အောင်မြတ်သာနှင့်တောင်သခင်မ

  အောင်မြတ်သာနှင့်တောင်သခင်မ နေပျောက်မထိုးအောင်သစ်ရိပ်ဝါးရိပ်တွေကြီးစိုးနေတဲ့ ကုလားမတောင်တန်းကြီးရဲ့အပေါ်ကို အောင်မြတ်သာတို့ဆရာတပည့်တွေတစ်ရွ... thumbnail 1 summary

 အောင်မြတ်သာနှင့်တောင်သခင်မ


နေပျောက်မထိုးအောင်သစ်ရိပ်ဝါးရိပ်တွေကြီးစိုးနေတဲ့ ကုလားမတောင်တန်းကြီးရဲ့အပေါ်ကို အောင်မြတ်သာတို့ဆရာတပည့်တွေတစ်ရွေ့ရွေ့နဲ့တက်လာခဲ့ကြတယ်။

တောင်ပေါ်ကိုစတက်တဲ့အချိန် ရုတ်တရက်ဖြတ်ပြေးသွားကြတဲ့ တောကြက်တစ်ကောင်စနှစ်ကောင်စကလွဲပြီး အခုချိန်ထိ သက်ရှိတစ်ကောင်တစ်လေကိုမှမတွေ့ရသေးပေ။

တစ်ခါတစ်လေအဝေးကနေ ကြားရတဲ့ မျောက်အော်သံ ချေဟောက်သံတွေက သဘာဝရဲ့သဘောတရားကိုဖော်ဆောင်နေလေရဲ့။

အချိန်အတန်ကြာခရီးဆက်ပြီးတဲ့အချိန်မှာတော့ တောင်ရဲ့လေညာဘက်ကနေ အလွန်တရာမွှေးပျံ့တဲ့ရနံ့တွေလွင့်ပြန့်လာခဲ့တယ်။ အမွှေးနံ့ရတာနဲ့ အောင်မြတ်သာက နှာခေါင်းကိုလက်နဲ့ပိတ်လိုက်တယ်။

သက်ခိုင်နဲ့တောက်ရကလဲ အောင်မြတ်သာနည်းတူနှာခေါင်းကိုပိတ်ထားလိုက်ကြတယ်။ အမွှေးနံ့တွေပျောက်တဲ့အချိန်ရောက်မှ အောင်မြတ်သာက လက်ကိုဖယ်လိုက်ပြီး

" ဒီတောင်ရဲ့အစောင့်တွေက တို့ကိုစပြီးစမ်းသပ်ပြီဟေ့"

" ခုနကရတဲ့အမွှေးနံ့တွေကဘာတွေလဲဆရာ"

" အဲဒီအမွှေးနံ့တွေကိုရှုမိရင် မိနစ်ပိုင်းအတွင်း မူးမေ့သွားတတ်တယ် ဒီနေရာကစပြီး သတိထားကြတော့ ငါ့အခွင့်မရပဲဘာမှမလုပ်မိကြစေနဲ့ "

အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကို သတိပေးပြီး တောင်ခါးပန်းပေါ်ကိုစတက်ခဲ့ကြတယ်။

တောင်ခါးပန်းပေါ်ရောက်တော့ မြောက်ဘက်ကိုထိုးထွက်နေတဲ့ကမူလေးဘေးကနေ အဝါရောင်ခေါင်းပေါင်းပေါင်းထားပြီး ဓါးကောက်ကိုကိုင်ထားတဲ့လူတစ်ယောက်ထွက်လာခဲ့တယ်။ ထိုလူက အောင်မြတ်သာတို့ကိုမြင်တော့

" ဟေ့ ဟေ့ မင်းတို့ကဘယ်သွားမလို့လဲ ဒီဘက်မှာလျှိုပဲရှိတယ် လမ်းမရှိဘူး"

ဓါးကောက်ကိုင်ထားတဲ့လူရဲ့စကားကိုကြားတော့ အောင်မြတ်သာက

" ရပါတယ် ကျုပ်တို့ကဒီလမ်းအတိုင်းပဲသွားရမှာ စိတ်ပူပေးတာကျေးဇူးတင်ပါတယ်"

အောင်မြတ်သာတို့က စကားကိုအမြန်ဖြတ်ကာ လျှိုရှိရာဘက်ကိုသွားဖို့အလုပ်

" ကျုပ်ကမသွားနဲ့လို့ပြောရင် မသွားကြနဲ့ ဒီကနေခြေတစ်လှမ်းတိုးတာနဲ့ ကျုပ်အကြောင်းသိမယ်" လို့ပြောပြီး အောင်မြတ်သာတို့ကို ဓါးကောက်နဲ့ချိန်ထားလိုက်တယ်။

ဓါးနဲ့ချိန်ထားတာမြင်တော့အောင်မြတ်သာက
" သင်ကတာဝန်အရ တားပေမဲ့ ကျုပ်တို့ကလဲ တာဝန်အရဆက်သွားကြရမှာပဲ သင်ဝတ်ထားတဲ့အဝတ်အစားအဆင်တန်ဆာတွေက အခုခေတ်လူတွေဝတ်တဲ့အမျိုးအစားထဲမပါထဲက သင်ဘယ်သူဆိုတာကျုပ်ကသိပြီးသား သင်နောက်ဆုတ်လိုက်ပါ မဆုတ်ပဲဆက်တိုးမယ်ဆိုရင် ကျုပ်တို့လဲတာဝန်အရ ဆက်လုပ်ရလိမ့်မယ်"

အောင်မြတ်သာက ပြောပြီးရှေ့ဆက်သွားဖို့အလုပ် ဓါးကောက်သွားက အောင်မြတ်သာရဲ့ လည်ပင်းပေါ်ကို ဝှီးကနဲ ကျလာခဲ့တယ်။

ဓါးသွားက အောင်မြတ်သာလည်ပင်းဆီရောက်ဖို့ သုံးလက်မလောက်အလိုမှာ အောင်မြတ်သာကိုယ်ထဲကနေ ပြင်းထန်တဲ့လှိုင်းတစ်ခုထွက်လာပြီး ဓါးကောက်ကိုင်ထားတဲ့လူရဲ့ ရင်ဝကိုသွားဆောင့်တယ်။

" ဝုန်း "ဆိုတဲ့အသံနဲ့အတူ လူရောဓါးရောအနောက်ကိုလွင့်ထွက်သွားပေမဲ့ သတိရှိတဲ့ဓါးကောက်နဲ့လူက ဘေးမှာကျနေတဲ့ဓါးကိုပြန်ကောက်ပြီး ကုန်းအထမှာ မြေကြီးထဲကနေ နွယ်ပင်တွေထွက်လာပြီး လက်နဲ့ခြေထောက်တွေကိုရစ်ပတ်ထားလိုက်တယ်။

နွယ်တွေရစ်ပတ်ထားလို့ မထနိုင်ဖြစ်နေတဲ့ လူက အောင်မြတ်သာကိုဒေါသတကြီးကြည့်ပြီး
" တောင်သခင်မက သင်တို့ကို အပြစ်ပေးလိမ့်မယ် သင်တို့အသေဆိုးနဲ့သေရလိမ့်မယ်"ဆိုပြီး ကျိန်ပါလေရော။

အောင်မြတ်သာကတော့ ဘာမှဆက်မပြောတော့ပဲ လျှိုရှိရာဘက်ကို ဆင်းလာခဲ့လိုက်တယ်။ ခြေလှမ်းနှစ်ဆယ်လောက်လျောက်ပြီးတဲ့အချိန်မှာတော့ သစ်ပင်ခြုံနွယ်တွေဖုံးအုပ်နေတဲ့ နေရာတစ်ခုကိုရောက်လာခဲ့တယ်။

ခြုံနွယ်တွေအရှေ့ရောက်တော့ အောင်မြတ်သာက မျက်လုံးကိုစုံမှိတ်ကာ နှုတ်မှလဲ ပါဠိလိုလို ဟိန္ဒူဘာသာစကားလိုလိုပြောလိုက်တဲ့အချိန် ပိတ်နေတဲ့ခြုံနွယ်တွေက သက်ရှိတွေအလား ဘေးကိုဖယ်ထွက်သွားကြတယ်။

ခြုံနွယ်တွေဖယ်သွားတဲ့အချိန်မှာတော့ လျှိုထဲကိုဆင်းလို့ရတဲ့မြေသားလှေကားထစ်တစ်ခုပေါ်လာခဲ့တယ်။ လှေကားထစ်ရဲ့ဘေးတွေမှာတော့ အဝါရောင်ဆေးမှုန့်တွေနဲ့ ပန်းချီရေးဆွဲအလှဆင်ထားတာကိုတွေ့လိုက်ကြရတယ်။

လှေကားထစ်ကနေဆင်းလာတဲ့အချိန် အောင်မြတ်သာက

" ခုနက ဓါးကောက်နဲ့လူက ဘယ်သူဆိုတာမေးမလို့တွေးနေတာလားသက်ခိုင်"

သက်ခိုင်က သူ့စိတ်ထဲမှာတွေးနေတာကို ကြိုသိနေတဲ့အောင်မြတ်သာကိုကြည့်ပြီး

" ဟုတ်တယ်ဆရာ သူကဘယ်သူလဲ တောင်သခင်မနဲ့ဘယ်လိုပတ်သတ်နေလို့လဲ"

သက်ခိုင်ရဲ့အမေးကြောင့် အောင်မြတ်သာရဲ့ခြေလှမ်းတွေ ခဏရပ်လိုက်ပြီး

" သူက တံခါးစောင့်တစ်ယောက်ပဲ တောင်သခင်မ ရဲ့ကျေးကျွန်‌တစ်ယောက်ပေါ့ ဒါပေမယ့် သူသခင်မအချုပ်နှောင်ခံထားရတယ်ဆိုတာတော့ မသိရှာသေးဘူး"

" ဒါဆို အဲဒီကမူက တောင်သခင်မနေတဲ့နေရာအစပေါ့"

" ဟုတ်တယ် ဥပမာပြောရရင် ခြံဝင်းအစပေါ့ အခုငါတို့ဆင်းနေတဲ့ လှေကားက အိမ်ထဲကိုဝင်တဲ့နေရာတစ်ခုပဲ အရှေ့ရောက်ရင် တောင်သခင်မ ဗိမ္မာန်ကိုရောက်ပြီ သူ့ဗိမ္မာန်ထဲက အပ်တိုတစ်ချောင်းတောင်မယူမိအောင်သတိထားကြပါ"

အောင်မြတ်သာက ဒုတိယအကြိမ်ထပ်သတိပေးပြီး လှေကားထစ်ကနေ ဆင်းသွားခဲ့တယ်။ လှေကားထစ်အဆုံးရောက်တော့ လူတစ်ဖက်စာလောက်ကြီးတဲ့ ဆီမီးတိုင်နှစ်တိုင်ကိုဘေးတစ်ဖက်တစ်ချပ်မှာထွန်းထားပြီး အလယ်မှာတော့လှပသေသပ်စွာထုလုပ်ထားတဲ့တံခါးတစ်ချပ်ကိုတွေ့လိုက်ရတယ်။

