ဝုန်းးး
အားးး
"အမလေးးသေပါပြီ ဗျ..
ဟာ..တောက်..ဒီ$ကောင်မက သေတာတောင် အခုအချိန်ထိ ဒုက္ခပေးနေတုန်းပါလား..ဟ..ဒီမသာမကြောင့် ကောင်းကောင်းကိုမနေရပါလားနော်"
အိပ်နေရင်း အိပ်ရာထက်မှ ခြေထောက်ကိုဆွဲချခံလိုက်ရသဖြင့် ထွန်းဝေတစ်ယောက် ပေါက်ကွဲနေခြင်းဖြစ်သည်..
"အီးးဟီးးဟီးး ပေကြီး ဘာဖြစ်တာလည်း ဟင်..မီးမီးကြောက်တယ်..ပေကြီး..မီးမီးကြောက်တယ်.."သူပြုတ်ကျသံနှင့် ဒေါသတကြီး ပြောဆိုပေါက်ကွဲသံများကြောင့် သူ့နံဘေးတွင် အိပ်ပျော်နေသော သူ့သမီးကလေးလန့်နိုးသွားကာ ဒေါသထွက်နေသော သူ့ပုံစံကို မြင်ပြီး လန့့်၍ငိုနေသော အသံကြားလိုက်မှ သတိဝင်ကာ သူ့ဒေါသတို့ ပြေလျော့သွားလေတော့သည်..
"ဘာမှ မဖြစ်ပါဘူး သမီးလေးရဲ့ ဖေကြီးဘာမှမဖြစ်ဘူးနော်..မကြောက်နဲ့တော့...လာလာ သမီးလေး ဖေကြီးဆီကို ဖေကြီးသမီးလေးကို ပုံပြောပြမယ်"
သူ့ကိုကြည့်ပြီးလန့်ငိုနေသော သမီးလေးကို ပွေ့ချီလိုက်ကာ အငိုတိတ်အောင် ချော့မြူ ဖို့ကြိုးစားနေခြင်းပင်..
"ပေကြီး..မီးမီးကို သီချင်းဆိုပြပါလား..
ဟင်..ပါး(ဖား)ကာက်ခဲ့ပါ သီချင်းလေးဆိုပြပါနော်"
"ဟာ..သမီးကလည်း အဲ့ဒီသီချင်း ဖေကြီးမှမရတာ...သမီးရဲ့ ...ဖေကြီးက သမီးကိုပုံပြောပြမယ်လေ..နော်"
"ပေကြီးကလည်း မီးမီးက ပုံပြင်မှနားမထောင်ချင်တာ...မီးမီးက ပါးးလေးတွေသီချင်းနားထောင်ချင်တာကို "
"သမီး..မရစ်နဲ့ကွာ..ဖေကြီးမရဘူးလို့ ပြောနေတယ်လေ...တော်ပြီ...ပုံလည်း ပြောမပြတော့ဘူး...သီချင်းလည်းမဆိုပြတော့ဘူး...သမီးအခုပြန်အိပ်တော့"
"အီးးးဟီးးးဟီးးး မေကြီးရေ...မေကြီး..ပေကြီးက မီးမီးကိုအော်နေတယ်...ဟီးးးဟီးးး ပေကြီးက မီးမီးကို မေကြီးလို မချစ်ပူးးး...ပေကြီးကို မီးမီးမုန်းတယ်...မေကြီးကိုပဲ ချစ်တော့မယ် အီးးဟီးးဟီးးး"
"ဟာ...ဒီကလေး...ကဲဟာ.."
အိပ်ပျော်နေရာမှ ကုတင်ပေါ်က ဆွဲချခံရသဖြင့် လန့်နိုးလာကတည်းက ထွက်နေသော ဒေါသတွေပြန်ပေါက်ကွဲလာပြီး သတိတချက်လွတ်ကာ ငိုယို ဂျီကျနေသော သူ့သမီးလေးကို ရိုက်ရန် သူ့လက်ကို လေပေါ်မြှောက်တင်လိုက်ပြီးမှ...ချက်ချင်းဆိုသလို သူ့စိတ်သူပြန်ထိန်းလိုက်ရသည်...အပစ်ကင်းစင်သော သမီးလေးရဲ့ မျက်နှာကို ငုံကြည့်ရင်း ထွန်းဝေ၏ အာရုံများ အတိတ်နေ့စွဲတွေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်....
သူ့နာမည်က ထွန်းဝေ...သူ့ဇနီးနာမည်က ခွာညိုသင်း...မိဘတွေပေးစားခဲ့လို့ ယူခဲ့ရသော်လည်း နောက်ပိုင်းတွင် ခွာညိုသင်းကို သူအရမ်းချစ်မိသွားခဲ့သည်...သူတို့အိမ်ထောင်ကျပြီး တစ်နှစ်ကြာတော့ သူ့တို့တွင် ဖူးသစ်ဝေလို့ ခေါ်တဲ့ သမီးလေးတစ်ယောက်ရလာခဲ့သည်...အရမ်းပင်ချစ်စရာကောင်းသော သမီးလေးကိုလည်း ချစ်လို့မဝသလို သူ့မိန်းမအပေါ်တွင်လည်း ပို၍ပင် အချစ်ပိုလာခဲ့သည်...သူတို့ဘဝထဲကိုရောက်လာခဲ့သော သမီးလေးနောင်ရေးအတွက် အလုပ်ကို နှစ်ဆကြိုးစားကာ ပင်ပင်ပန်းပန်းလုပ်လာခဲ့သည်မှာ သမီးလေး ဖူးသစ်ဝေ လူ့လောကကြီးကို စရောက်လာသည့် အချိန်ကတည်းကဆိုတော့ အခု သူ့သမီးလေးပင် ၃နှစ်သမီးဖြစ်နေလေပြီ...သူ့သမီးနဲ့ ဇနီးကို တင့်တောင်းတင့်တယ်ထားချင်သည့် စိတ်ကများနေသဖြင့် မည်မျှပင်ပန်းသည်ဆိုပါစေ မညီးမညူ ပဲ ကြိုးစားခဲ့သည်...နေ့မအား ညမနား အလုပ်ကြိုးစားကာ ပိုက်ဆံတွေကြီး ဖိရှာနေခဲ့သဖြင့် ရလာသည့် ရလာဒ်ကတော့...
