ချမ်းသာတဲ့ ဖခင်ဟာ သားဖြစ်သူကို ခေါ်ပြီး
နာမည်ကြီး တံဆိပ် တွေရောင်းတဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ်ထွက်ကြတယ်။ သူတို့ကားဆီအပြန်လမ်းမှာ အဝတ်စုတ်ဝတ်ထားတဲ့ ဆင်းရဲသားလေးက သူတို့အနားကို ချဉ်းကပ်လာတယ်။ ဆင်းရဲသားလေးက ငိုနေတယ်။
ချမ်းသာတဲ့ အဖေက ဆင်းရဲသားလေးကို တချက်ကြည့်ရင်း သနားဂရုဏာသက်သွားတယ်။ဆင်းရဲ့သားရဲ့အဝတ်အစားတွေက စုတ်ပြဲပြီး မွစာကြဲနေတယ်။
"သားလေး အသက်ဘယ်လောက်ရှိပြီလဲ"
“သားအသက်က ဆယ်နှစ်ပါဆရာ”
အဲဒီအခါ သူဌေးအဖေကပြောတယ်။
"အင်း၊ ဦးရဲ့သားက လည်း ဆယ်နှစ်ပဲရှိသေးတယ်၊ သူ့အဝတ်အစားအသစ်က လူလေးနဲ့ တော်မယ်လို့ ထင်တယ်"
အဖေဖြစ်သူက သူနဲ့ရုပ်ချင်းဆင်တဲ့ ချောမောလှပတဲ့သားလေးကို ကြည့်လိုက်တယ်။
"သား၊ အဖေတို့ဝယ်ထားတဲ့အဝတ်အစားအသစ်တွေထဲက တချို့ပေးလိုက်လို့ ရမလား။ မနက်ဖြန်မှာ ထပ်ဝယ်လို့ရပါသေးတယ်"
ကောင်လေးက တိုးတိုးလေး ပြောတယ်။
"ပေးလိုက်ပါ အဖေ".
ချမ်းသာတဲ့ဖခင်ဟာ အိတ်ကိုဖွင့်ပြီး အဝတ်အစား တချို့ယူကာ ဆင်းရဲသားကိုပေးလိုက်တယ်။
ဆင်းရဲသားလေးဟာ စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တယ်။
သူဌေးက မေးတယ်။
"သားဘယ်မှာနေလဲ ပြောလို့ရမလား"
ဆင်းရဲသားလေးက ခေါင်းညိတ်တယ်။
"ကျွန်တော်က ဒီတံတားအောက်က လမ်းဘေးမှာနေတာ"
ဆင်းရဲသားလေးဟာ လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဖော်ပြပြီး ဖခင်နဲ့သားဖြစ်သူ ကားထဲဝင်၊ ကားမောင်းထွက်သွားတာကို ကြည့်ရှုနေခဲ့တယ်။
သုံးလအကြာမှာ ချမ်းသာတဲ့ဖခင်ဟာ လမ်းပေါ်ကို ကားမောင်းလာပြီး တံတားအောက်မှာ နေတဲ့ ဆင်းရဲသားလေးကို လိုက်ရှာခဲ့ပါတယ်။ ဆင်းရဲသားလေးကို တွေ့တော့ ကားပေါ်ခေါ်သွားပြီး အဝတ်ဘူးတွေ၊ ဖိနပ်တွေ၊ အိတ်တွေ၊ အရုပ်တွေ ထုတ်ယူပေးတယ်။
"ဒါတွေက ဦးသားရဲ့ ပစ္စည်းတွေပါ။အခု ဒါတွေအကုန် လူလေးကို ပေးမယ်"
သနားစရာကောင်းတဲ့ ကောင်လေးက အံ့သြပြီး ငိုချလိုက်တယ်။
"ဒါပေမဲ့ ဆရာရဲ့သားကကော၊ ဒါတွေ မလိုအပ်တော့ဘူးလား"
“မလိုတော့ဘူးသား။ ဘာဖြစ်လို့လဲဆိုတော့ သူက အခု ကောင်းကင်ဘုံရောက်သွားပြီ။
ဦးရဲ့ ချစ်စရာ သားလေးငယ်က လွန်ခဲ့တဲ့
ရက်သတ္တပတ်အနည်းငယ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။သားလေးက ကင်ဆာရောဂါနဲ့ သုံးနှစ်ကြာနေထိုင်ခဲ့တယ်။
သေတော့မယ်ဆိုတာ ဦးတို့အားလုံး သိခဲ့ပြီးသားမို့ သားလေးရဲဲ့ နောက်ဆုံးနေ့ရက်တွေမှာ သိပ်ခံစားရခက်တယ်"
သားလေး ဘဝကူးခဲ့တဲ့ အိပ်ယာပေါ်မှာ သားက ဘာ ပြောခဲ့တယ်ထင်လဲ။
"ဖေဖေ သား သေသွားရင် သားပစ္စည်းအားလုံးကို
ကုန်တိုက်အပြင်မှာ တွေ့ခဲ့တဲ့ ဆင်းရဲသားကောင်လေးကို ပေးနိုင်မလား၊ ဘာမှမရှိတဲ့ ကောင်လေးက အဝတ်စုတ်ဝတ်ပြီး တံတားအောက်မှာ အိပ်နေရရှာတယ်"
သူဌေးက ပြောရင်း မျက်ရည်ကျလာတယ်။
"လူလေး ။သားက ဆင်းရဲပေမယ့်
ငွေနဲ့ ဝယ်လို့မရတဲ့ အရာတခုကို ပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ သား မသိနိုင်ဘူး။ ငွေနဲ့သာ ဝယ်ရရင် ဦးရဲ့ သားအတွက် အသက်တရာလောက် ဝယ်ပေးခဲ့နိုင်ပေမယ့် ဝယ်မရနိုင်ဘူး။လူလေးက ဦးသားရဲ့ ဘဝနေထိုင်မှုပုံစံကို အားကျခဲ့လိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ရုန်းကန်မှုတွေနဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေအားလုံးကို လူလေးမသိခဲ့တာ သေချာပါတယ်။"
******
ဘဝဆိုတာ ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝကို တခြားလူတွေနဲ့ နှိုင်းယှဉ်လေ့ရှိကြတယ်။
၊ ဘဝတိုင်းက ပြီးပြည့်စုံမှုမရရှိတာကို မေ့လျော့နေတတ်ကြတယ်။ လူတိုင်းမှာ လောကဓံ၈ပါး တွေ့ကြုံနေရပြီး ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရလေ့ရှိပါတယ်။
အဲဒီတော့ သူများတွေကို အားကျနေမယ့်အစား ကိုယ့်ဘဝကိုယ် သိ ကိုယ့်လမ်းကိုယ် ဖောက်ဖို့ပဲ အာရုံစိုက်သင့်ပါတယ်။ ဘဝရှိနေသရွေ့ မျှော်လင့်ချက်ဆိုတာရှိသလို ကြိုးစားခွင့်ရှိပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်
No comments
Post a Comment