ရွှေစက်တော်အနီးမန်းချောင်းကြီးက ဒန်းစီးမောင်နှမ

  ရွှေစက်တော်အနီးမန်းချောင်းကြီးက ဒန်းစီးမောင်နှမ ~~~~~~~~~~~~~~~~~~~~~~~~~~ အင်းဝမင်းနေပြည်တော် သတိုးမင်းဖျား လက်ထက်မှ ဆင်းသက်၍ ဒုတိယမင်းခေ... thumbnail 1 summary

 ရွှေစက်တော်အနီးမန်းချောင်းကြီးက ဒန်းစီးမောင်နှမ

~~~~~~~~~~~~~~~~~~~~~~~~~~
အင်းဝမင်းနေပြည်တော် သတိုးမင်းဖျား လက်ထက်မှ ဆင်းသက်၍ ဒုတိယမင်းခေါင်လက်ထက် အရောက်တွင် ကြေကွဲဝမ်းနည်းစရာ အဖြစ်ပျက်တစ်ခု စတင်ခဲ့လေသည်။
ထိုမင်းခေါင်ဘုရင်တွင် နှမတော်လေး တစ်ပါးရှိသည်။ ထိုနှမတော်လေး အမည်သည်ကား ကံဖူးမယ် ဖြစ်သည်။ ကံဖူးမယ်က အစ်ကိုတော် မင်းခေါင်ဘုရင်အား ညီလာခံဝင်ရောက် ခစားဝင်တိုင်း မောင်ကြီးတစ်သက် နှမတစ်သက် ကြင်ဖက်မရှာတမ်းဟူ၍ ကတိတောင်း၍ မိမိသည်လည်း ပိတ်ဖြူဝတ်ကာ ဘိက္ကူနီမ လုပ်ပါရစေဟု အစ်ကိုတော်ထံခွင့်ပန်သည်။
ထိုအခါ အစ်ကိုတော်ဘုရင်မှလည်း နှမတော်လေး စိတ်ပြေရာ ပြေကြောင်းရှိစေရန်
သံဃာဒါနဆွမ်းကြီးလောင်းစေဟု မိန့်ကြားတော်မူလေသည်။ ထိုနောက် နှမတော် ဆွမ်းကြီးလောင်းရန်အတွက် သံဃာအပါး၅၀၀ကျော်နှင့် ထေကြီးဝါကြီး ရဟန်းတော်များသာ ပင့်ဖိတ်၍ ဘုန်းကြီးကျောင်းသား ငယ်ရွယ်သူ မည်သူမျှမပါစေရ ဟုအမိန့်တော်မှတ်ကာ ဆိုင်ရာဝန်ကြီးကို အမိန့်ချ၍ တာဝန်ပေးတော်မူလေသည်။
*** **** ***
တောင်ဖီလာကျောင်းမှ တောင်ဖီလာ ဆရာတော်မှာလည်း ဒုက္ခသည် သားအဖသုံးယောက်ဖြစ်သည့် အဖအမည် ကောဏ္ဍည သားအမည် ဖောင်ဖိုးသီနှင့် သမီးဖြစ်သူ ရွှေဠာဂီတို့ ဒုက္ခသည် သားအဖသုံးယောက်ကို ကယ်ဆယ်ထားလေသည်။ ရွှေဠာဂီကိုတော့ ကျောင်းနှင့်ဒကာမ မအပ်စပ်သည်မို့ နေ့စဉ် မိုးလင်းမှမိုးချုပ် ကြာရိုးချိုးခိုင်းထားသည်။ မောင်ဖိုးသီကိုတော့ ဘုန်းကြီးကျောင်းသား လုပ်ခိုင်းပြီး စာပေများသင်ကြားပေးသည်။
ယနေ့တော့ ရွှေနန်းတော်မှ ဘုရင့်နှမတော် ကံဖူးမယ်၏ ဆွမ်းကြီးလောင်းအလှူကို ဝန်ကြီးမင်းမှတစ်ဆင့် ပင့်ဖိတ်သည့်အပြင် ထေကြီးဝါကြီး သံဃာတော်နှင့် ကျောင်းနေသံဃာများမှလွဲ၍ ကျောင်းသား ငယ်ရွယ်သူမည်သူမျှ မပါစေရဟု ရှင်ဘုရင်အမိန့်တော် မှတ်ကြောင်း လျှောက်ထားလေသည်။
