားတဲ့ ရန္ေျပၿငိမ္းအင္းျပာကထိန္းထားတဲ့အတြက္ အသိစိတ္ေပ်ာက္တဲ့အထိမျဖစ္ခဲ့ဘူး။ “ ဟိုေတာင္ေပၚမွာေတြ႕ခဲ့တဲ့ ဥစၥာေစာင့္မက ငါတို႔ကို ဒုကၡေပးခဲ့တဲ့သူပဲ… ဒါေၾကာင့္ သူတို႔ကိုျမင္တုန္းက ျမင္ဖူးေနတယ္လို႔ခံစားေနရတာ” ရန္မခရဲ႕စကားကို သူရက ေထာက္ခံရင္း “ သူတို႔ေၾကာင့္ အကုန္လုံးဒုကၡေရာက္ခဲ့ၾကတာ… သူတို႔ပိုင္တယ္ဆိုတဲ့ပစၥည္းေတြကလဲ ငါတို႔ပိုင္ခဲ့တဲ့ပစၥည္းေတြပဲ” “ ဟုတ္ပါတယ္ မင္းတို႔ပိုင္တဲ့ပစၥည္းေတြကို သူတို႔ကေစာင့္ေနရတဲ့သေဘာပါ” “ ကြၽန္ေတာ္တို႔ဘာဆက္လုပ္ရမလဲဆရာ” “ မင္းတို႔ကိုဒီေရာက္ေအာင္ေခၚလိုက္ရတာက ခုနကပုဂၢိဳလ္ကိုကြၽတ္လြတ္ေအာင္လုပ္ေပးဖို႔ပဲ…သူ႔ရဲ႕ပညာက အဆင့္အတန္းျမင့္ေပမယ့္ မင္းတို႔အေပၚထားတဲ့ ေမတၱာေၾကာင့္ အင္းအေပၚစိတ္မႏွစ္ႏိုင္ပဲ စည္းေပါက္သြားခဲ့တာ.. သူေသခါနီး အုတ္ဂူထဲမွာျမဳပ္ထားတဲ့ ဓါးႏွစ္လက္ကို စိတ္စြဲေနတဲ့အတြက္ ငါတို႔က ပိုင္ရွင္ကိုျဖစ္တဲ့မင္းတို႔ႏွစ္ေယာက္လက္ထဲကိုျပန္ထည့္ေပးတဲ့သေဘာပါ.. အဲလိုထည့္ေပးလိုက္မွပဲ သူစြဲလမ္းေနတဲ့ေနရာကေန ကြၽတ္လြတ္ခ်င္တဲ့စိတ္ျဖစ္ေပၚမွာေလ… ဒါေၾကာင့္ ငါတို႔အခုလုပ္ရမွာက ေ႐ႊစလြယ္ျမဳပ္ထားတဲ့ ကုကၠိဳပင္ကိုရွာဖို႔ပဲ…” “ ဆရာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးမွ ဒီကုကၠိဳပင္ကို ရွာေတြ႕ဖို႔ဆိုတာျဖစ္ႏိုင္ပါ့မလား” သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာက မၪၨဴသကနတ္ပန္းပင္ကိုေမာ့ၾကည့္ၿပီး “ ငါတို႔မသိႏိုင္ေပမယ့္ အဖိုးကေတာ့ သိမယ္ထင္ပါတယ္” လို႔ေျပာကာ ပင္စည္ကိုလက္နဲ႔ပုတ္ၿပီး “ ကြၽန္ေတာ္ေျပာထားတဲ့အတိုင္း အဖိုးရဲ႕အကူအညီလိုအပ္ေနၿပီ… ေအာက္ကိုဆင္းလာခဲ့ပါဦး..”