"ငထွန်း မနေ့ညနေက မင်း မိန်းမကို ဘဲတစ်ဗွေနဲ့ လက်ချင်းချိတ်ပြီး ကော်ဖီဆိုင်ထဲ ဝင်သွားတာ ငါတွေ့လိုက်တယ် ကွ...အဲဒီကောင် ဘယ်သူလဲ
မင်းယောက်ဖလား.."
"ဟာ...ဘယ်ကသာ..အကိုရာ ကျနော်မှာယောက်ဖမရှိပါဘူး ဗျ..ကျနော့်မိန်းမလည်း မဟုတ်လောက်ပါဘူး..အကိုလူမှားတာနေမှာပါ..ဒါမှမဟုတ် အကိုလာနောက်နေတာများလား"
''ဒါနောက်စရာလား ဟ...ငထွန်းရ...ငါ မနောက်ဘူး...လူမှားစရာလည်းမရှိဘူး မင်းမိန်းမမှ မင်းမိန်းမစစ်စစ်ကြီး ဒါနဲ့နေပါအုံး...မင်းတို့မှာကလေး ရှိတယ်မှတ်လား...ဟိုတစ်ခါတောင် မင်းသမီးမွေးနေ့ဆိုလား မင်းငါ့ကို ဖိတ်သေးတယ်လေ...ငါမအားတာနဲ့ မလာဖြစ်တာ...ဟုတ်တယ်မှတ်လား...ငါလည်း သိပ်မမှတ်မိတော့ဘူး...လူရောနေတာလားလို့... ''
"အကိုကတော့ နောက်ပြီ ဗျာ...အဲဒါကြောင့် အကိုကို ပြောတာပေါ့...ကျုနော့်မိန်းမ မဖြစ်နိုင်ပါဘူးလို့...ကျနော်မိန်းမဆို ၃နှစ်သမီးလေးကို အိမ်မှာတစ်ယောက်တည်းထားပြီး လျှောက်လည်မလား ဗျ...ပြီးတော့အိမ်မှာက လူပိုရှိတာ မဟုတ်ဘူး...သူမထိန်းရင် ဘယ်သူထိန်းမလဲ...အကိုပြောတာ မမှားဘူး ကျနော့်ကလေးမွေးနေ့ အကို့ကို ဖိတ်ခဲ့တာ...သေအချာပဲ..ဟားးးဟားးး"
အကိုတစ်ယောက်လို ခင်ရသူဆီမှ ပထမဆုံးအကြိမ် သူ့မိန်းမအကြောင်းကိုကြားခဲ့ရသော်လည်း သူမယုံခဲ့ပါ...ပုံမှန်အတိုင်းပင် လုပ်စရာရှိသည့် အလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်လာခဲ့သည်...
နောက်ပိုင်းတွင်တော့ သူ့မိန်းမဖြစ်သူ၏ အကြောင်းကို လူတော်တော်များများဆီက ပြန်ကြားလာခဲ့ရတော့သည်...ကြားတိုင်းလည်း မဖြစ်နိုင်ဘူး ဟုပင် ငြင်းဆန်ခဲ့သည်ကြီးသာ...မိန်းမဖြစ်သူကိုလည်း ပြန်မမေးဖြစ်ခဲ့...သူ့အရမ်းချစ်ရသော မိန်းမဖြစ်သူက ငြိုငြင်သွားမှာကို သူအရမ်းစိုးရိမ်သည်...ကြားရသည့် သတင်းများအရဆိုလျှင် ခွာညို နှင့်တွဲနေသူ ဆိုသည်မှာ သင်္ဘောတက်သွားခဲ့သည်ဆိုသော သူ့ရည်းစားဟောင်း 'ထင်ကရ' ဆိုသူဖြစ်ကြောင်းသိရသည်...ကြိမ်းသေသလောက် သိနေခဲ့ပြီဖြစ်သော်လည်း သူ့မိန်းမကို ဖွင့်မမေးရဲပဲ မသိချင်ယောင်ဆောင်ကာ နေနေမိခဲ့သည်...သူ့မိန်းမဖောက်ပြန်နေသည်ဆိုသည့် သတင်းကိုကြားရတိုင်း သူ့နားထဲသို့ သံရည်ပူလောင်းထည့်ခံရသည်ထက်ပင် ပူလောင်လွန်းလှပြီး သူ့အသဲနှလုံးကို မီးနှင့်မြှိုက်နေသကဲ့သို့လည်း နာကျင်စွာခံစားရခဲ့သည်ကြီးသာ...နောက်ပိုင်းကြားလာရသော သတင်းများက ပို၍ပို၍ပင် ဆိုးလာခဲ့သည်...သမီးလေးကိုပါ ရပ်ကွက်ထဲက မိန်းမတစ်ယောက်အိမ်ကို ပို့ကာ ပိုက်ဆံပေးထိန်းခိုင်းပြီး သူ့ရည်းစားဟောင်းနဲ့ လျှောက်လည်နေသည် တည်းခိုခန်းမှာတွေ့ခဲ့သည် နောက်ဆုံး သူ့အိမ်ပေါ်တွင်ပါ ###
ဘယ်လိုမှ ဖုံးဖိထားလို့မရအောင်ကိုပင် သူ့မိန်းမဖြစ်သူ၏ မကောင်းသတင်းက လူတိုင်းပြောနေကြသည့် အဖြစ်သို့ရောက်လာခဲ့တော့သည်..သူကိုယ်တိုင် ချစ်လွန်းလှသဖြင့် မပြတ်နိုင်၍ မသိချင်ယောင်ဆောင်ကာနေပေးနေရသည်ဆိုသော်လည်း ပတ်ဝန်းကျင်ရှိလူများကို မျက်နှာချင်းပင် မဆိုင်ရဲတော့...ရှက်လွန်းဖြင့် စကားမပြောဖြစ်အောင်ရှောင်ရင်း မမြင်ချင်ယောင်ဆောင်ကာ ခေါင်းငုံလျှောက်ရသည့် အဖြစ်သို့ပင် ရောက်လာခဲ့ရသည်...ရည်းစားဟောင်း လင်ငယ်နှင့်ဖောက်ပြန်နေသည်ကို သိသိနှင့် နွားအဖြစ်ခံပြီး ငါမှ သူ့ဆန္ဒတွေမဖြည့်ဆည်းပေးနိုင်ခဲ့တာပဲလို့ နားလည်ပေးနိုင်ခဲ့သော်လည်း သူသိပ်ချစ်ရသည့် သမီးလေးကိုပင် တစ်ပါးသူနှင့်ပစ်ထားသည်ဟု ကြားပြီးနောက်ပိုင်း သူဘယ်လိုမှ မခံစားနိုင်တော့...ပေါ်တင်ဖွင့်မေးကာ ပြတ်ပြတ်သားသား လုပ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ အဲဒီနေ့ကအလုပ်မှ စောပြန်လာခဲ့လိုက်သည်...
အိမ်ပြန်ရောက်တော့ သမီးလေးကို ရေချိုးပေးပြီးကာစ သနပ်ခါးလိမ်းပေးနေသော မိန်းမဖြစ်သူကိုတွေ့လိုက်ရသဖြင့်..
"ခွာညို နင်ဒီနေ့ အပြင်မသွားဘူးလား"
"ကျမက ဘယ်ကိုသွားရမှာလဲ "
'နင် သွားနေကျနေရာတွေ နင်သိမှာပေါ့...မသွားတော့လည်း ကောင်းတာပေါ့...ငါနင့်ကို မေးစရာရှိတယ် "
"ဘာမှ မမေးနဲ့တော့ ရှင်မေးမှာ ကျမသိတယ်...ကျမလည်း အဲဒီကိစ္စကိုပဲ ရှင့်ကိုပြောချင်နေတာ "
"နင်က ငါဘာပြောမယ်ဆိုတာကြိုသိနေတယ်ပေါ့လေ...ဟုတ်လား "
"ဟုတ်တယ်...ထွန်းဝေ...ရှင် ဘာပြောမယ်ဆိုတာ ကျမသိတယ် "
ထွန်းဝေဟု နာမည်တတ်အခေါ်ခံလိုက်ရသဖြင့် သူ့စိတ်ထဲ ဒေါသထောင်းကနည်း ထသွားတော့သည်...
"ဘာ...ထွန်းဝေ ဟုတ်လား...နင် ငါ့ကို ဘယ်တုန်းက အဲလိုခေါ်ဘူးလဲ...အေးပေါ့လေ နင်က အခုတော့ အားကိုးရှိနေပြီဆိုပြီး နင့်ထက် အကြီးအိမ်ထောင်ဦးစီး ငါ့ကိုတောင် နာမည်တတ်ခေါ်ရဲနေပြီပေါ့လေ...ဟားးးဟားးးကောင်းတယ်...ထွန်းဝေ ကောင်းတယ် နွားကြီးထွန်းဝေလို့သာ ခေါ်လိုက်ပါတော့လား ကွ..ဟေ "
"ရှင်အပိုတွေပြောမနေနဲ့...ကျမရှင်နဲ့ မပေါင်းနိုင်တော့ဘူး...ကျမကို အခုချက်ချင်းကွာပေးပါ...ကျမ အခုပဲ ဆင်းသွားတော့မယ်...သမီးကိုလည်း ကျမခေါ်သွားမယ် "
"ဘာ...ကွာပေးရမယ် ဟုတ်လား...သမီးကိုပါ ခေါ်သွားမယ်...မင်းရူးနေလား...အေးးးမင်းကော ငါ့သမီးပါ ဘယ်မှ မသွားရဘူး...ငါ့ရင်ဘတ်ကြီးထဲက ဘယ်ကိုမှ မသွားရဘူး...ငါ ပေးမသွားနိုင်ဘူး...ကွ "
ပြောပြောဆိုဆို သမီးဖြစ်သူကို ချီကာ ထွက်သွားတော့မည့် ဟန်ပြင်နေသော သူ့မိန်းမကော ကလေးကိုပါ သိမ်းဖက်လိုက်လေသည်...
"လွှတ်...လွှတ်..ဖယ်စမ်း...ကျမအသားကို မထိနဲ့...မရတော့ဘူး...ကျမရှင်နဲ့ ဆက်မနေနိုင်တော့ဘူး...ကျမအခုပဲ သွားတော့မယ် "
ကလေးချီထားရင်း လွတ်နေသော လက်တစ်ဖက်ဖြင့် ရုတ်တရက် စောင့်တွန်းခံလိုက်ရသဖြင့် ထွန်းဝေနောက်သို့ ခြေလှမ်း ၃လှမ်းစာမျှ လန်ထွက်သွားသော်လည်း သူ့လက်ထဲသို့ သမီးလေးပါလာခဲ့သည်...
"အီးးးဟီးးးဟီးးး ပေကြီး မေကြီး မီးမီးကြောက်တယ်...မီးမီးကြောက်တယ်...အီးဟီးးဟီးး "
ရန်ဖြစ်နေကြသော သူတို့နှစ်ယောက်ကိုကြည့်ကာ သမီးလေးကထငိုနေသဖြင့် သူ့ရင်ထဲ ဆစ်ကနည်းနာကျင်သွားရသည်...
"အေးး ရှင့်သမီးကို ရှင်ခေါ်ချင်ခေါ်ထားလိုက် ကျမကတော့ ရှင်နဲ့မပေါင်းနိုင်တော့ဘူး ကျမအခုပဲ သွားတော့မယ် "ပြောပြောဆိုဆို သူ့အခန်းအတွင်းသို့ ဝင်ကာ အဝတ်အစားတွေ ပြေးကောက်ထည့်နေလေတော့သည်...
"ပေကြီး ...မေကြီးကို ပေးမသွားပါနဲ့...မေကြီး သမီးကို မထားခဲ့ပါနဲ့....ပေကြီး မေကြီးကို တားပေးပါအုံး "
"မိန်းမ ခွာညို ငါတောင်းပန်ပါတယ်ကွာ...ငါနဲ့သမီးလေးကို မထားခဲ့ပါနဲ့ ...ငါ မင်းနဲ့ မခွဲနိုင်လို့ပါကွာ...ပြီး ပြီးတော့လေ သမီးလေးကို ကြည့်ပါအုံးကွာ...သမီးလေးကို သနားပါအုံးနော်....ဟီးးးဟီးးး"
"ကျမကို မတားနဲ့ သမီးကို ကျမခေါ်သွားရမလား ရှင်ခေါ်ထားမလားဆိုတာပဲ ပြော "
"ငါ...ငါခေါ်ထား...အာ မဟုတ်ဘူး...သမီးကော မင်းပါ ဘယ်မှမသွားရဘူး ဘယ်သူ့မှ ငါပေးသွားမှာ မဟုတ်ဘူးနော် "
"ရှင် ပေးမသွားလည်း ကျမက သွားမှာပဲ "ပြောပြောဆိုဆို အထုတ်ဆွဲကာ အိမ်ရှေ့တံခါးပေါက်ဆီ လျှောက်သွားသဖြင့်...
"ပေကြီး..မေကြီးကို ခေါ်ပေးပါ မေကြီးကိုခေါ်ပေးပါ...မေကြီး...အီးးးဟီးးးဟီးးမသွားပါနဲ့..."
"မင်းကို ငါ မသွားနဲ့လို့ ပြောနေတယ်လေ"
"ဂျောက်...ဂျလောက် "
တံခါးချက်ဖွင့်လိုက်သံနှင့်
မရှေးမနှောင်းမှာပင်...
"ဒုတ်"ခနဲမည်သံနှင့်အတူ
"အင့် "ခနဲ သာ ငြီးလိုက်နိုင်ပြီး ခွာညိုတစ်ယောက်ခွေကနည်းလဲကျသွားလေတော့သည်...
"မေကြီးးး မေကြီးးး ပေကြီး မေကြီးကို ဘာလုပ်လိုက်တာလဲ..ဟင် "
"အော်...ဖေကြီးဘာမှ မလုပ်ပါဘူး သမီးလေးရဲ့ ...ဖေကြီးနဲ့ မေကြီးက ကစားနေကြတာပါ...သမီးလေး မေကြီးကလေ...အိပ်ချင်ယောင်ဆောင်နေတာ သမီးလေးရဲ့...သမီးလေး အခန်းထဲမှာ သွားနေနော်...လိမ္မာတယ် ဖေကြီးသမီးလေးက...သွားနော် ဖေကြီး သမီးမေကြီးကို ခေါ်လာခဲ့မယ်...သမီးလေး အခန်းထဲကစောင့်နေနော်...သွားးသွား"
ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ရင်း သမီးလေးကို သူ့အနားက နေအမြန်ဆုံးထွက်သွားခိုင်းနေမိသည်...
သူ အတင်းသွားခိုင်းသဖြင့် အခန်း
ထဲသို့သွားနေသော်လည်း လှည့်ကြည့်လှည့်ကြည့်ဖြင့် သူ့အမေဖြစ်သူအား စိတ်မချဖြစ်နေသော သမီးလေးကို ကြည့်ရင်း သူစိတ်မရှည်တော့ သဖြင့်...
"သမီး..မြန်မြန်သွားလေ "
"ဝုန်း"
အခန်းဝအနားထိရောက်နေပြီဖြစ်သော သမီးဖြစ်သူကို အခန်းအတွင်းသို့မြန်မြန်တွန်းပို့လိုက်ရင်း အခန်းတံခါးကို အလျင်စလို စောင့်ပိတ်လိုက်ခြင်းဖြစ်သည်...
"အင်းးးဟင်းးဟင်းးး အားးးကျွတ်...ကျွတ်...နာ...နာလိုက်တာ "
"အော်...မိန်းမယုတ် မသေသေးပါလား...ငါအတန်တန်တားနေရဲ့ကြားက ငါနဲ့ ငါ့သမီးလေးကိုထားပြီး သွားချင်တဲ့ ကောင်မ...အေးးတွေ့မယ်...နင်သွားချင်ရင် အသက်ရှင်လျှက်နဲ့တော့ သွားလို့ရမယ် မထင်နဲ့...ထွန်းဝေဘာကောင်လဲ နင် သိစေရမယ်.."
ပြောပြောဆိုဆို သွေးအိုင်ထဲ လဲနေသော သူ့မိန်းမဖြစ်သူကို ကောက်ပွေ့လိုက်ပြီး အိမ်နောက်ဖက် မီးဖိုချောင်ထဲသို့ ခေါ်လာခဲ့လိုက်ကာ....
"ကဲဟာ သွားချင်အုံး..ဒုတ်..လင်ငယ်နေချင်အုံး..ဒုတ်..သွားအုံးလေ..ဒုတ်..ဒီခြေထောက်လား..သွားချင်တာ..ဒုတ်..ဒုတ် ..ဒုတ်.."မွှန်ထွန်နေသော ဒေါသစိတ်နှင့်အတူ လွတ်ထွက်သွားသော သူ့စိတ်ကြောင့် စိတ်ရှိလက်ရှိခုတ်ပိုင်းနေမိခဲ့သည်မှာ နောက်ဆုံး အားကုန်ကာ မောမောဖြင့် သူပါ ပစ်လဲသွားသည် အထိပင်...
"ပေကြီး..မေကြီးး ..မီးမီးထွက်လာလို့ရပြီလား ဟင်...ပေကြီးရေ ပေကြီး...မီးမီးထွက်လာလို့ရပြီလား လို့ "
ခြေကုန်လက်ပန်းကျကာ ခွေခွေလေးလှဲနေမိသော ထွန်းဝေ...သူ့သမီး အသံကိုကြားလိုက်သဖြင့် ကြိုးစားကာ အားယူထလိုက်ရင်း..
"သမီးလေးး မလာနဲ့အုံး သမီး ခဏလေးနော်...ဖေကြီး လာခေါ်မယ် ခဏလေးစောင့်နော်.."
သမီးဖြစ်သူ ထွက်လာမည်စိုးသဖြင့် အော်၍ တားလိုက်ကာ မိန်းမဖြစ်သူ၏ အလောင်းကို ငုံ့ကြည့်လိုက်မိစဉ်...
"အမလေးးဗျ.."
"ချလွမ် ..ချလွမ် "
"ဟာ..ဘုရားးဘုရားး ငါ ဘာတွေလုပ်လိုက်မိပါလိမ့်...ငါ ..ငါမှားသွားပြီ...ငါ လူသတ်မိပြီ...ငါ့မိန်းမကို ငါသတ်လိုက်မိပြီ.."စိတ်လွတ်လက်လွတ်ဖြင့် လုပ်လိုက်မိသည် မှန်သော်လည်း အဲဒီလောက်ကြီးအထိဖြစ်သွားလိမ့်မည်ဟု သူထင်မှတ်မထားခဲ့..ယခု သူမြင်လိုက်ရသည်က သူခုတ်ထစ်ထားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းပြတ်ကာ မြင်မကောင်းအောင် တစ်စစီဖြစ်နေသော သူ့မိန်းမအလောင်းကြီးကို တွေ့လိုက်ရသဖြင့် ယောင်အော်ကာ လက်ထဲတွင်ကိုင်ထားသော ဓားပင်လွတ်ကျသွားအောင် ကြောက်လန့့်သွားမိခြင်းဖြစ်သည်..သွေးပျက်ထိတ်လန့့်ကာ ငူငူငိုင်ငိုင်ထိုင်နေမိစဉ်..
"ပေကြီးရေ..မီးမီးလာပြီနော် "ဟူသော သူ့သမီးအသံနှင့်အတူ...
"ကျွီ"
အခန်းတံခါးကို ဖွင့်လိုက်သံပါ သူကြားလိုက်ရသဖြင့်...
*ဟာ..မဖြစ်ဘူး မဖြစ်ဘူး သမီးလေးတွေ့သွားလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး..ငါ ဘာလုပ်ရမလဲ ငါ..ငါ ဘာလုပ်..လုပ်..ဟာ..သိပြီ..*
သမီးဖြစ်သူ တွေ့သွားမည်စိုးသဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေစဉ် အကြံရသွားပြီး..
"ဝုန်း "မီးဖိုချောင်တံခါးကို ပြေးပိတ်လိုက်ကာ..မိန်းမဖြစ်သူ၏ အလောင်းကို ကောက်ပြီး အနီးရှိ ရေခဲသေတ္တာအတွင်းသို့ တစ်ခုခြင်းကောက်ထည့်လိုက်သည်...ကြမ်းပြင်ပေါ်ရှိ သွေးများကို အဝတ်များဖြင့်သုတ်လိုက်ပြီး ရေချိုးခန်းအတွင်းသို့ ဝင်ကာ သူ့ခန္ဓာကိုယ်တွေပေနေသော သွေးများကို ဆေးကြောပစ်လိုက်တော့သည်..
"ဒုန်း ဒုန်း ဒုန်း "
"ပေကြီး မေကြီး တံခါးဖွင့်ပေးပါ မီးမီးလည်း လာချင်တယ်"အော် ဟစ် ငိုယိုနေသော သမီးလေးဖြစ်သူ၏ အသံကိုကြားသော်လည်း သူလုပ်စရာရှိသည်များကိုသာ အမြန်လုပ်နေမိသည်...အားလုံးရှင်းလင်း လုပ်ကိုင်ပြီးသွားမှ..တံခါးကိုဆွဲဖွင့်လိုက်ကာ ငိုနေသော သမီးလေးကို ကောက်ချီကာ ချော့မြူ လိုက်သည်..
"သမီးလေး လာ လာ ဖေကြီးနဲ့ အတူ ကာတွန်းကား ကြည့်ရအောင် နော်.."
"ပေကြီး မေကြီးကော ဟင်.."
ရုတ်တရက်မေးလာသော သမီးလေးစကားကို ပါးစပ်ထဲရှိရာ ဖြေလိုက်ရင်း...
"သမီးလေး မေကြီးရှိပါတယ်..ပေကြီးကို စိတ်ကောက်နေတယ်..လာပါ သမီးလေးရယ်..ကာတွန်းကားကြည့်ကြမယ်နော်..သမီးလေးကြိုက်တဲ့ ကြောင်နဲ့ကြွက်ကားကြည့်မယ်လေ.."
သူ့အမေဖြစ်သူထံ စိတ်မရောက်အောင် အာရုံပြောင်းထားရင်း ကာတွန်းကားဖွင့့်ပြထားလိုက်သည်...ကားတွန်းကားကြည့်ရင်းပင် သမီးဖြစ်သူအိပ်ပျော်သွားလေသည်...
သမီးဖြစ်သူကို အာရုံပြောင်းသည့်အနေဖြင့်ကာတွန်းကား ဖွင့်ပြရင်း အတူထိုင်၍ကြည့်နေခဲ့သော်လည်း သူ့စိတ်တွေကတော့ ဂဏာမငြိမ်ဖြစ်နေခဲ့သည်..
*ငါ အခုလူသတ်မိပြီ...ငါ အဖမ်းခံရတော့မယ်..ငါ အဖမ်းခံရရင် သမီးလေးကို ဘယ်သူက စောင့်ရှောက်မှာလည်း..သမီးလေးကို ဘယ်သူနဲ့မှ ငါစိတ်မချနိုင်ဘူး...ဟုတ်တယ် ငါ့သမီးကို ငါကလွဲပြီး ဘယ်သူနဲ့မှ ငါစိတ်မချနိုင်ဘူး..ဒီတော့ ငါ အဖမ်းခံလို့မဖြစ်ဘူး..အခု ကိစ္စကို ဘယ်သူမှ သိတာမှ မဟုတ်တာ ငါပဲသိတာဆိုတော့..ဒီဟာမရဲ့ အလောင်းကို အခြေအနေကြည့်ပြီးဖျောက်ဖျက်ပစ်ရမယ်...ဟုတ်တယ် အဲဒါအကောင်းဆုံး အကြံပဲ..ဒါဆို ငါ့သမီးလေးနဲ့လည်း မခွဲရတော့ဘူးပေါ့..*
တွေးရင်းတွေးရင်း သူပါ မောမောနှင့် အိပ်ပျော်သွားခဲ့သည်...
"ချလွင်...ချလွင်...ဝုန်းး"
*ဟာ...ဘာသံတွေလဲ ဘယ်ကလာတာလဲ...မီးဖိုချောင်ထဲကအသံပဲ...ကြောင်ဝင်နေတာထင်တယ်..သွားကြည့်အုံးမှ ပဲ*
ဟုတွေးကာ ပိတ်ထားသော မီးဖိုချောင်တံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်လာခဲ့လိုက်သည်...
*ဟင်..ဘာကြောင် ဘာကြွက်မှလည်း မရှိပါလား ဘာမှလည်း ပြုတ်ကြမနေပါလား ..ဒါ ဒါဆို..*
*ကျွီ*
တံခါးပွင့််သံကြားလိုက်သဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိစဉ်..
ရေခဲသေတ္တာ တံခါးကြီးပွင့်နေပြီး ရေခဲသေတ္တာထဲတွင် ထိုးကြိတ်ခါထည့်ထားခဲ့သော သူ့မိန်းမဖြစ်သူ၏ ခေါင်းပြတ်ကြီးမှ မျက်လုံးနှစ်လုံးက သူ့အား စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့်..
"အမလေး သရဲ .."ဟု အော်ရင်း အိမ်ရှေ့ခန်းသို့ ထွက်ပြေးခဲ့လိုက်မိသည်..
ရသမျှ ဘုရားစာတွေရွတ် စိတ်ငြိမ်အောင် ရေတွေသောက်ရင်း သူ့စိတ်ကို သူထိန်းနေမ်ိသည်...မီးဖိုချောင်အတွင်းမှ ကြားနေရသော လှုပ်ရှားသံများကတော့ ဆက်တိုက်ဆိုသလိုပင် ကြားနေရဆဲ...
"ရှပ်..ရှပ်.."
လမ်းလျှောက်နေသော အသံများ
မကျေမနပ်တောက်ခေါက်သံများ
ပစ္စည်းများကို လွှတ်ပစ်ကိုင်ပေါက်နေသော အသံများက သူ့စိတ်ကို ပို၍ပို၍ ခြောက်ခြားအောင် ပြုလုပ်နေခဲ့သည်...နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခုချလိုက်ရင်း...ကြောက်ကြောက်နှင့်ပင်...မီးဖိုချောင်အတွင်းသို့ အရဲစွန့်၍ ပြန်ဝင်လိုက်ကာ...
"ဟဲ့ ကောင်မ သေတာတောင် ငြိမ်ငြိမ်မနေဘူး ထပ်နာချင်လို့လား..ငါ့အကြောင်း နင်သိတယ်နော်...ငြိမ်ငြိမ်နေစမ်း...မနေရင် နင့်ကို အမှိုက်ပုံ ပို့ပစ်မယ်...မသာမ..ငါ့ ကိုဘာမှတ်နေလဲ.."
ခပ်တည်တည်နှင့် အော်ငေါက်နေသော်လည်း သူ့စိတ်ထဲတွင်တော့ အရမ်းကိုကြောက်လန့်နေမိသည်...ပွင့်နေသော ရေခဲ သေတ္တာတံခါးကို ဒီအတိုင်းထား၍ မဖြစ်လို့သာ ပြန်ဝင်လာရခြင်းဖြစ်သည်...ရေခဲသေတ္တာတံခါးကို အမြန်ပြန်ပိတ်လိုက်ရင်း ကြိုးနဲ့သိုင်းကာ ချီပစ်လိုက်သည်..
ဟူးးးးပြီးပြီ..
ကြိုးချီပြီးမှ သက်ပြင်းချနိုင်တော့သည်...သူအိပ်ပျော်နေချိန် သမီးလေးလာဖွင့့်မှာ စိုးရိမ်သဖြင့် ကြိုးနဲ့ အခိုင်အမာတုတ်လိုက်ခြင်းဖြစ်သည်..
ကြိုးတုတ်ပြီးပြီးလို့ သက်ပြင်းချလိုက်ယုံရှိသေးသည်...
"ဘုတ် ဘုတ် ဘုတ် .."
"အမလေး ဗျ.."
ရေခဲသေတ္တာအတွင်းပိုင်းမှ လက်နှင့်ပုတ်လိုက်သည့် အသံကိုကြားလိုက်ရ၍ လန့့်သွားကာ မီးဖိုချောင်းထဲမှ အပြေးထွက်ရင်း မီးဖိုချောင်တံခါးကိုစောင့်ပိတ်ကာ ဆိုဖာထက်တွင် အိပ်ပျော်နေသော သမီးဖြစ်သူထံ ပြန်လျှောက်လာခဲ့လိုက်သည်...
"ဟင်..သမီးလေး..သမီးဘယ်ရောက်သွားတာလဲ.."
"သမီးလေးရေ သမီးလေး.."
ဆိုဖာပေါ်တွင် အိပ်ပျော်နေသော သမီးလေးကိုမတွေ့တော့သဖြင့် အော်ခေါ်၍ လိုက်ရှာရင်း သူတို့ သားအမိသားအဖ သုံးယောက်အိပ်ရာ အိပ်ခန်းတံခါးကိုတွန်းဖွင့့်ရင်း ဝင်လာခဲ့လိုက်စဉ်...
"အမလေး ဗျ..ခွာ...ခွာညို ..နင် နင်.."
ထင်မှတ်မထားသည့် မြင်ကွင်းက သူ့ကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရသဖြင့် လန့်အော်မိပြန်သည်...ကုတင်ထက်တွင် အိပ်ပျော်နေသော သမီးလေးဘေးတွင် ထိုင်နေသော မိန်းမဖြစ်သူကို တွေ့လိုက်ရသဖြင့် ကြောက်လန့်ကာ အော်ဟစ်ရင်း ဖင်ထိုင်လျှက်ပင် လဲကျသွားခဲ့လေသည်...
သူ့အသံကို ကြားသွားသဖြင့် ကုတင်ပေါ်တွင် တခြမ်းစောင်းထိုင်ကာ သမီးလေးကိုပွတ်သပ်ပေးနေသော သူ့မိန်းမဖြစ်သူမှာ သူ့ဘက်သို့ တဖြေးဖြေးချင်းလှဲ့လာနေသည်ကိုတွေ့နေရသည်...ထင်မှတ်မထားသော မြင်ကွင်းကိုတွေ့လိုက်ရကတည်းက အယောင်ယောင်အမှားမှားဖြစ်ကာ လဲပြိုကြသွားသော်လည်း သူ့မျက်လုံးတွေက ကုတင်ထက်မှာ ကျောပေးကာထိုင်နေသော သူ့မိန်းမဖြစ်သူ ထံမှ ခွာမရအောင်ဖြစ်နေခဲ့သဖြင့် သူ့ဘက်သို့ တဖြေးဖြေးခြင်းလှည့်လာနေသော သူ့မိန်းမဖြစ်သူကို ကြောင်ကြည့်နေမိသည်..သူ့ဘက်သို့ လှည့်ကြည့်နေသော မိန်းမဖြစ်သူ၏ ဦးခေါင်းထက်မှ သွေးတွေကျဆင်းလာသည်ကိုတွေ့လိုက်ရ၍ကြောင်ပြီးကြည့်နေမိစဉ်..."ဘုတ်"ခနဲ မည်သံနှင့်အတူ သူ့မိန်းမခေါင်းကြီးပြုတ်ကျလာပြီး သူ့ထံသို့ လိမ့်လာလေတော့သည်...
"အားးးမလာနဲ့ မလာနဲ့...ငါ့ဆီကို မလာနဲ့.."
ကြောက်လန့်တကြား အသံကုန်အော်ဟစ်လိုက်မိလေတော့သည်...
"ပေကြီးး ပေကြီးးဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဟင်...မီးးမီးးကြောက်တယ်...မီးးမီးးကြောက်တယ်.."
သွေးပျက်စရာမြင်ကွင်းကြောင့် မျက်စိစုံမှိတ်ကာ ကြောက်လန့်တကြားအော်နေမိစဉ် သူ့နားထဲသို့ တိုးဝင်လာသော သူ့သမီးလေးအသံကြောင့် သတိဝင်ကာ မျက်စိဖွင့်ကြည့်မိလိုက်သည်...ငိုနေသော သမီးလေးမှ လွဲ၍ ကျန်အရာများအားလုံးက ပုံမှန်ပင်..ကုတင်ပေါ်တွင်ထိုင်နေသော သူ့မိန်းမဖြစ်သူကိုလည်း မတွေ့ရတော့သလို သူ့ထံကိုလိမ့်လာနေသော ခေါင်းပြတ်ကြီးလည်း ရှိမနေတော့ပါ...
"မကြောက်နဲ့ သမီးလေး မကြောက်နဲ့ တိတ်တိတ် ဖေကြီးဘာမှ မဖြစ်ဘူး...လာလာ အိပ်ရအောင်နော်..."
