အောင်မြတ်သာနှင့်ပဌာန်းအစွမ်းအံ့မခန်း

  ပုံစံက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဒါကြောင့် ဒီနေ့ ပဌာန်းရွတ်ရင် ကောင်းမလား မရွတ်ရင် ကောင်းမလား ဇဝေဇဝါ ဖြစ်နေတာ” နှင်းပွင့်စကားကြောင့် မခင်... thumbnail 1 summary

 ပုံစံက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဒါကြောင့် ဒီနေ့ ပဌာန်းရွတ်ရင် ကောင်းမလား မရွတ်ရင် ကောင်းမလား ဇဝေဇဝါ ဖြစ်နေတာ”


နှင်းပွင့်စကားကြောင့် မခင်မေသက်ပြင်းတစ်ချက်ချလိုက်ပြီး

“ဟုတ်တယ်ဆရာတို့ရယ် အရီးတို့အခုနေတဲ့ မြေက အရင်က ဖုန်းဆိုးမြေဖြစ်ခဲ့ဖူးတယ် အလကားပေးတောင်ဘယ်သူမှမနေရဲကြဘူး သမီးညက အိမ်မက်ဆိုးတွေမက်ပြီးလန့်နိုးတော့ အရီးလဲစဉ်းစားနေတာ ငါတို့နေတာများ မှားသွားပြီလားပေါ့”

မခင်မေစကားအဆုံးမှာ သျောင်းထုံးထုံးထားတဲ့လူက

“ ညီမက ပဌာန်းရွတ်တဲ့အခါ ဘယ်အချိန်တွေရွတ်ဖြစ်လဲ”

“ ဟုတ် ညီမက ညနေဝင်ရီတစ်ရောဆိုရင် ရွတ်ဖတ်တတ်တယ်”

“ မရွတ်ခင်ရော နတ်တွေကိုပင့်ဖိတ်သေးလား”

“ ဟအင်း မပင့်ဖိတ်ဘူးဘူး ဒီတိုင်းရွတ်လိုက်တာ”

“ ဒီနေရာမှာက ညီမတို့ထက်အရင် နေထိုင်ခဲ့ဖူးတဲ့သူတွေရှိကြတယ် နားလည်အောင် ပြောရရင် မြေပိုင်ရှင်တွေပေါ့။ ဒါပေမယ့်သူတို့က မကျွတ်လွတ်တဲ့ဘဝနဲ့နေထိုင်နေရတာဖြစ်လို့ ညီမရွတ်တဲ့ ပဌာန်းကျမ်းတော်ရဲ့ အစွမ်းကိုမခံနိုင်ကြဘူး။ ဒါကြောင့် ငိုသံရယ်သံတွေကြားရတာပဲ”

“ဒါဆို ဘယ်လိုလုပ်ရမလဲဟင် ညီမကြောက်တယ်”

“ပဌာန်းရွတ်တဲ့အခါ နတ်ဒေဝါတွေလာရောက်တတ်တဲ့ ညသန်းခေါင် အချိန်မှာ ရွတ်ဖတ်သင့်တယ်။ မရွတ်ခင်မှာလဲ နတ်ပင့်ဂါထာကိုအရင်ရွတ်ရတယ်။ ပြီးတာနဲ့ မင်္ဂလသုတ်၊ ရတနာသုတ်၊ မေတ္တာသုတ်တွေကို အခံအနေနဲ့ ရွတ်ဖတ်ရတယ်။ အားလုံးရွတ်ဖတ်ပြီးတော့မှ ပဌာန်းကျမ်းတော်ကိုရွတ်ဖတ်ပူဇော်ရတယ်”

“အဲလိုရွတ်ရင် ငိုသံရယ်သံတွေ မကြားရတော့ဘူးလား”

“ဒီညစမ်းကြည့်ရင်သိမှာပေါ့ အော် ဒါနဲ့ ညီမက မွေးထဲက အသားငါးမစားဘူးနော် ဟုတ်တယ် မလား”

“ ဟုတ် ဟုတ် ညီမက သက်သက်လွတ်ပဲစားတာပါ အညှီနံ့ကို သိတတ်စအရွယ်ထဲက မခံနိုင်လို့”

“ဒါဖြင့် ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ထူးဆန်းတာတွေ မမြင်ချင်ဘူးလား”

“ ဟင် အစ်ကိုတို့ပြောတာ ညီမနားမလည်လို့”

နှင်းပွင့်စကားကြောင့် သေျာင်တစ်စောင်းနဲ့လူက နှစ်လိုဖွယ်ပြုံးလိုက်ပြီး

“ ကဲပါ ဒီည ပဌာန်းမရွတ်ခင် ဘာတွေရွတ်ဖတ်ရမယ်ဆိုတာ အစ်ကိုရေးသွားပေးမယ် ထူးဆန်းတာတွေမြင်ရရင်လဲ နောက်နေ့ပြောပြပါဦး”

တစ်ခါမှမမြင်ဖူးတဲ့လူရဲ့စကားကြောင့် နှင်းပွင့်အနည်းငယ်တွေဝေသွားပြီး စဉ်းစားနေတဲ့ အချိန် သျောင်းတစ်စောင်းနဲ့လူက လွယ်အိတ်ထဲကနေ ခဲတဲ့တစ်ချောင်းနဲ့စာရွက်တစ်ရွက်ထုတ်ပြီး ရွတ်ဆိုရမယ့်စာသားတွေကိုရေးချပေးခဲ့တယ်။

ထမင်းအိုးတစ်လုံးချက်ခန့်ကြာတော့ လှပဝိုင်းစက်နေတဲ့ လက်ရေးလက်သားနဲ့ ရေးထားတဲ့ ပါဠိဂါထာနှစ်ပုဒ်ကိုမြင်လိုက်ရတယ်။

“အရင်ရေးထားတဲ့ ဂါထာကိုရွတ်ပြီးရင် ပဌာန်းကျမ်းကိုရွတ်ပါ အားလုံးပြီးဆုံးလို့ အမျှတမ်း‌ဝေပြီးတဲ့အချိန်မှာတော့ အောက်ကဂါထာကိုရွတ်ပါ။ ပဌာန်းရွတ်ဖတ်တဲ့အခါ မှာလည်းအိမ်တံခါးတွေကို ဖွင့်ပြီးမှရွတ်နော်”လို့မှာကြားပြီး ပြန်သွားခဲ့ကြတယ်။

မခင်မေကတော့ ဗဟုသုတနဲ့ပြည့်စုံတဲ့အပြင် စကားပြောရည်မွန်တဲ့လူသုံးယောက်ကို ကြည့်ပြီး

“ဒီကလေးတွေထဲက တစ်ယောက်သာ ငါ့သားမက်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဆိုပြီးတွေးမိခဲ့တယ်။

လူငယ်သုံးယောက်က အိမ်ပေါ်ကဆင်းပြီးတာနဲ့ လယ်ကန်သင်းရိုးတွေကိုဖြတ်လျောက်ပြီး ကမူကုန်းရှိတဲ့နေရာကိုရောက်တော့

“ဆရာ ကျွန်တော်တို့မရှင်းတာ တစ်ခုရှိတယ်”

“ပြောလေ သက်ခိုင် ဘာသိချင်လို့လဲ”

“ဟိုလေ သူတို့နေတဲ့နေရာမှာရှိနေကြတဲ့ နာနာဘာဝတွေက အုံလိုက်ကျင်းလိုက်ကိုဖြစ် နေတာ။ ဒါကိုဆရာက ဘာလို့မမောင်းထုတ်တာလဲဆိုတဲ့အချက်ကိုသိချင်တာ”

“ ငါတို့ပညာက နေရာတကာမှာ မသုံးသင့်ဘူး ဒါကြောင့် သူတို့လုပ်သင့်တဲ့နည်းကို ပေးခဲ့တာ”

“ဒါဆိုရင် သူတို့ကိုခြောက်လှန့်မယ့်သူတွေ ဘာမှလုပ်လို့မရတော့ဘူးပေါ့”

“ဟုတ်တယ် ငါတို့က ညရောက်ရင် မလှမ်းမကမ်းကနေအခြေအနေကိုစောင့်ကြည့်ဖို့တော့ လိုတယ်”

သျောင်တစ်စောင်းနဲ့လူရဲ့စကားအဆုံးမှာ အနောက်မှာပါလာတဲ့လူနှစ်ယောက်က ကျေနပ်စွာ ပြုံးလိုက်ပြီး ယိုင်တိယိုင်နဲ့ဖြစ်နေတဲ့ တဲအိမ်တစ်လုံးရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။

ညဦးပိုင်းရောက်တော့ နှင်းပွင့်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ပြီး အလင်းတိုင်၊ အမွှေးတိုင်တွေနဲ့ပူဇော်ကာ ပဌာန်းရွတ်ဖတ်ရမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့တယ်။ ညက တစ်ဖြေးဖြေး နက်သထက် နက်လာပြီး လယ်ကွင်းပြင်တွေဆီကနေ အော်ဟစ်နေကြတဲ့ ပိုးကောင် တွေရဲ့အသံက တစ်စတစ်စကျယ်လောင်လာခဲ့တယ်။

“သမီး ညသန်းခေါင်အချိန်ရောက်နေပြီ ဘုရားရှိခိုးတော့လေ”

မိခင်ဖြစ်သူရဲ့စကားကြောင့် စာရွက်မှာရေးထားတဲ့ ပါဠိစာတွေကိုဖတ်နေတဲ့ နှင်းပွင့် သတိဝင် လာပြီး ဘုရားရှိခိုးတဲ့အခါ ဝတ်ဖို့သီးသန့်ထားရှိတဲ့ အင်္ကျီအဖြူနဲ့ယောဂီထဘီကိုဝတ်ဆင်ကာ ဘုရား ကျောင်းဆောင်ရှေ့မှာ ထိုင်ကာ သြကာသအစချီပြီးရှိခိုးဦးချလိုက်တယ်။ ပြီးတာနဲ့ ဆေးဆရာပေး ခဲ့တဲ့ စာရွက်ကိုကိုင်ကာ ဌာန်ကရိုင်းကျကျ ရွတ်ဖတ်နေတဲ့အချိန် နာမည်ဖော်ပြလို့မတတ်တဲ့ အမွှေး ရနံ့တစ်ခုက တစ်အိမ်လုံးကိုလွှမ်းမိုးသွားခဲ့တယ်။

အမွှေးရနံ့က အလွန်မွှေးကြိုင်ပြီး ရှုမိသူရင်ထဲ အေးချမ်းသွားစေလောက်တဲ့ထိဖြစ်ခဲ့ပြီး ရင်ထဲကမှာလည်း ကြည်နူးတဲ့ခံစားချက်တွေတစ်ဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။ ပဌာန်းကျမ်း တော်ကြီးကို ရွတ်ဖတ်ပြီးတဲ့အချိန်ထိ အနှောက်အယှက်တစ်စုံတစ်ရာ မကြားရ မမြင်ရတာကို သတိ ထားမိခဲ့တယ်။ နှင်းပွင့်လဲအမျှတန်းပေးဝေပြီး အောက်မှာရေးထားတဲ့ဂါထာကို ရွတ်ဖတ်လိုက်တဲ့ အချိန်မှာတော့ မွှေးကြိုင်တဲ့ရနံ့တွေက ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့တယ်။

အားလုံးပြီးစီးတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကိုကန်တော့ကာ သားအမိနှစ်ယောက် အိမ်ယာ ဝင်ခဲ့ကြတယ်။

“ အူ ဝူး ဝူး ဝူး”

ကန်သင်းရိုးတစ်လေျာက်ကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် ကုက္ကိုပင်အောက်မှာ ရပ်နေကြတဲ့လူသုံးယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အမှောင်ချထားတဲ့ အိမ်အနားကို ဖြေးညှင်းစွာချဉ်းကပ်လာခဲ့ကြတယ်။

“ဆရာ ဟိုကောင်တွေ ပြန်လာပြီထင်တယ်”

“ဟုတ်တယ် ခုနက နတ်တွေကြွလာတော့ သူတို့ကိုမမြင်နိုင်အောင် အဝေးမှာသွားပုန်းနေ ကြတဲ့ကောင်တွေ ပြန်ရောက်လာပြီထင်တယ် ဒီညတော့ သူတို့သားအမိ အေးချမ်းစွာ အိမ်လို့ရအောင် တောက်ရက ကူညီပေးလိုက်ပါ”

ခေါင်းဆောင်ဖြစ်ဟန်တူနဲ့လူရဲ့စကားအဆုံးမှာ တောက်ရဆိုတဲ့ လူက ခြံဝင်းအနားကို ကပ်သွားပြီး ကျိုးတိုးကျဲတဲဖြစ်နေတဲ့ ခြံစည်းရိုကြားထဲကို တစ်ခုခုထိုးထည့်ကာ ပြန်လျောက်လာ ခဲ့တယ်။

“ဒီကောင်တွေ ခြံနားကိုတော့ ကပ်လို့ရမှာမဟုတ်ဘူးဆရာ ဒါပေမယ့်”

“ဟုတ်တယ် သူတို့ကို အဝေးရောက်အောင်လုပ်ခဲ့တဲ့ မိန်းကလေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ဒုက္ခပေးကြလိမ့်မယ်”

“ဆရာ ဟိုမှာ ဟိုမှာကြည့်ဦး”

သျောင်တစ်စောင်းနဲ့လူလဲ တောက်ရညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ တုတ်တွေ၊ ဓါးတွေ ကိုင်ပြီး နှင်းပွင့်တို့အိမ်ရှိရာဘက်ကို လာနေကြတဲ့လူအုပ်ကြီးကို လရောင်အောက်မှာမြင်လိုက်ရ တယ်။

လူအုပ်ကြီးက ဒေါသကြီးစွာနဲ့ အော်ဟစ်လာရင်း နှင်းပွင့်တို့ခြံဝင်းအနားလဲရောက်ရော ရှေ့ဆက်မတိုးတော့ပဲ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုကာ လက်သီးလက်မောင်းတန်း ကြိမ်းဝါးနေခဲ့ကြတယ်။

ခဏနေတော့ လူအုပ်ထဲကနေ ဖျင်ကြမ်းတဘက်ကြီးကို ခေါင်းမှာပေါင်းထားတဲ့ အသက် ငါးဆယ်အရွယ်လူတစ်ယောက်ထွက်လာပြီး ခြံစည်းရိုးနားကိုအနီးကပ်ကြည့်ကာ

“တောက် ဒီကောင်မက ငါတို့ခြံထဲဝင်မရအောင် အစီအရင်တွေလုပ်ထားပါလား ဒင်းတို့ လုပ်ထားဦးပေါ့ကွာ ခြံထဲကနေ အပြင်ကိုထွက်တဲ့နေ့ ငါ့အကြောင်းသိစေရမယ် ကဲ အားလုံး ကိုယ့် နေရာကိုယ်ပြန်ကြတော့” လို့ပြောကာ ကုက္ကိုပင်ရှိရာဘက်ကိုလျောက်လာခဲ့ကြတယ်။

အပင်အောက်ကိုရောက်တော့ လက်ပိုက်ကာ မတ်တပ်ရပ်နေကြ “တောက် ဒီကောင်မက ငါတို့ခြံထဲဝင်မရအောင် အစီအရင်တွေလုပ်ထားပါလား ဒင်းတို့ လုပ်ထားဦးပေါ့ကွာ ခြံထဲကနေ အပြင်ကိုထွက်တဲ့နေ့ ငါ့အကြောင်းသိစေရမယ် ကဲ အားလုံး ကိုယ့် နေရာကိုယ်ပြန်ကြတော့” လို့ပြောကာ ကုက္ကိုပင်ရှိရာဘက်ကိုလျောက်လာခဲ့ကြတယ်။

အပင်အောက်ကိုရောက်တော့ လက်ပိုက်ကာ မတ်တပ်ရပ်နေကြတဲ့ လူသုံးယောက်ကို မြင်တွေ့လိုက်ရပေမယ့် သူတို့နဲ့မဆိုင်သလို ဂရုမစိုက်ပဲ ဘိစပ်ခြုံတွေထူထပ်စွာပေါက်နေတဲ့ဘက်ကို ထွက်သွားဖို့အလုပ်

“ကိုယ့်လူတို့ ညကြီးအချိန်မတော် ဘယ်တွေသွားကြမလို့လဲ”ဆိုတဲ့အသံကြောင့် အရှေ့ကနေ ဦးဆောင်ပြီးသွားနေတဲ့ လူကြီးရဲ့ခြေလှမ်းတွေရပ်သွားပြီး ကုက္ကိုပင်အောက်ကို မျက်ထောင့်နီနဲ့ လှမ်းကြည့်ကာ

“ နင်တို့က ငါတို့ကို မြင်ရတာလား”

“ဒါပေါ့ ဦးခေါင်းကြီးရယ် ခင်ဗျားကို ကျုပ်မြင်လဲမြင်ရတယ် သိလဲသိတယ်”

“နင်တို့က ငါ့ကိုဘယ်လိုသိတာလဲ မဖြစ်နိုင်တာ”

“ ရော် ခက်နေပါပြီ ခင်ဗျားနာမည်က ဦးခေါင်းကြီး၊ ခင်ဗျားဘေးမှာရပ်နေတဲ့ အရပ်မြင့်မြင့်နဲ့ လူနာမည်က အရှည်ကြီး၊ နောက်ပြီး ဟိုးမှာ ကလေးကိုခါးထစ်ခွင်ချီထားတဲ့ မိန်းမနာမည်က ပေါက်စ၊ သူ့ကလေးနာမည်က ဖိုးသားမဟုတ်လား”

သျောင်တစ်စောင်းနဲ့လူရဲ့စကားကြောင့် လူအုပ်ကြီးအတွင်းကနေ ဟာခနဲ ဟင်ခနဲ အာမေဋိတ်အသံတွေထွက်ပေါ်လာခဲ့တယ်။

“မဖြစ်နိုင်ဘူး ငါတို့နာမည်တွေ သိနေတာကို ဘယ်လိုမှလက်ခံလို့မရဘူး နင်တို့က အောက်လမ်းဆရာတွေလား ငါတို့ကိုခိုင်းစားမလို့ လာစောင့်နေတာလား”

“ ခင်ဗျားတို့နဲ့တော့ခက်ပြီ ကျုပ်ပုံစံက အောက်လမ်းဆရာပုံစံပေါက်နေလို့လား”

“ဒါဆို ကျုပ်တို့အကြောင်းဘယ်လိုသိတာလဲ”

“ကဲကဲ အားလုံးစိတ်အေးအေးထားကြ ကျုပ်ပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် လောက်က ဒီနေရာမှာ ထုံးမန်းကွင်းလို့ခေါ်တဲ့ရွာတစ်ရွာရှိခဲ့တယ်မဟုတ်လား။ အဲဒီရွာမှာ ကြွက်ကနေဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါကြောင့် ရွာလုံးကျွတ်နီးပါးသေဆုံးခဲ့ပြီး ရက်လည်ဆွမ်းသွပ် ပေးမယ့်သူတောင်မရှိဖြစ်ခဲ့ကြဖူးတယ်လေ”

“ အဲဒီတော့ ဆက်ပြောပါဦး”

“ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုမသယ်နိုင်ပဲ ရွာလုံးကျွတ်သေခဲ့တဲ့ ထုံးမန်းကွင်းရွာကို ဘယ်သူမှ မဝင်ရဲတော့ပဲ မီးတိုက်ခဲ့ကြတယ်မဟုတ်လား ရွာသားတွေအားလုံးကတော့ သူတို့ပိုင်တဲ့ပစ္စည်းတွေ ကိုစွဲလမ်းတဲ့စိတ်၊ အိုးအိမ်မြေယာတွေကိုစွဲလမ်းတဲ့စိတ်ကြောင့် သေတာတောင် စိတ်မဖြောင့်ကြပဲ ဒီအရပ်ဒီ‌ဒေသမှာခိုကပ်နေခဲ့ကြတယ်”

‌သျောင်တစ်စောင်းနဲ့လူရဲ့စကားအဆုံးမှာ လူတွေအားလုံငြိမ်သက်သွားပြီး ဘာဆက်ပြော မလဲနားထောင်နေခဲ့တယ်။

“ ဒါကြောင့် သင်တို့ဘယ်သူဆိုတာ ကျုပ်သိတယ် ဒီမြေ ဒီနေရာဟာ သင်တို့ပိုင်ဆိုင်ခဲ့တဲ့ အရပ်ဒေသဖြစ်လို့ ကျုပ်ရဲ့ပညာကိုသုံးပြီး မောင်းထုတ်တာမျိုးမဖြစ်ချင်ဘူး အခုသင်တို့ စိတ်ဆိုး နေတဲ့ မိန်းကလေးက ဘာသာတရားကို ကိုင်းရှိုင်းပြီး ကိုယ်ကျင့်သီလကောင်းမွန်တဲ့သူဖြစ်လို့ ကျုပ်တို့လာရောက်စောင့်ရှောက်ပေးခဲ့တာပဲ”

“ ဒါပေမယ့် သူက ကျုပ်တို့နေလို့မရအောင် လုပ်တဲ့အပြင် တန်ခိုးကြီးတဲ့ နတ်တွေကိုပါ ပင့်ပြီးကျုပ်တို့ကိုမောင်းထုတ်တာကရော ငြိမ်ခံနေရမှာလား”

“ခင်ဗျားတို့အားလုံး အယူတွေလွဲနေကြပြီ သူလုပ်နေတဲ့အရာက ယူတတ်ရင် ခင်ဗျားတို့ အားလုံးအတွက် အကျိုးဖြစ်ထွန်းမှာ မလွဲဧကန်ပဲ”

“ဘယ်လိုအကျိုးဖြစ်ထွန်းမှာလဲ အခုတောင် ပူလောင်တဲ့ဒဏ်ကြောင့် ငယ်ရွယ်တဲ့ကလေး တွေ နေမကောင်းဖြစ်နေကြတယ်”

“ကဲ ခင်ဗျားတို့အားလုံး ဒုက္ခမရောက်စေမယ့်နည်းကျုပ်ပြောခဲ့မယ် ဒါကြောင့် နောက်နောင် ကလေးမလေးကို အသံ၊ အရိပ်၊ အနံ့နဲ့ခြောက်လှန့်တာတွေမလုပ်ပါဘူးဆိုတဲ့ကတိ ကျုပ်ကို ပေးရမယ်”

“ကျုပ်တို့ကလဲ ကိုယ့်ရွာသားတွေမထိရင် ဘာမှမလုပ်ပါဘူး”

“ဒါဆိုရင် ကောင်မလေး ပဌာန်းရွတ်တဲ့အချိန် ဒီကုက္ကိုပင်ပေါ်မှာတက်ပြီး နေကြပါ။ ပဌာန်းရွတ်ပြီးလို့ အမျှတန်းပေးတဲ့အခါကျရင်လဲ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာခေါ်ဆို ကြပါ”

“ဒီအပင်မှာနေရမယ်ဟုတ်လား မဖြစ်နိုင်တာ၊ အပင်ပေါ်မှာစောင့်တဲ့ အဘိုးရဲ့တုတ်ကောက် ကို ခင်ဗျားတို့မမြည်းဘူးသေးလို့ ဒီစကားပြောထွက်တာနေမှာ”

“ဟက်ဟက် သိပ်လဲမစိုးရိမ်ပါနဲ့ အဘိုးကိုကျုပ်မေတ္တာရပ်ခံထားပြီးပါပြီ သူကလဲ သင်တို့ ကောင်းကောင်းမွန်မွန်နဲ့နေရင်ခွင့်ပြုပါတယ်တဲ့ ဟုတ်တယ်မလား အဘိုး”

သျောင်တစ်စောင်းနဲ့လူရဲ့စကားအဆုံးမှာ ကုက္ကိုပင်ပေါ်ကနေ

“အေး ဟုတ်တယ် ဒီကဆရာမေတ္တာရပ်ခံလို့ ငါပေးနေမယ် ငါ့အပင်ပေါ်လာနေပြီး မျောက်ခြောက်ရင်တော့ တုတ်ကောက်စာမိမယ်” ဆိုတဲ့အသံထွက်ပေါ်လာခဲ့တယ်။

“ ဒီအပင်ပေါ်မှာနေရင် ပူလောင်တဲ့ဒဏ်ကိုမခံရတာသေချာလား”

“သိပ်သေချာတာပေါ့ဗျာ ခင်ဗျားတို့ဘာမှမဖြစ်စေရဘူးလို့ ကျုပ်အာမခံတယ်။ ကျုပ်ကို ကတိ ပေးပြီးတော့မှ ကောင်မလေးကို နှောက်ယှက်ရင်တော့ ကျုပ်အကြောင်းသိမယ်”

“ပြီးရောဗျာ ကျုပ်တို့အတွက် ကောင်းမယ်ဆိုရင် ဘာမှမလုပ်ပါဘူး ယုတ်စွအဆုံး သူတို့ ခြံနားတောင်မကပ်ဘူး စိတ်ချ”

ရွာအကြီးအကဲစကားကြောင့် သျောင်တစ်စောင်းနဲ့လူ စိတ်ချသွားပြီး

“ခင်ဗျားတို့လဲ အစာရှာရဦးမယ်မဟုတ်လား ကိုယ်လုပ်စရာရှိတာ လုပ်ကြပါ”လို့ပြောလိုက် တော့ လူအုပ်ကြီးက လက်ထဲကိုင်ထားတဲ့ တုတ်တွေကို လယ်ကွင်းထဲပစ်ချပြီး အမှောင်ထုထဲကို ထွက်ခွာသွားခဲ့ကြတယ်။

“ဆရာ ဒီကျတ်တစ္ဆေတွေက ကျွတ်ရောကျွတ်ပါ့မလား”

“အချိန်တန်ရင်တော့ တစ်ယောက်စ နှစ်ယောက်စကနေ တစ်ဖြေးဖြေးကျွတ်တမ်းဝင်သွားကြ ပါလိမ့်မယ်”

“ဒါဆို ကျွန်တော်တို့ဘယ်ကိုခရီးဆက်ကြမလဲဆရာ”

“လောလောဆယ်တော့ ရေခံမြေခံကောင်းတဲ့ ရွှေကျွန်းမြို့ကို သွားဖို့ရှိတယ် မနက်အရုဏ် တက်တာနဲ့ ခရီးစထွက်ကြတာပေါ့”

-----------------------------

နှင်းပွင့်လဲ နေ့စဉ်ရက်ဆက် ဆေးဆရာပေးခဲ့တဲ့ ဂါထာအစဉ်အတိုင်းရွတ်ဖတ်ပြီးမှ ပဌာန်းကျမ်းတော်ကို နေ့စဉ်ရက်ဆက်ပူဇော်ခဲ့တယ်။ ရွတ်ဖတ်ပူဇော်နေစဉ်မှာတော့ အမွှေးရနံ့တွေ ရတာကလွဲရင် အခြားဘာအသံကိုမှ မကြားရတော့သလို ထူးဆန်းစွာရောက်ရှိလာခဲ့တဲ့ လူသုံးယောက်ကိုလဲ ထပ်မံမတွေ့ခဲ့ရတော့ဘူး။

ပဌာန်းရွတ်ဖတ်တာ တစ်လပြည့်တဲ့မနက်မှာတော့ အိမ်ရှေ့လှေကားရင်းမှာ မီးလောင်ထားလို့ ပုံပျက်နေတဲ့ ရွှေတိုရွှေစအနည်းငယ်ကိုမြင်တွေ့လိုက်ရတယ်။ ရွှေတိုရွှေစတွေက ဆယ့်ငါးရက်တစ်ခါ တစ်လတစ်ခါဆိုသလိုတွေ့ရတတ်ပြီး တစ်ခါတစ်လေ မီးကျွမ်းနေတဲ့ အဝတ် အစားအချို့ကိုပါတွေ့လာခဲ့ရတယ်။

နှင်းပွင့်လဲ ရလာတဲ့ ရွှေတိုရွှေစတွေကို မရောင်းချပဲ စုဆောင်းထားခဲ့တာ အတန်သင့် စုဆောင်းမိတဲ့ညရောက်တော့ အိမ်မက်ထဲမှာ တစ်ကိုယ်လုံးအဖြူရောင်အဝတ်စားကိုဝတ်ထားတဲ့ ဆေးဆရာကို မြင်တွေ့လိုက်ရတယ်။

ဆေးဆရာက နှင်းပွင့်ကို ကြည်လင်အေးမြတဲ့မျက်နှာထားနဲ့ကြည့်ပြီး

“ပဌာန်းကျမ်းတော်ကို နေ့စဉ်မပျက်ဆက်လက်ရွတ်ဖတ်ပါ။ ဒီထက်ပိုအကျိုးထူးလာပါ လိမ့်မယ်။ အခုရထားတဲ့ ရွှေတိုရွှေစတွေကို ထုခွဲပြီး ပိုင်ဆိုင်သူတွေကို ရည်စူးအလှူလုပ်ပေးပါ”

“ရည်စူးအလှူဟုတ်လား ဒီရွှေစတွေက ဘယ်သူတွေပိုင်ခဲ့တာလဲ ဘာကြောင့် ညီမတို့ကို လာပေးရတာလဲဟင်”

