ဘွားမယ်စိန်နှင့် ခြံဝိုင်းထဲကဦးခေါင်းခွံ

  ဘွားမယ်စိန်နှင့် ခြံဝိုင်းထဲကဦးခေါင်းခွံ စာမူ...၁၈၃ စဆုံး "အမယ်လေး...." စူးစူးဝါးဝါးအော်ဟစ်သံကြောင့် ဘေးအိမ်ရှိ ဒေါ်အုန်းကြည်တစ... thumbnail 1 summary

 ဘွားမယ်စိန်နှင့် ခြံဝိုင်းထဲကဦးခေါင်းခွံ


စာမူ...၁၈၃

စဆုံး

"အမယ်လေး...."

စူးစူးဝါးဝါးအော်ဟစ်သံကြောင့် ဘေးအိမ်ရှိ
ဒေါ်အုန်းကြည်တစ်ယောက် မခင်မာတို့ဝိုင်းထဲကို
အ​ပြေးရောက်လာခဲ့ရှာသည်။

"ခင်မာ...ဘာဖြစ်တာလဲ.. ခင်မာ..."

ဟု...ဒေါ်အုန်းကြည်က အော်ဟစ်ကာမေးလေတော့
ကျန်ဝိုင်းများမှလူတွေပင်စိတ်ဝင်တစား ဖြင့် မခင်မာတို့ဝိုင်းထဲဝင်လာကြ​တော့သည်။

"ဘာ...ဘာမှမဖြစ်ပါဘူးအရီး...
ကျုပ် ကြွက်...ကြွက်တွေ့လို့ပါ..."

"သြော်...ညည်းအေ...တောသူဖြစ်ပြီး
ကြွက်ကြောက်ရတယ်လို့...ကျုပ်မှာညည်းများတစ်ခုခုဖြစ်သလားလို့ စိတ်ပူသွားတာအေ့"

အရီးအုန်းကြည်က ထိုသို့ပြောပြီး မခင်မာရဲ့
အနီးသွားထိုင်သည်။
ကျန်လူများကတော့ ဘာမှမဖြစ်ဟုထင်ကာ
ပြန်သွားကြလေသည်။
လူများပြန်သွားလေတော့ ဒေါ်အုန်းကြည်က မခင်မာရဲ့အနားကိုကပ်၍...

"ကောင်မလေး...ညည်းစောစောကဘာဖြစ်တာလဲ...
အရီးကို မှန်မှန်ပြောစမ်းပါအေ"

ဟု...ပြောလေတော့ မခင်မာသက်ပြင်းချသည်။
ပြောဖို့ရန်လည်းတွန့်ဆုတ်နေသလို မခင်မာ၏မျက်နှာကတစ်စုံတစ်ခုကို စိုးရိမ်နေပုံရ၏။

"ခင်မာ...အရီးမေးနေတယ်လေ...
ညည်းကြည့်ပြီးအရီးတော့စိတ်မောတယ်အေ...
ညည်းအခုလိုအလန့်တကြားဖြစ်နေတာတစ်ခါနှစ်ခါမကတော့ဘူးလေကောင်မလေးရဲ့...ပြောစမ်းပါအေအရီးကို..."

ဒေါ်အုန်းကြည်ကတော့ ခြံချင်းကပ်ရပ်ဖြစ်သော
မခင်မာအပေါ်တူမတစ်ယောက်ကဲ့သို့ သံယောဇဥ်ရှိရှာသည်။ဒေါ်အုန်းကြည်ကအပျိုကြီးဖြစ်သည်။
မခင်မာနဲ့ကိုထွန်းခင်တို့က အိမ်ထောင်ကျ၍
မိသားစုနဲ့ခွဲထွက်ကာအပျိုကြီးဒေါ်အုန်းကြည်၏
ဘေးခြံသို့ ပြောင်းလာခဲ့ကြသူများဖြစ်၏။

"အရီး...ကျုပ်ပြောမယ့်ကိစ္စကို ကိုထွန်းခင်ကိုတော့
သွားမပြောပါနဲ့ဦးအရီးရယ်...တော်နေ
အလကားသပ်သပ်သူစိတ်ပူနေမှာဆိုးလို့ပါ..."

"အေးပါအေ...ညည်းမပြောနဲ့ဆိုရင်အရီးမပြောပါဘူး...
အရီးကိုစိတ်ချပါ..."

ဟု...ဒေါ်အုန်းကြည်ကပြောတော့မှ မခင်မာကပြောဖို့ဟန်ပြင်တော့သည်။

"အရီး...အခုတလောလေ ကျုပ်စိတ်ထဲမှာတစ်ယောက်ယောက်က ကျုပ်ကိုထိုင်ကြည့်နေသလို
ခံစားနေရတယ်...တစ်ခါတစ်လေကျပြန်တော့လည်း ဆံပင်ဖျားလျားနဲ့မိန်းမကြီးတစ်ယောက်က ကျုပ်ကို
စိုက်ကြည့်နေတာကို ကျုပ်မြင်မိပြန်တယ်...သူ့အကြည့်ကြီးကကြောက်စရာကောင်းတယ်အရီးရဲ့...ဒါပေမယ့်ကျုပ်မျက်စိရှေ့တင်ပျောက်ပျောက်သွားတာ
တစ်ခါမကတော့ဘူး....ကျုပ်တော့
တစ်ခုခုဖြစ်နေပြီထင်ပါရဲ့အရီးရယ်..."

ဟူသော မခင်မာ၏စကားကြောင့် ဒေါ်အုန်းကြည်
ယုံရခက်မယုံရခက်ဖြစ်လို့သွားသည်။

"ဒါတင်မကသေးဘူးနော်အရီး...
ညဘက်ဆိုရင်လမ်းလျှောက်သံတွေပါ
ကြားနေရသေးတာ...
ကျုပ်တစ်ယောက်ထဲပဲဒါတွေကို မြင်နေ...ကြားနေရ
သလားမသိပါဘူးအရီးရယ်...ကိုထွန်းခင်ကတော့ဘာမှမသိသလိုပါပဲ"

ဟု...မခင်မာက ဆက်ပြောရှာသည်။

"ဒါဆို စောစောက ညည်းအော်တာက
အဲ့သည်ဆံပင်ဖျားလျားနဲ့မိန်းမကိုမြင်လို့လား ခင်မာ"

"ဟုတ်တယ်အရီး...ကျုပ်မီးဖိုထဲဟင်းချက်နေတုန်း...
နောက်ကျောဘက်ကနေတစ်ယောက်ယောက်စိုက်ကြည့်နေတယ်လို့ ခံစားမိလို့လှည့်ကြည့်လိုက်တာ...
အဲ့သည်မိန်းမပဲဖြစ်နေတာ...ကျုပ်လည်း ကြောက်လွန်းလို့
အော်မိရာက ဘယ်ကိုပျောက်သွားသလဲတောင်
မသိပါဘူးအရီးရယ်..."

