အောင်မြတ်သာနှင့်လူခြောက်အတိုက်

  အောင်မြတ်သာနှင့်လူခြောက်အတိုက် “ သန်းရှင်… ဟေ့ သန်းရှင် “ ကုန်ခြောက်ဆိုင်ပိတ်ခါနီး အိမ်ထဲကနေ လှမ်းအော်နေတဲ့ ခင်ပွန်းဖြစ်သူအသံကြောင့် ဆန်ထည... thumbnail 1 summary

 အောင်မြတ်သာနှင့်လူခြောက်အတိုက်


“ သန်းရှင်… ဟေ့ သန်းရှင် “

ကုန်ခြောက်ဆိုင်ပိတ်ခါနီး အိမ်ထဲကနေ လှမ်းအော်နေတဲ့ ခင်ပွန်းဖြစ်သူအသံကြောင့် ဆန်ထည့်ထားတဲ့ပုံးကို ပစ်ချလိုက်ပြီး

“ ဘာတုန်းအေ ဒီမှာဆိုင်သိမ်းနေတာ မမြင်ဘူးလား”

“ ဆိုင်သိမ်းတာအသာထား မနေ့က မြတ်တဲ့အမြတ်ငွေတွေဗီရိုထဲထည့်ထားတာမရှိတော့ဘူးဟ”

“ ရှိပါမှာတော် အထားမှားတာနေမှာပါ… သေချာရှာကြည့်ပါဦး”

“ ရှာပြီးပြီ မင်းများ နေရာပြောင်းလိုက်သလားလို့လေ”

“ ကြံကြီးစည်ရာတော် ကျုပ်က ဘာလို့နေရာပြောင်းရမှာလဲ မနက်ဖြန်စျေးရင်းဖို့ငွေက တစ်ထပ်၊ အမြတ်ငွေကတစ်ထပ် သေချာထားထားတာလေ”

“ အေး ဟုတ်တယ် … အခုက စျေးရင်းဖို့ငွေပဲကျန်တော့လို့ပေါ့ဟ”

ခင်ပွန်းဖြစ်သူစကားကြောင့် အိမ်ရှေ့ဆိုင်တံခါးကို ကပြာကယာပိတ်လိုက်ပြီး အထဲဝင်ကြည့်လိုက်ရာ စျေးရင်းငွေတစ်ခုသာ ပိုက်ဆံပုံးထဲကျန်နေတာမြင်လိုက်ရတယ်။

“ ကိုသာမောင် အိမ််ကိုသူခိုးများကပ်လေသလား”

“ သန်းရှင်ရယ် သူခိုးကပ်ရင် ဒီစျေးရင်းငွေကို ချန်ထားမလား… အကုန်ယူသွားမှာပေါ့”

“အင်း အဲဒါလဲဟုတ်တယ်နော်… ကျုပ်တို့တစ်ပတ်လုံး ရောင်းထားရတဲ့အမြတ်ငွေတွေကုန်ပါပြီတော်..အီးဟီးဟီး”

သန်းရှင်က အိမ်တိုင်ကိုမှီပြီး ငိုချလိုက်ရာ ကိုသာမောင်က

“ စိတ်မကောင်းမဖြစ်ပါနဲ့ .. ငါတို့အထားမှားတာနေမှာပါ.. လာလာ ထမင်းစားရအောင်”

ကိုသာမောင်တို့လင်မယားလဲ ပျောက်သွားတဲ့ငွေကိုနှမျောတဲ့စိတ်နဲ့ ထမင်းကိုအဖြစ်လောက်သာ စားဖြစ်ခဲ့ကြတယ်။

ဒီလိုနဲ့ နှစ်လလောက်ကြာတော့ အလားတူကိစ္စမျိုးထပ်လာခဲ့တယ်။ ဒီတစ်ခါတော့လင်မယားနှစ်ယောက်သာ သိတဲ့နေရာမှာထားထားတဲ့ငွေက ပျောက်ချင်းမလှထပ်ပျောက်သွားပါလေရော။

“ ကိုသာမောင် … ငွေတွေထပ်ပျောက်ပြန်ပြီ။ ဒီတစ်ခါတော့ သူခိုးခိုးတာလဲမဖြစ်နိုင်သလို ကြွက်ချီတာလဲမဖြစ်နိုင်ဘူး။ အခုတစ်လော ကျုပ်လဲအိမ်မက်တွေမကောင်းဘူးဖြစ်နေတယ်”

“ ဒါဖြင့် ငါတို့ဘယ်လိုလုပ်ကြမလဲ… ငါ့အထင်တော့ သွေးရိုးသားရိုးမဟုတ်လောက်ဘူးထင်တယ်”

“ ကျုပ်အသိတွေထဲမှာ ပယောဂကောင်းကောင်းကုတတ်တဲ့ဆရာတွေရှိတယ်။ တော် သဘောတူရင် အိမ်ကိုပင့်ပြီးကြည့်ခိုင်းလိုက်ရမလား”

ကိုသာမောင်လဲ မကြာခဏငွေတွေပျောက်လို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့မိန်းမဖြစ်သူကိုကြည့်ပြီး ခေါင်းညိမ့်ကာသဘောတူပေးခဲ့တယ်။

++++++

ကိုးဖီးဆိုင် ကန်တော့ပွဲ သုံးပွဲကိုအစီအရီချထားပြီး အမွှေးတိုင်ဖယောင်းတိုင်တွေကို အငွေ့တထောင်းထောင်းထအောင်ထွန်းထားတဲ့ ဘုရားကျောင်းဆောင်အရှေ့မှာတော့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်က တင်ပလ္လင်ခွေထိုင်နေခဲ့တယ်။

“ မင်းတို့အိမ်ကို မနာလိုတဲ့သူတစ်ယောက်က စီပွါးလျော့အောင်တိုက်ထားတာပဲ”

“ ဗျာ စီးပွါးလျော့အောင်ဟုတ်လားဆရာ”

“ ဟုတ်တယ် .. မင်းတို့စီးပွါးပျက်တဲ့ထိမဟုတ်ပဲ ဒီကနေရှေ့ဆက်မတက်အောင်လုပ်ထားတာ”

“ ကူညီပါဦးဆရာရယ်… ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သတ်ပြီးအတွေ့အကြုံလဲမရှိတော့ ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်”

“ သိပ်လဲစိတ်ပူမနေပါနဲ့.. ဆရာအခုပေးတဲ့အဆောင်ကို အိမ်ပေါက်ဝနဲ့ ခြံပေါက်ဝတွေမှာကပ်ထားပြီး ရေမန်းကိုတစ်အိမ်လုံးဖြန်းလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်”

ကိုသာမောင်တို့လဲ အဆောင်နဲ့ရေမန်းကို ဆရာပြောတဲ့အတိုင်းလုပ်လိုက်ရာ ငွေတွေမပျောက်တော့ပဲ အဆင်ပြေသွားခဲ့တယ်။
++++++

ဒီလိုနဲ့ ကိုသာမောင်တို့ရဲ့ ကုန်စုံဆိုင်လေးကလဲ တစ်ဖြေးဖြေးရောင်းကောင်းလာခဲ့တဲ့အတွက် ဆိုင်ကိုထပ်ချဲ့ဖို့ဖြိုလိုက်ရာ ကြမ်းခင်းသစ်သားပြားအောက်မှာ ခဲပြားနဲ့ရေးထားတဲ့ အစီအရင်တစ်ခုထွက်လာခဲ့တယ်။

“ သန်းရှင် … ဒီမှာကြည့်ဦး”

“ ဟင် ခဲပြားပေါ်မှာ ဘာတွေရေးထားတာလဲမသိဘူးနော်”

“ ငါတို့ပိုက်ဆံတွေပျောက်တာ ဒါကြောင့်ပဲဖြစ်ရမယ်… ဆရာကောင်းနဲ့တွေ့ပေလို့သာပဲ နောက်ဆိုမတွေးဝံ့ဘူးဟေ့”

“ လူတွေကလဲတော် ကိုယ့်ထမင်းကိုယ်စားပြီး သူများကို ဒုက္ခလိုက်ပေးနေရတယ်လို့”