လို႔ေျပာလိုက္ရာ သစ္ပင္မွာေစာင့္တဲ့ အဖိုးအိုကလမ္းေလ်ာက္ဆင္းလာၿပီး “ ဆရာေလးတို႔ ဘာအကူအညီလိုလဲ ေျပာပါ.. က်ဳပ္ႏိုင္သေလာက္ကူညီေပးပါ့မယ္” “ သကၤန္းအစုတ္ဝတ္ထားတဲ့ ပုဂၢိဳလ္က ဒီနယ္တစ္ဝိုက္မွာ ပြဲေက်ာင္းဝိုင္းတစ္ခုေထာင္ခဲ့တယ္ေျပာတယ္… အဲဒီဝိုင္းက ဘယ္နားေလာက္ျဖစ္မလဲဆိုတာ အဖိုးအေနနဲ႔ သိရင္ေျပာျပေပးပါဦး” ေအာင္ျမတ္သာစကားေၾကာင့္ အဖိုးအိုက မ်က္ေမွာင္ႀကီးက်ဳံကာစဥ္းစားလိုက္ၿပီး “ ဆရာေလးတို႔ေျပာတဲ့ ပြဲေက်ာင္းဝိုင္းက နတ္ဖိုးကုန္းပိုင္တဲ့နယ္ေျမထဲျဖစ္ဖို႔မ်ားတယ္.. သူက က်ဳပ္ထက္ဝါပိုရင့္လို႔ သူ႔ကိုေမးရင္ေတာ့ ေသခ်ာေပါက္သိလိမ့္မယ္” “ နတ္ဖိုးကုန္း ပိုင္တဲ့နယ္ေျမဆိုတာ ဘယ္အပိုင္းေလာက္ျဖစ္မလဲ ေျပာေပးပါဦး” “ ဒီေတာလမ္းအတိုင္းတည့္တည့္သြားရင္ လူႀကီးေလးဖက္စာေလာက္ရွိတဲ့ကြၽန္းႏွစ္ပင္ကိုေတြ႕လိမ့္မယ္… အဲဒီကြၽန္းပင္ရဲ႕အလယ္မွာ နတ္ဖိုးကြန္းေနတယ္ ဆရာေလး” “ ေက်းဇူးတင္ပါတယ္ အဖိုး … ကြၽန္ေတာ္တို႔လဲ အခုခ်က္ခ်င္းသြားလိုက္ပါ့မယ္” ေအာင္ျမတ္သာက ႐ုကၡစိုးအဖိုးအိုကို ႏႈတ္ဆက္ၿပီး ညတြင္းခ်င္း ေတာလမ္းအတိုင္းခရီးဆက္ခဲ့ၾကတယ္။ လေရာင္ကိုအားကိုးၿပီးထြက္လာခဲ့တာ မိုင္ဝက္ေလာက္ေရာက္ေတာ့ လူေလးဖက္စာေလာက္ႀကီးတဲ့ ကြၽန္းပင္ႏွစ္ပင္ရွိတဲ့ေနရာကိုေရာက္လာခဲ့တယ္။ “ ဤေနရာကိုအပိုင္စားရထားတဲ့ အဖိုးကုန္းကို ပင့္ဖိတ္ပါတယ္… အခုေျပာတာကိုၾကားတယ္ ျမင္တယ္ဆိုရင္ ကိုယ္ထင္ျပပါ” လို႔ေျပာလိုက္ေတာ့ အုန္းတစ္ပင္စာေလာက္ျမင့္တဲ့ ကြၽန္းပင္ေပၚကေန ခါးႀကီးကုန္းၿပီးဆင္းလာတဲ့ နတ္ဖိုးကုန္းကိုျမင္လိုက္ရတယ္။ အရပ္ႀကီးက ေပေျခာက္ဆယ္ေလာက္ျမင့္ေပမယ့္ ခါးကကုန္းေနတဲ့အတြက္ မ်က္ႏွာနဲ႔ေျမႀကီးထိလုမတတ္ျဖစ္ေနတဲ့ နတ္ဖိုးကုန္းက “ ငါ့ကိုေခၚတာ ဘယ္သူေတြလဲေဟ့ …. “ “ အဖိုးကိုအေႏွာက္အယွက္ေပးမိသလိုျဖစ္သြားၿပီ… ကြၽန္ေတာ္နာမည္က