ဗိုက်ပေါက်၊ ကိုယ်ပြား၊ ခေါင်းပြတ် သရဲသုံးကောင်နဲ့ မဖဲဝါ(စ/ဆုံး)

  ဗိုက်ပေါက်၊ ကိုယ်ပြား၊ ခေါင်းပြတ် သရဲသုံးကောင်နဲ့ မဖဲဝါ(စ/ဆုံး) ထူးဆန်းသော သရဲသုံးကောင် သောင်းကျန်းခဲ့သည့် အောက်စုရွာကလေးအကြောင်းဖြစ်သည်။ ... thumbnail 1 summary

 ဗိုက်ပေါက်၊ ကိုယ်ပြား၊ ခေါင်းပြတ်

သရဲသုံးကောင်နဲ့ မဖဲဝါ(စ/ဆုံး)
ထူးဆန်းသော သရဲသုံးကောင် သောင်းကျန်းခဲ့သည့်
အောက်စုရွာကလေးအကြောင်းဖြစ်သည်။ ယခင်က
အောက်စုရွာကလေးကား အေးချမ်းလှသည်။မည်
သည့်ပြဿနာမှ မရှိခဲ့။ သရဲဆိုသည် ချိုနှင့်လားဟုပင်
မေးရမလို မည်သူမှ သရဲအခြောက်ခံရသည်ဟု
မကြားရ။
ယခု…တစ်လအတွင်း သရဲမျိုးစုံ အခြောက်ခံကြရသည်။
ရွာထိပ်မှာ တစ်ရွာနှင့်တစ်ရွာ ဆက်ထားသော
လေးပေခန့်မြင့်သည့် တာလမ်းတစ်ခုရှိသည်။
ထိုတာလမ်းက ဂဝံကျောက်ခင်းလမ်းဖြစ်သည်။
လှည်းများ၊ ထော်လာဂျီများသာ
သွားလာကြသည်။ မိုးအခါ လမ်းများ
ပျက်သဖြင့် ခြေလျင်သာ သွားလာနိုင်ကြသည်
လွန်ခဲ့သောလက မန်ကျည်းတောရွာ ဘုရားပွဲသို့
ထိန်ပေါက်ရွာ၊ ကျခတ်ရွာ၊ ဆင်ကူးရွာ၊
အောင်ကြီးရွာတို့မှ လှည်းများ ၊ ထော်လာဂျီများ
နှင့်ရော ခြေလျင်လမ်းလျှောက်ပြီး ပျော်ပျော်
ပါးပါး လာခဲ့ကြသည်။
ပွဲကြည့်လာကြသူများ ညနေလေးနာရီ
နောက်ပိုင်းကတည်းက တာလမ်းပေါ်မှာ
စည်ကားနေသည်။ ထိန်ပေါက်ရွာမှ
ဘုရားပွဲလာကြသော ထော်လာဂျီနှစ်စီး
အပြိုင်မောင်းလာကြသည်။ လမ်းပေါ်မှာလည်း
လမ်းလျှောက်သူများလည်း ရှိနေသည်။
အောက်စုရွာ အဝင်နားရောက်တော့ လမ်းပေါ်က
လူများ တာပေါ်မှ ဆင်းပြီး ရွာလမ်းတာဘေးမှ
ဆင်းလျှောက်ကြသည်။ ထိုအခါ ထော်လာဂျီနှစ်စီး
ညာသံပေး၍ အပြိုင်လုမောင်းကြတော့သည်
တစ်စီးကို တစ်စီး ကျော်တက်ရန် ကြိုးစား
ကြသလို ရှေ့မှ ကားကလည်း ကျော်
မတက်စေရန် လမ်းပိတ်မောင်းနေသည်။
"ဝေး…မတူရင်မတုနဲ့ …ဘေးကိုကပ်
ဘေးကို …ကပ် …"
"ဝူး…ဝူး …"
"စက်စုတ်ကြီး …စက်စုတ်ကြီး …မှီအောင်လိုက်"
"ဝုန်း"
"အား"
"ကယ်ကြပါဦး"
"အမယ်လေးတော့ "
နောက်မှ ကျော်တက်လာသော ထော်လာဂျီက
အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး အရှိန်
ပြင်းစွာ တိမ်းမှောက်ပါလေတော့သည်။
တာလမ်းဘေးနှင့် အိမ်မှာ ပေသုံးဆယ်နီးပါးသာ
ကွာဝေးသည့် အတွက် အရှိန်နှင့် ထိုးကျ
မှောက်သွားသော ထော်လာဂျီက အိမ်တိုင်ကို
ဝင်တိုက်ပြီး ရပ်သွားသည်။
ကားမှောက်သည့်အတွက် ကားပေါ်မှာ
ကါလာသူများ၏ ကြောက်မက်ဖွယ် အော်သံများ၊
နာကျင်၍ အော်ကြသူတို့၏ အသံများနှင့်
ကမ္ဘာပျက်သည့်အလား ဆူညံသွားသည်။
ထိုအနီးနားတဝိုက် သွေးတို့ဖြင့် ရဲရဲနီသွား
တော့သည်။ ထော်လာဂျီပေါ်ပါသူ ယောင်္ကျား၊
မိန်းမငါးယောက် ဒဏ်ရာရ ကျိုးပဲ့ကုန်သော်လည်း
အသက်မသေခဲ့။
ဒါပေမဲ့ ယောင်္ကျားနှစ်ယောက်၊ အမျိုးသမီး
တစ်ယောက်တို့က ထိုနေရာမှာပင် ပွဲချင်းပြီး
သေဆုံးသွားကြသည်။ ယောင်္ကျားတစ်ယောက်က
ခြံစည်းရုံးဝါးခြမ်းပြား လည်ပင်းရှပြီး လည်းပင်း
ပြတ်ထွက်သွားသည်။ ယောင်္ကျားတစ်ယောက်က
ထော်လာဂျီပိပြီး ပွတ်ဆွဲသွား၍ ခန္ဓာကိုယ်
ပြားချပ်သွားသည်။
အမျိုးသမီးတစ်ယောက်ကတော့
ခြံစည်းရိုးငုတ်က ဗိုက်ကို ဖောက်ထွက်
သွား၍ အူများ အခွေလိုက် ထွက်ကျနေသည်။
ပွဲကြည့်ရန်လာသူများ အပျော်နှင့် အဆုံးမသတ်ဘဲ
နာကျင်ကြေကွဲမှုတို့ဖြင့်သာ အဆုံးသတ်သွားကြသည်။
လူသေမှုဖြစ်ပြီးနောက်ပိုင်း ထိုရွာလေးမှာ ယခင်က
ကဲ့သို့ အေးချမ်းမှု မရှိခဲ့တော့။
မကျွတ်မလွတ်သော သရဲသုံးကောင်က
ရွာသူရွာသားများကို ခြောက်လှန့်နေသည်။
ရွာအစွန်မှာ ညောင်ပင်ခပ်သေးသေးနှင့်
ကုက္ကိုပင်ကြီးတစ်ပင် ပူးကပ်ပေါက်နေသည်။
ကားမှောက်ခဲ့သည့် နေရာက ထိုသစ်ပင်ကြီးနှင့်
ခြံနှစ်ခြံသာ အကွာအဝေးရှိသည်။
ထိုကုက္ကိုပင်ကြီးမှာ သေလွန်သွားသော
လူသုံးယောက်တို့၏ မကျွတ်မလွတ်သော
ဝိညာဉ်သရဲသုံးကောင်က ကပ်တွယ်ခိုနား
နေလေတော့သည်။
XXXX
မနက်လေးနာရီခွဲခန့်အရောက် မုဆိုးမဒေါ်တင့်နှင့်
သမီးအေးခင်တို့ သားအမိနှစ်ယောက် တောင်းတစ်
လုံးစီရွက်၍ ရေပုံး၊ ဆွဲခြင်းတို့နှင့် ကုက္ကိုပင်ကြီးအောက်
ရောက်လာကြသည်။ ကုက္ကိုပင်အောက်မှာ အသေ
အချာဆောက်ထားသော အကြော်တဲ ရှိသည်။
အကြော်စားမည့်သူတို့ ထိုင်ရန် ဝါးလုံးများနှင့်
စားပွဲထိုင်ခုံတန်းလျားရှည်များ လုပ်ထားသည်။
တစ်ဖက်ကို ငါးယောက်ခန့် ထိုင်စား၍ ရသည်။
အကြော်တဲရောက်သည်နှင့် ပစ္စည်းများ
နေရာကျအောင် ချသည်။ အေးခင်က
အကြော်,ကြော်ရန် မီးစတင်မွှေးနေသည်။
မီးမွှေးပြီး မီးဖိုပေါ် ဒယ်အိုးတင်ကာ ဆီ
လောင်းထည့်လိုက်သည်။ ဆယ့်ငါးမိနစ်ခန့်
ကြာတော့ ဆီဆူလာသည်။ ဒယ်အိုးထဲ
ဘူးသီးစတင်ထည့်ပြီး ကြော်သည်။
ဒယ်အိုးက အကြော်ဆယ့်ငါးခုခန့်သာ
ထည့်၍ရသည်။ ဘူးသီးကြော်နှစ်ဒယ်ကြော်ပြီး
ပုဇွန်ဆိတ်ကလေးများ မုန့်နှစ်ထဲ စိမ်ပြီး ပုဇွန်
ကြော်သည်။ ရွာနှင့်မနီးမဝေးမှာရှိသော
ချောင်းမှ ပုဇွန်ထောင်သမားများရောင်း၍
ပုဇွန်ဆိတ်ကလေးများ အမြဲရသည်။
သို့ကြောင့် ပုဇွန်ကြော်ကို ကြော်နေသည်။
အကြော်မထွက်ရသည်မှာ ငါးရက်ရှိခဲ့ပြီ။
တစ်ခြံကျော်မှာ ကားမှောက်ပြီး လူသေထား
သဖြင့် မနက်စောစော အကြော်မထွက်ဝံ့၍
ရပ်ထားခဲ့သည်။ ယခု အေးအေးချမ်းချမ်း
ဖြစ်ပြီဖြစ်၍ အကြော်ဆိုင် ပြန်ထွက်ခြင်းဖြစ်
သည်။ ပုဇွန်ကြော်နှစ်ဒယ်ချပြီးနောက်
ဘယာကြော် ကြော်ရန် ပြုလုပ်ထားသော
ပဲထည့်ထားသည့် ပန်းကန်ကို ယူလိုက်သည်။
ညကတည်းက ကုလားပဲကိုစိမ်၍ မညက်တညက်
ထောင်းထားပြီ။ ထို့နောက် ဘယာကြော်ကို
ဆက်၍ ကြော်နေသည်။ မကြာခင်မှာပင်
ဝယ်မည့်သူများ စားမည့်သူများ ရောက်လာ
ကြတော့သည်။ ရွာထဲမှာ အဝယ်စားဆုံးက
ဘူးသီးကြော်၊ ဘယာကြော် ဖြစ်သည်။
ဒေါ်တင့်က ဘူးသီးများကို အတုံးလေးတွေ
ဖြစ်အောင် လှီးပေးနေသည်။ ထိုအချိန်
အကြော်တဲအပေါ်ရှိ ကုက္ကိုပင်ထက်မှ
အသံများ ကြားလိုက်ရသည်
"ဝရော …ဝုန်း"
"ဝေါ…ဝုန်း…ဝုန်း…"
"ဟဲ့ …ဟဲ့ …ဘာသံတွေလဲ ၊ ဘာဖြစ်တာလဲ"
"အပေါ်မှာ သစ်ကိုင်းခြောက်ရှိရင် ကျိုးကျမှ
ဟုတ်ပေ့ဖြစ်နေမယ်"
"နေ့ခင်း လင်းလင်းထင်းထင်းကျရင်
ကြည့်ထားပါဦးအမေ၊ တော်ကြာ
သစ်ကိုင်းကျိုးကြပြီးပိလို့ ကျော်မကောင်း
ကြားမကောင်း ဖြစ်နေဦးမယ်"
"ဝေါ…ဝေါ…ဝုန်း"
အပေါ်မှ သစ်ကိုင်းလေတိုးသည်လား…
အကောင်တက်၍ လှုပ်လေသည်လားမသိ အသံတွေ
ကြားရသည်။ ဒေါ်တင့်က တံစက်မြိတ်အပြင်
ခေါင်းထွက်ပြီး ကြည့်လိုက်သည်။ မှောင်နေ၍
ဘာမှမမြင်ရ။
"ဝေါ …ဝေါ …ဝေါ …"
"သေချာအောင် ငါထွက်ကြည့်လိုက်ဦးမယ်"
ဒေါ်တင့်က ဘူးသီးလှီးနေရာမှ အပြင်ထွက်ကြည့်ရန်
ပြင်လိုက်သည်။ ဒေါ်တင့် အကြော်တဲ တံစက်မြိတ်
အပြင်ထွက်ပြီး ရပ်ကြည့်သည်။
"သစ်ကိုင်းတော့ လှုပ်နေတာတွေ့တယ်၊
ဘာကောင်မှတော့ မတွေ့ပါဘူး"
"ကဲ…အမေ…ဘာမှမထူးရင် အထဲလာခဲ့ပါတော့"
"ဘာလုပ်မလို့လဲ"
"အမေလှီးထားတဲ့ ဘူးသီးစိတ်တွေ သမီးကို
ကမ်းပေးဦး သမီးမမှီလို့ "
"အေး …အေး…လာပြီ"
ဒေါ်တင့် အထဲဝင်လာပြီး …ဘူးသီးစိတ်များကို
ယူပြီး ကမ်းပေးသည်။ ထိုအချိန် လူနှစ်ယောက်
ဆိုင်ထဲဝင်လာသည်။ အမျိုးသမီးတစ်ယောက်နှင့်
အမျိုးသားတစ်ယောက်ဖြစ်သည်။
"အကြော်ရပြီလား"
"ရပြီ ဘာစားမလဲ"
"ပုစွန်ကြော်ရရင် စားချင်တယ် "
"ပုစွန်ကြော်လား ရတာပေါ့ …အိမ်ယူသွားမှာလား
ထိုင်စားသွားမှာလား"
"ဒီမှာပဲ စားသွားမယ်"
"ဒါဆို တစ်ပွဲထည့်ပေးမယ်"
ဒေါ်တင့်က ပန်းကန်တစ်ချပ်ယူ၍ ပုစွန်ကြော်
ဆယ်ခုထည့်ကာ လှမ်းပေးလိုက်သည်။ အချဉ်
ရည်ထည့်ထားသော ပန်းကန်ကို တန်းလျား
စားပွဲပေါ်သွားချပေးလိုက်သည်။ ဒေါ်တင့်
အချိုရည် သွားချပေးသော ပန်းကန်ထဲမှာ
အကြော်သုံးခုသာ ကျန်တော့သည်ကို
တွေ့လိုက်သည်။
ညက ထမင်းမှ စားကြရဲ့လားဟု
စိတ်ထဲက တွေးထင်လိုက်သည်။
အမျိုးသမီးနှင့် အမျိုးသားက အသက်တော့
ကွာပုံရသည်။ အမျိုးသားအသက်က လေးဆယ်
ကျော်ခန့်ရှိမည် ။ အမျိုးသမီးက အလွန်ဆုံးရှိလှ
အသက်သုံးဆယ်ဟု ဒေါ်တင့် မှန်းမိသည်။
သားအဖတော့ မဖြစ်နိုင် ဦးလေးနှင့်တူမ။
အစ်ကိုနှင့် ညီမ တစ်ခုခုဖြစ်ချင်ဖြစ် မဖြစ်လျှင်
လင်မယားလည်း ဖြစ်နိုင်သည်။
ပြီးတော့ သူတို့ရွာသားမဟုတ်မှန်း သိသည်။
ဤအကြော်တဲက ရွာပေါင်းစုံမှ လူများ ဖြတ်သွား
ဖြတ်လာရာ တာလမ်းဘေးမှာ ရှိသဖြင့် အခြား
ရွာများမှ ခရီးသွားများလည်း ဖြစ်နိုင်သည်။
"အဒေါ် ပုစွန်ကြော်တစ်ပွဲ ပေးပါဦး"
ဒေါ်တင့်က ပန်းကန်အလွတ်တချပ်ထဲသို့
ပုစွန်ကြော်ဆယ်ခု ထည့်ပြီး ကမ်းပေးလိုက်သည်။
အချိန်က ငါးနာရီသာသာ အလင်းရောင်လာစ
ပြုပေမယ့် အမှောင်အားက ကောင်းတုန်း
ရှိသေးသည်။ တာလမ်းပေါ်မှ တစ်ယောက်စ၊
နှစ်ယောက်စ ဖြတ်သွားသည်ကို တွေ့လိုက်သည်။
အကြော်ဝယ်မည့်သူများတော့ ရောက်မလာကြသေး။
ဒေါ်တင့်က အကြော်ကမ်းပေးပြီး စပ်စုလိုက်သည်။
"တူမတို့က ခရီးသွားတွေလား ဒီရွာမှာ မမြင်မိလို့ "
"ဟုတ်ပါတယ်၊ ထိန်ပေါက်ကလာခဲ့ကြတာပါ၊
ဟိုရှေ့က မန်ကျည်းတောရွာကို သွားကြမှာပါ။
ကျမနဲ့ ဒီကဦးကြီးက ဘာမှမတော်ပါဘူး၊ ခရီး
သွားဖော် တစ်ရွာတည်းသာ မိတ်ဆွေတွေပါ။
ဟိုဘက်ရွာအလှူမှာ ပွဲကြည့်မလို့ ထွက်လာခဲ့
ကြတာ"
"မန်ကျည်းတောရွာ အလှူပွဲ ဟုတ်လား
အခုရက်ပိုင်း အလှူရှိတယ်လို့ မကြားမိပါဘူး"
"အို…အမေကလည်း အမေက ဘယ်သွားလို့လဲ
အခု ရက်ပိုင်း ဆိုင်ပိတ်ထားတာ မဟုတ်လား"
" ဟဲ့ …အခုလို ပွဲတွေ၊ ဆိုင်းတွေ သွင်းမယ့်
အလှူဆို ရွာစဉ်အနှံ့ သတင်းက ပျံ့ပြီးသား
မဟုတ်လား၊ ငါတော့ မကြားမိပါဘူး။ ဒါနဲ့
တူမတို့သွားမယ့် အလှူရှင် နာမည်သိလား"
"သိတာပေါ့ …ဟို လယ်ပိုင်ရှင် ဦးကျော်အုံးဆိုလားပဲ"
"ဟင်…အဲဒါ့လွန်ခဲ့တဲ့ ငါးရက်ကတည်းက ပြီးသွားပြီ"
"အငြိမ့်က 'ဆန်းညွန်စီ'တဲ့ ညဘက်ဧည့်ခံပြီး
နေ့ဘက်ကျတော့'အောင်ဝင်းဗိုလ်'ဆိုင်းနဲ့
ဧည့်ခံမှာတဲ့ ဆိုင်းနောက်ထပေါ်လေးဆိုတာ
အရမ်းနာမည်ကြီးတာ"
"ငါတူမတို့ …ရက်မှားပြီး လာခဲ့ကြတာ"
"ရက်မမှားပါဘူး ဒေါ်ကြီးရဲ့ ထော်လာဂျီစီးပြီး
ပျော်ပျော်ပါးပါး လာခဲ့ကြတာ၊ ထော်လာဂျီ
မှောက်သွားလို့ ခြေလျင်လျှောက်သွားကြမှာ"
ထိုကဲ့သို့ ပြောပြီး အမျိုးသမီးက ထိုင်ရာမှ
ထလိုက်သည်။ ဒေါ်တင့် အေးခင်တို့ ထို
အမျိုးသမီးစကားကြောင့် အံ့သြစိတ်နှင့်
လှည့်ကြည့်လိုက်စဉ် …
"ဟင်"
"ဟာ…အ…အမယ်လေးတော့ "
"ဝုန်း" "ခွမ်း"
ဒေါ်တင်နှင့် အေးခင်းတို့ ထိုင်ရာမှ ကြောက်ကြောက်
လန့်လန့်နှင့် ကုန်းထစဉ် အနီးမှာ ရှိသောအိုးခွက်
ပန်းကန်များ အပြိုပြိုအလဲလဲ ဖြစ်ကုန်သည်။
"အမယ်လေး …သရဲတွေတော့"
"ဟာ …သ…သရဲ …သရဲ"
အမျိုးသ္မီးနှင့် အမျိုးသားကြီးတို့ ထိုင်ရာက
ထလိုက်ကြစဉ်၊ အမျိုးသမီးဗိုက်က အူများ
အထွေးလိုက်ထွက်ကျနေသလို အမျိုးသား
ကြီး၏ ခန္ဓာကိုယ်က ပြားချပ်နေသည်။
မျက်လုံးနှစ်လုံးကလည်း ပြူးထွက်နေသည်။
ထို့နောက် မျက်စိအောက်မှာပင် လှစ်ခနဲ
ပျောက်သွားသည်။ ထိုစဉ် အကြော်တဲသို့
လယ်ကွင်းထဲသွားရန် ထွက်လာသော
ကျော်စိုးနှင့် ဝင်းဖေတို့နှစ်ယောက်
ဝင်လာကြသည်။
"ဟာ …အကြော်သည် သားအမိ၊ အလဲလဲ
အပြိုပြိုနဲ့ ဘာဖြစ်နေကြတာလဲ သားအမိ
နှစ်ယောက် နပန်းလုံးနေကြတာလား"
ဒေါ်မြင့်က အကြော်တဲအတွင်း နောက်ပြန်လဲလျက်က
ဖုတ်ဖက်ခါပြီး ထလာသည်။
"ငါတို့ အခုလေးတင် သရဲအခြောက်ခံလိုက်ရလို့
လန့်ပြီး အော်လိုက်တာ ရေပုံးကို နောက်ပြန်
ခလုတ်တိုက်ပြီး ဖင်ထိုင်လဲကျသွားတာ"
"ဘယ်ကသရဲ လာခြောက်တာလဲ "
"မကျင်မြတို့အိမ် ဝင်တိုက်ပြီး မှောက်သွားတဲ့
ထော်လာဂျီပိလို့ သေတဲ့လူနဲ့ ဗိုက်ကိုငုတ်ထိုးပြီး
သေတဲ့အမျိုးသမီး သရဲနှစ်ကောင် လာခြောက်တာ"
"ဟုတ်လို့လားဗျာ"
ထိုအခါ အေးခင်က ဝင်ပြောသည်။
"ဟုတ်လား မဟုတ်လားတော့ မသိဘူး၊
ငါးနာရီလောက် အကြော်လာဝယ်စားတယ်။
လာတုန်းကတော့ လူအစစ်ပါ၊ ပုဇွန်ကြော်
တစ်ပွဲပြီးတစ်ပွဲ စားတယ်။ အမေက စပ်စုပြီး
ဘယ်သွားမလို့လဲ မေးလိုက်တာ ဦးကျော်အုံးရဲ့
အလှူကို ထော်လာဂျီနဲ့ လာခဲ့ကြတာ ထော်လာဂျီ
မှောက်သွားလို့ ခြေကျင်လျှောက်သွားမှာတဲ့။
အဲဒီလိုပြောပြီး မတ်တတ်လည်းရပ်လိုက်ရော
အမယ်လေး …ပြောရင်း ကြက်သီး ထလာပြီ"
"မအေးခင်ကလည်း ကောင်းတုန်း စကား
မရပ်လိုက်နဲ့လေဗျာ"
"ဟဲ့အကောင်တွေ …နင်တို့သာ ငါတို့မြင်သလို
မြင်လိုက်ရင်…ထိုင်ရာမှာ သေးဖျန်းဖျန်းထွက်သွားမယ်"
'ဒေါ်ကြီးတို့ သားအမိရော ထွက်ကျသေးလား"
"ငါတို့က အသံကုန်ဟစ်နေလို့ ထွက်ချိန်မရလိုက်ဘူး"
"ကဲ…မြင်လိုက်တာကို ဆက်ပြောပါဦး"
"အမျိုးသမီးက ထိုင်ရာကထလိုက်ရော
အူတွေ အခွေလိုက်ကျနေတယ်၊ အမျိုး
သားကြီးက တစ်ကိုယ်လုံး ပြားချပ်နေတယ်၊
တကယ်အသည်းယားစရာ ကြောက်စရာ
မြင်ကွင်းပဲ"
"ငါတို့သားအမိ မျက်လုံးစုံမှိတ်ပြီး အသံကုန်
အော်နေတုန်း ပျောက်သွားတာ ထင်ပါရဲ့၊
မျက်လုံးလည်း ဖွင့်ရော ဘယ်သူမှ မရှိတော့ဘူး"
"ဒါဆို အကြော်နှစ်ပွဲဖိုး ဆုံးသွားတာပေါ့ "
"နှစ်ပွဲပဲ စားသွားလို့ တော်သေးတာပေါ့ဟယ်"
"ဒီပန်းကန်တွေယူပြီး ဆေးလိုက်ပါဦး"
ဒေါ်တင့်လည်း သရဲစားသွားသော အကြော်
ပန်းကန်နှင့်အချဉ်ရည်ထည့်သော ပန်းကန်တို့ကို
သွားယူပြီး ဆေးလိုက်သည်။
"သရဲတွေ ဘယ်ထွက်သွားမယ်ထင်လဲ"
"ဘယ်မှာ ထွက်မသွားဘူး၊ ဒီနားမှာပဲ ပျောက်သွားတာ"
"ဟို ခေါင်းပြတ်သရဲ မပါဘူးလား"
"ဟ ဝင်းဖေကလည်း ခေါင်းပြတ်နေမှာတော့
ဘယ်ပါးစပ်နဲ့ စားမှာလဲ"
"မင်းကွာ …ဝိညာဉ်သရဲဖြစ်မှတော့ ပုံစံအမျိုးမျိုး
ဖန်ဆင်းနိုင်တာပေါ့ "
"အခုကြည့်ပါလား၊ အကြော်လာစားတော့
လူလိုဖန်ဆင်းလာတယ်…စားပြီးလို့ ပိုက်ဆံလည်း
ရှင်းရမယ်ဆိုရော သူတို့ သေဆုံးသွားစဉ်က
ပုံအတိုင်း ပြတာ မဟုတ်လား"
"ဒါဆို ပိုက်ဆံပေးရမှာ စိုးလို့ပေါ့ "
"ဖြစ်နိုင်တယ် "
"တို့လည်း မနက်ဖြန် ပိုက်ဆံမပေးရအောင်
စီစဉ်ရမယ်"
"နင်တို့ ပုံစံတွေ ခွေးချီသွားလည်း သိတယ်
ငါ့ကို နင်တို့ လာခြောက်လို့ကတော့ မီးစနဲ့
ပစ်ပြီမှတ်"
" အလကားစတာပါ ဒေါ်လေးတင့်ရာ"
"မနက် အကြော်ထွက်ဦးမလား"
"အကြော်ကတော့ နေ့တိုင်းထွက်ရမှာပဲ၊
နေ့တိုင်း ခြောက်မယ် မထင်ပါဘူး"
"မထင်နဲ့ ဒေါ်တင့်ရဲ့ အကြော်ကို ခံတွင်း
တွေ့ချင်တွေ့သွားမှာ ဒီသစ်ပင်ကြီးပေါ်မှာများ
နေလား မသိဘူး"
"ဒီသေနာလေး…ကြောက်ပါတယ်ဆိုမှ ကြောက်အောင်
လျှောက်ပြောနေတယ်။ နင်တို့ စားပြီးပြီမဟုတ်လား။
ပိုက်ဆံရှင်းပြီး သွားကြတော့ "
"ရှင်းမှာပါ …စိတ်မပူပါနဲ့ ဘယ်လောက်ကျလဲ"
"နေဦး ဒီကလေးကို အကြော်ထည့်ပေးလိုက်ဦးဝယ်
…နင်တို့စားတာ နင်တို့ မသိဘူးလား"
ဒေါ်တင့်က ရွာထဲမှ အကြော်လာဝယ်သော
ကလေးနှစ်ယောက်ကို အကြော်ရွေးပေးလိုက်သည်။
ကျော်စိုးနှင့် ဝင်းဖေတို့လည်း ပိုက်ဆံရှင်းပြီး
ထွက်သွားတော့သည်။ ထိုနေ့က မနက်ကိုးနာရီခန့်
အကြော်အားလုံးကုန်သွားသဖြင့် သားအမိ
နှစ်ယောက် ဆိုင်သိမ်းပြီး အိမ်ပြန်လာခဲ့
ကြတော့သည်။
XXXXX
မနက်လေးနာရီခွဲသည်နှင့် ဒေါ်တင့်တို့
သားအမိနှစ်ယောက် အကြော်လာထွက်ကြသည်။
သရဲကြောက်ပေမဲ့ စောစောမထွက်၍လည်း မဖြစ်။
မနက်ငါးနာရီနောက်ပိုင်းဆိုလျှင် ခရီးသွားများရော
ရွာထဲမှ ကလေးလူကြီးများ အစာပြေစားရန်
ဆက်တိုက်လာဝယ်ကြသည်။ သွားရင်းလာရင်း
ဝင်၍လည်း စားကြသည်။
ထိုအချိန်ကို အမှီရောင်းနိုင်မှ အကြော်ရောင်းကောင်းသည်။
ကြော်ထားသမျှ ကုန်သည်။အကြော်နောက်ကျလျှင်
ရောင်းမကုန် ကျန်နေတတ်သည်။ သရဲက နေ့တိုင်းတော့
လာမခြောက်နိုင်ဟု သားအမိနှစ်ယောက် တစ်ယောက်
ကိုတစ်ယောက် အားပေးရင်း မဝံ့မရဲနှင့် ဆိုင်လာဖွင့်ခြင်း
ဖြစ်သည်။ အကြော်အိုး မီးဖိုပေါ်တင်ပြီး၍ အကြော်
စတင်ကြော်နေပြီး ဘူးသီးကြော်နှစ်ဒယ်ပြီးတော့
ပုစွန်ကြော်စကြော်သည်။
ပုစွန်ကြော်များကျက်တော့ ဘယကြော် ကြော်ရန်
ပြင်နေသည်။ ထိုစဉ် ဝင်းဖေနှင့်ကျော်စိုးတို့
ဆိုင်ရောက်လာသည် ။ ကျော်စိုးက သူ၏
ဇနီးခင်မြကို အကြော်ဆိုင်ကို ခေါ်လာသည်။
"ဒေါ်တင့် ပုစွန်ကြော်ကျက်ပြီမဟုတ်လား တစ်ပွဲချ"
"အေး ကျက်ပြီ၊ စားနေကျ ဘူးသီးကြော်
မစားတော့ဘူးလား"
"ဒီနေ့တော့ ပုစွန်ကြော်ပြောင်းပြီး စားမယ် နှစ်ပွဲသာချ"
ဒေါ်တင့်လည်း ပန်းကန်နှစ်ချပ်ထဲ ပုစွန်ကြော်များ
ထည့်ပြီး သွားချပေးလိုက်သည်။ အချဉ်ပန်းကန်ကို
သွားချပေးသည်။ နှစ်ပန်းကန် ချက်ချင်းကုန်သွားသည်။
"ဟဲ့ …သွက်လှချည်လား"
"ဒေါ်တင့်ရဲ့အကြော်က ကောင်းလို့ပေါ့
ပုစွန်ကြော်ပဲ ထည့်ပေးပါ"
"ဘယ်နှစ်ပွဲလဲ"
"နှစ်ပွဲသာ ထပ်ထည့်လိုက်"
ဒေါ်တင့်က ပုစွန်ကြော်နှစ်ပွဲထည့်ပြီး သွားချပေးလိုက်သည်။
ထိုအချိန် ရွာထဲမှ လူငယ်နှစ်ယောက် ထွက်လာပြီး
အကြော်လာဝယ်သည်။
"ကိုကျော်စိုး ခင်ဗျားက …မခင်မြကို ဘယ်တုန်းက
အကြော်ဆိုင်ခေါ်ခဲ့ဖူးလို့လဲ"
"အကြော်စားချင်တယ်ဆိုလို့ ခေါ်ခဲ့တာ"
လူငယ်နှစ်ယောက်က စကားမဆက်တော့ဘဲ
အကြော်ဖိုးရှင်းကာ ထွက်သွားတော့သည်။
"ကဲ …ဒေါ်တင့်အကြော်ဖိုး ဘယ်လောက်ကျလဲ"
"အံ့မယ် အထူအဆန်းလုပ်ပြီး မေးနေရသေးတယ်"
"တစ်ခုတစ်ဆယ်၊ စျေးမတက်သေးပါဘူး၊
လေးပွဲလေးရာပေါ့ "
"ဒီမှာ ပိုက်ဆံလေးရာ၊ ပန်းကန်အောက်ထည့်ထားခဲ့မယ်"
ဒေါ်တင့်လည်း ပဲကပ်ကြော်,ကြော်ရန် မုန့်နှစ်နယ်
ဖတ်နေသဖြင့် ပိုက်ဆံထမယူနိုင်သေး။ ထိုစဉ်မှာပဲ
ကျော်စိုးနှင့် ဝင်းဖေတို့ ဆိုင်ထဲဝင်လာသည်။
"ဒေါ်တင့် ဘူးသီးကြော်တစ်ပွဲ အမြန်ချဗျာ…"
ထိုအခါ ခေါင်းငုံ့ပြီး မုန့်နှစ်နယ်နေသော ဒေါ်တင့်
ခေါင်းမော့ ကြည့်လိုက်ပြီး …
"ဟဲ့ …ကျော်စိုး အစားကြီးလှချည့်လား
အခုပဲ သုံးယောက်သား ပုစွန်ကြော်
ပန်းကန်စားသွားကြပြီးပြီ၊ ဘူးသီးကြော်
ထပ်စားကြဦးမလို့လား"
"ဟာ အခုမှ ဝင်းဖေကို ဝင်ခေါ်ပြီး ထွက်လာခဲ့တာ၊
လယ်ထဲသွားနေကျအချိန်ထက် နောက်ကျနေလို့
အမြန်ထည့်ခိုင်းနေတာ"
"ဟဲ့ စောစောကပဲ နင်ရယ်၊ ဝင်းဖေရယ်၊ နင့်မိန်းမ
ခင်မြရယ်၊ ပုစွန်ကြော်လေးပွဲ လာစားသွားတာ၊
ပန်းကန်လေးချပ်တောင် မသိမ်းရသေးဘူး
ပန်းကန်အောက်မှာ ပိုက်ဆံလေးရာ ထားသွားတယ်"
"ဟာ မဟုတ်သေးပါဘူး ခင်မြက အိပ်ရာကတောင် မထသေးဘူး"
"နင်တို့ မနေ့ကသရဲ လူယောင်ဆောင်
သွားတယ်ဆိုလို့ ငါ့ကို လာနောက်နေကြတာလား၊
ဟဲ့ ဒီမှာ နင်တို့ စားထားတဲ့ အကြော်ပန်းကန်
လေးချပ်၊ ပိုက်ဆံတောင် မသိမ်းရသေးဘူး"
ဝင်းဖေက ပန်းကန်တွေကို မကြည့်လိုက်သည်။
ဒေါ်တင့်ကလည်း ကြည့်နေသည်။
"ဒီမှာ ပိုက်ဆံတစ်ပြားမှ မတွေ့ပါဘူး၊
ကျုပ်တို့ တရားခံ ဖြစ်နေပါ့မယ်"
ကျော်စိုးကလည်း …
"တကယ်ပြောတာ ဒေါ်တင့် ပိုက်ဆံမတွေ့ဘူး"
ကျော်စိုးကပါ ဝင်ပြောသဖြင့် ဒေါ်တင့် ထိုင်ရာက
ထလိုက်သည်။
"ဒီမှာ စာရွက်လေးရွက်တွေ့တယ်"
ညီညီညာညာရှိနေသော ဗလာစာရွက်အပိုင်းလေးရွက်ကို
ကိုင်ပြီး ပြလိုက်သည်။
"ဟင် …ငါ့ကို ပိုက်ဆံလေးရာပြပြီး ဒီမှာထားခဲ့မယ်
ပြောပြီး ထွက်သွားကြတယ် "
"ဒါဆို ကျုပ်တို့ အယောင်ဆောင်ပြီး သရဲဝင်စား
သွားတာပဲဖြစ်မယ် "
"ဒီအတိုင်းဆို ငါ အရင်းပြုတ်တော့မယ် "
"ဒေါ်တင်တို့ကို သရဲပုံ မပြသွားဘူးလား"
"နင်တို့လာနေတာသိလို့ …ထသွားတာဖြစ်နိုင်တယ်"
"ဒီအတိုင်းဆိုရင် …သရဲတွေ ဒီဝန်းကျင်မှာပဲ
ရှိနိုင်တယ်၊ နောက်နေ့တွေလည်း သတိထားပေါ့"
"ခက်တာက လူမျိုးစုံရဲ့ ပုံသဏ္ဌာန်မျိုးစုံ
ဖန်ဆင်းပြီး သွားလာနေတော့၊ ဘယ်ဟာသရဲမှန်း
သိပါ့မလဲ၊ အခုလည်း နင်တို့လာမှ သရဲမှန်းသိတာ။
ဒီနေ့ နင်တို့သာ လာမစားဘူးဆိုရင် သရဲမှန်း
ဘယ်သိပါ့မလဲ"
"အမကလည်း သရဲဟုတ်ချင်မှဟုတ်မှာ
ကိုကျော်စိုးကြီးတို့ အလကားစားချင်လို့
သရဲနဲ့ ပုံမှားရိုက်တာ ဖြစ်မှာပေါ့ "
"ဟာ ဒီကောင်မလေး အေးခင် …မဟုတ်က ဟုတ်က
ပြောတော့မယ် "
"ကဲပါ နောက်နေ့ အစောကြီး လာပြီး စကားလာ
ထိုင်ပြောနေမယ်၊ ဟုတ်လား သရဲလာတော့လည်း
စောင့်ဖမ်းရတာပေါ့ "
"အေး…စောစောနိုးလို့ လာနိုင်ရင် လာခဲ့ကြပါ။
အကြော်တစ်ပန်းကန် အလကားကျွေးမယ် "
"ဟာ ဒါဆို ကြိမ်းသေလာပြီလို့ မှတ်လိုက် "
သို့ဖြင့် သရဲလား၊ လူလား မသိဘဲ ဒေါ်တင့်
မုန်းလေးပွဲ အလကား ပေးလိုက်ရပြန်သည်။
ကိုးနာရီကျော်ကျော် ဆိုင်သိမ်းပြီး သားအမိ
နှစ်ယောက် အိမ်သို့ ပြန်ခဲ့သည်။
XXXXX
ထုံးစံအတိုင်း လေးနာရီကျော်ကျော်ခန့်တွင်
ဒေါ်တင်တို့ သားအမိ ဆိုင်လာဖွင့်ကြသည်။
မီးမွှေးပြီး အကြော်အိုးတင်ကာ ဘူးသီးကြော်
စ၍ ကြော်တော့သည်။ ဘူးသီးကြော်ပြီးသည်
နှင့် ပုဇွန်ကြော် စ၍ ကြော်သည်။ ပုဇွန်တစ်
ဒယ်ဆယ်လိုက်သည်။ ထိုအချိန်မှာပဲ…
