ကျွန်တော်နှင့်အလောင်းရှာပုံတော်

  ဖုန်လုံးတွေက ကားကိုပြေးစင်တာပေါ့ဗျာ၊ လူငယ်လေးနှစ်ယောက်လည်း ဘာမပြောညာမပြောနဲ့ ကားပေါ်ကခုန်ဆင်းလိုက်တော့ ကျုပ်တို့လည်းဆင်းလိုက်ရတာပေါ့ဗျာ။ ဦ... thumbnail 1 summary

 ဖုန်လုံးတွေက ကားကိုပြေးစင်တာပေါ့ဗျာ၊ လူငယ်လေးနှစ်ယောက်လည်း ဘာမပြောညာမပြောနဲ့ ကားပေါ်ကခုန်ဆင်းလိုက်တော့ ကျုပ်တို့လည်းဆင်းလိုက်ရတာပေါ့ဗျာ။

ဦးဖိုးထူးက ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး

“စားမယ်၊ စားမယ်၊ ဟင် . . . ဘယ်မှာစားရမှာလဲ”

သူပြောတာလည်းဟုတ်ပါတယ်၊ တောင်တစ်တောင်လုံး လူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကိုးဗျ၊ အရှေ့မှာလည်း နတ်ကွန်းပဲရှိတော့တာ၊ နတ်ကွန်းဆိုပေမယ့်လည်း သစ်သားနဲ့ နန်းဆောင်ပုံစံသေသေချာချာဆောက်ထားတာပါဗျာ။ လူငယ်နှစ်ယောက်က နတ်ကွန်းဆီကိုလမ်းလျှောက်သွားတာနဲ့ ကျုပ်တို့လည်း အနောက်ကနေလိုက်သွားမိတယ်ဗျ၊ နတ်ကွန်းရှေ့ရောက်တော့ လူငယ်နှစ်ယောက်က ဒူးထောက်ထိုင်ချပြီး

“အမေကြီးခေါ်လာခိုင်းတဲ့လူကို ခေါ်လာခဲ့ပါပြီအမေကြီး”

ဒီလိုပြောတော့မှ ကျုပ်လည်းတစ်ခုခုကိုသတိထားမိလိုက်တာဗျာ၊ ကျုပ်ခြေသုံးလှမ်းလောက် အနောက်ဆုတ်လိုက်တဲ့အချိန်မှာပဲ အဲဒီနတ်ကွန်းရဲ့ခေါင်မိုးပေါ်မှာ မိန်းမကြီးတစ်ယောက်က ဆောင့်ကြောင့်ထိုင်လို့ဗျ၊ အဲဒီမိန်းမကြီးရဲ့အသားတွေက ရေညှိအရောင်လို စိမ်းပုပ်ပုပ်နဲ့ဗျ၊ ပြီးတော့ အရေပြားကလည်း မြွေအရေခွံလိုမျိုး အကွက်အကွက်တွေပါသေးတယ်ဗျာ၊ မသိရင်အကြွေးခွံတွေလိုပေါ့ဗျ၊ ထိုင်မသိမ်းပါတဲ့ ထမီကို ချက်ဖုံးအောင်ဝတ်ထားသဗျာ၊ သူ့ရင်သားတွေက သင်္ဘောသီးကြီးတွေလို တွဲလောင်းကျနေပါရော၊ မျက်ခုံးမွှေးထူထူ၊ မျက်လုံးပြူးပြူး၊ ပါးစပ်ပြဲပြဲနဲ့ဗျာ၊ ကျုပ်အထင်တော့ ဘီလူးမလို့ထင်သွားမိတာဗျ။

ဒီဘီလူးမကြီးက ရယ်မောလိုက်ပြီး

“ဟား၊ ဟား သားတော်တို့တော်တယ်၊ ငါ့သားတွေကို နောက်မှ လူဖမ်းကျွေးမယ်”

လူငယ်နှစ်ယောက်လည်းပြုံးနေသဗျ၊ သူတို့လည်းထိုင်နေရင်း ဘီလူးနှစ်ကောင်ဖြစ်သွားပါရောဗျာ၊ တစ်ကိုယ်လုံးအစိမ်းရောင်နဲ့ အောက်ကတော့ ပုဆိုးခါးတောင်းကျိုက်ကလေးနဲ့ပေါ့။ ဦးဖိုးထူးက ဘီလူးမကြီးကိုမြင်တော့ သူ့တောင်ဝှေးကိုအသင့်ပြင်ထားယ်။

“တယ်၊ ဘီလူးမ၊ နင်အခုလိုလုပ်တာ ဘာသဘောလဲ”

ဘီလူးမက နတ်ကွန်းသေးသေးကလေးပေါ်တက်နေတာဗျာ၊ နတ်ကွန်းက ပြိုတော့မကျဘူးဗျ၊

“ဘာလုပ်ရမလဲ နင်တို့ကိုငါ့လက်အောက်မှာ ခေါ်ထားမလို့ပေါ့”

“အောင်မာ၊ ရာရာစစ ဘီလူးမကများ ငါတို့ကိုခေါ်ထားမတဲ့၊ တယ်၊ ငါလုပ်လိုက်ရ”

ဦးဖိုးထူးက ကြိမ်းဝါးတော့ ဘီလူးမကြီးက အော်ရယ်သဗျာ၊ သူ့ပါးစပ်ပြဲပြဲကြီးက နားကိုတက်ချိတ်သွားလောက်အောင်ကို ပြဲထွက်သွားတာ၊ အထဲမှာလည်း အစွယ်ချွန်ကြီးတွေ၊ သွားချွန်ကြီးတွေက ငေါထွက်နေသဗျ။ ဘီလူးမက ဦးဖိုးထူးကိုလက်ညှိုးထိုးပြီးတော့

“နင့်အဆင့်လောက်နဲ့များ ငါ့ကိုလာပြီးကြိမ်းမောင်းနေသေးတယ်၊ ကဲ သားတော်တို့ ငါတို့အကြောင်းသိသွားအောင် ဒီအရူးကိုပြလိုက်ဟဲ့”

ဘီလူးနှစ်ကောင်က ဝုန်းဆိုပြီးထလာသဗျ၊ ဦးဖိုးထူးက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်ပြီးတော့

“မောင်ရှိန်၊ အသာနေ၊ ဒီကောင်တွေက တို့ကိုဖျက်ဖို့၊ တားဆီးဖို့လုပ်တာနေမှာ၊ ငါ့အကြောင်းသိသေးတာပေါ့”

ဦးဖိုးထူးက သူ့လက်ထဲက သုံးတောင်လောက်ရှိတဲ့ သစ်ကိုင်းခြောက်တောင်ဝှေးကိုဝှေ့ယမ်းလိုက်ပြီးတော့ ဘီလူးတွေကိုရိုက်တော့တာပဲဗျာ၊ သူရိုက်လိုက်တာနဲ့ ဘီလူးကြီးတွေက တအားအားနဲ့အော်ဟစ်ပြီးတော့ အနောက်ကိုဆုတ်သွားတယ်၊ ဦးဖိုးထူးက သိုင်းသမားတစ်ယောက်လို ပေါ့ပါးပုံများ ပြောမနေပါနဲ့ဗျာ၊ ဘီလူးကြီးနှစ်ကောင်ကို တုတ်နဲ့တစ်ချက်ပြီးတစ်ချက်ရိုက်ပြီးတော့ အရှေ့ကိုသို်င်းကွက်နင်းပြီးတက်သွားတာဗျ၊ ဘီလူးနှစ်ကောင်လည်း အလူးအလဲပေါ့ဗျာ၊ နောက်တော့ ဘီလူးတွေရဲ့ ငယ်ထိပ်ကိုတစ်ချက်စီရိုက်လိုက်တော့မှ ဘီလူးနှစ်ကောင်လဲ မြေပေါ်ကိုမှောက်ခုံကြီးတွေလဲကျသွားပြီး ပြားပြားဝပ်သွားပါရောဗျာ။

ဦးဖိုးထူးက မချိပြုံးပြုံးပြီးတော့ နတ်ကွန်းအနားကိုကပ်သွားတယ်ဗျ၊ နတ်ကွန်းပေါ်က ဘီလူးမကြီးကိုလက်ညှိုးထိုးပြီးတော့

“ဟဲ့ ဘီလူးမ၊ မှတ်ပြီလား၊ ဖိုးထူးဘာကောင်လဲဆိုတာ နင်သိပြီလား”

ဘီလူးမက တုန်ုတုန်ယင်ယင်နဲ့

“ကြောက်ပါပြီ၊ ကျွန်မကြောက်ပါပြီရှင်” လို့ပြောရင်း အသားတွေတဆတ်ဆတ်တုန်လို့ပေါ့ဗျာ။

(၂)

ကျုပ်ကတော့ ဒါကိုကြည့်နေရင်း တစ်ခုခုတော့မဟုတ်ဘူးဆိုတာသိလိုက်တယ်ဗျ၊ ဘီလူးမကြီးက ကြောက်ပါတယ်ဆိုပြီး တုန်ခါပြနေရင်း နောက်တော့ပါးစပ်ကြီးဖြဲပြီး တဝါးဝါးတဟားဟားနဲ့ရယ်တယ်ဗျ၊ သဘောကျလွန်းလို့ လက်ခုပ်လက်ဝါးတီးပြီးတော့ကို ရယ်မောနေပါရောဗျာ၊ ဦးဖိုးထူးက ဘီလူးမကို အံ့သြနေတဲ့အကြည့်နဲ့ကြည့်ရင်း

“အောင်မာဘီလူးမ၊ နင်ကများရယ်တယ်ပေါ့၊ နင်ငါ့ကိုဘာမှတ်နေသလဲ”

ဘီလူးမက ရယ်မောရင်း

“ဟား ဟား၊ ဒီလူတကယ်အရူးပဲ၊ ဟဲ့ အရူးကောင်၊ ငါက နင့်ရဲ့ခွေးရိုက်တဲ့တုတ်လောက်ကို ကြောက်ရမှာလားဟဲ့”

“နင့်သားဆိုတဲ့ ဟိုကောင်တွေတောင် မှောက်သွားတယ်မဟုတ်လား”

ဒီအခါ မှောက်နေတဲ့ဘီလူးနှစ်ကောင်က ကုန်းထပြီးတော့ မြေကြီးမှာထိုင်ရင်း ရယ်မောလိုက်ကြတယ်ဗျ။ ဦးဖိုးထူးက လှည့်ကြည့်ရုံရှိသေးတယ်ဗျာ၊ အဲဒီအထဲက ဘီလူးတစ်ကောင်က ဦးဖိုးထူးရဲ့ခြေထောက်တစ်ဖက်ကို သူ့လက်နဲ့ဖမ်းဆုပ်ကိုင်ပြီး လက်မြှောက်လိုက်တာ ဦးဖိုးထူးတစ်ယောက် လေပေါ်မှာဇောက်ထိုးတွဲလောင်းကြီးဖြစ်သွားပါရောဗျို့၊ ဦးဖိုးထူးက လူးလွန့်ရင်း သူ့တောင်ဝှေးနဲ့ ဘီလူးတွေကိုလွှဲလွှဲရိုက်ပေမယ့် ဘီလူးတွေက ဖြုံတောင်မဖြုံပါဘူးဗျာ။

“ဟေ့ကောင်တွေ၊ ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်ပေးကြစမ်း”

“ဟား၊ ဟား မင်းကိုလွှတ်ပေးရမလားကွ၊ အကိုကြီးရေ ဒီကောင့်ကိုဒီအတိုင်းဇောက်ထိုးကလေးလုပ်ပြီးတော့ ခေါင်းကနေစစားရင် စားလို့ကောင်းမှာပဲနော်”

ဘီလူးတစ်ကောင်က ကျန်တဲ့ဘီလူးတစ်ကောင်ကိုပြောတယ်ဗျ၊ အကိုဆိုတဲ့ဘီလူးက ဦးဖိုးထူးအနားကိုကပ်ရင်း နှာခေါင်းရှုံ့တယ်ဗျ။

“နေစမ်းပါကွာ၊ မင်းစားချင်ရင်စားပေါ့၊ ဒီလောက်နံစော်ဖတ်နေတဲ့လူကို ငါတော့မစားချင်ဘူး၊ မသတီဘူးကွ”

ဦးဖိုးထူးက အံကြိတ်ရင်း

“အောင်မာ၊ ဒီဘီလူးတွေကများ ငါ့ကိုနှယ်နှယ်ရရမှတ်နေသလား”

ဒီအခါ ဘီလူးမကြီးက ရယ်မောရင်း

“နင့်ကိုယ်နင်ဘာမှတ်နေသလဲအရူးရဲ့၊ နင်က လူဟဲ့လူ၊ ငါတို့က ဘီလူး၊ ဘီလူးတောင်မှ တောင်ကိုအပိုင်စားရထားတဲ့ နတ်ဘီလူးဟဲ့၊ နင်က အဲဒီပေါက်တက်ကရဝိဇ္ဇာလမ်းကို လျှောက်နေတယ်ဆိုပေမယ့် နင်ကလူသားဖြစ်နေသေးတယ်၊ လူသားဖြစ်နေသရွေ့ ငါတို့ကိုမနိုင်ဘူးဆိုတာ နင်သိထား”

ဒါနဲ့ ကျုပ်လည်းမနေသာတော့တာမို့အရှေ့ကို တက်သွားရင်း ဘီလူးနှစ်ကောင်ကိုကြည့်ပြီး

“ဟေ့လူတွေ၊ ခင်ဗျားတို့ သူ့ကိုလွှတ်ပေးလိုက်”

ဒီအခါ နတ်ကွန်းပေါ်က ဘီလူးမကြီးက မြေပေါ်ကိုခုန်ဆင်းလာတယ်ဗျ၊ ဘီလူးမခုန်ဆင်းလိုက်တာ မြေကြီးတောင်မှ နည်းနည်းတုန်ခါသွားသလိုပါပဲ။ ဘီလူးမက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“ဒါဆိုရင် နင်ငါတို့နဲ့နေခဲ့ရမယ်”

“ဘာဗျ”

“ငါတို့လိုချင်တာနင်ပဲ၊ နင်ငါတို့နဲ့နေခဲ့မယ်ဆိုရင် ဟောဒီနံနံစော်စော်နဲ့လူကြီးကိုလွှတ်ပေးလိုက်မယ်”

“နေပါအုံးဗျ၊ ခင်ဗျားတို့နဲ့ကျုပ်နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စမှ မရှိဘူးမဟုတ်လား၊ ခင်ဗျားတို့ဘာဖြစ်လို့ ကျုပ်ကိုလိုချင်ရတာလဲ”

ဘီလူးမက မျက်မှောင်ကြုတ်လိုက်ပြီး

“အပိုတွေပြောမနေနဲ့၊ နင်ငါတို့နဲ့လိုက်ခဲ့ရင်လိုက်ခဲ့၊ အေးအေးဆေးဆေးမလိုက်ခဲ့ဘူးဆိုရင်တော့ ဒီလူကြီးကိုအရင်စားမယ်၊ ပြီးတော့မှ နင့်ကိုဖမ်းခေါ်မယ်”

ဦးဖိုးထူးက ဇောက်ထိုးအနေအထားအတိုင်း ကျုပ်ကိုကြည့်ရင်း

“အဖမ်းမခံနဲ့မောင်ရှိန်ရေ၊ ပြေး . . . မင်းပြေးတော့”

ကျုပ်ဘာလုပ်ရမလဲမသိဘူးဖြစ်နေတယ်ဗျ။

“မောင်ရှိန်၊ မင်းကငါ့ထက်ပိုပြီးတန်ဖိုးရှိတယ်၊ ဒါကြောင့် မင်းကိုသူတို့က သဲကြီးမဲကြီးလိုချင်နေတာကွ၊ ပြေးတော့ ပြေးပါတော့ကွာ၊ ငါသေမှာကိုမကြောက်ပါဘူး”

“မပြေးဘူး၊ ကျုပ်မပြေးဘူး ဦးဖိုးထူး”

ဦးဖိုးထူးက အံ့သြသွားတယ်ဗျ။

“ဒီကိစ္စက ကျုပ်နဲ့တစ်ခုခုပတ်သက်နေတာနေမှာ၊ ကျုပ်ကိစ္စကြားထဲမှာ ခင်ဗျားကိုမြေစာပင်အဖြစ်မခံနိုင်ဘူးဗျ၊ ကဲ ခင်ဗျားတို့တွေကျုပ်ကိုလိုချင်တယ်မဟုတ်လား၊ ဒါဆိုကျုပ်ကိုဖမ်းကြဆီးကြတော့လေဗျာ၊ ပြီးရင်တော့ ဦးဖိုးထူးကို ပြန်လွှတ်ပေးလိုက်ကြပါ”

ဘီလူးနှစ်ကောင်က ဘီလူးမကြီးကိုမေးငေါ့ပြတယ်ဗျ၊ ဘီလူးမကြီးက ကြိုးတစ်ချောင်းကိုဆွဲထုတ်လိုက်သဗျ၊ ပြီးတော့ အဲဒီကြိုးကို ကျုပ်အရှေ့မြေကြီးပေါ်ကို ပစ်ချလိုက်ပါရောဗျာ၊ ကြိုးက တစ်တောင်လောက်ပဲရှိပါတယ်၊ အုန်းဆံကြိုးလို့ ညိုညစ်ညစ်ကြိုးဆိုပေမယ့် ရွှေရောင်အလက်လက်ကလေးတွေလည်း ဝင်းလက်နေသေးသဗျ၊ ကြိုးက ကျုပ်အရှေ့ကိုကျပြီးတော့ မြေတစ်ကောင်လို လူးလွန့်လာတယ်၊ ပြီးတော့ တဖြည်းဖြည်းကျုပ်ကိုယ်လုံးပေါ်ကိုတက်လာပြီးတော့ ကျုပ်ကိုတစ်ရစ်ခြင်းရစ်ပတ်ပါလေရောဗျာ။ ငါးပတ်တိတိရစ်ပတ်ပြီးတော့မှ ကြိုးကဆက်မရစ်တော့ဘဲ ရပ်သွားတယ်ဗျ၊ ကျုပ်လက်တွေနဲ့ပုခုံးတွေကိုရစ်ပတ်ထားတာဆိုတော့ ကျုပ်ကိုယ်ခန္ဓာအပေါ်ပိုင်းက လှုပ်မရတော့ဘူးပေါ့ဗျာ။

“ကဲ ရပြီ၊ ဟဲ့သားငယ်၊ ဒီလူကြီးကိုပြန်လွှတ်ပေးလိုက်စမ်း”

ဒီတော့မှ ဘီလူးအငယ်က ဦးဖိုးထူးကို မြေပေါ်ကိုလှမ်းပစ်ချလိုက်တယ်ဗျ၊ ဦးဖိုးထူးက မြေပေါ်ကိုပြုတ်ကျပြီးလိမ့်သွားတယ်၊ နောက်တော့ လူးလဲထလာရင်း

“မောင်ရှိန်၊ မင်းတကယ်လိုက်သွားတော့မလို့လား”

“သူတို့က ချည်ပြီးတုတ်ပြီးနေပြီပဲဗျာ၊ ကဲပါ၊ ဦးဖိုးထူးသွားပါတော့၊ ကျုပ်ကြောင့် ဦးဖိုးထူးအန္တရာယ်မဖြစ်စေရပါဘူး”

ဦးဖိုးထူးက ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်ဗျ။ ဘီလူးမကြီးက ဦးဖိုးထူးကိုကြည့်ရင်း

“အောင်မယ်၊ မသွားသေးဘူးလား၊ ငါကိုက်စားလိုက်ရ”

ဦးဖိုးထူးက ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ကိုဆုတ်သွားတယ်၊ နောက်တော့ ကျုပ်မျက်နှာကိုကြည့်ရင်း

“မင်းကိုငါလာကယ်ပါ့မယ် မောင်ရှိန်ရ၊ မင်းခဏတော့ တောင့်ခံထားစမ်းပါကွာ”

အဲဒီလိုပြောပြီး တောင်ပေါ်ကနေဆင်းပြေးတော့တာပါပဲဗျာ၊ ဘီလူးနှစ်ကောင်ကလည်း ကျုပ်တို့ကိုကားနဲ့မောင်းပို့တဲ့ လူငယ်နှစ်ယောက်ရဲ့ကိုယ်လုံးထဲကနေ ခုန်ထွက်လိုက်ကြတယ်ဗျ၊ ဘီလူးတွေခုန်ထွက်ပြီးရော ဒီလူနှစ်ယောက်အရုပ်ကြိုးပြတ်လဲကျသွားတော့တာပါပဲ။ ဘီလူးမကြိးက ကျုပ်အနားကိုကပ်လာပြီးတော့

“မင်းကိုကြည့်ရတာ တည်ငြိမ်နေပါလား၊ ဘီလူးတွေဖမ်းသွားတာကို မင်းမကြောက်ဘူးလား”

ကျုပ်လည်း ခေါင်းခါပြလိုက်တယ်၊ ဘီလူးတွေက တော်တော်စိတ်တိုသွားတယ်ထင်တယ်။

“ငါလူတွေအများကြီး ဖမ်းစားခဲ့ဖူးတယ်၊ လူတွေအကုန်လုံးက ငါတို့ကိုတွေ့တာနဲ့ ကြောက်လန့်ပြီးတော့ ချေးတွေသေးတွေတောင်ထွက်ကျကြတယ်၊ အခု မင်းကတော့ မထုံတတ်တေးပုံစံနဲ့ပါလား၊ ဧကန္ဆဘီလူးအကြောင်းမသိသေးလို့ ဘီလူးကိုမကြောက်တာဖြစ်မယ်”

“ကျုပ်ခင်ဗျားတို့ကိုမကြောက်ဘူး၊ ကျုပ်ဘာကိုမှမကြောက်လို့ အခုလိုအားလုံးကိုစွန့်လွှတ်ပြီး ထွက်လာခဲ့တာပေါ့”

ဒီအခါ ဘီလူးတွေကရယ်တယ်ဗျ။ ဘီလူးမကြီးက ကျုပ်ကိုလက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီးတော့

“ဘီလူးတွေကိုမကြောက်ဖူးတဲ့လား၊ အေးလေ၊ ဒါဆိုရင်လည်း မင်းကြောက်သွားအောင် ငါတို့လုပ်ရတာပေါ့”

ဒီလိုပြောပြီးတော့ ဘီလူးနှစ်ကောင်ဘက်ကိုလှည့်ကြည့်ပြီး

“သားကြီးနဲ့သားငယ်၊ ငါတို့ဘီလူးတွေ ဘယ်လိုကြောက်ဖို့ကောင်းတယ်ဆိုတာကို ဒီလူသိအောင်လို့ မင်းတို့သူ့ကိုနည်းနည်းအကြောင်းပြလိုက်စမ်းပါကွယ်”

ဘီလူးနှစ်ကောင်က ရယ်တယ်ဗျ၊ နောက်တော့ ဘီလူးအကြီးက ကျုပ်အနားကိုလျှောက်လာပြီးတော့ ကျုပ်ခြေထောက်ကနေဆုပ်ကိုင်ပြီး ဇောက်ထိုးလုပ်လိုက်သဗျာ၊ ပြီးတော့ မြေကြီးမှာချပြီး သူက တောင်ပေါ်ကိုပြေးတက်တော့တာပါပဲ၊ ကျုပ်လည်း သူ့အနောက်ကနေ တရွတ်တိုက်ပြီးလိုက်ပါသွားရတာပေါ့၊ တောင်ဆိုတော့ မြေက အကြမ်းသားဗျ၊ လမ်းမှာရှိတဲ့ ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေနဲ့ပွတ်တိုက်ရင်း တောင်ပေါ်ကိုပါသွားပါရော၊ တစ်ကိုယ်လုံးမှာရှိတဲ့အရိုးတွေအကုန်လုံး ကျိုးကြေကုန်ပြီလို့ခံစားရသဗျာ။

တောင်ထိပ်စွန်းရောက်တော့ ဘီလူးက ကျုပ်ကိုဇောက်ထိုးဆွဲကိုင်ပြီးတော့ မေးသဗျ။

“ကြောက်ပြီလား၊ မင်းငါတို့ကိုကြောက်ပြီလား”

ကျုပ်ကခေါင်းခါပြီးတော့ အသံယဲ့ယဲ့ကလေးနဲ့

“မကြောက်ပါဘူး၊ ခင်ဗျားကိုကျုပ်လုံးဝမကြောက်ဘူး”

ဘီလူးမျက်နှာက ခက်ထန်သွားတယ်ဗျ။

“အေးလေ၊ မကြောက်ဘူးဆိုရင်တော့ ကြောက်အောင်လုပ်ပေးရမှာပေါ့”

အဲဒီလိုပြောပြီးတော့ တောင်ထိပ်ကနေပြီး တောင်အောက်ချောက်ထဲကိုပစ်ချလိုက်တော့တာပဲဗျာ၊ တောင်က ဆင်ခြေလျှောဆိုတော့ ကျုပ်လည်းလမ်းတစ်လျှောက်လုံး ဒလိမ့်ခေါက်ကွေး ကျသွားတာပေါ့ဗျာ၊ ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ဝင်ဝင်ဆောင့်တာများ ပြောမနေပါနဲ့တော့ဗျာ၊ တောင်အောက်ကိုကျရင်း ကျောက်တုံးကြီးတစ်ခုနဲ့ခေါင်းနဲ့တိုက်မိပြီး ခေါင်းက ဟက်ခနဲကွဲသွားသဗျ၊ စေးထန်းထန်းသွေးတွေကျလာတာကိုခံစားရတယ်၊ ဒီလိုနဲ့တောင်အောက်ကိုကျပြီး နောက်ဆုံးတောင်အောက်ရောက်တော့ ရေအိုင်တစ်ခုထဲကိုကျုပ်ကျသွားတော့တယ်။ ရေအိုင်က ရေစပ်စပ်ပဲရှိတော့တာဗျ၊ သစ်ရွက်ကြွေတွေအများကြီးကျနေတော့ ရေရဲ့အရောင်က သံချေးရောင်ကြီးဖြစ်ပြီး နီရဲနေသပေါ့ဗျာ၊

ကြိုးနဲ့တုပ်ထားတော့လည်း လှုပ်မရဘူးပေါ့ဗျာ၊ ဘီလူးငယ်က ကျုပ်ကိုရေထဲကနေဆွဲတင်လိုက်ပြီးတော့

“ကြောက်ပြီလား၊ ခင်ဗျား ဘီလူးဆိုတာကိုကြောက်ပြီလား”

ကျုပ်ဘာစကားမှ မပြောနိုင်တော့ပါဘူးဗျာ၊ ပါးစပ်ထဲလည်း ရေတွေ၊ ဖုန်တွေဝင်ပြီးတော့ ညစ်ပတ်နေတာပါပဲ၊ သွားတွေလည်းကျိုးကုန်လို့ ပါးစပ်ထဲခုလုခုလုနဲ့ဗျ၊ ဒါပေမယ့် ဘီလူးအငယ်မေးတော့ ကျုပ်က ခေါင်းခါပြသဗျာ။

“ခင်ဗျားက မကြောက်ဘူးတဲ့လား၊ ကဲ မကြောက်အုံးကွာ”

ကျုပ်ခေါင်းကိုနောက်စေ့ကနေကိုင်ပြီးတော့ အဲဒီရေအိုင်ထဲကို နှစ်ချတယ်ဗျ၊ ရေအောက်နစ်တော့ အသက်ရှူတွေကြပ်လာတာပေါ့ဗျာ၊ ကျုပ်ပါးစပ်ကနေပြီး ဖလူးဖလူးနဲ့ဖြစ်တော့ ဘီလူးက ကျုပ်ကိုရေထဲကနေပြန်ဖော်လိုက်သဗျ၊ ကျုပ်အသက်ဝအောင် မရှူရသေးခင်မှာပဲ ကျုပ်ကိုရေပြန်နှစ်တယ်၊ အသက်ရှူရတာ မွန်းကြပ်ပြီးတော့ လူကခံရခက်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ။

(၃)

“သားရေ၊ သားတို့ရေ၊ ပြန်လာခဲ့ကြတော့”

ကျုပ်နားထဲ အသံသဲ့သဲ့ကြားလိုက်ရတယ်၊ ဘီလူးငယ်က ကျုပ်ကိုပုခုံးပေါ်ကိုထမ်းတင်ပြီး တောင်ပေါ်ကိုပြေးတက်ပါရောဗျာ၊ ကျုပ်လည်းလူကိုယ်ပေါ်ကနေ လိုက်သွားမိတာပေါ့၊ နာကျင်လွန်းလို့တောင်မှ အသားတွေက ထုံနေပြီဗျ၊ အရိုးတွေလည်း တစ်ခုမှကောင်းတာမရှိတော့ဘူးဗျို့။

တောင်ပေါ်ရောက်တော့ ဘီလူးက နတ်ကွန်းထဲကိုခုန်ဝင်သွားသဗျာ၊ ကျုပ်မျက်စိထဲ အဖြူရောင်တွေ၊ အပြာရောင်တွေမြင်လိုက်ရပြီးတော့ ဖြတ်ခနဲ နန်းဆောင်ကြီးတစ်ခုထဲကိုရောက်သွားတာဗျ၊ နန်းဆောင်ကြီးထဲမှာ တိုင်လုံးတွေကမနည်းဘူးဗျို့၊ တိုင်လုံးကြီးတွေက မိုးထိတော့မယောင်မြင့်မားလှသဗျာ၊ ကြမ်းတွေကို ဟင်္သာပြဒါးတွေသုတ်ထားလို့ နီနီရဲနေပြီး တိုင်တွေကိုတော့ ရွေပိန်းချထားလို့ ဝင်းလက်နေသဗျာ။

ဘီလူးမကြီးက သလွန်ပေါ်မှာထိုင်နေသဗျ၊ ပြီးတော့ သူ့ဘေးနားမှာလည်း ဘီလူးအကြီးက ရပ်နေသဗျို့၊ ဘီလူးအငယ်က ကျုပ်ကို ကြမ်းပေါ်ကိုပစ်ချလိုက်တယ်။

“ဒီလူတော်တော်ခေါင်းမာတာပဲ အမေကြီး၊ အခုထက်ထိကို ကျုပ်တို့ကိုကြောက်တယ်လို့ တစ်ခွန်းမပြောသေးဘူးဗျာ”

“အဲဒါတွေအသာထားစမ်းပါ၊ သူ့ကိုလိုချင်တဲ့လူ လာနေပြီ”

ကျုပ်လည်း မလှုပ်ရှားနိုင်တော့ ပက်လက်အနေအထားနဲ့ပဲ ကြည့်နေရတာပေါ့ဗျာ၊ မကြာခင် ရွှေရောင်အလင်းတွေ ဖြတ်ခနဲလင်းလက်သွားပြီးတော့ နန်းဆောင်ထဲကို မိန်းမတစ်ယောက်ဝင်လာသဗျ၊ ဒါပေမယ့် အတည့်လမ်းလျှောက်လာတာမဟုတ်ဘဲ နောက်ပြန်ကြီး ရွေ့လာတာဗျို့၊ မြေကြီးနဲ့ တစ်တောင်လောက်ကွာနေသဗျ၊ ရွှေရောင်အဝတ်အစားနဲ့မိန်းမက တော်တော်ကြည့်ကောင်းတာပဲဗျာ၊ အနားရောက်တော့မှ လှည့်မကြည့်ဘဲ ဘီလူးမကိုမေးသဗျ။

“နင်တို့ ငါဖမ်းခိုင်းတဲ့လူကိုရလာခဲ့ပြီလား”

“ရလာခဲ့ပါပြီသခင်မ၊ သခင်မစိတ်တိုင်းကျကြည့်ရှုပါ”

ဘီလူးမကြီးက အဲဒီမိန်းမကို ရိုရိုကျိုးကျိုးနဲ့ကို ပြောနေသဗျာ၊ အဲဒီမိန်းမက ဒီဘက်ကိုလှည့်လိုက်ပြီးတော့ ကျုပ်ကိုငုံ့ကြည့်တယ်။

“ဟင်၊ မရွှေတောင်”

အဲဒီမိန်းမက ကျုပ်တို့နဲ့မနက်ကတွေ့ခဲ့တဲ့ မရွှေတောင်ဆိုတဲ့မိန်းမဗျ၊ မရွှေတောင်က ကျုပ်ကိုလည်းမြင်ရော မျက်စောင်းထိုးပြီး ဒေါသတော်တော်ထွက်သွားတယ်ဗျ၊ တောက်တစ်ချက်ခေါက်လိုက်ပြီး ဘီလူးသားအမိတွေကိုကြည့်လိုက်တယ်။

“နင်တို့ သူ့ကိုဘာလုပ်ထားတာလဲ”

“သခင်မက ဖမ်းထားဆိုလို့ ဖမ်းထားတာပါ”

“ဖမ်းထားတာကဟုတ်ပါပြီ၊ သူ့ကိုဘာဖြစ်လို့ သေမလောက်ဖြစ်အောင် နှိပ်စက်ထားရတာလဲ”

ဘီလူးမက ကြောက်ကြောက်နဲ့

“သူက ကျွန်မတို့ကို မကြောက်ဘူးဆိုလို့ ကြောက်အောင်ခြောက်ထားတာပါ”

မရွှေတောင်က ဘီလူးမအနားကိုကပ်သွားပြီး

“နင့်ကိုငါက ကြောက်အောင်ခြောက်ခိုင်းသလား”

ဘီလူးမကြီးက မရွှေတောင်အနားကိုရောက်သွားတာနဲ့ သူထိုင်နေတဲ့သလွန်ပေါ်ကနေဆင်းပြီး ကြမ်းပြင်မှာဒူးထောက်တယ်ဗျ။

“ငါမေးနေတာဖြေစမ်း၊ နင့်ကိုကြောက်အောင်လို့များ ငါကခြောက်ခိုင်းသလား”

ဘီလူးမကြီးက အယောင်ယောင်အမှားအမှားနဲ့

“မ . . .မဟုတ်ပါဘူးသခင်မ၊ ကြောက်အောင်မခြောက်ခိုင်းပါဘူး”

“ဒါနဲ့များ နင်ကဘာလို့အပိုတွေလုပ်ထားတာလဲ မယ်ယုဝေ”

“ဟိုလေ၊ သခင်မက ဒီလူကိုဖမ်းခိုင်းတာဆိုတော့ ဒီလူကိုဖမ်းပြီးစားမယ်ထင်လို့ သခင်မ အပန်းမကြီးအောင်လို့၊ နောက်ပြီးတော့ ဒီလူလည်းမပြေးနိုင်အောင်လို့ နည်းနည်းဆုံးမထားတာပါ”

“တော်စမ်း၊ မယ်ယုဝေ၊ နင့်ကိုငါကမခိုင်းတာကို နင်က လုပ်တယ်ဆိုတော့ နင့်ကိုယ်နင်သိပ်တော် သိပ်တတ်နေပြီလို့များထင်လို့လား”

“မ . . . မထင်ပါဘူးသခင်မ”

“နင်က ငါ့ထက်တတ်နေပြီမို့လို့ ငါ့ကိုအာခံချင်တဲ့သဘောလား”

“မဟုတ်ပါဘူးသခင်မ၊ ကျွန်မ အခုလိုလုပ်ရတယ်ဆိုတာကလည်း သခင်မကြိုက်မလားဆိုပြီးတော့ လုပ်မိတာပါ”

မရွှေတောင်မျက်လုံးတွေက မီးဝင်းဝင်းတောက်လာတယ်။

“သြော်၊ နောက်ဆုံးတော့ အခုနင်လုပ်ခဲ့တဲ့အမှားတွေအားလုံးက ငါ့ကြောင့်လို့ပြောချင်တာလား”

ဘီလူးမကြီး တုန်တုန်ယင်ယင်နဲ့ကြောက်ရွံ့နေတာ ကလေးတစ်ယောက် မိဘရှေ့မှာအမှားလုပ်မိသလိုပါပဲဗျာ၊ မရွှေတောင်ကိုလက်အုပ်ချီပြီးတော့

“မဟုတ်ပါဘူးသခင်မ၊ ဒါတွေက သခင်မအမှားမဟုတ်ပါဘူး၊ ကျွန်မ အမှားပါ၊ ဟောဒီက မယ်ယုဝေအမှားပါရှင့်”

ဒီအခါ ဘေးနားမှာရပ်နေတဲ့ ဘီလူးညီနောင်ထဲက ဘီလူးအကြီးကောင်က သူ့အမေဘေးနားကိုလျှောက်လာပြီးတော့ သူ့အမေကိုချိုင်းကနေဆွဲထူတယ်ဗျ၊ ပြီးတော့ မရွှေတောင်ကိုကြည့်ပြီး

“ဒီမှာ၊ ခင်ဗျားတော်တော်လွန်နေပြီနော်၊ ခင်ဗျားက ဘာကောင်မမို့လို့ ကျုပ်အမေကိုစော်စော်ကားကားလုပ်ရတာလဲ”

ဒီအခါ ဘီလူးအငယ်ကလည်း မရွှေတောင်ကိုလက်ညှိုးထိုးပြီး

“ဟုတ်တယ်၊ ကျုပ်အမေက ခင်ဗျားခိုင်းတာလည်းလုပ်ပေးရသေးတယ်၊ ခင်ဗျားကလည်း အမေ့ကိုအပြစ်တင်နေသေးတယ်”

ဘီလူးအကြီးကောင်က ခါးထောက်ရင်း

“ဒီမှာ ခင်ဗျားဘယ်သူလဲ ဘာလဲဆိုတာတော့ ကျုပ်တို့မသိဘူး၊ ဒါပေမယ့် ဒါကျုပ်တို့ရဲ့အမေဗျ၊ ကျုပ်တို့အမေကို ကျုပ်တို့မျက်စိရှေ့မှာ စော်ကားတာတော့ ကျုပ်တို့သည်းမခံနိုင်ဘူး”

မရွှေတောင်က ဘီလူးတွေစကားကြားတော့ ယဲ့ယဲ့ကလေးပြုံးသဗျ၊ မရွှေတောင်အပြုံးက လှတယ်ဆိုပေမယ့် ကြောက်စရာတစ်မျိုးကောင်းလှသဗျာ၊

“သြော်၊ မယ်ယုဝေ၊ မယ်ယုေ၀ ညည်းက ညည်းသားသမီးတွေကို ဆုံးမတာညံ့ဖျင်းတာကိုးဟဲ့”

ဘီလူးမကြီးက ပြာပြာသလဲနဲ့

“သားတို့၊ မင်းတို့ဘာတွေ လျှောက်ပြောနေတာလဲဟင်၊ သခင်မကို မပြစ်မှားရဘူးကွဲ့၊ သူ့ကိုပြန်ပြီးတောင်းပန်လိုက်စမ်းပါကွယ်”

“အိုဗျာ၊ အမေကြောက်ပေမယ့် သူ့ကိုသားတို့မကြောက်ဘူး၊ သားတို့ရဲ့ပိုင်နက်ကိုလည်းလာသေးတယ်၊ သားတို့ကိုလည်းစော်ကားသေးတယ်မဟုတ်လား၊ သူက ဘယ်လောက်အစွမ်းအစရှိလို့လဲ၊ သူကဘာကောင်မမို့လို့ အမေက သူ့ကိုဖင်တုန်အောင်ကြောက်နေရတာလဲ”

မရွှေတောင်က အသံစာစာကလေးနဲ့ရယ်ရင်း

“ကဲပါ ငါဘယ်သူလဲဆိုတာသိအောင် ပါးပါးကလေးပြရသေးတာပေါ့”

မရွှေတောင်ကို ဒေါသတကြီးနဲ့လက်ညှိုးထိုးထားတဲ့ ဘီလူးအငယ်ကောင်ရဲ့လက်ညှိုးက ဂျွတ်ခနဲကျိုးကျသွားပြီးတော့ လက်ညှိုးကလန်တက်သွားပြီး သူ့ကိုယ်သူလက်ညှီုးထိုးမိသွားတယ်ဗျ၊ ဘီလူးအငယ်က သူ့လက်ကိုသူအုပ်ကိုင်ရင်း အော်ဟစ်နေတယ်။ မရွှေတောင်က ဘီလူးအငယ်ကိုကြည့်ပြီး

“ပထမဆုံးမင်းတို့မှတ်ထားရမှာက၊ ဒီလောကမှာ ငါ့ကိုဘယ်သူမှ လက်ညှိုးမထိုးရဘူးဆိုတာပဲ”

မရွှေတောင်ပြောတာကြားပြီးတော့ ဘီလူးအကြီးကောင်က ဒေါသထွက်သွားတယ်ဗျ။

“ကောင်မက ငါ့ညီကိုများ ရာရာစစ”

ပြီးတော့ ဘီလူးအကြီးကောင်က သူ့လက်နှစ်ဖက်ကိုဖြန့်ရင်း တစ်ခုခုရွတ်လိုက်တော့ သူ့လက်နှစ်ဖက်ထဲမှာ ပုဆိန်ကြီးနှစ်လက် ပေါ်လာသဗျာ၊ အဲဒီပုဆိန်ကြီးနှစ်လက်နဲ့ မရွှေတောင်ကို အတင်းဝင်ခုတ်တော့တာပဲဗျ။ မရွှေတောင်ကတော့ ရပ်နေရာကနေ တစ်ချက်မရွေ့ဘူးဗျ၊ သူ့ရဲ့ပုခုံးပေါ်ကိုတစ်ပတ်လျှိုပြီးတင်ထားတဲ့ ပုဝါစပါးပါးကလေးကို လက်နဲ့ပုတ်လိုက်တာနဲ့ အဲဒီပုဝါစက ရှည်ထွက်လာပြီးတော့ လေထဲမှာလွင့်မြောနေပါရောဗျာ၊ ဘီလူးအကြီးကောင်ခုတ်တဲ့ ပုဆိန်ချက်တွေကို အဲဒီပုဝါပါးကလေးက ပြန်ပြီးကာကွယ်ပုတ်ထုတ်သဗျ၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ၊ ပုဆိန်ကြိးကို အားနဲ့လွှဲပြီးပေါက်တာကို ပုဝါကလေးက ပုတ်ပြီးတော့ ကာကွယ်တယ်ဆိုတော့ ထူးဆန်းမနေဘူးလားဗျာ။

ဒါ့အပြင် ပုဆိန်ရိုက်ချက်ကို ပုဝါနဲ့ပုတ်ပြီးတာနဲ့ ဘီလူးအကြီးကောင်က အနောက်ကိုလွင့်လွင့်ထွက်သွားသဗျာ၊ အားလွန်ပြီး လွင့်ထွက်သွားတဲ့ပုံစံမျိုးပေါ့၊ ဒါဆိုရင် ဒီပုဝါရိုက်ချက်က ပုဆိန်ခုတ်ချက်ထက်ပိုပြီးအားကြီးနေလို့ အနောက်ကိုလွင့်သွားတာများလား။ ဘီလူးအကြီးကောင် လေးငါးချက်လောက်ခုတ်ပြီးတဲ့အခါမှာတော့ ပုဝါကလေးက ဘီလူးအကြီးကောင်ရဲ့လက်တစ်ဖက်မှာကိုင်ထားတဲ့ ပုဆိန်ကို ရစ်ပတ်ပြီးတော့ ဆောင့်ဆွဲထည့်လိုက်တာ ပုဆိန်က ဘီလူးကြီးလက်က ကျွတ်သွားပြီးတော့ မရွှေတောင်ဆီကိုရောက်သွားသဗျ၊ ဘီလူးကြီးလည်း အနောက်ကိုခုန်ဆုတ်လိုက်တာပေါ့ဗျာ။

မရွှေတောင်က မဲ့ပြုံးပြုံးရင်း

“ဒီလိုလက်နက်အစုတ်အပဲ့နဲ့များ၊ ငါ့ကိုရန်ပြုလို့ရမှာတဲ့လား”

မရွှေတောင်က ဘီလူးကြီးရဲ့ပုဆိန်ကို သူ့လက်ညှိုးနဲ့တောက်ထည့်လိုက်တာ ပုဆိန်က အပိုင်းပိုင်းအစစဖြစ်သွားပြီးတော့ ဖုန်မှုန့်မြေမှုန့်ကလေးတွေဖြစ်ပြီး လေမှာလွင့်သွားပါရောဗျာ၊ ဒီတော့မှ ဘီလူးအကြီးကောင်လည်း နည်းနည်းတော့ဖြုံသွားသဗျာ။ ဘီလူးမကြီးက သူ့သားအကြီးကောင်ဆီကိုပြေးလာပြီးတော့

“သားရေ၊ မလုပ်ပါနဲ့တော့၊ သခင်မကို မစော်ကားပါနဲ့”

“ဟား၊ ဟား ငါ့ကိုနင့်လောက်မပြောနဲ့ နင်တို့အမေဆယ်ယောက်ပေါင်းတောင် ငါ့ကိုမနိုင်ဘူးဆိုတာ နင်သိထား”

ဘီလူးအကြီးကောင်လည်း မကျေနပ်ပေမယ့် သူလည်းမတတ်နိုင်တော့တာမို့လို့ စိတ်လျှော့လိုက်တဲ့ပုံပဲဗျ၊ မရွှေတောင်က ကျုပ်အနားကိုတိုးလာရင်း

“မောင်ကြီး၊ မောင်ကြီး နေသာရဲ့လား”

ကျုပ်က ဘာမှတော့ပြန်မဖြေလိုက်ဘူးဗျာ၊ မရွှေတောင်က ဘီလူးမကြိးကိုကြည့်ပြီးတော့

“ကဲ၊ ငါဖမ်းခိုင်းတဲ့လူကို နင်တို့ဒီလိုဖြစ်အောင်လုပ်လိုက်တာကို ဘာနဲ့ပြန်လျှော်ပေးမှာလဲ”

“ဟို၊ ဟိုလေ”

“နင်တို့မတတ်နိုင်ဘူးမဟုတ်လား”

“ဟုတ်၊ ဟုတ်ပါတယ်”

“ထားပါတော့၊ ငါပြောမယ် မယ်ယုဝေ၊ နောက်ဆိုရင် ညည်းအထွန့်မတက်နဲ့၊ ငါကဖမ်းဆိုရင်ဖမ်း၊ ငါကနှိပ်စက်ဆိုမှ နှိပ်စက်၊ ငါ့အမိန့်ကို နင်အာမခံနဲ့”

“ဟုတ်ကဲ့ပါသခင်မ၊ ကျွန်မမှတ်ထားပါ့မယ်”

“ကဲ၊ ငါ့လူကို ငါခေါ်သွားမယ်”

မရွှေတောင်က ကျုပ်ကိုသူ့လက်နဲ့ပုတ်လိုက်တော့ ကျုပ်ဖြင့်လေပေါ်ကိုပေါလောကြီးမြောတက်သွားတယ်ဗျာ၊ မရွှေတောင်က ဘီလူးသားအမိတွေဘက်ကိုလှည့်ကြည့်ပြီးတော့ ဘီလူးအကြီးကောင်ကိုလက်ညှိုးထိုးလိုက်တယ်၊ ဘီလူးအကြီးကောင်က သူ့ရင်ဘတ်ကိုဖိပြီးတော့ တအားအားနဲ့ညည်းညူနေတယ်။ ဘီလူးမကြီးက သူ့သားကိုပြေးပွေ့ပြီးတော့

“သခင်မ၊ ဘာလုပ်တာလဲ သခင်မ”

“မှတ်ထား၊ ဒီကမ္ဘာမှာ ငါ့ကို ကောင်မလို့ခေါ်ရဲတဲ့သူမရှိဘူး၊ ဘယ်သူမှ ငါ့ကိုကောင်မလို့မခေါ်ရဘူး”

ဘီလူးမကြီးက ငိုယိုပြီးတော့ လက်အုပ်ချီတယ်ဗျ။

“ကျွန်မသားလေးကို ဗွေမယူပါနဲ့ရှင်၊ ကျွန်မသားလေးကို ခွင့်လွှတ်ပေးပါ သခင်မရှင့်”

“နင့်သားတွေက သိပ်ရိုင်းတယ် မယ်ယုဝေ၊ ငါသူတို့ကိုခွင့်မလွှတ်နိုင်ဘူး”

“မလုပ်ပါနဲ့သခင်မ၊ ကျွန်မသားလေးတွေက ကျွန်မနှစ်ပေါင်းနှစ်ရာတိုင်တိုင်မွေးမြူခဲ့ရတဲ့ကလေးတွေပါ၊ အခုမှ ကလေးသာသာပဲရှိပါသေးတယ်”

မရွှေတောင်က ဘီလူးအကြီးကောင်ကိုလက်ညှိုးထိုးလိုက်တော့ ဘီလူးအကြီးကောင်က ဇက်ကျိုးကျသွားတယ်ဗျ၊ ဘီလူးအငယ်ကောင်ကိုလက်ညှိုးထိုးလိုက်တော့လည်း ဘီလူးအငယ်ကောင်က တောင့်တောင့်ကြီးဖြစ်ပြီးတော့ ကျောက်ရုပ်ကြီးတစ်ရုပ်ဖြစ်သွားတော့တယ်။

“မှတ်ထားမယ်ယုဝေ၊ ဒါက နင်ငါ့အပေါ်လုပ်ထားခဲ့တဲ့ အမှားအတွက် ပေးဆပ်ရတာပဲ”

ဘီလူးမကြီးက သားနှစ်ယောက်ကြားထဲမှာ လူးလွန့်ငိုကြွေးရင်း ကျန်နေခဲ့တော့တယ်ဗျ၊ မရွှေတောင်က အရှေ့ကနေလမ်းလျှောက်သွားတော့ ကျုပ်က သူ့အနောက်ကနေ အလိုက်သင့်ကလေးမြောပါသွားတယ်ဗျာ၊ ကျုပ်ဖြင့်ကြောက်လိုက်တာပြောမနေပါနဲ့ဗျာ၊ ဒီလောက်စွမ်းတဲ့ဘီလူးကိုတောင် မရွှေတောင်ဆိုတဲ့မိန်းမက ခွေးနိုင်ဝက်နိုင် နိုင်တယ်ဆိုတော့ သူ့အစွမ်းကလည်း သေးမှာမဟုတ်ဘူးဗျ၊ ကျုပ်ကိုခေါ်သွားပုံထောက်တော့ မကောင်းတာတစ်ခုခုလုပ်တော့မယ်ဆိုတာ ကျုပ်သိတယ်။ ကျုပ်တစ်ကိုယ်လုံး လှုပ်မရတာနဲ့ စိတ်ထဲကနေ တမ်းတမိလိုက်တယ်။

“ဦးလူနီ၊ ကျုပ်၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

(၄)

ဒီအချိန်မှာ ဂျိန်းခနဲ အသံကြီးတစ်ချက်ကြားလိုက်ရပြီးတော့ မိုးကြိုးတစ်စင်းက ကောင်းကင်ပေါ်ကနေဆင်းလာသဗျာ၊ အဲဒီမိုးကြိုးက ကျုပ်တို့အရှေ့ ကြမ်းပြင်ကိုထိသွားပြီးတော့ မီးခိုးလုံးတွေအူထသွားတယ်၊ ပြီးတော့ အဲဒီမီးခိုးလုံးတွှွေအထဲကနေ ဦးလူနီကြီးထွက်လာပါရောဗျာ။

“ဦးလူနီ ကျုပ်ကိုကယ်ပါ”

ကျုပ်လည်း အသံယဲ့ယဲ့ကလေးနဲ့ ပြောလိုက်တော့တယ်၊ ဦးလူနီက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့

“မင်းသူ့ကို ခေါ်မသွားရဘူး မရွှေတောင်”

“ကျုပ်ဖာသာကျုပ်ခေါ်သွားတာဘာဖြစ်သလဲ”

“မင်းမခေါ်ရဘူး၊ မင်းကိုငါတားရမယ် မရွှေတောင်”

မရွှေတောင်က ပြုံးလျှက်

“ရှင်ကျွန်မထက်စွမ်းတယ်ဆိုရင် စမ်းကြည့်လိုက်လေ ဦးလူနီ”

မရွှေတောင်က ဦးလူနီကိုတောင်မှ ဒဲ့စိန်ခေါ်ရဲတယ်ဗျ၊ ဦးလူနီက မြေကြီးကိုသူ့ရဲ့တောင်ဝှေးနဲ့ ဒုန်းခနဲထောက်ချလိုက်တော့ ဦးလူနီရဲ့ဘေးနားမှာ တုတ်ကိုင်ထားတဲ့ ယောက်ျားခြောက်ယောက်ပေါ်လာသဗျ။

“ကဲ ဆေးစောင့်ဇော်ဂျီခြောက်ပါး၊ ဟောဒီမိန်းကလေးလက်ထဲက လူကို ငါ့ထံကိုယူခဲ့ပေးပေတော့”

သူပြောမှ ဇော်ဂျီမှန်းသိတော့တယ်ဗျ၊ ကျုပ်တို့ဇာတ်ထဲမှာ မြင်ဖူးတဲ့ပုံစံတော့မဟုတ်ဘူးဗျို့၊ သူတို့ပုံစံက ရှေးခေတ်စစ်သည်တွေဝတ်သလိုမျိုး ဝတ်စားထားကြတာဗျ၊ ဦးထုပ်တွေလည်း ဆောင်းထားကြတယ်၊ သူတို့လက်ထဲမှာတော့ တောင်ဝှေးအရှည်ကြီးတွေနဲ့ဗျာ၊ တောင်ဝှေးတွေက ငါးတောင်၊ ခြောက်တောင်လောက်တော့ ရှည်မယ်ထင်တာပဲ၊ ဦးလူနီအမိန့်ပေးလိုက်တာနဲ့ အဲဒီဆေးစောင့်ဇော်ဂျီတွေက မရွှေတောင်ကို တောင်ဝှေးတွေနဲ့ ခုန်ခုန်ပြီးရိုက်ကြတော့တာပဲဗျာ။

ဒါပေမယ့် ဒီလူတွေရဲ့ရိုက်ချက်ကို မရွှေတောင်က ဘယ်လိုမှကိုမနေဘူးဗျ၊ သူ့ရဲ့ ပုဝါစနှစ်စကလည်း လိုက်ပြီးကာကွယ်နေပြန်သေးတယ်၊ ဦးလူနီလည်း မဟန်မှန်းသိပြီမို့လို့ လက်ဝါးကိုဖြန့်ပြီးတော့ အနီရောင်အစွမ်းတွေနဲ့လှမ်းပစ်တယ်ဗျာ၊ မရွှေတောင်ကို အဲဒီအနီရောင်အလင်းတန်းတွေထိသွားတော့ မရွှေတောင်တစ်ယောက် အနောက်ကိုခြေတစ်လှမ်းဆုတ်သွားသဗျာ၊ ဦးလူနီက မရွှေတောင်ဆီကိုပျံဝင်လာပြီးတော့ သူ့လက်ထဲက တောင်ဝှေးနဲ့ မရွှေတောင်ရဲ့ဗိုက်သားကို တအားဆောင့်ထိုးလိုက်ပါရောဗျာ၊ မရွှေတောင်က နောက်ထပ်ခြေထောက်တစ်ဖက် အနောက်ထပ်ဆုပ်သွားတယ်၊ နောက်ပြီးတော့ ဦးလူနီကို မျက်စောင်းထိုးကြည့်ရင်း တောက်တစ်ချက်အကျယ်ကြီးခေါက်ထည့်လိုက်တော့တာပါပဲဗျာ။

ဒီအချိန် ဦးလူနီရဲ့တောင်ဝှေးထိပ်နားမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီးတော့ ဦးလူနီတစ်ယောက် အနောက်ကိုအဝေးကြီးလွင့်ထွက်သွားတယ်ဗျ၊ ဦးလူနီလွင့်သွားတာနဲ့ ဆေးစောင့်တွေလည်း လွင့်ကုန်တော့တာပါပဲဗျာ၊ မရွှေတောင်က ဦးလူနီကိုကြည့်ပြီး

“လူနီ၊ ရှင့်လို ဝိဇ္ဇာပေါက်စက ကျွန်မကိုများနိုင်မယ်တဲ့လား”

ဦးလူနီက မတ်တပ်ရပ်လိုက်တယ်၊ ခါးနားသွားပုံရလို့ ခါးကိုလက်တစ်ဖက်နဲ့ဖိထားတယ်ဗျ၊ ပြီးတော့ ဦးလူနီက ချောင်းတစ်ချက် နှစ်ချက်ဆိုးတယ်၊ ဦးလူနီပါးစပ်ထဲကနေ ရွှေရောင်အလင်းတန်းတွေ ထွက်လာပါရော။

“ရှင့်ထက်ကြီးတဲ့သူကို ခေါ်လာခဲ့အုံး ဦးလူနီ၊ ဒါတောင်မှ ရှင်ကျွန်မကို နိုင်ချင်မှ နိုင်မှာ”

မရွှေတောင်က ပြောဆိုပြီးတော့ တဟားဟားနဲ့ရယ်တယ်ဗျ၊ ပြီးတော့ ကျုပ်ကိုလက်နဲ့ပုတ်ရင်း ကျုပ်မျက်စိထဲအလင်းရောင်တွေပေါ်လာပြီး ကျုပ်လည်းမျက်စိကြိမ်းလွန်းလို့ မျက်လုံးကိုမှိတ်ထားလိုက်မိတာပဲဗျာ။

“မောင်ကြီး၊ မောင်ကြီး”

ကျုပ်နားအနားမှာ ခေါ်သံတိုးတိုးကြာတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်ဗျ၊ ကျုပ်အပေါ်မှာတော့ တိမ်တွေအများကြီးပဲဗျာ၊ တိမ်တွေဆိုပေမယ့် အဖြူရောင်တိမ်တွေမဟုတ်ဘဲ ရွှေရောင်ငွေရောင် တိမ်တိုက်တွေရယ်ဗျ၊ ကျုပ်လည်း အားယူပြီးငုတ်တုတ်ထိုင်လိုက်တယ်၊ ကျုပ်တစ်ကိုယ်လုံး အားအင်တွေအပြည့်ဖြစ်နေသလိုခံစားရတယ်ဗျာ၊ ကျုပ်ရခဲ့တဲ့ဒဏ်ရာတွေလည်း တစ်ခုမှမရှိတော့ဘူးဗျ၊ ကျုပ်က သလွန်တစ်လုံးပေါ်မှာအိပ်နေတာ၊၊ ကျုပ်ဘေးနားမှာတော့ မရွှေတောင်က ထိုင်နေတယ်။

“ခင်၊ ခင်ဗျား”

ကျုပ်ဘာပြောရမှန်းတော့မသိဘူးဗျ၊ မရွှေတောင်က မျက်နှာငယ်ကလေးနဲ့

“စိမ်းကားလိုက်တာ မောင်ကြီးရယ်၊ နှမကိုများ ခင်ဗျားတဲ့လား”

“မင်းနဲ့ငါမသိဘူး”

“အခုတော့မသိဘူးလို့ပြောပြီပေါ့မောင်ကြီး”

“မင်းဘာတွေပြောနေတာလဲ”

“ဟောဒီကမရွှေတောင်ဆိုတာ တစ်ချိန်က မောင်ကြီးအရမ်းချစ်ခဲ့တဲ့ မောင်ကြီးရဲ့ဇနီးပါ”

ကျုပ်ခေါင်းထဲရှုပ်သွားတယ်။

“ဟင်၊ ဟုတ်လို့လား”

“ဟုတ်တာပေါ့၊ ကိုးဘဝတိုင်တိုင် မောင်ကြီးသိပ်ချစ်ခဲ့ပြီးတော့ မောင်ကြီးနဲ့ပေါင်းဖက်ခဲ့တဲ့ မရွှေတောင်ပါ”

“ဒါကြောင့် မင်းကိုငါမြင်တော့ မင်းနဲ့ရင်းနှီးနေသလိုခံစားရတာကိုး”

မရွှေတောင်က ကျုပ်ပုခုံးကိုလက်နဲ့ပွတ်ရင်း ကျုပ်ရဲ့ကျောပြင်ကို သူ့ခေါင်းကိုမှီလိုက်တယ်ဗျ၊ နောက်တော့ ကျုပ်နားအနားကိုကပ်ပြီး

“အခုတော့ မရွှေတောင်နဲ့မောင်ကြီးနဲ့ ပြန်ပေါင်းရပြီပေါ့မောင်ကြီးရယ်၊ မောင်ကြီးဒီကနေဘယ်မှ မသွားရဘူး၊ မရွှေတောင်နဲ့ပဲ နေရမယ်နော်”

ကျုပ်အခုမှ ဘေးနားပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်ဗျာ၊ အနားမှာတော့ နန်းဆောင်တွေအများကြီးပဲဗျ၊ နတ်ဘုံနတ်နန်းတွေလို အလင်းရောင်တွေထွက်ပြီးတော့ လှလိုက်တာပြောမနေပါနဲ့ဗျာ၊ ကျုပ်ဖြင့် သေသွားပြီးတော့ နတ်ပြည်ရောက်သွားတာများလားလို့တောင် တွေးမိပါရဲ့။

ပြီးပါပြီ

စာရေးသူ အဂ္ဂဇော်အားလေးစားလျက်

No comments

Post a Comment