သူ့အော်သံကြောင့် ကြောက်လန့်ကာငိုနေသော သမီးဖြစ်သူကို ကောက်ချီလိုက်ရင်း ကုတင်ပေါ်ပြန်တင်လိုက်ကာ...သမီးဖြစ်သူအိပ်ပျော်အောင် ချော့မြူပွတ်သတ်ပေးနေမိသည်...သိပ်မကြာခင်မှာပဲ သမီးဖြစ်သူ အိပ်ပျော်သွားပြန်သည်...
•••••••
မှေးကနည်း အိပ်ပျော်သွားစဉ် ကုတင်ထက်မှ အောက်သို့ ဆွဲချခံလိုက်ရ၍ ဒေါသထွက်သည်က တမျိုး သမီးဖြစ်သူ ဂျီကျနေသဖြင့် စိတ်ဒုက္ခရောက်ရသည်က တဖုံ ထွန်းဝေခမြာ အရူးမီးဝိုင်းသလိုဖြစ်နေလေတော့သည်...
ယခုဆိုလျှင် ဒေါသအလျှောက် မ်ိန်းမဖြစ်သူကို သတ်မိခဲ့ပြီး အလောင်းကို ရေခဲသေတ္တာထဲ ထည့်ကာ ဖျောက်ဖျက်ထားသည်မှာ ၃ရက်ပင်ကျော်ခဲ့ပြီဖြစ်သည်..
အခင်းဖြစ်သည့် ညကတည်းက သေဆုံးသွားသော မိန်းမဖြစ်သူ၏ ခြောက်လှန့်နှောက်ယှက်ခြင်းကို အမြဲလိုပင် ခံခဲ့ရပြီး ကောင်းကောင်းအိပ်ရသည် ဟူ၍ပင်မရှိခဲ့...သူ့စိတ်က သူ့ကိုပြန်ခြောက်လှန့်နေသဖြင့် အလုပ်သို့လည်း မသွားဖြစ်တော့...မေကြီး ဘယ်မှာလဲ ဟု ခဏခဏမေးတတ်သော သမီးဖြစ်သူ၏ အမေးကိုလည်း "သမီး မေမေရှိပါတယ် "ဟူ၍ လိမ်ခဲ့သည်ကြီးသာ...လာသမျှ ဖုန်းတွေကိုလည်း မကိုင်ပဲနေခဲ့သည်...သူနေထိုင်ရာ တိုက်ခန်းမှနေ၍ အပြင်သို့လုံးဝမထွက်ပဲ နေနေခဲ့ရင်း ရှိတာလေးသာ ချက်ပြုတ်စားသောက်နေခဲ့မိသည်...သူကတော့ မစား..သမီးဖြစ်သူ ဗိုက်စာသည်ဟု ဂျီကျမှသာ ရှိတာ ချကျွေးခြင်းဖြစ်သည်...အအိပ်အစားပျက်ယုံမကပဲ မိန်းမဖြစ်သူ၏ ခြောက်လှန့်မှု့ကိုပါ နေ့စဉ်ရက်ဆက်ခံခဲ့ရသဖြင့် ထွန်းဝေတွင် စိတ်ကျရောဂါရလာတော့သည်..
•••••••••••
စိတ်ကျရောဂါစွဲကပ်လာရာမှ အစပြုကာ စိတ်မူမမှန်ဖြစ်လာသော ထွန်းဝေတစ်ယောက် နောက်ဆုံးရွေးချယ်လိုက်သော လမ်းကတော့..
•••••••
"ဟယ်လို ...ရဲစခန်းကပါလား ...ကျမတို့ အရှေ့ခန်းက အပုပ်နံ့ ရလို့ပါ...အခန်းတံခါးကိုလည်း အထဲက ပိတ်ထားတယ် ရှင့်...ခေါ်တာလည်း ဘာသံမှ မကြားရဘူး..အဲဒါ ဆရာတို့ လာကြည့်ပေးလို့ရမလား...ရှင့်..အော် ဟုတ်ကဲ့ ..လိပ်စာက တိုက်...##အခန်း## ..##လမ်းကပါရှင့်...ဟုတ်ကဲ့ ဆရာမြန်မြန်လေးသာ လာခဲ့ပေးပါနော်...ကျေးဇူးပါ ရှင့် "
••••
"ဘာသံမှ မကြားမှတော့ အခန်းတံခါးဖျက်ပြီး ဝင်ရမှာပဲ...ကဲ..ရဲဘော်တို့ အခန်းတံခါးကို ဖျက်လိုက်တော့...အားလုံးနောက်ဆုတ်နေပေးကြပါ..."
အခန်းတံခါးဖျက်၍ အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေသော အခါ... အိပ်ခန်း၏ ကုတင်ထက်တွင် မျက်နှာပေါ် ခေါင်းအုံးပိလျှက်သားသေဆုံးနေသော ပုပ်ပွစပြုနေသည့် ကလေးငယ်တစ်ဦး၏ အလောင်းနှင့်...အိမ်နောက်ဖက် မီးဖိုချောင်ထဲတွင် လက်တစ်ဖက်တွင် ဓားကိုကိုင်ကာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသော ယောက်ျားအလောင်းတစ်လောင်းကို စတင်တွေ့ရှိခဲ့ရပြီး...ကြိုးဖြင့်ချီထားသော ရေခဲသေတ္တာကို မသင်္ကာ၍ ဖွင့်ကြည့်စဉ် အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် မိန်းမအလောင်းတစ်လောင်းကို တွေ့လိုက်ရလေတော့သည်...
•••••
အိမ်ထော
#ညမဖတ်ရ
#ပရလောက
No comments
Post a Comment