မောင်မြင့်မား(ဗိုလ်ကလေး)
ကိုတိုးစိန်သည် ဘောက်တူကလေးကိုလှော်ကာ အမ်းချောင်းအတိုင်း ရေဆန်ကို လှော်လာခဲ့သည်။
ချောင်းအလယ်လောက်သို့ အရောက်တွင် ရေက တန့်နေလောက်ပြီ။
ထိုစိတ်ကူးလေးနှင့် လေကလေးချွန်ကာ တစ်ချက်ချင်း လှော်နေသည်။ ရေက ရေငန်ဆိုပေမယ့် နောက်မနေ၊ ကြည်စိမ်းနေသည်။
လှော်နေရင်း ကမ်းစပ်မှ လမုပင်များအောက်သို့ မျက်စိက အအားမနေ ကြည့်လာနေခြင်း ဖြစ်သည်။
ကိုတိုးစိန် ပြုံးသည်။ သူ့အပြုံးက ကျေနပ်နေသောအပြုံး။
ကဏန်းများက တစွပ်စွပ်နှင့် ရေပလုံစီကာ ကိုတိုးစိန်ကို မျက်စပစ်နေကြသည်။
ကိုတိုးစိန်တို့ ဒေသမှာက ကဏန်းကို သိပ်မဖမ်းကြ။ ငါးပုစွန်များကိုသာ အဓိကထား ဖမ်းကြသည်။ ပိုက်ထဲတွင် ကဏန်းပါလာလျှင် မယူဘဲ လွှတ်ပစ်ကြသည်။
ကိုတိုးစိန်တို့ ကျပန်း ငါးရှာဖားရှာသမားများအတွက် ကတော့ ကဏန်းသည် သူ့အတွက် ဟင်းစားအဖြစ် အပိုဝင်ငွေကလေးပင် ရနိုင်သည် မဟုတ်ပါလား။
ချောင်းအလယ်လောက်က ကနစိုပင်ကြီးအောက်တွင် ဘောက်တူကို ဦးထိုးလိုက်သည်။ ကနစိုမြစ် တစ်ခုတွင် ကြိုးကိုချည်လိုက်ကာ ချောင်းရေကို ကြည့်လိုက်သည်။
ရေက အီနေပြီ။
ကိုတိုးစိန် လုပ်ငန်းစတော့မည်။
ကမ်းစပ်တွင် ၁၅ ပေ၊ ပေ ၂၀ အကွာလောက်ခြားကာ မဒမတိုင်များ စိုက်လိုက်သည်။ တိုင်ပေါင်း ၂ဝ လောက် စိုက်အပြီးတွင် နိုင်လွန်ကြိုးနှင့် တိုင်များကို ဆက်ချည်လိုက်သည်။ နိုင်လွန်ကြိုးများတွင် အသင့် ငါးမျှားချိတ်များတပ်ကာ ငါးမျှားချိတ်တွင် အုန်းသီးစိတ်များ တပ်ထားသော ကြိုးကလေးများကို နှစ်ပေ၊ သုံးပေခြားကာ လိုက်ချိတ် လိုက်သည်။
တိုင်ပေါင်း ၂ဝ လောက်အတွင်း ချိတ် ၁ဝဝ ကျော် ချိတ်ပြီးသည်နှင့် အတော်မောသွားပြီ။
ဒါပေမယ့် ဝမ်းသာအမော။
ဘာဖြစ်လို့လဲဆိုတော့ သုံးလေးတိုင်လောက် ချိတ်အပြီး နောက်ပြန်ကြည့်လိုက်တော့ ချိတ်ထားသော ချိတ်များကို ကဏန်းများ အလုအယက် တိုးကာ အုန်းသီးစားနေသောကြောင့် ဖြစ်သည်။
အုန်းသီးတစ်စိတ်မှာ တစ်ကောင်ကတော့ သေချာနေပြီ။ ကံကောင်းလျှင် တစ်စိတ်ထဲကိုပင် နှစ်ကောင်လုစားနေရင်း ငါးမျှားချိတ်မှာ နှစ်ကောင် မိနေတတ်သောကြောင့် ဖြစ်သည်။
ဘောက်တူပေါ်တွင် ထိုင်ကာ ဒေသထွက် ဆေးပေါ့လိပ်တစ်တိုကို မီးညှိကာ ဖွာနေလိုက်သည်။ အုန်းသီးစိတ်ကလေးများ ချိတ်ထားသော လှုပ်ယမ်းနေသည့် ချိတ်ကလေးများကိုကြည့်ကာ ကိုတိုးစိန် ကျေနပ်နေ သည်။
ပြီးနောက် ဝမ်းဆာလာသောကြောင့် မခင်မေ ထည့်ပေးလိုက်သည့် ငါးနှပ်ခြောက် မီးဖုတ်များကိုထုတ်ကာ ရေနွေးပုလင်းထဲမှ ရေနွေးတစ်ပန်း ကန်ငှဲ့၍ ငါးခြောက်ဖုတ်နှင့် ဝါးလိုက်သည်။
ရေက အီနေရာမှ ကျစပြုနေပြီ။ ကိုတိုးစိန် ငါးခြောက်ဖုတ်ကို ဝါးနေရာမှ တစ်ဖက်ကမ်းစပ်မှ ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ ...
"ဟာ"
ကိုတိုးစိန် အံ့သြသွားသည်။
ကျွဲပေါက်ကလေးတစ်ကောင် တစ်ဖက်ကမ်းပေါ်မှ ချောင်းထဲသို့ ခုန်ချကာ ကိုးတိုးစိန်ရှိရာ ကမ်းဘက်သို့ ကူးလာနေသောကြောင့် ဖြစ်သည်။ ကူးလာနေသည့်ဘက်က မိမိ ကဏန်းတန်းချထားသော နေရာ ဘက်သို့ ဖြစ်သည်။
ချောင်းက အတော်လေးကျယ်၍ ချက်ချင်းတော့ ရောက်မလာနိုင်သေး။ ဒါကြောင့် ကြိုးတန်းများကို ဝင်မတိုးမိစေရန် ကြိုတင်၍ ကိုတိုးစိန်က လှမ်းခြောက်လိုက်သည်။
"ဟေး ... ဟေး ... ဟေး"
သတ္တဝါကောင်က ကိုတိုးစိန် လှမ်းအော်နေတာကိုပင် ခေါင်းလှည့်မသွား၊ တည့်တည့်ပင် ကူးလာနေသည်။ ကိုတိုးစိန်က ဘောက်တူပေါ်မှ ထရပ်ကာ လှော်တက်ကိုကိုင်၍ ရေပြင်ကို တဗြန်းဗြန်းနှင့် ရိုက်ချနေ ပြန်သည်။
မရ။ တည့်တည့်ပင် ကူးလာနေသည်။
ကိုတိုးစိန်၏ ဘောက်တူနှင့် ပေ ၅ဝ အကွာလောက်တွင် ဂဏန်းတန်းချထားသော ငါးမျှားချိတ်များကို တိုးဝှေ့ကာ ဒရောသောပါး တက်ပြေးသွားသော ညိုတိုတိုအကောင်။
အဝေးကနေ လှမ်းမြင်လိုက်ရစဉ်က ခေါင်းကလေးမော့ကာ ကိုယ်လုံးကြီးက ရေထဲတွင် နစ်နေသောကြောင့် ကျွဲပေါက်ကလေးတစ်ကောင်ဟု ကိုတိုးစိန် ထင်ထားတာ မှားသွားပြီ ဖြစ်သည်။
ကျွဲပေါက် မဟုတ်။ ချေ(ဂျီ)ပေါက်တစ်ကောင် ဖြစ်သည်။ ပခုံးကြီးမှာ တုတ်ခိုင်လျက် အချိန် ၁၅ လောက် ရှိမည်ဖြစ်သော အကောင်ကြီး ဖြစ်သည်။
သင်ပေါင်းပင်များကို ဝေါခနဲမြည်အောင် တိုးထွက်၍ ကုန်းပေါ် ကို တက်ပြေးသွားသည်။
xxx xxx xxx
“ကျွန်တော် မြင်တာကတော့ အဲဒီအတိုင်းပဲ စောဂျိမ်း။ အဲဒီအကောင်ကြီး ဝင်တိုးသွားလို့ ကျွန်တော့် ဂဏန်းတန်းချထားတဲ့ ငါးမျှားချိတ်တွေတောင် ပြုတ်ထွက်သွားတယ်။ မဒမတိုင် နှစ်တိုင်လောက်လည်း ကျွတ်ထွက်သွားတယ်။ ဂဏန်းလည်း ဆယ့်လေးငါးကောင်လောက် လွတ်သွားတာပေါ့ဗျာ”
“မင်း တွေ့တဲ့အတိုင်း ဆိုရင်တော့ တို့ ချေမပစ်ရတာ အတော်ကြာပြီ။ ချေပေါက်ကြီးဆိုရင်တော့ အချိန်တစ်ဆယ်ကျော်ပဲ။ ပိုအဆင်ပြေတာက ဘိုကလေးက ငါ့တပည့်နှစ်ယောက် ရောက်နေတယ်။ ဒီကောင် တွေကလည်း တောပစ်ချင်လို့ ဆင်းလာတာ”
“စောဂျိမ်း ဘယ်တော့လောက် ပစ်မလဲ။ ကျွန်တော်လည်း လိုက်ချင်တယ်ဗျာ”
“တိုးစိန်ရာ ... မင်းဟာမင်း ကဏန်းတန်းပဲ ချစားပါကွာ။ တောပစ်တာက အတွေ့အကြုံမရှိရင် အန္တ ရာယ်များတယ်”
“အဲဒါကြောင့် အတွေ့အကြုံ ရအောင်လို့ လိုက်ချင်တယ် ပြောတာပါ။ စောဂျိမ်း တပည့်နှစ်ယောက်က ဘိုကလေးမှာ နေကြတာလေ။ သူတို့မရှိတဲ့အခါ ကျွန်တော့်ကို အဖော်ခေါ်လို့ရတာပေါ့။ ကျွန်တော်လည်း စောဂျိမ်းဆီမှာ တပည့်ခံပါရစေ”
