ထောင်မှူးကြီးသိန်းဝင်း
ကျွန်တော်နှင့် တောတွင်းဆန်းကြယ် ဖြစ်ရပ်မှန်များကျွန်တော် ပန်းတကာထဲတွင် သစ်ခွပန်းကို အလွန်နှစ်သက် သဘောကျသည်။ သစ်ခွပန်းအများစုတွင် အမွှေးရနံ့ မရှိကြသော်လည်း ပွင့်ချပ်၊ ပွင့်ဖတ်နှင့် အရောင်အဆင်းက လွန်စွာဆန်းကြယ်လှပသည်။
သစ်ခွနက်လို ပန်းမျိုးက တန်ဖိုးမဖြတ်နိုင်လောက်အောင် ဈေးအကြီးဆုံး။
မြန်မာပြည်မြောက်ပိုင်းစွန်းတွင်သာ ရှားပါးစွာ တွေ့ရှိရပေသည်။ သူက သစ်ခွမျိုးရင်းဖြစ်သော်လည်း သစ်ပင်တွင်ကပ်၍ ပေါက်ခြင်းမဟုတ်။ သဘာဝကျောက်ဂူအမိုးပေါ်နှင့် ကျောက်နံရံများပေါ်တွင် ပေါက်ရောက်တတ်သော မြေစိုက်သစ်ခွအနွယ်ဝင်ဖြစ်သည်။
အပင်တစ်ပင်၌ ပွင့်ခိုင်တစ်ခိုင်တည်း တစ်ပွင့်တည်းသာ ပွင့်တတ်သည်။
ပွင့်ပုံမှာ လန်းဆန်းသည့် မိုးပေါ်ထောင်၍ ပွင့်ချပ်များအပေါ် တွင် ဝတ်မှုန်အိုးကလေးပါသည်။
သစ်ခွနက်ဆိုသော်လည်း လုံးဝအနက်ရောင်မဟုတ်။ အညိုဘက်သို့ လုနေပြီး ပွင့်ချပ်များအပေါ်၌ အနက်စက် အပြောက်ကလေးများပါသည်။
ပွင့်ပုံထူးဆန်း၍ ရှားပါးသောကြောင့် တန်ဖိုးရှိခြင်းဖြစ်သည်။ မြန်မာပြည်၌လည်း မြောက်ပိုင်းစွန်း မချမ်းဘောမြို့နယ်၊ ဘာဘူလုံတောင်တန်း၊ နွိုင်ဝင်းလစ်တောင်ကြော၌သာ ရှိသည်ဟု အဆိုရှိလေသည်။
ကျွန်တော့်အနေဖြင့် ဝါသနာအလျှောက် ကျောင်းသားဘဝမှ အကျဉ်းဦးစီးဌာန ဝန်ထမ်းဘဝကတည်းက တောတောင်များကို စိတ်ဝင်စားသဖြင့် မြန်မာပြည်တစ်နှံတစ်လျား တောတောင်အနှံ့ ရောက်ဖူးခဲ့ကာ မြန်မာ့အဖိုးတန် သစ်ခွမျိုးများဖြင့် ယဉ်ပါးကျွမ်းဝင်ခဲ့ပါသည်။
အပူပိုင်းနှင့် အအေးပိုင်း သစ်ခွမျိုးစိတ်များတွင် အအေးပိုင်းသစ်ခွမျိုးစိတ်များက ပိုမိုလှပ တန်ဖိုးကြီးလေသည်။
အထက်တွင် ဆိုခဲ့သလို အရောင်အဆင်းလှသော်လည်း အနံ့ ရှိသော သစ်ခွနှစ်မျိုးသာ ကျွန်တော် ကြုံခဲ့ဖူးသည်။ သဘာဝသစ်ခွများ ဖြစ်ကြပါသည်။
ပထမဆုံး ကြုံဖူးသည်က ရန်ကုန်-မန္တလေး အမြန် လမ်းဖောက်လုပ်ရေးစခန်း ပဲခူးတိုင်းဒေသကြီး အလယ်ကြော၌ဖြစ်သည်။
(၂)
တစ်နေ့တွင် ကျွန်တော်နှင့် မုဆိုးအောင်သန်း၊ တပည့်ကျော် မျောက်တင်သောင်းတို့ သစ်ပင်များပေါ်မှ မျောက်ညိုအုပ်ကို လိုက်ကြရင်း နယ်ကျွံပြီး ရိုးမအလယ် တောနက်ထဲရောက်ရှိသွားကြသည်။
စခန်းအရှေ့ဘက် ကညင်ပင်ကြီးပေါ်၌ မျောက်အုပ်တွေ့ရကြောင်း သတင်းရသဖြင့် မွန်းလွဲ (၁၂) နာရီကျော်မှ နေ့လယ်စာစားပြီး ထွက်လာခဲ့ကြရာ ကညင်ပင်ကြီးပေါ်၌ မျောက်မတစ်ကောင်အား ပစ်ခတ်ရရှိသော်လည်း ခေါင်းဆောင်မျောက်ထီးကြီးက အရောင်ပြပြီး ရှေ့က ပြေးသဖြင့် နောက်ကလိုက်ကြရင်း တောနက်အတွင်းသို့ မသိမသာ ရောက်ရှိသွားကြခြင်း ဖြစ်သည်။
တောမှာ အောက်ခြေရှင်းသော ရွက်ကြွေတောဖြစ်သဖြင့် လမ်းသာသည်။ ခရီးတွင်ပါသည်။
ညနေစောင်းတော့ ရွက်ကြွေတောမှတစ်ဆင့် ကျွန်တော်တို့ ဆရာတပည့် တောစိုထဲသို့ ရောက်ရှိသွားကြသည်။ တောစိုဆိုသည့်အတိုင်း အောက်ခြေရှုပ်လာသည်။ ကြွက်နွယ်ချုံ၊ မြရာချုံ၊ ကင်ပွန်းချုံနှင့် ဒိုးနွယ်ချုံများသာ။
ရေစပ်စပ်ရှိသော နေရာများ၌ ကြိမ်ရုံ၊ ရေငန်းရုံနှင့် စလူပင်တော၊ မုဆိုးလမ်းပင် မရှိတော့ပါ။
ညနေစောင်းနေကျချိန်ဖြစ်၍ နေပြောက်မထိုးသော တောတွင်းကြီးအတွင်း၌ အလင်းရောင်က အားနည်း လာသည်။
“ဆရာ ... ဘယ်နှနာရီ ရှိပြီလဲ”
မုဆိုးအောင်သန်းက အချိန်ကို မေးလာသည်။
“ညနေ (၄) နာရီပဲ ရှိသေးတယ်ကွ။ အတော် မှောင်လာပြီနော်"
"ပြန်ကြစို့ ဆရာ၊ အလင်းရောင်က အားနည်းလာပြီ။ တော်ကြာ မှောင်သွားရင် အပြန်ခက်မယ်။ လက်နှိပ်ဓာတ်မီးလည်း ပါတာမဟုတ်ဘူး”
"အေး ... အေး ... မျောက်အုပ်ကိုတော့ လက်လျှော့လိုက်ကြစို့။ ငါ အပြန်လမ်းကို မှတ်မိပါတယ်။ (၅) မိနစ်လောက်တော့ ရေသောက်ရင်း နားကြရအောင်ကွာ”
ကျွန်တော် ပျဉ်းမပင်ကြီး၏ မြစ်ဆုံပေါ်၌ထိုင်၍ ရေဘူးကို မော့လိုက်စဉ် အနံ့တစ်မျိုးကို လေသင့်သဖြင့် ရသည်။ စူးဝါးသော နနွင်းနံ့ဖြစ်သည်။ ကျွန်တော် ရှိုက်၍ရှူလိုက်တော့ အသက်ရှူ၍ အလွန် ကောင်းသည်။
ပတ်ဝန်းကျင်ကို ရှာကြည့်သည်။ တောစိမ်းစိမ်းသာ၊ ဘာသားကောင်မျှ မတွေ့ရ။
တောကောင်အနံ့လည်းမဟုတ်။ အချို့သင်းခွေချပ်နှင့် တွင်းအောင်းသော ဖြူကောင်ကြီးများအနံ့က တွင်းအောင်းအနံ့ နံနေတတ်သည်။
“ဆရာ ... ဘာနံ့လဲ .. . . နနွင်းနံ့မဟုတ်လား"
မုဆိုးအောင်သန်းက မေးလာသည်။
မျောက်တင်သောင်းကတော့ ...
“ဆရာ ... သရဲခြောက်ပြီထင်တယ်။ ဒါဟာ ကလေးမွေးပြီးစ သရဲမရဲ့ မီးနေနနွင်းနံ့"
“ဆေးနနွင်းနံ့တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အောက်သိုးသိုး နနွင်းနံ့ မဟုတ်ဘူး။ လတ်ဆတ်တဲ့ နနွင်းနံ့။ မင်းတို့ အသေအချာ ရှူကြည့်ပါလား။ အသက်ရှူလို့ ကောင်းတယ်။ ကဲ ... အချိန်ရှိတုန်း ပတ်ဝန်းကျင်ကို မျက်စိလျင်လျင် ရှာကြည့်စမ်းပါကွာ။ ငါ့အထင်တော့ ပန်းတစ်မျိုးရဲ့အနံ့လို့ ထင်တယ်။ ဖြစ်နိုင်တာက ဂမုန်းပန်းများလား”
“ဟာ . . . ဆရာကလည်း ဒီပတ်ဝန်းကျင်က တောစို၊ ရေစပ်စပ်နဲ့ ချုံနဲ့ဆူးပင်တွေချည်းပဲ။ ဘာဂမုန်းပင်မှ ပေါက်တာမတွေ့ဘူး။ သစ်ရွက်တွေက ထွက်တာများလား။ ကရဝေးလို အပင်မျိုးလည်း မတွေ့မိပါဘူး”
“အောင်သန်းရယ် ... ပန်းနံ့ပါဆိုမှ ပတ်ဝန်းကျင်ကို အသေအချာရှာ။ အပင်ပေါ်တွေကိုလည်း မော့ကြည့်"
ထိုစဉ် မျောက်တင်သောင်းက ကျွန်တော်တို့ ရှေ့တူရှုမှ တောင်သရက်ပင်ပေါ်သို့ မော့ကြည့်ရင်း...
“ဆရာ . . . ဟို တောင်သရက်ပင် ခွဆုံကိုင်းပေါ်မှာ ဝါဝါလေး တွေ့ရတယ်။ ဘာလဲ မသိဘူး။ ကျွန်တော် အနီးကပ်သွားကြည့်လိုက်ဦးမယ်"
"အေး . . . အေး . . . ခြေခင်းလက်ခင်းနဲ့ ပတ်ဝန်းကျင်ကို သတိထား”
ကျွန်တော်လည်း ပြောပြောဆိုဆို ထိုင်ရာက ထရပ်ရင်း မော့ကြည့်လိုက်မိသည်။ တောင်သရက်ပင်ခွဆုံပေါ်မှ ဝါဝါကလေးမှာ သစ်ခွပွင့်များဖြစ်သည်။ အသေအချာကြည့်မှ ဖယောင်းပန်းလက်တံရှည် သစ်ခွအုံကလေးဖြစ်သည်။
“မျောက်တင်သောင်းရေ ... နနွင်းနံ့က အဲဒီသစ်ခွပန်းက လာတာထင်တယ်။ ရော့ ... ဒီမှာ အမဲလိုက်ဓားမြှောင်၊ အသေအချာတက်ပြီး ခွာစမ်းကွာ”
မျောက်တင်သောင်းမှာ မျောက်ကဲ့သို့ သစ်ပင်တက်ကျွမ်းကျင်သဖြင့် အမည်ပေးထားခြင်းဖြစ်ပါသည်။ (၅) မိနစ်ခန့်နှင့် တောင်သရက်ပင် ခွဆုံပေါ်သို့ ရောက်သွားသည်။
“ဟုတ်တယ် ... ဆရာ၊ ဒီသစ်ခွပန်းက နနွင်းနံ့ထွက်နေတာ။ လှလိုက်တာ ဆရာရယ်။ ရိုးရိုးဖယောင်းပန်း လက်တံရှည်နဲ့ မတူဘူး။ ဆင်မမျက်ကွင်းလိုလည်း ဝတ်ဆံက အရောင်မကွဲဘူး။ အပွင့်အားလုံး တစ်ရောင်တည်း။ အဝါရောင် အခိုင်ကြီး (၃) ခိုင်ထွက်နေတာ။ အသက်ရှူလို့ အရမ်းကောင်းတယ် ဆရာ”
“အေး ... အေး ... ရှားပါးသစ်ခွပဲ၊ မကျိုးမကျေစေနဲ့။ မင်းမှာ ကြက်ထောင်ကြိုးတွေ ပါတယ်မဟုတ်လား။ သစ်ခွဖုတ်ကို ဓားဦးနဲ့ ကလော်ပြီး ကြိုးချည်ချပေး ... ကြားလား”
“ဟုတ်ကဲ့ပါ ... ဆရာ”
မျောက်တင်သောင်းက သစ်ခွဖုတ်ကို ကြိုးချည်ပြီး ချပေးတော့ မုဆိုးအောင်သန်းက တောတိုးပြီး သွားယူသည်။
တောနက်အတွင်းဖြစ်၍ မှောင်စပြုလာပေပြီ။ တောကြက်နှင့် တောငှက်ကလေးများ၏ အိပ်တန်းတက်ပြန်လာသံကို ညနေဆည်းဆာဂီတအဖြစ် ကြားနေရသည်။ ကျွန်တော့်တွင် အသင့်ဆောင်ထားသော GAS မီးခြစ်ပါသဖြင့် မစိုးရိမ်ပါ။ မှောင်ပါက ဝါးလုံးခြောက် မီးတုတ်လုပ်၍ ထွန်းညှိပြန်ရုံသာ။
(၃)
သစ်ခွအုံအား မုဆိုးအောင်သန်း ယူလာပြတော့ ကျွန်တော် အသေအချာကြည့်မိသည်။ ဖယောင်းလက်တံရှည် ဖြစ်သော်လည်း အပင်ရိုးတံက ဝါထိန်နေသည်။ အရွက်များကတော့ သာမန်အစိမ်းရောင်၊ လက်တံ (၃) ချောင်းတွင် ပန်းခိုင်ကြီး (၃)တံ ပွင့်နေရာ အဆုပ်လိုက်၊ အပွင့်လည်း သာမန်ဖယောင်းပန်းများထက် ကြီးသည်။
ပွင့်ဖတ်များအလယ်၌ ဝတ်ဆံအိုးကလေးကလည်း အဝါရောင် ဝတ်မှုန်များက ဖုံးအုပ်ထားသည်။ နနွင်းနံ့မှာ လတ်ဆတ်ပြီး ထူးကဲစွာ ထွက်နေသည်။ နမ်းကြည့်တော့ အသက်ရှူရသည်မှာ တအားကောင်း သည်။ လူမှာ လန်းဆန်းသွားသည်။
သာမန်သစ်ခွပန်း၊ ဖယောင်းပန်းများမှာ အနံ့မရှိ၊ အဆင်းသာရှိသည်။ ဂမုန်းဓာတ်ဝင်နေသော ဆေးဖက်ဝင် ရှားပါးသစ်ခွ ဖြစ်ပေလိမ့်မည်။
“ကဲ ... လာကြဟေ့၊ ပြန်ကြမယ်။ နေတောင် ဝင်ခါနီးပြီ”
တောမှာ အတော်မှောင်သွားသည်။ သို့သော် ရောင်ပြန်အလင်းရောင်တော့ ရှိပါသေးသည်။ မီးခြစ်လည်း အရေးပေါ်သုံးရန် ကိုယ်စီပါကြသည်။
တောမှာ ပိုးမွှားပုရစ်နှင့် အိပ်တန်းတက်ကြက်၊ ငှက်များကြောင့် စီစီဝေဝေရှိလှသည်။ ကျွန်တော်တို့ မုဆိုးအဖွဲ့ ယနေ့ တွက်သားမကိုက်ပါ။ မျောက်မတစ်ကောင်နှင့် ကျေနပ်လိုက်ရသော်လည်း ထူးဆန်းသော နနွင်းနံ့ထွက်သည့် သစ်ခွပန်းအဝါရောင်ကြောင့် ဖြေသာပါသေးသည်။
မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းတို့က လိုအပ်ပါက မီးတုတ်လုပ်ရန် ဝါးယောင်းခြောက်များ ကောက်လာခဲ့သော်လည်း အပြန်ခရီးကို သွက်သွက်လှမ်းကြသဖြင့် ပြန်ရာလမ်းမပေါ်သို့အရောက်တွင် တောပါးသဖြင့် အလင်းရောင်က ရှိနေသေးသည်။ မီးတုတ်များ မလိုအပ်တော့ပါ။
စခန်းပြန်ရောက်တော့ ညနေ(၆)နာရီတိတိ။
ကျွန်တော် ခေတ္တနားပြီး ရေချိုးနေစဉ် တပည့်များက မျောက်သားဟင်းချက်ရန် စီစဉ်နေကြသည်။ မျောက်သားမှာ ကြက်သားလိုမမာ။ အလွန်နူးညံ့ပြီး ချိုသည်။
မျောက်ချေးခါးဖမ်းရသည်ကတော့ ကျွမ်းကျင်မှုလိုပါသည်။ အစာအိမ်သစ်ထဲမှ မျောက်များစားထားသော အသီးအရွက် သစ်ဖုများမှာ လွန်စွာ ဆေးဖက်ဝင်သည်။ ထိုအစာအိမ်ကို ရေနွေးဖြင့် ပြုတ်၍ အစာများထုတ်ခါ ချက်ပြုတ်စားရခြင်းဖြစ်သည်။ လက်ဖက်အသားနှင့် အလွန်တူသည်။
တောတောင်ထဲတွင်တော့ မျောက်ချေးခါးမှာ ဟင်းခပ်အချိုမှုန့် တစ်မျိုးပင်။ မည်သည့်ဟင်းချက်ချက် မျောက်ချေးခါး အနည်းငယ် ထည့်ချက်ပါက ဟင်းအရသာ ပိုကောင်းသွားသည်။ ဆေးဖက်လည်း အလွန်အသုံးဝင်ပါသည်။
မျောက်သွေးကတော့ ယောက်ျားများအတွက် အားဆေးကောင်းတစ်လက် ဖြစ်ပါသည်။
(၄)
ကျွန်တော် ညစာထမင်းစားတော့ ည(၇) နာရီကျော်ချေပြီ။ လက်ဆတ်သော မျောက်သားဟင်းဖြင့် ထမင်းမြိန်လှသည်။ မျောက်ရိုးကို ဆိတ်ဖူးခပ်ထားသော ဟင်းချိုကလည်း ချိုမွှေးကလေး၊ လတ်ဆတ်သန်စွမ်းသော ဇရစ်ရိုးအကြော်ကလည်း သက်သက်ကလေးဖြင့် စားကောင်းသည်။
ကျွန်တော် ညစာစားနေစဉ် ဟင်း၊ ထမင်း လိုက်ပေးနေသော မုဆိုးအောင်သန်းက ...
“ဆရာ မထူးခြားဘူးလား၊ ဒီနေ့ညကို ပြောတာ”
“အေး ... ထူးတာပေါ့။ တောတိုးလို့ ပင်ပန်းလာတော့ စားကောင်းလို့ ထမင်းနှစ်ပန်းကန်တောင် ကုန်တယ်”
“အဲဒါကို ပြောတာမဟုတ်ဘူး ဆရာရဲ့။ ဒီနေ့ ခြင်မကိုက်တာကိုပြောတာ”
“ဟုတ်မယ် ဆရာ။ အသက်ရှူရတာလည်း ကောင်းတယ်။ ခြင်မလာတာကိုဘဲ သစ်ခွပန်းက အသုံးဝင်နေပြီ။ နောက် ဘာစွမ်းတာရှိသေးသလဲ မသိဘူး”
“သိတဲ့သူတော့ ရှိမှာပေါ့ကွာ။ ဆေးမြစ်လာလာရှာတဲ့ ပဲခူးက အဘဆရာအေးလာရင်တော့ အတော်ကောင်းမှာ။ ဆရာကြီးက ဆေးဖက်ဝင်အပင်တွေအကြောင်း နှံ့စပ်တယ်”
“အဘလာသွားတာမှ မကြာသေးဘဲ။ အဘက (၆) လမှ တစ်ကြိမ်လောက် လာတာ။ ဆရာတ,နေလည်း အပိုပဲ”
“အေး . . . သတိရလို့ ပြောတာပေါ့ကွာ။ သစ်ခွပန်းမနွမ်းခင် ဆရာကြီးလာရင်တော့ ဟန်ကျမှာပဲ။ သစ်ခွပန်းပင်ကို ရေလည်း အရမ်းစွတ်လောင်းမနေနဲ့။ ရှင်သန်အောင် မနက်ဖြန်ကျရင် တဲရှေ့က ဘန့်ဘွေးပင်ကြီးမှာ ကပ်ထားလိုက်’’
“ဟုတ်ကဲ့ ... ဆရာ”
ကျွန်တော် စားသောက်ပြီးသည်နှင့် မျက်နှာသစ် သွားတိုက် ခြေလက်ဆေးပြီး ဘုရားဝတ်ပြုပြီးနောက် တောတွင်းထုံးစံအတိုင်း ည (၆) နာရီမထိုးမီ အိပ်ရာဝင်ခဲ့ရာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့တော့သည်။
(၅)
နောက်တစ်နေ့မနက်တွင် အိပ်ရေးဝသဖြင့် မနက် (၆) နာရီခန့် စောစောအိပ်ရာက နိုးသည်။ တောတွင်းစခန်းဖြစ်သဖြင့် နှင်းများမှာ ဝေသီမှောင်နေဆဲ။ ကျွန်တော် မျက်နှာသစ်၍ ဘုရားဝတ်ပြု ပုတီးစိပ် သည်။ ပြီးနောက် မေတ္တာပို့၍ အမျှအတမ်းဝေသည်။
ထူးခြားသည်က စွဲလမ်းသောစိတ်ကြောင့် ထင်ပါသည်။ ဆေးဆရာကြီး အဘဆရာအေး၏ မျက်နှာက အာရုံတွင် မကြာခဏ ပေါ်လာတတ်သည်။ ထို့ကြောင့် ဆရာကြီးကိုလည်း ရည်မှန်း၍ မေတ္တာပို့ပါသည်။
မနက်ပိုင်း ရုံးကိစ္စများ လုပ်ပြီးတော့ နေ့လယ်ပိုင်းတွင် အားနေပြန်သည်။ မနက်က ထမင်းကြော်နှင့် မျောက်သားဟင်းစားထားသည်မှာ များသွား၍ နေ့လယ်စာ ထမင်းက မဆာသေး။ ထို့ကြောင့် စခန်းအား စစ်ဆေးရင်း လမ်းလျှောက်ရန် တဲအိမ်ပေါ်ကဆင်းတော့ အိမ်ပေါက်ဝတွင် သစ်ခွပန်းအုံကိုတွေ့ရသည်။ လန်းဆန်းစွာ ပွင့်လန်းနေဆဲ။ နနွင်းနံ့က လှိုင်လှိုင်ထွက်နေဆဲ။ ထိုမှ သတိရသည်။
တပည့်ကျော်မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းတို့ မီးဖိုထဲ၌ မရှိကြ။ ထို့ကြောင့် သစ်ခွပန်းပင်အားလည်း ပြောင်းရွှေ့မစိုက်ရသေး။ သူတို့၏ နိစ္စဓူဝအလုပ်ဖြစ်သော ကြက်ကိုင်း၊ ငှက်ကိုင်းလည်နေ ကြဟန်တူသည်။ သို့သော် ယနေ့အလွန်အပြန်နောက်ကျနေသည်။
ကျွန်တော်စခန်းအား တစ်ပတ်ပတ်၍ ဆေးရုံနှင့် ရဲဘက်ပို ဝန်ထမ်းပိုများအား စစ်ဆေးသည်။ ရဲဘက်ဘားတိုက်များအတွင်း ဝင်ကြည့်တော့ အဆောင်မှူးနှင့် ဆေးခန်းလူနာ (၁ဝ) ယောက်ခန့်သာ ရှိ သည်။ ရဲဘက်များ လုပ်ငန်းခွင်ဝင်နေကြရာမှ ပြန်မရောက်ကြသေးပါ။
ကျွန်တော် တဲပြန်ရောက်တော့ မုဆိုးအောင်သန်းနှင့် တင်သောင်းတို့ တောကြက်နှင့် ရစ်တစ်ကောင်စီ ကိုင်နေကြသည်။ အနီး၌လည်း တောဝက်ပေါက်တစ်ကောင်အား ကိုင်ရန်ချထားသည်။
"ဟ . . . ကောင်တွေ၊ မင်းတို့ တယ်အလုပ်ဖြစ်ပါလား”
“ဒီနေ့ ဘယ်လိုဖြစ်မှန်းမသိဘူး ဆရာရေ . . . ပေါက်ကိုင်းမှာ တောကြက်နဲ့ ရစ်တစ်ကောင်မိတဲ့အပြင် နင်းကိုင်းမှာပါ တောဝက်ပေါက်တစ်ကောင် မိနေလို့ မနည်းဖမ်းပြီး ကပ္ပိလိုက်ရတယ်။ အချိန် (၁ဝ) လောက်တော့ ရှိမယ်ဆရာ။ ဒါကြောင့် ကျွန်တော်တို့ ကြာသွားတာ။ အခုနေ အဘဆရာကြီး ကြွလာရင်တော့ အလွန်ကောင်းမှာ။ ဟင်းစုံစုံနဲ့ ဧည့်ခံရတာပေါ့”
“ဟ . . . အောင်သန်း၊ မင်းလည်း ဆရာကြီးကို တ,နေပြန်ပြီ။ ဆရာကြီးတော့ ခလုတ်တိုက်တော့မှာပဲ"
ထိုစဉ် စခန်းအဝင်ဘက်မှ ကားသံကြားရသည်။ ရိက္ခာပို့ကားလား၊ သစ်ဝါးသယ်သည့် ကားလားတော့ မသိပါ။ (၁၀) မိနစ်ခန့်ကြာတော့ Hino (TE 11) ကားစိမ်းကြီး စခန်းအတွင်းသို့ ဝင်လာသဖြင့် လှမ်း ကြည့်တော့ ကားခေါင်းထဲမှ မင်းကုန်းထောက်ဌာနမှ ထောင်မှူးဦးပြူးမောင်နှင့် ပဲခူးမှ အဘဆေးဆရာကြီး ဆရာအေးတို့ ဆင်းလာကြသည်။
“ဟော ... ဆရာကြီးနဲ့ ဆရာပြူးတို့ ကြွကြပါ။ ဘယ်လို ဆုံလာကြတာလဲ။ ရိက္ခာလည်း မမှာဖြစ်သေးပါဘူး”
ဦးပြူးမောင်က ...
“မနေ့ညက အင်းစိန်ထောင်က ရိက္ခာကား (၅) စီးတောင် ဝင်လာတယ် ဆရာရေ။ ဟိုက ရိက္ခာဂိုဒေါင်ပြည့်သွားတာနဲ့ ဒီတစ်စီးကို မင်းကုန်းစခန်းမှာ မချတော့ဘဲ ဒီမနက်မှ ဒီစခန်းကို တိုက်ရိုက်လာပို့တာ။ မနက်စောစော ဆေးဆရာကြီးလည်း ရောက်လာတာနဲ့ အတော် ဖြစ်သွားတာ။ ဆရာတို့ ဂိုဒေါင်ကော ဆန့်ပါ့မလား”
“ကျွန်တော်တို့ ရိက္ခာဂိုဒေါင်က ဆန့်ပါတယ်။ ကဲ လာကြပါ ... ထိုင်ကြပါ။ ဒီမှာ တောကောင်တွေရထားလို့ ဆရာကြီးနဲ့ ဧည့်သည်တွေကို တ,နေတာနဲ့ အတော်ပဲ”
“အေး ... ဒါကြောင့် ဖြစ်မယ်။ ငါ့မှာ မနေနိုင် မထိုင်နိုင် ညကတည်းက မင်းတို့စခန်းကို အာရုံမှာပေါ်နေတာ။ ဘာထူးခြားလို့လဲ"
အဘဆေးဆရာကြီးမှာ ကျွန်တော်၏တဲအတွင်း လှမ်းဝင်သည် နှင့် သစ်ခွပန်းအုံအား မြင်သွားပြီး အနံ့ရှူကြည့်ရာက . . .
“ဪ . . . ဒါကြောင့်ကိုး၊ မင်းတို့က နတ်ဆေးဂမုန်းနဲ့ ငါ့ကိုတပြီး ခေါ်ကြတာကိုး။ ဒါကြောင့် ငါ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး အမြန်လာချင်စိတ် ပေါက်နေတာ”
"အဘ . . . ဒါ သစ်ခွပန်းပင် မဟုတ်လား”
“အေး ... အဲဒါ သစ်ခွပန်းပင်နဲ့တူတဲ့ နတ်ဆေးဂမုန်း၊ မိုးပျံဇော်ဝါဂမုန်းလို့လည်း ခေါ်တယ်။ ကြည့်ပါလား ... တစ်ပင်လုံးဝါနေတာ။
သစ်ခွပန်းဆိုတာ ရနံ့မရှိဘူး။ ဒီဂမုန်းပင်ရဲ့ထူးခြားချက်က နနွင်းနံ့လှိုင်နေတယ်။ အနံ့ရရင် အသက်ရှူအားကောင်းတယ်။ အသက်ကို ရှည်စေတယ်။ ခြင်တွေ ဝေးဝေးရှောင်ကြတယ်။ အလွန်ရှားပါးတဲ့ ဂမုန်းပဲ။ ဂမုန်းပင်နားမှာ လိုသူကိုတရင် မနေနိုင် မထိုင်နိုင် ချက်ချင်း ရောက်လာရတယ်။ မင်းတို့ ညက ငါ့ကိုတနေကြတယ် မဟုတ်လား”
“ဟုတ်ပါ့ . . . ဆရာကြီးရယ်၊ ဒီဂမုန်းပင်အကြောင်းမေးချင်တာရယ်၊ ဒီမနက် တောကောင်သားတွေရတော့ ကျွေးချင်တာနဲ့ တ, မိပါတယ်”
“အေး . . . အဲဒါကြောင့် ငါလည်း ပြေးလာရတယ်။ တခြားကိစ္စတွေ ရှိသေးသလား”
“မရှိပါဘူး ဆရာကြီး”
"အေး . . . ဒီဂမုန်းပင်က ငါအစောက ပြောခဲ့သလို နတ်ဆေးပင်။ တစ်သက်မှာ တစ်ခါတောင် ရှာရဖို့ အလွန်ခက်တယ်။ အနံ့ကို ဝဝရှူထားကြ။ ကျန်းမာပြီး အသက်ရှည်တယ်။ ပန်းပွင့်နွမ်းသွားရင် အခြောက်လှမ်း၊ အမှုန်ကြိတ် ပျားရည်နဲ့စား။
အာယုဝဎဏ၊ အားဆေးအပြင် အဖျားရောဂါမှန်သမျှ အကုန်ပျောက်တယ်။ ငှက်ဖျားရောဂါကို မြန်မာပြည်မြောက်ပိုင်းမှာသာပေါက်တဲ့ ခန်းတောက်ဆေးမြစ်လို အလွန်နိုင်တယ်။
နောက်တစ်ခုက ဒီဆေးပင်က ဂမ္ဘီရဆေးပင်နော်။ မသန့်တဲ့နေရာမှာထားရင် လူကိုခိုက်တတ်တယ်။ သန့်ရှင်းပြီး မြင့်တဲ့နေရာမှာထား။ ထားရင်လည်း သောက်ရေလို သန့်ရှင်းစင်ကြယ်တဲ့ ရေနဲ့လောင်း။ နေ့စဉ် ရေမလောင်းနဲ့။ တစ်ပတ်တစ်ခါ ရေဝဝလောင်းရင် လုံလောက်ပြီ။
သုံးတတ်ရင် ဆေးအသုံးတွေ အများကြီး ရှိပါသေးတယ်ကွာ။ အပွင့်ကြွေရင်တော့ ငါ့လည်း ပေးဦး။ လူခေါ်၊ လူပျောက်ရှာတာတော့ အလွန်အစွမ်းထက်တဲ့ ဆေးပင်ပဲ”
"ကဲ . . . ဆရာကြီးနဲ့ ငါတို့ နေ့လယ်စာ စားကြရအောင်။ အောင်သန်းနဲ့ တင်သောင်း ဟင်းတွေကျက်ရင် ပြင်ကြတော့ကွာ”
“ဟုတ်ကဲ့ . . . ဆရာ၊ ရလောက်ပါပြီ”
ထိုနေ့က နေ့လယ်စာကို ကျွန်တော်တို့ နေလယ် (၁) နာရီခန့်မှ မြိန်ရှက်စွာ စားကြရသည်။ တောကြက်သားဟင်း၊ မျောက်သားဟင်းတို့ဖြင့် ဖြစ်သည်။ ညနေစာကိုတော့ ရစ်သားဟင်း၊ တောဝက်သား ဟင်းတို့ဖြင့် စားရပေမည်။
ရိက္ခာလာပို့သော မင်းကုန်းစခန်းမှ ထောက်ထောင်မှူး ဦးပြူးမောင်ကလည်း တပည့်များ၏ ဟင်းချက်လက်ရာအား ချီးကျူးသည်။ အမှန်တော့ တောတွင်းမှရသော ကရဝေးရွက်ခြောက်နှင့် သစ်ကြားပိုးခေါက် စပ်ထားခြင်းသာ ဖြစ်သည်။ အသားများမှာ လတ်ဆတ်သဖြင့် ချိုခြင်းဖြစ်ပါသည်။
ညနေစောင်းတော့ တပည့်မုဆိုးများက ကိုင်းလည်ရင်း ဆရာကြီးပါ ကြုံတုန်း ဆေးမြစ်ဆေးပင်ရှာရန် တောထဲလိုက်သွားသဖြင့် ကျွန်တော် ဆန်အိတ်များ၊ ပဲအိတ်များအား ထောင်ဂိုဒေါင်အတွင်း စနစ်တကျ သွင်းရန် စာရင်းပြုစုရသည်။ ရိက္ခာလာပို့သော ထောင်မှူးဦးပြူးမောင်လည်း မမှောင်ခင် ပြန်ချေပြီ။
မှောင်စပြုမှ ဆရာကြီးနှင့် ကျွန်တော်၏တပည့်များ ပြန်ရောက်လာကြသည်။ တောသီးနှံများနှင့်အတူ ဖွတ်ကြီးတစ်ကောင်နှင့် သင်းခွေချပ်တစ်ကောင် ပါလာသည်။
"ဟ အောင်သန်းနဲ့ တင်သောင်း၊ မင်းတို့ ဆရာကြီး ပဲခူး မပြန်ချင်အောင် တောကောင်သားမျိုးစုံနဲ့ လုပ်ကျွေးတော့မယ်ထင်တယ်”
“ကံကောင်းတာ . . . ဆရာရေ၊ ဒီညနေ ကိုင်းလည်တာ ပေါက်ကိုင်းတွေ၊ နင်းကိုင်းတွေ ဘာကောင်မှမမိဘူး။ ဒါနဲ့ ဆရာကြီးအတွက် ဆေးပင်ရှာပေးရင်း တောင်ပိန္နဲပင်ပေါ် ဖွတ်ကြီး တက်ပြေးလို့ တက်လိုက် မယ်လုပ်တုန်း ဖွတ်ကြီးက ကိုင်းခွဆုံက အခေါင်းထဲအဝင် အခေါင်းထဲက သင်းခွေချပ်ကြီးနဲ့ နပန်းလုံးပြီး ပြုတ်ကျလာတာ။ ကျွန်တော်တို့ အောက်ကစောင့်ပြီး ဝါးရင်းတုတ်နဲ့ ရိုက်လာကြတာ။ လွယ်လိုက်တာ ဆရာရယ်”
အေး . . . အေး . . . ကောင်းတယ်။ ငါလည်း ဒီတောထဲရောက်မှ တောကောင်စုံစုံ စားရပေမယ့် ဖွတ်သားနဲ့ သင်းခွေချပ်သားတော့ မစားဖူးသေးဘူး”
“အလွန်ကောင်းပေါ့ . . . ဆရာရယ်၊ ဆေးဖက်လည်း အသုံးဝင်တယ်လို့ ဆရာကြီးက ပြောတယ်။ ဖွတ်သားက ကြက်သားနဲ့ မလဲနိုင်အောင် ချိုပြီး နူးညံ့တယ်။ သင်းခွေချပ်သားက အရိုးနုကလေးတွေနဲ့ ဖွဲ့စည်းထားတာ။ အမဲသားလိုပဲ ညှီပေမယ့် အလွန်စားကောင်းတယ်။ သွေးအားကို ကောင်းစေတယ်ဆရာ။ မနက်ဖြန်တော့ ဆရာ အသစ်အဆန်းတစ်မျိုး စားရဦးမယ်”
“ဘာသားလဲကွ ... အောင်သန်းရ"
“ဖြူသား ... ဆရာ။ ဆူးတောင် အဖြူအမည်းနဲ့ ဖြူကောင်သား။ သူအောင်းတဲ့ တောင်ပို့ကို တွေ့ခဲ့ရတယ်။ ကယ်ပေါက်တွေလည်း တွေ့ခဲ့ရတယ်။ အဲဒီကောင်ကမှ သစ်မြစ်သစ်ဖုပဲစားလို့ ဆေးဖက်ပိုဝင် သတဲ့ ဆရာရေ”
“ဟေ့ . . . လုပ်လိုက်ဟ။ ဒါနဲ့ ဆရာကြီးအတွက်ရော၊ ဆေးပင်ဝါးပင် စုံလင်အောင် ရခဲ့ရဲ့လား””
“မရသေးဘူး ... ဆရာ။ မနက်ဖြန်မှ နတ်ရေတွင်းနဲ့ ဂမုန်းတောင်ဘက် သွားကြရမှာ။ ဆရာပါ အားရင် လိုက်ခဲ့ပါလား။ အဲဒီဘက်က တောကောင်ကြီးတွေပေါတော့ သေနတ်သမားပါရင် ပိုကောင်းတယ်။ အပြန်ကျမှ ဖြူကောင်ကို ကျွန်တော်တို့ လက်တွေ့ဖမ်းပြမယ်။ ကယ်ပေါက်များရင် လူများမှ ကောင်းတာ။ အကောင်ကြီးပြီး တောင်ပို့ကြီးလေ ကယ်ပေါက်များလေပဲ”
"အေး: ... အေး ... မနက်ဖြန်မှ လက်တွေ့ကြည့်ရတာ ပေါ့ကွာ”
“ဟုတ်ကဲ့ ... ဆရာ”
(၆)
နောက်တစ်နေ့မနက်တွင် ဆရာကြီးက (၅)နာရီခန့် ထသဖြင့် ကျွန်တော်တို့လည်း အိပ်ရာက ထကြရသည်။ ဘုရားဝတ်ပြုအပြီး ထမင်းကြော်စားကြသည်။ စခန်းက ထွက်လာတော့ မနက် (၆) နာရီအတိ။
စခန်းအရှေ့ဘက် နတ်ရေတွင်းသို့ ထွက်ခဲ့ကြသည်။ နှင်းမှုန်များက မကွဲသေး။
တောကြက်၊ တောငှက်များလည်း အိပ်ရာကထစပင် ရှိပါဦးမည်။ အသံသာသာ စာစာဖြင့် တွန်ကျူးဆဲ၊ အစာရှာ မထွက်ကြသေးပါ။
နတ်ရေတွင်းရောက်တော့ ဆရာကြီးက အသင့်ပါလာသော ပုလင်းဖြင့် ရေခပ်သည်။ မျက်စဉ်းဆေးဖော်ရန် ဖြစ်သည်။ ပြီးနောက် ဂမုန်းတောင်ဘက်သို့ ထွက်ခဲ့ကြသည်။
ထိုဂမုန်းတောင်မှာ သစ်ပင်ကြီးများလှဲပြီး တောင်ပူစာပေါ်၌ ဂမုန်းတောကြီး ဖြစ်နေသည်။ နတ်ကြီးပြီး မြွေဆိုးပေါသည်ဆိုသဖြင့် ကျွန်တော်တို့ မုဆိုးများတောင်ပေါ်သို့ ယခင်က မတက်ရဲခဲ့ကြပါ။ ယခုမှ ဆရာကြီး ပါသဖြင့် ဆရာကြီးအားကိုးဖြင့် တက်ကြခြင်းဖြစ်သည်။
တောင်ခြေအရောက်တွင် ကျွဲတညင်းပင်အောက်၌ မျောက်ဖင်နီတစ်ကောင် ခရုခွာစားနေသည်။
ကျွန်တော်တို့အုပ်စုကို မြင်သော်လည်း မထိတ်၊ မလန့်၊ မပြေး။
ကျွန်တော်တို့ကလည်း ဆရာကြီးမှာထားသဖြင့် ကိုယ့်ကို ရန်မမူသဖြင့် မပစ်ကြပါ။
တောင်ခုလတ်ရောက်တော့လည်း ဝက်ဝံကြီးတစ်ကောင် တောင်ပေါ်တက်သွားသည်။ ကျွန်တော်တို့ကို တွေ့သော်လည်း ရန်မမူပါ။ သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွားခြင်းပင်။
တောင်လယ်ရောက်တော့ ဂမုန်းပန်းနံ့မျိုးစုံက ဆီးကြိုနေသည်။
တောင်ပေါ်ရောက်မှ ဆရာကြီးက မြေပေါ်တွင် အဝတ်ခင်း၍ အမွှေးတိုင်၊ ဖယောင်းတိုင်များဖြင့် တောင်စောင့်နတ်အား ပူဇော်သည်။ တောင်ကြောပေါ်၌ အစိမ်းရောင်ကမ္ဗလာကြီး ခင်းထားသလို သဘာဝပေါက်နေသည့် ဂမုန်းခင်းကြီးက တစ်ပြန့်တစ်ပြော။ ဂမုန်းပင်တိုင်း အပွင့်ပွင့်သည်မဟုတ်။ အပင်ရနံ့ကိုက မွှေးခြင်းဖြစ်သည်။ သူအုပ်စုနှင့်သူ ပေါက်ရောက်နေကြခြင်းဖြစ်သည်။
ဆရာကြီးက ခွင့်တောင်းပြီးသည်နှင့် လိုအပ်သော ဂမုန်းပင်များကို စနစ်တကျ တူးဖော်ယူပြီး တွင်းနေရာတွင် မြေကိုပြန်ဖို့သည်။ (၁ဝ) ပင်ခန့် တူးယူပြီး အနောက်ဘက်တောင်စောင်းမှ ဆင်းခဲ့ကြသည်။
အံ့ဩစရာကောင်းသည်က မုဆိုးများ အသွားအလာ မရှိသော်လည်း တောင်ဆင်းလမ်းမှာ ပြေ၍ ရှင်းလင်းနေသည်။
ကျွန်တော်တို့က ကညင်နှစ်ပင်စခန်းကို ကျော်၍ ကျွန်တော်တို့နေထိုင်သော စခန်းအနောက်ဘက် ဝါးရုံတောသို့ရောက်တော့ နားကြသည်။
ထိုစဉ် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့က ဝါးများခုတ်၍ စိတ်ဖြာနေကြသည်။
“ဟေ့ကောင်တွေ ... ဘာလုပ်ဖို့လဲ”
“ဖြူဖမ်းမယ်လေ . . . ဆရာ။ ဆရာ့နောက်ကျောက တောင်ပို့ကြီးက ဖြူအောင်းနေတဲ့ကျင်း။ ဒီဘက်မှာ အဝ၊ တောင်ပို့ပေါ်မှာ ကယ်ပေါက်တွေ ရှိတယ်။ ကျွန်တော်တို့က အဝင်လမ်းပိတ်ပြီး မီးရှို့ရမှာ"
မကြာမီ အဝင်ပေါက်အား ဝါးရွက်ခြောက်များသွင်း၍ ဝါးကပ်ကာပြီး မီးရှို့သည်။ (၁ဝ) မိနစ်ခန့်ကြာတော့ တောင်ခေါင်းပေါ် ကယ်ပေါက်နေရာများမှာ မီးခိုးများ အူထွက်လာသည်နှင့် ကျွန်တော်နှင့် တင်သောင်း အပေါ်တက်၍ နေရာယူလိုက်ကြသည်။
မုဆိုးအောင်သန်းကတော့ တွင်းဝကို မီးတိုက်၍ ယပ်ခပ်ပေးနေသည်။
(၁ဝ) မိနစ်ခန့်ကြာတော့ လူလိုပင် မီးခိုးမွှန်၍ တဟွတ်ဟွတ် ချောင်းဆိုးသံကြားရပြီး ဖြူကောင်ကြီး ထွက်လာသည်။ ထွက်လာသည်က ကျွန်တော်တို့ စောင့်နေကြသည့် ကယ်ပေါက်များမှ မဟုတ်။ အောင်သန်း မီးတိုက်နေသည့် ပင်မအဝင်ပေါက်ကြီးမှ ဖြစ်သည်။
အောင်သန်းက မျှော်လင့်မထားသဖြင့် သူ့လက်တွင်း၌ စလူရွက်ယပ်တောင်သာရှိသည်။ ဖြူကောင်က (၅) ပိဿာခန့်ရှိသဖြင့် ဘယ်လက်က ကိုင်ထားသော ဝါးကပ်ကို တိုးထွက်သွားခြင်းဖြစ်သည်။
“ဟာ . . . သွားပါပြီ . . . ဆရာရေ၊ ဆုံးပြီ””
ဖြူကောင်ကြီးမှာ ဖြူဆူးများရိုက်သံ တဖြောင်းဖြောင်းဖြင့် ခွေးဆိုးကြီးတစ်ကောင်နှယ် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခြင်းဖြစ်သည်။
တောင်ကုန်းအောက်တွင် ထိုင်နေသော ဆရာကြီးကတော့ တဟားဟား ရယ်မောပြီး
“ကောင်းကွာ ... မင်းတို့က သတ်ဖို့ဖြတ်ဖို့ လုပ်နေတာ။ ငါက မေတ္တာပို့နေတာ။ ငါက တောကောင်သားစားပေမယ့် ကြားသား မြင်သား မစားဘူးကွ။
ဟဲ ... ဟဲ ... ယခုတော့ ငါနိုင်သွားပြီ။
ဖြူကောင်ကြီးကလည်း ပါးသဟေ့။ ငါ ထွက်စေချင်တဲ့ အပေါက်က ထွက်လာတာ။
မုဆိုးအောင်သန်းက လက်နက်မကိုင်ထားဘဲ တစ်ဖက်က ယပ်တောင်၊ တစ်ဖက်က ဝါးကပ်ကိုင်ထားရတော့ လက်မအားဘူးလေ။ မီးကလည်း ဝါးရွက်မီး။ မီးခိုးပဲထွက်တာ။ ဘယ်ပူလိမ့်မတုံး။ ဟာ ... ဟ ... သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ"
“ဟား... ဟား ... ဟား ... ဟား"
ကျွန်တော်ကလည်း သဘောကျ၍ ရယ်မိသည်။
တောကောင်များကို ကျွန်တော် သတ်ဖြတ်သည်မှာ မှန်သည်။ သေနတ်ဖြင့် ပစ်ခြင်းဖြစ်သည်။
ယခုလို မီးရှို့၍တော့ မသတ်ချင်။ ရက်စက်ရာကျသည်ဟု မြင်သည်။
ဖြူကောင်သား ဆေးဖက်ဝင်၍ မစားရလျှင်လည်း ရှိပါစေ။ အုပ်စုဖြင့် ကြီးနိုင်ငယ်ညှဉ်း မသတ်ဖြတ်လိုပါ။
နောက်ဆုံးတော့လည်း ကိုယ့်အတွေးဖြင့် ကိုယ် သဘောကျစွာ တဟားဟား ရယ်မိကြတော့ပါသတည်း။
- ပြီး -
စာရေးသူ - ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
No comments
Post a Comment