ရွာပျက်ကြီးမှ ကုလားဖြူသိုက်

အချိန်ကား ၁၉၄၂ ခုနှစ် မတ်လဖြစ်သည်။ စစ်ကိုင်းတိုင်းကသာမြို့ကလေးသည် အင်္ဂလိပ်အရေးပိုင်ရုံးစိုက်ရာမြို့ဖြစ်သည့်အလျှောက် အစိုးရရုံးများ၊ အဆောက်အ... thumbnail 1 summary


အချိန်ကား ၁၉၄၂ ခုနှစ် မတ်လဖြစ်သည်။ စစ်ကိုင်းတိုင်းကသာမြို့ကလေးသည် အင်္ဂလိပ်အရေးပိုင်ရုံးစိုက်ရာမြို့ဖြစ်သည့်အလျှောက် အစိုးရရုံးများ၊ အဆောက်အဦးများနှင့်စည်ကားသော မြို့လေးတစ်မြို့ဖြစ်သည်။ ၁၉၄၂ ခုနှစ်အစောပိုင်းတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်ဗြိတိသျှ ကိုလိုနီလက်အောက်ခံဖြစ်သည်။ မစ္စတာ ဘီလ်သည် ကသာမြို့တွင် တာဝန်ထမ်းဆောင်နေသော ရာဇဝတ်အုပ်ဖြစ်သည်။ ၎င်းနှင့်အတူ ၎င်း၏ ဇနီးဖြစ်သူ မေရီ ပါလိုက်ပါလျှက် ကသာတွင်နေထိုင်ကြသည်။ ၎င်းတို့နှစ်ဦးတွင် ဂျွန် ဟုခေါ်သည့် သားလေးတစ်ဦးရှိသည်။ သို့သော် အများစုက မစ္စတာ ဘီလ် ၏သားဖြစ်သဖြင့် ဘီလ်ကလေး ဟုသာ ခေါ်တွင်ကြသည်။

တစ်ရက်တွင် မစ္စတာ ဘီလ်သည် ၎င်းတို့နေထိုင်ရာ နှစ်ထပ် ဗိုလ်တဲကြီးဆီသို့ အမောတကောနှင့် ပြန်လာလေသည်။ ထိုအချိန် သည် မစ္စတာ ဘီလ် တစ်ယောက်ရုံးတွင်ရှိနေရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် မေရီ သည် ထူးဆန်းနေသည်။ ဘီလ်ကလေးနှင့် ဆော့ကစားနေရာမှာ အိမ်ရှေ့သို့ထွက်ခဲ့သည်။

“ ဘီလ် ဘာတွေဖြစ်လာတာလဲ “ မစ္စတာ ဘီလ်သည် ခုံတစ်ခုတွင် ထိုင်ချလျက် ဖိနပ်ချွတ်နေလေသည်။

“ အထုပ်အပိုးတွေ မြန်မြန်ပြင်တော့ဟော့ ငါတို့ သွားရတော့မယ် “

မေရီတစ်ယောက် အံ့အားသင့်သွားသည်။ ဆိုင်းမဆင့်ဗုံမဆင့် ဘယ်ကိုသွားရမည်လဲ။

“ ရာထူးတိုးလို့ နေရာပြောင်းရမှာလား ဘီလ်” မေရီကမေးလိုက်သည်။

“ မဟုတ်ဘူး ဂျပန်တွေနဲ့စစ်ဖြစ်နေပြီ ဂျပန်တွေက ရန်ကုန်ကိုတောင်သိမ်းပိုက်လိုက်ပြီ” မေရီသည် နိုင်ငံရေး စစ်ရေးအကြောင်း ဘာမှနားမလည်ပါ။

“ ငါတို့ အင်္ဂလိပ်တွေအကုန်လုံး အိန္ဒိယကို ဆုတ်ခွာကြရမယ်၊ ဂျပန်တွေက အင်္ဂလိပ်တွေဆိုရင် အကုန်သတ်ပြစ်တယ်လို့ သတင်းတွေကြားနေတယ်။ အထက်ကလဲ ချက်ချင်းဆုတ်ခွာဖို့ အမိန့်ကျလာပြီ၊ ကသာမြို့က အင်္ဂလိပ်တွေအကုန်လုံး ပြန်ကြမှာပဲ “

မေရီတုန်လှုပ်နေသည်။

“ ချက်ချင်းကြီးလား။ အထုပ်အပိုးတွေ သိမ်းဆည်းနေရတာနဲ့ဆိုတော့ နဲနဲတော့ကြာမှာပေါ့”

ထိုစဉ် မစ္စတာ ဘီလ်က မေရီ ကိုကြည့်ရင်း ရေတစ်ခွက်ကို သောက်ချလိုက်သည်။

“ ဘာမှ ထွေထွေထူးထူးပြင်မနေနဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ၊ အရေးကြီးတဲ့ ပစ္စည်းတွေဘဲ ယူလာခဲ့လို့ အမိန့်မှာပါတယ်”

မေရီအိမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ မေရီတို့အိမ်သည် ပစ္စည်းများအလွန်ပေါလေသည်။ နှစ်ထပ်ဗိုလ်တဲကြီးတစ်ခုလုံး အဖိုးတန် ပစ္စည်းများ ပြည့်နှက်နေသည်။ ကြေးဖယောင်းတိုင်ထွန်းခွက်များ၊ မီးဆိုင်းကြီးများ၊ အီတလီထုတ်ပန်းကန်များ၊ ပါရှားဇာထည်များ၊ တရုတ်ပိုးထည်လိပ်များ၊ သက္ကလတ်များ အများအပြားရှိသည်။ (အင်္ဂလိပ်လူမျိုးများသည် အိမ်သုံးပရိဘောဂများအား အလွန်တန်ဖိုးထားတတ်ကြလေသည်.)

ဒါမျှမကသေး ရွှေတုံး ငွေတုံးများ၊ ပုလဲများ၊ ပတ္တမြားနှင့်နီလာများ၊ ပုလဲများ မြန်မာ့မြေထွက် ဆင်စွယ်များ၊ ဆိတ်ချိုကြီးများ စသဖြင့် အဖိုးတန်ပစ္စည်းများလဲ များစွာပိုင်ဆိုင်လေသည်။ ထို့ကြောင့် မေရီသည် မည်သို့လုပ်ကိုင်ရမည်မသိဖြစ်နေသည်။

“ မေရီတို့ လေယဉ်နဲ့ ပြန်ရင်ကော မဖြစ်ဘူးလားရှင်” မေရီက အထွန့်တက်လိုက်သည်။ မစ္စတာ ဘီလ်က စိတ်တိုလျှက်

“မြန်မာ့ကောင်းကင်မှာ ဂျပန်လေယဉ်တွေချည်းအုပ်စိုးနေပြီ ဗြိတိသျှ လေယဉ်တွေကိုတောင် မသယ်နိုင်လို့ မြေမြှုပ်ပြစ်ကြတယ် လို့သတင်းကြားတယ်။ အခုကုန်းလမ်းတစ်ပေါက်ထဲရှိတော့တယ်။”

“ ရတနာနဲ့ ရွှေငွေတွေဘဲ ယူလာခဲ့ပေါ့။ ကျန်တာတွေက လူတွေကို ပေးရင်ပေးပြစ်လိုက်တော့ မနှမြောမနေနဲ့၊ အသက်က ပိုအရေးကြီးတယ် “ မစ္စတာ ဘီလ် ကထိုသို့ပြောသော်လည်း မေရီကတော့ သူ့ပစ္စည်းများကိုသာ နှမြောနေမိသည်။

“ ဒါနဲ့ အမရှယ်လီ တို့ကော၊ သူတို့တွေကော ပြန်ကြမှာလား” မစ္စတာ ဘီလ်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်မ အမရှယ်လီ ဆီသွားလိုက်ဦးမယ် ရှင်က ရှင့်ပစ္စည်းတွေ ထုပ်ပိုးထားနှင့်ပေါ့”

ရှယ်လီသည် အရေးပိုင်မင်း၏ကတော်ဖြစ်သည်။ မေရီ တို့နှင့် ဖဲရိုက်ဖော်ရိုက်ဖက် ညီအမတွေသဖွယ်ဖြစ်နေသည်။ တိုင်းတပါးသို့ ရောက်သောအခါ နိုင်ငံသားအခြင်းခြင်းရိုင်းပင်း ကူညီတတ်ကြသည် မဟုတ်ပါလား။ ရှယ်လီတို့မှာ မေရီတို့ထက် ပိုချမ်းသာသည်။ သားသမီးများမှာ အင်္ဂလန်တွင်နေကြသဖြင့် လင်မယားနှစ်ယောက်သာရှိလေသည်။ မေရီလဲ ဂျွန်ကလေးကို အိမ်ဖော်များနှင့် အပ်နှံကာ အဝတ်အစားပင်မလဲတော့ဘဲ မြင်းလှည်းဖြင့် ရှယ်လီတို့အိမ်သို့ ထွက်ခဲ့လေသည်။

ရှယ်လီတို့ အိမ်တွင် လူစည်ကားနေသည်။ အကြောင်းမှာ အရေးပိုင်မင်းကတော် ရှယ်လီမှ ပစ္စည်းများအား ကျွန်များနှင့် အခြား မျက်နှာသိသူများအား ပေးနေသောကြောင့်ဖြစ်သည်။

“ အမရှယ်လီ ပစ္စည်းတွေကို သူများတွေကို အကုန်ပေးနေတာလား” မေရီက မေးလိုက်သည်။

“ အင်းလေ၊ တို့လဲ ပစ္စည်းတွေက အများသားမဟုတ်လား၊ ခုလိုသွားရတော့မယ်ဆိုတော့ ပေးပြစ်တာပေါ့” ရှယ်လီက ပြန်ဖြေလိုက် လေသည်။

“ အမပစ္စည်းတွေကို မနှမြောဘူးလား ကျွန်မမှာ အကြံတစ်ခုရှိတယ်” ရှယ်လီ မျက်လုံးများ အရောင်လက်သွားလေသည်။

“ ကျွန်မတို့ ဒီပစ္စည်းတွေကို မြေအောက်မြှုပ်ထားခဲ့ကြမယ်လေ၊ နောက်ပိုင်း ဂျပန်တွေကို ပြန်တိုက်ထုတ်ပြီးတော့မှ ပြန်လာပြီး ဖော်ယူကြမယ်လေ မကောင်းဘူးလား” ရှယ်လီတစ်ယောက် ပျော်သွားသည်။