သန်းရှင်က ဗျစ်တောက်ဗျစ်တောက်ရေရွတ်ပြီး ခဲပြားကို စက္ကူနဲ့ထုပ်ကာ အိမ်ရှေ့ရေမြောင်းထဲပစ်ထုတ်လိုက်တယ်။ ဒီလိုနဲ့ ဆိုင်အသစ်ဖွင့်ပြီး လေးငါးလကြာတဲ့အထိ အဆင်ပြေနေခဲ့ရာ တစ်ညမှာတော့

“ ရှပ် ရှပ် ရှပ်”

အိမ်ရှေ့ခန်းမှာ လမ်းလျောက်နေတဲ့ခြေသံကြောင့် အိပ်မပျော်တပျော်ဖြစ်နေတဲ့ ကိုသာမောင် လန့်နိုးလာပြီး

“ သန်းရှင် ထဦး… အိမ်ရှေ့မှာ ခြေသံကြားနေရတယ်”

“ ဟင် ဘယ်ကခြေသံလဲ သူခိုးများလား”

“ ငါလဲဘယ်သိမလဲ.. ခြေသံကတော့ သေချာတယ်..ငါသွားကြည့်လိုက်ဦးမယ်”

ကိုသာမောင်က ခြင်ထောင်ကိုအသာလှန်ကာ ခြေရင်းမှာ ဆောင်ထားတဲ့ ဝါးရင်းတုတ်ကိုဆွဲယူလိုက်တဲ့အချိန် ခြေသံကပျောက်သွားခဲ့တယ်။ အိမ်ရှေ့ထွက်ကြည့်တော့လဲ လူရိပ်နဲ့တူတာဆိုလို့ ဘာမှမတွေ့တဲ့အတွက် အိပ်ယာထဲပြန်ဝင်လာပြီး

“ ငါများ နားကြားမှားတာလား အပြင်မှာလဲဘာမှမတွေ့ဘူး”

“ ကြွက်တွေဘာတွေ ဖြစ်မှာပါ သိပ်လဲစိတ်ပူမနေပါနဲ့ မနက်လဲအစောကြီးထရမှာမဟုတ်လား အိပ်ဦး”

မိန်းမဖြစ်သူစကားကြောင့် ကိုသာမောင် လှဲချကာအိပ်လိုက်တယ်။ မနက်လင်းအားကြီးချိန်ရောက်တော့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ခေါင်းရင်းမှာသိမ်းထားတဲ့ ပိုက်ဆံပုံးကိုဖွင့်လိုက်ရာ ငွေစက္ကူတွေတစ်ရွက်မှမရှိတာမြင်လိုက်ရတယ်။

“ သန်းရှင် … ပိုက်ဆံတွေ ဘယ်မှာထားထားလဲ”

“ ခေါင်းရင်းကပုံးထဲမှာရှိတယ်လေ ဆီနဲ့ကြက်သွန်တွေထပ်ဝယ်လာဦးနော်”

“ စျေးဝယ်ဖို့နေနေသာသာ လမ်းစရိတ်တောင်မရှိတော့ဘူးဟ”

ကိုသာမောင်စကားကြောင့် မျက်နှာသစ်နေတဲ့ သန်းရှင်တစ်ယောက် ကပြာကယာထလာပြီး

“ ညကပဲသေချာရေပြီးထည့်ထားတာလေ ပျောက်စရာ ဘာအကြောင်းမှမရှိတာ”

“ အဲဒါတော့ ငါလဲဘယ်သိမလဲ … “

“ ကိုသာမောင် … ကျုပ်တို့အရင်ကဖြစ်ခဲ့သလိုများ ပြန်ဖြစ်နေတာလား”

“ ဒီဇာတ်လမ်းကပြန်စလာပြန်ပြီထင်တယ် စိတ်ပျက်စရာကွာ”

“ စိတ်ပျက်မနေနဲ့ ဗီရိုထဲကလိုတဲ့ငွေယူပြီး စျေးဝယ်လာခဲ့… ကျုပ်လဲ ဆရာဆီသွားပြီး အကျိုးအကြောင်းသွားမေးဦးမယ်”

ကိုသာမောင်လဲ ဗီရိုထဲကနေ ငွေအချို့ကိုယူပြီး စျေးဝယ်ရန်ထွက်သွားခဲ့တယ်။ နေထန်းတစ်ဖျားလောက်ရောက်တော့ အထုပ်အပိုးတွေနဲ့ပြန်ရောက်လာတဲ့အချိန် မိန်းမဖြစ်သူကိုဆိုင်မှာမတွေ့လို့ ဘေးအိမ်ကိုမေးကြည့်တော့ ပယောဂဆရာဆီသွားတယ်ဆိုပြီးသိခဲ့ရတယ်။

ခဏကြာတော့ သန်းရှင်တစ်ယောက် မျက်နှာမသာမယာနဲ့ ပြန်ရောက်လာပြီး

“ ကျုပ်တို့တော့ အားကိုးမဲ့ပါပြီ ကိုသာမောင်ရေ…”

“ ဟေ ဘာဖြစ်လို့တုန်း”

“ ကျုပ်တို့ဆီလာတဲ့ဆရာ ဆုံးသွားပြီတဲ့”

“ ဘယ်တုန်းကဆုံးသွားတာလဲ “

“ လွန်ခဲ့တဲ့ လက ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတာလို့ပြောတယ်… အခုကျုပ်တို့ဘယ်သူ့ကို အကူအညီတောင်းရပါ့မလဲ စိတ်တွေညစ်ပါရဲ့တော်”

“ သိပ်လဲစိတ်ညစ်မနေပါနဲ့… အခြားစွမ်းတဲ့ဆရာတွေလဲ ရှိမှာပါ “

ကိုသာမောင်က မိန်းမဖြစ်သူကိုနှစ်သိမ့်ရင်း ဆိုင်ထဲကပစ္စည်းတွေကိုနေရာချနေခဲ့တယ်။
++++

အရင်ကဆိုရင် တစ်လ တစ်ခါ နှစ်လတစ်ခါမှ ငွေတွေပျောက်ရာကနေ အခုဆိုရင် တစ်ပတ်တစ်ခါ သုံးရက်တစ်ခါလောက်အထိ ပျောက်လာခဲ့တယ်။ ကိုသာမောင်တို့လဲ ပိုက်ဆံတွေကို လက်ထဲကိုင်ထားပြီး စောင့်ကြည့်ခဲ့ပေမယ့် မှေးခနဲအိပ်ပျော်သွားလို့ နိုးလာရင် လက်ထဲကိုင်ထားတဲ့ ပိုက်ဆံတွေမရှိတော့တဲ့အထိ ဖြစ်လာခဲ့တယ်။

အခြားဆရာတွေနဲ့ ခေါ်ပြတော့လဲ ရက်ပိုင်းလောက်သာ ငြိမ်ပြီး တစ်ပတ်ကျော်တာနဲ့ငွေတွေပြန်ပျောက်လာတာကြောင့် ကိုသာမောင်တို့စျေးဆိုင်လေးမှာရှိတဲ့ပစ္စည်းတွေ တစ်ဖြေးဖြေးလျော့နည်းလာခဲ့သလို စီးပွါးရေးကလဲ ကျဆင်းလာခဲ့တယ်။
+++++

“ သန်းရှင် အိမ်ထဲမှာ ဖျာခင်းထားလိုက် ခဏနေ ငါတို့အိမ်ကိုကြည့်ပေးမယ့်ဆရာတစ်ယောက်လာလိမ့်မယ်”

အပြင်ကနေ အမောတကောပြန်လာတဲ့ ကိုသာမောင်စကားကြောင့် ဆိုင်မှာထိုင်နေတဲ့သန်းရှင်က အိမ်ပေါ်ကိုတက်ကာသန့်ရှင်းရေးလုပ်နေတဲ့အချိန် အသက်လေးဆယ်အရွယ် ဥပဓိရုပ်ကောင်းကောင်းလူတစ်ယောက်နဲ့ အဖော်တစ်ယောက်အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

“ ဆရာတို့ရောက်လာပြီလား… အိမ်ပေါ်ကိုကြွကြပါဗျ”