အလွန်ကြီးမားတဲ့ဆီမီးတိုင်တွေရဲ့ အလင်းက လှိုဏ်ဂူတစ်ခုလုံးကို ရှင်းလင်းစွာမြင်နေရတယ်။ အဲဒီအချိန်တောက်ရက ဂူနံရံမှာအလေ့ကျပေါက်နေတဲ့ နွယ်ပင်တစ်ပင်ကို အမှတ်မထားမိပဲ နှုတ်ယူမိလိုက်တယ်။ အောင်မြတ်သာက တံခါးချပ်တွေအရှေ့ကိုသွားဖို့ခြေလှမ်းပြင်လိုက်တဲ့အချိန် ဘေးတစ်ဖက်တစ်ချပ်မှာရှိတဲ့ နံရံတွေကနေ
"ရွှီး" ဆိုတဲ့အသံနဲ့အတူ မြှားအစင်းပေါင်းများစွာ ထွက်လာခဲ့တယ်။

စက္ကန့်ပိုင်းလောက်ပဲကြာတဲ့အချိန်မှာ ဖြစ်သွားတဲ့အတွက် အောင်မြတ်သာတို့ပြင်ဆင်ချိန်မရလိုက်ပဲ အငိုက်မိသွားတယ်။

အစင်းပေါင်းများစွာသောမြှားတွေက အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ကိုယ်ထဲကို စိုက်ဝင်သွားခဲ့တယ်။

အောင်မြတ်သာကတော့ မြှားတွေစိုက်နေတဲ့အတိုင်းမလှုပ်မယှက်ငြိမ်သက်နေတဲ့အချိန် သက်ခိုင်နဲ့ တောက်ရက အောင်မြတ်သာရှိရာဆီကို တွားသွားပြီးလာနေကြတယ်။

အဲဒီအချိန်အောင်မြတ်သာရဲ့ နဖူးအလယ်တည့်တည့်ကနေ အလင်းတန်းတစ်ခုပေါ်လာခဲ့တယ်။ အဲဒီအလင်းတန်းက သက်ခိုင်နဲ့တောက်ရတို့အပေါ်ကိုဖြာကျသွားတဲ့အချိန် အောင်မြတ်သာဆီလာနေတဲ့ သက်ခိုင်နဲ့တောက်ရက အရှေ့ကိုမလာတော့ပဲအနောက်ကိုပြန်ဆုတ်သွားခဲ့တယ်။

တစ်ဖြေးဖြေးနဲ့အချိန်တွေအနောက်ပြန်ရစ်သလိုဖြစ်လာခဲ့ပြီးသက်ခိုင်ရောတောက်ရပါ သတိလစ်သွားခဲ့ကြတယ်။

သတိရလာတော့ လျှိုအထဲကိုဆင်းမဲ့ မြေသားလှေကားထစ်ထိပ်ပေါ်ကိုရောက်နေခဲ့တယ်။ ဒါပေမယ့် သက်ခိုင်နဲ့တောက်ရက ဘာကိုမှသတိမရတော့ဘူး။

လျှိုထဲကိုဆင်းမဲ့အချိန် အောင်မြတ်သာက တောက်ရကိုကြည့်ပြီး
" တောက်ရ မင်းကိုတာဝန်တစ်ခုအရေးတစ်ကြီးပေးစရာရှိတယ်"

" ဟုတ်ကဲ့ဆရာ ပြောပါ"

" အခုငါတို့ကျင့်သုံးနေတဲ့လမ်းစဉ်ဆိုတာ သမာဓိကိုအခြေခံထားတဲ့လမ်းစဉ်ဖြစ်တယ် သာမာန်လူတစ်ဦးလိုနေလို့မရတဲ့အခြေအနေတွေအများကြီးရှိတယ် ဒါကြောင့် မင်းအနေနဲ့ ဒီထက်ပိုလေ့လာသင်ယူဖို့လိုသေးတယ် အခုမင်းကိုပေးမဲ့တာဝန်က နည်းနည်းဝောာ့ကြီးလေးလိမ့်မယ် ဒါပေမယ့်မင်းလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်"

ရုတ်တရက်ပြောလာတဲ့ အောင်မြတ်သာရဲ့စကားကိုကြားပြီး တောက်ရ တွေဝေသွားတယ်။

" ကျွန်တော်အခု ဒီထဲကိုမလိုက်ရတော့ဘူးလား"

" ဟုတ်တယ် မင်းကိုခေါ်သွားလို့မရတဲ့အခြေအနေကရှိနေခဲ့တယ် ဘာကြောင့်မခေါ်သွားလဲဆိုတာ မင်းတစ်နေ့သိလိမ့်မယ် အခုမင်းလုပ်ရမှာက လူတစ်ယောက်ကိုရှာဖို့ပဲ အဲဒီလူက ငါနဲ့ရုပ်ချင်းတူနေလိမ့်မယ် သူ့ကိုတွေ့အောင်ရှာပါ ရှာတွေ့ရင်မင်းတာဝန်ပြီးဆုံးပြီ သူ့ကိုမတွေ့သေးသရွေ့ ငါတို့ဆီပြန်မလာပါနဲ့ သူ့ကိုရှာနေစဉ်အတွင်း မင်းရဲ့အစွမ်းတွေတိုးပွားအောင် ကျင့်ကြံပါ တစ်နေ့တော့ပြန်ဆုံကြရအောင်"လို့ပြောပြီး လျှိုထဲကိုဆင်းသွားခဲ့တယ်။

သက်ခိုင်က ဘာမှနားမလည်ပဲ အောင်မြတ်သာအနောက်ကိုလိုက်လာခဲ့လိုက်တယ်။ တောက်ရကတော့ ရုတ်တရက်တာဝန်ပေးတာခံလိုက်ရတဲ့အတွက် စိတ်ထဲဘဝင်မကျပေမဲ့ အောင်မြတ်သာရဲ့စကားကိုတော့မလွန်ဆန်ရဲခဲ့ဘူး။

အောင်မြတ်သာတို့လျှိုအထဲကိုရောက်တော့ သက်ခိုင်က

" ဆရာ တောက်ကိုဘာဖြစ်လို့ မောင်းထုတ်လိုက်တာလဲ"

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာကသက်ခိုင်ကိုလည်ပြန်ကြည့်လိုက်ပြီး

" ဘာကြောင့်မောင်းထုတ်လိုက်ရတာလဲသိချင်ရင် မျက်လုံးကိုခဏမှိတ်ပြီး အာရုံပြုထားလိုက်ပါ တစ်ခုခုကိုမြင်ရလိမ့်မယ်"

သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် မျက်လုံးကိုစုံမှိတ်ပြီး အာရုံပြုလိုက်တဲ့အချိန် အတိတ်ကပုံရိပ်တွေက တစ်ခန်းချင်းပေါ်လာခဲ့တယ်။

ကွမ်းတရာညက်လောက်ကြာတော့ သက်ခိုင်ရဲ့မျက်လုံးတွေပြန်ပွင့်လာပြီး

" ကျွန်တော်တိုက သေရာကနေပြန်ရှင်လာတာပေါ့ "

" ဟုတ်တယ် မင်းရဲ့ဘေးကနံရံကိုကြည့်လိုက် ဘာတွေ့ရလဲ"

သက်ခိုင်လဲ ဘေးကကျောက်နံရံကိုကြည့်လိုက်တော့အင်းကွက်ပြောင်းပြန်ဆွဲထားတာကိုတွေ့လိုက်ရတယ်။

" ဆရာ ဒါက ..."

"ဒီထဲကိုမဝင်ခင်ထဲက တစ်ခုခုအမှားယွင်းဖြစ်ခဲ့ရင် ကာကွယ်လို့ရအောင် အချိန်လှည့်အင်းကိုဆွဲထားခဲ့တာ ဒီလိုလုပ်ထားလို့ပဲ ငါတို့ဒီနေရာပြန်ရောက်လာခဲ့တာ"

" ဆရာအတန်တန်မှာထားတဲ့ကြားထဲက တောက်ရသတိမမူပဲလုပ်ခဲ့တာကြောင့် တောက်ရကိုမောင်းထုတ်ခဲ့တာကိုး"

" ဟုတ်တယ် ဒီနေရာတွေက မူလအနေအထားနည်းနည်းလေးတောင်ပျက်လို့မရဘူး နံရံတွေထဲမှာလူကိုသေစေနိုင်တဲ့လက်နက်တွေအများကြီးရှိတယ် တောင်သခင်မနဲ့ပါလာတဲ့သူတွေထဲမှာ စက္ကောမအတတ်တတ်တဲ့သူတွေရှိတယ်ဆိုတာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကသက်သေပဲ"

" ဟုတ်ကဲ့ဆရာ အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်ရအောင်သတိထားပါမယ်"

သက်ခိုင်တို့လဲ မြေသားလှေကားထစ်အတိုင်းဆင်းလာတဲ့အချိန် တောက်ရနှုတ်ခဲ့တဲ့ နွယ်ပင်လေးအနားရောက်တော့ အောင်မြတ်သာက

" အရှေ့ရောက်ရင် တံခါးချပ်တစ်ချပ်တွေ့လိမ့်မယ် တံခါးချပ်ကိုဖွင့်တဲ့အချိန် တံခါးစောင့်ပုဂ္ဂိုလ်တွေနှောက်ယှက်တာ ခံရနိုင်တယ် ဒါကြောင့် အချုပ်အင်းကိုအသင့်ပြင်ထားပါ အနားကိုကပ်မရအောင်လဲ စည်းချထားပါ "

သက်ခိုင်လဲ အောင်မြတ်သာ ပြောတဲ့အတိုင်း အသင့်ပြင်ထားလိုက်တယ်။

အောင်မြတ်သာက တံခါးအရှေ့ရောက်တော့ အင်းချပ်နှစ်ချပ်ကိုထုတ်ပြီး တစ်ဖက်တစ်ရွက်စီကပ်လိုက်တယ်။ အင်းချပ်တွေကပ်ပြီး တံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန် လေးဖက်လေးတန်ကနေ ထွက်လာတဲ့သံချွန်တွေက အောင်မြတ်သာတို့ရဲ့ရင်ဝဆီကို ဦးတည်လာခဲ့တယ်။

သံချွန်တွေထွက်လာတာမြင်တဲ့အောင်မြတ်သာက ဘေးနှစ်ဖက်ကို လက်နဲ့ကာလိုက်ပြီး သက်ခိုင်က အရှေ့နဲ့အနောက်ကို လက်နဲ့ကာထားလိုက်တယ်။

အောင်မြတ်သာနဲ့သက်ခိုင်ရဲ့ လက်ဖဝါးတွေမှာတော့ အသင့်ဆောင်ထားတဲ့အင်းချပ်တွေကနေထွက်လာတဲ့ ကွန်ယက်တွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး အောင်မြတ်သာတို့ရဲ့ကိုယ်ကိုလုံအောင်ဖုံးထားပေးခဲ့တယ်။

သံချွန်တွေက အောင်မြတ်သာတို့ကိုယ်မှာကာရံထားတဲ့ ကွန်ယက်တွေနဲ့ထိပြီး ဘေးကိုချော်ထွက်သွားတဲ့အချိန် အောင်မြတ်သာတို့က တံခါးအထဲကိုဝင်လာခဲ့တယ်။

တံခါးအထဲကိုရောက်တော့ ကျောက်ပလ္လင်ပေါ်မှာခြေချိတ်‌ထိုင်နေသူတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ခြေချိတ်ထိုင်နေတဲ့သူက အောင်မြတ်သာတို့ကိုမြင်တော့ ပလ္လင်ပေါ်ကနေဆင်းလာပြီး

" တောင်သခင်မကသင်တို့ခေါ်ပြီးထဲကသူ့ဗိမ္မာန်ကိုပြန်မရောက်သေးဘူး ဘာကြောင့်ပြန်မရောက်တာလဲ"

" သင်ကရောဘယ်သူလဲ ဘယ်လိုကြောင့် တောင်သခင်မထိုင်တဲ့ ပလ္လင်ပေါ်တက်ထိုင်နေရတာလဲ"

" ပလ္လင်ပေါ်ထိုင်တဲ့ကိစ္စထက် သင်တို့ဒီကိုဘာလာလုပ်တာလဲ"

" ကျုပ်တို့က ဒီတောင်ရဲ့သခင်မအစစ်ကို လာကယ်တာ"

" ဟားဟားဟား တောင်သခင်မကိုသင်တို့ခေါ်သွားတာလေ ဘယ်လိုကြောင့် တောင်သခင်မအစစ်ကိုလာကယ်တယ်လို့ပြောရတာလဲ"

စကားကိုဝေ့ဝိုက်ပြောနေသူကြောင့် အောင်မြတ်သာပြုံးလိုက်ပြီး

" သာမန်လူတွေဝင်လို့မရတဲ့နေရာအထိ ကျုပ်တို့ရောက်လာတယ်ဆိုထဲက ကျုပ်တို့ဘာလဲဆိုတာခင်ဗျားသိသင့်တယ် ကျုပ်စကားကိုပွင့်ပွင့်လင်းလင်းပြောတာပဲကြိုက်တယ် သင်ဇာတိရုပ်အမှန်ကိုကျုပ်ဖော်ရမလား သင်ကိုယ်တိုင်ထုတ်ပြမလား"

အောင်မြတ်သာရဲ့ပြတ်သားတဲ့စကားကြောင့် ပလ္လင်ကိုမှီပြီးရပ်နေတဲ့သူရဲ့မျက်နှာ တင်းသွားပြီး

" သင်တို့တောင်ပေါ်ကိုစတက်လာထဲက ဒီလိုဖြစ်မယ်ဆိုတာကြိုသိလို့ လုပ်သင့်တာတွေလုပ်ထားပြီးပြီ သင်တို့ပညာရပ်က မခုခံတဲ့လူတွေကို ထိခိုက်အောင်လုပ်မရဘူးဆိုတာလဲသိတယ် ဒါကြောင့် သင်တို့ကိုကျုပ်ဘာမှမလုပ်ဘူး သင်တို့ပြောသလိုကျုပ်ဘာလဲဆိုတာတော့ပြမယ်" လို့ပြောပြီး ခေါင်းကိုလက်နဲ့လိမ်ချိုးလိုက်ရာ ဦးခေါင်းက တိကနဲပြတ်ထွက်လာပြီး လည်ပင်းကနေသွေးတွေပန်းထွက်လာခဲ့တယ်။

ခေါင်းပြတ်နေတဲ့ခန္ဓာကိုယ်က အောင်မြတ်သာအရှေ့ကိုတစ်ရွေ့ရွေ့လျောက်လာပြီး အနားရောက်တော့ ကျောက်ပြင်ပေါ်ပြတ်ကျနေတဲ့ ခေါင်းကနေ

" ငါက တောင်သခင်မရဲ့ ကိုယ်ရံတော်ပဲ သူ့ကိုဖမ်းပြီးနန်းချဖို့ ငါပဲကြံစဉ်ခဲ့တာ အခုသူကို့ ဒီလှိုက်ဂူရဲ့အောက်ခြေမှာဖမ်းထားတယ် သင်တို့သွားကယ်ကြလေ ဟားဟားဟား" ဆိုပြီးပြောတော့ အောင်မြတ်သာက

" သင်တို့ဘယ်လိုအစီအရင်တွေလုပ်လုပ် ကျုပ်ကတော့ရအောင် ကယ်ထုတ်ရမှာပဲ ဒါမှသာ ဒီတောင်က သခင်အစစ်အမှန်ရဲ့လက်ထဲကိုရောက်မှာ တောင်သခင်မ ပြန်မလွတ်အောင်ဆုတောင်းကြပေါ့ " လို့ပြောပြီး ပလ္လင်ရှိရာဘက်ကို မျက်နှာမူကာ ပလ္လင်အလယ်တည့်တည့်မှာရှိတဲ့ ကျောက်အနီကိုလက်နဲ့ဖိချလိုက်တယ်။

ကျောက်အနီလုံးက ပလ္လင်အတွင်းထဲဝင်သွားတဲ့အချိန် ပလ္လင်အလယ်ကနေ ထက်ခြမ်းကွဲသွားပြီး တောင်အောက်ခြေကိုဆင်းတဲ့လှေကားတစ်ခုပေါ်လာခဲ့တယ်။

ကျောက်လှေကားပေါ်လာတာမြင်တော့ ပြတ်နေတဲ့ခေါင်းကနေ

" ဒီခလုပ်ကိုသိတဲ့သူက စက္ကောမဆရာကြီးနူခရားနဲ့ တောင်သခင်မပဲရှိတာသင်တို့ကဘယ်လိုသိတာ‌လဲ"ဆိုပြီး အံ့ဩစွာမေးတော့ အောင်မြတ်သာက

" သင်တို့က တောင်သခင်မကို ဖမ်းချုပ်ထားပြီးပြီဆိုတော့စိတ်အေးလက်အေးနေနေတာကိုး သူပညာသူ့ကျင့်ကြံနိုင်မှုကိုလျော့တွက်ထားတာသင်တို့အတွက်မဟာအမှားပဲ" လို့ပြောပြီး ကျောက်လှေကားကနေဆင်းလာခဲ့လိုက်တယ်။

ကျောက်လှေကားအထဲကိုရောက်တော့ အေးမြတဲ့ အအေးဓါတ်က အရင်ဆုံးဦးကြိုခဲ့တယ်။

"ဆရာ ဒီထဲကတော်တော်အေးတာပဲ"

