ကြောင်အိမ်တစ်လုံးရဲ့ ရာဇဝင်(စဆုံး)

(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုအပေါ် အခြေခံ၍ရေးဖွဲ့ထားပါသည်) (၁) "ဟာ၊ ပါသွားပြန်ပြီ၊ သေနာကြောင်တွေ၊ ခွေးရူးကိုက်လို့သေပါစေ၊ ချ... thumbnail 1 summary


(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုအပေါ် အခြေခံ၍ရေးဖွဲ့ထားပါသည်)
(၁)
"ဟာ၊ ပါသွားပြန်ပြီ၊ သေနာကြောင်တွေ၊ ခွေးရူးကိုက်လို့သေပါစေ၊ ချေးစိမ်းပန်းပြီး သေပါစေတော်"
မနက်ခင်း ရုံးမသွားခင်မှာပင် ဇနီးသည်ဖြစ်သူ မယဉ်မေ၏ ဆူပူကျိန်ဆဲသံများကို ကြားလိုက်ရသည့်အတွက် ကိုမြင့်စိုးတစ်ယောက် ဖတ်လက်စသတင်းစာကိုချလိုက်ကာ အိမ်နောက်ဖေးသို့ဝင်ခဲ့သည်။
"စောစောစီးစီး ကျိန်ဆဲနေပါလား မေရေ၊ ဘာတွေဖြစ်နေလို့လဲကွာ"
"ဘာဖြစ်ရမလဲ ကိုမြင့်ရဲ့၊ ကိုမြင့်ကိုထမင်းချိုင့်ထည့်ပေးဖို့ ကြော်ထားတဲ့အမဲသားကြော်တွေကို ကြောင်ဝင်နှိုက်သွားလို့ပေါ့"
ကိုမြင့်စိုးက သက်ပြင်းချလိုက်ပြီး
"ဆန်ခါလေးဘာလေးနဲ့ အုပ်ဆိုင်းသွားပေါ့ မေရာ"
"အုပ်ပါတယ် ကိုမြင့်ရယ်၊ ဟောဒီမှာကြည့် ဟင်းခွက်ကိုထမင်းစားပွဲပေါ်ကိုတင်ပြီး ဆန်ခါခုံးနဲ့သေသေချာချာကိုအုပ်ဆိုင်းသွားတာ၊ ညကကျန်တဲ့ထမင်းအသိုးတွေကို အိမ်နောက်ဖေးမှာဝက်စာသွားသွန်ရင်း ပြန်လာတော့အခုလိုဖြစ်နေတာပဲ"
ကိုမြင့်စိုးလည်း ထမင်းစားပွဲလေးကိုကြည့်လိုက်သည့်အခါ အုပ်ဆောင်းမှာပက်လက်လန်နေပြီး ဟင်းခွက်များမှာအနည်းငယ်ရွေ့နေသည်။ ငါးပိရည်ခွက်နှင့် ဟင်းချိုပန်းကန်မှာ ခြေရာလက်ရာပင်မပျက်သော်လည်း အမဲသားကြော်ထည့်ထားသည့် ပန်းကန်ထဲတွင်တော့ အမဲသားလေးငါးတုံးသာကျန်တော့သည်။ ကိုမြင့်စိုးလည်း ဟင်းခွက်ကိုကြည့်လိုက်ကာ သက်ပြင်းချမိလိုက်သည်။
"ဒါ ဟိုတစ်အိမ်ကျော်က ကြောင်ဖားကြီးပဲနေမှာ၊ အမွှေးဖွားဖွားနဲ့ ကြောင်အဝါကြီးလေ၊ ရုပ်ကိုက သူခိုးရုပ်နဲ့"
"သူများကြောင်ကို သွားအပြစ်မတင်ပါနဲ့ မေရာ၊ နောက်ဆိုရင် အုပ်ဆောင်းကိုသေသေချာချာအုပ်"
"အုပ်ဆောင်းအုပ်လည်း မရပါဘူးကိုမြင့်ရယ်၊ ဒီကြောင်ကိုက ကြောင်သူခိုးကြီးရှင့်၊ အုပ်ဆောင်းကိုအသာကလေးလှန်တက်တယ်"
မယဉ်မေက ပြောရင်းဒေါသထွက်လာကာ
"တိရစ္ဆာန်မွေးထားရင်လည်း ဝအောင်ကျွေးကြဟေ့၊ သူများအိမ်လာမခိုးစားစေနဲ့"
အသံအကျယ်ကြီးနှင့် အော်လိုက်သေးသည်။ ကိုမြင့်စိုးက မယဉ်မေပုခုံးကိုဆွဲကိုင်လိုက်ပြီး
"စိတ်လျော့လိုက်ပါတော့ မေရာ၊ အမဲကြော်တွေက ကြောင်ဗိုက်ထဲရောက်လို့ ချေးတောင်ဖြစ်နေလောက်ပြီ၊ ခုချိန်မှဒေါသထွက်လို့လည်း အပိုပါပဲ၊ ကဲကဲ၊ အမဲကြော်တွေကို အကိုမစားတော့ဘူး၊ မေပဲစားလိုက်တော့နော်"
"မဟုတ်တာပဲ ကိုမြင့်ရယ်၊ ကိုမြင့်က ထမင်းချိုင့်ထည့်ရတယ်ဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေကြား ဟင်းကောင်းဖို့ကလည်း အရေးကြီးတယ်မဟုတ်လား၊ ကြောင်စားလို့ကျန်တဲ့ ဟင်းတုံးတွေ ကိုမြင့်ပဲထည့်သွားလိုက်ပါ၊ မေကတော့ ဘဲဥလေးတစ်လုံးလောက်ဝယ်ပြီး ကြော်စားလိုက်မယ်"
ဒေါသထွက်နေသော်လည်း လင်သားအပေါ် အနွံတာခံတတ်သည့် မယဉ်မေကိုကြည့်ရင်း ကိုမြင့်စိုးတစ်ယောက်သက်ပြင်းချလိုက်မိတော့သည်။
ကိုမြင့်စိုးနှင့် မယဉ်မေတို့မှာ ညားခါစဇနီးမောင်နှံများဖြစ်ကြသည်။ ကိုမြင့်စိုးမှာ အစိုးရဌာနတစ်ခုတွင် ဝန်ထမ်းလုပ်ကိုင်သူဖြစ်၏။ မယဉ်မေမှာ အပျိုတုန်းက ဈေးရောင်းသော်လည်း ကိုမြင့်စိုးနှင့် ညားပြီးသည့်အခါ အလုပ်နားလိုက်ကာ အိမ်မှုကိစ္စများပြုလုပ်ရင်း အိမ်တွင်နေထိုင်သည့် မှီခိုတစ်ဦးဖြစ်သည်။ အချိန်ကာလအားဖြင့် ၁၉၈၀ ခုနှစ်ခန့်ဖြစ်သည်။ ကိုမြင့်စိုးရရှိသည့် လစာနှင့် လင်မယားနှစ်ဦး ချောင်ချောင်လည်လည်နေနိုင်ကြသည်။ အိမ်ထောင်ကျပြီးသည့်အခါ လင်မယားနှစ်ယောက် တစ်အိုးတစ်အိမ်ထူထောင်လိုက်ကြကာ ကိုမြင့်စိုး၏ ရုံးနှင့်နီးသည့် ရပ်ကွက်ကလေးထဲတွင် အိမ်ကလေးတစ်လုံးငှားကာ နေထိုင်ကြခြင်းဖြစ်သည်။ လင်မယားသက်တမ်းမှာ သုံးလပင်မပြည့်သေးဘဲ ပူပူနွေးနွေးကလေးသာရှိသည်။ တစ်အိုးတစ်အိမ်စတင်ထူထောင်ကာစမို့ အိမ်ထောင်ပစ္စည်းမယ်မယ်ရရမရှိသေးဘဲ စားအိုးစားခွက်နှင့် အိပ်ရာခြင်ထောင်များသာရှိလေသည်။
(၂)
"ဘီရိုတွေဝယ်ကြအုံးမလား၊ ရှိုးကစ်ဘီရို၊ မှန်ဘီရို၊ ကြောင်အိမ်"