ကိုသာမောင်က ရောက်လာတဲ့သူတွေကို လောကွတ်ပြုလိုက်ပြီးအိမ်ပေါ်ကိုခေါ်လာခဲ့တယ်။

ဧည့်သည်နှစ်ယောက်ကလဲ အိမ်ပေါ်ကိုရောက်တာနဲ့ ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ကာ ဘုရားဝတ်ပြုလိုက်ကြတယ်။ ဝတ်ပြုပြီးတော့မှ ကိုသာမောင်တို့ဘက်လှည့်ပြီး

“ ဒီအိမ်မှာဖြစ်နေတာတွေကို ဟောဒီက ကိုသာမောင်ပြောပြလို့သိပြီးပါပြီ… အခု ကျုပ်တို့အနေနဲ့ အိမ်မှာဘာကြောင့်အခုလိုဖြစ်နေတယ်ဆိုတာကြည့်ပြီးပြန်ပြောပေးပါမယ်” လို့ပြောကာ ဘုရားကျောင်းဆောင်လှည့်သွားခဲ့တယ်။

အတန်ကြာအောင် အာရုံခံပြီးတဲ့အချိန်မှာတော့

“ ဒီအိမ်မှာမကောင်းတဲ့ အငွေ့အသက်တစ်ခုရှိနေတယ်လို့ ခံစားမိတယ် ဖြစ်နိုင်မယ်ဆိုရင် နတ်ဝင်သည်တစ်ယောက် လိုချင်ပါတယ်”

“ နတ်ဝင်သည်ဆိုတာ နတ်ကတော်ကိုပြောတာလား”

“ ဟုတ်ပါတယ် … အိမ်ကိုတိုက်ထားတဲ့ပုဂ္ဂိုလ်ကိုခေါ်သွင်းပြီးမေးစရာလေးတွေရှိလို့ပါ”

“ ဒါဖြင့် ခဏစောင့်ပေးပါဆရာ… ဟိုဘက်လမ်းထိပ်မှာ နတ်ကတော်ဒေါ်ဖွားစိန်ရှိတယ်။ ကျွန်တော်သွားခေါ်ပေးပါမယ်”

ကိုသာမောင်ထွက်သွားပြီး နာရီဝက်လောက်ကြာတော့ ပဝါအနွမ်းလေးကိုပခုံးပေါ်တင်ပြီးလိုက်လာတဲ့ နတ်ကတော်ဖွားစိန်ကိုမြင်လိုက်ရတယ်။

“ အမေကြီး ဒီမှာလာထိုင်ပါ”

“ ရပါတယ် ဆရာတို့ရယ် … အမေကြီးဘာကူညီပေးရမလဲ”

“ အမေကြီးက နတ်ဝင်သည်ဆိုတော့ လိပ်ပြာလှပြီးသားဖြစ်မှာပါ… အခုကစပြီး အမေကြီးစိတ်ကိုလျော့ပြီး ဘုရားကိုပဲအာရုံပြုထားပေးပါ”

ဆရာဖြစ်သူရဲ့စကားကြောင့်အမေကြီးက လက်အုပ်လေးချီပြီး မျက်လုံးမှိတ်ကာ ငြိမ်နေခဲ့တယ်။ အဲဒီအချိန် ဆရာဖြစ်သူရဲ့နှုတ်ကနေ

“ ဒီအိမ်ပရဝဏ်အတွင်း မကောင်းတဲ့အတိုက် မကောင်းတဲ့အခိုက်တွေနဲ့စီရင်ထားတာကို ကျုပ်အနေနဲ့ တိတိကျကျသိထားပြီဖြစ်လို့ ကျုပ်အမိန့်စကားဆုံးတာနဲ့ တိုက်ထားတဲ့ပုဂ္ဂိုလ်က အရှေ့မှာရှိနေတဲ့ နတ်ဝင်သည်ရဲ့ကိုယ်ထဲကို မဆိုင်းမတွအမြန်ဝင်ရောက်စေ… ကျုပ်အမိန့်ကို လွန်ဆန်ပြီး ပုန်းအောင်းနေမယ်ဆိုရင်တော့ တစ်ကိုယ်လုံး ငရဲမီးနဲ့မြိုက်သလို ပူလောင်စေသား” လို့ပြောပြီး ကြမ်းကိုလက်ဝါးနဲ့ရိုက်လိုက်တဲ့အချိန် နတ်ဝင်သည်ရဲ့ လက်တွေတစဆတ်ဆတ်တုန်လာပြီး

“ ရောက်ပါပြီ ရောက်ပါပြီ … အမိန့်ကို မလွန်ဆန်ရဲပါဘူး “

“ သင်ဘယ်သူလဲ “

“ ငါကို သူများခိုင်းလို့လုပ်ရတာပါ… ဆရာတို့ကိုလဲကြောက်ပါတယ် … ငါ့ကိုနာအောင်မလုပ်ပါနဲ့”

“ သင်က ဒီမိသားစုရဲ့ငွေတွေကို ခိုးယူနေတယ်ဆိုတာ အမှန်ပဲလား”

“ ဟုတ်ပါတယ် ငါခိုးယူခဲ့မိပါတယ်… “

“ သင့်ကိုဘယ်သူခိုင်းလို့ ဒီလိုလုပ်ရတာလဲ”

“ ခိုင်းတဲ့သူကိုငါမသိပါဘူး ငါအလုပ်က ပိုက်ဆံခိုးရုံပါပဲ”

“ ခိုးတဲ့ပိုက်ဆံတွေကို ဘယ်မှာဖွက်ထားလဲ”

“ ခိုးပြီးတာနဲ့ ခြံပြင်ကိုပစ်ထုတ်လိုက်တာပါ မဖွက်ထားပါဘူး”

“ တယ် သင်တော့ ငါလုပ်ရင် နာတော့မယ်.. အခုကစပြီး ဒီအိမ်ကဘာပစ္စည်းကိုမှခိုးဖို့စိတ်မကူးနဲ့တော့ နောက်တစ်ခါ ငွေတွေပျောက်တယ်ကြားရင် သင့်ကို ဒီတိုင်းမထားဘူး”

“ ဆရာတို့ရဲ့အာဏာစက်ကို ကြောက်ပါတယ်… နောက်တစ်ခါမခိုးတော့ပါဘူး။ ငါ့ကိုထွက်ခွင့်ပေးပါ”

“ ဒါဖြင့် သစ္စာရေသောက်ပြီး သင့်ကိုဘယ်နားမှာထားလဲပြောပြမှထွက်ခွင့်ပေးမယ်”

“ သစ္စာရည်သောက်ဆိုသောက်ပါမယ်ဆရာတို့ရယ်… ငါက သူခိုင်းတဲ့အချိန်မှ ဒီအိမ်ကိုလာရတဲ့အတွက် အိမ်ရဲ့ဘယ်နေရာမှာမှ မရှိပါဘူး။ အခုတောင် ဆရာတို့ရဲ့ အာဏာစက်ကိုမလွန်ဆန်နိုင်လို့ လာခဲ့ရတာပါ”

“ ကောင်းပြီ နောက်တစ်ခါ ဒီလိုဖြစ်ရပ်မျိုးကျူးလွန်ပါက တစ်ကိုယ်လုံးမီးကျွမ်းလောင်ပြီး ပြာမှုန်အဖြစ်ရောက်ပါစေလို့သစ္စာဆိုပြီး ဒီရေကိုသောက်ပါ”

ဆရာဖြစ်သူစကားအဆုံးမှာ ဝင်ပူးနေတဲ့သူက သစ္စာဆိုထားတဲ့ရေကိုသောက်ချပြီး ထွက်သွားခဲ့တယ်။

ကိုသာမောင်တို့လဲ သူတို့မျက်စိရှေ့မှာမြင်လိုက်ရတဲ့အဖြစ်ကြောင့် ဆရာဖြစ်သူကို ကျေးဇူးအထပ်ထပ်တင်ကြောင်းပြောပြီး ခြေကြွခအနေနဲ့ ငွေအချို့ကိုကန်တော့ခဲ့တယ်။

