အောင်မြတ်သာနှင့်ထဘီခြုံလင်းတမယ်(စ/ဆုံး)
-----–----------------------------------------“အမေနုရှိလား အိမ်ရှင်တို့ အမေနုရှိလား”
ခြံဝကနေလှမ်းခေါ်တဲ့အသံကြောင့် အိမ်ထဲကနေ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့ အမျိုးသမီးတစ်ဦးထွက်လာခဲ့တယ်။
” ဘာကိစ္စလဲ အမေကြီးအဓိဌာန်ဝင်နေတယ် နောက်ရက်မှလာခဲ့”
အိမ်ထဲကနေထွက်လာတဲ့အမျိုးသမီးရဲ့ စကားကိုကြားတော့ ခြံဝမှာရပ်နေတဲ့ လူရဲ့မျက်နှာက ရုတ်တရက်ညိုးကျသွားပြီး
“ကျုပ်နာမည် ညိုကြီးပါကျုပ်အရေးကြီးကိစ္စတစ်ခုအမေနုကိုပြောစရာရှိလို့”
“တယ် သဘောက်မသားကတော့ ငါစကားကိုနှစ်ခါမပြောဘူး အမေကြီးကိုတွေ့ချင်ရင်မနက်ဖြန်လာခဲ့ မပြန်ရင် ခြံထဲက အင်းခွေးနှစ်ကောင်ရဲ့အစာက နင်ဖြစ်သွားမယ်” လို့ပြောပြီး ခြံတံခါးကိုဇတ်ခနဲဆွဲပိတ်လိုက်တယ်။
ညဘက်ရောက်တော့
“အမေကြီး ဒီရွှေငှက်ပျောသီးက ဟိုဘက်ရွာက မယ်ပုတို့လင်မယားလာပေးသွားတာ အမေကြီးစားဖို့တဲ့ ဒါလေးက အမဲဝမ်းတွင်းသား သားသတ်သမား ဖိုးထောင်က အမေကြီးအတွက်ဆိုပြီးလာပို့သွားတာ ဟိုနားမှာထောင်ထားတဲ့ သနပ်ခါးတုံးက စိန်လှမြင့်လာပေးခဲ့တာ အမေကြီးကူညီလို့ သူ့အကြံအစည်တွေအကုန်အောင်တယ်ပြောတယ်”
ဘီးစပတ်ဆံထုံးနဲ့မိန်းမကြီးရဲ့စကားကိုကြားတော့ အကျႌအမဲရောင်ဝတ်ထားတဲ့ အမျိုးသမီးကြီးက ဝါကျင်ကျင်ဖြစ်နေတဲ့ သွားတွေပေါ်အောင်ပြုံးလိုက်ပြီး
” အေး အေး ငါ့တပည့်သားသမီးတွေ ငါ့အပေါ်သိတတ်တာမြင်တော့ ငါလုပ်ပေးရကျိုးနပ်တာပေါ့ မယ်မြရယ် ဒါတွေကို ငါ့အတွက်အနည်းငယ်ပဲချန်ပြီး ကျန်တာကိုမျှပေးလိုက်”
“ဟုတ်ကဲ့အမေကြီး ကျွန်မလုပ်လိုက်ပါမယ်”
“ဒါနဲ့မနက်က ခြံရှေ့မှာနင်ဘယ်သူကိုအော်နေတာလဲ”
” ဘယ်ကလဲတော့မသိပါဘူး ညိုကြီးလို့တော့ပြောတာပဲ အမေကြီးအဓိဌာန်ဝင်နေလို့ ပြန်မောင်းထုတ်လိုက်တယ် “
” ခြံဝင်းလုံခြုံရေးကိုလဲဂရုစိုက်ကြဦး စကားမစပ် ငါလွှတ်လိုက်တဲ့ အထောက်တော်တွေ ပြန်ရောက်ပီလား “
“မရောက်သေးဘူးအမေကြီး တစ်ခုခုတော့ထူးပြီထင်တယ်”
” ဟော တောင်ပံရိုက်သံတွေကြားတယ် ပြန်ရောက်လာကြပြီထင်တယ် မယ်မြ အပြင်ထွက်ကြည့်စမ်း”
အမေကြီးဆိုသူရဲ့စကားကိုကြားတော့ မယ်မြက အိမ်ပြူတင်းပေါက်ကိုလှပ်ကာ ကြည့်လိုက်တယ်
“အမေကြီး မိဇံတို့အဖွဲ့ပြန်ရောက်လာပြီ “
“အခန်းတံခါးဖွင့်ထားပေးလိုက် “
မယ်မြလဲ အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ တံခါးဝမှာ ထဘီရင်လျားရက်နဲ့ ရပ်နေတဲ့ မိန်းမလေးယောက်ကိုမြင်လိုက်ရတယ်။
“ဟဲ့ မိဇံ နင်တို့ကိုအမေကြီးစောင့်နေတယ် သတင်းပို့လိုက်ဦး”
မယ်မြရဲ့စကားကိုကြားတော့ အခန်းအပြင်မှာရပ်နေတဲ့ မိန်းမလေးယောက်က အခန်းထဲကိုဝင်လာပြီး အမေကြီးကို အရိုအသေပေးလိုက်တယ်။
“ဟဲ့ မိဇံ အခြေအနေဘယ်လိုရှိလဲ”
“အခြေအနေကတော့မကောင်းဘူးအမေကြီး မောင်ကုလားလဲ ထွက်ပြေးနေရတယ် အဲဒီလူငယ်ကတော်တော်စွမ်းတယ်လို့ပြောရမယ် မကြာခင်မောင်ကုလားအမေကြီးဆီရောက်လာလိမ့်မယ်ထင်တယ်”
” အဟက်အဟက် နင်တို့ကအဲဒီလူငယ်ကိုအရမ်းအမွှမ်းတင်နေကြတာကိုး ငါလဲသူ့အစွမ်းကိုသိချင်မိလေရဲ့ မိဇာကိုဒီနယ်တစ်ခွင်မှာ အံတုရဲတဲ့သူမရှိပါဘူး ရှိရင်လဲမိဇာက အရှင်မထားဘူးဆိုတာနင်တို့သိပါတယ် အဟက်အဟက်”
“သိပါတယ်အမေကြီးရဲ့အစွမ်းကိုလဲ ယုံကြည်ပါတယ် အမေကြီးသာအောင်ပွဲတွေထပ်ရမယ်ဆိုတာ လုံးဝကိုယုံကြည်ပါတယ်”
