ဒေါသကြီးတဲ့ငှက်ကလေး
==============
တစ်ခါကတောအုပ်ကြီးထဲမှာ
အင်မတန်မှဒေါသကြီးတဲ့ငှက်
တစ်ကောင်ရှိလေသည်။
အလကားနေရင်းထိုင်ရင်းတောင်
ဒေါသထွက်နေတတ်သည့်
ထိုငှက်လေးကိုမည်သူကမှ
အပေါင်းအသင်းမလုပ်ကြပေ။
ထိုငှက်လေးကလည်းမည်သူ့ကိုမှ
စကားကောင်းမပြောတတ်ပေ။
ထို့ကြောင့်ထိုငှက်ကလေးမှာ
အပေါင်းအသင်းမိတ်ဆွေဟူ၍
မရှိခဲ့ပေ။
"ဗျို့ မိတ်ဆွေငှက်ဘယ်လဲဗျ"
"ငါ့ဟာငါ ဘယ်သွားသွားမင်းနဲ့ဘာဆိုင်လဲ"
"ဟာ…ကျုပ်ကခင်ဗျားနဲ့အခုမှ
တွေ့မိဆုံမိလို့မိတ်ဖွဲ့တာပါ။
အဆွေငှက်ကစကားပြောတာ
ရိုင်းစိုင်းလိုက်တာ.
"ဟုတ်တယ် ငါကရိုင်းတယ်
ရိုင်းတော့ဘာဖြစ်လဲ မင်းကိုလည်း
အပေါင်းအသင်းအဖြစ်ငါအသိအမှတ်
မပြုနိုင်ဘူး။
"ဟွန်း…အလကားနေရင်း
ဒေါသပဲထွက်နေတဲ့ငှက်
တော်ပြီသူနဲ့ဝေးဝေးနေတာပဲ
ကောင်းတယ်……"
တောကောင်လေးလည်း
ဒေါသကြီးတဲ့ငှက်လေးကိုစိတ်ထဲမှ
ပြောဆိုကာထွက်သွားလေသည်။
ဒေါသကြီးတဲ့ငှက်ကလေးလည်း
ရေအိုင်တောထဲသို့ပျံသန်းရောက်ရှိလာ
ခဲ့သည်။
တောကြီးတစ်ခုလုံး၌သာယာလှသည့်
ရေကန်ကြီးတစ်ကန်ပဲရှိသည့်အတွက်
အကောင်ပလောင်လေးများလည်း
ပေါများစွာရှိနေသည်။
ထို့ကြောင့်ဒေါသကြီးတဲ့ငှက်လေးလည်း
အစာရှာရန်အတွက်
ရေအိုင်တောသို့ရောက်လာခြင်းဖြစ်သည်။
"ဂွက် ဂွက် "
"ဟေး…အဆွေငှက်ဒီနေ့စောလှချေလားဗျ"
ရေအိုင်ထဲကဖားလေးက
ဒေါသကြီးတဲ့ငှက်လေးကိုနှုတ်ဆက်
လိုက်ခြင်းဖြစ်သည်။
"ငါစောတာနောက်ကျတာမင်းနဲ့
ဘာဆိုင်လဲ ဖားရုပ်ဆိုးရဲ့……"
"အံမယ်…အဆွေငှက်
ခင်ဗျားကကျုပ်ကိုဖားရုပ်ဆိုးလေးဘာ
လေးနဲ့ ခင်ဗျားကရော
အဆင်းလှသလောက် စိတ်ဓာတ်လှရဲ့လားဗျ ။
အပေါ်ယံသာလှပြီးအတွင်းပုပ်နေတဲ့
ကျီးအာသီးလိုငှက်ကများ……"
"ဟင်…ငါ့ကိုများအတွင်းပုပ်လေးဘာလေးနဲ့
ငါ့အကြောင်းမသိသေးဘူးထင်တယ်။
ဗိုက်ပွင့်သွားအောင်ငါ့နှုတ်သီးနဲ့ကို
ထိုးပြမယ်…သေပေတော့ဖားစုတ်…"
ငှက်ကလေးလည်းဒေါသတကြီးနဲ့
ရေအိုင်ထဲကိုထိုးဆင်းပြီးဖားလေးကို
တိုက်ခိုက်လိုက်သည်။
"ဗွမ်း"
ဖားလေးလည်းငှက်ကလေးနဲ့
ဝေးရာကိုရေကူးပြီးသွားလိုက်တယ်။
ဒေါသစိတ်ကြောင့်မစဉ်းစား
မဆင်ခြင်မိလိုက်တဲ့ငှက်ကလေးလည်း
ရေကန်ထဲမှာနစ်လိုက်ပေါ်လိုက်ဖြင့်
ရေနစ်နေတော့သည်။
ရေကန်ထဲမှလွတ်မြောက်ရန်
အတောင်ပံကိုကြိုးစားပြီးပျံသန်း
ကြည့်ပေမယ့်ရေစိုနေသည့်
အတောင်များကအချည်းအနှီးသာ
ဖြစ်နေတော့သည်။
"ကယ်ပါ ကယ်ပါငါ့ကိုကယ်ပါဦး"
"ဟား ဟား ဟား ဟား"
"မင်းကိုဘယ်သူမှလာကယ်မှာ
မဟုတ်ဘူး၊အဲ့ဒါမင်းဒေါသကပေးတဲ့
သင်ခန်းစာပဲ။
မင်းကောင်းကောင်းကြီးခံစားပေတော့
အဆွေငှက်ရေ……"
ရေအိုင်ထဲကဖားလေးလည်း
ကုန်းပေါ်တက်သွားလေသည်။
ဒေါသကြီးတဲ့ငှက်ကလေးလည်း
မိမိဒေါသကိုမိမိမထိန်းနိုင်ပဲ
ရေကန်ထဲမှာရေနစ်ပြီးသေပွဲဝင်
ရလေတော့သည်။
စာဖတ်သူများအားလုံး
ရွှင်လန်းချမ်းမြေ့ပါစေ။
No comments
Post a Comment