ဆရာဖြစ်သူပြန်သွားတော့ ပေးခဲ့တဲ့ရေမန်း၊ ဆန်မန်းတွေကို အိမ်အနှံ့ဖြန်းနေတဲ့အချိန်

“ တော်က ဒီလိုဆရာတွေ ဘယ်ကတွေ့ခဲ့တာလဲ “

“ ငါလဲ စျေးဝယ်နေရင်း ဆိုင်ရှင်နဲ့စကားစပ်မိလို့ပြောဖြစ်ရာကနေ ဆရာတွေနဲ့တွေ့ဖို့အကြောင်းဖန်လာတာပဲ… ငါတို့ ဆန်ဝယ်တဲ့ဆိုင်ကိုလဲ စျေးရောင်းစျေးဝယ်ကောင်းအောင် ဒီဆရာတွေပဲလုပ်ပေးထားတာတဲ့”

“ တော်သေးတာပေါ့ ဆရာကောင်းသမားကောင်းနဲ့တွေ့ပေလို့သာပဲ… ကျုပ်တို့ကို ဘယ်သူတွေကများ မျက်မုန်းကျိုးနေပါလိမ့်နော်” လို့ပြောပြီး လက်ထဲမှာနောက်ဆုံးကျန်တဲ့ဆန်မန်းကို အိမ်ခေါင်မိုးပေါ်ပစ်တင်လိုက်တယ်။

ဒီလိုနဲ့ ပိုက်ဆံပျောက်တဲ့ကိစ္စက တစ်ပတ်လောက်ငြိမ်သွားခဲ့ရာကနေ တစ်ဖန်ပြန်ဖြစ်လာခဲ့တယ်။ ဒီတစ်ခါကတော့ အမြတ်ငွေတင်မဟုတ်တော့ပဲ အရင်းထဲကငွေတွေပါ ပျောက်တဲ့အခြေအနေထိကို ဆိုးရွားလာခဲ့တယ်။ ကိုသာမောင်တို့လဲ အိမ်လာကုတဲ့ဆရာတွေကိုပြန်ပင့်ခဲ့ပေမယ့် ဆရာတွေခေါ်တဲ့အချိန်ဆို မလုပ်တော့ပါဘူး ကြောက်ပါပြီ သစ္စာဆိုပါ့မယ်ပြောပေမယ့် ဆရာတွေပြန်သွားတာနဲ့ နဂိုအတိုင်းပြန်ဖြစ်ပါလေရော။

ဆရာတွေကလဲ တစ်ခါနှစ်ခါလာပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးပြကာရှောင်သွားတဲ့အတွက် ကိုသာမောင်တို့လင်မယားနှစ်ယောက် လက်ထဲမှာရှိတဲ့ငွေတွေကို အိမ်မှာမထားရဲတော့ပဲ အသိမိတ်ဆွေတွေဆီမှာလိုက်အပ်ထားရတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။

ကြက်ပျံမကျစည်ကားနေတဲ့ မြို့စျေးကြီးအတွင်းမှာတော့ ကူလီထမ်းသမားတွေနဲ့အတူ စျေးရောင်းစျေးဝယ်သမားတွေ ပျာပန်းခတ်မျှလှုပ်ရှားသွားလာနေကြတယ်။

“ လှမောင် မင်းကို သူဌေးခေါ်နေတယ်.. သွားလိုက်ဦး”

သူဌေးလူယုံ ကိုမြင့်ကြိုင်စကားကြောင့် ဆန်အိတ်တွေကိုနေရာချနေတဲ့ လှမောင်တစ်ယောက် နဖူးကချွေးစက်တွေကို လက်ခုံနဲ့သုတ်ကာ ဆိုင်ထဲကိုဝင်သွားလိုက်တယ်။

“ သူဌေး ကျွန်တော်ကိုခေါ်တယ်ဆိုလို့”

“ အေး ထိုင်လေကွာ”

စာရင်းတွက်နေရင်း လှမ်းပြောလိုက်တဲ့သူဌေးစကားကြောင့် ဘေးမှာရှိနေတဲ့ကြိမ်ကုလားထိုင်ကိုဆွဲယူကာထိုင်ချလိုက်တယ်။

“ မနေ့က မင်းဦးလေး ဆိုင်ကိုလာသွားတယ်…”

“ ဦးလေးက ဘာကိစ္စများရှိလို့လဲသူဌေး “

“ အကြောင်းရင်းက မင်းကို ခွင့်ခဏပေးဖို့လာပြောတာပဲ… မင်းဦးလေးကြည့်ရတာ ပြဿနာတစ်ခုခုတက်နေတယ်ထင်တယ်”

“ သူဌေးဆီလာတာ ကျွန်တော်ကိုတောင်ဝင်မတွေ့သွားဘူး”

“ သူလဲ စျေးအမှီဝယ်ရမှာရယ် အဲဒီအချိန်မင်းကဆန်ဂိုဒေါင်ရောက်နေတော့ ငါကပဲပြန်ခိုင်းလိုက်တာ။ မင်းတို့ဆိုတာ ငါ့ဆိုင်မှာလုပ်လာတာ နှစ်တွေမနည်းတော့ဘူးမဟုတ်လား။ တစ်ခါတစ်လေ ကိုယ့်ကိုကျွေးမွေးပြုစုခဲ့တဲ့သူတွေကို အချိန်အနည်းငယ်ပေးပြီး ပြန်ပြုစုစောင့်ရှောက်သင့်တယ်ကွ။ ဒါကြောင့် မင်းကိုခွင့်တစ်ပတ်ပေးလိုက်မယ်။ တစ်ပတ်ပြည့်ရင်တော့ ပြန်လာပေါ့ကွာ”

“ ဟိုလေသူဌေး… မနက်ဖြန်ဆန်အသစ်တွေဝင်မယ်မဟုတ်လား”

“ ဟာ ဒီမိချောင်းမသားကတော့… အလုပ်ဆိုတာ မသေမချင်းလုပ်လို့ရတယ်ကွ။ မိသားစုဆိုတာ ရှိတုန်းဂရုစိုက်ရတာ။ ရော့ မုန့်ဖိုးယူသွား … စျေးထဲကနေ စားကောင်းသောက်ဖွယ်တွေလဲဝယ်သွားဦး”

လှမောင်လဲ သူဌေးပေးတဲ့ငွေအချို့ကိုယူလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ အလုပ်သမားတန်းလျားရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ တန်းလျားကိုရောက်တော့ မိဘတွေမရှိထဲက ကျွေးမွေးလာခဲ့တဲ့ ဦးလေးတို့လင်မယားအကြောင်းကိုစဉ်းစားရင်း အဝတ်အစားအချို့ကောက်ထည့်ကာ ရွာဆင်းမယ့် ကားဂိတ်ရှိရာထွက်လာခဲ့လိုက်တယ်။
+++++
ဆွေးမြေ့ဟောင်းနွမ်းနေတဲ့ ဟီးနိုးကားအစုတ်ကြီးတွေပေါ်မှာ ထိုင်လိုက်လာရင်း ရွာအဝင်လမ်းရောက်ဖို့သုံးမိုင်လောက်အလိုမှာတော့ ကျွီခနဲထိုးရပ်သွားခဲ့တယ်။

“ ဒုက္ခပါပဲ ကားကလပ်ပြားကုန်သွားပြီထင်တယ်.. ဆက်မောင်းလို့မရတော့ဘူး… ခရီးကလဲ ငါးမိုင်းလောက်ပဲကျန်တော့တာမို့ နောက်ကားစောင့်ချင်လဲစောင့်.. မစောင့်ချင်လဲ လမ်းလျောက်သာသွားကြပါဗျို့”

ကားစပယ်ယာစကားကြောင့် ကားပေါ်ပါလာတဲ့သူတွေအားလုံး ပွက်လောရိုက်ကုန်ကြတဲ့အချိန် လှမောင်တစ်ယောက် မြို့ကဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်နဲ့အဝတ်ထုပ်ကိုဆွဲကာ ခပ်ပြပြမြင်နေရတဲ့ရွာလမ်းဝဆီကို လမ်းလျောက်ထွက်လာခဲ့လိုက်တယ်။

