မဲကြီးအင်း (စ/ဆုံး)

  မဲကြီးအင်းက သရဲကို ဓါးနဲ့ ခုတ်သတ်ခဲ့တယ်ဆို ဟုတ်လား" လို့ သူကြီး ဦးထွန်းမောင်က မေးရောဗျို့ "ဓါးနဲ့ခုတ်ခဲ့တာတော့ ဟုတ်တယ် သူကြီး၊ သ... thumbnail 1 summary

 မဲကြီးအင်းက သရဲကို ဓါးနဲ့

ခုတ်သတ်ခဲ့တယ်ဆို ဟုတ်လား"

လို့ သူကြီး ဦးထွန်းမောင်က မေးရောဗျို့

"ဓါးနဲ့ခုတ်ခဲ့တာတော့ ဟုတ်တယ် သူကြီး၊
သေသလား မသေဘူးလား ဆိုတာတော့
ကျုပ် မသိဘူးဗျ"

"သေသွားတယ် ဘထွန်း၊အဲဒါ မဲကြီးအင်းက
သရဲမဲကြီးမိသားစုထဲက တစ်ယောက်ပဲကွ"

"ဒီကောင်က ကျုပ်အမဲသားတွဲကို လိုက်လုတာ
သူကြီရဲ့၊ ကျုပ်က ကြီးပင်စုမှာ ဆုံသားရလို့
အမဲသား သွားဝယ်ပြီး ပြန်လာတာ၊ ဒီကောင်ကမဲကြီးအင်းကနေ
ထွက်လိုက်တာဗျ။

ကျုပ်လည်းလက်ထဲက အဆင်သင့်ပါသွားတဲ့ ဓါးနဲ့ သုံးချက်
ဆင့်ခုတ်ခဲ့တယ်။ ဒီသရဲ လဲကျပြီး ပျောက်သွား
တယ်ဗျ။ သေတာ ရှင်တာတော့ ကျုပ်မသိဘူး"

"အေး၊ အဲဒီဓါး သွားယူစမ်း ဘထွန်း"

ကိုဘထွန်းဆိုတဲ့လူက ခေါင်းရင်းထရံမှာ
ထိုးထားတဲ့ ဓါးရှည်ကို ဆွဲနှုတ်ပြီး ယူလာတယ်ဗျ
သူကြီးက ကိုဘထွန်း ပေးတဲ့ ဓါးရှည်ကို လက်ထဲ
မှာ ကိုင်ကြည့်နေတယ်ဗျ။

"ဘထွန်း၊ ဒီဓါးက ဘာဓါးတုံး သိလား"

"ငှက်ကြီးတောင်ဓါးလေ သူကြီးရဲ့"

"ဟာ…ဒီကောင်၊ ငှက်ကြီးတောင်ဓါးမှန်းတော့
ငါလည်း သိတာပေါ့ကွ၊ ဘာအစီအရင်တွေ လုပ်
ထားတဲ့ ဓါးလဲလို့ မေးတာကွ"

" ဟာ…ဘာမှလုပ်မထားပါဘူး သူကြီးရဲ့၊
ဒီဓါးက ကျုပ်ဘထွေး ဦးမွှေး ရှိစဉ်ကတည်းက
ကိုင်ခဲ့တဲ့ ဓါးပါ"

"မင်းဘထွေး ဦးမွှေးက ဒီဓါးကို သူကိုယ်တိုင်
အပ်တာလား၊ ဝယ်လာတာလား ဘထွန်း"

"ဟာ ဝယ်လာတာဗျ ရှေးဟောင်းပစ္စည်းဆိုပြီး
စျေးကြီးပေးဝယ်လာတာလို့ ပြောတာပဲ"

"အင်း …ဒါဆိုရင် မင်းမသိတာ သေချာတယ် ဘထွန်းရ"

"မင်း ဒီဓါးနဲ့ ခုတ်လိုက်လို့ သရဲ သေသွားတယ်ဆိုတာ
ဘာကြောင့်လဲ မင်းသိလား ဘထွန်း"

"ကျုပ်ခုတ်လိုက်တဲ့ ဓါးချက်ပြင်းသွားလို့ဖြစ်မှာပေါ့
သူကြီးရယ်၊ ကျုပ်ခုတ်တာ လူမှမဟုတ်တာ၊
လူသတ်မှုတော့ မဖြစ်လောက်ပါဘူးနော် သူကြီး"

"မင်းခုတ်တဲ့ ဓါးချက်ပြင်းလို့ သရဲသေတာ
မဟုတ်ဘူးကွ ဘထွန်းရ၊ ဟောဒီ ဓါးက
ကိုးသင်္ချိုင်းဓါး ဖြစ်နေလို့ကွ"

"ဗျာ၊ ကိုးသင်္ချိုင်းဓါး ဟုတ်လား သူကြီး၊
နေပါဦးဗျ သူကြီးရဲ့၊ ဒီဓါးဟာ ကိုးသင်္ချိုင်းဓါး
ဆိုတာ သူကြီး ဘယ်လိုလုပ် သိတာလဲ"

ဒီတော့မှ သူကြီးက ကျုပ်အကြောင်းကို
ပြောပြပြီး မဖဲဝါဆီကိုပင့်ပြီး မေးရတဲ့အကြောင်း
ကနေ ဒီည ဟောဒီဓါးကို မဖဲဝါဆီအပ်မှ မဲကြီးတို့
ရန်က အေးမယ့်အကြောင်း ၊ မအပ်ရင် ဖရဖြူ
တစ်ရွာလုံး ဒုက္ခရောက်တော့မယ်အကြောင်းအထိ
ပြောပြလိုက်တယ်ဗျ။

ကိုဘထွန်းကသူ့ဓါးဟာ ကိုသင်္ချိုင်းဓါးမှန်းလည်း သိရော
သူကြီးကို မအပ်တော့ဘူးဗျ။ ပါသွားတဲ့
လူကြီးတွေက ဝိုင်းပြောကြရတာပေါ့ဗျာ။

"အခု ကိစ္စက တစ်ရွာလုံးနဲ့ ဆိုင်တဲ့ကိစ္စ
ဖြစ်နေပြီ ဘထွန်းရဲ့၊ ဒီအချိန်မှာ ကိုယ်ကျိုး
ကို ကြည့်လို့ မဖြစ်တော့ဘူးကွ၊ မင်း ဓါးကို
အပ်လိုက်မှ ရန်ကအေးမှာ"

"ဒီလိုလုပ်ဗျာ၊ ကျုပ် ဓါးကိုတော့ မအပ်ဘူး။
အဲဒီမဲကြီးတို့မိသားသူတွေ အကုန်လုံးကို
ကျုပ်သွားသတ်မယ်၊ ဒါဆိုရင်လည်း ကျုပ်တို့ရွာ
ရန်အေးမှာပဲ မဟုတ်လား သူကြီး"

"ဟာ…မဟုတ်တာ ဘထွန်းရယ်၊ မင်း
အသက်ပါ ဆုံးရှုံးသွားလိမ့်မယ် သိလား
ဒီဓါးကို အပ်လိုက်ပါကွာ"

တော်တော်ကို ပြောယူရတယ်ဗျို့။ နောက်ဆုံးတော့
ကိုဘထွန်းရဲ့မိန်းမ မသိန်းကြည်ကပါ ဝင်ပြောတော့မှ
ကိုဘထွန်းတစ်ယောက် လက်လျှော့ပြီး ဓါးကို သူကြီး
လက် အပ်လိုက်တာဗျို့။ အဲဒီညမှာပဲ ကျုပ်က
ကိုးသင်္ချိုင်းဓါးကို မဖဲဝါလက်အပ်လိုက်တယ်။

မဖဲဝါက နောက်နေ့ညမှာ မဲကြီးတို့ကို အသား
ကျွေးပြီး တောင်းပန်ဖို့ ပြောတယ်။

သူကြီးနဲ့ရွာကလူကြီးတွေက အမဲသား ငါးပိဿာချက်
ပေးပြီး ထမင်းထုပ် လေးထုပ် ထုပ်ပေးတယ်။

ကျုပ်နဲ့အတူတူ ရွာသားငါးယောက် လိုက်လာပြီး
မဲကြီးအင်းကို ညနေ နေဝင်ရီတရော သွားပြီးကျွေးကြတယ်။

ပြီးတော့ ကျုပ်က ဦးဆောင်ပြီး
မဲကြီးကို တောင်းပန်တယ်ဗျ။

ကျုပ်က မျက်ကွင်းဆေး ကွင်းထားတော့
သရဲကြီးတွေ လေးကောင်လုံး မြင်နေရတာဗျ။
တကယ့်အရိုင်းအစိုင်းကြီးတွေပါဗျာ။ လေးကောင်
လုံး မည်းနက်ပြီး ဆံပင်ဖားလျားကြီးတွေနဲ့ဗျ။

သရဲမဲကြီးက အကောင်အထည် အကြီးဆုံးပဲဗျ။
ကျုပ်တို့ကျွေးတဲ့ ထမင်းတွေ ဟင်းတွေကို အား
ရပါးစားကြသောက်ကြတာဗျို့။ မိုးချုပ်တော့
ဖရဖြူရွာသားတွေလည်း ကြောက်လာကြပြီဗျ။
ကျုပ်ကတော့ မဖဲဝါကို စောင့်နေရတာပေါ့ဗျာ။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"

ဟော…နက်ကျော်ကြီးအသံ ကြားတယ်ဗျို့။
ဒီတစ်ခါတော့ နက်ကျော်ကြီးပါ ပါလာတာဗျ။
အသံက တဖြည်းဖြည်း နီးလာပြီဗျို့။ ဟောလာပြီဗျို့။ လာပြီ။

မဖဲဝါ လာနေပြီဗျို့။ မဲကြီး
အင်းရေပြင်ကြီးပေါ်က ရှပ်ပြီးရွေ့လာတာဗျာနက်ကျော်ကြီးကလည်း
ရေပေါ်မှာ ပြေးလာတာဗျ။ နဲတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ
နွားပေါက်တစ်ကောင်လောက်ကို ရှိတာဗျ။မဲကြီးတို့လေးကောင် မဖဲဝါကို တွေ့တော့စားတာကို ရပ်ပြီး ကြည့်နေကြတယ်။

"မဲကြီး၊ သူတို့ ငါ့ကို ကိုးသင်္ချိုင်းဓါးအပ်ပြီ၊
ဟောဒီမှာ၊ သူတို့ရွာကို သွားပြီးမနှောင့်ယှက်နဲ့တော့"

"ဝူး၊ အီး၊ ဝူး"

မဲကြီးက မဖဲဝါကို ဒေါသတကြီးနဲ့ ပြန်အော်
ပြောနေတာဗျ။ ဘာပြောမှန်းတော့ ကျုပ်မသိဘူး။

"နင် ငါ့စကားကိုး နားမထောင်ရင် ငါ့အစ်ကို
ကွင်းပိုင်ကို ခေါ်လိုက်မယ်"

ဒီတော့မှ မဲကြီး ငြိမ်သွားတာဗျို့။ မဖဲဝါကို
ဝူးဝူးဝါးဝါးနဲ့ ပြန်မအော်တော့ဘူးဗျ

"ကဲ မဲကြီး၊ ဖရဖြူကို ဘာမှမလုပ်ဘူးလို့
နင် ကတိပေးမလား"

မဲကြီးက သူ့ခေါင်းက ဆံပင်ပွပွကြီးတွေ
ခါသွားအောင် ခေါင်းညိတ်ပြတယ်ဗျ။

"တာတေ၊ နင်တို့ ပြန်တော့ "

ကျုပ်တို့ကို မဲကြီး တစ်ခုခုလုပ်မှာစိုးလို့ ထင်
တယ်ဗျ။ မဖဲဝါက စောင့်ကြည့်နေတာ။ ကျုပ်
တို့လည်း သုတ်ချေတင်ကြရတော့တာပေါ့ဗျာ။
ကျုပ်တို့ကို ရွာကလူကြီးတွေ စောင့်နေကြတာဗျ။

"ဘယ်လိုတုံး မောင်တာတေ"

ဘိုးရွှေဒိုးကြီးက ဆီးမေးတာဗျို့။

"အဆင်ပြေသွားပြီ ဘိုးရေ၊ ပထမတော့ မဲကြီးက
ပေကပ်ကပ် လုပ်နေသေးတာ၊ နောက်မှ မဖဲဝါက
သူ့အစ်ကို ကွင်းပိုင်းကြီးကို ခေါ်လိုက်မယ်လို့ပြောတော့မှ ငြိမ်သွားပြီး ကတိပေးတာဗျ"

"တော်ပါသေးရဲ့ကွာ၊ အခု ကျွဲသတ်တဲ့အဆင့်
ရောက်ပြီလေ၊ နောက်ဆိုရင် လူသတ်တော့မှာ
ပေါ့ကွာ။ ကျေးဇူးတင်ပါတယ် မောင်တာတေရယ်"

ဘိုးရွှေဒိုးက ကျေးဇူးတင်ကြောင်း ပြောတော့
ကျန်တဲ့ လူကြီးတွေကလည်း ပြောကြတယ်ဗျ
အဲဒီညကစပြီး ဖရဖြူ တစ်ရွာလုံး အေးချမ်းသွားတော့တာပေါ့ဗျာ။

ဒါပေမဲ့ ကိုးသင်္ချိုင်း
ဓါးအကြောင်းနဲ့ သရဲကို ဓါးနဲ့ခုတ်သတ်တဲ့
ကိုဘထွန်းကတော့ ဖရဖြူရွာမှာ ကျော်ကြား
တဲ့လူ တစ်ယောက် ဖြစ်သွားရောဗျို့။

လေးလေးဆိတ်ဖွားလည်း မဲကြီးအင်းကပဲလိုအပ်တဲ့ ငါးပိ၊ ငါးခြောက်တွေ ဝယ်ခြမ်းပြီးကျုပ်တို့နှစ်ယောက် အညာကို ပြန်ခဲ့ကြတာပေါ့ဗျာ။ ထနောင်းကုန်းကို ပြန်ရောက်တော့အမေနဲ့ အဘက ကျုပ်ကို
မျှော်လို့ဗျ။

ပြီးပါပြီခဗ်ာ

No comments

Post a Comment