အမဲသားကြော် ကြောင်ဆွဲသွားသဖြင့် ဘဲဥကြော်နှင့်စားလိုက်ရသည့် မယဉ်မေမှာ ထမင်းစားပြီး နေ့လည်နေ့ခင်းတွင် အိမ်ရှေ့တွင်ထွက်ထိုင်လျှက် စာအုပ်တစ်အုပ်ဖတ်နေစဉ် ထိုအသံသဲ့သဲ့ကိုကြားလိုက်ရလေသည်။ မယဉ်မေက တခြားတော့စိတ်မဝင်စားပေ၊ သို့သော် ကြောင်အိမ်ဆိုသည့်အရာကိုတော့ စိတ်ဝင်စားမိသည်။
"ကြောင်အိမ်ဆိုပါလား၊ အိမ်မှာ ကြောင်အိမ်ကလေးတစ်လုံးလောက်တော့ ရှိသင့်တယ်ထင်တယ်၊ ဒါမှ အစားအသောက်တွေဖုံးအုပ်လို့လည်းရမယ်၊ ပန်းကန်ခွက်ယောက်တွေလည်း ထည့်လို့ပြုလို့ရမယ်၊ အရေးကြီးတာကတော့ ဟိုကြောင်သူခိုး ခိုးစားလို့မရတော့ဘူးပေါ့"
မယဉ်မေစဉ်းစားနေစဉ်မှာပင် ဘီရိုရောင်းသူများက အိမ်ရှေ့သို့ရောက်လာခဲ့သည်။ ဘီရိုရောင်းသူနှစ်ဦးအနက် တစ်ဦးမှာ ယောက်ျားတစ်ယောက်ဖြစ်ကာ မှန်များတပ်ဆင်ထားသည့် ဘီရိုတစ်ခုကိုထမ်းရွက်လာသည်။ ထိုယောက်ျား၏အနောက်တွင်တော့ မိန်းမကြီးတစ်ဦးလိုက်လာကာ အဝါရောင်သုတ်ထားသည့် ကြောင်အိမ်တစ်ခုကိုခေါင်းပေါ်တွင်ရွက်လာသည်ကိုတွေ့ရသည်။
ခြစ်ခြစ်တောက်ပူနေသည့် နွေနေပူထဲတွင် ထိုသူနှစ်ဦးမှာ လေးလံသည့်ဘီရိုကြီးများကို ခေါင်းပေါ်တင်ရွက်ကာ လမ်းလျှောက်နေသည်ကိုကြည့်ရုံနှင့် အလွန်ပင်ပန်းမှန်းသိသာလေသည်။ ထိုသူများ အိမ်ခြံရှေ့တည့်တည့်ရောက်သည့်အခါမှ မယဉ်မေက အိမ်ထဲမှလှမ်းအော်ခေါ်လိုက်သည်။
"ဘီရိုလာပါအုံး"
ထိုလူနှစ်ဦးမှာ ခေါင်းပေါ်တင်ထားသည့် လမ်းပေါ်သို့ ဂရုတစိုက်ချလိုက်ကြလေသည်၊ မယဉ်မေလည်း အိမ်အပြင်သို့ပြေးထွက်သွားသည်။ ယောက်ျားမှာ ကုလားကြီးတစ်ယောက်ဖြစ်ကာ မိန်းမကြီးမှာတော့ ဗမာပင်ဖြစ်မည်ထင်သည်။
"အမကြီး ဘီရိုယူမလို့လား"
"ဘီရိုတော့ မယူသေးပါဘူး၊ ကြောင်အိမ်ကိုစိတ်ဝင်စားတယ်၊ ကြောင်အိမ်ကဘယ်လောက်လဲ"
"ငါးဆယ်ပဲပေးပါအမကြီး"
စိတ်ထဲအလွန်တန်သွားသည်ဟုထင်လိုက်သဖြင့် မယဉ်မေက ကြောင်အိမ်ကလေးကိုသေသေချာချာကြည့်လိုက်သည်။ ကြောင်အိမ်က အပေါ့စားသစ်သားများဖြင့်ရိုက်လုပ်ထားသည်ဆိုသော်လည်း အတော်ခိုင်ခန့်လေသည်။ ကြောင်အိမ်မှာ လေးပေခန့်အမြင့်ရှိပြီး အတွင်းတွင် အဆင့်သုံးဆင့်ပါသည်။ ကြောင်အိမ်တံခါးအပေါ်ဘက်တစ်ခြမ်းတွင်တော့ သံဆန်ခါအပေါက်သေးသေးကလေးများဖြင့် ရိုက်ထားလေရာအတွင်းသို့လှမ်းမြင်နေရသည်။ ကြောင်အိမ်တစ်ခုလုံးကိုတော့ ဆေးအဝါရောင်များဖြင့် ပိတ်နေအောင်သုတ်ထားသဖြင့် အလွန်လှပသစ်လွင်နေသည်။
ကြောင်အိမ်ကိုသေသေချာချာကြည့်ရှုနေသည့် မယဉ်မေကိုကြည့်ရင်း ကုလားကြီးက
"ခိုင်ပါတယ်အမကြီး၊ စိတ်ချပါ၊ ဒီကြောင်အိမ်မျိုးက ပရိဘောဂဆိုင်မှာသွားဝယ်ရင် တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက်တော့ အသာကလေးပေးရမှာ၊ ကျွန်တော်တို့က လက်သမားပညာတတ်တော့ ကြောင်အိမ်ကို ကိုယ်တိုင်ရိုက်ပြီး လာရောင်းတာမို့လို့ အမြတ်အစွန်းနည်းနည်းပဲရပါတယ်အမကြီး"
"အင်း၊ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါနဲ့ ရှင်တို့ဘယ်နားကလာကြတာလဲ"
"ချောင်းကြီးရပ်ကွက်ကနေလာခဲ့တာပါ"
"ချောင်းကြီးဆိုတော့ ဒီကနေအတော်လှမ်းသားပဲ၊ ရှင်တို့ဒါတွေ ရွက်ပြီးသယ်လာရတာ မပင်ပန်းဘူးလား"
"ပင်ပန်းတယ်ဆိုပေမယ့်လည်း ဒါပဲလုပ်တတ်တာကိုးအမကြီးရာ"
"ကဲပါ၊ ရှင်တို့လည်းဈေးဆက်ရောင်းရအုံးမယ်မဟုတ်လား၊ ကျွန်မဒီကြောင်အိမ်ကိုယူမယ်"
ကုလားကြီးမှာ အလွန်စေတနာကောင်းလေသည်။ မယဉ်မေကြောင်အိမ်ဝယ်ယူလိုက်သည့်အခါ အိမ်ပေါ်သို့တက်ပြီး မီးဖိုချောင်ထဲအထိ ဝင်ထားပေးခဲ့သည်။ မယဉ်မေလည်း ကုလားကြီးအား ငွေငါးဆယ်ပေးလိုက်လေတော့သည်။ မယဉ်မေမှာ ရှိစုမဲ့စု စားအိုးစားခွက်နှင့် ပန်းကန်များကို ကြောင်အိမ်အလယ်ထပ်သို့ထည့်လိုက်လေသည်။ ထို့နောက် ကြက်သွန်၊ ငရုတ်၊ အာလူးများကို ကြောင်အိမ်အောက်ဆုံးထပ်တွင်လည်းကောင်း၊ ချက်ပြုတ်ပြီးသား ဟင်းခွက်များကို သံဆန်ခါကာထားသဖြင့် အတိုင်းသားမြင်နေရသည့် ကြောင်အိမ်အပေါ်ဆုံးထပ်တွင်လည်းကောင်း ထည့်သွင်းလိုက်လေသည်။ ကြောင်အိမ်အပေါ်ဘက်တွင်တော့ ငံပြာရည်ပုလင်း၊ ဆားအိုး၊ ဆနွင်းမှုန့်အိုးများကို တန်းစီကာအစီအရီတင်ထားလိုက်လေတော့သည်။ ငါးဆယ်နှင့်ဝယ်ခဲ့သည့် ကြောင်အိမ်ကလေးကိုကြည့်ရင်း မယဉ်မေတစ်ယောက် အလွန်ကျေနပ်နေမိတော့သည်။
"မဆိုးပါဘူးကွာ၊ ငါးဆယ်နဲ့ဒီလက်ရာရတာတော့ တန်ပါတယ်"
ကိုမြင့်စိုးပြန်လာသည့်အခါ မယဉ်မေက သူဝယ်ယူထားသည့် အဝါရောင်ကြောင်အိမ်အသစ်စက်စက်ကလေးကိုပြသလိုက်လေသည်။ ကိုမြင့်စိုးကလည်း ခေါင်းတညိတ်ညိတ်နှင့်ကြည့်နေသည်။