ဆရာတော်ဘုရားလည်း ကပ္ပိယဦးသူတော်ကို ခေါ်၍ ဘုရင့်နှမတော်အဆောင်သို့ ဆွမ်းကြီးခံသွားရမည့်အကြောင်း ဦးသူတော်အား ပြော၍ မောင်ဖိုးသီ မသိစေရန် မိန့်တော်မူသည်။
သို့သော်လည်း နှုတ်ဖွာသည့် ဦးသူတော်သည် မောင်ဖိုးသီအား ပြောပြရုံမျှမက ဆွမ်းခံသွားရာသို့ပင် တိတ်တဆိတ်ခေါ်ဆောင် လာတော့သည်။
ရွှေနန်းတော်အတွင်းရှိ ဘုရင့်နှမတော်၏ ဆွမ်းလောင်းရန်နေရာသို့ ရောက်သောအခါ ဘုရင့်နှမတော်နှင့် မောင်ဖိုးသီ တွေ့ကြလေပြီ။ အဖိုဆို၍ ယင်ဖိုတောင်မသန်းဖူးသည့် ဘုရင့်နှမ ကံဖူးမယ်လည်း မောင်ဖိုးသီကို မြင်သည်နှင့် ချစ်မေတ္တာယိုင်းယိုင်မိကာ မောင်ဖိုးသီအား ချစ်စကား စဆိုလေသည်။
"ရှင်က ဘယ်ကလဲရှင်"
"တောင့့်တောင်ဖီလာကျောင်းကပါ ခင်ဗျာ"
"ရှင့် နာမည် ဘယ်လိုခေါ်တုန်း"
"မောင်ဖိုးသီလို့ ခေါ်ပါတယ်ခင်ဗျာ"
"ကျွန်မကို ချစ်စမ်းပါရှင်"
"ချစ်တာတွေ ကျုပ်နားမလည်ဘူးဗျ"
"ဒါဖြင့် ကျွန်မကို ကြိုက်ပေါ့ရှင့်"
"ကြိုက်တာတွေ ကျုပ်မသိဘူးဗျ။ နောက်ပြီး ကျုပ်က သင်္ကန်းတောင် မဝတ်ရသေးဘူးဗျ။ ကျုပ်ပြန်တော့မယ်ဗျာ"
ထိုအခါ ကံဖူးမယ်က
"ဒီမှာ ကိုဖိုးသီ ဘုရင့်နှမတော် ကံဖူးမယ်ဆိုတာ ရှင်မသိဘူးလား။ ကတ္တီပါဖိနပ်စီးပြီး ရွှေထီးဆောင်းတဲ့အမျိုးရှင့်။ ကျွန်မကို မချစ်ရင်လေ မောင်ကြီးဘုရားကို သွားပြီး သံတော်ဦးတင်လိုက်မယ်။
မှန်လှပါ မောင်ကြီးဘုရား့့ ကျောင်းသား မောင်ဖိုးသီက နှမတော်လက်ကို ဆွဲပြီးတော့ သုံးခွန်းသော စကားကိုပြောပါတယ်ဆိုပြီး သံတော်ဦးတင်။ သံတော်ဦးတင်လို့ မောင်ကြီးဘုရားကလည်း ယုံ့့ယုံရင် ရှင့်ကိုသတ်။ သတ်ရင်ပြီးတာပဲ"
"ဟောဗျာ့့့ ဒီမယ်ခင်ဗျာ ဒီလောက်လည်း အရေးမကြီးပါနဲ့။ ကျွန်တော် အချစ်ကို နားမလည်လို့ မဟုတ်ပါဘူး။ အဆင့်တန်းချင်း ကွာခြားလွန်းနေတော့ မမှီတဲ့ပန်း တုံးခုလို့လှမ်းသလို ခင်ဗျားက ဘုရင့်နှမတော် ကျုပ်က ဘုန်းကြီးကျောင်းသားဆိုတော့ အချိန်က မောင်ကြီးဘုရားသိလို့ အမျက်တော်ရှရင် အသတ်ခံရမှာ စိုးရွံ့လို့ပါ"
ဟုပြောသောအခါ ဘုရင့်နှမတော်မှ သူကာကွယ်မယ်ဟု ကတိပေးလေသည်။ ဤသို့ဖြင့် ကံဖူးမယ်လည်း မောင်ဖိုးသီနှင့် အဆောင်းတွင်း၌ ဘုရင်မသိအောင် ခိုး၍ ပေါင်းသင်းနေထိုင်ကြလေသည်။ မောင်ဖိုးသီလည်း ဦးသူတော်ကို မိမိနှင့်အတူ အဖော်အဖြစ်ခေါ်ထားပြီး နန်းတော်တွင်း နေထိုင်တော့သည်။
*** **** ***
နန်းတော်တွင်းရှိ ဘုရင့်နှမတော် အဆောင်တွင် မောင်ဖိုးသီနှင့် ကံဖူးမယ်၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို ဝန်ကြီးမင်း သိရှိသွား၍ ဘုရင့်ထံသွားရောက် သံတော်ဦးတင်တော့သည်။
"အရှင်မင်ကြီးဘုရား"
"ဟဲ့့့ ဝန်ကြီးမင်းပါလာ့း့ ရေးကြီးသုတ်ပျာနဲ့ ဆွမ်းကြီးလောင်းကိစ္စ ရေစက်ချဖို့ မေ့လာလို့လားဟဲ့"
"ဒီလိုမဟုတ်ရပါဘုရားး"
"ဒါ့ဖြင့် ဘာ့ကြောင့်တုန်း"
"ဆွမ်းကြီးလောင်းတာ အောင်မြင်ရုံမျှမက နှမတော်ဟာ ဘုန်းကြီးကျောင်းသား ငဖိုးသီနှင့် တစ်ဆောင်တည်း ပျော်ပါးညားနေကြောင်း ပါဘုရား"
"ဒီစကား ဧဝကန် အမှန်ပဲလား"
"အမှန်ဖြစ်ကြောင်းပါဘုရား"
"တယ့့်ရိုင်းလိုက်လေခြင်း။ ငဖိုးသီ လွတ်မထွက်အောင်ဖမ်း့့ငါကိုယ်တော် နှမတော်ဆောင်သို့ မြန်းတော်မူမယ်ဟဲ့"
ဘုရင်မင်းခေါင်လည်း နှမတော်ဆောင်သို့ ကြွတော်မူသည်။ နှမတော်ဆောင်သို့ ရောက်သောအခါ မောင်ဖိုးသီကို မေးလေသည်။
"ဟဲ့့့ဟဲ့့့ဒါဘယ်သူတုန်း"
"ကျွန်တော်ပါ ခင်ဗျာ့့ ကျွန်တော်ပါ"
"ဘယ်က ကျွန်တော်တုန်း"
"ကြောက်ပါပြီ ခင်ဗျာ"
"ခုမှ ဘာကြောက်တာတုန်း"
"ကမြင်းမသား အသေသတ်လိုက်ရ သေတော့မယ်။ နန်းထဲဘယ်လိုရောက်လာလဲ ခုချက်ချင်း လျှောက်တင်စမ်း"
ထိုအခါ မောင်ဖိုးသီက အကြောင်းစုံရှင်းပြ လျှောက်ထားသည်။
"မှန်လှပါဘုရားး့့ ဘုရားကျွန်တော်မျိုး တောင်ဖီလာ ကျောင်းကပါဘုရား။ ရွှေနန်းတော် ဆွမ်းကြီးခံသွားမယ်ဆိုလို့ မရောက်ဖူးသောကြောင့် လိုက်လာတာပါဘုရား။ ဒီရောက်တဲ့ အခါကျတော့ ဘုရင့်နှမတော်က ကျွန်တော်မျိုးရဲ့ လက်ကိုဆွဲလို့ ချစ်ရမယ် ကြိုက်ရမယ်လို့ ပြောပါတယ်ဘုရား။ မချစ်လို့ မကြိုက်လို့ရှိရင် မောင်ကြီးဘုရား သံတော်ဦးတင်မယ်ဆိုလို့ အသက်သေရမှာ ကြောက်တဲ့အတွက် ချစ်ရပါတယ်ဘုရား"
"တော့့် တိတ်စမ်း။ မင်းနဲ့ တူတယ် တန်တယ်ထင်သလား။ ဘုရင့်နှမတော်ကွ။ ရွှေလင်ဗန်းနဲ့ အချင်းဆေး မင်းမွေးတဲ့ မင်းသမီးကိုမှ မင်းက ဘာကောင်တုန်း"
ဘုရင်မင်းခေါင် ဒေါသအမျက်ထွက်လေပြီ။ နှမတော်ကို မေးကြည့်သောအခါ
"မှန်လှပါဘုရားးး အချစ်ဆိုတာ မျက်စိမပါဆိုတဲ့ စကားလိုပဲ မောင်ဖိုးသီနဲ့ တွေ့ကာမှ တစ်ဦးနဲ့ တစ်ဦး သမီးရည်းစားလည်းမက လင်မယားလည်းမကျ ဖြစ်လို့ ပေးစားတော်မူပါ မောင်ကြီးဘုရား"
"တော့့်တန် တိတ်စမ်း။ နင်ပြောတဲ့စကားတွေများ မှတ်မိသေးလား။ နှမတစ်သက် မောင်ကြီးတစ်သက် ကြင်ဖက်မရှားတမ်းဆို။ ကျောင်းသား မောင်ဖိုးသီနဲ့တွေ့မှ လင်ကောင်းမှန်းသိနေတယ်။ လင်တရူးမ"
"အမလေးးး မောင်ကြီးဘုရားရယ် ပြောရက်တော်မူလိုက်လေခြင်း"
ကံဖူးမယ်လည်း အစစ်ခံ၍ မောင်ဖိုးသီမှာ အပြစ်မရှိ။ ဘုရားနှမမှာသာ အပြစ်ရှိပါသည်။ သူက ချစ်အောင်ကြိုက်အောင် ပြောလို့ ကြောက်ပြီးလန့်ပြီး ချစ်ကြိုက်ရသည်ဟု လျှောက်ထားသည်။
ထိုအခါ မင်းခေါင်ဘုရင်က မောင်ဖိုးသီမှာ အပြစ်မရှိခြင်းကြောင့်
"လွတ်စေ"
ဟု အမိန့်ပေးတော်မူသည်။ မောင်ဖိုးသီလည်း လွတ်စေဟု အမိန့်ပေးသောကြောင့် ဦးသူတော်ကို ခေါ်၍ ပြန်ရန်ထလေသောအခါ ဘုရင်က့့့
"အေးး ပြန်တာပေါ့ကွာ။ ငါ့နှမကို ဘယ်လိုစစ်ဆေးပြီး အပြစ်ပေးမလဲဆိုတာ နားထောင်သွားဦး"
"မှန်လှပါဘုရား"
"ကဲ့့ အမိန့်တော်မှတ်မယ် အမိန့်တော်နာခံ။ မိုက်လှတဲ့နှမတော် ခေါင်းလေးကွက်ကြားရိတ် နဖူးကို လင်တရူးစာတန်းထိုး တိုင်းပြည်ကနှင်စေ"
ဟု အမိန့်ပေးတော်မူသည်။ ကြားရသည့်စကား နားဝမချမ်းသာ ရင်ဝမှာဆို့လှချည်ရဲ့ ကံဖူးမယ်တစ်ယောက် တိုင်းပြည်မှ နှင်ထုတ်ခံရလေပြီ။ ထို့အပြင် မှူးမတ်များက ထပ်မံလျှောက်တင်ကြပြန်သည်။
"မှန်လှပါ့့ ငဖိုးသီ မလွတ်ထိုက်ကြောင်းပါဘုရား"
"ဘာ့ကြောင့်တုန်းဟဲ့"
"ဘုရင့်နှမတော် အရင်းခေါက်ခေါက်ကို စော်ကားတဲ့ ရာဇဝတ်သား ငဖိုးသီကို လွှတ်ပါက နောင်တွင် ဘုရင့်မယ်တော်ပါ တက်စော်ကားပါလိမ့်မယ် ရွှေနန်းရှင် စဉ်းစားတော်မူပါဘုရား"
ဟု လျှောက်ထားသည်ကို ဘုရင်မင်းခေါင်က
"ဒါလဲဟုတ်ပေသားပဲ။ ရောင့်တက်လာမှာစိုးရတယ်။ ဟဲ့ ့့ ငဖိုးသီ နင်ဒီကို ဘာနဲ့လာလဲ"
ထိုအခါ မောင်ဖိုးသီက
"ခြေထောက်နဲ့လာခဲ့ပါတယ် ဘုရား"
ဟု လျှောက်တင်သောအခါ ဘုရင်က့့
"ခြေထောက်နဲ့လာတဲ့ မောင်မင်းရဲ့ ခြေထောက်ကို အပြစ်ပေးရလိမ့်မယ်။ ကျောင်းသား ငဖိုးသီ သုဿာန်သို့ထုတ် ပက်လက်ကားစင်တင် ခြေဖဝါးဓားခွဲ သျှားမီးခဲရဲရဲကင် ယမ်းဆားပက် အသက်သေအောင်သတ်စေ အမိန့်တော်"
ဟု အမိန့်ပေးကာ သတ်ခိုင်းလေသည်။ မောင်ဖိုးသီး ကံကြမ္မာ ဆိုးလိုက်လေခြင်း။ အဖေနဲ့ အစ်မရွှေဠာဂီရယ် မောင်လေးအဖြစ်ကို ကြည့်လှည့်ပါဦး။
မောင်ဖိုးသီအား သတ်ရန်သုဿာန်သို့ ခေါ်ဆောင်သွားကြသည်။ သုဿာန်သို့ ရောက်သောအခါ ကားစင်တင်၍ ခြေဖဝါးမညှာမတာဓားခွဲ သွေးစိမ်းရှင်ထွက်နေသည်ကို ဆားပက်ကာ သျှားမီးရဲရဲတွင်ကင်တော့သည်။ သြော့့် အင်းဝဘုရင် ရက်စက်တော်မူလိုက်လေခြင်း။
မောင်ဖိုးသီလည်း အသက်သေခါနီး မရဏလမ်း သို့ မ မမြန်းခင်အချိန်လေးတွင် ဦးသူတော်အား မှာကြားလေသည်။
"ဦးသူတော် ကျွန်တော်မှာခဲ့မယ်"
"အင်းးး မှာပါမောင်ရယ် မှာခဲ့ပါကွယ်"
"ကျွန်တော် မန်းစက်တော် မန်းချောင်းအနီးက ညောင်ပင်ကြီးမှာ ဒါန်းစီးမောင်နှမ ဖြစ်ရပါစေလို့ ကျွန်တော်ဆုပန် သွားတယ်ဆိုတာ ပြောလိုက်ပါတော့"
ဟု မှာကြားပြီး အသက်ဆုံးလေသည်။
ယနေ့မှာတော့ ကြာချိုးနေသော ရွှေဠာဂီတစ်ယောက် စိတ်လေးနေသည်။ အဖေအိုကြီးအတွက် ကြာပန်းကတစ်ခိုင် မိမိအတွက် ကြာပန်းကတစ်မျိုး မောင်လေးအတွက် တစ်မျိုး ရည်မှန်း၍ ကြာပန်းများချိုးနေသည်။ မောင်လေးအတွက် ချိုးလိုက်သော ကြာပန်းက အလိုလို ညှိုးကျသွား သည့်အတွက် စိတ်မကောင်းဖြစ်ပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ ထိုစဉ် လမ်းခုလတ် တစ်နေရာ၌ ဦးသူတော်ကို တွေ့လေသည်။ ထိုအခါ ဦးသူတော်က့့့
"ရွှေဋ္ဌာဂီရေ့့ ဒီနေ့ ဘာအတွက်ကြောင့် စောစောပြန်လာရတာလဲ"
"သြော့့် ကျွန်မ မျက်ခုံးတွေလှုပ်ပြီး စိတ်မကောင်းလို့ ပြန်လာတာ ဦးသူတော်ရဲ့။ နေပါအုံး့့ ကျွန်မမောင်လေးနဲ့ ဦးသူတော် အတူတူသွားနေတာမဟုတ်လား။ ကျွန်မ မောင်လေးကော ဦးသူတော်"
"အေးး မေးမှတော့ မပြောလည်း မပြီး။ မတီးလည်း မမြည်ဆိုသလိုပဲ ကလေးရေ။ နင့်မောင် ဖြစ်အင်ကြည့်ချင်ရင် သုဿာန်သာ လိုက်ကြည့်ပါတော့ကွယ်"
ဟု ဆို၍ ဦးသူတော်လည်း ရွှေဠာဂီကို သုဿာန်သို့ ခေါ်ဆောင်၍ မောင်ဖိုးသီ အလောင်းကို လိုက်ပြလေသည်။
ရွှေဋ္ဌာဂီတစ်ယောက် မောင်ဖြစ်သူ၏ အလောင်းကို ကြည့်ပြီး ရင်ထဲတွင် အပူက နေတစ်ရာမက ပူလောင်ပြင်းပြလေတော့သည်။