" အခုငါတို့ကတောင်ရဲ့အောက်ခြေကိုရောက်နေတာ ကျောက်စိမ့်ရေတွေရဲ့အအေးဓါတ်ကြောင့် အခုလိုအေးနေတာ မကြာခင် အနွေးဓါတ်ရတော့မှာပါ သိပ်လဲစိတ်မပူပါနဲ့"

အောင်မြတ်သာက အရာရာကိုကြိုသိနေသလို အရှေ့ကဦးဆောင်ပြီးထွက်သွားခဲ့တယ်။ သက်ခိုင်လဲအောင်မြတ်သာအနောက်ကနေ ထပ်ချပ်မကွာလိုက်လာခဲ့တာ ကွင်းပြင်တစ်ခုလိုကျယ်ဝန်းတဲ့ နေရာတစ်ခုကိုရောက်လာခဲ့တယ်။

ကွင်းပြင်က စားကျက်မြေတစ်ခုစာလောက်ကျယ်ဝန်းပြီး ဘေးပတ်ပတ်လည်မှာတော့ ဆီမီးခွက်တွေအပြည့်ထွန်းထားတယ်။ ကွင်းပြင်ရဲ့အလယ်မှာတော့ လက်ခြောက်ချောင်းရှိတဲ့ ရုပ်တုလေးခုကိုတွေ့ရပြီး အလယ်မှာတော့ ခြေတွေလက်တွေကို ချည်မန်းကြိုးနဲ့ချည်ထားခံရတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက ရုပ်ထုအလယ်ကမိန်းမကိုမြင်တော့

" သက်ခိုင် အဲဒီအမျိုးသမီးက တောင်သခင်မပဲ သူ့လက်မှာချည်ထားတဲ့ ချည်မန်းကွင်းကိုဖြတ်ပေးမှသူလွတ်မှာ "

" ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ဒီကွင်းပြင်ကိုသိပ်မသင်္ကာဘူး အစီအရင်တစ်ခုခုတော့ရှိမယ်ထင်တယ်"

" အစီအရင်ကတစ်ခုထဲမဟုတ်ဘူး မင်းသိချင်ရင် လွယ်အိတ်ထဲက စက္ကူကိုလုံးပြီး ကွင်းပြင်ထဲကိုပစ်ထည့်ကြည့်လိုက်"

သက်ခိုင်လဲအောင်မြတ်သာပြောတဲ့အတိုင်း လွယ်အိတ်ထဲက ဆီစိမ်စက္ကူကိုလုံးပြီး ကွင်းပြင်ထဲကိုပစ်ထည့်လိုက်တဲ့အချိန် ဆီစိမ်စက္ကူလုံးကျတဲ့နေရာမှာ ရှိနေတဲ့ ကျောက်ချပ်က ပွင့်ထွက်သွားပြီး အောက်ခြေကနေ မီးတောက်မီးလျှံတွေထွက်လာခဲ့တယ်။

"လူဆိုရင်တော့ ပြာဖြစ်သွားမှာဆရာရေ မလွယ်ဘူး"

သက်ခိုင်ကပြောပြောဆိုဆို စက္ကူလုံးနောက်တစ်လုံးကိုအခြားနေရာကိုပစ်ထည့်လိုက်တယ်။ ဒီတစ်ခါမှာတော့စက္ကူလုံးကျသွားတဲ့နေရာရဲ့ ထောင့်လေးထောင့်ကနေ လှံနှစ်လက်ကိုင်ထားတဲ့ သံမဏိရုပ်ထုတွေပေါ်လာပြီး စက္ကူလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထိုးချလိုက်တယ်။

"ဆရာရေ ခြေတစ်လှမ်းတောင်ချမရအောင် စီမံထားတာ ခက်တော့ခက်ပြီ "

သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက
" မဖြစ်ဖြစ်အောင်ကယ်ထုတ်ရမှာပဲလို့ပြောပြီး အင်းချပ်တစ်ချပ်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တာ အောင်မြတ်သာ‌ဘေးပတ်လည်မှာ ဓါးနှစ်လက်ကိုင်ပုဂ္ဂိုလ်လေးပါးပေါ်လာခဲ့တယ်။ အောင်မြတ်သာက ဓါးကိုင်ထားတဲ့ပုဂ္ဂိုလ်လေးပါးရဲ့ နဖူးကို လက်ညိုးနဲ့ထောက်ပေးပြီး

" သင်တို့ကို ကျုပ်တို့ဂိုဏ်းရဲ့ လေးကွက်အင်းကိုချီးမြှင့်လိုက်သည် တောင်သခင်မကိုချုပ်နှောင်ထားတဲ့ ချည်မန်းကွင်းကိုသွားဖြတ်ချေ နှောက်ယှက်ဟန့်တားသူများအား ရှင်းလင်းကြ‌"လို့အမိန့်ပေးလိုက်တာနဲ့ ဓါးနှစ်လက်ကိုင် ပုဂ္ဂိုလ်တွေက ဓါးကိုဝင့်ကာ တောင်သခင်မရှိရာပြေးဝင်သွားကြတယ်။

‌တောင်သခင်မကိုဝန်းရံထားတဲ့ရုပ်တုတွေနဲ့တစ်လံအကွာကိုရောက်တော့ ကျောက်ပြင်ထဲက‌နေရဲရဲနီနေတဲ့ ချည်မန်းကြိုးတွေထွက်လာပြီး ဓါးကိုင်လေးပါးရဲ့ကိုယ်ခန္ဓာတွေကိုချုပ်ထားပါလေရော။

ပူလောင်လွန်းလို့အော်ဟစ်နေ‌တဲ့ ဓါးကိုင်တွေကိုမြင်ဝောာ့ တောင်သခင်မရဲ့ မျက်လုံးတစ်ဖြေးဖြေးပွင့်လာပြီး

" ငါ့ရှင် ငါ့ဘဝကနေသားကျနေပါပြီ အခြားသူတွေထိခိုက်အောင်မလုပ်ပါနဲ့ ဒီပညာရပ်တွေက လောကီလောကုတ္တရာဘက်မှာအထူးချွန်ဆုံးသူတွေစီရင်ခဲ့တာ သင်တို့အောင်မြင်ဖို့မလွယ်ဘူး သင်တို့ပြန်ကြပါ "

တောင်သခင်မကစကားပြောပြီး အနောက်ဘက်ကိုပြန်လှည့်သွားတယ်။ အောင်မြတ်သာလဲ အင်းစောင့်ပုဂ္ဂိုလ်တွေစေလွှတ်ပေမယ့် အားလုံးချည်မန်းကြိုးဒဏ်ကိုမခံနိုင်ကြပေ။

အင်းစောင့်ပုဂ္ဂိုလ်တွေနဲ့မရတဲ့အဆုံး အောင်မြတ်သာမျက်လုံးကိုစုံမှိတ်ကာ တင်ပလ္လင်ခွေထိုင်ချလိုက်တယ်။ သက်ခိုင်လဲ အောင်မြတ်သာနည်းတူထိုင်ချလိုက်ပြီး စိတ်လွှင့်ခြင်းဆိုတဲ့ သမထကိုရှုမှတ်နေလိုက်တယ်။

မိနစ်အနည်းငယ်အတွင်းမှာ အောင်မြတ်သာရဲ့ကိုယ်ထဲကနေ ကိုယ်ပွားတစ်ခုလွင့်ထွက်လာတာကိုသက်ခိုင်အာရုံထဲမှာမြင်လိုက်ရတယ်။ အဲဒီကိုယ်ပွားက သက်ခိုင်ကိုကြည့်ပြီး

" ငါတောင်သခင်မရဲ့စည်းအတွင်းရောက်တဲ့အခါ ‌တောင်သခင်မပတ်လည်မှာရှိတဲ့ကျောက်ရုပ်တွေအသက်ဝင်လာလိမ့်မယ် သူတို့အသက်ဝင်လာတာနဲ့ စက္ကောမပညာနဲ့ လောကီအစီအရင်တွေ လည်ပတ်လာလိမ့်မယ် စ‌က္ကောမအတတ်ကိုဖျက်စီးဖို့ ပုံရိပ်‌ယောင်အတုတွေထုတ်ပေးပါ လောကီအစီအရင်ကိုတော့ ငါဖျက်မယ်"လို့ပြောပြီး ကွင်းပြင်ထဲကိုဝင်သွားလိုက်တယ်။

ရုပ်မရှိပဲ နာမ်ပဲရှိတဲ့ကိုယ်ပွားဖြစ်လို့ စက္ကောမပညာရပ်တွေအလုပ်မလုပ်ပေမဲ့ အစီအရင်တွေကတော့ အောင်မြတ်သာရဲ့ကိုယ်ပွားကို ချုပ်နှောင်ဖို့ကြိုးစားပါလေရော။

ရုပ်ထုတွေရဲ့ကိုယ်ခန္ဓာကနေ ထွက်လာတဲ့ ချည်မန်းကွင်းတွေက ‌အောင်မြတ်သာကိုရစ်ပတ်ဖို့ကြိုးစားပေမယ့် အောင်မြတ်သာက လက်ဝါးစောင်းနဲ့ရိုက်ချလိုက်တဲ့အခါ တစ်ဖြောင်းဖြောင်းနဲ့ပြတ်ထွက်ကုန်တယ်။

ချည်မန်းကွင်းပြီးတော့ အောက်လမ်းပညာနဲ့စီရင်ထားတဲ့မှန်ချပ်ကိုယ်စီကိုင်ထားတဲ့ မိန်းမလေးယောက်ထွက်လာပြီး အောင်မြတ်သာကို မှန်ထဲထည့်ဖို့ကြိုးစားကြပြန်တယ်။ အောင်မြတ်သာက မှန်ချပ်ကိုင်ထားတဲ့မိန်းမတွေအနားမရောက်ခင်ပဲ လက်ပြန်ရိုက်ထုတ်လိုက်ရာ အကုန်လွင့်ထွက်ကုန်တယ်။

မှန်ချပ်ကိုင်အောက်လမ်းဆရာမလေးယောက်စည်းထဲကနေအပြင်လွင့်ထွက်သွားတော့မှ ဖမ်းချုပ်ခံထိထားတဲ့ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေပြန်လွှတ်လာပြီး အောင်မြတ်သာအနားမှာ ဝိုင်းထားလိုက်ကြတယ်။

အောင်မြတ်သာလဲ တောင်သခင်မအနားကိုရောက်တာနဲ့ သက်ခိုင်က အင်းစမတွေကို ထုတ်ကာကွင်းပြင်ထဲကိုပစ်ထည့်လိုက်တယ်။ အင်းစမတွေက ကွင်းပြင်ထဲရောက်တာနဲ့ ပုံစံမျိုးစံအရုပ်တွေဖြစ်သွားပြီး စက္ကောမပညာတွေကို ကမောက်ကမဖြစ်အောင် ဒုက္ခပေးပါလေရော။

အောင်မြတ်သာရဲ့ကိုယ်ပွားက တောင်သခင်မအနားလဲရောက်ရော

" ချည်မန်းကြိုးကိုဖြတ်ဖို့ ရုပ်ထုလေးခုလုံးမှာရှိတဲ့ ဓါးလေးချောင်းကိုပေါင်းမှရမယ် "ဆိုပြီးပြောတဲ့တောင်သခင်မအသံကိုကြားလိုက်ရတယ်။

အောင်မြတ်သာလဲ တောင်သခင်မပြောတဲ့အတိုင်း ရုပ်ထုလေးခုမှာရှိတဲ့ ဓါးလေးလက်ကိုပေါင်းဖို့ဖြုတ်ယူလိုက်ပေမယ့် ကိုယ်ပွားဖြစ်နေတဲ့အတွက် ဓါးကိုကိုင်မရဖြစ်နေတဲ့အချိန် အချိန်တွေကတစ်ဖြေးဖြေးနောက်ပြန်ဆုတ်နေတာကိုသတိထားမိလိုက်တယ်။ သက်ခိုင်ကိုကြည့်လိုက်တော့ အချိန်လှည့်အင်းကို စနစ်တကျဆွဲနေတာမြင်လိုက်ရတယ်။

အောင်မြတ်သာက အချိန်တွေနောက်ပြန်ဆုတ်နေတာကိုသိလိုက်တာနဲ့ ကိုယ်ပွားကို ကိုယ်အစစ်ရှိရာနေရာကိုပြန်ပို့လိုက်ပြီး ဘေးပတ်ပတ်လည်ကို စည်းချကာ အချိန်နောက်ပြန်လှည့်တဲ့အခါ မပါအောင် ထိန်းထားလိုက်တယ်။

အချိန်တွေတစ်ဖြေးဖြေးနဲ့အနောက်ပြန်ဆုတ်လာခဲ့တာ စက္ကောမအတတ်တွေမဆင်ရ‌သေးတဲ့အချိန်
တောင်သခင်မကို ချည်မန်းကွင်းစွပ်လုဆဲဆဲကိုရောက်တော့မှ စည်းထဲကနေ အချုပ်အင်းနှစ်ရွက်ကိုပစ်ထုတ်လိုက်တယ်။

သက်ခိုင်လဲ အခြေအနေကိုရိပ်စားမိပြီး အချိန်တျွေနာက်ဆုတ်နေတာကိုရပ်ချလိုက်တယ်။ အောင်မြတ်သာလဲ အချုပ်အင်းကိုပစ်လွတ်ပြီးတာနဲ့ ချည်မန်းကွင်းစွပ်ခံရတော့မဲ့ တောင်သခင်မကို အချုပ်အင်းထဲထည့်ပြီး သက်ခိုင်ရှိရာဘက်ကိုပြန်ဆွဲယူခဲ့တယ်။

သက်ခိုင်လဲ တောင်သခင်မအချုပ်အင်းထဲပါလာပြီဆိုတာနဲ့ ပုံမှန်အချိန်ပြန်ရောက်အောင် အချိန်လှည့်အင်းကို ပြောင်းပြန်ပြန်လှည့်လိုက်တယ်။ အရာအားလုံးမူလနေရာကိုပြန်ရောက်သွားပေမယ့် အချုပ်အင်းထဲမှာရှိနေတဲ့ တောင်သခင်မကတော့ မူလအနေအထားကိုမရောက်ခဲ့ဘူး။

အခြေအနေအားလုံးပြီးသွားတဲ့အခါ ရုပ်ထုလေးခုရဲ့အထဲမှာ တောင်သခင်မမရှိတော့ပဲ အပြင်ကိုခေါ်ထုတ်လာနိုင်ခဲ့တယ်။

မျက်နှာကိုဇာပဝါအပါးနဲ့ဖုံးထားတဲ့တောင်သခင်မက အောင်မြတ်သာကို လေးစားသမှုနဲ့အရိုအသေပေးလိုက်တဲ့အချိန် ‌အပေါ်ကိုပြန်တက်တဲ့ ကျောက်လှေကားဘေးကနေ စိမ့်စမ်းရေတွေထွက်ကျလာခဲ့တယ်။

အောင်မြတ်သာတို့လဲ တောင်သခင်မကိုပလ္လင်ပေါ်ပြန်တင်ပေးလိုက်တဲ့အချိန် ကျောက်တောင်နံရံတွေကနေ ထိုးခွဲပြီးထွက်လာတဲ့ အရိုးစုတွေကိုမြင်လိုက်ရတယ်။ အရိုးစုအကောင်ပေါင်းများစွာက တောင်သခင်မကိုအရိုအသေပေးလိုက်တဲ့အချိန် တောင်သခင်မကလက်ထဲက ဇာပဝါလေးကိုလှုပ်ရမ်းပြီး အားလုံးကိုမူလပုံစံဖြစ်အောင်ပြန်လုပ်ပေးခဲ့တယ်။

အဲဒီတော့မှ အရိုးစုအသွင်ပျောက်ပြီး မူလပုံစံပြန်ရလာတဲ့ တောင်သခင်မငယ်ကျွန်တွေက ယခင်သစ္စာဖောက်ခဲ့တဲ့သူတွေကို လိုက်ဖမ်းပါလေရော။ အောင်မြတ်သာတို့လဲ တောင်သခင်မဆီကို အယောင်ဆောင်ဘီလူးမကိုအပ်ပေးခဲ့တယ်။

တောင်သခင်မက အောင်မြတ်သာတို့ကို ကြည်ညိုပြီး ဂိုဏ်းထဲကိုဝင်ရောက်ခဲ့တယ်။ အဲဒီနောက်ပိုင်း ကုလားမတောင်ကြောတစ်လျောက်မှာရှိတဲ့ရွာတိုင်း တောင်သခင်မကို ယုံကြည်ကိုးစားလာခဲ့ပြီး လပြည့်လကွယ်နေ့တိုင်း တောင်သခင်မအတွက် ကန်တော့ပွဲလာရောက်ပေးခဲ့ကြတဲ့အထိ ပူဇော်ခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ ကုလားမတောင်ပြဿနာကိုဖြေရှင်းပြီးတဲ့နောက်ပိုင်း အလွန်ဆိုးသွမ်းသောင်းကျန်း‌တဲ့ သားခြောက်တစ်ကောင်ကို ဆုံးမခဲ့ကြသေးတယ်။

အဲဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် သားခြောက်ငမွှေဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment