မန္တလေးနန်းတွင်းထဲက ညသုံးည

  ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားထားပါသည်။ အချိန်ကာလအားဖြင့် ခရစ်သက္ကရာဇ် ၂၀၀၁ ခုနှစ်၀န်းကျင်ခန့်က ဖြစ်၏။ ‌ကမ္ဘောဇဌာနီဟု လူသိများ... thumbnail 1 summary

 ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားထားပါသည်။

အချိန်ကာလအားဖြင့် ခရစ်သက္ကရာဇ် ၂၀၀၁ ခုနှစ်၀န်းကျင်ခန့်က ဖြစ်၏။
‌ကမ္ဘောဇဌာနီဟု လူသိများသည့် ရှမ်းပြည်နယ်တောင်ပိုင်း၏မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် အေးချမ်းသာယာသော မြို့လေးတစ်မြို့အဖြစ်လူသိများကာ တိုင်းရင်းသားလူမျိုးများ အများဆုံးနေထိုင်သော ထိုမြို့လေးသည် အပန်းဖြေမြို့တော်လေးအဖြစ်လည်း ထင်ရှား၏။
တောင်ကြီးတက္ကသိုလ်သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၌ ရှိသော တစ်ခုတည်းသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်၏။
တောင်ကြီးတက္ကသိုလ်၏အဝေးသင်ဌာနသည် မန္တလေးတက္ကသိုလ်၏ဌာနခွဲ တစ်ခုဖြစ်သောကြောင့် အဝေးသင်တက္ကသိုလ်တက်‌ရောက် ပြီးမြောက်ပြီး ဘွဲ့လက်မှတ်ယူလိုသူများသည် မန္တလေးတက္ကသိုလ်၌ သွားရောက်ယူကြရ၏။
အချို့ မယူနိုင်သူများက အဝေးရောက်ယူမည်ဖြစ်ကြောင်းလျှောက်လွှာတင်ကြရ၏။
အဝေးသင်တက်ရောက်ခဲ့သူများထဲတွင် ပန်းချယ်ရီဟူသော မူလတန်းပြဆရာမလေးသည်လည်းအပါအ၀င်ဖြစ်၏။
" သီတာငါတို့ ဘွဲ့ယူရတော့မယ်၊ နင်က ဘွဲ့လက်မှတ် ကိုယ်တိုင်ယူမှာလား ၊ ငါကတော့ ကိုယ်တိုင်သွားယူမယ်၊ အမေ့ကိုခေါ်သွားမယ်၊ ငါဘွဲ့ယူတာ အမေလဲ မြင်ချင်ရှာမှာ ၊ နင်ပါလိုက်ခဲ့ပါလားသီတာရယ် ၊ ငါ့မှာသူငယ်ချင်းမေဂျာတူဆိုလို့ နင်တစ်ယောက်ရှိတာ "
" ငါမလိုက်တော့ဘူး ချယ်ရီ၊ ငါ့မှာ တည်းခိုစရာ အသိလဲမရှိဘူး ၊ ဟိုတည်တွေ တည်းခိုခန်းတွေလဲ မတည်းနိုင်ဘူး "
" အဲ့ဒီအတွက်စိတ်မပူပါနဲ့ သီတာ၊ ခု ငါစာသင်ပေးနေရ တဲ့ တပည့်တစ်ယောက်ရဲ့ အဖေက အရာရှိဆိုတော့ မန္တလေးနန်းတွင်းထဲမှာတာ၀န်ကျနေတာ၊ သူနေရတဲ့ အဆောင်က အကျယ်ကြီးပဲတဲ့ ၊ သူမိန်းမ မစိုးနဲ့ငါက အတော်ခင်တာ "
" လူရင်းရှိတော့လည်း အဆင်ပြေတာပဲ ၊ နင်တို့သားအမိလည်း နန်းတွင်းထဲ အေးဆေးလည်လို့ရတာပေါ့ "
" အဲ့ဒါကြောင့် နင့်ကိုလိုက်ခဲ့လို့ပြောတာ "
" ငါလိုက်ချင်ပေမဲ့ အထူးသဖြင့် လသားအရွယ်ငါ့သမီးကို မထားခဲ့ရက်ဘူး ၊သမီးလေးက အရမ်းငယ်သေးတယ်လေ ၊ ထားခဲ့ဖို့ စိတ်မချဘူး ချယ်ရီရယ် "