"တန်တယ်မဟုတ်လား ကိုမြင့်"
"တန်ပါတယ် မေရာ၊ ငါးဆယ်ဆိုတာ ဘာမှဟုတ်တာမှမဟုတ်တာ၊ စားရင်းသောက်ရင်းလည်းကုန်သွားတာပဲလေ၊ အနည်းဆုံးတော့ ငါ့မိန်းမ ဒေါသမထွက်ရတော့ဘူးပေါ့၊ အဲဒါနဲ့တင် ပိုးစိုးပက်စက်တန်နေပါပြီ"
"ဟုတ်ပါ့ ကိုမြင့်ရယ်၊ ကြောင်အိမ်ထဲကို ဟင်းတွေထည့်ထားတော့ ဟိုကြောင်သူခိုးဘယ်ခိုးလို့ရတော့မှာလဲ၊ နောက်ပြီး အာလူးတွေ၊ ပဲတွေကို လာလာဖောက်စားတဲ့ ကြွက်တွေရန်ကလည်း တစ်မျိုးအေးသွားတာပေါ့"
မယဉ်မေက ကြောင်အိမ်အသစ်ကလေးထဲမှ ဟင်းခွက်များကိုထုတ်လိုက်ကာ ထမင်းဝိုင်းတွင်ပြင်ဆင်ပေးလိုက်သည်။ ထို့နောက်လင်မယားနှစ်ယောက် ညစာအတူလက်ဆုံစားလိုက်ကြလေတော့သည်။
ညနက်ပြီဖြစ်သည်။ ကိုမြင့်စိုးမှာ အလုပ်ပင်ပန်းလာသဖြင့် တခေါခေါနှင့်အိပ်ပျော်နေသော်လည်း မယဉ်မေမှာ အိပ်မပျော်ပေ၊ နွေညဖြစ်သဖြင့် ပူအိုက်လွန်းသောကြောင့် လက်တစ်ဖက်က ယပ်တောင်တစ်ချောင်းနှင့်် ယပ်ခပ်နေရသည်။ တစ်လောကလုံးက တိတ်ဆိတ်လျှက် မှောင်မိုက်နေလေသည်။ အိမ်ရှေ့ခန်းနံရံတွင် တပ်ဆင်ထားသည့် နာရီကြီးမှ နာရီသံတချောက်ချောက်က ချောက်ချားဖွယ်ထွက်ပေါ်နေလေသည်။
"ဂလုံး၊ ဂလွမ်း"
ထိုစဉ်အိမ်နောက်ဖေး မီးဖိုချောင်ထံမှ အိုးသံခွက်သံများကိုကြားရလေသည်။ မယဉ်မေလည်း ဆတ်ခနဲငုတ်တုတ်ကောက်ထိုင်လိုက်သည်။
"ဟောတော်၊ အိုးသံခွက်သံတွေကြားတယ်၊ ဧကန္တ ဟိုကြောင်သူခိုးလာပြန်ပြီထင်တယ်"
မယဉ်မေက ရေရွတ်လိုက်ကာ အိပ်ရာမှထလိုက်လေသည်။ ကိုမြင့်စိုးအား နှိုးရန်ကြံရွယ်လိုက်သော်လည်း အိပ်မောကျနေသဖြင့် မနှိုးရက်တော့ပေ၊ အိပ်ရာခြေရင်းတွင်ထောင်ထားသည့် တုတ်တစ်ချောင်းအားကောက်ယူလိုက်ပြီးနောက် မီးဖိုချောင်သို့အသာထွက်ခဲ့သည်။ အိမ်ရှေ့ခန်းမှ မီးဖိုချောင်သို့ဆင်းသည့်နေရာတွင် အထပ်သားပြားကပ်ထားသည့် တံခါးတစ်ချပ်ရှိလေသည်။ မယဉ်မေလည်း ထိုတံခါးအား ဝုန်းခနဲဆွဲဖွင့်လိုက်ပြီးနောက် မီးဖိုချောင်သို့သွယ်တန်းတပ်ဆင်ထားသည့် မီးခလုပ်အား နှိပ်ဖွင့်လိုက်လေတော့သည်။
ခြောက်ဆယ်ဝပ်မီးသီးအလင်းရောင်ကြောင့် မီးဖိုချောင်တစ်ခွင်လင်းထိန်သွားသည်။ ကြောင်အိမ်တံခါးကြီးမှာပွင့်နေပြီး ကြောင်အိမ်အလယ်ထပ်တွင် ထည့်သွင်းထားသည့် အိုးခွက်များမှာ ကြောင်အိမ်အရှေ့နားသို့ ပြန့်ကျဲကျနေလေသည်။ ပန်းကန်ခွက်ယောက်များမှာ ကြွေရည်သုတ်ပန်းကန်များဖြစ်သည့်အတွက်ကြောင့်သာ မကွဲခြင်းဖြစ်သည်။ ထမင်းချက်သည့် ဒန်အိုးနှင့် ဟင်းချက်သည့် သံဒယ်အိုးမှာလည်း ကြောင်အိမ်အရှေ့ ခပ်လှမ်းလှမ်းတွင်ကျနေပြန်သည်။ မယဉ်မေတစ်ယောက် ပစ္စည်းများကို ပြန်ကောက်သိမ်းရင်း စဉ်းစားနေမိသည်။
"ကြောင်ဝင်တယ်ဆိုအုံးတော့၊ ဒီကြောင်က ချက်ချင်းပြေးထွက်နိုင်မှာမဟုတ်ဘူး၊ နောက်ပြီး မီးဖိုချောင်ကလည်း လုံပါတယ်၊ ဒီကြောင်ဘယ်လိုလုပ်ပြီးဝင်လာသလဲ၊ ပြီးတော့ ကြောင်အိမ်တံခါးကိုဖွင့်နိုင်မှာမို့လို့လား"
မယဉ်မေတစ်ယောက်တည်း ခေါင်းချောက်နေချေပြီ၊ စားအိုးစားခွက်များကို ကြောင်အိမ်အလယ်အဆင့်သို့ အသေအချာစီရီထည့်လိုက်ပြီးသည့်နောက် ကြောင်အိမ်တံခါးကိုပိတ်လိုက်ကာ တံခါးတွင်တပ်ဆင်ထားသည့် မျောက်လက်ကလေးကို သေချာမြဲမြံစွာတပ်ဆင်လိုက်သည်။ မျောက်လက်မှာ အသစ်ဖြစ်သည်မို့ ပိတ်ရသည်ကပင် ခပ်ကျပ်ကျပ်ဖြစ်နေသည်။
သိမ်းဆည်းပြီးသည့်အခါ မီးဖိုချောင်မှထွက်လိုက်ပြီး မီးသီးပိတ်လိုက်သည့်အခါတွင် ကြောင်အိမ်အနီးတွင် လူတစ်ဦးရပ်နေသည့်ပုံစံကို ရိပ်ခနဲတွေ့မြင်လိုက်ရသဖြင့် မယဉ်မေထိတ်လန့်သွားသည်၊ ထို့ကြောင့် မီးဖိုချောင်မီးခလုပ်အား အမြန်ပြန်ဖွင့်လိုက်ရာ မီးရောင်အောက်တွင် မည်သူမှရှိမနေပေ။
"အေးလေ၊ ငါစိတ်ထင်တာဖြစ်မှာပါ"
မယဉ်မေ ဖြည့်တွေးလိုက်ပြီး မီးဖိုချောင်အတွင်းမှထွက်လာခဲ့လိုက်သည်။ ထိုစဉ်မယဉ်မေ၏ နောက်ကျောကုန်းတစ်ခုလုံးက ချမ်းတုန်တက်လာပြီး ကြက်သီးမွှေးညှင်းများက ထောင်းခနဲထောင်တက်လာလေသည်။ ထူးဆန်းသည်က ခန္ဓာကိုယ်အရှေ့ပိုင်းတစ်ခြမ်းက ဘာမှမဖြစ်ခြင်းဖြစ်သည်။ မယဉ်မေလည်း ထိတ်လန့်လာပြီး မီးဖိုချောင်တံခါးကိုပိတ်လိုက်ကာ အိပ်ခန်းအတွင်းသို့ အပြေးဝင်လိုက်လေတော့သည်။
(၃)
"ယဉ်မေရေ၊ ဈေးကနေ ဘာတွေဝယ်လာလဲဟေ့"
ကိုမြင့်စိုးရုံးသွားသည့်အခါ မယဉ်မေတစ်ယောက် ရပ်ကွက်ထိပ်ရှိဈေးကလေးသို့ ဈေးသွားဝယ်ကာ ပြန်လာလေသည်။ ထိုအခါ ဘေးအိမ်မှ အဒေါ်ကြီးက မယဉ်မေကိုလှမ်းနှုတ်ဆက်ခြင်းဖြစ်သည်။
"အမဲသားဝယ်လာတယ်ကြီးမေရေ၊ ကိုမြင့်က အမဲသားဆိုသိပ်ကြိုက်တာ၊ ဟိုနေ့က သူစားဖို့အမဲသားအစိတ်သားဝယ်ပြီး ကြော်ပေးလိုက်တာကို ကြောင်ဝင်ခိုးစားသွားလို့ သုံးလေးတုံးပဲ စားလိုက်ရတယ် ကြီးမေ"
"ဟယ်၊ ဒီကြောင်တော်တော်ဆိုးတာပဲ၊ အဲဒါ ဟိုကြောင်ဖားပဲဖြစ်မှာ"
"အစစ်ပေါ့ ကြီးမေရဲ့၊ ကြီးမေတို့အိမ်ကိုရော အဲဒီကြောင်ကြီးမလာဘူးလား"
"ငါတို့ကတော့ သူ့မြင်တာနဲ့ တွေ့တာနဲ့ကောက်ပေါက်တာပဲဟေ့၊ ဒါပေမယ့် လူအလစ်တော့ လာလာချောင်းသား၊ ပြီးခဲ့တဲ့အပတ်ကပဲ ပဲခူးကအပြန်ဝယ်လာတဲ့ ငါးရံခြောက်တွဲကြီးကို တိုင်ပေါ်တက်ပြီး ဖြုတ်သွားသေးတယ်တော်၊ အံ့ပါရဲ့"
"အံ့သြတာတော့ အံ့သြစရာပဲကြီးမေရဲ့၊ အိမ်ကအမဲသားပါသွားတုန်းကလည်း အုပ်ဆောင်းဆန်ခါနဲ့ သေသေချာချာအုပ်ထားတဲ့ကြားက ပါသွားတာ"
"ဒီကြောင်က ဝါရင့်သူခိုးအေ့၊ သွားလျှော့တွက်လို့မရဘူး၊ အုပ်ဆောင်းလဲ လှန်တတ်သလို၊ ဒယ်အိုးဖုံးတို့၊ ဒန်အိုးတို့လဲ လှန်တတ်သေးတာတော်"
"အခုတော့ ပူစရာမလိုတော့ဘူး ကြီးမေ၊ ဟိုတစ်နေ့ကပဲ ကြောင်အိမ်ကလေးတစ်လုံးကို ငါးဆယ်နဲ့ဝယ်လိုက်တယ်၊ ဒီကြောင်ဘယ်လောက်လည်လည် ကြောင်အိမ်တော့ ဖွင့်တတ်မှာမဟုတ်ဘူးကြီးမေရဲ့"
"ဟယ်၊ ကြောင်အိမ်ကို ငါးဆယ်နဲ့ရတယ်တဲ့လား တန်လိုက်တာဟယ်၊ ဘယ်မှာသွားဝယ်သလဲ ယဉ်မေရဲ့"
"ဘယ်မှမသွားပါဘူးကြီးမေရဲ့၊ ခေါင်းရွက်ဗျက်ထိုး လိုက်ရောင်းတဲ့လူတွေဆီကနေ ဝယ်လိုက်တာ"
အဒေါ်ကြီးမျက်နှာ တစ်ချက်ပျက်သွားရင်း
"ခေါင်းရွက်ဗျက်ထိုးသည်ဆီကနေ ဝယ်တယ်တဲ့လား ယဉ်မေရာ၊ ညည်းတော့ မကောင်းတာတွေနဲ့ တွေ့နေအုံးမယ်"
"ဟာ၊ ကောင်းပါတယ်ကြီးမေရဲ့၊ သူ့ဈေးနဲ့သူကတော့ သုံးပျော်ပါတယ်"
"အေးပါ၊ အဆင်ပြေတော့လည်း ကောင်းတာပေါ့"
မယဉ်မေလည်း ထိုအဒေါ်ကြီးကိုနှုတ်ဆက်ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။ မီးဖိုချောင်အတွင်းသို့ ဝင်လိုက်သည့်အခါတွင် ထမင်းစားစားပွဲပေါ်တွင် တင်ထားသည့် ထမင်းဒန်အိုးမှာ အဖုံးပွင့်နေသည်ကိုတွေ့ရလေသည်။ မယဉ်မေလည်း ထမင်းအိုးထဲသို့ကြည့်လိုက်သည့်အခါ ထမင်းတုံးအား ကုပ်ဖဲ့စားသောက်ထားသည့် ပုံစံများကိုတွေ့ရသည်။
"ဟောတော်၊ အခုပဲ ဒင်းအကြောင်းပြောလာတာ၊ ဒင်းက တော်တော်ဆိုးနေပါလား၊ ထမင်းလောက်ကို ခိုးမစားဘူးလို့မှတ်နေတာ၊ ဟင်းခိုးမရတော့ ထမင်းခိုးစားသွားပါလား"
မယဉ်မေအော်ဟစ်လျှက် ထမင်းအိုးကိုပြန်သိမ်းလိုက်ရတော့သည်။ ဈေးမှပြန်လာသည့် မယဉ်မေတစ်ယောက် အမောမပြေဘဲ အော်ဟစ်နေရတော့သည်။ ကြောင်ကြီးကို အော်ဟစ်ကျိန်ဆဲပြီးသည့်အခါမှ မယဉ်မေလုပ်ငန်းစနိုင်သည်။ ထိုခေတ်က ရေခဲသေတ္တာမရှိသေးသည်မို့ အသားငါးများကို ဝယ်လာသည့်နေ့မှာပင် ဆေးကြောကာ ချက်ပြုတ်ကြော်လှော်ထားရသည်က ထုံးစံပင်ဖြစ်သည်။ မချက်ဖြစ်လျှင်တောင်မှ ဟင်းကိုဆီဖြင့်လုံးထားရလေသည်။
မယဉ်မေလည်း အမဲသားငါးဆယ်သားကို ရေဆေးကြောနေမိသည်။ ထိုစဉ် သူ့နောက်ကျောတွင် တစ်စုံတစ်ဦးရောက်နေသကဲ့သို့ ခံစားမှုမျိုးခံစားရသဖြင့် လှည့်ကြည့်မိလိုက်သည်။ သို့သော် အနောက်ကွယ်တွင် မည်သည့်အရာမှ ရှိမနေပေ၊ မယဉ်မေက ဆေးကြောပြီးသည့်အခါ အမဲသားများကို ဓါးနှင့်လှီးကာ အတုံးကလေးများဖြစ်အောင်တုံးနေမိသည်။ ထိုစဉ် မယဉ်မေအနီးရှိ မီးဖိုချောင်နံရံပေါ်သို့ လူပုံစံအရိပ်တစ်ခုက ပေါ်ပေါက်လာသည်ကို မျက်လုံးထောင့်နားမှမြင်လိုက်ရသည်။ မယဉ်မေလည်း ဖြတ်ခနဲလှည့်ကြည့်လိုက်သည့်အခါ ထိုအရိပ်မှာကြောင်အိမ်အနောက်သို့ လှစ်ခနဲဝင်သွားသည်ကိုမြင်တွေ့လိုက်ရသည်။
တစ်ယောက်တည်းမို့ မယဉ်မေထိတ်လန့်ချောက်ချားလာလေသည်။ သို့နှင့် တုံးတစ်ပြီးအမဲသားတုံးများကို ဆား၊ ဆနွင်းနယ်ကာ ကြောင်အိမ်အတွင်းသို့လှမ်းထည့်လိုက်သည်။ ကြောင်အိမ်တံခါးကို သေချာကျနစွာပိတ်ပြီးနောက် အိမ်ရှေ့သို့ထွက်လာခဲ့၏။ ဈေးမှအပြန်ဝယ်လာသည့် လက်သုပ်စုံအား အိမ်ရှေ့တွင်စားသောက်ပြီး ပြန်ဝင်လာခဲ့သည်။ ညစာချက်ပြုတ်ဖို့ပြင်ဆင်မီးမွှေးပြီး အမဲသားချက်ရန်အတွက် အမဲသားပန်းကန်အား ကြောင်အိမ်အတွင်းမှ ထုတ်ကြည့်လိုက်သည့်အခါ အသားများအတော်လျော့နေသည်ကိုတွေ့လိုက်ရသည်။
မယဉ်မေအတော်ပင် ခေါင်းနားပန်းကြီးသွားသည်။
"မဟုတ်သေးပါဘူး၊ ငါးဆယ်သားက ဒီလောက်ပဲရတာလား၊ ခုနက တုံးပြီးနှပ်ခဲ့တာ ဒီထက်များသလားလို့"
ကြောင်အိမ်တံခါးမှာလည်း ပိတ်လျှက်သားဖြစ်ကာ ခြေရာလက်ရာမပျက်သဖြင့် မယဉ်မေထူးဆန်းနေသည်ကတော့အမှန်ပင်ဖြစ်သည်။ သို့နှင့် အမဲသားများကို ဟင်းအဖြစ်ချက်ပြုတ်လိုက်လေသည်။ အမဲသားကို ခရမ်းချဉ်သီးနှင့် ချဉ်ချဉ်ကလေးနှပ်ကာချက်ပြုတ်လိုက်၏။ မယဉ်မေလည်း နေ့လည်စာ စားသောက်ပြီးနောက် အမဲသားဟင်းကို ကြောင်အိမ်ထဲထည့်လိုက်ကာ နေ့ခင်းတစ်ရေးတစ်မောအိပ်လိုက်လေတော့သည်။
"ဟောတော်၊ ဟင်းတွေဘယ်ရောက်ကုန်လဲ"
ညနေ ကိုမြင့်စိုးပြန်လာပြီး လင်မယားနှစ်ယောက် ညစာစားရန်ပြင်ဆင်လိုက်သည့်အခါ အမဲသားဟင်းမှာ အတော်လျော့နေသည်ကိုတွေ့လိုက်ရသည်။
"ဘယ်ရောက်ကုန်တာလဲ၊ အစိတ်သားကျန်ရင် ကံကောင်းတော်"
ကိုမြင့်စိုးကတော့ မယဉ်မေအားကြည့်လျှက်
"ဘယ်လိုဖြစ်ရတာလဲ မေရေ"
"မသိပါဘူးရှင်၊ အမဲသားကို ကြောင်အိမ်ထဲ သေသေချာချာထည့်ထားတာပါပဲ၊ အဲဒါ အသားတုံးတွေက လျော့နေတယ်ရှင့်"
ိကိုမြင့်စိုးက ပြုံးလျှက်
"မင်းရဲ့အချစ်တော်ကြောင်ကြီး နှိုက်စားသွားတာဖြစ်မှာပေါ့ကွာ၊ မင်းတံခါးကိုသေသေချာချာပိတ်ရဲ့လား"
"ပိတ်ပါတယ်ရှင်၊ မျောက်လက်သေသေချာချာခတ်ပါတယ်"
"မေရာ၊ မျောက်လက်နဲ့ပိတ်လို့ရမလားကွ၊ မျောက်လက်က တစ်ခါတလေချောင်ပြီးတော့ သူ့အလိုလိုပြုတ်ထွက်တတ်တယ်ကွ၊ သော့မခတ်ရင်တောင်မှ သံချောင်းလေးဘာလေးနဲ့ မျောက်လက်ကိုကလန့်ပြီး ပိတ်ပေါ့ကွ"
"အင်းပါရှင်၊ မေတော့ တွေးကိုမတွေးတတ်တော့ဘူး၊ ဒီကြောင်သာ လူဖြစ်ရင်တော့ သူခိုးကြီးငတက်ပြားလိုမျိုး သူခိုးကျော်ကြီးဖြစ်မှာပဲ"
သို့နှင့် ကျန်သည့်အမဲသားဟင်းကို လင်မယားနှစ်ယောက် စားသောက်လိုက်ကြတော့သည်။ နှစ်ရက်စာခန့် ဝယ်လာသည့်အမဲသားမှာ တစ်ညစာနှင့်ပင်ပြောင်လေတော့သည်။ သို့သော် မယဉ်မေကတော့ မကျေနပ်ပေ။ ထမင်းစားသောက်နေရင်း
"ကိုမြင့်ရေ၊ မေတို့ဒီအိမ်မှာ သရဲတွေဘာတွေများရှိနေသလားမသိဘူးနော်"
ကိုမြင့်စိုးက အံ့သြသွားကာ
"ဘာဖြစ်ပြန်ရတာလဲ မေရာ"
"မဟုတ်ပါဘူး၊ အခုတလော တစ်ခုခုကိုရိုးတိုးရိပ်တိတ်မြင်နေသလိုလိုဖြစ်နေတယ်၊ ကျောတွေချမ်းပြီး ကြက်သီးတွေလည်း သိပ်ထတာပဲရှင်၊ အိမ်မှာနေပေမယ့် စိတ်ထဲမလုံခြုံသလိုဖြစ်နေတယ်"
"မင်းစိတ်ထင်လို့ဖြစ်မှာပါ မေရာ၊ ကိုယ်တို့ဒီမှာနေတာပဲ သုံးလလောက်တောင်ကြာပြီမဟုတ်လားကွ၊ သရဲရှိတယ်ဆိုရင် အစောကတည်းက ခြောက်မှာပေါ့"
မယဉ်မေလည်း မစဉ်းစားတတ်တော့ပေ၊ ကိုမြင့်စိုးက ခေတ်ပညာတတ်လူငယ်တစ်ယောက်ပီပီ သရဲတစ္ဆေများကို အယုံအကြည်မရှိသလို၊ အကြောက်အလန့်လည်းမရှိပေ။ သို့သော် မယဉ်မေက အလျော့မပေးသေးပေ၊ ထိုသရဲကိုရအောင်ဖမ်းမည်ဟု စိတ်ထဲကြုံးဝါးလိုက်မိသည်။
(၄)
ထိုနေ့က ရုံးပိတ်ရက်ဖြစ်သည်။ မယဉ်မေမှာ ဈေးသို့မနက်စောစောသွားကာ ကိုမြင့်စိုးကြိုက်တတ်သည့် အမဲသားများကို ငါးဆယ်သားဝယ်ယူလာခဲ့သည်။ မီးဖိုချောင်အတွင်း ချက်ပြုတ်နေသည့်အခါ ကိုမြင့်စိုးမှာ အိမ်ရှေ့တွင် သတင်းစာဖတ်နေလေသည်။
မယဉ်မေက အမဲသားများကိုဆေးကြောပြီး စဉ်းတီတုံးတွင်တင်ကာ လှီးဖြတ်နေလေသည်။ ပါးစပ်မှာလည်း တစ်နှစ်သုံးလေး အမှတ်စဉ်ရေတွက်နေမိသည်။ ထိုစဉ် မယဉ်မေအနောက်သို့ လူတစ်ဦးလမ်းလျှောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ မီးဖိုချောင်တွင်ခင်းထားသည့် ကြမ်းပြင်မှာ သိမ့်ခနဲသိမ့်ခနဲတုန်တုန်တက်သွားသည်။ ထို့နောက် မယဉ်မေအနောက်သို့ရောက်လာကာ မယဉ်မေ၏ လက်မောင်းနှစ်ဖက်ကို ထိကိုင်ခံလိုက်ရလေသည်။
"အောင်မယ်လေးအမေရဲ့"
မယဉ်မေ ထအော်လိုက်မိသည်။ ထိုအခါ ရယ်သံထွက်ပေါ်လာလေသည်။ မယဉ်မေလှည့်ကြည့်လိုက်သည့်အခါ ကိုမြင့်စိုးဖြစ်နေသည်။
"လန့်လိုက်တာအကိုရယ်"
"ဒီလောက်လန့်သွားမယ်လို့ မထင်ထားဘူးမေ၊ မေ့ကြည့်ရတာ စိတ်ချောက်ချားနေတယ်ထင်ပါ့"
မယဉ်မေတစ်ယောက် နဖူးတွင်ချွေးစေးများပင်ထွက်နေလေသည်။ ကိုမြင့်စိုးအား ဘာမှပြန်မပြောနိုင်ပေ။
"ဒါနဲ့ မေခုနက အသားတွေတုံးရင်း ပါးစပ်ကနေ တစ်နှစ်သုံးလေးတွေ ရေနေတာတွေ့တယ်၊ အဲဒါဘာလုပ်တာလဲ"
"အမဲသားငါးဆယ်သားက ဘယ်နှတုံးထွက်သလဲလို့ ရေတွက်နေတာပါ ကိုမြင့်ရဲ့"
ကိုမြင့်စိုးက ဟက်ခနဲရယ်လိုက်ပြီး
"မေရာ၊ ကိုယ်တို့က လင်မယားနှစ်ယောက်တည်းရှိတာပါကွ၊ ဒီအချိန်မှာတော့ စကေးတွေဘာတွေနဲ့ စားစရာမလိုသေးပါဘူး၊ တစ်ယောက်ဘယ်နှတုံးတွက်ပြီးစားရတဲ့အခြေအနေမဟုတ်ပါဘူး မေရာ"
"မဟုတ်ဘူးကိုမြင့်ရဲ့၊ အကြောင်းရှိလို့ ရေတွက်နေတာ၊ ကဲပါ ကိုမြင့်လည်းမှတ်ထားပေး၊ အမဲသားငါးဆယ်သားကို မကြီးမသေးအရွယ် ဆယ့်ငါးတုံးရတယ်၊ ဟုတ်ပြီလား"
"ဟုတ်ပါပြီ အိမ်ရှင်မကြီးရယ်၊ ဟုတ်ပါပြီ၊ မေဒီလောက်ချွေတာနေပုံမျိုးနဲ့ဆိုရင် နောက်ဆိုကိုယ်တို့ တိုက်ဆောက်နေလို့တောင်ရတော့မယ် သိရဲ့လား"
ကိုမြင့်စိုးက ခပ်ပေါ့ပေါ့သာပြောဆိုကာ အိမ်ရှေ့သို့ပြန်ထွက်သွားလေသည်။ မယဉ်မေလည်း ထိုအမဲသားတုံးများကို အရင်ကြော်လိုက်ကာ အဆီများများနှင့် ပြန်နှပ်ကာချက်လိုက်၏၊ မယဉ်မေမှာ နေ့လည်ထမင်းစားသည့်အချိန်တွင်လည်း အတုံးများကိုမှတ်သားကာ စားသောက်လေသည်။ ထို့နောက် အမဲသားပန်းကန်အား ကြောင်အိမ်ထဲသို့ထည့်လိုက်ကာ ကြောင်အိမ်မျောက်လက်ကိုသေချာစွာပိတ်လိုက်ပြီး သော့ခလောက်အဟောင်းတစ်ခုနှင့် အသေအချာချိတ်ထားလိုက်လေသည်။
"ယဉ်မေရေ၊ နင်ဟိုသတင်းကြားပြီးပြီလား"
ထမင်းစားပြီး အိမ်ရှေ့ထွက်လိုက်သည့်အခါ ဘေးအိမ်မှအဒေါ်ကြီးက ခြံဝသို့ရောက်လာလေသည်။
"ဘာသတင်းလည်း ကြီးမေရဲ့"
"ဟိုကြောင်ဖားကြီး ပျောက်နေတယ်တဲ့ဟ"
"ဟုတ်လား၊ အလည်လွန်ပြီးပျောက်သွားတာများလား"
အဒေါ်ကြီးက ဘေးဘီကိုကြည့်ပြီး မယဉ်မေအနားသို့တိုးကပ်လာကာ
"ပျောက်သွားတာမဟုတ်ဘူးဟေ့၊ အသတ်စားခံရတာတဲ့"
မယဉ်မေ မျက်လုံးပြူးသွားသည်။
"တစ်ဖက်လမ်းက အရက်သမားငကျော်တို့က ဒီကြောင်ဖားကြီးကိုသတ်ပြီးချက်စားလိုက်ကြတာတဲ့၊ ငါ့သားမနက်က ကြားလာတာပဲ"
"ဒီလိုဆိုတော့လည်း သနားစရာပါလားရှင်"
"နင်ကသနားနေသေးတယ်၊ ငါကတော့ ပျော်နေတာဟ၊ ဒီကြောင်မရှိတော့ တို့ဟင်းတွေကို ခိုးစားမယ့်သူခိုးမရှိတော့ဘူးပေါ့ဟာ"
အဒေါ်ကြီးက ရယ်မောနေသော်လည်း မယဉ်မေစိတ်ထဲတွင်တော့ သနားသလိုလိုခံစားလိုက်ရသည်။ အိမ်ပေါ်သို့ မျက်နှာညှိုးညှိုးနှင့်တက်လာသည့် မယဉ်မေအား ကိုမြင့်စိုးကကြည့်လျှက်
"မေရေ၊ မျက်နှာကလည်း သုန်သုန်မှုန်မှုန်နဲ့ ဘာဖြစ်လာတာလဲ"
"ကိုမြင့်ရေ၊ ဟင်းခိုးစားတဲ့ တစ်အိမ်ကျော်က ကြောင်ဖားကြီးကို အရက်သမားတွေဖမ်းပြီး သတ်စားလိုက်လို့တဲ့"
ကိုမြင့်က ခေါင်းညိတ်ရင်း
"မင်းကျိန်ဆဲတာတွေ ပြည့်သွားတာပေါ့ မေရာ"
ကိုမြင့်စိုးစကားက မယဉ်မေရင်ကိုနင့်ခနဲဖြစ်သွားစေသည်။
"မေလည်း ကိုယ့်ဟင်းခိုးစားတော့ ဒေါသထွက်လို့ ပြောမိတာပါရှင်၊ အခုလိုဖြစ်သွားတယ်ဆိုတော့လည်း စိတ်ထဲတစ်မျိုးကြီးပဲ၊ တိရစ္ဆာန်ဆိုတော့လည်း စားစရာမရှိတော့ ခိုးဝှက်စားမိတာပေါ့ရှင်"
"ကဲပါ၊ ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့၊ သတ္တဝါတစ်ခုကံတစ်ခုလို့ပဲ ဖြေတွေးလိုက်ပေါ့မေရာ၊ ကဲကဲ အဝတ်အစားသွားလဲချည်"
"ဘယ်သွားမလို့လဲ ကိုမြင့်ရဲ့"
"တို့တွေညားပြီးကတည်းက ရုပ်ရှင်တောင်မကြည့်ဖြစ်တော့ဘူးမဟုတ်လား၊ သမီးရည်းစားတုန်းကဆိုရင် ရုပ်ရှင်သွားပြီးကြည့်နေကျလေ၊ အခုနားရက်ဆိုတော့ ရုပ်ရှင်သွားကြည့်ကြမယ်၊ သုံးနာရီခွဲပွဲမီသေးတယ် မေရေ"
ရုပ်ရှင်သွားကြည့်မည်ဆိုသဖြင့် မယဉ်မေပျော်ရွှင်သွားသည်ကတော့အမှန်ဖြစ်သည်။ သို့နှင့် လင်မယားနှစ်ယောက် အဝတ်အစားလဲပြီး ရုပ်ရှင်ကြည့်ရန် မြို့ထဲသို့ထွက်လာခဲ့ကြသည်။
ညခုနစ်နာရီကျော်မှ အိမ်သို့ပြန်ရောက်လာခဲ့သည်။ လူမရှိသည့်အိမ်မို့ အိမ်ကမှောင်မဲနေသည်။ ကိုမြင့်စိုးက အိမ်ပေါ်တက်ပြီး မိန်းခလုပ်ဆွဲတင်လိုက်သည့်အခါ မီးလုံးများမှာ ဖြပ်ခနဲတစ်ချက်လင်းချင်းသွားပြီးနောက် ပြန်လည်မှောင်ကျသွားလေသည်။
"ကိုမြင့် ဘာဖြစ်တာလဲ"
"အေးကွာ၊ မီးကြိုးပြတ်တာလား ဘာလားပဲကွ၊ သူများအိမ်တွေတော့လာတယ်"
"ဒုက္ခပါပဲရှင် ဘယ်လိုလုပ်ကြမလဲ"
"မနက်ဖြန်ရပ်ကွက်ထဲမှာ မီးလိုက်ပြင်တဲ့ မီးသမားကိုခေါ်ရမှာပေါ့ကွာ၊ ဒီနေ့ညတော့ မိုးလည်းချုပ်နေပြီဆိုတော့ ထားလိုက်ပါတော့ ငါတို့ ရေနံဆီမီးနဲ့ပဲ နေလိုက်ကြရအောင်"
ရေနံဆီမီးခွက်ကလေးထွန်းလိုက်ပြီးနောက် လင်မယားနှစ်ယောက် ထမင်းစားရန်အတွက် မီးဖိုအတွင်းသို့ဝင်လာခဲ့ကြသည်။ ကြောင်အိမ်မှာ ခြေရာလက်ရာမပျက်ရှိနေလေသည်။ မယဉ်မေလည်း ကြောင်အိမ်တွင်ချိတ်ထားသည့် သော့ခလောက်ကိုဖြုတ်လိုက်ပြီး အမဲသားဟင်းပန်းကန်ကိုလှမ်းယူလိုက်လေသည်။
"ဟယ်တော်၊ ကုန်ပါပြီ"
ကိုမြင့်စိုးက အနားရောက်လာလျှက်
"ဘာဖြစ်တာလဲ မေ"
"အမဲသားဟင်းက နှစ်တုံးပဲကျန်တော့တယ်"
"ဒါများအဆန်းလုပ်လို့မေရာ၊ နှစ်တုံးကျန်လည်း ကိုယ်တို့နှစ်ယောက် မျှပြီးစားလို့ရပါတယ်"
"မဟုတ်သေးဘူးကိုမြင့်၊ ဒီတစ်ခါတော့မဟုတ်သေးဘူး၊ မေမနက်က ဟင်းတုံးတွေရေနေတယ်ဆိုတာ အလကားမဟုတ်ဘူး၊ ဟင်းတုံးဆယ့်ငါးတုံးရှိတာမှ မနက်ကထမင်းစားတော့ ကိုမြင့်လေးတုံး၊ မေကလေးတုံးစားတော့ ရှစ်တုံးကုန်တယ်၊ ဟင်းတုံးက ဆယ့်ငါးတုံးရှိတာဆိုတော့ ခုနစ်တုံးကျန်ရမယ်မဟုတ်လား၊ အခုတော့ နှစ်တုံးပဲရှိတယ်ဆိုတော့ ငါးတုံးပျောက်နေတယ်"
ကိုမြင့်စိုးသက်ပြင်းချလိုက်ပြီး
"ကြောင်ခိုးစားသွားတာများလားကွာ"
"မဖြစ်နိုင်ဘူးကိုမြင့် ကြောင်ဖားကြီးကို သူများသတ်စားလိုက်ပြီဆိုတာ ကိုမြင့်အသိပဲမဟုတ်လား"
"ကြောင်က ဒီရပ်ကွက်ထဲမှာ ဒီတစ်ကောင်ထဲရှိတာမှ မဟုတ်တာပဲ မေရာ"
မယဉ်မေက ခေါင်းကိုသွက်သွက်ခါရင်း
"မဟုတ်ဘူးကိုမြင့်၊ မေက ကြောင်အိမ်ကိုမျောက်လက်နဲ့သေချာပိတ်ပြီးတော့ သော့ခလောက်နဲ့ပါ သေသေချာချာချိတ်ခဲ့တာ၊ အခုပြန်လာတော့လည်း ကြောင်အိမ်က မေပိတ်ထားခဲ့တဲ့အတိုင်းပဲရှိနေခဲ့တာမဟုတ်လား"
"ကြောင်အိမ်အနောက်မှာ အပေါက်တွေဘာတွေများဖြစ်နေသလားပဲ"
"မဟုတ်ဘူးကိုမြင့်၊ ကိုမြင့်မေ့ကိုမနှစ်သိမ့်ပါနဲ့တော့၊ ဒီအိမ်မှာတစ်ခုခုရှိနေပြီဆိုတာ မေသိလိုက်ပြီ"
မယဉ်မေတစ်ယောက် အတော်ကိုတုန်လှုပ်ခြောက်ချားနေလေသည်။ ကိုမြင့်စိုးက မယဉ်မေ၏လက်ကိုဆွဲလိုက်ရင်း
"မင်းအတွေးခေါင်နေတာပါမေရာ၊ ဘာမှမရှိပါဘူး"
မယဉ်မေက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး
"ကဲ၊ ဘယ်သူလဲ၊ ငါ့ကိုဘယ်လိုလူထင်လို့ ဒီလိုလာစမ်းတာလဲ၊ သတ္တိရှိရင် အကောင်လိုက်ထွက်လာခဲ့စမ်း၊ နင်နဲ့ငါနဲ့ တစ်ပွဲတစ်လမ်းလောက် နွှဲကြတာပေါ့"
မယဉ်မေ စိန်ခေါ်ပြီးသည့်အခါ ကြောင်အိမ်တံခါးကြီးမှာ လေမတိုက်ပါဘဲ သူ့အလိုလိုပွင့်သွားတော့သည်။ ထို့နောက် ကြောင်အိမ်အတွင်းမှ အိုးခွက်ပန်းကန်များက တစ်စုံတစ်ယောက် ကောက်ယူကာလွင့်ပစ်လိုက်သည့်နှယ် ကြောင်အိမ်အတွင်းမှ ပျံထွက်လာကြသည်။ မယဉ်မေနှင့် ကိုမြင့်စိုးလည်း မီးဖိုအနီးသို့ ကပ်ရှောင်လိုက်ရသည်။ ပန်းကန်ခွက်ယောက်များမှာ အစုလိုက်အပြုံလိုက် ထွက်ကျလာသည်မဟုတ်ဘဲ ပန်းကန်တစ်ခုချင်းစီ လွင့်လွင့်ထွက်လာခြင်းဖြစ်သည်။ သရဲမယုံသည့် ကိုမြင့်စိုးပင်လျှင် ထိုမြင်ကွင်းကိုတွေ့ပြီး အလွန်ထိတ်လန့်နေမိသည်။ မယဉ်မေဆိုလျှင် တစ်ကိုယ်လုံးတုန်ယင်နေမိသည်။
"မေပြောတယ်မဟုတ်လား၊ ဒီအိမ်မှာ သရဲရှိပါတယ်လို့"
ကိုမြင့်စိုးဘာမှမပြောနိုင်တော့ပေ၊ ကြောင်အိမ်ကြီးက ပန်းကန်ခွက်ယောက်များပစ်ခတ်ပြီးသည့်အခါ ကြောင်အိမ်အောက်တွင်ထည့်ထားသည့် ကြက်သွန်၊ အာလူးများကို ထပ်မံပစ်ခတ်ပြန်သည်။ မီးဖိုချောင်တစ်ခုလုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီအလုံးများဖြင့် ပြန့်ကျဲနေလေသည်။ ကြက်သွန်များကုန်သွားသည့်အခါ ကြောင်အိမ်ကြီးမှာ တဆတ်ဆတ်တုန်ခါလာသည်။ ထို့နောက် ကြောင်အိမ်ကြီးမှာ သူ့အလိုလိုနံဘေးသို့ ချာခနဲယိုင်ထွက်သွားသည်။ တစ်ဖန် နောက်ထပ်ကြောင်အိမ်တစ်ဖက်ခြမ်းက ချာခနဲယိုင်သွားကာ ကြောင်အိမ်ကြီးမှာ အရှေ့သို့တဖြည်းဖြည်းတိုးရွေ့လာလေသည်မှာ မသိလျှင် လူကြီးတစ်ယောက် ပေါင်ကွတကွတဖြင့်လျှောက်နေသကဲ့သို့ထင်ရသည်။
ကြောင်အိမ်တံခါးရွက်များမှာလည်း ပိတ်လိုက်ဖွင့်လိုက်နှင့် တဂျိန်းဂျိန်းဖြစ်နေကာ လူတစ်ဦးစကားပြောနေသကဲ့သို့ လေသံတရှူးရှူးလည်းထွက်နေပြန်သည်။ မယဉ်မေတို့ လင်မယားနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ဆွဲကာ အိမ်ပေါ်မှခုန်ဆင်းပြေးကြတော့သည်။
"ကြီးမေရေ၊ သမီးတို့ကိုကယ်ပါအုံး"
နောက်ဆုံးဘေးအိမ်သို့သာ အကူအညီတောင်းရသည်။ အိမ်နီးချင်းအဒေါ်ကြီးက သူတို့လင်မယားအားကြည့်ရင်း
"ဘာတွေဖြစ်လာကြတာလဲ ယဉ်မေ"
မယဉ်မေတို့မှာ ထိုအဒေါ်ကြီးအိမ်ပေါ်တွင်ထိုင်ကာ သူတို့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုပြောပြလိုက်လေတော့သည်။ ထိုအခါ အဒေါ်ကြီးက မဲ့ရွဲ့လိုက်ပြီး
"ဒါကြောင့်ငါပြောပါတယ် သတိထားပါလို့"
"ဘာကြောင့်ဖြစ်တာလဲကြီးမေ"
ထိုအဒေါ်ကြီးထံတွင် သားတစ်ယောက်ရှိလေသည်။ သူ့သားမှာ အသက်သုံးဆယ်အရွယ် လူပျိုကြီးဖြစ်သည်။ သူ့သားကထပြီး
"လာရောင်းတဲ့လူတွေက ချောင်းကြီးရပ်ကလို့ ပြောသွားတယ်မဟုတ်လား၊ ချောင်းကြီးရပ်ကွက်ဘေးမှာ ကျုပ်တို့တစ်မြို့လုံးက သုံးနေတဲ့ သချိုင်းကုန်းကြီးရှိတယ်လေဗျာ၊ ကျုပ်ကြားဖူးတာတစ်ခုကတော့ ချောင်းကြီးရပ်ကွက်ထဲကလူတွေတစ်ချို့က သချိုင်းမှာမြှုပ်ထားတဲ့ အခေါင်းတွေကိုပြန်ဖော်ပြီး အခေါင်းပျဉ်တွေခွာရောင်းကြတယ်လို့ကြားဖူးတယ်ဗျ"
မယဉ်မေမျက်လုံးပြူးသွားသည်။
"ဒါ၊ ဒါဆိုရင်"
"ဟုတ်တယ်၊ မယဉ်မေ ဈေးပေါပေါနဲ့ရခဲ့ပုံထောက်တော့ ဒီကြောင်အိမ်က အဲဒီပြန်ခွာထားတဲ့ အခေါင်းပျဉ်တွေနဲ့လုပ်ထားတာများလား၊ ပြီးတော့ သချိုင်းကုန်းကပစ္စည်းဆိုတာ ပရလောကသားတွေစွဲတတ်တဲ့အရာတွေဖြစ်လေတော့ အခေါင်းပျဉ်မှာစွဲနေတဲ့ တစ္ဆေသရဲတစ်ကောင်ကများ ကြောင်အိမ်မှာစွဲကပ်ပြီး ပါနေတာများလား"
ကိုမြင့်စိုးတစ်ယောက်ခေါင်းညိတ်ပြီး
"ဖြစ်နိုင်တယ်၊ အဲဒါဖြစ်နိုင်တယ်ကွ"
"ကဲပါ၊ ဘာမှကြောက်မနေနဲ့၊ သရဲတွေဘာတွေ နှင်တာလည်း ကျုပ်တို့မလုပ်တတ်ဘူး၊ အထက်လမ်းဆရာတွေခေါ်နှင်ရင်လည်း ကြောင်အိမ်ဖိုးက ငါးဆယ်၊ ပညာကြေးက တစ်ရာနှစ်ရာလောက်ပေးနေရအုံးမယ်ဗျ၊ ဒီတော့ ကျုပ်အကြံပေးချင်တာက အဲဒီကြောင်အိမ်ကို အိမ်မှာဆက်မထားဖို့ပဲဗျာ"
"ဟုတ်တယ်၊ အဲဒါကောင်းတယ်ဗျာ"
"ဒါဆို ကိုမြင့်နဲ့ကျုပ်နဲ့ အဲဒီကြောင်အိမ်ကြီးကိုမပြီး တခြားသွားလွင့်ပစ်ကြတာပေါ့ဗျာ"
"နေပါအုံး ဘယ်ကိုသွားလွှင့်ပစ်ရမလဲဗျ"
"အိုဗျာ၊ ဈေးထိပ်က အမှိုက်ပုံကြီးကိုပေါ့ဗျာ၊ အဲဒီမှာပဲ နီးတယ်မဟုတ်လား"
သို့နှင့် ကိုမြင့်နှင့် တစ်ဖက်အိမ်မှလူပျိုကြီးတို့မှာ ကြောင်အိမ်ကြီးဆီသို့လာခဲံကြသည်။ ကြောင်အိမ်ကြီးမှာ သူမဟုတ်သည့်အလား ငြိမ်သက်နေလေသည်။ ကိုမြင့်တို့နှစ်ယောက် ကြောင်အိမ်ကိုတစ်ယောက်တစ်ဖက်မယူလိုက်ပြီး အိမ်မှထွက်ခဲ့ကြသည်။ ဈေးထိပ်အမှိုက်ပုံမှာ အတော်အတန်ကြီးမားသည်။ သူတို့ရပ်ကွက်ထိပ်တွင်တည်ရှိသဖြင့် သိပ်မဝေးပေ၊ မီးလာနေသော်လည်း ညရှစ်နာရီကျော်ပြီမို့ လမ်းမတွင်လူသူရှင်းနေပြီဖြစ်သည်။ ကိုမြင့်စိုးတို့နှစ်ယောက်လည်း ကြောင်အိမ်ကြီးကိုသယ်လာကာ အမှိုက်ပုံအနီးသို့လာခဲ့သည်။ ထိုအခါ အမှိုက်ပုံတွင် လက်တွန်းလှည်းတစ်စီးဖြင့် အမှိုက်လာပစ်သည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။
"ဟေ့လူတွေ၊ ဘာကြီးသယ်လာတာလဲဗျ"
"ကြောင်အိမ်ဗျာ၊ အိမ်မှာအသုံးမလိုလို့ လာပစ်တာ"
ထိုလူမှာ ကြောင်အိမ်ကိုသေချာကြည့်ရင်း
"ဟာ၊ ကြောင်အိမ်ကအသစ်ကြီးပါလား၊ ခင်ဗျားတို့မလိုဘူးဆိုရင် ကျုပ်ကိုပေးပါလားဗျာ"
"တော်စမ်းပါဗျာ၊ မယူပါနဲ့ဗျ၊ ကျပ်တို့ကလွင့်ပစ်ဖို့လာတာ"
"ဒီလောက်အကောင်းကြီးကို လွင့်ပစ်မှာ နှမြောစရာဗျာ၊ ကျုပ်ကိုပေးစမ်းပါဗျ"
သုံးလေးခါငြင်းသော်လည်း တားမရသည့်အဆုံး ကိုမြင့်စိုးနှင့်လူပျိုကြီးတို့မှာ ကြောင်အိမ်ကြီးအား ထိုလူ၏လက်တွန်းလှည်းပေါ်သို့ ထိုးတင်ပေးလိုက်တော့လေသည်။ ထိုလူမှာ ကြောင်အိမ်ရသည့်အတွက် ပျော်ရွှင်စွာဖြင့် လက်တွန်းလှည်းကိုတွန်းသွားလေတော့သည်။
"ကျုပ်တို့လုပ်တာ မှန်ရဲ့လားလူပျိုကြီးရာ"
"ဟာ ကိုမြင့်ကလည်း ကျုပ်တို့လည်းတားတာပဲလေဗျာ၊ ဒီလူက တားလို့မှမရတာဗျ"
သို့နှင့် ကိုမြင့်စိုးတို့ အိမ်ပြန်လာခဲ့ကြတော့သည်။ ကြောင်အိမ်ကြီးမရှိသည့်နောက် အိမ်တွင်လည်း ဘာမှထူးထူးဆန်းဆန်းမဖြစ်တော့ပေ။ ဟင်းများချက်ပြုတ်ပြီးပါကလည်း စားပွဲပေါ်တွင်တင်ကာ အုပ်ဆောင်းဖြင့်သာအုပ်ထားတော့သည်။ ခိုးစားမည့်ကြောင်မရှိတော့သဖြင့် ဟင်းတစ်တုံးတလေမှပင် မပျောက်တော့ပေ။
နှစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကိုမြင့်စိုးအလုပ်သွားသည့်အခါ မယဉ်မေလည်း ဆွဲခြင်းကလေးဆွဲကိုင်ပြီး ဈေးသို့ထွက်လာခဲ့သည်။ လစာထုတ်ပြီးရက်မို့ ကိုမြင့်စိုးအကြိုက် အမဲသားချက်ပေးမည်ဟုတွေးကာ မယဉ်မေခပ်သွက်သွက်လမ်းလျှောက်လာသည်။ သို့သော် ဈေးထိပ်နားအမှိုက်ပုံကြီးအရောက် မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားလေသည်။ ဈေးထိပ်အမှိုက်ပုံကြီးအရှေ့တွင် အဝါရောင်အဆင်းနှင့် သစ်လွင်လှပနေသော ကြောင်အိမ်ကြီးတစ်လုံးက အခန့်သားတည်ရှိနေလေသည်။ ထိုကြောင်အိမ်မှာ သူတို့စွန့်ပစ်ခဲ့သည့်ကြောင်အိမ်မှန်း မယဉ်မေသိလိုက်ပြီဖြစ်သည်။ ကြောင်အိမ်ကြီးူကို ငေးကြည့်နေမိစဉ်တွင် ပိတ်ထားသည့် ကြောင်အိမ်တံခါးမှာ လေမတိုက်ပါဘဲ တစ်ချက်ပွင့်ထွက်သွားပြီးနောက် သူ့အလိုလိုဂျိန်းခနဲပြန်ပိတ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် မယဉ်မေတစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြစ်သွားကာ ကြောင်အိမ်ကြီးကို မသိကျိုးကျွန်ပြုလျှက် ဈေးဆီသို့ အပြေးတစ်ပိုင်းဖြင့် လျှောက်လှမ်းလာခဲ့လေတော့သည်။
ပြီးပါပြီ။

No comments

Post a Comment