ေအာင္ျမတ္သာပါ… အထက္ဆရာႀကီးေတြရဲ႕အမိန္႔အရ မကြၽတ္မလြတ္ျဖစ္ေနတဲ့သူတစ္ဦးကို ကြၽတ္လြတ္ေအာင္လုပ္ေပးဖို႔အတြက္လာခဲ့တာပါ.. “ “ ငါကဘာလုပ္ေပးရမလဲ ေျပာ…” “ ဒီလိုပါ အဖိုးက ဒီနယ္ေျမမွာေနလာတာ ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီဆိုေတာ့ ယခင္က နာမည္ႀကီးခဲ့တဲ့ ပြဲေက်ာင္းဆရာဦးဝဏၰရဲ႕ၿခံဝိုင္းေနရာကိုေျပာျပေပးပါဦး” “ သူ႔ကို မၾကာခဏ ဒီနယ္ထဲမွာေတြ႕ရတယ္… မင္းတို႔ကြၽတ္လြတ္ေအာင္လုပ္ေပးမယ္ဆိုတဲ့သူက ပြဲေက်ာင္းဆရာလား” “ ဟုတ္ပါတယ္ အဖိုး .. သူဝိုင္းထဲက ကုကၠိဳပင္ေအာက္မွာ ျမဳပ္ထားတဲ့ပစၥည္းကိုရမွျဖစ္မွာမို႔လို႔ပါ” နတ္ဖိုးကုန္းက ေအာင္ျမတ္သာစကားကို အတန္ၾကာစဥ္းစားၿပီး “ ႏွစ္ေတြဒီေလာက္ၾကာေနတာ ျမဳပ္ထားတဲ့ပစၥည္းက ေျမေၾကာေတြေျပာင္းၿပီး ရွိပါ့ဦးမလားမသိပါဘူး… ကဲကဲ ရွိတာမရွိတာကေတာ့ သူ႔ကံေပါ့ … မင္းတို႔ဒီေတာလမ္းအတိုင္းတည့္တည့္ဆက္သြားရင္ ကုကၠိဳပင္တစ္ပင္ေတြ႕လိမ့္မယ္.. ဒီေတာထဲမွာ သူ႔ထက္ႀကီးတဲ့အပင္မရွိေတာ့ဘူး.. အဲဒါက ပြဲေက်ာင္းဝိုင္းထဲက အပင္ပဲ” နတ္ဖိုးကြန္းရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက ဝမ္းသာစြာႏႈတ္ဆက္ၿပီး ေတာလမ္းအတိုင္းဆက္ထြက္လာခဲ့ရာ အ႐ုဏ္တက္ခါနီးအခ်ိန္ေရာက္ေတာ့မွ ႀကီးခ်င္တိုင္းႀကီးထြားခ်င္တိုင္းထြားေနတဲ့ ကုကၠိဳပင္ေရွ႕ကိုေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ ကုကၠိဳပင္ေပၚကေန ေခါင္းျပတ္လုနီးပါးျဖစ္ေနတဲ့ မဲမဲအေကာင္တစ္ေကာင္ဆင္းလာၿပီး လြတ္ေနတဲ့ေျမကိုလ်ာနဲ႔ယက္ျပခဲ့တယ္။ “ ဒီအေကာင္က ဦးဝဏၰ အေစာင့္ထားခဲ့တဲ့ေကာင္ပဲျဖစ္ရမယ္… “ ေအာင္ျမတ္သာစကားအဆုံးမွာ မဲမဲအေကာင္ႀကီးက ရန္မခနဲ႔ သူရတို႔လက္ထဲမွာကိုင္ထားတဲ့ ဓါးကိုစူးစိုက္ၾကည့္ၿပီး ကုကၠိဳပင္ေပၚျပန္တက္သြားခဲ့တယ္။ ဒီအျဖစ္အပ်က္ေတြကို ေအာင္ျမတ္သာတို႔သာျမင္ၿပီး ရန္မခနဲ႔သူရတို႔မျမင္ေတြ႕ခဲ့ဘူး။ “ မင္းတို႔ႏွစ္ေယာက္က ဓါးဦးနဲ႔ ဒီေနရာကိုတူးၾကည့္… သက္ခိုင္နဲ႔ေတာက္ရတို႔ ဝင္မပါၾကနဲ႔” ေအာင္ျမတ္သာစကားေၾကာင့္ လူငယ္ႏွစ္ေယာက္လဲ ဓါးဦးနဲ႔ေျမႀကီးကိုတူးထုတ္ရာ တစ္ေတာင္ေလာက္ေရာက္ေတာ့ ဆြတ္ဆြတ္ျဖဴေနတဲ့ေက်ာက္ျပားတစ္ခ်ပ္ကိုရခဲ့တယ္။ ေက်ာက္ျပားေပၚမွာေတာ့ ေျမဘုတ္ဘီလူးေတြကို ႏိုင္နင္းတဲ့အင္းေတြကိုေရးဆြဲထားတာျမင္လိုက္ရတယ္။ “ ဒီေက်ာက္ျပားက ပစၥည္းေတြကိုေနရာေ႐ြ႕တတ္တဲ့ ေျမဘုတ္ဘီလူးေတြအနားကပ္မရေအာင္စီရင္ထားတဲ့အရာပဲ… ဒါဆို စလြယ္က ဒီေအာက္မွာပဲရွိရမယ္ ဆက္တူးၾကည့္ၾက” ရန္မခတို႔လဲ ဇြဲမေလ်ာ့ပဲဆက္တူးရာ သုံးေတာင္ေလာက္ေရာက္ေတာ့ အဝတ္စတစ္ခုနဲ႔ထုပ္ထားတဲ့ ေသတၱာတစ္လုံးထြက္လာခဲ့တယ္။ “ ဓါးနဲ႔ကလပ္ထုတ္ၿပီးဖြင့္ၾကည့္လိုက္” ေအာင္ျမတ္သာစကားေၾကာင့္ အဝတ္စကိုဖယ္ထုတ္လိုက္ရာ ဓါးေရး၃၇ခ်င္းကို လက္ရာေျမာက္စြာထုဆစ္ထားတဲ့ ေသတၱာေပၚလာခဲ့တယ္။ ရန္မခနဲ႔သူရလဲ လက္ထဲကဓါးဦးနဲ႔ေဆြးေျမ့ေနတဲ့ေသတၱာကို ကလပ္ထုတ္လိုက္ရာ ေ႐ႊေခ်ာင္းေတြကိုအမွ်င္ေလးေတြျဖစ္ေအာင္လုပ္ထားၿပီး ေက်ာက္သံပတၱျမားေတြစီခ်ယ္ထားတဲ့ စလြယ္တစ္ခုထြက္လာခဲ့တယ္။ အဲဒီအခ်ိန္ အိပ္တန္းက ႏိုးလာတဲ့ လင္းၾကက္တစ္ေကာင္ရဲ႕ ေအာ္သံက က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။ “ ဒီေလာက္တန္ဖိုးႀကီးတဲ့စလြယ္ကို ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ရမလဲ” သူရရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက “ ဒီေရွးေဟာင္းကစၥည္းကိုထုခြဲေရာင္းခ်ၿပီး ဦးဝဏၰအတြက္ အလႉအတန္းလုပ္ေပးပါ…မင္းတို႔လက္ထဲက ဓါးႏွစ္လက္ကိုေတာ့ ဆရာအလႉခံပါရေစ..” “ ဒီဓါးနဲ႔ ေတာင္ေပၚက အမ်ိဳးယုတ္မကို လက္စားေခ်ရဦးမယ္..ေပးလို႔မျဖစ္ဘူး” “ သူတို႔က ထိေတြ႕သုံးစြဲလို႔မရတဲ့ ပစၥည္းေတြကို မကြၽတ္မလြတ္ပဲေစာင့္ေရွာက္ေနရတာကိုက ဝဋ္ေႂကြးတစ္မ်ိဳးပဲမဟုတ္လား… မင္းတို႔ႏွစ္ေယာက္အေနနဲ႔ကုသိုလ္ျပဳႏိုင္တဲ့ဘုံဘဝေရာက္ေနတာကို ဘာေၾကာင့္လက္စားေခ်လိုမႈေတြျပင္းျပေနတာလဲ…” ေအာင္ျမတ္သာရဲ႕ဆုံးမမႈစကားေတြေအာက္မွာ ရန္မခနဲ႔ သူရတို႔ႏွစ္ေယာက္ ေခါင္းငိုက္စိုက္ကာ ၿငိမ္သက္သြားၿပီး “ ကြၽန္ေတာ္တို႔ စလြယ္ကိုေရာင္းၿပီး ဆရာႀကီးအတြက္အလႉအတန္းလုပ္ေပးမယ္… ဓါးကိုေတာ့ ဆရာတို႔ကိုပဲအပ္ခဲ့လိုက္ပါ့မယ္”လို႔ေျပာကာ ကိုးသၤခ်ိဳင္းဓါးႏွစ္လက္ကိုကမ္းေပးခဲ့တယ္။ “ သာဓု သာဓု သာဓု…. မင္းတို႔ႏွစ္ေယာက္လႉတဲ့ပစၥည္းကို မသမာသူေတြအသုံးျပဳလို႔မရေအာင္ စီမံထားလိုက္ပါမယ္… ဒါနဲ႔ စလြယ္ကိုဘယ္သူ႔ကိုမွမျပပါနဲ႔… ႐ြာျပန္ေရာက္လို႔ ႏွစ္ရက္ေျမာက္ေန႔က်ရင္ ေစ်းေကာင္းေပးဝယ္မယ့္သူ တစ္ေယာက္ မင္းတို႔အိမ္ကိုေရာက္လာလိမ့္မယ္.. သူဆီကရတဲ့ေငြနဲ႔အလႉအတန္းလုပ္ၿပီး အမွ်ေဝလိုက္ပါ…” “ ဆရာတို႔ေရာ မလိုက္လာၾကဘူးလား” “ အခ်ိန္ရရင္ေတာ့ မင္းတို႔ရဲ႕အလႉကို လာခဲ့ပါ့မယ္… မင္းတို႔႐ြာကိုျပန္မယ္ဆိုရင္ အခုျမင္ေနရတဲ့လမ္းအတိုင္းတည့္တည့္သာသြား နာရီဝက္ေလာက္ဆို ႐ြာထိပ္လမ္းဝကိုေရာက္လိမ့္မယ္…” ေအာင္ျမတ္သာစကားကိုၾကားေတာ့ ရန္မခနဲ႔သူရတို႔ႏွစ္ေယာက္လုံး လက္ျပႏႈတ္ဆက္ကာ ထြက္သြားခဲ့ၾကတယ္။ “ ဒီကေလးေတြ ေတာင္ေပၚကိုတက္ၿပီး ျပႆနာရွာမွာစိတ္ပူမိတယ္ဆရာ” “ စိတ္မပူပါနဲ႔ ႐ြာကိုျပန္ေရာက္လို႔အလႉလုပ္ၿပီးတာနဲ႔ သူတို႔ရဲ႕မွတ္ဥာဏ္ထဲမွာ ဒီရတနာပစၥည္းကိုအမွတ္မထင္ေတြ႕ခဲ့တယ္လို႔ပဲ ထင္ေနမွာပါ….” ေအာင္ျမတ္သာနဲ႔ သက္ခိုင္တို႔က စကားတစ္ေျပာေျပာနဲ႔ထြက္သြားေပမယ့္ ေတာက္ရကေတာ့ ဓါးႏွစ္လက္ကိုလက္မွာပိုက္ကာ အေႏွာင့္မွာေရးထိုးထားတဲ့စမေတြကို စူးစမ္းေနခဲ့တယ္။ ++++++++ ေနျခစ္ျခစ္ေတာက္ပူေနတဲ့ ေန႔လယ္ခင္းအခ်ိန္ တလင္းျပင္ေဘးက မန္က်ီးပင္ေအာက္မွာ လူသုံးေယာက္ထိုင္ေနၿပီး အေဝးကိုေမွ်ာ္ၾကည့္ေနခဲ့တယ္။ “ ဆရာ … ဟိုမွာ လာေနၿပီ” မ်က္ဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းထားတဲ့ လူတစ္ေယာက္က မန္က်ီးပင္ေအာက္ေရာက္ေတာ့ လြယ္အိတ္ထဲကေန ပစၥည္းတစ္ခုကိုထုတ္ၿပီး “ ဆရာဝယ္ခိုင္းတဲ့ပစၥည္းကို တန္ရာတန္ေၾကးေပးၿပီး ဝယ္လာခဲ့တယ္… လူငယ္ႏွစ္ေယာက္ကေတာ့ အေတာ္ကိုေပ်ာ္ေနၾကတာပဲဗ်ာ” “ ဘယ္လိုလဲ ျမဒင္ မင္းလဲအလုပ္ရႈပ္သြားရၿပီေပါ့..” “ မဟုတ္တာဆရာရယ္…ကြၽန္ေတာ္ဘဝကိုဆရာကပဲ ေျပာင္းလဲျပဳျပင္ေပးခဲ့ေလ ဒီေလာက္ေတာ့လုပ္ေပးရမွာေပါ့ဗ်ာ” ေအာင္ျမတ္သာက ျမဒင္ ကမ္းေပးတဲ့ စလြယ္ကိုယူၿပီး မတ္တပ္ရပ္ကာ “ ေနာက္တစ္ေခါက္မွ ျပန္ဆုံၾကတာေပါ့… အခုေတာ့ မသြားမျဖစ္တဲ့ခရီးတစ္ခုသြားရဦးမယ္” “ ဆရာတို႔ ခရီးလမ္းအဆင္ေျပပါေစဗ်ာ…ဒါနဲ႔ ကြၽန္ေတာ္အတြက္ တစ္ပြဲထိုးထုံးမန္းေလးလုပ္ေပးဦးေနာ္” ျမဒင္စကားကိုၾကားေတာ့ ေအာင္ျမတ္သာက ျဖဴေဖြးေနတဲ့သြားတက္ေလးေပၚေအာင္ၿပဳံးလိုက္ၿပီး “ တစ္ပြဲထိုး ထုံးမန္းေတာင္းၿပီး ဓါးျပထပ္တိုက္ဦးမလို႔လား” လို႔ေမးလိုက္ေတာ့ ျမဒင္က ဟက္ဟက္ပက္ပက္ရယ္ရင္း က်န္ရစ္ခဲ့ပါေတာ့တယ္။ ေနာက္ဝတၱဳမွာေတာ့ မနာလိုမႈကေန စီးပြါးပ်က္အသက္ေသဆုံးတဲ့အထိျဖစ္ေအာင္လုပ္ထားတဲ့အတိုက္ကို ဘယ္လိုေဖာ္ထုတ္မလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ လူေသလက္ညိဳးေခါင္မိုးထိုး ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။ ေလးစားစြာျဖင့္ ေဇယန(ရာမည) Crt:#ညမဖတ္ရ

No comments

Post a Comment