" အင်း ဟုတ်ပါတယ်လေ ၊ နင်မလိုက်ဖြစ်ရင် ငါနဲ့ ငါ့အမေအတွက်ပဲ ကားလက်မှတ်နှစ်‌စောင် ဖြတ်လိုက်တော့မယ်၊ ငါက နင့်ကိုပါလိုက်စေချင်တာ ၊ နင်မလိုက်နိုင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ ၊ ငါကားဂိတ်သွားလိုက်အုံးမယ် သီတာ "
" အေး အေး သူငယ်ချင်း ဓာတ်ပုံလှလှ ရိုက်ခဲ့နော် "
" အေးပါ ဒါတော့စိတ်ချ ဟဲဟဲ "
ပန်းချယ်ရီတစ်ယောက် တောင်ပေါ်သား ကားဂိတ်သို့သွားကာ ကားလက်မှတ်နှစ်စောင် ဖြတ်လိုက်၏။
နောက်ရက်၌ သူတို့ သားအမိနှစ်ယောက်သည် ညကားဖြင့် မန္တလေးသို့ ဆင်းလာကြ၏။
မန္တလေးသို့ မနက်လေးနာရီခန့်အချိန်၌ ရောက်ရှိကြရာသူတို့နှစ်ဦးသည် ကျွဲဆယ်ကန်ကား၀န်းမှ အငှားကားဖြင့် မန္တလေးနန်းတွင်းအရှေ့ပေါက်ရှိ စစ်ဆေးရေးဂိတ်သို့ရောက်ရှိလာကြ၏။
စစ်ဆေးရေးဂိတ်မှ တာ၀န်ရှိသူများက မေးမြန်းစစ်ဆေးပြီးနောက် အငှားယာဉ်အားပြန်လွှတ်လိုက်ကာ ဂိတ်၌တာ၀န်ကျတစ်ဦးက သူတို့သားအမိအား တည်းခိုမည့် နေရာသို့ ကားဖြင့်ထပ်မံလိုက်ပို့ပေး၏။
ကားသည် ဂိတ်မှ အတန်ငယ်သွားပြီးနောက် အနီရောင်နှစ်ထပ်အဆောင်ကြီးရှေ့၌ ရပ်သွား၏။ထိုအ‌ဆောက်အဦးသည် မြောက်အရပ်သို့မျက်နှာမူထားကာ အဆောင်၏ အနောက်တောင်‌ေထာင့်အရပ်၌ မန်ကျည်းပင်ကြီးတစ်ပင်အားလည်း တွေ့ရလေသည်။
သူတို့စီးလာသောကားရပ်သည်နှင့် အဆောင်ထဲမှ အမျိုးသမီးတစ်ဦးထွက်လာကာ
" လာဆရာမ ဒါကျွန်မတို့နေရတဲ့အိမ်ပဲ၊ အကျယ်ကြီးပဲ စိတ်ကြိုက်နေ၊ အားမနာနဲ့နော် ၊ ဆရာမတို့အတွက် အခန်းက အပေါ်ထပ်မှာ စီစဉ်ထားတယ် ၊ အိမ်သာကတော့ အိမ်ရဲ့အပြင်ဘက်မှာပဲရှိတယ်"
" ဟုတ်ကဲ့ မစိုး"
ပန်းချယ်ရီသည် ထိုအဆောင်ကြီးအား စေ့ငှစွာကြည့်ရင်း
" အစ်မရယ် အိမ်ကြီးက အကြီးကြီးပဲနော် "
" ဟုတ်တယ်ဆရာမ ၊ ကျွန်မတို့က အောက်ထပ်မှာပဲနေကြတာ၊အပေါ်ထပ်မှာ ကျွန်မရဲ့အဒေါ်အပျိုကြီးပဲနေတာ၊ အဒေါ်ရောက်လာတာကလည်း သိပ်မကြာသေးဘူး၊ဆရာမတို့သားအမိ လွတ်လွတ်လပ်လပ်နေရအောင် အပေါ်ထပ်မှာပဲ စီစဉ်ပေးထားတယ်၊ လိုတာရှိရင် အားမနာနဲ့နော် ၊ ဆရာမတို့ကြောက်နေမှာစိုးလို့ အဒေါ်နဲ့တစ်‌နေရာတည်း စီစဉ်ထားတယ် ၊ အခန်းဆိုပေမဲ့ အတော်လေးကျယ်တယ် ၊ အဒေါ်က ကုတင်တစ်လုံး ဆရာမတို့သားအမိက ကုတင်တစ်လုံးပေါ့ "
" ဟုတ်အစ်မ ကျေးဇူးပါ "
သူတို့သားအမိလည်း အထုပ်ကိုယ်စီဆွဲကာ ထိုအရာရှိကတော်၏ နောက်မှ လိုက်ခဲ့ကြ၏။
လှေကားသည်အနောက်အရပ်ဘက်သို့တက်ရကာ တဖန်တောင်ဘက်သို့တစ်ဆစ်ချိုးကွေ့ကာ ထပ်မံတက်ရ၏။
လှေကားမှတက်လာပြီးနောက် ဟောခန်းကဲ့သို့ အခန်းကျယ်ကြီးရှိရာသို့ ရောက်ရှိလာကြ၏။ထိုအထပ်၏အခင်းသည် ပျဉ်ခင်းဖြစ်သည်။
နန်းဆောင်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်မှုက ကြီးစိုးနေ၏။
အပေါ်ထပ် ၌ သူတို့သုံးဦးခြေသံမှအပ မည်သည့်အသံမျှမကြားရပေ။
ထိုအခန်းကျယ်ရှိ ကုတင်နှစ်လုံးသည် ခြောက်ပေခန့်ခြားလျက် နေရာချထား၏။ကုတင်၏ခြေရင်းများသည် အနောက်နံရံဖြင့် ကပ်လျက်ရှိကာ ကုတင်၏ခေါင်းရင်းဘက်သည် ဟောခန်းကျယ်ကြီးဖြစ်သည်။
သူတို့သားအမိ အိပ်ရမည့်ကုတင်သည် အခန်းကျယ်ကြီး၏အနောက် တောင်ထောင့်၌ ရှိ၏။
အခြားကုတင်တစ်လုံးပေါ်၌ အသက်ခုနစ်ဆယ်အရွယ်ခန့် ပိန်ပိန်ပါးပါး ရုပ်ရည်ခပ်သန့်သန့် အမျိုးသမီးကြီးတစ်ဦးက ထိုင်လျက် ပန်းချယ်ရီတို့အား ပြုံးပြနေ၏။
"ကဲ ဆရာမတို့သားအမိ လွတ်လွတ်လပ်လပ်သာ နားကြပေတော့ ။ဩ ဒါက ကျွန်မရဲ့ ဒေါ်လေးပါ ၊ ‌ဖွားခင်လို့ ခေါ်လည်းရတယ်၊ ဩ ဖွားခင်.... ဆရာမတို့သားအမိကို လိုတာရှိရင် ကူပေးလိုက်ဦးနော်၊ သမီးအောက်ဆင်းတော့မယ် "
" အင်းပါ မိစိုးရယ် ၊စိတ်ချပါ"
သူတို့သားအမိအား နေရာချပြီးနောက် ‌မစိုးသည် အောက်ထပ်သို့ ပြန်ဆင်းသွား၏။
"လာဆရာမတို့ ၊ ကားက အစောကြီး ဆိုက်သားပဲ "
" ဟုတ်တယ်ဖွားခင် အစောကြီးဆိုက်တာ၊ ဖွားခင်လဲ ကျွန်မတို့ကြောင့် အိပ်ရေးပျက်သွားပြီနော် "
" အင်း မပျက်ပါဘူး ၊ ဆရာမနာမည်က ဘယ်လိုခေါ်လဲ"
" ဟုတ် ကျွန်မနာမည်က ပန်းချယ်ရီပါ ၊ ဒါက ကျွန်မရဲ့အမေ ဒေါ်ရီပါ "
" ဩ ဆရာမက ငယ်သေးတာပဲ ၊ ဖွားခင်က ဒေါ်ရီကို ကျောင်းဆရာမလို့ ထင်နေတာ ၊ သမီးက ငယ်သေးတော့ ဆရာမလို့မထင်မိဘူး၊ ကဲကဲ အဆောင်ကြီးက ကျယ်တယ်၊ ညဘက် အောက်တွေဘာတွေသွားချင်လို့မသွားရဲရင် ဖွားခင်ကိုနိုးနော်၊ ရေက ‌အဆောင်ရဲ့ အရှေ့ဘက်မှာ သွားချိုးကြ၊ အိမ်သာက ရေချိုးတဲ့အုတ်ကန်ကြီးရဲ့တောင်ဘက်မှာ "
" ဟုတ်ကဲ့ပါ ဖွားခင် "
" ကဲ စောပါသေးတယ် ၊ ဆရာမတို့သားအမိ နားလိုက်ပါဦး "
" ဟုတ်ဖွားခင် "
သူတို့ သားအမိနှစ်ဦးလည်း ခေတ္တနားပြီးနောက် မနက်မိုးလင်းသည်နှင့် ဈေးချိုသို့လည်းကောင်း၊ မန္တလေးတောင်သို့ လည်းကောင်း စသည်ဖြင့် ရောက်တုန်းရောက်ခိုက် အလည်သွားကြလေသည်။
ထိုနေ့၏ ညနေစောင်း မှောင်ရီသန်းချိန်မှသာ နန်းတွင်းသို့ပြန်လည်ရောက်ရှိလာကြသည်။
🔺ပထမည🔺
ထိုနေ့ည၌ ခရီးပန်းသည့် အရှိန်ဖြင့် သားအမိနှစ်ဦးသည် စောစောအိပ်ရာ၀င်ပြီးနောက် မကြာမီ အိပ်ပျော်သွားကြလေတော့သည်။
" ဒုတ် ဒုတ် ဒုတ် "
ပန်းချယ်ရီတစ်ယောက် သူ့ဘေးရှိ အုတ်နံရံအား ထုရိုက်သံအချို့ကြောင့် နိုးလာခဲ့၏။
" ဟင် တစ်ဘက်အခန်းထဲက တဒုတ် ဒုတ်နဲ့ ထုနေပါလား "
သူလည်း ရေရွတ်ပြီးနောက် ဘေးမှ မိခင်ဖြစ်သူအားကြည့်လိုက်ရာ
" ဟင် အမေ ၊ ဘယ်ရောက်သွားပါလိမ့် "
သူစိုးရိမ်ကြီးစွာ ထထိုင်၍ တစ်ဖက်ကုတင်အားကြည့်လိုက်ရာ ဖွားခင်သည် ဘေးတစောင်းအနေအထားဖြင့် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိ၏။
" အမေ ဘယ်ရောက်သွားပါလိမ့် "
နန်းဆောင်ကြီးတစ်ခုလုံးသည် ဝါကျင်ကျင်မီးသီး၏မီး‌ ရောင်အောက်၌ တိတ်ဆိတ်ငြိမ်သက်နေ၏။
" ကျွီ "
ထိုစဉ် သူတို့အိပ်သည့် အခန်းကျယ်ကြီး၏ တောင်ဘက်နံရံ၌ရှိသော တံခါးကြီးသည် ကျွီခနဲမြည်ကာ ခပ်ဟ ဟ ပွင့်သွား၏။
သူလည်း ကုတင်ပေါ်မှဆင်းကာ ထိုတံခါးအနီးလျှောက်လာခဲ့၏။
"ဟင် ဒီဘက်မှာ အခန်းတစ်ခန်းရှိသေးတာပဲ၊အစောတုန်းက နံရံထုသံက ဒီဘက်အခန်းက ထုနေတာနေမှာ ၊အမေက ဒီအခန်းထဲမှာများလား၊ ဘာလာလုပ်တာပါလိမ့်"
သူလည်း ခပ်ဟ ဟ ဖြစ်နေသော အခန်းအား ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ ရှည်မျောမျော အုတ်ကန်တစ်ခု။ထိုအုတ်ကန်သည် မီးလုံးမှိန်မှိန်အောက်၌ မသာအခေါင်းတစ်ခုနှင့်ပင်တူနေသေး၏။
" ဗွမ်း ဗွမ်း "
သူကြည့်နေစဉ်မှာပင် ထိုအုတ်ကန်အထဲရှိ ရေများသည် တဗွမ်း ဗွမ်းမြည်ကာ လှုပ်လာ၏။
" ဘယ်သူလဲ ၊ အမေလား "
သူခပ်တိုးတိုး‌မေးသော်လည်း ပြန်ဖြေသံမကြားရ၊သူ ကြည့်နေစဉ်မှာပင် ‌ထိုရေကန်ထဲမှ ဘီးဆံထုံး ထုံးထားသော မိန်းမတစ်ဦး၏ မျက်နှာ‌သည် ရေပြင်ထက်သို့ထွက်ပေါ်လာ၏။
ထိုအမျိုးသမီးသည် ရေထဲ၌ အနေကြာထားပုံရ၏။ အဘယ်ကြောင့်ဆိုသော် အသားအရည်မှာ ပြာနှမ်းနှမ်းဖြစ်ကာ နှုတ်ခမ်းမှာလည်း မဲကာ ခြောက်ကပ်နေ၏။
ထိုအမျိုးသမီးသည် သူ့အားကြည့်ရင်း ပြုံးပြလာ၏။
" ဟင် ဘယ်သူကြီးလဲ ၊ ကြောက်စရာကောင်းလိုက်တာ ငါ့ အမေရော "
ထိုအမျိုးသမီးသည် ပြုံးရယ်ရင်း ရေကန်ထဲမှထလိုက်ရာ သူ၀တ်ထားသော နန်း၀တ်နန်းစားများမှ ရေများသည် တတောက်တောက်ကျလျက်ရှိ၏။သူကြည့်နေစဉ်မှာပင် ထိုအမျိုးသမီးသည် မတ်တပ်ရပ်လိုက်ကာ ကန်ထဲမှ ခုန်ထွက်လာ၏။ ထိုအမျိုးသမီး၏ အရပ်သည် ခုနစ်ပေကျော်ခန့်ရှိ‌၏။
" အမယ်လေး "
သူလည်း အလွန်လန့်သွားကာ ခြေလှမ်းများက တံခါးဘက်သို့ ပြန်ဆုတ်မိသွား၏။
ထိုအမျိုးသမီးသည် ကန်ထဲမှ ခုန်ထွက်ပြီးနောက် အခန်း၏ နံရံနှင့်သူ၏ဦးခေါင်းအား ပြေးဆောင့်လေတော့သည်။
" ဟင် အစောတုန်းက ငါကြားလိုက်တဲ့ တဒုတ် ဒုတ်နဲ့ မြည်သံက ဒီမိန်းမရဲ့ခေါင်းနဲ့ နံရံနဲ့ ဆောင့်လို့မြည်နေတဲ့အသံပဲ "
သူလည်း ထိန်လန့်စွာ စိတ်ထဲမှ ရေရွတ်ရင်း ထိုအမျိုးသမီးအား ထပ်မံချောင်းကြည့်လိုက်ရာ ထိုအမျိုးသမီးသည် ‌ဆံထုံးများက ပြေကျကာ ခေါင်းတစ်ခုလုံးက သွေးများဖြင့် ချင်းချင်းနီနေသော်လည်း အပြုံးမပျက်ပေ ။
ထိုမိန်းမ၏ လှုပ်ရှားမှုများသည် သူကြည့်နေစဉ် ရပ်တံ့သွားပြီးနောက် ရုတ်တရက်သူ့ထံ လွင့်မျောလာရာ
" အာ မလာနဲ့ သွား သွား "
သူလည်း အလန့်တကြားအော်ရင်း တံခါးအား အမြန်ပိတ်လိုက်၏။
" သမီး ဘာတွေယောင်အော်နေတာလဲ "
" ဟင် အမေ ၊ ဟို ဟိုမိန်းမကြီးရော "
" ဘယ် မိန်းမလဲ သမီးရဲ့၊ သမီး အိမ်မက်မက်နေတာ နေမှာ ၊ ကြည့်ပါအုံး အိမ်မက်ဆိုးတွေမက်လို့ထင်တယ်၊ ချွေးတွေတောင်ရွှဲနေတာပဲသမီးရယ် "
ပန်းချယ်ရီ၏ နဖူးမှချွေးများအား မိခင်ဖြစ်သူက ကြင်နာစွာ သုတ်ပေးလိုက်သည်။
" သမီး၊ဒီနေ့က ရယ်ဟာဇယ်နေ့မို့လား "
" ဟုတ်တယ်အမေ ၊ မိတ်ကပ်က မစိုးကပဲ ပြင်ပေးမယ်တဲ့"
" ဒါဆိုဟန်ကျတာပေါ့ ၊ မိတ်ကပ်ပြင်ဆိုင်သွားစရာမလိုတေ့ာဘူး ၊ကဲ မနက်လင်းတော့မယ်၊ မျက်နှာသွားသစ်ရအောင်"
"ဟုတ် အမေ ၊ ပြီးရင် အမေရော မိတ်ကပ်နဲနဲပါးပါးလိမ်းဦး၊ သမီးတို့ ဒီနေ့ဓာတ်ပုံရိုက်ရအောင် "
" အေးပါသမီးရယ် "
သူလည်း ကုတင်ပေါ်မှ ဆင်းလိုက်၏။သူ့မျက်စိထဲ၌ အိမ်မက်ထဲမှ အမျိုးသမီးအား ပြန်လည်မြင်ယောင်လာမိသဖြင့် ကြက်သည်းများပင်ထလာ၏။
ထို့နောက်အိမ်မက်ထဲမှ အခန်းအားသတိရကာ ထိုနေရာအားကြည့်မိစဉ်
" ဟင် ဟိုတံခါးက တစ်ကယ်ရှိတာပဲ "
" ဘယ်တံခါးလဲ သမီးရဲ့ "
သူလည်း တံခါးနေရာအား လက်ညှိုးထိုးပြကာ
" ဟိုတံခါးလေအမေ၊ တစ်ဖက်မှာအခန်းရှိသေးတယ်ထင်တယ်"
" ရှိတယ်လေ ၊ အမေဖြင့် မနေ့ကတည်းက တွေ့သားပဲ "
" ဟုတ်လား ၊ သမီးက သတိမထားမိဘူး ၊ လာ အမေ သမီးတို့မျက်နှာသစ် ရေချိုးရအောင် "
သူတို့လည်း ထိုအဆောင်ကြီး၏ အောက်ထပ်သို့ဆင်းကာ အပေါ့အပါးသွား ရေမိုးချိုးပြီးနောက် မနက်စာစားကြ၏။
ထို့နောက် ရယ်ဟာဇယ်အတွက် မိတ်ကပ်လိမ်း အ၀တ်အစားများလဲပြီးနောက် ဘွဲ့နှင်းသဘင်ခန်းမရှိရာသို့ထွက်လာကြ၏။
ဒေါ်ရီလည်း သမီးဖြစ်သူအားကြည့်ကာ ပီတိများဝေဖြာလျက်ရှိ၏။ပန်းချယ်ရီသည်လည်း ဘွဲ့၀တ်စုံထုတ်မည့်အရေး ဟို‌မေး ဒီသွားဖြင့် အလုပ်ရှုပ်လျက်ရှိရာ အိမ်မက်အကြောင်းလည်း မေ့လျော့သွားလေတော့သည်။
ညနေစောင်းမှပင် တည်းခိုသော နေရာသို့ပြန်လည်ရောက်ရှိလာ၏။
ပန်းချယ်ရီလည်း အတော်ပင်ပန်းလာသောကြောင့် ကုတင်ပေါ်၌ ခြေပစ်လက်ပစ် လဲလျောင်းနေ၏။
သူ၏မိခင်သည် အခန်းကျယ်ကြီး၏ အရှေ့ဘက်ခြမ်းရှိ ဖွင့်ထားသော ပြတင်းပေါက်ဆီသို့လျှောက်သွားကာ လေညင်းခံနေ၏။
" ကျွီ "
တံခါးကြီး၏ဖွင့်သံကြောင့် သူလဲလျောင်းနေရာမှ ထကာ ကြည့်လိုက်မိ၏။ထိုတံခါးဖွင့်သံကို သူကောင်းစွာ မှတ်မိနေ၏။အိမ်မက်ထဲ၌ ကြားခဲ့ရသော တံခါးသံပင်။
သူ့မိခင်သည် ထိုတံခါးအား ဖွင့်ကာ တဖက်အခန်းထဲသို့ ကြည့်နေသည်မို့
" အမေ အဲ့ဒီအခန်းထဲမ၀င်နဲ့နော် "
" အမယ်လေး မ၀င်ပါဘူး၊ ရေကျသံကြားလို့ဖွင့်ကြည့်တာ "
" ဟင် ဟုတ်လား အဲ့အခန်းမှာ ဘာရှိတာလဲ အမေ "
" ရှည်မျောမျောအုတ်ရေကန်တစ်ခု ၊ ဒီဘက်အခန်းကတော့ အုတ်ခင်းထားတယ်။
" ဟင် ဟုတ်လား "
သူလည်း မိခင်ဖြစ်သူ၏အပြောကြောင့် ထိုနေရာသို့လာကြည့်ရာ
" ဟာ "
သူအလန့်တကြားအော်ကာ ခြေလှမ်းပင်နောက်ဆုတ်သွား၏။
" အ အမေ ပိတ်လိုက်တော့ "
သူအထစ်ထစ်အ‌ငေါ့ငေါ့ဖြင့် အလန့်တကြားထအော်မိ၏။ မြင်နေရသောမြင်ကွင်းက အိမ်မက်ထဲကအတိုင်းပင် ။ သူလည်း အိမ်မက်ထဲက အမျိုးသမီးကြီး ထွက်လာမည်စိုးသောကြောင့် တံခါးအား အလန့်တကြား ပိတ်ခိုင်းလိုက်၏။
" ဒုန်း ၊ ဂျောက် "
တံခါးအားပိတ်ကာ အောက်ဂျက်အား ချလိုက်၏။
" ဆရာမတို့သားအမိ ဘာလုပ်နေကြတာလဲ "
ရုတ်တရက် ထွက်‌ပေါ်လာသော အသံကြောင့်သူတို့လည်း လန့်သွားကြ၏။
" ဩ ဖွားခင် ၊ ဒီအခန်းက ဘာအခန်းများလဲလို့ ..."
" ဒီအခန်းကို မဖွင့်ကြနဲ့၊ ဒီထဲက ရေကန်ကိုလဲ မသုံးကြနဲ့၊ ဖြစ်နိုင်ရင် ဒီအခန်းထဲမ၀င်ကြနဲ့"
" ဘာလို့လဲဖွားခင်"
" ဩ ....အခန်းက မသုံးတာကြာတော့ ဖုန်တွေနဲ့၊ ရေကလဲ မသုံးတာကြာတော့ မသန့်ဘူးလို့ပါ"
" ဟုတ်ဖွားခင် "
ဖွားခင်သည် တစ်ခုခုအား ပြောမည်ကြံပြီးမှ စကားအားလျောချလိုက် ပုံရ၏။
အမှောင်ဓာတ်က လွှမ်းခြုံလာသည်နှင့်အမျှ တိတ်ဆိတ်မှုက ပို၍ကြီးစိုးလာ၏။
🔺ဒုတိယည🔺
ပန်းချယ်ရီသည် မိခင်ဖြစ်သူ၏ ဘုရားစာရွတ်ဆိုသံခပ်တိုးတိုးအား နားထောင်ရင်း မျက်လုံးများပင်မှေးစင်းလာရာ မကြာမီ အိပ်ပျော်သွားလေတော့သည်။
" ဒုတ် ဒုတ် ဒုတ် "
ပန်းချယ်ရီသည် ထိုအသံကြီးကြောင့် လန့်နိုးလာပြန်သည်။
သူ၏မိခင်မှာမူ သူ၏ဘေး၌ အိမ်မောကျလျက်ရှိ၏။
"ကျွီ "
" ဟင် ဟိုတံခါးကြီးပွင့်သွားပြန်ပြီ"
သူ၏ခန္ဓာကိုယ်ကား လှုပ်မရပေ။
" ရှပ် ရှပ် ရှပ် "
ခြေသံသည် သူ၏ကုတင်နှင့်တဖြည်း‌ဖြည်းနီးကပ်လာ၏။
" ဟင် ဟိုမိန်းမကြီးပဲ "
မျက်နှာပြာနှမ်းနေသော ဘီးစံထုံးနှင့်မိန်းမကြီးသည် ယခင်ကကဲ့သို့ပင် ပြုံးလျက် သူမအား လာရပ်ကြည့်နေ၏။
သူမ၏အရပ်သည် ဇာခြင်ထောင်၏ အမိုးထက်ပင် ကျော်လွန်နေသေး၏။
ထိုအမျိုးသမီးသည် ခါးအားကိုင်းကာ မျက်နှာအားခြင်ထောင်နှင့်ကပ်လျက် သူ့မျက်နှာကြီးသည်ပန်းချယ်ရီနှင့်နီးရန်တဖြည်းဖြည်းတိုးကပ်လာရာ မျက်နှာအရွယ်အစားသည်လည်း တဖြည်းဖြည်းကြီးလာ၏။
ခြင်ထောင်ပင် ပေါက်ပြဲလုမတက်ပင်။
ထိုစဉ် ဆေးမှင်ကြောင်ထိုးထားသည့် လူသန်ကြီးတစ်ဦးသည် မည်သို့ရောက်ရှိလာသည်မသိ၊ ထိုအမျိုးသမီး၏ လက်မောင်းမှလာ၍ဆွဲခေါ်သွားရာ ထိုမိန်းမကြီးသည် ဇက်ကြီးကျိုးလျက် ထိုလူကြီးဆွဲခေါ်ရာနောက်တရွတ်တိုက်ပါသွား၏။ထိုမြင်ကွင်းအားကြည့်ရသည်မှာ ကြက်သည်းထဖွယ်ကောင်းလှပေသည်။
"ဒုန်း "
ထို့‌နောက် ထိုအခန်းတံခါးကြီးသည်လည်း ပြန်ပိတ်သွားတော့သည်။
ထိုအခါမှပင် ပန်းချယ်ရီ၏ခန္ဓာကိုယ်သည်လည်း လှုပ်ရှား၍ ရလာသည်။
" အမေ အမေ "
" ဟင်သမီး နိုးနေပြီလား "
" အမေ သမီးကြောက်တယ် ၊ အိမ်မက်ဆိုးတွေမက်ပြန်ပြီ "
" ရှူးတိုးတိုး ဖွားခင်ကြားသွားလိမ့်မယ် ၊ ညက ဘုရားမရှိခိုးဘူးလား၊ မနက်လဲလင်းတော့မယ်၊ အမေတို့ မဟာမြတ်မုနိဘုရားသွားဖူးရအောင် "
" ဟုတ်အမေ၊ သမီးတော့ ဒီနေ့ဘဲ တစ်ခါတည်း ပြန်လိုက်ချင်တော့တယ် "
" ဩ ဒီနေ့တစ်ည အိပ်ပြီး နက်ဖြန်ဘဲ ဘွဲ့ယူနေပြီ၊ သမီးအဆင်မပြေရင် ဒီညတစ်ညပဲထပ်အိပ် ၊နက်ဖြန်ဘွဲ့ယူပြီးတာနဲ့ ညကားနဲ့ပြန်ကြရအောင်"
" ကောင်းတယ်အမေ ၊ ကားလက်မှတ်ပါ သွားဖြတ်ထားကြရအောင်၊ သမီးတော့ ဒီတစ်ညထပ်အိပ်ရမှာကို ကြောက်နေပြီ၊ ဖွားခင်က မကြောက်ဘူးလားမသိဘူးနော် "
" အင်း နေသားကျနေပြီနေမှာ၊ ဒါမှမဟုတ် ဘာမှမဖြစ်တာနေမှာပေါ့ ၊ အမေတောင် ဘာအိမ်မက်မှမမက်ဘူးပဲ "
"တစ်ည...အင်း... ဒီတစ်ညတော့ ထပ်ပြီးအိမ်မက်ဆိုးမမက်ပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်အမေရယ်"
‌သူ့မိခင်သည် သူ့အားဂရုဏာသက်စွာကြည့်ရင်း သက်မရှည်ကြီးအား ချလိုက်မိ၏။
ဖွားခင်အားကြည့်လိုက်ရာ အိပ်မောကျနေဆဲဖြစ်၏။
ရေမိုးချိုးပြီးနောက် သားအမိနှစ်ဦးသည်ဘုရားဖူးကာ အခြားနေရာများသို့ လည်ရင်းပတ်ရင်းဖြင့် အချိန်သည် ကုန်သွား၏။
ညမှောင်ရီသန်းချိန်မှသာ နန်းဆောင်သို့ ပြန်ရောက်လာကြသည်။
" သမီး ဘုရားကို ကန်တော့ပြီးမှအိပ် "
" ဟုတ်အမေ"
ဘုရားကန်တော့ပြီးနောက် သူတို့သားအမိလည်း စောစော အိပ်ရာ၀င်ကြတော့၏။ နောက်နေ့၌ ဘွဲ့ယူရမည်ဖြစ်သောကြောင့် မနက် အစောကြီးထကာ ပြင်ဆင်ကြရပေမည်။
🔺တတိယည🔺
" ဒုတ် ဒုတ် ဒုတ် "
အခန်းနံရံ၏ ထုရိုက်သံက ခပ်အုပ်အုပ်ထွက်ပေါ်လာ၏။
"ကျွီ "
" ဟင် တံခါးကြီး ပွင့်သွားပြန်ပြီ"
ပန်းချယ်ရီ အိပ်နေရာမှ လန့်နိုးလာသော်လည်း သူ၏ ခန္ဓာကိုယ်က လှုပ်မရတော့ပေ။
"ဒုန်း ဒုန်း ဒုန်း "
ကြမ်းပြင်အား ခပ်ကြမ်းကြမ်းနင်းလျှောက်လာသော ခြေသံကြီးက သူ၏ ကုတင်နှင့်နီးကပ်လာ၏။
သူ့မိခင်သည် လက်နှစ်ဖက်အား ခေါင်းရင်းဘက်ပစ်လျက် ပက်လက်အနေအထားဖြင့် အိပ်မောကျလျက်ရှိ၏။
ခြေသံကြီးသည် သူတို့ကုတင်ဘေး၌ ရပ်တံ့သွား၏။အရပ်အတော်မြင့်သော လူသန်ကြီးသည် သူ့အား သေချာစွာငုံ့ကြည့်နေ၏။
ထိုလူကြီးသည် မနေ့ညက ဟိုအမျိုးသမီးကြီးအား ဆွဲခေါ်သွားသူပင်ဖြစ်သည်။
ထိုသူသည် သူ့အားသေချာကြည့်နေရင်းမှ
သူ၏မိခင်အားထပ်မံကြည့်ကာ ခါးကြီးကုန်းကာသူ၏သန်မာသော လက်ကြီးနှစ်ဖက်ဖြင့် မိခင်ဖြစ်သူ၏ လက်မောင်းနှစ်ဖက်အား ဖိထားလိုက်၏။
" အမေ အမေ "
သူစိုးရိမ်ကြီးစွာ အော်ဟစ်သော်လည်း အသံက လည်ချောင်း၀၌ တစ်ဆို့နေ၏။
သူမ၏ မိခင်သည် နာကျင်လွန်းသဖြင့် မျက်နှာအား ရှုံ့မဲ့ကာ အတင်းရုန်းကန်နေရာမှ
" အ အ လွှတ် လွှတ် "
သူ့မိခင်၏နှုတ်မှ စကားသံအချို့ ထွက်လာ၏။
ထိုအခါမှ သူ၏ခန္ဓာကိုယ်သည်လည်း လှုပ်ရှား၍ ရလာ‌တော့သည်။
" အမေ ၊ အမေ "
သူလည်း မိခင်အား စိုးရိမ်စိတ်ဖြင့် ခေါ်လိုက်၏။
" ဟော ဆရာမတို့ နိုးနေတာနဲ့ အတော်ပဲ ၊ ထကြတော့ ကျွန်မမိတ်ကပ်ပြင်ပေးမလို့ စောင့်နေတာ "
" ဩ ဟုတ်မစိုး "
သားအမိနှစ်ဦးလည်း ကပြာကယာထကာ ရေဆင်းချိုးကြ၏။
ရေချိုးနေရင်းမှ သူ၏မိခင်က အိမ်မက်ထဲ၌ လူသန်ကြီးတစ်ဦးသည် သူ့လက်မောင်းအား လှုပ်မရအောင် လာ၍ ဖိထားကြောင်းပြောကာ သူ့လက်မောင်း နှစ်ဖက်အား ပန်းချယ်ရီအားပြလေသည်။
" ဟင် အမေ အညိုကွက်ကြီးပါလား "
"ဟုတ်တယ်သမီး ဒါ အဲ့ဒီလူသန်ကြီးရဲ့ လက်မရာပဲ"
သူ့ မိခင်လက်မောင်းနှစ်ဖက်လုံး၌ အညိုအမဲရာ အကွက်ကြီးနှစ်ကွက်အားကြည့်ကာ ပန်းချယ်ရီ
ထိတ်လန့်စွာ ရေရွတ်လိုက်၏။
"ဟင် ဒါဆို ဒါတွေက အိမ်မက်မဟုတ်မဟုတ်ဘူးပေါ့ အမေ"
ထိုလက်ရာကြီးအား ဖွားခင်အားပြ၍ မေးမြန်းကြည့်ရာ ဖွားခင်က
" သမီးတို့ ပြန်တော့မှာမို့ လာနှုတ်ဆက်သွားတာ နေမှာပေါ့ " ဟုသာ ဆိုရှာလေသည်။
သူတို့သားအမိသည် ဘွဲ့ယူအပြီး ထိုနေ့ညကားနှင့်ပင် တောင်ကြီးသို့ပြန်ခဲ့ကြတော့၏။
ပန်းချယ်ရီသည် နန်းတွင်းထဲ၌ တည်းခိုခဲ့ရသော ညသုံးညအား သူ၏တစ်သက်တာ၌ မေ့နိုင်တော့မည်မဟုတ်ပါချေ။
ပန်းချယ်ရီ၏မိခင် လက်မောင်းနှစ်ဖက်မှ ညိုမဲနေသောလက်မရာကြီးနှစ်ခုသည်ကား ရက်အတန်ကြာမှသာ ကွယ်ပျောက်သွားလေတော့သည်။
လေးစားလျက်
စာရေးသူ နန်းကြာညို

No comments

Post a Comment