" ဝုန်း …ဝုန်း… ဝုန်း…ဝရော…ဝုန်း"
"ဟဲ့ …သောက်ပလုတ်တုတ်…ဘာတွေဖြစ်တာလဲ"
"အမေ …ကုက္ကိုပင်အကိုင်းပေါ်မှာ ဘာကောင်
တက်ခုန်နေလဲ ကြည့်ပါဦး"
ထိုအချိန်မှာပဲ…အပေါ်မှ ရှည်လျားသောလက်ကြီး
အောက်သို့ တွဲလောင်းကျလာသည်။ လက်ဝါးကို
ဆုပ်လိုက် ဖြန့်လိုက်နှင့် တစ်ခုခုကို တောင်းနေသလိုပင်။
" အမေ …အမေ …သရဲလက်ကြီး"
ဒေါ်တင့်က သရဲလက်ကြီးနှင့်နီးသလို
အကြော်ထည့်ထားသော ဗန်းနှင့်လည်းနီးသဖြင့်
ကြောက်ကြောက်လန့်လန့်နှင့် ဘူးသီးကြော်
လေးခုခန့် ထည့်ပေးလိုက်သည်။
"ဝှစ် …ဝှစ် …ဝှစ် …"
"အမေ …အကြော်တွေ ပြန်ပစ်ချလိုက်ပြီ"
လက်က ပြန်ကျလာပြီး လက်ကို ဆုတ်လိုက်
ဖြန့်လိုက် လုပ်ပြနေသည်။
"အမေ…ပုဇွန်ကြော်ထည့်ပေးလိုက်"
ဒေါ်တင့်က ပုဇွန်ကြော်သုံးခု ထည့်ပေးလိုက်သည်။
လက်ကြီး အပေါ်တက်သွားသည်။
"ဘယ်လိုလုပ်ကြမလဲ အမေ"
"နေပါဦး ခဏစောင့်ကြည့်ပါဦး"
နောက်ထပ် လက်…ထပ်ကျလာသည်။ လက်က
တစ်ချောင်းမဟုတ် သုံးချောင်းဖြစ်နေသည်။
"ဟာ လက်တွေက များလာပြီ သုံးချောင်းတောင်"
ထိုအချိန်မှာ ကျော်စိုးနှင့် ဝင်းဖေတို့ အကြော်ဆိုင်သို့
ရောက်လာကြသည်။
"ဟာ…"
"ဟာ…ဒေါ်တင့် …ဒေါ်တင့် …ဒေါ်တင့်တို့ဆိုင်
အပေါ်မှာ တွဲလောင်းကြီးတွေ"
ကျော်စိုးက သရဲများကို မြင်လိုက်သဖြင့်
ထိတ်ထိတ်ပျာပျာနှင့် လှမ်းအော်လိုက်သည်။
ကျော်စိုးအော်သံကြောင့် သစ်ပင်ပေါ်က
သရဲများ ရိပ်ခနဲ ပျောက်သွားသည်။
"ဒေါ်တင့်ပြောတဲ့ သရဲသုံးကောင် ဒီကုက္ကိုပင်ပေါ်
ခိုကပ်နေတာလား မသိဘူး"
"ဟုတ်ပါတယ် …သရဲဆိုတာ အညှီအဟောက်
ကြိုက်တယ်မို့လား ရိုးရိုးအကြော်ကို မစားဘူး၊
ပုစွန်ကြော်ကိုမှ စားတာ"
"ဒါဆို ဒီသရဲတွေ ဘယ်မှမသွားဘဲ၊ ဒီညောင်ပင်နဲ့
ကုက္ကိုပင်မှာ ခိုကပ်နေတာဖြစ်မယ် "
"အေး ဒီအတိုင်းဆိုရင် ငါတို့ နောက်နေ့
အကြော်လာ မဖွင့်ရဲတော့ဘူး"
"နင်တို့နှစ်ယောက် လင်းတဲ့အထိ နေပေးပါ။
နောက်နာရီဝက်လောက်ဆိုရင် လင်းထိန်နေပါပြီ"
"ရပါတယ် စောင့်ပေးပါ့မယ်"
"အကြော်ဆိုင်မှာ စကားပြောသံများ အဆက်မပြတ်
သဖြင့် သစ်ပင်ပေါ်က သရဲများ လှုပ်ရှားသံမကြားရ။
"ဟင်…ဟင်…အေးခင် …ကုန်ပါပြီတော်"
"အမေ …ဘာဖြစ်လို့လဲ "
"ဒေါ်တင့် …ဘာဖြစ်လို့လဲ"
"ငါတို့ စကားများနေကြတုန်း အကြော်ဗန်းထဲက
ပုဇွန်ကြော်တွေ ယူသွားပြီ၊ ဗန်းထဲမှာ တစ်ခုမှ မရှိတော့ဘူး"
"ဘယ်လိုယူသွားတာလဲ"
"အဲ့ဒါတော့ ငါလည်း ဘယ်ပြောတတ်မလဲ။
ဒီမှာ အခု သုံးဆယ်လောက်ရှိတာ၊ ပုဇွန်ကြော်
ဆိုလို့ တစ်ခုမှ မရှိတော့ဘူး"
"အမေတို့ ရိပ်တိတ်လေးတောင် မမြင်လိုက်ဘူးလား"
"အေးခင်ကလည်း နာနာဘာဝတွေ၊ သရဲတွေဆိုတာ
ကမ္မဇိဒ္ဓိတန်ခိုးအစွမ်း ရှိကြတယ်၊
သူတို့က မမြင်စေချင်ရင် ဘယ်သူမှ မမြင်ရဘူး"
ပုစွန်ကြော်ရှိသမျှ အကုန်ယူစားသွားသဖြင့်
သရဲများ ဤနေ့အတွက် ဗိုက်ပြည့်သွားပုံရသည်။
သစ်ပင်ပေါ်က လှုပ်ရှားသံဟူ၍ မကြားရတော့။
ဒေါ်တင့်တို့သားအမိနှစ်ယောက်လည်း ကြောက်
ကြောက်လန့်လန့်နှင့်ပင် အကြော်များ ကုန်အောင်
ရောင်းပြီးမှသာ ဆိုင်ပိတ်ပြန်ခဲ့ကြသည်။
ဒေါ်အေးညွှန့်နှင့် ဒေါ်လုံးတို့နှစ်ယောက် လယ်ကွင်း
ထဲမှာ နေကြသော တဲတန်းတစ်လျှောက်၊ ကုန်စိမ်း
ကုန်ခြောက် လည်ပတ်ရောင်းနေသူများဖြစ်သည်။
ညနေ ငါးနာရီခွဲခန့် အရောင်းသိမ်းပြီး ရွာသို့
ပြန်ဝင်ခဲ့ကြသည်။ အောက်စုရွာအဝင် ကုက္ကိုပင်
အောက်သို့ အရောက် ခေါင်းပေါ်မှာ ရွက်လာသော
တောင်းနှစ်တောင်းကို အပေါ်သို့ ဆွဲယူလိုက်သည့်
အတွက် မော့ကြည့်လိုက်မိကြသည်။
"ဟင် …ငါ့တောင်းကို သရဲဆွဲယူသွားပြီ"
"ငါ့တောင်းလည်း …ပါသွားပြီ"
"အမယ်လေး လာကြပါဦးတော့…သရဲ သရဲ"
အကောင်ကို မမြင်ရဘဲ တောင်းများ သစ်ပင်ကြီး
ပေါ်သို့ ယူသွားသည်ကို အတိုင်းသား မြင်ရသည်။
ဒေါ်အေးညွှန့်နှင့် ဒေါ်လုံးတို့၏ အသံစူးစူးရှရှ
အော်လိုက်သော အသံကြောင့် ရွာတွင်းနီးစပ်ရာမှ
လူတော်တော်များများ အပြင်သို့ ထွက်လာကြသည်။
အချိန်က ခြောက်နာရီနေဝင်ကာစပင် ရှိသေးသည်။
"ဝုန်း …ဘုန်း…"
"အမယ်လေးတော့ …ကုန်ပါပြီ"
သစ်ပင်ကြီးအောက်သို့ တောင်းနှစ်လုံး ပြန်ကျ
လာသည်။ ဒေါ်လုံးနှင့် ဒေါ်အေးညွန့်တို့နှစ်ယောက်
လိမ့်ထွက်သွားသော တောင်းကို လိုက်ဖမ်းကြသည်။
"ကုန်ပါပြီတော် ပါသွားပြီ"
"ဒေါ်လုံးတို့ တောင်းတွေထဲမှာ ကုန်ခြောက်အပြင်
ဘာတွေ ပါလို့လဲ"
"ကညင်စုရွာမှာ အမဲပေါ်လို့ တစ်ယောက်ကို
ငါးဆယ်သား တစ်တွဲစီဝယ်ပြီး ပြန်ခဲ့တာ"
"မအေးညွှန့်က သူ့အမေအတွက် အပိုတစ်တွဲ
ဝယ်ခဲ့သေးတယ်"
တောင်းနှင့်အတူ ကုန်စိမ်း၊ ကုန်ခြောက် လက်ကျန်များ
ပြန်ကျလာသော်လည်း အမဲသားတွဲများ ပါမလာတော့။
"ဒီသရဲတွေ ဒေါ်တင့်အကြော်တွေ အလကားစားနေလို့
ဒေါ်တင့်လည်း ဆိုင်မထွက်ရဲတော့ဘူး …အခုလည်း
လမ်းသွားလမ်းလာတွေရဲ့ စားစရာတွေပါ လုစားနေပြီတဲ့"
XXXX
တစ်ရက် သရဲအကြောင်း သိမထားသော နွားကျောင်းသား
လေး လယ်ကွင်းထဲမှအပြန် ကုက္ကိုပင်နား အပေါ့
သွားမိသည်။ ထိုစဉ် နွားကျောင်းသားလေးနောက်သို့
သရဲကြီးတစ်ကောင် ခုန်ဆင်းလာပြီး ကျောကိုပုတ်ကာ
မျက်လုံးကြီး ပြူးပြီး လျှာထုတ်ပြသည်။ သူ့ရှေ့မှာပင်
ခေါင်းကြီးပျောက်သွားပြီး ခေါင်းမပါသော ခန္ဓာကိုယ်
ကြီးက သစ်ပင်ပေါ်သို့ ကုတ်တက်သွားသည်ကို
တွေ့လိုက်ရသည်။
နွားကျောင်သားလေးလည်း သရဲကြီးကိုမြင်ပြီး
အကြောက်လွန်ကာ ထိုနေရာမှာပင် မေ့လဲနေ
တော့သည်။ လယ်ကွင်းထဲမှ ပြန်လာသူများ
တွေ့သဖြင့် ကောင်လေး၏ အိမ်သို့ ခေါ်လာ
ပေးကြသည်။ အိမ်ရောက်၍ ပြုစုသော်လည်း
တစ်ညလုံး သတိပြန်မလည်လာခဲ့။
နောက်နေ့ရောက်၍ သတိပြန်ရသော်လည်း
စကားမေး မရ။ ကြောင်စီစီ ဖြစ်နေတော့သည်။
သို့ကြောင့် လူကြီးတွေစုပြီး ထိုသရဲကိစ္စကို တိုင်ပင်ကြသည်
"ဒီသရဲကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊
ဦးမောင်ဖြူက ရှေ့မီနောက်မီဆိုတော့
ဗဟုသုတလေးများရှိရင် ဝေမျှစမ်းပါဦး"
"ဒီကိစ္စကို ငါလည်း ဘာမှမတတ်နိုင်ဘူး သိန်းဇံရ။
သရဲနိုင်တဲ့ ဆရာခေါ်ပြီး နှင်ချင်နှင်။ ဒါမှမဟုတ်
ရွာဦးကျောင်းဆရာတော်ကိုပင့်ပြီး အန္တရာယ်ကင်း
ပရိတ် ရွတ်ချင်ရွတ် ဒီလောက်ပဲ အကြံပေးနိုင်တယ်"
"ဟုတ်တယ် ဦးမောင်ဖြူပြောသလို ရွာဦးဆရာတော်
ကျောင်းက ဘုန်းကြီးငါးပါးပင့်ပြီး ပရိတ်ရွတ်လိုက်ရင်
ဒီသရဲတွေ ဘယ်နေနိုင်ပါမလဲ"
"ကျုပ်တို့ဆန္ဒလည်း အတူတူပဲ။ ပရိတ်ရွတ်လိုက်စေချင်တယ်"
"ဒါဆို အချိန်မဆိုင်းမနေနဲ့၊ ဒီညနေ
ကုက္ကိုပင်ကြီးအောက်မှာ ဘုန်းကြီးငါးပါးပင့်ပြီး
ပရိတ်ရွတ်ကြတာပေါ့ "
"မောင်စိုးသိန်းနဲ့ တင်ထွန်းတို့က ပရိတ်ရွတ်ဖို့
ဖြစ်အောင် စီစဉ်လိုက်၊ ငါနဲ့ ဦးထွန်းငွေ
ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးပင့်
ထားလိုက်မယ် ပရိတ်အိုး၊ ပရိတ်တောင်း၊
ကန်တော့ပွဲ၊ ဘုန်းကြီးတွေ အအေးကပ်ဖို့
ရွာထဲမှာ အလှူငွေလည်း လိုက်ကောက်
ထားကြဦး"
"စိတ်ချ …ဦးလေး၊ ကျနော်တို့ လိုလေးသေးမရှိ
ဖြစ်မြောက်အောင် စီစဉ်ထားမယ်၊ ဦးလေးတို့သာ
ဘုန်းကြီးပင့်ဖို့ တာဝန်ယူ "
ညနေငါးနာရီခန့် ကုက္ကိုပင်ကြီးအောက်မှာ
ပရိတ်ရွတ်ပွဲ စီစဉ်ပြီးမြောက်ခဲ့သည်။
ကုက္ကိုပင်ကြီးပေါ်မှာရှိသော ခေါင်းပြတ်၊
ဗိုက်ပေါက်၊ ကိုယ်ပြားသရဲသုံးကောင်
ကတော့ ပရိတ်ရွတ်တော့မည်ဟု
စီစဉ်နေသည့် အချိန်ကစပြီး အောက်စု
သင်္ချိုင်းဘက်သို့ သွားပြီး ရှောင်တိမ်း
နေကြသည်။
ပြန်လာတော့ ကုက္ကိုပင်ကြီးကို ပရိတ်ချည်များ
ပရိတ်ရေများ ပက်ဖျန်းထားသဖြင့် လွတ်လွတ်
ကင်းကင်းရှိနေသော ညောင်ပင်ပေါ်သို့ တက်ပြီး
နေတော့သည်။ ကုက္ကိုပင်ပေါ်သို့ တက်၍မရတော့။
ညဘက်ရောက်တော့ သရဲသုံးကောင် ထိုအနီးနားမှာ
ရှိသေးကြောင်း ရွာသားတို့ သိလိုက်ရသည်။
တာပေါ်မှ လမ်းလျှောက်ပြန်လာသူများကို
ညောင်ကိုင်းများ လှုပ်ယမ်းပြသည်။ ခဲကောက်၍
နောက်ကျောကို ပစ်ပေါက်သည်။ ဖုန်များ၊
သဲများ ခေါင်းပေါ်သို့ လောင်းချသည်။
နည်းမျိုးစုံနှင့် ခြောက်လှန့်သည်။
ရွာသားတို့လည်း ထိုသရဲများသည် အန္တရာယ်ကင်း
ပရိတ်ရွတ်စဉ် အဝေးသို့ ရှောင်ထွက်သွားပြီး
ပရိတ်ရွတ်ပြီးမှ ပြန်လာခြင်း ဖြစ်နိုင်သည်ဟု
မှတ်ယူကြသည်။ မှောင်ရီဝိုးတဝါး ရွာသို့
ပြန်လာသူများ ၊ ဖြတ်သွားကြသူများ ညောင်ပင်
ပေါ်မှ အူတွေအခွေလိုက် ထွက်နေသော
သရဲမကြီး ဆင်းလာသည်ကို မြင်သူရှိသည်။
ခေါင်းပြတ်နေသော သရဲအခြောက်ခံရသူလည်း
ရှိသည်။ ကိုယ်ခန္ဓာပြားချပ်နေသော သရဲကြီး
အခြောက်ခံရသူလည်းရှိသည်။ ညခုနှစ်နာရီ
နောက်ပိုင်း အခြောက်ခံရသူတို့၏ ထိတ်လန့်
ချောက်ချားဖွယ် အော်ဟစ်သံများကို ရွာသား
များ မကြာမကြာ ကြားနေရသည်။
ထို့နောက် သရဲအကြောင်းသိသူများ အမှောင်
ခံ၍ ဖြတ်သွားဖြတ်လာ မလုပ်ကြတော့ချေ။
ပရိတ်ရွတ်ပြီးနောက်ပိုင်း သရဲအခြောက်ကြမ်း
လာသဖြင့် ရွာသားများလည်း အောက်စုရွာမှ
အပြင်သို့ အသွားအလာ နည်းသွားသည်။
ရပ်ကွက်လူကြီးနှင့် ဦးမောင်ဖြူတို့ ခေါင်းချင်းဆိုင်
တိုင်ပင်ကြပြန်သည်။
"ဦးလေးမောင်ဖြူ …ဦးလေးမောင်ဖြူ"
"ဟေ့ …တင်မောင်လား"
"ဟုတ်တယ် ဦးလေးရေ…အိမ်ပေါ်တက်ခဲ့မယ်"
"လာလေကွာ …ရေနွေးကြမ်း အဆင်သင့်ရှိတယ်၊
မောင်လှတို့ စံသိန်းတို့လည်း ရောက်နေတယ် "
"ရွာထဲက သရဲသုံးကောင် …ပရိတ်ရွတ်ပြီး
နှင်တာ ထွက်မသွားဘဲ၊ ပိုသောင်းကျန်းလာလို့
ဘယ်လိုလုပ်ရင် ကောင်းမလဲ တိုင်ပင်နေကြတာ"
"ကျနော်လည်း ဒီကိစ္စ တိုင်ပင်မလို့ လာခဲ့တာ"
"ကဲ ထိုင်ကွာ…မင်းပြောနေချင်တာလည်း ပြောပေါ့"
"ဒီသုံးကောင်က လည်တဲ့ပုံပဲ ဦးလေးရ၊
ပရိတ်မရွတ်ခင်ကတည်းက ရှောင်နေပြီး
ပြီးမှ ပြန်ရောက်လာတဲ့ပုံပဲ"
"ဒေါ်တင့် …ပြောစကားအရဆို၊ သူတို့ ခိုကပ်
နေတာက ကုက္ကိုပင်မှာ၊ အခုညောင်ပင်မှာ
ပြောင်းနေကြတယ်၊ ပရိတ်ထပ်ရွတ်ပြီး ညောင်
ပင်ကိုပါ ပရိတ်ချည်နဲ့ပက် ပရိတ်ရေနဲ့ဖျန်း
ဘယ့်နှယ်လဲ"
"အဲ့ဒီအပင်တွေကို ဖျန်းရင် နောက်အပင်မှာ
ပြောင်းနေမှာပေါ့၊ တစ်ခါတည်း အပြီးထွက်သွား
စေချင်တာ"
"ဒါနဲ့ မောင်တင်မောင် …ဘာပြောချင်လို့လဲ"
"ကျနော် ညက စဉ်းစားမိလို့ ၊ ဒီလိုလုပ်ရင်
ကောင်းမလား တိုင်ပင်မလို့လာခဲ့တာ…အရှေ့
စံလှရွာမှာ…ပယောဂမျိုးစုံ ၊ စုန်း ၊ ရွာသူအစွဲ
မျိုးစုံ ကုပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်
အဲဒီဆရာကြီးက ဘုရားလည်း တရားလည်း
ကြည့်ညိုတယ်…ပယောဂကုတဲ့ ဆရာကြီး
ဆိုပြီး အဲဒီရွာမှာ နာမည်ကြီးနေတာ အခုလို
သရဲ တစ္ဆေတွေ သောင်းကျန်းနေတာကိုလည်း
ဆုံးမနိုင်မယ် ထင်တယ်"
"ဟာ …တင်မောင်ပြောမှ ကျနော်လည်း
သတိသွားရတယ်
ဟုတ်တယ်…စံလှရွာက ဆရာကြီး
အတော်စွမ်းတယ် ကျတော်မျက်မြင်ပဲ မေ့နေလို့
မပြောဖြစ်တာ"
"မင်းက ဘယ်လိုမျက်မြင်လဲ ထိန်ပင်ရွာက
ကျနော့်မိတ်ဆွေသမီး …ညနေ ကန်မှာ ရေဆင်းခပ်ပြီး
အပြန် ကန်အနီးမှာရှိတယ် ညောင်ကြပ်ပင်က
သရဲကပ်ပြီး ပါလာတယ်၊ အဲဒီသရဲလည်း
ကပ်ရော အိမ်မှာ သောင်းကျန်းတာမှ လွန်ရောပဲ၊
ထမီတောင် မကပ်လို့ ကြိုးနဲ့ချည်ပေးထားရတယ်
အစားဆိုလည်း နေ့စဉ်ချက်ကျွေးရတယ်
ဆရာမျိုးစုံနဲ့ကုတာ ၊ ဆရာတွေ ပြန်ပြေးရတာပဲ၊
နောက်ဆုံး စံလှရွာက ဆရာကြီးနဲ့ ကုမှ
ဆရာကြီးအိမ်ပေါ်တက်လာကတည်းက
ငြိမ်လို့ဆိုပဲ "
"သရဲက သူ့ကိုနိုင်မယ့်ဆရာမှန်း သိလို့ပေါ့ "
"ဟုတ်တော့ဟုတ်တယ်…ဒါပေမဲ့ မထွက်ဘဲ
အတော်တင်းခံနေလို့ ဆရာကြီး ထကြမ်းတော့မှ
သရဲအိမ်ပေါ်ကို ခုန်ဆင်းပြေးတာ၊ သရဲထွက်
သွားရော ကောင်မလေးလည်း ပြန်ကောင်း
သွားတာ …လက်တွေ့မြင်ခဲ့တယ်"
"ဒါဆို …မင်းနဲ့တင်မောင်တို့နှစ်ယောက်
စံလှရွာသွားပြီး အဲဒီဆရာကြီးကို ပင့်ခဲ့ကြကွာ
အကျိုးအကြောင်းလည်း ပြောပြ ဟုတ်လား"
"သူမေးရင်တော့ သိသမျှ ပြောပြပါမယ် "
"ကဲ ဒါဆို ဘယ်နေ့သွားမလဲ"
"မနက်စောစော အိမ်ကလှည်းနဲ့ သွားကြမယ်"
"ကဲ ဆရာကိစ္စ စီစဉ်ပြီးပြီဆိုတော့ ရေနွေးကြမ်း
သောက်ကြကွာ…လက်ဖက်နဲ့ ပဲကြမ်းကြော်ရှိတယ်
အေးအေး ဆေးဆေးမှပြန်ကြ"
သို့ဖြင့် ဆရာပင့်ရေး တိုင်ပင်ဆွေးနွေးကြပြီးနောက်
ရေနွေးကြမ်း ခဏမျှ ထိုင်သောက်၍ ဦးမောင်ဖြူကို
နှုတ်ဆက်ကာ အားလုံး ပြန်ခဲ့ကြသည်။
XXXXX
စံလှရွာမှ ဆရာဦးကံသာကို ပင့်ဆောင်လာကြသော
ဦးတင်မောင်နှင့် ဦးမောင်လှတို့ လှည်းမောင်းပြီး
ဦးမောင်ဖြူအိမ်သို့ ရောက်လာကြသည်။
ဆရာဦးကံသာက အသက်ခြောက်ဆယ်ခန့်သာ
ရှိသေးသည်။ အိမ်ဦးခန်းမှာ ဖျာပေါ် ဝင်ထိုင်ပြီး
လွယ်အိတ်ကို ဘေးချကာ ဘုရားကို ဦးတိုက်
ရှိခိုးလိုက်သည်။ရောက်မဆိုက်ပင် အဖြစ်အပျက်ကို
ရှင်းပြသည်။
"ကဲ ကဲ ဘာမှမစိုးရိမ်ကြနဲ့ ဆရာ ဒီကိစ္စ
ဆောင်ရွက်ပေးပါမယ်။ သရဲက တစ်ကောင်ဆို
အကြောင်းမဟုတ်ဘူး။ အခု သရဲက သုံးကောင်
ဖြစ်နေတယ် "
"ဆရာ စိတ်မရှိပါနဲ့၊ သုံးကောင်ဆို ဆရာနှိမ်နင်းဖို့
လွယ်ပါ့မလား"
"ဆရာရဲ့ အာဏာစက်နဲ့တော့ ဒီသရဲသုံးကောင်ကို
နှင်လို့ မလွယ်ဘူး၊ သူတို့ကို နိုင်မယ်သူနဲ့ တွေ့
ပေးရသေးတာပေါ့ ။ ကိုတင်မောင်တို့ ပြောစကား
အရဆို ဒီကိစ္စအမြန်ရှင်းပေးမှ ဖြစ်မယ် အစာ
မစားရတာ ကြာရင် ရွာထဲဝင်ပြီး တိရစ္ဆာန်တွေ
ဆွဲစားရင် မဖြစ်ဘူး"
"သရဲတိုင်း ခြောက်လှန့်တာတို့ လုယက်
စားသောက်တာတို့ မလုပ်ကြပါဘူး။
"ဒီသရဲတွေကို နှိမ်နင်းပေးပါဆရာ"
"စိတ်မပူပါနဲ့ ဆရာဆောင်ရွက်ပေးပါ့မယ်"
"ကဲ…ကိုတင်မောင် …ညနေ လေးနာရီ၊
ငါးနာရီလောက်မှာ ကြက်တစ်ကောင်ရှာပြီး
တစ်ကောင်လုံး ခုတ်ထစ်ပြီးချက်၊ အပေါ့အငန်
မမြည်းနဲ့၊ နနွင်းမထည့်နဲ့ ၊ ဆန်လေးလုံးကိုလည်း
သီးသန့်ချက်။ ညရှစ်နာရီလောက် အားလုံး
ကျက်ရင် ရပြီ"
"ငါးနာရီလောက်ချက်ရင် ခြောက်နာရီ
မကျော်ပါဘူး၊ ကျက်နေပါပြီ"
"ဆရာအသုံးပြုမှာက ညရှစ်နာရီခွဲနဲ့ ကိုးနာရီကြား
ချင့်ချိန်ပြီး ချက်ပေါ့ ၊ ဒီရွာနဲ့ သင်္ချိုင်းနီးလား"
"ဟုတ်ကဲ့ …နီးပါတယ် "
"ညကိုးနာရီအရောက် ဆရာဦးဆောင်ပြီး သင်္ချိုင်းထဲ
သွားကြမယ်၊ နတ်ဝင်သည် အမျိုးသမီးတစ်ယောက်
ခေါ်သွားရမယ်၊ မကြောက်မလန့် သတ္တိရှိတဲ့ ရွာသား
သုံးယောက်လည်း ခေါ်သွားချင်တယ်၊ ခင်ဗျားတို့
စီစဉ်ပေးကြပါ "
"ဟုတ်ကဲ့ …ကျနော် စီစဉ်လိုက်ပါ့မယ် ဆရာကြီး"
မကြာခင်မှာပင် လိုက်မည့်သူများ စီစဉ်ပြီးကြောင်း
ဦးတင်မောင် လာအကြောင်းကြားသည်။
XXXX
ညရှစ်နာရီခွဲကျော်သည်နှင့် ဆရာဦးကံသာ
ဦးဆောင်ပြီးရှေ့ကသွားသည်။ အသက်လေးဆယ်
ခန့်ရှိသော နတ်ဝင်သည်တစ်ယောက်နှင့်
ထမင်းတောင်းထမ်းလာသော ယောင်္ကျားသုံး
ယောက်တို့ နောက်မှ ပါလာသည်။ အောက်စု
သင်္ချိုင်းက အမှောင်အောက်မှာ ငြိမ်သက်စွာ
ရှိနေသည်။ သင်္ချိုင်းအတွင်းမှ ပိုးဖလံမျိုးစုံ
အော်သံများ ကြားနေရသည်။
အဝေးဆီမှ ခွေးအူသံတစ်ချက် ထွက်လာသလို
ကောင်းကင်မှ ညဉ့်ငှက်အော်သံတစ်ချို့ကိုပါ
ကြားနေရသည်။ လူငါးယောက်က သင်္ချိုင်းနား
ရောက်သွားသည်။ သင်္ချိုင်းအတွင်း အုတ်ဂူများများ
စားစား မရှိ။ အုတ်ဂူအဟောင်း အသစ် ဆယ်
လုံးခန့်သာ ရှိသည်။ မြေဖို့ သင်္ဂြိုဟ်သူ များသဖြင့်
ဂူနည်းနည်းသာရှိခြင်း ဖြစ်သည်။
"ကဲ…ဒီရှေ့က ဂူအပေါ်ကို သစ်ရွက်အမှိုက်
ရှင်းပြီး ငှက်ပျောရွက်တွေ ဖြန့်ခင်းလိုက်
ငှက်ပျောရွက်အပေါ် ထမင်းပုံ ဟင်းတွေပါပုံလိုက်၊
ဖလားထဲကို ပုလင်းထဲကရေဖြည့်ပြီး တင်ထားလိုက်၊
ကဲ ပြင်ဆင်ပြီးရင် ဆရာကြီးနောက်မှာ ရပ်နေကြ။
တူမကြီးက ရှေ့ကိုထွက်ခဲ့။ ဆံပင်ကို ကျောပေါ်
ဖြည်ပြီး ဖြန့်ချလိုက် ပြီးရင် အဲဒီဂူဘေးမှာ
ဒူးထောက်ပြီး ထိုင်လိုက် "
နတ်ဝင်သည် အမျိုးသမီးက ဆရာကြီးခိုင်းသည့်
အတိုင်း လိုက်နာဆောင်ရွက်နေသည်။
"ကဲ …မျက်လုံးမှိတ်ပြီး စိတ်ကိုလျော့ထား၊
လက်အုပ်ချီချင်လည်း ချီထား ဆရာ မဖဲဝါကို
ခေါ်ပင့်တော့မယ် တောပိုင် တောင်ပိုင်၊ ကွင်းပိုင်
အပေါင်းတို့ သင်္ချိုင်းတို့ကို စောင့်ရှောက်နေသော
ဝိညာဉ်တို့၏ အရှင် မဖဲဝါအား ရောက်ရာ
အရပ် ရောက်ရာဒေသ ရှိရာအရပ်သို့ အကြောင်း
ကြားပေးစေလိုပါသည်။ မဖဲဝါခင်ဗျား …ဤနေရာ
ဤအရပ်မှ သင့်အား ပင့်ဖိတ်ပါသည်။ အကူအညီ
တောင်းရန် ကိစ္စရှိပါ၍ ရောက်ရာအရပ်မှ
အမြန်လာရောက်၍ စားပွဲများလည်း သုံးဆောင်ပါ
မဖဲဝါခင်ဗျား ရောက်ရာအရပ်မှ အမြန်လာရောက်
စေလိုပါသည် "
ဆရာကြီးက နှစ်ကြိမ်မျှ ပင့်ခေါ်လိုက်သည်နှင့်
သင်္ချိုင်းအတွင်း သစ်ပင်ထက်မှာ …နားခိုနေကြ
သော ငှက်တိရစ္ဆာန်များ ဆူညံသွားသလို
သစ်ပင်သစ်ကိုင်း၊ ချုံပုတ်များ လှုပ်ခတ်သွား
သည်ကိုလည်း အားလုံးမြင်ရသည်။
လေတိုးသံများကလည်း ဆူညံသလို ဖြစ်လာသည်။
ဆရာကြီးနောက်ကလူများ တစ်ယောက်နှင့်
တစ်ယောက် ပူးကပ်သွားကြသည်။ သူတို့အနီးသို့
မည်းမည်းအရိပ်ကြီးတစ်ခု ဝင်လာပြီး နတ်ကတော်
ထံ ဝင်ရောက်ပူးကပ်သွားသည်။
နတ်ကတော် အမျိုးသမီးလည်း ဆတ်ခနဲတုန်
လှုပ်သွားပြီး ခဏအတွင်း ဂူပေါ်ခုန်တက်ကာ၊
ထမင်းနှင့် ဟင်းစားကို စားနေပါတော့သည်။
ခဏအတွင်း ဆန်လေးလုံးချက်နှင့် ကြက်
တစ်ကောင်လုံး ချက်ထားသော ဟင်းများကို
အားရပါးရ စားနေပါတော့သည်။ မကြာခင်မှာပဲ
နည်းနည်းလေးသာ ကျန်တော့သည်။
မိန်းမတစ်ယောက် မဆိုထားဘိ ယောင်္ကျား
တစ်ယောက်ပင် ခဏအတွင်း ကုန်အောင်မစားနိုင်။
ကြက်ရိုးများကိုလည်း ထွေးထုတ်စွန့်ပစ်ခြင်းမရှိ၊
ပါးစပ်ထဲသွင်းသမျှ အကုန်အစင် စားပစ်မည်။
"ကဲ ပြော…ငါ့ကိုခေါ်ပြီး …ဘာသိချင်တာလဲ
"အောက်စုရွာစွန်က ကုက္ကိုပင်မှာ လာရောက်
နေထိုင်တဲ့ သရဲသုံးကောင်ဟာ လူတွေကို
ခြောက်လှန့်နေလို့ မဖဲဝါကို လာတိုင်အကြောင်း
ကြားရခြင်း ဖြစ်ပါတယ် "
"အော်…သိပြီ…တလောက ငါ့သင်္ချိုင်းကို
ကားမှောက်ပြီး သေတဲ့ အလောင်းသုံးလောင်း
ရောက်လာတယ်။ ဒင်းတို့ သုံးကောင်ပေါင်းပြီး
အောက်စုရွာမှာ ခိုကပ်နေခဲ့တယ်ပေါ့။ ဟုတ်ပြီ
သူတို့နေတဲ့ သစ်ပင်အောက်မှာ စားစရာရနေတာကို
အခုမစားရတော့လို့ စိတ်ဆိုးပြီး ခြောက်လှန့်
နေတာပဲ စားစရာတွေ့ရင် လုစားကြတယ်
နောက်စားစရာမစားရရင် ရွာထဲဝင်ပြီး
သတ်ဖြတ်စားတော့မယ်၊ ငါ့လက်စွဲခွေး
တွေကို လွှတ်လိုက်ပြီ။ ဘာမှ စိုးရိမ်မနေနဲ့။
မကြာခင် ခေါ်လာလိမ့်မယ်။
ပြီးရင်…သူတို့ရဲ့ခန္ဓာကိုယ်တွေ မြှုပ်နှံထားတဲ့ ထိန်ပေါက်ရွာသင်္ချိုင်းကိုဆုံးမပြီး ပြန်လွှတ်လိုက်မယ်
မင်းတို့လည်း စိတ်ချလက်ချ ပြန်ကြတော့ "
မဖဲဝါကပြောရင်း…ဖလားကို ယူလိုက်ကာ အထဲက
ရေများကို အားပါးတရ မော့သောက်ပြီး နတ်ဝင်သည်
ခန္ဓာကိုယ်မှ ထွက်ခွာသွားသဖြင့် နတ်ဝင်သည်
အမျိုးသမီးလည်း ထိုင်နေရာက ခွေကျသွားသည်။
"ကဲ …သူ့ကို အောက်ကို မ,ပြီးချပေးလိုက်ကြ"
ယောင်္ကျားသုံးယောက်လည်း နတ်ဝင်သည်ကို
ဂူဘေးသို့ မချလိုက်သည်။ ဆရာကြီးက ရေပုလင်းထဲမှ
လက်ကျန်ရေဖြင့် မျက်နှာကိုတောက်လိုက်သည်။
ခဏအတွင်း သတိပြန်လည်လာသည်။
"ကဲ…ကလေးမ တို့အားလုံး ရွာပြန်ကြစို့ "
ဆရာကြီးနှင့် အဖွဲ့သားများကို ရွာသို့ ပြန်လာစဉ်
အောက်စုရွာ အစွန်မှထိန်ပေါက်ရွာဘက်သို့
မည်းမည်းသဏ္ဍာန်များ ပြေးလွှားသွားသည်ကို
ကောင်းကင်အလင်းရောင်ဖြင့် မြင်လိုက်ကြရသည်။
"ဝေါင်း …ဝေါင်း …ဝေါင်း …"
မည်းမည်းသဏ္ဍာန်ကြီးနောက်မှ ကျယ်လောင်သော
ခွေးဟောင်သံကြီးကို ကြားလိုက်ရပြီး ရွာနှင့် ဝေး၍
သွားသည်ကိုလည်း အားလုံးကြားနေရသည်။
"ကဲ…အဲဒါ မဖဲဝါရဲ့ လက်စွဲခွေးကြီးပဲ၊
သရဲသုံးကောင်ကို လိုက်မောင်းနေတာ မြင်ပြီ
မဟုတ်လား…နောက်နေ့ကစပြီး သရဲသုံးကောင်
အောက်စုရွာကို ပြန်လာဝံ့တော့မှ မဟုတ်ဘူး။
စိတ်ချလက်ချသာ သွားလာကြပေတော့ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး"
မကြာခင်မှာ ရွာသို့ ပြန်ရောက်လာကြသည်။
ဆရာကြီး တည်းခိုသော ဦးမောင်ဖြူအိမ်သို့
ရောက်လာကြသည်။ ဦးမောင်ဖြူအိမ်မှာ
လူအတော်များများ ရောက်ရှိနေကြသည်။
သင်္ချိုင်းထဲမှ အတွေ့အကြုံကိုဝိုင်း၍ မေး
မြန်းကြသည်။ သင်္ချိုင်းအတွင်း လိုက်ခဲ့
ကြသူများကလည်း သိလိုသမျှ ပြောပြ
နေကြသဖြင့် ဦးမောင်ဖြူအိမ်မှာ လူစည်ကား
နေတော့သည်။ နောက်နေ့နှင့် နောက်ညတော့
ထူးခြားမှု ရှိ မရှိ သိရှိရန် ဆရာကြီးအား
တစ်ညစောင့်ပေးပါရန် ပြောထားသဖြင့်
ဆရာကြီးလည်း ရွာသားများ ကျေနပ်စေရန်
တစ်ညဆက်၍ နေပေးခဲ့သည်။
တကယ်ပင် မဖဲဝါပြောခဲ့သည့်အတိုင်း
ဗိုက်ပေါက်၊ ကိုယ်ပြား၊ ခေါင်းပြတ်သရဲ
သုံးကောင်တို့၏ ခြောက်လှန့်ခြင်းကို
ရွာသူရွာသားတို့ မကြုံကြရတော့။
ဆရာကြီးကို စုပေါင်းကန်တော့ပြီး
စံလှရွာသို့ ပြန်ပို့လိုက်ကြသည်။
ဒေါ်တင့်လည်း အကြော်ဆိုင်ပြန်ထွက်
ပြီဖြစ်သည်။ အောက်စုရွာနှင့် အနီးဝန်းကျင်
သွားလာမပျက် ပုံမှန်အနေအထားသို့
ပြန်ရောက်ခဲ့ပြီဖြစ်သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူများ စိတ်ရွှင်လန်ပါစေ
#ညမဖတ်ရ

ဗိုက္ေပါက္၊ ကိုယ္ျပား၊ ေခါင္းျပတ္ သရဲသုံးေကာင္နဲ႔ မဖဲဝါ(စ/ဆုံး) ထူးဆန္းေသာ သရဲသုံးေကာင္ ေသာင္းက်န္းခဲ့သည့္ ေအာက္စု႐ြာကေလးအေၾကာင္းျဖစ္သည္။ ယခင္က ေအာက္စု႐ြာကေလးကား ေအးခ်မ္းလွသည္။မည္ သည့္ျပႆနာမွ မရွိခဲ့။ သရဲဆိုသည္ ခ်ိဳႏွင့္လားဟုပင္ ေမးရမလို မည္သူမွ သရဲအေျခာက္ခံရသည္ဟု မၾကားရ။ ယခု…တစ္လအတြင္း သရဲမ်ိဳးစုံ အေျခာက္ခံၾကရသည္။ ႐ြာထိပ္မွာ တစ္႐ြာႏွင့္တစ္႐ြာ ဆက္ထားေသာ ေလးေပခန္႔ျမင့္သည့္ တာလမ္းတစ္ခုရွိသည္။ ထိုတာလမ္းက ဂဝံေက်ာက္ခင္းလမ္းျဖစ္သည္။ လွည္းမ်ား၊ ေထာ္လာဂ်ီမ်ားသာ သြားလာၾကသည္။ မိုးအခါ လမ္းမ်ား ပ်က္သျဖင့္ ေျခလ်င္သာ သြားလာႏိုင္ၾကသည္ လြန္ခဲ့ေသာလက မန္က်ည္းေတာ႐ြာ ဘုရားပြဲသို႔ ထိန္ေပါက္႐ြာ၊ က်ခတ္႐ြာ၊ ဆင္ကူး႐ြာ၊ ေအာင္ႀကီး႐ြာတို႔မွ လွည္းမ်ား ၊ ေထာ္လာဂ်ီမ်ား ႏွင့္ေရာ ေျခလ်င္လမ္းေလွ်ာက္ၿပီး ေပ်ာ္ေပ်ာ္ ပါးပါး လာခဲ့ၾကသည္။ ပြဲၾကည့္လာၾကသူမ်ား ညေနေလးနာရီ ေနာက္ပိုင္းကတည္းက တာလမ္းေပၚမွာ စည္ကားေနသည္။ ထိန္ေပါက္႐ြာမွ ဘုရားပြဲလာၾကေသာ ေထာ္လာဂ်ီႏွစ္စီး အၿပိဳင္ေမာင္းလာၾကသည္။ လမ္းေပၚမွာလည္း လမ္းေလွ်ာက္သူမ်ားလည္း ရွိေနသည္။ ေအာက္စု႐ြာ အဝင္နားေရာက္ေတာ့ လမ္းေပၚက လူမ်ား တာေပၚမွ ဆင္းၿပီး ႐ြာလမ္းတာေဘးမွ ဆင္းေလွ်ာက္ၾကသည္။ ထိုအခါ ေထာ္လာဂ်ီႏွစ္စီး ညာသံေပး၍ အၿပိဳင္လုေမာင္းၾကေတာ့သည္ တစ္စီးကို တစ္စီး ေက်ာ္တက္ရန္ ႀကိဳးစား ၾကသလို ေရွ႕မွ ကားကလည္း ေက်ာ္ မတက္ေစရန္ လမ္းပိတ္ေမာင္းေနသည္။ "ေဝး…မတူရင္မတုနဲ႔ …ေဘးကိုကပ္ ေဘးကို …ကပ္ …" "ဝူး…ဝူး …" "စက္စုတ္ႀကီး …စက္စုတ္ႀကီး …မွီေအာင္လိုက္" "ဝုန္း" "အား" "ကယ္ၾကပါဦး" "အမယ္ေလးေတာ့ " ေနာက္မွ ေက်ာ္တက္လာေသာ ေထာ္လာဂ်ီက အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးထိုးက်ၿပီး အရွိန္ ျပင္းစြာ တိမ္းေမွာက္ပါေလေတာ့သည္။ တာလမ္းေဘးႏွင့္ အိမ္မွာ ေပသုံးဆယ္နီးပါးသာ ကြာေဝးသည့္ အတြက္ အရွိန္ႏွင့္ ထိုးက် ေမွာက္သြားေသာ ေထာ္လာဂ်ီက အိမ္တိုင္ကို ဝင္တိုက္ၿပီး ရပ္သြားသည္။ ကားေမွာက္သည့္အတြက္ ကားေပၚမွာ ကါလာသူမ်ား၏ ေၾကာက္မက္ဖြယ္ ေအာ္သံမ်ား၊ နာက်င္၍ ေအာ္ၾကသူတို႔၏ အသံမ်ားႏွင့္ ကမာၻပ်က္သည့္အလား ဆူညံသြားသည္။ ထိုအနီးနားတဝိုက္ ေသြးတို႔ျဖင့္ ရဲရဲနီသြား ေတာ့သည္။ ေထာ္လာဂ်ီေပၚပါသူ ေယာက်ၤား၊ မိန္းမငါးေယာက္ ဒဏ္ရာရ က်ိဳးပဲ့ကုန္ေသာ္လည္း အသက္မေသခဲ့။ ဒါေပမဲ့ ေယာက်ၤားႏွစ္ေယာက္၊ အမ်ိဳးသမီး တစ္ေယာက္တို႔က ထိုေနရာမွာပင္ ပြဲခ်င္းၿပီး ေသဆုံးသြားၾကသည္။ ေယာက်ၤားတစ္ေယာက္က ၿခံစည္း႐ုံးဝါးျခမ္းျပား လည္ပင္းရွၿပီး လည္းပင္း ျပတ္ထြက္သြားသည္။ ေယာက်ၤားတစ္ေယာက္က ေထာ္လာဂ်ီပိၿပီး ပြတ္ဆြဲသြား၍ ခႏၶာကိုယ္ ျပားခ်ပ္သြားသည္။ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ၿခံစည္း႐ိုးငုတ္က ဗိုက္ကို ေဖာက္ထြက္ သြား၍ အူမ်ား အေခြလိုက္ ထြက္က်ေနသည္။ ပြဲၾကည့္ရန္လာသူမ်ား အေပ်ာ္ႏွင့္ အဆုံးမသတ္ဘဲ နာက်င္ေၾကကြဲမႈတို႔ျဖင့္သာ အဆုံးသတ္သြားၾကသည္။ လူေသမႈျဖစ္ၿပီးေနာက္ပိုင္း ထို႐ြာေလးမွာ ယခင္က ကဲ့သို႔ ေအးခ်မ္းမႈ မရွိခဲ့ေတာ့။ မကြၽတ္မလြတ္ေသာ သရဲသုံးေကာင္က ႐ြာသူ႐ြာသားမ်ားကို ေျခာက္လွန္႔ေနသည္။ ႐ြာအစြန္မွာ ေညာင္ပင္ခပ္ေသးေသးႏွင့္ ကုကၠိဳပင္ႀကီးတစ္ပင္ ပူးကပ္ေပါက္ေနသည္။ ကားေမွာက္ခဲ့သည့္ ေနရာက ထိုသစ္ပင္ႀကီးႏွင့္ ၿခံႏွစ္ၿခံသာ အကြာအေဝးရွိသည္။ ထိုကုကၠိဳပင္ႀကီးမွာ ေသလြန္သြားေသာ လူသုံးေယာက္တို႔၏ မကြၽတ္မလြတ္ေသာ ဝိညာဥ္သရဲသုံးေကာင္က ကပ္တြယ္ခိုနား ေနေလေတာ့သည္။ XXXX မနက္ေလးနာရီခြဲခန္႔အေရာက္ မုဆိုးမေဒၚတင့္ႏွင့္ သမီးေအးခင္တို႔ သားအမိႏွစ္ေယာက္ ေတာင္းတစ္ လုံးစီ႐ြက္၍ ေရပုံး၊ ဆြဲျခင္းတို႔ႏွင့္ ကုကၠိဳပင္ႀကီးေအာက္ ေရာက္လာၾကသည္။ ကုကၠိဳပင္ေအာက္မွာ အေသ အခ်ာေဆာက္ထားေသာ အေၾကာ္တဲ ရွိသည္။ အေၾကာ္စားမည့္သူတို႔ ထိုင္ရန္ ဝါးလုံးမ်ားႏွင့္ စားပြဲထိုင္ခုံတန္းလ်ားရွည္မ်ား လုပ္ထားသည္။ တစ္ဖက္ကို ငါးေယာက္ခန္႔ ထိုင္စား၍ ရသည္။ အေၾကာ္တဲေရာက္သည္ႏွင့္ ပစၥည္းမ်ား ေနရာက်ေအာင္ ခ်သည္။ ေအးခင္က အေၾကာ္,ေၾကာ္ရန္ မီးစတင္ေမႊးေနသည္။ မီးေမႊးၿပီး မီးဖိုေပၚ ဒယ္အိုးတင္ကာ ဆီ ေလာင္းထည့္လိုက္သည္။ ဆယ့္ငါးမိနစ္ခန္႔ ၾကာေတာ့ ဆီဆူလာသည္။ ဒယ္အိုးထဲ ဘူးသီးစတင္ထည့္ၿပီး ေၾကာ္သည္။ ဒယ္အိုးက အေၾကာ္ဆယ့္ငါးခုခန္႔သာ ထည့္၍ရသည္။ ဘူးသီးေၾကာ္ႏွစ္ဒယ္ေၾကာ္ၿပီး ပုဇြန္ဆိတ္ကေလးမ်ား မုန္႔ႏွစ္ထဲ စိမ္ၿပီး ပုဇြန္ ေၾကာ္သည္။ ႐ြာႏွင့္မနီးမေဝးမွာရွိေသာ ေခ်ာင္းမွ ပုဇြန္ေထာင္သမားမ်ားေရာင္း၍ ပုဇြန္ဆိတ္ကေလးမ်ား အၿမဲရသည္။ သို႔ေၾကာင့္ ပုဇြန္ေၾကာ္ကို ေၾကာ္ေနသည္။ အေၾကာ္မထြက္ရသည္မွာ ငါးရက္ရွိခဲ့ၿပီ။ တစ္ၿခံေက်ာ္မွာ ကားေမွာက္ၿပီး လူေသထား သျဖင့္ မနက္ေစာေစာ အေၾကာ္မထြက္ဝံ့၍ ရပ္ထားခဲ့သည္။ ယခု ေအးေအးခ်မ္းခ်မ္း ျဖစ္ၿပီျဖစ္၍ အေၾကာ္ဆိုင္ ျပန္ထြက္ျခင္းျဖစ္ သည္။ ပုဇြန္ေၾကာ္ႏွစ္ဒယ္ခ်ၿပီးေနာက္ ဘယာေၾကာ္ ေၾကာ္ရန္ ျပဳလုပ္ထားေသာ ပဲထည့္ထားသည့္ ပန္းကန္ကို ယူလိုက္သည္။ ညကတည္းက ကုလားပဲကိုစိမ္၍ မညက္တညက္ ေထာင္းထားၿပီ။ ထို႔ေနာက္ ဘယာေၾကာ္ကို ဆက္၍ ေၾကာ္ေနသည္။ မၾကာခင္မွာပင္ ဝယ္မည့္သူမ်ား စားမည့္သူမ်ား ေရာက္လာ ၾကေတာ့သည္။ ႐ြာထဲမွာ အဝယ္စားဆုံးက ဘူးသီးေၾကာ္၊ ဘယာေၾကာ္ ျဖစ္သည္။ ေဒၚတင့္က ဘူးသီးမ်ားကို အတုံးေလးေတြ ျဖစ္ေအာင္ လွီးေပးေနသည္။ ထိုအခ်ိန္ အေၾကာ္တဲအေပၚရွိ ကုကၠိဳပင္ထက္မွ အသံမ်ား ၾကားလိုက္ရသည္ "ဝေရာ …ဝုန္း" "ေဝါ…ဝုန္း…ဝုန္း…" "ဟဲ့ …ဟဲ့ …ဘာသံေတြလဲ ၊ ဘာျဖစ္တာလဲ" "အေပၚမွာ သစ္ကိုင္းေျခာက္ရွိရင္ က်ိဳးက်မွ ဟုတ္ေပ့ျဖစ္ေနမယ္" "ေန႔ခင္း လင္းလင္းထင္းထင္းက်ရင္ ၾကည့္ထားပါဦးအေမ၊ ေတာ္ၾကာ သစ္ကိုင္းက်ိဳးၾကၿပီးပိလို႔ ေက်ာ္မေကာင္း ၾကားမေကာင္း ျဖစ္ေနဦးမယ္" "ေဝါ…ေဝါ…ဝုန္း" အေပၚမွ သစ္ကိုင္းေလတိုးသည္လား… အေကာင္တက္၍ လႈပ္ေလသည္လားမသိ အသံေတြ ၾကားရသည္။ ေဒၚတင့္က တံစက္ၿမိတ္အျပင္ ေခါင္းထြက္ၿပီး ၾကည့္လိုက္သည္။ ေမွာင္ေန၍ ဘာမွမျမင္ရ။ "ေဝါ …ေဝါ …ေဝါ …" "ေသခ်ာေအာင္ ငါထြက္ၾကည့္လိုက္ဦးမယ္" ေဒၚတင့္က ဘူးသီးလွီးေနရာမွ အျပင္ထြက္ၾကည့္ရန္ ျပင္လိုက္သည္။ ေဒၚတင့္ အေၾကာ္တဲ တံစက္ၿမိတ္ အျပင္ထြက္ၿပီး ရပ္ၾကည့္သည္။ "သစ္ကိုင္းေတာ့ လႈပ္ေနတာေတြ႕တယ္၊ ဘာေကာင္မွေတာ့ မေတြ႕ပါဘူး" "ကဲ…အေမ…ဘာမွမထူးရင္ အထဲလာခဲ့ပါေတာ့" "ဘာလုပ္မလို႔လဲ" "အေမလွီးထားတဲ့ ဘူးသီးစိတ္ေတြ သမီးကို ကမ္းေပးဦး သမီးမမွီလို႔ " "ေအး …ေအး…လာၿပီ" ေဒၚတင့္ အထဲဝင္လာၿပီး …ဘူးသီးစိတ္မ်ားကို ယူၿပီး ကမ္းေပးသည္။ ထိုအခ်ိန္ လူႏွစ္ေယာက္ ဆိုင္ထဲဝင္လာသည္။ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ အမ်ိဳးသားတစ္ေယာက္ျဖစ္သည္။ "အေၾကာ္ရၿပီလား" "ရၿပီ ဘာစားမလဲ" "ပုစြန္ေၾကာ္ရရင္ စားခ်င္တယ္ " "ပုစြန္ေၾကာ္လား ရတာေပါ့ …အိမ္ယူသြားမွာလား ထိုင္စားသြားမွာလား" "ဒီမွာပဲ စားသြားမယ္" "ဒါဆို တစ္ပြဲထည့္ေပးမယ္" ေဒၚတင့္က ပန္းကန္တစ္ခ်ပ္ယူ၍ ပုစြန္ေၾကာ္ ဆယ္ခုထည့္ကာ လွမ္းေပးလိုက္သည္။ အခ်ဥ္ ရည္ထည့္ထားေသာ ပန္းကန္ကို တန္းလ်ား စားပြဲေပၚသြားခ်ေပးလိုက္သည္။ ေဒၚတင့္ အခ်ိဳရည္ သြားခ်ေပးေသာ ပန္းကန္ထဲမွာ အေၾကာ္သုံးခုသာ က်န္ေတာ့သည္ကို ေတြ႕လိုက္သည္။ ညက ထမင္းမွ စားၾကရဲ႕လားဟု စိတ္ထဲက ေတြးထင္လိုက္သည္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားက အသက္ေတာ့ ကြာပုံရသည္။ အမ်ိဳးသားအသက္က ေလးဆယ္ ေက်ာ္ခန္႔ရွိမည္ ။ အမ်ိဳးသမီးက အလြန္ဆုံးရွိလွ အသက္သုံးဆယ္ဟု ေဒၚတင့္ မွန္းမိသည္။ သားအဖေတာ့ မျဖစ္ႏိုင္ ဦးေလးႏွင့္တူမ။ အစ္ကိုႏွင့္ ညီမ တစ္ခုခုျဖစ္ခ်င္ျဖစ္ မျဖစ္လွ်င္ လင္မယားလည္း ျဖစ္ႏိုင္သည္။ ၿပီးေတာ့ သူတို႔႐ြာသားမဟုတ္မွန္း သိသည္။ ဤအေၾကာ္တဲက ႐ြာေပါင္းစုံမွ လူမ်ား ျဖတ္သြား ျဖတ္လာရာ တာလမ္းေဘးမွာ ရွိသျဖင့္ အျခား ႐ြာမ်ားမွ ခရီးသြားမ်ားလည္း ျဖစ္ႏိုင္သည္။ "အေဒၚ ပုစြန္ေၾကာ္တစ္ပြဲ ေပးပါဦး" ေဒၚတင့္က ပန္းကန္အလြတ္တခ်ပ္ထဲသို႔ ပုစြန္ေၾကာ္ဆယ္ခု ထည့္ၿပီး ကမ္းေပးလိုက္သည္။ အခ်ိန္က ငါးနာရီသာသာ အလင္းေရာင္လာစ ျပဳေပမယ့္ အေမွာင္အားက ေကာင္းတုန္း ရွိေသးသည္။ တာလမ္းေပၚမွ တစ္ေယာက္စ၊ ႏွစ္ေယာက္စ ျဖတ္သြားသည္ကို ေတြ႕လိုက္သည္။ အေၾကာ္ဝယ္မည့္သူမ်ားေတာ့ ေရာက္မလာၾကေသး။ ေဒၚတင့္က အေၾကာ္ကမ္းေပးၿပီး စပ္စုလိုက္သည္။ "တူမတို႔က ခရီးသြားေတြလား ဒီ႐ြာမွာ မျမင္မိလို႔ " "ဟုတ္ပါတယ္၊ ထိန္ေပါက္ကလာခဲ့ၾကတာပါ၊ ဟိုေရွ႕က မန္က်ည္းေတာ႐ြာကို သြားၾကမွာပါ။ က်မနဲ႔ ဒီကဦးႀကီးက ဘာမွမေတာ္ပါဘူး၊ ခရီး သြားေဖာ္ တစ္႐ြာတည္းသာ မိတ္ေဆြေတြပါ။ ဟိုဘက္႐ြာအလႉမွာ ပြဲၾကည့္မလို႔ ထြက္လာခဲ့ ၾကတာ" "မန္က်ည္းေတာ႐ြာ အလႉပြဲ ဟုတ္လား အခုရက္ပိုင္း အလႉရွိတယ္လို႔ မၾကားမိပါဘူး" "အို…အေမကလည္း အေမက ဘယ္သြားလို႔လဲ အခု ရက္ပိုင္း ဆိုင္ပိတ္ထားတာ မဟုတ္လား" " ဟဲ့ …အခုလို ပြဲေတြ၊ ဆိုင္းေတြ သြင္းမယ့္ အလႉဆို ႐ြာစဥ္အႏွံ႔ သတင္းက ပ်ံ႕ၿပီးသား မဟုတ္လား၊ ငါေတာ့ မၾကားမိပါဘူး။ ဒါနဲ႔ တူမတို႔သြားမယ့္ အလႉရွင္ နာမည္သိလား" "သိတာေပါ့ …ဟို လယ္ပိုင္ရွင္ ဦးေက်ာ္အုံးဆိုလားပဲ" "ဟင္…အဲဒါ့လြန္ခဲ့တဲ့ ငါးရက္ကတည္းက ၿပီးသြားၿပီ" "အၿငိမ့္က 'ဆန္းၫြန္စီ'တဲ့ ညဘက္ဧည့္ခံၿပီး ေန႔ဘက္က်ေတာ့'ေအာင္ဝင္းဗိုလ္'ဆိုင္းနဲ႔ ဧည့္ခံမွာတဲ့ ဆိုင္းေနာက္ထေပၚေလးဆိုတာ အရမ္းနာမည္ႀကီးတာ" "ငါတူမတို႔ …ရက္မွားၿပီး လာခဲ့ၾကတာ" "ရက္မမွားပါဘူး ေဒၚႀကီးရဲ႕ ေထာ္လာဂ်ီစီးၿပီး ေပ်ာ္ေပ်ာ္ပါးပါး လာခဲ့ၾကတာ၊ ေထာ္လာဂ်ီ ေမွာက္သြားလို႔ ေျခလ်င္ေလွ်ာက္သြားၾကမွာ" ထိုကဲ့သို႔ ေျပာၿပီး အမ်ိဳးသမီးက ထိုင္ရာမွ ထလိုက္သည္။ ေဒၚတင့္ ေအးခင္တို႔ ထို အမ်ိဳးသမီးစကားေၾကာင့္ အံ့ၾသစိတ္ႏွင့္ လွည့္ၾကည့္လိုက္စဥ္ … "ဟင္" "ဟာ…အ…အမယ္ေလးေတာ့ " "ဝုန္း" "ခြမ္း" ေဒၚတင္ႏွင့္ ေအးခင္းတို႔ ထိုင္ရာမွ ေၾကာက္ေၾကာက္ လန္႔လန္႔ႏွင့္ ကုန္းထစဥ္ အနီးမွာ ရွိေသာအိုးခြက္ ပန္းကန္မ်ား အၿပိဳၿပိဳအလဲလဲ ျဖစ္ကုန္သည္။ "အမယ္ေလး …သရဲေတြေတာ့" "ဟာ …သ…သရဲ …သရဲ" အမ်ိဳးသၼီးႏွင့္ အမ်ိဳးသားႀကီးတို႔ ထိုင္ရာက ထလိုက္ၾကစဥ္၊ အမ်ိဳးသမီးဗိုက္က အူမ်ား အေထြးလိုက္ထြက္က်ေနသလို အမ်ိဳးသား ႀကီး၏ ခႏၶာကိုယ္က ျပားခ်ပ္ေနသည္။ မ်က္လုံးႏွစ္လုံးကလည္း ျပဴးထြက္ေနသည္။ ထို႔ေနာက္ မ်က္စိေအာက္မွာပင္ လွစ္ခနဲ ေပ်ာက္သြားသည္။ ထိုစဥ္ အေၾကာ္တဲသို႔ လယ္ကြင္းထဲသြားရန္ ထြက္လာေသာ ေက်ာ္စိုးႏွင့္ ဝင္းေဖတို႔ႏွစ္ေယာက္ ဝင္လာၾကသည္။ "ဟာ …အေၾကာ္သည္ သားအမိ၊ အလဲလဲ အၿပိဳၿပိဳနဲ႔ ဘာျဖစ္ေနၾကတာလဲ သားအမိ ႏွစ္ေယာက္ နပန္းလုံးေနၾကတာလား" ေဒၚျမင့္က အေၾကာ္တဲအတြင္း ေနာက္ျပန္လဲလ်က္က ဖုတ္ဖက္ခါၿပီး ထလာသည္။ "ငါတို႔ အခုေလးတင္ သရဲအေျခာက္ခံလိုက္ရလို႔ လန္႔ၿပီး ေအာ္လိုက္တာ ေရပုံးကို ေနာက္ျပန္ ခလုတ္တိုက္ၿပီး ဖင္ထိုင္လဲက်သြားတာ" "ဘယ္ကသရဲ လာေျခာက္တာလဲ " "မက်င္ျမတို႔အိမ္ ဝင္တိုက္ၿပီး ေမွာက္သြားတဲ့ ေထာ္လာဂ်ီပိလို႔ ေသတဲ့လူနဲ႔ ဗိုက္ကိုငုတ္ထိုးၿပီး ေသတဲ့အမ်ိဳးသမီး သရဲႏွစ္ေကာင္ လာေျခာက္တာ" "ဟုတ္လို႔လားဗ်ာ" ထိုအခါ ေအးခင္က ဝင္ေျပာသည္။ "ဟုတ္လား မဟုတ္လားေတာ့ မသိဘူး၊ ငါးနာရီေလာက္ အေၾကာ္လာဝယ္စားတယ္။ လာတုန္းကေတာ့ လူအစစ္ပါ၊ ပုဇြန္ေၾကာ္ တစ္ပြဲၿပီးတစ္ပြဲ စားတယ္။ အေမက စပ္စုၿပီး ဘယ္သြားမလို႔လဲ ေမးလိုက္တာ ဦးေက်ာ္အုံးရဲ႕ အလႉကို ေထာ္လာဂ်ီနဲ႔ လာခဲ့ၾကတာ ေထာ္လာဂ်ီ ေမွာက္သြားလို႔ ေျခက်င္ေလွ်ာက္သြားမွာတဲ့။ အဲဒီလိုေျပာၿပီး မတ္တတ္လည္းရပ္လိုက္ေရာ အမယ္ေလး …ေျပာရင္း ၾကက္သီး ထလာၿပီ" "မေအးခင္ကလည္း ေကာင္းတုန္း စကား မရပ္လိုက္နဲ႔ေလဗ်ာ" "ဟဲ့အေကာင္ေတြ …နင္တို႔သာ ငါတို႔ျမင္သလို ျမင္လိုက္ရင္…ထိုင္ရာမွာ ေသးဖ်န္းဖ်န္းထြက္သြားမယ္" 'ေဒၚႀကီးတို႔ သားအမိေရာ ထြက္က်ေသးလား" "ငါတို႔က အသံကုန္ဟစ္ေနလို႔ ထြက္ခ်ိန္မရလိုက္ဘူး" "ကဲ…ျမင္လိုက္တာကို ဆက္ေျပာပါဦး" "အမ်ိဳးသမီးက ထိုင္ရာကထလိုက္ေရာ အူေတြ အေခြလိုက္က်ေနတယ္၊ အမ်ိဳး သားႀကီးက တစ္ကိုယ္လုံး ျပားခ်ပ္ေနတယ္၊ တကယ္အသည္းယားစရာ ေၾကာက္စရာ ျမင္ကြင္းပဲ" "ငါတို႔သားအမိ မ်က္လုံးစုံမွိတ္ၿပီး အသံကုန္ ေအာ္ေနတုန္း ေပ်ာက္သြားတာ ထင္ပါရဲ႕၊ မ်က္လုံးလည္း ဖြင့္ေရာ ဘယ္သူမွ မရွိေတာ့ဘူး" "ဒါဆို အေၾကာ္ႏွစ္ပြဲဖိုး ဆုံးသြားတာေပါ့ " "ႏွစ္ပြဲပဲ စားသြားလို႔ ေတာ္ေသးတာေပါ့ဟယ္" "ဒီပန္းကန္ေတြယူၿပီး ေဆးလိုက္ပါဦး" ေဒၚတင့္လည္း သရဲစားသြားေသာ အေၾကာ္ ပန္းကန္ႏွင့္အခ်ဥ္ရည္ထည့္ေသာ ပန္းကန္တို႔ကို သြားယူၿပီး ေဆးလိုက္သည္။ "သရဲေတြ ဘယ္ထြက္သြားမယ္ထင္လဲ" "ဘယ္မွာ ထြက္မသြားဘူး၊ ဒီနားမွာပဲ ေပ်ာက္သြားတာ" "ဟို ေခါင္းျပတ္သရဲ မပါဘူးလား" "ဟ ဝင္းေဖကလည္း ေခါင္းျပတ္ေနမွာေတာ့ ဘယ္ပါးစပ္နဲ႔ စားမွာလဲ" "မင္းကြာ …ဝိညာဥ္သရဲျဖစ္မွေတာ့ ပုံစံအမ်ိဳးမ်ိဳး ဖန္ဆင္းႏိုင္တာေပါ့ " "အခုၾကည့္ပါလား၊ အေၾကာ္လာစားေတာ့ လူလိုဖန္ဆင္းလာတယ္…စားၿပီးလို႔ ပိုက္ဆံလည္း ရွင္းရမယ္ဆိုေရာ သူတို႔ ေသဆုံးသြားစဥ္က ပုံအတိုင္း ျပတာ မဟုတ္လား" "ဒါဆို ပိုက္ဆံေပးရမွာ စိုးလို႔ေပါ့ " "ျဖစ္ႏိုင္တယ္ " "တို႔လည္း မနက္ျဖန္ ပိုက္ဆံမေပးရေအာင္ စီစဥ္ရမယ္" "နင္တို႔ ပုံစံေတြ ေခြးခ်ီသြားလည္း သိတယ္ ငါ့ကို နင္တို႔ လာေျခာက္လို႔ကေတာ့ မီးစနဲ႔ ပစ္ၿပီမွတ္" " အလကားစတာပါ ေဒၚေလးတင့္ရာ" "မနက္ အေၾကာ္ထြက္ဦးမလား" "အေၾကာ္ကေတာ့ ေန႔တိုင္းထြက္ရမွာပဲ၊ ေန႔တိုင္း ေျခာက္မယ္ မထင္ပါဘူး" "မထင္နဲ႔ ေဒၚတင့္ရဲ႕ အေၾကာ္ကို ခံတြင္း ေတြ႕ခ်င္ေတြ႕သြားမွာ ဒီသစ္ပင္ႀကီးေပၚမွာမ်ား ေနလား မသိဘူး" "ဒီေသနာေလး…ေၾကာက္ပါတယ္ဆိုမွ ေၾကာက္ေအာင္ ေလွ်ာက္ေျပာေနတယ္။ နင္တို႔ စားၿပီးၿပီမဟုတ္လား။ ပိုက္ဆံရွင္းၿပီး သြားၾကေတာ့ " "ရွင္းမွာပါ …စိတ္မပူပါနဲ႔ ဘယ္ေလာက္က်လဲ" "ေနဦး ဒီကေလးကို အေၾကာ္ထည့္ေပးလိုက္ဦးဝယ္ …နင္တို႔စားတာ နင္တို႔ မသိဘူးလား" ေဒၚတင့္က ႐ြာထဲမွ အေၾကာ္လာဝယ္ေသာ ကေလးႏွစ္ေယာက္ကို အေၾကာ္ေ႐ြးေပးလိုက္သည္။ ေက်ာ္စိုးႏွင့္ ဝင္းေဖတို႔လည္း ပိုက္ဆံရွင္းၿပီး ထြက္သြားေတာ့သည္။ ထိုေန႔က မနက္ကိုးနာရီခန္႔ အေၾကာ္အားလုံးကုန္သြားသျဖင့္ သားအမိ ႏွစ္ေယာက္ ဆိုင္သိမ္းၿပီး အိမ္ျပန္လာခဲ့ ၾကေတာ့သည္။ XXXXX မနက္ေလးနာရီခြဲသည္ႏွင့္ ေဒၚတင့္တို႔ သားအမိႏွစ္ေယာက္ အေၾကာ္လာထြက္ၾကသည္။ သရဲေၾကာက္ေပမဲ့ ေစာေစာမထြက္၍လည္း မျဖစ္။ မနက္ငါးနာရီေနာက္ပိုင္းဆိုလွ်င္ ခရီးသြားမ်ားေရာ ႐ြာထဲမွ ကေလးလူႀကီးမ်ား အစာေျပစားရန္ ဆက္တိုက္လာဝယ္ၾကသည္။ သြားရင္းလာရင္း ဝင္၍လည္း စားၾကသည္။ ထိုအခ်ိန္ကို အမွီေရာင္းႏိုင္မွ အေၾကာ္ေရာင္းေကာင္းသည္။ ေၾကာ္ထားသမွ် ကုန္သည္။အေၾကာ္ေနာက္က်လွ်င္ ေရာင္းမကုန္ က်န္ေနတတ္သည္။ သရဲက ေန႔တိုင္းေတာ့ လာမေျခာက္ႏိုင္ဟု သားအမိႏွစ္ေယာက္ တစ္ေယာက္ ကိုတစ္ေယာက္ အားေပးရင္း မဝံ့မရဲႏွင့္ ဆိုင္လာဖြင့္ျခင္း ျဖစ္သည္။ အေၾကာ္အိုး မီးဖိုေပၚတင္ၿပီး၍ အေၾကာ္ စတင္ေၾကာ္ေနၿပီး ဘူးသီးေၾကာ္ႏွစ္ဒယ္ၿပီးေတာ့ ပုစြန္ေၾကာ္စေၾကာ္သည္။ ပုစြန္ေၾကာ္မ်ားက်က္ေတာ့ ဘယေၾကာ္ ေၾကာ္ရန္ ျပင္ေနသည္။ ထိုစဥ္ ဝင္းေဖႏွင့္ေက်ာ္စိုးတို႔ ဆိုင္ေရာက္လာသည္ ။ ေက်ာ္စိုးက သူ၏ ဇနီးခင္ျမကို အေၾကာ္ဆိုင္ကို ေခၚလာသည္။ "ေဒၚတင့္ ပုစြန္ေၾကာ္က်က္ၿပီမဟုတ္လား တစ္ပြဲခ်" "ေအး က်က္ၿပီ၊ စားေနက် ဘူးသီးေၾကာ္ မစားေတာ့ဘူးလား" "ဒီေန႔ေတာ့ ပုစြန္ေၾကာ္ေျပာင္းၿပီး စားမယ္ ႏွစ္ပြဲသာခ်" ေဒၚတင့္လည္း ပန္းကန္ႏွစ္ခ်ပ္ထဲ ပုစြန္ေၾကာ္မ်ား ထည့္ၿပီး သြားခ်ေပးလိုက္သည္။ အခ်ဥ္ပန္းကန္ကို သြားခ်ေပးသည္။ ႏွစ္ပန္းကန္ ခ်က္ခ်င္းကုန္သြားသည္။ "ဟဲ့ …သြက္လွခ်ည္လား" "ေဒၚတင့္ရဲ႕အေၾကာ္က ေကာင္းလို႔ေပါ့ ပုစြန္ေၾကာ္ပဲ ထည့္ေပးပါ" "ဘယ္ႏွစ္ပြဲလဲ" "ႏွစ္ပြဲသာ ထပ္ထည့္လိုက္" ေဒၚတင့္က ပုစြန္ေၾကာ္ႏွစ္ပြဲထည့္ၿပီး သြားခ်ေပးလိုက္သည္။ ထိုအခ်ိန္ ႐ြာထဲမွ လူငယ္ႏွစ္ေယာက္ ထြက္လာၿပီး အေၾကာ္လာဝယ္သည္။ "ကိုေက်ာ္စိုး ခင္ဗ်ားက …မခင္ျမကို ဘယ္တုန္းက အေၾကာ္ဆိုင္ေခၚခဲ့ဖူးလို႔လဲ" "အေၾကာ္စားခ်င္တယ္ဆိုလို႔ ေခၚခဲ့တာ" လူငယ္ႏွစ္ေယာက္က စကားမဆက္ေတာ့ဘဲ အေၾကာ္ဖိုးရွင္းကာ ထြက္သြားေတာ့သည္။ "ကဲ …ေဒၚတင့္အေၾကာ္ဖိုး ဘယ္ေလာက္က်လဲ" "အံ့မယ္ အထူအဆန္းလုပ္ၿပီး ေမးေနရေသးတယ္" "တစ္ခုတစ္ဆယ္၊ ေစ်းမတက္ေသးပါဘူး၊ ေလးပြဲေလးရာေပါ့ " "ဒီမွာ ပိုက္ဆံေလးရာ၊ ပန္းကန္ေအာက္ထည့္ထားခဲ့မယ္" ေဒၚတင့္လည္း ပဲကပ္ေၾကာ္,ေၾကာ္ရန္ မုန္႔ႏွစ္နယ္ ဖတ္ေနသျဖင့္ ပိုက္ဆံထမယူႏိုင္ေသး။ ထိုစဥ္မွာပဲ ေက်ာ္စိုးႏွင့္ ဝင္းေဖတို႔ ဆိုင္ထဲဝင္လာသည္။ "ေဒၚတင့္ ဘူးသီးေၾကာ္တစ္ပြဲ အျမန္ခ်ဗ်ာ…" ထိုအခါ ေခါင္းငုံ႔ၿပီး မုန္႔ႏွစ္နယ္ေနေသာ ေဒၚတင့္ ေခါင္းေမာ့ ၾကည့္လိုက္ၿပီး … "ဟဲ့ …ေက်ာ္စိုး အစားႀကီးလွခ်ည့္လား အခုပဲ သုံးေယာက္သား ပုစြန္ေၾကာ္ ပန္းကန္စားသြားၾကၿပီးၿပီ၊ ဘူးသီးေၾကာ္ ထပ္စားၾကဦးမလို႔လား" "ဟာ အခုမွ ဝင္းေဖကို ဝင္ေခၚၿပီး ထြက္လာခဲ့တာ၊ လယ္ထဲသြားေနက်အခ်ိန္ထက္ ေနာက္က်ေနလို႔ အျမန္ထည့္ခိုင္းေနတာ" "ဟဲ့ ေစာေစာကပဲ နင္ရယ္၊ ဝင္းေဖရယ္၊ နင့္မိန္းမ ခင္ျမရယ္၊ ပုစြန္ေၾကာ္ေလးပြဲ လာစားသြားတာ၊ ပန္းကန္ေလးခ်ပ္ေတာင္ မသိမ္းရေသးဘူး ပန္းကန္ေအာက္မွာ ပိုက္ဆံေလးရာ ထားသြားတယ္" "ဟာ မဟုတ္ေသးပါဘူး ခင္ျမက အိပ္ရာကေတာင္ မထေသးဘူး" "နင္တို႔ မေန႔ကသရဲ လူေယာင္ေဆာင္ သြားတယ္ဆိုလို႔ ငါ့ကို လာေနာက္ေနၾကတာလား၊ ဟဲ့ ဒီမွာ နင္တို႔ စားထားတဲ့ အေၾကာ္ပန္းကန္ ေလးခ်ပ္၊ ပိုက္ဆံေတာင္ မသိမ္းရေသးဘူး" ဝင္းေဖက ပန္းကန္ေတြကို မၾကည့္လိုက္သည္။ ေဒၚတင့္ကလည္း ၾကည့္ေနသည္။ "ဒီမွာ ပိုက္ဆံတစ္ျပားမွ မေတြ႕ပါဘူး၊ က်ဳပ္တို႔ တရားခံ ျဖစ္ေနပါ့မယ္" ေက်ာ္စိုးကလည္း … "တကယ္ေျပာတာ ေဒၚတင့္ ပိုက္ဆံမေတြ႕ဘူး" ေက်ာ္စိုးကပါ ဝင္ေျပာသျဖင့္ ေဒၚတင့္ ထိုင္ရာက ထလိုက္သည္။ "ဒီမွာ စာ႐ြက္ေလး႐ြက္ေတြ႕တယ္" ညီညီညာညာရွိေနေသာ ဗလာစာ႐ြက္အပိုင္းေလး႐ြက္ကို ကိုင္ၿပီး ျပလိုက္သည္။ "ဟင္ …ငါ့ကို ပိုက္ဆံေလးရာျပၿပီး ဒီမွာထားခဲ့မယ္ ေျပာၿပီး ထြက္သြားၾကတယ္ " "ဒါဆို က်ဳပ္တို႔ အေယာင္ေဆာင္ၿပီး သရဲဝင္စား သြားတာပဲျဖစ္မယ္ " "ဒီအတိုင္းဆို ငါ အရင္းျပဳတ္ေတာ့မယ္ " "ေဒၚတင္တို႔ကို သရဲပုံ မျပသြားဘူးလား" "နင္တို႔လာေနတာသိလို႔ …ထသြားတာျဖစ္ႏိုင္တယ္" "ဒီအတိုင္းဆိုရင္ …သရဲေတြ ဒီဝန္းက်င္မွာပဲ ရွိႏိုင္တယ္၊ ေနာက္ေန႔ေတြလည္း သတိထားေပါ့" "ခက္တာက လူမ်ိဳးစုံရဲ႕ ပုံသဏၭာန္မ်ိဳးစုံ ဖန္ဆင္းၿပီး သြားလာေနေတာ့၊ ဘယ္ဟာသရဲမွန္း သိပါ့မလဲ၊ အခုလည္း နင္တို႔လာမွ သရဲမွန္းသိတာ။ ဒီေန႔ နင္တို႔သာ လာမစားဘူးဆိုရင္ သရဲမွန္း ဘယ္သိပါ့မလဲ" "အမကလည္း သရဲဟုတ္ခ်င္မွဟုတ္မွာ ကိုေက်ာ္စိုးႀကီးတို႔ အလကားစားခ်င္လို႔ သရဲနဲ႔ ပုံမွား႐ိုက္တာ ျဖစ္မွာေပါ့ " "ဟာ ဒီေကာင္မေလး ေအးခင္ …မဟုတ္က ဟုတ္က ေျပာေတာ့မယ္ " "ကဲပါ ေနာက္ေန႔ အေစာႀကီး လာၿပီး စကားလာ ထိုင္ေျပာေနမယ္၊ ဟုတ္လား သရဲလာေတာ့လည္း ေစာင့္ဖမ္းရတာေပါ့ " "ေအး…ေစာေစာႏိုးလို႔ လာႏိုင္ရင္ လာခဲ့ၾကပါ။ အေၾကာ္တစ္ပန္းကန္ အလကားေကြၽးမယ္ " "ဟာ ဒါဆို ႀကိမ္းေသလာၿပီလို႔ မွတ္လိုက္ " သို႔ျဖင့္ သရဲလား၊ လူလား မသိဘဲ ေဒၚတင့္ မုန္းေလးပြဲ အလကား ေပးလိုက္ရျပန္သည္။ ကိုးနာရီေက်ာ္ေက်ာ္ ဆိုင္သိမ္းၿပီး သားအမိ ႏွစ္ေယာက္ အိမ္သို႔ ျပန္ခဲ့သည္။ XXXXX ထုံးစံအတိုင္း ေလးနာရီေက်ာ္ေက်ာ္ခန္႔တြင္ ေဒၚတင္တို႔ သားအမိ ဆိုင္လာဖြင့္ၾကသည္။ မီးေမႊးၿပီး အေၾကာ္အိုးတင္ကာ ဘူးသီးေၾကာ္ စ၍ ေၾကာ္ေတာ့သည္။ ဘူးသီးေၾကာ္ၿပီးသည္ ႏွင့္ ပုဇြန္ေၾကာ္ စ၍ ေၾကာ္သည္။ ပုဇြန္တစ္ ဒယ္ဆယ္လိုက္သည္။ ထိုအခ်ိန္မွာပဲ… " ဝုန္း …ဝုန္း… ဝုန္း…ဝေရာ…ဝုန္း" "ဟဲ့ …ေသာက္ပလုတ္တုတ္…ဘာေတြျဖစ္တာလဲ" "အေမ …ကုကၠိဳပင္အကိုင္းေပၚမွာ ဘာေကာင္ တက္ခုန္ေနလဲ ၾကည့္ပါဦး" ထိုအခ်ိန္မွာပဲ…အေပၚမွ ရွည္လ်ားေသာလက္ႀကီး ေအာက္သို႔ တြဲေလာင္းက်လာသည္။ လက္ဝါးကို ဆုပ္လိုက္ ျဖန္႔လိုက္ႏွင့္ တစ္ခုခုကို ေတာင္းေနသလိုပင္။ " အေမ …အေမ …သရဲလက္ႀကီး" ေဒၚတင့္က သရဲလက္ႀကီးႏွင့္နီးသလို အေၾကာ္ထည့္ထားေသာ ဗန္းႏွင့္လည္းနီးသျဖင့္ ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ဘူးသီးေၾကာ္ ေလးခုခန္႔ ထည့္ေပးလိုက္သည္။ "ဝွစ္ …ဝွစ္ …ဝွစ္ …" "အေမ …အေၾကာ္ေတြ ျပန္ပစ္ခ်လိုက္ၿပီ" လက္က ျပန္က်လာၿပီး လက္ကို ဆုတ္လိုက္ ျဖန္႔လိုက္ လုပ္ျပေနသည္။ "အေမ…ပုဇြန္ေၾကာ္ထည့္ေပးလိုက္" ေဒၚတင့္က ပုဇြန္ေၾကာ္သုံးခု ထည့္ေပးလိုက္သည္။ လက္ႀကီး အေပၚတက္သြားသည္။ "ဘယ္လိုလုပ္ၾကမလဲ အေမ" "ေနပါဦး ခဏေစာင့္ၾကည့္ပါဦး" ေနာက္ထပ္ လက္…ထပ္က်လာသည္။ လက္က တစ္ေခ်ာင္းမဟုတ္ သုံးေခ်ာင္းျဖစ္ေနသည္။ "ဟာ လက္ေတြက မ်ားလာၿပီ သုံးေခ်ာင္းေတာင္" ထိုအခ်ိန္မွာ ေက်ာ္စိုးႏွင့္ ဝင္းေဖတို႔ အေၾကာ္ဆိုင္သို႔ ေရာက္လာၾကသည္။ "ဟာ…" "ဟာ…ေဒၚတင့္ …ေဒၚတင့္ …ေဒၚတင့္တို႔ဆိုင္ အေပၚမွာ တြဲေလာင္းႀကီးေတြ" ေက်ာ္စိုးက သရဲမ်ားကို ျမင္လိုက္သျဖင့္ ထိတ္ထိတ္ပ်ာပ်ာႏွင့္ လွမ္းေအာ္လိုက္သည္။ ေက်ာ္စိုးေအာ္သံေၾကာင့္ သစ္ပင္ေပၚက သရဲမ်ား ရိပ္ခနဲ ေပ်ာက္သြားသည္။ "ေဒၚတင့္ေျပာတဲ့ သရဲသုံးေကာင္ ဒီကုကၠိဳပင္ေပၚ ခိုကပ္ေနတာလား မသိဘူး" "ဟုတ္ပါတယ္ …သရဲဆိုတာ အညႇီအေဟာက္ ႀကိဳက္တယ္မို႔လား ႐ိုး႐ိုးအေၾကာ္ကို မစားဘူး၊ ပုစြန္ေၾကာ္ကိုမွ စားတာ" "ဒါဆို ဒီသရဲေတြ ဘယ္မွမသြားဘဲ၊ ဒီေညာင္ပင္နဲ႔ ကုကၠိဳပင္မွာ ခိုကပ္ေနတာျဖစ္မယ္ " "ေအး ဒီအတိုင္းဆိုရင္ ငါတို႔ ေနာက္ေန႔ အေၾကာ္လာ မဖြင့္ရဲေတာ့ဘူး" "နင္တို႔ႏွစ္ေယာက္ လင္းတဲ့အထိ ေနေပးပါ။ ေနာက္နာရီဝက္ေလာက္ဆိုရင္ လင္းထိန္ေနပါၿပီ" "ရပါတယ္ ေစာင့္ေပးပါ့မယ္" "အေၾကာ္ဆိုင္မွာ စကားေျပာသံမ်ား အဆက္မျပတ္ သျဖင့္ သစ္ပင္ေပၚက သရဲမ်ား လႈပ္ရွားသံမၾကားရ။ "ဟင္…ဟင္…ေအးခင္ …ကုန္ပါၿပီေတာ္" "အေမ …ဘာျဖစ္လို႔လဲ " "ေဒၚတင့္ …ဘာျဖစ္လို႔လဲ" "ငါတို႔ စကားမ်ားေနၾကတုန္း အေၾကာ္ဗန္းထဲက ပုဇြန္ေၾကာ္ေတြ ယူသြားၿပီ၊ ဗန္းထဲမွာ တစ္ခုမွ မရွိေတာ့ဘူး" "ဘယ္လိုယူသြားတာလဲ" "အဲ့ဒါေတာ့ ငါလည္း ဘယ္ေျပာတတ္မလဲ။ ဒီမွာ အခု သုံးဆယ္ေလာက္ရွိတာ၊ ပုဇြန္ေၾကာ္ ဆိုလို႔ တစ္ခုမွ မရွိေတာ့ဘူး" "အေမတို႔ ရိပ္တိတ္ေလးေတာင္ မျမင္လိုက္ဘူးလား" "ေအးခင္ကလည္း နာနာဘာဝေတြ၊ သရဲေတြဆိုတာ ကမၼဇိဒၶိတန္ခိုးအစြမ္း ရွိၾကတယ္၊ သူတို႔က မျမင္ေစခ်င္ရင္ ဘယ္သူမွ မျမင္ရဘူး" ပုစြန္ေၾကာ္ရွိသမွ် အကုန္ယူစားသြားသျဖင့္ သရဲမ်ား ဤေန႔အတြက္ ဗိုက္ျပည့္သြားပုံရသည္။ သစ္ပင္ေပၚက လႈပ္ရွားသံဟူ၍ မၾကားရေတာ့။ ေဒၚတင့္တို႔သားအမိႏွစ္ေယာက္လည္း ေၾကာက္ ေၾကာက္လန္႔လန္႔ႏွင့္ပင္ အေၾကာ္မ်ား ကုန္ေအာင္ ေရာင္းၿပီးမွသာ ဆိုင္ပိတ္ျပန္ခဲ့ၾကသည္။ ေဒၚေအးၫႊန္႔ႏွင့္ ေဒၚလုံးတို႔ႏွစ္ေယာက္ လယ္ကြင္း ထဲမွာ ေနၾကေသာ တဲတန္းတစ္ေလွ်ာက္၊ ကုန္စိမ္း ကုန္ေျခာက္ လည္ပတ္ေရာင္းေနသူမ်ားျဖစ္သည္။ ညေန ငါးနာရီခြဲခန္႔ အေရာင္းသိမ္းၿပီး ႐ြာသို႔ ျပန္ဝင္ခဲ့ၾကသည္။ ေအာက္စု႐ြာအဝင္ ကုကၠိဳပင္ ေအာက္သို႔ အေရာက္ ေခါင္းေပၚမွာ ႐ြက္လာေသာ ေတာင္းႏွစ္ေတာင္းကို အေပၚသို႔ ဆြဲယူလိုက္သည့္ အတြက္ ေမာ့ၾကည့္လိုက္မိၾကသည္။ "ဟင္ …ငါ့ေတာင္းကို သရဲဆြဲယူသြားၿပီ" "ငါ့ေတာင္းလည္း …ပါသြားၿပီ" "အမယ္ေလး လာၾကပါဦးေတာ့…သရဲ သရဲ" အေကာင္ကို မျမင္ရဘဲ ေတာင္းမ်ား သစ္ပင္ႀကီး ေပၚသို႔ ယူသြားသည္ကို အတိုင္းသား ျမင္ရသည္။ ေဒၚေအးၫႊန္႔ႏွင့္ ေဒၚလုံးတို႔၏ အသံစူးစူးရွရွ ေအာ္လိုက္ေသာ အသံေၾကာင့္ ႐ြာတြင္းနီးစပ္ရာမွ လူေတာ္ေတာ္မ်ားမ်ား အျပင္သို႔ ထြက္လာၾကသည္။ အခ်ိန္က ေျခာက္နာရီေနဝင္ကာစပင္ ရွိေသးသည္။ "ဝုန္း …ဘုန္း…" "အမယ္ေလးေတာ့ …ကုန္ပါၿပီ" သစ္ပင္ႀကီးေအာက္သို႔ ေတာင္းႏွစ္လုံး ျပန္က် လာသည္။ ေဒၚလုံးႏွင့္ ေဒၚေအးၫြန္႔တို႔ႏွစ္ေယာက္ လိမ့္ထြက္သြားေသာ ေတာင္းကို လိုက္ဖမ္းၾကသည္။ "ကုန္ပါၿပီေတာ္ ပါသြားၿပီ" "ေဒၚလုံးတို႔ ေတာင္းေတြထဲမွာ ကုန္ေျခာက္အျပင္ ဘာေတြ ပါလို႔လဲ" "ကညင္စု႐ြာမွာ အမဲေပၚလို႔ တစ္ေယာက္ကို ငါးဆယ္သား တစ္တြဲစီဝယ္ၿပီး ျပန္ခဲ့တာ" "မေအးၫႊန္႔က သူ႔အေမအတြက္ အပိုတစ္တြဲ ဝယ္ခဲ့ေသးတယ္" ေတာင္းႏွင့္အတူ ကုန္စိမ္း၊ ကုန္ေျခာက္ လက္က်န္မ်ား ျပန္က်လာေသာ္လည္း အမဲသားတြဲမ်ား ပါမလာေတာ့။ "ဒီသရဲေတြ ေဒၚတင့္အေၾကာ္ေတြ အလကားစားေနလို႔ ေဒၚတင့္လည္း ဆိုင္မထြက္ရဲေတာ့ဘူး …အခုလည္း လမ္းသြားလမ္းလာေတြရဲ႕ စားစရာေတြပါ လုစားေနၿပီတဲ့" XXXX တစ္ရက္ သရဲအေၾကာင္း သိမထားေသာ ႏြားေက်ာင္းသား ေလး လယ္ကြင္းထဲမွအျပန္ ကုကၠိဳပင္နား အေပါ့ သြားမိသည္။ ထိုစဥ္ ႏြားေက်ာင္းသားေလးေနာက္သို႔ သရဲႀကီးတစ္ေကာင္ ခုန္ဆင္းလာၿပီး ေက်ာကိုပုတ္ကာ မ်က္လုံးႀကီး ျပဴးၿပီး လွ်ာထုတ္ျပသည္။ သူ႔ေရွ႕မွာပင္ ေခါင္းႀကီးေပ်ာက္သြားၿပီး ေခါင္းမပါေသာ ခႏၶာကိုယ္ ႀကီးက သစ္ပင္ေပၚသို႔ ကုတ္တက္သြားသည္ကို ေတြ႕လိုက္ရသည္။ ႏြားေက်ာင္သားေလးလည္း သရဲႀကီးကိုျမင္ၿပီး အေၾကာက္လြန္ကာ ထိုေနရာမွာပင္ ေမ့လဲေန ေတာ့သည္။ လယ္ကြင္းထဲမွ ျပန္လာသူမ်ား ေတြ႕သျဖင့္ ေကာင္ေလး၏ အိမ္သို႔ ေခၚလာ ေပးၾကသည္။ အိမ္ေရာက္၍ ျပဳစုေသာ္လည္း တစ္ညလုံး သတိျပန္မလည္လာခဲ့။ ေနာက္ေန႔ေရာက္၍ သတိျပန္ရေသာ္လည္း စကားေမး မရ။ ေၾကာင္စီစီ ျဖစ္ေနေတာ့သည္။ သို႔ေၾကာင့္ လူႀကီးေတြစုၿပီး ထိုသရဲကိစၥကို တိုင္ပင္ၾကသည္ "ဒီသရဲကိစၥ ဘယ္လိုလုပ္ရင္ေကာင္းမလဲ၊ ဦးေမာင္ျဖဴက ေရွ႕မီေနာက္မီဆိုေတာ့ ဗဟုသုတေလးမ်ားရွိရင္ ေဝမွ်စမ္းပါဦး" "ဒီကိစၥကို ငါလည္း ဘာမွမတတ္ႏိုင္ဘူး သိန္းဇံရ။ သရဲႏိုင္တဲ့ ဆရာေခၚၿပီး ႏွင္ခ်င္ႏွင္။ ဒါမွမဟုတ္ ႐ြာဦးေက်ာင္းဆရာေတာ္ကိုပင့္ၿပီး အႏၲရာယ္ကင္း ပရိတ္ ႐ြတ္ခ်င္႐ြတ္ ဒီေလာက္ပဲ အႀကံေပးႏိုင္တယ္" "ဟုတ္တယ္ ဦးေမာင္ျဖဴေျပာသလို ႐ြာဦးဆရာေတာ္ ေက်ာင္းက ဘုန္းႀကီးငါးပါးပင့္ၿပီး ပရိတ္႐ြတ္လိုက္ရင္ ဒီသရဲေတြ ဘယ္ေနႏိုင္ပါမလဲ" "က်ဳပ္တို႔ဆႏၵလည္း အတူတူပဲ။ ပရိတ္႐ြတ္လိုက္ေစခ်င္တယ္" "ဒါဆို အခ်ိန္မဆိုင္းမေနနဲ႔၊ ဒီညေန ကုကၠိဳပင္ႀကီးေအာက္မွာ ဘုန္းႀကီးငါးပါးပင့္ၿပီး ပရိတ္႐ြတ္ၾကတာေပါ့ " "ေမာင္စိုးသိန္းနဲ႔ တင္ထြန္းတို႔က ပရိတ္႐ြတ္ဖို႔ ျဖစ္ေအာင္ စီစဥ္လိုက္၊ ငါနဲ႔ ဦးထြန္းေငြ ဘုန္းႀကီးေက်ာင္းသြားၿပီး ဘုန္းႀကီးပင့္ ထားလိုက္မယ္ ပရိတ္အိုး၊ ပရိတ္ေတာင္း၊ ကန္ေတာ့ပြဲ၊ ဘုန္းႀကီးေတြ အေအးကပ္ဖို႔ ႐ြာထဲမွာ အလႉေငြလည္း လိုက္ေကာက္ ထားၾကဦး" "စိတ္ခ် …ဦးေလး၊ က်ေနာ္တို႔ လိုေလးေသးမရွိ ျဖစ္ေျမာက္ေအာင္ စီစဥ္ထားမယ္၊ ဦးေလးတို႔သာ ဘုန္းႀကီးပင့္ဖို႔ တာဝန္ယူ " ညေနငါးနာရီခန္႔ ကုကၠိဳပင္ႀကီးေအာက္မွာ ပရိတ္႐ြတ္ပြဲ စီစဥ္ၿပီးေျမာက္ခဲ့သည္။ ကုကၠိဳပင္ႀကီးေပၚမွာရွိေသာ ေခါင္းျပတ္၊ ဗိုက္ေပါက္၊ ကိုယ္ျပားသရဲသုံးေကာင္ ကေတာ့ ပရိတ္႐ြတ္ေတာ့မည္ဟု စီစဥ္ေနသည့္ အခ်ိန္ကစၿပီး ေအာက္စု သခ်ႋဳင္းဘက္သို႔ သြားၿပီး ေရွာင္တိမ္း ေနၾကသည္။ ျပန္လာေတာ့ ကုကၠိဳပင္ႀကီးကို ပရိတ္ခ်ည္မ်ား ပရိတ္ေရမ်ား ပက္ဖ်န္းထားသျဖင့္ လြတ္လြတ္ ကင္းကင္းရွိေနေသာ ေညာင္ပင္ေပၚသို႔ တက္ၿပီး ေနေတာ့သည္။ ကုကၠိဳပင္ေပၚသို႔ တက္၍မရေတာ့။ ညဘက္ေရာက္ေတာ့ သရဲသုံးေကာင္ ထိုအနီးနားမွာ ရွိေသးေၾကာင္း ႐ြာသားတို႔ သိလိုက္ရသည္။ တာေပၚမွ လမ္းေလွ်ာက္ျပန္လာသူမ်ားကို ေညာင္ကိုင္းမ်ား လႈပ္ယမ္းျပသည္။ ခဲေကာက္၍ ေနာက္ေက်ာကို ပစ္ေပါက္သည္။ ဖုန္မ်ား၊ သဲမ်ား ေခါင္းေပၚသို႔ ေလာင္းခ်သည္။ နည္းမ်ိဳးစုံႏွင့္ ေျခာက္လွန္႔သည္။ ႐ြာသားတို႔လည္း ထိုသရဲမ်ားသည္ အႏၲရာယ္ကင္း ပရိတ္႐ြတ္စဥ္ အေဝးသို႔ ေရွာင္ထြက္သြားၿပီး ပရိတ္႐ြတ္ၿပီးမွ ျပန္လာျခင္း ျဖစ္ႏိုင္သည္ဟု မွတ္ယူၾကသည္။ ေမွာင္ရီဝိုးတဝါး ႐ြာသို႔ ျပန္လာသူမ်ား ၊ ျဖတ္သြားၾကသူမ်ား ေညာင္ပင္ ေပၚမွ အူေတြအေခြလိုက္ ထြက္ေနေသာ သရဲမႀကီး ဆင္းလာသည္ကို ျမင္သူရွိသည္။ ေခါင္းျပတ္ေနေသာ သရဲအေျခာက္ခံရသူလည္း ရွိသည္။ ကိုယ္ခႏၶာျပားခ်ပ္ေနေသာ သရဲႀကီး အေျခာက္ခံရသူလည္းရွိသည္။ ညခုႏွစ္နာရီ ေနာက္ပိုင္း အေျခာက္ခံရသူတို႔၏ ထိတ္လန္႔ ေခ်ာက္ခ်ားဖြယ္ ေအာ္ဟစ္သံမ်ားကို ႐ြာသား မ်ား မၾကာမၾကာ ၾကားေနရသည္။ ထို႔ေနာက္ သရဲအေၾကာင္းသိသူမ်ား အေမွာင္ ခံ၍ ျဖတ္သြားျဖတ္လာ မလုပ္ၾကေတာ့ေခ်။ ပရိတ္႐ြတ္ၿပီးေနာက္ပိုင္း သရဲအေျခာက္ၾကမ္း လာသျဖင့္ ႐ြာသားမ်ားလည္း ေအာက္စု႐ြာမွ အျပင္သို႔ အသြားအလာ နည္းသြားသည္။ ရပ္ကြက္လူႀကီးႏွင့္ ဦးေမာင္ျဖဴတို႔ ေခါင္းခ်င္းဆိုင္ တိုင္ပင္ၾကျပန္သည္။ "ဦးေလးေမာင္ျဖဴ …ဦးေလးေမာင္ျဖဴ" "ေဟ့ …တင္ေမာင္လား" "ဟုတ္တယ္ ဦးေလးေရ…အိမ္ေပၚတက္ခဲ့မယ္" "လာေလကြာ …ေရေႏြးၾကမ္း အဆင္သင့္ရွိတယ္၊ ေမာင္လွတို႔ စံသိန္းတို႔လည္း ေရာက္ေနတယ္ " "႐ြာထဲက သရဲသုံးေကာင္ …ပရိတ္႐ြတ္ၿပီး ႏွင္တာ ထြက္မသြားဘဲ၊ ပိုေသာင္းက်န္းလာလို႔ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ တိုင္ပင္ေနၾကတာ" "က်ေနာ္လည္း ဒီကိစၥ တိုင္ပင္မလို႔ လာခဲ့တာ" "ကဲ ထိုင္ကြာ…မင္းေျပာေနခ်င္တာလည္း ေျပာေပါ့" "ဒီသုံးေကာင္က လည္တဲ့ပုံပဲ ဦးေလးရ၊ ပရိတ္မ႐ြတ္ခင္ကတည္းက ေရွာင္ေနၿပီး ၿပီးမွ ျပန္ေရာက္လာတဲ့ပုံပဲ" "ေဒၚတင့္ …ေျပာစကားအရဆို၊ သူတို႔ ခိုကပ္ ေနတာက ကုကၠိဳပင္မွာ၊ အခုေညာင္ပင္မွာ ေျပာင္းေနၾကတယ္၊ ပရိတ္ထပ္႐ြတ္ၿပီး ေညာင္ ပင္ကိုပါ ပရိတ္ခ်ည္နဲ႔ပက္ ပရိတ္ေရနဲ႔ဖ်န္း ဘယ့္ႏွယ္လဲ" "အဲ့ဒီအပင္ေတြကို ဖ်န္းရင္ ေနာက္အပင္မွာ ေျပာင္းေနမွာေပါ့၊ တစ္ခါတည္း အၿပီးထြက္သြား ေစခ်င္တာ" "ဒါနဲ႔ ေမာင္တင္ေမာင္ …ဘာေျပာခ်င္လို႔လဲ" "က်ေနာ္ ညက စဥ္းစားမိလို႔ ၊ ဒီလိုလုပ္ရင္ ေကာင္းမလား တိုင္ပင္မလို႔လာခဲ့တာ…အေရွ႕ စံလွ႐ြာမွာ…ပေယာဂမ်ိဳးစုံ ၊ စုန္း ၊ ႐ြာသူအစြဲ မ်ိဳးစုံ ကုေပးတဲ့ ဆရာႀကီးတစ္ေယာက္ရွိတယ္ အဲဒီဆရာႀကီးက ဘုရားလည္း တရားလည္း ၾကည့္ညိဳတယ္…ပေယာဂကုတဲ့ ဆရာႀကီး ဆိုၿပီး အဲဒီ႐ြာမွာ နာမည္ႀကီးေနတာ အခုလို သရဲ တေစၦေတြ ေသာင္းက်န္းေနတာကိုလည္း ဆုံးမႏိုင္မယ္ ထင္တယ္" "ဟာ …တင္ေမာင္ေျပာမွ က်ေနာ္လည္း သတိသြားရတယ္ ဟုတ္တယ္…စံလွ႐ြာက ဆရာႀကီး အေတာ္စြမ္းတယ္ က်ေတာ္မ်က္ျမင္ပဲ ေမ့ေနလို႔ မေျပာျဖစ္တာ" "မင္းက ဘယ္လိုမ်က္ျမင္လဲ ထိန္ပင္႐ြာက က်ေနာ့္မိတ္ေဆြသမီး …ညေန ကန္မွာ ေရဆင္းခပ္ၿပီး အျပန္ ကန္အနီးမွာရွိတယ္ ေညာင္ၾကပ္ပင္က သရဲကပ္ၿပီး ပါလာတယ္၊ အဲဒီသရဲလည္း ကပ္ေရာ အိမ္မွာ ေသာင္းက်န္းတာမွ လြန္ေရာပဲ၊ ထမီေတာင္ မကပ္လို႔ ႀကိဳးနဲ႔ခ်ည္ေပးထားရတယ္ အစားဆိုလည္း ေန႔စဥ္ခ်က္ေကြၽးရတယ္ ဆရာမ်ိဳးစုံနဲ႔ကုတာ ၊ ဆရာေတြ ျပန္ေျပးရတာပဲ၊ ေနာက္ဆုံး စံလွ႐ြာက ဆရာႀကီးနဲ႔ ကုမွ ဆရာႀကီးအိမ္ေပၚတက္လာကတည္းက ၿငိမ္လို႔ဆိုပဲ " "သရဲက သူ႔ကိုႏိုင္မယ့္ဆရာမွန္း သိလို႔ေပါ့ " "ဟုတ္ေတာ့ဟုတ္တယ္…ဒါေပမဲ့ မထြက္ဘဲ အေတာ္တင္းခံေနလို႔ ဆရာႀကီး ထၾကမ္းေတာ့မွ သရဲအိမ္ေပၚကို ခုန္ဆင္းေျပးတာ၊ သရဲထြက္ သြားေရာ ေကာင္မေလးလည္း ျပန္ေကာင္း သြားတာ …လက္ေတြ႕ျမင္ခဲ့တယ္" "ဒါဆို …မင္းနဲ႔တင္ေမာင္တို႔ႏွစ္ေယာက္ စံလွ႐ြာသြားၿပီး အဲဒီဆရာႀကီးကို ပင့္ခဲ့ၾကကြာ အက်ိဳးအေၾကာင္းလည္း ေျပာျပ ဟုတ္လား" "သူေမးရင္ေတာ့ သိသမွ် ေျပာျပပါမယ္ " "ကဲ ဒါဆို ဘယ္ေန႔သြားမလဲ" "မနက္ေစာေစာ အိမ္ကလွည္းနဲ႔ သြားၾကမယ္" "ကဲ ဆရာကိစၥ စီစဥ္ၿပီးၿပီဆိုေတာ့ ေရေႏြးၾကမ္း ေသာက္ၾကကြာ…လက္ဖက္နဲ႔ ပဲၾကမ္းေၾကာ္ရွိတယ္ ေအးေအး ေဆးေဆးမွျပန္ၾက" သို႔ျဖင့္ ဆရာပင့္ေရး တိုင္ပင္ေဆြးေႏြးၾကၿပီးေနာက္ ေရေႏြးၾကမ္း ခဏမွ် ထိုင္ေသာက္၍ ဦးေမာင္ျဖဴကို ႏႈတ္ဆက္ကာ အားလုံး ျပန္ခဲ့ၾကသည္။ XXXXX စံလွ႐ြာမွ ဆရာဦးကံသာကို ပင့္ေဆာင္လာၾကေသာ ဦးတင္ေမာင္ႏွင့္ ဦးေမာင္လွတို႔ လွည္းေမာင္းၿပီး ဦးေမာင္ျဖဴအိမ္သို႔ ေရာက္လာၾကသည္။ ဆရာဦးကံသာက အသက္ေျခာက္ဆယ္ခန္႔သာ ရွိေသးသည္။ အိမ္ဦးခန္းမွာ ဖ်ာေပၚ ဝင္ထိုင္ၿပီး လြယ္အိတ္ကို ေဘးခ်ကာ ဘုရားကို ဦးတိုက္ ရွိခိုးလိုက္သည္။ေရာက္မဆိုက္ပင္ အျဖစ္အပ်က္ကို ရွင္းျပသည္။ "ကဲ ကဲ ဘာမွမစိုးရိမ္ၾကနဲ႔ ဆရာ ဒီကိစၥ ေဆာင္႐ြက္ေပးပါမယ္။ သရဲက တစ္ေကာင္ဆို အေၾကာင္းမဟုတ္ဘူး။ အခု သရဲက သုံးေကာင္ ျဖစ္ေနတယ္ " "ဆရာ စိတ္မရွိပါနဲ႔၊ သုံးေကာင္ဆို ဆရာႏွိမ္နင္းဖို႔ လြယ္ပါ့မလား" "ဆရာရဲ႕ အာဏာစက္နဲ႔ေတာ့ ဒီသရဲသုံးေကာင္ကို ႏွင္လို႔ မလြယ္ဘူး၊ သူတို႔ကို ႏိုင္မယ္သူနဲ႔ ေတြ႕ ေပးရေသးတာေပါ့ ။ ကိုတင္ေမာင္တို႔ ေျပာစကား အရဆို ဒီကိစၥအျမန္ရွင္းေပးမွ ျဖစ္မယ္ အစာ မစားရတာ ၾကာရင္ ႐ြာထဲဝင္ၿပီး တိရစာၦန္ေတြ ဆြဲစားရင္ မျဖစ္ဘူး" "သရဲတိုင္း ေျခာက္လွန္႔တာတို႔ လုယက္ စားေသာက္တာတို႔ မလုပ္ၾကပါဘူး။ "ဒီသရဲေတြကို ႏွိမ္နင္းေပးပါဆရာ" "စိတ္မပူပါနဲ႔ ဆရာေဆာင္႐ြက္ေပးပါ့မယ္" "ကဲ…ကိုတင္ေမာင္ …ညေန ေလးနာရီ၊ ငါးနာရီေလာက္မွာ ၾကက္တစ္ေကာင္ရွာၿပီး တစ္ေကာင္လုံး ခုတ္ထစ္ၿပီးခ်က္၊ အေပါ့အငန္ မျမည္းနဲ႔၊ နႏြင္းမထည့္နဲ႔ ၊ ဆန္ေလးလုံးကိုလည္း သီးသန္႔ခ်က္။ ညရွစ္နာရီေလာက္ အားလုံး က်က္ရင္ ရၿပီ" "ငါးနာရီေလာက္ခ်က္ရင္ ေျခာက္နာရီ မေက်ာ္ပါဘူး၊ က်က္ေနပါၿပီ" "ဆရာအသုံးျပဳမွာက ညရွစ္နာရီခြဲနဲ႔ ကိုးနာရီၾကား ခ်င့္ခ်ိန္ၿပီး ခ်က္ေပါ့ ၊ ဒီ႐ြာနဲ႔ သခ်ႋဳင္းနီးလား" "ဟုတ္ကဲ့ …နီးပါတယ္ " "ညကိုးနာရီအေရာက္ ဆရာဦးေဆာင္ၿပီး သခ်ႋဳင္းထဲ သြားၾကမယ္၊ နတ္ဝင္သည္ အမ်ိဳးသမီးတစ္ေယာက္ ေခၚသြားရမယ္၊ မေၾကာက္မလန္႔ သတၱိရွိတဲ့ ႐ြာသား သုံးေယာက္လည္း ေခၚသြားခ်င္တယ္၊ ခင္ဗ်ားတို႔ စီစဥ္ေပးၾကပါ " "ဟုတ္ကဲ့ …က်ေနာ္ စီစဥ္လိုက္ပါ့မယ္ ဆရာႀကီး" မၾကာခင္မွာပင္ လိုက္မည့္သူမ်ား စီစဥ္ၿပီးေၾကာင္း ဦးတင္ေမာင္ လာအေၾကာင္းၾကားသည္။ XXXX ညရွစ္နာရီခြဲေက်ာ္သည္ႏွင့္ ဆရာဦးကံသာ ဦးေဆာင္ၿပီးေရွ႕ကသြားသည္။ အသက္ေလးဆယ္ ခန္႔ရွိေသာ နတ္ဝင္သည္တစ္ေယာက္ႏွင့္ ထမင္းေတာင္းထမ္းလာေသာ ေယာက်ၤားသုံး ေယာက္တို႔ ေနာက္မွ ပါလာသည္။ ေအာက္စု သခ်ႋဳင္းက အေမွာင္ေအာက္မွာ ၿငိမ္သက္စြာ ရွိေနသည္။ သခ်ႋဳင္းအတြင္းမွ ပိုးဖလံမ်ိဳးစုံ ေအာ္သံမ်ား ၾကားေနရသည္။ အေဝးဆီမွ ေခြးအူသံတစ္ခ်က္ ထြက္လာသလို ေကာင္းကင္မွ ညဥ့္ငွက္ေအာ္သံတစ္ခ်ိဳ႕ကိုပါ ၾကားေနရသည္။ လူငါးေယာက္က သခ်ႋဳင္းနား ေရာက္သြားသည္။ သခ်ႋဳင္းအတြင္း အုတ္ဂူမ်ားမ်ား စားစား မရွိ။ အုတ္ဂူအေဟာင္း အသစ္ ဆယ္ လုံးခန္႔သာ ရွိသည္။ ေျမဖို႔ သၿဂႋဳဟ္သူ မ်ားသျဖင့္ ဂူနည္းနည္းသာရွိျခင္း ျဖစ္သည္။ "ကဲ…ဒီေရွ႕က ဂူအေပၚကို သစ္႐ြက္အမႈိက္ ရွင္းၿပီး ငွက္ေပ်ာ႐ြက္ေတြ ျဖန္႔ခင္းလိုက္ ငွက္ေပ်ာ႐ြက္အေပၚ ထမင္းပုံ ဟင္းေတြပါပုံလိုက္၊ ဖလားထဲကို ပုလင္းထဲကေရျဖည့္ၿပီး တင္ထားလိုက္၊ ကဲ ျပင္ဆင္ၿပီးရင္ ဆရာႀကီးေနာက္မွာ ရပ္ေနၾက။ တူမႀကီးက ေရွ႕ကိုထြက္ခဲ့။ ဆံပင္ကို ေက်ာေပၚ ျဖည္ၿပီး ျဖန္႔ခ်လိုက္ ၿပီးရင္ အဲဒီဂူေဘးမွာ ဒူးေထာက္ၿပီး ထိုင္လိုက္ " နတ္ဝင္သည္ အမ်ိဳးသမီးက ဆရာႀကီးခိုင္းသည့္ အတိုင္း လိုက္နာေဆာင္႐ြက္ေနသည္။ "ကဲ …မ်က္လုံးမွိတ္ၿပီး စိတ္ကိုေလ်ာ့ထား၊ လက္အုပ္ခ်ီခ်င္လည္း ခ်ီထား ဆရာ မဖဲဝါကို ေခၚပင့္ေတာ့မယ္ ေတာပိုင္ ေတာင္ပိုင္၊ ကြင္းပိုင္ အေပါင္းတို႔ သခ်ႋဳင္းတို႔ကို ေစာင့္ေရွာက္ေနေသာ ဝိညာဥ္တို႔၏ အရွင္ မဖဲဝါအား ေရာက္ရာ အရပ္ ေရာက္ရာေဒသ ရွိရာအရပ္သို႔ အေၾကာင္း ၾကားေပးေစလိုပါသည္။ မဖဲဝါခင္ဗ်ား …ဤေနရာ ဤအရပ္မွ သင့္အား ပင့္ဖိတ္ပါသည္။ အကူအညီ ေတာင္းရန္ ကိစၥရွိပါ၍ ေရာက္ရာအရပ္မွ အျမန္လာေရာက္၍ စားပြဲမ်ားလည္း သုံးေဆာင္ပါ မဖဲဝါခင္ဗ်ား ေရာက္ရာအရပ္မွ အျမန္လာေရာက္ ေစလိုပါသည္ " ဆရာႀကီးက ႏွစ္ႀကိမ္မွ် ပင့္ေခၚလိုက္သည္ႏွင့္ သခ်ႋဳင္းအတြင္း သစ္ပင္ထက္မွာ …နားခိုေနၾက ေသာ ငွက္တိရစာၦန္မ်ား ဆူညံသြားသလို သစ္ပင္သစ္ကိုင္း၊ ခ်ဳံပုတ္မ်ား လႈပ္ခတ္သြား သည္ကိုလည္း အားလုံးျမင္ရသည္။ ေလတိုးသံမ်ားကလည္း ဆူညံသလို ျဖစ္လာသည္။ ဆရာႀကီးေနာက္ကလူမ်ား တစ္ေယာက္ႏွင့္ တစ္ေယာက္ ပူးကပ္သြားၾကသည္။ သူတို႔အနီးသို႔ မည္းမည္းအရိပ္ႀကီးတစ္ခု ဝင္လာၿပီး နတ္ကေတာ္ ထံ ဝင္ေရာက္ပူးကပ္သြားသည္။ နတ္ကေတာ္ အမ်ိဳးသမီးလည္း ဆတ္ခနဲတုန္ လႈပ္သြားၿပီး ခဏအတြင္း ဂူေပၚခုန္တက္ကာ၊ ထမင္းႏွင့္ ဟင္းစားကို စားေနပါေတာ့သည္။ ခဏအတြင္း ဆန္ေလးလုံးခ်က္ႏွင့္ ၾကက္ တစ္ေကာင္လုံး ခ်က္ထားေသာ ဟင္းမ်ားကို အားရပါးရ စားေနပါေတာ့သည္။ မၾကာခင္မွာပဲ နည္းနည္းေလးသာ က်န္ေတာ့သည္။ မိန္းမတစ္ေယာက္ မဆိုထားဘိ ေယာက်ၤား တစ္ေယာက္ပင္ ခဏအတြင္း ကုန္ေအာင္မစားႏိုင္။ ၾကက္႐ိုးမ်ားကိုလည္း ေထြးထုတ္စြန္႔ပစ္ျခင္းမရွိ၊ ပါးစပ္ထဲသြင္းသမွ် အကုန္အစင္ စားပစ္မည္။ "ကဲ ေျပာ…ငါ့ကိုေခၚၿပီး …ဘာသိခ်င္တာလဲ "ေအာက္စု႐ြာစြန္က ကုကၠိဳပင္မွာ လာေရာက္ ေနထိုင္တဲ့ သရဲသုံးေကာင္ဟာ လူေတြကို ေျခာက္လွန္႔ေနလို႔ မဖဲဝါကို လာတိုင္အေၾကာင္း ၾကားရျခင္း ျဖစ္ပါတယ္ " "ေအာ္…သိၿပီ…တေလာက ငါ့သခ်ႋဳင္းကို ကားေမွာက္ၿပီး ေသတဲ့ အေလာင္းသုံးေလာင္း ေရာက္လာတယ္။ ဒင္းတို႔ သုံးေကာင္ေပါင္းၿပီး ေအာက္စု႐ြာမွာ ခိုကပ္ေနခဲ့တယ္ေပါ့။ ဟုတ္ၿပီ သူတို႔ေနတဲ့ သစ္ပင္ေအာက္မွာ စားစရာရေနတာကို အခုမစားရေတာ့လို႔ စိတ္ဆိုးၿပီး ေျခာက္လွန္႔ ေနတာပဲ စားစရာေတြ႕ရင္ လုစားၾကတယ္ ေနာက္စားစရာမစားရရင္ ႐ြာထဲဝင္ၿပီး သတ္ျဖတ္စားေတာ့မယ္၊ ငါ့လက္စြဲေခြး ေတြကို လႊတ္လိုက္ၿပီ။ ဘာမွ စိုးရိမ္မေနနဲ႔။ မၾကာခင္ ေခၚလာလိမ့္မယ္။ ၿပီးရင္…သူတို႔ရဲ႕ခႏၶာကိုယ္ေတြ ျမႇဳပ္ႏွံထားတဲ့ ထိန္ေပါက္႐ြာသခ်ႋဳင္းကိုဆုံးမၿပီး ျပန္လႊတ္လိုက္မယ္ မင္းတို႔လည္း စိတ္ခ်လက္ခ် ျပန္ၾကေတာ့ " မဖဲဝါကေျပာရင္း…ဖလားကို ယူလိုက္ကာ အထဲက ေရမ်ားကို အားပါးတရ ေမာ့ေသာက္ၿပီး နတ္ဝင္သည္ ခႏၶာကိုယ္မွ ထြက္ခြာသြားသျဖင့္ နတ္ဝင္သည္ အမ်ိဳးသမီးလည္း ထိုင္ေနရာက ေခြက်သြားသည္။ "ကဲ …သူ႔ကို ေအာက္ကို မ,ၿပီးခ်ေပးလိုက္ၾက" ေယာက်ၤားသုံးေယာက္လည္း နတ္ဝင္သည္ကို ဂူေဘးသို႔ မခ်လိုက္သည္။ ဆရာႀကီးက ေရပုလင္းထဲမွ လက္က်န္ေရျဖင့္ မ်က္ႏွာကိုေတာက္လိုက္သည္။ ခဏအတြင္း သတိျပန္လည္လာသည္။ "ကဲ…ကေလးမ တို႔အားလုံး ႐ြာျပန္ၾကစို႔ " ဆရာႀကီးႏွင့္ အဖြဲ႕သားမ်ားကို ႐ြာသို႔ ျပန္လာစဥ္ ေအာက္စု႐ြာ အစြန္မွထိန္ေပါက္႐ြာဘက္သို႔ မည္းမည္းသ႑ာန္မ်ား ေျပးလႊားသြားသည္ကို ေကာင္းကင္အလင္းေရာင္ျဖင့္ ျမင္လိုက္ၾကရသည္။ "ေဝါင္း …ေဝါင္း …ေဝါင္း …" မည္းမည္းသ႑ာန္ႀကီးေနာက္မွ က်ယ္ေလာင္ေသာ ေခြးေဟာင္သံႀကီးကို ၾကားလိုက္ရၿပီး ႐ြာႏွင့္ ေဝး၍ သြားသည္ကိုလည္း အားလုံးၾကားေနရသည္။ "ကဲ…အဲဒါ မဖဲဝါရဲ႕ လက္စြဲေခြးႀကီးပဲ၊ သရဲသုံးေကာင္ကို လိုက္ေမာင္းေနတာ ျမင္ၿပီ မဟုတ္လား…ေနာက္ေန႔ကစၿပီး သရဲသုံးေကာင္ ေအာက္စု႐ြာကို ျပန္လာဝံ့ေတာ့မွ မဟုတ္ဘူး။ စိတ္ခ်လက္ခ်သာ သြားလာၾကေပေတာ့ " "ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဆရာႀကီး" မၾကာခင္မွာ ႐ြာသို႔ ျပန္ေရာက္လာၾကသည္။ ဆရာႀကီး တည္းခိုေသာ ဦးေမာင္ျဖဴအိမ္သို႔ ေရာက္လာၾကသည္။ ဦးေမာင္ျဖဴအိမ္မွာ လူအေတာ္မ်ားမ်ား ေရာက္ရွိေနၾကသည္။ သခ်ႋဳင္းထဲမွ အေတြ႕အႀကဳံကိုဝိုင္း၍ ေမး ျမန္းၾကသည္။ သခ်ႋဳင္းအတြင္း လိုက္ခဲ့ ၾကသူမ်ားကလည္း သိလိုသမွ် ေျပာျပ ေနၾကသျဖင့္ ဦးေမာင္ျဖဴအိမ္မွာ လူစည္ကား ေနေတာ့သည္။ ေနာက္ေန႔ႏွင့္ ေနာက္ညေတာ့ ထူးျခားမႈ ရွိ မရွိ သိရွိရန္ ဆရာႀကီးအား တစ္ညေစာင့္ေပးပါရန္ ေျပာထားသျဖင့္ ဆရာႀကီးလည္း ႐ြာသားမ်ား ေက်နပ္ေစရန္ တစ္ညဆက္၍ ေနေပးခဲ့သည္။ တကယ္ပင္ မဖဲဝါေျပာခဲ့သည့္အတိုင္း ဗိုက္ေပါက္၊ ကိုယ္ျပား၊ ေခါင္းျပတ္သရဲ သုံးေကာင္တို႔၏ ေျခာက္လွန္႔ျခင္းကို ႐ြာသူ႐ြာသားတို႔ မႀကဳံၾကရေတာ့။ ဆရာႀကီးကို စုေပါင္းကန္ေတာ့ၿပီး စံလွ႐ြာသို႔ ျပန္ပို႔လိုက္ၾကသည္။ ေဒၚတင့္လည္း အေၾကာ္ဆိုင္ျပန္ထြက္ ၿပီျဖစ္သည္။ ေအာက္စု႐ြာႏွင့္ အနီးဝန္းက်င္ သြားလာမပ်က္ ပုံမွန္အေနအထားသို႔ ျပန္ေရာက္ခဲ့ၿပီျဖစ္သည္။ မူရင္းေရးသူ ဆရာ ဧကန္မင္း စာဖတ္သူမ်ား စိတ္႐ႊင္လန္ပါေစ #ညမဖတ္ရ

No comments

Post a Comment