“အေး... မင်း စိတ်ကူးလည်း မဆိုးပါဘူး။ ငါ့တပည့်နှစ်ယောက်က ဝန်ထမ်းတွေဆိုတော့ ဒီကောင်တွေက အမြဲအားတာ မဟုတ်ဘူး။ အဲဒီတော့ မနက်ဖြန် ထွက်ကြမယ်ကွာ။ ဒီချေပေါက်ကြီးက တို့ အမာတောတန်းထဲမှာပဲရှိမှာပါ။ အဲဒီတော့ မင်း မနက်စောစော ငါ့အိမ်ကိုလာခဲ့။ မင်းမိန်းမ မခင်မေကိုလည်း သေသေချာချာ ပြောခဲ့ဦး”
“မခင်မေကတော့ ညနေ ဟင်းစားရမယ်ဆိုရင် ကျွန်တော် ဘယ်သွားသွား ကိစ္စမရှိဘူး”
“အေး… ဒါဆိုပြီးရော။ ဟင်းစားကတော့ ငါ့တာဝန်ထား”
xxx xxx xxx
စောဂျိမ်း၊ ကျော်စိုး၊ တင်ဝင်းနှင့် တိုးစိန်တို့လေးယောက် အမာတောတန်းထဲသို့ ဝင်လာချိန်သည် အရှေ့ဆီမှ ရောင်နီပျိုးချိန်ပင် ရှိသေးသည်။ တောကြက်များ၏ ဟိုမှ သည်မှ တွန်သံကို အတိုင်းသား ကြားနေရသည်။ ပျဉ်းကတိုး၊ ကနစို၊ မဒမပင်နှင့် တောသရက်ပင်ကြီးများက အုပ်အုပ်ဆိုင်းဆိုင်းနှင့် နေပြောက်မတိုးအောင် ရှိနေသည်။
မျောက်များနှင့် ရှဉ့်များက သစ်ပင်တစ်ပင်မှ တစ်ပင်သို့ လှစ်ခနဲ ကူးကာ လျှောက်သွားကြသည်။ စောဂျိမ်းက ရှေ့ကနေ သွားနေရင်း ခဏရပ်လိုက်ကာ...
“ခပ်ဝေးဝေးက ချေဟောက်သံ ကြားရတယ်ကွ”
ကျော်စိုးက ...
“စောဂျိမ်း ကျွန်တော်လည်း ကြားတယ်။ ဒီတောထဲမှာ ချေမရတာ ကြာပြီဆိုတော့ ဒီကောင် တစ်ကောင်တည်း ကြီးစိုးနေမှာ။ ကိုတိုးစိန် တွေ့တဲ့အတိုင်းဆိုရင် ဒီကောင် မိန်းမလှကျွန်းဘက်ကနေ မျက်စိလည် လာတာဖြစ်မယ်”
ကျွန်တော်တို့ အဖွဲ့သည် စိန်နသံချုံနှင့် ဝါးရုံကလေးများ ထူထပ်စွာ ပေါက်နေသည့် တောကိုတိုးကာ ဖြည်းဖြည်း ချီတက်လာကြသည်။ ကံကောင်းလျှင် ချုံအောင်းနေသည့် ချေပေါက်ကို တွေ့နိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ကိုက် ၅ဝ ခန့်မျှ ရှည်သော ချုံတောကို လွန်လာသည့်တိုင်အောင် ချေပေါက်၏ အရိပ်အယောင်မျှကို မမြင်ရသေး။ ချုံတောစပ်သို့ ရောက်သောအခါ “ဖလူး... ဖလပ်... ဖလပ်” ဟူသော အသံနှင့်အတူ ၇၀-၈၀ သားခန့်ရှိသော ကြက်ဖတစ်ကောင်နှင့် ကြက်မတစ်ကောင် စုံတွဲက ဖြတ်ကာပြေးသွားသောကြောင့် ကျော်စိုးက သူ့လက်စွဲတော် ပွိုင့်တူးတူးကို အသင့်အနေအထားဖြင့် ထိုးချိန်လိုက်ကာ…
“တယ်... တောကြက်သား ငရုတ်သီးစပ်စပ်ကလေးနဲ့ မစားရတာ ကြာပြီ။ ဆော်ထည့်လိုက်ရ”
စောဂျိမ်းက ...
“ကျော်စိုးရာ တောကြက်ထက် ချေက ဟင်းစားပိုရပါတယ်။ သွားခွင့်ပြုလိုက်ပါ။ နင့် ပွိုင့်တူးတူးနဲ့ကလည်း ဒင်နဲ့အင်နဲ့ မမျှပါဘူး။ တောကြက်ကို တစ်စစီ လိုက်ကောက်နေရလိမ့်မယ်။ စိတ်လျှော့လိုက်ပါ”
စောဂျိမ်းက ကရင်သံဝဲဝဲနဲ့ ပြောလိုက်သောကြောင့် တင်ဝင်းရော တိုးစိန်ပါ ဝိုင်းရယ်လိုက်ကြသည်။ ကျော်စိုး ပွိုင့်တူးတူးက ကျည်သီးအမာစားများ ထည့်ထားသော သေနတ်ဖြစ်၍ တောဝက်၊ ချေ၊ ဒရယ်ကို ကောင်းကောင်း သေစေနိုင်သောကြောင့် ဖြစ်သည်။
စိန်နသံချုံနှင့် ဝါးရုံတောကလေးများကို လွန်လာပြီးနောက် ခပ်လှမ်းလှမ်း ကိုက် ၁ဝဝ လောက်တွင် အုတ်ဂူပျက်ကလေးတစ်ခုကို လှမ်းမြင်နေရသည်။
စောဂျိမ်းတို့၊ ကျော်စိုးတို့၊ တင်ဝင်းတို့ အမဲလိုက် ထွက်ကြတိုင်း ထိုအုတ်ဂူပျက်နားတွင် ခရီးတစ်ထောက်နားကာ ပါလာသည့် စားသောက်စရာများကိုထုတ်၍ စားသောက်ပြီး အနားယူကြသည်။
အုတ်ဂူပျက်က ရှေးဟောင်းအုတ်ဂူပျက်ဖြစ်၍ မည်သည့်ခေတ်က မည်သည့်ဂူဆိုသည်ကို မည်သူမျှ မသိကြပေ။
တစ်နေရာ အရောက်တွင် စောဂျိမ်းက စုတ်သပ်လိုက်ကာ မြေပြင်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
သတ္တဝါ တစ်ကောင်ကောင်၏ ချေးများဖြစ်သည်။
“ချေပေါက်စွန့်သွားတဲ့ ချေးတွေကွ။ ဒီကောင် တို့နဲ့ သိပ်မဝေးတော့ဘူး။ သတိရှိပါစေ”
ခြေသံလုံလုံထားကာ အုတ်ဂူပျက်ရှိရာသို့ လျှောက်လာကြရင်း ...
“ဖြောက်...”
“ဝေါ…. ဝရုန်း... ဝရုန်း”
"ဟာ"
အုတ်ဂူပျက်နားသို့ မရောက်မီ ကိုက် ၂ဝ ခန့်လောက် အရောက်တွင် တိုးစိန်က သစ်ကိုင်းခြောက်တစ်ခုကို နင်းမိသောကြောင့် “ဖြောက်” ဆိုသည့်အသံ ထွက်လာသည်နှင့် အုတ်ဂူ၏ တစ်ဖက်အကွယ်မှနေ၍ မည်းမည်းညိုညိုအရောင်နှင့် သတ္တဝါတစ်ကောင်က လန့်ကာ တစ်ဖက်တောထဲသို့ တစ်ရှိန်ထိုး ထပြေးသွားသည်ကို တွေ့လိုက်ကြရသည်။
စောဂျိမ်းက ...
“ဟာ... အဲခါ ချေကွ... ချေ။ တို့ ရှာနေတဲ့ ချေပေါက်ပဲ။ တိုးစိန်... မင်း ဟိုနေ့ကတွေ့တာ အဲဒီအကောင် မဟုတ်လား”
“သေချာတာပေါ့ စောဂျိမ်း”
“ဒီကောင်တ တို့ကိုတွေ့လို့ ပြေးတာ ယမဟုတ်ဘူး။ အသံကြားလို့ လန့်ပြေးတာ။ ဒီကောင် ဝေးဝေးမပြေးဘူး။ ငါနဲ့ တိုးစိန်က ဒီဘက်ကနေ လိုက်မယ်။ ကျော်စိုးနဲ့ တင်ဝင်းက ဟိုဘက်ကလိုက်။ ချေပေါက်ကို တစ်ယောက်ယောက်က တွေ့လို့ ပစ်မိရင် ရှေ့တစ်ယောက် နောက်တစ်ယောက် ထမ်းပြီးယူလာခဲ့။ ဒီအုတ်ဂူနားမှာ ပြန်ဆုံကြမယ်”
စောဂျိမ်းနှင့် တိုးစိန်က မပြေးရုံတမည် တောထဲကိုတိုးပြီး ချေပေါက်နောက်ကို လိုက်ကြသည်။ မြင့်မားလှသော အင်ပင်နှင့် ကညင်ပင်များအောက်တွင် ဘူကလိန်ချုံနှင့် ဆူးရစ်ချုံများကြောင့် ထင်သလောက် ခရီးမပေါက် ဖြစ်နေသည်။
ရှဉ့်များနှင့် တောကြက်များကလည်း ဟိုမှသည်မှ ဖျတ်ခနဲ ဖျတ်ခနဲ ပြေးဝင်လာသောကြောင့် အာရုံနောက်ကာ စိတ်တိုတတ်သော စောဂျိမ်းက တောက်တခတ်ခတ် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ပစ်ချင်သည်က ချေပေါက်၊ မျက်စိအောက်မှာ တွေ့နေရသည်က တောကြက်နှင့် ရှဉ့်။
စောဂျိမ်းနှင့် တိုးစိန်တို့ တစ်နေရာအရောက်တွင် ဗောင်းခနဲ မြည်သွားသော အသံတစ်ခုကြောင့် စောဂျိမ်းက...
“ဟာ... ကျော်စိုးတို့တော့ ဟိုကောင်နဲ့ တွေ့နေပြီထင်တယ်။ ဒါ ပွိုင့်တူးတူး အသံကွ။ အထိ သိပ်နာပုံမပေါ်ဘူး။ နောက်တစ်ချက်လည်း အသံမကြားတော့ ဒီကောင် တို့ဘက်ကို လှည့်လာနိုင်တယ်။ သတိသာ ထားနေပေတော့”
ကညင်ပင် ခပ်ကြီးကြီးဘေးတွင် ကပ်လိုက်ကာ စောဂျိမ်းက သူ့လက်စွဲတော် (.၃၇၅) ရိုင်ဖယ်အဟောင်းကြီးကို အသင့်အနေအထားသို့ ပြောင်းကိုင်လိုက်သည်။
ရိုင်ဖယ်အဟောင်းဆိုပေမယ့် အတွင်းမှာတော့ ပြောင်လက် သန့်ရှင်းနေအောင် ကိုင်တတ်သောကြောင့် စောဂျိမ်းအတွက် ဟင်းစားကောင် တော်တော်များများကို ရှာဖွေပေးနေသော ကိုယ်ရံတော်ကြီး ဖြစ်သည်။
စောဂျိမ်းနှင့် တိုးစိန်တို့နှစ်ယောက် ကညင်ပင်ဘေး၌ ကပ်နေသည်မှာ ဆယ်မိနစ်ခန့် ရှိပြီ။ ချိုးကူသံမှလွဲ၍ ဘာသံမျှပင် မကြားရ။
စောဂျိမ်း စောင့်နေသည်က တောတိုးသံနှင့်အတူ ဝေါခနဲ ပြေးထွက်လာမည့် ချေပေါက်ကို စောင့်နေခြင်းဖြစ်သည်။
တိုးစိန်က ကညင်ပင် ဘေးတွင်ကပ်နေရင်းက စောဂျိမ်းကို လက်ကုတ်သည်။ စောဂျိမ်းက စိတ်မရှည်ဟန်ဖြင့် ခေါင်းခါပြသည်။
နောက်ထပ် ငါးမိနစ်မျှ ထပ်ကြာသွားသောအခါ စောဂျိမ်းက ကညင်ပင်ဘေးမှ ထွက်ကာ မစောင့်တော့ဘဲ ထွက်လိုက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဆူးရစ်ချုံတစ်ခုသည် ငြိမ့်ခနဲ ရွေ့လျား၍ ချုံအလယ်မှ ဘေးဘက်သို့ ချုံနှစ်ခု ခွဲထွက်သွားကာ မည်းမည်းညိုညိုနှင့် ထွက်လာသော သတ္တဝါတစ်ကောင်၏ ခေါင်းတစ်လုံး။ မြန်လိုက်သည် ဖြစ်ခြင်း။ ဝေါခနဲ ထွက်လာ၍ စောဂျိမ်းတို့ ကညင်ပင်ရှိရာသို့ ခေါင်းတိုးကာ ပြေးလာနေသည်။
စောဂျိမ်းက ကညင်ပင်ဘေးရှိ အဖုကလေးတွင် သေနတ်ကို ကျကျနန တင်လိုက်ကာ ၁ဝ ကိုက်အကွာလောက် အရောက်တွင် မောင်းကွင်းကို ဆွဲချလိုက်သည်။
“ဒိန်း ...”
ချေပေါက်ကြီးကို ရှေ့မှ တစ်ခုခုက တားဆီးလိုက်သလို တုံ့ခနဲ ဖြစ်သွားသည်။ ပခုံးနေရာတွင် ကျည်ဝင်သွားသောကြောင့် ဖွေးခနဲ ဖြစ်သွားသည်။
“ကျော်စိုးတို့နဲ့ လွဲလာတဲ့ မသာကောင် ... သေကွာ”
ချေပေါက်က တုံ့ခနဲ ဖြစ်သွားပြီး ယာဘက်သို့ လည်သွားကာ ဖင်ထိုင်ကျသွားသည်။ စောဂျိမ်းက နောက်တစ်ချက် ပွဲသိမ်းပစ်ရန် ထိုးအချိန်လိုက်တွင်...
"ဟာ"
စောဂျိမ်းရော တိုးစိန်ပါ နှစ်ယောက်စလုံး ဟာခနဲ ဖြစ်သွားသည်။ ချေပေါက်က လဲမကျမီ ဖျတ်ခနဲ ကုန်းထကာ ဆူးရစ်ချုံများထဲသို့ တိုးဝင်ကာ ပျောက်သွားတော့သည်။
“ဟာ... မသာကောင်တော့ ပြေးပြီ။ တောက်... ဘယ်လိုဖြစ်ရတာတုံး။ ငါ့လက်စွဲတော်က တစ်ချက်တည်းနဲ့တောင် ကိစ္စပြတ်သေးတဲ့ဟာ”
စောဂျိမ်းက တောက်တခတ်ခတ်နှင့် မကျေမနပ်ဖြစ်ကာ သေနတ်ကိုဆွဲ၍ ဆူးရစ်ချုံများထဲသို့ တိုးဝင်ကာ ပြေးလိုက်သွားတော့သည်။ တိုးစိန်ကလည်း အထုပ်အပိုးများဆွဲကာ နောက်ကနေ ဒရောသောပါး ပြေးလိုက်သွားတော့သည်။
ချေပေါက် ထွက်ပြေးရာ လမ်းတစ်လျှောက်တွင် သွေးများက တစ်စက်တစ်စက်ကျရင်း ထွက်ပြေးရာဘက်သို့ ညွှန်ပြနေသည်။
တစ်နေရာအရောက်တွင် လဲကျကာ ခြောက်ကပ်နေသော လုံးပတ် ယောက်ျားတစ်ဖက်လောက်ရှိ ကညင်ပင် အခြောက်ကြီးကိုမှီကာ လျှာထွက် နေသော ချေပေါက်ကြီး။
စောဂျိမ်းက နောက်မှလိုက်ကာသော တိုးစိန်ကို လက်နှင့် တွန်းထားလိုက်ကာ အနီးတွင်ရှိသော ဒီဒူးပင်တစ်ပင်ဘေးတွင် ပြေးကပ်လိုက်သည်။
နောက်မှပါလာသော စောဂျိမ်းတို့ကို သစ်ခြောက်ပင်တွင်မှီကာ လျှာထွက်နေသော ချေပေါက်က မျက်ထောင့်နီကြီးဖြင့် ပြန်ကြည့်နေသည်။
စောဂျိမ်းက ငြိမ်သက်နေသော ပစ်ကွင်းကို ကျကျနနချိန်ကာ လက်ပြင်နေရာသို့ ပစ်ထည့်လိုက်သည်။
ကျည်ဝင်သွားသောကြောင့် လက်ပြင်နေရာက ချိုင့်ဝင်သွားကာ ကျည်ရာပေါက်နေရာမှ သွေးများ စီးကျလာသည်။
“ဒီတစ်ခါတော့ ကြွပါပြီ”
ချေပေါက်က သစ်ခြောက်ပင်၌ မှီနေရာမှ တဖြည်းဖြည်း ခေါင်းငိုက်စိုက်ကျသွားကာ လဲသွားတော့သည်။
"တစ်ချက်တည်းနဲ့ ပွဲသိမ်းရမယ့်ဟာ။ ကျည်တစ်တောင့် ထပ်ကုန်အောင် လုပ်တယ်။ ခုတော့ မသာပေါ်ပြီ မဟုတ်လား”
စောဂျိမ်းနှင့် တိုးစိန်တို့နှစ်ယောက် တဖြည်းဖြည်း လျှောက်လာကြကာ အနားသို့ ရောက်သွားချိန်တွင် ချေပေါက်က ခြေထောက်တစ်ဖက်ကို အကြောဆွဲကာ ခေါင်းထောင်ထလာသည်။
စောဂျိမ်းလည်း မျက်လုံးပြူးသွားသည်။
'ဝုန်း'ခနဲ ထရပ်လိုက်ကာ ခေါင်းလှည့်ထားရာ အရှေ့ဘက်သို့ ဒရောသောပါး ထပြေးတော့သည်။
စောဂျိမ်းကလည်း လက်မနှေး။ အသင့်ကိုင်ထားသော ပွိုင့်-၃၇၅ ရိုင်ဖယ်ကြီးကို နောက်စေ့နေရာသို့ ထိုးချိန်ကာ ခလုတ်ဖြုတ်ချလိုက်သည်။
ချေပေါက်က ရပ်မသွားဘဲ ဆက်ပြေးဆဲ။ နောက်ဆုံး တစ်ချက်ကလည်း နောက်စေ့ကို သေသေချာချာ ထိသွားမှန်း စောဂျိမ်း သိလိုက်သည်။ ကျည်ဝင်သွားသောကြောင့် ဖွေးခနဲ ဖြစ်သွားသည်ကို မြင်လိုက် ရသည်။
စောဂျိမ်းရော တိုးစိန်ပါ သွေးစက်ကျရာနောက်ဆီကို လိုက်ရင်း ခြေလည်း တော်တော်ကုန်ကာ အတော် မောသွားကြပြီ။
သွေးစက်များသာ တွေ့သည်။
ချေကို တစ်နာရီလောက်အထိ သွေးစက်ကျရာအတိုင်း တောတိုးရှာသော်လည်း မတွေ့။
မောမောနှင့် ကညင်ပင်ကြီး တစ်ပင်အောက်၌ ထိုင်ကြကာ ပါလာသော ကောက်ညှင်းပေါင်းများနှင့် ဆတ်သားခြောက်မီးဖုတ်များကို ထိုင်စားကြရင်း..
“ငါ ချေပေါက် ချက်ကောင်းကို သုံးချက်လောက်မှန်တာတောင် အကောင်ကို မတွေ့ဘူး။ ငါတော့ မစဉ်းစားတတ်အောင်ပဲ။ ငါ့ ပွိုင့် ၃၇၅ အကြောင်းကို ငါ ကောင်းကောင်း သိတယ်။
တော်ရုံ အကောင်လောက်ကို တစ်ချက်တည်းနဲ့ ကိစ္စပြတ်တယ်။
ခုတော့ကွာ ချေပေါက်မရတဲ့အပြင် တိုးစိန် မိန်းမ ခင်မေအတွက်ပါ ညနေဟင်းစားကို ဘယ်လိုပေး ရမလဲတောင် စဉ်းစားမရဘူး”
“စောဂျိမ်းက ပါးစပ်ကြမ်းတာကိုးဗျ။ ကျွန်တော် ကြားဖူးတယ်၊ တောပစ်တဲ့လူက ပါးစပ်ကြမ်းရင် တောစီးတတ်တယ်တဲ့”
“ဟေ…. မင်းက အရင် အမဲလိုက်ဖူးလို့လား”
“မလိုက်ဖူးပါဘူး။ ခုမှ စောဂျိမ်းနဲ့ လိုက်ဖူးတာပါ”
“တောစီးတယ်ဆိုတာ ဘာလဲ”
“ကျွန်တော် ကြားဖူးတာ ပြောတာနော်။ တောထဲမှာ မမြင်ရ မတွေ့ရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ပရလောကသားတွေ ရှိတယ်။ တချို့က ဆဲတာ ဆိုတာတို့ မကြိုက်ကြဘူး။ သူတို့ မကြိုက်တာလုပ်ရင် အခုလို ထူးခြားတာတွေ မကြုံဖူးတာတွေ တွေ့ရတာ်တယ်”
“ငါကတော့ ကြုံလည်း မကြုံဖူးဘူး၊ အယုံအကြည်လည်း မရှိဘူး”
ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်မီးဖုတ်များကို ရေနှင့် မျှောချပြီး ခဏတစ်ဖြုတ် နားကြကာ စောဂျိမ်းနှင့် တိုးစိန်တို့နှစ်ယောက် ကျော်စိုးတို့နှင့် ချိန်းထားသော အုတ်ဂူဘက်နေရာဆီသို့ ပြန်လာခဲ့ကြသည်။
စောဂျိမ်း သေနတ်သံ ကြားထားပြီးဖြစ်သောကြောင့် ဟင်းစားကောင် တစ်ကောင်တစ်မြီးမှပင် မတွေ့။ အုတ်ဂူပျက်ရှိရာသို့ နှစ်နာရီနီးပါးကြာအောင် တောတိုးလာခဲ့ရသည်။
အုတ်ဂူပျက်နားရောက်တော့ ကျော်စိုးနှင့် တင်ဝင်းက တောကြက်သုံးကောင်နှင့် ကြက်တစ်ကောင်နီးပါးရှိသော ရုံးပတီတစ်ကောင်ကို ချုံတစ်ခုတွင်ချိတ်ကာ ပါလာသော တောအရက်ကို နှစ်ယောက်သား ပုလင်းထောင်နေကြသည်။
အဝေးမှကြည့်စဉ်က အုတ်ဂူပျက် ကွယ်နေသောကြောင့် စောဂျိမ်းတို့ မမြင်ရပေမယ့် အနားသို့ ရောက်လာသောအခါ အုတ်ဂူပျက်ဘေးတွင် အသက်မရှိတော့ပြီဖြစ်သော ငြိမ်သက်နေသည့် ချေပေါက်။
စောဂျိမ်းရော တိုးစိန်ပါ အံ့အားသင့်သွားသည်။
“ဟာ… ဟေ့ကောင်တွေ၊ မင်းတို့ ဒီကောင်ကို ဘယ်က ရထားတာလဲ”
“ဟာ ... စောဂျိမ်းကလည်း နောက်နေပြန်ပြီ။ စောဂျိမ်းပဲ ပစ်ပြီးတော့ ဒီနားမှာ လာထားတာ မဟုတ်လား။ ကျွန်တော်ပစ်တာ တစ်ချက်ပဲ။ ဒါတောင် အပြေးအလွှားဆိုတော့ လွဲသွားတာ။ နောက် စောဂျိမ်းဆီက သေနတ်သံတွေကြားလို့ ဒီကောင်ကြီးတော့ စောဂျိမ်းလက်ချက်နဲ့ ကိစ္စချောပြီဆိုတာ သိလိုက်တယ်”
“ဒါဆို မင်းတို့ ရလာတာ မဟုတ်ဘူးပေါ့”
“ဟာ စောဂျိမ်းရယ်၊ ခင်ဗျားကို လိမ်ရမှာလား။ ကျွန်တော်တို့ ရောက်နေကတည်းက အဲဒီအကောင်က အဲဒီနားမှာပဲ။ ကျည်ရာက သုံးချက်၊ အကုန်လုံး ချက်ကောင်းပဲ။ နောက်စေ့ကို ထိထားတဲ့တစ်ချက်က ဦးနှောက်တွေတောင် ထွက်နေတယ်”
“မင်းတို့ယူလာတာ မဟုတ်ရင် ငါလည်း ယူလာတာ မဟုတ်ဘူး။ တိုးစိန် သိတယ်။ တိုးစိန်နဲ့ ငါနဲ့ သွေးစက်တွေအတိုင်း တောတိုးပြီးလိုက်တာ ခြေကိုတိုရော။ တို့ နှစ်နာရီနီးပါး လျှောက်လာရတဲ့ခရီးကို ဒီကောင်က ဒဏ်ရာတွေနဲ့ ဘယ်လိုများ ရောက်နေရတာလဲ။ ငါတော့ မစဉ်းစားတတ်အောင်ဘဲ”
စောဂျိမ်းက ပြောပြီး ပြီးမှ တစ်စုံတစ်ခုကို သတိရကာ တိုးစိန်ကို ကြည့်လိုက်သည်။
တိုးစိန်က...
“ကဲ... ကဲ... စောဂျိမ်း စဉ်းစားမနေနဲ့တော့။ ကျုပ်ကတော့ ပျော်တယ်။ ညနေအပြန် မခင်မေအတွက် ဟင်းစားရပြီ။ မခင်မေလက်ရာ ချေသားဟင်းနဲ့ ထမင်းမြိန်မှာပဲ”
စောဂျိမ်းက ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားနေဆဲ။
(မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်သော ဆရာမောင်မြင့်မားအား ဤဇာတ်လမ်းအားပြန်လည်တင်ဆက်ခြင်းဖြင့် ဂုဏ်ပြုအပ်ပါသည်။)
- ပြီး -
စာရေးသူ - မောင်မြင့်မား(ဗိုလ်ကလေး)
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
No comments
Post a Comment