သိုက်ကလာသူ

  သိုက်ကလာသူတစ်ယောက်အကြောင်း ( စ၊ ဆုံး)   ” အို…မလိုက်ပါဘူးတော်၊ ရှုပ်ရှုပ်ယှက်ယှက်။ ကျုပ် ဒါမျိုးတွေ ဘယ်တုန်းက လိုက်ကြည့်ဖူးလို့လဲ…” ” အေးပ... thumbnail 1 summary

 


သိုက်ကလာသူတစ်ယောက်အကြောင်း ( စ၊ ဆုံး)

 

” အို…မလိုက်ပါဘူးတော်၊ ရှုပ်ရှုပ်ယှက်ယှက်။ ကျုပ် ဒါမျိုးတွေ ဘယ်တုန်းက လိုက်ကြည့်ဖူးလို့လဲ…”

” အေးပါ…အဲ့ဒါဆိုလည်း နောက်ကျနေပြီ၊ ငါ သွားတော့မယ်…”

ကိုသန်းဆောင် မမြမူကို လက်ပြနှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။

မမြမူကတော့ ယောက်ျားလုပ်သူရဲ့ ကျောပြင်ကို လှမ်းကြည့်ပြီး ” ဒီနေ့ သိပ်ထူးဆန်းနေပါလား…” ရယ်လို့ တွေးမိရင်း ခေါင်းကို ခါရမ်းမိနေလေရဲ့။

*******

ညနေနေ၀င်ရီတရော အချိန်…။

မမြမူတစ်ယောက် အိမ်ရှေ့ဆီကနေ ယောက်ျား ပြန်အလာကို စောင့်ဆိုင်းနေမိတယ်။

” ကိုသန်းဆောင်ကလည်း နောက်ကျလိုက်တာနော်။ တကတည်း ဒီက ဗိုက်ဆာနေပါပြီဆို၊ သူ့ကို မစောင့်ဘဲ စားရင်လည်း စိတ်ဆိုးပြန်ဦးမယ်…”

မမြမူ ခပ်တိုးတိုး ရေရွတ်မိတယ်။

အဲ့ဒီ့အခိုက် သူ့အိမ်ရှေ့ဆီကို လူသုံးယောက် သုတ်သီးသုတ်ပြာနဲ့ ရောက်လာခဲ့ရဲ့။

” မြမူ…မြမူ…”

” ဪ…ကိုကြီးသာစိန်တို့၊ သုတ်သီးသုတ်ပြာနဲ့ ဘာအရေးများရှိလို့လဲ…”

” နင့်ယောက်ျား သန်းဆောင် ကုံးသီးမှန်လို့ ဆေးရုံပို့ရတယ်…”

” ရှင်…”

ထင်မှတ်မထားတဲ့ စကားမို့ မမြမူ ရင်ဘတ်ကို ဖိရင်း ထိုင်ရက်သား လဲကျသွားရတယ်။

” ဟုတ်…ဟုတ်ရဲ့လား ကိုကြီးသာစိန်ရယ်။ ကုံးသီးမှန်တာ ကျွန်မယောက်ျားဆိုတာ ဟုတ်ကော ဟုတ်လို့လား…”

” အေး…ဟုတ်ဆိုမှ ဟုတ်ပဲ။ အခုပဲ ကျန်တဲ့သူတွေက မြို့ဆေးရုံကို သွားပို့နေကြတယ်။ ငါတို့သုံးယောက်က ရွာကို ပြန်အကြောင်းကြားကြတာ…”

မမြမူ ဘာပြန်ပြောရမယ် မသိဘူး။ခင်ပွန်းသည်အတွက် မျက်ရည်စတွေက တနင့်တပိုး ပါးပြင်ဆီကို လိမ့်ဆင်းကျလာခဲ့ရပြီး ခြံအပြင်ဆီကို အရူးတပိုင်းနဲ့ ပြေးထွက်သွားခဲ့တယ်။

” ဟေ့…သူတစ်ယောက်ထဲ တစ်ခုခု ဖြစ်နေဦးမယ်။ လိုက်သွားကြဦး…”

အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။

ဆူညံသံတွေကြောင့် ပတ်၀န်းကျင်က လူတွေလည်း ချက်ချင်း ရောက်ရှိလာခဲ့ကြပြီး…။

” ဘယ်လိုများ ဖြစ်ရတာလဲ…”

” သန်းဆောင် ဘောလုံးပွဲမှာ ကုံးသီးမှန်လို့…”

” ဟာ…”

” ဖြစ်မှ ဖြစ်ရလေ…”

