မူရင်းရေးသားသူ—ဆရာတာတေ
+++++++++++++++++++++
တာတေတို့ရွာနဲ့တော့ ဆယ်တိုင်လောက်ဝေးတာပေါ့။
ဆယ်တိုင်ဆိုတာ မိုင်နှစ်ဆယ်ကိုပြောတာဗျ။
ရွာနာမည်က ဘုရားကလေးတဲ့။ ရွာဦးမှာ ထုံးဖြူဖြူနဲ့
ရှေးဟောင်းစေတီတစ်ဆူ ရှိတယ်ဗျ။စေတီကတော့
ကိုးထောင်ပြည့်စေတီပါ။လက်ရာက မြင်တာနဲ့ကို သိတယ်ဗျ။
တော်တော်ကို ရှေးကျတဲ့လက်ရာပါ။
အဲဒီမှာ ဘုရားလေးကို အစွဲပြုပြီး ဒီရွာကိုလည်း ဘုရားလေး
ရွာပဲခေါ်ကြတာဗျ။ ဘုရာလေးရွာက ရွာဝင်လမ်း
တောင်ဘက် ကုန်းမြင့်လေးပေါ်မှာ တည်ထားတာဗျ။
တစ်ချို့ကတော့
ဘုရားလေးကုန်းမြင့်လို့ ခေါ်ကြတယ်။ဒါပေမဲ့ ရွာခံလူတွေ
ခေါ်တာကတော့ “ဆရာပြေးကုန်း”လို့ခေါ်တယ်။
အဲဒီကုန်းပေါ်တက်ပြီး အဓိဋ္ဌာန်ဝင်တဲ့ ဆရာတွေ
အစီရင်လုပ်တဲ့
ဆရာတွေ ဒီကုန်းပေါ်က ရုပ်ပျက်ဆင်းပျက် ဆင်းပြေးရတာတဲ့
ဗျို့။ပြေးရပြီဆိုရင်လည်း နောက်ကိုတောင် တစ်ချက်လှည့်
မကြည့်ရဲဘူးဆိုပဲ။ နောက်လှည့်ကြည့်တဲ့သူကတော့
တအားလန့်ပြီး နှာနပ်ယူရတာတဲ့ဗျာ။
“ဖိုးသူတော်ကြီးတစ်ယောက်တဲ့ဗျ”
လူတစ်ယောက် တက်လာသလို ဘုရားကုန်းပေါ်ကို
လှေကားကနေ တက်လာတာဆိုပဲ။ပြီးတော့ ဘုရားရဲ့
စနေထောင့်မှာအခင်းလေးခင်းပြီး ဘုရားရှိခိုးတာတဲ့ဗျို့။
ဘုရားပေါ်မှာရောက်နေတဲ့ ဆရာကလည်း
သူ့အလုပ်သူလုပ်တာပေါ့။
အဓိဋ္ဌာန် ပုတီးစိပ်ရင် စိပ်မယ်။ဒါမှမဟုတ် အင်းချရင်ချမယ်
ဆေးဖယောင်းတိုင် စီရင်ချင် စီချင်မယ်ပေါ့ဗျာ။
ကိစ္စပြီးတော့မယ်ဆိုတာနဲ့ ဖိုးသူတော်က သူယူလာတဲ့
ကြေးစည်ထထုတော့တာပဲဗျို့။
“နောင်-ဝေ-ဝေ”
နောင်-ဝေ-ဝေ”
အဲဒီကြေးစည်သံကို ကြားရတဲ့လူတိုင်းဟာ တဖြည်းဖြည်း
ကြောက်လာတယ်ဆိုပဲ။ဘာကိုကြောက်မှန်း မသိကြောက်လာ
တာတဲ့ဗျာ။ဖိုးသူတော်ကလည်း သူ့ရဲ့ကြေးစည်ကို မနားတမ်း
ထုတော့တာပဲတဲ့။နောက်ဆုံးတော့ ဆရာတွေ
ဘုရားကုန်းလေးပေါ်က ရုပ်ပျက်ဆင်းပျက်ကိုပြေးဆင်းကြရော
တဲ့ဗျို့။ တချို့ဆရာက ဘုရားကုန်းလေးကုန်းအောက်
ကိုရောက်တော့ဘုရားပေါ်ကိုပြန်ပြီး လှည့်ကြည့်တယ်ဆိုပဲ။
ကိုးတောင်ပြည့်စေတီနဲ့ အမြင့်အတူတူပဲတဲ့ဗျာ။
အရပ်ကိုးတောင်ရှိတဲ့ ဖိုးသူတော်ကြီး ဘုရားပေါ်မှာ
မားမားကြီးရပ်ပြီးမျက်လုံးပြူးပြူးကြီးနဲ့ ကြည့်နေတာဆိုတာပဲ
ဗျ။အဲဒါ
ကြက်သေ သေပြီး ဆက်ကြည့်နေလို့ကတော့ လက်ထဲက
ကြေးစည်ကို ထထုတော့တာပဲတဲ့ဗျာ။
အဲဒီချိန်မှာ အကြောက်လွန်နေတဲ့ ဆရာလည်း ခွေကနဲ
လဲကျပြီး သတိတွေ ဘာတွေ လစ်သွားတော့တာပေါ့ဗျာ
ဘုရားလေးကုန်းက ကြေးစည်သံတွေ ကြားပြီဆိုတာနဲ့—
“ဟဲ့ သွားကြပါဦးဟဲ့ ဘုရားလေးဘက်က ကြေးစည်သံတွေ
ကြားနေလို့ ဖိုးသူတော်က ဘာလုပ်နေပြန်ပြီလဲ သွားကြည့်
ကြပါဦးဟဲ့”
လို့ လူကြီးတွေ အော်ကြဟစ်ကြရင်း ရွာထဲက
ယောင်္ကျားလေးငါးယောက် ဘုရားလေးကုန်းဘက်
ပြေးကြည့်ကြရတာတဲ့ဗျ။
ဘုရားပေါ်မှာ ဖိုးသူတော်တော့ မရှိတော့ဘူးတဲ့။သတိမေ့နေတဲ့
ဆရာကိုခေါ်ပြီး ရွာထဲမှာ နှာနှပ်ယူကြရတာဆိုပဲ။
အဲဒီဆရာတွေဆိုတာလည်း သတိရသွားရင် ရှက်ပြီး
တန်းပြန်ကြတာဆိုပဲ။ ဘုရားလေးရွာသားတွေကိုယ်တိုင်လည်း
ဒီဖိုးသူတော်ကို ကြောက်နေကြတာဗျ။
ဘုရားကုန်းပေါ်ကိုတစ်ယောက်တည်း
နှစ်ယောက်တည်း မသွားဝံ့ကြဘူး။
ဘုရားပန်းလဲတာတို့ ဘုရားရင်ပြင် တံမြက်စည်းလှည်းတာတို့
ဆိုရင်တောင် လေးငါးဆယ်ယောက်သွားပြီး လုပ်ကြရတာ
တဲ့ဗ်။
ဘုရားလေးရွာသားတွေလည်း ကြိတ်ပြီးဆရာရှာနေကြတာဗျ။
ဒီဖိုးသူတော်ကို သူတို့ရွာကဘုရားကနေ နှင်ထုတ်ချင်နေကြ
တာဗျို့။ ဒါပေမဲ့ သူတို့ ရှာလာတဲ့ ဆရာတွေလည်း
ဖိုးသူတော်ရဲ့ကြေးစည်သံကို မခံနိုင်တော့
အလဲလဲအကွဲကွဲ ပြေးကြရတာချည်းပဲတဲ့ဗျ။
ဘုရားလေးရွာသားတွေက ဇွဲတော့လွှတ်ကောင်းဗျ။
ဒီကိစ္စကို နည်းနည်းမှ လက်မလျော့ဘူး။ ဆရာပဲပတ်ရှာနေကြ
တာဘုရားလေးမှာ ကျုပ်နဲ့မြို့ကျောင်းမှာအတူတူတက်ခဲ့တဲ့
ငကျော်ဆိုတဲ့ကောင်တစ်ကောင်ရှိတယ်ဗျ။တစ်ရက်တော့
ငကျော် ကျုပ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတာ
ဗျို့
“ဟာ ဟေ့ကောင်ငကျော်။ ဝမ်းသာလိုက်တာ သူငယ်ချင်း”
ကျုပ် ငကျော်ကို တွေ့တော့ တော်တော်ကို ဝမ်းသာသွားတာ
ဗျ။ဒီကောင်လည်း ကျုပ်လိုပဲ ဝမ်းသာရှာပါတယ်။
ထုံးစံအတိုင်းအတိုင်းပေါ့ဗျ။
သူမိဘအကြောင်း အလုပ်အကိုင်အကြောင်း
ရပ်ရွာအကြောင်းတွေ မေးကြပြောကြတာပေါ့ဗျာ။ပြီးတော့မှ
ငကျော်က စောစော
က ကျုပ်ပြောခဲ့တဲ့ ဘုရားလေးရွာက
ဖိုးသူတော်တစ္ဆေအကြောင်း
ပြောပြတာဗျို့။ကျုပ် တော်တော် အံ့သြသွားတယ်ဗျာ။
“တာတေ ငါ အခုလာတာ မင်းကို လာပင့်တာပဲ
သူငယ်ချင်းရေ”
“ဟေ— မင်းက ငါ့ကို လာပင့်တယ် ဟုတ်လား ငကျော်”
“အေးလေ တာတေရာ မင်းသတင်းတွေက
ငါ့တို့ဘုရားလေးမှာကျော်နေတာပါကွာ”
“ဟာ ငကျော်ကလည်း ငါကဆရာမှ မဟုတ်တာကွာ
ဆရာတွေနဲ့ လျှောက်လိုက်ပြီး စပ်စုဖူးတာပဲရှိတာကွ
အခုမင်းပြောတဲ့ ဖိုးသူတော်တစ္ဆေက တော်ရုံဆရာနဲ့
ရမယ်ပုံမပေါ်ဘူးကွ”
“ဟကောင်တာတေရ ငါ့တို့ကလည်း အဲဒီဖိုးသူတော်ကို
နှင်ထုတ်ပေးဖို့ မင်းကိုလာခေါ်တာ မဟုတ်ဘူးကွ။
ငါတို့ အဲဒီဖိုးသူတော်ကိုနိုင်မယ့်ဆရာကြီးတစ်ယောက် ရွာကို
ပင့်လာခဲ့ပြီ။ဒါပေမဲ့ အခက်အခဲက ဒီလိုကွ ဒီဆရာကြီးက
အသက်လည်းရှစ်ဆယ်ကျော်ပြီး မျက်စီကလည်း
တော်တော်ကိုမှုန်နေပြီး နားကလည်း တော်တော်ကို
လေးနေပြီကွ။
ဒါပေမဲ့ ပညာက တော်တော်ထက်ပုံရတယ်။အဲဒါသူ့ကို
ဘုရားကုန်းပေါ် တွဲခေါ်သွားပြီး သူနဲ့ အဖော်လိုက်ပေးမယ့်လူ
တစ်ယောက်လိုနေတာ ရှာလို့မရဘူး ဖြစ်နေတာကွ။
ငါ့တို့ရွာသားတွေကလည်း တစ်ယောက်မှ ဒီဆရာကြီးနဲ့
မလိုက်ရဲဘူးကွ။ငါကအစ ဆိုပါတော့”
“သြော်– ဒီလိုလားဒါထက်မင်းတို့ဆရာကြီးရဲ့
နာမည်ကဘယ်သူတုံး”
“ဦးတုံတဲ့ကွ ဆရာတုံလို့ ခေါ်ကြတယ်။ငယ်ငယ်ကတော့
သူလည်းနယ်တကာလှည့်ပြီး ဆေးကုလာတဲ့
ဆရာတစ်ယောက်ပဲကွာ”
“ငါလည်း ဒီဆရာကြီးရဲ့ တပည့်လုပ်ပြီး
လိုက်ရမယ်ဆိုပါတော့”
“ဟုတ်တယ် သူငယ်ချင်း ငါ့တို့ တစ်ရွာလုံး
ဒီဖိုးသူတော်အတွက်
တော်တော်ကို စိတ်ညစ်နေကြတာကွ။ကြောက်လည်း အရမ်း
ကြောက်နေကြတာပေါ့ကွာ ဘုရားမှာလည်း အရင်လို လူသူ
အရောက်အပေါက် သိပ်မရှိတော့ဘူးကွ တော်တော်ကို
ခြောက်နေပြီ”
ဒီဖိုးသူတော်အနေအထားက သိပ်မလွယ်ဘူးထင်လို့
ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော်ကို
အကျိုးကြောင်းလျှောက်ပြီသစ်စုန်းတောင်ဝှေး ယူလာခဲ့
တယ်။
ငကျော် လာခေါ်တဲ့ လှည်းနဲ့ပဲ ကျုပ်လိုက်ခဲ့တယ်ဗျ။
ဘုရားလေးရွာရောက်တော့ ညနေစောင်းနေပြီ။
ကျုပ်ငကျော်တို့အိမ်မှာ ထမင်းစားတယ်။စားသောက်ပြီးမှာ
သူကြီးဦးဘစိုး
အိမ်ကို လိုက်ခဲ့ရတယ်။ကျုပ်သူကြီးအိမ်ရောက်တော့
“သြော်—မောင်တာတေက ဒီသူငယ်လား”လို့သူကြီးက
ကျုပ်ကိုမေးတယ်။
ဆရာတုံလို့ခေါ်တဲ့အဘိုးကြီးက ကျုပ်ကို သူ့အနားခေါ်ပြီး
ကျုပ်ခေါင်းတွေ ပခုံးတွေကို လက်နဲ့စမ်းကြည့်တယ်။
“မောင်တာတေ ဒီကိစ္စကို အချိန်မဆွဲဘဲ ဒီညပဲ မြန်မြန်ရှင်းပစ်
ရမယ်ကွဲ့ မောင်တာတေ ကျုပ်ရဲ့တပည့်လုပ်ပေါ့ ပြီးရင်
ကျုပ်ခိုင်းတဲ့အတိုင်း ရဲရဲဝံ့ဝံ့သာလုပ်ကွဲ့ ဘာမှမကြောက်နဲ့”
“ဟုတ်ကဲ့ဆရာကြီး”
“အေး ကျုပ်က မျက်စီကလည်း မမြင် နားကလည်း
မကြားဆိုတော့ မောင်ကပဲ ကျုပ်ဘေးကမှာထိုင်ပြီး
မြင်တာတွေ
ဘာတွေကို ပြောပြမှဖြစ်မှာကွဲ့။ပြီးတော့ မောင်တာတေ
လုပ်ရမှာတွေ ကျုပ်ပြောမယ် ဒီဖိုးသူတော်တစ္ဆေက
လူလိုသွား
လာနေနိူင်တယ်ဆိုတာ အတိတ်ဘဝက သူ့လုပ်ခဲ့တဲ့
ကောင်းမှု
ကုသိုလ်တွေကလည်း ရှိနေတာကိုးကွဲ့ သူအမြဲဆောင်ထားတဲ့
ကြေးစည်က လူဘဝတုန်းက အလှူခံရင်
သူထုတဲ့ကြေးစည်ကွဲ့။
အဲဒီကြေးစည်က သိဒ္ဓိအစွမ်းတွေ ဝင်နေတယ်။တစ္ဆေဘဝမှာ
သူက အဲဒီ ကြေးစည်ကို ပြန်ရသွားပြီး ဒီကြေးစည်ရဲ့
သိဒွိအစွမ်းတွေကို တလွဲသုံးနေတာကွဲ့ မောင်တာတေ
မှတ်ထားရမှာက ကျုပ် ဂါထာတွေ ရွတ်တဲ့အခါ
ဒီဖိုးသူတော်ကို
သေချာကြည့်နေကွဲ့။တချိန်မှာ သူငိုက်ကျသွားလိမ့်မယ်
မောင်တာတေက အဲဒီအချိန်မှာ ပြေးပြီ သူ့ကြေးစည်ကို
လုယူလိုက်ကွဲ့ ပြီးရင် ဟောဒီကြိုးနဲ့ ကြေးစည်ကို
ဇောက်ထိုး ပြန်ချည်လိုက်”
“ဗျာ—ကြေးစည်ကို ဇောက်ထိုး ဘယ်လိုချည်ရမလဲ
ဆရာကြီး”
“ကြေးစည်ရဲ့နားရွက်နှစ်ဖက်မှာ ဟောဒီကြိုးတစ်စစီ ချည်ပြီး
ဆွဲလိုက်ရင် ကြေးစည်က ဇောက်ထိုးဖြစ်ရောပေါ့ကွဲ့”
“သြော်—သိပြီ ဆရာကြီး သိပြီ”
“ဒီကြိုးက ရိုးရိုးကြိုး မဟုတ်ဘူးကွဲ့ သိမ်ဝင်ထားတဲ့ကြိုးကွဲ့။
ပြီးရင်တော့ ဒီကြေးစည်လက်ခတ်ကိုယူထား သူ့ဆီက လုတဲ့
အခါ ကြေးစည်ပဲ လုရမှာနော် လက်ခတ် လုစရာမလိုဘူး
ဒီလက်ခတ်ကရွာဦးရွာဖျားမှပေါက်တဲ့ နတ်ရဲညောင်ပင်က
အသားနဲ့ လုပ်ထားတာကွ ဒီလက်ခတ်နဲ့ ကြေးစည်ကို
ဇောက်ထိုးထုရမှာ မောင်တာတေ မှတ်မိရဲ့မို့လား”
“မှတ်မိပါတယ် ဆရာကြီး”
“ကဲ…ဒါဆိုရင် သွားစို့။ဖယောင်းတိုင်ထုပ်တွေ
အမွှေးတိုင်ထုပ်တွေ လွတ်အိတ်ထဲ ထည့်လွယ်ခဲ့ကွဲ့”
ဘုရားလေးရွာသားတွေက ဆရာတုံနဲ့ ကျုပ်နဲ့ကို ဘုရားကုန်း
အခြေထိတော့ လိုက်ပို့ပေးကြတယ်ဗျ။ကျုပ်ရဲ့ဆရာကြီးက
ဦးတုံဆိုတဲ့ နာမည်နဲ့လိုက်အောင် လက်ကတုန်တုန်နဲ့ ပုတီး
တစ်ကုံးကိုင်ထားတယ်။ပြီးတော့ သူ အသံတုန်တုန်နဲ့
ဘုရားရှိခိုးတယ်ဗျ။
ဟော…လာပြီဗျို့ လာပြီ ဘုရားကုန်းပေါ်ကို
ခါးကိုင်းကိုင်းကြီးနဲ့
တက်လာတာဗျ။ကျုပ်စိတ်ထဲမှာ ဖိုးသူတော်ကြီးဆိုတော့
ဝဝကြီးများလာလို့။အခုတက်လာတဲ့ ဖိုးသူတော်ကတော့
ပိန်ပိန်ရှည်ရှည် ခါးကိုင်းကိုင်းကြီးဗျ။အောင်မယ်
လက်ထဲမှာတော့ကြေးစည်ကို သေသေချာချာ ကိုင်ထားတာ
ဗျို့။လည်ပင်းမှာ ဇီးဖြူသီးလုံးလောက်ရှိတဲ့
စိပ်ပုတီးကြီးတစ်ကုံးစွပ်လို့ဗျ။
အောင်မယ် ဒီတစ္ဆေက လူအတိုင်း သွားလာနေနိူင်တာဗျို့။
မသိရင် သူ့ကို လူလိုပဲ ထင်ကြမှာ ကြည့်စမ်းဗျာ ဆရာကြီးနဲ့
တစ်လံလောက်မှာ ထိုင်တာဗျ။သူ့မှာပါတဲ့
ပိတ်ဖြူအခင်းလေးကို
ခင်းလိုက်တာဗျ။ အောင်မယ် တစ္ဆေက ကျုပ်ကို မသိမသာ
တစ်ချက်စောင်းကြည့်တယ်။ကျုပ်က စေတီကိုမော့ကြည့်
နေယောင်ဆောင်လိုက်တယ်။
“မောင်တာတေ ကျုပ်ဂါထာတွေ စရွတ်ရတော့မှာလား”
ကျုပ်က ဆရာကြီးအနားကိုသွားပြီး လက်ကုတ်လိုက်တယ်
ဆရာကြီးနဲ့ကျုပ်လမ်းမှာကတည်းက
လုပ်လာတဲ့အချိတ်အဆက်
ပေါ့ဗျာ။ဆရာကြီးက နားလုံးဝကြားတော့တာမှ မဟုတ်တာ။
ဟော..ရွတ်ပြီဗျို့ဆရာကြီး ဂါထာတွေ စရွတ်ပြီ ဖိုးသူတော်
တစ္ဆေကလည်း လည်းပင်းက ပုတီးကြီးဖြုတ်ပြီး စိပ်နေတာဗျ။
ကျုပ်ကတော့ တစ္ဆေကို မျက်ခြည်မပြတ် ကြည့်နေတာ။
ဆရာကြီးက ဂါထာတွေရွတ် တစ္ဆေက ပုတီးကြီးစိပ်ပေါ့ဗျာ။
ခေါင်းကြီးရှေ့ငိုက်စိုက်ကျပြီး ငိုက်နေပြီဗျ။သူ့ပေါင်ပေါ်မှာ
တင်ထားတဲ့ ကြေးစည်ကို ကျုပ်ပြေးယူလိုက်တယ်။
လက်ခတ်တော့ မယူဘူးလေဗျာ
ဆရာကြီးနဲ့နတ်ရဲညောင်သားနဲ့
လုပ်ထားတဲ့ ကြေးစည်လက်ခတ်က ကျုပ်ခါးကြားမှာ
ထိုးတာတာလေဗျာ။
ဆရာကြီးပေးထားတဲ့ သိမ်ဝင်ကြိုးနဲ့ ကြေးစည်ကို ခပ်မြန်မြန်
ဇောက်ထိုးချည်လိုက်တယ်။ပြီးတော့ ခါးကြားက ညောင်သား
လက်ခတ်ကိုယူပြီး အဆင့်သင့် လုပ်ထားလိုက်ထားလိုက်တဲ့ဗျ
ဟော…ဖိုးသူတော်တစ္ဆေ သတိဝင်သွားပြီဗျ။
အိပ်ငိုက်ကနေ ဆတ်ကနဲဖြစ်သွားပြီး သူပေါင်ပေါ်မှာတင်ထား
တဲ့ ကြေးစည်ကို ကောက်ကိုင်လိုက်တယ်။ဒါပေမယ့်
ကြေးစည်မရှိတော့ပဲ လက်ခတ်ပဲ သူ့လက်ထဲပါသွားတယ်။
ဖိုးသူတော်တစ္ဆေ မျက်လုံးကြီးပြူး ဆရာကြီးကို
ကြည့်နေတယ်
ဟော ဝုန်းကနဲ့ မတ်တပ်ထရပ်လိုက်တယ်။
ဒါတွေကို ကျုပ်ပဲမြင်နေတာလေ။ဆရာကြီးကတော့
မြင်လည်းမမြင် ကြားလည်း မကြားရတော့ ဂါထာတွေပဲ
ရွတ်ဖတ်နေတာဗျ။
ဖိုးသူတော်တစ္ဆေက ဆရာကြီးကို သူရဲ့ပုတီးကြီးနဲ့
ရိုက်ဖို့ပြေးလာပြီဗျို့။
“နောင် ဝေ ဝေ ဝေ”
ဟာ…ကျုပ်တစ်သက်မှာ ဒီတစ်ခါပဲ ကြေးစည်ကို
ဇောက်ထိုးထုဖူးတာဗျို့။အသံကြီးက တစ်မျိုးကြီးဗျာ။
တစ္ဆေ တုံ့ခနဲ ရပ်သွားတယ်။ကျုပ်ကို မျက်လုံးပြူးကြီးနဲ့
ကြည့်နေတယ်ဗျ။ဟော…ကျုပ်ဆီကို ပြေးလာနေပြီဗျို့။
“နောင် ဝေ ဝေ ဝေ”
“နောင် ဝေ ဝေ ဝေ”
ဟာ…ဖိုးသူတော်ကြီး ရှေ့မတိုးတော့ဘူးဗျ။
တုံ့ကနဲကို ရပ်သွားတယ်။
“နောင် ဝေ ဝေ ဝေ”
ကျုပ်လည်း ကြေးစည်ဇောက်ထိုးလို့ နတ်ရဲ့ညောင်သားလက်
ခတ်နဲ့ အဆက်မပြတ် ထုတော့တာပေါ့ဗျာ
ဟော…တစ္ဆေ တဆတ်ဆတ် တုန်နေပြီဗျို့။
“နောင် ဝေ ဝေ ဝေ”
ဟာ …တစ္ဆေဒူးထောက်ထိုင်ချလိုက်ပြီဗျို့။
အောင်မယ် အံတွေကြိတ်ပြီး ဆရာကြီးကို ထသတ်တော့မလို့
ကြည့်နေတာဗျို့။
“င့ါကြေးစည် ပြန်ပေး”
ဟာ အသံထွက်တယ်ဗျို့။တစ္ဆေက
ကျုပ်ကိုစိုက်ကြည့်နေတယ်
ကျုပ်လည်း ကျောထဲမှာ စိမ့်ကနဲဖြစ်ပြီး ကြက်သီးတွေ
ဖျန်းကနဲ ထသွားတာပေါ့ဗျာ။
“နောင် ဝေ ဝေ ဝေ”
စိတ်ထဲ ကြောက်သလို ဖြစ်လာလေ ကြေးစည်ကိုဖိပြီး
ထုလေပေါ့ဗျာ။
ကျုပ်ချိုင်းကြားထဲမှာ ထနောင်းကုန်းက ကျုပ်ဆရာတော်
ပေးလိုက်တဲ့ သစ်စုန်းတောင်ဝှေးလည်းညှပ်ထားသေးတယ်ဗျ။
ကျုပ်ကို တစ်ခုခု လုပ်လို့ကတော့ သစ်စုန်းအကြောင်း
ကောင်းကောင်းသိသွားမှာပေါ့ဗျာ။
သစ်စုန်းပင်ဆိုတာ မဖဲဝါကိုယ်တိုင် အစောင့်ချပြီး
ကာကွယ်ရတဲ့အပင်ဗျ။မျက်စီနဲ့ မြင်ရတဲ့ အပင် မဟုတ်ဘူး
ကျုပ်တောင် မျက်ကွင်းဆေးကွင်းပြီး နုတ်ယူရတာ။
အဲဒီသစ်စုန်းသားနဲ့ လုပ်ထားတဲ့ တောင်ဝှေးလေဗျာ။
“မောင်တာတေ…တစ္ဆေကို ကျုပ်အနား ခေါ်လိုက်”
“ဆရာကြီးအနားမှာ ရိုရိုသေသေ ဒူးထောက် ဆရာကြီးရဲ့
အမိန့်ကို နာခံ”
ကျုပ်ပြောတဲ့အတိုင်း ဖိုးသူတော်တစ္ဆေက လိုက်လုပ်တယ်ဗျ
ကျုပ်ကတော့ လက်ထဲက ကြေးစည် ဇောက်ထိုးကို
မပြတ်ထုနေရတာပေါ့ဗျာ။
“နောင် ဝေ ဝေ ဝေ”
“နောင် ဝေ ဝေ ဝေ”
ကျုပ် ဆရာကြီးကို လက်နဲ့ သုံးချက်ကုတ်လိုက်တယ်။
ဒါဆရာကြီးပြောထားတဲ့ အချက်ပေးသင်္ကေတလေဗျာ
ဆရာကြီးကလည်း သဘောပေါက်သွားတယ်
“နောင် ဝေ ေ ဝ ဝေ”
ကျုပ်ကြေးစည်ဇောက်ထိုးကို ထုလိုက်တယ်။
ဟာ…တစ္ဆေပြေးပြီဗျို့။ပြေးပြီ။ဘုရားကုန်းပေါ်ကနေဆင်းပြီး
ပြေးပြီဗျ။
အဓိဋ္ဌာန်ဝင်တဲ့သူတွေ ဆရာသမားတွေကို
ဒီဘုရားကုန်းပေါ်က ဆင်းပြေးအောင် အမြဲလုပ်ခဲ့တဲ့ဖိုးသူတော်
တစ္ဆေကြီး ခါးကြီးကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ဆင်းပြေးသွားပြီဗျို့။
ဒီတစ်ခါတော့ ဆရာပြန်ပြေးဘုရားလေး မဟုတ်တော့ဘူးပေါ့
ဗျာ။တစ္ဆေပြန်ပြေး ဘုရားလေး ဖြစ်သွားပြီးလေဗျာ။
ဒီကုန်းကို ဆရာပြေးကုန်း လို့ ခေါ်စရာ မလိုတော့ဘူးဗျ။
‘တစ္ဆေပြေးကုန်း’လို့ပဲ ခေါ်တော့ဗျာ။
“နောင် ဝေ ဝေ ဝေ”
ကျုပ်က လှေကားထိပ်အထိလိုက်ပြီးကြေးစည်ထုပေး
လိုက်တယ်။
ပြီးတော့ ဆရာကြီးကို လက်နဲ့ နှစ်ချက်ကုတ်လိုက်တယ်။
“သွားပြီလားကွဲ့ မောင်တာတေရဲ့”
“သွားပါပြီ ဆရာကြီးရေ သွားပြီဗျို့”
ကျုပ်က ဆရာတုံရဲ့ နားနားကိုကပ်ပြီး ခပ်ကျယ်ကျယ်
အော်ပြောလိုက်တယ်။
“အေး ဒါဆို ရှင်းသွားပြီပေါ့ကွယ် ကဲ ကျုပ်ဒို့ အချိန်းအချက်
လုပ်ခဲ့အတိုင်း ဘုရားလေးက လူတွေကို မီးပြပြီး
ခေါ်လိုက်ပေတော့ မောင်တာတေရေ”
ကျုပ်က လွတ်အိတ်ကြီးထဲက ငါးတောင့်ထိုးလက်နှိပ်
ဓါတ်မီးကိုထုတ်ပြီး ရွာဘက်ကို မှိတ်လိုက် ဖွင့်လိုက်
လုပ်ပြလိုက်တယ်။
ဟော ရွာဘက်ကလည်း အချက်ပြန်ပြတယ်။
ခဏနေတော့ ရွာသားတွေ ဘုရားကုန်းပေါ်ကို
ဆူညံဆူညံနဲ့ တက်လာကြတယ်။
သူကြီး ဦးဘစိုးလည်းပါတာကိုးဗျ။
ရွာသားတွေက ဘုရားလေးရဲ့ ရင်ပြင်တော်ပေါ်မှာ
ဖယောင်းတိုင်မီးတွေ တက်ထွန်းကြတယ်။
ဘုရားရဲ့ လုံးပတ်တော်မှာလည်း ဖယောင်းတိုင်တွေ
လိုက်ပြီး ထွန်းကြတယ်။
ရွာဘက်က ဆူညံဆူညံသံတွေကြားလို့
ကျုပ်ထွက်ကြည့်လိုက်တယ်။ဟာ…ရွာသားတွေ
ရွာပြင်ကိုထွက်ပြီး ကြည့်နေကြတာကိုး။
ဘုရားမှာလည်း မီးတွေ ထိန်သွားရောဗျို့။
ခဏနေတော့ ရွာကလူတွေ ဖယောင်းတိုင်ထုပ်တွေယူပြီး
ထပ်လိုက်လာကြတယ်။
ဘုရားကုန်းပေါ်တက်တဲ့ လှေကားထစ်တွေမှာပါ
မီးတွေထွန်းကြတာဗျို့။
ဖိုးသူတော်တစ္ဆေရဲ့ ကြေးစည်နဲ့ လက်ခတ်ကို
ဆရာကြီးဦးတုံကို အပ်လိုက်ကြတယ်။
ကိစ္စအားလုံးပြီးသွားတော့ ဘုရားလေးကနေ
ကျုပ်ရွာကိုပြန်ခဲ့တယ်။ကျုပ်သူငယ်ချင်း ငကျော်ပဲ
ကျုပ်ကိုလှည်းနဲ့ပြန်ပို့တာလေဗျာ။
ဘုရားလေးရွာသူတွေ ယက်ကန်းခတ်ထားတဲ့
တဘက်မာဖလာနဲ့ မြေပဲ နှမ်းဆီ ပုန်းရည်ကြီး ထန်းလျက်
အို—စုံလို့ပေါ့ဗျာ ကျုပ်ကို လက်ဆောင်ပေးလိုက်ကြတာဗျို့—–
ပြီးပါပြီ။
No comments
Post a Comment