- မင်းလူ
သူ့ကို နာမည်ရင်းမခေါ်ဘဲ မောင်မောင်တုတ်ဟုသာ ကျွန်တော်တို့ ခေါ်ကြသည်။ မြန်မာရာဇဝင်မှာ မိန်းမရှုပ်ပွေသော ရနောင်မောင်မောင်တုတ်နှင့် စရိုက်ချင်းတူသောကြောင့်ဖြစ်၏။ သူကလည်း ဒီလိုခေါ်သဖြင့် စိတ်မဆိုး။ ခုလို ရှုပ်နိုင်ပွေနိုင်တာကပင် သူ့အရည်အချင်းကြောင့်ဟု ဂုဏ်ယူတတ်သူဖြစ်သည်။
တကယ်တော့ သူသည် လူပျိုမဟုတ်ချေ။ မိန်းမရှိသည်။ ကလေးနှစ်ယောက်လည်းရှိသည်။ မိန်းမနှင့်ကလေးနှစ်ယောက်ကို နယ်မြို့တစ်မြို့မှာထားပြီး သူက ရန်ကုန်မှာ တစ်ယောက်တည်း လာနေသည်။ နှစ်လသုံးလတစ်ခါလောက် သူ့မိန်းမဆီ ပြန်တတ်သည်။ ကြည့်ရတာ သူ့မိန်းမကလည်း သူ့အကြောင်းသိပါလျက် မတတ်သာ၍ လွှတ်ထားရခြင်းဖြစ်ဟန်တူ၏။
သူသည် အထွေထွေပွဲစားဖြစ်၏။ အလုပ်အက်ိုင် လည်လည်ပတ်ပတ်ရှိသဖြင့် ငွေကြေးပြေလည်သည်။ သုံးနိုင်စွဲနိုင်သည်။ အဝတ်အစားကောင်းကောင်းဝတ်ပြီး ကြော့နေအောင်နေတတ်သည်။ အပြောကောင်းသူလည်းဖြစ်၍ သူက တစ်ကိုယ်ရေတစ်ကာယသမားပါဟု ပြောသောအခါ မိန်းမတွေက ယုံတတ်ကြလေသည်။ တကယ်လည်း လူပျိုတွေနေသည့်ပုံစံအတိုင်း နေသည်။ တစ်ကိုယ်ရေတစ်ကာယသမားချည်း စုပြီးငှါးနေသော အိမ်ခန်းမှာ လာနေသည်။ ကျွန်တော်တို့ငှါးနေသောအိမ်ခန်းမှာ ရုံးအလုပ်သမားတွေ၊ ကျောင်းဆရာတွေ၊ အပြင်လုပ်ငန်းလုပ်သူတွေနှင့် တစ်ခန်းမှာ နှစ်ယောက်နေကြခြင်းဖြစ်၏။
မောင်မောင်တုတ်ကတော့ တစ်ယောက်တည်း တစ်ခန်းသက်သက်နေသည်။ သူက တတ်နိုင်သူဖြစ်သဖြင့် သူ့အခန်းမှာ ရေဒီယို၊ ကက်ဆက်၊ စားပွဲတင်ပန်ကာတို့ရှိသည်။ သူ့အခန်းရှေ့ကဖြတ်သွားလျှင် ရေမွှေးနံ့၊ ပေါင်ဒါနံ့တို့ သင်ပျံ့နေတတ်သည်။
မောင်မောင်တုတ်သည် ကြွားကလည်းကြွားတတ်သည်။ သူအလုပ်လုပ်တာ ဘယ်လောက်တော်ကြောင်း၊ ငွေဘယ်လောက်ရကြောင်း၊ ဘယ်လိုဆုံးဖြတ်နိုင်ကြောင်း စသည်ဖြင့်။
သူ မကြာခဏကြွားလေ့ရှိသည့်ကိစ္စကတော့ သူ မိန်းမဘယ်လောက်စွံသည့်အကြောင်းပင်ဖြစ်၏။ သူနှင့် အဆက်ဖြစ်ခဲ့ဖူးသော မိန်းကလေးတို့၏ဓာတ်ပုံများကို အယ်လ်ဘမ်တစ်ခုထဲတွင် ထည့်ထားပြီး ကျွန်တော်တို့ကို ပြတတ်သည်။ များသောအားဖြင့် ဓာတ်ပုံတစ်ခုကို လက်ညှိုးထိုးပြပြီး ထိုမိန်းကလေးနှင့် ဘယ်လိုတွေ့ပြီး ဘာတွေဖြစ်ခဲ့ကြောင်း ပြောပြလေ့ရှိသည်။ တစ်ခါတစ်လေတော့ သူနှင့်နောက်ဆုံးတွဲသော ကောင်မလေးတစ်ယောက်အကြောင်း ပြောပြလေ့ရှိသည်။
သူက မိန်းကလေးတွေအကြောင်းပြောသည့်အခါ ထုတ်ဖော်မပြောသင့်သည့် လျှို့ဝှက်အပ်သောကိစ္စတွေပါ ခရေစေ့တွင်းကျ ပြောပြတတ်သည်။ သားမယားရှိပါလျက် မိန်းကလေးတွေကို ညာပြီးတွဲတာပင် လွန်လှပြီ။ ခုလို တစ်ဖက်သား၏ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ အကုန်ဖွင့်ပြောတတ်တာမျိုး ကျွန်တော်မကြိုက်။ သို့ရာတွင် ကျွန်တော်က နှုတ်နည်းသူဖြစ်၍ ဘာမှမပြောဖြစ်ချေ။
တချို့ကတော့ သူ့ကို ဝေဖန်တတ်သည်။ ကျောင်းဆရာတစ်ယောက်ကဆိုလျှင် ပြစ်တင်ရှုတ်ချခြင်းပြုသည်။ သို့ရာတွင် သူက ဂရုမစိုက်။ သူ့စိတ်ထဲမှာ သည်အိမ်ခန်းမှာနေသူများသည် သူ့လောက် အလုပ်အကိုင်မကောင်း၊ သူ့လောက် ငွေမရှိ။ ထို့ကြောင့် သူ့အဖို့ ဂရုစိုက်စရာ အလေးထားစရာမဟုတ်ဟု ထင်နေပုံရသည်။ ဒီမှာနေကြသူတွေကလည်း ရုံးစာရေး၊ စျေးသည်၊ မူလတန်းပြဆရာဆိုတာလောက်ပင်ဖြစ်၍ သူက အထင်သေးနေခြင်းဖြစ်၏။ ကျွန်တော်တစ်ယောက်သာ သုံးရာ့နှစ်ဆယ်စကေး အရာရှိငယ်တစ်ယောက်ဖြစ်၏။ သို့တိုင်အောင် ကျွန်တော်က ခပ်ကုပ်ကုပ်နေသဖြင့် သူ့အဖို့ မှုလောက်စရာမရှိဘဲ ဖြစ်နေပြန်၏။
သို့ဖြင့် သူသည် နဂိုက ကြွားတတ်သည့်ဥာဉ်ရှိသည့်အထဲ အားလုံးက သူ့ထက်နိမ့်သည်ဟု ထင်နေပြန်သောအခါ ကျွန်တော်တို့တတွေကို ခပ်နှိမ်နှိမ်ခပ်ကျောကျော ဆက်ဆံလာလေတော့သည်။ တစ်ယောက်ယောက်က အဝတ်အစား အဟောင်းအစုတ်ဝတ်တာတွေ့လျှင် " ဟေ့ကောင် ... အင်္ကျီ လုံချည်မရှိရင် ငါ့အခန်း လာယူကွ။ ငါ့မှာ အများကြီးရှိတယ်။ မင်းလုံချည်ကလည်းကွာ ... ငါဆို ဒီလောက်ဟောင်းနေရင် ရေလဲပုဆိုးတောင် မလုပ်တော့ဘူး "ဟု နောက်သလို ပြောင်သလို နှိမ်တတ်သည်။
ကျောင်းဆရာကို သူ ဟိုတစ်ခါ သွားကျောတုန်းကတော့ ဟိုက ပက်ခနဲ ပြန်အုပ်ခဲ့ဖူးသည်။
" ကျောင်းဆရာ ခင်ဗျားကျောင်းစိမ်းကလည်းဗျာ ... မြက်ခြောက်ရောင် ထနေပြီ။ ကျွန်တော့်ဆီမှာ တက်ထရွန်အစိမ်းတစ်စရှိတယ်။ လာယူပါဗျာ။ စားပွဲခင်းတပ်မလို့ ဝယ်ထားတာ "
" နေပါစေဗျာ။ ကိုယ့်မှာရှိတဲ့အစုတ်ကိုပဲ စိတ်သန့်သန့်နဲ့ ဝတ်ပါ့မယ် "ဟု ကျောင်းဆရာက ပြန်ပြောလိုက်သည်။
သူ့ကို သိပ်သဘောမကျသော်လည်း တစ်အိမ်တည်းနေသူများအဖို့ မလွှဲမရှောင်သာ ဆက်ဆံပြောဆိုနေကြရသည်။ တချို့ကလည်း ခပ်တန်းတန်းသာ ဆက်ဆံကြ၏။ သူကလည်း သူ့ကို မကြည်မလင်ဖြစ်နေကြောင်း သိသောအခါ ပြန်၍ရွဲ့သောအခါတွေ ရှိသည်။ ဒီမှာနေသူများသည် ချို့တဲ့ကြသဖြင့် ထမင်းဆိုင်မှာ နေ့စဉ်ဝယ်စားနိုင်သူများမဟုတ်ကြ။ ထမင်းချိုင့်တစ်ယောက်စာ မှာပြီး ထမင်းထပ်ချက်၍ နှစ်ယောက်မျှစားသူများ၊ ကိုယ့်ဖာသာ ချက်ပြုတ်စားသူများသာဖြစ်ကြ၏။
မောင်မောင်တုတ်တို့ကတော့ နေ့စဉ် ဆိုင်တကာလှည့်လည်နေသူဖြစ်၏။ တစ်ခါတလေ ဘဲကင်၊ ဂဏန်းပေါင်းစသည်တို့ ဝယ်လာပြီး ဘီယာဘူးတွေ ဖောက်သောက်ရင်း မြည်းတတ်သည်။ တမင် သူများသွားရည်ကျအောင် လုပ်ပြခြင်းဖြစ်၏။
" ဘီယာလေးဘာလေး သောက်ကြပါဦး ... အသားစုံကြော်လေးနဲ့ "ဟု တကယ်ခေါ်ခြင်းမဟုတ်ဘဲ ဟန်လုပ်တတ်သည်။
ဤသို့ဖြင့် သူနှင့် တခြားလူတွေကြားမှာ မပြေလည်တာလေးတွေရှိလာသည်။ ကျွန်တော်ကတော့ သူ လာကျောလည်း ဘာမှပြန်မပြော။ သူလာကြွားလည်း နားထောင်နေလိုက်သဖြင့် သိပ်ပြဿနာမရှိ။ သို့သော် သူနှင့်ကျွန်တော် ညိစရာကိစ္စလေးတစ်ခုပေါ်လာသည်။ တစ်ရက် ကျွန်တော့်ရုံးခန်းထဲမှာ တစ်လအတွင်း လုပ်ငန်းအခြေအနေတွေပြန်စစ်နေတုန်း အပြင်ဘက်က စကားသံကြားရသည်။ မောင်မောင်တုတ်အသံနှင့်တူသဖြင့် နားစွင့်မိ၏။ ကျွန်တော့်လက်အောက်က အထက်တန်းစာရေးတစ်ယောက်ကို သူက ပြောနေခြင်းဖြစ်ပါ၏။
" လုပ်ပါဆရာရယ်။ ကျွန်တော် အရေးကြီးလို့ပါ။ အခုပဲ သွားလက်မှတ်ထိုးခိုင်းပေးပါ "
" မဟုတ်ဘူးဗျ။ ခင်ဗျားကိစ္စက ကန့်ကွက်ဖို့မရှိကြောင်း စာတစ်စောင်လိုနေတယ် "
" ဟာ .. ဆရာ့ဆရာပြီးရင် ရပါတယ် "
သူက အတင်းပြောနေသဖြင့် စာရေးက သူ့ကို ကျွန်တော့်ဆီခေါ်လာသည်။
" ဆရာ ေဟာဒီက... "
စာရေးက စကားစရုံရှိသေးသည်။ သူက
" ဟာ .. မင်း ဒီရောက်နေတာကိုး။ ဒီပြောင်းလာတာ ငါတောင်မသိဘူး "
သူက ဆရာခေါ်သူက ကျွန်တော့်ကို ဆရာခေါ်သဖြင့် နည်းနည်းတော့ အောင့်သက်သက်ဖြစ်လိမ့်မည်။ ထို့ကြောင့် ကျွန်တော့်ကို မင်းတစ်လုံးငါတစ်လုံးပြောရင်း အထက်စီးကဆက်ဆံဖို့ ကြိုးစားနေသည်။
ကျွန်တော်က
" ခင်ဗျားကိစ္စက သူပြောသလို စာတစ်စောင်လိုနေတယ်ခင်ဗျ။ ဒါမှ ကျွန်တော်လက်မှတ်ထိုးပြီး တင်ပေးလို့ရမယ် "
" ဟာကွာ ... အချင်းချင်းတွေပဲ။ မင်းပြီးရင် ပြီးပါတယ်။ ငါ အရင်လည်း ဒီလိုပဲ ... "
" ဆောရီးပဲဗျာ။ မဖြစ်လို့ပါ "
သူက တစ်ချက်တွေသွားသည်။ နောက် ပြုံး၍ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြသည်။ ညနေကျတော့ ကျွန်တော်ရုံးကအပြန် သူ စောင့်နေသည်။
" လာကွာ ... တစ်ခုခု သွားစားရအောင်။ ဘီယာလေးဘာလေးလည်း သောက်ရင်း စကားပြောချင်တယ် "
သူ ဘာ့ကြောင့်ခေါ်ကြောင်း ကျွန်တော်သိသည်။
" ကျွန်တော် မသောက်ချင်ဘူးဗျ။ ဘာမှလည်း မစားချင်ဘူး "
""မင်းကလည်းကွာ ... လာစမ်းပါ "
သူက ဇွတ်ခေါ်နေသည်။ ကိစ္စပြတ်သွားအောင် ပြောလိုက်ရသည်။
" ကျွန်တော် ညွှန်မှူးအိမ် သွားရမှာမို့ပါ။ ခင်ဗျားကိစ္စ အချက်အလက်ပြည့်စုံအောင်သာ လုပ်ခဲ့ပါ။ ကျွန်တော် ချက်ချင်းတင်ပေးပါ့မယ် "
ဒီလောက်နှင့်မပြီးသေး။ ညကျ အခန်းထဲ ကျွန်တော်တစ်ယောက်တည်းရှိနေချိန် သူဝင်လာသည်။
" ငါကလည်း ငါပဲကွာ။ အလိုက်ကန်းဆိုးမသိဘူး။ ရုံးကလူတွေကြားထဲမှာဆိုတော့ မင်းလည်း လုပ်ပေးရမှာ ခက်မှာပေါ့။ ကဲ ...မနက်ဖြန် ငါလာခဲ့မယ်ကွာ "
ပြောပြောဆိုဆို စားပွဲပေါ်သို့ စာအိတ်ရှည်တစ်အိတ်ပစ်ချပြီး ပြန်ထွက်သွားသည်။ အိတ်ထဲမှာ ငွေငါးရာလောက်တော့ ပါမည်ဖြစ်ကြောင်းသိသည်။ ကျွန်တော် နည်းနည်းစိတ်ဆိုးသွားသည်။ စာအိတ်ကို ကောက်ယူပြီး သူ့အခန်းသို့ ချက်ချင်းလိုက်သွားသည်။ သူ ကျွန်တော့်ကို ပြုံးပြသည်။
ကျွန်တော်က ခပ်ဆတ်ဆတ်လေသံဖြင့်
" ခင်ဗျားပစ္စည်း ပြန်ယူပါ။ ကျွန်တော်က အဲဒီလိုလူစားမဟုတ်ဘူး "
စာအိတ်ကို မွေ့ယာပေါ်ပစ်ချပေးပြီး သူက ဘာမှပြန်မပြောနိုင်ခင် ပြန်ထွက်ခဲ့သည်။ သူ ကျွန်တော့်ကို စိန်ဆိုးသွားဟန်တူသည်။ တစ်ပတ်လောက် စကားမပြောဘဲနေသည်။ နောက်တော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့ရာတွင် ကျွန်တော့်ကို ကြုံရင်ကြုံသလို ရိတိတိလုပ်တတ်သည်။ ကျွန်တော့်အခန်းထဲ ဝင်လာပြီး နံရံပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်တတ်သည်။
" ဘာကြည့်တာလဲဗျ "ဟု မေးလျှင် " သြော် ... အမှုထမ်းကောင်းလက်မှတ် ဘယ်မှာချိတ်ထားသလဲလို့ ရှာကြည့်တာပါ "ဟု သရော်တော်တော် ပြောတတ်သည်။
*********
" ကျွန်တော်က တစ်ခါတလေ ရုံးတွေလိုက်ပြီး စာရင်းစစ်ရတယ်ဗျ။ အဲဒါ စီမံကိန်းရေးဆွဲဌာနမှာ သူနဲ့တွေ့တာပဲ။ သိပ်လှတယ်ဗျ။ အဲ ... ယဉ်တယ်ပေါ့လေ။ ကျွန်တော့်ကိုလည်း စိတ်ဝင်စားပုံရတယ်။ ဒီနေ့တော့ သူ့ကို အအေးသောက်ဖို့ခေါ်တာ လိုက်လာတယ်ဗျ။ ဒါနဲ့ အအေးသောက်ရင်း စကားပြောကြတာပေါ့ဗျာ။ ပြေလည်ဖို့ ကျိန်းသေတယ်။ နောက်တစ်ခါတွေ့ရင် ဖွင့်ပြောတော့မယ်ဗျာ "ဟု ကျွန်တော်က ပြောရာ
အခန်းဖော် ကိုသိန်းဝင်းက " ဒါနဲ့ ... မင်း အူမြူးပြီး ဝင်သောက်လာတယ် ဆိုပါတော့ "
" ရမ်နှစ်ပက်တည်း သောက်လာတာပါဗျာ "
ထိုစဉ်မှာပင် မောင်မောင်တုတ် အခန်းထဲဝင်လာသည်။ သု့မျက်နှာ မချိုမချဉ်လုပ်ပြီး " မင်းပြောနေတာ ငါကြားပါတယ်ကွ။ မင်းပြောတဲ့ မြတ်မြတ်ထွေးဆိုတဲ့ကောင်မလေးက ငါနဲ့ တော်တော်ခင်တယ်ကွ။ ငါကြံရင် ရတာပေါ့။ ဟဲ ...ဟဲ .... နည်းနည်းပိန်နေလို့ ငါက ပယ်ခဲ့တာကွ "
ကျွန်တော်သည် ဒီတစ်ခါတော့ ထောင်းခနဲ ဒေါသဖြစ်သွားသည်။
" ခင်ဗျားကြံလို့ရရင် ကြံလိုက်လေဗျာ။ ခင်ဗျားစွမ်းမယ် ထင်ရင်ပေါ့ "
သူက ပြုံး၍ ခေါင်းတညိတ်ညိတ်လုပ်ရင်း ထွက်သွားသည်။
ကျွန်တော် အံ့ဩရသည်။ မြန်မြတ်ထွေးကို ကျွန်တော်ဖွင့်ပြောလိုက်သောအခါ သူက " ကျွန်မမှာ ချစ်သူရှိပြီးသားပါ "ဟု ဆိုသည်။ ရက်အတန်ကြာသည့်အထိ အကြောင်းရင်းကို ကျွန်တော်မသိသေး။ မောင်မောင်တုတ်က ကျွန်တော့်ကို ဓာတ်ပုံလာပြတော့မှ သိသည်။ မြတ်မြတ်ထွေး၏ဓာတ်ပုံကျောမှာ "ချစ်သောအစ်ကိုသို့ "ဟု ရေးထားသည်။
" ကဲ ... ဘယ့်နှယ်ရှိစ။ စွမ်းမယ်ထင် လုပ်လိုက်ဆို။ အခု ငါစွမ်းတာ မင်းသိပြီမဟုတ်လား "
သူ၏လှောင်ပြုံး၊ ထေ့ပြုံး၊ နိုင်ထက်စီးနင်းအပြုံးများကို ကျွန်တော် မရှုမလှခံနေရသည်။ ကိုသိန်းဝင်းကသာ ကျွန်တော့်လက်ကို မသိမသာ ဖမ်းယူဆုပ်မထားလျှင် မောင်မောင်တုတ်ကို ကျွန်တော် ဆွဲထိုးလိုက်မိမည်မှာ အမှန်ပင်။ မောင်မောင်တုတ်သည် တစ်ခါက သု့အလုပ်ကိစ္စအတွက် မကူညီခဲ့သဖြင့် ကျွန်တော့်အပေါ် အငြိုးထားခဲ့လိမ့်မည်။ ထို့ကြောင့် ကျွန်တော့်ကို လှလှပပ လက်စားချေလိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ခံပြင်းလိုက်ရတာကလွဲ၍ ဘာမှမတတ်နိုင်။ မြန်မြတ်ထွေးသည် ဒီလောက်ညံ့လိမ့်မည်ဟု မထင်ခဲ့။ သို့တည်းမဟုတ် သူကိုယ်တိုင်ကလည်း မောင်မောင်တုတ်လို ကောင်မျိုးကိုမှ သဘောကျတတ်သူမျိုးလား။ သို့မဟုတ်လျှင်လည်း မောင်မောင်တုတ်ကပင် သိပ်စွမ်းလွန်းလို့လား။
မြတ်မြတ်ထွေး၏အချစ်ကို ကျွန်တော်မရတော့မှန်း သိသည်။ သူ့အပေါ် မေတ္တာတော့မပျက်။ စေတနာလည်း မကွက်ခဲ့။ မောင်မောင်တုတ်သည် သူ့ကို တကယ်ချစ်တာမဟုတ်။ အတည်ကြံခြင်းလည်းမဟုတ်။ ကျွန်တော့်ကို ချိုးနှိမ်ဖို့ အသုံးချခဲ့ခြင်းသာဖြစ်သည်။ မောင်မောင်တုတ်သည် သူ့ဘဝကို ဖျက်ဆီးပစ်မှာ သေချာသည်။ ဒါမျိုးမဖြစ်အောင် ကျွန်တော် တားဆီးသင့်သည်ဟု ထင်သည်။ အခန်းဖော် ကိုသိန်းဝင်းကို တိုင်ပင်ကြည့်တော့ သူက ပြောသည်။
" သူ့စရိတ်နဲ့သူ သွားပါစေကွာ။ ဒီလိုကောင်မျိုးကိုမှ မက်မောနဲ့မိန်းမမျိုး နည်းနည်းပညာရသွားအောင် လွှတ်ပေးလိုက်စမ်းပါ "
သို့ရာတွင် ကျွန်တော်ကတော့ မနေနိုင်။ ဒီကိစ္စကို တစ်နည်းနည်းဖြေရှင်းရမည်။ ကျွန်တော် စာတစ်စောင်ရေးသည်။ ကျွန်တော့်နာမည်နှင့်ရေးလျှင် မနာလိုလို့ ဖျက်လိုဖျက်ဆီးလုပ်တယ် ထင်မည်။ ထို့ကြောင့် အတွင်းသိတစ်ဦးဆိုပြီး ရေးလိုက်သည်။ စာထဲတွင် မောင်မောင်တုတ်သည် လူပျိုမဟုတ်။ မိန်းမနှင့်ကလေးနှစ်ယောက်ရှိသည်။ မယုံလျှင် စုံစမ်းကြည့်နိုင်ဖို့ နယ်မှာရှိသည့် သူ့မိန်းမနာမည်နှင့်လိပ်စာပါ ထည့်ရေးပေးလိုက်သည်။ ထိုစာကို မြတ်မြတ်ထွေးဆီ ပို့လိုက်၏။
*********
ရက်သတ္တပတ်ခန့်ကြာသွား၏။ တစ်ရက် ကျွန်တော် ရုံးအဆင်းတွင် ရုပ်ရှင်ဝင်ကြည့်နေသဖြင့် အိမ်ပြန်နောက်ကျသည်။ အိမ်အဝင်ဝကတည်းက ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေ ကြားရသည်။ မောင်မောင်တုတ် သူ့အခန်းမှာ မူးပြီးရမ်းနေခြင်းဖြစ်၏။
သူ့အခန်းရှေ့အဖြတ်တွင်
" သတ်မယ် ... သတ်မယ်... ငါ့ကိုဒီလိုလုပ်လို့ ရမလားကွ ... ဟင်း ... "ဆိုပြီး အခန်းနံရံကို ဝုန်းခနဲဆောင့်ကန်လိုက်တာ ကြားရသည်။ ကျွန်တော့်စာကြောင့် မြတ်မြတ်ထွေးက သူ့ကို ကန်ထုတ်လိုက်ပြီ။ ချက်ချင်းပင် ကျွန်တော်စိုးရိမ်သွားသည်။ ထိုစာကို ကျွန်တော်ရေးကြောင်း သူ ရိပ်မိနိုင်သည်။ ဒါဆို ကျွန်တော့်ကို သူ ရန်လုပ်လာနိုင်သည်။ ကျွန်တော်လည်း ကိုယ့်အခန်းထဲပြန်ဝင်ပြီး တံခါးပိတ်ထားလိုက်သည်။
အခန်းထဲမှာ ကိုသိန်းဝင်းကတော့ ခပ်အေးအေးပင် စာအုပ်တစ်အုပ်ဖတ်နေသည်။ ကျွန်တော်က မနေနိုင်ဘဲ " ဟိုလူ ဘာဖြစ်နေတာလဲဗျ "ဟု မေးလိုက်သည်။
ကိုသိန်းဝင်းက စာအုပ်မှမျက်နှာမခွာဘဲ " လူပါး ပုလင်းထိလို့ပဲ ခေါ်ရမလား၊ လည်လွန်းတဲ့ဘီး ချေးနင်းမိတယ်ပဲ ပြောရမလား ... မသိဘူးကွ။ အခု ဒီကောင် ကောင်းကောင်းခံနေရပြီလေ။ ဝဋ်လည်တဲ့သဘောပေါ့ကွာ "
" ဘာဖြစ်လို့လဲ "
" နယ်မှာထားခဲ့တဲ့ သူ့မိန်းမက သူတို့မြို့က ကောင်လေးတစ်ယောက်နဲ့ လိုက်ပြေးသွားလို့လေ "
" ဟင် "ဟု ရေရွတ်လိုက်မိသည်။
ဒီလူ အခုလိုခံလိုက်ရတာကို ကျွန်တော် ဝမ်းမသာနိုင်အားသေးပါ။ ကျွန်တော်ရေးထည့်လိုက်သောစာကို မြတ်မြတ်ထွေး ရဖြစ်အောင် ရပါစေဟူ၍သာ စိတ်ထဲက ဆုတောင်းမိသည်။
မင်းလူ
မြစ်မခ၊ မတ်၊ ၁၉၈၉
No comments
Post a Comment