အောင်မြတ်သာနှင့်မဟူရာကြိုးနက်ဂိုဏ်း

  အောင်မြတ်သာနှင့်မဟူရာကြိုးနက်ဂိုဏ်း ပူပြင်းလှတဲ့ နေအပူရှိန်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပူပူတွေအောက်မှာ ဖျင်ကြမ်းအင်္ကျီကိုယ်စီဝတ်ထားပြီး ... thumbnail 1 summary

 အောင်မြတ်သာနှင့်မဟူရာကြိုးနက်ဂိုဏ်း

ပူပြင်းလှတဲ့ နေအပူရှိန်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပူပူတွေအောက်မှာ ဖျင်ကြမ်းအင်္ကျီကိုယ်စီဝတ်ထားပြီး ဝါးခမောက်ဆောင်းထားတဲ့ မိန်းမခုနှစ်ဦး တစ်ရွေ့ရွေ့ခရီးဆက်လာနေကြတယ်။
လမ်းလျောက်လာရင်း ခြုံနွယ်တွေထူထပ်နေတဲ့ နေရာတစ်ခုကိုရောက်တော့ အသက်လေးဆယ်အရွယ်မိန်းမက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး
" ဒီနေရာက ရွာတည်ဖို့အကောင်းဆုံးနေရာပဲ နောက်ပြီး လူသူပြတ်တဲ့အတွက် ငါတို့ပညာတွေလေ့ကျင့်ဖို့အတွက် ပိုပြီးအထောက်အကူပေးလိမ့်မယ်"
" မရွှေပြောတာလက်ခံတယ် ဆရာမကြီးက ကျုပ်တို့ညီအစ်မခုနှစ်ယောက်ကို ရွာတည်ခိုင်းတယ်ဆိုတာ သာမန်တော့မဟုတ်လောက်ဘူး အကြောင်းတစ်ခုခုတော့ရှိရမယ် "
" ဟုတ်တယ် မယ်ဆံ ဆရာမကြီးပြောတဲ့စကားတွေတိုင်းမှာအဓိပ္ပါယ်တွေပါမယ် သူ့တပည့်မတွေထဲကမှ ငါတို့ခုနှစ်ယောက်ကို ရွေးချယ်ခဲ့တဲ့အတွက် သူ့ရွေးချယ်မှုမမှားဘူးဆိုတာ ငါတို့သက်သေပြရမယ် ဒီနေ့တော့ မှောင်စပျိုးနေပြီမို့ အရိပ်ကောင်းကောင်းရတဲ့သစ်ပင်တစ်ပင်ရှာပြီး အိပ်စက်ကြရအောင် နောက်နေ့ရောက်ရင် ဒီနေရာကိုရှင်းပြီး အိမ်ခုနှစ်လုံးဆောက်ဖို့လုပ်ရမယ်"
ညီအစ်မတွေထဲမှာအကြီးဆုံးဖြစ်တဲ့ မရွှေရဲ့စကားကြောင့် ကျန်တဲ့သူတွေ ညအိပ်ဖို့အတွက်ပြင်ဆင်ခဲ့ကြတယ်။
နေ့ပူညချမ်းတပေါင်းလဆန်းဆိုတဲ့ဆိုရိုးအတိုင်း ညဘက်မှာတိုက်ခတ်လာတဲ့ လေအေးတွေကြောင့် ပါလာတဲ့သဘက်တွေကိုခေါင်းပေါင်းပြီး အိပ်ပျော်အောင်ကြိုးစားနေတဲ့အချိန်
" ချွတ် ချွတ် ချွတ်" ဆိုတဲ့အသံကြောင့် အစွန်ဆုံးမှာ အိပ်ပျော်နေတဲ့ မယ်လွန်း ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်တော့ မလှမ်းမကမ်းက ခြုံထဲမှာ နီရဲနေတဲ့ အလုံးနှစ်လုံးကိုတွေ့လိုက်ရတယ်။
ညီအစ်မခုနှစ်ယောက်ထဲမှာ အငယ်ဆုံးလဲဖြစ်တဲ့အပြင် ပါးနပ်လွန်းတဲ့အတွက် ပညာသင်ပေးခဲ့တဲ့ဆရာမရဲ့ချစ်ခင်မှုကိုရခဲ့တဲ့ မယ်လွန်း အခုမြင်နေရတဲ့အရာကိုကြည့်ပြီး အစ်မတွေကိုနှိုးရမလား မနှိုးရဘူးလားလို့ တွေးရင်း ရဲရဲတောက်နီနေတဲ့အလုံးနှစ်လုံးကို စူးစိုက်ကြည့်နေခဲ့တယ်။
မယ်လွန်းစိုက်ကြည့်နေတာသိတော့ ခြုံထဲကအလုံးနှစ်လုံးက ရုတ်တရက်လှုပ်ရှားလာပြီး အပေါ်ကိုခုန်အတက် မယ်လွန်းရဲ့ ညာဘက်လက်ဖြတ်ခနဲလှုပ်ရှားသွားတယ်။
" ဖြောင်း"
" အမလေး သေပါပြီ "ဆိုတဲ့အသံကြောင့် အိပ်ပျော်နေတဲ့သူတွေလန့်နိုးလာပြီး ကြည့်လိုက်တော့ မယ်လွန်းရဲ့မလှမ်းမကမ်းမှာ လဲကျပြီး လူးလှိမ့်နေတဲ့ မိန်းမတစ်ယောက် ယောင်္ကျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" မယ်လွန်း ဘာဖြစ်သွားသေးလဲ"
မရွှေရဲ့စိုးရိမ်တကြီးမေးသံကြောင့် မယ်လွန်း အနည်းငယ်ပြုံးပြလိုက်ပြီး
" ဘာမှမဖြစ်ပါဘူးအစ်မ ဒီနှစ်ယောက် ခြုံထဲကနေ ချောင်းနေတာတွေ့လို့ ရိုက်ချလိုက်တာ "
မယ်လွန်းစကားကြောင့် ကျန်တဲ့သူတွေထလာပြီး မြေကြီးပေါ်လဲကျနေတဲ့ သူတွေအရှေ့သွားကာ
" နင်တို့ကဘယ်သူတွေလဲ ဘာကြောင့် ခိုးကြောင်ခိုးဝှက်လုပ်ရတာလဲ"
" မဟုတ်ပါဘူး ခိုးကြောင်ခိုးဝှက်လုပ်တာမဟုတ်ဘူး ကျုပ်တို့လင်မယားက ဒီနားတစ်ဝိုက်မှာ ကျက်စားနေတဲ့ မီးစုန်းတွေပါ စုန်းတောက်စားပြီးပြန်ဆင်းလာတဲ့အချိန် မိန်းကလေးတွေအိပ်ပျော်နေတာမြင်တော့ ထူးဆန်းလို့ ကြည့်နေတာပါ ရန်လဲပြုမယ့်သူတွေမဟုတ်ပါဘူး သက်သက်ညှာညှာလေးစဉ်းစားပေးပါ"
တစ်ကိုယ်လုံးအကြောသေနေသလိုဖြစ်နေတဲ့ လင်မယားစကားကိုကြားတော့ မရွှေက
" မယ်လွန်း သူတို့ကို ပြန်ကုပေးလိုက်ပါ သူတို့ပုံကြည့်ရတာ ရန်ပြုမယ့်သူတွေမဟုတ်လောက်ဘူး ငါတို့အတွက်လဲ အထောက်အကူပေးနိုင်မယ်ထင်တယ်"
မရွှေစကားကြောင့် မယ်လွန်းအရှေ့ကိုထွက်လာပြီး လဲကျနေတဲ့လင်မယားရဲ့ ကျောပေါ်ကို သစ်ကိုင်းခြောက်လေးနဲ့ သုံးချက်ရိုက်လိုက်တာ အကြောသေနေသလိုဖြစ်နေတာကနေ ချက်ချင်းပြန်ကောင်းသွားခဲ့တယ်။
" ကျေးဇူးတင်လိုက်တာရှင် ဒါနဲ့အရင်ကဒီနားတစ်ဝိုက်မှာ မတွေ့မိပါဘူး ကျုပ်တို့ဘက်က အကူအညီလိုရင်လဲပြောပါ"
" ကျုပ်တို့က ဒီနားမှာရွာတည်ဖို့လာကြတာ သင်တို့ကရောဘယ်မှာနေတာလဲ"
" ကျုပ်တို့က ဒီလိုပဲလှည့်လည်သွားလာနေကြတာ နေစရာရယ်လို့သီးသန့်မရှိပါဘူး"
" ဒါဖြင့် ကျုပ်တို့ရွာတည်ရင် သင်တို့လာကူညီနိုင်မလား နေရာအတည်တကျလေးဖြစ်သွားတာပေါ့"
" ကောင်းတာပေါ့ရှင် အခုကျုပ်တို့ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေနဲ့ လူတွေခေါ်လာခဲ့ပါမယ်"
" ဒါဖြင့်သင်တို့ပြန်ကြတော့ အာရုဏ်မတက်ခင်တော့အရောက်ပြန်လာခဲ့ကြ လိုအပ်တာတွေလဲ မမေ့နဲ့ဦး"
"စိတ်ချ စိတ်ချ ကျုပ်တို့လာကူပါ့မယ်"
လင်မယားနှစ်ယောက်လဲ ညီအစ်မတွေကိုနှုန်ဆက်ပြီး မျက်ကွယ်ရာခြုံထဲဝင်သွားခဲ့ကြတယ်။ မကြာမီ ခြုံအနောက်ကနေ အပေါ်ကိုပျံတက်သွားတဲ့ မီးလုံးနှစ်လုံးကို ညီအစ်မခုနှစ်ယောက် တွေ့လိုက်ကြရတယ်။
အာရုဏ်တက်ချိန်မှာတော့ လူအယောက်နှစ်ဆယ်လောက်က ပေါက်တူးပေါက်ပြားနဲ့ အခြားကိရိယာတွေကိုင်ပြီး ရောက်ချလာကြတယ်။
" ဒီလိုဆိုတော့လဲကတိတည်သားပဲ "
မရွှေရဲ့စကားကြောင့် စကောရွက်ထားတဲ့ အမျိုးသမီးက
" နေဖို့နေရာလဲပေးမယ့်အပြင် ပညာစွမ်းထက်တဲ့သူတွေနဲ့တူတူနေရမယ်ဆိုတော့ ဒီလိုပဲစည်းရုံးထားရတာပေါ့ ဒီလူတွေက ကျွန်မတို့လိုပဲ လှည့်လှည်သွားလာနေကြတဲ့သူတွေပါ"
" သူတို့က နေရာအတည်တကျမနေကြဘူးလား ဘာဖြစ်လို့လှည့်ပတ်သွားနေကြတာလဲ"
" အတည်တကျနေလို့မရဘူးရှင့် ဒီနားတစ်ဝိုက်မှာ မဟူရာကြိုးနက်ဂိုဏ်းကလူတွေရှိနေတတ်တယ်"
" ဟင် မဟူရာကြိုးနက်ဂိုဏ်းဟုတ်လား"
" ဟုတ်တယ် အစ်မရေ အဲဒီအကြောင်း နောက်မှသေချာရှင်းပြပါ့မယ် အခုရွာတည်မယ့်နေရာကို အရင်ရှင်းကြတာပေါ့"
" အေးအေး ဒါဆိုမြေနေရာ‌ရွေးဖို့ မယ်ရစ်ကိုတာဝန်ပေးရမယ် "
" မရွှေ ကျွန်မရှိပါတယ် "
" နင်က မြေနေရာအနေအထားပိုင်းကို ကျွမ်းကျင်တယ်ဆိုတော့ ဘယ်နေရာကစပြီး ဘယ်နေရာမှာရွာဆုံးမယ်ဆိုတာ သတ်မှတ်ပေး ငါတို့ကခုနှစ်ရက်နဲ့အပြီးတည်ရမှာဆိုတော့ နှောင့်နှေးလို့မဖြစ်ဘူး"
ဒီလိုနဲ့ခြုံနွယ်တွေကိုရှင်းပြီး ရွာတည်ခဲ့တာ ခုနှစ်ရက်‌ပြည့်တော့ နေလို့ရနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ ရွာရဲ့ အရှေ့အရပ်ကလွဲပြီး ကျန်တဲ့ခုနှစ်မျက်နှာမှာ ညီအစ်မတွေနေဖို့ အိမ်တွေဆောက်ကြပြီး ကျန်တဲ့သူတွေကတော့ မိမိတို့အဆင်ပြေမယ့်နေရာမှာ တစ်နိုင်တစ်ပိုင်အိမ်ငယ်လေးတွေဆောက်ကာ နေထိုင်ခဲ့ကြတယ်။
ရွာရယ်လို့ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ ရွာခြံစည်းရိုးပတ်ပတ်လည်မှာ အစီအမံတွေလုပ်ပြီး ကာကွယ်ခဲ့ကြတယ်။
အားလုံးပြီးစီးတဲ့အချိန်မှာ လူနေအိမ် ၁၅လုံးလောက်အထိဖြစ်လာခဲ့တယ်။ ရွာရဲ့အရေးကြီးဆုံးဖြတ်စရာကိစ္စတွေကိုတော့ ညီအစ်မခုနှစ်ယောက်က ဆုံးဖြတ်ကြပြီး တစ်လမှာတစ်ရက်ကို ရွာသားတွေနဲ့တွေ့ဆုံတဲ့ဓလေ့ကိုစတင်ခဲ့ကြတယ်။
ရွာတည်လို့တစ်နှစ်ပြည့်တဲ့နေ့မှာတော့
" မမလွန်း မမလွန်း "
အိမ်ရှေ့မှာ အော်ခေါ်နေတဲ့ အသံကြောင့် ထမင်းအိုးတည်နေရာကနေ အိမ်ရှေ့ထွက်လာပြီး
" ကလေးမ ဘာဖြစ်လို့လဲ"
" ဒေါ်ရွှေက မမလွန်းကိုခေါ်ခိုင်းလိုက်တယ် အရေးကြီးတယ်တဲ့ "
" အေး အေး အခုလာခဲ့မယ် "
မယ်လွန်းလဲ အိမ်တံခါးကိုပိတ်ပြီး မရွှေအိမ်ရှိရာထွက်လာခဲ့လိုက်တယ်။အိမ်ရှေ့ရောက်တော့ ရွာသူရွာသားတွေအားလုံးစုံနေပြီး ညီအစ်မတွေလဲ အကုန်ရောက်နေတာမြင်လိုက်ရတယ်။
" မိလွန်း လာထိုင်"
မာထန်နေတဲ့ မရွှေအသံကြောင့် တစ်ခုခုဖြစ်နေပြီဆိုတာ မိလွန်းသိလိုက်တယ်။
" အားလုံးစုံပြီဆိုတော့ အခုဖြစ်တဲ့ပြဿနာကိုပြောပါ ဒီအဖြစ်အပျက်ကိုဘယ်သူစမြင်ခဲ့တာလဲ"
မရွှေအသံကြောင့် မြေကွက်လပ်မှာထိုင်နေတဲ့ ရွာသားတွေထဲက ကလေးတစ်ယောက်ထလာပြီး
" ကျွန်တော်မြင်လိုက်ရတာ သူတို့ဦးလေးဘသင်ကိုဖမ်းသွားတယ်"
" ဟုတ်ပြီ ကောင်လေး ဘယ်လိုဖမ်းသွားကြတာလဲ မြင်ရသလောက်ပြောပြ"
" ကျွန်တော်နဲ့ဦးလေးက ရွာအပြင်မှာ ထင်းခုတ်သွားကြတယ် ဦးလေးထင်းခုတ်နေတဲ့အချိန် ကျွန်တော်က ယုန်တွေပုတတ်တွေလိုက်ဖမ်းနေခဲ့တယ် အဲဒီအချိန် သစ်ပင်တွေပေါ်ကနေ လူငါးယောက်ဆင်းလာပြီး ဦးလေးကို ကြိုးတွေနဲ့တုပ်ပြီးဖမ်းလိုက်ကြတယ် ကျွန်တော်ကခြုံထဲဝင်ပုန်းနေလို့ သူတို့မတွေ့သွားဘူး "
" ဖမ်းသွားတဲ့လူတွေက ဘယ်လိုပုံစံလဲ"
" မျက်နှာကိုမမြင်ရဘူး သူတို့မျက်နှာကို မျက်နှာဖုံးတွေနဲ့အုပ်ထားတယ် သူတို့ကအရမ်းမြန်တယ် နောက်ပြီး သူတို့ကကြိုးတွေကို လိုသလိုခိုင်းလို့ရတယ် "
" မင်းတော်တယ်ကောင်လေး ရပြီ ထိုင်တော့ ဒါဘယ်သူ့လက်ချက်လဲဆိုတာ သိတဲ့သူရှိရင် ‌ထပြောပါ ငါတို့ရှိတဲ့ရွာကလူတွေကို ဒီလိုအကြောင်းမဲ့ဖမ်းဆီးတာလက်မခံနိုင်ဘူး"
မရွှေစကားအဆုံးမှာ ထိုင်နေတဲ့လူတွေထဲက မိန်းမတစ်ယောက်မတ်တပ်ရပ်လာပြီး
" ဒါက မဟူရာကြိုးနက်ဂိုဏ်းကလူတွေလက်ချက်ဖြစ်မယ် သူတို့က ကျွန်မတို့လို ပညာသည်တွေကိုလိုက်ဖမ်းနေတဲ့အဖွဲ့ပဲ "
" မဟူရာကြိုးနက်ဂိုဏ်းဆိုတာ ရွာစတည်တဲ့အချိန်ပြောဖြစ်ကြသေးတယ်မဟုတ်လား "
" ဟုတ်တယ်အစ်မ အဲဒီနောက်ပိုင်းစကားမစပ်မိလို့ မပြောဖြစ်ခဲ့ဘူး အခုသူတို့ရွာနားကိုရောက်လာပြီ ကျွန်မတို့ဘာဆက်လုပ်ကြမလဲ"
" မဟူရာကြိုးနက်ဂိုဏ်းအကြောင်းကိုအပြည့်အစုံသိချင်တယ် ဒါမှသူတို့ကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ စဉ်းစားလို့ရမှာ"
" မဟူရာကြိုးနက်ဂိုဏ်းဆိုတာ အရမ်းလျှို့ဝှက်တယ် သူတို့ရဲ့ရည်ရွယ်ချက်က ပညာသည်တွေတိမ်ကောပပျောက်ဖို့ပဲ သူတို့က အထူးစီမံထားတဲ့ ကြိုးနက်တွေကို လက်နက်အဖြစ်သုံးကြတယ် သူတို့ကြိုးနဲ့အချုပ်ခံရပြီဆိုရင် သာမန်ပညာသည်တွေလှုပ်မရတော့ဘူး လှုပ်လေကြိုးကတင်းလေပဲလို့ကြားဖူးတယ်"
" ကောင်းပြီ သူတို့ကိုရန်မပြုပဲ ငါတို့ကိုရန်မူလာရင် ဘယ်လိုမျိုးဖြစ်မလဲဆိုတာပြဖို့အချိန်ကျလာပြီ လာမည့်လပြည့်ညမှာ ငါတို့ညီအစ်မတွေ ပညာလေ့ကျင့်ဖို့ရှိတယ် သူတို့ပဲစွမ်းမလား ငါတို့ပဲစွမ်းမလားကြည့်ကြသေးတာပေါ့ အခုထဲက ပြောထားမယ် လပြည့်ညရောက်ရင် ဘယ်သူမှအိမ်ပြင်မထွက်ကြနဲ့ အားလုံးပြန်နိုင်ပြီ"
မရွှေ စကားအဆုံးမှာ ရွာသူရွာသားတွေအားလုံး မိမိနေအိမ်ကိုပြန်သွားကြပေမယ့် ညီအစ်မတွေကတော့မပြန်ပဲ ကျန်ရစ်ခဲ့ကြတယ်။
" ငါတို့ညီအစ်မတွေ ကိုယ့်အစွမ်းအစကို ထုတ်ပြရမယ့်အချိန်ရောက်လာပြီ ဒါကြောင့် လပြည့်ညမတိုင်ခင်အထိ မိမိရဲ့ပညာတွေကို ပြန်ကျင့်ထားကြ ငါတို့ရွာ ငါတို့နေရာကိုထိပါးလာသူဟာ ငါတို့ရန်သူပဲ ရွှေ၊ဆံ၊ချည်၊ရစ်၊နှောင်၊ပျော့၊လွန်းဆိုတဲ့ ညီအစ်မတွေရဲ့အစွမ်းကိုသူတို့သိစေရမယ်"
မရွှေစကားအဆုံးမှာ ညီအစ်မတွေအားလုံး လက်ဝါးချင်းထပ်ကာ ကတိသစ္စာပြုခဲ့ကြတယ်။
လပြည့်ညမတိုင်ခင်ရက်တွေမှာတော့ ရွာပတ်ပတ်လည်နေရာတွေကို လူစိမ်းဝင်မရအောင် ပညာတွေနဲ့စီမံခဲ့ကြတယ်။
လပြည့်ညရောက်တော့ ညီအစ်မခုနှစ်ယောက်လုံး ရွာနဲ့အတန်အသင့်ဝေးတဲ့ နေရာတစ်ခုမှာ ပညာလေ့ကျင့်ဖို့ထွက်လာခဲ့ကြတယ်။ သတ်မှတ်ထားတဲ့နေရာကိုရောက်တော့ ပါလာတဲ့ ဖယောင်းတိုင်တွေကို စည်းဝိုင်းသလိုထွန်းလိုက်ကြပြီး တစ်ယောက်တစ်နေရာထိုင်ကာ ကိုယ်ထဲမှာရှိတဲ့စက်တွေကို ဝေးနိုင်သမျှ ဝေးအောင် ထုတ်လိုက်ကြတယ်။
ခုနှစ်ယောက်ပေါင်းပြီးထုတ်လိုက်တဲ့စက်တွေဘယ်လောက်ပြင်းလဲဆိုရင် အနီးနားမှာရှိတဲ့ သစ်ပင်တွေမှာရှိတဲ့သစ်ရွက်တွေက လေမတိုက်ပဲ တစ်ဖျတ်ဖျတ်နဲ့ လှုပ်ခါနေကြတယ်။ ညီအစ်မခုနှစ်ယောက်ကို ကိုယ်စားပြုပြီး ထွန်းထားတဲ့‌ဖယောင်းတိုင်ခုနှစ်တိုင်ရဲ့မီးစွယ်လေးတွေကနေ တစ်ဖျတ်ဖျတ်နဲ့ မီးစမီးလျှံတွေ ထွက်လာခဲ့တယ်။
အဲဒီအချိန် ပတ်ပတ်လည်မှာရှိတဲ့ သစ်ပင်တွေပေါ်မှာ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြေးနေတဲ့ အရိပ်တွေကို ညီအစ်မခုနှစ်ယောက်လုံးသတိထားမိခဲ့ကြတယ်။
" သူတို့ရောက်လာပြီ အားလုံးသတိထားကြ "
အစ်မအကြီးဆုံးဖြစ်တဲ့ မရွှေရဲ့စကားမဆုံးခင်မှာပဲ အရပ်လေးမျက်နှာကနေ ဝင်လာတဲ့ အနက်ရောင်ကြိုးလေးခုကိုတွေ့လိုက်ကြရတယ်။ လက်မလုံးလောက်ရှိတဲ့ အနက်ရောင်ကြိုးတွေက ညီအစ်မခုနှစ်ယောက်ပိတ်လည်မှာထွန်းထားတဲ့ ဖယောင်းတိုင်မီးအနားကိုအရောက် မီးအရှိန်ကြောင့်အရှေ့ကိုဆက်မသွားတော့ပဲ အနောက်ဘက်ကိုပြန်ဆုတ်သွားကြတယ်။
ကြိုးနက်တွေစည်းဝိုင်းထဲကိုမဝင်တာသိတော့ သစ်ပင်ပေါ်မှာရှိနေတဲ့သူတွေက အောက်ကိုခုန်ဆင်းလာပြီး
" သူတို့ပညာတွေအဆင့်မြင့်တယ် အစွမ်းကုန်တိုက်ကြ ငါတို့ဂိုဏ်းရဲ့ဂုဏ်ကိုဖော်ပြကြ" လို့အော်ပြီး ဘယ်ဘက်လက်မှာပတ်ထားတဲ့ ကြိုးနောက်တစ်ချောင်းကိုပါထုတ်ကာ ညီအစ်မတွေကို ရစ်ပတ်ဖို့ကြိုးစားခဲ့ကြတယ်။
မြေပြင်ပေါ်မှာရပ်နေတဲ့ လူလေးယောက်ဆီကနေ ကြိုးရှစ်ချောင်းထုတ်ပြီး ချုပ်နှောင်ဖို့ကြိုးစားနေတဲ့အချိန် သစ်ပင်တွေပေါ်ကနေ နောက်ထပ် ကြိုးရှစ်ချောင်းထပ်ထွက်လာပြီး အပေါ်ဘက်ကနေ အုပ်ဖို့လုပ်တာမြင်တော့ မရွှေက