"မောင်လေးရေ့့ ဖြစ်လေခြင်း။ ခြေဖဝါးမှာလည်း သွေးတွေမြင်မကောင်း။ အစ်မရင်တွေ ကွဲပါပေ့ါလား။ ဘယ်လိုဖြစ်ကြတယ်ဆိုတာ ပြောပြအုံး ဦးသူတော်ရေ"
ဟု ဦးသူတော်အား မေးမြန်းတော့သည်။ ဦးသူတော်လည်း ဖြစ်ကြောင်းကုန်စင်ကို ရွှေဋ္ဌာဂီအား ပြောပြသည်။
ကြားရသည့်စကား မကြားဝံ့စရာ။ အင်းဝဘုရင်ရယ် ရက်စက်တော်မူပုံက ထိန့်လန့်စရာ ကောင်းလိုက်ပါဘိ။ မယားအတွက်တဲ့ မောင်လေးဖိုးသီရေ ဓားထက်ထက်နဲ့ ခြေဖဝါးခွဲခံရပြီး အသက်သေရလေခြင်း။ ကာမတဏှာမှာ ရာဂမီးလောင်ကြတော့ အသက်ပေးခဲ့လေပြီလား မောင်လေးရေ။ မောင်တစ်ယောက်လုံး မိမိရှေ့မှာ အသတ်ခံရသည်ကိုတော့ ရွှေဋ္ဌာဂီတစ်ယောက် မဖြေနိုင်လေပြီ။ ဘယ်လိုဝဋ်ကြွေးလဲ မောင်လေးရဲ့။
"ဦးသူတော်ရေ ကျွန်မမောင်လေး ဘာတွေများ မှာသွားလဲ ဦးသူတော်ရေ"
"အေးး နင့်မောင်လေး မှာသွားတာကတော့ မန်းစက်တော်ဘုရား မန်းချောင်းအနီးက ညောင်ပင်ကြီးမှာ ဒါန်းစီးမောင်နှမ ဖြစ်ရပါလို့၏တဲ့။ သူ့ကိုတွေ့ချင်ရင် အဲ့ဒီလိုက်ခဲ့ပါလို့ မှာသွားတယ်ကွယ်"
ဟု ပြောသည်။
ရွှေဠာဂီတစ်ယောက် ဦးသူတော်ပြောသည့် စကားများကိုကြားပြီး ရင်ကွဲပက်လက်
ယူကျူံးမရ ဖြစ်ရတော့သည်။ ရှင်တောင်မှ မပြုရသေးသည့် မောင်လေးကို သေမင်းက ခေါ်ဆောင်သွားလေပြီ။ ရွှေဋ္ဌာဂီတစ်ယောက် ငိုရလွန်း၍ မောလာကာ ဦးသူတော်အား ရေတစ်ခွက်လောက် ရှာပေးရန် ပြောသည်။ အမှန်တော့ ပရိယာယ်သုံးကာ နှင်လွှတ်ခြင်း ဖြစ်သည်။ ဦးသူတော်လည်း ရေရှာရန် ထွက်သွားသောအခါ
"မောင်လေးနဲ့ မခွဲဘူး။ မမလိုက်မယ်။ ဝဋ်ကြွေးဆိုတာ အဖန်ငါးရာငါးကမ္ဘာ ခံရတယ်ဆိုတာ မသိလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ မောင်ကလေးမခွဲရအောင် ဟောဒီ သျှားမီးထဲ ခုန်ချဆင်းလိုက်တော့မယ်။ မောင်လေးရေ မမလိုက်လာပြီ မောင်လေးရဲ့"
ဟု ရွှေဠာဂီတစ်ယောက် သျှားမီးထဲခုန်ဆင်း၍ အသက်ဆုံးတော့သည်။
*** *** ***
"အလို့့တစ်လောင်းသတ်တာ နှစ်လောင်းသေနေပါလား။ ဦးသူတော် ဒါဘယ်သူ့ အလောင်းတုံးဗျ"
ဟု အာဏာပါးကွက်သားက ဦးသူတော်ကို မေးလိုက်သည်။ ထိုအခါ ဦးသူတော်က
"အဲဒါ ဖိုးသီအစ်မ ရွှေဋ္ဌာဂီအလောင်းပေါ့"
"ဟာ ဒီအတိုင်းဆို ဘုရင်ထီးဘုရားသိရင် ကျုပ်ကို ရာဇဝတ်သင့်နေအုံးမယ်။ ကမ္ဗည်းစာတန်းပြီး လေယာဉ်စက္တလားနဲ့ တိမ်ကြားလွှင့်လိုက်မယ်။ တစ်တိုင်း တစ်ပြည် လွင့်ရောဟယ်"
ဆိုပြီး အလောင်းများကို တိမ်ကြားလွှင့်လိုက်လေ တော့သည်။
*** **** ***
မောင်ဖိုးသီတို့၏ ဖခင်ကြီးမှာလည်း ဆရာတော်အမိန့်ဖြင့် သီဟိုဋ္ဌ်သို့သွား၍ စာပေများ သင်ကြားကာ ပရိက္ခယာရှစ်ပါး စုံလင်စွာဖြင့် မိမိတိုင်းပြည်သို့ ပြန်လာသည်။ တိုင်းပြည်သို့ ပြန်လာရာ လမ်းခုလတ် တစ်နေရာသို့ ရောက်သောအခါ
"အလို ကောင်းကင်က ပန်းဆိုင်းပမာဏ ခေါင်းပေါ်မှာ တည့်တည့်ရပ်နေလိုက်တာ။ ငါနဲ့များ သက်ဆိုင်နေရော့သလား။ အဓိဋ္ဌာန်ပြု လိုက်မယ်။ အကျွန်ုပ်နှင့် သက်ဆိုင်သည်ဆိုပါက အကျွန်ုပ်ရှေ့မှောက် အမြန်ရောက်ပါစေသားး။
ဘုရား ဘုရား လေယာဉ်စက္တလားပါလား။ ကမ္ဗည်းစာတွေလည်း တန်းလို့။ ဖတ်ကြည့် ဦးမှပဲ။
အင်းဝတိုင်းပြည် ဘုရင်မင်းခေါင် အမိန့်တော် ရှိလိုက်သည်။ နှမတော် ကံဖူးမယ်ကို စော်ကားပါသဖြင့် ခြေဖဝါးဓားခွဲ အသက်သေအောင် သတ်လိုက်သည်။ သေသူအမည် မောင်ဖိုးသီ ရွှေဋ္ဌာဂီ ဆိုပါလား။
အမလေးးး သားတို့ သမီးတို့ရေ ဘယ်လိုများ ဖြစ်ကြတာလဲ။ အဖေအသည်း ကျွမ်းပါပေါ့လား။
ငိုနေလို့လည်း မပြီးသေးပါဘူးလေ။ သားနဲ့ သမီး သဂြိုလ်ထိုက်လို့ ကိုယ့်ရှေ့မှောက် ရောက်လာတာ သဂြိုလ်အုံးမှပဲ"
ဆို၍ ဖခင်ကြီးလည်း မောင်ဖိုးသီနှင့် ရွှေဋ္ဌာဂီတို့ကို သဂြိုလ်လေသည်။
*** *** *** ***
တောင်ဖီလာ ဆရာတော်မှာလည်း စိတ်မကောင်းကြီးစွာ ဖြစ်နေသည်။
"ဖိုးသီသေတာလည်း သူတော်ပြောပြလို့သိပြီ။ ဘုရား ဘုရား"
ဟု ဆရာတော် ညည်းညူပြောဆိုလိုက်သည်။
ထိုစဉ် မောင်ဖိုးသီတို့၏ ဖခင်ကြီးလည်း တောင်ဖီလာ ကျောင်းသို့ရောက်လာသည်။
"ဆရာတော်ဘုရား့့ ဆရာတော်ဘုရား။ ဘယ်လိုများ ဖြစ်ကြတာတုန်းဘုရား"
"အင်းးး ပြောပြရင် နှစ်ထပ်ကြောကျနေလိမ့်မယ်။ငါအခု နန်းတွင်ထဲဝင်မယ်။ အဲဒီကျမှ နားထောင်ပေတော့"
ဟု ဆရာတော်ဘုရားက ပြောလိုက်သည်။ ထိုစဉ်မှာပဲ ကံဖူးမယ်လည်း ဆရာတော်ထံ ရောက်လာပြန်သည်။
"ဆရာတော်ဘုရား့့ ဆရာတော်ဘုရား့့ ကယ်တော်မူပါဦးဘုရား"
"ဟဲ့ ကံဖူးမယ်ပါလား။ ဘယ်လိုများ ဖြစ်လာပြန်တာတုန်း"
"မောင်ကြီးဘုရားက ပြည်နှင်ဒဏ် ပေးလို့ပါဘုရား"