” အခု အခြေအနေကကော…”

” ဘယ်လိုများ ဖြစ်တာလဲ…”

တစ်ယောက်တစ်ပေါက် မေးမြန်းသံတွေ စုံလင်လှတယ်။

” ဘောလုံးပွဲမှာ နှစ်ဖက်က ရွာသားတွေပါ ရန်ဖြစ်ကြပြီး လေးခွတွေနဲ့ ပစ်ကြတာကနေ သန်းဆောင်ရဲ့ နားထင်ကို ကုံးသီးလါမှန်တာပဲ…”

” အို ဘုရား…ဘုရား…”

ကြားမိသူတို့ သန်းဆောင်အတွက် ရင်ထိတ်ကုန်ကြရတယ်။ ပြောပြသူက…

” သန်းဆောင်က ရန်ပွဲထဲမှာ မပါဘူး။ သူအစကြည့်နေတဲ့ နေရာမှဆိုရင်လည်း ထိမှာမဟုတ်ဘူး။ ကြည့်နေရင်း ရေခဲချောင်းစားချင်လို့ဆိုပြီး ရေခဲချောင်းသည်အနား သွား၀ယ်စားပြီး အသည်ရဲ့ စက်ဘီးနား ထိုင်ကြည့်နေတာ။ အဲ့ဒါကို ကုံးသီးက စမုတ်တံကြားကနေ ဖြတ်ပြီး လာမှန်တာ…”

” ဟာ…ဖြစ်မှဖြစ်ရလေဗျာ။ သန်းဆောင်တို့ အဖို့များ ပါလာရော့သလား…”

” ဟုတ်တယ်…ငါတို့လည်း အဲ့ဒါကို ပြောချင်တာ။ တကယ်ဆိုရင် ကုံးသီးက စမုတ်တံတွေကို မှန်ရမှာပဲကို၊ အခုက ကြားက ဖြတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် သန်းဆောင်ကို မှန်တာ…”

အဖြစ်က မဆန်းသလိုနဲ့ ထူးတယ်ပဲ ဆိုရပါမယ်။

အဲ့ဒီ့အချိန် တင်မြင့်ကတော့ နေ့လည်က သူငယ်ချင်းဖြစ်သူနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားမိနေတော့ပါတယ်။

*******

ကိုသန်းဆောင်တစ်ယောက် ဆေးရုံမရောက်ခင် လမ်းမှာတင် ဆုံးပါးသွားခဲ့ပါတယ်။

အလောင်းကို ရွာတွင်းဆီ ပြန်သယ်မရဘဲ ရွာအပြင် သုသာန်မှာပဲ ထားရစ်ပြီး သဂြိုဟ်ခဲ့ရတယ်။

သဂြိုဟ်ချိန်မှာ သရဏဂုံတည်ပြီး အလောင်းကို မြေဖို့ချိန်ကျတော့ နာရေးပို့လာကြတဲ့ သူတွေထဲဆီက မိန်းမတစ်ယောက်ကို ကိုသန်းဆောင် ၀င်ပူးခဲ့တယ်။

” မြမူ…မြမူ…ငါ သန်းဆောင်လေ။ မင်းကို သိပ်ချစ်တဲ့ မင်းရဲ့ လင် သန်းဆောင်ပါ။ ငါ့ကို သိုက်က ပြန်ခေါ်တာ။ ငါ မင်းကို မချစ်လို့ ထွက်သွားတာ မဟုတ်ပါဘူး။ မင်းဆီကို ငါ အခွင့်ရှိတိုင်း ပြန်လာခဲ့ပါ့မယ်ဟာ…”

ကိုသန်းဆောင် ၀င်ပူးခံရတဲ့ မိန်းမက ငိုသံပါကြီးနဲ့ အော်တာ။ ကြားရသူတို့ စိတ်မကောင်းဖြစ်ကြ၊ မျက်ရည်ကျကြနဲ့ပေါ့။

ရက်လည်တဲ့ ညမှာတော့ မမြမူရဲ့ အိမ်ဆီမှာ အလွန်ပဲ မွှေးပျံတဲ့ ရနံ့တွေ သင်းကြိုင်နေခဲ့တယ်။ ပြီးတော့ မမြမူရဲ့ အိပ်မက်ဆီကိုလည်း ကိုသန်းဆောင် ရောက်လာခဲ့ပြန်ပါတယ်။

အိပ်မက်ထဲမှာ ကိုသန်းဆောင်ရဲ့ အစွင်အပြင်က ရှေးခေတ်အ၀တ်အစားနဲ့။ သျှောင်တစ်စောင်းကြီးကိုလည်း ထုံးဖွဲ့ထားတယ်။ ပြီးတော့ ကိုသန်းဆောင်ရဲ့ အနောက်ပါးဆီက လိုက်ရင်း ဘုရားတစ်ဆူဆီကို ရောက်ခဲ့တယ်။

ဒီဘုရားကို မမြမူ ကောင်းကောင်းကြီးသိပါတယ်။

ချောင်းရဲ့ တစ်ဖက်ကမ်း၊ လယ်မရွာထိပ်ဆီမှာ ရှိတဲ့ ကျွဲထိုင်ဘုရားရယ်ပါ။ စေတီရဲ့ အလှမ်းမကမ်းမှာလည်း ကျောင်းထိုင်တွေ၊ ဘုန်းကြီးတွေ နေလို့မရတဲ့ ကျောင်းပျက်ကြီးကလည်း ထင်းလို့ပေါ့။

” ကိုသန်းဆောင်က ကျွဲထိုင်ဘုရားသိုက်ကပေါ့…”

မမြမူ ယုံကြည်မိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကနေ နောက်ပိုင်းကာလတွေမှာတော့…။

မမြမူဟာ ကိုသန်းဆောင်ရဲ့ မွေးနေ့တိုင်းမှာ ကျွဲထိုင်ဘုရားဆီကို မရောက်ရောက်အောင် သွားဖြစ်ခဲ့ပြီး ခင်ပွန်းသည်အတွက်ကို ရည်မှန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုပေးနေခဲ့တာ ယနေ့အချိန် အသက် ၆၀ ကျော်ခဲ့တဲ့ အချိန်အထိ တစ်နှစ်မှ မပျက်ခဲ့ပါပဲ…။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)


သိုက္ကလာသူ

သိုက္ကလာသူတစ္ေယာက္အေၾကာင္း ( စ၊ ဆုံး)


 


” အို…မလိုက္ပါဘူးေတာ္၊ ရႈပ္ရႈပ္ယွက္ယွက္။ က်ဳပ္ ဒါမ်ိဳးေတြ ဘယ္တုန္းက လိုက္ၾကည့္ဖူးလို႔လဲ…”


” ေအးပါ…အဲ့ဒါဆိုလည္း ေနာက္က်ေနၿပီ၊ ငါ သြားေတာ့မယ္…”


ကိုသန္းေဆာင္ မျမမူကို လက္ျပႏႈတ္ဆက္ၿပီး ထြက္ခြာသြားခဲ့တယ္။


မျမမူကေတာ့ ေယာက္်ားလုပ္သူရဲ႕ ေက်ာျပင္ကို လွမ္းၾကည့္ၿပီး ” ဒီေန႔ သိပ္ထူးဆန္းေနပါလား…” ရယ္လို႔ ေတြးမိရင္း ေခါင္းကို ခါရမ္းမိေနေလရဲ႕။


*******


ညေနေန၀င္ရီတေရာ အခ်ိန္…။


မျမမူတစ္ေယာက္ အိမ္ေရွ႕ဆီကေန ေယာက္်ား ျပန္အလာကို ေစာင့္ဆိုင္းေနမိတယ္။


” ကိုသန္းေဆာင္ကလည္း ေနာက္က်လိုက္တာေနာ္။ တကတည္း ဒီက ဗိုက္ဆာေနပါၿပီဆို၊ သူ႔ကို မေစာင့္ဘဲ စားရင္လည္း စိတ္ဆိုးျပန္ဦးမယ္…”


မျမမူ ခပ္တိုးတိုး ေရ႐ြတ္မိတယ္။


အဲ့ဒီ့အခိုက္ သူ႔အိမ္ေရွ႕ဆီကို လူသုံးေယာက္ သုတ္သီးသုတ္ျပာနဲ႔ ေရာက္လာခဲ့ရဲ႕။


” ျမမူ…ျမမူ…”


” ဪ…ကိုႀကီးသာစိန္တို႔၊ သုတ္သီးသုတ္ျပာနဲ႔ ဘာအေရးမ်ားရွိလို႔လဲ…”


” နင့္ေယာက္်ား သန္းေဆာင္ ကုံးသီးမွန္လို႔ ေဆး႐ုံပို႔ရတယ္…”


” ရွင္…”


ထင္မွတ္မထားတဲ့ စကားမို႔ မျမမူ ရင္ဘတ္ကို ဖိရင္း ထိုင္ရက္သား လဲက်သြားရတယ္။


” ဟုတ္…ဟုတ္ရဲ႕လား ကိုႀကီးသာစိန္ရယ္။ ကုံးသီးမွန္တာ ကြၽန္မေယာက္်ားဆိုတာ ဟုတ္ေကာ ဟုတ္လို႔လား…”


” ေအး…ဟုတ္ဆိုမွ ဟုတ္ပဲ။ အခုပဲ က်န္တဲ့သူေတြက ၿမိဳ႕ေဆး႐ုံကို သြားပို႔ေနၾကတယ္။ ငါတို႔သုံးေယာက္က ႐ြာကို ျပန္အေၾကာင္းၾကားၾကတာ…”


မျမမူ ဘာျပန္ေျပာရမယ္ မသိဘူး။ခင္ပြန္းသည္အတြက္ မ်က္ရည္စေတြက တနင့္တပိုး ပါးျပင္ဆီကို လိမ့္ဆင္းက်လာခဲ့ရၿပီး ၿခံအျပင္ဆီကို အ႐ူးတပိုင္းနဲ႔ ေျပးထြက္သြားခဲ့တယ္။


” ေဟ့…သူတစ္ေယာက္ထဲ တစ္ခုခု ျဖစ္ေနဦးမယ္။ လိုက္သြားၾကဦး…”


အေျခအေနက ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္ၾကတယ္။


ဆူညံသံေတြေၾကာင့္ ပတ္၀န္းက်င္က လူေတြလည္း ခ်က္ခ်င္း ေရာက္ရွိလာခဲ့ၾကၿပီး…။


” ဘယ္လိုမ်ား ျဖစ္ရတာလဲ…”


” သန္းေဆာင္ ေဘာလုံးပြဲမွာ ကုံးသီးမွန္လို႔…”


” ဟာ…”


” ျဖစ္မွ ျဖစ္ရေလ…”


” အခု အေျခအေနကေကာ…”


” ဘယ္လိုမ်ား ျဖစ္တာလဲ…”


တစ္ေယာက္တစ္ေပါက္ ေမးျမန္းသံေတြ စုံလင္လွတယ္။


” ေဘာလုံးပြဲမွာ ႏွစ္ဖက္က ႐ြာသားေတြပါ ရန္ျဖစ္ၾကၿပီး ေလးခြေတြနဲ႔ ပစ္ၾကတာကေန သန္းေဆာင္ရဲ႕ နားထင္ကို ကုံးသီးလါမွန္တာပဲ…”


” အို ဘုရား…ဘုရား…”


ၾကားမိသူတို႔ သန္းေဆာင္အတြက္ ရင္ထိတ္ကုန္ၾကရတယ္။ ေျပာျပသူက…


” သန္းေဆာင္က ရန္ပြဲထဲမွာ မပါဘူး။ သူအစၾကည့္ေနတဲ့ ေနရာမွဆိုရင္လည္း ထိမွာမဟုတ္ဘူး။ ၾကည့္ေနရင္း ေရခဲေခ်ာင္းစားခ်င္လို႔ဆိုၿပီး ေရခဲေခ်ာင္းသည္အနား သြား၀ယ္စားၿပီး အသည္ရဲ႕ စက္ဘီးနား ထိုင္ၾကည့္ေနတာ။ အဲ့ဒါကို ကုံးသီးက စမုတ္တံၾကားကေန ျဖတ္ၿပီး လာမွန္တာ…”


” ဟာ…ျဖစ္မွျဖစ္ရေလဗ်ာ။ သန္းေဆာင္တို႔ အဖို႔မ်ား ပါလာေရာ့သလား…”


” ဟုတ္တယ္…ငါတို႔လည္း အဲ့ဒါကို ေျပာခ်င္တာ။ တကယ္ဆိုရင္ ကုံးသီးက စမုတ္တံေတြကို မွန္ရမွာပဲကို၊ အခုက ၾကားက ျဖတ္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ သန္းေဆာင္ကို မွန္တာ…”


အျဖစ္က မဆန္းသလိုနဲ႔ ထူးတယ္ပဲ ဆိုရပါမယ္။


အဲ့ဒီ့အခ်ိန္ တင္ျမင့္ကေတာ့ ေန႔လည္က သူငယ္ခ်င္းျဖစ္သူနဲ႔ ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ကို ျပန္စဥ္းစားမိေနေတာ့ပါတယ္။


*******


ကိုသန္းေဆာင္တစ္ေယာက္ ေဆး႐ုံမေရာက္ခင္ လမ္းမွာတင္ ဆုံးပါးသြားခဲ့ပါတယ္။


အေလာင္းကို ႐ြာတြင္းဆီ ျပန္သယ္မရဘဲ ႐ြာအျပင္ သုသာန္မွာပဲ ထားရစ္ၿပီး သၿဂိဳဟ္ခဲ့ရတယ္။


သၿဂိဳဟ္ခ်ိန္မွာ သရဏဂုံတည္ၿပီး အေလာင္းကို ေျမဖို႔ခ်ိန္က်ေတာ့ နာေရးပို႔လာၾကတဲ့ သူေတြထဲဆီက မိန္းမတစ္ေယာက္ကို ကိုသန္းေဆာင္ ၀င္ပူးခဲ့တယ္။


” ျမမူ…ျမမူ…ငါ သန္းေဆာင္ေလ။ မင္းကို သိပ္ခ်စ္တဲ့ မင္းရဲ႕ လင္ သန္းေဆာင္ပါ။ ငါ့ကို သိုက္က ျပန္ေခၚတာ။ ငါ မင္းကို မခ်စ္လို႔ ထြက္သြားတာ မဟုတ္ပါဘူး။ မင္းဆီကို ငါ အခြင့္ရွိတိုင္း ျပန္လာခဲ့ပါ့မယ္ဟာ…”


ကိုသန္းေဆာင္ ၀င္ပူးခံရတဲ့ မိန္းမက ငိုသံပါႀကီးနဲ႔ ေအာ္တာ။ ၾကားရသူတို႔ စိတ္မေကာင္းျဖစ္ၾက၊ မ်က္ရည္က်ၾကနဲ႔ေပါ့။


ရက္လည္တဲ့ ညမွာေတာ့ မျမမူရဲ႕ အိမ္ဆီမွာ အလြန္ပဲ ေမႊးပ်ံတဲ့ ရနံ႔ေတြ သင္းႀကိဳင္ေနခဲ့တယ္။ ၿပီးေတာ့ မျမမူရဲ႕ အိပ္မက္ဆီကိုလည္း ကိုသန္းေဆာင္ ေရာက္လာခဲ့ျပန္ပါတယ္။


အိပ္မက္ထဲမွာ ကိုသန္းေဆာင္ရဲ႕ အစြင္အျပင္က ေရွးေခတ္အ၀တ္အစားနဲ႔။ ေသွ်ာင္တစ္ေစာင္းႀကီးကိုလည္း ထုံးဖြဲ႕ထားတယ္။ ၿပီးေတာ့ ကိုသန္းေဆာင္ရဲ႕ အေနာက္ပါးဆီက လိုက္ရင္း ဘုရားတစ္ဆူဆီကို ေရာက္ခဲ့တယ္။


ဒီဘုရားကို မျမမူ ေကာင္းေကာင္းႀကီးသိပါတယ္။


ေခ်ာင္းရဲ႕ တစ္ဖက္ကမ္း၊ လယ္မ႐ြာထိပ္ဆီမွာ ရွိတဲ့ ကြၽဲထိုင္ဘုရားရယ္ပါ။ ေစတီရဲ႕ အလွမ္းမကမ္းမွာလည္း ေက်ာင္းထိုင္ေတြ၊ ဘုန္းႀကီးေတြ ေနလို႔မရတဲ့ ေက်ာင္းပ်က္ႀကီးကလည္း ထင္းလို႔ေပါ့။


” ကိုသန္းေဆာင္က ကြၽဲထိုင္ဘုရားသိုက္ကေပါ့…”


မျမမူ ယုံၾကည္မိခဲ့ပါတယ္။


ဒီအျဖစ္အပ်က္ကေန ေနာက္ပိုင္းကာလေတြမွာေတာ့…။


မျမမူဟာ ကိုသန္းေဆာင္ရဲ႕ ေမြးေန႔တိုင္းမွာ ကြၽဲထိုင္ဘုရားဆီကို မေရာက္ေရာက္ေအာင္ သြားျဖစ္ခဲ့ၿပီး ခင္ပြန္းသည္အတြက္ကို ရည္မွန္းလို႔ ေကာင္းမႈကုသိုလ္ေတြ ျပဳေပးေနခဲ့တာ ယေန႔အခ်ိန္ အသက္ ၆၀ ေက်ာ္ခဲ့တဲ့ အခ်ိန္အထိ တစ္ႏွစ္မွ မပ်က္ခဲ့ပါပဲ…။


ၿပီးပါၿပီ။


ေနာင္႐ိုး(ေဆးတပ္)

No comments

Post a Comment