ဒေါ်အုန်းကြည်တစ်​ယောက်မခင်မာကိုစကားပြန်မပြောနိုင်သေးဘဲ စဥ်းစားနေရှာသည်။

"အရီး...ကျုပ်ဘာဆက်လုပ်သင့်လဲဆိုတာ...
ပြောပါဦးအရီးရယ်..."

"အေး...ညည်းပြောတာနားထောင်ကြည့်ရသလောက်
ဆိုရင်ညည်းတို့အိမ်မှာ သရဲရှိနေတာပဲ ခင်မာရဲ့...
ဒါပေမယ့် ဒီသရဲကဘယ်ကနေဘယ်လို
ရောက်လာသလဲဆိုတာကိုတော့ အရီးတို့စဥ်းစားစရာပဲ"

ဒေါ်အုန်းကြည်စကားကြောင့် မခင်မာတွေဝေသွားရှာသည်။

"နေဦး...အရီးသိပြီ...ဒီကိစ္စကို သောင်ထွန်းရွာက
ဘွားမယ်စိန်ဆိုတဲ့အမေကြီးဆီကိုသွားပြီး
အကူအညီတောင်းရမယ်ခင်မာ..."

"ရှင်...သောင်ထွန်းရွာကဘွားမယ်စိန်...ဟုတ်လားအရီး"

"အေး...ညည်းတို့က ကလေးတွေဆိုတော့
သူ့အကြောင်းကိုသေချာသိကြမှာမဟုတ်ဘူး...
အရီးတို့က​တော့သိတယ်အေ့...
အခုကိစ္စကိုလည်းသူပဲဖြေရှင်းပေးနိုင်လိမ့်မယ်ခင်မာရဲ့..."

"ဒါဆို ကျုပ်တို့အဲ့သည်အမေကြီးဆီသွားကြရမှာပေါ့နော်
အရီး"

"အေးပေါ့အေ"

"ဒါပေမယ့် ကိုထွန်းခင်ကို ကျုပ်တို့ဘယ်လိုပြောကြမလဲ..."

"အိုအေ...ဘယ်လိုပြောရမှာလဲ အမှန်တိုင်းပြောရမှာပေါ့
ခင်မာရယ်...ဒါကဖုံးကွယ်ထားစရာကိစ္စမှမဟုတ်တာအေ့"

"ဟုတ်ပါတယ်လေ...ကျုပ်သူနားလည်အောင်ပြောပြလိုက်ပါ့မယ်..."

"အေး...အေး...ညည်းပြောတာကိုဒီကောင်လက်မခံရင်
အရီးဆီလွှတ်လိုက်...အရီးပြောပေးမယ်...
နင့်ယောကျာ်းက လူကပ်အေ့..."

"ဟုတ်ကဲ့ပါအရီး..."

မခင်မာကတော့ဒေါ်အုန်းကြည်စကားကို
လက်ခံလိုက်သည်။
အိမ်၌သရဲရှိနေပြီဆိုသောအတွေးကြောင့်
မခင်မာမှာ အတော်လေးထိတ်လန့်လို့နေခဲ့၏။
ယောကျာ်းဖြစ်သူကိုထွန်းခင်ကိုပြောဖို့အတွက်လည်း
မခင်မာ ပြောရခက်ဖြစ်နေခဲ့သည်။
ကိုထွန်းခင်က လူကြီးတွေပြောကြသလို..လူကပ်ဖြစ်၏။
သူများကဒါဆိုသူကနည်းနည်းလေးမှ
လက်မခံချင်သူဖြစ်သည်။
သို့သော်မပြောပြလျှင်လည်းမဖြစ်ပြီမလို့မခင်မာ
ကိုထွန်းခင်ကိုပြောပြရတော့သည်။

"မဖြစ်နိုင်တာဟာ...ဒါဆို အဲ့သည်သရဲမကိုငါကမမြင်ဘဲ
နင်တစ်ယောက်ထဲမြင်နေရတာပေါ့လေ...
ဟုတ်လားခင်မာ..."

ကိုထွန်းခင်အမေးကို မခင်မာခေါင်းညိတ်ဖြေလေသည်။

"နင့်ဟာက အဓိပ္ပါယ်မှမရှိတာခင်မာရဲ့...
ဒီအိမ်မှာနင်ကောငါကောနှစ်ယောက်နေနေတာလေ...
နင်ပဲမြင်ပြီးငါတစ်ယောက်ထဲမမြင်တာကတော့
လက်ခံချင်စရာမရှိဘူး..."

"တော်လက်မခံချင်လည်းရတယ်ကိုထွန်းခင်...
တော်မမြင်ရဘူးဆိုပြီးတော်ကတော့ စိတ်အေးမှာပေါ့....ကျုပ်ကတော့မြင်နေတဲ့သူဆိုတော့စိတ်မအေးနိုင်ဘူးကိုထွန်းခင်ရဲ့...ဒါကြောင့် အရီးအုန်းကြည်နဲ့တိုင်ပင်ပြီး
သောင်ထွန်းရွာကဘွားမယ်စိန်ဆိုတဲ့အမေကြီးဆီကို
သွားအကူအညီတောင်းရတော့မှာပဲ ကိုထွန်းခင်..."

"အရီးအုန်းကြည်ကနင့်ကို
အဲ့သည်လိုအကြံအညဏ်ပေးတယ်ပေါ့လေ...
ဟုတ်လား"

"ဟုတ်တယ်..."

"မဖြစ်နိုင်တာဟာ...ငါ့အိမ်မှာဘာသရဲမှမရှိဘူး...
သူများပြောတိုင်းအယုံမလွယ်စမ်းပါနဲ့ခင်မာရဲ့"

"တော်မယုံလည်းတော်ဘာသာနေကိုထွန်းခင်...
ဒီသရဲမက ကျုပ်ကိုသတ်ပြီးကျုပ်သေသွားတော့မှ...
တော်ကဒီအိမ်ကြီးမှာ နောက်မယားနဲ့ပျော်ပျော်ကြီးနေဖို့ကြံနေတာမဟုတ်လား...ကျုပ်ကတော့အသေမခံနိုင်ဘူး
ကိုထွန်းခင်ရဲ့..."

"ဘာတွေပြောနေတာလည်းခင်မာရာ...
နင်ကလည်း...ဟင်းးးး....သဘောဟေ့...သဘော...
ပြောမနိုင်လည်းနင့်သဘောပဲ..."

ကိုထွန်းခင်တစ်ယောက် မခင်မာကို ထပ်မတားတော့ပေ။
မခင်မာကတော့ ကိုထွန်းခင်လက်လျော့သွားလေတော့မှ
သက်ပြင်းချနိုင်ရှာတော့သည်။
ထိုသို့ ဖြင့် နောက်တစ်ရက်၌ ရွာထဲမှလှည်းကိုငှား၍
ဒေါ်အုန်းကြည်နဲ့မခင်မာတို့သောင်ထွန်းရွာသို့
ထွက်လာခဲ့ကြတော့သည်။

"ကောင်လေး...ဘွားမယ်စိန်အိမ်ကဘယ်နားမှာလဲကွဲ့"

သောင်ထွန်းရွာထဲသို့ရောက်တော့ဘွားမယ်စိန်ရဲ့အိမ်ကို
မေးကြရပြန်သည်။

"ဘွားဆီကိုလာကြတာလားဗျ...
ဒါဆို ကျုပ်လိုက်ပို့ပေးပါ့မယ်...
ကျုပ်အနောက်ကနေလိုက်ခဲ့ကြပါဗျာ..."

မောင်တိုးနဲ့ဆုံ၍ မောင်တိုးကိုယ်တိုင် ဘွားမယ်စိန်အိမ်သို့
လိုက်ပို့ပေးလေသည်။

"ဘွားရေ...ဧည့်သည်ပါတယ်ဗျို့..."

"ကိုကြီးတိုး...ဘွားက မရှိဘူး"

"ဟေ...ဘွားကဘယ်ကိုသွားတာလဲဟ..."

"မနက်ကမှ အင်တိုင်းရွာသူကြီးလာခေါ်လို့လိုက်သွားတယ်"

မောင်တိုးနဲ့ရှင်ညိုတို့ပြောနေသောစကားများကိုကြားပြီး
ဒေါ်အုန်းကြည်နဲ့မခင်မာတို့မှာ မျက်နှာများမှိုင်သွားကြလေသည်။

"အရီးတို့အိမ်ထဲဝင်ကြလေဗျာ...
ရှင်ညိုရေ...ဧည့်သည်တွေကိုအိမ်ထဲခေါ်ဦးဟ"

"အယ်... ဟုတ်သားပဲ...အိမ်ထဲဝင်ကြပါရှင်..."

ရှင်ညိုက ဒေါ်အုန်းကြည်တို့ကို ကွပ်ပျစ်ခင်း၌
ထိုင်စေသည်။
ထိုအချိန် ဒေါ်ဝင်းက အိမ်အပေါ်ထပ်မှဆင်းလာတာနဲ့
တိုး၏။

"ဟယ်...ဧည့်သည်တွေတောင် ရောက်နေတာပဲ"

"ဟုတ်တယ်အရီး...ဘွားဆီကိုလာကြတာဗျ"

"အယ်...အမေကဖြင့် အင်တိုင်းရွာကိုသွားတယ်
မောင်တိုးရဲ့...ဒါနဲ့အစ်မတို့ကအရေးကြီးကိစ္စများ
ရှိနေလားအမေနဲ့တွေ့ချင်ကြတာက"

ဒေါ်ဝင်းအမေးကို ဒေါ်အုန်းကြည်က ခေါင်းညိတ်၍...

"ဒီကလေးမလေးအိမ်မှာ သရဲရှိနေလို့ပါညီမရယ်...
သူလည်းကြောက်နေတာနဲ့အစ်မက ဘွားဆီကိုခေါ်လာခဲ့တာပါ"

"အယ်...ဟူတ်လားတူမကြီး"

"ဟုတ်ပါတယ်အရီး...
ကျုပ်တို့အိမ်မှာသရဲမတစ်ယောက်ကိုမကြာမကြာမြင်နေရတော့ကျုပ်ဆက်နေဖို့တောင်မရဲဘူးဖြစ်နေတာပါရှင်..."

မခင်မာကလည်းမျက်နှာမကောင်းဖြစ်နေရှာသည်။

"ဘွားကကြာမှာလားညီမလေး...
မကြာရင်အစ်မတို့စောင့်ပေးပါ့မယ်...
အစ်မတို့က ဝါးတောရွာကနေလာခဲ့ကြတာပါ..."

"ကြာမယ်မကြာဖူးတော့ကျုပ်လည်းမသိဘူးအစ်မရဲ့...
အင်တိုင်းရွာသူကြီးကလည်းအရေးကြီးတယ်ဆိုပြီး
ခေါ်သွားတာပဲတော့်..."

ဒေါ်ဝင်းစကားကြောင့် မခင်မာသက်ပြင်းချလေသည်။
မခင်မာ၏မျက်နှာကိုကြည့်ပြီး ရှင်ညိုစိတ်မကောင်းဖြစ်နေရှာသည်။

"ဟိုလေ...ကျုပ်ပြောပါရစေအရီး...
ဒီကအစ်မတို့မှာဖြစ်နေတဲ့အခက်အခဲကို ကျုပ်ဖြေရှင်းပေးပါ့မယ်...အစ်မတို့ရွာကို ဘွားရဲ့ကိုယ်စားကျုပ်လိုက်ခဲ့ပေးပါ့မယ်.. ဒါကလည်းအစ်မတို့လက်ခံမှပါ "

ဟု...ရှင်ညိုကပြောလေတော့ မခင်မာက ဒေါ်အုန်းကြည်ကို ဘယ်လိုလုပ်ရမလဲဆိုသောအကြည့်ဖြင့်ကြည့်လေသည်။
ဒေါ်အုန်းကြည်ကလည်း ရှင်ညိုကို ငြင်းချင်နေပုံရသည်။
သူတို့က ဘွားမယ်စိန်မဟုတ်တဲ့ရှင်ညိုကို ခေါ်ဖို့
တွန့်ဆုတ်နေကြ၏။
ဒါကိုသိသောမောင်တိုးက...

"ကျုပ်တို့ရွာမှာ​တော့ ဘွားခရီးသွားရင်
ဟောသည်က ရှင်ညိုကိုပဲအားကိုးနေကြရတာဗျ...
ရှင်ညိုကလည်း အသက်သာငယ်တာ
ပညာကမခေဘူးဗျ.. သူလည်းဘွားလိုမဟုတ်ပေမယ့်
သူ့ပညာနဲ့သူတော့ တစ်ဖက်ကမ်းခတ်တော်တဲ့သူပါဗျာ"

ဟုဝင်ပြောလေရာ ဒေါ်ဝင်းကလည်းခေါင်းညိတ်၍
ထောက်ခံရှာသည်။

"ဟုတ်တယ် အစ်မရဲ့ သူကလည်းကျုပ်အမေ့ရဲ့
သမီးတစ်ယောက်ပဲလေ...
တကယ်လို့အစ်မတို့ဘက်ကအကူအညီလိုနေတယ်ဆိုရင်
ရှင်ညိုကိုခေါ်သွားကြပါ...
အမေ့ကိုစောင့်နေရင်အစ်မတို့ရဲ့ကိစ္စက
ပိုကြာသွားနိုင်တယ်လေ..."

ဒေါ်ဝင်းစကားကို ဒေါ်အုန်းကြည်ကခေါင်းညိတ်သည်။

"ဒီလိုဆိုရင်အရီးတို့ကို ကူညီပေးပါဦးသမီးရယ်"

ဟု...ရှင်ညိုကိုပြောလေတော့ ရှင်ညိုကခေါင်းညိတ်၍
ပြုံးရှာသည်။

"ကဲ...ဒါဆိုရင်...ကျုပ်ကကိုကြီးအုန်းကို
သွားခေါ်ဦးမယ်ဗျာ...ကျုပ်တို့မောင်နှမသုံး​ယောက်လုံး ဝါးတောရွာကိုလိုက်ခဲ့ပါ့မယ်...
အရီးကတော့ဘွားပြန်လာရင်သာ
အကျိုးအကြောင်းပြောပေးထားပေါ့ဗျာ..."

"အေးပါ...အေးပါ...ငါပြောပေးထားပါ့မယ်"

မောင်တိုးက ဝိုင်းထဲမှကောက်ခနဲထ ထွက်သွားတော့သည်။

"ကဲ...အစ်မတို့စားဖို့မုန့်လေးသွားပြင်ဦးမယ်...
ခဏထိုင်ကြပါဦး"

"နေ...နေ...ညီမ...မယူပါနဲ့တော့"

"အို...ဘယ်ဟုတ်မလဲ...ကျုပ်မုန့်ဆီကြော်တွေကြော်ထားသေးတယ်...ကျုပ်လက်ရာကိုမြည်းကြည့်ပေးပါဦး"

ဟု...ဆိုကာ ဒေါ်ဝင်းက ရေနွေးအိုးကိုယူ၍
မီးဖိုထဲဝင်သွားတော့သည်။

"ကဲ ..စားကြပါဦး..."

ရေနွေးငှဲ့ပေးရင်းသူ၏မုန့်ဆီကြော်များကို ဒေါ်အုန်းကြည်တို့အားစားခိုင်းပြန်သည်။
ရှင်ညိုကတော့ အဝတ်အစားလဲဖို့ အိမ်ပေါ်တက်သွားရှာ၏။
ခဏကြာတော့ လွယ်အိတ်တစ်လုံးကိုလွယ်ကာ
ရှင်ညို ကွပ်ပျစ်သို့ပြန်ရောက်လာခဲ့သည်။

"အဝတ်အစားကောထည့်ခဲ့ရဲ့လားရှင်ညို"

"တစ်စုံတော့ပါပါတယ်အရီး"

"ဟယ်...တစ်စုံထဲလား...လိုရမယ်ရယူသွားစမ်းပါရှင်ညိုရယ်...ဟိုမှာကဘယ်လိုကိစ္စမျိုးညည်းဖြေရှင်း
ရမယ်ဆိုတာသေချာမသိရသေးဘူးလေအေ"

"ရပါတယ်အရီးရဲ့တစ်စုံဆိုလောက်ပါပြီ"

"မလောက်လည်းဘာမှမဖြစ်ဘူးနော်ညီမလေး...
ဟို​ရောက်ရင်အစ်မအဝတ်အစားတွေယူဝတ်လို့ရပါတယ်အေ"

ဟု...မခင်မာက ဝင်ပြောပေးရှာသည်။

"ဒါဆိုလည်းဟုတ်ပါပြီအေ...လမ်းခရီးဂရုစိုက်နော်
ရှင်ညို...စိတ်ကိုလည်းရှည်ရှည်ထားဦး...
အမှားမလုပ်ခဲ့နဲ့အေ့...ညည်းအမှားလုပ်ခဲ့ရင်ကျုပ်ခေါင်းပေါ်ရောက်မယ်ဆိုတာမမေ့နဲ့နော်..."

"ဟုတ်ကဲ့အရီး..."

"ကျုပ်ကမှာနေတယ်ဆိုတာတခြားမဟုတ်ပါဘူးတော်...
ကျုပ်တူမက ပညာထက်တဲ့အပြင်
စိတ်ကလည်းထက်သေးတယ် ဒါကြောင့် အမေ့ကိုယ်စားမှာနေရတာပါ..."

ဒေါ်ဝင်းက ဒေါ်အုန်းကြည်တို့တမျိုးမထင်စေရန်
ပြောရပြန်သည်။
ဒေါ်အုန်းကြည်တို့ကတော့ ပြုံး၍ခေါင်းညိတ်ကြလေသည်။

"ရှင်ညိုရေ...ငါတို့ရောက်ပြီဟေ့"

"လာပြီကိုကြီးအုန်း"

နွားလှည်းဖြင့်မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာကြသည်။

"ရှင်ညို...ရော့...ဒါလမ်းမှာလိုရင်သုံးဖို့ယူသွားဦး"

"မယူတော့ပါဘူးအရီးရယ်...ရပါတယ်"

"ဘာကိုမယူရမှာလဲအေ့...
ရော့...ရော့...လွယ်အိတ်ထဲထည့်သွားချေတော့..."

ဒေါ်ဝင်းက ရှင်ညိုကို လမ်း၌သုံးဖို့ရန်
​ငွေအချို့ထည့်ပေးရှာသည်။

"ကဲ...ဒါဖြင့်အစ်မတို့ပြန်တော့မယ်နော်...
ညည်းတူမတွေအတွက်တော့စိတ်ချပါ...
အစ်မတို့တာဝန်ယူပါတယ်"

"ဟုတ်ကဲ့...ကျူပ်စိတ်ချပါတယ်..."

"အရီး...ညီမလေးကိုပြောလိုက်ဦးနော်...
ဒီကောင်မလေးရွာထဲသွားလည်တာပြန်ကိုမလာသေးဘူး"

"အေး...အေး...အရီးပြောလိုက်မယ်...
မောင်တိုးနဲ့မောင်အုန်း ကိုယ့်ညီမကိုယ်လည်းစောင့်ရှောက်ကြဦးနော်..."

"အမယ်လေးဗျာ...သူကတောင်ကျုပ်တို့ကိုပြန်စောင့်ရှောက်နေရတာပါ..."

ဒေါ်ဝင်းက ရှင်ညိုကိုစိတ်မချဖြစ်လို့နေရှာသည်။
ဘွားမယ်စိန်မရှိ၍သာထည့်ပေးရခြင်းဖြစ်သော်လည်း
ရှင်ညိုကိုစိတ်မချဖြစ်၍ မောင်တိုးတို့ကို မှာကြားနေလေသည်။

"ကဲ...အရီးရေ...ကျုပ်တို့သွားပြီဗျို့..."

"ညီမရေ...သွားပြီနော်..."

ဒေါ်ဝင်းကိုနှုတ်ဆက်၍ နွားလှည်းနှစ်စီး
ရှေ့နောက်မောင်းကာ သောင်ထွန်းရွာထဲမှ
ထွက်လာခဲ့တော့သည်။

"ရှင်ညို...တစ်ခုခုဆိုငါတို့ကိုလည်းပြောဦးနော်...
ညည်းထင်ရာလုပ်မနေနဲ့ဦးဟ"

"ကျုပ်ကဘာလုပ်မှာမလို့လဲတော်..."

"ဟဲ့...ညည်းကိုအရီးကစိတ်မချနေတာလေ...
တော်နေ ညည်းတစ်ခုခုဖြစ်ရင်ငါတို့ခေါင်းပေါ်ရောက်မှာဟ"

"သြော်...ကိုကြီးတိုးက ကျုပ်ကိုစိတ်ပူလို့မဟုတ်ဘဲ...
ကိုယ့်ခေါင်းပေါ်ကျမှာကိုပဲ တွေးပူနေတာပေါ့လေ
ဟုတ်လား"

"အဲ့သည်လိုမဟုတ်ရပါဘူးဟာ...
ညည်းကိုစိတ်ပူလို့ပါ ငါ့ညီမရဲ့...
ဝင်ကူပြောဦးလေဗျာကိုကြီးအုန်း..."

"ဟုတ်တယ်ရှင်ညိုရဲ့"

"ဘာဟုတ်ပြန်တာလည်းဒီတစ်ယောက်က"

"သြော်...ညည်းကိုစိတ်ပူတယ်ဆိုတာ
ဟုတ်တယ်လို့ပြောတာပါဟာ..."

"ပြီးတာပဲ...ကျုပ်ကိုစိတ်ချပါ...
တစ်ခုခုဆိုကိုကြီးတိုးတို့ကိုကြီးအုန်းတ်ို့ကို အရင်​ပြောပါ့မယ်"

"အေးပါ...အဲ့သည်လိုလုပ်ပါငါ့ညီမရယ်..."

ထိုသို့ဖြင့် ရှင်ညိုတို့လည်း ဝါးတောရွာသို့
ရောက်လာခဲ့ကြသည်။

"တူမကြီးရေ...ဒါကတော့အရီးအိမ်ပဲအေ့...
ညည်းအစ်မ ခင်မာရဲ့အိမ်ကတော့ဟိုအိမ်ပဲ"

ဒေါ်အုန်းကြည်က ရှင်ညိုတို့ကိုသူ၏နေအိမ်သို့
ခေါ်သွားလေသည်။
ဒေါ်အုန်းကြည်အိမ်၌နေ့လည်စာစားပြီး
အနားယူနေကြရ၏။

"အစ်မလက်ဖက်လေးသုပ်လာတယ်ညီမလေး...
ဒီမှာလည်း သခွားသီးမှည့်လေးစားကြဦး"

မခင်မာက ယူလာသောပန်းကန်များကို စားပွဲအထက်၌တင်ပေးရင်းရှင်ညိုတို့ကိုပြောလေသည်။

"အစ်မ ကျုပ်တို့အစ်မအိမ်ကိုဝင်ကြည့်ချင်ပြီ..."

"နားပါဦးလားညီမလေးရယ်...
နွားလှည်းစီးရတာပင်ပန်းတယ်အေ့"

"မနားတော့ပါဘူးအစ်မရယ်...
ကျုပ်လာရင်းကိစ္စအရင်ရှင်းပြီးမှပဲနားပါတော့မယ်"

"ဒါကတော့ဘွားနဲ့တစ်ထေရာထဲတူတာအစ်မရေ...
ဒီကောင်မလေးက ကြာလေဘွားနဲ့တူလေပဲဗျာ..."

ဟု...မောင်တိုးကပြောတော့ မောင်အုန်းကပင်
ခေါင်းညိတ်ထောက်ခံလေသည်။

"ကဲ...ဒီလိုဆိုရင်လည်းညီမလေးသဘောပါပဲ...
အစ်မတို့အိမ်ကိုသွားကြတာပေါ့...
အစ်မယောကျာ်းကတော့ လယ်ထဲသွားတယ်...
ညနေမှပြန်လာလိမ့်မယ်..."

ဒေါ်အုန်းကြည်နဲ့မခင်မာတို့က ရှင်ညိုတို့သုံးယောက်ကို
ခေါ်သွားလေသည်။
ရှင်ညိုက မခင်မာရဲ့နှစ်ထပ်ပျဥ်ထောင်အိမ်ကိုသေချာအကဲခတ်လေသည်။

အိမ်အောက်ထပ်...အိမ်အပေါ်ထပ်တင်မက
ခြံဝိုင်းထဲကိုပါလှည့်ပတ်ကြည့်ရှုလေရာ မခင်မာတို့က
ရှင်ညိုရဲ့အနောက်မှလိုက်ကြသည်။

"အစ်မ...ကျုပ်အတွက်
ဆန်ကိုပန်းကန်တစ်လုံးထဲထည့်လာပေးပါ..."

"ထမင်းစားဖို့လားညီမလေး...အစ်မပြင်လိုက်မယ်လေ"

"အာ...မဟုတ်ပါဘူးအစ်မရယ်...
ဆန်စိမ်း...ထမင်းမချက်ရသေးတဲ့ဆန်ကိုတောင်းတာပါ..."

မခင်မာရဲ့စကားကြောင့်ရှင်ညို့မှာရယ်ရခက် ငိုရခက်ဖြစ်သွားလေသည်။
မခင်မာကလည်းခေါင်းကိုကုပ်၍ မီးဖိုထဲသို့သွားကာ
ယူပေးရှာသည်။

မခင်မာပေးသော ဆန်များထည့်ထားသည့်ပန်းကန်ကို
ရှင်ညိုကိုင်၍ ဆန်များကိုလက်ထဲတွင်ဆုပ်ကိုင်လိုက်သည်။
ထိုဆုပ်ကိုင်ထားသော ဆန်များကို မန်းမှုတ်၊ဂါထာရွှတ်၍
ရှေ့ဆီသို့ ဖြန့်ကာကျဲလိုက်တော့သည်။

"သွား...မကောင်းတာဆီကိုသွားကြ..."

ဟု...ရှင်ညိုက အမိန့်ပေးလိုက်ရာ...

"ဟာ...."

"ဟယ်..."

ဟူသော အံ့သြသံများထွက်လာခဲ့တော့၏။
ထိုသို့အံ့သြရခြင်းမှာ ရှင်ညိုကျဲလိုက်သောဆန်များသည်
ပုရွက်ဆိတ်များအလား ရွေ့လျားနေသောကြောင့်ပင်ဖြစ်၏။
ဆန်စေ့များဟာခြံဝိုင်းထဲသို့ တရွေ့ရွေ့သွားလာနေရာ
ရှင်ညိုကလည်းအနောက်မှလိုက်လာခဲ့လေသည်။
နေရာတစ်ခုဆီသို့ရောက်တော့ ဆန်စေ့များအားလုံးစုဝေးကာရပ်တန့်သွားခဲ့သည်။

"ကိုကြီးတိုး...ဒီနေရာကိုတူးကြည့်ပါ..."

ရှင်ညိုစကားကြောင့် မောင်တိုးတို့လည်း မခင်မာဆီမှပေါက်တူးတောင်း၍ ဆန်များစုနေရာမြေကြီးကို
တူးကြလေသည်။
သိပ်ကြာကြာမတူးလိုက်ရဘဲ အရိုးခေါင်းတစ်ခုကို
မောင်တိုးတို့တွေ့လိုက်ကြရသည်။

"ဟာ...အရိုးခေါင်းကြီးပဲ...ဘယ်ကနေဘယ်လိုဒီခြံထဲရောက်နေတာလဲ"

"ဟုတ်ပါ့....ကြောက်စရာကြီးအေ"

မခင်မာနဲ့ဒေါ်အုန်းကြည်တို့မှာအရိုးခေါင်းကြီးကို
ကြည့်၍အံ့သြနေကြလေသည်။

ထိုအရိုးခေါင်းကြီးကိုရှင်ညိုကကောက်ယူလိုက်ပြီး...

"ဒါအစ်မကိုနှောက်ယှက်နေတဲ့သရဲမရဲ့
ဦးခေါင်းခွံပဲ...ဒီကိစ္စကမရိုးသားဘူး...
ဒီအိမ်ကလူတွေကို ဒုက္ခပေးချင်လို့
တမင်လာမြုပ်ထားတာဖြစ်ရမယ်"

"ဟင်...ဘယ်သူကများအစ်မတို့ကို ဒုက္ခပေးချင်နေတာလဲ"

"ဒီကိစ္စကိုညီမရှင်းပေးပါ့မယ်...အခုတော့ကိုကြီးတိုး
ကျုပ်ကိုမီးရှို့လို့ရအောင်ပြင်ဆင်ပေးပါ...
ဒီသရဲမကို လွှတ်မြှောက်အောင်ကျုပ်အရင်လုပ်ပေးစမ်းပါရစေဦး..."

"အေး...အေး...အေး"

ရှင်ညိုက အရိုးခေါင်းကိုအရင်ဆုံးမီးရှို့ပေးလေသည်။
ထိုအရိုးခေါင်း၌ ကပ်တွယ်ကာပါလာသည့်သရဲမကို
ရှင်ညိုက လွှတ်မြှောက်ခွင့်ပေးခဲ့၏။

"မနက်ဖြန်ကျရင် အစ်မတို့အိမ်ကို တရားခံရောက်လာပါလိမ့်မယ်...သူအစ်မတို့ကိုဒီကိစ္စအတွက်
တောင်းပန်လိမ့်မယ်...ဒါကြောင့်တရားခံအမှန်ကိုသိရတော့မှာမလို့စိတ်ကိုလျော့လိုက်ကြပါတော့..."

"အေးပါညီမလေးရယ်...
အစ်မကတော့လေ...ဘယ်သူများ
အခုလိုလုပ်သလဲဆိုတာသိချင်နေပြီ...
ကိုထွန်းခင်သိရင်လည်းစိတ်ဆိုးမှာသေချာတယ်အေ့"

"အရီးလည်းသိချင်တယ်အေ...
သိရလို့ကတော့ ဒင်းပါးကို ဖြန်းခနဲနေအောင်ရိုက်ပစ်ဦးမယ်..."

ဒေါ်အုန်းကြည်ကလည်းတရားခံကို ကြိမ်းဝါးနေခဲ့သည်။

"ကဲ...ဒါဆို အစ်မတို့အိမ်သန့်အောင်
ကျုပ်ဆက်လုပ်ပေးပါရစေ..."

ဟု...ဆိုကာရှင်ညိုက မခင်မာတို့အိမ်အားဆန်မန်းများကျဲ၍ အိမ်သန့်အောင်လုပ်ပေးရှာသည်။
ကိစ္စများပြီးလေတော့...

"ကျုပ်တို့ပြန်​တော့မယ်အရီး"

ဟု...ပြောလေရာ...

"ဟယ်...မပြန်ပါနဲ့ဦးသမီးရယ်...
တစ်ညလောက်အိပ်သွားကြပါဦးလား"

ဟု... ဒေါ်အုန်းကြည်က တားလေသည်။

"မအိပ်တော့ပါဘူးအရီးရယ်...
နောက်မှအကြောင်းကိစ္စရှိရင်ထပ်လာခဲ့ပါ့မယ်...
အခုတော့ ကျုပ်တို့လာရင်းကိစ္စလည်း
ရှင်းပေးပြီးပြီဆိုတော့ပြန်ချင်ပြီအရီးရဲ့"

"အင်း...အေးပါသမီးရယ်...
ရွာလာဖြစ်ရင်လည်းအရီးအိမ်ကိုဝင်ဦးနော်..."

"ဟုတ်ကဲ့..."

ရှငိညိုတို့က ဒေါ်အုန်းကြည်နဲ့မခင်မာတို့ကိုနှုတ်ဆက်ပြီး
ထိုနေ့ညနေမှာပင် သောင်ထွန်းရွာသို့ပြန်သွားခဲ့ကြတော့သည်။

ညနေပိုင်း ကိုထွန်းခင်တစ်ယောက်လယ်တောမှပြန်ရောက်လာခဲ့သည်။
ကိုထွန်းခင်ပြန်လာတော့ ဒေါ်အုန်းကြည်ပါအိမ်၌ရှိနေခဲ့၏။
မခင်မာက အကြောင်းစုံပြောပြလေတော့ ကိုထွန်းခင်မှာ
မျက်လုံးအပြုးသားဖြင့်...

"ဟုတ်ရဲ့လားခင်မာရယ်..."

ဟု...မေးလေသည်။

"တော်မယုံရင်အရီးကိုမေးကြည့်...
ဒါပေမယ့် မနက်ဖြန်တော့ လယ်တောကို တော်မသွားရဘူး...မနက်ဖြန်တရားခံဘယ်သူဆိုတာကျုပ်တို့သိရတော့မှာ...."

"ဟုတ်တယ်ထွန်းခင်...ခင်မာပြောတာအမှန်တွေပဲ..
မနက်ဖြန်တော့ နင်လယ်တောမသွားနဲ့ဦး...
ကြားလား...ကောင်လေး"

"ဟုတ်ပါပြီဗျာ...အရီးတို့ပြောတာဟုတ်မဟုတ်ကတော့
မနက်ဖြန်အဖြေပေါ်မှာပဲ...ကျုပ်လယ်တောမသွားဘဲ
စောင့်ကြည့်ဦးမယ်..."

ကိုထွန်းခင်က နည်းနည်းမှမယုံသေးပေ။
သို့သော်မနက်ဖြန်လယ်တောကို ကိုထွန်းခင်မသွားဖြစ်ပေ။

နောက်တစ်နေ့နေ့လယ်သို့ရောက်တော့...

"ဘယ်မှာလဲခင်မာ...
နင့်ရဲ့တရားခံက ပေါ်မလာသေးပါလားဟ..
အဲ့တာကြောင့်သူများပြောတာ မယုံပါနဲ့လို့
ငါကနင့်ကိုပြောတာ..."

"တော်ကလည်း ..."

"ဘာမှတော်ကမလည်းနဲ့...နင်တော့
အလိမ်မိပြီခင်မာရဲ့"

"ဟင်းးး..."

မခင်မာတစ်ယောက် ကိုထွန်းခင်ကိုကြည့်၍
သက်ပြင်းချလေသည်။

"အစ်မ...အစ်မခင်မာ....."

အိမ်ရှေ့မှအသံကြောင့် မခင်မာတို့လင်မယား
မျက်လုံးပြူးသွားကြသည်။

"ဘယ်သူလဲ...အိမ်ထဲဝင်ခဲ့လေ"

ဟု...ကိုထွန်းခင်ကအသံပြုလေတော့
ဝင်လာသူမှာမခင်မာ၏ညီမတစ်ဝမ်းကွဲ ကြည်ပြာဖြစ်လို့နေခဲ့သည်။

"အစ်မခင်မာ..."

"ဟယ်...ကြည်ပြာ...နင့်မျက်နှာကဘာဖြစ်တာလဲ...
နီရဲနေတာပါလား"

ကြည်ပြာ၏မျက်နှာဟာ မီးလောင်ထားသည့်အလား
နီကာရဲနေခဲ့သည်။
ကြည်ပြာသည် မျက်ရည်များဖြင့် ဒူးထောက်ထိုင်ကာ
မခင်မာ၏​ခြေထောက်ကိုကိုင်၍...

"ကျုပ်မှားပါတယ်အစ်မရယ်...
ကျုပ်ကိုခွင့်လွှတ်ပေးပါတော်...
အီးးးဟီးးးးဟီးးးဟီးးးးးးးးးးးးးးးးးး"

ဟု...တောင်းပန်ကာငိုယိုတော့သည်။

"ခင်မာ...ဟယ်...ကြည်ပြာ"

ဒေါ်အုန်းကြည်ရောက်လာတော့ ကြည်ပြာကိုမြင်သွားသည်။

"ဒါဆို...ခင်မာကိုမကောင်းကြံတာ...
ညည်းပေါ့လေ...ဟုတ်သလားကြည်ပြာ..."

ဒေါ်အုန်းကြည်အမေးကို ကြည်ပြာကခေါင်းညိတ်လေသည်။

"ညည်းအေ...တခြားသူလည်းမဟုတ်...
ကိုယ့်အစ်မကို လုပ်ကြံရတယ်လို့
ညည်းအတော်ယုတ်ညံ့တဲ့မိန်းကလေးပဲ"

"ကျုပ်မှားပါတယ်အရီးရယ်...
ကျုပ်တောင်းပန်ပါတယ်...
ကျုပ်ကိုခွင့်လွှတ်ပေးကြပါ...
ကျုပ်ကိုခွင့်လွှတ်ပေးပါအစ်မရယ်...
အစ်မ မှခွင့်မလွှတ်ရင် ကျုပ်ဝေဒနါတွေ
သက်သာလာမှာမဟုတ်တော့ဘူး...အီးးးဟီးးးဟီးးးဟီးးးး"

ကြည်ပြာကငိုယိုပြီးပြောတော့ မခင်မာ မှာ
သက်ပြင်းကိုချနေရှာသည်။
ကိုထွန်းခင်ကတော့အံ့သြလို့နေခဲ့၏။

"ကျုပ်လေ..
ကျုပ်အစ်မအပေါ်မနာလိုမိပါတယ်...
အစ်မက ယောကျာ်းရကံကောင်းပြီး
ကိုယ့်အိမ်ကိုယ့်ဝိုင်းနဲ့နေရတော့ကျုပ်မနာလိုမိတာပါ...
အဲ့တာကြောင့်အစ်မကို အောက်လမ်းဆရာနဲ့ပေါင်းပြီး
ဒုက္ခပေးမိပါတယ်အစ်မရယ်...အီးးးဟီးးးဟီးးး...
ကျုပ်ကိုခွင့်လွှတ်ပေးကြပါတော်..."

ကြည်ပြာကိုကြည့်၍ မခင်မာစိတ်မကောင်းဖြစ်မိသည်။
ကြည်ပြာက မခင်မာအမေ့ရဲ့ညီမဖြစ်သူ၏သမီးဖြစ်သည်။
ကြည်ပြာယောကျာ်းကအရက်သမားဖြစ်ပြီး
မကြာခဏကြည်ပြာကိုရိုက်နှက်တတ်သေး၏။
ယောကျာ်းရကံမကောင်းသောကြည်ပြာကို
အမျိုးများကဝိုင်း၍အပြစ်ပြောကြသလို...
ခင်မာကိုတော့ချီးကျူးကြလေသည်။
ဒါတွေကိုမခံနိုင်သောကြည်ပြာကို မခင်မာစိတ်မဆိုးနိုင်ဖြစ်ရ၏။

"အစ်မ...ညည်းကိုခွင့်လွှတ်ပါတယ်ကြည်ပြာ...
ညည်းကအစ်မရဲ့ညီမပါအေ...
အစ်မခွင့်လွှတ်ပါတယ်...."

"ကျေးဇူးတင်ပါတယ်အစ်မရယ်...
ကျူပ်ကိုခွင့်လွှတ်ပေးတာကျေးဇူးတင်ပါတယ်တော်"

ကြည်ပြာက မခင်မာကိုထိုင်ကန်တော့လေသည်။
ကိုထွန်းခင်ကတော့သက်ပြင်းသာချနေတော့သည်။

"ဟင်...ကျုပ် မျက်နှာမပူတော့ဘူး...
ကျုပ်...ကျုပ်သက်သာသွားပြီအစ်မ...
ကျုပ်သက်သာသွားပြီ"

ကြည်ပြာကသူ့မျက်နှာကိုစမ်းရင်းဝမ်းသားအားရအော်ပြောလေသည်။
မခင်မာကတော့ပြုံး၍သာကြည့်နေခဲ့ရှာသည်။
ကြည်ပြာကလည်းသူ့အမှားသူသိပြီး မခင်မာတို့ကို
နောက်ယခုလိုမျိုးထပ်မလုပ်တော့ပါဘူးဆိုပြီး
ကတိပေးကာ အိမ်သို့ပြန်သွားရှာတော့သည်။

"ကဲ...ဘယ့်နဲ့လဲကိုထွန်းခင်...
တော်မယုံသေးဘူးလား"

"ငါယုံပါပြီခင်မာရယ်...ငါယုံပါပြီဟာ..."

"တော်ယုံလည်း ထိုင်သာနေဦး...
ကျုပ်နဲ့အရီးတို့က သောင်ထွန်းရွာကိုသွားဦးမယ်..."

"ဘာသွားလုပ်မလို့လဲဟ"

"ဘာသွားလုပ်ရမှာလဲ...ညီမလေးရှင်ညိုတို့အတွက်
ဆန်နဲ့ဆီသွားပို့ပေးမလို့လေ...
ညီမလေးရှင်ညိုတို့ကငွေကြေးလက်မခံတော့
လက်ခံတဲ့နည်းနဲ့သွားပြီးကျေးဇူးဆပ်ရမှာပေါ့တော်"

"ဒါဆို ငါလည်းလိုက်မယ်ဟာ...
တော်ပါသေးတယ်...သူတို့ကြောင့်ငါ့မိန်းမဒုက္ခမရောက်ရတာ...ငါလည်းကျေးဇူးတင်စကားပြောရဦးမှာပေါ့ဟာ..."

"လိုက်ချင်လည်းလိုက်ခဲ့ပေါ့ကိုထွန်းခင်ရယ်"

ကိုထွန်းခင်ကလည်းသောင်ထွန်းရွာသို့ မခင်မာတို့နဲ့
အတူတူလိုက်သွားပြီး ရှင်ညိုတို့အားကျေးဇူးတင်စကားများပြောရှာတော့သည်။

ထိုသို့ဖြင့် ခြံဝိုင်းထဲကဦးခေါင်းခွံ ဆိုသည့်ဇာတ်လမ်းလေးလည်း ပြီးဆုံးသွားပါတယ်ရှင်။

ယဥ်မင်း(ကန့်ဘလူ)

No comments

Post a Comment