“ဟားဟားဟား အဲဒီလိုဖြစ်နေရမှာပေါ့ကွယ့် ကဲကဲ နင်တို့လဲပင်ပန်းလာကြတယ်ဆိုတော့ နားလိုက်ကြဦး မနက်ဖြန် ည၁၂နာရီတိတိမှာ မိဇာကတွေ့ချင်တယ်လို့ပြောပြီး ရွာနီးချုပ်စပ်မှာရှိတဲ့ ပညာသည်တွေအားလုံးကိုခေါ်လိုက် ငါမှာစရာရှိတယ် “
“ဟုတ်ကဲ့အမေကြီး အားလုံးကိုသတင်းပို့လိုက်ပါ့မယ်”
အမျိုးသမီးလေးယောက်လဲ အမေကြီးဆိုတဲ့မိန်းမကိုအရိုအသေပေးပြီး အခန်းထဲကနေပြန်ထွက်သွားတော့မှ
“မယ်မြ မနက်ကလာတဲ့သူက မောင်ကုလားလွှတ်လိုက်တဲ့သူဖြစ်မယ် သူကငါ့အပေါ်အရမ်းသိတတ်တဲ့တပည့်ဖြစ်နေတော့ သူဒီလိုဖြစ်တာ ငါလက်ပိုက်ကြည့်မနေနိုင်ဘူး မနက်ဖြန် အဲဒီလူလာရင် ငါ့ဆီလွှတ်လိုက် ကြားလား”
” ဟုတ် ဟုတ်ကဲ့အမေကြီး “
“နင်လဲနားတော့ ငါလုပ်စရာတွေရှိသေးတယ်”
အမေကြီးဆိုသူရဲ့စကားကြောင့် မယ်မြအခန်းတံခါးကိုအသာဖွင့်ကာအပြင်ကိုထွက်လာခဲ့လိုက်တယ်။
နောက်တစ်နေ့မနက်
“အမေနုရှိလား အမေနု”
“ဟဲ့အကောင် အသံပြဲနဲ့အော်မနေနဲ့ အမေကြီးနင့်ကိုစောင့်နေတယ် လာခဲ့”
ခြံတံခါးရှေ့အော်နေတဲ့သူလဲ ဘီးစပတ်ထုံးထားတဲ့မိန်းမခေါ်ဆောင်ရာအနောက်ကိုလိုက်ခဲ့လိုက်တယ်။
“အမေကြီး မနေ့ကလူရောက်လာပြီ”
“အေး အေး လာထိုင်ကြ ဘာကိစ္စများရှိလို့လဲကွယ့်”
” ကျုပ်နာမည်က ညိုကြီးပါ ဦးကုလားရဲ့လူယုံတော်တစ်ယောက်ဆိုလဲဟုတ်ပါတယ် အခုလာရတဲ့အကြောင်းက ဦးကုလားနေတဲ့ရွာကို လူငယ်နှစ်ယောက်ရောက်လာပြီး အမေနုစီရင်ထားပေးတဲ့အရာတွေကို ဖျက်စီးသွားကြပါတယ် အခုဆိုရင်ဦးကုလားလဲ ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ် အခုအမေနုဆီလာရတာကလဲ ဦးကုလားလွှတ်လို့လာရတာပါ”
ညိုကြီးရဲ့စကားကိုကြားတော့ မိန်းမကြီးက” ငါ့အစီအရင်တွေကို ချိုးဖျက်နိုင်တယ်ဆိုတော့ ပညယကသိပ်မသေးဘူးပဲ ငါကလဲ အဲလိုလူစွမ်းကောင်းတွေနဲ့ တွေ့ချင်နေတာကြာပြီ နင်လဲစိတ်အေးအေးထား မောင်ကုလားကိုလဲပြောပြလိုက် ငါအရင်လိုအခြေအနေဖြစ်အောင် လုပ်ပေးမယ်လို့ “
“ဝမ်းသာလိုက်တာဗျာ ဦးကုလားသာသိရင်အရမ်းပျော်မှာ “
“မင်းတာဝန်ပြီးပြီဆိုတော့ပြန်လိုက်ပါဦး ငါကြည့်စီစဉ်လိုက်မယ်”
“ဟုတ်ကဲ့ ဒါဆိုကျုပ်သွားတော့မယ်”လို့ပြောပြီး ခြံထဲကနေပြန်ထွက်သွားခဲ့တယ်။
အချိန်ကားည၁၂နာရီတိတိ
ခြံဝင်းတစ်ခုလုံးအပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်နေသလို ခုံတန်းလျားပတ်လာ်မှာထိုင်နေကြတဲ့ လူအယောက်နှစ်ဆယ်လောက်ကလဲ ကျောက်ရုပ်တွေလို ငြိမ်သက်နေကြတယ်။အဲဒီအချိန်
“အမေကြီးရောက်လာပြီ”ဆိုတဲ့အသံကိုကြားတော့ အားလုံးမတ်တပ်ရပ်လိုက်ကြတယ်။
ခုံတန်းလျားရှိရာကိုတစ်ရွေ့ရွေ့လာနေတဲ့ မိန်းမကြီးက လူအုပ်ကြီးကိုလက်ကာပြပြီး “အားလုံးပြန်ထိုင်ကြ နင်တို့ကိုခေါ်ရတဲ့အကြောင်းရင်းက ငါတို့အလုပ်ကို အနှောက်အယှက်ပေးမယ့်သူတွေရောက်လာလို့ပဲ သူတို့က လူငယ်နှစ်ယောက်လို့ပြောတယ် သူတို့နဲ့ပတ်သတ်လို့ နင်တို့သိသမျှတွေ ငါ့ကိုအကုန်ပြောပြစမ်း”
မိန်းမကြီးရဲ့စကားအဆုံးမှာတော့ ခုံတန်းလျားထောင့်စွန်းမှာထိုင်နေတဲ့ ယောကျၤားတစ်ယောက်က
“အမေကြီး သူတို့နှစ်ယောက်ကိုအရင်ကဒီနယ်တစ်ဝိုက်မှာမတွေ့ဘူးဘူး အထက်လမ်းဆရာတွေလို့သိရတယ် ပညာကတော့ အတန်အသင့်စွမ်းတယ်လို့သိရပါတယ်”
“ရပြီ ပြန်ထိုင်တော့ နောက်သိတဲ့သူတွေရှိသေးလား”
မိန်းမကြီးကသုံးခါတိတိမေးပေမယ့် တိတိကျကျပြောနိုင်တဲ့သူမရှိခဲ့ဘူး။
“ကောင်းပြီ နင်တို့်အားလုံးမသိဘူးဆိုတော့ သူတို့အစွမ်းကိုငါကိုယ်တိုင်စမ်းသပ်ရတော့မှာပေါ့ အားလုံးကိုယ့်နေရာကိုယ်မလစ်ဟင်းအောင်သတိထားကြ တစ်ခုခုထူးခြားရင်ငါ့ကိုလာပြော မောင်ကုလားရဲ့ကိစ္စကြောင့် ငါဆီကိုသူတို့ရောက်လာကောင်း ရောက်လာနိုင်တယ် ရောက်လာခဲ့တယ်ဆိုရင် သူတို့အလောင်းကိုသင်္ဂြိုလ်ဖို့ထင်းတွေကြိုစုထားကြ ဟားဟားဟား”
မိန်းမကြီးရဲ့ခြောက်ကပ်ကပ်ရယ်သံက တိတ်ဆိတ်နေတဲ့ ညအချိန်မှာကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
“ဆရာ ကျွန်တော်တို့ဘယ်ကိုသွားနေကြတာလဲ”
သက်ခိုင်မေးတဲ့စကားကြောင့် အောင်မြတ်သာ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
” အသက်ကြီးပေမယ့် အသိတရားမရသေးပဲမကောင်းမှုတွေကိုကျူးလွန်နေတဲ့သူတစ်ယောက်ကိုဆုံးမဖို့သွားနေတာ”
“ဒါဆို ကျွန်တော်တို့ထိပ်တိုက်တွေ့ရတော့မှာပေါ့”
“ဟုတ်တယ် ဒါကြောင့် သတိကိုအမြဲကပ်ထားကြပါ “
အောင်မြတ်သာရဲ့စကားကိုကြားတော့ တောက်ရနဲ့သက်ခိုင်က ခေါင်းငြိမ့်ပြလိုက်တယ်။
ခရီးဆက်ရင်းအချိန်လင့်လာပြီမို့ တွေ့ရာဇရပ်ထဲဝင်ကာ ညအချိန်ကိုဖြတ်သန်းဖို့လုပ်ရပါတော့တယ်။
တပို့တွဲလရဲ့အအေးဒဏ်က အမိုးအကာမလုံတဲ့ ဇရပ်ထဲကို အတားဆီးမဲ့စွာဝင်ရောက်လာတဲ့အတွက် တောက်ရက ဇရပ်အနားမှာရှိနေတဲ့ ထင်းခြောက်တွေကိုကောက်ပြီး မီးဖိုလိုက်တယ်။
အောင်မြတ်သာက ဇရပ်ပေါ်မှာ အင်းစမတွေ ဆွဲနေတာမို့ သက်ခိုင်နဲ့တောက်ရက မီးပုံဘေးမှာထိုင်ပြီး အအေးဒဏ်ကို အံတုနေကြတယ်။
အဲဒီအချိန် ” သက်ခိုင် သူတို့လာနေကြပြီ”
ဇရပ်ပေါ်ကနေ ထွက်လာတဲ့အောင်မြတ်သာရဲ့ အသံကြောင့် သက်ခိုင်နဲ့တောက်ရ ဘေးဘီဝဲယာကိုလိုက်ကြည့်လိုက်တော့ ဝါးလေးပြန်စာလောက်မှာ ထန်းသီးလုံးလောက်ရှိတဲ့ မီးလုံးတစ်လုံးက အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ရွေ့နေတာကိုမြင်လိုက်ရတယ်။
မီးလုံးကိုမြင်တာနဲ့ သက်ခိုင်နဲ့ တောက်ရက ဇရပ်ပေါ်တက်ပြီး လွယ်အိတ်ကိုယ်စီလွယ်လိုက်ကြတယ်။
“အဲလောက်လဲမစိုးရိမ်ပါနဲ့ မီးလုံးအမြင့်က လူတစ်ရပ်လောက်ပဲရှိပြီး နိမ့်ချီမြင့်ချီသွားနေတာကိုမြင်ကြတယ်မဟုတ်လား”
အောင်မြတ်သာရဲ့စကားကိုကြားတော့
“ဟုတ်ကဲ့ဆရာ မြင်ပါတယ်”
“အဲဒါကိုကြည့်ပြီး ပညာအဆင့်ကိုသိနိုင်တယ် အခုမြင်နေရတဲ့ပုဂ္ဂိုလ်က ပညာအဆင့်မမြင့်သေးဘူး ဒါကြောင့် လူတစ်ယောက်လောက်အမြင့်ကိုပဲပျံနိုင်တာ ငါတို့ဇရပ်အနားကိုတော့ သူမလာနိုင်ပါဘူး ဒါပေမယ့် ငါတို့ရောက်နေတာတော့သူသိသွားပြီ မနက်အာရုံတက်တာနဲ့ သူတို့ရဲ့ရေသောက်မြစ်ကို တူးရတော့မယ် လိုအပ်တဲ့အင်းစမတွေကို ဒီညထဲက အဆင်သင့်လုပ်ထားကြ
ရေသောက်မြစ်ကနေတစ်ဆင့်ရှင်သန်နေတဲ့ အကိုင်းအခက်တွေကို မင်းတို့နှစ်ယောက်က ခုတ်ပြစ်ရလိမ့်မယ် ငါကတော့ရေသောက်မြစ်ကို ဖြတ်ဖို့ကြိုးစားမယ် ပညာတွေစုံသင့်သလောက်စုံနေတဲ့ သက်ခိုင်အဖို့ သိပ်မခဲယဉ်းပေမယ့် မပေါ့ဆမိစေနဲ့ တောက်ရကတော့ အတွေ့အကြုံမရှိတဲ့အတွက် အသေးစိတ်ကအစသတိထားရမယ်”
အောင်မြတ်သာရဲ့အသေးစိတ်မှာကြားနေမှုကိုမြင်တော့ မနက်ဖြန်ရင်ဆိုင်ရမယ့်အရာက ပေါ့သေးသေးမဟုတ်ကြောင်း သက်ခိုင်နဲ့ တောက်ရတို့သိလိုက်ကြတယ်။
အောင်မြတ်သာစကားဆုံးတာနဲ့ သက်ခိုင်နဲ့ တောက်ရလဲ မိမိတို့လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုပြည့်စုံအောင်စီမံပြီး အိပ်စက်ခဲ့ကြတယ်။
အာရုဏ်ဆက်ချိန်ရောက်တော့”ဖလပ် ဖလပ် ဖလပ် “ဆိုတဲ့သွပ်ချပ်တွေလန်တဲ့အသံကြောင့် သက်ခိုင်လန့်နိုးလာတယ်။ သက်ခိုင်နိုးလာပြီးမရှေးမနှောင်းမှာပဲ တောက်ရနိုးလာတယ်။
အဲဒီအချိန် အောင်မြတ်သာကတော့ ဇရပ်ထိပ်မှာ ထိုင်လျက်ရှိနေပြီး
” ငါတို့ကို အာရုဏ်တက်ချိန်မှာပဲ ကြိုဆိုနေကြတာ”
“ဟုတ်တယ်ဆရာ လေမတိုက်ပါပဲ ဇရပ်အမိုးသွပ်တွေဘာကြောင့်လန်နေတာလဲဆိုတာ စဉ်းစားနေတာ လက်စသတ်တော့ သူတို့စက်တွေလွှတ်နေတာကိုး”
“ဒါကတို့ကိုစိတ်ခေါ်လိုက်တာပဲ မင်းတို့မျက်နှာသစ် ဘုရားဝတ်ပြုပြီးရင် ဆက်ထွက်ကြရအောင်”
အောင်မြတ်သာရဲ့စကားအဆုံးမှာ တောက်ရနဲ့သက်ခိုင်က မျက်နှာသစ်ခြင်း ဘုရားဝတ်ပြုခြင်းတွေကိုလုပ်ပြီး ဇရပ်ကနေဆက်ထွက်ခဲ့ကြတယ်။ တစ်နာရီနီးပါးလမ်းလျောက်လာပြီးတဲ့အချိန်မှာတော့ ဇနပုဒ်ရွာဆိုတဲ့ဆိုင်းဘုတ်ထောင်ထားတဲ့ ရွာထိပ်ကိုရောက်လာခဲ့တယ်။ ရွာထိပ်ကိုရောက်တော့
“ဆရာ အမျိူအမည်မသိတဲ့ လှိုင်းတစ်ခုက ကျွန်တော်ဆီကိုတိုးဝင်နေသလိုပဲ”
သက်ခိုင်စကားကြောင့် တောက်ရက”ဟုတ်တယ်ဆရာ ကျွန်တော်လဲအဲလိုခံစားရတယ် အေးစက်နေတဲ့လှိုင်းတွေကရွာထဲကနေ ထွက်လာနေတယ်”
သက်ခိုင်နဲ့တောက်ရစကားကိုကြားတော့ အောင်မြတ်သာက” မင်းတို့ပြောတာဟုတ်တယ် တစ်ရွာလုံးကို စက်တွေလွှတ်ထားတယ် ငါတို့ဝင်တာနဲ့ အချိန်မရွေး တိုက်တာခံရနိုင်တယ် သတိထားကြ” လို့ပြောပြီး ရွာထဲကိုစဝင်ခဲ့ကြတယ်။
အောင်မြတ်သာတို့ရွာထဲကိုဝင်လာတော့ ကစားနေတဲ့ကလေးတွေက အိမ်ထဲပြေးဝင်ကုန်ကြတယ် အိမ်အောက်မှာရှိနေတဲ့သူတွေကလဲ အိမ်ထဲဝင်ပြီး တံခါးတွေပိတ်လိုက်ကြတယ်။
“ဆရာ ထူးဆန်းတယ်နော် ဒီရွာကတစ်မျိုးပဲ”
“ဟုတ်တယ် လူတွေအကုန်လုံးက ထိန်းချုပ်ခံထားရသလိုဖြစ်နေတယ် အဲဒါတွေခေါင်းထဲမထည့်နေပါနဲ့ ရေသောက်မြစ်ကိုတွေ့အောင်ရှာဖို့အရေးကြီးတယ်”
အောင်မြတ်သာတို့လည်းသတိကြီးစွာထားရင်း ရွာလမ်းအတိုင်းလျောက်လာခဲ့တာ လမ်းဆုံးမှာတော့ ထန်းပင်လုံးတွေနဲ့ကာထားတဲ့ ခြံစည်းရိုးတစ်ခုကိုတွေ့လိုက်ရတယ်။
“သတိထားကြပေတော့ စက်တွေက ဒီနေရာကနေ ထွက်တာ”
အောင်မြတ်သာရဲ့သတိပေးသံမဆုံးခင်မှာပဲ ခြံထဲကနေ တစ်လံလောက်ရှိတဲ့ ကြိုးသုံးချောင်းက မြွေတွေလို လူးလွန့်ကာ ထွက်လာခဲ့တယ်။ ကြည့်နေရင်းနဲ့ ကြိုးတွေက မဲနက်နေတဲ့ မြွေသုံးကောင်ဖြစ်သွားပြီး ပါးပျဉ်းထောင်ကာ အောင်မြတ်သာတို့ဆီဝင်လာခဲ့တယ်။
“သက်ခိုင်နဲ့တောက်ရသတိထား ဒါက ကြိုးကနေမြွေအဖြစ်ပြောင်းပြီးတိုက်တဲ့အတိုက်ပဲ ဒီမြွေကိုက်ခံထိရင် တိုက်တဲ့သူကုမှပျောက်လိမ့်မယ်”
အောင်မြတ်သာရဲ့စကားကြောင့် သက်ခိုင်မြွေတွေကို ကြည့်နေတဲ့အချိန် တောက်ရက သူ့အရှေ့က မြွေကို အမြှီးကနေဆွဲကိုင်ကာ လေထဲဝှေ့ယမ်းလိုက်တယ်။
“ဟာ တောက်ရ သတိထား ” သက်ခိုင်ရဲ့စိုးရိမ်တစ်ကြီးအော်တဲ့အသံကိုကြားတော့ တောက်ရက
“ဆရာသက်ခိုင်ကလဲ ကျုပ်ကမြွေတွေကိုနိုင်တာ မေ့သွားပီလား ” (တောက်ရ မြွေတွေကိုနိုင်ပုံကိုစိတ်ဝင်စားပါက အောင်မြတ်သာနှင့်ဘုရားစောင့်မြွေဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
သက်ခိုင်လဲ ပါးစပ်အဟောင်းသားဖြစ်နေတဲ့အချိန် တောက်ရက မြွေတွေကို အမြှီးကနေကိုင်ပြီး တစ်ဖုန်းဖုန်းနဲ့ ဆွဲဖွတ်ပါလေရော။
အောင်မြတ်သာကတော့ ဘာမှမပြောပဲ ပြုံးပြီး တောက်ရကိုကြည့်နေလိုက်တယ်။
တောက်ရလဲ အရှေ့မှာရှိနေတဲ့ မြွေသုံးကောင်ကို စိတ်တိုင်းကျ ကိုင်ဖွတ်လိုက်တော့မှ မြွေအဖြစ်ကနေ ကြိုးအဖြစ်ပြန်ပြောင်းသွားတယ်။
ကြိုးအဖြစ်ပြောင်းသွားတော့ သက်ခိုင်က “တောက်ရ မင်းကတော့လေ မလွယ်တဲ့ကောင်ပဲ”လို့ပြောကာ ရီလိုက်တယ်။
တောက်ရလဲ ကြိုးတွေကိုခြံထဲကိုပြန်ပစ်ပေးလိုက်တဲ့အချိန် ခြံထဲကနေ
“ဖတ် ဖတ် ဖတ် “ဆိုတဲ့အသံနဲ့အတူ လေထဲကိုပျံတက်လာတဲ့ လင်းတလေးကောင်ကိုမြင်လိုက်ရတယ်။ လင်းတလေူကောင်ကလေထဲပျံဝဲပြီး တောင်ပံခတ်လိုက်တယ်ဆိုရင်ပဲ တောင်ပံထဲကနေ လက်ခနဲ လက်ခနဲ ထွက်လာတဲ့စက်တွေကိုမြင်လိုက်ရတယ်။မျက်စိတစ်မှိတ်အတွင်းမှာ ထွက်လာတဲ့ စက်တွေက အောင်မြတ်သာတို့ရှိရာဝင်လာတဲ့အချိန်မှာတော့ အောင်မြတ်သာက လက်ဖဝါးကိုဖြန့်ကာ အရှေ့ကနေ ကာလိုက်တယ်ဆိုရင်ပဲ သံကွန်ခြာလို အရာတစ်ခုက အရှေ့ကနေပေါ်လာခဲ့တယ်။လင်းတလေးကောင်ထုတ်လွှတ်လိုက်တဲ့စက်တွေက သံကွန်ခြာနဲ့ထိပြီး ဘေးကိုလွင့်ထွက်ခဲ့တယ် ။ ဘေးကိုလွင့်ထွက်သွားတဲ့စက်တွေနဲ့ထိတဲ့ သစ်ပင်တွေမှန်သမျှ တိခနဲ တိခနဲပြတ်ထွက်ကုန်တယ်။
အောင်မြတ်သာလဲ ကာထားတဲ့လက်ဖဝါးကို ကွေးကာ လေပေါ်မှာဝဲနေတဲ့ လင်းတလေးကောင်ကို ပုတ်ထုတ်လိုက်တယ်ဆိုရင်ပဲ လင်းတလေးကောင်က ရုတ်တရက်လွင့်ထွက်သွားပြီး အနားမှာရှိနေတဲ့ သစ်ပင်တွေပေါ်မှာသွားငြိကုန်တယ်။အောင်မြတ်သာလည်း လင်းတတွေညိနေတဲ့ သစ်ပင်တွေအောက်မှာ အင်းစမတစ်ရွက်စီကပ်ပြီး“ကျုပ်အမိန့်မရပဲ မည်သူမျှ အင်းစမတွေကို မဖယ်စေရ”ဆိုပြီးအမိန့်ပြန်လိုက်တဲ့အချိန် ခြံထဲကနေ
“ဖြောင်း ဖြောင်း ဖြောင်း”ဆိုတဲ့လက်ခုတ်သံတစ်ခု ထွက်လာခဲ့တယ်။လက်ခုတ်သံနဲ့အတူ ခြံထဲကနေ အကျႌအမဲ ထဘီအမဲဝတ်ထားပြီး လက်ထဲမှာ အရိုးခေါင်းတောင်ဝှေးကိုကိုင်ထားတဲ့ အသက်ခုနှစ်ဆယ်အရွယ်အဖွားအိုတစ်ယောက်ထွက်လာခဲ့တယ်။ သူ့အနောက်မှာတော့ အမဲရောင်ဝတ်စုံတွေဝတ်ထားတဲ့လူဆယ်ယောက်လောက်က လိုက်လာခဲ့တယ်။အမဲရောင်အထက်အောက်ဝတ်ထားတဲ့အမယ်အိုက အောင်မြတ်သာကိုကြည့်ပြီး
” လူလေးက တယ်စွမ်းသကိုး ဘယ်ဂိုဏ်းကဆရာလဲသိပါရစေ”အောင်မြတ်သာလဲ အဖွားအိုရဲ့စကားကိုကြားတော့“ကျုပ်တို့ဂိုဏ်းနာမည်က အင်းတော်ကြီးဂိုဏ်းလို့ခေါ်ပါတယ် အမယ်ကြီးတို့လို လူတွေကို ဒုက္ခပေးနေတဲ့သူတွေကို ဆုံးမဖို့ အထက်ဆရာကြီးတွေက ဖွဲ့ထားပေးခဲ့တာပါ”
အောင်မြတ်သာရဲ့စကားကိုကြားတော့ အဖွားအိုရဲ့တောင်ဝှေးထိပ်မှာတပ်ထားတဲ့ အရိုးခေါင်းရဲ့ပါးစပ်ကနေ အစွယ်တွေထွက်လာတာကို သက်ခိုင်မြင်လိုက်ရတယ်။” အဟက်အဟက် လူငယ်တစ်ယောက်ဆိုတာတော့ကြားခဲ့ပေမယ့် အခုမှမြင်ဖူးတော့တယ် မိဇံတို့လေးယောက်ကို အပင်ပေါ်မှာချုပ်ထားနိုင်တဲ့ အစွမ်းကိုတော့ ချီးကျူးပါတယ် ဒါပေမယ့် အဲဒီပညာတွေကို နောက်ထပ်မသုံးနိုင်တော့မယ့် လူလေးတို့တွေကိုကြည့်ပြီး စိတ်မကောင်းတော့ဖြစ်မိတယ်”အဖွားအိုရဲ့စကားအဆုံးမှာ အောင်မြတ်သာက သူ့ရဲ့ကကြီးပုံနှုတ်ခမ်းလေးကို ပေါ်အောင် ပြုံးလိုက်ပြီး
” ကျုပ်ဘဝမှာ အခုလိုခြိမ်းခြောက်ခံရတာ တော်တော်များခဲ့ပြီ ဒါပေမယ့် ခြိမ်းခြောက်တဲ့သူတွေကပဲ အရှုံးပေးခဲ့ရတယ် အမယ်ကြီးက ကျုပ်အဖွားအရွယ်လောက်ရှိတယ်ဆိုတော့ ကျုပ်နာကျင်အောင်မလုပ်ချင်ပါဘူး အမယ်ကြီးအနေနဲ့ အသိတရားရပြီး ပညာရပ်တွေကိုလှူပါလို့ မေတ္တာရပ်ခံပါတယ်”“အဟက်အဟက် ဟားဟားဟား လူလေးက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးတာကိုး ကောင်းပြီလေ ဒါဆိုလူလေးနဲ့ အဖွားပြိုင်ရတော့မှာပေါ့ လူလေးနဲ့အဖွားမပြိုင်ခင် လူလေးမှာပါလာတဲ့တပည့်ထဲကတစ်ယောက်နဲ့ အဖွားရဲ့တပည့်တစ်ယောက်အရင်ပညာစမ်းကြရအောင် “အဖွားအိုရဲ့စိန်ခေါ်တဲ့စကားကြောင့် အောင်မြတ်သာ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး “အဖွားသဘောကအဲလိုဆိုတော့လဲ ကျုပ်တို့ဘက်ကလိုက်လျောရမှာပေါ့ ဘယ်လိုပညာပြိုင်မလဲဆိုတာအဖွားဆုံးဖြတ်ပါ ပြိုင်ပွဲရဲ့ရလဒ်ကရော ဘယ်လိုသတ်မှတ်မလဲ”
အောင်မြတ်သာရဲ့စကားဆုံးတော့ အမယ်အိုက ” ပညာကတော့ ကိုယ့်မှာရှိသလောက်ထုတ်ပြလို့ရတယ် ကြေးကတော့ ရှုံးတဲ့သူရဲ့အသက်ကို ယူကြေး ဘယ်လိုလဲလူလေး လောင်းကြေးက အရမ်းကြီးသွားလား”” ကြေးကတော့ကြီးတယ်အဖွားရေ ဒါပေမယ့် ကျုပ်ကလက်ခံထားတာမို့လို့ မငြင်းတော့ပါဘူး အဖွားအိုဘက်ကလူတစ်ယောက်ရွေးပါ”အောင်မြတ်သာစကားအဆုံးမှာတော့ အမယ်အိုရဲ့နောက်ကနေ အမျိုးသမီးတစ်ယောက်ထွက်လာခဲ့တယ်။
“သူနာမည်က မယ်မြတဲ့ လူလေးဘက်က တစ်ယောက်ရွေးပေးပါဦး”အမယ်အိုရဲ့စကားကိုကြားတော့ သက်ခိုင်က အရှေ့ကိုထွက်ဖို့အလုပ် အောင်မြတ်သာက လက်ကာပြပြီး “တောက်ရပဲ ပြိုင်လိုက်ပါ နိုင်ပါတယ် “လို့ပြောလိုက်တော့ သက်ခိုင် အောင်မြတ်သာကို ပြန်ကြည့်လိုက်တယ်။သက်ခိုင်ကြည့်တာကိုမြင်တဲ့အောင်မြတ်သာက “စိတ်မပူပါနဲ့ တောက်ရအလွယ်တကူနိုင်မှာပါ တောက်ရ ဟောဒီမှာကြည့်”ဆိုပြီး မြေကြီးပေါ်မှာ ထောင့်ချိုးထောင့်ဖြတ်တွေပါနဲ့စမတစ်ခုကို အရင်ဆွဲပြလိုက်တယ်။
“တွေ့လား အဲဒီစမနာမည်က အာဏာပိုင်စမလို့ခေါ်တယ် ဆွဲပုံဆွဲနည်းကို အလွတ်ရရဲ့လား”အောင်မြတ်သာရဲ့စကားကိုကြားတော့ တောက်ရက “မှတ်မိပါတယ်ဆရာ ဆရာသင်ပေးတဲ့စမနဲ့ ယှဉ်ပြိုင်ပါ့မယ်”လို့ပြောပြီး အရှေ့ကိုထွက်လာခဲ့လိုက်တယ်။တောက်ရနဲ့မယ်မြအဆင်သင့်ဖြစ်တာနဲ့ အမယ်အိုက လက်ခုပ်သုံးချက်တီးလိုက်တယ်။ လက်ခုပ်သံကြားတာနဲ့ မယ်မြက အနားမှာရှိတဲ့ ကျောက်ခဲတွေကိုကောက်ပြီး တောက်ရရှိရာဘက်ကို ပစ်လိုက်တယ်။
ပစ်လိုက်တဲ့အချိန် မြင်လိုက်ရတာက ကျောက်ခဲတွေဆိုပေမယ့် လေထဲမှာပဲ ကျောက်ခဲတွေကနေ မဲနက်နေတဲ့ပိတုန်းတွေဖြစ်သွားပြီး တောက်ရကိုခဲဖို့ တဝီဝီနဲ့ ပျံလာတဲ့အချိန် တောက်ရက ပါးစပ်ထဲမှာဝါးနေတဲ့ကွမ်းကိုထုတ်ပြီးမန်းလိုက်ကာ ပျံလာတဲ့ပိတုန်းတွေဆီကိုပစ်ထည့်လိုက်တယ်။ကွမ်းဖတ်တွေနဲ့ပိတုန်းတွေထိပြီး ပိတုန်းတွေ အောက်ကိုပြုတ်ကျကုန်တယ်။ တောက်ရကတော့ စိတ်ထဲရှိတဲ့အတိုင်းလုပ်လိုက်ပေမယ့် အောင်မြင်သွားတာမြင်တော့ လက်ခမောင်းထခတ်တယ်။တောက်ရလက်ခမောင်းခတ်တာကိုမြင်တော့ မယ်မြက ခေါင်းမှာထိုးထားတဲ့ အရိုးကိုထုတ်ပြီး မြေကြီးပေါ်ပစ်ချကာ ဖနောက်နဲ့ပေါက်လိုက်တယ်ဆိုရင်ပဲ အရိုးကတစ်ဖြေးဖြေးကြီးလာပြီး အရိုးထဲကနေ လူအရိုးခြောက်သုံးကောင် ခွဲထွက်လာတာကိုတောက်ရမြင်လိုက်ရတယ်။
အောင်မြတ်သာက တောက်ရအနားသွားပြီး တတိယမျက်လုံးကျင့်စဉ်(တတိယမျက်လုံးကျင့်စဉ်အကြောင်းဖတ်လိုပါက အောင်မြတ်သာနှင့်တတိယမျက်လုံးဆိုတဲ့ဝတ္တုမှ ဖတ်ရှုနိုင်ပါတယ်)ကိုအသုံးပြုကြည့်လို့ပြောလိုက်တဲ့အချိန် တောက်ရက မျက်လုံးကိုစုံမှိတ်ကာ နဖူးအလယ်ကိုအာရုံစိုက်လိုက်တယ်ဆိုရင်ပဲ အမြင်တွေက ရှင်းသွားပြီး အရိုးခြောက်တွေကိုမတွေ့ရတော့ပဲ မူလအရိုးဖြစ်တဲ့ လက်တစ်ထွာလောက်ကိုပဲတွေ့နေရတယ်။လက်တစ်ထွာလောက်ရှိတဲ့အရိုးက မန္တာန်အစွမ်းကြောင့် ခုန်ဆွခုန်ဆွလာနေတာကိုမြင်တော့ တောက်ရက ဘေးမှာကျနေတဲ့ သစ်ကိုင်းခြောက်အသေးလေးနဲ့ ဖြတ်ရိုက်ချလိုက်တာ အရိုးခြောက်က ဘုတ်ခနဲလဲသွားတယ်(သက်ခိုင်အမြင်မှာတော့ တောက်ရက အရိုးခြောက်သုံးကောင်ကို လက်ထဲသစ်ကိုင်းခြောက်နဲ့ရိုက်လိုက်တယ်ပဲ မြင်နေရတာဖြစ်ပါတယ်)မယ်မြက တောက်ရကို နိုင်အောင်မတိုက်နိုင်တာကိုသိတော့ တောင်ဝှေးကိုင်ထားတဲ့အဖွားအိုက လက်ထဲကိုင်ထားတဲ့တောင်ဝှေးကို မြေကြီးပေါ်သုံးချက်ခေါက်လိုက်တာ မြေကြီးထဲကနေ မီးခိုးငွေ့လိုလို အညိုရောင်အငွေ့တွေထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ကျသွားတယ်။
အမှောင်ထုထဲမှာ အောင်မြတ်သာရဲ့ကိုယ်ထဲကနေ အဖြူရောင်အလင်းတန်းတွေဖြာထွက်လာပြီး အဖြူရောင်အလင်းတန်းက တစ်ဝက် အမှောင်ထုကတစ်ဝက်ဖြစ်သွားတယ်။အောင်မြတ်သာက အဖွားအိုရဲ့လုပ်ရပ်ကိုကြည့်ပြီး “အမယ်ကြီး သင်တပည့်မနိုင်တာနဲ့ သင်ကတိကိုဖောက်ဖျက်တော့မှာလား “ဆိုတဲ့စကားကိုလဲကြားရော အဖွားအိုက“ငါ့အတိုက်ကိုနင်ခံစားကြည့်”ဆိုပြီး အမှောင်ထုထဲကနေ မီးတောက်တွေ တစ်ခုပြီးတစ်ခုအောင်မြတ်သာရှိရာဝင်လာခဲ့တယ်။
အောင်မြတ်သာက ဝင်လာတဲ့မီးတောက်တွေကို မရှောင်ပဲ မျက်စိမှိတ်ကာ ရပ်မြဲတိုင်းရပ်နေတာကို သက်ခိုင်မြင်တော့ စိတ်ပူသွားပြီး“ဆရာ မီးတောက်တွေ …..”သက်ခိုင်စကားမဆုံးခင်မှာပဲ မီးတောက်တွေက အောင်မြတ်သာကိုယ်ထဲကိုဖြတ်ဝင်သွားခဲ့တယ်။ အောင်မြတ်သာကိုယ်ထဲ မီးတောက်တစ်ခုဝင်တိုင်း အမှောင်ထုထဲကနေ အော်သံတစ်ချက်ကြားလိုက်ရတယ်။မီးတောက်တွေကုန်တဲ့အချိန် အောင်မြတ်သာရဲ့မျက်လုံးအစုံက ပြန်ပွင့်လာပြီး “တောက်ရ အာဏာပိုင်အင်းကိုသုံးတော့”တောက်ရလဲ အောင်မြတ်သာအသံကိုကြားတာနဲ့ မြေကြီးပေါ်မှာ အောင်မြတ်သာဆွဲပြထားခဲ့တဲ့ အာဏာပိုင်အင်းကို ဆွဲချလိုက်တယ်။
အာဏာပိုင်အင်းကိုလဲဆွဲပြီး မြေကြီးကိုလက်ဖဝါးနဲ့ပုတ်ချလိုက်ရာ မြေကြီးပေါ်မှာဆွဲထားတဲ့အင်းစမက အကွက်လိုက် လေထဲကိုကြွတက်လာတယ်။အာဏာပိုင်အင်းလေထဲကိုတက်ပြီးတော့ အမှောင်ထုတွေထဲကိုဝင်သွားတဲ့နေရာတိုင်းမှာ အမှောင်ထုတွေပျောက်ပြီး အလင်းရောင်တွေပြန်ပေါ်လာခဲ့တယ်။အမှောင်ထုကွယ်ပျောက်တာနဲ့ တစ်ပြိုင်နက် အဖွားအိုနဲ့အပေါင်းအပါတွေက ထဘီကိုခြုံလိုက်တယ်ဆိုရင်ပဲ လူအသွင်ကနေ လင်းတအဖြစ်ကိုပြောင်းသွားပြီး တောင်ပံတစ်ဖတ်ဖတ်ခတ်ကာ ထွက်ပြေးကြပါလေရော။
ထွက်ပြေးတာကိုသိပေမယ့် အောင်မြတ်သာက ဘာမှမလုပ်ပဲ လက်ပိုက်ကာ ရပ်ကြည့်နေတယ်။ လင်းတအဖြစ်အသွင်ပြောင်းသွားတဲ့ အမယ်အိုနဲ့အပေါင်းအပါတွေက တောင်ပံတစ်ဖျတ်ဖျတ်ခတ်ပြီး အစွမ်းကုန်ပျံနေပေမယ့် နေရာကနေမရွေ့ပဲဖြစ်နေတာကိုထူးဆန်းစွာမြင်လိုက်ရတယ်။နောက်ဆုံးမပျံနိုင်တော့ပဲ အောင်မြတ်သာအရှေ့ကို တဖြုတ်ဖြတ်နဲ့ကျပါလေရော။ အောက်လဲရောက်ရော လင်းတတွေအဖြစ်ကနေ လူအဖြစ်ပြန်ပြောင်းသွားခဲ့တယ်။တပည့်တွေအရှေ့မှာအောင်မြတ်သာကို အရှုံးပေးလိုက်ရတဲ့ အမယ်အိုရဲ့ ရင်ဘတ်မှာတော့ မီးလောင်ထားတဲ့ဒဏ်ရာများစွာကိုတွေ့လိုက်ရတယ်။အောင်မြတ်သာလည်း အမယ်အိုရှိရာကို တစ်လှမ်းချင်းလျောက်သွားပြီး ” အရှုံးပေးလိုက်ပါတော့ အမယ်ကြီး သင့်ပညာတွေကိုလှူလိုက်ပါတော့ “
“မလှူဘူး ငါသေမှငါ့ပညာတွေကိုစွန့်လွှတ်နိုင်မယ် ငါ့ကိုသတ်ရင် နင်လဲစည်းပေါက်မယ် ဟားဟား နင်ဘာလုပ်မလဲ ငါ့ကိုသတ်မလား ငါအသေခံမယ် ပညာတွေကိုမလှူဘူး”အမယ်အိုရဲ့စကားကြောင့် အောင်မြတ်သာ အနောက်ကိုသုံးလှမ်းဆုတ်လိုက်ပြီး ” အမယ်ကြီးနဲ့အပေါင်းအပါတွေကို ကျုပ်မသတ်ပါဘူး ပညာတွေကိုမလှူဘူးဆိုတော့ ဆိုင်ရာပိုင်ရာကိုင့်ဖိတ်ပြီး အတင်းအကြပ်ယူခိုင်းရတော့မယ် ကျုပ်ကိုခွင့်လွှတ်ပါ”လို့ပြောပြီး မျက်လုံးအစုံကိုမှိတ်ကာ“ကဝေ စုန်း အောက်လမ်းပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပါသော အမတော်စောနန်းမွန်(ခ)အမေရေယာဉ်ကို ပင့်ဖိတ်ပါသည် ကျွန်ုပ်၏ရှေ့မှောက်သို့ ကြွမြန်းခဲ့ပါ”လို့ပြောလိုက်တယ်ဆိုရင်ပဲ လေထုတွေကြားထဲကနေ လှေတစ်တစင်းပေါ်လာခဲ့ပြီး လှေဦးထိပ်မှာတော့ အနက်ရောင်ဝတ်စုံကိုဝတ်ထားတဲ့ ပုဂ္ဂိုလ်က အောင်မြတ်သာကို မြင်တော့
” လူငယ်ထွက်ရပ်ပေါက်ဆရာလေးက ကျုပ်ကိုခေါ်တယ်ဆိုထဲက သဘောတော့ပေါက်မိပါတယ် ကျုပ်ရဲ့တပည့်တပန်းတွေကြောင့် ဆရာလေးကိုမျက်နှာပျက်ရပီ “လို့ပြောရင်း မြေပြင်မှာ လဲနေတဲ့ အမယ်အိုနဲ့အပေါင်းအပါတွေကို မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်တော့မှ” အမေရေယာဉ် သမီးမိုက်တွေကိုခွင့်လွှတ်ပါ ဒီကဆရာကို မသိလို့အပြစ်ကျူးလွန်မိပါတယ် သေလောက်တဲ့အပြစ်ကိုကျူးလွန်မိပါတယ် အပြစ်ပေးသမျှခံယူပါ့မယ်”ဆိုပြီးကြောက်လန့်တကြားငိုယိုပါလေရော။ထိုအခါအောင်မြတ်သာက ” သူတို့အပြစ်ကိုသိပြီဆိုတော့ သူတို့အသက်ကိုတော့ချမ်းသာပေးပြီး ပညာရပ်တွေကို အမတော်စောနန်းမွန်ကပဲသိမ်းယူပေးပါ ခုနှစ်ရက်သားသမီးတွေကို ထပ်ပြီးဒုက္ခမပေးရင် ကျုပ်ကျေနပ်ပါပြီ”
“စိတ်ချပါ ဆရာလေး ကျွန်တော်မျိုးမရဲ့ လက်အောက်ငယ်သားတွေရိုင်းပြမှုကိုသည်းခံပေးတာကိုပဲကျေနပ်လှပါပြီ “လို့ပြောပြီး အမယ်အိုတို့ကိုကြည့်ကာ“နင်တို့ကိုဒီအတိုင်းတော့ခွင့်မလွှတ်နိုင်ဘူး ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးရမယ် “လို့ပြောပြီး တစ်ယောက်ချင်းစီရဲ့ပညာတွေကို အောင်မြတ်သာရှေ့မှာထုတ်ယူသိမ်းခဲ့တယ်။အောင်မြတ်သာလည်း အမတော်စောနန်းမွန်လက်ထဲကို စိတ်ချလက်ချအပ်ခဲ့ပြီမို့ ဇနပုဒ်ရွာထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
ဇနပုဒ်ရွာကနေထွက်လာပြီးနောက်ပိုင်း ခြေဦးတည့်ရာလျောက်သွားနေရင်း ကျွန်းတုံးဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ ရွာထဲကို ဝင်လာတော့ ရွာလမ်းမအတိုင်း အသုဘချလာတဲ့ လူအုပ်ကိုတွေ့တော့ လမ်းဘေးမှာဆင်းရပ်ပြီး ရပ်ကြည့်လိုက်တာ အလောင်းကလေးလောင်းတိတိဖြစ်နေတာကိုမြင်လိုက်ရတယ်။အောင်မြတ်သာကြည့်လိုက်တဲ့အချိန်မှာတော့ အခေါင်းတစ်ခုစီမှာ လိုက်စီးလာတဲ့ ဝိဉာဉ်လေးကောင်ကိုတွေ့လိုက်ရတယ်။ အခေါင်းပေါ်မှာ လိုက်လာတဲ့လေးကောင်က အောင်မြတ်သာကိုမြင်တော့ အခေါင်းပေါ်ကနေ ခုန်ဆင်းလာပြီး လျာထုတ်ပြလိုက် ပြောင်ပြလိုက်လုပ်ပါလေရော။အောင်မြတ်သာလည်း မမြင်ချင်ယောင်ဆောင်ပြီး ရွာထဲကိုဆက်ဝင်လာခဲ့လိုက်တယ်။ အောင်မြတ်သာတို့အနေနဲ့ ဒီရွာမှာနေရမယ့်အကြောင်းက ဝိဉာဉ်လေးကောင်ကနေစခဲ့တယ်။အဲဒီဝိဉာဉ်လေးကောင်ကဘယ်သူတွေလဲ။ ဘာကြောင့်သေခဲ့ရတာလဲ။ ဘာလို့မကျွတ်လွတ်ရသေးတာလဲ။ အောင်မြတ်သာတို့က ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုကိုတော့ အောင်မြတ်သာနှင့် ဝိဉာဉ်လေးကောင်ဆိုတဲ့ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦး
No comments
Post a Comment