" အပေါ်ကိုသတိထား ဒီနေ့ငါတို့ရှုံးရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး အစွမ်းထုတ်ကြ‌တော့" ဆိုပြီး ထိုင်နေရာကနေ ထရပ်ကာ ထဘီစွန်တောင်ဆွဲပြီး ခြေထောက်ဆောင့်ချလိုက်တယ်ဆိုရင်ပဲ မြေကြီးထဲကနေ အက်ကွဲကြောင်းတွေဖြစ်လာပြီး အခိုးငွေ့တွေထွက်လာခဲ့တယ်။
ကျန်တဲ့သူတွေက‌လဲ မိမိတို့ဆီဝင်လာတဲ့ကြိုးတွေကို အနားမရောက်အောင် အစွမ်းကုန်ခုခံနေကြတယ်။ ကြိုးနက်တွေကလဲ ညီအစ်မခုနှစ်ယောက်ရဲ့အစွမ်းတွေကို ကြံ့ကြံခံပြီး စည်းဝိုင်းထဲရောက်ဖို့အတင်းတိုးနေတဲ့အချိန် သစ်ပင်တွေပေါ်ကိုထပ်ရောက်လာတဲ့ မဟူရာကြိုးနက်ဂိုဏ်းသားတွေကိုမြင်လိုက်ရတယ်။
" အစ်မရွှေ သူတို့အင်အားအရမ်းများတယ် ထပ်မတောင့်ခံနိုင်တော့ဘူး"
" အဲလောက်စွမ်းမယ်လို့ငါလဲမထင်ထားဘူး လူလဲအရမ်းများလာပြီ ငါတို့ရဲ့စက်တွေကို သူတို့ခံနိုင်တယ် အားလုံးတောင့်ထားကြ မနိုင်ရင်တောင်အရှုံးမပေးနဲ့ "
မရွှေရဲ့အားပေးစကားက ထင်သလောက်အရေးမပါခဲ့ပဲ ကြိုးနက်တွေရဲ့တွန်းအားကြောင့် မရွှေခြေချော်ပြီးအနောက်ကိုလန်ကျသွားတဲ့အချိန် လေးဖက်လေးတန်အပြင် အပေါ်ကပါမိုးထားတဲ့ ကြိုးနက်တွေက လွတ်ထွက်သွားတဲ့ နေရာကနေ စည်းဝိုင်းထဲကိုတိုးဝင်လာပြီး မရွှေကိုရစ်ပတ်ထားလိုက်တယ်။
ခုနှစ်ယောက်ပေါင်းပြီး တည်ဆောက်ထားတဲ့ စည်းလဲ တစ်ယောက်ပျက်တာနဲ့အကုန်ပျက်သွားပြီး မာကြောကျစ်လစ်တဲ့ကြိုးတွေက ညီအစ်မခုနှစ်ယောက်လုံးကို ရစ်ပတ်သွားခဲ့တယ်။
ညီအစ်မခုနှစ်ယောက်လုံးရစ်ပတ်ခံရတာကိုမြင်တော့မှ သစ်ပင်ပေါ်ကလူတွေခုန်ဆင်းလာပြီး အနားကိုကပ်လာတဲ့အချိန်
" မရွှေ မရွှေ မိလွန်းမျက်လုံးကိုကြည့်ဦး မီးကျီခဲလိုနီရဲနေပြီ "
မယ်နှောင်းရဲ့ အော်သံကြောင့် မိလွန်းကိုကြည့်လိုက်တော့ မျက်လုံးနဲ့ ကိုယ်ထဲကနေ အခိုးအငွေ့တွေထွက်လာပြီး ကိုယ်မှာရစ်ပတ်ထားတဲ့ ကြိုးနက်တွေတစ်ဖြေးဖြေး တွန့်လိမ်လာတာလှမ်းမြင်လိုက်တယ်။
" ဒါ ဒါ ဆရာမကြီးပြောဖူးတဲ့ ငရဲမီးတောက်ကျင့်စဉ် ငါတို့ကျင့်လို့မအောင်မြင်ခဲ့တဲ့ကျင့်စင်ပဲ အခုမီးစညှိလို့ရတဲ့သူကမယ်လွန်းပဲ အားလုံးကျင့်စင်ကိုပြန်သုံးသပ်ကြ မယ်လွန်းဆီက မီးတောက်တစ်ခုထွက်တာနဲ့ ငါတို့ဆီကူးရမယ် ဒါမှကြိုးတွေကိုဖြတ်နိုင်မယ် "
မရွှေအော်သံကြောင့် ကျန်သူတွေအားလုံး မျက်လုံးစုံမှိတ်ကာ အရင်ကလေ့ကျင့်ခဲ့တဲ့ကျင့်စဉ်ကိုပြန်စလိုက်တဲ့အချိန်
" ဟိုမှာ ဟိုမှာ ကြိုးစမီးကူးနေပြီ "
" မဖြစ်နိုင်ဘူး ဒီကြိုးကိုမီးကူးအောင်လုပ်ဖို့ဆိုတာသာမန်အစွမ်းနဲ့မရဘူး ဒါ ဒါ ငရဲမီးတောက်ကျင့်စဉ် အားလုံးကူးလို့မဖြစ်ဘူး နက္ခတ် နက္ခတ် မင်းဆီမှာ မဟူရာကျောက်စက်ရေပါတယ်မဟုတ်လား"
" ပါတယ် ဆရာကြီး "
" အဲဒီရေနဲ့ မီးမကူးသေးတဲ့လူတွေကို ဖြန်းလိုက် "
မဟူရာကြိုးနက်ဂိုဏ်းသားတွေရဲ့စကားမဆုံးခင်မှာပဲ မယ်လွန်းရဲ့ကိုယ်ကနေ မီးတောက်တစ်ခု ထတောက်ပြီး နောက်တစ်ယောက်ကို ကူးမယ့်အချိန် မယ်လွန်းနဲ့ မရွှေကြားထဲကို ရေစက်တစ်ခုဖြတ်ဝင်လာခဲ့တယ်။
မီးတောက်က ရေစက်နဲ့ထိပြီး ဆက်မကူးတော့ပဲ ရပ်သွားတဲ့အချိန် မယ်လွန်းကိုယ်မှာချည်ထားတဲ့ကြိုးတွေ ဖျောက်ခနဲပြတ်ထွက်သွားတဲ့အချိန်
"မယ်လွန်း ပြေးတော့ ပြေး လွတ်အောင်ပြေး ရွာထဲကိုပြန်ဝင် "ဆိုတဲ့အသံက အစ်မတွေဆီကနေ ထွက်လာခဲ့တယ်။
တစ်ကိုယ်လုံးမီးတောက်တွေထွက်နေတဲ့မယ်လွန်းက အစ်မတွေကိုတစ်ချက်ကြည့်ပြီး အံတစ်ချက်ကြိတ်ကာ မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်ပြီး မိုးပေါ်ကိုပျံတက်ကာ လွတ်မြောက်သွားခဲ့တယ်။
နောက်တစ်နေ့အာရုဏ်တက်ချိန်မှာတော့ မရွှေရဲ့အိမ်ရှေ့မှာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ မယ်လွန်းကို ရွာသူရွာသားတွေ တွေ့မြင်ခဲ့ရတယ်။
အဲဒီနေ့ကစပြီး ကျန်ခဲ့တဲ့ ညီအစ်မခြောက်ယောက်ကိုဘယ်သူမှမတွေ့ရတော့ဘူး။ မယ်လွန်းလဲ အစ်မတွေမရှိတော့ရွာအကြီးအကဲဖြစ်လာခဲ့တယ်။ အဲဒီအချိန် မယ်လွန်းရဲ့အသက်က ၂၀စွန်းစွန်းလေးပဲရှိသေးတယ်။
ရွာထဲကလူတွေကတော့ အရင်မရွှေနေခဲ့တဲ့ အိမ်မှာမယ်လွန်းကိုနေစေခဲ့ပြီး တစ်လေးတစ်စားဆက်ဆံခဲ့ကြတယ်။ အဖြစ်အပျက်တွေဖြစ်တဲ့နောက်ပိုင်းမှာလဲ မဟူရာကြိုးနက်ဂိုဏ်းသား‌ေတွရွာထဲကိုဝင်ဖို့ကြိုးစားခဲ့ပေမယ့် ရွာစတည်ထဲက ချထားတဲ့အစီအမံတွေကြောင့် ဝင်လို့မရခဲ့ဘူး။ မယ်လွန်းကလဲ သူ့ရဲ့အစီအမံတစ်ခုဖြစ်တဲ့ ဘူးစင်တစ်ထောင်ကို ရွာပတ်ပတ်လည်မှာပြုလုပ်စေခဲ့တယ်။ ဘူးစင်တစ်ထောင်ပြုလုပ်ပြီးချိန်မှာတော့ ရွာသူရွာသားအားလုံးကိုခေါ်လိုက်ပြီး
" မကြာခင် ရွာထဲကနေ ခေတ္တထွက်သွားရမယ် ဘယ်လောက်ကြာမယ်ဆိုတာမသိတဲ့အတွက် အားလုံးသတိရှိကြပါ မိမိပညာကိုမလိုအပ်ပဲမထုတ်ပြကြပါနဲ့ မဟူရာကြိုးနက်ဂိုဏ်းသားတွေကိုလဲ သတိထားကြပါ အခုစိုက်ထားတဲ့ဘူးပင်တွေမှာ မညိုးမချောက်တဲ့ ဘူးသီးတစ်လုံးသီးလိမ့်မယ် အဲဒီအသီးကိုမခူးကြနဲ့ သူကရွာနားကို လူစိမ်းကပ်ရင် အချက်ပြလိမ့်မယ် " လို့ပြောခဲ့တယ်။
+++++++++++
" သနပ်ခါးတွေ ဝယ်ကြဦးမလား ရှင်မတောင်အစစ်တွေရမယ်နော်"
" သနပ်ခါးသည်လေး လာပါဦး"
" လာပြီ လာပြီ အစ်မ"
သရက်ညီနောင်ရွာထဲကို တစ်ခါတစ်လေမှလာရောက်ကြတဲ့ဈေးသည်တွေကြောင့် လိုချင်တဲ့ပစ္စည်းကိုဝယ်မရဖြစ်နေတဲ့ အပျိုမတစ်သိုက် အခုလိုသနပ်ခါးသည်တွေ့တော့ အငမ်းမရဖြစ်ကာ ကြည့်နေကြတယ်။
" သနပ်ခါးသည်လေးလိမ်းထားတာ ဒီသနပ်ခါးတွေလား"
" ဟုတ်တယ်ရှင့် သူကမွှေးလဲမွှေးတယ် တစ်ခါလူးထားရင် တစ်နေကုန်မပျက်ဘူး"
" ဈေးကရော ဘယ်လောက်လဲ"
" တစ်တုံးကို တစ်မူးပဲပေးပါ "
" ဟယ်တန်လိုက်တာ ဟိုကောင်မတွေ ငါဒီအတုံးယူမယ် နင်တို့အခြားတုံးယူ"
" အမလေး ငါကသနပ်ခါး မလိုချင်ပါဘူး ငါက မာဖလာကောင်းကောင်းလေး လိုချင်တာ "
" ဟယ် နင်ကမာဖလာကိုဘယ်နားသွားဝတ်မလို့လဲ"
" ဟွန့် နင်တို့ကလေ ငါ့ကိုပြောမယ်ဆိုတာကြီးပဲ ငါဝတ်ဖို့မဟုတ်ပါဘူး ဟိုတစ်နေ့က ရွာထဲကို ဆေးလာကုပေးတဲ့ ဆရာလေးကိုလက်ဆောင်ပေးချင်တာ"
" အေးနော် ဆရာလေးက လွန်ရောကျွံရော အသက်နှစ်ဆယ်ကျော်လောက်ပဲရှိဦးမှာ မျက်နှာလေးကလဲ ယောင်္ကျားပီသတယ် သူဆေးကုတဲ့အချိန် ငါဖြင့်ခိုးခိုးကြည့်ရတာ အမော"
" ဟုတ်တယ် ငါထောက်ခံတယ် သူဆေးကုတဲ့နည်းက သူများတွေနဲ့လဲမတူဘူးသိလား ရွာတောင်ပိုင်းက ဦးဖိုးလှ ပိုးထိတုန်းကဆို ကြိုးအနက်တွေနဲ့ပတ်ထားတဲ့ ရေဘူးထဲကရေတစ်စက်ပဲချတာ အဆိပ်တွေအလိုလိုပြန်ထွက်လာရော"
သနပ်ခါးဝယ်ရင်း ပြောနေကြတဲ့ မိန်းကလေးတွေရဲ့စကားကိုကြားတော့ သနပ်ခါးသည်မလေးမျက်နှာပေါ်မှာ အမျိုးအမည်မသိတဲ့အပြုံးတစ်ခုပေါ်လာခဲ့တာ ဘယ်သူမှသတိမထားမိခဲ့ဘူး။
+++++++
" ဆရာလေး ဆရာလေး "
" ကိုတုတ်ကြီး အလန့်တကြားနဲ့ ဘာဖြစ်တာလဲ"
" ရွာထဲကိုသနပ်ခါးလာရောင်းတဲ့ မိန်းကလေးပိုးထိလို့"
" ဟုတ်လား အခုဘယ်မှာလဲ "
" ရွာထိပ်ကဇရပ်မှာလဲနေတယ် လာကြည့်ပေးပါဦး"
သျောင်းတစ်စောင်းကိုသေသပ်စွာထုံးထားတဲ့ လူငယ်က ဘေးမှာချထားတဲ့လွယ်အိတ်ကိုလွယ်လိုက်ပြီး
" ဦးဖိုးလှ ဒဏ်ရာကသက်သာနေပါပြီ ကျုပ်ပေးထားတဲ့ရေမန်းကိုပဲ တစ်နေတစ်ကြိမ်လူးပေးပါ နောက်မှအေးဆေးကြည့်ပေးတော့မယ် အခုကအရေးပေါ်လာလို့"
" အေး အေး သွားလိုက်ဦး လူလေး "
သျောင်းတစ်စောင်းနဲ့လူငယ်လဲ ဦးဖိုးလှအိမ်ကနေထွက်လာပြီး ရွာထိပ်ကိုရောက်တော့
" ဆရာလေး လာပြီ ဆရာလေး ပိုးထိတာ ဟိုမိန်းကလေးပဲ"
လူငယ်လဲ ဇရပ်ပေါ်တက်လာတော့ သနပ်ခါးဘဲကြားလေးလူးထားတဲ့မျက်နှာပေါ်မှာ အထင်းသားပေါ်နေတဲ့ နှာတံ၊ ဖြောင့်စင်းနေတဲ့မျက်တောင်တွေနဲ့ ထုံမွှမ်းထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" ဘယ်နေရာမှာပိုးထိတာလဲ ကိုတုတ်ကြီး"
" ခြေမျက်စိအောက်နားမှာထိတာ အဆိပ်ကပြင်းတယ်ထင်တယ် ခြေထောက်တစ်ခုလုံးညိုမဲနေတယ်"
လူငယ်လေးက ပိုးထိနေတဲ့မိန်းကလေးရဲ့ခြေထောက်ကိုကြည့်လိုက်ပြီး လွယ်အိတ်ထဲက ရေဘူးကိုထုတ်ကာ ပိုးထိတဲ့နေရာပေါ်ကို လောင်းချလိုက်တယ်။ မကြာခင်အဆိပ်တွေထွက်လာခဲ့ပေမယ့် မိန်းကလေးကသတိမရသေးတာမြင်တော့ ရေဘူးမှာပတ်ထားတဲ့ကြိုးအနက်စလေးကိုဖြေပြီး ပိုးထိတဲ့အပေါက်ဘေးကို ထိုးချလိုက်တယ်။
" ဟင် ဘယ်လိုဖြစ်တာလဲ ငါထိုးတဲ့နေရာက ပိုးထိတဲ့နေရာပါ ကြိုးကဘာကြောင့် ချော်ထွက်သွားတာလဲ" ဆိုပြီးတွေးပြီး နောက်တစ်ခေါက်ပြန်ထိုးတော့မှ ပိုးထိတဲ့အပေါက်ကိုထိသွားတယ်။
ကြိုးအနက်လေးနဲ့ထိုးလိုက်ပြီး ခဏနေတော့ ကျန်နေတဲ့အဆိပ်တွေထွက်လာခဲ့တယ်။
" သတိရလာပြီ သတိရလာပြီ "
ကိုဖိုးတုတ်ရဲ့အော်သံကြောင့် လူငယ်က မိန်းကလေးကိုလှည့်ကြည့်လိုက်တဲ့အချိန်နဲ့ လေပြင်းတစ်ချက်ဝှေ့တဲ့အချိန်တိုက်ဆိုင်သွားပြီး မိန်းကလေးရဲ့‌ဆံပင်တွေ‌ဖြေကျလာခဲ့တယ်။
နက်မှောင်တဲ့ဆံပင် ၊ ဖြောင့်တန်းနေတဲ့နှာတံ၊ လုံးဝန်းတဲ့မျက်လုံး၊ ကော့စင်းနေတဲ့ မျက်တောင်တို့ကအချိုးညီစွာပေါင်းစပ်ထားတဲ့ မျက်နှာနဲ့ လူငယ်ရဲ့အကြည့်တွေဆုံမိသွားတဲ့အချိန် လူငယ်လေးရဲ့ရင်ဘတ်ထဲမှာ အမျိုးအမည်မသိတဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရတယ်။
အတန်ကြာအောင်စူးစိုက်ကြည့်နေပြီးတော့မှ သတိပြန်ဝင်လာပြီး
" သက်သာပါရဲ့လား "
" သက်သာပါတယ် ခြေထောက်ကအနည်းငယ်နာနေတာကလွဲပြီး အဆင်ပြေပါတယ် "
" ဒီကအမိနာမည်ကဘယ်လိုခေါ်လဲ ဘယ်ကနေလာပြီးဈေးလာရောင်းတာလဲ"
" ကျွန်မနာမည်က လွန်းအိမ်လို့ခေါ်ပါတယ် ဟိုဘက်တောစပ်အနောက်ဘက်ကရွာမှာနေတာပါ"
" ဒါဖြင့် ဒီဒဏ်ရာနဲ့ခရီးဆက်လို့ရမှာမဟုတ်သေးဘူး တစ်ရက်နှစ်ရက်လောက်တော့ ရွာမှာနားလိုက်ပါဦး "
သျောင်တစ်စောင်းနဲ့လူငယ်လေးစကားကြောင့် မိန်းကလေးမျက်နှာမှာအားနာတဲ့အရိပ်အယောင်တွေပေါ်လာပြီး
" ရပါတယ် ကျွန်မလမ်းလျောက်လို့အဆင်ပြေမှာပါ"
" အမိကို ကိုက်လိုက်တာက ငန်းစောင်းလို့ခေါ်တယ် သူ့အဆိပ်က လူ့ရဲ့သွေးတွေကိုခဲစေပြီး နှလုံးကိုထိစေတယ် ဒါပေမယ့်အမိက ကံကောင်းလို့ဒုက္ခမရောက်တာ ကျုပ်စကားကိုံလိုက်ပါ ကိုဖိုးတုတ် သူ့ကို ဦးဖိုးလှတို့အိမ်ကိုခေါ်သွားပေးလိုက်ပါ ကျုပ်တစ်ရက်တစ်ခါလာကြည့်ပေးပါ့မယ်"
ဒီလိုနဲ့မိန်းကလေးက ဦးဖိုးလှတို့အိမ်မှာ သုံးရက်လောက်နေခဲ့တယ်။ သုံးရက်အတွင်း ဆေးဆရာလေးက နေ့တိုင်းလာကြည့်ပေးပြီး စကားစမြည်တွေပြောဖြစ်ရာကနေ တစ်ဦးချင်းစီရဲ့ ရင်ဘတ်ထဲမှာ အပင်ငယ်လေးတစ်ပင်ရဲ့ရေသောက်မြစ်တစ်ခုစတည်လာခဲ့ကြတယ်။
++++++++
" မိလွန်း ထစမ်း "
ဒေါသသံနဲ့ပြောလိုက်တဲ့စကားကြောင့် မိလွန်းထကြည့်လိုက်တော့ မာကြောခက်ထန်တဲ့မျက်နှာတွေနဲ့ရပ်နေတဲ့ အစ်မခြောက်ယောက်ကိုမြင်လိုက်ရတယ်။
" မိလွန်း နင်ရည်ရွယ်ချက်ကဘာလဲ ငါတို့အတွက်လက်စားချေဖို့မဟုတ်လား နင့်စိတ်ကဘာကြောင့်ပျော့သွားတာလဲ "
" မဟုတ်ပါဘူး အဲလိုမဟုတ်ပါဘူး"
" နင်လာငြင်းမနေနဲ့ နင့်စိတ်ကိုငါတို့အသိဆုံး အခုနင်ဘေးရောက်နေတဲ့ကောင်က ငါတို့ကြားထဲကိုကျောက်နက်ရေနဲ့ပက်ခဲ့တဲ့သူပဲ နင်ရည်ရွယ်ချက်ကိုမပျက်စေနဲ့ သူ့ကိုအသုံးချပြီး ငါတို့အတွက်လက်စားချေပါ"
" အစ်မ အစ်မ "
မိလွန်းလန့်နိုးလာတော့ ဘေးမှာဘယ်သူမှမရှိတော့ဘူး။သိပ်မကြာခင် ရွာရဲ့နှိုးစက်လင်းကြက်တွန်သံကိုကြားလိုက်ရတယ်။
ဒဏ်ရာကလဲသက်သာနေပြီမို့ အိပ်ယာဘေးမှာချထားတဲ့ သနပ်ခါးတောင်းကိုပင့်ကာ အိမ်အောက်ဆင်းလာတဲ့အချိန် ဆွမ်းထချက်နေတဲ့ ဦးဖိုးလှမိန်းမနဲ့တွေ့လိုက်ရတယ်။
" သမီး သွားတော့မလို့လား"
" ဟုတ်တယ် အရီး အိမ်ကလဲစိတ်ပူနေကြတော့မှာ ဒီကြားထဲအရီးတို့ကူညီပေးခဲ့တာတွေကိုအမြဲအမှတ်ရနေမှာပါ "
" အေးပါ သမီးလေး လမ်းခရီးမှာဂရုစိုက်နော်"
" ဟုတ်ကဲ့အရီး ဒါနဲ့ ဆရာလေးလာရင် တောစပ်က ဇရပ်မှာစောင့်နေပါလို့ ပြောပေးပါ"
" ‌အရီးလေးပြောပေးလိုက်မယ်နော် "
" သွားပြီနော် အရီးလေး"
++++++++
ရောင်နီဖြိုးဖျကျရောက်နေတဲ့တောစပ်နားက ဇရပ်မှာတော့ လူနှစ်ယောက်ထိုင်ကာစကားပြောကြတယ်။
" မောင်ကြီး နှမက နောက်ရက်ဆိုရင် အခြားရွာတွေကိုသွားရတော့မှာ ထပ်တွေ့ဖြစ်ဖို့ကကြာမယ်ထင်တယ်"
" မောင်ကြီးလဲ အရေးကြီးကိစ္စနဲ့ အိမ်ကိုပြန်ရမှာ "
" မောင်ကြီးကဘယ်မှာနေလို့လဲ "
" မောင်ကြီးနေတဲ့နေရာကိုပြောရင်လဲနှမသိမှာမဟုတ်ပါဘူး "
" မောင်ကြီးကမပေးသိချင်မှတော့ နှမမမေးတော့ပါဘူး သွားတော့မယ် ဦးလေးတွေစောင့်နေလောက်ပြီ"
" ဟားဟား စိတ်ဆိုးသွားတာလား မောင်ကြီးက မပေးသိချင်တာမဟုတ်ပါဘူး မောင်ကြီးတို့နေတဲ့နေရာက အပြင်လူဝင်လို့မရဘူး ဒါပေမယ့် နှမကတော့ ခြွင်းချက်ပေါ့နော်"
သျောင်တစ်စောင်းနဲ့လူငယ်က လွယ်အိတ်ထဲကနေ အနက်ရောက်ကြိုးလေးတစ်ချောင်းကိုထုတ်လိုက်ပြိး
"မောင်ကြီးတို့နေတဲ့နေရာက ဥတ္တရာတောရဲ့အလယ်မှာရှိတယ် နှမအလယ်လာချင်တယ်ဆိုရင် ဒီကြိုးလေးကိုယူထား စစ်လားဆေးလားလုပ်ရင်ကြိုးလေးသာပြလိုက် "
" ဒီကြိုးကအခြားကြိုးတွေနဲ့လဲမတူဘူး အရမ်းမာတယ်နော်"
" ဟုတ်တယ် ဒီကြိုးတစ်ချောင်းကျစ်ဖို့ဆိုရင် အချိန်သုံးလလောက်ယူရတယ် ဥတ္တရတောရဲ့အလယ်ကျောက်ဂူကနေထွက်တဲ့ ရေ၊ သိမ်ဝင်သင်္ကန်းစ၊ သစ်ကနက်ပင်ရဲ့အစေးကို အချိုးညီအောင်ရောပြီး ဆယ်ရက်တိတိစိမ်ရတယ် ကိုးရက်ပြည့်ပြီဆိုရင် ဂါထာတစ်ခုကိုရွတ်ပြီး ကျစ်ရတယ် အဲလိုကျစ်တာ ရက်ခုနှစ်ဆယ်ကြာတယ်ကျစ်ပြီးရင် ကျပ်ခိုးစင်မှာ ဆယ်ရက်ထားရတယ် အားလုံးပြီးရင်တော့ သုံးလို့ရပြီ လူတစ်ယောက်မှာ ကြိုးနှစ်ချောင်းပဲကျစ်ခွင့်ရှိတယ် သုံးတဲ့သူရဲ့အစွမ်းပေါ်မူတည်ပြီး ကြိုးရဲ့အစွမ်းကတိုးလာတယ် "
" အဲဒါဆိုရင် မောင်ကြီးမှာလဲ ကျစ်ထားတဲ့ကြိုးနှစ်ချောင်းရှိမှာပေါ့"
" ရှိတာပေါ့ ဟောဒီမှာကြည့်"
လူငယ်က ပြောရင်းဆိုရင်း ဝတ်ထားတဲ့လက်ကိုခေါက်တင်လိုက်ပြီး လက်မောင်းမှာပတ်ထားတဲ့ ကြိုးနက်ကိုထုတ်ပြလိုက်တယ်။
" ဒီကြိုးနက်ကဘယ်အချိန်အစွမ်းပြယ်တာလဲ"
" ကြိုးနက်က တစ်လကိုတစ်ခါ သိဒ္ဒိတင်ရတယ် အခုမောင်ကြီးပြန်မှာက ကြိုးနက်ကိုသိဒ္ဒိတင်ဖို့လေ "
" ဒါဖြင့် အခုမောင်ကြီးဆီမှာရှိတဲ့ကြိုးက သိဒ္ဒိမတင်ရသေးဘူလား"
" အဲလိုတော့မဟုတ်ဘူး အစွမ်းကတော့ရှိပါတယ် အရင်လိုတော့မစွမ်းတော့ဘူးပေါ့ ငါ့နှမက သေချာမေးနေတာ မောင်ကြီးတို့ဂိုဏ်းအကြောင်းစိတ်ဝင်စားလို့လား"
" ဟုတ်တယ် အရမ်းစိတ်ဝင်စားတာ "
" ဘာဖြစ်လို့စိတ်ဝင်စားတာလဲ"
" ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ငါ့အစ်မတွေကိုနင်တို့ဖမ်းပြီးသတ်ခဲ့လို့ပဲ"
မိလွန်းကပြောရင်းဆိုရင်း သျောင်တစ်စောင်းနဲ့လူငယ်ရဲ့ရင်ဘတ်ကို လက်ဝါးနဲ့ရိုက်ချလိုက်ပြီး အနောက်ကိုခုန်ထွက်လိုက်တယ်။
" နင် နင် .....နင်က"
" ဟုတ်တယ် ငါကအဲဒီတုန်းကလွတ်သွားတဲ့ တစ်ယောက်ပဲ နင်လုပ်လို့ငါ့အစ်မတွေသေခဲ့ရတယ် အခုနင့်ကိုငါကိုယ်တိုင်ပြန်သတ်မယ် နင့်ကိုတွေ့ရဖို့ငါကြိုးစားခဲ့ရတာ ငါထိတဲ့ပိုးကရော အစစ်လို့ထင်လား ဟားဟားဟား နင်အရမ်းညံ့သွားပြီ "
" တောက် ငါနင့်ကိုယုံစားမိလို့ ဖွင့်ပြောခဲ့မိတာ ငါ့အမှားပဲ နင်ငါ့ကိုသတ်လို့ရမယ်ဆိုသတ်လိုက် ငါ့အမှားကြောင့်ငါ့အသက်ကိုပေးရမယ်ဆိုရင် ငါဝန်လေးနေမှာမဟုတ်ဘူး "
" အေး သတ်မယ် နင့်ရင်ဘတ်ကိုခွဲပြီး သတ်မှာ"လို့ပြောပြီးဇရပ်ပေါ်မှာကျနေတဲ့သစ်ကိုင်းခြောက်ကိုကောက်ပြီး လူငယ်ရဲ့နှလုံးရှိရာကိုပစ်လွှတ်လိုက်တယ်။
လူငယ်က မိမိဆီပျံဝင်လာတဲ့သစ်ကိုင်းခြောက်ကိုကြည့်နေရင်း သစ်ကိုင်းခြောက်ကနေ ဓါးမြောင်ဖြစ်သွားတာမြင်တော့ ဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်ရာ လက်မောင်းမှာပတ်ထားတဲ့ ကြိုးနက်က မြွေတစ်ကောင်လို ပြေးထွက်သွားပြီး ဓါးမြောင်းအရှေ့မှာဆီးကာလိုက်တယ်။
ဓါးမြောင်ကကြိုးနက်နဲ့ထိပြီးလမ်းကြောင်းလွှဲကာ ဇရပ်အပြင်ဘက်ကိုလွှင့်ထွက်သွားခဲ့တယ်။
မိလွန်းရဲ့လက်ဝါးချက်ထိထားတဲ့လူငယ်က မလှုပ်နိုင်ပဲကြမ်းပေါ်လဲကျနေတာကတစ်ကြောင်း၊ ကြိုးနက်ကလဲ သိဒ္ဒိမတင်ရသေးတာကြောင့် အစွမ်းသိပ်မထက်ပဲဖြစ်နေတာကိုအခွင့်အရေးယူကာ လူငယ်ရဲ့ရင်ဘတ်ကိုလက်ညိုးထိုးပြီး အဆုံးသတ်ဖို့ကြိုးစားတဲ့အချိန် ရင်ထဲပျို့တက်လာတဲ့ခံစားချက်တစ်ချို့ကြောင့် မိလွန်းတွေဝေသွားတယ် ။
" ငါသူ့ကိုချစ်မိနေတာလား အို မဟုတ်ဘူး ငါသတ်ကိုသတ်ရမယ် ငါ့အစ်မတွေအတွက် လက်စားချေရမယ် ငါလုပ်ကိုလုပ်ရမယ် "လို့ရေရွတ်ပြီး လက်ကိုဆန့်တန်းလိုက်ရာ ဇရပ်ဘေးမှာကျနေတဲ့သစ်ကိုင်းခြောက်တွေလေထဲကိုပျံတက်လာပြီး လူငယ်ဘက်ကိုမျက်နှာမူထားကြတယ်။
မိလွန်းလဲ စိတ်ကိုတင်းလိုက်ပြီး
" ငါ့အစ်မတွေအတွက် နင်ပြန်ခံလိုက်စမ်း" လို့ပြောပြီး ပစ်လွှတ်လိုက်တာနဲ့ သစ်ကိုင်းခြောက်တွေက ဓါးမြောင်တွေဖြစ်သွားပြီး လူငယ်ရဲ့ရ်ုဘတ်ဆီကိုပြေးဝင်လာကြတယ်။
ဒီတစ်ခါတော့ လူငယ်က မရှိမဲ့ရှိမဲ့အားကိုယူပြီး ကြိုးနက်နဲ့ကာလိုက်ပေမယ့် ဓါးမြောင်တွေက ကြိုးနက်ကိုဖြတ်တောက်ကာ လူငယ်ရဲ့ရင်ဘတ်ဆီဝင်လာတဲ့အချိန်
" ချွင် ချွင် ချွင် "ဆိုတဲ့အသံနဲ့အတူ ဓါးတွေလွင့်ထွက်သွားတယ်။
ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် နှစ်ယောက်လုံးအံ့အားသင့်သွားတဲ့အချိန် ဇရပ်အနောက်ကနေ ထွက်လာတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
အသက်တူရွယ်တူဖြစ်နေတဲ့လူငယ်ကိုမြင်တော့မိလွန်းက
" နင်ကလဲ ကြိုးနက်ဂိုဏ်းကပဲလား ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးကိုငါသတ်မှာ "
မိလွန်းကပြောရင်းဆိုရင်း စည်းထားတဲ့ဆံပင်တွေကိုဖြေချလိုက်ပြီး ကြမ်းပြင်ကိုဖနောင့်တစ်ချက်ပေါက်လိုက်ရင်ပဲ ခန္ဓာကိုယ်ထဲကနေ အနက်ရောင်အခိုးအငွေ့တွေထွက်လာပြီး မတ်တပ်ရပ်နေတဲ့လူငယ်ကို ရိုက်ခတ်ပါလေရော။
အခိုးငွေ့တွေက လူငယ်အနားကိုရောက်တော့ ရှေ့ဆက်မသွားတော့ပဲ ဘေးဘက်၊အပေါ်ဘက်တွေကိုလွင့်ထွက်သွားခဲ့တယ်။ လူငယ်ရဲ့အရှေ့မှာ မမြင်ရတဲ့အတားအဆီးတစ်ခုခံနေသလိုဖြစ်နေတာမြင်တော့ မိလွန်းက သူ့ကိုယ်ထဲမှာရှိသမျှ ပညာတွေကိုအကုန်သုံးပြီး တိုက်ဖို့လုပ်တဲ့အချိန် လူငယ်က လက်နှစ်ဖက်ကိုဖြန့်ချလိုက်တယ်။
လက်နှစ်ဖက်ဖြန့်လိုက်တဲ့အချိန်မှာပဲ ဘေးမှာကျနေတဲ့ကြိုးနက်နှစ်ချောင်းက လေပေါ်ပျံတက်လာပြီး လက်ပေါ်ကျလာခဲ့တယ်။ လူငယ်က လက်ပေါ်ရောက်လာတဲ့ကြိုးနက်နှစ်ချောင်းကို ဆုပ်ကိုင်မထားပဲလွှတ်ထုတ်လိုက်တယ်ဆိုရင်ပဲ လေးညို့ကလွှတ်တဲ့မြှားလိုပြေးထွက်သွားပြီး မိလွန်းရဲ့ကိုယ်ကိုရစ်ပတ်ထားလိုက်တယ်။
အရင်တစ်ခါလွှတ်မြောက်ခဲ့တဲ့ငရဲမီးတောက်ကျင့်စဉ်ကိုအသုံးပြုဖို့ကြိုးစားခဲ့ပေမယ့် လုံးဝသုံးလို့မရခဲ့ဘူး။ ခွန်အားရှိသမျှ ရုန်းကန်ပြီး နောက်ဆုံးမလွှတ်တော့ဘူးဆိုမှ မတ်တပ်ရပ်နေတဲ့လူငယ်ကိုမျက်စောင်းထိုးကြည့်ပြီး
" နင်ကငါ့အလုပ်ကိုဖျက်လိုက်တာပဲ ငါအောင်မြင်ခါနီးမှ နင်လာဝင်ရှုပ်တယ်"
မိလွန်းစကားကြောင့် လူငယ်က
" သင်တရားမျှတမှုမရှိလို့ ကျုပ်ဝင်တားရတာ အခုလဲနေတဲ့လူငယ်အပေါ်သင်ထားတဲ့စိတ်ရင်းအမှန်ကိုသင်အသိဆုံးဖြစ်မှာပါ သင့်ကျင့်စဉ်အချို့ကိုကျုပ်သိမ်းလိုက်ပြီ သင့်စိတ်ထဲမှာ ကောင်းတဲ့အရာတွေအများကြီးရှိတယ် သင်ကလူကောင်းတစ်ယောက်ဖြစ်ဖို့အခွင့်အရေးရှိတယ် ဒါကြောင့်သင်နေတဲ့နေရာကိုပြန်သွားပါ သင့်ကြောင့်ဘယ်သူမှမသေစေပါနဲ့ သင်ဤအချက်ကိုကျူးလွန်ရင် သင့်ပညာတွေအားလုံးပျက်စီးပါစေသားဆိုတဲ့ကတိကိုတည်ပါ ဒါဆိုရင် သင့်ကိုကျုပ်လွှတ်ပေးမယ် "
" ကျုပ်တို့ရွာသူရွာသားတွေကို ဒီမဟူရာကြိုးနက်ဂိုဏ်းသားတွေမနှောက်ယှက်ဘူးဆိုရင် ကျုပ်လိုက်နာမယ်"
မိလွန်းစကားကြောင့် လူငယ်က ကြမ်းပေါ်လဲနေသူကိုကြည့်ပြီး
" သင်တို့သည်လဲ မကောင်းတဲ့အမှုကိုပြုသူကိုသာ နှိမ်နှင်းပါ လောကမှာ ပညာသည်ဆိုတိုင်း မကောင်းတာမဟုတ်ဘူး သင်ပြန်လည်ဆင်ခြင်ပါ မကြာခင်သင်ဟာဂိုဏ်းရဲ့အဓိကနေရာကိုရောက်လာတော့မှာဖြစ်တယ် သင်လဲကတိတည်ပါ "
" ကျုပ်သူ့ကိုခွင့်မလွှတ်ဘူး ကျုပ်အပြစ်တွေအတွက်ပြန်ပေးဆပ်ပြီးရင် သူ့ကိုရအောင်ဖမ်းမယ် လွန်းအိမ် နင်တစ်နေ့ငါ့အကြောင်းသိရမယ်"
လူငယ်က ကြိမ်းမောင်းရင်း အားယူကာဇရပ်ပေါ်ကနေ ထွက်သွားခဲ့တယ်။
သျောင်တစ်စောင်းနဲ့လူငယ်ထွက်သွားတော့မှ မိလွန်းကိုယ်မှာချည်ထားတဲ့ကြိုးကိုဖြုတ်ပေးလိုက်ပြီး
" မဟူရာကြိုးနက်ဂိုဏ်းသားတွေ သင်တို့ရွာကိုရောက်တဲ့အချိန် ကျုပ်ပြန်လာခဲ့ပါမယ် သင်လဲပေးထားတဲ့ကတိကိုတည်အောင်နေပါ"
" စိတ်ချပါ သူတို့ကောင်းရင် ငါမဆိုးဘူး ငါ့ပညာတွေနဲ့လူတွေကိုဒုက္ခမပေးဘူးလို့လဲကတိပေးတယ် နင့်နာမည်ကိုလဲ ငါသိပါရစေ"
မိလွန်းစကားကြောင့် လူငယ်လေးပြုံးလိုက်ပြီး
" ကြိုးနဲ့ချည်ပေမယ့် မမြဲဘူး
မေတ္တာနဲ့ချည်မှမြဲမယ်"လို့ပြောကာ ဇရပ်ပေါ်ကနေဆင်းသွားခဲ့တယ်။
မိလွန်းလက်ဝါးကြောင့် ဒဏ်ရာရသွားတဲ့လူငယ်က ဥတ္တရတောအစပ်ကိုရောက်တော့ မထိန်းနိုင်တော့ပဲ သတိလစ်မေ့မျောသွားခဲ့တယ်။
သတိပြန်ရလာတော့ ကျောက်ဖျာတစ်ခုပေါ်ရောက်နေပြီး ဘေးမှာတော့ ဂိုဏ်းတည်ထောင်သူတစ်ဖြစ်လဲ ဖခင်ဖြစ်သူကိုတွေ့လိုက်ရတယ်။
" သတိရလာပြီလား "
" ကျွန်တော်ဒီကိုဘယ်လိုရောက်လာတာလဲ"
" မင်းနဲ့သက်တူရွယ်တူကောင်လေးတစ်ယောက်လာပို့ပေးသွားတာ ဒီမှာမင်းအတွက် စာရွက်တး်ရွက်ပေးသွားတယ်"
သျောင်တစ်စောင်းနဲ့လူငယ်လဲ ပေးသွားတဲ့စာရွက်ကိုဖွင့်ပြီးဖတ်ကြည့်လိုက်တော့
" အသက်သတ်လို့ အမုန်းမပျောက်ဘူး
ခွင့်လွှတ်မှသာ ပျောက်လိမ့်မယ်" လို့ရေးထားတာတွေ့တော့ အံကိုကြိတ်ကာ တောက်တစ်ချက်ခေါက်လိုက်မိတယ်။
+++++++++
"အောက်အီးအီးအွတ်"ဆိုတဲ့လင်းကြက်တွန်သံနဲ့အတူ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့တရားဖြုတ်လိုက်ကြတယ်။
မနက်စာအဖြစ် တောက်ရစီစဉ်ပေးတဲ့ ရေနွေးကြမ်းနဲ့ ငှက်ပျောသီးကိုစားပြီးတဲ့အချိန်
" ဆရာ ဒါဆို နက္ခတ်ဆိုတဲ့လူက တော်တော်အသက်ရှည်တာပဲ "
" ဟုတ်တယ် သူသတိရလာတော့ သမထဘက်ကိုလိုက်စားရင်း အသက်ဆွဲဆန့်လို့ရတဲ့ကျင့်စဉ်ကိုအောင်မြင်ခဲ့တယ် "
" ဒါဆို ဆရာက အဲဒီအချိန်ထဲက ရှိတယ်ဆိုတော့ ဆရာအသက်ကလဲ ..."
သက်ခိုင်ကပြောနေရင်းတစ်စုံတစ်ခုစဉ်းစားမိကာ ဆွံ့အသွားတဲ့အချိန်
" ကဲ သိပ်အတွေးမလွန်ကြနဲ့ဦး ထောင်ထဲရောက်နေတဲ့ပါရမီရှင်တစ်ယောက်ကို ‌ခေါ်ဖို့အချိန်တန်ပြီ ဒီတော့ မင်းတို့နဲ့ဒီမှာခဏလမ်းခွဲရတော့မယ် နောက်ငါးလကြာရင် ကပ်ကျော်လာဘ်ခေါ်စေတီမှာပြန်ဆုံကြမယ်" လို့ပြောကာထွက်သွားခဲ့တယ်။
နောက်ဝတ္တုမှာတော့ အောင်မြတ်သာ ခေါ်ထုတ်မယ့်သူကဘယ်သူဖြစ်မလဲ ဘာကြောင့်ခေါ်ထုတ်ရလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်နရသိန်ဝင်ပေါက်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment