ချိုးတည်သမား

  ငတော ငလုံး ဝတ္ထုတိုများ - တွင်းကြီးဝမ်းမောင် ၈။ ချိုးတည်သမား (၁) လောဝါးကိုင်ကာ ထွက်လို့သွား ဟိုစုံမြို... thumbnail 1 summary

 ငတော ငလုံး ဝတ္ထုတိုများ - တွင်းကြီးဝမ်းမောင်

၈။ ချိုးတည်သမား
(၁)
လောဝါးကိုင်ကာ ထွက်လို့သွား
ဟိုစုံမြိုင်ဖျား တောတစ်ခို။
မောင်လေးမွေးတဲ့ ရွှေချိုးညို
မကူလိုလျှင်
ပန်းညိုညွန့်ရှင် ချိုးနတ်ကိုတင်။
(ရှေးရေးကဗျာ)
သူ့ကို မြပိုတော၌ ငတောနှင့် ငလုံးတို့ ချိုးတည်ရာမှ ရခဲ့သည်။
ထိုနေ့က ချိုးတည်၍ ကောင်ရေလည်း အရများသည်။ တည်ချိုးကြီး အောင်မောင်းနှင့် အပြိုင်အဆိုင် ကူရာတွင် သူ့အသံက အင်အား ပါသည်။ ချိုအေးကြည်လင်သည်။ ကူ ရာ၌ အကူသန်သည်။
ငတောရော ငလုံးပါ သဘောကျပြီး ရောင်းသည့် အထဲ၌ သူ့ကို မထည့်။ တည်ချိုးအဖြစ် ကျင့်ရန် သားအဖ နှစ်ယောက်စလုံး တိုင်ပင်ပြီး လှောင်အိမ် ထဲမှာ ထည့်ကာ မွေးခဲ့သည်။
သူတို့အိမ်၌ ယခင်ကရှိခဲ့သော တည်ချိုးကြီး အမည်မှာ အောင်မောင်း။
နောက်မှ တည်ရ၍ တည်ချိုးအဖြစ် ကျင့်သော သူ့ကို မြပိုတောမှ ဖမ်းရလာသဖြင့် အမည် ပေးလိုက်သည်က မြပို။
ဟုတ်သည်။ သူ့အမည်က မြပို။ ငတောတို့ ငလုံးတို့ ကျင့်မွေး မွေးထား သော တည်ချိုးသစ် အမည်။ ။
တည်ချိုးနှင့် ပတ်သက်သော သမား ဆိုရိုးရှိသည်။
ကြီးလည်။
ငယ်လင်း။
တည်ချိုးအဖြစ် မွေးမြူရာ၌ တည်ရသော ချိုးနှစ်မျိုးကိုသာ မွေးလေ့ ရှိသည်။ ချိုင့်ကြီးရွာမှာ တည်ရသော ချိုးနှစ်မျိုးက ချိုးလည်ပြောက်နှင့် ချိုးလင်းပြာ။ ။
ပုံမှန်အနေအထားအရ ချိုးလည်ပြောက်နှင့် တည်လျှင် ချိုးလည်ပြောက် ကသာ ဝင်ရောက် ခွပ်လေ့ရှိသည်။
ချိုးလင်းပြာနှင့် တည်လျှင် လင်းပြာကသာ လာရောက် ခွပ်လေ့ရှိသည်။ လည်ပြောက်ဖြစ်ပါလျက် တည်ချိုးလင်းပြာကို ဝင်မခွပ်၊ လင်းပြာ ဖြစ်ပါ လျက် တည်ချိုး လည်ပြောက်ကို ဝင်မခွပ်။
ခြွင်းချက်တော့ ရှိသည်။
တည်ချိုးက ချိုးလည်ပြောက်ဖြစ်ပါလျက် ချိုးလင်းပြာက ဝင်ရောက် ခွပ်တတ်သော အချိန် တစ်ချိန်ရှိသည်။ ထိုအချိန်မှာ လင်းပြာတို့ သားသမီး ပေါက်နေချိန် သူ့ အသိုက်အမြုံ အနီး သွားပြီး ချိုးလည်ပြောက်ဖြင့် တည်မိပါက လင်းပြာ အထီးရော အမပါ သားသမီးစိတ် မွှန်၍ ဝင်ခွပ်တတ်သည်။
သည်အချက်ကလွဲလျှင် လည်ပြောက်လိုချင်က လည်ပြောက်ဖြင့်သာ တည်ရသည်။ လင်း​ပြာလိုချင်က လင်းပြာဖြင့်သာ တည်ရသည်။
တည်ချိုးသည် ချိုးရိုင်းကို ကျင့်ရခြင်းဖြစ်ရာ ကျင့်ချိန် ကြာတတ်သည်။ ချိုးတစ်ကောင် အဆင့်အတန်းမီသော တည်ချိုးဖြစ်ရန် များသောအားဖြင့် သုံးနှစ် ဝန်းကျင်အထိ ကြာရှည် ကြာမော မွေးရသည်။
ချိုးရိုင်းသည် ရိုင်းသော ချိုးပီပီ လှောင်အိမ်မှန်း မသိ၊ အစာမှန်း ရေမှန်း မသိ။ ပိုင်ရှင်မှန်း သခင်မှန်း မသိ။
ဖမ်း၍ လှောင်အိမ်ထဲထည့်ကြည့်မိသူမှာ အတွေ့အကြုံ မရှိသူ ဖြစ်ပါက မလှောင်ရက်တော့ဘဲ လွှတ်ချင်စိတ် ပေါက်လာသည်အထိ အပြင်း အထန် ရုန်းကန် တိုးဝှေ့သည်။ အရိုင်းစိတ်ဖြင့် အားကုန် အင်ကုန် ဆန့်သည်။
ချိုးလှောင်အိမ်ကို ပစ်ပစ်တိုးသော ချိုးရိုင်း။ ပစ်ပစ်တိုးရာ၌ လန်လန်ကျလာသော ချိုးရိုင်း။
အပဲ့အရွှဲ့ သွေးစသွေးနများနှင့် ဒဏ်ရာ ဗရပွ ရနေသော ချိုးရိုင်း။ အစာမှန်း ရေမှန်း မသိဘဲ လွတ်နိုး လွတ်နိုး ရုန်းရင်း ရုန်းကန် စုတ်ပြတ် ကျသွားသော ချိုးရိုင်း။
တည်ချိုးရိုင်းကို သခင်မှန်း သိစေရုံမျှမက တော၌ယဉ်ပါးပြီး တခြား ချိုးကို တည်ရအောင် ကျင့်ရသည့် အလုပ်မှာ ခက်ခဲလှပါဘိတောင်း။
ချိုးရိုင်း အချို့မှာ လှောင်အိမ်ထဲ ထည့်စမှပင် ရုန်းရင်း ရုန်းရင်း သေသည်အထိ ရိုင်းသွားကြကြောင်း ငတောတို့ ငလုံးတို့ တွေ့ဖူးသည်။
အားမတန်၍ မာန်လျှော့ပြီ။ အစာကငတ်ရေကငတ်၍ အစာနှင့် ရေဆာပြီ။
အစာရှာ ရေရှာရာမှ ချိုးလှောင်အိမ်ဘေး ချိတ်ထားသော ရေခွက်နှင့် အစာခွက်ကို တွေ့၍ ရေသောက် အစာစားပြီ ဆိုလျှင် ချိုးတည်သမား ဝမ်းသာ ရသည်။ ရေမှန်း မသိ အစာမှန်း မသိဘဲ သေကျေသော အဆင့် မရောက်တော့ ဟု စိတ်ချရသည်။
ရေမှန်း အစာမှန်း သိလာသောချိုး အဆင့်မှ သခင်မှန်း သိလာသော အဆင့် ရောက်ရန် နှစ်ချီ စောင့်ရသည်။
အစာနှင့် ရေကို လူတိုင်း သွားထည့်ရပါ၏။ လူစိမ်း ဖြစ်သော် လှောင် အိမ်ထဲမှ ချိုးမှာ တဝုန်းဝုန်း၊ သူ့သခင်ဖြစ်က ပုံမှန် အနေအထား၊ သည် အနေအထားကို သခင်မှန်း သိသော အဆင့်ဟု ခေါ်သည်။
တည်ချိုး တစ်ကောင်ကို နွားတစ်ကောင်နှင့် လဲသည်။ ငွေ ထောင်ချီ၍ ပေးသည်ဟု ဆိုပါက သာမန် လူတို့ ရင်သပ် အံ့သြ ကြသည်။
ချိုးပဲ သည်လောက် ပေးရသလားဟု ဆိုကြသည်။ တည်ချိုးတစ်ကောင် ဖြစ်ဖို့ မလွယ်။ တည်ချိုးကောင်း တစ်ကောင်ရဖို့က သာ၍ သာ၍ မလွယ်။
တည်ချိုးတစ်ကောင် ရဖို့ လေ့ကျင့်ရာ၌ ကျင့်သူအနေဖြင့် စိတ်ရှည် ရသည်။ သည်းခံရသည်။ တည်ချိုးကောင်း အပေါ် တန်ဖိုး ထားရသည်။ အချိန် ယူရသည်။
ချိုးရိုင်းကလည်း သူ့ကိုယ်သူ သေသည်အထိ မရိုင်းဖို့ လိုသည်။ လူနှင့် နီးစပ်သော ဘဝ၌ မွေ့လျော်သော အကျင့် လျင်လျင်မြန်မြန် ရဖို့ လိုသည်။ ချိုးနှင့်လူ ဘာသာစကား မတူသော်လည်း လူအလို ချိုးသိ။ ချိုးအလို လူသိဖို့ လိုသည်။ တောထဲ၌ သဘာဝအလျှောက် လွတ်လွတ်လပ်လပ် နေခဲ့စဉ်က ချိုးရိုင်းသည်။ အားကုန် အင်ကုန် မြူး၍ တကူးကူးသံ မစဲအောင် ကူတတ် သည်။
အိမ်လည်းဖမ်းလာ လှောင်အိမ်ထဲလည်း ရောက်၊ စိတ်ထင်တိုင်း တိုးဝှေ့ ကန်ရုန်း၊ ရုန်းမရတော့ ထွက်မရတော့ ချိုးအို ချိုးနာကြီးလို တမှိုင်မှိုင်။
အိမ်ရှိ လှောင်အိမ်ထဲ၌ ချိုးရိုင်းအနေဖြင့် အလျင်ကကဲ့သို့ ကူရန် နှစ်ချီ စောင့်ရသည်။
ကူတတ်ပါလျက် တစ်ခွန်းမှ မကူဘဲ ပေခံနေတတ်သည်မှာ ချိုးရိုင်း ဓလေ့စရိုက်ပင်။
အိမ်မှာလည်း ချိုးကူပါပြီ။ လူကိုလည်း ချိုးယဉ်ပါပြီ။ သခင်မှန်း၊ ချိုလှောင်အိမ်မှန်း သိလာပါပြီ။
သည်မျှဖြင့် တည်ချိုးအဆင့် မရောက်သေး။ လှောင်အိမ်ထဲမှ တည်အိမ် ထဲသို့ ရောက်အောင် အကူး သင်ရသသည်။ လှောင်အိမ်ထဲမှ တည်အိမ်ထဲ
ရောက်ပြီး ချိုးပျော်အောင် တစ်စတစ်စဖြင့် ကျင့်ပေးရသည်။ လှောင်အိမ်နှင့် တည်အိမ် အကူးမှာ ချိုး မလန့်ဖို့၊ ကြောက်၍ ဆုတ်ခံ ဆုတ်ခံ မဖြစ်ဖို့ သတိ များစွာ ထားမှ တော်ရုံ ရှိသည်။
လှောင်အိမ်မှ တည်အိမ်အကူး သင်ပြီးပြီ။
ဘာ ဆက်လုပ်ရဦးမည်နည်း။
တောယဉ်ပါး၍ တော၌ ကူရရန် ပြန်ကြိုးစားရသည်။
အတော် ထူးဆန်းသည့် ချိုးစရိုက်ပါ။
ချိုးဓလေ့ပါ။
ဖမ်းသည့်နေ့အထိ တောထဲမှာ အားရပါးရ ကူနေသော ချိုး။ လှောင်အိမ်ထဲ ရောက်သောအခါ တောထဲ မဟုတ်၍ လုံးဝ မကူသောချိုး။
ကာလရှည်ကြာလာမှ လှောင်အိမ်ထဲမှာလည်း ကူဝံ့၊ တည်အိမ်ထဲမှာ လည်း ကူဝံ့၊ ပြန်ဖြစ်လာသည့် ချိုး။
အဲ့ဒီ ချိုးကို တည်အိမ် ထည့်ပြီး သူ အလျင် ကူခဲ့သော တောထဲသို့ | ထုတ်သည့်အခါ ရုတ်တရက် ပြန်မကူဝံ့တော့။
တောထဲ၌ ပြန်ကူဝံ့သော ချိုးကို လူက အနီး နေပေးရ၏။ သို့မဟုတ် လူမြင်ကွင်း ထားပြီး ကူဝံ့စေရန် တော၌ ထုတ်ပေးရ၏။
တောမှာ ကူဝံ့စ ပြုပြီး လူအစွာခံပြီဆိုမှ သစ်ပင်နိမ့်နိမ့်ကို စမ်းတင် ကြည့်ရသည်။ သစ်ပင်နိမ့်နိမ့် ကုံမှ သစ်ပင်လတ်၊ သစ်ပင်လတ်မှ သစ်ပင် မြင့်မြင့် တစ်စတစ်စ ကူဝံ့စေရန် တင်ပေးရသည်။
စိတ်တိုင်းကျ ကူဝံ့ပြီ၊ သူရောက်ရာ တောကို သူ ပိုင်တော့ သဘော ထားပြီး ဘယ်ဘာလာလာ လာခဲ့တော့ဟု စိန်ခေါ်ဝံ့ပြီဆိုမှ အစမ်းတည်ရသည်။
အစမ်းတည်ပြီးမှ တစ်စတစ်စဖြင့် တိုးပြီး နယ်မရွေး အချိန်မရွေး တည်ရသည်အထိ စမ်းစမ်း တိုးတိုး ထည့်ရသည်။
ချိုးရိုင်းမှ သည်အဆင့် ရောက်စေရန် ယေဘုယျအားဖြင့် သုံးနှစ် ပတ်ဝန်းကျင် အထိ ကြာတတ်သည်။
သည့်ထက် စောသော ချိုး မရှိဘူးလား မေးလျှင် အဆင်ပြေက သည်ထက် စော၍ တည်ရသော မျိုး ရှိတတ်သည်။ အဆင်မပြေက ငါးနှစ်အထိ ကြာတတ်သော ချိုးလည်းရှိသည်။ သည်သို့ ရှိတတ်သည့်အထဲ၌ အဆင်ပြေ စေရန် တည်ချိုး ကျင့်ရာတွင် လိုက်နာသင့်သော အချက်ကို ရှေးရိုးသမားကြီး များက ဆိုရိုးပြု၍ ကြီးလည်၊ ငယ်လင်းဟု ညွှန်းပြုခဲ့ကြသည်။
ကြီးမှတည်သော အဖြစ် လေ့ကျင့်လိုပါက ချိုးလည်ပြောက်ကို ကျင့်ပါ။ ချိုးလင်းပြာထက် ပို၍ အဆင်ပြေသည်။ လင်းပြာထက် လည်ပြောက်က ကျင့်ရာ တွင် လွယ်သည်ဟု ဆိုရိုး ပြုကြသည်။
ငယ်ငယ် ကတည်းက မွေး၍ တည်ချိုးအဖြစ် လေ့ကျင့်ရာတွင် ချိုးလင်း​ပြာသည် ချိုးလည်ပြောက်ထက် အဆင်ပြေသည်။ ငယ်ငယ်ကတည်းက လူနှင့် ယဉ်ပါးလာသော ချိုးလင်းပြာသည် တည်ချိုးအဖြစ် လေ့ကျင့်ရာ၌ ပိုမို အဆင်ပြေစေသည်ဟု ညွှန်းပြခဲ့ကြသည်။
ငတောတို့ ငလုံးတို့ တည်ချိုးအဖြစ် ရွေးချယ်ခဲ့သည့် မြပိုတောမှ ရခဲ့သည့် ချိုးသည် ချိုးလည်ပြောက်။ ချိုးလည်ပြောက်မို့ ' ကြီးလည် ငယ်လင်း' ဟူသော ဆိုရိုးနှင့်လည်း ကိုက်ညီသည်။ မြပိုဟု အမည် ပေးထားသော ထို ချိုးလည်ပြောက်သည် နှစ်နှစ် ကျော်လာသောအခါ အစမ်းတည် ရလာသည်။ သုံးနှစ်ကျော် ကြာသောအခါ အောင်မောင်းလောက် တည်ချိုး ကောင်း မဟုတ် သည့်တိုင် လက်သင်ချိုးထဲတွင် တောမရှောင် နယ်မရွေး တည်ရသော အလား အလာ ရှိသည့် တည်ချိုး ဖြစ်လာသည်။
သူ့ကို တည်တော့မည့်အကြောင်း လူသားနှင့် သူ့အကြား သင်္ကေတ အဖြစ် သူ သိထားသည်က သူ့ကို ကျွေးသော အစာ။
သူ့ကို တည်ခါနီး၌ ငတောတို့ ငလုံးတို့က အထူး အစာကို ကျွေးလေ့ ရှိသည်။ ထိုသို့ ကျွေးလေ့ရှိသော အကြိမ်ရေ များလာသောအခါ တည်ချိုး မြပို နားလည်သွားဟန် ရှိသည်။
အောင်မောင်းသည် မြပိုထက် တည်ချိုးကောင်း မှန်သော်လည်း ဝက်ခြံ ပေါက်နေ၍ ယခု အရေးပေါ် အချိန်မှာ အောင်မောင်းကို ထုတ်၍ မတည်နိုင်။
ယခုချိန်မှာ ငတောရော ငလုံးပါ အရေး ပေါ်နေချိန်။ ။ ငတောမှာ အရပ်ကူပါ၊ လူဝိုင်းပါ။ ဆရာကူပါဟု သေလုမြောပါး ဖြစ်နေသည့် ဘဝမှ အပြင်းအထန် ကုသထားရသော လူမမာ။
ဆေးလေး ကောင်းမှုကြောင့် ငတော သေတော့မသေနိုင်။ သို့ရာတွင် နာလန် အတော်လေး ပြန်ထယူရမည်။ ငတော လူမထူဘဲ လူမကူဘဲ သွားနိုင် လာနိုင် အဆင့် မရောက်သေး။
သူ့မိသားစု အခြေအနေက ရှင်းရှင်းလေးပါ။
ငတော ပြေးလွှား ရုန်းကန် ရှာဖွေ ကျွေးမွေးခဲ့သော မိသားစုဖြစ်ရာ ငတော မလုပ်ကိုင်နိုင်သည့်အခါ အကျပ်အတည်း တွေ့ရသည်။
မိဂျမ်းမှာ လူမမာကို ပြုစုရ၊ ချက်ရ၊ ပြုတ်ရ ဗာဟီရ လုပ်ရ။ ငမုံးနှင့် လေးခင်မက ကျောင်းသားကျောင်းသူ။ ဘယ်သူ လှုပ်ရှားရမည်နည်း။ ငလုံးသာ လှုပ်ရှား ရုန်းကန်ရမည်။ ဆေးဖိုးဝါးဖိုး၊ ဓာတ်စာဖိုး၊ ဆန်ဖိုး၊ ဆီဖိုး၊ ပဲဖိုး၊ ငါးပိဖိုး။
သည်တော့ တတ်သည့်ပညာ မနေသာဘဲ ငလုံး လုပ်ရကိုင်ရသည်။ သူ့အဖေ ငတောနှင့် တွဲ၍ လုပ်ခဲ့သော တောလိုက် သားကောင်ရှာ အလုပ်ကို သူ လုပ်တတ်သမျှ သူ နားလည်သမျှ လုပ်ရသည်။
ချိုးရိုက် ပြီးခဲ့ပြီ။
ငုံးခြောက် ပြီးခဲ့ပြီ။
ယခု ချိုးတည်ရဦးမည်။
ချိုးတည်မည့် အကြောင်းကို သူနှင့်အတူ လိုက်ပါမည့် ညီဖြစ်သူ ငမုံးကို တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှာ ချိုးတည် လိုက်ခဲ့ကွာဟု ငလုံး
ပြောပြီးပါပြီ။
တည်ချိုး မြပိုကိုတော့ စကားဖြင့် ပြောမရ၊ မြပို သိထားသော ဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော အထူး အစာကို ကျွေး၍ မြပိုကို လှမ်း ဆက်ပြီးပါပြီ။
ရှေးသမားကြီးများက
“လောဝါးကိုင်ကာ ထွက်လို့သွား
ဟိုစုံမြိုင်ဖျား၊ တောတစ်ခို၊
မောင်လေးမွေးတဲ့ ရွှေချိုးညို၊
မကူလိုလျှင်၊
ပန်းညိုညွန့်ရှင်၊ မျိုးနတ်ကိုတင်”
ဟု ကဗျာတို စာတိုဖြင့် ညွှန်းပြုခဲ့ပါ၏။
ချိုးတည် သွားရာ၌ တည်ချိုးက ကူလိုစိတ် မရှိ။ ကူလိုစိတ် မရှိ၍ မကူ။ မကူလို၍ မကူဘဲနေပါက ချိုးတည် မရ။ ချိုးတည်ရအောင် လုပ်ချင်လျှင် ချိုးကူလိုစိတ် ပေါက်စေရန် လုပ်ရမည်။ ချိုးနတ်ကို တင်သလို ချိုးနတ်က မ,စသလို ထင်ရလောက်အောင် အစွမ်းထက်သည်မှာ ပန်းညိုလေးရွက် ဖြစ်သည်။ ပန်းညို လေး အရွက်၏ အညွန့်ကို ကျွေးပါဟု ရှေးချိုသမားကြီးများက ခိုင်းခဲ့၏။
သည်အစဉ်အလာ နည်းကို ငတောက ငလုံးကို ပြသည်။
ငတောရော ငလုံးပါ လိုက်နာခဲ့သည်။
ယခု ငတော နေမကောင်းသောအခါ ငလုံးသည် သူကိုယ်တိုင် စီစဉ်၍ သူ့ တည်ချိုးကို ကျွေးခဲ့သည်။
ပန်းညိုလေးအရွက်နှင့် အညွန့်ကို နွမ်းရုံအဆင့်ထိ နေ၌ပြပြီး ပြောင်းလုံး တစ်ဆုပ်စာနှင့် ရောကာနယ်သည်။ ရောနယ် ပြီးသော ပြောင်းနှင့် ပန်းညိုလေးကို တည်ချိုး မြပိုအား သုံးရက်တိတိ သည်အစာချည်းသာ ဆက်တိုက် ဆက်တိုက် ကျွေးသည်။
မြပို အနေဖြင့် ပန်းညိုလေးရွက် အစွမ်း ပြလာသည်။
သူ့ တည်အိမ် အတွင်းရှိ လျှောက်တန်းပေါ် ပြေးလိုက် လွှားလိုက် ဆင့်ကာ ဆင့်ကာ ကူလိုက်၊ မြူးထူး ပျော်ပါးလိုက်နှင့် ပျော်မဆုံး မြူးမဆုံး၊ မြပို ကူသံမှာ အင်အား ပါသလို ရွှင်လန်း တက်ကြွမှု အပြည့်။
ငလုံးသည် မြပိုကို ကြည့်၍ ခေါင်းတညိတ်ညိတ်။
ဟုတ်သည်။
တည်ချိုး မြပို အနေဖြင့် ချိုးတည်ရန် အတွက် အားရစရာ အနေအထား ရောက်နေပြီ။
ငလုံးအနေဖြင့် တည်ကွင်း ရွေးရတော့မည်။
(၂)
သံသာငယ်လေး
လင်းပြာရွှေငှက်ကယ်
တောကြက်က ကြွေး။
တက်တက်တူ
တောင်ပူစာ သည်ကုန်းက
ငှက်ငုံးမြည်သံစုံနှင့်
လွမ်းမှုန်တဲ့ရေး။
(လက်ဝဲသုန္ဒရ)
ချိုး ဟူသည့်ငှက်ကို တည်ရာမှာ အကဲခတ်ဖို့ လိုသည်။
အကဲခတ်ပြီး တည်ရလောက်မှ ဝင်တည်က ချိုးရတတ်သည်။
ချိုးရှိတိုင်း တည်မရ။ တည်ရလောက်အောင် မြူးထူး ပျော်ပါးနေမှ ချိုးတည်ရသည်။
ငလုံး ချိုင့်ကြီးရွာ ပတ်ဝန်းကျင်ရှိရှိသမျှတောများထဲမှ ချိုးမြူနိုင်မည့် တောများကို ခန့်မှန်းကာ ချိုးတည်ရန် အကဲခတ်သည်။
တက်တက်တူ ဟူသော တုတ်သံ ပေးနေသည့် ခါများ။
ရွှီး ရွှီး ဖြင့် လေချွန်သလို အသံပေးနေသည့် ငုံးများ။
အဝေးဆီမှ လေသင့်ရာ ပါလာသော တောကြက်တွန်သံများ။
ဂီးခနဲ ဂီးခနဲ အော်မြည် ပျံသန်းနေသော ငှက်ခါးကြီးများ။
ကူသံ ပေးနေသော ချိုးလင်း​ပြာများ အစရှိသည့် အသံတို့ကို အဆက် မပြတ် ကြားနေရပါ၏။ သူတို့ တည်ချိုး မြပိုက ချိုးလည်ပြောက်။
ချိုးလည်ပြောက်ဖြင့် တည်က ချိုးလည်ပြောက်သာ လာမည်။ ရမည်မို့ ချိုးလည်ပြောက် နေထိုင်ရာတောကို ငလုံး မတွေ့တွေ့အောင် ရှာရမည်။ ချိုးလင်း​ပြာ ကူသော တောကို ကျောခိုင်း၍ ချိုးလည်ပြောက် တွေ့နိုင်သော တောဘက်ဆီသို့ ငလုံး ခြေဦးလှည့်ခဲ့သည်။
မိုးနည်းဒေသ ဖြစ်သည်တိုင် သစ်ပင်တောတောင် မှန်သမျှ မိုးဓာတ် ဝချင်တိုင်းဝကာ နှင်းရည်ပါ ဆက်လက် သောက်သုံး ထားရသဖြင့် ရှုလေရာ ဝန်းကျင်တစ်ခိုတွင် မြစိမ်းကမ္ဗလာ ဖုံးလွှမ်းထားသလို စိုစိုပြည်ပြည် လှလှပပ။
တောပန်းရနံ့စုံ သယ်ဆောင်လာသော ဆောင်းလေသည် သဘော ကောင်းနေ၏။ တရကြမ်း မတိုက်ဘဲ လေညင်းလေနုအေးသဖွယ်လေးသာ တသုန်သုန် တိုက်ဖြူးလျက်ရှိသည်။
ယခုနား၌ ကြားလိုက်သော နှစ်ဆင့်ချိုးကူသံ ထွက်ပေါ်လာရာ မန်ကျည်းပင် အုပ်အုပ်ကြီးဆီ လှမ်းကြည့်လိုက်သည်။
နယ်ခံ ချိုးလည်ပြောက်သည် ကူသံပေးလိုက်၊ သူ့နယ်ဖြစ်သော မန်းကျည်းပင်ပေါ်မှ ဦးဝန် ဦးခနဲ ထောင်၍ တက်လိုက် မန်းကျည်ပင်ပေါ် နားလိုက်၊ ကူသံ ပေးလိုက်၊ ဝှီးခနဲ ဝှီးခနဲ ထောင်၍တက်လိုက်နှင့် မြူးထူးနေသည်မှာ မရပ်မနား။
ချိုး နားသော ကိုင်းအထိ ငလုံး လိုက်ကြည့်သည်။
ချိုးသည် သူ နေထိုင်လေ့ရှိသော အပင်ဖြစ်သည့်တိုင် နားချင်ရာမနား၊ သူ နားနေကျ နေရာကိုသာ ခုံခုံမင်မင်ဖြင့် နားသည်။ သူ နားလေ့ရှိသော နေရာကိုလည်း သူ နားနေကျ အပင်၌ မှတ်မိသည်။ ချိုးတည်သမားအဖို့ သည်မျှ အသေးစိတ် ကြည့်ရသည်။
အမြင့်မှာ နားနေကျ ချိုးက အမြင့်မှာ နားသည်။
ချိုးတည်အိမ်ကို အောက်ခြေကိုင်းများ၌ သွားချိတ်ထားက ရုတ်တရက် ဆင်းမခွပ်။
အနိမ့််၌ နားနေကျဖြစ်သော ချိုးသည် ချိုးတည်အိမ်ကို အမြင့်မှာ ချိတ်ထားက ရုတ်တရက် တက်မခွပ်။
သူ နားနေကျ သစ်ပင်ကိုင်းပေါ်မှသာ နေကုန်နေခန်း ရန်တစောင် စောင်။ မာန်တသွင်းသွင်း နေတတ်သည်။ အလွန် အလွန် စိတ်ဆိုးအောင် တည်ချိုးက ကူတတ်သည့်တိုင် နေမကုန်ဘဲ ဝင်မခွပ်။
သည်နေရာ၌ ချိုးပါး ချိုးလည် ဖြစ်၍ အခြားအပင်မှ လှမ်းစောင့်ကြည့်နေသော နယ်ခံချိုးကို မဆိုလိုပါ။ သူ နားနေကျ အပင်၌ တွေ့ကြုံရသည်ကို ဆိုလိုပါသည်။
အချိန်ကုန် နောက်အပင်မဆက်ရ၊ နေ့တွက်မကိုက် အဖြစ်ကို ရှောင် ရှားလိုသော ချိုးတည်သမားသည် ချိုးတည်ရန် စကြည့်ကတည်းက ချိုး နားနေကျ သစ်ပင်ပေါ်တွင် မည်သည့် ကိုင်း၌ နားလေ့ရှိကြောင်း အနီးစပ်ဆုံး ခန့်မှန်းနိုင်အောင် ကြည့်ရသည်။
ချိုင့်ကြီးရွာသည် ချိုးလင်းပြာ၊ ချိုလည်ပြောက်နှင့် ချိုးနီပုပေါများသော ရွာဖြစ်ရာ တစ်နေ့တာ ချိုးတည်နိုင်မည့် တည်ကွင်းတည်ကွက်ကို ချိုင့်ကြီး ပတ်ပတ်လည် တစ်မနက်ခင်း လျှောက်ကြည့်ရုံဖြင့် ငလုံး စိတ်ကြိုက်နေရာများ တွေ့သည်။
သူ့ ခေါင်းထဲ၌ အကြမ်းဖျင်း မှတ်သားပြီးနောက် ငလုံး အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရင်း အဝေးဆီ၌ ထီးထီးမားမားကြီး တည်ရှိနေသော ရှင်မတောင်ကြီးကို ငလုံး လှမ်းကြည့်သည်။
ရှင်မတောင်ကြီး ဆီ၌ မြရည်ညိုလဲ့၍ မြူခိုးတွေ ဝေနေသည်။
ငှက်ပေါင်းစုံ တွန်ကျူးနေကြသံ၊ အစာလုသံ၊ မဖိုခေါ်သံ လန့်အော်သံ တို့က ငြိမ်ဆိတ်နေသော တောကို အသက်ဝင်စေ၏။
သွားရင်းလာရင်း ငလုံးက သူ့အဖေကို သတိရ၏။ ခါတိုင်း သားအဖ နှစ်ယောက် တွဲလျက်ပါ။ ယခု သူတစ်ယောက်တည်း။
သူ့အဖေ သတိရရာမှ သူ့အဖေ စကားများကို သတိရသည်။ အကြောင်း တိုက်ဆိုင်က သူ့အဖေ ပြောတတ်သည့် စကားများ။
“မတ်တတ်စာထက် တုံးလုံးစာ ခက်တယ်လို့ တချို့က ပြောကြတယ်။ တို့က မတ်တတ်စာရော တုံးလုံးစာရော မလွယ်တဲ့ လူတွေ၊ ဒီတော့ ကြိုးစား လုပ်"
“နေရေးခက်တယ်လို့ အဖေတို့ ညည်းကြတယ်။ နေရေးထက် သေရေး က ပိုခက်တယ် ငလုံး။ စားဝတ်နေရေးအတွက် ခက်တာလည်း မှန်တာပဲ။ ဒီအခက်ထက် အသက်တစ်ချောင်း မသေဖို့ သေရေးရှင်ရေး ကုသဖို့ လိုအပ်တဲ့ အခါ ရှာရတဲ့ငွေက ပိုခက်တယ်။ မင်းငှက်ဖျားမိ ပြန်လာတုန်းကလို အဖြစ်ပေါ့”
“ဘာပဲဖြစ်ဖြစ် ဆင်းရဲသား ထွက်ပေါက်ကတော့ ကြုံလာသမျှ ကုန်းရုန်း လုပ်တတ်ဖို့ပဲ၊ အလုပ်ကို တွေ့မရှောင် လုပ်မှ ကိုင်မှ မင်းတို့ ငါတို့ တော်ကာကြ မယ်၊ လုပ် အလုပ် လုပ်"
သူ့ အဖေသည် ဗေဒင် မတတ်၊ လက္ခဏာ မတတ်။ သို့ရာတွင် သူ့ အဖေသည် ဘဝ နာခဲ့သူ တစ်ဦး။
ဘဝ နာနေသူ တစ်ဦး ပီပီ သူ့အတွေ့အကြုံဖြင့် သူ သိသလို ရိုးရိုးလေး ကြိုတင် ပြောခဲ့ရာ သူ့ အဖေ ပြောသမျှ လက်တွေ့၌ လာလာ မှန်ကန်နေတတ်၏။
သူ့ဘဝမှာ ယူခဲ့သော သင်ခန်းစာများကို သားဖြစ်သူ ငလုံးအား ပြော ကြားရာတွင် ငတော ခြွင်းချန်မထား။ မူရင်းအတိုင်း ဆုံးမသွန်သင်လေ့ရှိသည်။
သူ့အဖေ ပြောသည်မှာ သိပ်ဟုတ်၊ သိပ်မှန်တာပဲ။ တစ်ထွာသော ဝမ်းကို ကျောင်းဖို့ ကိစ္စသည် ခက်ခဲလှသည်။
ထို့ထက် အသက် တစ်ချောင်းကို အရေးပေါ်လျှင်ပေါ်သလို သေဘေးမှ ဆွဲထုတ်ဖို့ ခက်ခဲလှသည်။ ။
ငလုံးတို့ ငတောတို့လို တစ်ထွာသော ဝမ်းကို ကျောင်းဖို့လည်း ခက်၊ အသက်တစ်ချောင်းအတွက် သေဘေး ပေါ်လာသည့်အခါလည်း ခက်သူများအဖို့ ကြံကြံခိုင် ရင်ဆိုင်နိုင်ဖို့ ထွက်ပေါက်ရှာတတ်ဖို့ ကျပ်ကျပ်တည်းတည်း စဉ်းစားရ လုပ်ကိုင်ရသည်။
ဘာပဲဖြစ်ဖြစ် တွေ့လာသမျှ အကျပ်အတည်း မကြီးထွားမီ အခက်အခဲ ပိုမိုဖြစ်ပွားမလာမီ တတ်စွမ်းသမျှ ဖန်တီး ကျော်လွှားရမည်။
ထိုင်ညည်းနေ၍ မရ၊ ထိုင်မှိုင်နေ၍ မရ၊ စိတ်ပျက်နေ၍ မရ၊ စိတ်ဓာတ် ကျနေ၍ မရ၊ သိမ်ငယ်နေ၍ မရ၊ အားလျှော့နေ၍ မရ၊ အားနှင့် မာန်နှင့် နှင့် ဝီရိယနှင့် လုံ့လနှင့် ရင်ဆိုင်ရမည်။
ချိုးတည်ရာတွင် ငလုံးသည် ယခင်က နောက်လိုက် ဝါရင့်သာဖြစ်၏။ ခေါင်းဆောင် မလုပ်ခဲ့စဖူး။
ယခု ခေါင်းဆောင်လုပ်၍ ချိုးတည်ရတော့မည်။ အလှည့်ကျ နွားမကိုပင်လျှင် လှည်းကရသည်။ အရေးပေါ် ပေါ်သလို လုပ်ရမည်။ မုဆိုးကို သားကောင်က သင်လိမ့်မည်။
စိုင်သင်၍ မုဆိုး တောအကြောင်း သိလိမ့်မည်။
ကိုယ်လည်း လူသစ်တန်း လက်သင် ချိုးတည်သမား မဟုတ်၊ အဖေနှင့် တွဲလျက် ကပ်လျက် နှစ်ပေါင်းများစွာ လိုက်လံ၍ ချိုးတည်ခဲ့သော နောက်လိုက် ဝါရင့် ချိုးတည်သမား။
အခြေအနေက တောင်းဆိုလာမှတော့ ငလုံး ခေါင်းဆောင်မည်။ မဖြစ်မနေ အောင်မြင်အောင် လုပ်ရမည်။
ခရားငယ် ပင်မြင့်က
ချိုးသံဖြင့် ကူသလေမောင်။
လှိုက်ဆူလေအောင်။ ။
လောဝါးကိုထောင်
ပျိုတို့မောင် တည်အိမ်ထိုး
ဆင်းပါ ရွှေချိုး။
(ရှေးရေးကဗျာ)
“အဲဒီ ထနောင်းပင်တက်၊ အလယ်က ထနောင်းကိုင်း နှစ်ကိုင်း ရှိတဲ့ အထဲက တောင်ဘက်ကိုင်းကို ချိုးတည်အိမ် ချိတ်" "
"ဟုတ်၊ ကျုပ် ထနောင်းပင်ပေါ်တက်တော့မယ်" “အေး...တက်”
ငမိုးက ထနောင်းပင်ပေါ်တက်သမား။ ချိုးတည်အိမ် ချိတ်မည့်သူ။
ငလုံးက အောက်မှနေ၍ ချိုးတည်အိမ်ကို လှမ်းပေးမည့် တည်အိမ် ပေးသမား၊
ချိုးတည်အိမ်၌ရှိသော လောဝါး ထိုးသွင်းနေကျ အပေါက်ထဲသို့
လောဝါးကို ငလုံး ထိုးသွင်းကာ လောဝါး မပြုတ်စေရန်အတွက် ပုရစ်တံဟု ခေါ်သော ကန့်လန့်လေးဖြင့် ကန့်လန့်ချိတ်ပေးလိုက်သည်။
ချိုးတည်အိမ်ကို ထိုးတင်ပေးရာ၌ အသုံးပြုသော ဝါးကို လောဝါးဟု ခေါ်သည်။ လောဝါး၏ အသုံးမှာ တည်အိမ်ကို ထိုးတင်ပေးခြင်း၊ တည် အိမ် မလှုပ်ရှားစေရန် လောဝါးကို ကြိုးဖြင့် ဆက်ကာ မြေ၌ ငုပ်စိုက်၍ ထိန်းပေး ခြင်း ပြုလုပ်ရာတွင် သုံးသည်။
တည်ချိုးမှာ ချိုးတည်အိမ် ဝဲဘက်၌ရှိသည်။
လာခွပ် လာပုတ်မည့် ချိုးကို အုပ်ဖမ်းမည့် မိမည့်ပိုက်မှာ ညာဘက်၌ ရှိသည်။
ချိုးတည်အိမ် အောက်ခြေမှ ယာဘက်အထိ ရှည်သော အသားကို နင်းပြားဟု ခေါ်သည်။ နင်းပြားပေါ်၌ လျှာခလုတ်။ နင်းတံနှင့်ကြိုး၊ ပိုက်တို့ ရှိပြီး လာခွပ် လာပုတ်မည့် ချိုးကို ထိုနေရာ၌ မိမည်။
ငမုံးသည် တည်ချိုးကို အတွင်းပိုင်း ထားချိတ်ပြီး ကြိုက် မကြိုက်၊ နေရာကျ မကျ၊ ငလုံးအား လှမ်းမေးသည်။
ငလုံးက ဆင်းခဲ့တော့ဟု ဆိုမှ ငမုံးဆင်းလာကာ ချိုးကူသံကို သစ်ပင် အောက်မှ စောင့်၍ နားထောင်သည်။
တည်ချိုးကောင်း တည်ချိုး ဝါရင့်ဖြစ်သော ငလုံးတို့ အိမ်၌ ဝက်ခြံပေါက် ၍ ချန်ထားခဲ့ရသည့် တည်ချိုးကြီး အောင်မောင်းသာဆိုလျှင် ယခုချိန်၌ စတင် ကူသံ ဆူညံ နေပေရော့မည်။
မြပိုမှာ အောင်မောင်းကဲသို့ ဝါရင့် တည်ချိုး မဟုတ်၍ တောကို အကဲခတ် နေသေးသည်။ တောကို အကဲခတ်၍ ကျေနပ်အားရမှ မြပို စတင် ကူသည်။ မြပိုကူသံ သည် ထနောင်းပင်ပေါ်မှနေ၍ ချိုးစစ်ကြေညာသလို ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်း သွားသည်။
"သွားရအောင်ဟု ငမုံး၊ မြပို ကူနေပြီကွ၊ မြပိုက မကူမယ့် မကူတော့ ငုတ်တုတ်၊ ကူမယ့် ကူတော့ ဆက်တိုက်ကွ။ ဒီကောင် တည်ချိုးကောင်း ဖြစ်နိုင်တယ်။ အလားအလာ ရှိတယ်"
“ဘယ်သွားမှာလဲ အစ်ကို"
“နယ်ခံချိုး မမြင်ရာ သစ်ပင်မျက်ကွယ် ရှိတဲ့ဆီပေါ့ကွာ”
ညီအစ်ကို နှစ်ယောက် ကဇောင်းချုံရိပ်၌ ထိုင်ပြီး တည်ချိုး အခြေအနေ စောင့်ကြည့်သည်။ တည်ချိုး မြပိုကား မှန်မှန် ကူနေဆဲ။
ငလုံးနှင့် ငမုံးတို့အဖို့ မြပိုကူသံသည် ချိုးကူသံပါ။
နယ်ခံချိုးအဖို့ သူကိုလာ၍ နယ်ပယ်စိမ်းမှ ချိုးက ရန်ပြုခြင်းပါ။
ချိုးတစ်ကောင် ချိုးတစ်အုပ်မှာ အမြဲတမ်း ပိုင်နက် နယ်မြေ ရှိသည်။ အစာ ရှာရာ၌ အလျဉ်းသင့်သလို ရာသီအလိုက် အစာ ပေါ၊ ရှားမှုအလိုက် နေရာအနှံ့ ချိုးတို့ ရောက်ကြ၏။ သို့ရာတွင် ကူမြဲတမ်း ပိုင်နက်အဖြစ် နေထိုင်ရာ နယ်မြေကို ချိုးတို့ အပိုင်စားရာ၌ သူ့နယ်နှင့် သူ ရှိ၏။
သူ့နယ်ထဲမှာ ရေမရှိက၊ အစာ မရှိက အခြားနယ်သွား၍ ရေသောက် မည်။ အစာ စားမည်၊ ဧည့်သွား ဧည့်လာ ဧည့်နေ ဧည့်သဘောဖြစ်၏။ အချိန်တန် လျှင် သူ့ပိုင်နက်ကိုသာ သူ ပြန်လာသည်။
ချိုးပိုင်နက် တစ်ခု၏ နယ်မြေ အကျယ်အဝန်းမှာ တစ်ခေါ်သာသာမျှ သာရှိသည်။ သည်ပိုင်နက် နယ်မြေအတွင်းမှာ ခေါင်းဆောင်ချိုးတစ်ကောင်သာ ကူသည်။ ကျန်သည့်ချိုးများ မကူဝံ့ကြ။ အဖိုအမ ခွန်းတုံ့ ခွန်းပြန် ဖိုသံ မသံ ပေးခြင်းကို မဆိုလိုပါ။ နယ်မြေပိုင်နက်ရှင် ဖြစ်ကြောင်း ကြေညာသလို ခေါင်းဆောင်အဖြစ် ကူရာ၌ အနိုင်ဆုံး ချိုးကသာ ကူဝံ့သည်။
ကျန်ချိုးငယ်များ ကူချိန်ရောက်က နယ်ခွဲကြသည်။ နယ်မခွဲဘဲ ချိုး ခေါင်းဆောင် ကြားရာဖြစ်ဖြစ်၊ ရှေ့တည့်တည့်မှာ ဖြစ်ဖြစ်၊ ကူသံပေးက အနိုင်ဆုံး ကြက်ဖကြီးသည် ကြက်ပေါက် ကြက်ဖငယ်များကို ခွပ်ထုတ်သလို ခွပ်ပစ်သည်။ ခွပ်ထုတ်သည်။
သူ့နယ်မှာ သူပဲ တစ်ကောင်တည်း စိုးမိုးလျက် ကူဝံ့သော ချိုးသည် အခြား ချိုးသံ လာပါက ကြားလျှင်ကြားခြင်း၊ အချိန် မဆိုင်း ပြေးပြန်လာပြီး အလဲအကွဲ ခွပ်ထုတ်သည်။ အနိုင်အရှုံး မပေါ်မချင်း အသေအလဲ ခွပ်သည်မှာ ချိုးငှက်၏ ဓလေ့စရိုက် သဘာဝဖြစ်သည်။
သည်စရိုက်ကို ချိုးတည်သမားလည်း သိသည်။ ချိုးတို့လည်း သိသည်။
ချိုးတစ်ကောင်သည် သူ့ပိုင်နက် အဆုံးမှ တစ်ဖက်သို့ မျက်နှာလှည့်ကာ နေ့စဉ် ကူသံ ပေးလေ့ ရှိ၏။ သူ ကူသံပေးခြင်းမှာ သူ့ကျောဘက်က နယ်သည် သူအမြဲတမ်း ပိုင်နက် ဖြစ်ပါသည်။ လာရောက် ကျူးကျော် မစော်ကားပါနှင့် လာရောက် ကျူးကျော်စော်ကားပါက အသေအလဲ ခွပ်ထုတ်ပါမည်ဟု သတိ ပေးသော သဘောဖြစ်သည်။
သည်သဘောကို နားလည်သော ချိုးတည်သမားက ချိုးရိုင်းကို ယဉ်ပါး အောင် မွေး၊ ကူဝံ့အောင် ကျင့်၊ နယ်မရွေး ကူဝံ့က တည်အိမ်နှင့် ထုတ်၍တည်။ နယ်ခံချိုးကို ဖမ်းကြသည်။
ချိုးတည်သည် ဆိုခြင်းမှာ သည်သဘောပဲဖြစ်သည်။
သူ့နယ်ကို သူမှအပ အခြား ကူသည်ကို လက်ခံရိုး ထုံးစံ မရှိသော နယ်မြေခံ ချိုးကို ယဉ်ပါးအောင် ကျင့်ထားသည့် တည်ချိုးမှ ကူစေပြီး နယ်မြေခံ ချိုးက လာ၍ အခွပ်၌ ပိုက်ဖြင့် မိစေရန် ထောင်ဖမ်းခြင်း ဖြစ်သည်။
ငလုံးနှင့် ငမိုးတို့ ကဇောင်းချုံရိပ် ထိုင်၍ ရေနွေးအိုး တစ်လုံးပွက်ခန့် မျှသာ ကြာသေးသည်။
နယ်ခံချိုးသည် ဒေါသတကြီး ပျံသန်းလာကာ ကူသံ ပေးနေသော မြပိုရှိရာ ချိုးတည်အိမ်သို့ စိုက်စိုက်မတ်မတ် ဝင်တော့သည်။
မြပိုကား သူ့ဘေး၌ နယ်ခံချိုး ရောက်လာသည့်တိုင် ကူသံ ပေးနေဆဲ၊ နယ်ခံချိုးကို မထီမဲ့မြင်ပြု သလို ခေါင်းတဆန့်ဆန့် လည်တစ်ခါခါဖြင့် ထပ်ကာ ထပ်ကာ ကူနေဆဲ။
နယ်ခံချိုးသည် မြပိုကို စားမလို ဝါးမလို ကြည့်၏။ ဤပိုင်နက်သည် သူ့ အမြဲတမ်း ပိုင်နက်။
ဤနေရာသည် သူသာလျှင် ခေါင်းဆောင်အဖြစ် ကြီးစိုး ကျင်လည် ကျက်စားခဲ့သော နေရာ။
ဤအပင်သည် သူ အမြဲတမ်း နေထိုင်သော အပင်။
မထီမဲ့မြင် ပြု၍ စော်ကားလာသော ရိုင်းပျသည့် ချိုးငမိုက်သားသည် ဤအချက်ကို သတိမပြု။ ။
သတိမပြုရုံမက မိမိ သူ့ဘေး ရောက်သည်ကိုပင်လျှင် အရေး မလုပ် ဟန်ဖြင့် ကူသံ ပေးနေသည်မှာ မရပ်မစဲ။ သည်သို့ ကျူးကျော်သော ချိုးအား
ကောင်းစွာ ဆုံးမအံ့ဟု ထုတ်ဖော် ကြေညာသည့်အလား တည်ချိုးနှင့် အပြိုင် နယ်ခံ ချိုးက သူနိုင်ကိုယ်နိုင် အပြိုင်ကူသည်။
နယ်ချိုး ကူသလို ယှဉ်ပြိုင် ကူနေသော တည်ချိုး မြပို။
တည်ချိုးကို စိတ်ဆိုးမာန်ဆိုးဖြင့် ခွပ်ထုတ်ရန် အကူရပ်ပြီး၊ ဒေါသတကြီး အားကုန်အင်ကုန် တိုက်ခိုက်သော နယ်ခံချိုး။
နယ်ခံချိုးက တည်ချိုး မြပိုကို ခွပ်သည်။ တကယ် သူ ခွပ်သည်က တည်အိမ်ကြီး။
ထပ်မံ၍ နယ်ခံချိုးက ခွပ်ပြန်သည်။
တည်အိမ်ကိုပင်လျှင် ထပ်ခွပ်မိသည်။
တည်အိမ်ကို ခွပ်မိ၍ နင်းပြားပေါ် ပြန်အကျ၌ နယ်ခံချိုး အားယူသည်။ သူသေကိုယ်သေ ခွပ်ရန် လှည့်ပတ်ပြေးလွှား၍ အထိရောက်ဆုံး နေရာနှင့် အထိရောက်ဆုံး အချက်ကို နယ်ခံ ချိုး ရှာသည်။
နယ်ခံချိုး စိတ်ကြိုက်တွေ့၍ ထပ်ခွပ်ရန် လုပ်သည်။
ထပ်ခွပ်ရန် အလုပ်၌ သူ့ခြေထောက်က ခလုတ်ကို နင်းဖြုတ်သလို ဖြစ်သွားသည်။
နင်းဖြုတ်သလို ခလုတ်ကို သွားထိမိသောအခါ ခလုတ်ပြုတ်ကျလာပြီး နယ်ခံချိုး အပေါ် ပိုက်က လွှားခနဲ ကျလျက် အုပ်မိတော့သည်။
သူ့အပေါ် ပိုက်ကြီးကျလာ၍ လန့်ပျံသော နယ်ခံချိုး။
နယ်ခံချိုးကို လုံခြုံစွာ အုပ်ထားသောပိုက်။
ပိုက်အုပ်ထားလေ လန့်ပျံလေ၊ လန့်ပျံလေ ပိုက်က အုပ်မိလေဖြင့် ထွက်ပေါက်ပိတ်နေသော နယ်ခံချိုး။
ထွက်ပေါက်ကို မည်မျှရှာရှာ နယ်ခံချိုး မတွေ့။
(၄)
တယ်အိမ်ကို အသာ မပါလို့
ဘယ်ကြွပါ ဖုန်းလှိုင်။
နှမလေး မယ်ကပြောမယ်
ချိုးပေါတဲ့ မြိုင်။
လောဝါးကိုကိုင်
ပန်းဆိုင်လို့ ထိုး။
ပင်သဖန်းငယ်နှင့်
ဇောင်းချမ်းပင် ဆိုတဲ့တောမှာ
ပေါလှ ရွှေချိုး။ ။
(ရှေးရေး ကဗျာ)
“အစ်ကိုရာ ဒီချိုးကို မရရင်နေပါတော့၊ ကျုပ်တို့ တညချိုးလေး မြပို ပင်ပန်းလှပါပြီ။ ကူရတာ သူ့ခမျာ အသံ ပြာခမန်းပဲ။ ကျုပ် ခြောက်လွှတ်မယ်"
"ရှူး တိုးတိုးကွ တိုးတိုး၊ ချိုးတည်တည် တောလိုက်လိုက် တောသမား ဆိုတာ စိတ်ရှည်ရတယ်။ စိတ်ရှည်ရှည်ထား"
ငမုံး ပြောမည်ဆိုလည်း ပြောချင် စရာ။ ငလုံးတို့ ချိုးတည်၍ ဆယ့်သုံးကောင်ရ အပြီး၌ ဇောင်းချမ်းပင်တောကို ပြောင်းတည်ခဲ့သည်။
ဇောင်ချမ်းပင်တောရှိ နဘဲပင်ကြီးပေါ် ချိုးတည်အိမ်ကို ငမုံးတက်ချိတ် အပြီး ညီအစ်ကိုနှစ်ယောက် ချိုး မျက်ကွယ်နေရာ ဖြစ်သော အလယ်၌ သဂျမ်းပင် ပေါက်နေသည့် နဘူးချုံရိပ် ထိုင်ရင် နယ်ခံချိုးကို စောင့်သည်။
နယ်ခံချိုးသည် တည်ချိုး မြပိုအသံ လေယံမှာ လွင့်ပျံမျော၍ ဇောင်ချမ်းပင် တစ်တောလုံး ဖုံးလွှမ်းထားသည်တိုင် တည်အိမ်ရှိရာ နဘဲပင်ဆီ တန်းတန်း မတ်မတ် ပျံမလာ။
နဘဲပင်နှင့် ဝါးတရိုက်ခန့်ဝေးသော မျက်နှာချင်းဆိုင်၌ ပေါက်ရောက် နေသည့် တည်ပင်ကြီးပေါ်သာ လာနားသည်။ တည်ချိုး မြပုံကို နယ်ခံချိုးက တည်ပင်ကြီးပေါ်မှသာ လှမ်း၍ ရန်စောင်ကာ သံပြိုင် အချီအချ ကူသည်။
နယ်ခံချိုး လည်ပြောက်ကြီးမှ နှစ်ဆင့်ချိုး၊ ချိုးကူသံလိုက်၍ ချိုးတည် သမားက ချိုးကို တစ်ဆင့်ချိုး၊ နှစ်ဆင့်ချိုး ခွဲခြား သတ်မှတ်သည်။
တစ်ဆင့်ချိုး ကူသံ တကူးကူး ကူးကူး။ နှစ်ဆင့်ချိုး ကူသံက တကူးကူး ကူး၊ တကူးကူး ကူး။
တစ်ဆင့်ချိုးရော နှစ်ဆင့်ချိုးပါ တူညီသော အသံရှိသည့် အချိန်မှာ ခေါ်သံပေးရာ၊ မြှောက်သံပေးရာ၊ ချသံပေးရာ၌ တူညီကြသည်။ ခေါ်သံ၊ မြောက်သံ၊ ချသံ ပေးရာ၌ ချိုးအားလုံး အတူတူပင် ဖြစ်သည်။
သာမန်အချိန်၌ တစ်ဆင့်ချိုးက တကူးကူး၊ တကူးကူး။ နှစ်ဆင့်ချိုးက တကူးကူး ကူး၊ တကူးကူး ကူး ဟု ကူလေ့ရှိရာ ကူသံကို နားထောင် နားထောင်ရုံနှင့် သိသာ ကွဲပြားသည်။
ချိုးချိုးချင်း၊ ခေါ်သံပေးရာ၌ တကူကူး တကူကူး။
မြောက်သံ ပေးရာ၌ တကူကူး ကူး၊ တကူကူး ကူး။
ချသံပေးရာ၌ ကူကူး၊ ကူကူးဟု ကူလေ့ရှိ၏။
ချိုးကူသံကို နားထောင်၍ ချိုးနှစ်ကောင် ဘယ်အဆင့် ရောက်နေပြီဟု ချိုးသမားက နားလည်သည်။
တည်ချိုးလေး မြပိုက နယ်ခံချိုးကို ခေါ်သံပေး ခေါ်နေသံတို့က အဆက်မပြတ် ထွက်ပေါ်လာသည်မှာ တည်ချိုးလေး အသံပြာခမန်းပင်။
အခြား နယ်လွန်ချိုးဖြစ်ပါက သည်နယ်ကို သူပိုင်ကြောင်း သိသာစေရန် အကြိမ်များစွာ ကူသံပေးပြီး သူ ကြေညာခဲ့ပြီး၊ သည်သို့ ကြေညာခဲ့သည့်တိုင် သူ့မြေမှ နယ်လွန်ချိုးသည် မထွက်။ ကူသံ ပေးရုံမျှဖြင့် မရတော့။ ကိုယ်ထိ ခြေရောက် ဆုံးမမှ ရတော့မည်ဟု နယ်ခံချိုး သဘောထားဟန် ရှိသည်။
တည်ပင်ကြီးပေါ်မှ ဝှီးးခနဲ နေအောင် ပျံသန်း၍ တည်ချိုးရှိရာ နဘဲပင် ကြီးပေါ် အားမာန် တက်ကြွစွာဖြင့် ဝင်သွားသည်။
သူ့ရန်သူတော် နယ်လွန်ချိုး ဘယ်မှာနည်းဟု နယ်ခံချိုးက ရှာဖွေရာက တည်ချိုးလေး မြပိုကို တည်အိမ် အတွင်း၌ တွေ့သွားသည်။
တည်အိမ် အတွင်းမှ ကျူးကျော် နယ်လွန်ချိုးကို ခွပ်ထုတ်လိုသောစိတ် တဖွားဖွား ဖြစ်နေသည့် နယ်ခံချိုး။
သို့ရာတွင် သူ့စိတ်သူ သန့်ဟန်မတူ။ ။
သစ်ခက်တွေ အုပ်ထားသော တည်ချိုးအိမ်ကို သူ သံသယ မရှိ။ သူ သံသယ ရှိနေသည်မှာ တည်ချိုးအိမ်ဘေး၌ ဆင်ထားသောပိုက်။
သည်ပိုက်ကို သူ သံသယ မကင်း။
သံသယ မကင်းသော ပိုက်ထောင်ထားသည့် နေရာကို နယ်ခံချိုး မသွားလို။
မသွားလို၍ ကျူးကျော်ချိုးကို ခွပ်ရတိုက်ရအောင်ကလည်း သူ ယခု နားနေသော ချိုးတည်အိမ် ချိတ်ထားရာ တစ်ကိုင်းပေါ်မှ ဆင်းရမည်။ ဆင်းသင့် မဆင်းသင့် နယ်ခံချိုး စဉ်းစားသည်။
စဉ်းစားနေသော နယ်ခံချိုးကို တည်အိမ် အတွင်းမှ တည်ချိုး မြပိုက မခန့်လေးစား ပြုသလို ခေါ်သံ ဆူဆူညံညံ ပေးရာ နယ်ခံချိုး သစ်ကိုင်းပေါ် နားမနေတော့၊ သူ လှမ်းကြည့်လိုက်သည်။
ကျူးကျော် နယ်လွန်ချိုး ဘေး၌ ရှိနေသည်က နင်းပြားလေး။ သည် နင်းပြားလေးပေါ် ဝင်နားမှ ရန်သူအနီး ကပ်နိုင်မည်။
သည်သဘောဖြင့် နယ်ခံချိုးက နင်းပြားပေါ် တက်လိုက်သည်။ အတတ် နိုင်ဆုံး သတိထား၍ လျှာခလုတ်၊ နင်းတံကြိုးနှင့် ပိုက်ကို ထိမိခိုက်မိ စေခြင်း မရှိဘဲ သူ့ရန်သူဘေး သူကပ်လျက် တိုက်ကွင်းတိုက်ကွက်ကို ရွေးသည်။
အခက်တွေ့သည်က နယ်ခံချိုး အနေဖြင့် ခွပ်လိုသည်။
သို့ရာတွင် သူ့ရန်သူက ဝါးမာစိတ် များ ပတ်ပတ်လည် ကာထား သော လုံခြုံသည့်နေရာ ရောက်နေရာ သူ့ခွပ်ချက် မထိခိုက်နိုင်ဟု ထင်သည်။ ခွပ်ချက် ထိိနိုင်ရန် သူ့ ရန်သူသည် ထွက်လာမှ ဖြစ်မည်။ ထွက်လာစေရန် တန်ပြန် ခေါ်ရမည်ဟု နယ်ခံချိုးက ယူဆဟန်ရှိသည်။
နယ်ခံချိုးက စတင် ခေါ်သည်။ တကူးကူး။ တကူးကူး။
တည်ချိုးလေး မြပိုကလည်း ရဲလျှင် မင်း စခွပ်၊ ရှေ့တက်ခဲ့ ဟူသော သဘောဖြင့် ပြန်ခေါ်သံပေးသည်။ တကူးကူး၊ တကူး ကူး။
ခေါ်သံ အပြန်ပြန် အလှန်လှန် ပေးနေသည်မှာ ဇောင်ချမ်းပင် တစ်တော လုံး ချိုးနှစ်ကောင် ကူသံဖြင့် ဖုံးလွှမ်းနေ၏။
ခေါ်သံပေး၍ မရသောအခါ နယ်ခံချိုးက မြှောက်သံပေးသည်။ တကူးကူး ကူး၊ တကူးကူး ကူးဖြင့် မြှောက်သံ ဆူဆူညံညံ။ မြပိုက အညံ့မခံ။ ပြန်လည်၍ မြှောက်သံပေးရာ တကူးကူး ကူး၊ တကူးကူး ကူး သံ ညံမစဲ။
နယ်ခံချိုးကြီးက ချသံပေးလာသည်။ ကူး ကူး၊ ကူး ကူး၊ ကူး ကူးဟူသော ကူသံက မင်း သတ္တိမရှိဘူးလား။ မထွက်ရဲဘူးလားဟု မေးနေသယောင်ပင်။ မြပိုကလည်း ချသံပြန်ပေး၍ မာန်မလျှော့။ ။
နယ်ခံချိုးကြီးသည် သာမန်ချိုးသာ ဖြစ်ပါက သည်မျှ ခေါ်သံ၊ မြှောက်သီး ချသံ ပေးပါလျက် တခြားသို့ ပျံသန်းခြင်း မရှိသည့် ရန်သူချိုးအား ဇွတ်ဝင် ဇွတ်ခွပ်မည်။ သည်နယ်ခံ ချိုးကြီးက သူ့စိတ်ကို သူထိန်း၍ သူ့ရန်သူ ချိုးကို သူ့ဆီ လာစေရန်နှင့် သူ့ရန်သူချိုး သူ့ကို စတင် တိုက်ခိုက်စေရန် တန်ပြန် ဆွပေးနေသည်။
ချိုးနှစ်ကောင် ခေတ္တမျှ နား၍ တစ်ကောင်ကို တစ်ကောင် လှမ်းဆိတ် သည်။ ဆိတ်၍ အားရမှ တည်အိမ် အလယ်သို့ မြပို ပြန်ဆုတ်ပြီး ခေါ်သံ
မြောက်သံ ချသံပေးကာ နယ်ခံချိုးကို လှမ်းကလိသည်။ လှမ်း၍ ကလိသည့်တိုင် နယ်ခံချိုးကြီးသည် ပီဘိဣန္ဒြေရှင်။
"ကျုပ် ခြောက်လွှတ်လိုက်မယ် အစ်ကို၊ တခြား အပင်တောင် တည်ရမှာ မဟုတ်ဘူး။ ဒီလောက် ဇီဇာကြောင်တဲ့ နယ်ခံချိုး မတွေ့ဖူးပေါင်ဗျာ”
ငမုံး ပြောသံက လေသံမျှသာ ငလုံးကလည်း တိုးတိုး ပြောသည်။
"ငါ့ညီရ ဒီထက် ဇီဇာကြောင်တာတောင် အဖေနဲ့ ငါနဲ့ ချိုးတည်တုန်းက တွေ့ဖူးတယ်ကွ၊ တည်ချိုးကြီး အောင်မောင်းနဲ့ တည်တုန်းကပေါ့ကွာ။ ခုလိုပဲ မိုက်ရူးရဲ ဝင်ခွပ်တဲ့ ချိုးမဟုတ်ဘဲ ချိုးကျင် ချိုးလည်နဲ့ တွေ့တော့ တို့ ချိုးကြီး အောင်မောင်း အသံပြာအောင် ကူရတာ ။ အဲ နောက်ဆုံး အောင်မောင်းကြီးက ကြံရာမရ ဖြစ်ပုံရတယ်ဟေ့။ နယ်ခံ ချိုးကြီးနား ကပ်သွား၊ တည်အိမ်ထဲကနေ အမြီးနဲ့ လှမ်းထိုး ၊ ဟိုက ဆိတ်လိုက်၊ အောင်မောင်းက အမြီး ပြန်သွင်းလိုက်၊ ဟိုက စိတ်ဆိုးလိုက်၊ အမြီးနဲ့ ထိုးလိုက်၊ ဟိုက ဆိတ်လိုက်၊ ပြန်သွင်းလိုက်နဲ့ လုပ်တော့တာပဲ၊ အဲ နယ်ခံ ချိုးကြီးက စိတ်လည်းဆိုးရော တို့တည်ချိုးကြီး အောင်မောင်းက နောက်ပြန်ဆုတ်ပြီး ခပ်တည်တည်နဲ့ ကူမှ ရွှေကိုယ်တော် နယ်ခံချိုးက စိတ်တအားဆိုး ခွပ်တော့တာ။ အဲဒီကျမှ မိတာ။ မြပိုက တည်ချိုး ဝါနုလေးလေ။ သူ တတ်သလောက် မှတ်သလောက်တော့ ခေါ်သံ မြှောက်သံ၊ ချသံပေး စိန်ခေါ်ရှာ၊ ဆိတ်ရှာသားပဲ၊ ဒီအတိုင်းဆိုရင် ပျင်းလောက်အောင် ကြာမယ့်ပွဲပဲ"
ညီအစ်ကို နှစ်ယောက် တိုးတိုးတိတ်တိတ်ဖြင့် ကျိတ်ပြောနေချိန်အထိ ချိုးနှစ်ကောင်မှာ အပြိုင်အဆိုင် သဲသဲမဲမဲ ရင်ကွဲမတတ် ကူသံ သံပြိုင် ပေးနေ ဆဲ။ ဆက်တိုက် စဉ်တိုက် ပြင်းပြင်းထန်ထန် ကူဆဲ။
တောသည် တောသဘာဝ တောဓလေ့ ရှိမြဲ ဖြစ်ပါ၏။
ချိုးနှစ်ကောင် အပြိုင်အဆိုင် ကူသည်မှာ တွေ့တတ်လေ့ ရှိသော သဘာဝ ဖြစ်ပါ၏။
သဘာဝထက် ကျော်လွန်ပြီး ကြိတ်မနိုင်ခဲမရ အပြိုင်အဆိုင် ကူကြသံ။ စိန်ခေါ်သံ၊ ကြာရှည်ကြာမော ဖြစ်လာသောအခါ တောနား၊ တောဓလေ့၊
တောစရိုက် အကင်း အပါး နားလည်သည့် ရန်သူကို လက်ယပ်ခေါ်သလို ဖြစ်တတ်၏။
ကူသံ ပေးနေသော နယ်ခံချိုးသည် ရန်သူချိုးအပြင် သူ့ စိတ်အာရုံ၌ ဘာမျှမရှိ။ တည်ချိုးစိတ်၌လည်း နယ်ခံချိုး အပြင် ဘာမှမရှိ။
အပြန်ပြန် အလှန်လှန် မာန်စောင်ပြီး ကူကြ၊ တစ်ကောင် တစ်ကောင် စိန်ခေါ်ကြဖြင့် သူတို့ ဇောနှင့် သူတို့ လွင့်မျောနေ၏။
ဤအသံသည် သူ တိုက်ခိုက်စားရမည့် သူ့အစာတို့၏ အသံဟု နားစွင့် ရင်းမှ ချက်ချင်း သိလာသောငှက်က တိုက်သိမ်း။
သူ့အစာကို အချိန်မီ ရှာဖွေ တိုက်ခိုက်ရန် အငမ်းမရ ဝင်လာသည်က တိုက်သိမ်း။ တိုက်သိမ်းသည် သူ့ထုံးစံအတိုင်း ခပ်ကြမ်းကြမ်း ရမ်းရမ်း။
ရွီး..ရွီး...ဗြုန်း....ဖြောင်း... ဗြင်းခနဲ မြည်သွားသည်အထိ ပိုက်အောက်ရောက်နေသော နယ်ခံချိုးကို ဇွတ်ဝင်တိုက်သည်။
တိုက်သိမ်း၏ တိုက်ကွက် တိုက်ချက်သည် ပိုက်အောက် ရောက်နေသော နယ်ခံချိုးကို ထိအောင်၊ မိအောင် တိုက်မရ။
ပိုက်ကိုသာ ရင်အုံနှင့် ဝင်တိုက်မိသွားသည်။ တိုက်သိမ်းကြီး တိုက်မိသည်က ပိုက်။ လန့်ကုန်သည်က နယ်ခံချိုး။
တိုက်သိမ်းတိုက်၍ အခြေပျက်နေသော ခလုတ်သည် နယ်ခံချိုးက လန့်ခုန်ရာမှ သူ့အပေါ် ကျသည့်အခါ ဖျတ်ခနဲ ပြုတ်တော့သည်။
အံ့အားသင့် တုန်လှုပ်နေသော နယ်ခံချိုးကြီး၏ ခေါင်းပေါ်သို့ ပိုက်က လွှားခနဲ ကျလာကာ ဖြန့်အုပ်မိပြီး ဖြစ်စေ၏။
တိုက်သိမ်းတိုက်သံ ချိုးတည်အိမ်ရှိရာ နဘဲပင်မှ ဝုန်းဝုန်းဗြုန်းဗြုန်း အသံတို့ကြောင့် ငလုံးနှင့် ငမိုးတို့ ချိုးတည်အိမ် ရှိရာသို့ အပြေးသွားကြသည်။
ထပ်မံ၍ တိုက်ခိုက်ရန် အားယူနေသော တိုက်သိမ်း။ ။
အခြေအနေကို ခဏအတွင်းမှာပင် နားလည်လိုက်သော ငလုံး။
တိုက်သိမ်းကို ညီအစ်ကို နှစ်ယောက် ပြိုင်တူခြောက်လှန့် လွှတ်မှ ဝေးရာသို့ တိုက်သိမ်း ပြန်သွားသည်။
ငမုံးတက်၍ ချိုးတည်အိမ် ဖြုတ်သောအခါ "ဟာ... အစ်ကိုရေ တိုက်သိမ်းကြီး ဝင်တိုက်တာ အတိုက်ကောင်းဗျ၊ နယ်ခံ ချိုးကို ပိုက်နဲ့ အုပ်မိ နေပြီဗျ”
ဟု ဝမ်းသာအားရ အော်ပြောသည်။ အောက်ချလာသောအခါ ငလုံးပါ ကြည့်၍ တအံ့တဩ။
“တိုက်သိမ်း ဇာတ်သိမ်းပေးလို့သာ မြန်မြန်မိတာကွ၊ ကဲ... တို့ တည်ချိုးလည်း တောလန့်သွားပြီ၊ ဆက်တည်လို့ မကောင်းဘူး၊ ခုလောက်ဆို ဆေးဖိုးဝါးခ ဆန်ဖိုး ဆီဖိုးလေး ခုသာခံသာ ရှိပါပြီ။ ပြန်ကြရအောင် လောဝါးနဲ့ လျှိုပြီး ချိုးတည်အိမ်ကို မင်းထမ်းခဲ့"
ချိုးတည်အိမ်ကို လောဝါးထိပ်၌ ချိတ်ပြီး ထမ်းလာသော ငမိုးနှင့် ချိုး လွယ်အိတ်ကို လွယ်လာသော ငလုံးတို့ ရွာအပြန်တွင် ခြေလှမ်း ခပ်သွက် သွက်။
စာစီ - မီးမီး

No comments

Post a Comment