"ပြည်နှင်ဒဏ်ပေးလို့ရှိရင် ဒီအရေး နန်းတွင်းကျမှ ရှင်းမယ်"
ဟုပြော၍ နန်းတော်သို့ သွားကြတော့သည်။
*** *** *** ***
မောင်ဖိုးသီနှင့် ရွှေဠာဂီတို့မှာလည်း နန်းတော်၌ လူစုံသည့်အခါ ကိုယ်ထင်ပြ၍ နေရာအပိုင်စား နတ်ကွန်း တောင်းရန် မောင်နှမနှစ်ယောက် တိုင်ပင်ကြသည်။
"အစ်မရေ နန်းတော်ထဲ လူစုံတဲ့အခါ နတ်ကွန်း တောင်းကြစို့လား"
"ကောင်းတာပေါ့ မောင်လေးရေ"
နန်းတော်ထဲ၌ လူစုံသောအခါ မောင်နှမ နှစ်ယောက် ကိုယ်ထင်ပြလေသည်။
"ကိုယ်ယောင်ပြလိုက်မယ် ထင်လင်းစွာ မြင်ကြစေသတည်း"
ထိုအခါ ဘုရင်မင်းခေါင်က
"မောင်ဖိုးသီ ပါလားကွဲ့။ ဘယ်အတွက် ရောက်လာတုန်းဟေ့"
"မှန်လှပါဘုရားး ရွှေနားနှစ်ဆူ ပန်ဆင်တော်မူပါဘုရား"
"အေးး အေးး လျှောက်တင်စေသတည်း"
ဟု ဘုရင်မင်းခေါင်က လျှောက်တင်ခွင့် ပြုလေသည်။ ထိုအခါ မောင်ဖိုးသီလည်း ဖြစ်ကြောင်း ကုန်စင်လျှောက်တင်တော့သည်။
"ရွှေနားရယ်မှ ပန်ဆင်ကြပါတော့ ပရိတ်သတ်တို့။ အင်းဝဘုရင် ဒုတိယမင်းခေါင် သူ့နှမကြောင့် ဘဝရေစက် ဖူးစာဖက်လေသည်ကို ဘုရင် အမျက်တော်ရှသောကြောင့် ဒလကြမ်းဖမ်း၍ မသေမခြင်း ခြေဖဝါးဓားတင်ခွဲပါလို့ သေခဲ့ရပါသည်ဘုရား။
ထိုမှတစ်ဖန် ကျောင်းဝိဟာရနေ အစ်မရွှေဋ္ဌာဂီ ကြားလေသည့်အတွက် မောင်အရင်းနှင့် မကွဲရအောင် သျှားမီးရဲရဲထဲ ခုန်ဆင်းလို့ သေခဲ့ရပါသည်ဘုရားးး
သေဆုံးခဲ့ပြီး နောက်ဘဝတွင် နှမနှင့်မောင် စက်တော်တောင်အနီး ချောင်းအနီးက ညောင်ကြီးပင်မှာ မသေခင်တောင်းခဲ့သည့် ဆုတောင်းကြောင့် ဒါန်းစီးမောင်နှမ နတ်ဖြစ်နေရပြီး နေရာအပိုင်စား ပေးသနားတော်မူပါဘုရားးး"
ထိုအခါ ဘုရင်မင်းခေါင်က
"ကောင်းပြီ။ သင်တို့ မောင်နှမနေထိုင်ရာ မန်းစက်တော်တောင်အနီး မန်းချောင်း၌ ဒါန်းစီးမောင်နှမ နတ်ကွန်း နတ်နန်းဆောက်လုပ်ပြီး တစ်နှစ်တစ်ကြိမ်ကျ ပွဲတော်များ ကျင်းပပြီး ပျော်ပါးစေဗျားး"
"မှန်လှပါ ဝမ်းမြောက်လှကြောင်းပါ ဘုရား"
မင်းခေါင်ဘုရင်လည်း မောင်ဖိုးသီနှင့် ရွှေဠာဂီတို့ မောင်နှမအား နေရာအပိုင်စား ပေးသနားတော်မူလေသည်။
ဤသို့ဖြင့် ဒါန်းစီးမောင်နှမ ရာဇဝင်အား တင်ပြလိုက်ရပါတယ်။

No comments

Post a Comment