နေက အကျနေမို့ အပူချိန်ကမလျော့သေးတဲ့အတွက် ပူလောင်တဲ့ဒဏ်ကိုသည်းခံရင်းလျောက်လာခဲ့တာ ရွာရောက်ဖို့နှစ်မိုင်လောက်အလိုမှာရှိတဲ့ ဇရပ်တစ်ခုမှာတော့ နေထိုးရာဘက်ကိုမျက်နှာမူပြီး ပုတီးစိပ်နေကြတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

အကျနေက ပုတီးစိပ်နေတဲ့လူသုံးယောက်ရဲ့ မျက်နှာတည့်တည့်ကိုထိုးနေပေမယ့် သူတို့တွေကတော့ မလှုပ်မယှက်ငြိမ်သက်စွာရှိနေခဲ့တယ်။ နေအပူရှိန်ဒဏ်ကြောင့် ထိုင်နေသူသုံးယောက်ရဲ့မျက်နှာက နီကျင်ကျင်အရောင်ကိုပင်ပြောင်းလုဆဲဆဲဖြစ်နေတဲ့အတွက် လှမောင် မနေသာတော့ပဲ အထုပ်တွေကိုချကာ အနီးနားမှာရှိတဲ့ ထန်းလက်အကြွေတွေကိုကောက်ပြီး နေလာရာဘက်ကိုကာထားပေးခဲ့လိုက်တယ်။

လှမောင် ထန်းလက်တွေကာနေတုန်း ပုတီးစိပ်နေသူသုံးယောက်ရဲ့မျက်လုံးတွေပွင့်လာပြီး ခန္ဓာကိုယ်တွေလှုပ်ရှားလာခဲ့ကြတယ်။

“ တော်ပါသေးရဲ့ ပုတီးစိပ်ပြီးသွားလို့ပေါ့… နောက်ဆို ခင်ဗျားတို့မျက်နှာ ကင်ပြီးသားဖြစ်တော့မှာ”

လှမောင်စကားကိုကြားတော့ ထိုင်နေတဲ့လူသုံးယောက်ထဲက အရပ်အမြင့်ဆုံးလူက

“ မိတ်ဆွေရဲ့စေတနာကို အသိအမှတ်ပြုပြီး သာဓုခေါ်ပါတယ်… အကယ်၍ မိတ်ဆွေအနေနဲ့ ဖြေရှင်းလို့မရတဲ့ကိစ္စရပ်များရှိရင် မနက်မွန်းမတည့်ခင်အချိန်ကျုပ်တို့ဆီလာခဲ့ပါ” လို့ပြောလိုက်တော့ လှမောင်က အထုပ်တွေကိုလွယ်နေရင်း

“ ဒါဆို မွန်းတည့်ပြီးရင် လာလို့မရဘူးဆိုတဲ့သဘောပေါ့”

“ မွန်းတည့်တဲ့အချိန်က အဓိဌာန်စတာမို့ လာရင်လဲစောင့်နေရမှာပါ”

“ ဟဲဟဲ ကျုပ်ကစတာပါဗျ… ခင်ဗျားတို့အတွက် ကျုပ်ကာထားပေးတဲ့ ထန်းလက်ကိတော့မဖြုတ်လိဘက်အကျနေက အရမ်းပူတာဗျ။ ကဲ ကျုပ်လဲ အချိန်မနှောင်းခင်ရွာအရောက်ပြန်ရမှာမို့ ခွင့်ပြုဦး”

လှမောင်က ဇရပ်ပေါ်ကလူတွေကို နှုတ်ဆက်ပြီး ရွာဘက်ကိုထွက်လာခဲ့လိုက်တယ်။ သီချင်းလေးအေးအေးနဲ့လျောက်လာခဲ့တာ နေဝင်ခါနီးအချိန်ရောက်မှ အိမ်ကိုရောက်လာခဲ့တယ်။

“ ဦးလေးနဲ့ကြီးတော်ရေ ကျွန်တော်ပြန်ရောက်ပြီဗျ”

လှမောင်အော်သံကြောင့် အိမ်ထဲမှာ ထမင်းပွဲပြင်နေကြတဲ့ ဦးလေးတို့လင်မယားထွက်လာပြီး

“ ငါ့တူလာမယ်ဆိုတာသိလို့ ထမင်းဝိုင်းပြင်နေတာ … အထုပ်တွေချပြီး ရေချိုးလိုက်ဦး။ ပြီးရင် ထမင်းလက်ဆုံစားကြတာပေါ့”

လှမောင်လဲ အထုပ်ကိုချကာ အိမ်နောက်ဘေးဘက်ထွက်သွားပြီး စဉ့်အိုးထဲကရေကိုခပ်ကာ တဝကြီးချိုးပစ်လိုက်တယ်။ ပြီးတာနဲ့ အသင့်ပြင်ထားတဲ့ ထမင်းဝိုင်းထဲကိုဝင်ပြီး ခေါင်းမဖော်တမ်းလွေးပါလေရော။

စားသောက်ပြီးချိန်မှာတော့ ဦးလေးဖြစ်သူက

“ ငါ့တူ မင်းက ငါတို့ရဲ့ တူဆိုလဲဟုတ်သလို သားဆိုလဲဟုတ်တယ်… အခုငါတို့မင်းကိုခေါ်လိုက်တာက ကိစ္စတစ်ခုတိုင်ပင်မလို့”

“ ကျွန်တော်နဲ့တိုင်ပင်မလို့ဆိုတော့ ဘာကိစ္စများလဲ”

“ ဦးလေးတို့ ဒီအိမ်ကိုရောင်းပြီး အခြားနေရာပြောင်းကြတော့မယ်… ဒီအိမ်က ငါ့မိဘတွေပေးခဲ့တဲ့အိမ်ဖြစ်နေတဲ့အတွက် ငါ့အစ်မဖြစ်တဲ့ မင်းအမေလဲတစ်ဝက်ပိုင်တယ်လေ။ အခု ငါ့အစ်မမရှိတော့ မင်းကို အစ်မကိုယ်စားတိုင်ပင်တာပါ”

“ ဟာ ဦးလေးတို့က ဘာလို့ဒီအိမ်ကိုရောင်းတာလဲ… အလုပ်အဆင်မပြေလို့လား ဒါမှမဟုတ် ငွေကြေးအခက်အခဲကြောင့်လား”

လှမောင်စကားကြောင့် ဘေးမှာထိုင်နေတဲ့ ဦးလေးမိန်းမဖြစ်သူက

“ မဟုတ်ဘူး သားရဲ့… အခု ကြီးတော်တို့အိမ်မှာ ထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်နေတယ်… သားနားလည်အောင် အစအဆုံးပြောပြရရင်….”ဆိုပြီး ဖြစ်ကြောင်းကုန်စင်အားလုံးကို ပြောပြခဲ့တယ်။

“ ကြီးတော်ပြောသလိုသာဆိုရင် ဒီအိမ်ကို သူများလုပ်ထားတာပေါ့”

“ ဟုတ်တယ် သားရေ… ကြီးတော်တို့လဲ ဆရာတွေစုံအောင် ပြကြည့်ပြီးပြီ၊ ဆရာတွေလာတုန်းခဏပဲငြိမ်တာ ပြီးရင် ပြန်ဖြစ်တာပဲ။ အခုဆို ပစ္စည်းတွေထပ်တင်ဖို့တောင် မနည်းစဉ်းစားနေရတယ်”

ကြီးတော်စကားအဆုံးမှာ လှမောင် တစ်ခုခုကိုစဉ်းစားမိပြီး လက်ဖျောက်တစ်ချက်တီးကာ

“ ဟုတ်ပြီ မနက်ဖြန်မိုးလင်းတာနဲ့ ဇရပ်ပေါ်ကလူတွေဆီသွားရမယ်… သူတို့ကတော့ ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲသိမှာ” လို့ပြောလိုက်တော့ ဦးလေးဖြစ်သူက

“ ဘယ်ကဇရပ်ပေါ်ကလူတွေလဲ”

“ ဒီလိုဦးလေးရာ ကျွန်တော်ရွာပြန်လာတုန်း ထန်းပင်ကုန်းရွာအထွက်မှာရှိတဲ့ဇရပ်ပေါ်မှာ လူထူးဆန်းသုံးယောက်ကိုတွေ့ခဲ့တယ်။ သူတို့က နေပူထဲမှာ မလှုပ်ပဲပုတီးစိပ်နေတာနော်။ အဲဒါကျွန်တော်က နေပူသက်သာအောင် ထန်းလက်ခြောက်တွေနဲ့ကာပေးခဲ့လို့ အခက်အခဲတစ်စုံတစ်ရာရှိရင် မွန်းမတည့်မီသူတို့ဆီလာခဲ့ဆိုပြီး ပြောခဲ့တာ”

“ ဟုတ်လား ဒါဖြင့် မနက်နေမပြင်းခင် တို့တူရီးနှစ်ယောက်သွားကြည့်တာပေါ့၊ သူတို့နဲ့သာအဆင်ပြေရင် အိမ်လဲရောင်းဖို့မလိုတော့ဘူး”

“ ဒါဖြင့် ကျွန်တော်လဲ ခရီးပန်းလာတော့ အိပ်တော့မယ်ဗျာ။ မနက် ဦးလေးသွားမယ့်အချိန် ကျွန်တော်ကိုလာနှိုးပေး”

“အေးအေး အိပ်တော့ မနက် ဦးလေး လာနှိုးလိုက်မယ်”

လှမောင်လဲ ဦးလေးနဲ့ ကြီးတော်ကို ကန်တော့ပြီး အိပ်ယာဝင်ခဲ့လိုက်တယ်။ နောက်နေ့မနက်ရောက်တော့ ကြီးတော်ပြင်ထားပေးတဲ့ ကောက်ညှင်းပေါင်းနဲ့ ဝမ်းဖြည့်ပြီး ထန်းပင်ကုန်းရွာဘက်ကိုထွက်လာခဲ့လိုက်တယ်။

ဇရပ်နားကိုရောက်တော့ ဆီစိမ်စက္ကူစာရွက်တွေနဲ့အလုပ်ရှုပ်နေကြတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

“ ဗျို့ ကိုယ့်ဆရာတွေ… ဘာတွေလုပ်နေကြတာလဲ”

ဇရပ်အောက်ကနေ လှမ်းပြောလိုက်တဲ့ လှမောင်စကားကြောင့် ဆီစိမ်စက္ကူတွေကို ခေါက်နေတဲ့လူက

“ စောစောစီးစီး ကျုပ်တို့ဆီလာပုံထောက်ရင် အရေးကြီးကိစ္စရှိပြီနဲ့တူတယ်… လာကြ လာကြ” လို့ပြောတော့ လှမောင်တို့ဇရပ်ပေါ်တက်လာကြပြီး

“ကိစ္စကတော့ အတော်ထူးဆန်းတာဗျ.. အဲဒီအကြောင်းကိုတော့ ကျုပ်ဦးလေးကပြောပြပါလိမ့်မယ်”

“ ဟို ကျွန်တော်နာမည်က သာမောင်ပါ… “

“ တွေ့ရတာဝမ်းသာပါတယ်ဗျာ … ကျုပ်နာမည်က အောင်မြတ်သာပါ”

“ ဟုတ်ကဲ့ အခုလာတဲ့ကိစ္စက ကျွန်တော်တို့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကို ဆရာတို့ကိုပြောပြချင်လို့ပါ”

“ ဘယ်လိုကိစ္စများလဲဆိုတာ ပြောပါ… အားနာစရာမလိုပါဘူး”

အောင်မြတ်သာဆိုတဲ့လူရဲ့စကားကြောင့် ကိုသာမောင်က သူ့အိမ်မှာဖြစ်ပျက်နေတဲ့ကိစ္စ အစအဆုံးကို အသေးစိတ်ပြောပြခဲ့တယ်။

“ ဒီကနောင်ကြီးပြောတဲ့ပုံအရဆိုရင် သူခိုးနက္ခတ်နဲ့စီရင်ပြီး အိမ်ကိုတိုက်ထားတာပဲဖြစ်မယ်”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့လဲ ဒီကိစ္စတွေမှာအတွေ့အကြုံမရှိတော့ ဘာလုပ်ရမယ်မှန်းမသိဖြစ်နေပါတယ်… ဆရာတို့အနေနဲ့ ကူညီနိုင်ရင် ကူညီပေးပါဦး”

ကိုသာမောင်စကားကြောင့် အောင်မြတ်သာက ခေတ္တစဉ်းစားလိုက်ပြီး

“ ကျုပ်တို့လဲ မွန်းတည့်ချိန်ကနေ နောက်နေ့အရုဏ်တက်ချိန်အထိ အဓိဌာန်ရှိနေတာဆိုတော့ ဒီနေ့လိုက်မကြည့်နိုင်ဖြစ်နေတယ်။ ဒါပေမယ့် မိတ်ဆွေတို့အနေနဲ့ ဒီညလုပ်ရမှာတစ်ခုတော့ရှိတယ်”

“ ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာပြောပါ၊ သေချာလုပ်ပါ့မယ်”

အောင်မြတ်သာလဲ လွယ်အိတ်ထဲကနေ အင်းစမတစ်ရွက်ကိုထုတ်လိုက်ပြီး

“ ဒီအင်းက ကိုယ်ယောင်ဖျောက်အင်းလို့ခေါ်တယ်… မိတ်ဆွေတို့က အိမ်ရောက်တာနဲ့ ဒီအင်းကိုပြာချပြီး ငွေစက္ကူတွေအပေါ်မှာဖြူးထားလိုက်ပါ၊ အခုအတိုက်က အိမ်မှာငွေရှိတဲ့အချိန်မှ လာရောက်ခိုးယူအောင် စီရင်ထားတာဖြစ်လို့ အိမ်ရောက်တာနဲ့ ဒီတစ်ပတ်အမြတ်ငွေဘယ်လောက်ရတယ်ဆိုတာ လူတွေကြားအောင်ပြောပေးပါ။ ဒါဆိုရင် ဒီည သေချာပေါက်ပိုက်ဆံကိုလာနှိုက်ပါလိမ့်မယ်။ ညဘက်ရောက်လို့ ခြေသံကြားတာဖြစ်ဖြစ် လူရိပ်တွေ့တာဖြစ်ဖြစ်လုံးဝထမကြည့်ပါနဲ့။ မနက်ဒီလိုအချိန် ကျုပ်တို့ရောက်အောင်လာခဲ့ပြီး လက်သည်ကိုဖော်ထုတ်ပေးပါ့မယ်”

“ ကျေးဇူးတင်လိုက်တာဆရာရယ်… ကျွန်တော်တို့အိမ်က ရွာလမ်းမကြီးဘေးမှာတင်ပါ။ အိမ်ရှေ့မှာတော့ ကုန်ခြောက်ဆိုင်လေးဖွင့်ထားပါတယ်”

“ စိတ်ချပါ ကျုပ်တို့ဆက်ဆက်လာခဲ့ပေးပါမယ်”

ကိုသာမောင်နဲ့ လှမောင်လဲ အောင်မြတ်သာပေးတဲ့ အင်းစာရွက်ကိုယူပြီး နှုတ်ဆက်ကာပြန်ထွက်လာခဲ့လိုက်တယ်။ အိမ်ပြန်ရောက်တော့ မိန်းမဖြစ်သူကို အကျိုးအကြောင်းပြောပြပြီး အသိတွေဆီအပ်ထားတဲ့ငွေအချို့ကိုပြန်ယူလာခဲ့ကြတယ်။

မကြာခင်မှာပဲ မသန်းရှင်ရဲ့ ကြွားလုံးထုတ်တဲ့အသံက တစ်လမ်းလုံးမကြားချင်မှအဆုံးဖြစ်သွားခဲ့တယ်။

ကိုသာမောင်လဲ ရှိစုမဲ့စု စုထားတဲ့ငွေတွေပေါ်ကို အင်းကိုမီးရှို့လို့ရတဲ့ပြာနဲ့ဖြူးပြီး အိပ်ယာခေါင်းရင်းမှာပစ်ထားလိုက်တယ်။ ညဘက်လူခြေတိတ်ချိန်ရောက်တော့ အိမ်ရှေ့ခန်းကနေ လူတစ်ယောက်လမ်းလျောက်လာတဲ့အသံကို ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ လှမောင်နဲ့ ဦးလေးတို့လင်မယားနှစ်ယောက်လုံး အိပ်ချင်ယောင်ဆောင်ပြီး ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေရာကနေ ဖျတ်ခနဲသတိရလာလို့ကြည့်လိုက်တော့ ခေါင်းရင်းမှာထားထားတဲ့ ငွေတွေတစ်ရွက်မှမရှိတော့တာ မြင်လိုက်ရတယ်။

“ ကိုသာမောင် ငွေတွေမရှိတော့ဘူး.. လုပ်ကြပါဦး၊ ရှင်ပြောတော့ ခိုးတဲ့သူကိုတွေ့မယ်ဆို”

“ ဟာ နင်အသာနေစမ်းပါဟ… မနက်ကျရင် ဆရာတွေလာပါလိမ့်မယ်၊ အဲဒီတော့မှ ဘယ်သူခိုးလဲသိရမှာပါ”

“ ဟုတ်သားပဲ ကြီးတော်ရာ … မနက်ကျရင် သိရမှာပေါ့.. ဒါနဲ့ ခိုးသွားတာမြန်ချက်ပဲဗျာ.. မျက်စိအောက်တင်ကို ပါသွားတာ ကျွန်တော်မျက်စိနဲ့မမြင်ရင် ယုံစရာအကြောင်းတောင်မရှိဘူး”

လှမောင်တို့လဲ တစ်ညလုံး အိပ်မပျော်တော့ပဲ မနက်မိုးလင်းတာကို စကားထိုင်ပြောရင်းစောင့်နေရာကနေ အရုဏ်တက်ချိန်ရောက်တော့ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။

“ အိမ်ရှင်တို့ အိမ်ရှင်တို့”

အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ကိုသာမောင်လန့်နိုးလာပြီး

“ ဆရာတို့ရောက်နေပါရောလား… လာပြီ လာပြီ.. လှမောင် ထစမ်း… နင့်ကြီးတော်ကိုပါနှိုးလိုက်”

ကိုသာမောင် ခြံတံခါးကိုဖွင့်လိုက်တဲ့အချိန် ခြံဝမှာရပ်နေတဲ့ အောင်မြတ်သာက နှာခေါင်းကိုရှုံလိုက်ပြီး

“ အိမ်ထဲကနေ မီးလောင်ညှော်နံ့တွေရနေတယ်.. သက်ခိုင် အိမ်နံခြံကို မဆိုင်သူဝင်မရအောင် စည်းတားထားလိုက်ပါ”လို့ပြောလိုက်တော့ အနောက်မှာပါလာတဲ့ သက်ခိုင်ဆိုတဲ့လူက နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုခပ်ဖွဖွရွတ်ပြီး ခြံစည်းရိုးအဝကိုလက်ညိုးနဲ့စည်းတားလိုက်တာကိုမြင်လိုက်ရတယ်။

“ ဆရာတို့အိမ်ပေါ်တက်ကြပါဦး”

အောင်မြတ်သာတို့အိမ်ပေါ်ကိုရောက်တော့ ဘုရားကျောင်းဆောင်ရှေ့မှာထိုင်လိုက်ပြီး အိမ်စောင့်နတ်အပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ နတ်ကောင်းနတ်မြတ်တွေကို ဦးစွာမေတ္တာပို့လိုက်တယ်။ ပြီးတော့မှ အထက်ဆရာကြီးတွေထံခွင့်တောင်းခံကာ ကုသမှုကိုစတင်ခဲ့တယ်။

“ ကျုပ်တို့ကို ဆနွင်းမှုန့်အနည်းငယ်ပေးလို့ရလား”

“ ဟုတ်ရပါတယ် ခဏလေးနော်ဆရာ”

ကိုသာမောင်လဲ မီးဖိုချောင်မှာရှိတဲ့ဆနွင်းမှုန့်ကို ပန်းကန်ပြားထဲထည့်ပြီးယူလာပြီးပေးလိုက်တယ်။

အောင်မြတ်သာက ပန်းကန်ထဲမှာရှိတဲ့ဆနွင်းမှုန့်ကို လက်နဲ့ဆုပ်ယူပြီး ကြမ်းပေါ်ကျဲချလိုက်ရာ လက်သုံးလုံးလောက်သာရှိတဲ့ ခြေရာအချို့က ဆနွင်းမှုန့်တွေကြားထဲမှာပေါ်လာခဲ့တယ်။

“ ဟင် ဒီခြေရာက ဘယ်လိုဖြစ်လို့ သေးသေးလေးဖြစ်နေတာလဲ”

ကိုသာမောင်ရဲ့ စကားကိုကြားတော့ အောင်မြတ်သာက

“ မနေ့က အင်းပြာနဲ့ထိထားတဲ့ငွေကိုယူသွားတဲ့အတွက် သူသွားတဲ့ခြေရာတွေက အခုလိုပေါ်လာတာပဲ.. ရှင်းရှင်းပြောရရင် လမစေ့ပဲအမိဝမ်းထဲမှာသေနေတဲ့လူခြောက်ကောင်ကို စောရနက္ခတ်နဲ့ကိုက်အောင်စီရင်ပြီး ငွေတွေခိုးခိုင်းတာပဲ”

“ ဒါဆို သူဘယ်ကိုသွားတယ်ဆိုတာ ဆနွင်းမှုန့်တွေကနေတစ်ဆင့်သိနိုင်တာပေါ့”

“ သူရဲ့အသိုက်က ဒီအိမ်ထဲမှာရှိမယ်ဆိုရင် ခြေရာက အိမ်အတွင်းပိုင်းကိုဦးတည်နေလိမ့်မယ်… ဒါပေမယ့် အခုက အိမ်အပြင်ဘက်ကိုဦးတည်နေတဲ့အတွက် ဒီအစီအရင်က ခြံထဲမှာပဲရှိရမယ်”

အောင်မြတ်သာက ပြောပြီးတာနဲ့ ဆနွင်းမှုန့်တွေကို ကျဲချပြီးခြေရာကိုလိုက်ကြည့်ရာ လှေကားအတက်အဆင်းအောက်မှာ ပျောက်သွားတာကိုမြင်တော့

“ လှေကားအောက် နှစ်ပေပတ်လည်ကို တူးကြည့်ပါ… တစ်ခုခုထူးခြားတာတွေ့လိမ့်မယ်” ဆိုပြီးပြောတဲ့အတွက် လှမောင်နဲ့ ကိုသာမောင်တို့ တူးကြရာ မာစရိုက်ထဘီအစုတ်နဲ့ထုပ်ထားတဲ့အရာတစ်ခုထွက်လာခဲ့တယ်။ ထဘီစအပေါ်မှာတော့ ကြိုးသုံးစနဲ့ရစ်ပတ်ထားပြီး အလယ်မှာပတ်ထားတဲ့ကြိုးစက ပြတ်တောက်နေတာကိုလဲမြင်လိုက်ရတယ်။ ကိုသာမောင်တို့လဲ ထဘီစကိုဖြေကြည့်လိုက်ရာ တမီးလောင်ထားလို့ မဲတူးနေတဲ့ ခြေထောက်တစ်ဖက်ကိုတွေ့လိုက်ရတယ်။

“ ခြေထောက်ကလဲ ကျပ်တိုက်ထားတဲ့အတိုင်းမဲတူးနေပါလားဆရာ”

“ မီးမလောင်ပဲကျန်ခဲ့တဲ့ လူခြောက်ခြေထောက်ကိုအသုံးချပြီး စီရင်ထားတာပဲ”

“ ဒါကြီးကို ကျွန်တော်တို့ဘာလုပ်ရမလဲဆရာ”

“ အခုချက်ချင်း သံပြားပေါ်မှာတင် ဓါတ်ဆီ​လောင်းမီးရှို့လိုက်ပါ… ပြီးရင်တော့ ရလာတဲ့ပြာကို အဝတ်စဖြူနဲ့ထုပ်ပြီး ရေထဲမျှောလိုက်ပါ”

“ ဒါဆို အစီအရင်တွေ အကုန်ပျောက်သွားပြီပေါ့ … ဟုတ်တယ်မလားဆရာ”

“ သေချာတာပေါ့ဗျာ .. ဒါနဲ့ ညကပျောက်သွားတဲ့ ငွေတွေလဲ မကြာခင်ပြန်ရအောင် ကျုပ်တို့လုပ်ပေးပါ့မယ်”

“ ကျေးဇူးတင်လိုက်တာဆရာရယ် … ကျွန်တော်တို့လဲ မနက်ဖြန်မနက်ဆရာတို့ဆီလာခဲ့ပါဦးမယ်”

ကိုသာမောင်စကားကိုကြားတော့ အောင်မြတ်သာက

“ ကျုပ်တို့နဲ့မိတ်ဆွေတို့ရေစက်ရှိသေးရင် ပြန်ဆုံနိုင်ပါတယ်ဗျာ” လို့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။
+++++

အောင်မြတ်သာတို့ ဇရပ်နားကိုရောက်တော့
“ ကျွန်မကို ခွင့်လွှတ်ပေးပါဆရာတို့ရယ်… သူတို့အပေါ်မကြံကောင်းမစည်ရာကြံစည်ခဲ့မိပါတယ်… ယောင်္ကျားသားကလဲမရှိ ကလေးတွေကလဲ ဘုစုခရုနဲ့မို့ သူတို့ဆိုင်က ယူထားတဲ့အကြွေးတွေမဆပ်နိုင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” ဆိုတဲ့အသံကြောင့် ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ဖူးယောင်ပြီး မူရင်းရုပ်ပါပျောက်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ သင်ကဘယ်သူလဲ… “

“ ကျွန်မက ကိုသာမောင်တို့အိမ်ကို ပြုစားထားတဲ့သူပါ… နောက် မလုပ်တော့ပါဘူး ဆရာတို့ကို ကတိပေးပါတယ်၊ ညကခိုးထားမိတဲ့ငွေတွေလဲပြန်ပေးပါ့မယ် ဂိုဏ်းစောင့်တွေကို ထပ်မရိုက်ဖို့ ပြောပေးပါဆရာ”

“ လက်စသတ်တော့ မျက်နှာက ဒဏ်ရာတွေက အင်းပြာနဲ့ထိထားတဲ့ငွေတွေကို ကိုင်မိလို့ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေဒဏ်ခတ်ထားတာကိုး… “

“ ဟုတ်ပါတယ်ဆရာ နောက်လဲမလုပ်ရဲတော့ပါဘူး… ဆရာတို့အစွမ်းကိုလဲ ကြောက်ပါတယ်”

“သင်အနေနဲ့ နောင်တရပြီဆိုရင် သစ္စာခံအင်းကို သောက်ပါ… ဒီအင်းကိုသောက်ပြီးလို့ ထပ်လုပ်ရင်တော့ သင့်အူတွေအပိုင်းပိုင်းပြတ်ကာ သွေးအန်ပြီသေလိမ့်မယ်”

“ သိပါတယ်ဆရာ ကျွန်မထပ်မလုပ်တော့ပါဘူး ကတိပေးပါတယ်… လူကြားထဲမျက်နှာဖော်လို့ရအောင် သက်ညှာပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ”

“ ကဲကဲ ကျုပ်တို့လဲ အဓိဌာန်စတော့မှာမို့ သစ္စာခံအင်းသောက်ပြီး ပြန်တော့”

အောင်မြတ်သာစကားအဆုံးမှာ တောက်ရက သစ္စာခံအင်းကို ပြာချပြီးတိုက်ကာ သစ္စာဆိုခိုင်းခဲ့တယ်။ ဇရပ်အောက်မှာ ထိုင်နေတဲ့မိန်းမကလဲ သစ္စာရေကိုသောက်ကာ ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီး ရွာဘက်ကိုထွက်သွားခဲ့တယ်။
+++++++

နောက်တစ်နေ့မနက်မှာတော့ ကိုသာမောင်နဲ့ လှမောင်တို့တူဝရီးနှစ်ယောက် အောင်မြတ်သာတို့ဆီသွားဖို့ အိမ်တံခါးကိုဖွင့်လိုက်ရာ လှေကားရင်းမှာ လက်ကိုင်ပဝါနဲ့ပတ်ကာချထားတဲ့ ငွေစက္ကူတွေကိုမြင်လိုက်ရတယ်။ ကိုသာမောင်တို့အနေနဲ့ ပျောက်သွားတဲ့ငွေအချို့ပြန်ရတဲ့အချိန် အောင်မြတ်သာတို့ကတော့ အခြားဒေသတစ်ခုကို ခရီးထွက်နေခဲ့ပြီဖြစ်တယ်။

“ ဆရာ…”

“ ဘာတုန်း သက်ခိုင်”

“ ဟို လူခြောက်ကိုယ်ပေါ်မှာပတ်ထားတဲ့ကြိုးသုံးချောင်းမှာ တစ်ချောင်းပြတ်နေတာသတိထားမိခဲ့တယ်၊ အဲဒီကြိုးက သူ့ကိုချုပ်ထားတဲ့ကြိုးမဟုတ်ဘူးလား”

“ ဟုတ်တယ် သက်ခိုင် … ကိုသာမောင်တို့အိမ်ကို ပထမအကြိမ်ကုခဲ့တဲ့ဆရာက ချုပ်ထားခဲ့တာပဲ.. ဒါပေမယ့် ဆရာဖြစ်သူက စည်းတစ်ခုခုကိုဖောက်ဖျက်ခဲ့လို့ သူစီရင်ခဲ့တဲ့ အစွမ်းတွေလျော့နည်းပြီး ထိန်းထားတဲ့ကြိုးတစ်ချောင်းပြတ်ထွက်သွားတာ”

“ ဒါနဲ့ နောက်ထပ်ကုတဲ့ဆရာတွေကရော သူတို့အာဏာစက်ကလဲ လျော့တွက်မရတဲ့ထဲပါမယ်လို့ထင်တယ်၊ ဒါကိုတောင် သစ္စာရေကို ရေသောက်သလိုသောက်ပြသွားတာစဉ်းစားမရဘူး”

“ ကိုသာမောင်ပြောတဲ့ထဲ အစီရင်ထဲက ကောင်ကို နတ်ဝင်သည်ကိုယ်ထဲ ခေါ်သွင်းတယ်လို့ပါခဲ့တယ်။ အချို့ဆရာတွေက အာဏာစက်တစ်ခုထဲကို သုံးပြီးကုကြတဲ့အတွက် အကြားမရှိအမြင်မရှိဖြစ်ခဲ့ရတယ်။ တကယ်တော့သစ္စာရေကို အစီရင်ထဲကကောင်မသောက်ပဲ နတ်ဝင်သည်ကသောက်သွားတာ။ ဒါကြောင့် ပယောဂကုတော့မယ်ဆိုရင် အကြား မဟုတ်ရင် အမြင် တစ်ခုရတဲ့ထိကြိုးစားသင့်တယ်။ အဲလိုမှမဟုတ်ရင်လဲ ပါးနပ်မှုဆိုတဲ့ သော့ကိုကိုင်ထားသင့်တယ်”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့တောက်ရတို့ နှစ်ယောက်ခေါင်းတညိမ့်ညိမ့်လုပ်ကာ လမ်းလျောက်ရင်းစဉ်းစားခန်းဖွင့်သွားခဲ့ကြတယ်။

ဒီကိစ္စတွေအပြီးမှာတော့ ဘုရားလာတည်တဲ့ဆရာတိုင်း ပြန်ပြေးရတဲ့အထိ အစောင့်အရှောက်ကြမ်းတမ်းတဲ့ တောင်မှာ အောင်မြတ်သာတို့အဓိဌာန်ဝင်ကြတဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့် မောင်းတစ်လုံးတောင် ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment