အောင်မြတ်သာနှင့်မနန်းစောသိုက် (စ/ဆုံး)

  အောင်မြတ်သာနှင့်မနန်းစောသိုက် (စ/ဆုံး) ++++++++++++++++++++++++ မိုးလင်းပြီဆိုတာနဲ့ လယ်ထဲဆင်းသူဆင်း တောထဲဝင်သူဝင်နဲ့ သူဌေးကုန်းရွာလေးက ခြေ... thumbnail 1 summary

 အောင်မြတ်သာနှင့်မနန်းစောသိုက် (စ/ဆုံး)

++++++++++++++++++++++++
မိုးလင်းပြီဆိုတာနဲ့ လယ်ထဲဆင်းသူဆင်း တောထဲဝင်သူဝင်နဲ့ သူဌေးကုန်းရွာလေးက ခြောက်ကပ် လျက်ရှိတာ ထုံးစံလိုလိုဖြစ်နေတယ်။
ရွာထဲမှာကျန်ခဲ့တာဆိုလို့ ကလေးတွေနဲ့သက်ကြီး ရွယ်အိုတွေပဲရှိတယ်။ကလေးတွေကတော့ ဆော့မယ်၊ စားမယ် အဲဒါလောက်ပဲတွေးနေတတ်တယ်။
ဒါပေမယ့် မနန်းစောလေးကတော့ ဘယ်သူနဲ့မှ မဆော့ပဲ တစ်ယောက်ထဲလိုလို ဖြစ်နေတာတော့ ထူးဆန်းတယ်။ သူများတွေလာခေါ်ရင်လည်း မကစားဘူးဆိုပြီး ခေါင်းအမြဲခါတတ်တယ်။
မနန်းစောက မွေးလာထဲကနေ အခုအသက်၈နှစ် အထိ စကားမပြောတတ်ဘူးဗျ။
မနန်းစောလေး အားတဲ့အချိန်ဆို ရွာအနောက်က တောင်ကုန်းလေးဘက်ကို စိုက်ကြည့်နေတတ်တယ်။
မနန်းစောတို့ မိဘတွေကလည်း ဆင်းရဲကြတယ်၊ တစ်နေ့လုပ်မှတစ်နေ့စား ဘဝတွေမို့ အလှူ အတန်း ဆိုတာလည်း မရှိသလောက်ရှားလှတယ်။
မနန်းစောလေးကတော့ သူ့အမေကို အလှူ လုပ် ချင်တဲ့အကြောင်း လက်ဟန်ခြေဟန်လေးနဲ့ ပြောတော့ အမေလုပ်သူက……
"သမီးရယ် အမေတို့က တစ်နေ့လုပ်မှ တစ်နေ့စားရ တာ သမီးလေးလုပ်ချင်တဲ့ အလှူ ကို လုပ်ဖြစ်အောင်အမေတို့ကြိုးစားပေးမယ်နော်"
ထိုအခါ မနန်းစောက အလှူ ကိုသူ့မွေးနေ့မှာ
လုပ်ချင်ကြောင်း သူမွေးနေ့မရောက်ခင် အမေတို့် အတွက် အလှူ လုပ်ဖို့ လိုအပ်တဲ့ ငွေကြေးကို သူ့အဖိုးက လာပေးမယ်ဆိုပြီး ခြေဟန်လက်ဟန်လေးနဲ့ ပြောတော့ မိဘတွေက မယုံတစ်ဝက်ယုံ တစ်ဝက်နဲ့ မေ့မေ့လျော့လျော့ထားလိုက်ကြတယ်။
မနန်းစော မွေးနေ့ရောက်ဖို့ ၂ရက်သာကျန်တော့ တယ်။
"ဒီနေ့ မှိုကျင်းတွေ့လိုတွေ့ငြား တောထဲစောစောဝင်
ရအောင် အဖေကြီး.."
"မိန်းမ .. ဒီနှစ် မှိုကျင်းတွေသိပ်မတွေ့ဘူးနော်
စောစောသွားမှ သူများထက်ဦးမှာ မနက်စောစော ထသွားကြတာပေါ့"
..
မနက်ကျတော့ လင်မယားနှစ်ယောက်ထမင်းထုပ်ကိုယ်စီနဲ့ တောထဲဝင်ခဲ့လိုက်တယ်။
တောထဲမရောက်ခင် ရွာအနောက်တောင်ကုန်းပေါ် ကစေတီကို ဖူးချင်တာနဲ့ လင်မယားနှစ်ယောက် ဘုရားပေါ်တက်လာလိုက်တယ်။
...
ဘုရားပေါ်ရောက်တော့.…
"ဟယ် ရင်ပြင်တစ်ခုလုံး ကျောက်သံပတ္တမြားတွေ အပြည့်ပါလား တော်ရေ"
"ထူးဆန်းလိုက်တာ.."
"ကျုပ်တို့ကို သူတော်ကောင်းနတ်တွေက.မစတာပဲ
ပလိုင်းထဲ ရွှေတွေထည့်လေ.ဘာလုပ်နေတာလဲ"
...
လင်မယားနှစ်ယောက်.ပလိုင်းထဲ.ရွှေတွေကောက်ထည့်လိုက်တာနဲ့ ရင်ပြင်တစ်ခုလုံးကရွှေတွေ ပျောက်ချင်းမလှပျောက်သွားပါလေရော။
ပလိုင်းထဲမှာလည်း ခဲလုံးတွေဖြစ်ကုန်တယ်။
...
မျက်လုံးအမြင်မှားတယ်ထင်ပြီး ကြည့်တော့လည်း ဘာမှမရှိတော့.…
အဲဒါနဲ့ ဘုရားပေါ်ကပြန်ဆင်းဖို့လုပ်တဲ့ အချိန်မှာ ရင်ပြင်မှာ ကျောက်သံပတ္တမြားတွေ ပြည့်နေပြန်ရော။
အဲလို ကောက်လိုက် ပျောက်သွားလိုက်နဲ့.သုံးလေးခါကျရော..
"အမေကြီးရေ ငါတို့ကို စမ်းသပ်နေပြီထင်တယ်
သမီးလေးပြောတဲ့အလှူ လုပ်ဖို့ ငါတို့စိတ်ကို စမ်း သပ်နေပြီထင်တယ်ကွ အဲဒီတော့ စမ်းကြည့်ရအောင်...."
"ဘယ်လိုစမ်းမှာလဲ တော်ကလဲ"
"အခုငါတို့ရည်မှန်းချက်က သမီးလေးအတွက် အလှူ လုပ်ပေးဖို့မဟုတ်လား အဲဒီအတွက် အလှူ တစ်ခု လုပ်ဖို့ လုံလောက်တဲ့ ပမာဏကိုပဲယူကြတာပေါ့" ဆိုပြီး ရင်ပြင်အစပ်နားမှာ ကျနေတဲ့ ရွှေလက် ကောက် တစ်ကွင်းကို ကောက်ယူလိုက်တယ်။
...
"ဟော့တော် ဒီတစ်ခါ ရွှေအတိုင်းပဲရတယ် ထူးဆန်း လိုက်တာတော် ဒါ သမီးလေးရဲ့ဘုန်းကံထင်တယ်တော်ရေ"
လင်မယားနှစ်ယောက်လုံး ဝမ်းသာစွာနဲ့ အိမ်ကိုအပြေးပြန် ရလာတဲ့ရွှေလက်ကောက်ကိုထုခွဲရောင်း ချပြီး..သမီးလေးနာမည်နဲ့ ရွာဦးကျောင်းအသစ်ဆောက်တဲ့နေရာမှာ လှူ ခဲ့ပေးလိုက်တယ်။
....
အဲဒီနေ့ကစပြီး နန်းစောလေးက အမြဲတမ်းလိုလို ပြုံးရွှင်နေပါလေရော။တစ်ရက်မှာတော့..…
"အဖေနဲ့အမေ ထပါဦး သမီး နန်းစောပါ
အဖေနဲ့အမေကို.သမီးလာကန်တော့တာပါ
တကယ်တော့သမီးက လူ့ပြည်ကိုခဏအလည်လာပြီး ကောင်းမှုကုသိုလ်လာလုပ်တာပါအမေ
အဖေတို့အမေတို့ကိုလည်း သမီးအမြဲသတိရနေမှာ ပါ အမေနဲ့အဖေ သမီးသွားတော့မယ်နော်
နောက်ဆုံးအနေနဲ့ သမီးကန်တော့ခဲ့ပါတယ်"
ဆိုပြီး လက်အုပ်လေးချီကန်တော့နေလေရဲ့..
...
လင်မယားနှစ်ယောက်လုံး အာစေးမိထားသလို ဘာမှပြန်မပြောနိုင်ပဲ သမီးလေးကို.စိုက်ကြည့်နေမိ တယ်။
"အမေနဲ့အဖေ သမီးသွားတော့မယ်နော် သမီးကို တွေ့ချင်ရင် လပြည့်လကွယ်တိုင်း စေတီလေးမှာ ဆီမီး၊ အမွှေးနံ့သာပူဇော်ပြီး ခေါ်ပါနော် သမီး လာ ခဲ့ပါ့မယ်"
...
"သမီး.…သမီး.…သမီး"
"ယောကျၤား..ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေမက်နေတာလား"
..
"ငါ့သမီး.ငါ့သမီးလေးကို.သွားကြည့်မြန်မြန်.
သမီးလေး…"
ဆိုပြီး ထကြည့်တော့ ရင်ဘတ်ပေါ်လက်တင်ပြီး အိပ်ပျော်နေသကဲ့သို့ ကွယ်လွန်နေသော နန်းစောလေးကို တွေ့လိုက်ရတယ်။
.....
နန်းစော အသုဘချတော့ တစ်ရွာလုံး အမွှေးနံသာနံံ့ တွေ ထုံလွှမ်းနေတာကို ထူးထူးဆန်းဆန်း ကြုံခဲ့ရ တယ်။
ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုပေမယ့်ကွယ်လွန်လေသူသမီးလေးကိုတော့ မိဘနှစ်ပါး.အနေနဲ့ မေ့မရနိုင်ခဲ့ဘူး။
....
လပြည့်လကွယ်တိုင်း စေတီလေးမှာ သမီးလေးနဲ့တွေ့ဖို့ဆုတောင်းခဲ့ပေမယ့် သမီးလေးကို ခုထိမတွေ့ ခဲ့ရဘူး။ဒါပေမယ့် တစ်ညမှာတော့…
"အမေနဲ့အဖေ..သမီးလာတယ်လေ ထကြည့်ပါဦး"
...
"ဟင် သ.သမီး"
နန်းစောလေးက ခေါင်းမှာသဇင်ခက်လေးတွေ ပန်ထားတာ။ရွှေအိုရောင်ထိုင်မသိမ်းလေးနဲ့ ပျော့အိနေ တဲ့ ဆံပင်ကို ချထားတာ…
"အို အရမ်းလှလိုက်တာ.သမီးလေးရယ်...အမေတို့ ဆီ လာလည်တယ်ပေါ့နော် ဝမ်းသာလိုက်တာ သမီးလေးရယ်"ဆိုပြီးလှမ်းဖက်ဖို့လုပ်တော့ နန်းစောက အနောက်ကိုဆုတ်လိုက်တယ်....
"အမေနဲ့သမီးနဲ့က ဘဝချင်းခြားနေပါပြီ အခုလည်း ခဏပဲအချိန်ရလို့ လာခဲ့တာပါ အမေတို့အတွက် ရင်း နှီးလုပ်ကိုင် စားသောက်ဖို့ သမီးပိုင်တဲ့ ပစ္စည်းတွေ အနည်းငယ်.လာပေးတာပါ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့ အမေ သမီးတို့အတွက် အန္တရာယ်ရှိတယ် ဒီယွန်းဘူးလေးကို ပေးခဲ့ပါတယ်"ဆိုပြီး ကျောခိုင်းသွားတဲ့ သမီးလေးကို ကြည့်ရင်း..
....
"အမေကြီး ဘာဖြစ်တာလဲ ကယောင်ကတမ်းတွေ အော်နေတာ ဘာဖြစ်လို့လဲ"
"သမီးလေး သမီးလေးလာတယ် တို့ဆီလာတယ်
ယွန်းဘူး..ယွန်းဘူး.."
ဆိုပြီး အိမ်ရှေ့ကို.ပြေးကြည့်တော့ ခြံဝမှာ.ယွန်းအစ်လေးတစ်လုံး..
အထဲကို.ဖွင့်ကြည့်တော့ ကျောက်သံပတ္တမြားတွေ
နန်းစောတို့မိဘတွေ နေ့ချင်းညချင်း ချမ်းသာလာ ခဲ့တယ်။
.....
တစ်ယောက်စကား တစ်ယောက်နားနဲ့
သူဌေးကုန်း ရွာစေတီမှာ ရတနာသိုက်ရှိတယ် ဆိုတဲ့သတင်းက တစ်မုဟုတ်ချင်းပျံ့သွားခဲ့တယ်။
သိုက်ဆရာလိုလို.ဘာလိုလို လူတွေဟာလည်း
သူဌေးကုန်းရွာမှာ ခြေချင်းလိမ်နေကြတယ်။
....
တစ်ညမှာတော့…
"အမေ ထပါဦး…အဖေ.ထပါဦး သမီးတို့တော့ ဒုက္ခရောက်တော့မယ် သမီးတို့ကို ကူညီပါဦး"
....
"သမီး.ဘာဖြစ်တာလဲ အမေတို့ကိုပြော.."
"သမီး သမီးတို့သိုက်ကို လာတူးတဲ့ သိုက်ဆရာတွေ
အဖိုးကိုဖမ်းထားတယ် သမီးကိုလည်း လိုက်ရှာနေ ကြတယ် သိုက်တံခါးကို ဖွင့်ခိုင်းနေပြီအမေ"
....
"အဲဒါအမေတို့ ဘာလုပ်ရမလဲ အမေတို့.ဘယ်လို ကူညီရမလဲ"
"သမီးအချိန်မရဘူးအမေ သမီးပြောပြမယ် မနက်ဖြန်ဒီရွာကို.ယောဂီဝတ်လူငယ်၂ယောက် လမ်းကြုံ ဝင်နားလိမ့်မယ် သူတို့ပဲ.ကူညီနိုင်မယ်အမေ အခု သမီးကို ကြိမ်နဲ့ရိုက်ခေါ်နေပြီ သမီး.သွားတော့မယ်
အမေ"
....
"သမီးးးး သမီးး တော်ရေ ဒုက္ခရောက်ပြီ သမီးတို့ သိုက်ကို သိုက်ဆရာတွေက လာတူးနေပြီ
သမီးကိုကော.သူ့အဘိုး သိုက်ချုပ်အဘိုးကိုပါ.ဖမ်း ထားတယ်တဲ့ အခုပဲ ငိုယိုပြီး လာပြောသွားတယ်
ဘယ်လိုလုပ်ကြမလဲ......အခုလည်း ရောင်နီလာခါ နီးပြီ မနက်ကျရင် ရွာကို ဆရာလေး၂ယောက်.လာ မယ်တဲ့ အဲဒါ တော်က ရွာထိပ်မှာ သွားကြည့်ပေး
တွေ့တာနဲ့ အိမ်ကိုပင့်ခဲ့ ကျုပ် ဘုရားမီးပူဇော်ပြီး ဆုတောင်းပေးနေမယ်"
.....
ရောင်နီက စပါးတစ်ဖျားရောက်ချိန်မှာတော့…
"မိန်းမရေ.ဒီမှာ.ဆရာလေးတို့ပါလာပြီ"
"ဆရာလေးတို့ အိမ်ပေါ်ကြွပါဦး ဆရာလေးတို့ လာမယ်ဆိုပြီး အိပ်မက်ပေးလို့ အဲဒါသွားစောင့်နေတာ"
....
"ဘာအရေးကိစ္စရှိလို့လဲ အရီး"
ဒီလိုပါဆရာလေးဆိုပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြ လိုက်တော့..
အော်.. လက်စသတ်တော့ သိုက်တူးသမားတွေပဲ
စိတ်မပူပါနဲ့ ကျုပ်တို့အတတ်နိုင်ဆုံး ကူညီပေးမယ်
အဘဆရာကြီးတွေကလဲ ဒီလိုဖြစ်ရပ်မျိုး လက်မခံ ကြပါဘူး။
....
လာဟေ့ သက်ခိုင်ရေ
စေတီအနောက်က တောင်ကုန်းပေါ်သွားကြရအောင်..
အရီးတို့က.အိမ်မှာပဲ နေခဲ့ပါ
ကျုပ်ဒီမှာ ဆေးဖယောင်းတိုင်ထွန်းခဲ့မယ်။
ဒီဖယောင်းတိုင်မငြိမ်းသရွှေ့ သူတို့အကြံမအောင်ဘူး။
ကျုပ်တို့ကို ခွင့်ပြုဦးဆိုပြီး.ဘုရားစင်ပေါ်မှာ ဖယောင်းတိုင်တစ်တိုင် အဓိဌာန်နဲ့ထွန်းခဲ့လိုက်တယ်။
......
သက်ခိုင်.. ဟိုတောင်ကုန်းကို ကြည့်စမ်း
ရုတ်တရက်ကြည့်ရင် အမျိုးသမီးတစ်ယောက် ပက်လက်အိပ်နေတဲ့ပုံစံနဲ့မတူဘူးလား..
ရုတ်တရက်ကြည့်ရင် တူတယ်နော်ဆရာ
...
အင်း အဲဒါက မနန်းစော သိုက်နန်းပဲ
မနန်းစော ဆိုတာက ရှမ်းအနွယ်ဝင်အမျိုးသမီး
ကိုးမြို့ရှင်နဲ့ပုလဲယဉ်တို့မောင်နှမထံမှာခစားတဲ့ ရှမ်းစော်ဘွားသူဌေးတစ်ဦးရဲ့ သမီးတော်ပဲ
ကိုးမြို့ရှင်ဆီမှာ သစ္စာခံထားတဲ့ စော်ဘွားဖြစ်တဲ့ စဝ်နွံဆိုင်းဆိုတဲ့ စော်ဘွားရဲ့ သမီးတော်ဖြစ်တဲ့ နန်းစောဟာ..
သူ့အဖေပိုင်ဆိုင်သမျှကို သူတစ်ယောက်ထဲ ဆက်ခံခွင့်ရခဲ့တယ်။
....
အဲဒီအချိန် ဦးမင်းကျော်က ကိုးမြို့ရှင်ကို လုပ်ကြံဖို့ ခွန်ချို ခွန်သာကို စေလွှတ်ခဲ့တယ်။
ခွန်ချို ခွန်သာကလဲ သူတို့မွေးစားအဖေ.ကိုးမြို့ရှင်ကို တွေ့တော့ မသတ်ရက်ဘူး။
အဲဒီမှာ.ကိုးမြို့ရှင်က သစ္စာဆိုပီး.သူဦးခေါင်းတော်ကို သာကိုယ်တိုင်ဖြတ်ခဲ့တယ်။
.....
အဲဒီနောက်ပိုင်း ကိုးမြို့ရှင်နဲ့ ဆက်နွယ်တဲ့ လူမှန်သမျှ လက်စတုံးသတ်ဖြတ်ခဲ့တယ်။
နန်းစောရဲ့အဖေက သူပိုင်တဲ့ပစ္စည်းတွေကို သူလူယုံတွေနဲ့ နန်းစောဆီလွှဲပေးရင်း သူကိုယ်တိုင် သတ်သေခဲ့တာ။
....
နန်းစောလဲ ပစ္စည်းတွေနဲ့ တိမ်းရှောင်ရင်း ဒီသူဌေးကုန်းရွာအနောက်က တောင်ကုန်းပေါ်မှာ ပုန်းခိုရင်း သူ့ပစ္စည်းတွေကိုစွဲပီး သိုက်နန်းရှင် ဘဝကိုရောက် ခဲ့တာ။
....
ဆရာက ဘယ်လိုဒီအကြောင်းတွေ သိတာလဲ
ဟဟဟ လောကီကိစ္စတွေအကြောင်း ငါအကုန်သိ.တာပေါ့ သက်ခိုင်ရာ.
ဘာလို့သိလဲဆိုတာ တစ်နေ့မှာ မင်းကိုယ်တိုင် သိလာရမှာပါ။
....
ကဲ ပြောနေရင်း လျောက်လာတာ
တောင်ကုန်းပေါ်တောင်ရောက်လာပါကောလား
ကဲ.. သက်ခိုင်
ဒီအချိန်မှာ မင်းရဲ့ အကူအညီကိုလိုတယ်။
ဟော. ဟိုမှာ ရာဇမတ်တွေကာထားတဲ့ အလယ်မှာ တည်ထားတဲ့.ကန်တော့ပွဲတွေ့လား
အဲဒီကန်တော့ပွဲကို ရာဇမတ်အပြင်ကို ကန်ထုတ်လိုက်..
ကျန်တာ နန်းစောတို့ဆက်လုပ်လိမ့်မယ်။
.....
ဆရာ သူတို့မှာ လူတွေအများကြီးပဲ
ရာဇမတ်ကွက်ထဲမရောက်ခင် ကျွန်တော် ခေါင်းကြေနေပါဦးမယ်။
ကျွန်တော်တို့က စုန်း ၊ ကဝေ၊ သရဲ တွေနဲ့ပဲ ကြုံခဲ့ဖူးတာ အခုက လူတွေနဲ့ဆိုတော့ ဖြစ်ပါ့မလား။
.....
ရော်. သက်ခိုင်
မင်းက သွေးကြောင်ပါလားကွ
မင်းလုပ်နေ ဟိုမှာသိုက်တံခါး.ပွင့်သွားရင် သာသနာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဆုံးရှုံးရတော့မယ်။
ငါက လောကီကိစ္စကို ကိုယ်တိုင်ဝင်လုပ်မရဘူး
ဒါကြောင့် မင်းကို.လုပ်ခိုင်းတာ
...
ထိုစဉ်..
ပိတ်ဖြူဝတ်ထားတဲ့ လူကြီးက
ရာဇမတ်ကွက်ထဲကနေ ကြိမ်လုံးတစ်ရွှမ်းရွှမ်းနဲ့ မြေပြင်ပေါ်ရိုက်နေပါလား..
ငိုယိုသံတွေ အသနားခံသံတွေ နာကြင်စွာ အော်ဟစ်သံတွေကို သက်ခိုင် အတိုင်းသား ကြားနေမိတယ်။
......
ထို့ကြောင့် မိမိကျင့်ကြံခဲ့တဲ့ သမထအားကို.စုစည်းပြီး ကြည့်လိုက်ရာ..
ကလေး.လူငယ်.လူရွယ် မိန်းမ.ယောကျၤားအားလုံး စုစုပေါင်း အယောက်၂၀လောက်ရှိမယ်။
ချည်မန်းကွင်းလက်ပြန်တုတ်ခံထားရပြီး
သူတို့ရဲ့အရှေ့ဆုံးမှာတော့ ဆံပင်ဖြူဖြူအဘိုး တစ်ယောက် ဒူးထောက်လျက်ရှိနေတာ.တွေ့လိုက်ရတယ်။
....
ထိုစဉ်သိုက်ဆရာလုပ်သူက..
အဘိုးကြီး သိုက်တံခါး မဖွင့်သေးဘူးလား
မလုပ်ပါနဲ့ ဆရာရယ်
ဒါကနောင်ပွင့်မယ့်ဘုရားကို လှူမလို့်ရည်စူးထားတာပါ။
ဆရာတို့ လိုချင်ရင် အနည်းအကျဉ်းယူသွားပါ။
....
မရဘူး ပါးစပ်ထဲရောက်နေတဲ့ အသားတုံး လွတ်တာမခံနိုင်ဘူး။
ဒီလောက်ပြောတာမရလဲ မင်းငယ်သားတွေ နာကျင်တာ.ထိုင်ကြည့်ပေါ့ကွာ...
ကဲကွာ ကဲကွာ ရွှမ်း ရွှမ်း..
အမလေး အဘရေ ကယ်ပါဦး
အဘိုးရေ.မြေးတို့နာလှပီ..
.....
ထိုစဉ်..
ဖလပ် ဖလပ်.ဖလပ်.
သစ်ရွက်တွေထဲက တစ်စုံတစ်ယောက် ပြေးလာနေသံ..
သိုက်ဆရာနဲ့အပေါင်းအပါတွေ ရုတ်တရက် ကြောင်တောင်တောင်ဖြစ်သွားတယ်။
......
ဟိုမှာ လူ... လူ
ထိန်းကြစမ်း
စည်းပေါက်ရင် အားလုံးသေကုန်မယ်
သိုက်ဆရာရဲ့အလန့်တကြားအော်သံကြောင့်
ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။
သို့သော် နောက်ကျသွားပီ
သက်ခိုင်ရဲ့ ကန်ချက်တွေမှာ ကန်တော့ပွဲက ပြန့်ကျဲကုန်ပီ။
.....
ထိုစဉ်..
ဟား ဟား ဟား ဟား
ငမိုက်သား လောဘသားတွေ
ငါတို့ကို နာကျင်အောင်လုပ်တဲ့သူတွေ
သေကြစမ်း သေကြစမ်း.
..
ဝေါ. ဝေါ ဝေါ ဝေါ
ဟာ ရေတွေ ရေတွ တောင်ကျရေတွေ
ပြေးဟေ့ ပြေး
သိုက်ဆရာကော.
အပေါင်းအပါတွေပါ
တောင်ကျရေတွေထဲမျောကုန်တယ်
ကူးဟ ကူးဟ
.....
ထိုစဉ် သက်ခိုင်က မြေကြီးပေါ်လှိမ့်နေတဲ့ သိုက်တူးအဖွဲ့တွေကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရီမိတယ်
ဘာလို့ဆိုတော့ သူတို့ကူးနေတာ ရေပြင်မဟုတ်ပဲ မြေကြီးမှာဖြစ်နေလို့ပဲ
.....
ထိုစဉ် သိုက်ချုပ်အဘိုးနဲ့တကွ သိုက်နန်းရှင် နန်းစောတို့က အောင်မြတ်သာကို သိုက်နန်းထဲ ခေါ်သွားခဲ့တယ်။
တောင်နံရံနှစ်ခု ပွင့်ထွက်သွားတာနဲ့ အထဲမှာ.မျက်စိကျိမ်းလောက်အောင် လင်းထိန်နေတဲ့ မနန်းစော.သိုက်ကို သက်ခိုင် မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။
....
ကျောက်သံပတ္တမြားတွေအစ ရွှေငွေအဆုံး သိုက်နန်းထဲမှာ ပြည့်နှက်နေတယ်။
အောင်မြတ်သာလဲ သိုက်ချုပ်အဘိုးနဲ့ စကားအနာည်းငယ်ပြောပြီး။
မနန်းစော.မိဘတွေကြောင့် သူတို့သိုက်နန်းမပျက်စီးရတာဖြစ်တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ရွှေငွေကျောက်သံပတ္တမြား ၁ထုပ် ပေးလိုက်လေရဲ့။
......
မနန်းစောကတော့ သူတို့ရဲ့ သိုက်နန်းကို လုံခြုံတဲ့နေရာကိုပြောင်းရွှေ့တော့မှာဖြစ်တဲ့အတွက် သူမိဘတွေကို အခွင့်အခါကြုံမှ လာတွေ့နိုင်တော့မှာ.ဖြစ်ကြောင်း ပြောခိုင်းခဲ့တယ်။
......
အောင်မြတ်သာတို့လဲ ရွာထဲပြန်ဆင်းလာပြီး ပေးလိုက်တဲ့ပစ္စည်းတွေကို မနန်းစောမိဘတွေလက်ထဲအပ်ကာ ရှေ့ဆက်ရမယ့်ခရီးတစ်ခုကို ထွက်ခွာခဲ့ တော့သည်။
.....
ညဘက်.ညဘက်တွေဆိုရင်.သူဌေးကုန်းရွာ အနောက်ဘက်တောင်ကုန်းမှာ မီးရောင်တထိန်ထိန်နဲ့ သိုက်နန်းပြောင်းရွှေ့နေကြတာကို တစ်ရွာလုံးမြင်တွေ့ရပါတော့သည်။
လေးစားစွာဖြင့်
_ဇေယန(ရာမည)

No comments

Post a Comment