“ နေဦး ဒီကိစ္စကို ဗာလီ နဲ့ တိုင်ပင်ရမယ်” ။

ဗာလီမှာ အရေးပိုင်မင်း၏ ကျွန်ယုံ ဆစ်လူမျိုး ပန်ချာပီဖြစ်သည်။ ယခုဒေသတွင် အနေကြာသူမို့ နယ်မြေကျွမ်းကျင်သလို ယုံကြည်ရသည့် သူတစ်ယောက်ဖြစ်သည်။

ဗာလီ၊ ရှယ်လီ နှင့် မေရီတို့သုံးဦး ပစ္စည်းများ မြေမြှုပ်ရေး လုပ်ဆောင်ကြသည်။ ကျွန်းသေတ္တာကြီးများ၊ သံသေတ္တာကြီးများဖြင့် အိမ်တွင်း ပစ္စည်းများအား ထည့်သိမ်းဆည်းကြသည်။ ထို့နောက် သော့များ၊ သံကြိုးများနှင့် ခိုင်ခံ့စွာ ထုပ်ပိုးကြလေသည်။

“ မြှုပ်တာကတော့ ဟုတ်ပါပြီ ဘယ်မှာ မြှုပ်ကြမလဲ”

ရှယ်လီကမေးလိုက်သည်။

“ ဒီနေရာက အရာရှိတွေနေတဲ့ တိုက်အိမ်တွေပဲ၊ ဒီအနီးအနားမှာ မြှုပ်ထားရင် ဂျပန်တွေကြိမ်းသေတွေ့မှာပဲ” မရီက ပြောလိုက်သည်။

“ ကျွန်တော် တစ်နေရာသိတယ်ဗျ”
ဗာလီကပြောလိုက်သည်။

“မြို့ကနေ အနောက်တောင်ဘက် ၆မိုင်လောက်အကွာမှာ တောင်ခြေရွာလေးတစ်ရွာရှိတယ်။ အဲဒီရွာက ရွာပျက်ကြီးဖြစ်နေပြီ။ ကာလဝမ်းရောဂါဖြစ်လို့ရွာကလူတွေ စွန့်ခွာသွားကြတာ။ အဲဒီနေရာမှာ သွားမြှုပ်ရင် တော်ရုံတန်ရုံလူတွေ သွားမဖော်ကြတော့ဘူး ပေါ့။ ဘယ့်နှယ့်လဲ”

မေရီနှင့် ရှယ်လီ ခေါင်းညိတ်လိုက်ကြသည်။

“ မေရီ မင်းဟာက ဖြစ်ပါ့မလားကွာ”

မစ္စတာဘီလ်သည် သူ့မိန်းမ မေရီပြောတာတွေကို နားထောင်ပြီး ပြန်ပြောလေသည်။

“ပြန်ကြမယ့် အဖွဲ့တွေနဲ့ ကွဲသွားရင်မကောင်းဘူး၊ အခုတောင်ကသာက အင်္ဂလိပ်တစ်ဝက်လောက်က ထွက်သွားကြပြီ”

မစ္စတာ ဘီလ်ကပြောလေသည်။

“ စိတ်ချပါ ဒါလင်ရဲ့ ကျွန်မတို့ကို ဒီညနေအထိပဲစောင့်ပေး၊ နေမဝင်ခင် ပြန်လာခဲ့မယ်”

မေရီက ပြန်ပြောလိုက်သည်။ မစ္စတာဘီလ် စည်းစိမ်များကို မတွယ်တာ၍မဟုတ် သူ့မိန်းမအကြံကိုလဲ လက်ခံသည်။ အရေးပိုင်မင်းကတော်လဲ ပါမည်ဆိုသောကြောင့် တစ်ည နေတာ့ စောင့်ပေးလိုက်ဦးမယ်ဟု တွေးလိုက်လေသည်။

“ ကောင်းပြီ မေရီ ငါစောင့်နေမယ်။ ရော့ ဒီမှာ ငါ့သေနတ် လမ်းမှာ သူခိုးဓါးပြတွေနဲ့တွေ့နေမယ် သတိထားနော်”

မေရီသည် မစ္စတာ ဘီလ်၏ ပါးပြင်ကို ခပ်ဖွဖွနမ်းလိုက်သည်။ မကြာမီ ရှယ်လီနှင့် ဗာလီတို့ မြင်းကိုယ်စီဖြင့်ရောက်လာသည်။

ဗမာ နှစ်ယောက်လဲ လှည်းနှစ်စည်းဖြင့် ခေါ်လာသည်။

“ဗမာတွေက စိတ်ချရပါ့မလား အမရဲ့” မေရီက ရှယ်လီကို မေးလိုက်သည်။

“စိတ်ချပါ ဗမာတွေက ရိုးသားပါတယ်။ သူတို့ကို ငွေ ၂၀၀ ပေးပြီးခေါ်လာခဲ့တာ” ဗာလီက ဝင်ဖြေလေသည်။ သူတို့လဲ ပစ္စည်းများကို လှည်းများပေါ်တင်ဆောင်လိုက်ကြသည်။

ဗာလီက ကျောတွင် သူ့နှစ်လုံးပြုး အမဲလိုက်သေနတ်ကြီးကိုလွယ်ထားပြီး မြင်းညိုကြီးကို စီးထားသည်။ ရှယ်လီနှင့် မေရီမှာ အကြမ်းခံ သားရေဖိနပ်နှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး တစ်ယောက် မြင်းတစ်စီးဖြင့် စီးလာကြသည်။ နွားလှည်းနှစ်စီးကိုတော့ ဗမာများက မောင်းနှင်လာလေသည်။ မကြာမီတွင်သူတို့သည် ရွာပျက်ကြီးသို့ရောက်ရှိလာသည်။ ရွာပျက်ကြီးမှာ သစ်ပင်ခြုံနွယ်များ အုပ်ဆိုင်းနေလေသည်။ အချို့အိမ်များမှာ အကောင်းအတိုင်းရှိသော်လည်း အချို့အိမ်များမှာ ပြိုပျက်နေလေသည်။ ရွာလမ်းက ဖြူးနေသည်မို့ လှည်းမောင်းရလွယ်ကူသည်။ သူတို့သည် ရွာမြောက်ဘက်ရှိ မြေကွက်လပ်တစ်ခုအနီးတွင် လှည်းများရပ်ပြီး တွင်းတူးသည့်လုပ်ငန်းကို စလိုက်ကြသည်။ နေက အတော်ပင် စောင်းနေပြီ၊

ဗာလီနှင့် ဗမာ နှစ်ဦး အားအင်နှင့် တူးသော်လည်း မြေမှာ မာလှသဖြင့် နာရီဝက်ကြာသည့်တိုင်အောင် တွင်းမှာ တိမ်တိမ်လေးဖြစ် နေသည်။ ဗာလီက ဆက်မတူးချင်တော့ အခြားနည်းလမ်းရှာမည်ဟုဆိုသည်။ ဆက်တူးနေလျှင် သုံးရက်ခန့်တူးရမည်ဖြစ်ကြောင်း ပြောလေသည်။ သူတို့မှာ အချိန်မရတော့။ ဗာလီက ရွာကို ပတ်ကြည့်မည်ဆိုကာ မြင်းစီးထွက်သွားလေသည်။ ဗမာ နှစ်ဦးမှာ သစ်ပင်ရိပ်တစ်ခုအောက်တွင် ကွမ်းစား၍ နေလေသည်။ ဗမာများမှာ ရိုးသားကြသည်။ သူတို့သည် သေတ္တာထဲတွင် မည်သည့် ပစ္စည်းများပါလာသည်ကို စိတ်မဝင်စားကြ၊ အေးအေးလူလူ စကားစမြည်ပြောနေကြသည်။ သူတို့ မိန်းမသား ၂ဦးအပေါ်တွင် လဲ ရိုရိုသေသေဆက်ဆံကြသည်။

မကြာမီ ဗာလီ ပြန်ရောက်လာလေသည်။ ရွာတစ်နေရာတွင် ရေတွင်းပျက်ကြီးကို တွေ့ခဲ့ကြောင်း၊ ထိုရေတွင်းပျက်ကြီးထဲ ပစ္စည်းများ ထည့်ခဲ့ပြီး အပေါ်က မြေမြှုပ်ခဲ့လျှင် ပိုမိုလွယ်ကူမည်ဖြစ်ကြောင်းပြောသည်။ သူတို့လဲ ပစ္စည်းများကို ရေတွင်းပျက်ထဲ ချကြသည်။ ရေတွင်းပျက်မှာ အတော်နက်ပြီး ရေမရှိတော့၊ နောက်ပြီး ပြန်ဖို့ရန်အတွက် မြေကြီးများကို ဗမာများသယ်ကြသည်။ ခြတောင်ပို့များ အများအပြားရှိသည့်အတွက် ထိုတောင်ပို့များကို ဖျက်သည့်အခါ မြေကြီးများ အလွယ်တကူရလေသည်။

ပစ္စည်းများကို ရေတွင်းပျက်ထဲသို့ ကြိုးများဖြင့်ချပြီးသောအခါ ဗာလီက ဗမာနှစ်ဦးကို ကတိကဝတ်ပြုခိုင်းသည်။ ဗာလီက ဗမာစကား အတော်အတန်တတ်ကျွမ်းသဖြင့် ဗာလီတို့ပြောနေသည်များကို မေရီနှင့် ရှယ်လီတို့က နားမလည်ပါ။ ရှယ်လီနှင့် မေရီလဲ ရေတွင်းပျက်နှင့် မလှမ်းမကမ်းရှိ သစ်ခြောက်ပင်ကြီးကို ငေးကြည့်နေကြသည်။ ထိုစဉ်

“ ဒိုင်း . . . ဒိုင်း”

မေရီနှင့် ရှယ်လီလဲ အလန့်တကြားဖြင့် လှည့်ကြည့်လိုက်လေသည်။ ဗာလီသည် ဗမာနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ အလွန်အားပြင်းသည့် သေနတ်ဖြစ်သည်မို့ ဗမာတစ်ဦးမှာ ခေါင်းတစ်ခြမ်း ပဲ့ထွက်နေလေသည်။ နောက်တစ်ဦးမှာလဲ ရင်ဝတွင် အပေါက်ကြီးဖြစ်နေပြီး ကလီစာများမှာ ထွေးခနဲ ထွက်ကြနေသည်ကို တွေ့ရသည်။ မေရီတို့မှာ အလွန်ကြောက်လန့်သွားကြသည်။ ဗာလီမှာ သူတို့ကို လှည့်ကြည့်လိုက်ပြီး။

“ အသက်ရှင်နေတဲ့သူ ရိုးသားတယ်ဆိုတာ သေနေတဲ့လူလောက်တော့ ဘယ်ရိုးသားမလဲဗျာ ဟား . .ဟား”
ဟု အသံနက်ကြီးဖြင့် ရယ်မောလိုက်လေသည်။

ထို့နောက် ဗာလီသည် ဗမာ နှစ်ဦး၏ အလောင်းများကို ရေတွင်းပျက်ထဲသို့ တွန်းချလိုက်လေသည်။

“မင်းတို့ကို ငါငွေပေးခဲ့တယ်နော်။ မင်းတို့ငါတို့မြှုပ်နှံခဲ့တဲ့ရတနာတွေကို ငါတို့ပြန်လာမယူမချင်း စောင့်ရှောက်ပေးရမယ်” ဟု ဗာလီကပြောလေသည်။ ရှယ်လီက နားမလည်သဖြင့်

“ဗာလီ အဲဒါဘာလုပ်တာလဲ” ဟုမေးလိုက်လေသည်။

“ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီလိုလုပ်တဲ့ ထုံးတမ်းစဉ်လာရှိတယ်” ဟုဖြေကြားလိုက်လေသည်။

သူတို့သည် မြေကြီးများကို ရေတွင်းပျက်ထဲဖို့ပြီးနောက် မြင်းကို ဒုန်းစိုင်းမောင်းနှင် ပြီး ပြန်လာခဲ့ကြသည်။ ညနေ နေဝင်နေပြီ မဟုတ်ပါလား။ လမ်းတွင်တော့ မေရီသည် ဗမာနှစ်ဦး မျက်နှာများ အေးအေးလူလူ ကွမ်းစားနေကြသည်များကို မျက်စိထဲကမထွက်၊ ရှယ်လီသည်လည်း လူနှစ်ယောက်သေဆုံးသွားခြင်းအပေါ် စိတ်မကောင်းဖြစ်နေဟန်တူသည်။ ဗာလီကတော့ အေးအေးလူလူ လေကလေးတချွန်ချွန်နှင့် ပြန်လာကြသည်။

ကသာမြို့ကား တိတ်ဆိတ်နေသည်။ ည ၈နာရီခန့်ထိုးသဖြင့် လမ်းများအမှောင်ကျနေသည်။ ယခင်က ညပိုင်းတွင် စည်ကားနေခဲ့သော အဂ်လိပ်ကလပ်ရုံကြီးမှာလဲ ယခုအခါ လူသူမရှိတိတ်ဆိတ်နေသည်။ မစ္စတာဘီလ်နှင့် အရေးပိုင်မင်း ဂျော့ချ် တို့သည် သူတို့အိမ်တွင် စောင့်ဆိုင်းနေလေသည်။ အရေးပိုင်မင်းအိမ်သည် မစ္စတာဘီလ်တို့ အိမ်ထက် မြို့အလယ်ပိုကျသဖြင့် ထိုနေရာမှပင်စောင့်နေခြင်းဖြစ်သည်။ ဘီလ်ကလေးကတော့ အိပ်မောကျနေပြီဖြစ်သည်။ မစ္စတာဘီလ်သည် အောက်လင်းဓါတ်မီး မီးစာထိုးနေစဉ်မှာ မြင်းခွာသံများကြားလိုက်ရသည်။ မေရီနှင့် ရှယ်လီတို့ပြန်ရောက်လာကြပြီဖြစ်သည်။

“ကြာလိုက်တာကွာ၊ မင်းတို့ကလဲ” မစ္စတာ ဘီလ် ကြိမ်းမောင်းပြောဆိုလိုက်သည်။

မေရီတို့ တစ်ကိုယ်လုံးတွင် ရွံ့များနှင့် မြေသားများ ပေကျံနေသည်။

“ကဲ အချိန်မရှိဘူး သွားကြရအောင်” မစ္စတာဘီလ်က အရေးပိုင်မင်းကို လှမ်းကြည့်လိုက်သည်။ မစ္စရှယ်လီသည်

“အို ကျွန်မတို့ ဒီလောက်ညစ်ပတ်နေတာ ရေကလေးတော့ ချိုးပြီး အကျီကလေး လဲဝတ်ပါရစေဦး”ဟု ပြောသည်။ မစ္စတာဘီလ်သည် အရေးပိုင်မင်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ အရေးပိုင်မင်းက ခေါင်းကိုအသာညိတ်ပြလိုက်သည်။

“မြန်မြန်တော့လုပ်ကွာ”

ရှယ်လီသည် ရေနွေးစပ်ပြီးရေချိုးနေသော်လည်း မေရီမှာ သူတို့အိမ်မဟုတ်သဖြင့် ရေမချိုးတော့ဘဲ ခြေလက်ဆေးကာ အဝတ်လဲ ယုံလဲလိုက်သည်။ ထို့နောက်သူမ၏ ဒိုင်ယာရီစာအုပ်လေးထဲတွင် အဖြစ်အပျက်များကို အမြန်ရေးသားလိုက်လေသည်။ ပစ္စည်းများ မြှုပ်ရာနေရာကို မှန်းပြီး မြေပုံလေးတစ်ခုလဲ ဆွဲထားလိုက်လေသည်။ ထို့နောက် အရေးပိုင်မင်းနှင့် မစ္စတာ ဘီလ်ထိုင် နေသာ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်။

“ဗာလီကော မပါဘူးလား” မေရီက လက်ဖက်ရည်ဖျော်ရန်ပြင်ဆင်ရင်း မေးလိုက်လေသည်။

“မပါဘူး”မစ္စတာ ဘီလ်ကပြောလိုက်လေသည်။ မေရီသည် ဖျော်လက်စ လက်ဖက်ရည်ခွက် အောက်သို့ကျကွဲသွားလေသည်။ သူမ စိတ်တွင် အလွန်ပူပန်ခြင်းတစ်ခုဖြစ်ပေါ်နေသည်။

“အင်္ဂလိပ်လူမျိုးနဲ့ မိသားစုတွေပဲ အရင်ပြန်ရမယ်လို့ အမိန့်မှာပါတယ်။ ကျွန်တွေနဲ့ ကျန်ခဲ့တဲ့လူတွေက နောက်တစ်သုတ်မှ လိုက်ရမယ်” မစ္စတာ ဘီလ်က ထပ်ရှင်းပြနေသော်လည်းမေရီမှာ ထိုစကားအားနားမဝင်တော့။ ဗာလီကျန်ခဲ့လျှင် ရတနာတွေနေရာကို သူသိသည်။ သူတစ်ယောက်ထဲ သွားဖော်နေလျှင် ဘယ်လိုလုပ်မလဲ။ မေရီသည် ဟန်မပျက်ပင်

“ဗာလီ သူ့အိမ်မှာရှိတယ်မဟုတ်လား၊ ကျွန်မ သူနဲ့ပြောစရာရှိတယ်” ဟုပြောလိုက်လေရာ မစ္စတာ ဘီလ်က အလွန်စိတ်ပျက်သွား သည်။

ထို့နောက် သက်ပြင်းတစ်ချက်ချပြီး “ဟုတ်ပြီလေ မကြာစေနဲ့ “ဟု ပြန်ပြောလိုက်လေသည်။

ဗာလီမှာ ရှယ်လီတို့၏ ကျွန်ယုံဖြစ်သဖြင့် အရေးပိုင်မင်းအိမ်ကြီး၏ အနောက်ဖက်တွင် အိမ်လေးတစ်လုံးနှင့်နေလေသည်။ အနီးတွင်အခြား အလုပ်သမားတန်းလျားများရှိသေးသည်။ သို့သော် အရေးပိုင်မင်းက ပြေးတော့မည်မို့ ထိုသူများအား ပိုက်ဆံပေး၍ ပြန်လွှတ်ပြီးသားဖြစ်သည်။ မေရီသည် ဗာလီအိမ်တံခါးကို အသာခေါက်လိုက်သည်။ ဗာလီက ရေချိုးနေရာမှ ထွက်လာသည်၊ အောက်ပိုင်းတွင်နံငယ်ပိုင်းလေးသာပတ်ထားပြီး အပေါ်ပိုင်းမှာ ဗလာကျင်းဖြစ်နေသည်။ ဗာလီသည် ကိုယ်ခန္ဓာတောင့်တင်းသန်မာသည်။ ကြွက်သားများမှာ သူ့နေရာနှင့်သူ အဖုအထစ်နှင့်ဖြစ်နေသည်။ ရင်ဘတ်တွင်လဲ ရင်အုပ်မွှေးများနှင့် ချပ်ရပ်ကျစ်လစ်နေသော ဝမ်းဗိုက်သားများကိုတွေ့ရသည်။ မေရီသည် စိတ်ထဲတွင် ရှိုးတိုးရှန်းတန်းဖြစ်နေသည်။ ဗာလီသည် သူမအား ခုံတစ်ခုတွင်ထိုင်ခိုင်းပြီး အခန်းထဲဝင်သွားကာ အကျီသွားဝတ်ဟန်တူသည်။ မေရီလဲ ခဏထိုင်နေရာမှ ထိုအခန်းထဲသို့ လိုက်ဝင်သွားလေသည်။ အခန်းထဲတွင် ဗာလီသည် အကျီလဲနေလေသည်။ ဝတ်လစ်စားလစ်ဖြစ်နေသည်။ မေရီသည် ကျယ်ပြန့်လှပြီး ကြွက်သားများနှင့်ကျစ်လစ်နေသည့် ဗာလီ၏ နောက်ကျောကို ငေးကြည့်နေသည်။ ထို့နောက် မိမိ၏ အိတ်အတွင်းမှာ ခြောက်လုံးပြုူးသေနတ်ကို ဆွဲထုတ်လိုက်သည်။

“ဒိုင်း . . . ဒိုင်း”

ဗာလီအော်ချိန်ပင်မရလိုက်ပါ။ ကျည်ဆံနှစ်တောင့်က ဗာလီ၏ ကျောပြင်ကို ဝင်ရောက်သွားလေသည်။ ဗာလီသည် အနီးရှိသူ၏ ကုတင်ပေါ်သို့ မှောက်လျက်လဲကျသွားသည်။ ကုတင်တစ်ခုလုံးသွေးတွေကွက်လာလေသည်။ မေရီလဲ တုန်လှုပ်နေသည်။ သို့သော် စိတ်ကိုပြန်ထိန်းလိုက်ပြီး ဗာလီ၏ အခန်းထဲမှ ပြန်ထွက်လာလေသည်။ ဗာလီသည် ဝဋ်ပြန်လည်လေပြီ။ သူ၏ဝဋ်မှာ နေ့ချင်းပြီး လည်လေသည်။ မေရီသည် သူမတို့ထွက်သွားပြီးနောက် ဗာလီက ပစ္စည်းများအား သွားယူမည်ကို စိုးရိမ်သောကြောင့် ဗာလီအား နှုတ်ပိတ်ခဲ့လေသည်။

မစ္စတာ ဘီလ်သည် မျက်နှာကြက်ကို ငေးကြည့်နေသည်။ အရေးပိုင်မင်းသည် လက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက်သောက်နေ လေသည်။ ရှယ်လီသည် အကျီအဝတ်အစားများလဲပြီးသဖြင့် အိမ်ရှေ့ခန်းသို့ ထွက်လာလေသည်။ ထိုအချိန်တွင် သေနတ်သံ နှစ်ချက်ကို ကြားလိုက်ရသဖြင့် သုံးယောက်လုံး မတ်တပ်ထရပ်လိုက်မိကြသည်။ အသံသည် အိမ်နောက်ဖက် ဗာလီ၏ အိမ်ကလေးမှ လာသောအသံဖြစ်သဖြင့် သုံးယောက်သား ပြေးသွားကြသည်။ ဘီလ်ကလေးမှာ အိပ်ရာမနိုးသောကြောင့် အိမ်ထဲတွင် ထားခဲ့လေသည်။
မေရီသည် လူသတ်ထားသဖြင့် ခြေထောက်တွေ တုန်လှုပ်နေသည်။ လမ်းကို မနည်းကြိုးစား၍ လျှောက်နေရသည်။ သူမသည် ဗာလီ၏ အိပ်ခန်းထဲမှာ ထွက်လာကာ ဗာလီအိမ်တံခါးဝသို့ အမောတကြီး လှမ်းလျှောက်နေရသည်။ ထို့နောက်သူမ အကြံတစ်ခု ရလာသည်။ ထို့ကြောင့် ဗာလီ၏ အိမ်ခန်းထောင့်မှ ဓါတ်ဆီဂါလံဘူးကြီးကို သွားယူြ့ပီး အဖုံးဖွင့်လိုက်သည်။ အိမ်ခန်းအနှံ့အပြားကို ဓါတ်ဆီများ လောင်းကျံပက်ဖြန်းလေသည်။ ထို့နောက် အိတ်အတွင်းမှ မီးခြစ်ဆံဘူးကို ထုတ်ယူပြီး မီးခြစ်ဆံခြစ်ကာ အိမ်အား မီးရှို့လေသည်။ အိမ်ကလေးအတွင်း ခန်းစီးစများ၊ ပစ္စည်းများ၊ စာအုပ်စင်များ မီးစွဲလောင်လေသည်။ စိတ်ချရပြီဆိုမှ အိမ်ထဲမှ ထွက်ရန်တံခါးအဖွင့်တွင် မှန်ထဲတွင် အရိပ်တစ်ခုမြင်လိုက်ရလေသည်။

“ဟင် ဗာ . . ဗာလီ”

သတိကောင်းသော ဗာလီသည် ချက်ခြင်းမသေသေးပေ။ ကိုယ်လုံးတီးကြီးနှင့် မေရီအား လုံးထွေးလေသည်။ မေရီနှင့် ဗာလီတို့လုံးထွေးသတ်ဖြတ်ရင်း မေရီအား မီးစွဲလေသည်။ မေရီဝတ်ဆင်ထားသော ပိုးဖဲဇာများသည် မီးလောင်လွယ်သည်မဟုတ် ပါလား။ မစ္စတာ ဘီလ်တို့သည် အတွင်းမှ ချက်ချထားသော အိမ်ကလေး၏ တံခါးအား အတော်ဖွင့်ယူရသည်။ ထို့နောက်အထဲသို့ ဝင်ကြည့်ရာ သူတို့သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။ ဗာလီနှင့် မေရီ တို့ နှစ်ယောက် မီးလောက်လျက် လုံးထွေးသတ်ပုတ်နေကြခြင်းပင်ဖြစ်သည်။ ရှယ်လီသည် ထိုမြင်ကွင်းကို မြင်ကာ မေ့လဲကျသွားလေသည်။ မစ္စတာဘီလ်မှာလဲ အံ့အားသင့်လျက် ကြောင်ကြည့်နေလေသည်။ အရေးပိုင်မင်း ဂျော့ချ်မှာ သူ၏ခါးမှ ခြောက်လုံးပြူးကို ထုတ်ကာ လုံးထွေးနေသော ဗာလီနှင့် မေရီတို့အား ပစ်ခတ်လိုက်လေသည်။

“ဒိုင်း . . . ဒိုင်း . . .ဒိုင်း”

ခြောက်လုံးပြုးသေနတ်ကျည်ဆံကုန်သွားမှ ပြစ်ခတ်ခြင်းကို ရပ်လိုက်လေသည်။ ဗာလီနှင့် မေရီမှာ မီးလောင်လျက် အရေပြားများ အရည်ပျော်ကျနေကြသည်။ အရေးပိုင်မင်းက ၎င်းတို့နှစ်ယောက်အား ဝေဒနာမခံစားလိုသဖြင့် အဆုံးသတ်ပေးလိုက်ခြင်းဖြစ်ပေသည်။

“စိတ်မကောင်းပါဘူး ဘီလ်၊ မေရီဝေဒနာတွေခံစားနေရမှာကို မကြည့်ရက်လို့ပါ။ အိမ်လဲမီးစွဲနေပြီ တို့တွေ မြန်မြန်သွားမှထင်တယ်” ဟုပြောကာ ရှယ်လီကို ပွေ့ချီရင်း အိမ်ကလေးဆီမှ ထွက်လာခဲ့ကြသည်။

မစ္စတာဘီလ်လဲ အရေးပိုင်မင်း အိမ်မှနေ၍ အိမ်ကလေးကို လှမ်းကြည့်လိုက်လေသည်။ အိမ်ကလေးမှာ မီးအတော်စွဲနေပြီဖြစ်သည်။ အလုပ်သမားများလဲ မရှိသည်မို့ မီးကို ငြိမ်းသတ်မည့်သူမရှိဖြစ်နေသည်။ ထို့နောက်သားကလေး ဂျွန်ကို ပွေ့ဖက်ရင်း အရေးပိုင်မင်း၏ ကားလေးပေါ်သို့ တက်လိုက်သည်။ ရှယ်လီမှာ ကားနောက်ခန်းတွင် မေ့မြောနေဆဲဖြစ်သည်။ အရေးပိုင်မင်း၏ ကားလေးသည် ကသာမြို့မှ မှောင်မိုက်သောညတွင် မောင်းထွက်သွားလေသည်။ အရေးပိုင်မင်း၏ အိမ်ကြီးသည် လူသူကင်းမဲ့၍ ကျန်ခဲ့သည်။ အိမ်နောက်ဖေးရှိ အိမ်ကလေးမှာတော့ မီးလျှံများက ဝါးမြိုဆဲ။

နောက်နှစ်ရက်ခန့်ကြာသောအခါ အရေးပိုင်မင်း၏ အိမ်ကို အလုပ်သမားများက လာရောက်ရှင်းလင်းကြလေသည်။ အရေးပိုင်မင်းက အခကြေးငွေပေး၍ ခိုင်းထားခဲ့ကြသောကြောင့်ဖြစ်သည်။ အိမ်ထဲရှိပစ္စည်းအချို့ကို ခွဲဝေယူကြလေသည်။ ထိုထဲတွင် သန့်ရှင်းရေးလာလုပ်သော ၁၂ နှစ်အရွယ်ကောင်လေးတစ်ယောက်သည် အခန်းအတွင်း အံဆွဲတစ်ခုမှနေ၍ ဒိုင်ယာရီစာအုပ် တစ်အုပ်ကို ရရှိလေသည်။ စာအုပ်မှာ သားရေဖြင့် မျက်နှာဖုံးထားပြီး လှပစွာဖုံးချုပ်ထားသည်။ သူသည် စာများကို ဖတ်ကြည့်ရန် ကြိုးစားသော်လည်း အင်္ဂလိပ်လိုသာ ရေးသားထားသဖြင့် မဖတ်တတ်ပေ။ သို့သော် အမှတ်တရ သိမ်းထားချင်သည်မို့ ထိုစာအုပ်အား ယူဆောင်သွားလေသည်။ စင်စစ် ထိုစာအုပ်မှာ မေရီ၏ ဒိုင်ယာရီစာအုပ်ဖြစ်နေပြီး ထိုစာအုပ် အတွင်းတွင် မေရီတို့ မြှုပ်ခဲ့သည့် ရတနာမြေပုံ ပါရှိသည်ကို ထိုကောင်လေး သိမည်မဟုတ်ပါ။

မစ္စတာဘီလ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ထံတွင် အမှုထမ်းရင်း သေဆုံးခဲ့လေသည်။ ရှယ်လီမှာ မေရီတို့၏ အဖြစ်အပျက်များကို မြင်၍ သွေးပျက်ကာ ရူးသွပ်သွားလေသည်။ အရေးပိုင်မင်းမှာ အာဖရိက သို့တာဝန်ထမ်းဆောင်ရပြီး သူတို့ အားလုံးသည် မြန်မာပြည်ကို နောက်တစ်ခါထပ်၍ ရောက်မလာကြတော့ပါ။

မေရီနှင့် ဗာလီတို့သည် ဥစ္စာအစွဲဖြင့်သေသဖြင့် ဥစ္စာစောင့်များသွားဖြစ်ကြသည်။ ထိုနေရာတွင် ဗာလီ သတ်ဖြတ်ခဲ့သော ဗမာနှစ်ဦးမှာလဲ ဥစ္စာစောင့် သရဲများဖြစ်နေလေသည်။ ထိုရွာပျက်ကြီးနှင့် ရေတွင်းပျက်ကြီးအနီး သစ်ခြောက်ပင်ကြီးသည် အလွန်သရဲခြောက်သော နေရာများဖြစ်နေခဲ့သည်။ နောက်အလျဉ်းသင့်လျှင် ထိုကုလားဖြူသိုက်၏ ကြောက်မက်ဖွယ်ခြောက်လှန့်ပုံများကို ရေးသားဖော်ပြပေးပါမည်။

ကြိုးစားပါဦးမည်။
အဂ္ဂဇော်

No comments

Post a Comment