အရိယာနှင့် အရက်

ယူသွားပြီး မြေမြှုပ်ထားတဲ့အလောင်းပေါ်မှာ ပိုက်ဆံကြိုးနဲ့ လည်ပင်းချည်ဟန်ပြုပြီး (မင်းကို ငါပိုင်ပြီ၊ ငါခေါ်ရာလိုက်ခဲ့၊ ငါခိုင်းတာလုပ်၊ ငါ့အကျ... thumbnail 1 summary

ယူသွားပြီး မြေမြှုပ်ထားတဲ့အလောင်းပေါ်မှာ ပိုက်ဆံကြိုးနဲ့ လည်ပင်းချည်ဟန်ပြုပြီး (မင်းကို ငါပိုင်ပြီ၊ ငါခေါ်ရာလိုက်ခဲ့၊ ငါခိုင်းတာလုပ်၊ ငါ့အကျိုးဆောင်ရမယ်)လို့ အမိန့်ထုတ်ပြီး ဆွဲခေါ်ခဲ့တော့… ဟေ့ နောက်က မည်းမည်းကြီး လိုက်လာသတဲ့ကွာ”


“ဟင်… ဒါဖြင့် သူတို့အကြံအောင်တာပေါ့နော်”

“မအောင်ဘူးကွ၊ အဖြစ်က သူတို့အလုပ်မှာ သရဲကိုတော့ ပါအောင်ခေါ်နိုင်တယ်၊ ဒါပေမဲ့ သရဲကို မနိုင်ဘူး။ အဲဒီနောက် သူတို့အဆောင်တွေနဲ့ ဖဲသွားရိုက်တာ… ရှုံးတာချည်းပဲ။ နောက်ဆုံးမှာ အဲဒီသရဲဖိုးကျော်ဟာ သူတို့အိမ်နံဘေးက အပျိုလေးတစ်ယောက်ကို ဝင်ပူးပြောတယ်… (ဟေ့ သူငယ်ချင်း မြင့်ဦး… မင်းဟာ ငါ့အပေါ် လုပ်ရက်တယ်ကွာ… ဒါပေမဲ့ မင်းဆရာက ငါ့ဘဝကို မကျွတ်အောင်ချည်နှောင်ပေမဲ့ ငါ့သဘောကို မနိုင်ပါဘူးကွာ၊ ကြည့်… မင်း ဖဲရိုက်သမျှ ကိုးခေါ်ရင် ငါက ဘူကျအောင်ချည်း လုပ်ပေးတယ်မဟုတ်လား၊ မင်းရှုံးတာတွေ ပြန်မရတဲ့အပြင် ရှိတာတွေကုန်ရစေမယ်)လို့ ပြောသတဲ့ကွာ”

“ဟင်… ဒီလိုတောင် ပြောနိုင်သလား”

“ပြောနိုင်တာပေါ့ကွ… သူတို့အောက်လမ်းဆရာ အစီအမံက ညံ့တာမှမဟုတ်ဘဲ။ ဖိုးကျော်ဟာ သေပေမဲ့ သူ့ဘဝက မကျွတ်သေးဘူး။ သူ့ဝိညာဉ်နဲ့ သူ့စိတ်ဟာ ဒီပတ်ဝန်းကျင်မှာပဲ ရှိနေသေးတာကိုးကွ၊ သရဲဖိုးကျော်ဟာ ဘယ်အထိ ပြောနိုင်သလဲဆိုရင်… အဲဒီကောင်မလေး ဝင်ပူးပြီး… ‘ကျုပ်အမေကို ခေါ်ပေးပါ’ဆိုလို့ ခေါ်ပေးတော့ရင် သူ့အမေကိုလေ… သူ့ဘယ်ပစ္စည်းက ဘယ်နေရာမှာထားတယ်၊ ဘယ်သူ့ဆီမှာ သူက ကြွေး ဘယ်လောက်ရစရာရှိတယ်၊ ဘယ်သူ့ကိုဖြင့် ဘယ်လောက်ပေးစရာရှိတယ်… အမေ အဲဒါတွေ ရှင်းလိုက်ပါဆိုတော့ အဲဒီ သူပြောတာတွေဟာ အကုန်မှန်သတဲ့ကွ၊ အဲ…ကိုမြင့်ဦးလင်မယားကိုတော့ သူ နေ့တိုင်း ကြိမ်းပဲနေတော့…. ကိုမြင့်ဦးအိမ်မှာပဲ နေရတာကိုးကွ။ ညညကျရင် ပန်းကန်တွေခွဲပစ်၊ ကြောင်အိမ်လှဲပစ်နဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနေတာပဲ။ ကြာတော့ အရပ်ကလည်း ဝိုင်းပြောကြနဲ့ ကိုမြင့်ဦးတို့လင်မယား အလျှော့ပေးပြီး သူတို့ဆရာရဲ့အစီအမံနဲ့ပဲ သရဲကို တောင်းပန်ပြီး လွှတ်ပစ်လိုက်ရတော့တယ်”

“အင်း… မယုံနိုင်စရာဘဲနော်”

ကျွန်တော်က စကားထောက်မိရာ ဦးကြွက်သိုးက မျက်ထောင့်နီကြီးနှင့်ကြည့်ရင်း…
“ဘာလဲ၊ ဒါမျိုးယုံရင် ခေတ်နောက်ကျပြီ၊ ရုပ်ဝါဒသာရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် အတင်းညာနေတဲ့ လက်ဝဲသမားဆိုတာတွေကတော့ မယုံဘူးလို့ ငြင်းရမှာပေါ့ကွ၊ ဘာလဲ… မင်းကကော ဘယ်လိုတုံး”

“ယုံပါတယ်ဗျာ၊ ကဲ… ကိုမြင့်ဦးတို့အကြောင်း ဆက်ပြောပါဦး”

“သူတို့လင်မယားဟာ အဲဒီကစပြီး စိတ်ပြောင်းသွားကြတာွ၊ ဘိန်းဖြတ်တယ်၊ ဖဲရိုက်ရပ်တယ်၊ အောက်လမ်းပယ်ပြီး အထက်ဂိုဏ်းဆိုတာ လိုက်ကြပြန်တယ်”

“အဲဒီလိုဆိုတော့ အကောင်းဘက်ရောက်သွားတာပေါ့နော်”

“မထူးပါဘူးကွာ၊ အောက်လမ်းဆရာနဲ့ အထက်လမ်းဆရာ ဆိုတာက ထမီခြုံတာနဲ့ ပိတ်ဖြူဝတ်တာသာ ခြားတာပါ။ ပစ္စည်းဥစ္စာရဖို့၊ တန်ခိုးအာဏာရှိဖို့ လုပ်နေကြတဲ့ လောဘသမားတွေချည်းပါပဲ၊ အဲ… အထက်ဂိုဏ်းဆိုတာက သာပြီး အလိမ်အညာပေါသေးတယ် မောင်။ အဲဒီ ကိုမြင့်ဦးတို့ လင်မယားဟာ ရွှေဖြစ်တယ်ဆိုတဲ့ ဝဏ္ဏသိဒ္ဓိဂိုဏ်းနဲ့ပေါင်းမိတာ မင့်လူ ထောင်ကျသွားပါရောလား”

“ဟာ… ဒီကိုယ်တော်က ထောင်ကျသွားဖူးသေးတယ်၊ အင်း… ဒါလောင်တောင် စုံပေတာကိုး၊ ဘယ်လိုပြစ်မှုနဲ့ ကျတာလဲဗျာ”

“အဲဒီ ဝဏ္ဏသိဒ္ဓိဂိုဏ်းက ရွှေလိမ်ဂိုဏ်းကိုးကွ၊ ဒီအချိန်မှာ ကိုမြင့်ဦးတို့လင်မယားမှာက လိမ်ယူစရာပစ္စည်းဥစ္စာက သိပ်မရှိတော့ဘူးဖြစ်လေတော့ သူတို့နဲ့ပတ်သက်တဲ့ ဆွေမျိုးထဲကဆိုပါတော့ကွာ… လူချမ်းသာတစ်ဦးလိမ်မိတာ… အဲဒီလူက လူပါးလားကွ၊ ကိုမြင့်ဦးတို့လင်မယား လမ်းမှားနေကြောင်းသိရအောင် အကွက်ဆင် ဖမ်းလိုက်တာ… တစ်ဂိုဏ်းလုံးပေါ်သွားတော့ ကိုမြင့်ဦးပါ ကြံရာပါဖြစ်ပြီး ရောပါသွားတာပေါ့ကွာ…”

“ဟင်… ဘယ်နှနှစ်ကျသွားလဲ”

“အဲဒါတော့ ငါမမှတ်မိဘူးကွ၊ မင်း အတိအကျသိချင်ရင် သူတို့ဆွေမျိုးတွေထဲ စုံစမ်းပေါ့ကွာ၊ အဲ… သူထောင်ကလွတ်လာတော့ သူ့ဇနီးက သေရှာပြီ… အဲဒီမှာ မင့်လူ အကျွတ်တရားရပြီး သင်္ကန်းဆီး၊ သာသနာ့ဘောင်ဝင်တော့တာပဲ”

“အင်း… ကျွတ်ထိုက်ပြီကိုးဗျ”

ကျွန်တော်က သာဓုအနုမောဒနာ ပြုမိပါသည်။

“ဘယ်ကျောင်းမှာ သတင်းသုံးသလဲ…”

“ပထမတော့ ရွာကကျောင်းမှာပဲကွ၊ နောက်တော့ ပဒင်းပင်တောရ ဆရာတော်ဆီမှာ သွားပြီး ကမ္မဋ္ဌာန်းထုငိ်တယ်။ သုံးနှစ်လောက်တော့ တို့ရွာက ဘုန်းကြီး ပျံတော်မူတယ်၊ သည်တော့ သူဟာ ကမ္မဋ္ဌာန်းလည်း တော်တော်ပေါက်နေပြီ။ ပဒင်းပင် ဆရာတော်ဘုရားကြီးရဲ့ လက်ထောက်ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်နေပြီ…။ အဲဒီအခါမှာ ရွာကလူတွေက သူ့သွားပင့်ပြီး ရွာကျောင်းမှာ ကျောင်းထိုင်စေတယ်။ ကမ္မဋ္ဌာန်းဆရာ ဦးပညာဆိုတဲ့နာမည်လည်း တော်တော်ကြီးလာတယ်။ အပြောအဟောကလည်း ကောင်းတယ်၊ လူကြည်ညိုအင်မတန်များတယ်၊ တချို့မြို့ပေါ်ကလူတွေပါ လာလာပြီး သူ့ကျောင်းမှာ ဥပုသ်စောင့်ကြတယ်၊ ကမ္မဋ္ဌာန်းထိုင်ကြတယ်။ ဒီတော့… ကျောင်းမှာ စားကောင်းသောက်ဖွယ်တွေက အလွန်ပေါကိုးကွ… အဲဒီတော့ကာ သူနဲ့ ဟိုတုန်းက ဆိုးဘောတေဘက်ဖြစ်တဲ့ သာဖြန် ဆိုတဲ့ကောင်က ကျောင်းလာပြီး ကပ္ပိယလုပ်တယ်။ အဲဒါ… ငါ အစကပြောခဲ့တဲ့ ကပ္ပိယ အရက်ခွက်ပုန်းသမား ဆိုတာပေါ့ကွ…”

“အင်း… အင်း… ကြောင်းကျိုးဆင်ခြင်လိုက်တော့ သူလည်း တစ်နည်းအားဖြင့် ပါရမီဖြည့်ဘက်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင်… ဒီကိုယ်တော်ဟာ သူ့ကြောင့်ပဲ အရိယာပုဂ္ဂိုလ် ရဟန္တာဖြစ်နေပြီဆိုတာ လူအများ သိလာရတာကိုးဗျ၊ အဲဒီနေ့က ဖြစ်ပုံလေး ပြန်ပြောပါဦးဗျာ… ဒီကိုယ်တော် အကြောင်းရေးရင် အဲဒီနေရာလေး အသားပေးရေးရမှာပဲဗျ…”

“အဲဒီနေ့က မနက်ပိုင်းမှာ ရွာတစ်ရွာကပင့်တဲ့ အလှူတစ်ခုကို သွားကြတာကိုးကွ၊ နွားလှည်းနဲ့ သျှောင်ပေစူးနဲ့ ကျောင်းသားလေးက လှည်းမောင်းလို့၊ ဘုန်းကြီးက ကက်အိမ်ထဲ ကောက်ရိုးခံတဲ့ကော်ဇောပေါ်မှာ ထီးကြီးဆောင်း ထိုင်လို့၊ အဲ… ကပ္ပိယ သာဖြန်ကတော့ ရွာကမထွက်မီ နည်းနည်းမော့လာတော့ သူ့ပါးစပ်ကနံမှာစိုးလို့ နေမှာပေါ့လေ… လှည်းနောက်က ခြေကျင်လျှောက်လိုက်ခဲ့တယ်။ ဒီလိုနဲ့ နေအတော်မြင့်ပြီး ပူလာတော့ ဘုန်းကြီးက ရေဆာလာတာနဲ့ လှည်းမောင်းတဲ့ကျောင်းသားလေးကို ‘ဟဲ့ … ငါ ရေသောက်ချင်လိုက်တာဟယ်၊ ဒီအနီးအနား ရေများမရှိဘူးလား’ပေါ့၊ ဒီတော့ ကျောင်းသားလေးက ‘ဘကြီးသာဖြန် လွယ်အိတ်ထဲမှာတော့ ပုလင်းတစ်လုံးမြင်တာပဲ…’ ပြန်လျှောက်တယ်၊ လွယ်အိတ်ကလည်း လှည်းကက်အိမ်နံရံတိုင်မှာ ချိတ်လျက်သားလေး၊ ဒီတော့… ဘုန်းကြီးက ကပ္ပိယဆီလှမ်းပြီး ‘ဟဲ့… ဒကာ၊ ဒါဘာပုလင်းလဲ’လို့မေး၊ ‘ရေပုလင်းပါဘုရာ့’လို့ ပြန်လျှောက်ရ၊ ဒီတော့… ဘုန်းကြီးက ကျောင်းသားလေးကို ‘ဟဲ့… ငါ့ကပ်စမ်း’ဆိုပြီး အမော့၊ ကပ္ပိယကြီးက ပျာပျာသလဲနဲ့ ‘ဒီရေ… မသန့်ပါဘူးဘုရား၊ တပည့်တော် သောက်လက်စကြီးပါဘုရား၊ ဒိပြင်ရေသန့်သန့်ကပ်ပါ့မယ် ဘုရား’လို့ လှည်းပေါ်ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့ဘူး၊ ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။ သည်တော့ ကပ္ပိယကြီးက အဲ… တစ်ခါဖြင့် ဒုက္ခတော့ရောက်ပဟဲ့လို့ ပြူးပြူးပျာပျာ ဖြစ်နေတယ်၊ ဒီတော့… ဘုန်းကြီးက ‘ဟဲ့… ဒကာရယ်၊ ခရီးသွားရင်းလမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ်၊ မင်း သောက်လက်စကော၊ ငါ့သဘောနဲ့ ငါသောက်တာ မင်းမှာ အပြစ်မရှိနိုင်ပါဘူး၊ ရော့… ရော့… ဒီမှာ ကျန်ပါသေးတယ်၊ မင်း ဆာလည်းသောက်လိုက်ဦး။ နေကလည်း ပူသနဲ့ကွယ်’လို့ ဘုန်းကြီးက ဘာမျှ ဣန္ဒြေမပျက်ဘဲဆိုတော့ ကပ္ပိယလည်း အံ့အားသင့်ပြီး ကြောင်ကန်းကန်းနဲ့ ဘုန်းကြီးပေးတဲ့ ပုလင်းလက်ကျန် ယူမော့လိုက်တော့ လားလား… ရေပကတိ ဖြစ်နေရောဟေ့… ဒါပဲကွ။”

“အဲဒီမှာ သာဖြန်ဟာ ရွာပြန်အရောက် သူ့အပြစ်သူဝန်ခံပြီး… သူ့ဆရာတော်ဘုရား သိဒ္ဓိတင်လေတော့ နဂိုကလည်း ကမ္မဋ္ဌာန်းဆရာတော်အဖြစ်နဲ့ နာမည်ကြီးနေတာလားကွ၊ ‘အရိယာများ အရက်ရေဖြစ်တယ်’ဆိုတဲ့ စကားအရ ဒီကိုယ်တော် ဦးပညာဖြင့် ရဟန္တာဖြစ်သွားပြီဆိုတာ တစ်ခါတည်း ဝေးနီးပတ်လည်ပျံ့နှံ့သွားတော့ လာလိုက်ကြတာ… လာလိုက်ကြတာ… ရဟန္တာဖူးရအောင် တောရွာတွေကရော၊ မြို့တွေကရော နွားလှည်းတွေ၊ မြင်းရထားတွေ၊ မော်တော်ကားတွေ အဲဒီမှာ တို့စခန်းသာရွာသားတွေ ပွကြတာပေါ့ကွ”

“ဘယ်လို ပွကြတာလဲဗျ…”

“ဒီလို… လူအများလာကြတော့ တို့ရွာသားတွေ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ၊ အကြော်ဆိုင်တွေ၊ မုန့်ဟင်းခါးဆိုင်တွေ စတဲ့ စားသောက်ဆိုင်တွေ ဖွင့်ကြတာကိုးကွ၊ ရွာက ဘုရားလူကြီးတွေ၊ ဥပသကာတွေကလည်း တစ်စခန်းပေါ့။ ကျောင်းမှာလျှပ်စစ်မီးသွယ်ဖို့၊ ဓမ္မာရုံကြီးဆောက်ဖို့၊ ကမ္မဋ္ဌာန်းကျောင်းတွေတိုးချဲ့ဖို့၊ စေတီကြီးတစ်ဆူတည်ဖို့၊ ဘုရားရွှေချဖို့ဆိုတဲ့ အလှူခံသေတ္တာတွေ၊ ကြေးစည်တွေ တနောင်နောင်နဲ့ပေါ့ကွာ… များများလှူချင်တဲ့ လူတွေအတွက်ဆိုရင် လက်ခံဖြတ်ပိုင်းပေးဖို့ စာအုပ်တွေနဲ့၊ ဟာ… အဲဒီမှာ လာလိုက်ကြတဲ့လူတွေ၊ လှူလိုက်ကြတဲ့ ငွေတွေ သောက်သောက်လဲလို့ကွာ… တချို့များ ဦးပညာရဲ့ ချိုးရေ၊ ဆေးရေတောင် ယူသောက်ကြသတဲ့”

ဤတွင် ကျွန်တော်ကဖြတ်၍…
“ထွီ… ဒါ ဘာဆိုင်သလဲဗျာ…၊ မြတ်စွာဘုရားလက်ထက်က ဘုရားကို အလွန်ကြည်ညိုနေတဲ့ ရဟန်းကြီးတစ်ပါးကို မြတ်စွာဘုရားက ဟဲ့… ရဟန်းကြီး၊ ငါ့ကို ကြည်ညိုနေရုံနဲ့ သင့်မှာအကျိုးမရှိဘူး၊ ငါ့တရားတော်အတိုင်း ငါလိုအားထုတ်မှ ကိစ္စပြီးမြောက်မယ်လို့ ဟောခဲ့တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြသားဗျ၊ ခုတော့ ဒီလို ကိုယ်တိုင်အားထုတ်ဖို့တော့ ပင်ပန်းလို့ မကြိုးစားကြဘူး၊ အကြင်ပုဂ္ဂိုလ်တစ်ယောက် သူ့ဟာသူ ကျင့်ကြံအားထုတ်လို့ ပေါက်မြောက်သွားပြီဆိုတဲ့အခါ အတင်းလိုက်ဖူး၊ အတင်းလိုက်လှူ၊ အရမ်းကြည်ညို၊ အရမ်းကုသိုလ်လိုချင်ကြတာကိုး။ အဲဒီလူတန်းစားဟာ တော်တော်ရယ်စရာကောင်းတယ်”

“အေး… ဒီထက် ရယ်စရာကောင်းတာ ရှိသေးတယ်၊ မင်း… ငါပြောတာ ဆက်နားထောင်… အဲဒီလို တို့ရွာသားတွေ ကိုယ့်ဘုရားကြီးအတွက်ရော၊ သူတို့စီးပွားရေးအတွက်ရော ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်နေတုန်းအခါမှာ သာအေးရယ်ပေါ့ကွာ၊ သူ့စိတ်ထဲမှာ အင်း… တို့ရွာသားတွေ ဒါကြောင့် ကောင်းစားကြတာလို့လည်း မှတ်ချက်ချတယ်”

ကျွန်တော်ကဖြတ်၍…
“အိုး… သူနဲ့ ဘာဆိုင်လို့တုံး”

“ဒီလိုကွ၊ အဲဘုန်းကြီး အလှူသွားမယ့်မနက်မှာ ကပ္ပိယသာဖြန်ဟာ သူ့ဆီပြေးလာပြီး… ‘သူငယ်ချင်း သာအေးရာ… မင်း ငါ့ကို အရက်တစ်လုံး မျှပါဦးကွာ..၊ ငါ ရုတ်တရက် ဘုန်းကြီးနဲ့လိုက်သွားရမှာမို့ပါ၊ မြောက်ပိုင်းက မြကျူးတို့အိမ်သွားနေဖို့ အချိန်မရတော့ဘူးကွာ…၊ ခုပဲ လှည်းထွက်တော့မှာကွာ… မြန်မြန်လုပ်ပါကွာ၊ ရော့ မင်းဈေးပိုယူပါကွာ’လို့ ကမူးရှူးထိုးနဲ့ ငွေထိုးပေးတော့ အရက်မရှိလို့ အရက်ဆာနေတဲ့ သာအေးဟာ အဆင်သင့် ဖြစ်သွားတာလားကွ၊ အိမ်ထဲဝင် ပုလင်းခွံတစ်ခုထဲရေထည့်၊ ဖော့ဆို့ပေးလိုက်တာလားကွ”

ကျွန်တော် မျက်လုံးပြဲသွားကာ…
“ဟာဗျာ… ခင်ဗျားကြီး ကျွန်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ…”

“ဟ… ငါပြောတာတွေ အဟုတ်ချည်းပဲကွ၊ ဒါကြောင့် တို့ရွာက အင်မတန်ဉာဏ်ရွှင်တဲ့ နွားပွဲစား ကိုကျော်ငြိမ်းကတောင် စာချိုးပစ်ခဲ့သေးတယ်၊ ဘယ်လိုလဲဆိုတော့… (ပြဒါးသေ တစ်ပြည်၊ သံသေ တစ်ဆွေဝ၊ အရက်ညာ တစ်ရွာပွ…၊ သာအေးကျေးဇူးကွ)တဲ့။ အဲဒီ သာအေးနဲ့ သာဖြန်လည်း နောက်တော့ ဓာတ်သိချင်းပူးပေါင်းပြီး ဘုန်းကြီးဓာတ်ပုံတွေ ရောင်းစားတာ တော်တော်စီးပွားဖြစ်သွားတယ် မောင်ရေ့…”

□ □ □ □ □

✍ သော်တာဆွေ
📒 ဤလောကမြေမဟီဝယ် (အမျိုးသားစာပေဆုရ)

No comments

Post a Comment