“ဒီရွှေတွေက ယခင် ဒီအရပ်ဒေသမှာပျက်စီးခဲ့တဲ့ ထုံးမန်းကွင်းရွာသားတွေပိုင်တဲ့ ပစ္စည်းတွေ ဖြစ်တယ်။ သူတို့က ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို စွဲလမ်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ပဲ ရှိနေခဲ့ကြတယ်။ ဒါပေမယ့် ညီမပေးဝေတဲ့အမျှတန်းတွေကိုရပြီး မြင့်မြတ်တဲ့ဘုံဘဝကို မကူးပြောင်းမီ သူတို့ပိုင်တဲ့ပစ္စည်းတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ လာရောက်ထားရှိခဲ့တာဖြစ်တယ်”

“ဒါဆိုရင် အိမ်ရှေ့မှာလာထားတဲ့ပစ္စည်းပိုင်ရှင်တွေက ကျွတ်လွတ်သွားကြတာပေါ့နော်”

“ဟုတ်ပါတယ် သူတို့က ကျွတ်လွတ်သွားပါပြီ အခြားသူတွေလဲ မကြာခင် ကောင်းမွန်တဲ့ ဘုံဘဝကိုရောက်ကြတော့မှာပါ”

“အဲလိုဆိုရင် ညီမ တစ်ခုတောင်းဆိုပါရစေ ကျွတ်လွတ်တဲ့သူတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညီမတို့မယူရပါစေနဲ့ အခုရထားတဲ့ပစ္စည်းတွေနဲ့တင် ညီမတို့မိသားစု လောက်ငအောင် လုပ်ကိုင် စားသောက်နိုင်ပါတယ်”

“ညီမရဲ့သဘောက ဒီလိုဆိုရင်လဲ သင့်တော်တဲ့နည်းလမ်းတစ်ခုနဲ့ သူတို့ပစ္စည်းတွေကို အကျိုးမယုတ်အောင် ထိန်းသိမ်းထားပေးပါမယ်”

“ဒီက အစ်ကိုတို့ကရော ညီမတို့ဆီ ပြန်လာကြဦးမှာလားဟင်”

“ ရေစက်မကုန်သေးရင်တော့ သံသရာတစ်ကွေ့မှာပြန်တွေ့ကြရဦးမှာပါ”

ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူရဲ့စကားအဆုံးမှာ နှင်းပွင့်အိပ်ပျော်နေရာကနေ လန့်နိုးလာ ခဲ့တယ်။ နောက်တစ်နေ့မနက်ရောက် အိမ်ရှေ့လှေကားမှာ စာရွက်တစ်ရွက်ကိုဖိထားတဲ့ ရွှေတုံး တစ်တုံးကိုမြင်လိုက်ရတယ်။

နှင်းပွင့်လဲ ရွှေတုံးနဲ့ဖိထားတဲ့ စာရွက်ကိုယူပြီးကြည့်လိုက်တော့

“ဒီပစ္စည်းကိုအသုံးချပြီး ဘာသာသာသနာအကျိုးကို ဒီထက်ပိုထမ်းဆောင်နိုင်ပါစေ”ဆိုပြီး ဝိုင်းစက်နေတဲ့လက်ရေးနဲ့ရေးထားတာကို မြင်လိုက်ရတယ်။

ဒီကိစ္စတွေဖြစ်ပြီး သုံးနှစ်လောက်အကြာမှာတော့ ပိုင်ဆိုင်သမျှအရာတွေအားလုံးကို လှူဒါန်းပြီး သာသနာ့ဘောင်ကိုဝင်သွားကြတဲ့ သားအမိနှစ်ယောက်ရဲ့သတင်းက ရွာနီးချုပ်စပ်တင် မက မြို့ပေါ်အထိပါ ပျံ့နှံ့သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ မစသင့်တဲ့သူကို မစပြီးတဲ့နောက်မှာတော့ ရွှေကျွန်းမြို့မှာ အမွှေကိစ္စ ကြောင့် အောက်လမ်းနဲ့တိုက်ခံထိတဲ့ မိသားစုကို ကယ်တင်ခဲ့ရသေးတယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်သွေးစိမ်းအတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment